Thursday 24 April 2014

အလှည့် အပြောင်း






ဒီနေ့မှာ ရှင်သန်နေကြတဲ့သူတွေ မနက်ဖြန်မှာ ဘာဖြစ်ကြမလဲလို့ ရှင်တို့လဲ မသိဘူး ကျွန်မကိုယ်တိုင်လဲ မသိခဲ့ ဘူး။ လောကဇာတ်ခုံပေါ်မှာ ကျရာနေရာကနေ ပြောင်မြောက်လှပအောင် အသုံးတော်ခံ နေကြရတာ မဟုတ်လား။ တစ်ကယ် လို့ မနက်ဖြန်မှာ ဘာဖြစ်မလဲ ကျွန်မသာကြိုသိနိုင်ခဲ့ရင် အဲဒီနေ့က ကျွန်မရဲ့ သူငယ်ချင်လေးက ဘယ်လောက်ပဲ အကူ အညီတွေတောင်းနေနေ “ဟင့်အင်း” လို့ တစ်ခွန်းတည်း ငြင်းမိမယ်။ ပြီးရင် ကျွန်မအိမ်ထဲကနေ အိမ်ပြင်မထွက်ဘူး။  အိပ်ခန်းတံခါးကို လုံအောင် သော့ခတ်ထားမယ်။

သူမဘယ်လိုပင်တွေးပြီး စိတ်ကောက်နေပါစေအုန်းတော့  နောက်နေ့မှ ပြန်ချော့မယ်။ ပြန်ပြင်ဆင်ခွင့် မရနိုင် တော့မယ် အတိတ်ကပုံရိပ်ဟောင်းတွေကို ကျွန်မဖျက်ပစ်လိုက်ချင်တယ်။ ကျွန်မရဲ့ အတွေးထဲ သမိုင်းထဲ နှလုံးသားထဲ မေ့ လို့ ရနိုင်သမျှ မေ့ထားလိုက်ချင်မိတယ်။ ခုတော့ ကျွန်မက မနက်ဖြန်တွေ အနာဂတ်တွေကို ကြိုတင်မ သိရှိနိုင်ခဲ့တဲ့ လူသားတစ်ယောက်။ သူငယ်ချင်းလေး သီဟန် စိတ်ကောက်တော့မှာပဲ ဆိုတဲ့ အတွေးနဲ့ သူတွေ့ချင်တဲ့ သူရဲ့ အိမ်ကို သွားခေါ်ပေးခဲ့တယ်။ ကြောက်တတ် စိုးရိမ်တတ်လွန်းတဲ့ ကျွန်မက စက်ဘီးစီးတတ်တယ်ဆိုပေမယ့် လူတွေအရမ်း ရှုပ်ထွေးလာတဲ့အခါ စက်ဘီးကတစ်ရမ်းရမ်းဖြစ်လာတတ်တာ။ ဒါပေမယ့် သီဟန် က “အောင့်ရဲ့ စက်ဘီးနောက်ကထိုင်ခုံမှာ နင်အပါအ၀င် ဘယ်မိန်းကလေးမှ ထိုင်လာတာ ငါမကြိုက်ဘူးလို့ ”  အစပ်အဆက်မရှိ ဆိုလာတဲ့ စကားကြောင့် ကျွန်မကိုယ်တိုင် စက်ဘီးနင်းခဲ့ရပြီ။

တစ်ကယ်ဆို သီဟန်နဲ့အောင် ကချစ်သူတွေပဲ။ သူတို့ဆုံတွေ့ဖို့ရာ ကျွန်မက ခြေမြန်တော်တပ်သားပေါ့။ အောင့် ရဲ့ အိမ်ကလည်း သီသီဟန် ဆိုရင် လှည့်ကိုမကြည့်ချင်ဘူးလို့ ဆိုကြတယ်။ ဘာလို့လဲဆိုတော့ မိဘတွေက ချမ်းသာတော့ သီဟန် ကမောက်မာတယ်တဲ့။ ရိုင်းတယ်တဲ့။ ကျွန်မစိတ်ထင် သီဟန်က ကလေးဆိုးဆိုးတာပါ။ ဘယ်သူတွေ အပေါ်မှာ ဘယ်လိုပဲ မောက်မာခဲ့ မောက်မာခဲ့ ကျွန်မကိုချစ်တတ်လွန်းတဲ့ သူငယ်ချင်းလေးပါ။ သူတို့သွားလေရာကို ကျွန်မကနောက်ကနေလိုက်ရတယ်။ တစ်ကယ်ဆို မလိုက်ချင်ဘူး။ သို့ပေမယ့် သူငယ်ချင်းလေး ရွှေစိတ်တော် ညိုမှာမို့ နောက်တော်ပါးက အမြဲပါခဲ့ရတဲ့သူ။

အောင် စပြီးချစ်တယ်လို့ ဖွင့်ပြောခဲ့တာ ကျွန်မကိုဆိုပေမယ့် သီဟန်အသည်းနှလုံးထဲ ဘာရှိနေတယ်ဆိုတာ ကို မြင်တတ်တဲ့ ကျွန်မက “ငါ နင့်ကို မချစ်ဘူး ” လို့ တစ်ခွန်းတည်း ပြတ်ပြတ်သားသား ပြန်ဖြေခဲ့တာမဟုတ်လား။ အေးလေ ဒါတွေထားပါ။ ရိုးရိုးရှင်းရှင်းပဲ တွေးတာကောင်းပါတယ်။ မရိုးတာက သီဟန်ပဲ။ အောင်နဲ့ ချစ်သူဖြစ်ပြီးနောက် ပိုင်း ကျွန်မကို ကြည့်တဲ့ အကြည့်တွေကို မကြိုက်ဘူး။ တစ်ကယ်လို့သာ အဲဒီနေ့က အောင့် ရဲ့ စက်ဘီးနောက်ကနေ သာထိုင်လိုက်ခွင့် ရလိုက်မယ်ဆိုရင် ခုလိုမျိုး ရင်နာစရာ အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရမှာ မဟုတ်ဘူး။ 

ကျွန်မရဲ့ စက်ဘီးဘေးကနေ အရှိန်ပြင်းပြင်းနဲ့ ကုန်ကားကြီးတစ်ခုဖြတ်မောင်းသွားတယ်။ ကျွန်မရဲ့ စက်ဘီး လေးက ခါကနဲဖြစ်သွားတယ်။ ဘေးကလူတွေရဲ့ လန့်ပြီးအော်သံတွေ ဆူညံသွားတယ်။ မျက်နှာတစ်ခုလုံးရဲရဲ နီတဲ့  သွေးတွေ ဖုံးနေပေမယ့် ဂရုမထားအားဘူး။ ကားဘီးအောက်ထဲက အောင့် အဖြစ်ကို ရင်ထဲမှာမချိဘူး။ မမြင်ရက်ဘူး။ အဲဒီနေ့က ကျွန်မငိုတယ်။ ဒါပေမယ့် အသံတွေထွက်မလာဘူး။ ကျွန်မရဲ့ မှတ်ညဏ်ထဲမှာ အောင့် ရဲ့ အဖြစ်ဆိုးက ဒီနေ့ အထိ ကွက်ကွက်ကွင်းကွင်းနေရာ ယူထားစဲ။

          ကျွန်မကြောက်တတ်မှန်းသိလို့ စိုးရိမ်စိတ်နဲ့ ကျွန်မရဲ့ စက်ဘီးနဲ့ ကုန်ကားကြီးကြားထဲကို သူ့စက်ဘီးနဲ့ အတင်းဇွတ်တိုးပြီး ၀င်လာတဲ့ အောင်။ ကျွန်မရဲ့ စက်ဘီးကလဲ ခါကနဲ အဖြစ် သူ့စက်ဘီးနဲ့ ချိတ်ပြီး ကားအောက်ထဲ ရောက်သွားရှာတာ။ ဘေးလူတွေပြောတာပဲ။ တစ်ကယ်ဆို ကျွန်မရဲ့ စက်ဘီးလဲ ကုန်ကားကြီးဘက်လဲကျတာတဲ့။ အောင် ကသာ သတိရှိရှိနဲ့ ကျွန်မရဲ့ စက်ဘီးကို အခြားတစ်ဖက်ကိုသာ မတွန်းထုတ်ခဲ့ရင် နှစ်လောင်းပြိုင်တယ်တဲ့။  ကျွန်မက အဲဒီနေ့က နှစ်လောင်းပဲဖြစ်လိုက်ချင်တာ။

          အောင့် ရဲ့ အသုဘကို လိုက်မပို့နိုင်ခဲ့ဘူး။ ကျွန်မကိုယ်တိုင် ဆေးရုံမှာ အတွင်းလူနာ။ ဆေးရုံကဆင်းတော့ မိဘတွေ တားနေတဲ့ ကြားထဲက သီဟန် ဆီကို သွားခဲ့တယ်။ နင် အရမ်းရက်စက်တာပဲဟာ.

