Friday 23 September 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(ဇာတ်သိမ်း)



(နုငယ်) ဟလို..
***** ငယ် .မောင်ပါ။ မောင် ကြားချင်တဲ့ စကားပြောမှာလား ပြော..

(နုငယ်) အင်း. ပြောမှာ.
*****ဟာ တစ်ကယ် .................ဒါဆို ခုပြောတော့

(နုငယ်)အင်း.. ဘယ်ကနေစပြောရမလဲ ဆိုတော့ ။ ဒီလိုရှိတယ်လေ
**** ဟိတ် မညစ်ပတ်ကြေးကွာ.. တော်ကြာ ဟိုတစ်ခါလို ဖုန်းကဒ်ကုန်သွားအုန်းမယ်

(နုငယ်) ဟားဟာဟား... အင်းပါ နောက်တော့ ဘူး မောင့် သဘောအတိုင်းပါပဲ ရှင်။ မောင်ပြန်လာတာနဲ့ ငယ်တို့ လက်ထပ်ကြမယ်။ခုထဲ ကငယ် အလုပ်ထွက်စာ တင်ထားလိုက်တော့ မယ်။ ကဲ ကျေနပ်ပြီးလား။
******* ကျေနပ်ပြီ ကျေနပ်ပြီ အမေ့ ဆီကို ဖုန်းဆက်မယ်။ နုငယ် နဲ့ အမေ နဲ့ မောင်ပြန်မလာခင်စီစဉ်စရာ ရှိတာ စီစဉ်ထားတော့ နော်။ ခု မောင်ပြန်လာဖို့ က ၆လပဲ လိုတော့ တာလေ။ ဒီဇင်ဘာမှာ မောင်တို့ မင်္ဂလာဆောင်မယ်။ပြီးရင် ဟန်းနီးမွန်း ခရီး ဘယ်ကိုထွက်မလဲ။ ပြီးတော့ မောင့် အစီအစဉ်အတိုင်း နုငယ်နဲ့ မောင်အတွက် လတိုင်းစုထားတဲ့ ဘဏ်အကောင့်ထဲက ပိုက်ဆံတွေထုတ်ပြီး မောင်တို့ ရဲ့ ချစ်အိမ်လေးကို ၀ယ်ဖို့ ငယ် ရန်ကုန်ပြန်ပြီး အိမ်လိုက်ရှာတော့ ။ အချိန်ဆွဲမနေနဲ့ နော်။ မောင်ပြန်လာမှ စီစဉ်ဆို နောက်ထပ် သုံးလေးလ စောင့်ရအုန်းမှာ ..စောင့်နိုင်တော့ ဘူး လွမ်းလှပြီ

(နုငယ်)မောင်.. အကွက်စေ့ လှချည်လားလို့ ။ ဘယ်ထဲက စဉ်းစားထားလဲ မသိဘူး ။တစ်ကယ်ပဲ။
***** ဟားဟား အဲဒါနုငယ်ဆီက အကျင့် ပိုးကူးတာလေ။ ငယ်က ဘာပဲဖြစ်ဖြစ် စနစ်တစ်ကျ စီစဉ်တတ်တာ မဟုတ်လား။ ဟော... ငယ် ဖုန်းကဒ်ကုန်တော့ မယ်ထင်တယ်။ မောင် ပြန်မခေါ်တော့ ဘူးနော်။ အိမ်ကိုလည်း ဖုန်းဆက်ရအုန်းမှာ မို့ လို့။ ငယ်ကို လွမ်းတယ်။ ပြီးတော့ ချစ်တယ်ငယ်။

(နုငယ်) အင်းပါ။မောင်ရဲ့ ကျန်းမာရေး ဂရုစိုက်..ပြီးတော့

တီ..........................................
ဟော ဖုန်းကျသွားပြီ။ စကားပြောချိန်လေးနည်းလိုက်တာ..

ဒီလိုနှင့် မောင်ပြန်လာမယ့် ရက်တွေနီးလာလေ။ ကျွန်မရင်တွေပိုခုန်လာလေပေါ့။ မောင်နှင့်ကျွန်မတို့ နေမယ့် တစ်ထပ်တိုက် ခြံဝန်းလေးနှင့် အိမ်လေးလည်း ၀ယ်ထားပြီးပြီ။ ပြီးတော့ အိမ်ထဲကို ထည့်မယ့် ပစ္စည်းတွေလည်း ၀ယ်ပြီးနေရာချထားပြီးပြီ။ ကျွန်မလည်း အလုပ်ကတရားဝင်ထွက်စာမရသေးပေမယ့် ခွင့်ရက်ရှည်ယူလိုက်ပြီး မောင့်မေမေနှင့် အတူ စီစဉ်စရာရှိတာတွေ လိုက်စီစဉ်။ မမောနိုင် မပန်းနိုင်။ အိမ်က မေမေကဆို ၀တ်ဖို့ အ၀တ်အစား အားလုံး သူကိုယ်တိုင်စနစ်တစ်ကျ လိုက်စီစဉ်ပေးသည်။ ဒီလိုမျိုး မေမေကပါ ကြည်ကြည်ဖြူဖြူနှင့် အသာတစ်ကြည်ဆိုတော့ ကျွန်မရဲ့ ပီတိ ပြောပြရင် ရင်ထဲက အရှိအတိုင်းတောင် မီမယ်မထင်ဘူး။ မောင်ကတော့ ဒီကြားထဲ ခဏခဏ ဖုန်းဆက်လို့ လွမ်းတဲ့ စကား တွေပြောသည် မြန်မြန်ပြန်လာချင်နေတဲ့ အကြောင်း အပ်ကြောင်းထပ်အောင်ကိုပြောနေတော့ သည်။ ထပ်ပါစေလေ ကျွန်မလည်း ကြားချင်နေတာပဲ ဟာကို.အဟင်း

(ဒေါ်ကြူ) သမီးရေ ..အေး ဘယ်မှာလဲ အိမ်မှာလား။ အေး အမေ့ ဆီခဏလာခဲ့ ပါလား။ ဒီမှာ လေ သမီးအဖေကြီးက သမီးတို့ ဖို့ ကုတင်နဲ့ မွေ့ယာဝယ်မလို့ လေ။ အဲဒါ သမီးမကြိုက်မှာစိုးလို့ ။ ကားလေးငှားပြီး တစ်ချက်လောက်လာကြည့်ပါလားသမီးရယ်။

(နုငယ်) ဟုတ် မေ.. သမီးခုထွက်ခဲ့ မယ်။ ဘယ်နေရာလည်းပြောလေ အင်း..သြော်ဟုတ်ပြီး ဟုတ်ပြီး သမီးအဲဒီနေရာကို သိတယ်မေ။ ခုထွက်လာခဲ့ မယ်နော်။


(ဒေါ်ချို) သမီး ဘယ်သူဖုန်းဆက်တာလဲ။

(နုငယ်) မောင့်ရဲ့ အမေပါ ။ ကုတင်နဲ့ မွေ့ ယာဝယ်ပေးမလို့ လေ။ သမီးတို့ အတွက် အဲဒါ ကြိုက်မကြိုက်လာကြည့်ပါဆိုလို့ ။

(ဒေါ်ချို) အင်း ကောင်းပ။ သမီး..

(နုငယ်) ရှင်...

(ဒေါ်ချို) သမီးလေးရွေးချယ်တဲ့ လမ်းမှန်တယ်။အမေ့ နည်းနည်း အတ္တကြီးသွားတယ်။ ပြီးတော့ သမီးကိုယ်တိုင်ကလဲ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အခြေအနေတစ်ခုမှာမှ သမီးလုပ်သင့်တာကို လုပ်တယ်။ ဒီတစ်ကြိမ်တော့ သမီးနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်မှာ အမေ မှားသွားတယ် သမီး။ လူငယ်တွေရဲ့ ခံစားချက်ကို နားလည်ပေးသင့်တယ် ပြီးတော့ လမ်းညွန်ပေးရုံ လမ်းပြပေးရုံဆို လုံလောက်ပြီး ဆိုတာ အမေ နားလည်သွားပြီ။ တစ်ကယ်တော့ အတင်းအကြပ် သွန်သင်ညွန်ပြတယ်ဆိုတာ အမေကိုယ်တိုင်လည်း ပင်ပန်းသလို သွန်သင် ညွန်ပြခံရတဲ့ သူ အတွက်လဲ ပင်ပန်းတယ်လေ။သမီး မှန်ပါတယ်။

(နုငယ်) ဟင့်အင်း အမေကတော်တာပါ ။ ဘာလို့ လဲဆိုတော့ သားသမီးကို ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် ဆိုတာ ဆုံးမစရာမလိုပဲ ကိုယ့် ကိုယ်ထိန်းတတ်အောင် သင်ပေးနိုင်တဲ့ အမေ ကပိုတော်တာပါ။ သမီးက ဘာပဲဖြစ်ဖြစ်အမေ့ ကိုချစ်ပါတယ် အမေ။

ဒီလိုနှင့် မောင်နဲ့ ဆုံဖို့ ရက်တွေ ပိုပိုနီးလာသည်။ မောင်က ဒီဇင်ဘာ ၁၅ ရက်နေ့ ပြန်ရောက်မည်။ မင်္ဂလာဆောင်ကို ဒီဇင်ဘာ ၃၁ ရက်နေ့ မှာစီစဉ်ထားသည်။ ပြီးတာနှင့် ဟန်းနီးမွန်းကို မြန်မာပြည်အလယ်ပိုင်း ဘုရားတွေ လျှောက်ဖူးမည်။ ပြီးတော့ နောက်ဆုံးပြန်ကာနီးမှ ချောင်းသာကမ်းခြေကို တစ်ရက်နှစ်ရက်ဝင်နားလိုက်မည်။ မောင်တို့ အိမ်မှ ကားနှင့်ဒရိုင်ဘာထည့်ပေးလိုက်မည်တဲ့ ။ ကဲ ဘာလိုသေးလည်း။ အခက်အခဲတွေ ကျော်ပြီးမှ ရလာတဲ့ အချစ်ရဲ့ အနှစ်သာရက ချိုမြိန်လွန်းလှသည်။ ခုဆိုမောင်ပြန်လာရန် ၃ ရက်သာလိုတော့ သည်။ မောင်နဲ့ ပြန်တွေ့ ရတော့ မည်။ ပြီးတော့ ဒီတစ်ခါ မောင်ပြန်လာရင် အရင်က ခဏတာမှေးမိတ်ဖို့ မှီခဲ့ တဲ့ မောင့်ရဲ့ ပုခုံးလေးကို ကျွန်မ အပိုင်စားရတော့ မည်။ အဟင်း.. ပျော်လိုက်တာ..ဒါဟာ အချစ်ရဲ့ အောင်မြင်မှုပေါ့။

မောင်ပြန်လာဖို့ ၃ ရက်တာကာလကို စောင့်နေရတာပင် ကျွန်မအတွက် သုံးကမ္ဘာလောက်ကြာအောင် စောင့်နေရသည်ဟုပင် ထင်မိသည်။ ကြာလွန်းသည်။ ကြာလွန်းနေသည်။ မောင်ရေ..မြန်မြန်သာ ပြန်လာပါတော့ . ဒီမှာ မျှော်ရတာ လည်ပင်းတောင် တော်တော်ရှည်နေပြီ မောင်ရဲ့ ။ ပြီးရင် အနာဂတ်မှာ မောင့်ရဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမည်။

အော်ပြီးတော့ နောက်တစ်ခုရှိသေးတယ် လက်ထပ်ပြီးရင်မောင်က ပြည်ပကိုထပ်ပြီးမထွက်တော့ ဘူးတဲ့ ။ ဒီမှာပဲ စီးပွားရေးလုပ်တော့ မယ်တဲ့ ။ မောင်နဲ့ လည်း နောက်တစ်ခေါက် ထပ်ပြီး ဝေးစရာမလိုတော့ ။ အို ဘယ်လောက်လှလိုက်တဲ့ အနာဂတ်လည်း .. စိတ်ထဲမှာ ကြည်နူးမဆုံး။ ဟောကြည့် စဉ်းစားရင်း မျက်ရည်တို့ က ကျလာပြန်သည်။ အဟင်းဟင်း ၀မ်းသာလို့ ကျတာဖြစ်မယ်။ ပျော်လွန်းလို့ ။ မောင်ပြန်လာမှ ဟောဒီကျနေတဲ့ မျက်ရည်တွေ အတွက် အရော ပြန်တောင်းပစ်မယ်။ သူမစဉ်းစားရင်း မျက်ရည်တွေ ကိုသုတ်ပစ်နေပြန်သည်။

ဒေါ်ချိုတစ်ယောက် ၀ယ်ထားသော အိမ်သစ်လေး၏ အိပ်ခန်းထဲ ကုတင်ပေါ်မှာထိုင်ရင်း မျက်ရည်လေး ကျလာလိုက် လက်ကိုင်ပုဝါလေးနဲ့ သုတ်လိုက်။ ပြီးရင် တစ်ချက်တစ်ချက် မျက်နှာက ပြုံးလာလိုက်။ တစ်ချက်တစ်ချက် ငိုမယ့် မယ့် ဖြစ်လာလိုက်နှင့် သမီး လေးကိုအခန်းပေါက်ဝမှ လှမ်းကြည့်ရင်း ရင်ထဲမှာ လှိုက်ကနဲ ဖြစ်လာသလို မျက်ဝန်းတွင် မျက်ရည်တို့ ပြည့်လျှံလာခဲ့ သည်။ သမီးကြားမှာစိုး၍ အသံမထွက်အောင် ခြေကိုအသာဖေါ့နင်းပြီး အိမ်ရှေ့ ခန်းကို ပြန်ထွက်လာခဲ့ သည်။

(ဒေါ်ချို)သား.. ကိုသုရယ် မင်းညီမလေးကို ဒီအတိုင်းပဲ ကြည့်နေတော့ မှာလားဟင်.. အန်တီရင်ထဲမှာ မချိလိုက်တာကွယ်။ သမီးလေးရဲ့ ကံကိုက ဆိုးလွန်းတယ်ပဲ ပြောရမလား။ ဆရာဝန်ကြီးတွေကရော ဘာပြောသေးလဲ သမီးလေး အခြေအနေကိုလေ။ ခုဆို သမီးလေး ဒီလိုဖြစ်နေတာ နှစ်နှစ်ကျော်ပြီ။

(ဒေါ်ကြူ) ဟုတ်တယ် သား .သားညီမလေး အခြေအနေလေ..

ကိုသု ခေါင်းကို အသာရမ်းလိုက်ရင်း

(ကိုသု) ဘာမှကို သိပ်ပြီး မထူးခြားလားဘူး။ ငယ်ရဲ့ စိတ်ကိုက အဲဒီညီလေးထွန်းသစ် ပြန်မလာခင် ၃ ရက်ကိုပဲ စွဲနေတာ။ ငယ်ရဲ့ စိတ်ကိုက အဲဒီ ၃ ရက်ပြီးနောက်ပိုင်းကို လက်မခံချင်ဘူးဖြစ်နေတာ ။ ကျွန်တော်လည်း ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ညီမလေးကို ဂရုစိုက်ပေးပါ့မယ်။ ဘာမှ အားမငယ်ပါနဲ့ အန်တီရယ်နော်. ကျန်းမာရေးလဲ ဂရုစိုက်။ အန်တီ တို့ တော်တော်ပိန်သွားတယ်။

(ဒေါ်ကြူ) ဘယ်လိုများပြောလိုက်ပါလိမ့် သားရယ်။ သားနဲ့ သမီး နှစ်ယောက်လုံးဆုံးရှုံးသွားမှတော့ ဒီအမေတွေက ဘယ်လိုများ ၀ဖြိုးနေနိုင်အုန်းမလဲ။အန်တီကိုယ်တိုင် သားတစ်ယောက်လုံး..

ဒေါ်ကြူပြောရင်း အသံတို့ တိမ်ဝင်သွားသည်။

(ဒေါ်ချို) သြော် သားမနက်ဖြန် သားလေးထွန်းသစ်ဆုံးတာ နှစ်နှစ်ပြည့်တဲ့ နေ့ လေ အဲဒါ အိမ်မှာ ဆွမ်းကပ်တရားနာပြီး သားလေးထွန်းသစ် အတွက် ရေစက်ချ အလှူပွဲရှိတယ် လာခဲ့ အုန်းနော်။
မကြူရယ် ငိုမနေပါနဲ့ ကျွန်မကိုယ်တိုင်လည်း ကိုယ်တိုင်လည်း သမီးတစ်ယောက်လုံး....

ဒေါ်ချိုတစ်ယောက်လည်း ပြောရင်း ရှိုက်သံတို့ ရောစွက်သွားသည်။
အမေနှစ်ယောက်လုံး၏ ခပ်အုပ်အုပ် ရှိုက်သံများ အိမ်ရှေ့ ဧည့်ခန်းထဲတွင် ပျံ့ လွင့်နေသည်။ ကိုသုကတော့ ဖြင့် သက်ပြင်းခပ်ရှည်ရှည်ကြီးကို ကြိတ်ရှိုက်လိုက်ယုံမှ တစ်ပါး သူဘာမှ မတတ်နိုင်ပါလေ။ ကံကြမ္မာကိုသာ အပြစ်ပုံချလိုက်ချင်သည်။

ထွန်းသစ်တစ်ယောက် ပြန်ကာနီး နှစ်ပတ်အလိုတွင် လုပ်ငန်းခွင်ထဲ၌ ထိခိုက်မှုဖြစ်သည်။ အခင်းဖြစ်ပွားပြီထဲက သတိပြန်မလည်လာခဲ့ ။ ပြန်လာကာနီး သုံးရက်မြောက်တွင် ထွန်းသစ်ဆုံးသည်ဟုသော သတင်း ရန်ကုန်ကို ရောက်လာခဲ့ သည်။ ထိုသတင်းစစကြားချင်တော့ နုငယ် ငိုနေရုံမှ လွဲပြီးဘာမှ မထူးခြား ။ ထွန်းသစ်၏ အရိုးပြာအိုးအား လေဆိပ်မှာ သွားယူသောနေ့ တွင်တော့ နုငယ် တစ်ယောက် ၄ ရက်တာမျှ သတိလစ်မေ့ မျှောသွားခဲ့ သည်။ ပြန်လည်သတိရလာသော်လည်း
နုငယ်၏ စိတ်ထဲတွင် ထွန်းသစ်ပြန်လာဖို့ ၃ ရက်သာလိုတော့ သည့် ကာလ အပိုင်းအခြားကိုသာ မှတ်မိတော့ သည် ။

ဒီလောက်ထိ အခက်အခဲတွေ။ မျှော်လင့်ချင်းတွေ။သံသယတွေ။ ယုံကြည်ချက်တွေ အများ ကြီးကျော်ဖြတ်လာခဲ့ ပြီး ပန်းတိုင်ကိုရောက်ခါနီးမှများကွာ။ ဒီလိုသာ အဆုံးသတ်ကြေးဆိုရင် အစထဲက ဘာလို့ ပေးဆုံနေသေးလည်။ ဘာလို့ များ ချစ်ချင်းရဲ့ လွမ်းချင်း ဆွေးချင်း တမ်းတချင်းတွေကို ခံစားနေရသေးလည်း။ ခုတော့ အခက်အခဲ အားလုံးကို ကျော်ဖြတ်ခဲ့ တဲ့ ချစ်သူနှစ်ဦးကိုမှ ဒီလိုဖြစ်ရတယ်လို့ ကွာ။ ညီလေးရေ မင်းလည်း ဒီလိုကြီးထားခဲ့ ရတာ ဘယ်စိတ်ချနိုင်မလဲ။ ဒါပေမယ့် အစ်ကို ကိုယ်တိုင်မှ ငယ့် စိတ်ကို မကုစားနိုင်ပဲ။ အစ်ကိုလည်း ငယ့် ရဲ့ ဒုက္ခကို ထိုင်ကြည့်နေရုံကလွဲပြီး ဘာမှကို မတတ်နိုင်ဘူးကွာ။
ငယ်နဲ့ ညီလေးတို့ ရဲ့ ဘ၀ ၀ဍ်ကြွေးတွေများရှိခဲ့ ရင်လည်း ဒီဘ၀ ဒီမျှနဲ့ သာ ကြေကြပါစေတော့ ညီလေးနဲ့ ညီမလေးရာ.

အချစ်ကြောင့် ပျော်ရသည်။ ဘ၀တွေ ပြောင်းလဲလာရသည်။ ကြည်နူးခဲ့ ကြသည် ။ သာယာခဲ့ ကြသည်။ လွမ်းကြ ။ဆွေးကြ။ ချစ်ကြ။ မျှော်လင့်ချင်းအိမ်မက်တွေ တူတူ မက်ခဲ့ ကြ။
ဒါပေမယ့် တစ်ချို့ တစ်ချို့ သော သူတွေအတွက် အချစ်သည် ပျော်ရွှင်ချင်းတွေ သယ်ဆောင်ပေးခဲ့ ပေမယ့် တစ်ချို့ တစ်ချို့ သော သူတွေ အတွက်တော့ ဒဏ်ရာတွေ အပြည့်နဲ့ နှလုံးသားတစ်ခု ကိုရင်မှာပိုက်ပြီး အသက်ရှင်နေကြရပြန်တယ်။


သြော်....


အချစ်သည် ...တစ်ခါတစ်ရံ၌...


