Thursday 16 October 2014

ကျေဇူးပြု၍ မုန်းမေ့ပါ





ကျွန်မသည် အချစ်ကို ချစ်ပင်ချစ်ဖူးသော်ငြား အချစ်စစ်နှင့် မတွေ့ခဲ့၍ အတုကိုပင် စစ်သည်ဟု ထင်မြင်ခဲ့ဖူးသည်။ ပထမတော့ ကိုယ်ချစ်နေရသည်ကိုပင် အချစ်ဟု ထင်၏။ ကိုယ့်တစ်ဖက်သာလျှင် သည်း သည်းလှုပ် ချစ်၏။ အပြစ်ဟူသမျှ မြူမှုံမျှပင် မခ။ ချစ်သူပြုံးနေ ပျော်နေလျှင်သော်လည်းကောင်း ချစ်သူ့ နဘေး တီတီတာတာ နေရလျှင်သော်လည်းကောင်း ကျွန်မပျော်၏။ စိတ်ညစ်စရာရှိလျှင်သော်မှ ချစ်သူ့ပုခုံး ခေါင်းလေး မှေးတင်လိုက်သည့် အခါ ကောင်းကင်တို့ပင်လျှင် ပြာပြီး ပိုလှသွားသရောင်ရောင် ထင်မိတတ်သေး၏။

စိတ်ညစ်တတ် စိတ်ဓာတ်ကျတတ်သော ချစ်သူအား တစ်ဖက်သတ် အားပေး၏။ သူက ကိုယ့်ကို တစ်ကယ်ချစ်သလား မချစ်ခဲ့ဘူး လားသေချာစဉ်စား ဆင်ခြင်နိုင်သည်ဟူ၍ မရှိ။ သူက ကိုယ့်ကို အားပေးသလား ဖေးမသလားဟု တစ်ခါမျှ မတွေးဖူး။ ကိုယ့်ကိုယ်သူက စာနာပေးတတ်သလား။ ကျွန်မကိုယ်တိုင် အားကိုးတစ်ကြီး မှီခဲ့သောပုခုံးသည် တစ်ကယ်ပင် ခိုင်မာ တောင့်တင်းစွာ ကျွန်မအတွက် အဆင်သင့်ရှိနေခဲ့ရဲ့ လား တစ်ခါမျှ မတွေး။ ယုံကြည်ခဲ့မိသည်။ ကိုယ်တိုင်က မေတ္တာ စစ်မှန်လျှင် မှန်သောမေတ္တာသာ ပြန်ရတတ်သည်ဟူ၍ပေါ့။

ထို့ကြောင့် သူ့ကိုကောင်းစေချင်သော ကျွန်မသည် ပြုပြင်သည်။ ထိန်းကွပ်သည်။ လမ်းညွန်သည်။ ငါပြင်လျှင် သူပြောင်းလဲလာမည်ဟူသည့် အစွဲကို လက်ကိုင်ထားခဲ့သည်။ သူသည်လည်း တစ်ကယ်တမ်းလိုက်၍ ပြုပြင်သော်အခါ ၀မ်းသာလို့မဆုံး ကြည်နူးလို့မဆုံး။ အချစ်စစ်သည်ဟု ကြိတ်ပြီး မာန်တက်ခဲ့မိသေးသည်။ သို့ပေမယ့် တစ်ခါတစ်ရံ သူ၏ မျက်ဝန်းများကို မကြိုက်။ သူ့အပြုအမူများကို မနှစ်သက်။ ချစ်နေတုန်း ရူးမူးခဲ့သည်ဆိုတော့ သြော် ဒါလေးများ ဟူသည့် စိတ်သည် သံသယတို့ကို မှေးမှိန်သွားစေခဲ့သည်။

