Thursday 30 October 2014

သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့လေသော အခါ (အပိုင်း-၂)





ညနေ ဝေ ဆေးရုံမှ ပြန်လာသောအခါ-

  “မေနန်း မျက်နှာလဲ မကောင်းပါလား နေမကောင်းဘူးလားဟင်။ သမီး စမ်းကြည့်မယ်နော်”

လှမ်းလိုက်သော ဝေ့ လက်ကို အသာဖယ်ချရင်း

“နေကောင်းပါတယ် ဆရာမလေးရဲ့။ ရေချိုးနည်းနည်းကြာသွားလို့ ဖြစ်မယ်။ အသက်ကကြီးပြီး မဟုတ်လား။”

 မနက်ကနှင့် ခြားနားစွာ အမေနန်း၏ အမူအရာကြောင့် ဝေ အနည်းငယ် စိတ်မသက်မသာဖြစ်သွားမိသည်။ စိတ်ထဲမကောင်းမိ။ အေး..လေ အမေနန်းနဲ့ ငါက ခုမှ မြင်ဖူးတာ။ သူလဲ ငါ့အကြောင်းမသိ ငါလဲသူ့အကြောင်းမသိနဲ့ ငါ ကိုက အမေငတ်နေလို့ သံယောဇဉ် ပိုမိသွားတာဖြစ်မယ်။ တစ်ကယ်ဆို ဒီညနေသည် သူစိမ်းနှစ်ဦးရဲ့ ဒုတိယ ညနေခင်း မဟုတ်လား။ အေးလေ သူနေတတ်သလို နေပါစေ.

“အဲဒါဆို မေနန်းစားပြီးရင် ပန်းကန်တွေထားခဲ့ လေ သမီးဆေးလိုက်မယ်။ မေနန်း အိမ်မှာ ဆေးဆောင်ထား တာရှိရင် ဆေးလေးသောက်ပြီးမှ အိပ်နော်”

ဟုတ်တယ်လေ တစ်ချိန်တုန်းက နပ်စ်အဖြစ် နယ်တစ်ကာလှည့်ပြီး  တာဝန် ထမ်းဆောင်ခဲ့သော မေနန်း သည် ကိုယ်လက်မအီမသာဖြစ်သည့်အခါ ဘာဆေးသောက်ရမည်ဆိုသည်ကိုဖြင့် ညွန်းစရာမလိုပါလေ။ မေနန်းသိပါလိမ့်မည်။

 “ဟုတ်ကဲ့ ဆရာမလေး. မီးဖိုပေါ်မှာ နွားနို့ အိုးရှိတယ်နော် . ညဘက် စာဖတ်ရင်း သောက်ချင်ရင် ထည့်သောက်နော် ဆရာမလေး”

သမီးလို့ပဲ ခေါ်ပါလား မေနန်းရယ်လို့ ပြောလုနီးနီး ပါးစပ်ကို အ၇ှိန်သတ်ရင်း

“ဟုတ် မေနန်း သမီးထည့်သောက်လိုက်ပ့ါမယ် ပြီးရင် မေနန်းလဲ အခန်းထဲဝင်ပြီး နားတော့နော်.”

အမေနန်း၏ မျက်နှာတွင် အမည်ဖော်ရန်ခက်ခဲသည့် ဟန်ဆောင် အပြုံးတစ်ချို့ ဖြတ်ပြေးသွားသည်။ ထို့နောက် ရက်စက်သည့် မျက်နှာအသွင်။ ခက်ထန်သည့်အသွင်။ ဝေ ကတော့မမြင်ပါလေ။ ကျောခိုင်းလို့ ပန်းကန်တွေ ဆေးနေသည်မဟုတ်ပါလား။

  နံနက်ခင်းလို့ အလင်းရောက်ခဲ့ပြီ...

“ဒုန်း ဒုန်း ဒုန်း ဆရာမလေး ဆရာမလေး ”

အခန်းအပြင်မှ အမေနန်း၏ တံခါး ထုသံကြောင့် ဝေ နိုးလာရပြန်သည်။ ဒီနေ့တော့ ဘာအိမ်မက်မှ မမက် ပင်ပန်းစွာ အိပ်မောကျသွားချင်းဖြစ်သည်။ အခန်းတံခါးကို ထဖွင့်ပေးလိုက်တော့

          “ဟင် ..ဆရာမလေး ဘာမှမဖြစ်ဘူးလား”

အမေနန်း၏ အမေးကြောင့် သူမမျက်လုံးပြူးပြီး ကြည့်မိသည်။ မေးပုံကြီးက ညက အိမ်မှာ တစ်ခုခုများဖြစ်လို့လား။ သူမ တော်တော်အိပ်ပျော်သွားသလား။ ဝေ ၏ အံ့သြသည့် အကြည့်ကြောင့် အမေနန်း အမူအရာကို ပြန်ပြင်လိုက်ရင်း
         
          “သြော်.ဒီ ..ဒီလိုပါ. ညက မုန်ညင်းချဉ်တွေစားတယ်လေ။ မနက်က နိုးတော့ နွားနို့တွေလည်း ကုန်နေ တာ တွေ့တယ်။ ပြီး အိပ်ယာထလဲနောက်ကျလို့လေ.. ၀မ်းများပျက်နေလား. ဘာလား ဆိုပြီးတော့ ”

ဒီတော့မှ ဝေ သဘောပေါက်သည်။ အမေနန်းရယ် ကြံဖန်ပြီး တွေးပူတတ်ရန်ကော။ ဒီလိုဆိုတော့လည်း အမေနန်းက ငါ့ ကိုချစ်ရှာသားလို့ သဘောပေါက်လိုက်ပြီး ပြုံးမိလိုက်သည်။

          “ဟုတ်တယ် မေနန်းရဲ့ နွားနို့က သောက်မလို့ပဲ ပန်းကန်လုံးထဲထည့်ပြီး စားပွဲ အစွန်းမှာ တင်ထားတာ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ် မသိဘူး ကြမ်းပြင်ပေါ် အကုန်မှောက်ကျကုန်တယ်လေ။ အဲဒါ ညက ပန်းကန်လုံး တစ်လုံး ကွဲသွားတယ် မေနန်း ရဲ့ ”

