Wednesday 15 April 2015

ချစ်စရာ့ ပုံရိပ်





ခုတစ်လော ချစ်စရာကောင်းသော အတိတ်တစ်ခုကို ပြန်ပြီး အမှတ်ရနေမိသည်။ ကျွန်မအသက် ၁၅ နှစ်အရွယ်ခန့်ကဖြစ် လိမ့် မည်ထင်သည်။ တွေးမိတိုင်းလည်း ပြုံးမိသည်။ ကျွန်မငယ်ငယ်က ပန်းနုရောင်ဖျော့ဖျော့ အသားလေးကအိအိ အရှည်သည် အရမ်းကြီးလည်း မရှည် ဒူးလယ်ကျော်ကျော်လောက်နှင့် အထူးသဖြင့် စကတ်လေး၏ ခါးပတ်လေးကို ပိုပြီး နှစ်သက်မိ သည်။ ခပ်ပြားပြားကိုယ်လုံးနှင့် သေးသွယ်သောခါးသည် ထိုစကပ်လေးဝတ်လိုက်သည့်အခါ ပုံပြင်ထဲမှ စင်ဒရဲလား မင်းသမီးလေးနှယ် ကိုယ့်ကိုယ်ကို ထင်မိတတ်သည်။ (စာကြွင်း -  ငယ်ငယ်ထဲက ဇ ကလေးနှင့် ရူးမိသည်)။ အဘယ်ကြောင့်ဆိုသော် ထိုစကတ် လေး မပိုင်ဆိုင်ခင်အထိ အမေ ၀ယ်ပေးသော စကတ်များသည် မာခေါက်ခေါက်နှင့် ခပ်ကားကား ပုံမကျ ပန်းမကျများ ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။ အရောင်သည် စပ်ဖြဲဖြဲ (ခရမ်းရင့်ရောင် ပန်းနုရောင်ရင့်ရင့် အစိမ်းပုတ်ရောင်) ထို ကဲ့သို့ အရောင်များဖြစ်သည့် အပြင် အားလုံးသည် ဗြောင်ကြီးနှင့် မည်သည့်အပွင့်မှမပါ ထို့အပြင် အချိုးမပြေစွာ  တွန့်ထားသော အတွန့်ကြီးများသည် ထင်းထင်းကြီးဖြစ်နေတတ်ပြီး ခပ်ကားကားကြီးဖြစ်နေတတ်သည်။

          ဒီကြားထဲ စကတ်၏ခါးပတ်သည် လက် ၅ လုံးမျှကြီးကာ ၀မ်းဗိုက်တွင် စည်းထားသလိုကြီး ဖြစ်နေပေ ရာ ချပ်ချပ်ရပ်ရပ်မရှိ ထိုစကတ်များဝတ်လျှင် ကျွန်မစိတ်ထဲ ကောက်ညှင်းထုပ်ကြီးနှင့် တူသည်ဟု ထင်မိသည်။ ထို့ ကြောင့် ပူဖောင်းနေသော ဗိုက်အား ဖုံးအုပ်ရန်အလို့ငှာ. အင်ကျီခပ်ပွပွ ခပ်ရှည်ရှည်ကြီးများနှင့် ၀တ်မိလေရာ ကျွန်မ၏ ပုံသည် တုံးယုံမျှမက လုံးလျှက်သာနေတော့သည်။ မြင်ကြည့်တော်မူကြပါကုန် တစ်ဖြောင့်တည်း အင်ကျီခပ်ပွပွကြီး တို့အား အောက်ဘက်အရမ်းကားနေသည့် စကတ်နှင့်ဝတ်သည်။ ပြီးစကတ်၏ အသားသည် မာခေါက်ခေါက် ခပ် တောင့်တောင့်ကြီး အရောင်တို့သည် စပ်ဖြဲဖြဲ။ ကျွန်မက အသားဖြူသဖြင့် မည်သည့်အရောင်မဆို လိုက်သည် ထို့ကြောင့် အရောင်လွင်လွင်လေးများသာ ၀ယ်ဆင်ပေးတတ်သော ကျွန်မ၏ အမေဖြစ်သည်။

