Tuesday 30 December 2014

ကျွန်မ၏ လက်စွဲ




          ကျွန်မငယ်ရွယ်စဉ်မှ ယခု အသက် (လူလတ်ပိုင်း)အရွယ်ရောက်သည်အထိ သူငယ်ချင်းဟူ၍ သူမတစ်ယောက် တည်းသာ ရှိသည်။ ဘ၀တွင် ပြိုပြိုလဲလဲ ဖြတ်သန်းစဉ်ကလည်း သူမသည် ကျွန်မ၏ ဘေးနားရှိပေးခဲ့သည်။ ချောချော မောမော လျှောက်သောလမ်းတွင်လဲ သူမသည် ပီတိပြုံးများဖြင့် မျှဝေခံစားပေးခဲ့သည်။ စိတ်တူ ကိုယ်တူ ဘ၀မတူသော် ငြား တစ်ခါတစ်ရံ သူမနှင့် ကျွန်မသည် အကြောင်းအရာ အတော်များများ တိုက်တိုက်ဆိုင်ဆိုင် တူနေတတ်သည်။

          တစ်ခါတစ်ရံသူမသည် ကလေးတစ်ယောက်ကဲ့ သို့ဆိုးနွဲ့မည်။ ချစ်စနိုးအနိုင်ယူတတ်သည်။ ခရားရေလွှတ် တစ်တွတ်တွတ် ဆိုတတ်သော်ငြား စိတ်ရင်းကောင်းသော သူမသည် ချို့တဲ့သော ကျွန်မအတွက် အစဉ်အမြဲ ဖေးမပေး တတ်သော သူဖြစ်သည်။ တစ်ခါတစ်လေ ကျွန်မက ဆိုမိသည်” ဟဲ့ ငါတို့ ညီအစ်မဖြစ်ရင် ကောင်းမယ်” ဟု ဆိုသော် အခါ သူမက “ခုလဲ ညီအစ်မပဲ ဟာကို “ ဟု မျက်စောင်းထိုးကာ ပြန်ပြောတတ်သည်။

          မည်သို့ပင်ဆိုစေ သူမသည် ကျွန်မဘ၀၏ ကံဆိုးမှုများထဲမှ ရလာသော ဘ၀၏ ကံကောင်းခြင်း တစ်စုံတစ်ရာ ဖြစ်သည်ဟု ခံယူထားသည်။ ကျွန်မ၏ အခက်အခဲဟူသမျှကို စိတ်ရော ကိုယ်ပါ လိုက်လံဖြေရှင်းပေးတတ်သူသည် သူမပင် ဖြစ်သော်ငြား တစ်ကယ်တမ်း သူမတစ်ယောက်တည်း သူမအတွက် လိုအပ်ချိန်များတွင် ကျွန်မသည် သူမနှင့် အဝေးမှာ ရှိနေတတ်သည်။ ထိုအချိန်မျိုးတွင် ကျွန်မ၏ စိတ်ထဲ အားမလို အားမရ တစ်စုံတစ်ရာကို စိတ်မကောင်းဖြစ် မိနေတတ်သည်။ သူမကဖြင့် ဘာမှ စိတ်မကောင်းမဖြစ်နဲ့ အဲဒီလိုလေး ပြောပေးတာနဲ့တင် အိုကေပြီဟု ပြန်ပြောတတ် သည့် သူမဖြစ်သည်။

          ယခုတော့ဖြင့် သူမ၏ ဘေးတွင် ဖေးမပေးမည့်သူ ပါရမီဖြည့်ဘက် သူမကိုနားလည်ပေးမည့်သူ တစ်ဦးရောက်ရှိ လာပြီဖြစ်သည်။ သူမသည်လည်း ဘ၀သစ်တစ်ခုကို စတင်ထူထောင်ခဲ့ပြီ ဖြစ်သည်။ ကျွန်မ၀မ်းသာရပါသည်။ ၀မ်းနည်း မိသလိုလဲ ခံစားရသည်။ အနာဂတ်မှာ ကျွန်မတို့နှစ်ဦး အနေစိမ်းသွားမည်လား ပူပန်မိသည်။ ကျွန်မသည်လည်း သူမ နည်းတူ ဘ၀သစ် တစ်ခုကို ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။ ရှေ့ကဆိုခဲ့ သည့်အတိုင်း ဘ၀တွင် တော်တော် များများ တိုက်တိုက်ဆိုင်ဆိုင် တူနေကြသော ကျွန်မတို့နှစ်ယောက်ဖြစ်သည်။ အရင် . အရင်နှစ်များကဆိုလျှင် ကျွန်မတို့နှစ်ဦးလုံး သည် ကိုယ်ပိုင်ဘ၀တစ်ခုထူထောင်ဖို့ကို စိတ်ကူးနှင့်ပင် မတွေးကြပေ။ ဟော စဉ်းစားပြီးဆိုပြန်တော့ သူမနှင့် ကျွန်မ သည် ရက်ပိုင်းမျှသာ ခြားပြီး ဘ၀သစ်တစ်ခုကို ထူထောင်မိကြသည်။

          သူမ၏ ဘ၀လေး ကို အေးချမ်းသာယာသော မိသားစုဘ၀လေးတစ်ခု ဖြစ်စေချင်မိသည်။ သူမ၏ ဘ၀ကို သက်သက်သာသာ ပေါ့ပေါ့ပါးပါး ဖြင့် သက်ဆုံးတိုင် ပျော်ရွှင်ခြင်းတို့ဖြင့် စည်းနှောင်အပ်သော မိသားစုလေးတစ်ခု ဖြစ်ပါစေလို့လည်း  ရင်တွင်းမှ လှိုက်လှိုက်လှဲ လှဲ ဆုမွန်ခြွေမိသည်။ မင်္ဂလာပွဲကို သူမကပင် ကိုယ်တိုင်လိုက်လံ စီမံခဲ့သောကြောင့် ပင်ပန်းသည်ဟု အော်နေသော သူမကိုကြည့်ပြီး အားနာမိသည်။ ကျွန်မသည် ပွဲနီးမှ သူမနားရောက် ခဲ့ရသည် မဟုတ်ပါလား။ သူမကိုထိထိရောက်ရောက် ဘာမျှ မကူညီနိုင်သည့်အပြင် သူမထံမှပင် ဟိုဟာလေးလိုက် လုပ်ပေးပါ။ ဒါလေး ကူညီပါဆိုပြီး အလုပ်တွေပေးခဲ့သေးသည်။

          အနာဂတ်တွင် သူမနှင့်ကျွန်မသည် အရင်နှစ်တွေကလို  သွားအတူ စားအတူ လာအတူ ဖြစ်ချင်မှပဲ ဖြစ်ပါလိမ့် မည်။ သို့ပေမယ့် ကျွန်မယုံကြည်မိသည်  အနေဝေးခဲ့သော်ငြား အေးခဲသွားမည့် ချစ်ခြင်းမဟုတ်။ ကျွန်မတို့နှစ်ဦး ၏ စိတ်နှလုံးတွင် အစဉ်အမြဲ ခိုဝင်ချည်နှောင်နေမည့် နွယ်ကဲ့သို့ သံယောစဉ်မျိုးဖြစ်မည်။ မည်သည့်အခါမျှ ပျောက်ကွယ် သွားမည်မဟုတ်။ အစဉ်အမြဲ အမှတ်ရစရာတို့ဖြင့် ပြည့်နှက်နေမည့်  နွေးထွေးနေမည့် သံယောစဉ် ဖြစ်သည်။ ကျွန်မ ဟောင်ဟောင်ကို ပြန်တော့မည်ဟု ဖုန်းဆက်တော့ သူမ၏အသံသည် ခက်အက်အက်။

