Friday 13 May 2016

ယနေ့မှစ..



 
တစ်ယောက်ရင်ထဲက စကားကို တစ်ယောက်က မကြားရသည့်အခါ ကျွန်မတို့နှစ်ဦး ကျောချင်းကပ်လျှက် ဝေးကွာ နေသလို ခံစားလာရသည်။ အနေနီးနေပါလျှက် ကမ္ဘာခြားနေသလို ခံစားနေရသည်။ သူ့မျက်ဝန်းမှ စကားတို့ ကိုဖတ်ရင်း ကိုယ်တိုင်ဘာသာပြန်နေရသည်။ သူ၏စိတ်တို့သည် ကျွန်မအပေါ်တွင် အေးခဲသွားခဲ့ပြီလား။ ကျွန်မနှင့် ပတ်သတ်ပြီး မည်သည့်ခံစားချက်မျှ ရှိမနေတော့ဘူးလား။ တွေးမိလျှင်တော့ မေးခွန်းပေါင်းများစွာသည် စိတ်အတွင်း တည်ဖွဲ့ဖြစ်နေသည်။ အမှန်ဆိုရမူ နှုတ်ကဖွင့်ဟလို့ မေးခဲ့သော် လွယ်ကူစွာအဖြေရနိုင်ပေသည်။  မိန်းမပီသစွာနှင့် ဒင်းပြည့်ကျပ်ပြည့်တွေးသော် သူ့နှုတ်မှ ပြန်ဖြေလာသည့် အဖြေသည် မှန်ကန်သည်ဟု စိတ်တွင်လက်ခံနိုင်ရန် ခက်ခဲလှသည်။ ထို့ကြောင့်ပင် အမေးရှိလျှင် အဖြေပြန်ရနိုင်သော်လည်း အဖြေအားလက်မခံလိုသော ကျွန်မသည် နှုတ်ဆိတ်စွာ နှင့် အိမ်တွင်းတစ်ကိုယ်တော် ဆန္ဒပြနေခဲ့သည်မှာ ယနေ့တွင် ၃ လတင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

ထိုသုံးလအတွင်း တစ်ခါတစ်ရံ သူအိပ်နေသည်ကို ခိုးကြည့်မိသည်။ တစ်ခါတစ်ရံ သူ၏လှုပ်ရှားမှုများကို မမြင် ကွယ်ရာမှ စောင့်ကြည့်သည်။ တစ်ခါတစ်ရံ သိသိသာသာ တံခါးကို ၀ုန်းကနဲနေအောင်ပိတ်သည်။ပစ္စည်းများကို အသံထွက်အောင် ပစ်ချခြင်းများ ပြုလုပ်သည်။ တစ်ခါတစ်ရံ သူကမျက်နှာ ချင်းဆိုင်ဖို့ ကြိုးစားလာသည့်အခါ ကျွန်မကသိသာထင်ရှားစွာ ရှောင်နေခြင်းမျိုးများဖြင့် တုန့်ပြန်ခဲ့သည်။ သို့သော် မယားဝတ္တရားရှိသည်နှင့်အညီ သူအလုပ်မှပြန်လာပြီဆိုလျှင် ထမင်းပွဲရှေ့ရောက် ပြင်ဆင် ထားပေးတတ်သလို သူအလုပ်သွားသည့်အခါ ပြင်ဆင်ပေးတတ်သည့် အ၀တ်တစ်စုံသည် အစဉ်အမြဲ အသင့်ရှိ နေခဲ့သည်။ သူသည်လည်း ခါတိုင်းလိုပင် အပြင်ထုတ်ပေးထားသည့် အ၀တ်တစ်စုံအားယူဝတ်သည်။ ထမင်းချိုင့်ဆွဲကာ အလုပ်သွားသည်။ ပြန်လာလျှင် ရေမိုးချိုး ပြင်ထားပေးသည့် ထမင်းစားပွဲတွင် ညနေစာ စားသည်။ ပြီးသည်နှင့် အိပ်ခန်းထဲဝင်ကာ သူနှစ်သက်သော စာအုပ်ဖတ်နေတတ်သလို တစ်ခါတစ်လေ သူ၏ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ် နေတတ်သည်။ ကျွန်မအိပ်ခန်းထဲဝင်ချိန်တွင် သူသည် တစ်ခူးခူး တစ်ခေါခေါနှင့် အိပ်စက်နေပြီဖြစ်သည်။ ကျွန်မကဖြင့် သူပြန်လာချိန်ဆိုလျှင် ဧည့်ခန်းထဲရှိ တီဗီရှေ့တွင် ကိုးရီးယားကား အပိုင်းဆက်မြောက်များစွာဖြင့် အလုပ်ရှုပ်ချင်ယောင် ဆောင်နေတတ်သည်။

တစ်ခါတစ်လေတော့လည်း အေးစက်နေသော ပါးပြင်တစ်စုံသည် နွေးထွေးမြတ်နိုးစွာ နမ်းတတ်သော အနမ်းတို့ကို လွမ်းဆွတ်မိနေသလိုလိုရှိသည်။ ကြည်မြစွာရယ်တတ်သော သူ့အပြုံးတို့ကို အောက်မေ့မိသလိုလို ရှိသည်။ ကျောခိုင်းအိပ်စက်ရသည့် အနေအထားတွင် လှစ်ဟာနေသော ကျောပြင်သည် အေးစက်နေသလိုလို  လုံခြုံလှပါသည် ဆိုသည့် ရင်ခွင်တစ်စုံကိုပဲ ပြန်ပြီး လွမ်းတတ်နေသလိုလို။ နှစ်ခြိုက်စွာ အိမ်မောကျခြင်းကို အလိုရှိသော် လည်း ကျောပေးထားသည့် တစ်ဖက်ခြမ်းကို စိတ်သည်ခုန်ကူးနေသည့်အခါ မျက်လုံးမှိတ်ပြီး ငြိမ်နေရန်ပင် အတော်ကြီး ကြိုးစားယူနေရသည်။ ကျွန်မကိုယ်တိုင်က အိပ်မရလို့ တစ်လှုပ်လှုပ်ဖြစ်နေသည်ကို သူ့ကိုမသိစေချင်ပေ။ ကျွန်မက နေ့လည်နေ့ခင်း အိမ်တွင်အနားယူလို့ရသော်လည်း အလုပ်သွားသော သူ့အတွက် အိပ်ရေးပျက်ခြင်းဖြစ်မှာကိုတော့ စိုးရိမ်တတ်နေသေးသည်။ တစ်ခါတစ်ရံ တစ်ရေးမှ မှေးမရလိုက်ပဲ မိုးလင်းသွားသော ညများစွာရှိသည်။ အိပ်ပျက်ရက် များစွာကြုံလာရလျှင် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ် မိသည်။ ထိုအခါ လူသည်ပင်ပန်းသည့်အရှိန်ဖြင့် ညကို စောစောစီးစီး အိပ်ယာဝင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားရလေသည်။

လကုန်လျှင်တော့ဖြင့် စာအိတ်ဖြူဖြူတစ်ခုသည် ကျွန်မ၏ ခေါင်းအုံးပေါ်တွင် အခန့်သားရှိနေတတ်သည်။  ကျွန်မသည်လည်း စာအိတ်ဖြူဖြူထဲမှ ငွေသားတို့ကို စစ်ကြည့်တတ်သည်။ လျှော့နေလျှင်သော်လည်းကောင်း ပိုနေလျှင်သော်လည်းကောင်း စာရေးပြီး သူ့ခေါင်းအုံးပေါ် ပြန်တင်ပေးထားတတ်သည်။ ထိုအခါ သူသည်လည်း စာတစ် စောင်ရေးကာ အကြောင်းအရင်းတို့အား ရှင်းပြမြဲ။ နှုတ်ကဖွင့်ဟလို့ ရှင်းပါတော့လားလို့ သူရေးထားသည့်စာကို ဖတ်ရင်း မျက်စောင်းထိုးမိသည်လည်း ရှိခဲ့သည်။ သူနှင့်ကျွန်မ ပတ်သတ်လာမိသည့် သက်တမ်းတစ်လျှောက်တွင် သည်တစ်ကြိမ်သည် စိတ်ကောက်ခြင်းအမှု အရှည်လျားဆုံး ကာလပင်ဖြစ်သည်။ ပြန်ပြီးတော့များချော့ ပါတော့လားလို့ စိတ်က မျှော်တစ်လင့်လင့်ဖြစ်မိသည်။ စကားသံတို့ တိတ်ဆိတ်နေသော အိမ်သည် ပျင်းရိငြီးငွေ့ဖွယ် အတိပြီး၏။ ကြည်လင်အေးမြသည့်အိမ်ဟု စိတ်တွင်ခံစား၍မရပဲ တစ်မြည့်မြည့်ကြိတ်လောင်နေသကဲ့သို့ ရှိသည်။ သူနှင့် ကျွန်မ တစ်ဖြည်းဖြည်းဝေးကွာလာနေသလို ခံစားရသည်။ ဆန့်ကျင်ဖက် အစွန်းတစ်ဖက်စီကို ကျောခိုင်းပြီး လျှောက်နေသကဲ့သို့ထင်မြင်မိသည်။