          ထိုကဲ့သို့ ပုံမကျပန်းမကျ စကတ်များထဲတွင် တစ်ထည်တည်းသော ထိုစကတ်လေးသည် အရောင်က လည်းကိုယ့်အကြိုက် ၀တ်လိုက်လျှင်လည်း စကတ်အသားအိအိလေးက လေထဲ တစ်လွင့်လွင့် လမ်းလျှောက်နေရင်း လက်လွဲမိသည့်အခါ ထိုစကတ်လေးနှင့်လက် ပွတ်တိုက်မိသည့် ခံစားချက်ကလေးကိုပင် ကျွန်မ အလွန်နှစ်သက်မိလေ သည်။ အရွယ်ကလည်း မြီးကောင်ပေါက်အရွယ်မို့ လှချင်ပချင်။ ထိုစကတ်လေးကို ဒေါက်မြင့်ဖိနပ်ကလေးများနှင့် တွဲ ၀တ်မိသည့်အခါ ကျွန်မသည် ငါအရမ်းလှတာပဲဟု ကိုယ့်စိတ်ဝယ် ဘ၀င်ကိုင်မိခဲ့သည်။ အမှန်မူကား မျက်နှာ ခပ်ဝိုင်းဝိုင်းပြည့်ပြည့်နှင့် အရှေ့ဆံမြိတ်ချကာ ဆံပင်ကုပ်ဝဲ ညှပ်ထားသော ကျွန်မသည် မည်သည့်နည်းနှင့်မျှ လှပရန် မဖြစ်နိုင်လောက်ပေ။ လည်ပင်းကလည်း ခပ်တိုတိုမို့ လည်ကုပ်သည် တိုနေသည့်သဖွယ်ပင် ထင်ရလေသည်။ သို့သော် ငယ်စဉ်ကဖြင့် ဒါသည်ပင် လှသည်။
          ကျွန်မသည် ထိုစကတ်လေးကို အပြင်သွားတိုင်း ထုတ်ဝတ်လေ့မရှိ။ အရောင်နုလွန်းသဖြင့် အစွန်းအထင်းလွယ်လှသည်။  လှလှပပ ခပ်ကြော့ကြော့ သွားရမည့် နေရာတွင်သာ ထိုစကတ်လေးကို ထုတ်ဝတ်လေ့ ရှိသည်။  တစ်နေ့ မင်္ဂလာဆောင်သွားရမည်ဟုဆိုလာသောအခါ ထိုစကတ်လေးကို ထုတ်ဝတ်ခဲ့မိသည်။ ရွယ်တူ ၀မ်းကွဲအစ်မလဲ ပါမည် အပြန်ကျလျှင် အဒေါ်ကရွှေတိဂုံဘုရားလိုက်ပို့ပေးမည်ဟု ဆိုသည်။ မနက်ထဲက ၀ီရိယ ကောင်းစွာ ရေမိုးချိုးအလှပြင် ထိုစကတ်လေးဝတ် ဒေါက်မြင့်ဖိနပ်ထုတ်စီးရင်း မှန်ရှေ့ တွင် တစ်ဒေါက်ဒေါက်လမ်း လျှောက်လေသောအခါ အမေသည် မျက်စောင်းလှမ်းချိတ်လေ၏။
         
          လမ်းထွက်လာသည့်အခါမှပင် အဒေါ်က သူ့အလုပ်သို့အရင်သွားမည် ပြီးမှရုံးကလူတွေနှင့် မင်္ဂလာဆောင် သွားမည်ဟူသည့် အစီအစဉ်ကို သိရသည်။ သို့နှင့် အဒေါ်၏အလုပ်သို့ ကျွန်မတို့နှစ်ယောက် ပါသွားခဲ့သည်။ ရုံးသို့ရောက်သောအခါ ကျွန်မတို့ညီမအစ်မနှစ်ယောက်ကို ဧည့်နားနေခန်းတွင် အအေးဗူးများနှင့်ထားကာ အဒေါ်သည် သူ့ရုံးခန်းရှိရာ အပေါ်ထပ်သို့တက်သွားလေသည်။ အခန်းထဲတွင် ကျွန်မတို့ညီအစ်မနှစ်ယောက်သာ ကျန်ခဲ့သည်။ တစ်ခဏမျှ ထိုင်နေမိသေးသည်။ ပြင်ထားဆင်ထားပြီး လိုရာမရောက်သေးသည့် အတွက် စောင့်ရသည်မှာ ကြာသည်ဟု ထင်မိသည်။ ဧည့်ခန်းမှ အပြင်သို့ထွက်ကြည့်မိသော်. အဆင်းလှေကားကိုတွေ့ရသည်။ ကျွန်မတို့ညီအစ်မနှစ်ယောက် စိတ်အ၀င်စားဆုံးမှာ အဆင်းလှေကားအောက်ဘက်တည့်တည့်ရှိ ကိုယ်လုံးပေါ်မှန်ချပ် အကြီးကြီးဖြစ်သည်။