အရင်နှစ်တွေကလည်း ယခုကဲ့သို့ပင် ငိုသံခပ်အက်အက်နှင့်ကျန်ခဲ့လျှင် စိတ်မချစွာဖြင့် အမေ့ကို ကျွန်မက မှာတမ်းတွေ ခြွေမိတတ်သည်။ ယခုတော့ သူမ၏ဘေးတွင် ပါရမီဖြည့်ဘက်တစ်ယောက်ရှိခဲ့ပြီ။ သူမအားကိုးလို့ရမည့် ရင်ခွင်တစ်စုံကို သူမပိုင်ဆိုင် ခဲ့ပြီ။ ကျွန်မပြန်သည့်အချိန်တွင် သူမသည် ငိုသံခက်အက်အက်မရှိလောက်တော့ဟု အစက ခန့်မှန်းထားမိသည်။ သို့သော် သူမသည် မပြောင်းလဲသေးပေ။ သူမ၏ ငိုသံခပ်အက်အက်ကို ကြားရသည်အခါ ကျွန်မပင် နှုတ်ကဆိုစကား တို့သည် အပျော်အပျက်ဖြစ်သောငြား မျက်ဝန်းတွင် ၀မ်းသာပီတိတို့ဖြင့် မျက်ရည် ၀ိုင်းခဲ့ရသည်။ တစ်ကယ်ဆိုလျှင်  ကျွန်မသည် အပြန်ခရီးတွင် မည်သည့်အခါမျှ ငိုတတ်သည့်သူမဟုတ်.. ငိုပြီးကျန်ခဲ့ သူသည် သူမသာဖြစ်သည်။

          ယခုအချိန်တွင်တော့ ကျွန်မ၏ စိတ်ထဲတွင် ကိုယ်အမြတ်တနိုး ယုယုယယ ထားသော တစ်စုံတစ်ရာ ပစ္စည်း လေးတစ်ခုကို တစ်ခြားသူလက်ထဲ စိတ်ချလက်ချ မထည့်နိုင်သည့် ခံစားမှုမျိုး ရှိနေသည်။ သူမကရော ကျွန်မအတွက် ထို ကဲ့သို့ခံစားရမည်လား မသိနိုင်ပါ။ ကျွန်မသတိရမိတိုင်း ထိုပစ္စည်းလေးသည် ကျွန်မနှင့်အဝေးမှာ ရှိနေသည်ဟူ သော ခံစားချက်သည် ကျွန်မ၏ စိတ်ထဲတွင် ကြီးစိုးနေသည်။ သို့ပေမယ့် တစ်ခုဖြေသာသည်က သူမတစ်ဦးတည်း သို့မဟုတ် ကျွန်မကစပြီးဖြစ်စေ ဘ၀တစ်ခုကို ထူထောင်လိုက်လျှင် ကျန်နေမည့် သူအတွက် ကျွန်မတို့ နှစ်ဦးစလုံး စိတ်ချနိုင်မည် မဟုတ်ပေ။ ယခုမူ ထွက်ခွာသွားခဲ့သော်ငြား နှစ်ဦးစလုံး၏ ဘေးနားတွင် လက်တွဲဖော်တို့ ရှိနေပြီ ဖြစ်ရာ စိတ်ချလက်ချ ကိုယ့်ဘ၀လမ်းကိုယ် လျှောက်လှမ်းနိုင်ကြသည်။
         
ထို့ကြောင့် နောင်အနာဂတ်တွင် ကျွန်မ၏ လက်စွဲ သူငယ်ချင်းလေးသည် အရင်လို ကျွန်မ၏ ဘေးနားတွင် အ စဉ်အမြဲ မရှိနိုင်တော့ပေ။ သို့သော် အနာဂတ်တွင် ဆက်လက်ခင်မင်ကြမည်။ ညီအစ်မအရင်းသဖွယ် ဆက်လက် ဖေးကူကြမည်။ သူမ၏ တိုးတိုးတိုင်ပင်ဖော်သည် ကျွန်မဖြစ်သလို ကျွန်မ၏ တိုင်ပင်ဖော်သည် သူမအဖြစ် ဆက်လက်ရပ်တည်ကြမည်။ ကျွန်မ၏ လက်စွဲလေး ယခုအချိန်မှစပြီး ကံကောင်းခြင်းတို့ဖြင့် သာယာလှပသော ဘ၀လေးကို အစဉ်အမြဲ  ပိုင်ဆိုင်နိုင်ပါစေ။ ကျွန်မ၏ လက်စွဲလေး သူမ၏ကိုယ်ကိုင် မိသားစုလေးနှင့်အတူ သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေဟု မင်္ဂလာဆုမွန်ကောင်း ဆုတောင်းပေးရင်း လက်စွဲ လေးရဲ့ ဘ၀တစ်ကွေ့ ကျွန်မရဲ့ ဘ၀တစ်ကွေ့ အလှည့်အပြောင်းအနေဖြင့် ဒီပို့စ်လေးကို အမှတ်တရ ရေးလိုက်မိပါတယ်ရှင်။


ချစ်သော ဘလော့ဂါ မောင်နှမများနှင့်တစ်ကွ ဆွေလေးရဲ့ ဘလော့လေးကိုကို လာရောက် အားပေး ကြကုန်သော စာဖတ်သူအပေါင်းတို့လည်း နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ ကြပါစေရှင်. 

Tuesday 9 December 2014

နင့်နင့်သည်းသည်း





တစ်ခါတစ်ရံတွင် စိတ်ထဲမှ ခံစားချက်တို့အတိုင်း စကားလုံးများကို မခြွင်းမချန် ရေးချချင်မိသည်။ ခံစားချက်များ နင့်လွန်းနေသောကြောင့်ဖြစ်သည်။ သို့ပေမယ့် ၀ါသနာအား စိတ်ထွက်ပေါက် တစ်ရပ်အဖြစ်အသုံးမချချင်ပြန်။ ခံစားရ သမျှ ခံစားချက်ဟု ပြောလျှင် ကိုယ့်အကြောင်း ကိုယ်ပေါင်ကိုယ်လှန်ထောင်းရမည်မို့ မရေးချင်။ သို့ပေမယ့် ခံစားချက် တို့သည် သည်းနင့်လွန်းသည်။ ပေါက်ကွဲလုလု ပွင့်အန်လုနီးနီး ရက်ပေါင်း လပေါင်း နှစ်ပေါင်း ချီပြီး အနာအား လူမသိ သူမသိ ဖုံးဖိထားပါလျှက် ထိုအနာပေါ်သို့ ခဏခဏ ဒဏ်ရာ ဒဏ်ချက်တွေကျလာသည်မှာ ခံစားရခက်လှသည်။