 အိမ်ထောင်တစ်ခုတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိသည့်အခါ ဆိုသမျှ စကားတိုင်းသည် ရာနှုန်းပြည့်မှန် သည်ဟု လက်မခံနိုင်ပေ။ “ကိုယ်ရှင်းပြလည်း မင်းမယုံကြည်ဘူးဆိုရင် ကိုယ်ပြောသမျှက အလကား ဖြစ်နေမှာပဲ” တဲ့။ သံသယကိုမွေးမြူထားမိသော ကျွန်မသည် လွယ်လွယ်ကူကူတော့ဖြင့် ခေါင်းညိမ့်မျက်လုံးမှိတ် ယုံကြည်မိမည်မဟုတ် ပေ။ သို့ပေမယ့် ကာလကြာရှည်လာမိသည်နှင့်အမျှ တစ်ခုခုကို စိုးထိတ်လာသလို ရှိသည်။ ကျွန်မတို့ တစ်ကယ်ပဲ အေးခဲ ပြတ်သားသွားခဲ့ ကြပြီလားဟူသည့် မေးခွန်းပင်ဖြစ်သည်။ ကျွန်မတို့နှစ်ဦးအကြားတွင် သံယောစဉ်တို့သည် တစ်ကယ်ပဲ ပြတ်သုဉ်းသွားခဲ့လေပြီထင်။ အနှစ်မရှိသော အိမ်ထောင်ရေးကြီးထဲ ကျွန်မမျှောပါနေခဲ့ပြီဟု ထင်မိသည်။ တစ်ကယ်ဆိုလျှင် ကျိုးကြောင်းဆီလျှော်စွာ သူရှင်းပြသင့်သည်။ ဒီလောက်ထိ အချိန်အကြာကြီးဆွဲနေဖို့ မကောင်းပေ။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ၏ စွပ်စွဲမှုသည် မှန်ကန်ကြောင်း စိတ်တွင် သတ်မှတ်မိလာသည်။ ဒါဆိုလျှင် လက်ရှိအိမ်ထောင်ရေးအား အဆုံးသတ်သင့်ပြီ။

          ထွေလီသော စိတ်သောကတို့ဖြင့် အဖြေရှာမရစွာ နွမ်းလျနေမိသည်။ အလံဖြူလေးပဲ ထောင်ပြလိုက်ရမည်လား။ အရှုံးပေးပါပြီပေါ့။ ဒီလိုတော့ဖြင့်လည်း မဟုတ် ၃ လဟူသည့်အချိန် ပွဲကြမ်းထားသမျှ ဒီတစ်ချီတည်းနှင့် ခွက်ခွက်လန်အောင် ရှုံးလို့တော့ဖြင့် မရပေ။  ညနေစာချက်ချိန်နီးနေပြီဖြစ်သော်လည်း လူက မလှုပ်ချင်မရှားချင်။ ခဏမျှ တစ်ရေးတော့ မှေးလိုက်မှ တော်ကကျမည်။ အိပ်ပျက်ရက်တွေများလှပြီလေ။ နဖူးပေါ်တွင် နွေးကနဲ ခံစားမှုနှင့်အတူ စိုးရိမ်စွာဖြင့် ငုံ့မိုးကြည့်နေသော သူ့ကိုမြင်လိုက်ရသည်။ “မိန်းမ နေမကောင်းဘူးနဲ့တူတယ် ကိုယ်တွေပူနေတယ်။ အ၀တ်အစားလေး လဲလိုက် ကိုယ်ဆေးခန်းလိုက်ပို့ပေးမယ်” ။ စိတ်တွင်းမှ ခုမှလာပြီးတော့ဟု မူချင်သော်ငြား အဖျားကြောင့် လူတစ်ကိုယ်လုံး ကိုက်ခဲနေလေပြီ။ စိတ်ကိုလျှော့လိုက်ရင်း နှုတ်ဆိတ်စွာဖြင့်  ဆေးခန်းသို့ လှမ်းရလေတော့သည်။ ညကတစ်ညလုံးအပူရှိန်၏ နှိပ်စက်မှုကြောင့် သတိပဲလစ်ချင်သလိုလို ဂယောင်ဂတမ်း ဘာဆိုဘာမျှ မသိ။ ဒီမနက်နိုးတော့ အဖျားကျသွားသော်လည်း လူကနုံးချိနေစဲဖြစ်သည်။ ထမှပါလေ မျက်နှာလေးသစ် မနက်စာလေးပြင်မှ ဆိုသည့်အတွေးဖြင့် အိမ်နောက်ဖေးခန်းထဲ လှမ်းခဲ့မိသည်။

          အိမ်နေရင်း အင်္ကျီခပ်ပါးပါးဖြင့် ကိုယ်တော်ချောသည် မ၀င်စဖူး မီးဖိုချောင်ထဲ ချွေးတစ်လုံးလုံးဖြင့် အလုပ်များနေ၏။ သူ ဒီနေ့အလုပ်မသွားတော့ဘူးထင်သည်။ “အလုပ်မသွားဘူးလား”  ဟုအသံပေးလိုက်တော့ သူလှည့်ကြည့်ရင်း “အင်း. မင်းဖျားနေတယ်လေ ညက ဂယောင်ဂတမ်းတွေပြောတယ်။ ကိုယ့်ကိုယ်လဲ ရိုက်သေးတယ်” ပြီးတော့ သူ့မျက်နှာက ပြုံးစိစိ။ ကျွန်မက မျက်မှောင်ကုပ်ကြည့်လိုက်ရင်း “ဘာဖြစ် မျက်နှာကိုက ပြီတီတီနဲ့” ဟု မျက်စောင်းထိုးကာ ဆိုမိသည်။ “မင်း မျက်နှာသစ် ခြေ လက်ပဲဆေးလေ ပြီးရင်အခန်းထဲ နားနေလိုက်. ကိုယ်မနက်စာ ပြင်ပြီး ယူလာပေးမည်။ စားပြီးမှ ဆေးသောက်ပေါ့။” ကျွန်မက သူ၏ ဆိုစကားတို့အား “အင်း” တစ်လုံးတည်း တုန့်ပြန်ရင်း အခန်းထဲ ပြန်လှဲနေလိုက်သည်။ ညကကျွန်မဘာတွေများပြောမိပါလိမ့်။

 သူယူလာပေးသော မနက်စာကိုစားပြီးဆေးသောက်သည်။ထို့နောက် စကားစလိုက်မိသည်။ “သည်လို ကျတော့လည်း ကျွန်မအသက်ရှိနေသေးမှန်း ရှင်သိသားပဲ။” ။ သူသည် သက်ပြင်းခပ်လေးလေးချရင်း “မိန်းမ”  ။ ရန်မဖြစ်ချင်ဘူးဆိုသည့်သဘော။ ကျွန်မကလည်း ဆိုချင်သည့်စကားကို နှုတ်ကဟနေသော်လည်း အသံတို့သည် ထွက်မလာ မျက်ဝန်းတွင်သာ မျက်ရည်ဝိုင်းနေတော့သည်။ “မိန်းမ တိတ်တိတ် မငိုနဲ့တော့နော် နေလဲကောင်းတာ မဟုတ်ပဲနဲ့။ နောက်ဆိုရင်ပြသနာတစ်ခုကို ဆူဆူပူပူမလုပ်ပဲ အေးဆေးစွာ စကားပြောရင်းဆွေးနွေးကြရ အောင်။ ကိုယ်တို့နှစ်ယောက်အကြားမှာ တစ်ဦးနှင့်တစ်ဦး စိတ်နာကြင်စရာတွေ မလုပ်ပဲနေကြရအောင်ကွာ။ ညကမိန်းမပြောတာတွေကြားပြီး စိတ်မကောင်းဘူး။ ပြီးတော့ စိတ်ထဲမှာလည်းကြည်နူးတယ်။ ငါ့မိန်းမ ခုချိန်ထိ ငါ့ကို ဒီလိုဘာလားဆိုပြီးတော့။”  ကျွန်မ၏နှုတ်ကခွန်းတုန့်ပြန်ဖို့ ပြင်လိုက်သော်လည်း.