***************************************************************


ချစ်ခင်ရပါသော ဘလော့ မောင်နှမများ ကျန်းမာလို့ ပျော်ရွှင်ကြပါစေရှင်။
အပိုင်းရှည်ကြီးကိုရေးပြီး တစ်ပိုင်းတစ်ပိုင်းကို အကြာကြီးနေမှ တင်..တဲ့ ကျွန်မရဲ့ ပို(စ်) ရှည်ရှည်လေးကို စိတ်ရှည်လက်ရှည်နဲ့ ပြီးဆုံးအောင် ဖတ်ပေးကြလို့ ကျေးဇူး အထူးပင် တင်မိပါတယ်လို့ ပြောပါရစေ။

ခု ဇာတ်သိမ်းပိုင်းလေးပြီးသွားပြီးမို့ ဖတ်ပြီးသွားရင်ဖြင့် ကျွန်မရဲ့ အရေးအသားကို အားမတမ်း စိတ်ထဲမှာရှိသလို ဝေဖန်ပေးကြပါလို့ လည်း ပန်ကြားပါရစေနော်.။


ပုံလေးကိုတော့ google ကနေပြီးတော့ ပဲ ရှာပြီးသုံးထားတာပါ။

မြန်မာ့ သမိုင်းမှ မပျောက်ကွယ်စေချင်သော ဧရာဝတီ




ဒီဧရာဝတီ မြစ်ဆုံစီမံကိန်းရဲ့  အကျိုးမည်မျှလောက်ရနိုင်သည်။ မည်မျှလောက်တိုးတက်နိုင်သည် ဆိုသည်ကို ကျွန်မမသိပါ။ မြန်မာနိုင်ငံသားတစ်ယောက်အနေနှင့် ချစ်သောဧရာဝတီကိုတော့   ပျောက်ကွယ်မသွားစေချင်တာ ရင်ထဲက တစ်ကယ့် ဆန္ဒအမှန်ဖြစ်သည်။

ငယ်ငယ်က ကျောင်းမှာစာသင်လို့   မြန်မာပြည် မြေပုံလေးကိုဆွဲ အလယ်ဗဟိုက ဧရာဝတီမြစ်ပုံကောက်ကြောင်းလေးကိုထည့်။  အားလုံးပြီးသွားတဲ့ အခါ မြေပုံလေးကိုကြည့်လိုက်လျှင်
အရှေ့ ဘက် ရှမ်းကုန်ပြင်မြင့်ဘက်မှ အတောင်ပတ်ခတ်ကာ လှပနေသောပုံ။ ရခိုင်ကမ်းရိုးတန်းဒေသ လေး၏ ခါးလေးကော့ ကာ ကနေသောပုံ  အလယ်ဗဟိုမှ ဧရာဝတီမြစ်ကြောင်းပုံလေးနှင့် ကြည့်မ၀ ရှုမ၀။
ခုတော့  ဖြင့် နောင်လာနောက်သား အနာဂတ်မျိုးဆက်သစ်လေးများ အလှည့်ကြလျှင်ဖြင့် ဧရာဝတီဆိုတာ မြေပုံတောင် ထောက်ပြစရာမရှိ ဖြစ်မှာကို တော့ တစ်ကယ့် ကို  စိုးရိမ်မိပါသည်။

မြန်မာပြည်ဟေ့ ဆိုလျှင် အဓိက မြစ်ကြီးမှာ ဧရာဝတီမြစ် ကြီးတစ်ခုသာရှိသည်။ ဧရာဝတီကိုနောက်ခံသော သမိုင်းများစွာလည်းရှိခဲ့ ဘူးသည်။ ဧရာဝတီ၏ လှပသော သဘာဝများအားလည်း ကဗျာတို့  ဖြင့် သီကုံးခဲ့ ကြသည်။ ခြယ်မှုန်းခဲ့  ကြသည်။ ဇာတိသွေး ဇာတိမာန်အပြည့်ဖြင့်လည်း ဒါ ငါတို့ ဧရာဝတီဟုလည်း မည်သူမဆို ၀င့်ကြွားခဲ့  ကြဖူးသည်။

ခုတော့  တို့ ခောတ် တို့ခါ တို့ အလှည့်ကြမှ ..

ဧရာဝတီ

ကို . ကွယ်ပျောက်ရတော့ မည် ဆိုတာဖြင့် ရင်နာစရာကောင်းလှသည်။

မနှစ်ကမိုးနဲ တာမို့  ဧရာဝတီ မြစ်ကြမ်းပြင် သောင်ထွန်းလို့ မြစ်တွေ ကျဉ်းမြောင်းလာတယ် ဆိုတဲ့ သတင်းဖတ်မိရုံလေးကိုဖြင့် စိုးရိမ်စိတ်တို့ က ရိပ်ကနဲ။

 ခုတော့    ဖြင့် ကွယ်ပါပျောက်အုန်းမယ်ဆိုတော့ 

မြန်မာလူမျိုး  မြန်မာ နိုင်ငံသားများ ဖြစ်နေရဲ့ သားနဲ့ 

           ဘယ်လိုနှလုံးသားမျိုး ဘယ်လိုမျိုးချစ်စိတ်မျိုးနဲ့ များ

                 မြန်မာ့ သမိုင်းကို ဘယ်လိုဆောင်ပြီး

                    တို့   မြန်မာကို ဘယ်လိုချစ်မလဲ လို့ ပဲ မေးလိုက်ပါရစေ...


အကျိုးရလာဒ်က မည်မျှပင်ဖြစ်နေပါစေ ဧရာဝတီရဲ့  ကောင်းကျိုး ဆိုးကျိုး များကို သေချာပြန်စဉ်းစားပြီ သေချာတွက်ချက်ပြီးမှ ဆုံးဖြတ်ပေးကြပါလို့   မေတ္တာရပ်ခံပါရစေ။



“ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”




အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း - ၁၁)


နွေနေပူပူကို အံတုပြီး ငုဝါပန်းလေးများ ၀င်းဝင်းဝါ၀ါနှင့်လှပနေကြသည်။ မျက်စိပသာဒ ရှိလိုက်ပါဘိ။ နေရောင်ခြည်ကျရောက်မှုများလေလေ ငုဝါပန်းလေးများ၏ ၀ါဝါအရောင်လေးတွေကလည်း ပိုပြီးတောက်ပလာလေလေပေါ့။ တစ်ခုတော့ ရှိသည် ငုဝါပန်းလေးများ ဒီလိုဝင်းဝါပြီး တစ်ပင်လုံး ထိန်တောက် ကာ လှပနေဖို့ အတွက် သူတို့၏ သစ်ရွက်စိမ်းလေးများကိုတော့ ရွက်ဝါလေးတွေအဖြစ်နှင့် မြေခပြီး ကြွေကျလိုက်ရရှာသည်။ ဒါမှပင် တစ်ပင်လုံးဝင်းဝါလို့ လှနေတော့ မည်လေ။ အဲ. ဒီလိုမှ မခြွေခဲ့ ဘူးဆိုရင်တော့ တစ်ခြားအပင်တွေ ၀င်းဝါနေတုန်းမှာ ဒီပင်တစ်ပင်တည်း စိမ်းလို့ သာနေတော့ မည်။ အေးပေါ့လေ တစ်ခုလိုချင်လျှင်တော့ တစ်ခုစွန့် ရတော့  မှာပေါ့။  အရာအားလုံးပြီးပြည့်စုံသည် အဘယ်မှာရှိမည်နည်း။ ဒါဟာ သဘာဝရဲ့  လောကနိယာမပင်။ အရာရာ အားလုံးပြီးပြည့်စုံပြီနေပြီဆိုလျှင် လိုချင်တောင့်တခဲ့  သော ဆန္ဒတစ်စုံဆိုသည့် စကားသည် ဤလောကကြီးတွင် အဘယ်မှာရှိတော့  မည်နည်း။  ဒါဟာ သဘာဝပေါ့ ။ သဘာဝပေါ့။

ဟင်း......
ဒါဆိုလျှင် ကျွန်မကိုယ်တိုင်ကရော ပွင့်ချိန်တန်ပွင့်ရမည်ကို အဘယ့် ကြောင့်ဒီပင်တစ်ပင်တည်း စိမ်းချင်နေမှန်းမသိ။ ကျွန်မသဘာဝကိုများလွန်ဆန်နေတာလား။ ကိုယ့်  နှလုံးသားကို ဒုတိယတစ်ကြိမ် ညာနေတာလား။

(ဆရာကောင်း) အင်း ဧကန်နတော့  ဧကန်နပဲဟေ့။ ဆရာမ ဒေါ်နုနုငယ်တို့   အပြင်က ပွင့်နေတဲ့ ငုဝါပန်းတွေ ကြည့်ပြီး ငယ်ချစ်ကိုလွမ်းနေပြီထင်တယ်။ ဒီလောက်လဲ ပိုမနေပါနဲ့ ဗျာ ဒီနှစ်ဒီဇင်ဘာဆို ပြန်လာမယ် ဆိုတာ ကြားထားပြီးသား။ သတင်းကတော့ ခိုင်လုံတယ်ဗျ။

(နုငယ်) အဟင်း..ဟုတ်တော့ ဟုတ်တာပေါ့ ဆရာရယ် .ဒါပေမယ့်   ကျွန်မတို့ ဒီလို တက္ကသိုလ်မှာ ဆရာ တစ်ယောက်ဖြစ်လာဖို့ အချိန်တွေ အင်အားတွေ ဘယ်လောက်ထိ ရင်းနှီးခဲ့ ရတယ်ဆို တာ ဆရာလည်းသိသားပဲ။ လက်ထပ်ပြီးရင်လည်း မောင်တစ်ရွာ မယ်တစ်မြို့  ဖြစ်နေမှတော့ အိမ်ထောင်ရေးဆိုတာ ဘာအနှစ်သာရမှာရှိမှာ မဟုတ်တော့ ဘူးလေ။

(ဆရာကောင်း) ဒါဆိုလည်း အလုပ်..

(နုငယ်) အလုပ်ထွက်လိုက်ဖို့ ကျတော့ လဲ နှမျှောတယ် ။ သူပြည်ပကိုထွက်သွားတယ်ဆိုတာကလည်း ကျွန်မက ဒီနယ်ဘက်ကို တာဝန်ကျတာမို့ မောင်တစ်ရွာ မယ်တစ်မြို့ ခွဲပြီးနေရမယ့် တူတူဆိုပြီး..

(ဆရာကောင်း) သြော် သူ့ ဘက်က ခြေတစ်လှမ်းဆုတ်ပေးသွားတာပေါ့။ ခုကျတော့ ဆရာမက ..

(နုငယ်) ကျွန်မတစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့ မှာပေါ့။ အချစ်ကိုယူမလား ကျွန်မ နှစ်သက်မြတ်နိုးလွန်းတဲ့ အလုပ်ကို စွန့် မလား.. တစ်ခုခုပေါ့။

(ဆရာကောင်း) အေးဗျာ မိန်းကလေးဆိုတော့ လည်း ယောင်နောက်ဆံထုံးပါရမှာကိုး။ စဉ်းစားပေါ့ဗျာ ဘ၀အတွက်ရော အချစ်အတွက်ရောပေါ့..

(နုငယ်) ဟုတ် ကျေးဇူးပါပဲဆရာ။ ဒါဆို ကျွန်မကို ခွင့်ပြုပါအုန်းနော်။ အတန်းချိန်တွေ ပြီးပြီမို့  အဆောင်ပြန်ပြီး ခဏလောက်နားနေလိုက်အုန်းမယ် ဆရာ.

(ဆရာကောင်း) ကောင်းပါပြီဗျာ ကောင်းပါပြီ

မောင်နှင့် ၄ နှစ်ကျော်ကျော်ခွဲခွာနေပြီးပြီမို့ မောင့် ကိုလွမ်းပါသည်။ ပြန်တွေ့ ရမှာမို့ လည်း ကြည်နူးမိသည်။ ဒါပေမယ့်   ဒါပေမယ့်  .. ဟင်း..............


အဆောင်ပြန်သူမ ရေချိုးပြီး ကုတင်ပေါ်ခဏလှဲနေလိုက်မိသည်။ မှေးကနဲ..  သူမ အိပ်ပျော်သွားမိသည်။

တီ...တီ...တီ....တီ.

ဘေးနားရှိ သူမ၏ လက်ကိုင်ဖုန်းလေး မြည်သံကြောင့် သူမလန့် နိုးလာခဲ့ သည်။

(နုငယ်) ဟလို..
*****  ဟလို ..ဟလို ငယ် လား။ ငယ် အားတယ် မဟုတ်လား။ မောင် စကားနည်းနည်းပြောချင်လို့  ။ ကျောင်းမှလား အဆောင်မှာလား။

(နုငယ်) အဆောင်မှာလေ။ ပြောလို့ ရပါတယ် မောင်ရဲ့ ပြောလေ။ ငယ်လည်း ဒီနေ့ မောင့် ကို အရမ်းလွမ်းပြီး သတိရနေတာ.
******ငယ်ကသာ ဒီနေ့ မှ မောင်ကနေ့တိုင်း အချိန်တိုင်း။ ငယ့် ကိုချစ်လွန်းလို့ သာ ငယ်ဆန္ဒတွေကို လိုက်လျောထားရတာ။ ကဲပါ ဒါတွေ မပြောတော့ ပါဘူး။ မောင် ဒီဇင်ဘာပြန်လာဖြစ်တယ်။ သေချာပြီ။
ခုသဘောင်္ကပ်ကမ်းခဏ ကပ်တုန်း ဖုန်းကဒ်ဝယ်ပြီး ဆက်လိုက်တာ။ မောင်ပြန်လာတာနဲ့ လက်ထပ်ဖို့ စီစဉ်မှာနော်. ငယ် နော်..

(နုငယ်) အင်းပါ မောင်ရယ် မောင်ဒီကိုပြန်ရောက်မှ အေးအေးဆေးဆေးစီစဉ်ပြီး ပြောကြတာပေါ့။ ကျန်းမာရေး ဂရုစိုက်နော် မောင်.. အစစအရာရာ သတိထားနော်။
 *****အင်းပါကွာ.. မောင်ကြားချင်တာ ဒီစကားတွေ မဟုတ်ဘူးလေ.ကွာ။ ငယ်လည်းသိသားနဲ့ ။
မောင် ငယ်ကို အရမ်းချစ်တာ ငယ် သိတယ်ဟုတ်.. လွမ်းလည်းအရမ်းလွမ်းနေပြီကွ။ ခင်ဗျားလေးလို ကျွန်တော့် အသည်းက သံမဏိအသည်းမဟုတ်ဘူး သိလား။

(နုငယ်) အဟင်း မောင်ကလေ။ ငယ့် အသည်းလည်း မမာပါဘူးမောင်ရယ်
** ** အင်း ဟုတ်ပါတယ် ။ ပြန်မပြောနားမထောင် ခေါင်းကတော့ တော်တော်မာတယ်။

(နုငယ်) အင်းပါ ဟုတ်ပါတယ်.. ဟင်.. ဟလို..ဟလို ..ဟလို

ပြောနေရင်း ဖုန်းကကျသွားပြီ။ဘာမှကိုမပြောလိုက်ရဘူး။ မောင် ကြားချင်တဲ့ စကားလေးတောင် မပြောလိုက်ရဘူး။ မောင်များ ဖုန်းပြန်ခေါ်အုန်းမလားသူမ ဖုန်းလေးကိုကြည့်လိုက် ပြန်လှဲနေလိုက် နှင့်
ဂဏှာမငြိမ်။ ထိုင်ရမလို ထရမလို။ ဖုန်းကလည်း ပြန်မခေါ်ဘူး။ ကျွန်မမှာ ပြောစရာ စကားတွေ ကျန်သေးတယ်။ စဉ်းစားရင်း စဉ်းစားရင် ကျွန်မ၏ အတွင်းစိတ်လေးများကို မြင်လာရသည်။  ဒီလောက်လေးတောင် ဒီလောက်ဖြစ်နေပြီဆိုလျှင် မောင်နှင့် တစ်သက်တာခွဲဖို့ အရေးဆိုလျှင် ..
ကျွန်မ နှလုံးသားကို ဖြစ်သင့်တာဖြစ်ချင်တာတွေနှင့် ချည်နှောင်မှုများရပ်သင့်ပြီ။ ကျွန်မ အမှန်အတိုင်း ၀န်ခံလိုက်ဖို့ ကောင်းပြီး ။ မညာသင့်တော့ ဘူး ။ ဟုတ်တယ်။ ကျွန်မ မောင့်ရဲ့ ဇနီးကောင်းတစ်ယောက် ဖြစ်အောင်ပဲ နေတော့ မည်။ ထက်မြက်သည့် မိန်းမတစ်ယောက် မဖြစ်ချင်တော့ ဘူး။  ကျွန်မရဲ့ အရည်အချင်းတွေ အားလုံးက မောင့်အတွက် support လုပ်ပေးမယ့် အရာတွေပဲ ဖြစ်ရတော့ မည်။ ကျွန်မချစ်သောသူအတွက် ကျွန်မအရာအားလုံးကို ပေးဆပ်လိုက်တော့ မည်။ နှလုံးသားကို ကျွန်မလှလှပပကြီး အရှုံးပေးလိုက်တော့ မည်။ မောင်ဒီတစ်ခေါက်ဖုန်းဆက်ခဲ့ လျှင် .ကျွန်မရဲ့  ပြတ်သားသည့် ဆုံးဖြတ်ချက်အား ပြောပြလိုက်တော့ မည်။ ဒါဆိုလျှင် မောင် အရမ်းပျော်သွားလိမ့် မည်။
ကျွန်မ ကိုယ်တိုင်ပင် လွတ်လပ်ပေါ့ပါးသွားသလို ခံစားရသည်။  အနှောင်အဖွဲ့ တစ်ခုမှ ရုန်းထွက်နိုင်ခဲ့ သလိုပင်။  အတွေးတို့ နှင့် ပင် သူမအပျော်လွန်ရင်း ပြန်လည်အိပ်ပျော်သွားမိသည်။ နောက်တစ်နေ့  နံနက်သည် သူမအတွက် အလွတ်လပ်ဆုံး အပေါ့ပါးဆုံးနှင့် ရွှေရောင်လွှမ်းသော အနာဂတ်များ၏ အစဖြစ်တော့ မည်။


------------------------------
ဆွေလေးရဲ့ အမှာနှင့် နှုတ်ခွန်းဆက်စကား

ချစ်စွာသော ဘလော့ မောင်နှမများ ကျန်းမာလို့ ပျော်ရွှင်ကြပါစေရှင်။
ဆွေလေးရဲ့  အပိုင်းဆက် ၀ထ္ထုလေးလည်း နောက်တစ်ပိုင်းဆိုလျှင် ဇာတ်သိမ်းပိုင်းဖြစ်ပါပြီ။ တစ်ကယ်တော့
ဒီအပိုင်းရှည်ရှည်လေးကို ရေးဖို့ စဉ်းစားထားပြီး စာကြမ်းတွေ ရေးထားတာကြာပါပြီ။ မထင်မှတ်စွာပဲ
အလုပ်တွေပိလာတာကတစ်ကြောင်း ကွန်ပျူတာတစ်လုံးကို လူနှစ်ယောက် Share ပြီးသုံးရတာက တစ်ကြောင်းတို့ ကြောင့် အပိုင်းဆက်တစ်ပိုင်းတစ်ပိုင်းကို အကြာကြီးဖြစ်နေပါတော့ တယ်။ ဒီတော့  ဘလော့ လေးကို လာလည်ပြီး စာလာဖတ်ကြတဲ့ သူတွေ ကို မလေးစားသလိုဖြစ်နေပါတော့ တယ်။
အဲဒီအတွက်လည်း ဆွေလေး အနူးအညွတ် တောင်းပန်ပါတယ် လို့ ပြောပါရစေ။
 ပြီးတော့  ၀ါသနာအရ စာရေးသားတာက တစ်ကြောင်း နောက်တစ်ခုကတော့ ခုတစ်လော စာတွေ သိပ်မဖတ်ဖြစ်တာက တစ်ကြောင်း  ပို့  (စ်) လေးထဲမှာ စာဖတ်ရတာများ ထောက်နေတဲ့ နေရာတွေများရှိခဲ့ တယ် စာရေးသားမှုများ အဆင်မပြေတာများရှိခဲ့ တယ်ဆိုရင်ဖြင့် ခွင့်လွှတ်ပေးပါလို့  ။

ခုတော့ ကွန်ပျူတာလဲ share စရာမလို အလုပ်ကိုလည်း ကိုယ်က နိုင်သွားပြီဖြစ်လို့ ဆွေလေးတစ်ယောက် အရင်လို စာတွေပြန်ဖတ်ပြီး စာတွေ ပြန်ရေးပါတော့ မယ်လို့ ။


နောက်တစ်ခု ခွင့်တောင်းချင်တာကတော့ ဒီပို(စ်)လေးရဲ့  နောက်ဆုံး ဇာတ်သိမ်းပိုင်းလေးကို ဖတ်ပြီးသွားတဲ့ အခါကျရင် ဆွေလေးရဲ့ ရေးသားချက်များကို အားမနာတမ်း ဝေဖန်ထောက်ပြပြီး သင်ကြားပေးပါလို့ လဲ မေတ္တာရပ်ခံပါရစေ။