          အနာလို့ပြောလျှင် ကိုယ်ခန္ဓာပေါ်မှာ ဖြစ်သော အနာမဟုတ် စိတ်ဒဏ်ရာ စိတ်တွင်းမှာ ဖြစ်သော အနာဖြစ် သည်။ တွေးသမျှ လုပ်သမျှ အရာရာတိုင်းသည် ကိုယ့်အတွက်ဆိုသည့် ဆန္ဒသည် မရှိသလောက်ရှားသည်။ အရာအားလုံးသည် ကိုယ့်နောက်ကလူ ကိုယ့်ကို မှီခိုနေသူအတွက်သာ  အစဉ်တစ်စိုက် ကြိုးစားရင်း ရသလောက် ပေးဆပ်ခဲ့သည်။ ပေးဆပ်ခဲ့သည်နှင့် တန်အောင်လည်း အသီးအပွင့်တို့ဝေဆာကြသည်။ ကိုယ့်သည်ကား ထိုအသီး အပွင့်တို့ကို ခုချိန်ထိ မတို့မထိ မခံစားရသေး။ ထိုအသီးသည် ချိုသလား ငံသလား မမြည်စမ်းဘူး။ ကိုယ်သည်ခုချိန်ထိ ဥယျာဉ်ထဲ ပေါင်းသင် မြက်ရှင်း မြေသြဇာထည့် သည်ခြံကြီး အခြေခိုင်လာအောင် ကြိုးစားနေစဲ တည်ဆောက်နေစဲ ဖြစ် သည်။
         
          သြော် .. သည်ခြံမှာ ငါတစ်ယောက်တည်း အသီးကျတော့လည်း ငါမစားရ ဘာအရသာလဲ ငါမသိဆိုသည့် ၀န်တိုတွေးမျိုး ကိုယ့်ထံတွင် တစ်ခါမျှ မရှိ။ ကိုယ်တိုင်စိုက်ပျိုးထားသော အသီးတို့အား စားသုံးသူတို့သည် ချီးမွှမ်းပြော ဆိုကြသည်။ အသီးက ချိုလှသည်။ မွှေးလှသည်။ အာဟာရလဲ ဖြစ်လှသည် ဆိုသည့်အသံနှင့်သာ ကိုယ့်ထံတွင် အင်အားတွေရသည်။ ကိုယ်သည် အနာဂတ်ကို ထလျှောက်လှမ်းနိုင်သည်။ ကိုယ်သည် ပျော်တစ်ပြုံးပြုံးဖြင့် ဥယျာဉ်ကြီးထဲ ချွေးတစ်လုံးလုံးဖြစ် မညည်းမညူ ရုန်းကန်လှုပ်ရှားသည်။ ဟေ့ ငါတစ်ယောက်တည်း လုပ်နေရတာ ပင်ပန်းလှတယ် လာတစ်လှည့်ရုန်းလှည့်ကြ ငါတော့ အပင်အောက် ရေနွေးခရားအိုးနှင့် နားလိုက်မယ်လို့ တစ်ခါမျှ ကိုယ်မတောင်းဆိုဘူးခဲ့။

          တစ်ခါမျှ ကူကယ်ရာမဲ့လိုက်တာဟူလည်း ကိုယ်မငြူစူဘူးခဲ့။ ငါစိုက်လို့ ဒီအသီးချိုတာဟူ ၍လည်း ပဏာမယူ ဘူး။ ငါ့ကြောင့် အရိပ်ခိုဖို့ရလာတာဟူ ၍လည်း မာန်စကားမဆိုဘူး။ ကိုယ်တိုင် ကျေကျေနပ်နပ်ဖြင့် အရိပ်မှာနားပါစေ ချိုသော အသီးစားပါစေ။ ချွေးမစို့ပါစေနှင့် ကိုယ့်လက်တွေပေါက်လို့ သွေးချင်းချင်းနီနေပါစေ ကိုယ်သည်အပြုံးမပျက် ပီတိနှင့် ကြည်လင်သော အဆင်းကို အမြဲပန်ဆင်ထားသူသာဖြစ်သည်။ အချိန်တန် ဒီခြံ ငါ့ခြံ ဒီအသီးငါ့အသီးဟူပြီလည်း ပြန်လည် သိမ်းဆည်းဖို့ ကိုယ့်ထံတွင် ဆန္ဒစိုးစဉ်းမျှ မရှိ။ 

          ပိုးကျတော့လည်း ကိုယ်ပဲ ပြေးပြီးဆေးဖြန်းသင့်တာဖြန်း။ မုန်တိုင်းလာတော့ လည်း ကိုယ်ပဲ ကာသင့်သည်ကာ ချည်သင့်သည်ချည်။ မုန်တိုင်းပြီးတော့လည်း ကိုယ်ပဲပြေးရှင်း။ လာကူလှည့်ပါလား။ ၀ိုင်းလုပ်လေဟဲ့လို့ ကိုယ်တစ်ခါမျှ မခေါ်ခဲ့ဘူး။ ကိုယ်သည် မေတ္တာ စေတနာနှင့် ပေးဆပ်ခြင်းသက်သက်နှင့်သာ သည်ခြံအတွင်းမှ လူသားများအတွက် ကိုယ်ရုန်းပေးခဲ့သည်။ သို့ဆိုပါလျှက် ခြံအတွင်းမှ လူတို့သည် ချိုသော မွှေးသောအသီးများအား ကိုယ်သည် တိတ်တ ဆိတ်ယူစားသည်။ ကိုယ့်အတွက် ကိုယ်စိုက်သည်။ ကိုယ့်အရိပ်အတွက် ဒီပင်ကို ပျိုးသည်ဟု ယိုးစွပ်သော စကားများ သည် ကိုယ့်အသည်းတွင် ထုတ်ချင်းခတ် မြှားစိုက်သကဲ့သို့ သွေးစိမ်းကျလျှက် ခံစားရခက်လှသည်။
         
          ထိုဒဏ်ရာတို့အား ကိုယ်သည် လူမသိ သူမသိ ကွယ်ဝှက်ကာသာနေခဲ့သည်။ အပြုံးကို မပျက်ယွင်းအောင် ထိန်းခဲ့သည်။ ကိုယ့်စေတနာဟူသည်ကို မြင်အောင်ဆိုချင်မိသည်။ ကိုယ်သည် လူမသိသူမသိ ကွယ်ရာတွင် ကြေကွဲ ရသည်။ နာကျင်ရသည်။ မြှားသည်လည်း တစ်စင်းတည်းမဟုတ် ။ တစ်နေရာတည်းမှ အနာဟောင်းအား ပစ်မှတ်သ ဖွယ် အကြိမ်ကြိမ်ပစ်ခတ်ခြင်း ခံရသည့်အခါ ကိုယ်၏ အသဲ ကိုယ်၏ စိတ်ဒဏ်ရာသည် ဖွာလန်ကျဲနေလျှက်ရှိသည်။ ကိုယ်သည် အလုပ်ပင်ပန်း ၍ ချွေးဒီးဒီး ကျနေပါစေ ရေတစ်ခွက်သောက်ပြီး ဆက်လုပ်နိုင်သော သူဖြစ်သည်။ ကိုယ်လှော်နေရင်း တက်ပျောက်သွားပါစေ ရှိနေသေးသော လက်ဖြင့် ဆက်လှော်မည့် လူစားဖြစ်သည်။
         