          “ဖွားဖွားရေ” ..ချစ်ရသည့်မြေးလေး၏ တီတီတာတာအသံကြောင့် နှုတ်ဆိတ်သွားရသည်။ “အမေ နေမကောင်းဘူးဆိုလို့ အဖေကဖုန်းဆက်တယ်လေ။” ချစ်ရသည့်သမီး၏အသံ။ ပြီးတော့ “အဖေ ရုံးတောင်မသွားဘူးလား ဘယ်လိုလဲ အဖေတို့ခြေနေ”     ဆိုသည့် သားကြီး၏ အသံတို့ကြောင့် ခြောက်သွေ့နေသော အိမ်သည် စိုပြေလာသလို နုံးချိနေသောစိတ်အစဉ်သည် လန်းဆန်းတက်ကြွလာသလို ခံစားလာ ရသည်။ သူကတော့ ခပ်ပြုံးပြုံးသာ ကျွန်မကို စိုက်ကြည့်နေသည်။ ပြီးတော့ သားနှင့်သမီး အလစ်တွင် ကျွန်မနားသို့ ကပ်ခါ ခပ်တိုးတိုး ဆိုသည် “တို့လင်မယား အသက်သာ ၅၀ ကျော်တာ အချစ်က ၂၀ ကျော်ပဲကွနော့” ဟု ဆို၏။ ကျွန်မကဖြင့် ခပ်ကြမ်းကြမ်းမျက်စောင်းတစ်ချက်သာလွှတ်လိုက်မိသည်။ နေနှင့်အူးပေါ့ သားနှင့်သမီးပြန်သွားမှ ဒင်းတွေ့ မယ်ဟု စိတ်တွင်းမှကြိမ်းလိုက်မိလေတော့သည်။


Monday 9 May 2016

အကျည်းတန် အချစ်


 
စိတ်အစဉ်မှာ မြတ်နိုးခြင်းတစ်စုံတစ်ရာနှင့် ချစ်ခြင်းတရားတို့ပြည့်နှက်နေပေမယ့်လည်း နှုတ်ကဖွင့်ဟဖို့ အခွင့်မသာခဲ့ဘူး။ ချစ်တတ်သူတစ်ယောက်ရဲ့ အရိုးခံဖြူစင်တဲ့ ချစ်ခြင်းကို မြင်အောင်မကြည့်တတ်တဲ့သူဟာ အချိန်တိုင်း ကျွန်မကိုကျောခိုင်းလို့ပေါ့။ သူ့ရဲ့တုန့်ပြန်မှုဟာ မည်သို့ပင်ဖြစ်နေပါစေ ချစ်မိတဲ့ ကျွန်မကဖြင့် အချစ်ကို ရူးမိုက်စွာ တွယ်ဖက်ထားခဲ့စဲ။ ချစ်လိုက်ရတာလို့ နှုတ်ကဖွင့်ဟ မဆိုသော်ငြားလည်း မြတ်နိုးခြင်းတစ်စုံတစ်ရာ မျှော်လင့်ခြင်းတို့ဖြင့် ကြည့်တတ်တဲ့ ကျွန်မရဲ့ မျက်ဝန်းကို ဖတ်တတ်အောင် ဘာသာပြန်တတ်အောင်များ ကြိုးစားကြည့်ပါတော့လား။

          ကျွန်မအဖြစ်က လပြည့်ညမှာသာတဲ့လမင်းကြီးဟာ အေးမြပြီးလှပလိုက်တာလို့ ခံစားရသော်လည်း လမင်းကြီးကို မြတ်နိုးယုယစွာ ထိတွေ့ကိုင်တွယ်ကြည့်ဖို့ကဖြင့် အိမ်မက်ထဲမှာတောင် မမက်ရဲခဲ့ဘူး။ ကျွန်မသိနေခဲ့ တယ်လေ ဒါဟာ စွဲလန်းစွာ ရူးသွပ်ခြင်းတစ်မျိုးပဲ။ မဖြစ်နိုင်မှန်းသိပါလျှက်နှင့် ထိတွေ့ခံစားကြည့်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ရည်မှန်းချက်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ ရှင်ဟာ ကျွန်မကို ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်လို့ ဘယ်တုံးကမှ မထင်ခဲ့တာပဲ။ ကျွန်မကိုယ်တိုင်လည်းသိခဲ့ပါတယ်။ အပေါ်ယံရုပ်ဆင်းရူပကာ အရ ရွက်ကြမ်းရေကျိုဆိုတဲ့ အဆင့်ကိုမှ ဖြတ်ကျော်နိုင်ခြင်းမရှိတဲ့ ကျွန်မရဲ့ အခြေအနေ သိသိသာသာလေး ကြည့်ရဆိုးနေတဲ့ ၀ါကြန့်ကြန့် ခပ်ကြီးကြီးသွားတွေဟာ  ရှင့်မျက်ဝန်းထဲ ဘယ်လောက်ထိ ခလုတ်တိုက်ခဲ့သလဲမှ မသိပဲ။ ဒါ့အပြင် လိုအပ်သည်ထက် ပိုပြီးမဲညစ်ညစ် အရေပြားအပေါ်ယံဟာ ရှင့်အတွက် အလွန်များ မှောင်နေခဲ့သလား။

အပြင်ထွက် လက်တွဲလျှောက်ဖို့ ရှင့်လက်ကလေးများ ကိုင်လိုက်မိရင် လျှပ်စစ်ဓာတ်နှင့်တို့လိုက်သလို တွန့်က နဲဖြစ်သွားတဲ့ ရှင့်ကိုကြည့်ရင်း သက်ပြင်းလေးခိုးချလို့ မချင့်မရဲ ပြန်လွှတ်ပေးလိုက်ရတဲ့ လက်တစ်စုံကို ကျွန်မသိပ်ပြီး နှမျောခဲ့မိတယ်။ ရှင်နဲ့အတူတူ လက်တွဲပြီး လမ်းကလေးဆုံးအောင် လျှောက်ချင်မိတာ ဇနီးတစ်ယောက်အနေနဲ့ဆိုရင် ဒါဟာ ဖြစ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။ အပေါ်ယံအရေပြားတစ်ထောက်စာနှင့် ရုပ်ဆင်းအင်္ဂါဟာ ခင်ပွန်းတစ်ယောက် အတွက် သိပ်ပြီးအရေးကြီးနေသလားလို့ တစ်ခါတစ်ရံ ပေါက်ကွဲစွာ မေးပစ်လိုက်ချင်တယ်။ မင်းကိုချစ်လွန်းလို့ ယူခဲ့ တယ်များထင်နေသလားလို့ မျက်မာန်ရှစွာ မလိုမုန်းထားအကြည့်နှင့် ရန်စကားဆိုလို့ ရှင်ကြမ်းတမ်းလာတဲ့အခါ အိပ်ခန်းလေး ထဲ တံခါးပိတ်လော့ချပြီး အသံမထွက်အောင် ရှိုက်ငိုခဲ့ရတာ ဒီနှစ်ထဲ ဘယ်နှကြိမ်မှန်းတောင် မသိတော့ဘူး။

          ညဘက်မီးလင်းရင် မအိပ်တတ်ဘူးလို့ သိခဲ့ရတဲ့ သူ့ရဲ့အကျင့်ကြောင့် အခန်းထဲမီးဖွင့်ပြီး အိပ်စေခဲ့တယ်။  မီးပိတ်ထားတာမှတော်သေးတယ် မီးများလင်းနေရင် ကိုယ့်ဘေးနားအိပ်နေတဲ့ မိန်းမမြင်ရပြီး လန့်လွန်းလို့တဲ့။ ပြောရက်လိုက်တာလို့ ရင်ထဲမကောင်းခဲ့ဘူး။ အကျည်းတန်မတစ်ယောက်ရဲ့ ချစ်ခြင်းတွေကို လျစ်လျူရှုရက်ခဲ့သလား။ ဇနီးတစ်ယောက်ပီသစွာ ကိုယ်ယူထားတဲ့ လင်ယောက်ကျားကို ကိုယ်တိုင်ချက်ပြုတ်ပြီး ကိုယ်တိုင်ထမင်းဝိုင်းပြင်ပေးချင် တယ်။ ဇနီးတစ်ယောက်ရဲ့ ၀တ္တရားကျေချင်ခဲ့မိတယ်။ အရယ်အမောတို့ဖြင့် ကြည်နူးဖွယ် မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ချင်မိခဲ့တယ်။ မင်းဟင်းချက်တာ သိပ်တော်တယ်လို့ သူ့ထံမှ ချီးကျူးစကားလေး တစ်ခွန်းစပြီး ကြားရတုန်းက ဆိုလျှင် ပျော်လိုက်တာ သူစိတ်ထဲ ကျွန်မအတွက် နေရာလေးတစ်ခုရှိသေးသားပဲလို့ ကိုယ့်ဘာသာကို ကြံဖန်တွေးပြီး ကျေနပ်ခဲ့တယ်။

          အ၀တ်အစားဆိုလည်း သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ် ပတ်ဝန်းကျင်ကတောင် မိန်းမရပြီးမှ မင်းပိုပြီး သန့်ပြန့် ကြည့်ကောင်းလာတယ်လို့ ဆိုကြရသည်အထိ။ ဒါပေမယ့် အဲဒီ လင်ယောက်ကျားနှင့် လက်တွဲပြီး သွားခွင့်မရှိတဲ့ အိမ်တွင်းပုန်းဇနီး ဖြစ်ခဲ့ရတယ်။ ချစ်ခြင်းတစ်စုံတစ်ရာနှင့် ပတ်သတ်သည့် ဆိုစကားတွေကို မကြားရပေမယ့် မနက်ဖြန်တော့ ဘာဟင်းလေးချက်ကွာ မနက်ဖြန်အလုပ်သွားရင် ဘာအင်ကျီဝတ်မှာနော် အဆင်သင့် ထုတ်ထားပေး ဆိုတာမျိုး  ကိုယ့်လက်သည်းတွေရှည်နေပြီနော်လို့ သတိပေးသလိုလို ဆိုတတ်တာမျိုး အိမ်ရဲ့ဘယ်နေရာလေးမှာ ညစ်ပတ်နေပြီ ရှင်းလိုက်အုန်း ခိုင်းတတ်တာမျိုးကတော့ တစ်နေ့တစ်မျိုး မရိုးရအောင် ခိုင်းတတ်လွန်းတဲ့ လင့်ဝတ္တရားတော့ဖြင့် တစ်ဖက်ကမ်းခတ် တော်လွန်းခဲ့ပါတယ်။