“မိဆက် နင့်မျက်နှာ ငါမကြည့်ချင်ဘူး။ လာစရာလဲ မလိုဘူး။ နင်လဲငါ့လိုမျိုးပဲ ချစ်သူနဲ့ သေကွဲ မကွဲရပါစေနဲ့ လို့ ငါဆုတောင်းလိုက်တယ်။ နင့်ကို အသက်ပေးပြီး ချစ်ရလောက်အောင် မိုက်မဲလွန်းတဲ့ ငါ့ချစ်သူကိုလဲ ငါမုန်းတယ်။ ”

အဆုံးသတ်မှာတော့ ခုလိုဒဏ်ရာတွေ တစ်နင့်တစ်ပိုးနဲ့ မြို့ငယ်လေးကနေ ထွက်ခွာလာခဲ့ရတယ်။ ကျွန်မရဲ့ မိဘတွေက အနာတရတွေ များလွန်းတဲ့ ကျွန်မအတွက် နေရာသစ် လူသစ် စိတ်သစ်ဆိုတဲ့ ဘ၀လေးတစ်ခုကို မွေးဖွားပေးခဲ့ကြတယ်။ နေရာသစ်မှာ အတန်အသင့် ကျွန်မအတွက် အဆင်ပြေပါတယ်။ ရန်ကုန်လို မြို့ကြီးပြကြီးမှာ နေ့တိုင်း ထိတွေ့နေရတာက ဘတ်(စ်)ကား။ ကားတွေမြင်တိုင်း အသည်းထိတ်လွန်းတဲ့ ကျွန်မအတွက်တော့ မဟာစွန့်စားခန်းပေါ့။ သို့ပေမယ့် ဘ၀အရေးမဟုတ်လား။ အံကိုခဲပြီး မျက်လုံးစုံမိတ်လို့ စီးရတာပဲ။

          ဒီလိုကြောက်တတ်လွန်းလို့လဲ ဘို နဲ့ကျွန်မဆုံဆည်းခဲ့ကြတယ်။ အဲဒီနေ့က ဘတ်(စ်)ကားမှတ်တိုင်မှာ လူတွေများလွန်းတယ်။ ၀ှီးကနဲ ကျွိကနဲ ထိုးထိုးရပ် မနားတမ်းလူတွေ ထိုးသိပ်ထည့် ပြီးရင် ၀ူးကနဲမောင်းမောင်းထွက် သွားတဲ့ ကားတွေကြောင့် သာမန်နေ့တွေထပ် ကျွန်မ အကြောက်ပိုနေခဲ့တယ်။ ညနေ ၅ နာရီဆိုထဲက စောင့်လိုက်တဲ့ ကား ည ၇ နာရီသာထိုးရော ကားပေါ်မရောက်သေးဘူး။ လူတစ်ကိုယ်လုံးလဲ  တုန်တုန်ရီရီ ဖြစ်လာတယ်။ ပြီး မျက်ဝန်းမှာ မျက်ရည်တို့ ၀ိုင်းလာခဲ့တယ်။ TAXI ငှားပြီးပြန်ရင်ကောင်းမယ်ဆိုတဲ့ အတွေးနဲ့ TAXI တားတယ်။ မရပါဘူး ခရီးသည်တွေ ပါပါလာတယ်။
         
          ကားမှတ်တိုင်က လူတစ်ချို့ကလဲ ကျွန်မကို ကွက်ကြည့် ကွက်ကြည့်ဖြစ်လာပြီ။ ကြောက်လိုက်တာလေ ဒူးတွေ ညွန့်ကနဲ ဖြစ်သွားသလားမှတ်ရတယ်။ ကျွန်မဘေးနားက ယောက်ကျားတစ်ယောက် TAXI တားတယ် ကံအားလျော်စွာပဲ ရသွားတယ်။ ကားတံခါးကိုဖွင့်ရင်း “ဟေ့ တက်လေ မင်းအတွက် တားပေးတာဆိုပြီး ” ပြောလာတော့ အံ့အားသင့်လို့။ ၀မ်းလဲသာသွားတယ်။ သို့ပေမယ့် ခြေထောက်တွေက လှုပ်လို့မရဘူး။ ကျွန်မရဲ့ အခြေအနေကို သူသဘောပေါက်သွားပုံရတယ်။ ကျွန်မဘေးနားလာပြီး “ကိုယ်တွဲပေးမယ်နော် လာ..” ဆိုပြီး ကားပေါ်လိုက်တင်ပေးသည်။  ထို့နောက် စိတ်မချပုံနှင့် “ကဲ TAXI  ဆရာရေ သူ့အရင်လိုက်ပို့ ဗျာ။ ပြီးရင် ကျွန်တော် “ ဆိုပြီး ကိုယ်တိုင် လိုက်လာခဲ့သည်။

          မထင်မှတ်မိတာက သူက ကျွန်မတို့ရဲ့ မြို့ငယ်လေးမှာ နေထိုင်ခဲ့ဘူးပါသတဲ့။ ကျွန်မကိုလဲ အဖြစ်ဆိုးက လွတ်ခဲ့တဲ့ ကောင်မလေးဆိုတာ သူသိနေပါသတဲ့။ ဒါကြောင့် သူအကူအညီဝင်ပေးခဲ့တာပါတဲ့။ ဘာပဲဖြစ်ဖြစ် သူ့ကို အဲဒီနေ့ က ကျေးဇူးတင်ခဲ့မိတာအမှန်။ ကျွန်မကို သနားတဲ့ စိတ်နဲ့ တစ်ချိန်လုံးကျွန်မဘေးမှာ ဖေးမပေးခဲ့တယ်။ ကျွန်မကလဲ သူသာကျွန်မဘေးနားမှာရှိရင် အရာအားလုံးကို ကျော်ဖြတ်ရဲလာတယ်။ သူက ကျွန်မကို “လွန်းဆက်” လို့ခေါ်သလို ကျွန်မကလဲ သူ့ကို “ဘို” လို့သာ ခေါ်ခဲ့တယ်။

          ရာသီတွေ နေ့တွေ နှစ်တွေ ပြောင်းလာတော့ အရိပ်ဆိုးကြီးဟာ တစ်ဖြည်းဖြည်း ပါးလွှာလို့ မေ့မေ့ပျောက် ပျောက်။ ဘို နဲ့ ကျွန်မနဲ့ကလည်း အပေးအယူမျှမျှ နားလည်မှုတွေလဲ အပြည့်အ၀။ ဘို ရဲ့ မေတ္တာရိပ်ဟာ ကျွန်မအတွက် အေးမြတယ်။ ဘို ကလည်း ကျွန်မကို အရိပ်တကြည့်ကြည့်။ ဒါပေမယ့် ကျွန်မနားမလည်တာက ဘာဖြစ်လို့ များ ကျွန်မတို့ နှစ်ယောက် လက်ထပ်ဖို့ကို အချိန်ဆွဲနေသလဲဆိုတာကိုပဲ။ ချစ်သက်တမ်း ၃ နှစ်ကျော်နေ တာတောင် ဘိုခုထိ လက်ထပ်ခွင့်မတောင်းသေးဘူး။ ဘို့ အချစ်ကိုလဲ သံသယဖြစ်စရာ စိုးစဉ်းမျှ မရှိ။ မေမေ တို့ကလည်း မေးလှပြီ။

          နောက်ဆုံးအခြေအနေဆိုတဲ့ အခြေအနေတစ်ခုအရောက်မှာတော့ ဘိုရဲ့ မိဘတွေနဲ့ ကျွန်မတွေ့ခဲ့ရပြီ။ ဘို ရဲ့ မိဘတွေကို တွေ့လိုက်မှပဲ ဘို ဘာကြောင့် လက်ထပ်ဖို့ကို အချိန်တွေဆွဲနေခဲ့သလဲ ရှင်းလင်းသွားခဲ့ရတယ်။

          “ကျွန်မကို ဘာလို့ ကြိုမပြောခဲ့ရတာလဲ ဘို”
         
          “လွန်းဆက် စိတ်ဆင်းရဲမှာ စိုးလို့ပါ။ တစ်ကယ်ဆိုအိမ်ကို လာပြီး ညီမလေးသီဟန် ရဲ့ ရက်စက်တဲ့ စကားတွေ ကြားမှာ ချုံးပွဲချငိုနေခဲ့တဲ့ နေ့ထဲက ချစ်မိနေခဲ့တာပါ လွန်းဆက်ရယ်. ဘို တို့ အခက်အခဲကို တူတူကျော်လွှား ကြမယ် လေ”

ကျွန်မလဲ အားတင်းထားခဲ့ပါတယ်။ သီဟန် နဲ့ မတွေ့ခင် အချိန်ထိပေါ့။

“မိဆက် အတိတ်ရဲ့ အရိပ်ကို နင်မမေ့သေးဘူးလို့ ငါထင်တယ်။ နင်ဘာဆက်လုပ်သင့်လဲ နင့်ဘာသာနင်စဉ်းစား။ ငါတို့ ချစ်သူနှစ်ဦးကိုတော့ သေကွဲကွဲအောင်ခွဲပြီး နင့်အလှည့်ကျ ချစ်သူနဲ့ပေါင်း ရွှေလက်တွဲပြီး ပျော်ပျော်ကြီး နေချင်လို့ ရမလား။ အေး..နင်နဲ့ငါ့အစ်ကိုလက်ထပ်တဲ့နေ့ဟာ ငါ့အလောင်းကို နင်မြင်ရတဲ့နေ့ပဲ. “

ကျွန်မဘာလုပ်ရမလဲ လောကကြီး။ နှစ်ဖက်မိဘတွေလဲ စကားပြောပြီးကြပြီ။ ဘို ကတော့ သီဟန်ကို ဂရုမစိုက်ဖို့  မိဘ တွေရဲ့ သဘောထားသာ အရေးကြီးကြောင်း။ ဒါပေမယ့် ကျွန်မရဲ့ နားထဲမှာ သီဟန် ရဲ့ စကားသံက ပဲ့တင်ထပ်နေ တယ်။  


“အေး..နင်နဲ့ငါ့အစ်ကိုလက်ထပ်တဲ့နေ့ဟာ ငါ့အလောင်းကို နင်မြင်ရတဲ့နေ့ပဲ.”