          “သြော် ဟုတ်လား။ ရ ..ရ ပါတယ် ပန်းကန်လုံးကွဲ သွားတာက ကိစ္စမရှိပါဘူး . အဆင်သင့်ပြင်ပြီး အောက်ဆင်း ခဲ့တော့နော် နောက်ကျနေပြီ”
         
          “ဟုတ် မေနန်း .. ရွှတ်”

ရုတ်တရက် ဝေ ၏ အပြုအမူကြောင့် ဒေါ်နန်းမှင်သက်မိသွားသည်။ ဟုတ် မေနန်း ဆိုပြီး ဒေါ်နန်း၏ ပါးတစ်ဖက်ကို ရွှတ်ကနဲ အားရပါးရ ဖက်နမ်းသွားသည်မဟုတ်ပါလား။ သား..လဲအဲလိုပဲ သူမကို နမ်းတတ်သည်။ ဝေနမ်းလိုက်သော ပါးတစ်ဖက်ကိုပွတ်ရင်း ရင်ထဲမှာ လှိုက်ကနဲနွေးသွားသလို မျက်ရည်တို့က ပါးပြင်ပေါ် တစ်လိမ့်လိမ့်ဆင်းလာသည်။ တစ်ကယ်လို့သာ ညက နွားနို့ကို ဝေသာ သောက်လိုက်မိရင်ဖြင့် ဒီမနက်တွင် ဝေသည် အသက် ဝိညာဉ်ကင်းမဲ့နေ လောက်ပြီ။ နွားနို့ထဲတွင် အိပ်ဆေးအများအပြားထည့်ကာ ကျိုချက်ထားခဲ့သည်ကို ဒေါ်နန်းတစ်ယောက်သာလျှင် သိသည်။

 “လာ လာ သမီး . မနက်စာ စား။ ဒီကနေ့ ထမင်းချိုင့်ပါ ပြင်ပေးထားတယ်သိလား။ ”

ရေမိုးချိုး အောက်ဆင်းလာတော့ မေနန်း၏ နွေးနွေးထွေးထွေးပြန်လည်ဆက်ဆံမှုကြောင့် ဝေ ပီတိဖြစ်သွား မိ သည်။ 

“ မေနန်းရဲ့ သမီးကို ဆရာမလေးလို့ မခေါ်ပါနဲ့ သမီးလို့ပဲခေါ်ပါ။ ဝေ ကလေ မေနန်းကို မြင်မြင် ချင်း သမီးရဲ့ အမေလိုပဲ ခင်တွယ်မိတယ် ချစ်မိတယ်။ ငယ်ငယ်လေးထဲက အမေကိုငတ်ခဲ့တာလေ။ ခုမေနန်းကို မြင်တော့ မေမေ အစားရပြီဆို ပျော်နေတာ။ သမီးကို သမီးရင်း တစ်ယောက်လို ချစ်ပါနော် မေနန်း”

ဝေ့ အပြောကြောင့် ဒေါ်နန်းညက ကိစ္စကို နောင်တ အတော်ရသွားမိသည်။ မနေ့က သားဓာတ်ပုံတွေကြည့် ရင်း သားဇောကပ်သွားမိသည်ထင် တစ်ကယ်တမ်းက သားသည် မသေသင့်ပဲ သေခဲ့ရတာ။ ပြီးတော့ ရိုးရိုးသာမန် ရောဂါကြောင့် သေတယ်ဆိုလည်း ဖြေသာသေးတယ်။ ခုဟာက သူများက သတ်လို့သေရတာ။ နောက်ကျောကို ဓါးနဲ့ အချက်ပေါင်းများစွာတဲ့။ စဉ်းစားကြည့် မိခင်တစ်ယောက်ရဲ့ သောက ငါ့သားလေး မသေခင် ဘယ်လောက်များ နာကျင်ခဲ့လေမလဲ အဲဒီလိုတွေးမိတဲ့ အချိန်တိုင်း ဒေါ်နန်းရဲ့ အသည်းနှလုံးကို တစ်စုံတစ်ယောက်က လက်နှင့်ခြေဖွ ဆုပ် ကိုင်ထားသည့်နှယ် ခံစားရတယ်။ ပြီးတော့ ပြီးတော့..

“မေနန်း ဘာတွေတွေးနေတာလဲ ဝေ ခေါ်နေတာကြာပြီ ”

“သြော် အေး ..သမီး ပြော. ”

“ဟိုလေ ညနေကျရင်လေ အိမ်ကနေလှမ်းကြည့်ရင် မြင်ရတဲ့ စေတီလေးလေ အဲဒါသွားဖူးမလို့ မေနန်း လိုက်ခဲ့ပါလားလို့ ပြီးတော့ သမီး ဓာတ်ပုံလဲရိုက်ချင်လို့”

“သမီးရဲ့ ကြည့်ရင်သာနီးတယ်ထင်ရတာ လမ်းလျှောက်သွားဝေးကြည့်ကွဲ့ ဆိုင်ကယ်နဲ့သွားမှ ရမှာ”

“ဟင် အဲလိုလား”

“ဟုတ်ပ”

“ဝေမှ ဆိုင်ကယ်မစီးတတ်တာ။ ဒေါက်တာသော်ကောင်းကတော့ သူလိုက်ပို့ပေး မယ်ပြောသား။ မေနန်းနဲ့ တူတူ သွားချင်လို့ ရတယ် ကိုယ့်ဘာသာကိုယ်သွားမယ်လို့ ပြောခဲ့တာ”

“လူငယ်တွေပဲ သွားပါသမီးရယ်။ မေနန်း က အသက်လဲကြီးပါပြီ။”

 “ဝေ ..ဝေ ..”