                    ရှင်မူးလာရင် ပြောသလို ငါကမင်းရဲ့ ငွေဝယ်ကျွန်တဲ့။ အမှန်တစ်ကယ် အခိုင်းခံ ကျွန် ဖြစ်နေရတာက ကျွန်မပါလို့ တင်းကြပ်နေတဲ့ ရင်ဘတ်ကြီးသာ စည်တီးသလို တီးပြီးအော်ဟစ်လိုက်ချင်မိတယ်။ ကျွန်မက မြင်မြင်ချင်း ချစ်ခဲ့မိသလောက် ရှင်ကဖြင့် မြင်မြင်ချင်း မုန်းခဲ့လေသလားမသိ။ မိဘတို့သဘောပါလို့ ခေါင်းညိမ့်ခဲမိတဲ့ ကျွန်မရဲ့ အိမ်ထောင်ရေးဟာ ဒီလောက်ထိ ဆိုးဝါးနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒီလောက်ထိလည်း ထိချက်ပြင်းခဲ့မယ်လို့ မသိခဲ့ ဘူး။ ကျွန်မသိတာက ယောက်ကျားလေးဘက်ကလည်း သဘောတူကြည်ဖြူတယ် ယူလိုက်ကြဆိုလို့  အိမ်ယာ ထူထောင်ယူခဲ့ကြတယ်။ ကျွန်မကချစ်လို့ယူခဲ့တာ။ ရှင်က မိဘတွေအကြွေးကြေချင်လို့ယူခဲ့တာ။ ရှင့်ရဲ့ ညီမအငယ် လေး ဆေးတက္ကသိုလ်ပညာရေး ပြီးဆုံးစေဖို့ယူခဲ့တာ။ ကျွန်မတို့မိသားစုပိုင် အလုပ်ထဲမှာ ရှင့်အတွက်နေရာ ကြီးကြီး ရဖို့ယူခဲ့တာ။ ရှင့်ဘက်မှာ အကြောင်းပြချက်တွေဟာ စီစီရီရီ။ ယူပြီးမှ သိခဲ့ရတဲ့ ရှင့်အကြောင်းပြချက်တွေကို ကောက်ချက်ချကြည့်ရရင် ရှင်ဟာ ယောက်ကျားကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ကျွန်မနောက်ကျစွာ သိခဲ့ရတယ်။

          တစ်ခုလပ် ဖြစ်မှာစိုးရိမ်လို့ ဒီလမ်းဆက်လျှောက်သလားလို့ လာမေးရင် မဟုတ်ခဲ့ဘူး။ ကျွန်မသူ့ကို သိပ်ချစ်ခဲ့ မိလို့ပါ။ မိဘတွေရဲ့ လုပ်ငန်းကိုယ်ပိုင်လုပ်ငန်းရှိတဲ့ ကျွန်မ၀င်ငွေနဲ့ဆိုရင် ကျွန်မဘ၀ အခြေကျယုံတင် မဟုတ်ပဲ အဆင့်မြင့်မြင့်တောင် နေနိုင်ခဲ့ပါတယ်။ ကျွန်မကလည်း အလှဆင်းရဲပေမယ့် အတ္တကင်းတဲ့မာနကတော့ဖြင့် ချမ်းသာလိုက်သည်မှ ပိုလို့လျှံလို့။ မလှလို့ မချစ်တဲ့ယောက်ကျားကို လှအောင်ပြင်ပြီး ချစ်အောင်သိမ်းသွင်းခြင်း မပြုခဲ့ ဘူး။ ဖြူစင်ခြင်းအရင်းခံနှင့် အချစ်ကိုသာမြင်အောင် လှစ်ပြခဲ့တယ်။ ကျွန်မကလှလို့ ချစ်လာတဲ့ သူ့အချစ်ကို မလိုချင်ဘူး။ ချစ်လို့လှလာတဲ့ သူ့အချစ်ကိုပဲ လိုချင်မိတယ်။  အကျည်းတန်သူတစ်ယောက်ရဲ့ အချစ်ဆိုတာ ဒီလိုပဲ ရူးသွပ်စွာ မျှော်လင့်တစ်ကြီး မိုက်ခဲ့ရတာပေါ့။

          အချစ်မရှိ အနှစ်မရှိတဲ့ အိမ်ထောင်ရေးကြီးမှာ သစ္စာဆိုတဲ့ စကားလုံးတစ်လုံးဟာ အရေးကြီးလာပြီ။ သူ့ရဲ့ ဇနီး အဖြစ်တရားဝင်ရောက်ရှိခဲ့တဲ့ နေ့မှာပဲ  သတိချပ်မိခဲ့တယ်။ တစ်ဖက်ကချစ်ပြခဲ့သလို တစ်ဖက်ကလည်း ချည်နှောင် ထားခဲ့တယ်။ မိန်းမပီသတဲ့ မိန်းမတစ်ယောက်တော့ ကျွန်မဖြစ်ခဲ့တယ်။ ချည်နှောင်မှုတွေကို လိုလားပုံမရတဲ့သူဟာ တစ်နေ့တစ်မျိုးမရိုးရအောင် ကျွန်မကိုစိတ်ဆင်းရဲစေခဲ့တယ်။ သူကလည်း အကဲစမ်းချင်ပုံရတယ်။  ကျွန်မကလည်း စမ်းလိုလျှင်လည်းစမ်းပါ  ဒါပေမယ့်ဒီအိမ်ပေါ်ကနေဆင်းသွားရမယ် အသက်ရှင်လျှက်တော့ မဖြစ်နိုင်ဘူး။ သည်းခံ မှုမှာအတိုင်းအတာရှိတယ်လို့ ခပ်ပြတ်ပြတ်ပြောပြီးနောက်ပိုင်း သူဟာ သူ့အသက်ကိုတော့ နှမျှောတွန့်တိုပုံပဲ အကဲစမ်းခြင်းကို ရပ်တန့်ပစ်ခဲ့တော့တယ်။ သူ့သူငယ်ချင်းတွေပြန်ပြောတာကဖြင့် ကျွန်မရဲ့ဥပဓိရုပ်ဟာ ပြောရင် ပြောသည့်အတိုင်း ရက်စက်တတ်မည့်ပုံတဲ့ သူကဒီလိုစည်းစိမ်တွေရဖို့ ဘ၀တစ်ခုလုံးရင်းထားရတာ အသက်တော့ ရှည်ရှည်နေချင်ပါသတဲ့။ ဘယ်လောက်များအတ္တကြီးသည့် ယောက်ကျားပါလဲ။
         
          အဲဒီလိုယောက်ကျားကို စွဲလန်းစွာချစ်မိသည့် ကျွန်မကလည်း ဘယ်လောက်တောင် ရူးသွပ်နေခဲ့သလဲ။ မှားမှန်းသိပေမယ့် လွယ်လွယ်နှင့်တော့ လက်မလျှော့ချင်ခဲ့ဘူး။ အကျည်းတန်သူ ကျွန်မရဲ့ အချစ်တွေကို သူ့ကိုမြင်စေချင်တယ် လက်ခံစေချင်တယ်။ ဒါပေမယ့် ခုချိန်မှာတော့ ကျွန်မလက်လျှော့ရတော့မယ် ထင်ပါတယ်။ သူ့ အသက်ကိုပင် မနှမျှောတတ်တော့လောက်အောင် ချစ်ရတဲ့ မိန်းမတစ်ယောက်ကို သူတွေ့နေခဲ့ပြီ။ ကျွန်မဘက်က ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုပဲရှိတော့တယ်။ ဆိုခဲ့ဖူးသလို အသက်မဲ့စွာလွတ်လပ်ခွင့်ပေးလိုက်ရမ လား ဆိုတာပဲ။ ကျွန်မကိုယ်တိုင် မြတ်နိုးစွဲလန်းစွာ ချစ်ရတဲ့ယောက်ကျားတစ်ယောက်ရဲ့ နှလုံးသားတည့်တည့်နေရာကို ဓါးတစ်ချောင်း ထိုးစိုက်လိုက်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူခဲ့ဘူး။ သူအိပ်နေတုန်းလား ဒါမှမဟုတ် အမှတ်တမဲ့ သူနဲ့မျက်နှာချင်း ဆိုင်လိုက်တုန်းလား။ သူကျောပေးထားနေတုန်းလား။ သူ့မျက်လုံးကို တည့်တည့်မတ်မတ်စိုက်ကြည့် ပြီး စိမ်းကားရက်စက်တဲ့ မျက်ဝန်းတွေနဲ့ သူ့နှလုံးသားတည့်တည့်ကို ထိုးစိုက်လိုက်ရမလား။ အိုး .. ကျွန်မကြိုးစားကြည့်ခဲ့ပေမယ့် သိပ်ခက်ခဲလွန်းတယ် သိပ်နက်နဲလွန်းခဲ့တယ်။ ဘာဖြစ်လဲ အဆိပ်ပါတဲ့ အစားအသောက်လေးများ ကျွေးလိုက်ပါတော့လားလို့ မဆိုလေနှင့် ကျွန်မက မချစ်တတ်တဲ့ သူ့နှလုံးသားကို သတ်ချင်မိတာ ဖျက်ဆီးပစ်ချင်မိတာ။ ဒါကြောင့်ကျွန်မရွေးချယ်ခဲ့တယ် ချွန်မြနေတဲ့ ဓါးတစ်ချောင်းနှင့် သူ့နှလုံးသား တည့်တည့်ကို ထိုးစိုက်ချလိုက်ဖို့ပဲ။
         