အဲဒီလို တစ်ကယ်ဖြစ်လာရင်ရော။ အောင့်  ရဲ့ အလောင်းကိုမြင်ခဲ့ရတုန်းက ကျွန်မရဲ့ ခံစားချက်။ သီဟန် ကိုလဲ ဒီလို ထပ်မြင်ရရင် ကျွန်မရူးသွားလိမ့်မယ်။ ဘို ရယ် ကျွန်မရှင့်ကို ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ရင်ထဲက အကြောက်တ ရားကို နားလည်ပေးပါနော်။ အားလုံးနဲ့ ဝေးရာကို တိတ်တိတ်လေး ထွက်ပြေးမိခဲ့ပြန်တယ်။ ဒီတစ်ခါတော့ ရေခြား မြေခြား ဘ၀တွေခြားနေတဲ့ နေရာမှာ တစ်ယောက်တည်း တိတ်တဆိတ် ဘ၀ကို ဖြတ်သန်းခဲ့တယ်။ 


ဘ၀ကို အပြေးတွေနဲ့ပဲ ဖြတ်သန်းလာခဲ့ ရတဲ့ မိန်းမ။  ကျွန်မလဲအပြေးတွေကို ရပ်လိုက်ချင်ပါပြီ။ ဘို ရှိရာမွေးရပ်မြေကို ပြန်ပြေးချင်စိတ်တွေကို ချုပ်တည်းနေရတဲ့ဘ၀။ ကျွန်မစိတ်ထဲ ရူးသွပ်သွားပြီလားလို့တောင် ကိုယ့်ကိုယ်ကို ထင်ခဲ့မိတဲ့ အထိ။ တစ်ယောက်တည်းရပ်တည်ရတဲ့ ဘ၀က ဘယ်လောက်ခက်ခဲလဲ ခုမှပိုပြီးသိလာ ခဲ့တယ်။ ဒါပေမယ့် သီဟန်ကို ရင်မဆိုင်ရဲသေးဘူး။ ခွင့်လွတ်ပါလို့ ဘို ကိုမတောင်းပန်ချင်တော့ပါဘူး ။ နားလည်လိမ့် မယ်လို့ပဲ ထင်ထားခဲ့တယ်။ ဒဏ်ရာတွေကို ချွေးသိပ်လို့ နေ့တွေကို ကျော်ဖြတ်ရင်း တစ်ညမှာတော့.


“ဘို..ဘို.. ဘယ်သွားမလို့လဲ။ ဟင့်အင်း လွန်းဆက် ကို ကျောခိုင်းမသွားပါနဲ့။ ဘို ..ဘို..”


ကျွန်မဘယ်လောက်ပဲ အော်ခေါ်နေနေ ကျွန်မကို ကျောခိုင်းပြီးထွက်သွားတယ်။ ရင်ထဲမှာ နာကျင်လိုက်တာ။ ကျွန်မ ကျောခိုင်းခဲ့တုန်းကလဲ ဘိုအရမ်းခံစားရမှာပဲ။ ဒါတောင် ကျွန်မက အိမ်မက် ဘို က လက်တွေ့။ အဲဒီညက တစ်ညလုံး အတွေးတွေနဲ့ စဉ်းစားတယ်။ မနက်ခင်းရောင်နီလာချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချနိုင်ခဲ့တယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်မရင်ဆိုင်တော့မယ်။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဘို လက်ကို မြဲအောင်တွဲထားမယ်။


ဆုံးဖြတ်ချက်တို့နဲ့ အတူတူ နောက်တစ်ပတ်မှာ ချစ်သော အမိမြေကို ခြေချနင်းပြီးသားဖြစ်နေပြီ။ အိမ်ထဲကို ခြေလှမ်းအ၀င်မှာ အမေ့ရဲ့ မချိတင်ကဲ ရေရွတ်သံက ကျွန်မအတွက် စီရင်ချက်တစ်ခုလိုပဲ 


“သမီးလေး လွန်းဆက်. ဘ၀က ဝဋ်ကြွေးတွေ ကြီးလွန်းတယ် ထင်ပါတယ်ကွယ်။ မနေ့ညက ဘို ရဲ့ အမေက ဖုန်းလှမ်းဆက်တယ်။ ဘို ဆုံးပြီတဲ့။ အရက်တွေ အလွန်အကျွံ သောက်လွန်းလို့ အသည်းရောဂါနဲ့ ဆုံးရှာပြီ။ ”


ကျွန်မမှာ ငိုစရာမျက်ရည်တို့မရှိ။ ဆို့နစ်နေလိုက်တာ အသံတို့မထွက်။ ငိုချင်ပါလျှက် မျက်ရည်တို့ခန်းခဲ့ရတဲ့ ဘ၀။ မပြေးချင်ပါပဲ ပြေးခဲ့ရတဲ့ ဘ၀။ ရပ်တည်စရာမြေမရှိသလိုပဲ။ အမေ့ခေါ်သံလဲ မကြားတော့ဘူး ။ ခြေဦးတည့်ရာကို ပြေးထွက်လာခဲ့တယ်။ 


..
“မိသီ.. ညည်း ခုတော့ တော်တော်ပျော်သွားပြီ မဟုတ်လား။ ငါ့သားကိုသတ်တာ ညည်းရဲ့ အတ္တအေ့။ အေး ညည်းရဲ့ ချစ်သူကိုသတ်တာလဲ ညည်းရဲ့ အတ္တမနာလိုဝန်တိုစိတ်ပဲ။ လွန်းဆက် က ကြားထဲက ဓါးစာခံဖြစ်ရရှာတာ။ ကိုယ့်သားသမီးမို့ ငါ့မှာ မပြောရက် မဆိုရက်။ ညည်းနဲ့လွန်းဆက် ငယ်ကထဲကပေါင်းလာခဲ့တာ။ သူဘာကိုကြောက်တတ်တယ် ဆိုတာညည်းသိပြီးသား။ ဒီလမ်းကိုဖြတ်ရမယ်ဆိုတာလဲ ညည်းသိပြီးသား။ ညည်းရဲ့ မနာလိုဝန်တိုစိတ်ကို မဖုံးကွယ်နိုင်လို့ မထိန်းနိုင်လို့ အတ္တကြီးလွန်းလို့ ခုတော့အေ ငါ့သားကြီးပါ ဓါးစာခံဖြစ်ရရှာပြီ ”


သီဟန် ဘာမှ ပြန်မပြောနိုင်ပါဘူး။ အစ်ကို့ကိုပဲ ထိုင်ကြည့်နေမိတယ်။ တောင်းပန်ပါတယ် အစ်ကိုရယ်။ သီဟန် အချစ်ကြီးခဲ့လို့ အမျက်ကြီးသွားတာပါ။ သီဟန်ကို ခွင့်မလွှတ်ပါနဲ့။

“အေးဟယ် ကောင်လေးသနားပါတယ်။ သူ့ကောင်မလေးနဲ့ တော်တော်ချစ်ရှာတာ။ သူ့ညီမကြောင့်လေ”


“ဟုတ်တယ် အဲကောင်မလေးက ရိုင်းတာ။ မောက်မာတယ်။ ခုမှ မျက်ရည်လေးဝဲလို့။ ဟန်လုပ်နေတာ”


အသုဘပို့တဲ့ လူတွေရဲ့ ဝေဖန်နေတဲ့အသံ။  သီလရှင်လေးကြားပါတယ်။ ဒါပေမယ့် စိတ်ကတော့ အရင်လို မဟုတ် အေးချမ်းလို့ နေခဲ့ပြီ။ ရဲရဲနီနေတဲ့ မီးသွေးခဲကို အေးမြတဲ့ရေတွေ လောင်းချလိုက်သလို ရှဲခနဲ မီးသေသွားပေမယ့် အပူငွေ့လေး နည်းနည်းတော့ ရှိစဲ။ ဒါပေမယ့် သီလရှင်လေးရဲ့ မျက်နှာကတော့ ကြည်လင်လို့။ မျက်နှာမှာ သောကရိပ်တို့က ဖြတ်သွားလိုက် ပြီး ပျောက်သွားလိုက်။ တော်တော်ကြာကြာ တွေတွေကြီး ဘို ရဲ့ အလောင်းကို စိုက်ကြည့်နေပြီနောက်။ ချာကနဲ တိကနဲ ကျောခိုင်းဖို့ ခြေလှမ်းတို့ လှည့်ထွက်လိုက်တယ်။


နွေခေါင်ခေါင်သုသာန်ကဇရပ်မှာ လေပြင်းတစ်ချက်ဝှေ့ကနဲ။ သီလရှင်လေးရဲ့ ဂတုံးပြောင်ပြောင်ကို ဖုံးအုပ်ထားတဲ့ ယောဂီသဘက်လေးက အလောင်းရဲ့ မျက်နှာပေါ် လျှောကနဲ ဖုံးအုပ်လို့။ သီလရှင်လေးကတော့ လှည့်မကြည့်တော့ပါဘူး။ သူသွားလိုရာကို လှမ်းထွက်သွားခဲ့ပြီ။



သီလရှင်လေးရဲ့ မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်နေခဲ့တဲ့ သူက သီဟန်။ သီလရှင်လေးဘယ်သူလဲ ဆိုတာ သီဟန် တစ်ယောက်သာ သိပါလိမ့်မယ်။ လောကကြီးရဲ့ အလှည့်အပြောင်း အကောက်အကွေ့တွေကြားထဲမှာ အလှည့်ကျ ပြောင်မြောက်စွာ သရုပ်ဆောင်သွားကြရ ရှာတဲ့ သူတို့တွေ။ ငိုသူကလဲ ပီပြင်အောင် ငိုကြ။ နိုင်သူကလဲ ဟားတိုက်ပြီးရယ်မောကြ။ ရှုံးသူတွေကလဲ မျက်နှာအောက်ကြို့လို့။ တစ်ကယ်တော့ လောကဇာတ်ခုံပေါ်မှာ ပီပြင်စွာ သရုပ်ဆောင်နေကြရတာချင်း အတူတူ ဘယ်သူ့ ဘယ်သူမှ မသာသလို ဘယ်သူမှလဲ မနိုင်ကြပါဘူး။ အားလုံးတူညီနေ ကြတာကတော့ လောကဓံအထုအထောင်းကို မာန်တင်းလို့ ခံနေကြရတဲ့ ဘ၀တွေပါပဲလေ.