အနားကပ်ပြီး ခေါ်နေသလိုလိုပင် ။ ညနေက ဘုရားသွားဖူးပြီး ဆိုင်ကယ်စီးထားသည့် အရှိန်ကြောင့် လူကပင်ပန်း နုံးချိနေပြီ။ မျက်ခွံတို့ လေးလံလွန်းလှပြီ။ အသံရှင်၏ အဆက်မပြတ်ခေါ်သံကြောင့်သာ သူမအားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ သူမအိပ်သည့် ကုတင်ဘေးတွင် လူရွယ်တစ်ရောက် မတ်တပ်ရပ်နေသည်။ ဟင် ငါ့ အိပ်ခန်းထဲ ယောက်ကျားလေးတစ်ယောက် ယောက်နေပါလားဆိုသည့် အသိကြောင့် သူမဆတ်ကနဲ ထထိုင်လိုက်မိ သည်။

ကြည်လင်သွားသော မျက်ဝန်းထဲတွင် ၀င်လာသည့်ပုံရိပ်သည် ကိုလေး။ ဟုတ်တယ် ထိုယောက်ကျားသည် ကိုလေး ဖြစ်သည်။ 

          “ကိုလေး .”

 ဝေ ၀မ်းသာအားရပြေးဖက်မိသည်။ သို့ပေမယ့် ဝေ့ခြေထောက်တွေ လှုပ်ရှားလို့မရ။ ခြေထောက်မှ မဟုတ် ဝေ့တစ်ကိုယ်လုံး လှုပ်ရှားလို့မရ။ ကိုလေး၏ ပုံစံက ဝေ့အတွက်စိုးရိမ်နေပုံရသည်။  ဝေ့နှုတ်မှ အသံတို့ တစ်စုံတစ်ရာ မထွက်။

          “ဝေ.. ဒီအိမ်မှာ မနေနဲ့။ ဝေ့အတွက် အန္တရာယ်ရှိတယ်။ ပြန်တော့.. ရန်ကုန်ကိုပြန်တော့ ..”

ကိုလေးပြောသည့် စကားကို ဝေ ကြားရသည်။ ဝေ ပြန်မေးချင်သည်။

     “ဝေ့ကို ဘာလို့ ပြန်ခိုင်းနေတာလဲ”

ဝေ့ စိတ်ထဲမှ အမေးကို သိနေသည့်အလား.

  “ကိုလေးကို ဘာမှ ပြန်မမေးနဲ့ တောင်းပန်ပါတယ် ဝေရယ် ရန်ကုန်ကို ပြန်တော့နော်. ပြန်တော့”

အစိုးရိမ်ကြီးသော မျက်ဝန်းတို့ဖြင့် ကိုလေး တိုးလျှိုးတောင်းပန်သည်။ ပြီး မြင်ကွင်းမှနေပြီး အခိုးအငွေ့သဏ္ဌာန် ဖြင့် ပျောက်ကွယ်သွားသည်။ ဒီတော့မှ ဝေ့ နှုတ်မှ စကားသံတို့ ပလုံးပထွေးထွက်ကျလာသည်။

    “ကိုလေး နေအုန်းလေ ကိုလေး.”

 ဒီတော့မှ သတိထားမိသည် ။ ကိုလေး က သေသွားပြီပဲ ။ ဘယ်လိုလုပ် ဝေ့ အခန်းထဲ ရောက်လာရသနည်း။ စိတ်သည် မကြောက်လန့်သော်ငြား လှုပ်ရှားမိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဒါ. အိမ်မက်မဟုတ် တစ်ကယ် ဖြစ်သည်။ ကိုလေး ဘာကြောင့် ဒီအိမ်မှာ ဝေ့ကို မနေစေချင်သနည်း။ ဝေ့ကို စိတ်နာသွားလို့လား။ ဒါမှ မဟုတ်.. ဝေ့ကိုမုန်းသွားလို့လား။ တည်ငြိမ်နေသော စိတ်သည် ၀ရုန်းသုန်းကား ဖြစ်ကြရပြန်သည်။ ညည့်လယ် သန်းခေါင်ယံတွင်  အထီးကျန်စွာ လွမ်းဆွတ်တမ်းတခြင်းတို့ဖြင့် ငိုကြွေးမိသည်။ သန်းခေါင်ယံသည် ရှိုက်သံတို့ဖြင့် ဖုံးလွှမ်းသွားပြန်လေသည်။


----
ချစ်သော မောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ အပိုင်း (၃) ကို မကြာခင် တင်ပေးပါ့မယ်။ 
သရုပ်ဖော်ပုံလေးကိုတော့ဖြင့် ရှာဖွေအသုံးပြုထားတာပါရှင်။  

သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့လေသော အခါ (အပိုင်း - ၁)



        



 ဝေ ဒီမြို့ ဒီနေရာလေးကို  နောက်တစ်ခေါက် ပြန်ရောက်လာလိမ့်မည်လို့ တစ်ခါမျှ မစဉ်းစားခဲ့ဘူး။ စိမ့်ကနဲ အေးသွားသည့် အသိကြောင့် အနွေးထည်ရင်ဘတ်ကို ဆွဲစေ့လိုက်မိသည်။ သြော်ရာသီက ဆောင်းဝင်စ မကြာခင် မြူတွေဆိုင်းပြီး ပန်းတွေဝေတော့မည့် ဒီတောင်ပေါ်ဒေသလေး။ ချစ်သူနှင့် ပထမဆုံး ခရီးထွက်ခဲ့ဖူးသည့် သည်ဒေသ။ အလွမ်းတွေနှင့် ပစ်ခွာပြေးခဲ့ဘူးသည့် သည်ဒေသ။ တမ်းတမ်းတတ လွမ်းမောခဲ့ရသည့် သည်ဒေသ။ အခုတော့ ဒုတိယမိ ဒီမြေကို နင်းခဲ့မိပြန်သည်။ အဟောင်းတွေတော့ အသစ်ပြန်မဖြစ်နိုင်တော့ပါဘူးလေ။

          ပြီးသည်ကလည်း ပြီးခဲ့ပြီး ကန့်လန့်ကာကြီးလဲ ချခဲ့ပြီ ကမယ့်သူလဲ မရှိတော့ပြီပဲ။ ဒီနေရာ ဒီဇာတ်ခုံမှာ ရပ်ရင်းဆွေးနေမိသည့် ဝေ သာလျှင် ရူးလှပါလားလို့ ကိုယ့်ကိုယ်ကို ပြန်ရှက်ခဲ့နေမိသေးသည်။

          “ဆရာမလေး အပြင်မှာအေးတယ်။ တော်ကြာရေပြောင်း မြေပြောင်း ဖျားနာနေမှဖြင့်”

အတွေးတို့မည်မျှ ဖြန့်ကျက်မိနေသည် မသိ။ အိမ်မှာတူတူနေသည့် ဒေါ်နန်း လာခေါ်မှပင် အနည်း ငယ်မှောင်နေသည် ကို သတိပြုမိသည်။

          “ဆရာမလေး အရင်က ဒီနေရာကို ရောက်ဖူးသေးတယ်ဆို။ ”

          “ဟုတ်တယ် ဒေါ်နန်းရဲ့ အဲဒီတုန်းက ..”