          ဒီလိုရွေးချယ်ခဲ့လို့ မင်းသိပ်မှားတယ်လို့ သိပ်ရက်စက်တဲ့ မိန်းမလို့ ဆိုချင်ဆိုကြပါစေလေ။ အကျည်းတန်သူ မိန်းမတစ်ယောက်ရဲ့ အချစ်ကိုတော့ လူတွေသိသွားကြမှာပဲ။ ကိုယ့်ကိုယ်မှ မချစ်နိုင်တဲ့ ယောက်ကျားတစ်ယောက်ကို ဘာဖြစ်လို့များ မိုက်မဲစွာ ရူးသွပ်ချင်နေရတာလဲလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးခဲ့ပါတယ်။ အဖြေကဖြင့် ထွက်မ လာခဲ့ဘူး။ သေချာတာတစ်ခုကတော့ အကျည်းတန်သူကျွန်မသည် သူ့ကိုမြတ်နိုးရူးသွပ်စွာ ချစ်နေခဲ့မိတယ် ခုလဲချစ်နေစဲပဲ။ နောင်လဲချစ်နေစဲပဲ။ သူ့ပုံရိပ် သူ့အပြော သူ့အပြုံးတွေဟာ ကျွန်မရဲ့ မျက်ဝန်းထဲမှာ ခုချိန်ထိ ချစ်စရာ ကောင်းနေတုန်းပဲ။
         
          သြော်. ဒါနဲ့ ကျွန်မ. သူ့နှလုံးသားကို ဘယ်လိုဖျက်ဆီးပစ်ခဲ့လဲ ရှင်တို့သိချင်ကြသေးလား။ ကျွန်မသူ့ကို အခွင့်အရေးနောက်ဆုံးအကြိမ်ပေးခဲ့ပါသေးတယ်။ ထပ်ရွေးပါလို့။ သူက ကျွန်မကို မရွေးချယ်ခဲ့ဘူးလေ။ အဟင်း ရှင်တို့တွေးထားသလိုပါပဲ .. သူ့မျက်လုံးကို တည့်တည့်မတ်မတ်စိုက်ကြည့် ပြီး စိမ်းကားရက်စက်တဲ့ မျက်ဝန်းတွေနဲ့ သူ့နှလုံးသားတည့်တည့်ကို ထိုးစိုက်ချပစ်ခဲ့တယ်။ ဘယ်နှစ်ကြိမ်မှန်းတောင် မသိဘူး။ သူ့နှလုံးသားတွေ ပျက်စီးသွားတာ သေချာတယ်ဆိုတဲ့ အခြေအနေတစ်ခုထိပေါ့။ ကျွန်မလား .ဟင့်အင်း နောင်တမရပါဘူး။ ကျေနပ်နေတာ။ တစ်ခါတစ်လေတော့ သူ့ကိုသတိရတဲ့အခါ  ငိုတာပေါ့။ ဒါပေမယ့် သူအသက်ရှင်နေစဉ်ကထက် အခုနေနေရတဲ့ ဘ၀မှာ ကျွန်မပိုပြီးပျော်ရွှင်နေခဲ့ရပါတယ်။ ဒီဘ၀မှာ သူ့ကို့ကျွန်မတစ်ယောက်တည်း ပိုင်ဆိုင်ခဲ့တယ် ဆိုတာ သေချာသွားပြီလေ။ ရှင်တို့လည်း အကျည်းတန်မိန်းမတွေရဲ့ အချစ်ကိုများကြုံလာခဲ့ပြီဆိုရင် သူ့လိုမျိုးလျစ်လျူ မရှုထားလေနှင့်။ အကျည်းတန်သူတို့ရဲ့ အချစ်ဟာ အလွန်တစ်ရာနူးညံ့သိမ်မွေ့သလို အလွန့်ကိုပဲ စိမ်းကားရက်စက် ပြတ်သားတတ်တယ်ဆိုတာ မမေ့ကြနှင့်ပေါ့။




 ************************

 ချစ်သော စာဖတ်ဝါသနာပါသူ မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုတော့ google ကနေပြီရှာဖွေအသုံးပြု ထားပါတယ်။


**********************************************
"စာရေးသူ၏ မေတ္တာရပ်ခံချက်"
ဘလော့မရေးနိုင်တာကြာပြီဆိုပေမယ့် အတွေးရသလို ရေးထားမိခဲ့တယ် file လေးတွေ ကျွန်မရဲ့ 
ကွန်ပျူတာထဲ မှာ များစွာကျန်နေပါသေးတယ်။ အဲဒီလိုများစွာရှိနေသည့် အထဲကမှ ကျွန်မကိုယ်တိုင်နှစ်သက်မိသည့် စာအရေးအဖွဲ့နှင့် ပို့(စ်) အဟောင်းလေးများကို ဘလော့မှာပြန်တင်ပေးခဲ့တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ထပ်လအနည်းငယ် ဆိုလျှင် အင်တာနက်သုံးဖို့ သိပ်အဆင်ပြေတော့မယ် မထင်ဘူး။ ဒီလိုအကြောင်းပြချက်လေးတွေကြောင့် စာရေးဝါသနာပါသူ ကျွန်မအနေနှင့် ဘလော့မှာမတင်ပဲ ဖျက်ပစ်လိုက်ရမည့် file လေးများကို အလွန်ပင်နှမျောမိပါသည်။ ထို့ကြောင့် ဖျက်ပစ်လိုက်မည့်အစား ကိုယ်နှစ်သစ်မြတ်နိုးမိတဲ့ ဘလော့လေးထဲမှာ သိမ်းထားချင်ခဲ့မိပါသည်။ ဒါကြောင့် အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်လို့ဖြစ်စေ မျက်စိလည်လမ်းမှားပြီး ရောက်လာလို့ပဲ ဖြစ်စေ ကျွန်မရဲ့ ဘလော့လေးကို စာလာဖတ်ဖြစ်သည့်အခါ စာရေးဝါသနာပါသူတစ်ယောက်အနေနဲ့ ရေးဖွဲ့သည့် စိတ်ကူးယဉ်ဇာတ်လမ်းလေးများအနေနှင့်သာ ဖတ်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေရှင့်။

**********************************************




facebook နှင့် ဦးရီးတော်




 
ခင်သက်တွင် အသက် ၄၀ကျော် ဦးရီးတော် တစ်ယောက်ရှိသည်။ ဘယ်အချိန် ဘယ်သူကပဲ မေးမေး ဦးရီးတော်သည် သူ၏အသက်အား ၂၈ ထက်ပိုသည်ဟူ၍ မရှိ။ ပိုပိုလိုလိုမရှိ ၂၈ ဟူ၍သာ တိတိပပဖြေ၏။ ကလေး တစ်ယောက်ပင်ရှိသော်ငြား အိမ်ထောင်ကွဲနေသည်မှာ ကြာမြင့်လှပြီဖြစ်ရာ အလိုလိုပင် လူပျိုရာထူးပြန်ယူ၏။ လူပျို ကြီး ဟူပြီး အားရပါးရ ကြော်ငြာ၏။ တစ်ခါတစ်ရံ သူ့ကိုယ်သူ ခင်သက်တို့ထက်ပင် နုပျိုနေသေးသည်ဟု ဆိုလာပြန်သေး သည်။ ခင်သက်တို့လည်း အမေ၏မောင် ဒီဦးရီးတော်တစ်ယောက်တည်းသာ တူမများနှင့်အပြိုင် ပေါနေလေရာ ရှိစေ တော့ဟူသည့်သဘောဖြင့် လျစ်လျူရှုထားရလေ၏။
         