          လှေကားပေါ်မှ ဒေါက်မြင့်ဖိနပ် တစ်ဒေါက်ဒေါက်နှင့် ဆင်းလေသော်. မှန်ကြီးထဲ ကြွကြွရွရွ လမ်းလျှောက်ဟန် ပေါ်နေသည့် ပုံရိပ်သည် စိတ်ထဲတွင် အတော်လှပကျော့ရှင်းနေပေသည်။ ထို့ကြောင့် အထက်ကဆိုခဲ့ သည့်အတိုင်း စင်ဒရဲလားအငုံ့စိတ်သည် ထွက်ပေါ်လာခဲ့သည်။ ခြေတစ်လှမ်းအဆင်း စက်ကတ်အသား အိအိလေးကို ခပ်ရွရွကိုင် ဆင်းရင်း စကတ်လေးတစ်ချက် ကားကနဲ ဖြစ်သွားသည်ကိုပင် ညီအစ်မနှစ်ယောက် နှစ်ခြိုက်စွာရယ်မောမိကြသည်။ ကျွန်မတို့ညီအစ်မနှစ်ယောက်သည် ဧည့်ခန်းကို၎င်း စောင့်နေခြင်းအမှုကို၎င်း မေ့လျောသွားခဲ့လေတော့သည်။ ပြီး စိတ်နောက်ကိုယ်ပါဆိုသလိုပင် ကဲလာပြီ စင်ဒရဲလား စကတ်ကိုင်ပြီး လှေကားက ဆင်းလာသည့်အခန်း။ မျက်နှာ အမူအရာကလည်း ပါသေးသည်။        ခပ်မော့မော့ အရေးထဲ လှေကားအောက်ထစ်ကျမှ ဒေါက်ကချောသလိုဖြစ်လေရာ ဟန်ချက်ပျက်သွားသော ကျွန်မအား အစ်မလုပ်သူက လက်ညှိုးထိုးကား တစ်ဟားဟား ရီ၏။

          ကျွန်မပြီးသွားတော့ အစ်မကလည်း မခေစွာ သူလဲ စင်ဒရဲလား စကတ်ကိုင်ဆင်းလေ၏။ သူ့အလှည့်ကျမှ ပိုဆိုးခြေချောကာ အရှိန်လွန်သွားသောနဖူးသည် ရှေ့ကမှန်နှင့် ပြေးဆောင့်၏ ဒိန်းကနဲ။ ညီအစ်မနှစ်ယောက် ရီသံ သည် တစ်ဝါးဝါး တစ်ဟားဟား။ အစ်မသည် အရှက်ပြေ ခြေထောက်က ခြေဆီတွေထွက်နေလို့ပါနော်ဟု ဆို၏။ အရှိန်က ပိုတတ်လာပြီ။ ခပ်ကျော့ကျော့ လှေကားပေါ်ပြန်တက်သွားရင်း လှေကားအလယ်လောက်တွင် မတ်တပ် ရပ် နောက်ပြန်လှည့်ကာ ကပွဲအလယ်ဟောခန်းကြီးထဲက မင်းသားလေးကို ရှာခန်း။ မျက်နှာအမူအရာနှင့် မျက်လုံးသည် တစ်ခုခုကိုရှာဖွေဟန်ပြု၏။ ထို့နောက် မင်းသားလေးကို တွေ့ဟန်နှင့် စကတ်လေးမ အသော့ကလေး အောက်ပြေး ဆင်းလာဟန် စကတ်လေးမ ခါပြီးပြေးဆင်း၏။ အစ်မကလည်း အားကျမခံ သူကလည်း ဘုရားသွားလျှင် ၀တ်ပြုဖို့ ယူလာသည့် ပုဝါခပ်အိအိလေးအား ခေါင်းတွင်ချည်ကာ မင်းသားလေးကို ရှာပြပြန်လေသည်။  အောက်ရောက်လျှင် ညီအစ်မနှစ်ယောက် လက်ဝါးပြိုင်တူရိုက်ကာ ရူးချက်ဟုဆိုကာ ရီကြပြန်လေသည်။
         