ပုံလေးကိုတော့   ထုံးစံအတိုင်း  google ကပဲ ရှာပြီးသုံးထားပါတယ်။

Friday 16 September 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း - ၁၀)

ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်သက် တိတ်ဆိတ်နေသည်။ တစ်ခါတစ်ရံ သစ်ပင်အိုကြီးပေါ်မှ သစ်ရွက်ခြောက်လေးများ လေအဝှေ့မှာ ကြွေကြသံမှတစ်ပါး မည်သည့် အသံမျှမကြားရ။ ထိုသစ်ပင်အိုကြီး၏ရှေ့ တွင် မြေနီလမ်းလေးရှိသည်။ ထိုမြေနီလမ်း၏ တစ်ဖက်တွင် ငြိမ်သက်နေသော ကန်ရေပြင်ကြီးရှိသည်။ ထို့အပြင် ပင်အိုကြီးအောက်ရှိ ခုံတန်းလေး တွင် ငြိမ်သက်စွာထိုင်နေသော ကောင်မလေးတစ်ယောက်လည်းရှိသည်။ ထိုကောင်မလေး၏ နောက်တွင်လည်း ခပ်တွေတွေနှင့် ငြိမ်သက်စွာ မတ်တပ်ရပ်နေသော ကောင်လေးတစ်ယောက်ရှိသည်။ ကောင်လေး၏ ခြေလှမ်းများသည် ရှေ့ သို့ ပထမတစ်လှမ်း နောက်တစ်လှမ်း ပြီးတော့ သုံးလှမ်းမြောက် ခဏမျှ ငြိမ်သက်သွားပြန်သည်။ ခဏမျှကြာတော့ ကောင်လေးပြန်လှုပ်ရှားလာသည်။ ကောင်လေးကျောခိုင်းလိုက်ဖို့ ကြိုးစားနေသည်။ သို့ ပေမယ့် သူ့ခြေလှမ်းတို့ကနေရာမှ မရွှေ့ ။ ရှေ့သို့သာ ဆက်လှမ်းချင်နေမိသည်။ ကောင်လေး၏ လွန်ဆွဲပွဲအား ကောင်မလေးက တော့ မသိသည့်အလား။ နေရာမှာပင် မလှုပ်မရှပ်။ ကောင်လေး အံကိုတင်းတင်းကြိတ်လိုက်သည် ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လိုက်ရင်း ခြာကနဲ နောက်သို့ လှည့်ထွက်သွားသည်။
ကောင်လေးကျောခိုင်းပြီးခဏမှာပင် ကောင်မလေးသည်လည်း ရုတ်တရက်ဖျတ်ကနဲ မတ်တပ်ရပ်လိုက်ပြီး ကောင်လေးနှင့် မျက်နှာချင်းဆိုင် အနေအထားသို့ လှည့်လိုက်သည်။ ကောင်မလေး၏ မျက်ဝန်းတွင် မျက်ရည်တို့ ပြည့်လျှံနေ၏။ ပါးပြင်တွင်လည်း မျက်ရည်များဖြင့် ရွဲရွဲစိုနေ၏။ ကောင်မလေး၏ နှုတ်ခမ်းများတစ်ဆတ်ဆတ် တုန်ခါနေ၏။ သို့ပေမယ့် မည်သည့်အသံမျှ ကောင်မလေးထံမှ ထွက်မလာ။ ကောင်လေး၏ ကျောပြင်မှုန်ပြပြသာ ကောင်မလေးမြင်နေရတော့ သည်။
(နုငယ်) ဒီတစ်ခါတော့ တစ်ကယ်ဝေးပြီ မောင်..ရယ်..တစ်ကယ်ဝေးပြီး

နှုတ်မှ တိုးတိုးရေရွတ်ရင်း နေရာမှာတင် ထိုင်ချရင်း ငိုနေမိသည်။ သေသွားတဲ့ ကျွန်မနှလုံးသား ကျွန်မအချစ်အတွက် ဒီလောက်တော့ ငိုလိုက်ပါရစေ။

(ထွန်းသစ်) ငယ်.. မောင် တို့ ကိုယ့် နှလုံးသားကို ကိုယ်တိုင်မညာကြေး ချစ်ကြရအောင်လား။ ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် သူမအံ့သြသွားသည်။ မောင် သူမ၏ ဘေးနားမှာ မတ်တပ်ရပ်နေပါလား။ ခုနက မောင်တစ်ကယ်ထွက်သွားပြီးပြီမဟုတ်လား။

(နုငယ်) မောင် ခုနက ထွက်သွားပြီး မဟုတ်လားဟင်.

(ထွန်းသစ်) အင်း..ထွက်သွားပြီးပြီ။ နောင်တမရချင်ဘူး ငယ်။ ငယ် ကိုယ်တိုင်ကရော..

(နုငယ်) ငယ် ..ငယ်လဲ နောင်တမရချင်ပါဘူး မောင်.


သြော်..ခုတော့လည်း လောကကြီးလှသည် ။ ငြိမ်သက်နေသော ကန်ရေပြင်ရှိသည်။ အရိပ်ရသော ပင်အိုကြီးရှိသည်။ မြေကမ္မလာမှာ ဖွေးဖွေးလှုပ်နေသော သစ်ရွက်ဝါတို့ ရှိသည်။ ကွေ့ကောက်နေသော မြေင်္နီလမ်းလေးရှိသည်။ ပြီးတော့ ခုံတန်းလေးပေါ်တွင် အချစ်အကြောင်း တစ်ကယ်နားလည်သွားသော ချစ်သူနှစ်ဦး စကားမဆိုဖြစ်ပဲ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ဒါပေမယ့် သူတို့၏ မျက်နှာတွင် ပီတိအပြုံးတို့နှင့် ကြည်နူးနေကြသည်။ သြော် ခုတော့ လည်း လောကကြီးလှသည်။

 ********************************************************************
ချစ်စွာသော ဘလော့ မောင်နှမများ ကျန်းမာလို့ ပျော်ရွှင်ကြပါစေနော်။

Sunday 28 August 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း - ၉)




အင်းလေ မနေချင်သူကို အတင်းဆွဲထားနေတော့ ရော ဘာထူးလာမှာ မို့ လို့ လဲ။ သူကျောခိုင်းပြီဆိုမှတော့ ကိုယ်လှည့်ထွက်လာလိုက်တာပဲ ကောင်းပါတယ်လေ။ ကိုယ်ကိုယ်တိုင်တောင်မှ အချစ်ဆိုတာကို မကြေညက်သေးတာလား မပိုင်နိုင် သေးတာလားမသိ။ ထင်ထားတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်လာတဲ့ အရာတွေ တစ်လွဲဖြစ်နေမှတော့ လမ်းခွဲမှာ ကျစရာမျက်ရည် တစ်ပေါက်တောင် ရှာလို့ မတွေ့ ခဲ့ ဘူး။ ဟုန်းကနဲတောက်တဲ့ မီးလိုပဲ ပြီးတော့ ဟုပ်ကနဲရေဖျန်းလိုက်သလို ငြိမ်းကျသွားပြန်တယ်။ လောကကြီးကပဲ အပြောင်းအလဲ မြန်လွန်းတာလား သူကိုယ်တိုင်ကပဲ ပြောင်းလဲနေသလား သူကိုယ်တိုင်မသိပါ။
ခုလောလောဆယ်တော့ သူနုငယ်ကိုစိတ်ကုန်သလိုကြီး။ နုငယ်နဲ့ တွေ့ ရမှာ သူကြောက်သည်။ လွမ်းလို့ တွေ့ ချင်ပေမယ့် တစ်ကယ်တမ်း တွေ့ ကြပြီဆိုတော့ စိတ်ချမ်းသာသည်ဆိုသည်ထက် ပိုပြီး စိတ်ပိုညစ်ရသည်။ ချိန်းထားသည်ထက် ငါးမိနစ်လောက်မျှ နောက်ကျလျှင် နှစ်ပတ်မျှ စိတ်ဆိုးပြေအောင်ချော့ ရသည်။ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်သည့် အကြိမ်များလာသည့်အခါ သူသည်ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတစ်ယောက်ဖြစ်ရသည်။ သူကိုယ်တိုင်ကရော ဘာလို့ များငယ်၏ ဇီဇာ ကြောင်မှုများကို သည်းညည်းမခံနိုင်သနည်း။ ကိုယ်တိုင်ပင် သူ့ ကိုယ်သူနားမလည်။ ငယ့် ကိုချစ်တယ်လို့ သူထင်တာ မှားများမှားနေပြီလား။ ငယ်သူငယ်ချင်းဆိုသည့် သံယောစဉ်ကိုပင် အချစ်လို့ သူထင်မှတ်မှားခဲ့ လေသလား။

လွန်ခဲ့ တာ ကကျွန်မပါ။ သိလည်းသိပါတယ် နားလည်နားလည်ခဲ့ ပါတယ်။အလျှော့ ပေးပြီး မောင့်ကို ပြန်တောင်းပန်ဖို့ လဲ ကျွန်မ ဘက်က အသင့်။ ဒါပေမယ့် စာမလာသတင်းမကြားနှင့် ကျွန်မကို ထားခဲ့ ပြန်သည်။ အဲဒါက ကျွန်မ အကြောက်ဆုံး အရာ။ လွန်ခဲ့ သည့် တစ်နှစ်ကျော်ကျော်လောက်က မောင် ကျွန်မရှေ့ က ခြေရာဖျောက်သွားခဲ့ လို့ ဘယ်လောက် ထိခံစားခဲ့ ရလည်းဆိုတာ ကိုယ်တိုင်သာသိသည်။ ကျွန်မ ဒီထက်ပိုပြီး မမျှော်လင့်ချင်တော့ ဘူး မောင်ထားခဲ့ ရက်တာကို လည်းမခံစားနိုင်တော့ ဘူး။ နောက်တစ်ခုက ကျွန်မနှင့် ချစ်သူဖြစ်ပြီးနောက်ပိုင်းတွင်လည်း ဘာမှပြောင်းလဲမလာခဲ့ ။ အရင်လိုပင် သူငယ်ချင်းမိန်းကလေးများနှင့်တွဲတုန်း သူငယ်ချင်များနှင့် တစ်ပတ်ကို နှစ်ကြိမ်လောက် အကြောင်းမရှိ အကြောင်းရှာပြီး ဘီယာဝိုင်းတုန်း။ ကျွန်မ မျှော်လင့်ခဲ့ တောင့်တခဲ့ တဲ့ စိတ်ကူးယဉ်အိမ်မက်ထဲက ချစ်သူက ဒီလိုမဟုတ်။ အနေအထိုင်တည်တည်တံ့တံ့ အေးဆေးတည်ငြိမ်တဲ့ ပုံစံ။ ဘ၀ကိုလေးလေးနက်နက် စဉ်းစားတွေးခေါ်။ အရာရာကို ကြိုတင်ပြင်ဆင် ကျွန်မချစ်သလို နားလည်သလို ကျွန်မကို ပြန်ချစ်မယ့် ချစ်သူမျိုး။ မောင့် မှာအဲလိုအရည်အချင်းတွေ တစ်ခုမှ မရှိ။ မရှိလို့ ပြုပြင်ယူမယ် ဆိုတော့ လဲ အချိန်တွေသာ ကြာသွားသည်။ မောင် ကတော့ အရင်အတိုင်း။ ကဲ ကျွန်မဘာများ မျှော်လင့်နေရအုန်းမလဲ။ စိတ်ဆိုးတိုင်းသာ ဒီလို စာမလာသတင်းမကြားထားသွား ပြီးရင် သူပြန်ပေါ်လာချင်တဲ့ အချိန်မှ ပြန်လာ။ ကဲ ဒါဟာ အသည်း အသက်မက ချစ်ရပါတယ်ဆိုတဲ့ မိန်းမတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်တဲ့ ချစ်သူတစ်ယောက် ပုံစံလား။ ဒီတစ်ခါတော့ ကျွန်မက အရင်ထားခဲ့ တဲ့ သူပဲ ဖြစ်ချင်တယ် မောင်။ ပြီးတော့ ကျွန်မ မောင့် ကိုသံသယရှိနေသည်။ ငယ်သူငယ်ချင်းဆိုသည့် သံယောစဉ်ကိုများ အချစ်လို့ မောင်ထင်ခဲ့ လေသလား။

အေးလေ ဖြစ်နိုင်မလားလို့ ကြိုးစားကြည့်ခဲ့ ပြီးပြီပဲ။ နောင်တမရခဲ့ ချင်လို့ ပေးဆပ်ကြည့်ပြီးပြီပဲ။ ကိုယ်ကပေးသလောက် သူမယူနိုင်မှတော့ ထားခဲ့ လိုက်တာက သူ့ အတွက်ပိုကောင်းသည်။ သူမလိုက်ချင်သည့်လမ်းကို ကိုယ်က တွန်းအားပေးလို့ ဒရွတ်တိုက်လိုက်ခဲ့ သည်ဆိုပေမယ့် တစ်ချိန်ချိန်မှာ လှည့်ပြန်မသွားဘူးလို့ မည်သူက အာမခံချက်ပေးမည်နည်း။ ဒီလိုလမ်းခွဲဖို့ ဆုံးဖြတ်လိုက်သည်က သူလဲစိတ်ချမ်းသာသည် ကိုယ်လည်းမပင်ပန်း။ အချစ် အချစ် အချစ်လား သေသွားတာပေါ့။ သေသွားတာပေါ့။ ရှင်သန်နိုင်အောင် ပြုစုပျိုးထောင်ပေမယ့် လည်း နွေလိုပူပြီး မိုးခေါင်တဲ့ ရပ်ဝန်းမှာ ပျိုးခဲ့ မိမှတော့ သေသွားတာပေါ့လို့ ပဲ ပြောလိုက်ရုံသာရှိသည်။

ရက်တွေလတွေ ပြောင်းလဲရင်း အချိန် ၃ လတာမျှကြာသွားသည်။ သူလဲ နုငယ်ကို တွေ့ ဖို့ မကြိုးစားသလို သူမကလဲ ဆက်သွယ်ဖို့ မကြိုးစားခဲ့ပါ။ အစကတော့ သူစိမ်းကိုယ်စိမ်းပေါ့။ ဘာလှည့်ကြည့်စရာလိုလဲပေါ့။ ချောပေ့ လှပေ့ မိန်းကလေးတွေ ကိုယ့် ဘေးမှာဝိုင်းနေတာပဲဟာပေါ့။ ထင်ရာစိုင်းနေလိုက်သည်။ ဒါကလဲ တစ်ပတ်သာသာပါ။ နောက်ရက်တွေကစပြီး သူ့ ရောဂါစလာသည်။ အရင်လို လွတ်လပ်ပြီးဆိုပြီး လက်ဘက်ရည်ဆိုင် ဘီယာဆိုင်ထိုင်သည်။ သူငယ်ချင်းကောင်မလေးများနှင့် shopping လေးလိုက် ပျော်မည်ဟုသာ ထင်ခဲ့ သည်။ တစ်ကယ်တမ်းကျတော့ အဲဒီလို ဖြစ်မလာခဲ့ ။ တစ်စုံတစ်ခု သူ့ ဘ၀အတွက်လိုအပ်နေသလိုခံစားရသည်။ စိတ်ထဲမှာ တစ်ခုခုကိုလက်လွတ်ဆုံးရှုံးလိုက်ရသလိုမျိုးနောင်တရနေသည်။ ဘယ်ကိုမှ မသွားချင် ဘာကိုမှ မလုပ်ချင် သူနှင့်ငယ် ချိန်းတွေ့ နေကြ နေရာလေးတွင်သာ တစ်ယောက်တည်း ဆိတ်ဆိတ်နေကာ သွားသွားထိုင်နေမိသည်။ အထူးသဖြင့် စနေနေ့ လိုမျိုး ငယ်ကျူရှင်ပြန်ချိန်ကို သွားကြို နှစ်ယောက်သား ဘုရားသွားရင်သွား မသွားဖြစ်ခဲ့ ရင် ချိန်းတွေ့ နေကြနေရာလေးမှာ ထိုင် စကားတွေပြောကြ။ အဲဒီလိုနေ့ လေးကို ပိုလွမ်းသည်။ ခုတော့ စနေနေ့ ဆိုရင် သူဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ လစ်ဟာနေသည်။ ဒါကိုပင် အလွမ်းလို့ ခေါ်သလား အသည်းကွဲ သည်လို့ ပြောမလား။
စိတ်ထဲမှာလဲ ငယ်ရယ် မောင့်ဆီကို ပြန်လာခဲ့ ပါကွာလို့ လဲ တနေမိသည်။ နီးနေတုန်းမသိသာခဲ့ ပေမယ့် တစ်ကယ်တမ်းဝေးရပြီ ခွဲခွားရပြီဆိုမှ သူ့ နှလုံးသားထဲမှာ ငယ့် ကိုဘယ်လောက်ထိ ချစ်နေမိခဲ့ သလဲ ဘယ်လောက်ထိ စွဲလန်းနေလဲဆိုတာသတိထားမိ ခဲ့ သည်။ ငယ်မရှိပဲ သူမနေတတ်တော့ ပြီပဲ။ အရင်လိုမျိုး သူ့ အားဆူပူကြိမ်းမောင်းသံလေးကြားချင်မိသည်။
ခုမှပဲ အချစ်ဆိုသည်ကို သူကောင်းကောင်းနားလည်တတ်ခဲ့ ပြီထင်သည်။ ဒါပေမယ့် အချစ်က ဆုံးရှုံးသွားပြီ။ သေဆုံးသွားခဲ့ ပြီးပြီ။ သူဘာလုပ်ရမလဲ..ဒီလိုပဲ နောင်တတွေနှင့် သူကြေကွဲနေမလား။ ငယ် ရယ်.. မောင် လေ ..ငယ့် ကို တစ်ကယ့် ကို နှစ်နှစ်ကာကာ ချစ်နေမိခဲ့ တာပါ။ မောင့်နှလုံးသားကို မာနတွေ အတ္တတွေနဲ့ လှောင်ပိတ်ထားခဲ့ မိလို့ ကိုယ့် နှလုံးသားကို ကိုယ်ပြန်ညာခဲ့ မိသလို ဖြစ်သွားပြီ ငယ်ရယ်။ မောင် မှားပြီ။ မောင် မှားသွားပြီ.. ငယ်.
ဖြစ်နိုင်ရင် မောင်တို့ ဇာတ်လမ်းကို အစကနေ ပြန်စလို့ ရရင် ကောင်းမယ် ငယ်ရယ်..ခုတော့ ခုတော့ ..


----------------------------------------------------
ဘလော့ မလည်ဖြစ်တာတွေ ပြီးတော့ ကိုယ်ပိုင်တဲ့ ဘလော့ လေးကိုတောင် ပစ်ထားသလို ဖြစ်နေမိတယ်။ လူမအားရုံတင်မဟုတ်ပဲ လူအားပြန်တော့ ကွန်ပျူတာက မအားဘူး လူရောကွန်ပျူတာရော အားပြန်တော့ စိတ်တွေက အလုပ်ရှုပ်နေပြန်တယ်။ ဒီလိုနဲ့ သုံးခုလုံး အဆင်ပြေတဲ့ အချိန်မှ စာရေးနိုင်တော့ တယ်။ အဲဒီရဲ့ အကျိုးဆက်က အခန်းဆက်အရှည်ကြီးရေးပြီး တစ်ပိုင်းတစ်ပိုင်းကို တင်တာကြာနေတယ်။နောက်ဆုံး စာအုပ်ထဲမှာလိုချင်တာချရေး ပြီးမှ စာပြန်စီပြီး ဘလော့ ပေါ်ပြန်တင်မှပဲ အပိုင်းလေး တစ်ပိုင်း ပြန်ထွက်လာတော့ တယ်။ ..

