Monday 14 July 2014

တွေးမိသမျှ






ကျွန်မသည် လောကကြီးကို အလွယ်တကူ အလျှော့ပေး စိတ်ဓာတ်ကျလွယ်သည့် သူမျိုးမဟုတ်။ မရလျှင် ကြိုးစားမည်။ ဖြစ်မလာသေးရင် အခွင့်အရေးရသည်အထိ စောင့်မည်။ ဘာဖြစ်လို့စောင့်မှာလဲဟု မေးလာလျှင် ဖြေစရာ တစ်ခုတည်း သာရှိသည်။ လူတစ်ယောက်အောင်မြင်ဖို့အတွက် ကံ ညဏ် ၀ီရိယ လိုသည်ဟုမှတ်သားဖူးသည်။ ကိုယ်တိုင်က မည်မျှ လောက်ပင် ကြိုးစားနေပါစေ အချိန်အခါ ကံမရှိလျှင် မိမိ၏ ကြိုးစားမှုသည် အချဉ်းအနှီးပင်။ 

ကြိုးစားရင် ဘာမဆို ဖြစ်သည်ဟူသော စကားကို ပြန်ဆန်းစစ်ကြည့်ပါ။ မအောင်မြင်ခင် ဖြစ်မလာသေးခင် တော့ အတိုင်းအတာတစ်ခုထိ ရင်းနှီးခဲ့ရပေမည်။ အောင်မြင်မှုတိုင်း၏ နောက်ကွယ်တွင် အထိုက်အလျောက် ရင်းနှီးပေး ဆပ်မှုကတော့ ရှိစမြဲပင်။ လူတစ်ချို့ ဆိုလျှင် အောင်မြင်လာသည်ကိုသာ မြင်ကြသည်။ သို့သော် ထိုအောင်မြင် မှုအတွက် မည်မျှလောက်ရင်းနှီးပေးဆပ်ခဲ့ရသည် ကြိုးစားခဲ့ရသည်ကို မသိ။ 

          ဘ၀၏အချိန်တော်တော်များများကို ထိုအောင်မြင်မှုနှင့် လဲလှယ်ခဲ့ရသည်ကို မမြင်။ အချို့ဆိုလျှင် ခုချက်ချင်း ရေတွင်းတူး ခုချက်ချင်း ရေကြည်သောက်လိုသူများနှင့်လဲ ကြုံဘူးသည်။ အောင်မြင်မှုဟူသည် တစ်ထိုင်တည်း တစ်ရှိန်ထိုး ထိုးတက်သွားသည်ကို ဆိုလိုခြင်းမဟုတ်။ တစ်ထိုင်တည်း ထိုးတက်သွားလျှင် တစ်ရှိန်ထိုး ပြန်ပြုတ်ကျ လာတတ်သည်ကို သတိပြုရပေမည်။ မယုံလျှင် ခဲတစ်လုံးကို မိုးပေါ်ကို တစ်ရှိန်ထိုး ပစ်တင်လိုက်ပါ။ လျင်မြန်စွာ အပေါ်ကို ထိုးတက်သွားသလို အရှိန်ကုန်လျှင် လျှင်မြန်စွာ ပြန်ထိုးကျလာပါလိမ့်မည်။ ဤသည်ကို အကျနာသည်ဟု ဆိုလေမည်လားမသိ။ 

          ဆင်းရဲနေတုန်းကတော့ဖြင့် ငါးပိရည်နှင့် တို့စရာကို တစ်ရှိုက်မက်မက် မက်မော စွာစားသုံးခဲ့သလောက် ပိုက်ဆံ လေး နည်းနည်း ပြေလည်လာမှ ငါးပိနံ့ ဆိုရင် အမယ်လေးနံလိုက်တာဟယ် ငါးပိနံ့ဆို ခံကို မခံနိုင်တာ ဟူသော သူများလည်း ရှိတတ်သည်။ ကိုယ် ဘယ်ကလာသလဲ မမေ့ပါနှင့်။ ကိုယ် ဘယ်လိုစားခဲ့ သလဲမမေ့ပါနှင့်။ ကိုယ် ဘယ်လို အစပြုခဲ့သလဲ မမေ့ပါနှင့်။ လူ့ဘ၀ဟူသည် တက်လိုက်ကျလိုက်ဖြစ်တတ်သည်ကို သတိပြုပါ။ တက်နေသည့် အချိန်မှာ အသုံးနှင့်အဖြုန်းကို ခွဲခြားပြီး ရသလောက် စုဆောင်းပါ။ ဒါမှပင် ကျသည့်အချိန်တွင် အကျမနာ အကျ သက်သာမှာ ဖြစ်သည်။ 

          အရင်က ပိုက်ဆံ ၁ သောင်းရဖို့အရေး ဘယ်လိုရှာဖွေခဲ့ရသလဲ ပြန်စဉ်းစားကြည့်ပါ။  ပိုက်ဆံ ၁ သောင်းဟူ သည် ရှာနိုင်သည့်သူများအတွက် ကြေးအိုး ၂ပွဲစာဖြစ်ချင်ဖြစ်သွားမည် မပြည့်စုံသည့်သူများအတွက်တော့ ၁ ပတ်စာ ဈေးဖိုးလဲ ဖြစ်နိုင်သည်။ လူတန်းစားကွာခြားမှု ၀င်ငွေထွက်ငွေမမျှတမှုတို့ဖြင့် လုံးလည်ချာလည်ပတ်နေသော ကျွန်မတို့ ၏ မြန်မာနိုင်ငံတော်ကြီးတွင် မည်သည့်အရာကိုမျှ ပုံသေတွက်ချက်ထား၍မရ။ ဒီတော့ ဘ၀င် လေဟတ် သည့် ရောဂါများ နည်းနည်းလျှော့ပါဟုသာ ဆိုချင်မိသည်။ 