          ကဲလာလေ့ နောက်တစ်ခန်း. ဖိနပ်ချွတ်ပြီး ပြေးသည့်အခန်း။ အဟမ်း .. အခန်းကျယ် မြေပြန့်မရှိသည်မို့ ရှိ သည့်လှေကားပေါ်သာ ပြန်တက်၏။ ပြုံးပျော်နေရင်း တစ်ခုခုကိုစိုးထိတ်သွားဟန် လှေကားတစ်ထစ်ဆင်း၏ ပြီး ထိန့် လန့်သွားသည့် အမူအရာဖြင့် ဖိနပ်တစ်ဖက်ကိုချွတ်ခါ ထော့နင်းထော့နင်း စကတ်မပြီး အောက်သို့ဆင်းပြန်လေ ၏။ မှန်ချပ်ကြီးကို ပြန်ပြန်ကြည့်ပြီး မျက်နှာအမူအရာကလည်း လုပ်နေရသေးသည်မဟုတ်ပါလား။ ကျွန်မပြီးသွားတော့ အစ်မအလှည့် သူလဲကျွန်မလိုပင် ဖိနပ်ချွတ်သည် အောက်ကိုထော့နဲထော့နဲ့ ဆင်းသည်။ ခြေဆီတို့ဖြင့် ချော်နေသာ ခြေထောက်သည် အရှိန်လွန်ကာ ဟိုက်ကနဲ မှန်ကြီးကို ပြေးဝင်ဆောင့်၏။ အရှိန်နည်းနည်းပြင်းသဖြင့် မှန်ကွဲမှာစိုးရိမ် ကာ ထိတ်ထိတ်ပြာပြာ ကျွန်မက ၀င်ထိန်း၏။ ကျွန်မ အစ်မကို မမိလိုက်ပါ။ မှန်ဘေးနားရှိ ဘုကလေးကို နိပ်မိလိုက် သည်။ မှန်ကြီးသည် တံခါးသဖွယ် ပွင့်သွားလျှက် အစ်မသည် ထိုအခန်းထဲ ပုံကနဲ လှဲကျ၏။ ကျွန်မသည် မျက်လုံးအပြူးသား နှင့်လဲနေသော အစ်မကိုသွားဆွဲထူရင်း မှန်ကြီးကို ကြည့်လိုက်သောအခါ အမယ်လေး ဘုရားဘုရား  အပြင်ကိုအတိုင်းသားမြင်နေရပါလား။

          မယုံနိုင်သည့်သဖွယ် အစ်မကိုပြန်ဆွဲမထူပဲ အပြင်သို့နောက် တစ်ခေါက် သွားထွက်ကြည့်မိသေးသည်။ ဟုတ်ပါ တယ် ကိုယ်လုံးပေါ်မှန်ချပ်ကြီးပါ။ အထဲပြန်ဝင်ကြည့် အပြင်ကလှေကားကို ကောင်းစွာ မြင်ရလေသည်။ ပထမဆုံးသော နှစ်ဖက်မြင် မှန်ချပ်ကိုတွေ့ဖူးမိချင်းဖြစ်သည်။ အူကြောင်ကြောင်နှင့် နှစ်ခါလောက်ကြည့်ပြီးမှ အစ်မကို သွားဆွဲထူလေ သည်။ အစ်မ၏ လက်များသည် အေးစက်နေ၏။ ပြီး တုန်တုန်ချိချိဖြစ်နေ၏။ စိတ်ထဲမှဒီလောက်လေး ချောလဲတာကိုး သူက နုနေသေးသည်ဟု တွေးမိသေးသည်။ အစ်မ မတ်တပ်ရပ်သည့်အချိန်တွင် တစ်ခစ်ခစ်ကြိတ်ရီသံများ ၀ါးဟားဟား ဆိုသည့် အသံကျယ်ကြီးများထွက်လာ၏။ ဒီတော့မှ ရောင်ရမ်းကာ အခန်းတွင်းထဲ လှည့်ကြည့်မိသည်။

