Sunday 26 May 2013

သေချာပါတယ် ချစ်သူ



 
အချိန်အတိုင်းအတာ တစ်ခုဟာ
လူတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲ
စေခဲ့တာလား.ဒါဆိုရင်
ခုနေ မချစ်တော့တာ
ငါ့အပြစ်မဟုတ်တော့ ဘူး ချစ်သူ။  ။

ထပ်ခါထပ်ခါ နာကျင်မှုတွေနဲ့
ဒဏ်ရာတွေ ပြင်းထန်စေခဲ့ပြီးမှ
ဒီတစ်ခါ နောက်ဆုံးဆိုတာကို
မယုံတတ်တော့တာ
ငါ့အပြစ်မဟုတ်တော့ ဘူး ချစ်သူ။ ။

မျှော်လင့်ချင်းတွေ အထပ်ထပ်
အကြိမ်ကြိမ် ရိုက်ချိုးခဲ့ပြီးမှ
အိမ်မက်တွေ ရှင်သန်ကြရအောင် ဆိုရင်
ဟင့်အင်း..
 အိမ်မက်တွေ မမက်တာကြာပြီလို့
ရိုးရိုးသားသား ငြင်းလိုက်မိတာ
ငါ့ အပြစ်မဟုတ်ဘူး ချစ်သူ။  ။

အကာအကွယ်မဲ့ လွင်ပြင်ထဲမှာ
မသေရုံတစ်မယ် ဒဏ်ရာတွေနဲ့
အသက်ကို ခပ်ငွေ့ငွေ့ရှုသွင်းရင်း
ကိုယ်ထူကိုယ်ထ ကိုယ်မတ်မှ
ကိုယ်ရပ်နိုင်မယ့် နေရာမှာ
ငါ..ရယ် လို့ ပြန်လည်
ရှင်သန်လာသူ တစ်ယောက်အနေနဲ့
မင်း စိတ်ဓာတ်တွေ အေးခဲသွားတယ်
ဆိုတော့ ..
ငါ့ အပြစ်ကြီးပဲ မဟုတ်တာတော့
သေချာပါတယ် ချစ်သူ ။  ။







------------------------
နှုတ်ဆက်စကား.
-----------------------
အလုပ်တွေတော်တော်ကြီးပိနေတာမို့ ရေးလက်စ ၀ထ္ထုတိုလေးရဲ့ အဆက်ကို မတင်နိုင်သေးခင်မှာ
မရေးတာကြာပြီ ဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်နဲ့ပဲ လာလည်ကြတဲ့ ဘလော့မောင်နှမများကို ဖြေသိမ့်ရင်း
ဘလော့မောင်နှမ များအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။