          လက်ဝယ်ပိုင်ပိုင် ရရှိထားသည့် အောင်မြင်မှုကိုလည်း အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်အောင် တတ်နိုင်သ လောက်ကြိုးစားရမည်။ အချိန်တန်လို့ ကျပြီဆိုလျှင်လဲ မိမိရဲ့စိတ်ကို အသင့်အနေအထားပြင်ဆင်ထားနိုင်ရမည်။  ဆုံးရှုံးသွားသော အရာများအတွက် သင်ဘာမှ မတတ်နိုင်ပါလေ။ မှားသွားလို့ပဲ ဖြစ်စေ။ တစ်ချက်ကလေး လွဲချော် သွားသည်ပဲ ဖြစ်စေ မှားသွားသည်ကို နောင်တရ ပူဆွေးနေသည်ထက် အမှားကို သင်ခန်းစာယူပြီး အချိန်တိုတိုနှင့် ပြန်ကုန်းထနိုင်အောင် ကြိုးစားပါ။ နောင်တဟူသည် ပိုက်ထွေးထားစရာမဟုတ်။ ဘာကိုမျှ ပြန်ပြင်မရတော့ မည့် အမှားကို ပူဆွေးနေသည်ထက် လက်တွေ့ကြုံဆုံနေရတဲ့နေရာတွင် သွေးအေးအေးနှင့် ဘာလုပ်သင့်သလဲ စဉ်းစားပါ။  သွေးပူနေတုန်း လွယ်လွယ်မဆုံးဖြတ်ပါနှင့်။ မှားသည်ဟု ခံစားရလျှင် အမှန်ကိုပြန်လှည့်ပါ။ နောက်တစ်ခေါက် ထပ်မမှားအောင် သင်ခန်းစာယူပါ။ 

          ပိုက်ဆံ ပိုက်ဆံ ရှာတော့ ရှာနေတော့ပဲ ဘယ်တော့များမှ ချမ်းသာပါ့မလဲ လို့ ညည်းသောသူများ တွေ့ဖူး သည်။ ကိုယ်တိုယ်လဲ အရင်က ညည်းခဲ့ဖူးသည်။ ဒါဆိုလျှင် ချမ်းသာခြင်းဟူသည် အောင်မြင်မှုလား ပြန်စဉ်းစားမိ သည်။ မဟုတ်ပါ။ ပိုက်ဆံဟူသည် လိုအပ်ပါသည်။ လူတိုင်းချမ်းသာချင်ကြသည်။ ဒါပေမယ့် ပိုက်ဆံရှိတဲ့ သူတိုင်း မအောင်မြင်ကြပါ။ ပိုက်ဆံရှိလာကြသလို ခြေရာတွေလည်းကြီးလာကြသည်။ အရင်လိုမျိုး မိသားစု စုံစုံညီညီ ထမင်းဝိုင်းတွေ ရှားပါးလာကြသည်။ အစားကောင်းကောင်း စားနေရပေမယ့် စိတ်အဟာရကောင်းကောင်း ချို့တဲ့ သွားကြသည်။ 

          အလွယ်တစ်ကူ စိတ်ဓာတ်မကျပါနှင့်။ တစ်ခါတစ်လေ  နှစ်နဲ့ချီပြီ စောင့်စားရတာမျိုးတွေ ရှိတတ်သည်။ ငါလဲ လုပ်နေတာပဲ ။ ငါ့ကျမှ ဖြစ်တတ်တယ်။ ငါ့ကျမှ ကြုံတတ်တယ်။ ဒီလိုမတွေးပါနှင့်။ သင် နာကြင်ခံစားခဲ့ရတာထက် ပိုပြီး ခံစားခဲ့ရတဲ့သူတွေ လောကကြီးမှာ အများကြီးရှိနေပါသေးတယ်။ ကိုယ့်ထက်သာနေတဲ့လူရဲ့ ဘ၀နဲ့ ကိုယ့်ဘ၀နဲ့ကို မနှိုင်းယှဉ်ပါနှင့်။ လူတစ်ဦးတစ်ယောက်ချင်းရဲ့ ကံ ဆိုတာ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ သွားပြီးနှိုင်းယှဉ်ကြည့်ရင် စိတ်ဓာတ်ကျသွားတာပဲ အဖတ်တင်မှာပါ။ တစ်ကယ်လုပ်သင့်တာက ကိုယ့်ထက်သာသွားအောင် မြင့်သွားအောင် သူဘယ်လို ကြိုးစားခဲ့သလဲ။ ဒါကို မြင်အောင် ကြည့်ပါ။ အတုယူပါ။ ကိုယ်တိုင်လဲ ကြိုးစားပါ။ 

          အိမ်မက်တွေထဲမှာ အကြာကြီးလမ်းလျှောက်မနေပါနှင့်။ လက်တွေ့လမ်းလျှောက်နိုင်အောင် ကြိုးစားပါ။ တွေဝေမှုတွေနှင့် မတ်တပ်ရပ်မနေပါနှင့်။ ဆုံးဖြတ်ပြီး တစ်ခုခုကို ပြတ်သားစွာလုပ်ဆောင်ပါ။ အလုပ်မစခင်မှာ  အကောင်းအဆိုးကို ကြိုတွေးပါ။ ကောင်းရင် ငါဘယ်လိုစံစားလိုက်မယ်ဆိုတာထက် အဆိုးကိုတွေ့ရင် ငါဘယ်လို ရင်ဆိုင် မယ်ဆိုတာကို ပိုပြီးပြင်ဆင်ပါ။ 