          မည်သည့်ထိမှန်ခြင်းမျိုးမှ ကိုယ့်ကိုယ်ပြိုလဲအောင် မစွမ်းကြသည်။ ကိုယ်ပြိုလဲသည့်အရာသည် ခြံတွင်းမှ လူသားများ၏ စကားလုံးများ စိတ်ဆန္ဒများ အပြောအဆို အပြုအမူတို့သည်သာ  ကိုယ်ပြိုလဲသည့် အကြောင်းအရာ ဖြစ်သည်။ ကိုယ်တစ်ခါတစ်ရံ အံသြသည် ကိုယ်သည် လက်ကိုဖြန့် ၍ပြထားပါလျှက် ကိုယ့်လက်အတွင်း တစ်ခုခု ဖွက်ထားသည်ဟု ထင်ယောင်ထင်မှားဖြစ်နေကြခြင်းအပေါ် တစ်ကယ်ပင် စိတ်မကောင်းလှပေ။ ကိုယ်သည် အရာရာ တိုင်းတွင် ကိုယ့်အတွက်ဟု မတွေးတတ်တော့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ကိုယ့်ထံတွင် သိမ်းဆည်းထား သည့် ဖွက်ထားသည့် အရာသည် တစ်စုံတစ်ခုမျှ မရှိ။

 ကိုယ်သည်လက်ဗလာနှင့်လူဖြစ်သည်။  ကိုယ်သည်အလည်းမအ.။ နုံလည်းမနုံ။ မထုံတတ်တေးလည်း မဟုတ်။ လက်တစ်လုံးခြားလှည့်သွားလျှင်လည်း ငါခံလိုက်ရပြီဟု သိသည်။ သြော်. ဒါ..ငါ.စေတနာထားသည့် ငါ့လူ။ သူ မတောင်းဆိုလျှင်တောင်မှ ငါလုပ်ပေးရမယ့်ကိစ္စ။ သူက ကိုယ့်အပေါ် တစ်လှမ်း ကျော်သွားလျှင်မှ  ငါသည်း ညည်း ခံ ပေးရမယ့်လူ ဆိုသည့် အသိဖြင့် ကိုယ်သည် မသိလိုက်မသိဖာသာနေသည်။ အပြုံးမပျက်နေသည်။ ဒါကိုပင် ကိုယ်သည် လူပေါကြီး လုပ်ချင်ရာလုပ် မတရားမှု မှန်သမျှကို ခေါင်းငုံ့ပြီးခံတတ်သူဟု နာမည်တပ်ခံရသည့်အခါ ကိုယ့်ရင်ဘတ်ကြီးသည် ပေါက်ကွဲလုနီးပြီ ကိုယ့်နှုတ်ခမ်းတို့သည် ကြိတ်ကိုက်ရလွန်းသဖြင့် ပြတ်ထွက်လုနီးပြီ။

ကိုယ်သူတို့ထံမှ များများစားစားပြန်မလိုချင်မိပါ။ ကိုယ့်စေတနာကို အသိအမှတ်မပြုချင်နေပါ။ ကိုယ့်ကိုယ် မစော်ကားပါနှင့်။ ကိုယ်ကြိုးစားသမျှ အသီးအပွင့်တို့အား စားပါ။  အရိပ်တို့အားခိုပါ။ သို့ပေမယ့် အရမ်းကာရော အကိုင်းတို့အား မချိုးပါနှင့်လား။ လုံလောက်ပြီး ပြည့်ဝပြီဆိုလျှင် အလဟသတ် အသီးတွေ ထက်မခူးပါနှင့်လား။ သစ်ပင်ရဲ့ အရိပ်သည် မလုံလောက်လို့ ဒီအပင်တွေခုတ် ဒီနေရာကိုရှင်းပြီး ရွက်ဖျင်တဲ မထိုးကြပါနဲ့လား။ ကိုယ်က ဥယျာဉ်မှုးပါ.။ ကိုယ်စိုက်ထားသည့်အပင်တွေ အခုတ်ခံရလို့ နာတဲ့ရင်ထက် ဘယ်နေရာ ပိုနာကျင်ရအုန်းမလဲ။ ခုချိန်မှာ တော့ ကိုယ်သည် ခုတ်ထွင်းရှင်းလင်းထားသည့် မြေကွက်လပ်ကြီးတွင် ဟာလာဟင်းလင်း ရင်ဘတ်ကြီးဖြင့် လဲနေသော သူတစ်ယောက်ဖြစ်သည်။

          ကိုယ် ကောင်းကင်ကြီးကို ကြည်လင်ပီသစွာ မြင်နေရသည်။ ကြယ်တို့သည် မှိတ်တုပ် မှိတ်တုပ်။ လ သည် သာလှသည်။ သို့ပေမယ့် ကိုယ်ချစ်သော သစ်ပင်တို့သည် ကိုယ့်ဘေးနားတွင်မရှိ။ ကိုယ်ချစ်သော ပန်းရနံ့ တို့သည် ကိုယ့်ပတ်ဝန်းကျင်တွင် မရှိ။ ကိုယ့်ဝမ်းသည် ဟာလှပြီ။ သို့သော် ခူးစရာ အသီးတစ်လုံးမျှ ကိုယ့်ခြံထဲ တွင် ရှိမနေတော့ပေ။ ကိုယ်သည်ဟာနေသော ၀မ်းကို ကိုယ့်လက်ဖြင့်ဖိရင်း စုတ်ဖွာနေသော ရင်ဘတ်မှ ဒဏ်ရာတို့ဖြင့် ရှင်းနေသာကောင်းကင်ကိုသာ အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိသည်။ ကိုယ်သည် ငိုချင်လှသည်။ အားရပါးရ ငိုရှိုက်ချင် မိသည်.။ သို့သော် .. ထူးဆန်းလှစွာပင် ကိုယ်၏ မျက်ရည်တို့သည် ပျောက်ဆုံးလျှက် ရှိသည်။ 


***
ချစ်သော မောင်နှမများအားလုံးကျန်းမာချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေ ရှာဖွေပြီး သုံးထားပါတယ်။ 

Monday 8 December 2014

ဘ၀ထဲမှာ ဘ၀ကိုရှာ



ဒီညမှ မိုးကလည်း ကောင်းပကွာ။ ညနေကထဲက တစ်စိမ့်စိမ့်ရွာနေခဲ့တာ။ ထီးခပ်ကြီးကြီးမိုးထားပေမယ့် နောက်ကျောဘက်က မလုံချင်ဘူး။ ကျောပြင်မှာ မိုးရေစက်တို့ဖြင့် စိုလို့ရွှဲနေပြီ။ သူရွာနေတာက အကြောင်းမဟုတ်ဘူး ဒီညနေအတွက် ချက်ထားတဲ့ မုန့်ဟင်းရည်တွေမှ မကုန်ရင် ဒုက္ခပဲ။ နေ့တိုင်း နေ့ပြန်တိုးယူထားတဲ့ ပိုက်ဆံဘယ်လို များဆပ်ရပါ့။ မနက်ဖြန် ဈေးဖိုး ဘယ်လိုများအပ်ရပါ့မလဲ။ သမီးလေးကျောင်းလခကလဲ မနက်ဖြန် နောက်ဆုံးတဲ့။

