Thursday 29 May 2014

ဆက်...ချစ်နေခွင့်






ကျွန်မက မြစ်တစ်စင်းလိုတော့ မကောက်ကွေ့တတ်ဘူး။ ဒါပေမယ့် မြစ်ကျဉ်းတွေတော့ များတယ် ..မောင်။ စိတ်ရဲ့ စေစားရာအတိုင်းလုပ်ပါလို့ ဆိုရင် မောင့်ကို ကျွန်မ အရမ်းချစ်ခဲ့မိတယ် လို့ ၀န်ခံမိမယ်ထင်တယ်။  ဒါပေမယ့် ကျွန်မသိနေခဲ့တယ် အဲဒီလိုမျိုး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။ အရင်တုန်းကလဲ မဖြစ်ခဲ့သလို နောင်လဲဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။

          မာနကို တံခွန်ထူတတ်တဲ့ မိန်းမမျိုး မဟုတ်ပေမယ့် လိုအပ်လာရင်တော့ ဖက်တွယ်ထားတတ်တဲ့ မိန်းမတစ် ယောက်လို့ သာမှတ်ပါလေ။ သက်ခက်ပန် ဆိုတာ လောကကြီးမှာ တစ်ကောင်ုကွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ပြီး ကိုယ့်ထမင်းကိုယ်ရှာစား ကိုယ့်ကိုယ်ကို ထိန်းသိမ်းလာတာ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ လျှောက် လှမ်းခဲ့တဲ့ မိန်းမ။ အနေအစားဆင်းရဲပေမယ့် စိတ်ဓာတ်တော့ မဆင်းရဲအောင် နေခဲ့တဲ့ မိန်းမ။
         
          “အချစ်ဆိုတာကို မင်းဘယ်လို သဘောပေါက်သလဲ ခက်” တဲ့

မောင် မေးခဲ့ဖူးတယ်နော်။ ဒီမေးခွန်းကို မေးခဲ့ဘူးတဲ့ မောင် ကိုယ်တိုင်ကရော အချစ်ဆိုတာကို သေချာကျေညက်ခဲ့လို့လား ကျွန်မတော့ဖြင့် မထင်ပါဘူး။ အဖြေမှန်ကို မောင် ကိုယ်တိုင်ေ၀၀ါးနေသမျှတော့ ဘယ်လိုပဲကျွန်မဖြေခဲ့ ဖြေခဲ့ မောင်နားလည်သဘောပေါက်နိုင်မယ် မထင်ဘူး။
         
          “မင်း တွေ့ခဲ့ဘူးတဲ့ ယောက်ကျားတွေနဲ့ ငါ့ကို လာလာပြီးနိုင်းမကြည့်နဲ့ ခက်. ”

ကြားရတာ နားမှာခါးသက်လိုက်တာ။ ဒီထက်ပိုပြီးပြေပြစ်မယ့် စကားလုံးမျိုးနဲ့ မတုန့်ပြန်တတ်ဘူးလား။ အလုပ် သဘောအရ ဆက်ဆံတဲ့ ယောက်ကျားမျိုးက လွဲရင်  မောင်က ကျွန်မရဲ့ ပထမဆုံးရင်းနှီးတဲ့ ယောက်ကျားလေး တစ်ယောက်ပါလို့ ဘယ်လိုရှင်းပြရမလဲ။ နှိုင်းယှဉ်စရာ နှိုင်းကြည့်စရာကို မရှိခဲ့တာပါ။ မောင် ချစ်ခဲ့ပါတယ်ဆိုတဲ့ မိန်းမတစ်ယောက်ကို အဲဒီလောက် အထင်သေးခဲ့တာလား။ ကျွန်မရဲ့ အလုပ်က စားသောက်ဆိုင်တစ်ခုမှာ မန်နေဂျာလေ မောင်ရဲ့။ ဒီလိုပဲ လာသမျှ ဧည့်သည်ကို အပြုံးနဲ့ ဧည့်ခံတတ်မိတာ ကျွန်မရဲ့အမှားလား။ ဧည့်သည်က မူးနေသည် ဖြစ်စေ ကောင်းနေသည်ဖြစ်စေ ကျွန်မဘက်ကတော့ တာဝန်ကျေရမှာ မဟုတ်ဘူးလား။ ဒါမှမဟုတ် မောင် ကိုယ်တိုင် တစ်ချိန်က ဧည့်သည်တစ်ယောက် ဖြစ်ခဲ့ဘူးလို့လား။

 “မင်းသိထားဖို့က မိန်းမတစ်ယောက်ကို ငါဟာ ဘယ်လောက်ပဲ ချစ်နေပါစေ။ ငါအထင်မကြီးနိုင်တဲ့ မိန်းမမျိုး ဆိုရင်တော့ ငါ့ဇနီးမယားတစ်ယောက်ဖြစ်ဖို့ အခွင့်အရေး ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး”