သြဂုတ်လ(၃၁)ရက်နေ့မှာ ကျရောက်မယ့် Blog Day အတွက် Happy blog day ပါလို့ ။နှုတ်ခွန်းဆက်သရင်း ဘလော့ မောင်နှမများ ကျန်းမာလို့ ပျော်ရွှင်ကြပါစေနော်။

Sunday 21 August 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း - ၈)


(ဒေါ်ချို)ပြောခဲ့ တုန်းကတော့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါဘူးဆို

(နုငယ်) ဒါကြောင့်လဲ သမီးကိုယ်တိုင် အမေ့ ကို အမှန်အတိုင်းဝန်ခံပြီး တောင်းပန်နေတာပါ။ သမီးရဲ့ဘ၀မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ရွေးချယ်နိုင်ခွင့်လေးများ တစ်ခါလောက်တော့ ခွင့်ပြုပါလား အမေ။

(ဒေါ်ချို)ကောင်းပြီလေ သမီးသိထားဖို့က ကိုယ်ရွေးချယ်တဲ့ လမ်းအရ ကောင်းလည်း သမီးပဲစံရမှာ ဆိုးလဲ သမီးပဲ ခံရမှာပဲ။
နောင်တဆိုတာကို နောင်မှတမနေရအောင်တော့ သမီးသတိထားဖို့ ကောင်းတယ်။ နောက်တစ်ခုက ခုသမီးကို ကိုယ်ပိုင်ဆုံးဖြတ် ခွင့်ဆိုပြီး အမေပေးထားပြီးပြီ။ သမီးဘက်ကလဲ ဒါဟာမှားနေပြီး မှားနေမှန်းသိပြီဆိုရင်တော့ နောက်ကိုပြန်လှည့်နိုင်ရမယ်။
နောက်တစ်ခုက မိဘတွေမျက်နှာပျက်အောင် မိဘတွေမျက်နှာငယ်အောင် သမီးအနေနဲ့ မိုက်ရူးရဲ ဆန်ဆန် မဆုံးဖြတ်ပါဘူးလို့ တော့ ဂတိပေးရမယ်။ ဘယ်လိုလဲ။

(နုငယ်) ဟုတ် ဟုတ်ကဲ့ ကောင်းပါပြီ အမေ။


ဒေါ်ချို ပြောပြီးသမီးရှေ့ ကနေ ထထွက်လာလိုက်သည်။ သမီးနှင့်သူ ဒီကိစ္စနှင့်ပတ်သတ်ပြီး အနည်းငယ်စိမ်းကားနေကြသည်မှာကြာပြီ။ အရင်လို နွေးနွေးထွေးထွေးမရှိကြ။ သမီးအခြေအနေကိုကြည့်ရသည်မှာလဲ ဇွတ်တားနေလျှင် သူမဖြစ်ချင်တာကို ဖြစ်အောင်လုပ်သွားမည့်ပုံ။ သမီးရဲ့ စိတ်နှင့် သူ့စိတ်က တော်တော်လေးကိုတူသည်။ ပြန်မပြောနားမထောင် ခပ်အေးအေးနှင့် လုပ်ချင်ရာကိုလုပ်မည့်ပုံ။ ဒါဆိုလျှင်ရင်ကျိုးရမည်က မိဘသာ။ ပြီးတော့ မောင်သုတ ကိုယ်တိုင်ကလည်း သမီး ကသာ စိတ်မ၀င်စားလျှင် အတင်းမစီစဉ်ပါနှင့်လို့ ဆိုထားသည်။ လောလောဆယ် သမီးကိုလျှော့ပေးထားပြီး အခြေအနေကြည့်နေသည်က ပိုကောင်းလိမ့်မည်။

ဟူး တော်ပါသေးရဲ့ ။ သူမ တင်းထားသောစိတ်များ လျှော့ ချပစ်လိုက်သည်။ အမေနှင့် အများကြီး အတိုက်အခံလုပ်ပြီး စကားများရမည်ဟု သူမ မျှော်လင့်ထားသည်။ ခုလိုမျိုး အေးအေးဆေးဆေး ဖြစ်သွားမည်ဟု ထင်ကိုမထင်ထားမိ။ ဒါပေမယ့် ရှေ့ ကိုအများကြီး သတိထားဖို့ တော့ လိုသည်။ ဘာမှမပြောပဲ ခုလို အမေ လျှော့ ပေးသွားချင်းသည် သူမ အတွက် ပိုပြီးသတိထားရမည့် အချက်ဖြစ်သည်။ အမေ့ သဘောက လွယ်မယ်ဆိုလျှောက်ကြည့် ဆိုတာလိုမျိုး ..ဟူး မောင် တစ်ယောက် ဘာအမှားမှ ထပ်ပြီး မလုပ်ပါစေနဲ့ လို့ သာ သူမ ဆုတောင်းနေမိသည်။ သို့ သော်..
သူမ ဆုတောင်းမပြည့်ပါ။ မောင် တစ်ယောက်တော့ ဖြစ် second year ကိုကျသည်။

(နုငယ်) မောင် .. နုငယ်တော့ နားကိုမလည်နိုင်တော့ ဘူး။ ၁၀ တန်းစာမေးပွဲဖြေသလောက်တောင် အားမစိုက်ရတဲ့ တက္ကသိုလ် စာမေးပွဲကို ကျအောင်ဖြေရသလား။ နေပါအုန်း မောင့်ရည်မှန်းချက် မောင် ကြိုးစားမယ်ဆိုတာ ဘာလဲ မောင်.
တစ်စိတ်လောက် နုငယ် နားလည်အောင်များ ရှင်းပြနိုင်မလားလို့

(ထွန်းသစ်)နုငယ် နဲ့ အမြန်ဆုံးနီးအောင် မောင် ပိုက်ဆံပဲရှာချင်တယ်.. နုငယ်ရဲ့ အမေ အားကျတဲ့ ဆရာဝန် ဒေါက်တာကြီးလို မောင်လဲ အခြေတကျ အမြန်ဖြစ်ချင်တယ်. ဒီတက္ကသိုလ်ဆိုတာက ကျောင်းပြီးသွားလဲ ဘာအာမခံချက်မှ မရှိဘူးလေ။

(နုငယ်) တော်တော့ မောင်။ တော်တော့ ဘ၀ ဆိုတာ အဆင့်ကျော်လို့ မရဘူးလေ. ခုချိန်က ပညာရှာရမယ့် အရွယ် ဒီချိန်မှာ ပညာပြည့်မှ နောင်တစ်ချိန်မှာ မောင် ရှာမယ်ဆိုတဲ့ ပိုက်ဆံကို ရှာလို့ ရမှာပေါ့။ နုငယ် တို့ ငယ်ပါသေးတယ်. အချိန်တွေလဲ ရှိပါသေးတယ်။ ဘာလို့ များ..

(ထွန်းသစ်) မောင် နုငယ်နဲ့ တူတူနေချင်ပြီ. အမြန်ဆုံးနီးချင်ပြီ.

နုငယ် တစ်ချက်ပြုံးလိုက်ရင်း..

(နုငယ်) အဟင်း.. တူတူနေဖို့ က မောင့်အတွက် အဲလောက်တောင်အရေးကြီးသလား။

(ထွန်းသစ်) ဘာ..ဘာပြောတယ်.

(နုငယ်)ဟုတ်တယ်လေ တူတူနေဖို့ က မောင့်အတွက် အဲလောက်တောင် အရေးကြီးသလားလို့ .

(ထွန်းသစ်) မင်း ..မင်း ..ဟာကွာ .... တောက်.. မင်း မင်း..ငါ့ရဲ့ အချစ်ကို အဲလောက်တောင် အထင်သေးပြီး စော်ကားလှကြီးလား..

(နုငယ်)တစ်ခါတစ်လေ မောင်နဲ့ ကျွန်မ အယူအဆချင်းကွာလွန်းနေတယ်။ မောင်ချစ်နေတာလဲ ကျွန်မသိတယ်။ ကျွန်မချစ်နေတာလဲ မောင်သိတယ်။ ဒါပေမယ့် ကြားထဲမှာ ကွာဝေးလွန်းနေသလိုပဲ။ ဘယ်လိုနားလည်ရမှန်းကို မသိဘူး။ စိတ်ဆိုးသွားမှန်းတော့ သိတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး တစ်ခါတစ်လေ မောင့် ကိုကျွန်မ အားမလို အားမရ အရမ်းဖြစ်တယ်။ ဘ၀ အတွက်ကြိုးစားမှုမှာ မောင် ကျွန်မကိုမမှီဘူး။ ဒီင်္ည အရက်သွားသောက်မနေနဲ့ နော်။ ကျွန်မကို အကြောင်းပြပြီး အရက်တွေ သောက်သောက်နေတာ ဒီတစ်လထဲမှာ နှစ်ခါ ရှိသွားပြီ။ ကဲ ကျွန်မ ပြန်တော့ မယ်မောင်။ လိုက်မပို့ နဲ့ တော့ ။
ကျွန်မ မမြင်ဘူး ဆိုပြီး ကွယ်ရာမှာတော့ လုပ်ချင်ရာ မလုပ်နဲ့ ။ ကျွန်မကို ညာရင် လုံးဝ ခွှင့်မလွှတ်ဘူးနော်.

မင်းကွာ..မင်း ငါ့အချစ်ကို စော်ကားလိုက်တာ။ ထွန်းသစ် ဘာမှတော့ သူမကို ပြန်မပြောလိုက်ပါ။ သူကိုယ်တိုင်မှ သူမနှင့် ကင်းအောင် မနေနိုင်သေးပဲ။ တစ်ခါတစ်လေ သူမစကားပြောသည်မှာ ရင့်သီးလွန်းသည်။သူမ၏ စိတ်ကို ပိုသိလာလေလေ ထွန်းသစ် သူမကို ကြောက်လာလေလေပဲ။ ဒါပေမယ့် တစ်ခါတစ်လေ သူကိုယ်တိုင်ပင် သတိမထားမိသော သူ့ စိတ်အား သူမ နားလည်လွန်းသည်။ တစ်ခါတစ်လေ အရမ်းချစ်တတ်သလောက် တစ်ခါတစ်ရံ ခုလို တစ်နင့်တစ်ပိုးပြောတတ်သော သူမအား သူကိုယ်တိုင် ဘယ်လို နားလည်ရမှန်းကိုမသိ။ခုတော့ သူ့ ရင်တွေ ပူသည်။ လမ်းထိပ်က ဆိုင်မှာ ခုလောက်ဆို ဟိုကောင်တွေ ၀ိုင်းလောက်ပြီ။ ဒီလိုနေ့ မျိုးမှ မသောက်လျှင် ဘယ်နေ့ ကို သူသောက်ရမည်နည်း။

(အောင်အောင်) ဟာ ငါ့ကောင်ကြီး ထွန်းသစ် ပေါ်မလာအတော်ကြာနေမှပဲ။ ခုဘာလဲ ငါတို့ ကို သတိရလို့ လား။ မင်းရဲ့ အချစ် ဆရာမလေးနဲ့ အဆင်မပြေလို့ လား။ မင်းကွာ အရင် သူ့ ထက်လှတဲ့ ကောင်မလေးတွေတောင် မင်းလုပ်ချင်ရာ လုပ်လာတာပဲ။ ဘယ်နှစ်ခါများ ဂရုစိုက်နေလို့ တုန်း။ ခုမှ..ဒီ အချစ်ဆရာမလေး ကျမှ ..မင်း

(ထွန်းသစ်)လောလောဆယ် သူ့ အကြောင်းမကြားချင်ဘူးကွာ။ ငါ့ ကိုတစ်ခွက်ပေး.

(ငပု) အေးပါကွာ ပေးပါတယ်။ ကဲ ..ရော့ ရော့ ..

(ညီသစ်) ငထွန်း မင်းကြည့်လဲ လုပ်အုန်းနော်။ တော်ကြာ မင်းကောင်မလေးနဲ့ ပြသနာ ဖြစ်နေအုန်းမယ်။ ဒီကောင်တွေ မြှောက်ပေးတိုင်း လျှောက်လုပ်မနေနဲ့ ။

ထွန်းသစ်ကတော့ မကြားပါ။ သူ့ စိတ်ထဲ တစ်ခွက်ပြီးတစ်ခွက် သောက်နေသာတာ သိသည်။ ကျန်တာဘာမှမကြား ဘာမှလဲ မသိချင်။လောကကြီးကို ခဏလောက် သူမေ့ ထားလိုက်ချင်သည်။ ခုနက သူမပြောသွားသော စကားသည် သူ့ အချစ်ကိုလဲ စော်ကားသည်။ ပြီးတော့ သူရှက်လဲ ရှက်လွန်းသည်။ အဘယ့် ကြောင့် သည်လို စကားမျိုး သူမနှုတ်က ပြောထွက်သနည်း။

ဒီနေ့ မောင့်ကိုပြောလိုက်တာ လွန်သွားမှန်း သူမသိသည်။ အမှန်တော့ မောင့်ကိုအားမလို အားမရနှင့် သူမ စိတ်ဆိုးဆိုးနှင့် ပြောလိုက်မိချင်သာ။ မောင်ကလဲလွန်သည်။ သည်စာမေးပွဲလေးကိုတောင် ကျအောင်ဖြေသည်။ ဘာမှအားစိုက်ထုတ် စရာမလိုသော စာမေးပွဲအား ကျအောင်ဖြေသည်။ ကျောင်းလဲမှန်မှန်သွားနေသည်။ ကျူရှင်လဲ ယူသေးသည်။ ဒါတောင်မှ ကျသည်။ တစ်ကယ်ပဲ အမေ ပြောသလိုမျိုး လူတစ်ယောက်၏ ပျက်နေပြီးသားစိတ်တစ်ခုအား သူမပြုပြင်ယူဖို့ ကြိုးစားနေတာ မှားနေပြီလား။ ပြီးတော့ မောင့်ကို အရာရာ လိုက်ထိန်းနေရတာကို သူမ မကြိုက်။ တစ်ကယ်ဆို ကိုယ့် ဆုံးဖြတ်ချက်နှင့် ကိုယ်သာ နေသင့်သည်။ ခုတော့ သူမက ဒါမလုပ်နဲ့ လေ ဟိုဟာက ဒီလိုလုပ်ဆိုတာမျိုး အကုန်လိုက်ပြောနေရသည်။ တစ်ကယ်ပဲ ဘ၀အတွက် အားကိုးသင့်တဲ့ ယောက်ကျားတစ်ယောက်ရော ဟုတ်ရဲ့ လား။ မောင့်ထံမှာ သူမစိတ်ကျေနပ်စရာတစ်ခုပဲ ရှိသည်။ ထိုအရာက မောင် သူမကို တစ်ကယ်ချစ်တယ် ဆိုတာတော့ သူမသိသည်။ နောက်တစ်ခု သူမလက်ခံထားသည်ကလည်း အချစ်တစ်ခုတည်းနှင့် ဘ၀ကိုတည်ဆောက်လို့ မရ။ ဟင်း.. ခုချိန်လောက်ဆို မောင်အရက်ဆိုင်မှာ တစ်ခွက်ပြီးတစ်ခွက်သောက်နေ လောက်ပြီ။ မောင့်ရဲ့ စိတ်ကို သူမနားလည်သည်လေ။ ဒါပေမယ့် ကျွန်မကို ချစ်တဲ့ အချစ်နဲ့ မောင်ဒီလောက်လေးတောင် မစောင့်စည်းနိုင်ဘူးလား။ ခက်တာပဲ မောင်ရယ် ခက်တယ်..

ဒီနောက်ပိုင်း တစ်ပတ်လောက်နီးနီးမျှ ထွန်းသစ်၏ အရိပ်အရောင်လေးတောင် နုငယ်မတွေ့ ရ။ ဘာလဲ ဘာလဲ ကျွန်မကို နောက်တစ်ခေါက် ထားခဲ့ ပြန်ပြီလား မောင်။ စိတ်ထဲမှာ မာန၏ အရိပ်အရောင်လေးတွေ ပြန်တောက်လာပြန်သည်။
နောက်ထပ် ၂ ပတ်လောက်ကြာပြီနောက် ထွန်းသစ် ပြန်ပေါ်လာပြန်သည်။

(နုငယ်) သြော် ပေါ်လာသေးသကိုး။နောက်တစ်ခေါက် နှစ်နဲ့ ချီပြီး ပြန်ပျောက်သွားပြန်ပြီမှတ်တာ။

(ထွန်းသစ်) အင်း အဲလိုပျောက်ချင်တာ။ မနေနိုင်လို့ ။ ဒါပေမယ့် မင်းစကားသံတွေတော့ မကြားချင်ဘူးကွ။ နားခါးတယ်။
မင်း မျက်နှာလေး မြင်ရရင်တော်ပါပြီ အလွမ်းပြေသလောက်ပေါ့။

(နုငယ်)သြော် ဒီလောက်ပဲလား။ ဒါဆိုလဲ လွယ်ပါတယ်။ ခက်တာမှတ်လို့ ။ ရော့ ဓာတ်ပုံတစ်ပုံ ယူသွား။ လွမ်းရင်ထုတ်ကြည့် အသံလဲ မကြားရဘူး။ တစ်ကူးတစ်ကလဲ ကျွန်မမျက်နှာကို လာကြည့်စရာမလိုဘူး။ မောင် သက်သာတာပေါ့။ တော်ကြာ ကျွန်မဆီ လာရင် မောင် ပင်ပန်းနေအုန်းမယ်။

(ထွန်းသစ်) မင်းကလဲ မှားနေသေးတယ်။

(နုငယ်) ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကို ဆုံးဖြတ်စရာမလိုပါဘူး မောင်။ ဟုတ်တယ် ကျွန်မစကားပြောတာ လွန်သွားတယ်။ ဒါပေမယ့် မောင် အဲဒီနေ့ က အရက်သောက်တယ်။ ပြီးတော့ ကျွန်မကို နှစ်ပတ်တိတိ ပစ်ထားတယ်။ ဘာသံမှ မကြားဘူး။ အဲဒီနေ့ က မောင့်ကို ကျွန်မ ဘာမှာလိုက်လဲ။ ကျွန်မနောက်ကွယ်မှာ လုပ်ချင်ရာလုပ်တယ်ပေါ့။ ဒီအချိန်ထဲကမှ ကိုယ့် ကိုယ်ကို မထိန်းနိုင်ဘူးဆိုရင် နောင်တစ်ချိန် မောင် ကျွန်မကို ဘယ်လို ဦးဆောင်မလဲ။ ကျွန်မထင်တာက မောင်ကျွန်မကို ချစ်တဲ့ အတွက် အရာရာကိုပြုပြင်နိုင်လိမ့် မယ်ပေါ့။ ခုတော့ ကျွန်မထင်တာမှားနေပြီထင်တယ်။

(ထွန်းသစ်) မဟုတ်ဘူး မင်းဘာလို့ ပြသနာသေးသေးကို ခပ်ကြီးကြီးဖြစ်အောင် ပုဒ်မတွေ အရမ်းတပ်နေရတာလဲ တစ်ကယ်ဆိုမင်းပြော ခဲ့ တာက ငါ့ အချစ်ကိုစော်ကားတာလေ။

နုငယ် ခေါင်းလေးတစ်ချက်ခါလိုက်ရင်း

(နုငယ်) မောင် ကျွန်မတို့ ၁၈ နှစ် ၁၉ နှစ် ရည်းစားထားနေတာ မဟုတ်ဘူးနော်။ ခုမောင်ချစ်နေတာ အဲလိုမျိုးများဖြစ်နေလားလို့ ။ အချစ် အချစ် အချစ် ဘာလုပ်လို့ ရလဲ။ ဟုတ်တယ် ချစ်တယ် သံယောစဉ်ရှိတယ်။ ပေါင်းစပ်ဖို့ ကြိုးစားမယ်။ ခက်ခဲမယ် ပင်ပန်းမယ် အတူတူ လက်တွဲပြီးရင်ဆိုင်မယ်။ တစ်နေ့ ပန်းတိုင်ကိုရောက်မယ်။ ဒီလိုမဟုတ်ဘူးလား
မောင် နားလည်တဲ့ အချစ်က ဘာလဲ။ တစ်နေ့ တစ်နေ့ မြို့ ထဲ လက်ကလေးတွဲပြီးလျှောက်သွား တစ်နေရာရာ ထိုင်ပြီးစကားပြော ပြီးရင်တွတ်တီးတွတ်တာနေ ပြီးရင် ညနေစောင်း အိမ်ပြန်ချိန် လမ်းခွဲကြ လွမ်းကြ အဲဒါမှ မောင်နားလည်တဲ့ အချစ်လား

(ထွန်းသစ်) အဟင်း မင်းလိုမျိုး အသည်းနှလုံးဒီလောက်မာပြီး သွေးအေးတဲ့ မိန်းမမျိုး တစ်ခါမှ မတွေ့ ဘူးဖူး။ အံ့ရော။ အံ့ရော တစ်နေ့ တစ်နေ့ သီအိုရီတွေ ရွတ်နေတာနဲ့ ပြီးနေတာ။ အချစ်ရဲ့ နူးညံ့ချင်း ကြင်နာချင်း ဘာမှမသိဘူး။ အေးလေ မင်းနားလည်သလို ချစ်ပါ။ ငါလဲ ငါနားလည်သလို ချစ်တာပေါ့။

(နုငယ်) ကောင်းပြီလေ ဒါဆိုရင်လဲ ဘာလို့ များ ချစ်သူဆိုတဲ့ ဂုဏ်ပုဒ်ကိုထားနေအုန်းမလဲ။ ကျွန်မတို့ လမ်းခွဲ လိုက်ကြတာပေါ့။

(ထွန်းသစ်) ဘာ..ဘာ ..လွယ်လှချည်လား ငယ်..

(နုငယ်)လွယ်တယ်လေ။ ကျွန်မက အချစ်အတွက်ရူးမိုက်မဲ့ မိန်းမ မှမဟုတ်တာ။ ဘိုင်ဘိုင်..

(ထွန်းသစ်) ဟေ့ မင်းအလို ထွက်မသွားနဲ့ လေ။ဟေ့ .နေအုန်းလေ..ဟာ..

ငယ့် ကို သူအံ့သြမိသည်။ ပြောပြောဆိုဆို ဆိုင်ထဲမှ ထပြီးထွက်သွားသည်။ သူပိုက်ဆံအမြန်ရှင်းပြီး ဆိုင်ရှေ့ ရောက်တော့ သူမ taxi ငှားပြီး ထွက်သွားလေပြီ။

-------------------------------------------

ကဲ ဒီတစ်ပတ်ကြိုးစားပြီး နောက်တစ်ပိုင်းတင်လိုက်ပြန်ပါပြီ။ မြန်မြန်ပြီးအောင် ရေးချင်ပေမယ့် ကြားထဲမှာ အချိန်အခက်အခဲလေးတွေ ရှိတာကြောင့် ကြာသွားတာပါ။ နောက်တစ်ပိုင်းကိုလဲ အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် တင်နိုင်အောင် ကြိုးစားပါ့မယ်လို့ ။

ဘလော့ ဂါ မောင်နှမများ ကျန်းမာလို့ ရွှင်လန်းကြပါစေနော်...