ပြောနေရင်း အတိတ်ကို ပြန်မြင်ယောင်လာမိတော့ မျက်ရည်တို့ ဝေ့၀ဲသွားမိသည်။ ဒေါ်နန်းက အခြေအနေကို ရိပ်စား မိပုံနှင့် စကားကို တိကနဲ ပြန်ဖြတ်သည်။

          “ဆရာမလေး ခရီးပန်းလာတယ် မဟုတ်လား စောစောအိပ်ပါလား။ မနက်လဲ စောစော ဆေးရုံထသွားရမှာ။”

          “ဟုတ် ဒေါ်နန်း အဲဒါဆို ဝေ သွားအိပ်တော့မယ်နော်”     

အပေါ်ထပ်ရှိ အိပ်ခန်းထဲမှ အိပ်ယာပေါ်လှဲချလိုက်မိသည်။ အတွေးတွေ မလာပါနဲ့။ ပင်ပန်းလှပြီ။ အိပ်ပါရစေတော့။  အတိတ်မှ အရိပ်တို့သည် ပျောက်ကွယ်သွားလောက်ပြီဟု တွေးထင်ထားမိသည်။ ထို့ကြောင့်လဲ ဒီနေရာလေးကို တစ်ခေါက်ပြန်ရောက်ရှိခဲ့မိသည်။ သို့ပေမယ့် အတိတ်သည် သစ်လွင်နေစဲ။

          “သမီး သေချာရဲ့လား။ ဒီမြို့လေးကို နောက်တစ်ခေါက်သွားဖို့ သမီးမှာ ယုံကြည်ချက်တစ်ကယ်ပဲ ရှိရဲ့လား ”

 အဲဒီတုန်းကဖြင့် ဖေဖေ့ရဲ့ အမေးကို ပြတ်သားစွာနှင့် ပြန်ဖြေခဲ့သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိပါသည် လို့။ ခုတော့ ဒီမြို့လေးကိုခြေချလိုက်ပြီ ဆိုကထဲက အမည်မဖော်နိုင်သော ဆို့နှစ်မှုတစ်ခုကို ခံစားရသည်။ အလွန်အမင်း ၀မ်းနည်းလွန်းသောစိတ်ဖြင့် အားရပါးရ ငိုချလိုက်မိ ချင်သည်။ သို့သော် မျက်ရည်မရှိ။ ဒီမြို့လေးကိုလာခဲ့မိတာ ငါမှားသွားပြီလား။ အရင်တုန်းက ဖေဖေနှင့် အလုပ်အတူတွဲလုပ်ဖူးသည့် ဒေါ်နန်းသာ သည်မြို့လေးမှာ ရှိမနေခဲ့လျှင် ဖေဖေ သည်လည်း ခုလိုစိတ်ချလက်ချ ဝေ တစ်ယောက်တည်း ဒီမြို့လေးကို လွှတ်လိမ့်မည်မဟုတ်။

မျက်ရည်မရှိပဲ ရင်တွင်းမှလှိုက်ပြီး ရှိုက်မိသည်။ ထိုသို့ရှိုက်လိုက်မိသည့် ခဏ ဝေ့ စိတ်ထဲ အမည်နာမတစ်ခုကို တမ်းတမ်းတတ ခေါ်မိသည်။ ကိုလေး ရေ.. သည်မြေကို ဒုတိယမိ ဝေ ပြန်ရောက်ခဲ့ပြန်ပြီ။ ညတာသည် ရှည်လွန်းလှပေ စွ။ လေးလံလှသောမျက်ခွံတို့သည် သူ့အလိုလို ပိတ်သွားသော်ငြား စိတ်နှင့် အတွေးတို့သည် မအိပ်တတ်သေး။

“ဝေ..ဝေ.”

ရှေ့မြင်ကွင်းသည် မြူတို့ဖြင့်ဆိုင်းနေသည်။ ထိုနှင်းမြူများထဲတွင် မပီဝိုးတစ်ဝါး ပုံရိပ်တစ်ခု။ ပြီးတော့ ထိုပုံရိပ် သည် သူမ၏ နာမည်ကိုသိသည်။ အသံသည်လည်း ရင်းနှီးသည်ဟု ထင်သည်။ ၀ိုးတစ်ဝါး ထိုပုံရိပ်နားသို့ ဝေ သတိ အနေအထားဖြင့် ကပ်သွားမိသည်။ အနားနီးလို့ အသေအချာကြည့်လိုက်မိမှ

“ဟင် ကိုလေး.. ”