တစ်ကယ်တမ်းတော့ ကျွန်မအမှားကြီးမှားသည်။ သူ့ကြောင့် ကျွန်မတစ်ခါမှ လွတ်လပ်စွာ မပျော်ရွှင်ခဲ့ရဘူး။ သူ့အတွက်အချိန်ပြည့် စိုးရိမ်ခဲ့ရသည်။ ပူပင်ခဲ့ရသည်။ ကြောင့်ကြခဲ့ရသည်။ သူ့ကို အားကိုးသည့်စိတ်မျိုး ကျွန်မ၏ စိတ်ထဲတွင် တစ်ခါမျှ ယုံယုံ ကြည်ကြည် ဖြစ်ပေါ်မလာခဲ့။ မပျော်ရွှင်သူ စိတ်ဓာတ်ကျသူသည် သူဖြစ်သည်။ အားပေးသူ ဖေးမသူသည် ကျွန်မအမြဲ ဖြစ်သည်။ ကျွန်မ၏ အခက်အခဲအား သူ့ကို တစ်ခါမျှ ဖွင့်ဟလို့ တိုင်ပင်ခဲ့ရသည်ဟူ၍မရှိ။ သူ၏အခက် အခဲအား ဖြေရှင်းပေးရသည်သာ ရှိခဲ့သည်။ ထိုအချိန်သည် အချစ်စိတ် မွှန်ခဲ့သည် ဟုပင် ပြောရမည် လေလား မသိ။ ယခုကဲ့ သို့တွေးတော ဆင်ခြင်နိုင်သည့် အတွေး အယူအဆကျွန်မတွင်မရှိ။

ကျွန်မသိသည်က သူ့ဘေးနားရှိနေလျှင် ပျော်သည်။ စိတ်သည် လွတ်လပ်ပေါ့ပါးနေသည်။ ကြည်နူးသည်။ ဤသည်ကို အချစ်ဟုထင်သည်။ တစ်ခါ ရောဂါလေး ပိုရင့်လာသော အခါ ပေးဆပ်ခြင်း ဖြင့်သာ ချစ်မည်ဟူသော ဆောင်ပုဒ်ကလေးကို တစ်ပြပြဖြစ်လာပြန်သည်။ ခုချိန် ပြန်စဉ်းစားကြည့်လျှင် ကျွန်မသည် အတော်စိတ်ကူးယဉ်ဆန်ပြီး ရူးသွပ်နေသော မိန်းမတစ်ယောက် ဖြစ်နေသည်။ ထိုအချိန်ကတော့ဖြင့် ငယ်ရွယ်စဉ် အချစ်ဦး ဖြစ်တာလဲ ပါမည်ဟု ထင်သည်။ ဒါပေမယ့် ကျွန်မ၏ အရွယ်သည် အသက်၂၀ ကျော်နေပြီဖြစ်သည်။

ထားပါ. နီးနေပြုပြင်နေစဉ်က ကိုယ်ထိန်းကျောင်းသလို ပါနေသလိုလို တစ်ကယ်တမ်းဝေးသွားသည့်အခါ မှာတော့ သူ၏စိတ်သည် ကိုယ့်ထံတွင်မရှိသည်ကို သိလာရသည်။  လူချင်းတွေ့နေ နီးစပ်နေတုန်းကဖြင့် စိတ်ထဲတစ်ကယ်ပဲ တွယ်တာသလိုလိုနှင့် အနေဝေးသွားသည့်အခါမှာတော့ သူနှင့်ကျွန်မ တစ်ကယ်ဝေးသွား ကြသည်။ အမှန်တစ်ကယ်. အချစ်သာစစ်ခဲ့လျှင် တစ်ကယ်သာ သံယောဇဉ်ကြီးခဲ့ကြလျှင် အချိန်နှင့် အကွာအဝေးသည် ထည့်တွက်စရာမလိုပေ။  တစ်ကယ်တော့ သူသည် ကျွန်မ၏ ပေးဆပ်ခြင်း ဖေးမခြင်းတို့တွင် သာယာစွာ အချစ်ဟု ထင်ခဲ့ပုံရသည်။ ကျွန်မသည်လည်း အချစ်ဦးဆိုသည်တွင် ချစ်သူနှင့်လက်ထပ်သူ သည် တစ်ယောက်သာ ဖြစ်ရမည် ဟူသော အတွေးကြီးနှင့်ပင် ကိုယ့်စိတ်၏ သာယာမှုကိုလိုက်ပြီး အချစ်ဟုထင်မြင်ယူဆ ခဲ့ပုံရသည်။ သူရော ကျွန်မရော အတုအယောင် အချစ်ကို အချစ်စစ်ဟုထင်ခဲ့သည်။