Saturday 20 August 2011

မေးပါရစေ...





ဖြေသာတယ်ဆိုပေမယ့်
တော်ရာမှာ မြေခပြီး
ကြွေရတဲ့
မျက်ရည် တစ်စွန်းတစ်စများ
အသင် မသိလေရော့ သလား။ ။

ဟိုးအရင်က ဒီဇင်ဘာ
မြူနှင်းတွေဝေလို့
အေးမြမြ အချမ်းပိုပေမယ့်
နွေးထွေးတဲ့ ပုခုံးတစ်စုံ
ငါ့ဘေးမှာ ရှိခဲ့ဘူးတယ်လို့
အသင် မေ့များသွားခဲ့လေသလား။ ။

အကြောင်းဆက် ပေါင်းဖက်ဖို့
ဆုံနိုင်ခဲရင်တောင် ရင်ခွင်တစ်စုံစီမှာ
အသည်းနှလုံး တစ်ခြမ်းစီနဲ့
ရှင်သန်ခွင့် တောင်းခဲ့ ဖူးတာများ
အသင် မေ့များမေ့နေလေရော့သလား။ ။

ရွှေလက်ရယ်တွဲ ကြည်နူးမဆုံး
အတိတ်တွေလဲ ပိုင်ခဲ့ဖူးသလို
လှိုင်းထန်လေကြမ်း
လောကဓံလည်း ဆိုင်ခဲ့ဖူးပြီ
လမ်းဆုံးကိုရောက် ပန်းတိုင်နီးမှ
အသင် လက်တွဲဖြုတ်ခဲ့ လေသလား။

မာနတွေ ဘေးချထားမယ်
အတ္တတွေကို နောက်မှာထားမယ်
ပေးဆပ်မှုကို ရှေ့တန်းတင်မယ်
ဆုံနိုင်မှုကို အဓိကထားမယ်
နားလည်မှုနဲ့ ဖေးမကူမယ်
နှလုံးသားနဲ့ စကားပြောမယ်
ဖြစ်ချင်တာကို ဦးစားပေးမယ်
စစ်မှန်တဲ့ အချစ်စစ်တစ်ခုနဲ့
ငါ.. ရပ်လို့ စောင့်နေခဲ့တယ်
အရင်လိုများ..
အသင်..ပြန်လာခဲ့ချင်သလား။ ။

...........................................

ဘလော့ မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေနော်။ နောက်တစ်လလောက်ဆိုလျှင်တော့ ဆွေလေးလဲ အချိန်ရလောက်ပါပြီ။ အဲဒီအချိန်ကြရင်ဖြင့် အရင်လို ဘလော့လည်ပြီး စာတွေပြန်ရေးနိုင်လောက်ပါပြီလို့.




Wednesday 17 August 2011

မကာအို ခရီး (၂)



ကဲ ဒီနေ့ မကာအိုမြို့တစ်ပတ် လျှောက်လည်ကြရအောင်..



ဒီနေရာက မကာအိုမြို့ရဲ့ အစည်ကားဆုံးနေရာတဲ့ ။





စည်းကားသလား မစည်းကားသလား ဒီပုံတွေကိုသာ ကြည့်.....






မကာအိုရောက်ရင် တော်တော်များများသွားလည်ကြတဲ့ နေရာ။



မြန်မာမုန့်ဟင်းခါးဆိုင်တဲ့ ဒါပေမယ့် အဲမှာတော့ မစားခဲ့ဘူး။ အနီးအနားမှာရှိတဲ့ နောက်ထပ်မြန်မာ စားသောက်ဆိုင်ဆိုတဲ့ နေရာမှာစားခဲ့တယ်။ ဒါပေမယ့် အရမ်းကြီးတော့ စားလို့မကောင်းခဲ့ဘူး။






တည်းခဲ့တဲ့ ဟိုတယ်..ပြန်ကြတော့မယ်ဆိုတော့ အရှေ့တွေအနောက်တွေပတ်ပြီး ဓာတ်ပုံရိုက်တယ်။



မကာအို Tower. သူများတွေတော့ ခါးပတ်တွေပတ်ပြီး တစ်ပတ်လျှောက်ကြတယ်ဆိုပဲ။ သူများတွေဘာ..ကိုယ်မပါဘူး..:) :)




မကာအို Tower နှင့် ဘေးနားက တံတားအလှ...




ဒီလိုကြည့်ပြန်တော့ လဲ တစ်မျိုးလှသား..















မကာအိုက အကြီးဆုံးကာစီနိုထဲ ပြထားသမျှအားလုံး ဓာတ်ပုံရိုက်ယူလာခဲ့တယ်။ ဘာရမလဲ..
ကဲ..ဓာတ်ပုံတွေ ကုန်ပြီ..

လာလည်ကြသော ဘလော့ မောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေနော်။

Monday 15 August 2011

ပျောက်နေသော ကျွန်မနှင့် မကာအို ခရီးတစ်ထောက်

ခေါင်းစဉ်ဖတ်လိုက်ရင် ဘာလိုလို ညာလိုလို. အဟဲ ဘာပျောက်တာလဲလို့ မမေးပါနဲ့ . ဘလော့ တွေမရေးပဲ အလုပ်တွေရှုပ်ပြီး
ပုံမှန်လဲ ဘလော့တွေ လိုက်ပြီး စာမဖတ်နိုင်တာကို ပြောချင်တာပါ။ ..

ခုတစ်လော ဆွေလေးမွန် တစ်ယောက် အခန်းဆက် အချစ်ဝထ္ထုရှည်ကြီးရေးပြီး ဘာသံမှမကြား တိတ်တိတ်လေး ပျောက်သွားတယ် လို့စဉ်းစားနေကြသလား ဒါမှမဟုတ် မေ့များသွားကြပြီးလားမသိပါဘူး။ မလုပ်ဘူးဆိုရင် အရှင်း အဲ ရှုပ်ပြီးဆိုရင်လဲ မနဲပြန်ပြန်ခုန် ထွက်ရတဲ့ အကျင့်ကြောင့်လား မသိပါဘူး။ အလုပ်မှာက လူဟောင်းတစ်ယောက်ထွက်သွားပါတယ်။ အဲဒီတော့ ကျန်ခဲ့တဲ့ လူဟောင်းကြီး ကျွန်မကပဲ လတ်တစ်လော HNAD OVER တွေအကုန်လုံး မနိုင်တနိုင်မထားတဲ့ အချိန်.. ခရီးပါထပ်ထွက်လိုက်ပါ တယ်။ ဟဲဟဲ ဘာတတ်နိုင်သေးတုန်း။

ဒီကြားထဲ ခရီးကပြန်လာတော့ ဖျားတာက လေးရက်။စနေ တနင်္ဂနွေ ပါပြီး နောက်ထပ် ရုံးတက်ရက် နှစ်ရက်ပါ ပါလိုက်သေးတယ်။ ဒါပေမယ့် ဖျားရတာလဲ ဇိမ်မရှိပါဘူး မတ်တပ်ဖျား။ အိမ်ကို ငွေပို့မယ်ဆိုပြီး rate ကို check လိုက်တော့ အားပါးပါးကျသွားလိုက်တာ ဒိုင်ဗင်ထိုးတောင် လိုက်မှီမယ့် ပုံစံမမြင်ဘူး။ ဒါနဲ့ပဲ အရင်လို စလုံးက agent နဲ့ မပို့ပဲ ဒီဟောင်ကောင်မှာရှိတဲ့ အဆင်ပြေသလိုနဲ့ ပဲကိုယ်လဲ အမှီ လွဲလိုက်ရတယ်။ ဟိုပြေးဒီပြေး ဒါတောင် ဖျားနေသေးတာ။

ဒါတင်လား ဆိုတော့ မပြီးသေးပါဘူး။ ခုပြီးခဲ့တဲ့ sunday က ကျွန်မမွေးနေ့ပါ။ဒီတော့ သူငယ်ချင်းတွေကို dinner ပေးဖို့ ဖိတ်ထားပြီးပြီမို့ ဖျက်လိုက်ရင် အားနာစရာ။ ဒီတော့ နေမကောင်းတဲ့ ကျွန်မ korean barbecue ဆိုင်မှာ လွေးလိုက်ပါသေးတယ်။ နေသာမကောင်းတာပါ ကျွန်မပါးစပ်ကတော့ တော်တော်ကောင်းနေပါသေးတယ်။ စားလိုက်တာ ဆိုင်ကလဲ ဘူးဖေးဆိုတော့ ကြိုက်သလောက်စား။အိမ်ပြန်ရောက်တော့ အဖျားပြန်တက်မှာစိုးလို့ ကျွန်မဆေးတွေလဲ အတင်းသောက်လိုက်ပါသေးတယ်။ ဒါက ကျွန်မရဲ့ မူပိုင်လို ဖြစ်နေပြီ။ တည့်တည့်မတည့်တည့် အကုန်စားပါတယ်။ ပြီးရင် ဆေးသောက်တယ်။ အိမ်မှာဆို မေမေက အမြဲဆူနေကြ။ အဲဒီအစားနဲ့ ပဲ ဒုက္ခရောက်မှာတဲ့။

အဲ နောက်တစ်ခုလဲရှိသေးတယ်..
အိမ်မှာတစ်ခါမှ မဖြစ်ဘူးတဲ့ PCCW က internet မရပါဘူး။ ဘာဖြစ်မှန်းမသိဘူး။ ကိုယ်လဲ အရင်က ဟိုကလိ ဒီကလိဆိုတော့ ကလိတာပဲ။ ရဘူး။ ဘာမဆိုင် ညာမဆိုင်အိမ်က ကွန်ပျူတာတောင် restore ပြန်တင်လိုက်ပါသေးတယ်။ ဒါလဲမရပြန်ပါဘူး။ ကဲ နောက်ဆုံး လက်လျှော့ ပြီဆိုပြီး service ကိုသွားခေါ်တော့ Monday မှ လာပါမယ်တဲ့။ ဒါနဲ့ ပဲ အိမ်မှာ internet သုံးရက် ထက်ပျက်သွားပြန်ပါတယ်။ ဒီနေ့ မှ PCCW က ကိုယ်တော်လေးတစ်ယောက် လာပြီးပြင်ပါတယ်။ သူလဲ ဘာဖြစ်မှန်းကို မသိပါဘူး။ အပေါ်တက် အောက်ဆင်း ငါးခေါက်လောက် လုပ်ပြီး လှေကားကြီးထမ်းတက်လာတယ် နောက်အပြင်က cable တွေလိုက်ချက်တယ်။ နောက်ဆုံး ဒင်းဘာပြင်သွားတယ် ထင် တုန်း. ဟမ်ဟမ်.. သူတို့ PCCW ကတပ်ထားတဲ့ broadband modem ကြီးအသစ်လှယ်ပေးလိုက်တာ။ ဟော ကွက်တိ..
အင်တာနက်ပြန်ရရော။ လွဲပုံများ......

အဓိကပြောချင်တာကတော့ ၀ထ္ထုရှည်ပြီးရေးပြီး စာလာလာဖတ်တဲ့သူတွေကို ဂရုမစိုက်ပဲ ဒီအတိုင်းပစ်ထားတာမဟုတ်ပါဘူးလို့ အသိပေးချင်တာပါ။ ခုတော့ internet ရရချင်း ခုလိုအရှုပ်တော်ပုံတွေကို အမှန်အတိုင်းလဲ ပြောရင်း အကြောင်းလဲ ကြားလိုက်ရပါတယ်ရှင်။
အဲ ပြီးတော့ ခရီးသွားခဲ့တဲ့ ပုံလေးတွေကိုလဲ သူငယ်ချင်းတွေကို ရသလောက်ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။



ဒါက သဘောင်္ပေါ်ကဆင်း ပြီးတော့ ဟိုတယ်သွားမယ့် ကားပေါ်တက် စပြီးတွေ့ရတဲ့ မြင်ကွင်း။




ဒီပုံတွေကိုကြည့်ပြီးရင်တော့ ဘယ်နေရာဆိုတာသိလောက်ပြီ..




ဒီပုံတွေကြည့်လိုက်ရင် ပိုသိလောက်ပြီး မကာအို ဆိုတာ..



ဒါက ကျွန်မတို့ တည်းခဲ့တဲ့ ဟိုတယ်ရဲ့ အပြင်အဆင်




ဟိုတယ်အတွင်းထဲမှာ ပဲရစ်စတိုင်လို့ပြောတာပဲ။ အတူသွားတဲ့ သူငယ်ချင်းကပြောပြတာ။ ကောင်းကင်အတု ခပ်မှိုင်းမှိုင်းအောက်မှာ
စားသောက်ဆိုင်တန်း အရှည်ကြီးပေါ့။




ခုလို ဟိုတယ်တစ်ပတ် လှေစီးလို့လဲရသေးတယ်။




လှေစီးပြီးသွားရင် shopping ပတ် ။ သူများတွေပြောပါတယ်။



ဟောဒီလို ဆိုင်လေးတွေလဲ ရှိတယ်။ ချစ်စရာလေး။ ဆိုင်ထဲကကောင်မလေးပြောတာဟုတ်ဖူးနော်။ ဆိုင်လေးကိုပြောတာ။

ကဲ ဒီနေ့ တော့ ပုံလေးတွေ ဒီလောက်နဲ့ ပဲ ကျေနပ်ကြပါလို့ ။ ညည့်လဲနက်ပြီး မို့ အိပ်တော့ မယ်။ ဟိုတယ် အပြင်က ပုံတွေကိုတော့ နောက်နေ့မှပဲ ထပ်ပြီးတင်ပေးတော့ မယ်နော်။ အခန်းဆက်တွေ များလှချည့်လားလို့ မထင်လိုက်ပါနဲ့။
ကင်မရာတစ်လုံး လက်မှာကိုင်မိရင် မနေနိုင်မထိုင်နိုင် လိုက်လိုက်ရိုက်တတ်တဲ့ စိတ်ကြောင့် ပုံတွေတော်တော်များဖြစ်သွားလို့ပါ .

ကဲ ဘလော့ ဂါ မောင်နှမများ ကျန်းမာလို့ ရွှင်လန်းကြပါစေနော်..














Sunday 31 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း - ၇)




သူငယ့် ကိုချစ်ပါသည်။ဒါပေမယ့် ငိုပြီးပြေးထွက်လာသော ငယ့် မျက်နှာလေး မြင်လိုက်တော့ သူ့ရင်မှာ နာကျင်ရသည်။ ဘာအတွက်များ ငယ့် ကို ထပ်ပြီးငိုကြွေးစေတော့ မှာလဲ။ နေပါစေတော့ လေ..နေပါစေတော့ .. ကိုသု ကျောင်းရှေ့ တွင် ရပ်ထားသော သူ့ ကားပေါ်ပြန်တက်လိုက်သည်။ ပြီးတော့ အိမ်အပြန်လမ်းကို သူရွေးချယ်လိုက်သည်။ဒါပေမယ့် သူ့ရင်ဘတ်ကြီး တစ်ခုလုံးတော့ ဟာတာတာ ...

(နုငယ်)မောင်လေးရေ ဒီဘက်ကို ခဏ။ဒီလက်ဖက်ရည်လေးကို နည်းနည်းလောက်ပြန်ပြင်ပေးပါလား။ နို့ ဆီနည်းနည်း သကြားနည်းနည်း ထည့်ပေးနော်..

(စားပွဲထိုး) ဟုတ်ကဲ့ အစ်မ ရ.မယ်..

(ထွန်းသစ်) ဘယ်လိုဖြစ်တာလဲ ငယ် အရင်က ကျစိမ့် သောက်ပြီးတော့ ခုမှ

(နုငယ်) အဟင်း လက်ဖက်ရည်က မောင့် အချစ်လိုပဲ မောင်ရဲ့ နည်းနည်း ခါးနေလို့ နို့ ဆီလေး သကြားလေး ထည့်ရောလိုက် မှ တော်ရုံကြတာ..

(ထွန်းသစ်) ဟားဟား လုပ်တော့ မယ် ငယ်ကတော့ ။ ဒါဆို မောင်လည်း မုန့် ဟင်းခါးထဲ ငံပြာရည် နည်းနည်းလောက် ထပ် ထည့် ရမယ်ထင်တယ်..နုငယ် ရဲ့ အချစ်က နည်းနည်းများပေါ့ နေသလားလို့

(နုငယ်)အမယ်လေး မောင် ကသာပေါ့တယ် ထင်နေတာ ငယ်ကတော့ အိမ်ပြန်ရောက်ရင် သွေးတက်ကိန်းရှိတယ်။

(ထွန်းသစ်) အမ် ဘာလို့ ။

(နုငယ်) ဒီနေ့ မောင်နဲ့ ငယ့် အကြောင်း တရားဝင် အမေ့ ကို အသိပေးလိုက်တော့ မယ်။ ရိပ်မိနေတာတော့ ကြာပြီထင်တယ်. ငယ် ဘာပြောမလဲ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်နေပုံပဲ။ ခုတစ်လော အမေ မေးတဲ့ ပြောတဲ့ စကားတွေက နည်းနည်း ဆန်းနေတယ် မောင်ရဲ့ ..

(ထွန်းသစ်) ဘာလို့ များ လေငြိမ်ရပ်ဝန်းမှာ မနေချင်ရတာလဲ ငယ်။

(နုငယ်)လိမ်ရ ညာရတာကို ငယ်ကိုယ်တိုင် မုန်းတယ်။

(ထွန်းသစ်) အင်း ငယ် အစအရာရာအတွက် ပြင်ဆင်ပြီးပြီဆိုရင်တော့ ..သဘောပဲလေ။ ဒါပေမယ့် ..

(နုငယ်) စိတ်ချပါမောင် ငယ် က အမြဲတမ်း မောင့် ဘက်ကပဲ ရပ်တည်မှာပါ။ တစ်ခုပဲ ငယ့် ကို မောင် မလိမ်နဲ့ ။ ဘယ်တော့ မှ မလိမ်မိစေနဲ့ ။ ပြီးတော့ ငယ် မောင့်ကို ချစ်ရကျိုးနပ်ချင်တယ် ။ ဖြစ်မလား မောင်...

(ထွန်းသစ်) ဟုတ်ကဲ့ ပါခင်ဗျာ ..ဒါပေမယ့် မောင် ကတော့ တစ်ခါတစ်ခါ ငယ် လိမ်ပြောတာလေးကိုပဲ ကြားချင်တယ်။ တစ်ခါတစ်လေ အမှန်အတိုင်း မပြောပါနဲ့ လားငယ်။

(နုငယ်)အဟင်း.. မောင်ကလည်းလေ တစ်ခါတစ်ခါ အမှန်တရားကို ကြားရတာ နားခါးချင်ခါးမယ် ဒါပေမယ့် အဲဒါကမှ တစ်ကယ့် အနှစ်သာရမောင်ရဲ့ ။ နှုတ်ဖျားကနေ မောင့် သဘောလို့ ချွဲပြီးပြောလိုက်တာက ကြားရတာ ချိုသာနေပေမယ့် အဲဒီ စကားလေးရဲ့ နောက်ကွယ်မှာ ဓါးထက်ထက် တစ်ချောင်များကပ်ပါလာမယ်ဆိုရင် မောင် ဘယ်လိုကာကွယ်မလဲ ..

(ထွန်းသစ်) တော်ပါပြီကွာ.. မောင် ငယ်နဲ့ စကားပြိုင်မပြောတော့ ပါဘူး။ ငယ်ကလေ ခုလိုအချိန်မျိုးဆို အရမ်းချစ်ဖို့ ကောင်းတယ်။ အင်း ဒါပေမယ့် ..

(နုငယ်) မောင် နားလည်ထားဖို့ က မောင့် အရင်ရည်းစားတွေနဲ့ ပတ်သတ်ရင် ပြင်းပြင်းထန်ထန် သတိပေးပြီး နှိပ်ကွပ်နေတာ ကို ပြောတာလား။ အဲဒါက မောင် မှားထားခဲ့ လို့ လေ။ ငယ် မောင့် ကို ယုံကြည်ဖို့ အချိန်အတိုင်းအတာ တစ်ခုလိုတယ်။ ဥပမာ ကွာ ခု ငယ် က မောင့်ရဲ့ ချစ်သူ..

(ထွန်းသစ်) အင်း..ဟင်.. ဒါပေါ့

(နုငယ်) ငယ့် စိတ်ထဲမှာ မောင်ကလွဲရင် တစ်ခြားယောက်ကျားလေးတွေကို စိတ်လဲမ၀င်စားဘူး။ ပြီးတော့ မောင့် ကိုဘယ်ယောက်ကျားလေးနဲ့ မှ မနှိုင်းယှဉ်ဖူးဘူး။ မောင့် ဘက်ကပေးသလောက်နဲ့ ငယ်ကျေနပ်နိုင်တယ်။ နားလည်ပေးနိုင်တယ်။ ပြီးတော့ မောင့်ရဲ့ စိတ်ကို ငယ် အရမ်းနားလည်နေတယ်။ အဲဒါ ခက်တာပဲ..