 ဝေ ၀မ်းသာ အားရ ကိုလေးကို ပြေးဖက်လိုက်မိသည်။ ကိုလေးကလည်း အပြုံးဖြင့် စီးကြိုလို့ ပွေ့ဖက်သည်။ ကိုလေး ရင်ခွင်ထဲ ပြေးဝင်နားရသည့် ဒီခဏသည်ပင်လျှင် နူးညံ့နွေးထွေးမှု ကြည်နူးမှုတို့ဖြင့် ထုံမွှန်း၏။ ကိုလေးမျက်နှာသည်လည်း ပြုံးလို့။ ကိုလေး၏မျက်နှာကို မော့ကြည့်ရင်း ရှက်စနိုးဖြင့် ဒုတိယအကြိမ် ရင်ခွင်ထဲ ဝေ တိုးဝင်မိပြန်သည်။ ဟင် .ကိုလေး ကို ဖက်ထားသော လက်သည် တစ်ခုခုတို့သည် စွတ်စိုလာသည်ဟု သတိပြုမိသည်။ ကိုလေး၏ ကျောဘက်ကို  အလျင်စလို လိုက်စမ်းမိသည်။ ဟင် ကျောပြင်တစ်ခုလုံးစွတ်စိုနေပါလား။ ဘာပါလိမ့် ။ လက်ကို အသာအယာ ပြန်နှုတ်ရင်း ၀ိုးတစ်ဝါးကြားထဲ လက်ဝါးပြင်ကို ပြန်ကြည့်မိသည်။ ဘုရား ဘုရား နီနီရဲရဲ သွေးတွေပါလား။

          “ဟင် .. သွေး သွေး သွေး တွေ.. ကိုလေး”

ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေတွင် ကိုလေးသည် သူမ၏ မြင်ကွင်းထဲမှ ရုတ်ခြည်း ပျောက်ကွယ်သွားလေ ပြီ။


    “ကိုလေး.. ကိုလေး” မြူတို့ကြားထဲ ကိုလေးကို တွေ့လိုတွေ့ငြား သူမလှိုက်လှိုက်လှဲလှဲ အော်ခေါ်မိသည်။ အော်ခေါ် ရလွန်း၍ ဝေ့ အသံတွေ တိမ်ဝင်သွားသည်။ ဒူးတွေညွတ်ကျသွားသည်။ ကိုယ်မြတ်နိုးသောအရာတစ်ခုကို လက်လွတ်ဆုံးရှုံးလိုက်ရပြီ ဆိုသည့် အသိစိတ်သည် အားအင်တွေမဲ့သွားစေသည်။ ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ရှိသမျှအားတို့ကိုစုကာ ကုန်းအော်လိုက်မိသည်


          “ကိုလေး .. ဘယ်မှာလဲ ဝေ့ ဆီကို ပြန်လာခဲ့ပါ။ ကိုလေး ရေ…”

“ဆရာမလေး ဆရာမလေး. ဆရာမလေး ဘာဖြစ်တာလဲ .. ဘာဖြစ်တာလဲ”

  အခန်းတံခါးကို တစ်ဒုန်းဒုန်းထုသံနှင့် ဒေါ်နန်း၏ စိုးရိမ်တစ်ကြီးအသံကြောင့် ဝေ နိုးလာခဲ့သည်။ မနက်မိုးတောင် လင်းနေပြီပဲ။ ခန္ဓာကိုယ်သည် ချွေးတို့ဖြင့် ရွှဲနှစ်လျှက်ရှိသည်။ ကုတင်ပေါ်မှာဆင်းကာ အခန်းတံခါးကို သွားဖွင့် ပေးလိုက်သည်။

          “ဆရာမလေး .. အိုး ဒီလောက်ချမ်းနေတာကိုး ချွေးတွေ ရွှဲနှစ်လို့ပါလား မှန်း. နေမကောင်းဘူးလား ဖျားနေလား ”

ဒေါ်နန်းသည် စိုး၇ိမ်တစ်ကြီးဖြင့် နဖူးကိုစမ်းကြည့်သည်။ သူမ၏ အပြုအမူကြောင့် ရင်ထဲ လှိုက်ကနဲ နွေးသွားမိသည်။ ဝေ ငယ်ငယ်လေးထဲက အမိငတ်ခဲ့ရသည် မဟုတ်လား။

          “မ.. မဖျားပါဘူး အမေနန်းရဲ့ အိမ်..အိမ် မက်မက်နေတာ. ”

ဝေ ၏ အမေနန်းဟု ခေါ်ဆိုမှုကို ဒေါ်နန်းသဘောကျသွားပုံရသည်။ စိုးရိမ်နေရာမှ ပီတိအပြုံးသည် ရုတ်ချည်း အစားထိုး ၀င်ရောက်လာသည်။

“အေး အေး သမီး. အဲဒါဆို ရေမိုးချိုး အောက်ဆင်းခဲ့ မနက်စာအမေနန်း ပြင်ထားလိုက်မယ်။ ရေနွေးလေးနဲ့ ချိုးနော်။ ပြီးရင် ခဏဆို ဆေးရုံက ကားလွှတ်ပေးမယ်လို့ပြောတယ်”

သူ့ကိုယ်သူ အမေနန်း ဟု သုံးနှုန်းလိုက်သည့် အတွက် ဝေ ပိုပြီး သဘောကျသွားမိသည်။ ပြီးတော့ မိခင်ပေါ် ဆိုးနွဲ့ တတ်သည့် သမီးတစ်ယောက်အမူအရာဖြင့်

          “ဟုတ် မေနန်း အဲဒါဆို သမီး ရေသွားချိုးတော့မယ်နော်.”

          “အေး အေး သမီလေး”

          ပီတိသံ ရောစွက်စွာဖြင့် အမေနန်း၏ အေးအေး သမီးဆိုသည့် အသံသည် ဝေ့ နားထဲတွင်တော့ သာယာလှသည့် စမ်းရေ စီးသံပမာပင်။ သံယောဇဉ် ငတ်သူနှစ်ဦး၏ သံယောဇဉ် အနှောင်အဖွဲ့သည် လျင်မြန်စွာ ဖွဲ့တည်ခဲ့လေပြီ ဖြစ် သည်။

          “မေနန်း သွားပြီနော်. ”

ခြံထဲမှထွက်ခွာသွားသော ကားလေးကိုကြည့်ရင်း အမေနန်းပြုံးနေမိသည်။ ပြီး ချက်ချင်း မျက်နှာသည် ခက်ထန် သွားသည်။ အသံပြင်းပြင်း တောက် ခေါက်သံတစ်ချက် ထွက်သွားသည်။

“တောက်.. ”