          လူတိုင်းလူတိုင်းမှာ ကျွန်မကိုယ်တိုင်ပေါ့ စိတ်ညစ်တဲ့အချိန် စိတ်ဆင်းရဲတဲ့အချိန် စိတ်ပင်ပန်းတဲ့ အချိန် ရှိကြပါတယ်။ မရှိနဲ့ အမြဲတမ်းပျော်နေရမယ်လို့မှ သတ်မှတ်ထားလို့မရနိုင်ဘူး။ လာမှာပဲ ပျော်ရွှင်တဲ့အချိန် ၀မ်းနည်း ရတဲ့အချိန်။ အဓိကက ဘယ်အချိန်နဲ့ပဲ ကြုံတွေ့နေနေ ဖြတ်သန်းတတ်ဖို့ပါပဲ။ စိတ်ဆင်းရဲစရာ ဒုက္ခကို ကြုံလာရပြီ ဆိုရင်  ရင်ဆိုင်ပစ်လိုက်။ ခက်ခဲတယ်ဆိုပေမယ့် ကိုယ်ဘာမှ လုပ်လို့မှမရပဲ။ အသင့်အနေအထားနှင့် သွေးအေးအေး ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။ 

          ဘ၀မှာ အောင်မြင်မှုတွေ ရရှိပြီး သွားပြီဖြစ်စေ။ ဆက်လက်ကြိုးစားနေသည်ဖြစ်စေ။ ကျရှုံးဖူးခဲ့သည် ဖြစ်စေ လွယ်လွယ်နဲ့ အားမလျှော့လိုက်ပါနှင့်။ အတွေ့အကြုံကိုယူပါ။ ဆက်လက်ရှင်သန်ရမည့် အနာဂတ်မှာ အသုံးချပါ။ ၀မ်းနည်းပါ အမြဲတမ်းတော့ ငိုကြွေးမနေသင့်ဘူး။ ပျော်ရွှင်ပါ သို့ပေမယ့် အပျော်မလွန်ပါစေနှင့်။ ငွေကြေးကို သုံးစွဲပါ မဖြုန်းတီးပါနှင့်။ ပိုက်ဆံကိုရှာပါ သခင်လိုတော့ မခယပါနှင့်။ မှားလျှင်လည်း ၀န်ခံတတ်ပါစေ။ မှန်နေလျှင်လည်း ငါမှန်သည်ဟု မာန်မ၀င့်ပါစေနှင့်။ နောင်တရပါ သိမ်းမထားပါနှင့်။ အမြဲ မှန်မနေနိုင်ပါဘူး မှားပြီဟုသိလျှင် ဆက်ပြီး မမှားပါစေ နှင့်။ ဆုံးဖြတ်ချက်ကိုပြတ်သားပါ သို့ပေမယ့် မဆုံးဖြတ်ခင် သေချာစဉ်းစားပါ  လို့ စာဖတ်သူတို့ကို အကြံကောင်းလေး တွေပေးရင်း  အတွေ့အကြုံကို ၀ါသနာနဲ့ မျှဝေလိုက်မိပါတယ်ရှင်။


----
ပုံလေးကိုတော့ google ကနေ ရှာဖွေပြီး အသုံးပြု ထားပါတယ်လို့ အကြောင်းကြား ရင်း ..
ချစ်လှစွာသော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။  


Monday 7 July 2014

အမှတ်တရ (ပြုံးစရာ)



အဲဒီတုန်းက ၇ တန်းစာမေးပွဲဖြေပြီး ကျောင်းတွေပိတ်ထားတဲ့အချိန်ပေါ့။ အိမ်ကိုကျောင်းပိတ်ရက် အလည်လာနေတဲ့ အစ်မတစ်ဝမ်းကွဲရယ် ညီမလေးရယ် ကျွန်မရယ် ပူပြင်းလောင်မြိုက်တဲ့ နွေဧပရယ်ကို ကျော်ဖြတ်နေတဲ့ အချိန်ပေါ့။  အဲဒီတုန်းက ကျွန်မတို့ညီအစ်အသုံးယောက်ကြား ပေါ်ပြူလာအဖြစ်ဆုံးစားစရာကတော့ ထောပတ်သီးဖျော်ရည်ပါ။ စက်နဲ့ဖျော်ထားတဲ့ ထောပတ်သီးဖျော်ရည်တစ်ခွက်ကို ညီအစ်မသုံးယောက် မျှသောက်ရတာ ၀တယ်လို့ကို မထင်မိပါဘူး။ 

          အိမ်မှာလူကြီးတွေမရှိတဲ့ အချိန်မတည့်တာတွေ စားမိမှာစိုးလို့ရယ် နွေရာသီကျောင်းပိတ်ရက်လဲဖြစ်ပြန်တော့  အမေက အိမ်မှာမုန့်ဖိုးရယ် လို့ ပေးမထားခဲ့ပါဘူး။ ထမင်းချက်ထား ခဲ့တယ် နေ့လည်စားစရာ မုန့်တစ်ခုခုထားခဲ့ပေးတယ်။ မနက်ဆို အမေ့ကို ထမင်းဟင်းဝိုင်းချက် ကူ ထမင်းချိုင့်ထည့်ပေး အဖေနဲ့အမေ ထမင်းချိုင့်လေးဆွဲ အလုပ်သွားပြီ ဆိုရင်  နေ့လည်စာထမင်းစား ပြီးတာနဲ့ တစ်ရေးတစ်မောအိပ်။  အိပ်ယာက နိုးပြီးဆိုရင် အများအားဖြင့် စားလေ့ရှိကြတာက ရှောက်သီးကို အကွင်းလိုက်လှီးပြီး  ငရုတ်သီးမှုန့် ဆားနည်းနည်း ငံပြာရည်အနည်းငယ် သကြားနဲ့ နှပ်ထားတဲ့ အိမ်မှာလုပ်တဲ့ ရှောက်ပေါင်းကို စားလေ့ရှိကြတာပဲ။ 