          ပိုက်ဆံ ပိုက်ဆံ … ရှိတဲ့ သူတွေအဖို့တော့ ခွက်ကြီးကြီးနဲ့ ရေခံရသလိုပဲ တစ်ဝေါဝေါ ၀င်လာမစဲ တစ်သဲသဲ သူတို့လို ခွက်တောင်မဟုတ် ဘူးသီးခြောက်နဲ့ ရေခံတဲ့သူတွေအဖို့တော့ဖြင့် ရေကျရာနေရာလဲ လိုက်ရှာရသေး ဟောရေကျတဲ့ နေရာရောက်ပြန်တော့ ကိုယ်လိုသူလိုဘ၀တူတွေနဲ့ အတင်းဝင်ရ  နေရာလေးရပြန်တော့ ပါလာတဲ့ ဘူးသီးခြောက် အပေါက်ဝနဲ့ရေကျတဲ့နေရာ တည့်အောင် မနည်း လိုက်ချိန် ပြီ ရေခံနေရသတဲ့ဘ၀။

          “အစ်ကိုကြီးရေ ထုံးစံအတိုင်းလေး ”

အတွေးနဲ့ ရေခံနေရာက အသံကြားလို့ မော့ကြည့်ပြန်တော့ သြော် မစမယ့် ဘိုးတော်လေးကို

“ရော့ ရော့ .. ဒီနေ့တော့ အိပ်စိုက်ပဲကွာ.. ခုထိ ဈေးဦးမပေါက်သေးဘူးဟ. ”

အခွန်ပြေစာဖြတ်ပိုင်း လှမ်းယူလိုက်ရင်း နှုတ်က မကျေနပ်သလို ရေရွတ်မိတယ်။ ကောင်လေးကတော့ သူယူစရာရှိတဲ့ ပိုက်ဆံယူပြီး ထွက်သွားလေရဲ့။ ရုတ်တရက် ခြေသလုံးကိုစူးကနဲ။ ကြည့်လိုက်တော့ လားလား နည်းတဲ့ ကောင်လား  သွေးတွေကို ၀နေတာပဲ။ ခပ်မြန်မြန် ဆတ်ကနဲ ရိုက်ချပစ်လိုက်တယ် ။ ဖြောင်းကနဲ ..ကဲ ကြွလေရော့ တစ်ကောင်.. ခြင် ခင်ဗျ မကျေနပ်မှုလက်ဝါးကြီးနဲ့ အ၇ိုက်ခံရရှာတယ်။ သတ္တ၀ါနဲ့ လက်နက် မမျှပုံများ သူ့ရုပ်ကြွင်းက ခြေသလုံးမှာ ပြားပြီးကပ်လို့။

          “အစ်ကိုရေ မုန့်ဟင်းခါး တစ်ပွဲပေးဗျာ။ ပါဆယ်ထုပ် ပေးလိုက်တော့”
         
ဟော ၀ယ်နေကျဖောက်သည်ကောင်လေးလာပြီပဲ။

“ဆိုင်မှာ မစားတော့ဘူးလား ကောင်လေးရ”

“မြန်မြန်လေးထည့် မစားတော့ဘူး အစ်ကို.. ဟင်းရည်လေး အပိုထည့်ပေးပါဗျာ။ ကျွန်တော် မနက်ကထဲက ထမင်းမစားရ သေးဘူး။ ဆိုင်မှာစားတစ်ပွဲဆို မရလောက်ဘူး။ အဲဒါ သူငယ်ချင်းချိုင့်ထဲကပိုတဲ့ ထမင်းကြမ်းလေးနဲ့ အစ်ကို့မုန့်ဟင်းခါး ခုမှ ရောမွှေရမှာဗျ။ ”

“ဟကောင်ရ မင်းဟာကလည်း တစ်ယောက်တည်းနဲ့ကို ကြပ်နေပါလားကွ ငါ့လို မိသားစုနဲ့မို့ဆို တော်သေး”

“အာ. မပြောချင်ပါဘူးဗျာ။ ဆိုက်ကားနင်းရင်း နယ်ကျော်သွားလို့လေ အဲဒါ ဒဏ်ကြေး ဆောင်လိုက်ရတယ်။ ဒီနေ့မိုးကလည်း အေးတော့ လူကလဲကျဲတယ်လေ အလုပ်မကောင်းဘူးဗျ”

          သူပြောမနေတော့ပါဘူး ကိုယ့်ထပ် ဘ၀ဆိုးတယ်မဟုတ်လား။ ကောင်လေးက နယ်ကနေလာပြီ ဆိပ် ကမ်းမှာ ကုန်လာထမ်းတာ။  နောက် ရန်ကုန်ပါးနည်းနည်းဝလာတော့ ဆိုက်ကားလေး အုံနာကြေးပေးပြီး နင်းနေရရှာတာ။ နယ်မှာ သူ့အမေကြီးနဲ့ ညီမလေးရှိတယ် ပြန်ထောက်ပံ့နေရတယ်လို့ သိထားလေတော့ မုန့်ဖတ်များများ ဟင်းရည်များများ ပိုပိုသာသာ ထည့်ပေးလိုက်တော့တာပဲ။ သားသမီးချင်း ကိုယ်ချင်းစာတယ်။ သူ့ခင်ဗျာ ပင်ပင်ပန်းပန်းပိုက်ဆံရှာရ တာ ခုလိုညဘက်မှ တစ်နပ်ဆိုတော့ကား.  ဆာနေရှာရောပေါ့။ ကောင်လေးကတော့ ပိုက်ဆံပေး မုန့်ထုပ်ကြီးဆွဲ ပြီး ခပ်သွက်သွက်လှမ်းထွက်သွားတာ အတော်ဆာနေရှာပြီ ထင်ပါရဲ့။

          “မုန့်ဟင်းခါး တစ်ပွဲ အကြော်ထည့်ပေး ပြီး ငါးဖယ်လေးပါထည့်နော်.. ဒီမှာပဲ စားမှာ”
         
          အမျိုးသမီးကြည့်ရတာ ပိုက်ဆံရှိမယ့်ပုံ။ ဒီအနီးအနားကပဲနေမှာ။ အိမ်နေရင် ၀တ်စုံ ခပ်နွမ်းနွမ်း ၀တ်ထားပေ မယ့် လည်ပင်းကဆွဲကြိုးကြီးက လက်လက်ကိုထလို့။ ကဲ ဘာပဲ ဖြစ်ဖြစ် မိုးနည်းနည်းစဲသွားပြီး ၀ယ်သူလာဖို့က အဓိ ကမဟုတ်လား။

“ဟုတ်ကဲ့ အစ်မ ရမယ် ထိုင် ထိုင် ”

အမျိုးသမီးက ရှေ့က ခုံမှာဝင်ထိုင်ရင်း သူကမ်းပေးလိုက်တဲ့ အမွှေ့တစ်ထောင်းထောင်း မုန့်ဟင်းခါးပန်းကန်ကို လှမ်း ယူတယ်။

          “ဟယ်.. ပန်းကန်ကြီးက ပဲ့နေတယ်တော့။ ပြီးမုန့်ဟင်းရည်က ကျဲလိုက်တာ. မုန့်ဖတ်လေး နည်းနည်းလောက် ထည့်ပေးပါအုန်း။ ”