 ပြီး အိမ်တံခါးကို ၀ုန်းကနဲ အသံမြည်အောင် ဆောင့်ပိတ်ပစ်လိုက်သည်။ ထို့နောက် သော့ တစ်ချောင်းကိုယူကာ တစ်အိမ်လုံးတွင်မှ သော့ခတ်ထားသော အခန်းတစ်ခန်းကို ဖွင့်လိုက်သည်။ ထိုအခန်းထဲတွင် ဂစ်တာအို တစ်လက်ရှိ သည်။ လူလတ်ပိုင်းအရွယ် ယောက်ကျားတစ်ယောက်၏ ဓာတ်ပုံအများအပြားရှိသည်။ နံရံမှာ ချိတ်ထားသည့်ပုံ စားပွဲပေါ်တင်ထားသည့်ပုံ ဆိုဒ်စုံ အရွယ်စုံ. ဓာတ်ပုံထဲမှထိုလူရွယ်၏ အပြုံးတို့သည် အေးမြလွန်းလှ သည် တည်ကြည်လွန်းလှသည်။ အထူးသဖြင့် မျက်ခုံးခပ်ထူထူ စူးရှလှသည့် အကြည့်တို့သည် စွဲမက်ဖွယ်ရာ။

          ထိုဓာတ်ပုံတို့ကို တစ်မေ့တစ်မော မော့ကြည့်နေသည့် အမေနန်း သည် မျက်ရည်တို့စိုရွှဲ အိုင်ထွန်းလျှက်။ ပြီးနောက် တစ်ဆတ်ဆတ်တုန်နေသော  နှုတ်ခမ်းတို့မှ အသံတစ်သံထွက်လာသည်

          “သား..”


----
နောက်ထပ် အပိုင်း(၂) မကြာခင်တင်ပေးပါမယ်လို့ ပြောရင်း ချစ်သောမောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေရှင်.။ 

သရုပ်ဖော်ပုံလေးကတော့ဖြင့် google ကနေရှာဖွေအသုံးပြုထားပါတယ်ရှင့်

Thursday 23 October 2014

လှောင်အိမ်ထဲက သူ







အကြည့်တစ်ချက် အပြုံးတစ်စသည် လူတစ်ယောက်ကို အဘယ်မျှ ဆွဲဆောင်နိုင်သနည်း ။ သူများတွေတော့ မသိပါ။ ကျွန်မသည် ထိုအပြုံး အကြည့်တို့ထဲတွင် တွယ်ညှိနေမိသည်မှာ ကြာရှည်လှပြီ။ အချစ်သည် လူကို မည်မျှ ရူးသွပ်သွားစေသနည်း။ ကျွန်မကိုယ်တိုင် ရူးသွပ်မိနေ သည်ကတော့ ဖြင့် သေချာလှသည်။

အမှန်စင်စစ် သူနှင့်ကျွန်မသည် ချစ်နေစဲ ချစ်နေလျှက်ဖြင့် ကျောခိုင်းခဲ့ကြသည်။ သူသည် လွတ်လပ်စွာပျံသန်း လိုသူ ကျွန်မသည် လှောင်အိမ်တံခါးကို ဖွင့်ပေးခဲ့သူ ဖြစ်သည်။ ချဉ်တိုင်ကို သူမုန်းသည်။ ကျွန်မသည်လည်း ချဉ်တိုင်မ ဖြစ်လို။ လှောင်အိမ်ထဲမှနေပြီ ပြာလွင့်သည့် ကောင်းကင်ပြာကို အာသာငမ်းငမ်း သူမက်မောနေလျှင်လည်း ကျွန်မ ကိုယ်တိုင် စိတ်ချမ်းသာ ပျော်ရွှင်လှမည်မဟုတ်။ ထို့ကြောင့်လှောင်အိမ်တံခါးကို ဖွင့်ပေးသူသည် ကျွန်မကိုယ်တိုင် သာလျှင် ဖြစ်သည်။

သူနှင့်ကျွန်မ လမ်းခွဲသည့်နေ့ကဆိုလျှင် ကျွန်မကို အထူးအဆန်းသဖွယ်ကြည့်သည်။ “မင်း မချစ်တတ်တော့ ဘူးလား”ဟု မေးသည်။ “ရှင်ကရော အချစ်နဲ့ လွတ်လပ်မှု ဘယ်ဟာကို ရွေးမလဲ ” ဟု ပြန်မေးခဲ့မိသည်။ သူသည် စိတ်ရှုပ်သွားသည့်အလား ခေါင်းကိုခါရမ်းရင်း -

          “ကိုယ် မင်းကို တစ်ကယ်ချစ်ခဲ့တာပါ နွေး. ဒါပေမယ့် ” ဒါပေမယ့် နောက်က စကားတို့ကိုဖြင့် ကျွန်မမကြားလို တော့ပါ။  တစ်ကယ်သာချစ်လျှင် လွတ်လပ်မှုကို စွန့်လွတ်နိုင်ပါတယ်။ သူက ကျွန်မကို တစ်ကယ်မချစ်လို့ပါလို့ ထင်ကြလိမ့်မည်။ သူ ကျွန်မကို ချစ်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ ဒါပေမယ့် ကျွန်မထက် သူ့ကိုယ်သူ ပိုချစ်သည်။ အစထဲက ကျွန်မရိပ်စားမိခဲ့သည်။ သူသည် တာဝန်ဟူသည်ကို ထမ်းမထားချင်သော သူတစ်ယောက်။ သူစိတ်ကို သူပျော်သလို မောင်းနှင်သော လူတစ်ယောက်။ လှလှပပ ခပ်ကြော့ကြော့နေမည်။ သူ့ပုခုံးတွင် လေးသော အရာများကို အတင်မခံသော လူတစ်ယောက်ဖြစ်သည်။

          ထို့ကြောင့်ပင် ကျွန်မသည် သူ့အတွက် လေးလံသော ၀န်ထုပ်ဝန်ပိုး အဖြစ်မခံလိုပါ။ ရှင်သွားပါ။ ကျွန်မတို့ အချစ်ကို ဒီနေရာမှာတင် သတ်လိုက်ကြတာပေါ့လို့ ဇာတ်လမ်းကိုဆုံးခဲ့သည်။ အချစ်ကို တန်ဖိုးထား ကိုးကွယ်သူ  ကျွန်မသည် အချစ်ကို ချစ်သာလျှင် ချစ်တတ်ပြီး မကိုးကွယ်သော ချစ်သူနှင့်ဆုံဆည်းခဲ့ရသည်မှာ  ကံကိုသာ ပုံချ လိုက်ရုံရှိသည်။ သူလဲသူလမ်းသူလျှောက် ကိုယ်လဲကိုယ်လမ်းကိုယ်လျှောက်။