ကျွန်မကိုယ်တိုင် အချိန်အတော်ကြာသည်အထိ မရိပ်မိခဲ့။ တစ်ကယ်တော့ ကိုယ့်အတ္တကိုယ်သာ ပိုချစ်ခဲ့ကြ ခြင်းဖြစ်သည်။ ငါက ချစ်နေခဲ့ရဲ့သားနဲ့ ငါကနားလည်ပေးရဲ့သားနဲ့ ဒီလို အတွေးမျိုးတွေနှင့် စိတ်ထဲမှာ အမှတ်ရနေခဲ့ သည်။ တစ်ခါတစ်ရံ ပျော်စရာအမှတ်တရလေးတွေ တွေးပြီး လွမ်းတတ်သည်။ သူမရှိသောအခါ အထီးကျန်ဆန်သလို ခံစားခဲ့ရသည်။ ဒါကိုပင် သြော်.. ငါတစ်ကယ်ချစ်ခဲ့ဖူးပါလားဟု တွေးခဲ့သေးသည်။ အမှန်စင်စစ် သူနှင့်ကျွန်မ ချစ်ခဲ့သည့် အချိန်တွင် ကျွန်မ၏စိတ်ထဲ အေးမြခြင်းဟူသည့် ခံစားချက်မျိုးမရှိ။ အချိန်ပြည့် ပူလောင်သော အတ္တဖြူဖြူ များနှင့်သာ ကျွန်မ၏ စိတ်ကို ခြုံလွှမ်းထားခဲ့သည်။

အချိန်ပြည့် မတင်မကျစိတ်နှင့် မျိုသိပ်ခဲ့ရသည်သာ များသည်။ တစ်ဦးနှင့်တစ်ဦး ပွင့်လင်းသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်း မပွင့်လင်း ခဲ့ကြ။ ရိုးသားသည်ဟု ထင်ရသော်လည်း နှစ်ဦးစလုံး ရိုးသားမှုမရှိ။ သူဘာလဲ ကိုယ်ဘာလဲဆိုသည်ကို စောင့်ကြည့်နေ ကြသည်။ သူကျွန်မကို မယုံကြည်သလို ကျွန်မလဲ သူ့ကို ရိုးသားသည်ဟု မထင်ခဲ့။ သူ့ကို လက်ထပ်မည်ဟူသည့် ယုံကြည်လောက်သည့် စိတ်ခံစားမှုမျိုး ကျွန်မထံတွင်မရှိ။ အချိန်ပြည့် ကျွန်မ၏စိတ်ထဲတွင် သူသည် လိုအပ်နေသေး သည် ။ သံသယရှိနေသေးသည်။ ကျွန်မဘ၀၏ လက်တွဲဖော်ဟု ယုံယုံကြည်ကြည် သတ်မှတ်လို့မရ။
         
ဒါကို ကျွန်မ၏ စိတ်က သိသည်။ သို့ပေမယ့် ကိုယ့်စိတ်ကို ကိုယ်တိုင် လိမ်ညာခဲ့သည်။ ဒါကြောင့်ပင် လူကြီးသူမများမှ ဆုံးမခဲ့ကြခြင်းဖြစ်မည်။ အသက်အရွယ်ငယ်တုန်းရွယ်တုန်းတွင် အိမ်ထောင်ရေးဟူသည်ကို အလျင် စလို မဆုံးဖြတ်သင့်။ အသက်အရွယ်အရ အတွေ့အကြုံအရ တွေးခေါ်မျှော်မြင်ပုံတို့သည် ကွဲပြားသွားသည်။ ရင့်ကျက် လာသည်နှင့်အမျှ အမှားဟူသည်ကို စိတ်က လက်ခံလာနိုင်သည်။ အမှန်က ဘာဆိုသည်ကို မြင်လာနိုင်သည်။ ယခုအချိန် သူ့ကို ကျွန်မဘ၀ရဲ့ လက်တွဲဖော်အဖြင့် လက်ခံနိုင်သေးသလားဟု မေးလျှင် ကျွန်မတွင် တိကျရေရာ ပြတ်သားသည့်အဖြေတစ်ခုရှိသည်။