          အင်တာနက်သုံးနိုင်သည့် ဖုန်းများပေါများလာရသည်မှအစပြုပြီး ဦးရီးတော်၏ နုပျိုခြင်းအမှုသည် ပိုပိုကြီးလာ လေတော့သည်။ ခင်သက်တို့သည်လည်း ခောတ်လူငယ်များပီပီ facebook, viber, wechat , line မရိုးနိုင်အောင် သုံးလေ၏။ ဦးရီးတော်သည်လည်း တူမများအား တစ်နေကုန်တစ်နေခန်း မနားမနေ လေသေနတ်ပစ်ပြီး သူ၏ facebook account အားဖွင့်ခိုင်းလေ၏။ အစတွင် ခင်သက်တို့သည် မသိချင်ယောင်ဆောင် ဟိုပတ်ပြေး ဒီပတ်ပြေး ရှောင်နေကြသော်လည်း နေ့နေ့ညည ဦးရီးတော်၏ လေသေနတ်အားနားညည်းလှသည်ဖြစ်ရာ facebook account သစ်ဖွင့်ပေးရလေတော့သည်။ ကဲ လာပါပြီ ဦးရီတော်သည် သူ၏ facebook အမည်နာမအား “မျိုးသန့်ကိုကို” ဟုဆိုလေ၏။ မွေးနေ့သည်လည်း ကွက်တိ ၂၈ နှစ်သာထည့်လေ၏။ ထို့နောက် ကင်မရာ ၃၆၀ နှင့် ရိုက်ထားသော သူ့ပုံအား effects တွေ အမျိုးမျိုးထည့်ကာ profile ပုံတင်ခိုင်းလေ၏။ ခင်သက်သည် စိတ်ထဲမှနေပြီး ဟွန့် နေနှင့်အုန်း ပေါ့ နောက်နေ့မှ comments ကနေပြီ သူ၏ ပျက်စီးယိုယွင်းစွာ လှနေသော ဘာ effects မျှမပါသည့် ဓာတ်ပုံကြီး အားတင်ပစ်မည်ဟု အားခဲထားလေ၏။

          ဦးရီးတော်သည် ပေါပင်ပေါသော်ငြား နုံတော့ မနုံချာလှပေ။ ခင်သက်တို့၏ facebook account များနှင့် friend မလုပ်နဲ့ဟု ကြိုတင်ခိုင်းလေ၏ ။ ပြီးနောက် သူ၏ account အား friend only သာမြင်ရအောင် security ထားခိုင်း၏။  ထို့နောက် pwd ကိုသူ့စိတ်ကြိုက် ပြန်ချိန်း၏။ ဦးရီးတော်သည် facebook အားအတော်လေ့လာ ထားပုံ ရ၏။ သူသည် လေ့လာထားသော်လည်း တစ်ကယ်တမ်းဖုန်းကိုင်ပြီး ကိုယ်တိုင်လုပ်ဟုဆိုလျှင် ဘယ်နေရာကို နှိပ်လို့ နှိပ်ရမှန်းမသိပေ။ ဦးရီးတော်၏ အကျွမ်းကျင်ဆုံးဖုန်းနှိပ်ခြင်းအတတ်ပညာသည် ဖုန်းလာလျှင် answer ဖြေယုံမျှသာဖြစ် သည်။ ဒါတောင်မှ ဟန်းဆက်အသစ်တစ်ခုချိန်းလျှင် တူမများထံမှ အကြိမ်တစ်ရာမက လာမေးမြန်း သင်ယူထားခြင်းဖြစ် သည်။ ဖုန်း screen မှ lock ကိုလည်း ချိန်းလိုက်ရသည်မှာ အမျိုးမျိုး။ ဦးရီးတော်ဖုန်းထဲ ဘာရှိလို့ ဒီလောက် lock နေရ သလဲ ခင်သက်တို့လည်း မသိပေ။

          ဦးရီးတော်ကို facebook account ဖွင့်ပေးပြီးနောက်တွင်တော့ ခင်သက်တို့အတော်ကြီး နားအေးပါးအေး ဖြစ်သွား၏။ အရင်ကဆိုလျှင် ထမင်းဝိုင်းတွင် ဦးရီးတော်၏အသံသည် ဖောင်ဖောင်ကျဲ၏။ ယခုဆိုလျှင် ထမင်းလေး တစ်လုတ်စားလိုက်  ဖုန်းလေးပွတ်လိုက်။ ကြက်သားဟင်းများချက်ပြီဆိုလျှင် ဦးရီးတော်သည် သူဦးလျှင် ကောင်း ပေ့ဆိုသည့် အဆီအနှစ်တို့အား သူ့ထမင်းပန်းကန်ထဲ ဦးစွာခပ်ထည့်လေ၏။ ယခုဆိုလျှင် ဦးရီးတော်သည် ကြက် သားကို အာရုံမရောက် ဖုန်းသားကိုသာ အာရုံရလေ၏။ ထို့ကြောင့် ခင်သက်တို့သည် ကောင်းပေ့ဆိုသည့် အသား အဆီအနှစ်တို့အား ဦးစွာပိုင်ပိုင်တွယ်ရလေ၏။ ဦးရီးတော်ဆိုသည့်ရာထူးကြောင့် ဟင်းခွက်ကိုဦးစားပေး နိုက်ခိုင်း နေရသည်ကို မကျေနပ်သော်လည်း မျက်စောင်းထိုးကာ ထိုင်ကြည့်နေရုံမှအပ မတတ်နိုင်ပေ။
         
          အိမ်သာတက်လျှင်လည်း အရင်လိုမကြာတော့ပေ။ အဘယ်ကြောင့်ဆိုသော် အိမ်သာထဲတွင် အင်တာနက် လိုင်းမမိသော်ကြောင့်ဖြစ်သည်။ ရေချိုးခန်းထဲဝင်လျှင် ရေသံတစ်ဝုန်းဝုန်းနှင့် မပြီးနိုင်အစီးနိုင် ရေချိုးသော ဦးရီးတော် သည် ယခုမူ ခက်သွက်သွက်ချိုးလေ၏။ တစ်ခါတစ်ရံ ဆပ်ပြာများပင်မစင်သောကြာင့် တူမတွေမှ ရေချိုးခန်းထဲ ပြန် တွန်းထည့်ရလေ၏။ ညဘက်ဆိုလျှင် ၁၂ နာရီ ၁  နာရီလောက်မှ အိမ်ပြန်လာတတ်သော ဦးရီးတော်သည် ယခုမူ ၈ နာရီဒေါင်ဆိုသည်နှင့် ဖုန်းလေးကိုင်ခါ သူ့အိပ်ခန်းထဲ ၀င်သွားတတ်လေ၏။ ခင်သက်တို့ကတော့ ကောင်းလှတေး ကောင်းလှတေးဟု ဆိုမိ၏။ သို့မဟုတ်ပါမူ အိမ်တံခါးထထဖွင့်ပေးရသည်မှာ အိပ်ရေးပျက်လှသည်။ မဆီမဆိုင် facebook ကြီးကိုပင် ကျေးဇူးအထူးတင်ရှိပါသည်ဟု သတင်းစာတွင်ပင် ကြော်ငြာထည့်ချင်မိသည်။ အရင်လို တူမတွေနှင့် အပြိုင်သူ့ကိုယ်သူ နုပျိုလှသည်ဟု နားကြားမြင်ကပ်စရာ စကား မကြားရတော့ပေ။

          တစ်နေ့ခင်သက်တို့ အလုပ်မှပြန်လာပြီး အ၀တ်အစားပင်မလဲရသေး ထမင်းချိုင့်လေး ချယုံရှိသေး ဦးရီး တော်သည် ပြူးပြူးပြာပြာဖြင့် သူ့အိပ်ခန်းထဲမှ ပြေးထွက်လာ၏။ ပြီးတော့ အလောတကြီးမေး၏။ သူ့ကောင်မလေးက စိတ်ဆိုးပြီး ဘလော့သွားလို့ ဘလော့ပြန်ဖြေပေးပါဟု ဆိုလာလေ၏။ ခင်သက်တို့လည်း အမြင်ကပ်စွာနှင့် အချွန်နှင့် မလေ၏။ သူဘလော့သွားရင် ကိုယ်လည်း ဘလော့လိုက်လျှင် ဖြေပြီးသားဖြစ်သည်ဟု အကြံညဏ်ပေးလိုက်လေ၏။ ဦးရီးတော်သည် သူ၏ဖုန်းအား ခင်သက်တို့ကို ပေးမကိုင်တော့ပေ။ ယခုလို ပါးစပ်နှင့်သာအကြံညဏ်တောင်းလေ ၏။ ဟုတ်လားဆိုပြီး သူ့အိပ်ခန်းထဲပြန်ဝင်သွား၏။ ခဏနေပြန်ထွက်လာပြန်၏။ unfriend လိုက်လျှင်ရော ပိုပြီးကောင်း လားဟု မေးလာပြန်၏။ အင်းပေါ့ Unfreind ရင် ပိုပြီးမြန်မြန် ဘလော့ဖြေတတ်တယ်ဟု အဆင်းဘီးတပ်ပေးလိုက်၏။ ဒါဆို ufriend မယ်ဟုဆိုပြီး သူ့အိပ်ခန်းထဲ ပြန်ဝင်သွား၏။