(ထွန်းသစ်) အမ် ဘာကိုဆိုလိုတာလဲ ငယ်

(နုငယ်)ဒီလိုလေ မောင့်ရဲ ဗီဇ ကိုက အရာရာကို လွယ်လွယ်နဲ့ မစဉ်းစားပဲ လုပ်တတ်တယ်။ ဒါပေမယ့် မောင့်ရဲ့ စိတ်ထဲမှာ ငယ် ရှိနေပြီသားဆိုတာကိုလဲ ငယ်သိတယ်။ ဒါပေမယ့် တစ်ခြား လှတပတ ကောင်မလေးတွေကို မြင်ရင် မောင့် မျက်စပစ်နေတာလဲ ငယ်သိတယ်။ ပြီးတော့ ဘာရယ်ဟုတ်ဘူး ဟိုသူငယ်ချင်းကောင်မလေးက လာခေါ်လိုက် မောင်ပါသွားလိုက်။ ဒါပေမယ့် ဘာမှတော့ မဟုတ်တာ ငယ်သိတယ်။ ဒါပေမယ့် ငယ့် ရဲ့ အမေ မသိဘူး။ မောင့် ကို ငယ့် မိဘတွေနဲ့ အတိုက်အခံလုပ်ပြီး ချစ်ထားရတာ ကို သိပါတယ်နော်။ မတော်လို့ များ ငယ့် မိဘတွေများ မောင်ဒီလိုကောင်မလေးတွေနဲ့ တွဲတာ တွေ့ သွားရင် ..

(ထွန်းသစ်) အင်း..ဟင်

(နုငယ်) ငယ် ကရော ဒါဟာ ကျွန်မကို တစ်ကယ်ချစ်နေတဲ့ ယောက်ကျားတစ်ယောက်ပါလို့ ဘယ်လို ရင်ဆိုင်ပြီးပြောရမလဲ။ ပြီးတော့ ငယ်ချစ်ရတာက မောင်မှ မောင်ပဲ ဒါပေမယ့် မောင် ချစ်နေတာက နှုတ်ဖျားမှာ ချစ်တယ်လို့ ပြောနေပေမယ့် တစ်ခါတစ်ခါ လေးလေးနက်နက် မရှိသလိုပဲ..ဒါကြောင့်မို့ မောင့်ကို ငယ် မယုံကြည်သေးဘူး..ဒီတော့ ငယ်လဲ မောင့် ကိုပဲ လက်ထပ်မှာ ယူမှာလို့ ညာမပြောနိုင်သေးဘူး.

(ထွန်းသစ်) ကွာ ..ငယ်ကလဲ ကောင်းခန်းရောက်မှ လုပ်ပြီး။ ကိုယ့် ချစ်သူက ကိုယ့် ကိုဘယ်လောက်ချစ်ကြောင်း နားလည်ကြောင်း ဖီလ်း တက်နေတဲ့ အချိန်မှ မောင့် ကို မယူနိုင်ဘူးတဲ့ .. ငယ် ဒီလောက်ချစ်နေမှပဲ ဘာလို့ မျက်စိမှိတ်ပြီး ယူမယ် လို့ မပြောနိုင်ရတာလဲ..

(နုငယ်) မောင် မှားပြီး ချစ်နေတာမှန်တယ် ဒါပေမယ့် ကိုယ်ချစ်တဲ့ သူက ဒီလိုလူမျိုးပါလားဆိုတာကို စိတ်ထဲမှာ မသိချင်တာ. မောင့် ကိုအဲလိုလူမျိုး မဖြစ်စေချင်တာ. မောင့်ကိုယ်လဲ ငယ် ချစ်နေသလိုပဲ ချစ်နေစေချင်တာ။ ငယ်ခံစားမိတာကတော့ ငယ်ချစ်သလောက် မောင်ဆီက ပြန်မရဘူးဆိုတာပဲ။


(ထွန်းသစ်) ကဲ တော်ပြီ ပြန်မယ်။ တစ်နေ့ တစ်နေ့ ငယ်နဲ့ တွေ့ တိုင်း ဒါပဲ အပ်ကြောင်းထပ်နေတော့ တာပဲ။ မောင် သေချာ တယ် တစ်ကယ်တမ်း အချိန်ကျရင် မောင် ယူမယ့် မိန်းမ ကငယ်ပဲ ဖြစ်ရမယ်။ ပြီးတော့ မောင့် ပတ်ဝန်းကျင်မှာ ငယ် က မောင့်ရဲ့ ချစ်သူပါဆိုတာ တိတိလင်းလင်း ကြေညာပြီးသား။ ငယ့် ကိုလဲ အားလုံးက သိပြီးသား။ ဒါပေမယ့် တစ်ခါတစ်လေ သူငယ်ချင်းမိန်းကလေးတွေက လိုအပ်လို့ အကူအညီတောင်းလာရင်တော့ မောင် လဲ..


(နုငယ်) အင်းပါ အင်းပါ... ဟွန်း ဖြစ်နိုင်ရင် မောင့်ရဲ့ ၅ ပေ ၅ လက်မ အရပ်ရယ် ပြီးတော့ နည်းနည်း ကြည့်လို့ ကောင်းနေတဲ့ မောင့် ရုပ်ရည်ရယ် ပြီးတော့ လူတိုင်းကို ခင်မင်နှစ်လိုစွာ ပြုံးပြတိုင်းပေါ်နေတဲ့ သွားတက်ကလေးတွေရယ်
အဲဒါတွေအကုန်လုံးကို ပလတ်စတစ် ဆာဂျယ်ရီ လုပ်လိုက်လို့ ရရင် ကောင်းမယ် ထင်တယ်.


(ထွန်းသစ်) ဟားဟားဟား... ငယ်က တော့ ကွာ သူစိတ်ချဖို့ အရေး ချစ်သူ ကို ပလတ်စတစ် ဆာဂျယ်ရီတောင် လုပ် အုန်းမတဲ့ ..ဒါလေးတော့ ချမ်းသာပေးပါကွာ .. အမေ ပေးတဲ့ ရုပ်ရည်လေးပါ. တစ်ကယ်ဆို ငယ်လဲ ချစ်ဖို့ အလွန်ကောင်း သော ကောင်မလေးတစ်ယောက်ပါကွာ။ ငယ်က သာ ခပ်တည်တည်ကြီးနေနေလို့ ..


(နုငယ်) မောင့် ကိုချစ်တာ ချောလို့ ချစ်တာမှမဟုတ်တာမောင်ရဲ့ ။ မချောလဲ ဘာအရေး. အရေးကြီးတာက တစ်ယောက်နဲ့ တစ်ယောက် သံယောစဉ်ကြီးပြီး နားလည်မှုရှိဖို့ သာ အဓိက..

(ထွန်းသစ်) ကဲပါ မောင့် ကိုစိတ်ချ သေချာတယ် မောင် ငယ်ပြောသလိုနေမယ် ဆင်ခြင်မယ် ငယ်သာ မောင့်ဘေးနားမှာ ရှိလို့ ကတော့ အရာအားလုံးငယ့် သဘော. ပြီးတော့ မောင်လည်း နောင်တရနေပါပြီကွာ အရင်ကသာ မောင် စိတ်ထင်ရာ ဇွတ်မလုပ် ခဲ့ ဘူးဆိုရင် ခုချိန်မှာ ငယ့် မိဘတွေဘက်က ဒီလောက်ထိ ခါးခါးသီးသီးဖြစ်နေမှာ မဟုတ်ဘူး။ မောင် ဆိုးခဲ့ လို့ ..

(နုငယ်) အဲဒီ ငယ်သာ ဘေးနားမှာရှိရင်ဆိုတဲ့ စကားလဲမကြိုက်ဘူး။ မောင် ယောက်ကျားတစ်ယောက်ပဲ ငယ်ရှိရှိမရှိရှိ မောင် ကိုယ့်ဘာသာကိုယ် မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်နိုင်ရမှာပေါ့။ မောင်က အရည်အချင်းရှိတဲ့ ယောက်ကျားတစ်ယောက်ပဲ ဟာ..

(ထွန်းသစ်) ဟင့်အင်း ငယ်နဲ့ မောင် စိတ်သဘောထားမတိုက်ဆိုင်တာ အဲဒီနေရာတွေပဲ.. မောင့်ကတော့ ချစ်ချင်းရဲ့ မျှော်လင့် ချင်းနဲ့ ပဲ အသက်ရှင်တယ်။ ငယ် ကတော့ ဦးဏှောက်ရဲ့ စေစားရာ အတိုင်း ဖြစ်သင့်တာတွေနဲ့ ဘ၀ကို အသက်ရှင်တယ်..
ဒါကြောင့် မောင် ကလည်းတစ်ခါတစ်ခါ ငယ် မောင့်ကိုချစ်နေတာနဲ့ ဖြစ်သင့်တာနဲ့ ယှဉ်လိုက်ရင် မောင့် စိတ်တွေထိုင်းမှိုင်းလေးလံသွားတယ်။ ငယ်တစ်ယောက်တည်း မောင့်ရဲ့ စိတ်ကို နားလည်တာမဟုတ်ဘူး မောင်လဲ ငယ့် ရဲ့ စိတ်ကို နားလည်တယ် ငယ်...

နှစ်ယောက်သား ခဏမျှ ငြိမ်သက်သွားကြသည်။ ခဏနေတော့ ငယ် ထွန်းသစ် လက်ဖမိုးလေးကို ကြင်နယုယစွာ အုပ်မိုး ကိုင်ဆုပ် လိုက်ရင်း...

(နုငယ်) မောင်..

(ထွန်းသစ်) ဟင်..

(နုငယ်) မတူညီတာရှိရင် နားလည်မှုတွေနဲ့ ညှိယူကြမယ်လေ..

(ထွန်းသစ်) အင်း.. နောက်ဆိုမောင်လဲ စိတ်ထဲမှာ စိတ်ညစ်စရာရှိရင် မောင့်ရဲ့ စိတ်ကို ထင်ရာ မစိုင်းတော့ ဘူးနော်.

(နုငယ်)အင်း..

ထွန်းသစ် ငယ့် လက်ကလေးကို အားမလိုအားမရ ပြိုင်ဆုပ်ကိုင်လိုက်ရင်း

(ထွန်းသစ်) ငယ် သိလား ..ငယ် နဲ့ ခွဲရမယ့် အိမ်ပြန်ချိန်တွေကို မုန်းတယ်။ ပြီးတော့ ခုချိန်ထိ ငယ်နဲ့ နီးစပ်အောင် ကိုယ့် ဘာသာ ကိုယ် မကြိုးစားနိုင်သေးတဲ့ ကိုယ့် ကိုယ်ကို လဲမုန်းတယ်။ ပြီးတော့

(နုငယ်) မောင်..

(ထွန်းသစ်) ဟင်

(နုငယ်) ငယ် တို့ ပြန်ကြရအောင်. ကြိုးစားကြတာပေါ့ မောင်ရယ် နော်..

(ထွန်းသစ်) အင်း..ဒါပေမယ့် မောင်လေ...

(နုငယ်) တော်ပါပြီ မောင်ရယ်။ ဘာလို့ စိတ်ဓာတ်ကျစရာ စကားတွေပြောနေမလဲ။ မောင်ချစ်တယ်ဆိုတာကို ငယ် သိပါတယ်။ ဒါဆို ကျေနပ်တော့ နော်.

ထွန်းသစ် မချင့်မရဲ ငယ့် လက်ကလေးကို ပြန်လွှတ်ပေးလိုက်ရင်း စိတ်ထဲမှာ သက်ပြင်းမောကြီးများသာ အကြိမ်ကြိမ် ချနေမိတော့ သည်။ ပြီးတော့ စိတ်ထဲမှလဲ မောင့်ဘက်မှာ အမြဲတမ်းရပ်တည်ပေးပါ ငယ်ရယ်လို့ လဲ အကြိမ်ကြိမ်ပြောနေမိသည်။
တစ်ခါတစ်ခါ ငယ့် ကိုချစ်ရလွန်းလို့ သူ့ အသက်ရှုတွေတောင် ကြပ်ချင်သည်။ မွန်းကြပ်လွန်းနေသည်။ ငယ့် ကိုဆုံးရှုံးရမှာ ကို သူသေမလောက်ကြောက်ပါသည်။ ဒါပေမယ့် ငယ့် ကိုချစ်ရတာ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပင်။ စိတ်ထဲမှာ တစ်ထင့် ထင့် ငါ့ကို သူဘယ်အချိန်မှာ ဘယ်အပြစ်ကြောင့် လမ်းခွဲစကားတွေ ဆိုလာလေမလဲ.. သူလဲ သတိထားပြီးနေသည်။
အဘယ့် ကြောင့်ဆိုသော် သူသည် ငယ်ပြောသလို ဘာမှ မစဉ်းစားပဲ လွယ်လွယ်ကူကူလုပ်တတ်သလောက် ငယ်သည် အရာရာကို စေ့ စေ့ စပ်စပ် စဉ်းစား ပြင်ဆင်ပြီးမှသာ သူလုပ်ချင်တာကို တစ်ထစ်ချင်းအကွက်ချပြီး လုပ်တတ်သည်ကို ထွန်းသစ် နားလည်ထားသည် သိထားသည်။ သူနှင့်ငယ်ချစ်သူဖြစ်လာချင်းသည် ငယ်၏ စိတ်ကလေး တစ်ဒင်္ဂလွတ်ထွက်သော အချိန်၌ ငယ်သည် မလူးသာမလွန့် သာ နှလုံးသားပိုက်ကွန်ထဲ ကျခဲ့ ရသည် မဟုတ်ပါလား....

Wednesday 27 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၆)




မောင်နဲ့ တွေ့ ပြီးနောက် နောက်ရက်တွေများ တွေ့ အုန်းမလားရယ်လို့ မျှော်လင့်မိသော်လည်း မတွေ့ခဲ့ပါ။တစ်ရက်ပြီး တစ်ရက် မျှော်လင့် နေမိသော်လည်း မျှော်သူကတော့ ရောက်မလာခဲ့ ။ စိတ်ထဲမှာအလိုလိုသိနေသလို မောင် ရောက်ကိုရောက်လာရမည်ဟု လည်း စိတ်ထဲမှာထင်နေမိသည်။ ဒီလိုနှင့် သောကြာနေ့ သာရောက်လာသည် မောင့်ရဲ့ အရိပ်အယောင်လေးမျှတောင် သူမ မတွေ့ သေး..ဟူး..ဘယ်အချိန်ထိ မျှော်နေရမှာလဲ မောင်.. နောက်ထပ် မောင် နဲ့ ထပ်တွေ့ ဖို့ ကံကြမ္မာကဖန်တီးပေးတဲ့ အချိန်ထိ သူမစောင့်ရအုန်းမည်။ အတွေးများနှင့်ပင် နေရတာ မွန်းကြပ်လာသည်။ ကျောင်းခန်းထဲမှာ မနေချင်တော့ ။ အေးအေးဆေးဆေး တစ်နေရာမှာ တစ်ယောက်တည်း သွားထိုင်နေချင်မိသည်။ တွေးနေကြာသည် သွားထိုင်လိုက်တာက စိတ်ပေါ့ပါးသွားမည်ထင်သည်။ သူမ စိတ်ကူးနှင့် တစ်ယောက်တည်းထွက်လာခဲ့ သည်။ စိတ်ထဲမှာ အားမလို အားမရနှင့် နေမထိထိုင်မသာဖြစ်နေသည်။ ဘာကို သူမ တောင့်တနေ လိုချင်နေမှန်းမသိ။ စိတ်ရှိလက်ရှိသာ မောင် ရေ လို့ အားရပါးရ အော်ပစ်လိုက်ချင်သည်။

(နုငယ်) ဟင်း.. မောင် ရယ် ရှင်ဟာလေ ကျွန်မကို လောကကြီးမှာ ဒုက္ခအပေးဆုံးလူတစ်ယောက်ပဲသိလား။

(ထွန်းသစ်) အဟင်း ဒုက္ခပေးတာက မောင် မဟုတ်ပါဘူး။ နုငယ် ကသာ ကိုယ့် ဒုက္ခ ကိုယ်ရှာနေတာ။

(နုငယ်) အဲ.. ဟင် နင်..နင်..

(ထွန်းသစ်) နင်တွေ ဘာတွေ လုပ်မနေပါနဲ့ ။ ခုနကလိုပဲ ခေါ်လိုက်တာ မကောင်းဘူးလား။

(နုငယ်) ငါ ရည်ရွယ်ပြီး မောင် လို့ ခေါ်တဲ့ သူဟာ နင်ပါလို့ ဘာဖြစ်လို့ တထစ်ချ ထင်လိုက်ရတာလဲ ထွန်းသစ်။ နင်ဖြစ်ချင်မှ လဲ ဖြစ်မှာပါ..

(ထွန်းသစ်) နုငယ် ဘာဖြစ်လို့ ဟန်ဆောင်နေအုန်းမှာလဲ။

(နုငယ်) နင်..ချစ်တယ်ဆိုတဲ့ အချစ်ကို ငါဘယ်လို ယုံရမလဲဆိုတာ အရင် ရှင်းပြတာ ပိုကောင်းမယ်ထင်တယ်။

(ထွန်းသစ်) ဘာကို ဆိုလိုတာလဲ နုငယ်

(နုငယ်) မသိချင်ယောင်ဆောင်မနေပါနဲ့ ထွန်းသစ်ရယ်။ နင့်မှာ တစ်ခြားကောင်မလေးတွေရှိနေတာ ငါသိနေတာပဲ။ ပြီးတော့ နင် ငါ့ရှေ့ ကနေ နှစ်နဲ့ ချီပြီး ကိုယ်ယောင်ဖျောက်နေနိုင်တာပဲ။ နင့်ကိုယ်နင် သိပ်ပြီးအပိုင်တွက်လွန်းတယ်ဟ။ ငါ အဲလောက်ထိ မိုက်မဲ တဲ့ မိန်းမ မဟုတ်ဘူး။

(ထွန်းသစ်) ဟုတ်ပါတယ် နင် မမိုက်မဲ ဘူးဆိုတာ ငါသိပြီးသား ဒါကြောင့်လဲ နင့် အမေကြီးပါးစပ်ကနေ တတွတ်တွတ်ရွတ်နေတဲ့ ဆရာဝန်လောင်းကြီး ကိုသု ကိုလက်ခံလိုက်တယ်ပေါ့။ပြီးတော့ သမီးအလိမ္မာတုံးကြီးပေါ့။

(နုငယ်) ထွန်းသစ် ..နင် နင်.. တော်တော့ ..တော်လိုက်တော့

ထွန်းသစ် အသက်မပါသလို ခြောက်ကပ်ကပ် တစ်ချက်ရယ်လိုက်ရင်း

(ထွန်းသစ်) အဟင်း..ဟင်း.. နုငယ် နင်မှတ်ထား ..နောက်တစ်ခါများ ငါ့ အသည်းနှလုံးက နုနုငယ် ဆိုတဲ့ မိန်းမ ကို လွမ်းတယ် လွမ်းတယ်လို့ ပြောလာခဲ့ ရင် ဟောဒီအမှတ်မရှိတဲ့ ငါ့ အသည်းနှလုံးကိုပဲ ဖောက်ထုတ်ပစ်လိုက်မယ်။ ဘယ်တော့ မှ နင့်ဆီကို ငါ ခြေဦးလှည့်မလာတော့ ဘူး....ငါကိုက တုံးလွန်းတာပဲ နေမှာပါ...ကဲ သွားပြီး..

နုငယ် ကတော့ ဘာမှ ပြန်မပြောနိုင်ခဲ့ ပါ။ ရင်ထဲမှာစကားလုံးတွေကတော့ အပြည့်ပါ ဒါပေမယ့် ဘာလို့ များကျွန်မရဲ့ နှလုံးသား ထဲက စကားတွေ ကျွန်မမပြောလိုက်နိုင်ပါလိမ့် ။ အဆောင်အပြင်ဘက်မှ တစ်ဝေါဝေါ ဆိုင်ကယ်စက်သံကြောင့် သူမလှည့်ကြည့် လိုက်တော့ ဆိုင်ကယ်ကို အပြင်းမောင်းနှင်ထွက်သွားသော ထွန်းသစ်ကိုသာ ရိပ်ကနဲ တွေ့ လိုက်ရသည်။ ခက်သည် မိန်းမတစ်ယောက်ကို တွေ့ ချင်သည့်အချိန်မှ လာတွေ့ ပြီး .. ချစ်လိုက်ပါဆိုတာကတော့ ..ခက်သည် ခက်လွန်းနေသည်။
ဒါဆို သူပြောသလို မတွေ့ ရတော့ ဘူးလား။

(နုငယ်) ဟင်း....ဟင်း.............