          အောင်မယ်လေး  အဒေါ်တို့ တစ်ရုံးလုံးသည် အစည်းအဝေး ထိုင်နေကြခြင်းဖြစ်သည်။ ကျွန်မတို့နှင့် မတိမ်းမယိမ်း ကောင်လေးတစ်ယောက်သည် တံခါးနှင့်အနီးဆုံးနေရာတွင်ရှိလျှက် မတ်တပ်ရပ်ပြီး ရုပ်ကြီးက စပ်ဖြဲဖြဲ ဒင်းသေချာပြီး ခုနက ကျွန်မတို့ရူးသမျှ လိုက်ကြည့်ခဲ့ပုံပေါ်သည်။ ဘုရား ဘုရား ခုနက မှန်နားကပ်ခါ ၀က်ခြံပင်ညှစ်လိုက်သေးသည်။ ဘာတဲ့ စင်ဒရဲလား ငိုလို့ မျက်ရည်မကျသည်နှင့် တံတွေးလေးစွတ်ကာ မျက်လုံးမှ မျက်ရည်တုလုပ်ခဲ့ကြသေးသည်။ ဟင်.ဟင် ဒါတင်ပဲလား မကသေးပါဘူး မှန်နားကပ်ခါ “အချစ်ရယ်.. ကျွန်မတော့ အရမ်း လွမ်းနေပြီ သိလား” မာန်ပါပါ ပြောခဲ့ကြ သေး သည်။ မျက်လုံးကြီးပြူးကာ(အမှန်က ချစ်သူကိုတွေ့လို့ ၀မ်းသာသွားဟန်) “မောင်” ဟု မပွင့်တစ်ပွင့် မောင် လို့ပင်ခေါ်ခဲ့ကြသေးသည်။ ဖိနပ်လေးနှစ်ဖက်ကိုခြွတ် ပြိုင်တူကောက်ကိုင်ခါ ညီအစ်မနှစ်ယောက် လှေကားပေါ် အလုအ ယက် ပြေးတက်ခဲ့ကြသည်။ ဧည့်ခန်းတံခါးကို ဖွင့်ကြသည့်အခါ  တံခါးသည် ဆွဲဖွင့်သော်လည်း မပွင့်။ အထဲကနေ  ဖွင့်ပေးမှ ရသည့် တံခါးကို။ မသိလေ အားကုန်းသုံးပြီး ညီအစ်မနှစ်ယောက် ဆွဲဖွင့်ကြသည်။ အောက်ထပ် လှေကား ရင်းမှ သူများသည် ကျွန်မတို့နှစ်ဦးကို ကြည့်ကာ တစ်ဟားဟား ရယ်ကြပြန်သည်။

          ရှက်ကလည်းရှက် တံခါးကလည်းမပွင့် ပြေးစရာမြေကလည်း မရှိသည်မို့ ညီအစ်မနှစ်ယောက် မျက်နှာကြီးတွေ နီရဲလာကာ တစ်ဟီးဟီး နှင့် ပြိုင်တူငိုကြသည်။ မင်္ဂလာဆောင် မသွားတော့ ဘူး တံခါးအပေါက်ဝတွင် ဖင်ချထိုင်ကာ ပြန်မယ် ပြန်မယ်ဟု အော်ငိုကြသည်။ ဇာတ်ပေါင်းသော် ထို့နေ့က မင်္ဂလာဆောင်မသွားဖြစ်တော့ပေ။ အဒေါ်ရုံးကနေ ချက် ချင်း ပြန်လာကြသည်။ အဒေါ်ရုံးမှသူများသည် အဒေါ်အား မကြာခဏမေးသည်။ စင်ဒရဲလား ညီအစ်မနှစ်ယောက် ဘယ်တော့ ရုံးကိုခေါ်လာအုန်းမှာလဲဟု မေးကြသည်။ ကျွန်မသည်လည်း လူကြားသူကြားထဲသွားလျှင် ထိုစကတ် ပန်း ရောင်လေးကို ၀တ်ဖို့ရာ မ၀ံ့မရဲ။ တော်ကြာ အဒေါ်၏ ရုံးမှ လူများသည် ဒီစကတ်လေးကြောင့် ကျွန်မကိုမှတ်မိသွား လျှင် မခက်ပါလား။ ထို့အပြင် စကတ်လေးသည် အရောင်တစ်ချို့ စွန်းထင်သွားခဲ့သည်။ တံခါးအပေါက်ဝတွင် ထိုင်ချ လိုက်မိသော အချိန်ကဖြစ်လိမ့်မည်။ အိမ်က အမေကတော့ ပြောသည် ခုမှပဲ မျက်စိနောက်သက်သာသွားတော့သည် တဲ့။ နို့မို့ အဲဒီစကတ်ကြီး ဘတ်လက် ဘတ်လက်ကို သူပဲ ကြိုက်တတ်တယ်တဲ့လေ။ 

--
မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါတွင် ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကဖြင့် google ကနေ ရှာဖွေပြီး ယူသုံးထားတာပါရှင့်။  
 ဆွေလေး ခရီးထွက်မှာမို့  ၁ လကျော်ကျော်လောက် ပျောက်နေပါမည်လို့ အကြောင်းကြားထားပါရစေရှင့်။