          နောက်တစ်နေ့အလုပ်မှ ပြန်အရောက်တွင် ဦးရီးတော်သည် ဘီးလူးဆိုင်းတီးလျှက်ရှိသည်။ သူ့ကောင်မလေးမှ unfriend လို့ဆိုပြီး အပြတ်ဖြတ်သွားကြောင်း အမေ့ကို တိုင်တောနေလေ၏။ ခင်သက်တို့နှင့်လည်း စကားမပြောပေ။သူ့အိပ်ခန်းထဲတွင်သာ ထမင်းစားလေ၏။ ခင်သက်တို့တူမတွေ မျက်နှာမမြင်ချင်ဘူးဟု ဆိုလေသည်။ အမေကတော့ ခင်သက်တို့ကို တိုးတိုးကြိတ်ဆူ၏။ စကြနောက်ကြတာ သည်လောက်တောင်စရလားဟု ဆူပူလေ၏။ အမေကလည်း အမေ့မောင် အသက်လေးဆယ်ကျော်ကို ဘယ်သူကကြိုက်မှာတုန်း။ facebook ကဒီလိုပဲဟု ဆိုလေ သော် အမေသည်အမယ်လေးတော် ညည်းတို့ခောတ်ကလည်း အဆန်းပဲ ရည်းစားကို အပျင်းပြေထားကြသလားဟု ရင်ဘတ်ကိုဖိ မျက်လုံးပြူးပြီးမေး၏။ ဒါတောင် အဖော်အချွတ် မယ်မယ်များ၏ ဓာတ်ပုံတွေအကြောင်းမပြောရသေး။ သူတို့သည် အပျင်းပြေ အဖော်အချွတ်ရိုက်ကြသည်ဟု ပြောလေလျှင် အမေသည် ၀ယ်ပေးထားသောဖုန်းများအား ပြန်သိမ်း သွားနိုင်သည်။

          လာပြန်ပါပြီ ခင်သက်၏ ဖုန်းထဲ အမျိုးသမီးတစ်ယောက်အသံနှင့် ဖုန်းဝင်လာ၏။ ကိုမျိုးသန့်ကိုကို နှင့် စကား ပြော ချင်လို့ပါဟု ဆိုလေ၏။ ခင်သက်သည် ဦးရီးတော်၏ အမည်နာမအား မေ့နေသည်ဖြစ်ရာ ဖုန်းမှားနေသည်ဟု ပြောကာ ဖုန်းပြန်ချလိုက်၏။ ထိုအမျိုးသမီးသည် ထပ်ဆက်ပြန်လေသည်။ သူမကိုပေးထားသည်မှာ ဒီဖုန်းနံပါတ်သေချာ ကြောင်း မမှားဘူးဟုဆိုလေ၏။ ပြီးတော့ ညီမက ကိုမျိုးသန့်ကိုကိုနှင့် ဘာတော်လဲ ဘာလို့ သူ့ဖုန်းကိုကိုင်နေတာလဲ ဆိုပြီး စစ်လားဆေးလား မေး၏။ ခင်သက်လည်း ဒီမှာအစ်မ ဒါ ကျွန်မရဲ့ ဖုန်း အစစ်ပဲ အစ်မပြောတဲ့ မျိုးသန့်ကိုကို လဲ မသိဘူး။ နောက်တစ်ခေါက်လာမဆက်နှင့်ဟု ခပ်ပြတ်ပြတ်ပြောပစ်လိုက်၏။ တစ်ဖက်မှလည်း အေးမသေချာသေးလို့ ပေါ့ သေချာလို့ကတော့ ညည်းရော ညည်းအကောင်ရာ ဓါးစာမိမယ်မှတ်ဟု ပြန်ကြိမ်းလေ၏။ ခင်သက်လည်း ကောင်းပြီလေ အစ်မ ခုအစ်မဖုန်းနံပါတ်ကျွန်မမှာရှိတယ် အသံဖမ်းထားတယ် ရဲစခန်းရောက်မှရှင်းဟု ဆိုလိုက်လေသော် ဂွပ် ကနဲဖုန်းချသွား၏။ ဒေါသသည်မပြေသေးသည်ဖြစ်ရာ ထပ်ခေါ်သော်လည်း စက်ပိတ်ထားပါသဖြင့်နှင့်သာ တိုးလေ၏။

          ဦးရီးတော်သည်ကား ငြိမ်ချက်သားကောင်းလျှက်ရှိသည်။ ဟိုတစ်ခါကိစ္စဖြစ်ပြီးနောက်ပိုင်း အကြံညဏ် လာမ တောင်းတော့ပေ။ အတော်ကြီး စိတ်ချမ်းသာစရာကောင်းလှတေးဟု မှတ်ချက်ချမိသည်။ တစ်နေ့တွင်တော့  အလုပ်မှအပြန်တွင် အမျိုးသမီးတစ်ယောက်သည် ဓာတ်ပုံတစ်ပုံကိုပြကာ ဒီအနီးအနားတွင် ဒီလူကိုတွေ့မိသလားဟု မေးလေ၏။ ခင်သက် သည် ရုတ်တရက်မို့ လူပုံကိုမမှတ်မိသော်ငြား ဓာတ်ပုံနောက်ခံတွင်ပါနေသည့် ခင်သက်တို့၏ ဧည့်ခန်းအနေအထား အား သတိထားမိလေ၏။ ထို့ကြောင့် ပြူးပြဲပြီးသေချာကြည့်သော် ဓာတ်ပုံသည် ဦးရီးတော်ပုံဖြစ်လေ၏။ ရုတ်တရက်မို့ အံ့အားသင့်ကာ ဟန်မဆောင်မိပဲ သိတယ်ဒါ ခင်သက်ဦးလေးဟု လွှတ်ကနဲ ထွက်သွားမိလေတော့သည်။ ထိုအမျိုးသ မီးသည် ၀မ်းသာအားရ သူ့ကိုယ်သူ အန်တီလေးဟု နာမ်စားတွင်တွင်သုံးကာ အိမ်သို့ ပါလာခဲ့လေပြီ။ ကိုကို ကလေ ကိုကိုကလေ ဆိုသည့် နာမ်စားကိုလည်း ထပ်ခါထပ်ခါ ကြားရလေ၏။ သည်တော့မှ ခင်သက်သည် ငါတော့ နေရင်း ထိုင်ရင်း မြွေပွေးကို အိတ်ထဲ ကောက်ထည့်မိပြီးဟု သိလေတော့သည်။

          အိမ်သို့ရောက်သော် အမျိုးသမီးကိုဧည့်ခန်းတွင်ထားခဲ့ပြီး အမေရေ ပြသနာတော့တက်ပြီဟု အစချီကာ ပြောရလေတော့သည်။ အမေ့မောင်ကို အမေ့ဘာသာအမေ သွားခေါ်တော့ဟု တီးတိုးကြိတ်ပြောရလေသည်။ ဦးရီးတော်သည် သူ့အန္တာရယ်အားကြိုသိနေသည့်အလား အိမ်မှာမရှိဟု ဆိုလေ၏။ သည်မနက်ပဲ ပဲခူးက သူငယ်ချင်းထံသွားမည်ဟုဆိုကာ အထုပ်ဆွဲထွက်သွားကြောင်း သိရလေသည်။ အဲဒါဆိုလည်း အမေသွား ရှင်းလေဟု အမေ့ကိုသာ ဧည့်ခန်းထဲ တွန်းထုတ်ရတော့သည်။ အမေလည်း ယောင်နနဖြင့် အစ်မ အဲလေ ညီမဟိုလေ မောင်လေးမရှိဘူး ပဲခူးက သူ့သူငယ်ချင်းအိမ် သွားမယ်ဆိုပြီး ဒီမနက်ပဲ အထုပ်ဆွဲထွက်သွားတယ်ဟု ဆိုလေသော် ထိုအမျိုးသမီး သည် ချုံးပွဲချငိုလေ၏။ မမရယ် ဒီလိုဆိုရင်ဖြင့် ညီမတော့ ဒုက္ခနှင့်လှလှတွေ့ပြီထင်ပါတယ်။ အိမ်က သားသမီးတွေကို “ကိုကို” နဲ့ ခိုးရာလိုက်ပြေးသွားပြီလို့ စာရေးထားခဲ့တာ။ ဟမ်.. ဘယ်လို အိမ်က သားသမီးတွေကို ဘုရား…ဘုရား. အမေကဖြင့် ပါးစပ်အဟောင်းသား ခင်သက်ကဖြင့် နှုတ်ကထွက်လို့ ဘုရားတမိလေ၏။