          ကျွန်မ ကြေကွဲခဲ့ဖူးပါသည်။ နောင်တတော့ဖြင့် နည်းနည်းလေးမှမရခဲ့ပါ။ ကျွန်မ၏ စဉ်းစားဆုံးဖြတ်နိုင်မှုသည် မှန်သည်ဟု တစ်ထစ်ချယုံကြည်မိသည်။ ကျွန်မလျှောက်ခဲ့သော လမ်းတွင် သူ့ကိုအရိပ်အယောင်မျှပင် ပြန်မတွေ့ခဲ့ရ။ သြော်..လွတ်လပ်ချင်သူများ လွတ်ပေးလိုက်တော့လဲ ပျံသန်းသွားလိုက်တာ အရိပ်မျှတောင် မမြင်ရဟု တွေးမိခဲ့သေး သည်။ အေးလေ ကျောခိုင်းပြီဆိုမှ ဘာလို့များလည်ပြန် ပြန်လှည့်ကြည့်နေမလဲ။ ပြတ်သားသည့် သူ့လုပ်ရပ်သည်မှန်၏ ဆုံးဖြတ်ပြီး တွေဝေစွာမျှော်မိသော ကျွန်မသာမှား၏။

          ဒါပေမယ့် သူသည် ကျွန်မ၏ ချစ်ရသူဖြစ်နေစဲ။ သူ့ကို ကျွန်မချစ်သည်။ သူ့ကိုကျွန်မ မုန်းလိုက်လို့မရ။ သူပြုသမျှတို့သည် နာစရာဖြစ်သော်လည်း ကျွန်မသည် ကိုယ်နာသည်ထက် သူခံစားသွားရမှာကို စိုးရွံတတ်သော မိန်းမလဲ ဖြစ်ခဲ့သေးသည်။ ချစ်ပင်ချစ်သော်လည်း သူ့ကို ပိုင်ဆိုင်လိုသည့် စိတ်မျိုး ကျွန်မထံတွင်မရှိ။ သူ့အနားမှာ နေရမှ ကျွန်မဘ၀သာယာသည်ဟု မထင်။ ကိုယ့်ဘ၀ကို ကိုယ်တိုင် စိမ်းလန်းအောင် စိုက်တတ်ပြုပြင်တတ်သော ကျွန်မဖြစ်သည်။ သူနှင့်ဝေးသွားခဲ့ ၍ ၀မ်းမနည်းခဲ့ပါ။ မငိုခဲ့။ ကျွန်မသည် နှလုံးသားကို တစ်ယုတစ်ယ ထားတတ် သော်လည်း  အချစ်နှင့် ရှင်သန်လိုသူမဟုတ်။ ဘ၀သည် ဘ၀ အချစ်သည် အချစ်။

          ထို့ကြောင့် ဘ၀ထဲတွင် ကျွန်မနှစ်မျော ပျော်ဝင်ခဲ့သည်။   ထိုအတောအတွင်း စစ်မှန်သော နှလုံးသားတစ်စုံ နှင့်တွေ့သောအခါ ကျွန်မမျှော်လင့်ခဲ့သော ပျော်ရွှင်စရာကောင်းလှသည့် မိသားစုဘ၀လေးကို အစပျိုးဖို့ ဖြစ်လာခဲ့ သည်။ ကျွန်မသည် မကြာခင်အချစ်စစ်တစ်ခု၏ရင်ခွင်သို့ ခိုဝင်နားရပေတော့မည်။ ကျွန်မပျော်ပါသည်။ ကိုယ်တိုင် ဆုံးဖြတ်ခဲ့သည်ပဲ။  ရွေးချယ်ခဲ့သည့် လမ်းသည် မှားသည်ဟု နည်းနည်းလေးမှ သံသယမဖြစ်မိ။ ကျွန်မယုံကြည်မိ သည် ဒီတစ်ခေါက် အချစ်၏ ရင်ခွင်သည် ကျွန်မ၏ ဘ၀တွင်ဆုံခဲ့ဖူးသမျှ အချစ်တို့တွင် အအေးမျှဆုံးဖြစ်သည်။

          “နွေး ..နွေး မဟုတ်လား”

          လှိုက်လှိုက်လှဲလှဲ ခေါ်သံကြောင့် ကျွန်မလှည့်ကြည့်မိသည်။ တစ်ချိန်က ပျံသန်း ထွက်ခွာ သွားလေသူပဲ ။ သူအရင်လိုပါပဲ ဘာမှ မပြောင်းလဲသေးဘူး။ သူ့အပြုံးတွေချိုတုန်း။ သူ့စကားတွေ သာယာနေတုန်း။ သံသယဖြစ်မိတာ တစ်ခုပဲ သူ့မျက်လုံး။ အရင်လိုရောင်ပြေးတွေသိပ်ပြီးမတွေ့ရ။ တည်ငြိမ်မှု လေးနက်မှုတို့ကို တွေ့လိုက်ရသလိုပင်။

          “ကိုယ် နွေးကို လိုက်ရှာနေတာ။ ကြာပြီ။ အရင်အိမ်ကို လိုက်သွားသေးတယ်။ ပြောင်းသွားပြီဆိုလို့”

          အသိအမှတ်ပြုသည်ဆိုယုံမျှ ခေါင်းညိမ့်ပြီး ပြုံးပြလိုက်မိသည်။ စိတ်သည် အရင်လိုသူနှင့်တွေ့သော အခါကဲ့ သို့ မြူးမနေ။ လှုပ်ရှားမနေ။ အရာရာသည် အေးဆေးငြိမ်သက်။ ကိုယ့်စိတ်ထဲသူသည် သူစိမ်းပြင်ပြင်။ ဒီတော့မှ  ခံစားမိသည်။ သြော်.. ငါမကျက်သေးဘူးထင်သည့် အချစ်ဒဏ်ရာသည် အရှင်းပျောက်ကင်းခဲ့ပြီပဲလို့။