          သူ့ကိုသာ လက်တွဲဖော်အဖြစ် လက်ခံခဲ့လျှင် ကျွန်မ၏ ပျော်ရွှင်ခြင်းများ ပျောက်ဆုံးသွားမည်မှာ အသေအချာ ဖြစ်သည်။ သူသည်လည်း ကျွန်မ၏ အခက်အခဲကိုစာနာ နားလည်ပေးနိုင်မည်မဟုတ်။ ကျွန်မကသာ တစ်ဖတ်သတ် ဖေးမသူ ဖြစ် ခဲ့သောကြောင့် ကျွန်မ၏ ဖေးမမှုကိုသာ သူယူမည် သူ့ထံမှ ဖေးမကြင်နာမှုကို ပြန်ပေးရန်ကား သူသိမည်မထင်။ ထို့ကြောင့် ကျွန်မ၏ ပျော်ရွှင်မှုများသည် သူ့အားပေးဆပ်ရင်း ပေးဆပ်ရင်း အချိန်ကြာလာ သည်နှင့်အမျှ ခြောက်ခန်း သွားနိုင်သည်။ ကျွန်မအတွက် ပျော်ရွှင်မှုအစစ်သည် "သူ" မဖြစ်နိုင်သည်မှာ သေချာခဲ့ပြီ။

          အချို့လည်း ငယ်ရွယ်စွာ အိမ်ထောင်ကျပြီး သေတစ်ပန်သက်တစ်ဆုံး လက်တွဲသွားကြသည့် ဘ၀များလည်း ရှိပါသည်။ ကျွန်မဆိုလိုသည်မှာ ဘ၀ကံအကြောင်းပေး မလှခဲ့၍ ကျွန်မကဲ့သို့ အချစ်နှင့်လွဲချော်ခဲ့သူများ ရှိသော်  အသည်းကွဲသည်ဟူသည့် စကားလုံးကို နာမည်တပ်မစောပါနှင့်။ သူနှင့်ကိုယ် ပတ်သတ်ခဲ့သမျှကို သေချာပြန်စဉ်းစား ပါ။ သူ့ကြောင့် ကိုယ်တစ်ကယ်ပျော်ရွှင်ခဲ့ရဲ့လား။ ကိုယ့်အတွက်သူတစ်ကယ်ပဲ လိုအပ်ခဲ့ရဲ့လား။ သေချာပြန်တွေးပါ။

          အများအားဖြင့်တော့ ထိုကဲ့ သို့သောအချိန်တွင် စဉ်းစားတွေးခေါ်နိုင်မှုသည် အလွန်နည်းသည်။ ကျွန်မ ကိုင်တိုင်သော်မှ ရူးခဲ့ဘူးသည်။ အချိန်ယူပါ။  ကိုယ့်ခံစားချက် ကိုယ့်အတွေးကို ကိုယ်တိုင်မလိမ်ညာ ပါနှင့်။ မည်သူပင် ဖြစ်စေ သူနှင့်ကိုယ် တွဲနေရင်း စကားပြောနေရင်း အကြည့်လေးတွေမှာပဲ ဖြစ်စေ မိမိစိတ်ထဲ ထင့်ကနဲ ဖြစ်သွားတတ်သည့် အခြေအနေမျိုး ကြုံဘူးကြပေလိမ့်မည်။ လတ်တစ်လော မွှန်နေသော အချစ်နှင့် မကွယ်ပါနှင့်။ အမှန်အတိုင်းလက်ခံတတ်အောင် ကြိုးစားပါ။ အချိန်အကြာကြီး သံသယကို မျိုသိပ်မထားပါနှင့်။ ပွင့်လင်းစွာမေးပါ။