          နေ့စဉ်ရက်ဆက် အိမ်မှာ အဲဒီလိုလုပ်စားနေတော့ အဖေက အပြောင်းအလဲလေးဖြစ်အောင် ဆိုပြီး အဖေတို့ အလုပ်နားရက်မှာ ထောပတ်သီးဖျော်ရည် ဖျော်ပေးပါတယ်။ အဖေ၀ယ်လာတဲ့ ထော်ပတ်သီးက ဇွန်းလေးနဲ့ခြစ်ပြီး ဂလောက် ဂလောက်ဆို ခေါက်လိုက်တာနဲ့ ဆိုင်မှာဖျော်ထားတဲ့အတိုင်း ခပ်ပြစ်ပြစ် ဆိမ့်ဆိမ့် အချိုပေါ့ပေါ့လေးနဲ့ ရေခဲတုံးလေးတွေ ထည့်လိုက်တာနဲ့ ချိုအေးမွှေး ပြီး သောက်လို့ အရမ်းကောင်းပါတယ်။ အဲဒီနေ့ ကနေစပြီးတော့ ထောပတ်သီး ဖျော်ရည် ရောဂါ ရသွားလိုက်တာ။ 

          ညဘက်ဆိုရင် အိမ်ရှေ့ အအေးဆိုင်က ထောပတ်သီးဖျော်ရည် တစ်ခွက်ဝယ်ပြီးသောက်ကြပါတယ်။ ဒီတော့ ညတိုင်း အမေ့ဆီက မုန့်ဖိုးကြိတ်တောင်းရတော့တာပဲ။ သိတဲ့အတိုင်း ပိုက်ဆံဆိုတာကို နေ့နေ့ညည ချင့်ချိန် သုံးရလေ တော့ နေ့စဉ် ရက်ဆက် ထောပတ်သီးဖျော်ရည်ဖိုးဆိုတော့ကား ထောပတ်သီးတွေ နေ့တိုင်းမသောက်ရဘူး အပူကန်မယ် ဆိုတာနဲ့ပဲ  ညီအစ်မသုံးယောက် ထောပတ်သီးဖျော်ရည် ရိက္ခာပြတ်လပ်သွားပါတော့တယ်။ 

          အဲဒီဒုက္ခကလဲ တစ်ကယ်ဆို မသေးလှပါဘူး။ အိမ်ရှေ့က ထောပတ်သီးဖျော်ရည် ရောင်းတဲ့ အအေးဆိုင်ကို ကြည့်ပြီး ရှောက်သီးကွင်း ချဉ်ချဉ်စပ်စပ်ကိုစားရတာ အရင်ကလောက် ခံတွင်းမလိုက်တော့ဘူး။ ဒီမှာပဲ ညီအစ်မတွေ ထောပတ်သီးဖျော်ရည်သောက်ဖို့ အတွက် အကြံတွေထုတ်ပါတော့တယ်။  ကံကကောင်းချင်တော့ ကျောင်းတက် တုန်းက ဗလာစာအုပ်အဟောင်းတွေ မရောင်းရသေးဘူး ဆိုတော့ကား ညီအစ်မတွေ ခပ်သွက်သွက်ပဲ ငွေဖော်လိုက်ကြ ပါတယ်။ 

          ပြသနာက ထောပတ်သီးဖျော်ရည် တစ်ယောက်တစ်ခွက် သောက်လို့ရသည် အထိ ပိုက်ဆံက မရဘူး။ ခွဲဝေမျှ ပြီးသောက်မယ်ဆိုတော့လဲ မတင်းတိမ်နိုင်ဘူး။ ရိက္ခာပြတ်လပ်သွားတာ တစ်ပတ်ကျော်ပြီ ဆိုတော့ အားရပါးရ ခပ်များများ သောက်ချင်ကြတယ်။  ဒီတော့ သုံးဦးသဘောတူ ကိုယ့်ဘာသာကိုယ် ထော်ပတ်သီးဖျော်ရည် ဖျော်ပြီး အားရ ပါးရသောက်မယ် ဆိုတဲ့ အကြံ ထွက်လာကြတော့တာပဲ။ 

          ဒီလိုနဲ့ ညီအစ်မသုံးယောက် ဈေးထဲကို ထောပတ်သီးအ၀ယ် ထွက်ကြပါတယ်။ ကျွန်မထက် တစ်နှစ်လောက် ကြီးတဲ့ အစ်မ၀မ်းကွဲကပဲ ဦးဆောင်ပြီး  ကောင်းနိုးရာရာ  ထောပတ်သီးကို ရွေးပြီးဝယ်ခဲ့ကြတယ်။ ညီအစ်မသုံးယောက် ထောပတ်သီးထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကြီး ကြည့်ပြီး ပျော်တစ်ပြုံးပြုံးပေါ့ နေပူပူမှာ အိမ်ကို အောင်နိုင်သူကြီးတွေလို ပြန်လာခဲ့ကြတယ်။ အဲ ထောပတ်သီးဖျော်ရည် operation စပါပြီ။

          ပထမဆုံးတွေ့တာကတော့ အဖေ၀ယ်လာတုန်းက ဇွန်းလေးနဲ့ အသာအယာခြစ်ရတဲ့ ထောပတ်သီးဟာ ကျွန်မတို့ ခြစ်တဲ့ အချိန်မှာတော့ ချွေးပြန်တော့တာပဲ။ အစ်မကတော့ ပြောရှာပါတယ် မှည့်တော့ မှည့်တယ် ညီမ လေးတဲ့ နည်းနည်းမာတာတဲ့။ အနံ့လေးကဖြင့် မွှေးနေတာပဲ ဆိုတော့ ညီအစ်မတွေ အားတင်းပြီးခြစ်ကြပါတယ်။ အဲ ခက်တာက ထောပတ်သီးက အဖတ်အကြီးကြီးတွေ ဖြစ်နေတာပဲ ။ ဒီလိုဆိုရင် ကျွန်မတို့သောက်ချင်သလို ခပ်ပြစ်ပြစ် ဖြစ်လာမှာ မဟုတ်တော့ဘူး။ စဉ်းစားကြပြန်ပါတယ်။ 