---
ချစ်စွာသော မောင်နှမများအားလုံး ကျန်းမာလို့ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။






Monday 7 April 2014

ကျွန်မရဲ့ အိုအေစစ်လေး




“မကြီး ဟိုတစ်နေ့ ကလေ စတိုးဆိုင်မှာချိတ်ထားတဲ့ အင်ကျီလေး အရမ်းလှတာ..၁ သောင်းတဲ့ အဲဒါလေး ၀ယ်ပေးနော် မကြီး “
“ဟာဗျာ မကြီးကလည်း ဘာဖြစ်လဲဗျာ ၁၀ တန်းမအောင်တော့ ။ ဒီအိမ်က အမေ့ အိမ် ကျွန်တော်တို့ နဲ့ လည်းဆိုင်တာပဲ နေချင်သလိုနေမှာပေါ့ ထမင်းလေး ရှာကျွေးထားတာ တစ်ခုလေးနဲ့ တော့ စည်းကမ်းတွေ လာထုတ်မနေနဲ့ “
“မကြီး မနက်ဖြန် ကျောင်းမှာ စာအုပ်ဖိုးပေးရမယ်. မနက်ဖြန် နောက်ဆုံးဆိုလို့ လေ..အဲဒါ…”

ကျွန်မအပါအ၀င် မောင်နှမ လေးယောက်။ ကျွန်မက အကြီးဆုံး ၀တ်မှုံတဲ့။ အငယ်ကောင်ညီမင်း အလတ်မ မေသင်း အငယ်ဆုံးလေး ညီလင်းပေါ့။ ညီမင်းကတော့ ကျောင်းလဲ ပြီးအောင် မတက် အလုပ်လည်းမလုပ် ရပ်ကွက်ထဲဟိုယောင်ယောင် ဒီယောင်ယောင် လောင်းကစားလေးကလည်း ၀ါသနာပါသေးတယ်။ 
အဲ အလတ်မ မေသင်းက တော့ မတတ်သာလို့ သာ  ကျောင်းကိုထားပေးနေရတာ။ ၁၀ တန်းအောင်ဖို့ တော့ မမျှော်လင့်ရဲ  အလှအပ ကိုသာ စိတ်ဝင်စားသည်။ ကျောင်းတက်ကျူရှင်သွားနေတာပင် ဖက်ရှင်ပြနေတယ်လို့ ထင်နေသလားမသိ။ဒီနှစ်ဖြေလို့မှ ၁၀ တန်းမအောင်ရင်တော့ မတတ်နိုင် ကျောင်းထုတ်လိုက်ရုံသာ ရှိသည်။ 
အငယ်ဆုံးလေး ညီလင်းကတော့ လိမ္မာရေးခြားရှိသည် သိတတ်သည်။ စာကိုလည်းကြိုးစားသည် အတန်းထဲမှာ နှစ်တိုင်း အဆင့် ၁ မှ ၅ တော့ ၀င်မြဲ။နှစ်တိုင်း ဆုတက်ယူနေကြ။ ဒီနှစ်ဆို ညီလင်းလေးက ၆ တန်းရောက်ပြီ။ 
 အဖေကတော့ဆုံးပြီး.အမေကတော့ ရှိသေးတယ်။ အမေကရှိသေးတယ် ဆိုပေမယ့် ဘာမှမလုပ်တတ် မကိုင်တတ်။ အဖေသက်ရှိထင်ရှားရှိစဉ်ကထဲက အမေက ရိုးရိုးအေးအေး လောကကြီးမှာ အမေသိတာဆိုလို့ နှစ်မျိုးပဲ ရှိတယ် အဖေရယ် သားသမီးတွေရယ်။ ဒါပဲ။ 
ဒါနဲ့ပဲ အဖေဆုံးသွားတော့ ဘ၀လောကဓံ တိုက်ပွဲမှာ ကျွန်မက  အဖေ့ ရဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ ရာထူးကို ဆက်ခံ ခဲ့ ရတာပေါ့။ သူ့ အလိုလိုရောက်လာတဲ့ ပုခုံးပြောင်းတာဝန်ကိုး  ကျွန်မှာ ရွေးချယ်ပိုင်ခွင့်မှ မရှိပဲ အလိုက်သင့် ပုခုံးလေး ငှဲ့ စောင်းပေးလိုက်ယုံကလွဲလို့ ကျွန်မဘာတတ်နိုင်မှာတုန်း။ 

“ဘာတွေစဉ်းစားနေတာလဲ ၀တ်မှုံ” 

ဘေးနားမှ ချစ်သူငယ်ချင်းလေး ခွန်နောင် ရဲ့ စကားပြောသံကြားမှ သူမ၏ ယခုလက်ရှိဘ၀ထဲ စိတ်က ပြန်ရောက်လာသည်။

  “ဘာလဲဟင် နောင် “

“အာ..ဘာတွေစဉ်းစားနေလဲကို မသိဘူး။ ငါပြောနေတာကြာပြီ ဟိုအောက်က အထည်လိပ်ကို ဟိုဘက် အထည်လိပ်ပေါ်ကို လှမ်းတင်လိုက်လို့ မြန်မြန်လုပ် ဒီမှာ ငါထမ်းထားရတာ လေးလှပြီ”

“သြော်..အေးအေး ..ဆောတီး ငါအတွေးလွန်သွားလို့ပါ..”

ဟုတ်တယ် ကျွန်မအလုပ်က အထည်ဆိုင်ကြီးတွေက ဈေးထည်တွေကိုယူပြီ  ကျွန်မလည်း အချို့အထည်တွေကိုယ်တိုင်ဝင်ချုပ် ရပ်ကွက်ထဲက အထည်ချုပ်သမားတွေကိုလည်း ကျွန်မက ပြန်ပြီးပေးပေါ့။ ဒါက အဖေသက်ရှိထင်ရှားရှိကထဲက လုပ်လာတဲ့ အလုပ်။ ကျွန်မလည်းကျွမ်းဝင်ပြီးသားမို့ ဒီအလုပ်က ကျွန်မအတွက် အခက်အခဲမရှိ။ 
          ဒီနေ့လည်း ဒိုင်ကြီးက အထည်လိပ်တွေလာယူတာ။ ဒါကို ကျွန်မရဲ့ သူငယ်ချင်းလေးက လူအားရော သူ့ရဲ့ ကားနဲ့ ပါ ကျွန်မကိုအားတက်သရော ကူညီပေးနေတာ။ တော်သေးတာပေါ့ သူရှိပေလို့  ။ ကျောင်းဆိုလဲ ကျောင်းမို့ လို့ ။ အလုပ်ဆိုလဲ အလုပ်မို့ လို့။ မိသားစုအရေးမှာ ကျွန်မစိတ်ဓာတ်ကျပြီဆိုရင်လည်း နှစ်သိမ့် ပေးတတ်တာ နားလည်ပေးတတ်တာ နောင် တစ်ယောက်ပဲ။ဒါကြောင့်လဲ .. အဝေးသင် ကျောင်းတစ်ဖက်နဲ့ကျွန်မ စိတ်ဓာတ်မကျခဲ့ ဘူး။ အမေနဲ့ မောင်လေး ညီမလေးတွေရဲ့ အပြုံးလေးတွေက ကျွန်မရဲ့ အားဆိုရင် နောင် ဆိုတဲ့ သူငယ်ချင်းလေးကတော့ ကျွန်မအတွက် အားပေးဖော်။ 
        ဒါပေမယ့် ပေါ့လေ အဲဒီအငယ်နှစ်ယောက်ရဲ့  ကျွန်မအပေါ် မစာနာပဲ သူတို့ရဲ့ အတ္တလေးတွေနဲ့ ကိုင်စွဲပြီး စကားတွေဆိုလာတဲ့ အချိန်ကြရင်တော့ ကျွန်မစိတ်ဓာတ်တွေလဲပြိုယိုင်လဲ သွားတတ်တယ်။ 

“မှုံ ခုချိန်မှာ ဘာကိုအလိုချင်ဆုံးနဲ့ အဖြစ်ချင်ဆုံးအရာက ဘာလဲဟင်”

“ငါတစ်ကယ်ပြောရမှာလား ”

“အင်း..”

“ဘာပဲဖြစ်ဖြစ် ကိုယ့် အတွက်ပဲ ကိုယ်ကြည့်ပြီး မိသားစုကို မတွယ်တာတဲ့ သူဖြစ်ချင်တယ်”

“အဟင်း.. ငါကတော့ နင်နဲ့ မတူဘူးဟ။ ကိုယ့်ချစ်သူ ဘာလိုအပ်လည်း လိုအပ်သမျှ ဖြစ်ချင်သမျှ ကိုဖြည့်စွမ်းပေးတဲ့ သူဖြစ်ချင်တယ်။”

“အင်း.. ဟုတ်လား”

“နင် ဘာလို့ ပြန်မမေးတာလဲ မှုံ ငါ့ချစ်သူက ဘယ်သူလဲလို့”

“အဟင်း..နင်ပြောသလို ခုနေငါကမေးလိုက်ပေမယ့် နင်ဖြေမယ့် အဖြေက ငါ့အတွက် မေးခွန်းတစ်ခုဖြစ်လာရင် ငါ့မှာ ပြန်ဖြေစရာ အဖြေမရှိဘူး နောင်..”