          သူ့ရဲ့ စိတ်ကို အချိန်တိုင်းလွှမ်းမိုးနိုင်အောင် မကြိုးစားပါနှင့်။ သူ့အလိုလို သတိတရဖြစ်တတ်တာကိုပဲ လိုချင်ပါ။ အချိန်တိုင်း ကိုယ့်စိတ်နှင့် သူ့ကိုယ် မနေခိုင်းပါနှင့်။ သူ့စိတ်ကြိုက်နေပါစေ။ ဒါမှ သူ့ရဲ့ တစ်ကယ့် အစစ်အမှန်ဆိုသည်ကို တွေ့နိုင်ပေလိမ့်မည်။ အစစ်အမှန်ကိုတွေ့မှ ဆုံးဖြတ်ချက်သည် မှန်ပေလိမ့်မည်။ တစ်ခါတစ်ရံ တွင် သူတို့ကိုယ်တိုင်ပင် မသိသော ဟန်ဆောင်မှုတွေတောင် ရှိတတ်သည်။ သူတို့ကိုယ်တိုင်က ပျော်နေသည်ဟု ထင်လိမ့်မည်။ ဒါပေမယ့် အချိန်ကြာလာသော်အခါ ငြီးငွေ့မှု ဖြစ်လာတတ်သည်။ ထိုအချိန်မျိုးတွင် ကိုယ့်ကိုယ်စကားပြောနေသည်မှာ စိတ်ပါသလိုလို မပါသလိုလို ပြောချင်သလိုလို မပြောချင်သလိုလို ဖြစ်နေတတ် သည်။
           
 အချစ်နှင့်ပတ်သတ်ပြီး  တယ်သိပါလား။ အဲဒီလိုမျိုးမထင်ပါနှင့်။ လူပုံစုံအမျိုးမျိုးတွင် အချစ်သည်လည်း ပုံစံအမျိုးမျိုးရှိနေနိုင်ပါသည်။ အကယ်၍များ ကိုယ်ကြုံတွေ့ခဲ့ရသည့် အချစ်မျိုးနှင့် ကြုံတွေ့ခဲ့ရသူများ ရှိခဲ့လျှင် စဉ်းစား ဆင်ခြင်နိုင်ဖို့ ။ ကိုယ့်ခံစားချက်ကို မလိမ်ညာဖို့သာ ရည်ရွယ်ပါတယ်။ ကိုယ်မပျော်နိုင်မှန်း သိနှင့်နေရဲ့သားနှင့်  မတွယ်ညှိပါနှင့် လွှတ်ပေးလိုက်ပါ။ ဒါမှ သူရော ကိုယ်ရော လွတ်လပ်သွားမှာ ဖြစ်သည်။

          အဲဒီလိုမှ မဟုတ်ပဲ သိသိကြီးနှင့် ဘာပဲဖြစ်ဖြစ်ဆိုပြီး တွယ်ဖက်ထားလိုက်လျှင်တော့ဖြင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးသည်ဟုသည် ပြောလိုလှသည်။ အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်တို့သည် စကားပြောလာပါလိမ့်မည်။ လူစိမ်းနှစ်ဦီး မည်မျှလောက်ပင် အတ္တတွေကင်းသည်ဟု ဆိုနေပါစေ တစ်ဖက်နှင့်တစ်ဖက် အပေးအယူမမျှသော အခါ တစ်ဖက်မှာလဲ နာစရာရှိလာသလို တစ်ဖက်မှာလဲ ဒဏ်ရာတွေပွားလာလိမ့်မည်။ ထို့ကြောင့် စေတနာနှင့် ပြောလိုသည်မှာ မလွန်ခင်က ကျောခိုင်းပါ။ လွှတ်ချခဲ့ပါ။

          ကျောခိုင်းခဲ့ လွှတ်ချခဲ့၍ နာကျင်ပေမည်။ ဒါပေမယ့်အမှန်ကို အမှန်အတိုင်း လက်ခံလိုက်လျှင် သင့်နာကျင်မှုသည် ခဏမျှသာ။ အချိန်ကြာလာသည်နှင့်အမျှ အနာဂတ်သည် ပျော်ရွှင်လာလိမ့် မည်။ သာယာလာလိမ့်မည်။ စိမ်းလန်းလာပါလိမ့်မည်။ တစ်ဦးတည်း အထီးကျန်ဆန်လိုက်တာဟူသည့် အတွေးမျိုးမှ လွဲပြီး သင့်ထံတွင် စိတ်နာစရာမရှိ။ ဒဏ်ရာအနာတရ မရှိ။ သင့်ဘ၀ကို သင်လွတ်လပ်စွာ ထိန်းကျောင်းနိုင်သေးသည်။

          ဤနေရာတွင် ကျွန်မနှင့် အတွေးချင်းကွဲပြားသည်လည်းရှိမည်။ကျွန်မသည် ကိုခံစားခဲ့ရသလို အကြံပေးရုံသာ ပြောပြရုံသာတတ်နိုင်သည်။ သင့်အချစ်ကို သင်ကိုယ်တိုင်သာလျှင် ဖန်တီးဆုံးဖြတ်နိုင်ပေမည်။ ဒါကြောင့် ကျွန်မပြောလို သည်မှာ - ကိုယ့်အတွက် တစ်ကယ့်ပျော်ရွှင်မှုအစစ်အမှန် မဟုတ်ခဲ့ဘူးဆိုလျှင် . “ကျေဇူးပြု၍ မုန်းမေ့လိုက်ကြပါ” လို့ ..