          အိမ်မှာကလည်း ကြိတ်စက်တွေဘာတွေ ရှိတာမဟုတ်ဘူး။  နောက်ဆုံး အငယ်ဆုံးညီမလေးက အကြံပေးပါ တယ် ငရုတ်ဆုံထဲ ထည့်ပြီး ထောင်းကြတာပေါ့တဲ့။ အိမ်မှာရှိတဲ့ တစ်ခုတည်းသော ကြိတ်စက်နဲ့ ထုထောင်းကြပြန်ပါ တယ်။ ထောင်းနေတုန်း ထောပတ်သီးအနံ့လေးက သင်းဆိုတော့ လျှာလေးတွေ တစ်သပ်သပ်ပေါ့။ အဲ ကျွန်မတို့ မေ့သွားတာက နို့ဆီပါ။ အိမ်မှာ နို့ဆီ ကုန်နေပါပြီ။ ညီအစ်မတွေ ဟင်းကနဲ သက်ပြင်းချရင်း အဖေနဲ့ အမေ အလုပ်က ပြန်လာမယ့် ညချမ်းကို စောင့်ရပါတော့တယ်။ နို့ဆီဝယ်ဖို့ ဘတ်ဂျက်ကို မတွက်ထားမိဘူးလေ။ 

          တစ်နေ့ခင်းလုံးတော့ ကြိတ်ထားတဲ့ ထောပတ်သီးပန်းကန်လေး လှန်လှန်ပြီးကြည့်ပေါ့။ ညနေ အမေ တို့ အလုပ်ကပြန်လာတော့ ထမင်းအရင်စားရမယ် ညကျမှ အမေက နို့ဆီဝယ်ပြီးဖျော်ပေးမယ်ဆိုတာနဲ့ ညီအစ်မတွေ ထမင်းစားကြရပြန်ပါတယ်။ အဲ အဖေကလည်း ပထမအကြိမ်တုန်းကလိုပါပဲ လိုသလောက်နို့ဆီလေးထည့် သကြားလေးထည့် နာနာလေးမွှေ အဲ အရသာအတော်ပဲဆိုမှ ရေခဲတုန်းလေးတွေထည့်။ ပြီးတစ်ယောက် တစ်ခွက်ဆီ အညီအမျှ ဝေပေးပါတယ်။ ထောပတ်သီးကများတယ်ဆိုတော့ အရင်လိုတော့ ခွက်တစ်ဝက်မဟုတ်ဘူးပေါ့။ အပြည့်။ 

          ညီအစ်မတွေ အားရပါးရ ထောပတ်သီးဖျော်ရည် ခပ်ပြစ်ပြစ်ကို ဇွန်းနဲ့ အပြည့်ခပ်ပြီး မြည်းလိုက်ကြပါတ.ယ်။ ဇွန်းလေးနှာခေါင်းနား ရောက်တော့မွှေး အဲကနေ တစ်ဆင့် လျှာပေါ်တင်လိုက်တော့ ချိုအေး အမယ်.. အဲ ပြသနာက လည်ချောင်းထဲအ၀င်မှာစပါတယ် စပ်ပြီး ပူနေပါတယ်။ နောက်တစ်ဇွန်း သေချာအောင် ထပ်မြည်းကြပါသေးတယ်။ ပြီးသံပြိုင်ထွက်လာတာ..

          အီး စပ်တယ် စပ်တယ် ပူလဲ ပူတယ်

ဒီလိုဆိုတော့ အဖေက တစ်ခါမြည်းပြန်ပါတယ်။ လျှာနဲ့ခံတွင်းထဲမှာတော့ နို့ဆီသကြားရေခဲအရှိန်နဲ့ ချိုမြမွှေးပျံ့ နေသလောက် လည်ချောင်းထဲမှာတော့ ပူပြီးစပ်နေတဲ့ ထောပတ်သီးဖျော်ရည်ပါ။  အရင်းကိုစစ်လိုက်ရင်ဖြင့် ငရုတ်ဆုံကို သေချာရေစင်အောင် ထပ်မဆေးပဲ ထောင်းလိုက်တဲ့ ပြသနာပါ။ 

          ညီအစ်မတွေ သောက်ကလဲသောက်ချင် လွှတ်ကလဲမပြစ်ရက်။ ကြိတ်မိတ်ပြီး သုံးလေးဇွန်း သောက်ကြပါသေး တယ်။ အဖေနဲ့ အမေက တော့ ကျွန်မတို့ကို ကြည့်ပြီး ပြုံးစိစိ။ တော်တော်ကြီးကို စပ်တာပါ။ နောက်ဆုံးလက်လျှော့ လိုက် ကြတယ်။ ပန်းကန်လေးတွေ အောက်ကို ပြန်ချလိုက်ကြတယ် ဆိုရင်ပဲ အမေက အိမ်ရှေ့က အအေးဆိုင်ကနေ ထော်ပတ်သီးဖျော်ရည် လေးခွက်လို့ လှမ်းပြီး အော်ဒါမှာပြီးသွားပါပြီ။ 