အမှတ်မထင် ကြားခဲ့မိတယ်။ မောင်နဲ့ သူ့သူငယ်ချင်းပြောနေတဲ့ စကားအချို့။ အဲဒါဆိုရင်လည်း ကျွန်မဘေးနားကနေ အဝေးကို ထွက်သွားပါတော့လား။ ဘာဖြစ်လို့ တွယ်ကပ်နေခဲ့သေးလဲ။ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက် အသိုင်းအ၀န်းမဲ့သူမို့ မောင့်အသိုင်းအ၀န်းထဲကို ခေါ်ရမှာ စိုးရွံနေခဲ့သလား။  ကျွန်မကိုချစ်မိခဲ့တာ မောင့်အတွက် ဂုဏ်များငယ်သွားခဲ့သလား။မောင် ကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ ကိစ္စတစ်ခုကို ကျွန်မကိုများ ရင်ဆိုင်ဖြေရှင်းခိုင်းနေ တာလား လို့တောင် ထင်မိပါရဲ့။


          “ကိုယ့်ကိုယ် သေချာတဲ့ အဖြေတစ်ခုပေးပါ ခက်။ မင်းရဲ့ နှုတ်က စကားတစ်ခွန်းဟာ ကိုယ့်ဘ၀ကြီးတစ်ခု လုံး ကိုယ့်ရဲ့စိတ်တွေ အားလုံးကိုပြောင်းလဲ သွားစေမယ့် အရာတစ်ခုပဲ”


နှုတ်ခမ်းတွေကို ကွေးညွှတ်သွားအောင် ပြုံးလိုက်မိတယ်။ တစ်ကယ်ဆို ကျွန်မလိုချင်တာက မင်းကိုချစ်တဲ့ အချစ်တွေနဲ့ ကိုယ့်ဘ၀ကြီးကို ပြောင်းလဲပစ်လိုက်မယ် ဆိုတာမျိုး။ အခုတော့ မင်းချစ်မှ ကိုယ်ပြင်မယ်ဆိုတာမျိုး။ သိပ်ခက်တဲ့ မောင်ပဲ။ ကျွန်မကိုချစ်တဲ့ အချစ်တွေက မောင့်ရဲ့ အတွင်းစိတ်အတ္တလေးကိုတောင် မဖုံးလွှမ်းနိုင်ခဲ့ပါလားလို့ နားလည်လိုက်မိတယ် ။ ကျွန်မကို ချစ်နေပါလျှက် အထင်သေးတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေမယ့် ယောက်ကျားတစ်ယောက်ကို ဘ၀ကြင်ဖော်အဖြစ် မိုက်မဲစွာ ရွေးချယ်ရမယ်တဲ့လား။

 ကျွန်မတို့ မဖြစ်နိုင်ပါဘူးလို့ တိုတိုနဲ့လိုရင်းပဲ ပြန်ဖြေခဲ့မိတယ်။ မောလိုက်တာမောင်။ နှလုံးသားတွေ ကြေကွဲကုန်ပြီ ထင်ပါရဲ့။

             “မင်း ကိုယ့်ကိုယ် ဘယ်တုန်းက မှ မချစ်ခဲ့ဘူးလား ခက်”

ချစ်ခဲ့မိတာပေါ့ရှင်။ မဖြစ်နိုင်ပါဘူးလို့ ပြောနေစဉ်မှာပဲ နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်နေခဲ့တာ ရှင်မှ မမြင်ရပဲ။ ဒီလိုမျိုး ဟန်ဆောင်ကောင်းဖို့ အချိန်ဘယ်လောက်ပြင်ဆင်ခဲ့ရလည်း ရှင်မှမသိပဲ။ အချစ်ဆိုတာ ဆုံဆည်းမှုမှာ အနားသတ် တယ် ဆိုပေမယ့် ကျွန်မတို့နှစ်ယောက်အတွက်တော့ ဝေးကွာမှုနဲ့ နှုတ်ဆက်ကြတာပဲ ကောင်းပါတယ် စိတ်အလိုမကျတိုင်း မောင့်နှုတ်ကနေ ထွက်ကျလာမယ့် အထင်သေးတဲ့ စကားလုံးတွေကို ကျွန်မကြောက်တယ်။ ကျွန်မရဲ့ နှလုံးသားထဲကို  နာကျည်းမှုအဆိပ်မြှားတွေ  မောင်ကိုယ်တိုင် ပစ်ခွင်းလိုက်မှာစိုးတယ်။

          ကျွန်မက မောင့်ကိုထာဝရ အချစ်တွေနဲ့ပဲ ချစ်ခဲ့မိချင်သူပါ။မောင့်ကို တစ်သက်လုံး ချစ်နေပါရစေ။ ချစ်ပိုင်ခွင့် ရှိတယ် မဟုတ်လား။ ကျွန်မရဲ့ အချစ်တွေကို မောင်သိခဲ့သည် ဖြစ်စေ မသိခဲ့သည်ဖြစ်စေ ကိုယ်ပိုင်တဲ့ အချစ်ကို ကိုယ်တိုင် ဖမ်းဆုပ်ပြီး ...

ဆက် ချစ်နေခွင့်တော့ ..ကျွန်မမှာ ရှိနေခဲ့သေးတယ်.. ချစ်ပိုင်ခွင့်ရှိသေးတယ်  မဟုတ်လား မောင်။
          
--------------------
သရုပ်ဖော်ပုံလေးကိုတော့ google ကနေပဲ ရှာဖွေပြီး အသုံးပြုထားပါတယ် လို့ အကြောင်းကြားရင် 
ချစ်စွာသော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။