ဟင်း..ကနဲ နောင်ရဲ့ သက်ပြင်းရှည်ကြီးတစ်ခုကိုသာ နင့်နင့်နဲနဲ ကျွန်မကြားလိုက်ရသည်။ ဘာမှမတတ်နိုင်ပါလေ။ ဘ၀ဆိုတာ ကိုယ်လိုချင်သလို ပုံသွင်းလို့ ရသည်မှမဟုတ်ပဲ။ သူကသာ ပုံသွင်းတာ ခံလိုက်ကြရတာ မဟုတ်လား။ 

“ဘာ ..ညီမင်း .. ဘာပြောတယ်..နင်ပြန်ပြောလိုက်စမ်း”

“ကျွန်တော် ဘောလုံးပွဲလောင်းတာရှုံးသွားလို့ လေ အဲဒါ ဦးစိန်ကြီးကို အိမ်ဂရံ ခဏပေးထားချင်လို့ မကြီး ဂရံ ဘယ်နေရာမှာ ထားလဲလို့ မေးနေတာ”

“တောက်.. ညီမင်း..တော်လိုက်စမ်း..နင်တော်လိုက်စမ်း.. နင်အဲဒီလိုပေးလိုက်တော့ ငါတို့ ကဘယ်မှာသွားနေရမလဲ”

“ခဏပါမကြီးရာ နောက်တစ်ပွဲဆို”

“မပေးနိုင်ဘူး..ဘာအာမခံချက်နဲ့မှ အိမ်ဂရံကို မပေးနိုင်ဘူး”

“အဟီးဟီး.. အမေ အမေ့ သမီးကြီးကို မပြောတော့ ဘူးလား မပေးရင် သားကို ဦးစိန်ကြီးက ရဲတိုင်မယ်တဲ့ ဒါဆို သား ထောင်ကျမှာဗျ  အမေ သားထောင်ကျမှာ ကြည့်ရက်လို့ လား..အီး ဟီးဟီး”

“သမီးကြီးရယ် ပေးလိုက်ပါကွယ်. နော်နော်.. တော်ကြာ မောင်လေး ထောင်ကျနေမှဖြင့်ကွယ်.. ”

“အာ အမေကလည်း ပေးစရာလား ကိုလေး သူ့ ဘာသာသူ မိုက်တာကို ကိုယ့် ဒုက္ခကိုယ်ခံပေါ့ ။ သမီးတို့ က ဘယ်မှာသွားနေရမလဲ ဒီအိမ်ကြီးမရှိရင်.. ဒုက္ခပါပဲ သမီးလကုန်ရင် မကြီးကို သက်မွန်မြင့်လွယ်တဲ့ လွယ်အိတ်လေး ၀ယ်ခိုင်းမလို့ ဟာကို ဒီကိုလေးကတစ်မှောက်..”
ဝတ်မှုံ  ဆို့တက်လာတဲ့ ၀မ်းနည်းစိတ်ကို မြို ချ လိုက်ရင်း ငိုသံခပ်အက်အက်နဲ့ ..
“တော်ပါတော့ မေသင်းရယ်..ငါ့ကိုယ်က ဒီမိသားစုမှာအကြီးဖြစ်ရတာ ကံဆိုးတာ. နင်တို့ ကိုယ့် အတွက်ကြီးပဲ ကိုယ်ကြည့်နေကြတာ ငါ့ အတွက် ငါ့ ဘ၀အတွက်ဆိုတာရော စဉ်းစားပေးကြရဲ့ လား ဟင်.. နင်တို့ ဘာဖြစ်လို့ ကိုယ်ချင်းမစာပေးနိုင်ကြရတာလဲ။ ငါ့ကိုယ်လဲ သနားကြပါအုန်း ဟယ် ငါတောင်းပန်ပါတယ်..”


“ဒါ..ဒါ ..ဒါဆို ကျွန်တော် ထောင်ကျတော့မှာပေါ့..အီး..ဟီး..ဟီး.. ကယ်ပါအုန်းဗျာ ကျွန်တော်ကို ဒီတစ်ခေါက်ပါပဲ ဒါနောက်ဆုံးပါဗျာ နော် နော်..ကျွန်တော် နောက်တစ်ခါ မမိုက်တော့ ပါဘူး.. ကျွန်တော့ ကို ကယ်ပါ.ဗျာ နော် မကြီးနော်..”

သည်လိုနှင့် နောက်ဆုံး အိမ်တစ်ခြမ်းရောင်းပေးလိုက်ရသည်။ ညီမင်းကတော့ သူပြောသလိုပါပဲ ဒီတစ်ခါနောက်ဆုံးပါပဲ ဆိုသလို .. မိန်းမခိုးပြေးသည်။နောက်တစ်ခုကြားရသည့် သတင်းကရင်နာစရာ။ ဦးစိန်ကြီးနှင့် ညီမင်းပေါင်းရိုက်သည်တဲ့ ။ ဦးစိန်ကြီးက အကြွေးကိုလိုသည်ထက်ပိုပြောသည်။ သူ့ အကြွေးကို ယူသည် ပိုတာကို ညီမင်းကယူသည်။ ပြီးတော့ ထိုပိုက်ဆံနှင့်ပင် မိန်းမခိုးပြေးသည်။ အဲဒီနောက်ပိုင်းတော့ ညီမင်း ဘယ်ရောက်လို့ ဘယ်ပေါက်သည်မသိ သတင်းအစအနတောင် မကြားရ။ အမေကတော့ ဒီသားစိတ်ဖြင့်ပင်.. တမြေ့ မြေ့ အိပ်ယာထဲ လဲသည်။

          အဲ ညီမင်းပြီးတော့ တစ်စခန်းထလာသူက မေသင်း။ ၁၀ တန်းမအောင်ပါ ကျောင်းထုတ်လိုက်ရသည်။ ထုံးစံအတိုင်း စတိုးဆိုင်မှာ လခစားဝင်လုပ်သည်။ သူ့ ကုသိုလ်နှင့်သူ ရုပ်ရည်လေးကလည်း ပြေပြေပစ်ပစ် ငယ်ရွယ်သည့် ဂုဏ်လေးကလည်းရှိပြန်တော့ မေသင်းတို့ ဘေးမှာ ကောင်လေးတွေ ၀ိုင်းလို့ ပေါ့။ ဒီတော့ မေသင်းဂုဏ်ပုဒ်က ဒီဆင်းရဲ တွင်းထဲက လွတ်ဖို့ အရေး သူဌေးသားကို ရအောင်ယူမှဖြစ်မည်တဲ့ ။ သူကြွေးကြော်ချက်အတိုင်း သူဌေးသားတော့ ရပါရဲ့ သို့ပေမယ့် သူဌေးသားဘက်က အမွေဖြတ်လိုက်လေတော့ ဒီဝန်ထုပ်ဝန်ပိုးက  ထုံးစံအတိုင်းကျွန်မပေါ့။ 

           “ဟဲ့ အမေ့ အတွက် ချက်ထားတဲ့ ကြက်သားလေး အစပ်မပါပဲ အချိုချက်ထားတာ ဘယ်ရောက်သွားတုန်း”

“ ခုနက မမလေး လေ သူ့ ယောက်ကျားကို ချကျွေးနေတာ တွေ့တယ်. သူ့ ယောက်ကျားက ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည် မစားနိုင်ဘူး ဆိုလို့ ”

“ဘာ..တောက်”

“ဟဲ့ မေသင်း အမေ့ အတွက်ချက်ထားတဲ့ ကြက်သား ညည်းလင်ကို ကျွေးလိုက်တယ်ဆို” 

“ဟုတ်တယ်လေ ဘာဖြစ်လို့ လဲ အမေကိုယ်တိုင် ကပြောတာ.. ချကျွေးလိုက်တဲ့ အမေက နေမကောင်းတော့ ထမင်းလည်း သိပ်မစားချင်ဘူး ဆိုလို့ အမယ်လေး ..ဒီကြက်သားလေး ယူကြွေးတာ ဘာဖြစ်လဲ သိပ်ပြီး အာဏာ ပြချင်တယ်။ အိမ်ပေါ်က နှင်ချဖို့ တော့ မစဉ်းစားနဲ့ နော်..ဟွန်း ဒါမိဘအိမ် မေသင်းတို့ နဲ့ လည်း ဆိုင်တယ်.. တစ်ယောက်တည်း အပိုင်စီးမယ်လို့ တော့ မကြံနဲ့ ”

“မမလေး တော်ဗျာ.. မိုက်ရိုင်းလိုက်ကြတာ. ဒါဆိုလည်း ဒီအိမ်ပေါ်မှာမနေနဲ့လေ မမကြီးရှာကျွေးတာ စားမနေနဲ့ ခင်ဗျားယောက်ကျား သူဌေးသားငပျင်းကို အလုပ်လုပ်ခိုင်းပါလား.. ဘာဖြစ်လို့ ကိုယ့် မိန်းမရဲ့ အစ်မရှာတဲ့ ပိုက်ဆံနဲ့ မရှက်မကြောက် မိန့်မိန့် ကြီးထိုင်စားနေလည်း..”