          အဲဒီထဲက အိမ်မှာထောပတ်သီးဖျော်ရည် ဖျော်တဲ့ ကျွန်မတို့ရဲ့ လက်ရာဟာ နာမည်ကြီးသွားတော့ပါပဲ။ ကျွန်မတို့ သုံးယောက်ကလည်း ထောပတ်သီးဖျော်ရည်လို့ ကြားရင် လည်ချောင်းထဲ ပူကနဲ ပူကနဲ ဖြစ်သွားခဲ့ရတာ တော့ ဘ၀မှာ အမှတ်တရ တစ်ခုပါပဲ ရှင်။ 

          အဲ..စာဖတ်သူတို့လဲ ချိုအေးမွှေးစပ် ထောပတ်သီးဖျော်ရည် လက်ရာလေးများ မြည်းစမ်း ကြည့်ချင် တယ်ဆိုရင်ဖြင့် အကြောင်းကြားပါလေ။ အိမ်က ငရုတ်ဆုံကြီးမပြီး အိမ်တိုင်ရာရောက် ထောပတ်သီးလာဖျော်ပေးမယ့် အကြောင်း သတင်းကောင်းပါးရင်း …


ချစ်သော မောင်နှမများအားလုံး ကျန်းမာပြီး  ပျော်ရွှင်ကြပါစေရှင်လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 


ပုံလေးကိုတော့ google ကနေပြီး ရှာဖွေ အသုံးပြု ထားပါတယ်ရှင်။

Wednesday 2 July 2014

ကဗျာတစ်ပုဒ်ရဲ့ ရာဇ၀င်



 
 
“သက်နောင် ငါ အရမ်းလွမ်းနေပြီ..”

နားထဲကြားလိုက်ရသည့် အသံက တစ်ကယ့်ကို တိုးတိုးညင်သာ။  နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ခပ်တိုးတိုးညည်း လိုက်သည့် အသံ။ မျက်ရည် တစ်ပေါက် ပေါက်ကနဲ ကျသွားသည်။ သူအိပ်ပျော်နေရာမှ ငေါက်ကနဲ ထထိုင်လိုက်မိသည်။ နာရီကိုယူကြည့်တော့ မနက် ၂ နာရီထိုးလုလု။  သူ့ပါးက မျက်ရည်တစ်ပေါက်ကို သုတ်လိုက်ရင်း အိပ်ယာထဲ ပြန်လှဲချ လိုက်မိသည်။ ရင်ဘတ်ထဲမှာတော့ မွန်းကြပ်မှုတို့ဖြင့် အသက်ရှုလို့မရ။

          ဘာကြောင့်ရယ်မသိ စိတ်ထဲမှာ အလိုလို အားငယ်သလို ၀မ်းနည်းမိသလို လှိုက်ကနဲ။ ပြီးတော့ သူခပ်တိုးတိုး ပြန်ရေရွတ်လိုက်သည်။

          “ငါလဲ နင့်ကို့ အရမ်းလွမ်းနေပြီ ပြာလဲ့ ရယ်.”

ပြာလဲ့ နင် ငါ့ကိုအရမ်း သတိရနေတာလားဟင်။ စိတ်ထဲကမေးမိသည်။ ပြာလဲ့နှင့် မတွေ့ရသည်မှာ သုံးနှစ်ကျော် လောက်ရှိပြီ။ တစ်ခါတစ်ရံ ဖုန်းထဲမှ အသံလေးကြားရုံမျှဖြင့် ချစ်သူကိုလွမ်းရသည်မှာ ကြာခဲ့ပြီ။ သုံးနှစ်အတွင်း VZO Chat နှင့် သုံးခါလောက်ပြောဖူးသည်။ သူမ၏ ၀ါးတားတား အရိပ်သာမြင်ရသည်။ ကိုယ်ပြောသည့်အသံ သူ့ဆီ မရောက် သူပြောသည့် အသံ ကိုယ်မကြား ။ ပြာလဲ့မှာသာ VZO chat တစ်ခါပြောဖို့အရေး မြို့ပေါ်တက်ပြီး တစ်ကူးတစ်က နက်ဆိုင်ရောက်အောင် လာရရှာသည်။ ရောက်ပြန်တော့ လဲ ကွန်နက်ရှင်က မကောင်း။ ဒီလိုနှင့် အချိန်ကုန် ပိုက်ဆံလဲ ကုန်သော  VZO Chat အား နှစ်ဦးသဘောတူ စွန့်လွှတ်လိုက်ကြသည်။ ဒါတောင် ရန်ပွဲလေးနှင့် အဆုံးသတ်လိုက်ခြင်းဖြစ်သည်။

         
“နင့်ကို ငါပြောသားပဲ အဲဒီရွာမှာ ဆရာမသွားမလုပ်ပါနဲ့ ခေါင်လွန်းပါတယ်လို့။ ခုတော့ နင် ဘယ်နှယ့် ရှိစ”

“အဲဒါ ငါ့ဝါသနာလေ။ ဘာလဲ နင့်လိုမျိုး နိုင်ငံရပ်ခြားမှာ ပိုက်ဆံမရှာ နိုင်လို့ ငါ့ရဲ့ အလုပ်ကို အထင်သေးတာ လား”


“တော်စမ်းပါဟာ.. ခုကနင့်ကို လွယ်လွယ် ဆက်သွယ်လို့မရတာက အဓိက”


“နှလုံးသားချင်း နီးနေပြီးသားပဲ။ ဘာလဲ နင်က လူချင်းနီးနေမှ နင့် နှလုံးသားကအချစ်တွေ ပူနွေးနေတာ လား”