သက်ပြင်းခပ်လေးလေးတစ်ချက်သာ ချလိုက်ရင်း အမေ့ ကိုလဲ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါဟု သူမဂတိပေးထား၏။ ကောင်းပါတယ်လေ အဆုံးသတ်မကောင်းမှန်းသိတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မစလိုက်ရတာပဲ သူရော ကျွန်မရော အတွက် အကောင်းဆုံးဖြစ်ပါလိမ့် မည်။ ဒါပေမယ့် မျက်ဝန်းမှာတော့ မျက်ရည်တို့ ရွှဲရွှဲစိုလို့ ။ ရက်စက်လိုက်တာ ကံတရားရယ် အချစ်ကို စတင်ထိတွေ့ မိစဉ်မှာပဲ အသည်းကွဲ မှတ်တမ်းထဲ ထည့်လိုက်ရမယ်လို့ ။ ကျွန်မချစ်ခဲ့ ရတဲ့ အချစ်ရဲ့ အနားသတ် နောက်ဆုံးက ဒီလိုပဲလား ..ကျောင်းမှာလဲ ဆက်မနေချင်။ ဘယ်နေရာသွားရမလဲ မသိ။ အိမ်ပြန်ပြီး အိပ်လိုက်ပဲ ကောင်းမယ်ထင်သည်။ အေးလေ ပြန်တာပဲကောင်းပါတယ်လေ..လောလောဆယ်တော့ အားအင်ချိနဲ့ သွားသလိုပင်။

"ဟေ့ ကောင်တွေ ကျောင်းရှေ့ မှာ ခုလေးတင်ဆိုင်ကယ်တစ်စီးနဲ့ ကားနဲ့ တိုက်မိတယ်ပြောတယ်။ ဆိုင်ကယ်သမားကတော့ ပွဲချင်းပြီးပဲတဲ့ ။ပြီးတော့ ဆိုင်ကယ်သမားက အပြင်လူတဲ့ ကွ တို့ ကျောင်းကမဟုတ်ဘူး"

"ဟာ..လာလာမြန်မြန် သွားကြည့်ရအောင်"

ကျောင်းသားတစ်စု ပြောလဲပြော ပြေးလဲပြေးထွက်သွားကြသည်။ ခဏတော့ သူမမှင်သက်နေမိသည်။ ရင်ထဲမှာ ခံစားချက်တစ်ချို့ မွန်းကြပ်လွန်းနေသည်ကို။ ဒါပေမယ့် သူမတစ်ခုခုကို သတိရသွားသည်။ ဆိုင်ကယ်သမား..မောင် ..မောင် ..လဲ ခု..ခုန ကလေးတင် ဆိုင်ကယ်ကို အရမ်းမောင်းထွက်သွားသည်။ ဆိုင်ကယ်သမားဆိုတာ မောင်...မောင် ..များလား..
အို ..မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့ ဒီလိုသာဆိုရင်တော့ ကျွန်မကိုယ် ကျွန်မ ခွှင့်မလွှတ်ဘူး မောင်..
သူမ ခြေလှမ်းတို့ မြန်စပြုလာပြီ..ထို့ နောက် သူမ ပြေးထွက်လာခဲ့ သည်။ ပြေးလာသည့် အရှိန်ကြောင့် သူမမောဟိုက်နေသည်။ အသက်ရှုလို့ လဲမ၀။ သို့ ပေမယ့် သူမခြေလှမ်းတွေ ရပ်မပစ်လိုက်ရဲပါ။ မောင် မဟုတ်ပါစေနဲ့ လို့ လည်း စိတ်ထဲမှာ ဆုတောင်းနေမိသည်။ ပြီးတော့ သူမ ငိုနေသည်။ ခြေလှမ်းတွေ ခပ်သွက်သွက်ပြေးရင်း လူတွေ ၀ိုင်းအုံကြည့်နေသော နေရာသို့ ရောက်လာသည်။ သူမ မောဟိုက်နေသည် ဒါပေမယ့် မနားပဲ သူမလူအုပ်ထဲ ၀င်တိုးဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပင်..
သူမ၏ လက်တစ်ဖက်အား တစ်ယောက်ယောက်က ဆွဲလိုက်သလို တင်းကနဲ ဖြစ်သွားသည်။ သူမ လှည့်ကြည့် လိုက်တော့ .

(ထွန်းသစ်) ဟိတ် အရူးမလေး ..ငိုမနေနဲ့ လာလာ ဒီဘက်ကို..

(နုငယ်) မောင်..ရှင် ရှင် တစ်ကယ်ပဲနော်..

ထွန်းသစ် ခေါင်းညိမ့် ပြလိုက်ရင်း..

(ထွန်းသစ်) အင်း..ဟုတ်တယ် မောင် မသေနိုင်သေးဘူး။ နုငယ်ချစ်တဲ့ နုငယ်ရဲ့ ချစ်သူ လုပ်ရအုန်းမှာမို့ လို့ ။

နုငယ် ရှက်စနိုးတစ်ချက်ပြုံးလိုက်ရင်း..

(နုငယ်) မောင် နော် လာစမနေဲ့ ဒီမှာဖြင့် စိုးရိမ်လို့ သေတော့ မယ်။

(ထွန်းသစ်) မောင် တွေ့ ပါတယ်ကွာ။ တစ်ကယ်တော့ နုငယ်ရယ် မောင်ရော နှစ်ယောက်လုံးရဲ့ စိတ်ထဲ မှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်တယ်ဆိုတာ နားလည်ပြီးသားပါကွာ။ မောင် တို့ နှစ်ယောက် မာနတွေ ပြိုင်နေကြလို့ ပါ။
တစ်ကယ်က မောင်ကံကောင်းသွားတာ။ စိတ်ဆိုးဆိုးနဲ့ ထွက်လာပေမယ့် တစ်ကယ်က နုငယ်ရဲ့ မျက်နှာလေး ညှိုးပြီးကျန် နေခဲ့ တာ မောင့် ရင်ထဲ တစ်ကယ်မကောင်းဘူး။ နောက်ဆုံး မောင့်ဒေါသတွေပဲ လျှော့ လိုက်ပါ့မယ်လေဆိုပြီး ကျောင်းထဲ ပြန်ကွေ့ လာတာ..အဲအချိန်မှာပဲ ကျောင်းထဲကထွက်လာတဲ့ နောက်ထပ် ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိကြတာ..မောင် ဂတိပေးပါတယ်ကွာ။ အရင်တုန်းကလို နုငယ် ချစ်တဲ့ ထွန်းသစ် ပြန်ဖြစ်လာစေရမယ်..နော်..

နုငယ်ကရော ဘာပြောနိုင်မှာမို့ လို့ တုန်း ..မျက်စောင်းလေးတစ်ချက်ခဲလို့ .. မောင့်ရင်ခွင်ထဲ ခိုဝင်လိုက်ရုံမှတစ်ပါး နုငယ်မှာ ရွေးချယ်စရာလမ်းမရှိ။ ခုနက မောင်သေပြီလို့ ထင်တဲ့ နောင်တမျိုး ခံစားချက်မျိုး သူမနောက်တစ်ကြိမ် မခံစားနိုင်တော့ ။ လောလောဆယ်တော့ အချစ်အတွက် တစ်ခါလောက်တော့ မိုက်လိုက်ပါရစေ အမေ..လို့ သာ စိတ်ထဲမှ အမေ့ ကိုတောင်းပန် နေမိသည်။

ထိုမြင်ကွင်းအစ အဆုံးကို မမှိတ်မသုန် စိုက်ကြည့်နေသော လူတစ်ယောက်တော့ ရှိသည်။ထိုသူကတော့ ဘယ်သူဖြစ်ဦးမည်နည်း ကိုသု ..ကိုသု ပေါ့...

...........................................................................

Monday 18 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၅)




ဤသို့ နှင့် တက္ကသိုလ်ကျောင်းများ တက်ဖို့ အချိန်ရောက်လာလေပြီ။ ကျောင်းပိတ်ရက် ဘယ်မှလဲ မသွားရ ဘာမှလဲ မလုပ်ရ။ အိမ်တွင်းပုန်းလိုက် တစ်ခါတစ်ရံ ကျောင်းနေဘက် သူငယ်ချင်းအိမ်ရောက်လိုက်နှင့်သာ နုငယ် အချိန်များကို ကုန်လွန်စေခဲ့သည်။စိတ်ထဲမှာ တော့ အချိန်တိုင်း ထွန်းသစ် အကြောင်းများသာ။မည်သူ့ ကိုရင်ဖွင့်ရမည်နည်း။ ဒါလဲမသိပါ။သူမချစ်သော ထွန်းသစ် သည်လည်း သူမအားတစ်ကယ် ချစ်မချစ်သူမ မသိတော့ ပါ။ သူမအထင်တော့ ငယ်ရွယ်ချိန်မို့ စိတ်လှုပ်ရှားခဲ့ သလား။ သူမကရော ငယ်ရွယ်သူ မို့ ထွန်းသစ်ကို စိတ်လှုပ်ရှားပြီးများ...ခုလိုအချိန်တိုင်းသတိရနေသည်လား။ မသိခဲ့ ပါ... ခုချိန်မှာ သူမသိသည်က တစ်ခုထဲ . တစ်ခုခုကို လွမ်းနေသည်။

ထွန်းသစ် ကလဲသူမရှိရာ ရောက်မလာခဲ့ ပါ။မစခင်က ဆုံးနေသော ဇာတ်လမ်းကဲ့သို့ အစလဲမသိ အဆုံးလဲမသိ။ ဘာလဲမသိ။ သူမရည်မှန်းချက်က ငယ်ငယ်လေးထဲက တက္ကသိုလ်မှာဆရာမ ပြန်လုပ်ချင်သည်။ ထို့ ကြောင့် မိမိလုပ်ချင်သော ရည်မှန်းချက်ထဲတွင် သာ စိတ်ကိုနှစ်ထားလိုက်ဖို့ သူမဆုံးဖြတ်လိုက်သည်။ တစ်ခါတစ်ခါ ချစ်သော ထွန်းသစ်အကြောင်းသတိရမိလျှင်တော့ ဒိုင်ယာရီ စာအုပ်လေးကိုသာ သူမရင်ဖွင့်ပစ်လိုက်သည်။ ဒါပဲ ဒါပါပဲ...
တက္ကသိုလ်ပထမနှစ် ဒီလိုပင်..စိတ်ထဲမှာ ပြောင်းလဲပစ်လို့ ရမည် စိတ်လှုပ်ရှားချင်းသာဖြစ်သည်ဟု ခံယူထားသော အချစ်၏ ချည်နှောင်မှုသည်လည်း တစ်စတစ်စ ခိုင်မြဲလာခဲ့သည်။ တစ်နေ့မှ မေ့လို့မရခဲ့။ ဘေးနားမှာရှိနေသော ကိုသု ကိုတော့ အစ်ကိုတစ်ယောက်လို အားကိုးချစ်ခင်မိတာတော့ သေချာသည်။ ချစ်သူလိုတော့ လက်ခံလို့ မရ။ မကြာခဏတွေ့ ဖြစ်ကြသည်။ သို့ သော်အခြေအနေတိုင်းသည်လဲ မပြောင်းလဲ ခိုင်မာအမြစ်တွယ်လာသည်က ထွန်းသစ် ကိုချစ်သောအချစ်များသာ။ ခုဆိုရင် ဒိုင်ယာရီစာအုပ်လေး ၅ အုပ်ဖြစ်နေပြီမောင်။ ဟုတ်သည် သူမ၏ ဒိုင်ယာရီစာအုပ်လေးထဲမှာ မောင် လို့သာ သုံးနှုံးခဲ့ သည်မှာ ကြာပြီ။ သူမကိုယ်တိုင် သူမလဲ ကျွန်မလို့ သုံးနှုံးတတ်နေခဲ့ ပြီ။ တက္ကသိုလ် ပထမနှစ်ကို ဒီလိုနှင့်ပင် ပြီးဆုံးခဲ့ သည်။ ဘာမှန်းမသိ။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အချစ်စစ်မှန်ခဲ့ တယ်ဆိုရင်တော့ ကျွန်မတို့ တစ်နေ့နေ့ ချစ်သူ တွေဖြစ်နိုင်ကြမှာပါ။ ဒါက အချစ်နဲ့ ပတ်သတ်တဲ့ ကျွန်မရဲ့ မျှော်လင့်ချက်။ ရှောင်နေသာသူအား ကျွန်မလိုက်ရှာမနေတော့ပါ။ ချစ်သူ ပြန်လာသော အချိန်ကိုသာ ကျွန်မကြိုဆိုလိုက်တော့ မည်..
(ဒေါ်ချို) သမီး ကျောင်းသွားတော့ မလို့လား စောလိုက်တာ..

(နုငယ်) ဟုတ်တယ် မေ..ဒုတိယနှစ်ရောက်လာမှ ကျူတိုရီရယ်တွေပိုများတယ်။ ပြီးတော့ မေရယ် သူငယ်ချင်းတွေ ဘာတွေလဲ ရလာပြီဆိုတော့ ကင်တန်းထိုင်တဲ့ ချိန်လေးတော့ ပေးရမှာပေါ့လို့ ဟုတ်ဖူးလား..

(ဒေါ်ချို)ဟုတ်ပတော်.. မေ့ သမီးကလေ တစ်နေ့ တစ်ခြားပိုပိုလှလှလာတယ်။

(နုငယ်) အဟင်း..အမေ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေပြန်ပြီနော်။ ဒါဆို သမီးသွားပြီနော်..မေ..

ကျောင်းကားစောင့်နေရင်း တစ်ဖက်ခြမ်းလမ်းဘက်ကို လှမ်းကြည့်လိုက်တော့ ထွန်းသစ် တက်နေသည်ဆိုသော GTI ကျောင်းကား. အလိုလိုနေရင်းစိတ်က တွေ့ မလားလို့ တော့ သူမ ရှာကြည့်မိသေးသည်။ တစ်ခါမှတော့ မတွေ့ ခဲ့ ပါ။ ဒါပေမယ့် ခုချိန်ထိ သူမရှာနေစဲ။

(နုငယ်)ဟူး နေကလဲ ပူလိုက်တာ။ ၈ နာရီခွဲလောက်ရှိသေးတာကို။

သူမပြောပြောဆိုဆို ထီးလေးထုတ်ပြီးနေပူရာဘက်ကာထားမိသည်။ ကျောင်းကားကလဲ ဒီနေ့မှ မလာသေးကြာနေသည်။
သူငယ်ချင်းတွေ စောင့်နေကြရော့မည်။ နာရီကိုကြည့်လိုက်တော့ နောက်ကျနေပြီ။ဟော..ပြောရင်းဆိုရင်း ကျောင်းကားလာပြီ...
သူမ ထီးလေးပိတ်ပြီး ကားပေါ်အပြေးလေးတက်လိုက်သည်။ ပြီးတော့ နောက်ဆုံးထိုင်ခုံနေရာမှာ လူလွတ်နေသဖြင့် သူမအပြေးကလေး သွားပြီးထိုင်လိုက်သည်။ အကြာကြီးစီးရမှာ နေရာမရရင် မတ်တပ်ရပ်ရတာ ညောင်းသည်။ကိုယ့် အတွေးနှင့် ကိုယ်ဖြစ်နေသဖြင့် ဘေးနားက ထိုင်သည့်သူကို ခုမှကြည့်မိသည်။ကျောင်းသားပုံလဲ မပေါက်။ဆံပင်ကစုတ်ဖွားနှင့် ဒီကြားထဲ အုပ်ထုပ်ကလဲ မျက်နှာကို အုပ်ပြီးစောင်းထားသည်။ ဒီကြားထဲ အ၀တ်အစားတွေကလဲ တွန့်ကျေလို့ ။ ပြီးတော့ သူမနှာခေါင်းထဲ ချဉ်စုပ်စုပ် အနံ့တစ်ခုလဲရနေသည်။ ခဏလောက်ကြာတော့ မှ သူမထိုအနံ့ကိုသေသေချာချာ သဘောပေါက်သွားသည်။ အရက်နံ့။
ဒုက္ခပါပဲ မူးနေတာလားမသိဘူး။ စောစောစီးစီး။ ဒီကြားထဲ ထိုသူ၏ ဆိုဖာပေါ်မှီထားသော ခေါင်းက တစ်ဖက်ဖက် သူမဖက်ကျကျလာသေးသည်။ တော်သေးသူမအသားနှင့် ထိတော့ မထိသေး။ စိတ်ကတော့ တော်တော်ကြီး အနှောင့်အယှက် ဖြစ်နေပြီ။သူမသတိထားပြီး ကြည့်နေသည့်ကြားမှ ..ထိုလူ့ ခေါင်းကြီးက ယိမ်းလာပြန်၏။ ဒီတော့ ဒီတစ်ခါတော့ လက်နှင့် ဟိုဘက်ကို ခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်သည်။ ထိုသူ နိုးသွား၏။ ပြီးတော့ သူမအား ဒေါသတကြီးနှင့် အုပ်ထုပ်ကိုချွတ်လိုက်ပြီး

ဒီမှာ ...ခင်ဗျား ....ဘယ်.... အဲ

တွေ့ချင်သောအချိန်မှာ မတွေ့ရသော ကျွန်မချစ်ရတဲ့ မောင်လေ။ ဘုရားရေ ဘယ်လိုများဖြစ်နေရတာတုန်း။ကွာသွားလိုက်တာ အရမ်းကို ကွာသွားသည်။

(ထွန်းသစ်) အဲ..နင်..နင်


(နုငယ်) ဟုတ်တယ် ငါ နုငယ်။ နင်ကရော မနက်စောစောစီးစီး ကျောင်းကားပေါ် ဘယ်လိုဖြစ်နေတာလဲ။ကြည့်မကောင်း ရှုမကောင်းနဲ့ ။ ရုပ်ပျက်ဆင်းပျက်နိုင်လိုက်တာ။ ငါ ထင်တောင်မထင်ဘူး။နင်ဆိုးနေတယ် ဆိုတာတော့ ကြားတယ်။ ဒီလောက်ထိ ဖြစ်နေမယ်လို့ တော့ မထင်ဘူး။ ခုတော့ လက်တွေ့

(ထွန်းသစ်) အဟင်း.. ငါညက အိမ်မပြန်ဘူးဟ။ မြို့ ထဲက သူငယ်ချင်းတွေ တိုက်ခန်းလိုက်အိပ်တာ။ ၀ိုင်းလိုက်တာများသွားတယ်။ အိမ်ပြန်ပြီ အကျီ်လဲမလို့ ပဲ အိပ်ပျော်ပြီးပါလာတာ။ နင်အခုနိုးလိုက်မှ နိုးတယ်ဆိုပါတော့ ။ နင်ကတော့ ပိုလှလာတယ်ဟ.

(နုငယ်) အင်း..

(ထွန်းသစ်) ဘာလဲ ငါပုံစံက စုတ်ပြတ်နေလို့ နင်က စကားမပြောချင်တဲ့ သဘောလား..

(နုငယ်) နင်က မတွေ့ ချင်လို့ ရှောင်နေတဲ့ သူပါ။ နင်ပြောချင်လား မပြောချင်လား ငါမှမသိတာ.

(ထွန်းသစ်)နှုတ်မဆက်ပဲ ထွက်သွားတဲ့ သူက ဘယ်သူလဲ.. ပြန်လာတော့ ရော ဘေးနားမှာ ငယ်..ငယ် နဲ့ ပါလာတာရော ဘယ်သူလဲ.. ဘာသတင်း ဘာအဆက်အသွယ်မှ မလုပ်ပဲ နေနိုင်ခဲ့ သူက ဘယ်သူလဲ.. ငါမဟုတ်တာတော့ သေချာတယ်..

(နုငယ်) နင်...နင်... အင်း..ထားလိုက်တော့ ထားလိုက်တော့ အဲဒီအကြောင်းတွေ ပြန်ပြောနေလဲ ဘာမှ ထူးခြားမလာတာ သေချာတယ်။ ဒါပေမယ့် ငါတစ်ခုတော့ ပြောချင်သေးတယ်။ တစ်ခွန်းပဲ နှစ်နဲ့ ချီပြီး ပုန်းနိုင်တဲ့ နင်က ပိုတော်ပါတယ်ဟာ..


ထို့ နောက် သူတို့ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြပြန်သည်။ခဏနေတော့ တစ်ပြိုင်နက်တည်း..

(ထွန်းသစ်) ဟိုလူနဲ့ ရော..

(နုငယ်)နင်ရော..

(ထွန်းသစ်)အဲ အိုကေ အိုကေ နင်မေးချင်တာ အရင်မေး

(နုငယ်) နင်..နင်.. ကောင်မလေးတွေအများကြီးနဲ့ တွဲ..တွဲနေ

(ထွန်းသစ်) အင်း.ဟုတ်တယ် ဒီလိုပါပဲ..နင်ကရော ဟိုလူနဲ့

(နုငယ်)အင်း ငါစဉ်းစားနေတုန်းပဲ။ငါလဲ ဒီလိုပါပဲ.

(ထွန်းသစ်)သြော်.. ငါ့အတွက် အခွင့်အရေးရှိသေးတာပေါ့

မောင်..ရယ် ရှင်ဟာလေ။ လမ်းကြုံလို့ တွေ့ တော့ မှ အခွင့်အရေးရှိသေးလားတဲ့ ။

(နုငယ်) အဟင်း.. နင်ဟာလေ လောဘတော့ ကြီးသား။ လမ်းကြုံတုန်းလေး နင်တွဲနေတဲ့ မိန်းကလေးတွေလိုပဲ လွယ်လွယ်ရမယ် ထင်လို့ မေးလိုက်တာလား..

ထွန်းသစ် မျက်နှာတင်းကနဲ တစ်ချက်ဖြစ်သွားသည်။ ထို့ နောက်..