          ဒီပုံအတိုင်းသာဆိုလျှင် ဦးရီးတော်ဖြင့် ကျားခံတွင်းသက်ဆင်းမိလေပြီဟု ဆိုချင်မိသည်။ မေမေ့ကို မမ၊ မမနှင့် ခေါ်နေသည့် အမျိုးသမီးသည် မိတ်ကပ်အဖွေးသား နှုတ်ခမ်းအနီသားဖြင့် ၀တ်စားထားပုံမှာလည်း အသက်အရွယ်နှင့် မလိုက်ပေ။ မိတ်ကပ် ဆံပင် နှုတ်ခမ်းနီ ဖယ်လိုက်လျှင် မေမေနှင့်အသက်တူတူလောက် ရှိသည်ဟု ခန့်မှန်းမိသည်။ အိမ်က သားသမီးတွေဟု ဆိုပုံအရ သားကြီးသမီးကြီး များရှိနေပုံရသည်။ အခန့်သင့်လျှင် မြေးပါရှိလောက်သည့် အရွယ်ဖြစ်သည်။ ပြီးတော့ ဦးရီးတော်ကို ခေါ်ပုံက ကိုကို ဟု ဆိုလေသည်။ ဦးရီးတော်ဖုန်းကိုခေါ်သော်လည်း ဆက်သွယ်မှုဧရိယာပြင်ပဖြစ်နေသဖြင့် မည်သို့မျှ အကြောင်းကထူးမ လာပေ။ မေမေလည်း ညီမရယ် မောင်လေးပြန်လာမှသာ တစ်ခေါက်လာခဲ့ပါ။ မောင်လေးနှင့်အရင်အဆက်အသွယ်ရ အောင်ကြိုးစားကြည့်ပါအုန်းနော်လို့ ချော့ပြောရင်း ထိုအမျိုးသမီးအား ခပ်ယဉ်ယဉ်နှင်ရလေတော့သည်။ အမျိုးသမီး သည် ညနေပိုင်း မိုးချုပ်သည်အထိ စောင့်မည်ဟုဆိုလေ၏။

ထိုအခါ မေမေက အိမ်ကအမျိုးသား(ဖေဖေ)သည် သူ့မောင်လေး ဒီလိုမျိုးရှုပ်နေသည်ကို သိလျှင် ငြိုငြင်သွားမည်ဖြစ်ကြောင်း။ ညနေဆိုလျှင် အမျိုးသားသည် အလုပ်မှ ပြန်လာပြီဖြစ်ကြောင်း။ အခန့်မသင့်လျှင် သူ့မောင်လေးအိမ်ပေါ်ကနေ ဆင်းရမည်ဖြစ်ကြောင်း ပုံပြောပြရလေ၏။ အမျိုးသမီးက ခပ်သွက် သွက်ပြန်မေး၏။ ဟင် .ဒါက “ကိုကို” တို့မိဘပိုင်အိမ် မဟုတ်ဘူးလား။ မေမေသည်လည်း ပြာပြာသလဲ မဟုတ်ပါဘူးကွယ် ဒါအစ်မအမျိုးသားရဲ့ မိဘ ပိုင်အိမ် ပါ။ မောင်လေးက လူလွတ်ဆိုတော့ ဒီလိုပဲ အိမ်မှာနေခိုင်းထားတာဟု ဆိုလေသော် အမျိုးသမီးသည် အငိုတိတ်ခါ ဒါဆို ရင် မိဘပိုင်company မှာ အလုပ်လုပ်တာဆို။ မေမေလည်း ဟက်ကနဲ တစ်ချက်ရယ်လိုက်ရင်း ဟုတ်တယ် အစ်မ အမျိုး သားရဲ့ ကုန်မျိုးစုံပွဲရုံမှာ တောက်တိုမယ်ရ အလုပ်လုပ်ကြောင်း ဖြေလေ၏။ ထို့နောက် အမျိုးသမီးသည် ဧည့်ခန်းမှ ဦးရီး တော်ပုံအား လက်ညှိုးထိုးကာ ဒါက ကိုကိုရဲ့ အဖေပုံလားဟု စပ်စပ်စုစု မေးပြန်၏။ ခင်သက်လည်း မဆိုင်းမတွပင် အဲဒါမမရဲ့ ကိုကိုပုံ ဟု ဆိုလေသော် ထိုအမျိုးသမီးသည် အပြန်နောက်ကျလျှင် လိုင်းကားတွေမရှိသဖြင့် အိမ်အပြန်ခက်ခဲကြောင်း ခုပဲ ပြန်တော့မယ်နော်ဟု ခက်သွက်သွက်ဆိုကာ ဧည့်ခန်းမှထလေတော့သည်။

ထိုအမျိုးသမီးပြန်သွားသော် သားအမိနှစ်ယောက်သည် ဖြစ်စက သွေးပူပြီး စိုးရိမ်ထိန့်လန့်နေသော်လည်း ထိုအမျိုးသမီးပြောပုံ ဆိုပုံနှင့် ဦးရီးတော်၏ လိမ့်လုံးရွှီလုံးတို့အား ပြန်ပြန်ပြောကာ လက်ဝါးချင်းရိုက်လို့ ရယ်ရသည်မှာ လည်း မောလှပြီ။ ဒါတင်မကသေး ညနေထမင်းဝိုင်းတွင် ခင်သက်၏ ကိုကို အမူအရာအား ကြည့်ကာ ရယ်လိုက်ကြ သည်မှာ ခပ်တည်တည်နေသည့် ဖေဖေပင် ထမင်းလုတ်သီးသည်အထိ ညီမလေးဆိုလျှင် ညအိပ်ယာဝင်သည်အထိ မပြီးနိုင်မစီးနိုင် ကိုကို..ဟိဟိ..ခွီခွီဖြင့် ကြိတ်ရယ်လို့ မဆုံးနိုင်ပေ။ ဦးရီးတော်သည်ကား အိမ်နှင့် သုံးရက်တိတိ အဆက် အသွယ်ပြတ်နေပြီးနောက် လေးရက်မြောက်တွင် မေမေ့ထံ ဖုန်းဆက်လေ၏။ မေမေသည် သူ၏မောင်အား ဘယ်လို လဲ ကိုကို ဟု စကားအစချီလေသော် ဦးရီးတော်သည် ကျွန်တော်ပဲခူးမှာ ကြာမယ်မမ ပျော်သလောက်နေမယ်။ ကြာချင်လဲ ကြာမယ်ဟု စကားပြတ်ပြတ်ပြောလေ၏။ မေမေသည်လည်း အေးကြာချင်သလောက်သာ ကြာဟေ့ တစ်ခုပဲ ငါ့ယောက်ကျားပိုင်တဲ့အိမ်တော့ မိဘဘိုးဘွားပိုင်အိမ် မလုပ်မိစေနဲ့ ကြားလားဟု ခပ်ငေါက်ငေါက်ပြောသံကြားရ၏။

နောက် နှစ်လအကြာတွင် ဦးရီးတော် အိမ်ပေါ်ပြန်ရောက်လာ၏။ ဖုန်းကတော့ ပွတ်မြဲပင်။ မေမေက အေးနင့်ပါ သာနင်facebook ကြီးမှာ ကြူကြူ ရွရွ ငါ့အိမ်ပေါ် အရှုပ်ထုပ်တွေ ပါမလာစေနဲ့။ ငါ့သမီးတွေ ဖုန်းနံပါတ်လဲ ဆွဲမထည့်နဲ့ နင့်ကိစ္စနင် အပြင်မှာပြီးအောင်ရှင်း။ အေး ကိုယ့်ထက်ငယ်ရွယ်တဲ့ ကလေးမလေးတွေကိုလည်း လိမ့်မယ် ဖြီးမယ် မကြံ နဲ့ သူများမတိုင်ခင် ငါအရင်ဦးအောင် ထောင်ထဲပို့ပလိုက်မယ်နားလည်လား။ ဘယ်နှယ့်တော် ရှိတဲ့ကလေးတစ် ယောက်တောင် လူပျိုဖြစ်ပြီး မြေးရတော့မယ် ခုထိ အသက်က ၂၈ ထက်မကြီးနိုင်ဘူး။ နောက်တစ်ခါ ဒီလိုပြသနာမျိုး ထပ်ဖြစ်ရင် ကိုယ့်အထုပ်ကိုယ်ဆွဲပြီး တော်ရာဂျောင်းပေတော့ဟု ရာဇသံပေးထားလေတော့သည်။ ဦးရီးတော်လည်း သူ့အမှားနှင့်သူမို့ ခေါင်းကိုသာတွင်တွင်ညိမ့် လေ၏။ ဟိုတစ်နေ့ကဖြင့်  ဦးရီးတော်၏ ဖုန်းအား ခင်သက်တို့ အမှတ်တမဲ့ ကြည့်လိုက်မိလေရာ သူ၏ profile သည် ကိုကိုပျောက်ခါ  “မောင်မောင်ချစ်” ဟူပြီး တွေ့လိုက်ရ လေတော့သည်။ 


------
ချစ်သောမောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင့်။ ဘလော့မရေးတာကြာပြီမို့ လို့ ပေါ့ပေါ့ပါးပါး ပို့စ်လေးနှင့်ပင် လက်ရည်ပြန်သွေးထားပါကြောင်း။  သရုပ်ပြပုံလေးကတော့ google ကနေ ရှာဖွေအသုံးပြုထားပါတယ်။