အဲဒီနေ့က သူစိတ်တိုတိုနှင့် ဖုန်းချပစ်လိုက်သည်။ အလကားချစ်သူ ဒီမှာဖုန်းကဒ်ဈေးကြီးပေးပြီး သူ့အသံ ကြားချင်လွန်းလို့ တစ်ကူးတစ်က ဖုန်းဆက်ရသည်။ ခုတော့ ချစ်သူက သူ နားမ၀င်လောက်သည့် စကားလုံးတွေနဲ့ ပစ်ပေါက်သည်။ သူများ အတွဲတွေများတွေ့ရင် သူ့မှာတော့ သတိရလိုက်ရတာ။ လွမ်းလိုက်ရတာ။ ချစ်သူကတော့ အားနေ အားတင်းထားပါ။ မကြာခင်ဆုံဆည်းကြမှာပါ။ ခုလဲ ဖုန်းဆက်ပြီး စကားပြောနိုင်ကြတာပဲ။ဒီလိုစကားလုံးမျိုး တွေနှင့်သာ နှစ်သိမ့်ရန် တတ်နိုင်နေတဲ့သူ။  နင့်ကို ငါ ချစ်သလောက် နင် ငါ့ကို ပြန်မချစ်ဘူး ပြာလဲ့။

အဲဒီစိတ်နှင့် ပြာလဲ့ကို ၂ ပတ်တိတိ  ဖုန်းမဆက်ပဲ နေခဲ့သည်။  သို့ပေမယ့် mail ထဲရောက်လာသည့် ပြာလဲ့ ၏ ကဗျာလေးကြောင့် ချက်ချင်း ဖုန်းပြန်ခေါ်ခဲ့မိသည်။ 

ပြေလျှော့ကာ စိတ်အနွမ်းပြေပါတော့
မောင်နွမ်းတော့ မနေသာတယ်
တစ်ကြိမ်သာ နားလည်ပေးပါတော့
နောင် အကြိမ်ဆင်ခြင်ပါ့မယ်.
ပြေတယ်ဆို မောင့်ရင်ခွင် ဖွင့်ကာထားပေးပါ
ပြေးဝင်ကာမှီနွဲ့လိုက်ချင်ရဲ့
တိုးလို့သာ နှောင်တည်းရစ်ပတ်ပါ
မျက်လုံးအစုံကိုမှိတ် မျက်နှာတော်မော့ကာထားပါ့မယ်
မွတ်သိပ်တဲ့ နှုတ်ခမ်းအစုံနဲ့
အနမ်းတွေခြွေကာသာ သွန်းပါတော့
မောင် နွမ်းတဲ့ ဒီခဏမှာ
ချစ်..အရမ်းလွမ်းလှပြီ။  

စိတ်ထဲမှာ ကြည်နူးမှုကလဲ အပြည့်။ အော်..သူငါ့ကိုချစ်ရှာသားပဲလို့။ အလုပ်သွားတာများ မြေကြီးနဲ့ ခြေထောက်ထိတယ်လို့ကို မထင်ဘူး။ ပြာလဲ့ စာတွေကဗျာတွေ နှစ်သက်ပြီး ရေးဖွဲ့တတ်မှန်းသိပေမယ့် ဒီလောက်ထိ လို့ မထင်ခဲ့မိ။ အလုပ်လုပ်ရတာများ ပေါ့ပါးသွက်လက်နေလိုက်တာ မန်နေဂျာကိုယ်တိုင်က

“မင်း ဒီနေ့ ဘာဆေးတွေသောက်ထားသလဲ ” လို့ မေးယူရသည်အထိ။ 

အပြင်မှာတော့ မျက်နှာက ရယ်ကျဲကျဲပေါ့ သို့ပေမယ့် စိတ်ထဲမှာ ဖြေနေမိတာက အချစ်ဆေး အချစ်ဆေးလို့ ။ နာရီကို ထပ်ကြည့်မိပြန်သည်။ နာရီလက်တံတို့က ညွှန်းနေတာ မနက် ၃ နာရီ။ ဟူး..မနက်အလုပ်သွားရမှာ။ ခုထိပြန်ပြီး အိပ်မပျော်နိုင်သေး။ အတွေး တို့ က ရိပ်ခနဲ လွန်ခဲ့သည့် တစ်လခန့်က အဖြစ်အပျက်ဆီ ရောက်သွားပြန်သည်။

          “ပြာလဲ့ ဒါ ကလေးကစားနေတာမဟုတ်ဘူးနော်..”

          “အေးပါ ငါသိပါတယ်။ ခုဟာက ..ငါလဲ..မတတ်သာလို့ပါ။ နောက်ထပ် ၁ နှစ်ဆိုရင် ငါ့အလုပ်က မြို့ကျောင်းကို ရွှေ့လို့ရပြီလေ”

          “အဲဒါဆို ငါ ဘယ်လိုလုပ်ရမလဲပြော။ ငါ့မိဘတွေကို ဒီနှစ်ဒီဇင်ဘာမှာ လာမြန်းခိုင်းမယ်။ ဖေဖော်ဝါရီမှာ ငါပြန်လာပြီ မင်္ဂလာဆောင်မယ်။ ပြီးရင် နင် ငါနဲအတူ နိုင်ငံခြားလိုက်ခဲ့ရမယ်။ အားလုံးစီစဉ်ပြီးပြီလေ။ ငါ့မိဘတွေကို ပြောပြီးပြီလေ။”

          “ဟာ..ဆရာမအလုပ်က မထွက်နိင်ပါဘူး။ ငါ ဆရာမဖြစ်ချင်လွန်းလို့ ဘယ်လောက်ထိ ဒုက္ခတွေ ခံထားရလဲ နင်အသိဆုံး”

          “အဲဒါဆို ငါ့မိဘတွေကို မပြောခင် နင့်အကျိုးအကြောင်းပြောလေ။ ပြီးတော့ နင့်ဆရာမ လစာက ဘယ်လောက်တောင် မက်မောစရာကောင်းနေလို့လဲ”

          “သက်နောင်..!!!!!!!!!!”