          “ကိုယ် နွေးအနားကနေ အဝေးကို ထွက်မသွားသင့်ဘူး။ အဲဒီအချိန်တုန်းက ကိုယ်တိုင် ကိုယ့်ခံစားချက်ကို မဝေခွဲနိုင်ခဲ့တာ”         

သူ့မျက်ဝန်းတို့သည် အားရ၀မ်းသာမှုတို့ဖြင့် ရွှန်းစိုနေသလောက် ကျွန်မ၏ မျက်ဝန်းတို့သည် သူ့ထံတွင်မရှိ။ တစ်စုံတစ်ယောက်ကိုသာ မျှော်လင့်တောင့်တမိနေသည်။ သို့သော် သူလိမ်ညာနေသည်ဟု ကျွန်မမထင်ပါ။ 

“နွေး စောင့်နေရတာ ကြာပြီလား။ ဆောရီးကွာ မောင် နောက်ကျသွားတယ်”

          ကျွန်မနှစ်လိုစွာပြုံးလိုက်မိသည်။ ခုမှပင် ကျွန်မ၏ အပြုံးသည် အလွန်တောက်ပသွား၏။ ပြီးလှမ်းလာသည့် မောင့်ကို လက်ကမ်းကြိုလိုက်ရင်း မောင့်လက်မောင်းကိုတွဲထားလိုက်မိသည်။ သူသည် ကျွန်မကို နားမလည်နိုင်သော မျက်ဝန်းတို့ဖြင့်ကြည့်၏။

“မောင် .ဒါကျွန်မပြောပြခဲ့ဖူးတဲ့ အရင်က ပျံသန်းသွားခဲ့ဖူးတဲ့သူလေ။ အမှတ်မထင်တွေ့ကြတာ”

          မောင် ကပြုံးပြီး နှုတ်ဆက်၏။ သူ၏ မျက်ဝန်းထဲတွင် ရုတ်တရက် မျက်ရည်တို့ဝဲသွားသကဲ့သို့ ရှိ၏။

          “၀မ်းသာပါတယ် နွေး။ ငါ..ငါ..သွားတော့မယ်။ ”

          “အိုကေ ..ဘိုင်”

  သူနှင့်ကျွန်မ နောက်ဆုံးအကြိမ်တုန်းက သူနှုတ်ဆက်သွားသည့် ပုံစံမျိုး ကျွန်မသည် သူ့ကို ပြန်လည်နှုတ်ဆက်လိုက် သည်။ သူရုတ်တရက် မှင်သက်သွားသည်။ ပြီးမှ မှတ်မိသွားသလိုနှင့်

          “ဘိုင် နွေး” ဟု စကားမဆုံးသေး သူခြေလှမ်းကျဲကြီးများဖြင့် ကျောခိုင်းထွက်ခွာသွားသည်။

          “နွေး ရယ် သူ့ပုံစံကြည့် အသိသာကြီး ဘာလို့ရှုံးနေတဲ့သူကိုမှ မှတ်ပြီလား လို့မေးပြီး ရိုက်ချင် နေသေးတာတုန်း”

          “မောင်. နွေး သူ့ကို တစ်ကယ့် စိတ်ရင်းနဲ့ အပြီးအပိုင်နှုတ်ဆက်လိုက်တာပါ။”

          မောင် ကပြုံးနေရင်း

          “ငလည်မလေး ကဲပါ ထားတော့ . မင်္ဂလာဆောင် ဖိတ်စာ design ရွေးမလို့ဆို . ချိန်းထားပြီး နောက်ကျနေပြီ။”

          “အိုကေ”

ကျွန်မ၏ ပြောင်စပ်စပ် အိုကေကြောင့် မောင် အားရပါးရရယ်သည်။ ကျွန်မလဲ မောင်နဲ့အတူ လိုက်ပြီး ရယ်မောမိသည်။ စိတ်သည်ခုမှ လွတ်မြောက်သွားသူကဲ့သို့ပင် ။ ပျံသန်းသွားသူအား လှောင်အိမ် တံခါးဖွင့်ပေးအပြီးမှာ ကျွန်မ၏ စိတ်သည် လှောင်အိမ်ထဲ ရောက် သွားခဲ့သည်ကို ကိုယ်တိုင်မသိလိုက်။ တစ်ကယ်တော့ ဒီနေ့မှ ကျွန်မသည် လှောင်အိမ်ထဲမှ အပြီးထွက် နိုင်ခဲ့သောသူတစ်ယောက် ဖြစ်သည်။ 

ကဲ ..ရှင်တို့ရော ဘယ်လိုထင်ကြလဲ။ ကျွန်မက အချစ်ကို ကိုးကွယ်သူတစ်ယောက် ဖြစ်ခဲ့ပေမယ့် အချိန်ကာ လတွေ ပြောင်းရွှေ့သွားတဲ့အခါ ကျွန်မရဲ့ အချစ်ကလည်း ပြောင်းလဲသွားတယ်။ ပျံသန်းသွား သူကတော့ အချစ်ကို အချစ်လို့သိလိုက်တဲ့အချိန်မှာ သူ အချစ်နောက်ကိုလိုက်ခဲ့တယ်။ ဒါပေမယ့် 
နောက်ကျသွားပြီ။ ကျွန်မထင်ပါတယ် သူလဲ တစ်ချိန်ချိန်မှာ ကျွန်မလိုပဲ လွတ်မြောက်ပြီး  လှောင်အိမ်ထဲကနေ အပြီးထွက်နိုင်မှာပါနော်။ 

-----

ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။   အစ်မစံပယ်(ဂျက်)ရဲ့ tag ပို့စ်လေးကို အကြွေးဆပ်လိုက်ရပါကြောင်း။ သရုပ်ဖော်ပုံလေးကဖြင့် တော်သလိုရှာပြီး အသုံးပြုထားပါသည်ရှင်။