 သူမုန့်ဖတ်နည်းနည်းယူပြီ လှမ်းထည့်ပေးလိုက်တယ်။ အမျိုးသမီးက တစ်ဇွန်းနှစ်ဇွန်းမွှေပြီ ငရုတ်သီးမှုန့်နဲ့ ငံပြာရည် ပေါက်ထည့်လိုက်တယ်။

          “အမယ်လေး စပ်ထှာ မောင်လေး ဟင်းရည်လေးနည်းနည်းနဲ့ မုန့်ဖတ်လေး နည်းနည်း ထပ်ထည့်ပေးပါ လား။ နည်းနည်းလဲ လေးသွားသကွဲ့”

ဒီလိုနဲ့ ပန်းကန်ထဲ နှစ်ပွဲစာ မုန့်ဟင်းခါးကို အားရပါးရ အမျိုးသမီးက ကြိတ်တော့တာပဲ။ ဟင်းရည် အပို တောင်းတာက နှစ်ခါ။ ပြီး ပိုက်ဆံထုတ်ပေးတော့ ငါးရာတန်က အပြဲ။ ပြဲတာမှ အလယ်တည့်တည့်က ပြဲနေသည့်  ပိုက်ဆံကို တိတ်ကပ်ထားသည့် ပိုက်ဆံ။

“အစ်မ ပိုက်ဆံက ပြဲနေတယ်.. နောက်တစ်ရွက်လဲပေးပါလား အစ်မ”

“မပါတော့ဘူးကွဲ့ အစ်မမှာလဲ အဲဒီတစ်ရွက်ပဲ ပါတာ။ ယူသာထားလိုက် နောက်နေ့ အစ်မလမ်းကြုံတော့ ပြန်လဲ ပေးမယ်။ အစ်မက ဒီနားမှာပဲ နေတာ”
         
ဒီလိုနဲ့ ငါးရာတန်အပြဲဟာ အိပ်ကပ်ထဲ မ၀င်ချင် ၀င်ချင် ၀င်သွားတော့တာပဲ။ လမ်းကြုံမယ်လို့တော့ ကျုပ် မထင်ပါဘူးဗျာ။ ဖြန်း ကနဲ ခြေသလုံးက နောက်ထပ် သွေးစုပ်သတ္တ၀ါကို ထပ်ရိုက်လိုက်ပြန်တယ်။ ဒီတစ်ခါ တော့ ပြားပြီး ကပ်ရုံမဟုတ်ဘူး အမှုန့်ပါ ကြေသွားသလားမသိ။ ရုပ်ကြွင်းတောင် ရှာမတွေ့။ မိုးကတော့ စွေကောင်းတုန်း။  တစ်စိမ့်စိမ့် ည ၈ နာရီရှိပြီ။ မုန့်ဟင်းရည်က တစ်ဝက်မကျိုးသေးဘူး။ စိတ်ထဲကနေ ခိုးပြီး သက်ပြင်းသာ ရှိုက်လိုက် မိတော့တယ်။

“အစ်ကိုရေ  မုန့် ရှစ်ပွဲပေးဗျာ။ အားလုံး အလွတ် အကြော်မထည့်ဘူး။ နံနံပင်ကို ပန်းကန်လေးတစ်ချက်နဲ့ ပိုထည့်ပေးပါလား”

ကောင်လေးနဲ့ ကောင်မလေးအုပ်စု ရုံးဝတ်စုံဆင်တူလေးတွေနဲ့။ အလုပ်ဆင်းလာတာနဲ့ တူပါရဲ့။ မုန့်မှာ ပေးတဲ့ ကောင်လေးဘေးနားမှာ ထိုင်နေတဲ့ ကောင်မလေးနဲ့က စုံတွဲတွေဖြစ်ပုံရတယ်။ ကျန်တာက သူငယ်ချင်းတွေ နဲ့ တူပါရဲ့။  မုန့်ထည့်ပေးနေရင်း သူတို့ဝိုင်းက စကားပြောသံ ကျုပ်နားထဲ ၀င်လာပြန်တယ်။

“မင်းတို့ အတွဲ ဘယ်တော့စားရမှာလဲ ကွ”

“ဘယ်တော့စားရမလဲ မမေးနဲ့ ဟေ့ ဖြစ်နိုင်ရင် ငါတို့က ခုတောင် လုပ်ပစ်လိုက်ချင်တာ ”

“ဟုတ်တယ်ကွ မေ ပြောသလိုပဲ ငါတို့က ဖြစ်နိုင်ရင် ခုပဲ လုပ်ပစ်လိုက်ချင်တာ”

“ဟ လုပ်ပစ်လိုက်လေကွာ ကြိုက်လာတာပဲ သုံးနှစ်သုံးမိုးရှိနေပြီ”


“အပြောသာလွယ်တာဟဲ့ မင်္ဂလာဆောင်စားရိတ်ကရှိသေးတယ်။ တွေးကြည့်ရင် အဝေးကြီးပါဟာ ငါတို့လို  လစာလေးက မဖြစ်စလောက် တစ်ခါတစ်ခါ အိမ်ကိုလဲ ပြန်ထောက်ရသေး။ နောက်နှစ်တောင် မလွယ်ပါဘူးဟယ်။ ”

ကောင်မလေးက အားလျှော့စကားဆိုပြန်တော့

“မေကလည်း မောင် ကြိုးစားနေပါတယ် အချိန်လေးပဲ စောင့်ပေးပါကွာ နော်..နော်”

ပြီး သူတို့ဝိုင်းလေးက တိတ်ဆိတ်သွားတယ် ။ ကိုယ့်ပန်းကန်ထဲကမုန့်ကိုပဲ ဂရုတစ်စိုက် ငုံ့ စားနေကြတယ်။ ကောင်လေးနဲ့ ကောင်မလေးအရွယ်က အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပြီ။ အင်း ..သူတို့လဲ သူတို့ အပူနဲ့ သူတို့ပါလား။ အဲ သူ့အတွက်တော့ အခြေအနေကောင်းလာတယ်လို့ ပြောရမယ်။ ဆိုင်ထဲ လူအ၀င်စိတ်လာတာကိုး။ ဒီအပုံအတိုင်းသာ ဆက်ရောင်းရ ည ၁၀ နာရီလောက်ဆို ကုန်လောက်တယ်။ တော်ပါသေးရဲ့.။  အပြန်နောက်ကျလေ တော့ အောက်ဆိုဒ်ကားနဲ့ တိုးလောက်တယ်။ မတတ်နိုင်ဘူး အရင်းလေးပြန်ရတော်သေးတာပေါ့။

“ညီလေးရေ ပါဆယ် ၁၀ ပွဲစာ လုပ်ကွာ။ သေသေချာချာ ထုပ်ပေးလိုက်နော်။ အစ်ကို့ အိမ်က နည်းနည်း ဝေးသေးတယ်။ ဒီနားမှာ ကားပါကင်ထိုးနေကြကွ။ မင်းမုန့်ဟင်းခါးဟင်းရည်နံ့ လေးက မွှေးနေတာပဲ။ အိမ်ကို ကြော်ငြာလွန်းလို့ စားချင်ကြတယ်ဆိုလို့ အဲဒါ အိမ်အပြန်ဝယ်သွားမလို့ ကွ”