“ဟဲ့ နင်ဘာမှ ငါ့ယောက်ကျားကို ပြောစရာမလိုဘူး။ဒီအိမ်မှာ နင်ကအငယ်ဆုံး။ ငါက နင့်ထက်အကြီး။ ငါ့ယောက်ကျားက တစ်ဦးတည်းသောသူဌေးသား အချိန်တန် သူ့ အိမ်က ပြန်ခေါ်တဲ့ အခါကျရင် အမွေတွေက ငါတို့ လင်မယားပဲ ရမှာ အဲဒီကြတော့ မှ မမလေး မမလေး လာလုပ်မနေနဲ့ ”

“ထွီ ရွံ့ စရာ ကောင်းလိုက်ကြတာ.. လူစိတ်မရှိတဲ့ ဟာတွေ။ ခင်ဗျားနဲ့ ကိုလေးနဲ့ လူစိတ်မရှိကြတဲ့ ဟာတွေ။ မမကြီးကို ခိုင်းစားနေကြတာ.လာဗျာမမကြီး သားရှာကျွေးမယ် ဒီအိမ်ပေါ်မှာ သူတို့ ပဲ ထားခဲ့ လိုက်စမ်းပါ”

“သား ညီလင်း တော်တော့။ မမကြီး ပြောမယ်..သားဒီနှစ် ဆယ်တန်းပဲ အောင်အောင် ကြိုးစား ကျန်တာ မမကြီး တာဝန်ထား. သွားသွား ဘာမှ စိတ်ထဲမှာ တွေးပြီး ညစ်မနေနဲ့ မမကြီးကို ချစ်တယ်ဆိုရင် ဒီနှစ် ၁၀ တန်းအောင် အောင်သာ ကြိုးစားနော် သား သွားတော့ သွား အခန်းထဲ စာသွားကျက်တော့ နော်..”

ဖြစ်နိုင်ရင်လေး ကျွန်မ ဒီဝဋ်တွေကနေ ကျွတ်ချင်ပြီ။ ကျွန်မလေ အမြဲဆုတောင်းတယ် ၀ဋ်ကြွေးတွေ များရှိခဲ့ တယ်ဆိုရင် ဒီဘ၀ ဒီမျှနှင့်သာ ကျေပါစေလို့ ။ အမေနဲ့ အငယ်ဆုံးမောင်လေးကြောင့်သာ ကျွန်မ ကြံ့ ကြံ့ ခံနေရတာ။ ခုဆို ကျွန်မဘေးမှာ ဖေးမပေးမယ့် နောင် လည်း မရှိတော့ ဘူးလေ။ ဘ၀အတွက်ဆိုပြီး ကျွန်မနားကနေ ထွက်သွားလိုက်တာ ခုဆို သုံးနှစ်ကျော် လေးနှစ်ထဲတောင် ရောက်တော့ မှာလေ…

“မှုံ နင်နဲ့ ငါ မပွင့်လင်းခဲ့ ကြပေမယ့် တစ်ဦးရဲ့ စိတ်ထဲဘာရှိတယ် ဆိုတာ မပြောပဲ နားလည်နေကြပြီသားပါ။ ငါပြန်လာမယ့် အချိန်ကိုစောင့်ပါလို့ တစ်ကိုယ်ကောင်းဆန်ပြီး မပြောချင်ပါဘူး မှုံ ဒါပေမယ့် ငါ နင့်ဘေးနားကို ဆက်ဆက်ရောက်အောင် ပြန်ခဲ့ မယ် .. နင့်ရဲ့ ဘ၀အမောတွေ အတွက် နင်လိုအပ်တဲ့ အချိန်တိုင်းမှာ ငါ့ပုခုံးကို မှီနိုင်အောင် ငါကြိုးစားမယ်..မှုံ ငါ..ငါ..နင့်ကို..”

“နောင်.. ၀င်မဖြေနိုင်မယ့် စာမေးပွဲ တစ်ခုအတွက် ဘာလို့များ မေးခွန်းဝေနေအုန်းမှာလည်း ဟင်..”

သည်လိုနှင့် နေ့ ရက်တွေကို အားတင်းကျော်ဖြတ်ရင်း.. အမေတစ်ယောက် ကျွန်မတို့ မောင်နှမတွေကို ထားပြီး အဖေ့ နောက်ကို လိုက်ပါသွားလေပြီ။ ကျွန်မစိတ်ထင်တော့ အမေ ဒီဝဍ်ကြွေးတွေက လွတ်ခဲ့ ပြီထင်သည်။ လွတ်စရာ ကျွန်မသာ ကျန်တော့ သည်။ ကျွန်မကရော..ဘယ်အချိန်လွတ်မြောက်နိုင်မလဲ။ ခုတော့ ကျွန်မ လောကကြီးရဲ့ ချောက်နက်နက်ထဲ ကျွံသတဲ့ ကျွံခဲ့ ပြီလေ။ အမေ မရှိသည့်နောက်ပိုင်း အိမ်နှင့်ခြံကို အပြီးရောင်းလိုက်သည်။ တစ်ဝက်ကို မေသင်းတို့ လင်မယားကို ပေးခဲ့ သည်။ ကျန်တစ်ဝက်ကိုတော့ ကျွန်မနှင့် မောင်လေး ယူခဲ့ ပြီး ၁၀ ပေ အိမ်လေး ခြံလေး ၀န်းလေး နှင့် သန်လျင်ဘက်မှာ အိမ်တစ်အိမ်ဝယ်လိုက်သည်။ မောင်လေး ကျောင်းတက်နေသော GTC နှင့်လည်း နီးသည်။ 
          ဒါပေမယ့် ကျွန်မရဲ့ အထည်ချုပ်လုပ်ငန်း က ဆက်ပြီး လည်ပတ်လို့ မရတော့ ။ သွားရေးလာရေးဝေးသည့်အပြင် ပစ္စည်းသယ်ရပြုရသည့် ကုန်ကျစားရိတ်က အထည်ဒိုင်ကပေးသည့် အထည်ချုပ်ခ က မကိုက်။ ဒီတော့ ကျွန်မလုပ်နိုင်တာ တစ်ခုပဲရှိသည်။ အိမ်မှာ စက်ချုပ်ဆိုင်လေးတစ်ခု ဖွင့်သည်။ မနက်ပိုင်းနှင့် ညနေပိုင်းများတွင် ကျွန်မ မုန့် ဟင်းခါး ချက်ပြီးရောင်းသည်။ ဒါမှပင် ကျွန်မနှင့် GTC တက်နေသော မောင်လေးအတွက် ပိုက်ဆံသည် လုံလောက်သည်ဆိုရုံမျှ တော်ကာကြသည်။ အစတွင်တော့ ကျွန်မတို့ မောင်နှမ နှစ်ယောက် တော်တော်ကြီးကို စိတ်ဓာတ်ကျခဲ့ သလို အဆင်မပြေမှုများက ဆက်တိုက်ဆိုသလိုပင် ပတ်ဝန်းကျင်အသစ်မှာ အားငယ်ခဲ့ ကြရသည်။ နောက်ပိုင်းတော့ ကျွန်မရဲ့ စက်ချုပ်ဆိုင်လေးက ပုံမှန်ဝင်ငွေလည်ပတ် လာနိုင်သလို မုန့်ဟင်းခါး ဆိုင်လေးကလည်း အရသာကောင်းကောင်းကို ထိန်းထားနိုင်တာကြောင့် တစ်နေ့ထက်တစ်နေ့ ဖောက်သည်ပိုပိုများလာခဲ့သည်။ 

“မကြီး ကိုကြည့်ရတာဗျာ ပင်ပန်းလိုက်တာ။ ညနေပိုင်း မုန့်ဟင်းခါးဆိုင်ကို ပိတ်လိုက်ပါလား ဟင်မကြီး” 

“မဟုတ်တာ ညီလင်းရယ် မောင်လေး ကျောင်းပြီးဖို့ နှစ်နှစ်တောင် လိုသေးတယ်လေ။ 

“ဟင်း.. သား ကျောင်းမ..”
“တော်ပြီ ညီလင်း မမကြီးကိုချစ်တယ် ဆိုရင် ကျောင်းစာထဲကိုပဲ စိတ်ဝင်စားပြီး မောင်လေးရဲ့ ဘ၀အာမခံချက် အတွက်  နေရာတစ်ခုကို ရအောင်ကြိုးစားပါကွယ် နော်.” 

“အင်း.. လေ..ဒါဆိုလည်း သား ကျောင်းအားတဲ့ အချိန်တွေမှာ မကြီးကို ၀ိုင်းကူပြီလုပ်ပေးမယ်နော်..”

“အေးပါ မောင်လေးရယ်..ကျေးဇူးပါကွယ်..”

“သားလေ မကြီး ပင်ပန်းနေတာတွေ့ တိုင်း ကိုလေးနဲ့ မမလေး ကို ဒေါသထွက်တယ်။ တောက်.. ခု မမလေး က သူ့ ယောက္ခမအိမ်ပေါ် ပြန်ရောက်သွားပြီး အဆင်ပြေနေတယ်တဲ့ ။ ကိုလေးက လည်း စီးပွားရေး အဆင်ပြေနေတယ်တဲ့ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်မှာတော့ ဒုက္ခတွေ ဝေနေလိုက်တာ ဗျာ .. သူတို့က ကျွန်တော်တို့ မောင်နှမကို နည်းနည်းလေးတောင် စောင်းငှဲ့ လို့ မကြည့်ကြဘူး. တွေးမိတိုင်း ဒေါသဖြစ်တယ်။ ”

“ညီလင်းရယ် တော်ပါတော့ ခုလည်းမကြီးတို့ အဆင်ပြေနေတာပဲ ဟာ.. ဒီလောက်ပင်ပန်းတာလေးကတော့ ကွယ် မကြီး ခံနိုင်ရည်ရှိပါတယ်.”