----------

ချစ်သောမောင်နှမများ အားလုံးကျန်းမာလို့ ချမ်းသာကြပါစေရှင်။ အဆုံးမသတ်နိုင်သေးသော ပို့(စ်) လေးကို စိတ်တိုင်း ကျခြယ်မှုန်းပြီး တင်လို့ရသွားပါပြီရှင့်။ တီတင့် ကများ ဂါ စစ်စစ်ကြီးလို့ ရာထူးတိုးပေးသွားလို့လား မသိပါဘူး။
သရုပ်ဖော်ပုံကလေးကတော့ဖြင့် ထုံးစံအတိုင်း ရှာဖွေမွှေနောက်ပြီး အသုံးပြုထားပါတယ်လို့ အသိပေးပါရစေ။

6 comments:

  1. ကောင်းလိုက်တာ ရင်ထဲကပြောချင်နေတဲ့စကားတွေကကွက်တိ ဟတ်ထိ တယ်ဆွေလေးရေ ကျေးဇူးပြု၍မုန်းမေ့လိုက်ပါ

    ReplyDelete
    Replies
    1. ရေးဖို့စဉ်းစားတာ တစ်လ စာရေးရင်း ရေးရင် သဘောမကျလို့ ပြန်ပြန်ဖျက်တာက လေးငါးခြောက်ခါ
      မဒမ်က ခုလို အားပေးသွားတော့ ကျေးဇူးအထူးတင်ပါသရှင်.. :) :)

      Delete
  2. ရာထူးတက်သွားလို့ဖြစ်မယ် အရေးအသားလေးတွေ ပိုထိလာတယ်.... :P
    လူတစ်ယောက်အကြောင်း ကြာကြာပေါင်းမှ အတွင်းမနောကို သိနိုင်တယ် မွန်လေးရေ..
    အတုအယောင်များအကြားမှာ အစစ်ကိုရှာဖွေတွေ့ရှိနိုင်ဘို့ ယုံလွယ် သနားလွယ်တဲ့စိတ်ကို ဥပက္ခောပြုရမယ်။

    ReplyDelete
    Replies
    1. ​ဆွေ​လေးမွန်​17 October 2014 at 03:11

      ဟုတ်​တယ်​ တီတင့်​​ရေ သို့​ပေမယ့်​ တသ်​ကယ်​တမ်​ကြုံ​တွေ့လာရင်​​တော့ဖြင့်​ခုလို စဉ်းစားနိင်​ဖို့ခက်​မယ်

      Delete
  3. ဆွေလေးရေ-----စစချင်းမှာပဲ ဖတ်တဲ့သူကိုဆွဲခေါ်သွားခဲ့တယ်
    ( ကျွန်မသည် အချစ်ကို ချစ်ပင်ချစ်ဖူးသော်ငြား အချစ်စစ်နှင့် မတွေ့ခဲ့၍ အတုကိုပင် စစ်သည်ဟု ထင်မြင်ခဲ့ဖူးသည်။ ပထမတော့ ကိုယ်ချစ်နေရသည်ကိုပင် အချစ်ဟု ထင်၏ )
    ကျောခိုင်းခဲ့ လွှတ်ချခဲ့၍ နာကျင်ပေမည်။ ဟုတ်တာပေါ့ အချိန်ကကုပေးတော့လဲ အနဲငယ်သက်သာမှုတွေရလာတာပါပဲဆွေလေးရေ------------------

    ReplyDelete
  4. ရုံးမှာလိုင်းမရတာတစ်ပတ်ကျော်ပြီ ခုမှပဲရောက်တော့တယ်...း) စာတွေပုံမှန်တင်နေတာ ပျော်စရာပဲ..

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......