“ဟုတ်ကဲ့ အစ်ကိုရမယ်.. ခဏလေးထိုင်စောင့်နော်”

အမယ်လေး ညည့်နက်လေ ပွဲရေ အများကြီးနဲ့လာလေပဲ ။ အခြေအနေမကောင်းဘူးထင်ထားတာ။ ခုတော့ လဲ ဘယ်ဆိုးလို့လဲ။ သူ့နှုတ်က လေတောင် ချွန်လိုက်မိတယ်။ အရင်းအပြင် မနက်ဖြန် ဈေးဖိုးနဲ့ ကျောင်းလခတော့ အ ဆင်ပြေပဟ။ ခုနကလို ဘယ်နေရာကနေ ပိုက်ဆံရပါ့မလဲ လို့ ဦးဏှောက်ခြောက်အောင်ပင် စဉ်းစားစရာ မလိုတော့ ။ သူ ခပ်မြန်မြန် သွက်သွက်လက်လက် မုန့်ထုပ်တွေကို သေသေချာချာလေး ထုပ်ပေးလိုက်တယ်။ 
မိုးကလည်းတိတ် ခပ်အေးအေးနဲ့ သူ့မုန့်ဟင်းရည်နံ့ ပူပူနွေးနွေးနဲ့ ဆိုတော့ ရာသီနဲ့ အစာ ခုမှ ဓာတ်တည့် သွားပုံရတယ်။ ညနေပိုင်းက အေးနေသလောက်  ညည့်နက်လေ ပိုရောင်းကောင်းလေ။ လက်ကိုမလည်ဘူး။ ဒီလောက် မိုးစိမ့်နေတဲ့ကြား သူ့နဖူးမှာ ချွေးတွေ စို့လာသည်အထိပဲ။ ဒါပေမယ့် သူ့နှုတ်က သီချင်းလေးတောင် ညည်းမိနေလေ တာ။ ည ၉ နာရီခွဲ ကျော်ကျော်လောက်မှာ မုန့်ဟင်းရည်က ပြောင်သလင်းခါပြီ။ လူကျလွန်းအားကြီးလို့ နောက်ဆုံး ၅ ပွဲလောက် ပါဆယ်လာဆွဲတဲ့ ကောင်လေးတော့ဖြင့် ရေနွေးနဲ့ အရောလေး မိသွားရှာပေါ့။ နောက်တစ်ခေါက်ဆို ကောင်းကောင်းပိုထည့်ပေးပါ့မယ် ကောင်လေးရာ။ 

ဒီတစ်ခေါက်တော့ ဆောရီး။ ပန်းကန်တွေ အိုးတွေကို မလှမ်းမကမ်းက သူ့ပစ္စည်းတွေ သိမ်းနေကျ  တိုက်ခန်း က ရေကိုသယ် သေသေချာချာဆေးကြောသုတ်သင်။ ပြီး အိုးတွေထဲ အစီအရီထည့်။ ခုန်တွေကို ရေစိုအ၀တ်နဲ့ နည်း နည်း လိုက်သုတ်။ ဒါက သူနေ့စဉ်လုပ်နေကျ ၀တ္တရား။ ဘာပဲပြောပြော လမ်းဘေးရောင်းတယ်ဆိုပေမယ့် သန့်သန့် ပြန့်ပြန့်လေးမှ စားချင်စဖွယ်ရှိမှာပေါ့။ ဒါကြောင့်လဲ ဒီဆိုင်လေးနဲ့  အိမ်စီးပွားရေးကို အချိန်ကြာကြာ ထောက်ပံ့ပေး ထားနိုင်တာပေါ့။ အရသာဆိုလဲ မခိုဘူး။ စားသုံးသူဆိုတာ ပိုက်ဆံပေးရပါစေ အရသာကကောင်း သန့်သန့်ပြန့်ပြန့် ဆိုရင် ကျေနပ်ပြီး စားကြတာပဲ မဟုတ်လား။ ကိုယ်ပိုက်ဆံရသလောက် ထိုက်တန်အောင် ပြန်ပေးရတာပဲ စေတနာ သန့်သန့်လေးပါ ထည့်လိုက်တော့ သူ့အတွက် ဒီအလုပ်လေးက ပင်ပန်းပေမယ့် မိသားစု ၀မ်းဝအောင် ကျွေးနေ နိုင်တာပဲ။

          သူ့လိုမျိုးပဲ အလုပ်ဖြစ်ကျပါ့မလားလို့ သူ့ဘေးမှာ ဆိုင်တွေ အလျှိုလျှိုပေါ်ခဲ့ ဖူးပါရဲ့။ မကြာပါဘူး ပြန် ပျောက်သွားကြတာပဲ။ သူတို့က ပိုက်ဆံပဲ လိုချင်တာလား။ စားသုံးသူကို မလေးစား စေတနာကလည်းမပါ။ အရသာက လဲ စစချင်းသာကောင်းတာ။ နောက်ပိုင်း ခိုလာတော့ အရင်းတွေပြုတ်ပြီး နေ့ပျောက် ညပျောက် ပျောက်ကုန်ကြတာပဲ။ ရောင်းသူနဲ့ဝယ်သူပဲဗျာ မရှိလို့ ရောင်းပေမယ့် မြန်မာလူမျိုးပီပီ စိတ်အရင်းခံ စေတနာလေး ထည့်ရောင်းတော့ ၀ယ်သူလဲ စိတ်ချမ်းသာ ရောင်းသူလဲ အကျိုးအမြတ်ရပေါ့။ ဒါက ကျုပ်အယူအဆပါလေ။ တစ်ချို့ တစ်ပွဲတိုးတွေ တောင် ၇ှိသေး။

နောက်ဆုံး ဆိုင်စားပွဲကြီးကို လှမ်းပြီး သိမ်းလိုက်မှ ခုံအောက်မှာ ကြွပ်ကြွပ်အိတ် အမည်းနဲ့ အထုပ်တစ်ထုပ် ဗျာ။ ဘယ်သူကျန်သွားလဲ မသိပါဘူး။ သူကျောပိုးအိတ်ထဲ ကောက်ထည့်ထားလိုက်တယ်။ နောက်နေ့ ကျန်တဲ့သူ လာမေးမှာပဲ။ အဲတော့မှ ပြန်ပေးလိုက်မယ်။ ပစ္စည်းတွေလဲ သိမ်းလို့ပြီးပြီမို့ သူကားဂိတ်ရှိရာ လိုင်းကား အမှီ အသော့လေးနှင်လိုက်တယ်။ အိမ်ပြန်ရောက် ရေမိုးချိုး ညနေစာ ထမင်းစား။ သမီးနဖူးလေးနမ်းပြီး အိပ်ယာ ၀င် ခဲ့တယ်။  ပင်ပန်းလို့လား မသိပါဘူး။ နံနက်ခင်း နေခြည်ရယ်နွေးလာမှ တစ်ရေးနိုးတော့တယ်။
          ညနေဈေးပြန်ထွက်ဖို့ ပြင်နဲ့ တစ်နေ့လုံးနားရတယ် မရှိပါဘူး။ ညနေဆိုင်ပြန်ထွက်တော့ မဆိုးဘူး အခြေအ နေကောင်းတယ် ဆိုရမယ်။ မနေ့ကလို ပွဲရေအများကြီး ခပ်မြန်မြန်ရောင်းရ သိပ်ကောင်းမယ်ဗျာ။ ကျုပ် အိမ်မြန်မြန် ပြန် သမီးလေးနဲ့ေ တွ့ရတာပေါ့။ ခုက ကျုပ်ပြန်ရင် သမီးက အိပ်ပြီ။ နေ့လည်ဆို သမီးက ကျောင်းသွားနဲ့ ကျုပ်တို့ သား အဖ ဝေးနေတာကြာပေါ့။
“ညီလေးရေ တစ်ပွဲလုပ်ကွာ..ဟူး”         