(ထွန်းသစ်) ရှေ့ မှတ်တိုင်ပါတယ် ဆရာရေ...ဆင်းမယ်

မောင် ကျွန်မကို နှုတ်ဆက်မသွားပါ။ တစ်ချက်လေးမျှတောင် ပြန်လှည့်မကြည့်သွားပါ။ ဘာလဲ ဘာလဲ မောင်..
ကျွန်မနားက ပြန်လည်ထွက်ခွာသွားပြန်ပြီ။ နောက်တစ်ကြိမ် ကျွန်မနားကို ပြန်ရောက်လာဖို့ ဘယ်လောက် ကြာကြာ စောင့်နေရ အုန်းမှာလဲ ..တစ်ကယ်ဆို ကျွန်မသူ့ ကို စကားလေးလျှော့ ပြောသင့်တာ။ ခုတော့ မောင်နဲ့ ပြန်တွေ့ဖို့ ..မသေချာသော အိမ်မက်တို့ အား ကျွန်မဆက်လို့ မက်နေရ ပေအုန်းမည်။ပြီးတော့ ကျွန်မ မောင့်ကိုပြောစရာ စကားတွေ ရှိနေသေးသည်။ ပြောချင်မိနေသေးသည်။ ဒါပေမယ့် လက်တွေ့ တွင် ကျွန်မပြောလိုက်သောစကားများက နှလုံးသားနှင့် ဆန့် ကျင်ဘက်များသာ..
ဟူး ...မျှော်လင့်ရတာ မောတယ် မောင်ရယ်...

Saturday 16 July 2011

ပြုံးနေတာပဲ

တက်လိုက်ရတဲ့ လှေကား
ညောင်းလို့ တောင်
ငါမနားခဲ့ ရဘူး...။ ။

ထမ်းလိုက်ရတဲ့ တာဝန်
လေးလွန်းလို့
တစ်ခါတစ်ခါ
အတွင်းပါကြေတယ်.။ ။

လုပ်လိုက်ရတဲ့
ဖြစ်သင့်တာ ခုဆို
ကိုယ်ဖြစ်ချင်တာ
ဘာလဲတောင်
မသိနိုင်တော့ ဘူး။ ။

အမြဲတော့ ပြုံးနေတာပဲ
တစ်ချို့ ကပြောတယ်
ပုံသေနေပြီးတဲ့ ။ ။

ဒီတစ်ခါ ငါ့အတွက်
တွက်လွန်းလို့
ဘာမှကို မကျန်ဘူး။ ။

သည်းခံချင်း
အဲဒါ ငါ့ဆီမှာ
အချမ်းသာဆုံး ပစ္စည်း။

ငါ့ရဲ့ အနာဂတ်
နောက်ပါတွေကို
ဝေမျှနေတာနဲ့
အဆင်းရဲဆုံး ဖြစ်နေတာ
ကြာပေါ့။


ဒါဆို..
ခုရော.. ခုလား
လောကကြီးက
ရသလောက် ငါယူတယ်
ပေးသလောက် ကျေနပ်လိုက်တယ်
ပျော်လား အင်း..
ပြုံးတော့ ...
ပြုံးနေတာပဲ....

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၄)




ကျောခိုင်းနေသော နုငယ်တို့ နှစ်ယောက် သူ့ ကိုတော့ မမြင်ပါလေ။ ခေါ်လိုက်ရင် ကောင်းမလား ။ သူထင်သလိုများ ဖြစ်နေခဲ့ ရင်.. ဝေခွဲမရသော စိတ်တို့ နှင့် နေရာမှာပင် သူရပ်နေမိသည်။ သူမျှော်လင့် တောင့်တမိခဲ့ သော မျက်ဝန်း တစ်စုံ..နှင့် အကြည့်ချင်းဆုံသွား၏။

ဟင် .. အထွန်း ပါလား. နုငယ် ပျော်သွားသည်။ပြန်ရောက်ရောက်ချင်း ထွန်းသစ် တို့ အိမ်ကိုလဲ သူမရောက်ပြီးပြီ။ မတွေ့ ။ ကျောင်းသို့ လာခဲ့ သည် မတွေ့ ။ ခုမမျှော်လင့်ပဲ တွေ့ လိုက်ရသဖြင့် အပျော်လွန်စွာ ထွန်းသစ်ထံသို့ ခြေလှမ်းတို့ စလိုက်သည်။ သို့ သော်... တစ်ခါတစ်ရံ၌ ကံကြမ္မာမျက်နှာသာမပေးသောအခါ ....
သူမ၏ ခြေလှမ်းသည် အုတ်ခဲကျိုးတစ်ခုအား တက်နင်းမိပြီး ခြေထောက်ခေါက်လျှက် သူမလဲပြိုကျမလိုဖြစ်သွား၏။

(နုငယ်) အား...အမယ်လေး..

(ကိုသု) ငယ် ချောလဲ မယ်..အဲ အဲ..

(နုငယ်) အ. အား.. ခြေထောက် ထောက်လို့ မရတော့ ဘူး. နာလိုက်တာ

(ကိုသု) ရတယ် ငယ် ကျွန်တော့် ကိုပဲ ခဏမှီထားလိုက်တော့ အိမ်အရင်ပြန်ရအောင်နော်.

ဒီတော့ ဘေးမှာရှိနေသော ကိုသု ကပဲ အလိုက်သင့် ထိန်းပေးလိုက်ရသည်။ ဒါပေမယ့် နုငယ် သည်ခြေထောက်ခေါက်သွားသဖြင့် သူမခြေထောက်သည် တော်တော်နာနေပြီ။ မတ်တပ်..မရပ်နိုင်တော့။ ထိန်းပေးထားသော ကိုသု ကိုပင် အလိုက်သင့်မှီထားလိုက်ရသည်။ ခြေထောက်နာနေသည့် ကြားမှပင် ထွန်းသစ် ကိုသူမ လှမ်းကြည့်လိုက်သောအခါ ကျောခိုင်းထွက်ခွာသွားသော ထွန်းသစ်၏ နောက်ကျောကိုသာ သူမမြင်လိုက်ရ၏။ သူမ သက်ပြင်းခပ်မျှင်းမျှင်းလေး ကျိတ်ပြီးချရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ ..

ထိုနေ့ ဆေးခန်းသွားပြလိုက်ရသည်။ ဆရာဝန်မှ နှစ်ပတ်လောက် လမ်းမလျှောက်ပဲ နားနေမှရမည်ဆိုသဖြင့် သူမအပြင်မထွက်နိုင်ခဲ့။
သူမမျှော်နေမိသော်လည်း ထွန်းသစ်ရောက်မလာခဲ့. နေကောင်းလို့ လမ်းလျှောက်နိုင်လျှင်တော့ ထွန်းသစ် အိမ်ကိုသူမ သွားတွေ့ လိုက်မည်။

(ဒေါ်ချို) သမီး. ခြေထောက်သက်သာရဲ့ လား။

(နုငယ်) ဟုတ် မေ.. သက်သာတယ်. ထွန်းသစ် တစ်ယောက်ရော အပြင်မှာ တွေ့ မိသေးလားဟင် အမေ။ သမီး ပြန်ရောက် နေတာတောင် သမီးဆီလာလည်ဖော်မရဘူး.

ဒေါ်ချို တစ်ချက်ပြုံးလိုက်ရင်း

(ဒေါ်ချို)ဘာဖြစ်လဲ သမီးရယ် သူလာမလည်ပေမယ့်။ ကိုသု တော့လာနေတာပဲ မဟုတ်လား။

(နုငယ်) ဟင် ..မေကလည်း. ကိုသု နဲ့က

(ဒေါ်ချို) အေးပါ အမေသိပါတယ်။ ခုလောလောဆယ်တော့ ရိုးရိုးခင်တာပဲပေါ့်။ ဒါပေမယ့် သမီးသိထားဖို့ က မေမေတို့ လူကြီးချင်းတော့ စကားပြောထားတယ်။ ကိုသု ကလဲ သမီးကိုစိတ်ဝင်စားနေတာပါပဲ။ သမီးက ငယ်သေးပေမယ့် ၁၀ တန်းအောင်ပြီးပြီ ဆိုမှတော့ နောက်ဆို မလုပ်သင့်တာတွေ မှားပြီးလုပ်မိမှာစိုးလို့ ခုထဲက သမီးသိထားသင့်တာတွေ ပြောပြထားတာ။ သမီးကို မအူပင်ခဏပို့ထားတယ်ဆိုတာလဲ ကိုသု တို့ မိဘတွေကိုလဲ သိအောင် ကိုသုလဲ ခဏကျောင်းပိတ် ရက် မအူပင်အိမ်ပြန်တုန်း သမီးတို့ လူငယ်ချင်းလဲ ရင်းနှီးအောင်..

(နုငယ်) တော်ပါတော့ အမေ..သမီး လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် သမီး မမိုက်ပါဘူး။ အဲဒါတော့ အမေ စိတ်ချ။ ဒါပေမယ့် လူငယ်ဆိုတာ ချုပ်ချယ်လွန်းရင် ထိန်းချုပ်ထားတာ လွန်လွန်းရင် လွတ်သွားတတ်တယ်အမေ။ သမီးကို ကိုယ်ပိုင်လွတ် လပ်ခွင့်လေးတော့ ပေးပါ။

(ဒေါ်ချို)အင်းလေ သမီးကို အမေက မမိုက်မဲလောက်ဘူးလို့ ယုံကြည်သလို သမီးကလဲ အမေ့ရဲ့ ယုံကြည်မှုတွေကိုတော့ အလွဲသုံးစား မလုပ်မိစေနဲ့ နော်။

(နုငယ်) အင်းပါ အမေ ..အမေလဲ သိသားနဲ့ ငယ်ငယ်လေးထဲက အမေတို့က သမီးကို ဒါမလုပ်ရဘူးလို့ ဆုံးမစရာမလိုအောင် သမီးအလိမ္မာတစ်ယောက်ဖြစ်အောင် သမီးကိုယ်ဘာသာကိုယ်ထိန်းပြီးနေခဲ့ တာပါအမေ။ ဘာလို့လဲဆိုတော့ သမီးကိုချုပ်ခြယ်ပြီး ဘောင်ခတ်တာကို သမီးမုန်းတယ် အမေ။ သမီးကိုယ့်ဘာသာကိုယ်ပဲ ဘောင်ခတ်ပြီးနေပါရစေ။

(ဒေါ်ချို) ကောင်းပြီးလေ သမီးစကားတည်ပါစေ။ဒါပေမယ့်...

(နုငယ်) စိတ်ချပါအမေ သမီးက အမေ့ရဲ့ သမီးပါ။

နုငယ် ရဲ့ စိတ်ထဲမှာတော့ အင်းလေ အချိန်တွေ မလွန်ခင်မှာ သိထားတော့ လဲ ..ကောင်းပါတယ်။ ဒါပေမယ့် ထွန်းသစ် နဲ့ တော့ တွေ့ ကိုတွေ့ ရပေမည်။ဒါပေမယ့် သူမ တစ်ကယ်သွားတွေ့ သည့်အချိန်တွင် ထွန်းသစ် အိမ်မှာ ရှိမနေခဲ့ ပါ။

(ဒေါ်ကြူ) သားက သူ့ အဖေရဲ့ မြို့ ထဲကဆိုင်ကို နေ့ တိုင်းလိုက်လိုက်သွားတယ်သမီးရဲ့ ။ အလုပ်တော့ လုပ်ပါရဲ့ သမီးရယ် ဒါပေမယ့် ဆိုင်က လူပေါင်းစုံဆိုတော့ လေ သမီးသူငယ်ချင်းကတော့ အတတ်ကောင်းတွေတတ်နေလေရဲ့ ပြီးတော့ ဘာဖြစ် တယ်မသိပါဘူး မျက်နှာကလဲ အမြဲသုန်မှုန်နေတာပဲ

(နုငယ်) ဘာတွေတတ်လာလို့ လဲ အန်တီရဲ့

(ဒေါ်ကြူ) ဟိုတစ်နေ့ ကလေ သူ့ အဖေကဆိုင်အတွက်လိုတဲ့ ပစ္စည်းတွေလိုအပ်လို့ သွားဝယ်တာလေ သားကိုဆိုင်မှာထားခဲ့ တာ အဲဒါညကျတော့ ဆိုင်က အလုပ်သမားတွေနဲ့ ဘီယာသွားသောက်သတဲ့ ။ သူပြောတာတော့ ဆိုင်က အလုပ်သမားတွေနဲ့ ပိုရင်းနှီးအောင် ပိုပြီးတော့ လဲ ပြောလို့ ဆိုလို့ ကောင်းအောင်တဲ့

(နုငယ်)ဟင်း..

ကနဲ သက်ပြင်းချရုံမှ လွဲပြီးဘာမှမတတ်နိုင်ခဲ့ ပါလေ။ထွန်းသစ်၏ အဖေက မြို့ ထဲတွင် electronic shop တစ်ခုဖွင့်ထား၏။
ဆိုင်ကတော့ ကြီးသည်။ယောက်ကျားလေး အလုပ်သမားတွေကြီး ဆိုင်တွင် ၁၀ ယောက်လောက်ရှိသည်။ဒါက တစ်ခါတစ်ရံ ထွန်းသစ် စိတ်လိုလက်ရ ပြောပြသော အကြောင်းအရာများသာ။ဒီထက်ပိုပြီး ဘာမှမသိ။ပြီးတော့ လောလောဆယ်အခြေအနေတွင် သူမလမ်းထွက်စရာ အကြောင်းပြချက်မရှိ။ အမေကလဲ ခွင့်ပြုမယ်မထင်။ ဒီတော့ မိန်းကလေးမို့ မျှော်ပြီး မောရုံသာ..
ထွန်းသစ်ကလဲ ပေါ်မလာ။ ဒီတော့ နုငယ်၏ ရင်ဖွင့်ရာသည် ဒိုင်ယာရီစာအုပ်လေးမှ တစ်ပါး အခြားမရှိပြီ။
တစ်လ..နှစ်လ..သုံးလ..လေးလ သူမမနေနိုင် ထွန်းသစ်တို့ အိမ်ဘက် သွားဖို့ ပြင်လိုက်သည်။

(ဒေါ်ချို) သမီး ခုတစ်လော ထွန်းသစ် သတင်းတွေကြားနေရတာမကောင်းဘူးနော်။ သမီးလဲ ဆင်ဆင်ခြင်ခြင်နေ။ ညဘက်ဆို မူးပြီးပြန်လာတယ်တဲ့ ။ ဟိုဖက်ရပ်ကွက်က ကောင်မလေးတစ်ယောက်နဲ့ လဲ တွဲနေတယ်တဲ့ နော်။ ဒီလို "ဇ" ကလေးရှိ နေလို့ ကိုး အမေက ..

(နုငယ်) သမီးက ကိုယ့် သူငယ်ချင်း ကောင်းတာကိုပဲ လိုချင်တဲ့ သူငယ်ချင်းကောင်းပါ အမေ။

ပြောပြီး နုငယ် အိမ်ကနေထွက်လာခဲ့ သည်။ ထွန်းသစ် ရေ နင်ဘာလို့ ကိုယ့် ဘ၀ကို ဖျက်ဆီးနေရတာလဲဟာ။


(နုငယ်) အန်တီကြူရေ..

(ဒေါ်ကြူ) သြော် သမီးနုငယ်ပါလား။ လာလေ သမီး။

(နုငယ်) အန်တီ ပိန်သွားတယ်နော်။

(ဒေါ်ကြူ) သမီး သူငယ်ချင်းကပြောရတာ ခက်တယ်ကွယ်။ အန်တီက စကထဲက ဆိုးနေတာဆိုရင်တော့ ဒီလောက်ထိ စိတ်မညစ် ပါဘူးကွယ်။ ခုတော့ ၁၀ တန်းလဲ အောင် ဂုဏ်ထူးလဲ ပါသေး... အညွန့် တစ်လူလူနဲ့ ကိုယ့် သားလေ ခုဒီလို ပုံစံဖြစ်နေတော့

(နုငယ်) သူ့ ကို ဆိုင်ခေါ်မသွားနဲ့ ပေါ့

(ဒေါ်ကြူ) မရဘူးသမီးရဲ့ ဆိုင်ပိတ်ရက်တောင် အိမ်မှာမှ မနေတာ။ဒီတော့ ဆိုင်မှာ သူ့ အဖေမျက်စိရှေ့ ဆိုပြီး စိတ်လျှော့ ပြီးတော့ ခေါ်သွားရတော့ တာပဲ။

(နုငယ်)မနက်ကို ဘယ်အချိန် ဆိုင်ကိုသွားလဲ အန်တီ

(ဒေါ်ကြူ)မနက် ၉ နာရီလောက်ဆို အိမ်က ထွက်တယ် သမီး။

(နုငယ်) အဲဒါဆို သမီးမနက် အစောကြီးသူနဲ့ လာတွေ့ မယ် အန်တီ သူ့ ကိုပြောထားပေးနော်..

(ဒေါ်ကြူ) အေး ကူညီပါအုန်းသမီးရယ်..

နောက်တစ်နေ့ မနက်..၇ နာရီ

(နုငယ်) အန်တီရေ ထွန်းသစ်နိုးပြီးလား..

(ဒေါ်ကြူ)အေး လာ သမီး။ အိမ်ပေါ်တက်။

(နုငယ်) မ..မရှိဘူးလား..ဟင် အန်တီ

(ဒေါ်ကြူ) ဟင်း ..ဟုတ်တယ် သမီးရယ် ညက အန်တီမှာထားပါတယ် သမီးလာမယ်လို့ ။ အဲဒါ မနက်အန်တီ အိပ်ယာနိုးတော့ သား အိမ်မှာမရှိတော့ ဘူးကွဲ့ ။ သူ့ အဖေပြောတာတော့ မနက် အစောကြီးထဲက ထထွက်သွားတယ်တဲ့ ။

နုငယ် ရှက်သွား၏။ ရှက်ရွံ့ သောစိတ်ကြောင့် မျက်နှာတို့ နီမြန်းနေ၏။ ဟုတ်တယ်လေ မိန်းကလေးဖြစ်ပြီး ဒီလောက်ထိ သူမဘက်
က လျှော့ ပေးခဲ့ တာတောင်မှ ..ဆိုတော့ ..၀ဲကနေဝေ့ လာသော မျက်ရည်တို့ နှင့် အတူ ငိုသံ ခပ်အက်အက်ဖြင့်

(နုငယ်) ဒါဆို သမီးပြန်တော့ မယ်နော်။ နောက်လဲ သူမတွေ့ ချင်တဲ့ မျက်နှာကို ဘယ်တော့ မှ မတွေ့ စေရဘူးလို့ ပြောပေးပါနော်။

(ဒေါ်ကြူ) သမီးရယ် သမီးသူငယ်ချင်းကို စိတ်မဆိုးပါနဲ့ ကွယ်။နော်..

နုငယ် ဘာမှပြန်မပြောနိုင်တော့ ပါ ခေါင်းလေးကိုသာ တစ်ချက်ညိမ့် ပြရင်း ထွန်းသစ်တို့ ခြံဝသို့ ခပ်သုတ်သုတ်ထွက်လာ ခဲ့ သည်။ မျက်ဝန်းမှ မျက်ရည်များထိန်း၍ ရတော့ မည်မဟုတ်။ မာန ရှက်စိတ်တို့ ဖြင့် ရောထွေးလျှက် သူမပါးပြင်တွင် မျက်ရည် တို့ စိုရွှဲနေ၏။ ဘေးပတ်ဝန်းကျင်ကိုလဲ သတိမထားနိုင်။ သူမ အိမ်အမြန်ပြန်ရောက်ပြီး အခန်းတံခါးပိတ်လျှက် အားရပါးရ ငိုရှိုက် လိုက်ခြင်ပြီ။ ဒီနေ့ နင်နဲ့ ပတ်သတ်ပြီး ငါဝအောင်ငိုလိုက်မယ် ထွန်းသစ်ရယ်။ နောက်နေ့ တွေမှာ နင်ဟာ ငါ့ရဲ့ မျှော်လင့်ချင်း အရှင်သခင် ဖြစ်ချင်မှလဲဖြစ်တော့ မယ်။ ငါ့ရဲ့ အိမ်မက်ထဲက မင်းသားလေးဟာလဲ နင်ဟုတ်ချင်မှ ဟုတ်တော့ မယ်။ ဒါပေမယ့် လေ ငါ့နှလုံးသားထဲက အချစ်ဆိုတဲ့ ရင်ခုန်သံတွေကိုတော့ ငါ...ငါ ချက်ချင်းပြောင်းလဲလိုက်လို့ ရပါ့မလား...
.....................................

ထွန်းသစ် မြင်ပါသည်။ နုငယ် သူတို့ အိမ်ထဲဝင်သွားတာကိုလဲ မြင်သည်။ နုငယ် ပြန်ထွက်လာတာကိုလဲ မြင်သည်။ ငိုနေတာကို လဲ မြင်သည်။ ဘာလို့ ငိုရတာလဲ နုငယ်.. နင်ကျေနပ်လို့ နင်ပျော်ရွှင်လို့ လုပ်နေတာ မဟုတ်ဘူးလား။ ဘာလို့ ငါ့ အတွက် မျက်ရည်တွေ ကျနေရတာလဲ။ ငါမေးလိုက်ချင်တယ် နုငယ် နင့်မှာ ငါ့အတွက်ကျစရာ မျက်ရည်တွေများ ရှိသေးလို့ လား...လို့.



........................................
နောက်ထပ် အပိုင်း(၅) ကိုတတ်နိုင်သမျှ မြန်မြန်လေးရေးပြီးတင်ပေးပါ့မယ်လို့ ။
ဘလော့ မောင်နှမများအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။