ဒီလိုနှင့် ဘ၀ကို အစက ကျွန်မ ပြန်စခဲ့ရသည်။ လောကကြီးမှာ အသက် ၂၀ ဆိုထဲက လုပ်လိုက်ရတဲ့ အလုပ် ရှာလိုက်ရတဲ့ ပိုက်ဆံ ခုချိန်ထိ ကျွန်မ မနားခဲ့ ရသေး။ တစ်ခါတစ်လေ တော့ ကျွန်မစိတ်ထဲမှာ အထီးကျန်ဆန်သည်။ တစ်ယောက်တည်းဆိုသည့် စိတ်သည် တစ်ခါတစ်ရံ အတော်ဒုက္ခပေးတတ်သောအရာဖြစ် ကြောင်း ကြာလာလေလေ ပိုသိလာလေလေပင်။ ညီလင်း လေးသိတတ်လိမ္မာနေလို့ သာ ကျွန်မအားတင်းနေနိုင်ခဲ့ တာဖြစ်သည်။ တစ်ခါတစ်ရံ တွင်တော့ နောင် ရေလို့ စိတ်တွင်းမှ သိသိသာသာကြီး လွမ်းဆွတ်တမ်းတမိသည်။ ဒါပေမယ့် ဘ၀တိုက်ပွဲတွင် အချစ်ဟူသည် တိုက်ပိတ်ချုပ်နှောင်ချင်းခံရသော အကျဉ်းသားတစ်ဦးနှယ်ပင်။ 
စကားပုံတောင်ရှိသေး အရိပ်လိုချင် နေပူက စောင့်ရတယ်တဲ့ ။ ကျွန်မ ဘ၀အတွက် နွေနေပူတွေများလှပြီ။ အရိပ်ဆိုတာကတော့ မျှော်လင့်ရင်း မျှော်လင့်ရင်း ပိုပိုဝေးလာသလိုပင်။အေးလေ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတော့ လည်း သူဖြစ်လာသလို နေလိုက်ရုံပေါ့။ 

“မကြီးရေ မကြီးရေ ဒီမှာ ဧည့်သည်ပါလာတယ်။ ဘယ်သူလဲလို့ ကြည့်လိုက်စမ်း”

“ဟယ်…..နောင်..ဘယ်ကနေ ဘယ်လို..”

“တွေ့ချင်လွန်းလို့ ရှာပြီးလိုက်လာရတာပါ ခင်ဗျာ..ဘယ်လိုလည်း ဧည့်သည်ကို မုန့်ဟင်းခါးလေး ဘာလေးနဲ့ ဧည့်မခံတော့ ဘူးလား မှုံ ဒီတိုင်းပဲ ကြည့်နေတော့မှာလား”

“အာ ဘယ်ဟုတ်ပါ့မလဲ ကိုကြီးကလည်း မကြီးလာ ဒီမှာ လာဧည့်ခံ သားမုန့် ဟင်းခါးပြင်လိုက်အုန်းမယ် ကိုကြီး အတွက်.”
         
ကျွန်မအတွက်တော့ အိမ်မက်တစ်ခုလိုပါပဲ။ မျှော်လင့်ချက်တွေ အားလုံး ကိုလက်လွှတ်လိုက်ရပြီလို့ ထင်နေသည့်အချိန်မှ ရုတ်တရက်ကြီး ခုလို ပျော်ရမယ်လို့ တစ်ကယ့် ကို မထင်ရဲ။ ကျွန်မ ကံကြမ္မာကို မယုံနိုင်လွန်းစွာဖြင့် သွေးတိုးစမ်းကြည့်လိုက်သေးသည်။

 “နောင်..အိမ်ထောင်တွေ ဘာတွေ ကျပြီး သားသားလေး မီးမီးလေးတွေ ရနေပြီလား ”

“အဟဲ.. ကဲ ညီလေးရေ ရှက်တတ်ရင်တော့ ဆောတီးကွာ။ ဘယ်ကလာပြီး အိမ်ထောင်ကျရမှာတုန်း ခုမှ သားသားလေး မီးမီးလေးတွေ မွေးပေမယ့်  သူက ဟောဒီမှာ.. ကဲ မှုံ ကိုယ်တို့ လက်ထပ်ကြရအောင်..”

ဒီလိုနှင့် ကျွန်မရဲ့ အရိပ်ကလေးမှာ ကျွန်မပျော်ရွှင်ခဲ့ ရသည်။ ဒီနေ့ ညီလင်းလေး ဘွဲ့ ယူသောနေ့ ။ 

“မကြီး သားအရမ်းပျော်တာပဲ ဗျာ။ သားမှာ အဖေအမေ မရှိတော့ ပေမယ့် ဟောဒီလို အမကြီး အစ်ကိုကြီးကတော့ သားရဲ့ တစ်ကယ့် ကို အဖေ အမေ လိုပါပဲ ကဲ ဓာတ်ပုံဆရာရေ ကျွန်တော်တို့ မိသားစု ပုံလေးကို လှလှလေး ဖြစ်အောင် ရိုက်ပေးနော်”



"အိုကေ ကဲ ရိုက်မယ် ပြုံးပြုံးလေး ပြုံးပြုံးလေး"
 ကဲ.....……ခုတော့ အိုအေစစ်လေးထဲမှာ ကျွန်မပျော်နေပါပြီလို့  ။



.--
အကြံကုန်သွားသောဆွေလေးမွန်တစ်ယောက် ဆားချက်ပါတယ်။ ပို့(စ်) အဟောင်းလေးပါ ၂၀၁၂ တုန်းက ရေးထားခဲ့မိတာပါ။ 
နှစ်သစ်မှာချစ်သောမောင်နှမများအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။




Thursday 3 April 2014

လှစေချင်လွန်းလို့..




“အေး..နင်တို့တွေ ခောတ်ဆိုးကို အကျင့်ဆိုးနဲ့ ဖြတ်ကျော်နေသမျှ ဘယ်တော့မှ ဒီလိုဘ၀ကလွတ်မှာ မဟုတ်ဘူး”

“အဖေကလည်း ဒီလိုမျိုးအ၀တ်အစားလေး ၀တ်ရုံလောက်နဲ့ ဒီလောက်တော့ မပြောသင့်ပါဘူး”

“ဟ မပြောလို့ရမလား နင်တို့ဟာက အဖေ အစ်ကို မောင်တွေရှေ့ မရှောင် ဟိုပေါ်ဒီပေါ် ဟိုပြတ်ဒီပြတ် ငါတို့မျက်နှာ တွေ ဘယ်နားသွားထားရမလဲ”

“သူများတွလဲ ၀တ်နေတာပဲ ဟာ သူများတွေများ သမီးထက်တောင်ဆိုးသေး”

“ဟဲ့ သူများကို မကြည့်နဲ့ နင်ကြည့်ရမှာက နင့်အဖေမျက်နှာ နင့်အစ်ကိုမျက်နှာ နင့်မောင်မျက်နှာဟ အေး နင်ဖော်လို့ လိုက်ကြည့်လဲ အမူးသမားနဲ့ တဏှာရူးလောက်ပဲ ကြည့်မှာ”

“အဖေ ကိုယ်တိုင်သမီးကို ဒီလိုပြောနေမှတော့ တစ်ခြားသူတွေက သမီးကို ဘယ်မှာလာပြီး တန်ဖိုးထားတော့မလဲ”

“အေး တန်ဖိုးထားခံချင်ရင် တန်ဖိုးထားခံထိုက်အောင် ၀တ်စားဆင်ယင်လေ။ ခောတ်မှီတာနဲ့ ခောတ်ဆန်တာနဲ့ ကို ခွဲခွဲခြားခြားသိအောင် လုပ်ထား။ သွား နင့်ရဲ့ပေါင်ပေါ်နေတဲ့ ဘောင်းဘီစုတ်ကို သွားလဲ ပြီးရင် တစ်ခါတည်း လွတ်ပစ် လိုက် ငါ..ထပ်ပြီး မမြင်ချင်ဘူးနော် မိတုန်..နင့်ငါ့အကြောင်းသိတယ်နော်.. ဒါပဲ သွားတော့”

မိတုန်သူ့အိပ်ခန်းထဲပြန်ဝင်ပြီး လုံလုံခြုံခြုံရှိမယ့် ဘောင်းဘီရှည်နဲ့ တီရှပ်တစ်ထည်နဲ့တွဲဝတ်လိုက်တယ်။ ပြီးအပေါ်ရုံ အကျီ င်္လေးတစ်ထည် ထပ်ဝတ်လိုက်သည်။ ပြီးမှန်ထဲမှာ ကိုယ့်ကိုယ်ပြန်ကြည့်လိုက်သည်။

“ဟွန့် ပုံတုံးကြီး” သွားပြီ ဒီနေ့ရေစပက်မယ့်နေ့မို့လို့ အလန်းဝတ်ပြီးပြင်ထားတာ။ ခိုးအထွက်မှာ အဖေနဲ့တွေ့ပြီး ဒီပုံ ဖြစ်သွားတာ။ သွားပါပြီ။ သွားပါပြီ။ ရေကစားမဏ္ဏပ်မှာ ဒီနေ့တော့ ငါချောင်ကပ်ပြီ။ မတတ်နိုင်ဘူး ခုနေဒါနဲ့ထွက် ဟိုရောက်မှ ခုနပုံစံပြန်လဲမယ်။ အတွေးနဲ့ ၀တ်စုံကို  အိတ်ထဲကောက်ထည့်လိုက်သည်။