“သြော် မနေ့က အိမ်အတွက် ပါဆယ်ဆွဲသွားတဲ့ အစ်ကိုကြီးပဲ။ ဘယ်လိုလဲ အိမ်သားတွေ သဘောကျရဲ့ လား”

“အေးကွာ ကျပါရဲ့ ဒါပေမယ့် ”

“ဘာလဲ ဒါပေမယ့် အစ်ကိုရ.. ကျွန်တော့် မုန့်ဟင်းရည် မကြိုက်ကြဘူးလား”

“ညီလေးနဲ့ မဆိုင်ပါဘူးကွာ။ မနေ့က အစ်ကိုဘဏ်ကနေ ပိုက်ဆံထုတ် လာတာကွ သွားတဲ့ နေရာကလည်းများ မိုးကလည်းရွာဆိုတော့ သုတ်သုတ်သွား သုတ်သုတ်ကားထဲပြန်ဝင်ထိုင်ဆိုတော့လေ အဲဒီ ပိုက်ဆံ ထုပ် ဘယ်နားကျခဲ့လဲ မသိဘူးကွ။ နည်းနည်းလဲ သောက်ထားတော့ ပြန်စဉ်းစားလို့ကို မရဘူးကွာ”

“ဘယ်..ဘယ်လောက် ထုပ်လာလို့လဲ အစ်ကို”

“၁၅ သိန်း ။ အစ်ကိုတို့အနေနဲ့ဆို ၁၅ သိန်းက မပြောပလောက်ပါဘူး။ ဒါပေမယ့် ကိုယ့်ပိုက်ဆံဆိုတော့ လဲ နှမျှောတာပေါ့ကွာ.. အဲတော့ စိတ်ထဲနေလို့တော့ မကောင်းဘူးကွ”

ဟာ.. ဟို အမည်းရောင် အထုပ်က ၁၅ သိန်းဆိုပါလား။ မိန်းမလည်ပင်း ရွှေဆွဲကြိုး တစ်ကုံးလောက် တင်ပေး နေချင်သည်မှာ ကြာပေါ့။ ဒီလူကိုယ်တိုင်ကလည်း ဘယ်နေရာ ကျန်လို့ ကျန်ခဲ့မှန်းမသိဘူး။ ဂွင်ပဲ။ သူတို့က သူဌေးပဲ သူတို့ အတွက် ၁၅ သိန်းလောက်က ဘာအရေးလဲ။ ကျုပ်တို့အတွက်သာ ၁၅ သိန်းဆိုတာ အိမ်မက်တောင် မမက်ဘူးတဲ့ ပမာဏ။ သို့ပေမယ့် သူက ငါ့ဆိုင်က စားသုံးသူ။ မနေ့က သူ့ခင်ဗျာ တစ်ကူးတစ်က လာဝယ်ရ ရှာတာ။ ငါ သူ့ပိုက်ဆံယူထားလဲ လိပ်ပြာလုံပမလား။ ငါ့ မိန်းမလည်ပင်း ရွှေမဟုတ်ပဲ မီးကျီခဲ စွတ်ထားသလို ဖြစ်နေမှာ။ ရိုးရိုး သားသားနဲ့ ရှာတဲ့ ပိုက်ဆံနဲ့ပဲ ငါ့မိန်းမကို ရွှေလုပ်ပေးမယ်။ လည်ချောင်းဝ ကထွက်လာတဲ့ အသံက ခြောက်ကပ်ကပ်

“အစ်ကို့ ပိုက်ဆံက..ကြွပ် …ကြွပ် အိတ် အ… အ မည်းရောင်နဲ့လား”

“ဟာ ..ဟုတ်တယ်ညီလေး.။ ဒီ..ဒီမှာ ကျန်ခဲ့တာလား”

သူခေါင်းညိမ့်ပြရင်း ကျောပိုးအိတ်ထဲက ကြွပ်ကြွပ်အိတ်အမည်းရောင်ကို ထုတ်လိုက်တယ်။ ပြီးတော့ အစ်ကို ကြီးလက်ထဲ ထည့်ပေးလိုက်တယ်။ သူ့လက်တွေတုန်နေတယ်။ ဒါကိုပိုက်ဆံလို့ မသိခင်က တစ်မျိုးပေါ့။ ခုတော့ သူ တို့ အိမ်မက်တောင် မမက်ဝံ့သည့် ၁၅ သိန်းဆိုတော့. စိတ်ထဲ ငိုချင်သလိုလို နမျှော    သလိုလိုကြီး။ ပိုက်ဆံပိုင်ရှင် အစ်ကို ကြီးကတော့ ၀မ်းသာလွန်းလို့ ။ သူ့ကို ကျေးဇူးဆပ်တာဆိုပြီး ၂ သိန်းပြန်ပေးခဲ့သေးတယ်။ ကျုပ်ကတော့ ၀မ်းနည်း ၀မ်းသာကြီးပါဗျာ။

အဲ..ဒါပေမယ့် ကျုပ်ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဗျ။ တစ်ခါတစ်ခါ အဲဒီအစ်ကိုကြီးက ကျုပ်ကို တစ်ကူးတစ်က မုန့်ဟင်းခါး အော်ဒါ လာမှာတတ်သေးတယ်။ သူ့ အလုပ်က လူတွေကို ကျွေးဖို့တဲ့။ သူတင်မက သူ့သူငယ်ချင်းတွေ ကပါ လာမှာသဗျ။ ကျုပ်ကတော့ စေတနာကောင်းပြီးမှန်လို့ ကံကောင်းတယ်လို့ပဲ မှတ်ပါတယ်ဗျာ။ ကျုပ်တို့ ငွေမရှိ လို့ ငွေရှာကြတယ်ဆိုပေမယ့် ငွေနောက်တော့ ကောက်ကောက်ပါအောင် မလိုက်ကြဖို့လိုတယ်ဗျ။ ငွေ ဆိုတာ ကိုယ်က လိုက်လွန်းရင် သူကအပြေးပိုမြန်လာလေ မဟုတ်လား။ အဲ ပြေးလွန်းတဲ့ ငွေနောက်ကို ခင်ဗျား လိုက်လို့ မှီပြီ   ဆိုရင်တော့ သေချာတယ် ခင်ဗျားဟာ ချောက်ကမ်းပါး အစွန်းကို တက်နင်းထားမိပြီဆိုတာ လေးကို သတိရကြဖို့ပါပဲ။ 



***
ချစ်သော မောင်နှမများအားလုံးကျန်းမာချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေ ရှာဖွေပြီး သုံးထားပါတယ်။