“မိတုန် ထွက်လာရင် နင့်အိတ်ကို ငါစစ်မှာနော် အေးခုန၀တ်စုံထည့်လာလို့ကတော့ နင်ဒီနှစ်သင်္ကြန်ရေကစား ဖို့ ပါမစ်ပိတ်ပြီ”

အိမ်ရှေ့ခန်းကနေထွက်လာတဲ့ အဖေ့ရဲ့ အသံဗြဲကြီးကြောင့်  ခပ်မြန်မြန်အိတ်ထဲက အကျီ င်္တွေကို ပြန်ထုတ်လိုက် တယ်။ အေးလေ ရေကစားရတော်ရောပေါ့။ ဘယ်တတ်နိုင်မတုန်း ။ စိတ်လျှော့လိုက်ပြီ။ အစ်ကိုကြီးကို စောင့်ရမည်။ မလာနိုင်သေးဘူး။ ရေလွှတ်တာနဲ့ လာခေါ်မယ်ဆိုပြီးတော့။

“တုန်တုန် ရေဒီမှာလာကြည့်စမ်း ကိုကြီးဘာတွေယူလာလဲလို့”

ဟော ကိုကြီးပြန်လာပြီထင်တယ်။ အခန်းထဲကနေ သူမအပြေးလေးထွက်လိုက်သည်။

“ဟာ ပိတောက်ပန်းတွေ အများကြီးပဲ ”

“အေး ဟုတ်တယ် ညီမလေးရ။ လမ်းမှာခူးနေကြတာတွေ့လို့ ကိုကြီးက ငါ့ညီမလေးအတွက်တောင်းလာတာ။ရော့ သွားပန်လှည့် ဝေနေအောင်ပန်ခဲ့။ ”

“ဟာ ကိုကြီးကလဲ မိတုန်က ဂျင်းဘောင်းဘီကြီးနဲ့ဟာ ပန်းပန်လို့ ဘယ်လှပါ့မလဲ လို့ ”

“အဲဒါဆို အင်္ကျီနဲ့ ထမီလဲလိုက်လေ ညီမလေးရဲ့ ကိုလေးဝယ်ပေးထားတာလေ ပန်းပွင့်အစိတ်လေးတွေနဲ့ သင်္ကြန်ကျရင် ၀တ်ဖို့ဆိုပြီးတော့လေ။  ပြီးရင်မျက်နှာလေးကို ရှင်းရှင်းလေး ပြင်ခဲ့သွားသွား”

မိတုန်ငိုချင်သွားတယ်။ တော်ပြီသင်္ကြန်ရေကစားချင်စိတ်လဲမရှိတော့ပါဘူး။ မိတုန်ရဲ့ ကံကိုကဆိုးတာ။ မေမေကလည်း မိတုန်ကို တစ်ယောက်တည်းထားသွားတယ်။ ခုဖေဖေနဲ့ အစ်ကိုတွေကြားမှာ မိတုန် အရမ်းအားငယ်တယ် မေမေရယ်။ မိတုန်ကို ၀ိုင်းပြီးချုပ်ခြယ်နေကြတယ်။

“ဟော ဟော လုပ်ချင်ရာမလုပ်ရရင် မျက်ရည်က၀ဲလာပြီ။ ကဲ ညီမလေး ကိုကြီးတို့ ပြောသလိုသာ ၀တ်ခဲ့ မဏ္ဏပ်မှာ ငါ့ညီမလေးက အလှဆုံးဖြစ်စေရမယ်။ ဘယ်လိုလဲ. ”

မိတုန်ဘာမှပြောချင်စိတ်ကို မရှိတော့တာ။ အခန်းထဲပြန်ဝင် ထမီနဲ့ အကျီ င်္ကိုပြန်လဲ။ ဟွန့် ခုနကထက်တောင် ပိုတုံး သွားပြီ။ စိတ်ပေါက်ပေါက်နှင့်  ခုနကကိုကြီးယူလာပေးတဲ့ ပိတောက်ပန်းတွေကို ခေါင်းတစ်ခုလုံးမှာဝေနေအောင်ပန် လိုက်တယ်။ မှတ်ရော။ ပြီးရွဲ့ ပြီးတော့ သနပ်ခါးကို သစ်ရွက်ပုံ ပါးကွက်လေး ကွက်ပစ်လိုက်တယ်။ ကဲ မှတ်ထား။

“ညီမလေးရေ ပြီးပြီလားဟေ့ သွားမယ်”

“ပြီးပြီ ပြီးပြီ”

ခြေသံကိုခပ်ပြင်းပြင်းနင်းရင်း အိမ်ရှေ့ခန်းထွက်လာလိုက်တယ်။ ဖေဖေကတော့ ဖတ်လက်စသတင်းစာပေါ်ကနေ မသိမသာ မိတုန် ကို ကျော်ြ့ပီးလှမ်းကြည့်သည်။ ပြီးဖေဖေ့မျက်နှာ ပြုံးသွားသည်။ ဖေဖေပြုံးသွားတော့ မိတုန်လဲစိတ် ကောက်ပြေချင်သလိုလို။ ကိုကြီးနဲ့ ကိုလေးကလည်း

“ဟာ..လှလိုက်တဲ့ ငါ့ညီမလေး။ င့ါညီမတော့ ဒီနေ့မဏ္ဏပ်မှာ SUPER STAR ဖြစ်ပြီဟေ့” 

ရေကစားမဏ္ဏပ်ကနီးတော့ လမ်းလျှောက်သွားရုံ။ လမ်းမကြီးပေါ်ရောက်တယ်ဆိုရင်ပဲ သင်္ကြန်ကားတွေနဲ့ စပြီးရေပက်နေကြပြီ။ စည်ကားစပြုနေပြီ။ ဒီအချိန်မှာပဲ နိုင်ငံခြားသားအုပ်စုတစ်စုက မိတုန်နဲ့အတူ ဓာတ်ပုံရိုက်ချင်လို့တဲ့။ အမယ်..ဟိ။ သူတို့မိတုန်ဝတ်လာတဲ့ အကျီ င်္ထမိန်နဲ့ အဲဒီလိုပိတောက်ပန်းတွေ ပန်ချင်တယ်တဲ့။ ပြီးမိတုန်ရဲ့ ပါးကွက်ကိုလဲ အရမ်းလှတာပဲတဲ့။ ပျော်လိုက်တာ။ စိတ်ကနည်းနည်းတက်ကြွသွားတယ်။

          အဲရေပက်တဲ့သူတွေနားရောက်တော့လဲ။

“ဟာ ရိုးရိုးယဉ်ယဉ်လေးဟ။ လောင်းလောင်း ခေါင်းကနေမလောင်းကြနဲ့နော်။ပန်ထားတဲ့ ပိတောက်တွေ ကြွေကုန်မယ်။ “

ယဉ်ယဉ်ကျေးကျေးနဲ့ အေးအေးသက်သာရေလောင်းကြပြန်တယ်။  ဒီအချိန်မှာပဲ ခုနကမိတုန်ဝတ် ထားသလိုမျိုး ခောတ်ရဲ့သမီးပျိုလေးတွေတစ်စု ရောက်လာတယ်။ သူတို့လဲ ရေကစားတဲ့မဏ္ဏပ်သွားမလို့ထင်ပါရဲ့။

“ဟာ..မိုက်တယ်ကွ ဆွဲဟေ့ဆွဲဟ ” အသံနဲ့အတူ ရေပိုက်တွေနဲ့ တရကြမ်းလိုက်ပက်သူကပက်။ ခွက်စောင်း ခုပ်တဲ့သူက ခုပ်။  ရေပုံးကြီးတွေနဲ့ ခေါင်းကနေ၀ုန်းကနဲ လောင်းတဲ့သူကလောင်း။ ကောင်မလေးတွေခင်ဗျာ အမယ်လေး အဘလေးအော်ယူပြီးပြေးကြရရှာတယ်။ အိနြေ္ဒပျက်လိုက်တာ။

ကိုကြီးက မိတုန်ကို တွေ့တယ်မဟုတ်လားဆိုတဲ့ ပုံစံနဲ့ လှမ်းကြည့်တယ်။ ခုမိတုန် ပျော်နေပါပြီကိုကြီးရဲ့။ ဘောင်းဘီနဲ့ တီရှပ်မ၀တ်ရလို့ စိတ်မကောက်တော့ပါဘူး။ ပြီးမိတုန်ဆုံးဖြတ်လိုက်သည်။ နောက်နေ့တွေမှာလဲ ကိုကြီးကို ပိတောက်ပန်းတွေအများကြီးရအောင်ရှာခိုင်းရမည်။ ပြီးလျှင် မိတုန်ရဲ့ခေါင်းပေါ်မှာ ဒီနေ့ထက်ပိုပြီး ပိတောက်တွေဝေနေ အောင်ပန်ဆင်ရင်း မိတုန်ချစ်မြတ်နိုးတဲ့ အတာသင်္ကြန်ကို ဖြတ်သန်းလိုက်ပါတော့မည်လို့ ….



ချစ်လှစွာသော မောင်နှမများအားလုံး နှစ်ကူးသင်္ကြန်မှာ မင်္ဂလာအပေါင်းခညောင်းလို့ ပြုံးပျော်ကြည်နူးပြီး ရွှင်လန်းနိုင်ကြပါစေရှင်။ 

သရုပ်ဖော်ပုံလေးကိုတော့ အောက်ပါလင့်လေးမှ ဓာတ်ပုံလေးကို ခဏယူသုံးထားတာပါရှင်။ ဒီနေရာကနေ တစ်ဆက်တည်း ပုံလေးကို ယူသုံးခွင့်ပြုပါလို့ ခွင့်တောင်းပါရစေရှင့်။