ဖုန်းထဲက သူမ၏ အော်သံ ကျယ်လောင်စွာထွက်လာသည်။ ပြီး သူမဘာမှမပြောတော့။ သူမ၏ အသက်ရှုသံကို သာကြား နေရသည်။

          “ပြာလဲ့ ငါ နင့်ကို အရမ်းချစ်တယ်။”

ဒီတစ်ခါတော့ ပြာလဲ့ဘက်က ဖုန်းအရင်ချသွားသည်။ အဲဒီနောက်ပိုင်း သူလဲဖုန်းမခေါ်သလို ပြာလဲ့ ထံမှလဲ ဘာအဆက်အသွယ် မှ မရ။ ခုသူအိပ်ပျော်နေတုန်း သေသေချာချာကြီး ကြားလိုက်ရသည်။ နေမှကောင်းရဲ့လား။ သူမအရမ်းခံစားနေရသလား။ သူမပြောခဲ့ဖူးသလိုပဲ ချစ်လွန်းတော့ သူမ၏နှလုံးသား ငိုကြွေးသံကို ကြားလိုက်ရသည်လား။ စိုးရိမ်စိတ်တို့က ပိုပြီး ကြီးထွားလာသည်။ မဖြစ်ဘူး မနက်ကျရင် ဖုန်းဆက်ကြည့်ရမည်။ ပြီးရင် အကျိုးအကြောင်းသေချာပြောပြီး ပြန်ညှိကြည့်မည်။ ခုတော့ သူမနေကောင်းပါစေဟု ဆုတောင်းရင်း ဘုရားစာအချို့ ရွတ်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်ပါပေ။

မနက်က ဖုန်းခေါ်သော်လည်း သူမနှင့် အဆက်အသွယ်မရ။ လေးလံထိုင်မှိုင်းစွာဖြင့် ရုံးကိုရောက်လာရသည်။ အလုပ်ထဲစိတ်ကမပါ။

ဖုန်းထဲ email ရောက်လာသည့် အသံကြောင့် ဖုန်းကိုယူကြည့်လိုက်သည်။ ရင်ထဲမှာ လှိုက်ကနဲ။  ပြာလဲ့ထံမှ mail ဖြစ်သည်။ ကဗျာစာပိုဒ်လေး တစ်ပုဒ်သာ ပါသည်။ အခြား မည်သည့်စာမျှ ပါမလာ။

         
     “အလွမ်းတစ်ရှိုက်က
တစ်နင့်တစ်ပိုး
သီးပေမယ့်
အဲဒီ..ခါးသက်မှုကိုပဲ
ရစ်မူးစွာ ဆက်ရှိုက်နေပြန်တယ်….”       

ရုံးချိန်တွင်းမို့  ဖုန်းလဲပြန်ဆက်လို့မရ။ စိတ်ထဲမှာ နေမထိထိုင်မသာ။  ရုံးဆင်းချိန်သာ မြန်မြန်ရောက်ချင်မိတော့သည်။ ညနေရုံးဆင်းသည်နှင့် အိမ်ပြန်ရောက်အောင် မစောင့်နိုင်။ ရုံးရှေ့က staff နားနေခန်းမှာ ထိုင်ပြီး ပြာလဲ့တို့ ကျောင်းက ဖုန်းကိုခေါ်မိသည်။

          “ဟလို”

          “ဟုတ်ကဲ့ ကျွန်တော် ဆရာမပြာလဲ့ရီ နဲ့ စကားပြောချင်လို့ပါ ခင်ဗျာ”

          “သြော် ဆရာမပြာလဲ့လား ရန်ကုန်ခဏပြန်သွားတယ်။ မရှိဘူး။”


ကျေးဇူးတင်စကားကိုပင် မဆိုမိ။ ခွပ် ကနဲ ဖုန်းပြန်ချလိုက်သည်။ ရန်ကုန်က ပြာလဲ့တို့ အိမ်ဖုန်းကို ထပ်ခေါ်သည်။ ဖုန်းက ကိုင်မယ့်သူမရှိ။ ပြာလဲ့ နှင့် စကားပြောချင်လှပြီ။ စိတ်ပူလွန်းလို့ လူတစ်ကိုယ်လုံးထူပူနေတာပဲ။  သွေးအေးအေးထားပြီး စဉ်းစားကြည့်သည်။ ဟာ သိပြီး ပြာလဲ့ အစ်မ လက်ကိုင်ဖုန်းနံပါတ် ရှိသားပဲ။ ပိုက်ဆံအိတ် ကို ဖွင့်သည်။ ရေးမှတ်ထားသော စာရွက်အတိုအစလေးတွေကို မွှေနှောက်ရှာဖွေမိပြန်သည်။ မတွေ့သေး။ ဟား ဒီမှာ ရပြီ ဒီဖုန်းနံပါတ် ..သူ အလောတကြီး ဖုန်းနံပါတ်လေးတွေကို နှိပ်လိုက်သည်။

          “ဟလို မကြီးလား”

          “ကျွန်တော် သက်နောင် ပါ”

          “ဟဲလို ဟုတ် ဘယ်သူလဲမသိဘူး ။ မကြီး ရီတာ ကို့ရှာတာလားမသိဘူး။ ”

          “ဟုတ်တယ် ဟုတ်တယ်”

          “ခဏနေမှ ပြန်ဆက်ပါရှင် မကြီးအပြင်သွားတာ  ရုံးမှာ လက်ကိုင်ဖုန်း မေ့ကျန်ခဲ့လို့ပါ”

တောက်! ငါကွာလို့ စိတ်ထဲမှ ကြိတ်မနိုင်ခဲမရ ဖြစ်ရင်း ဖုန်းပြန်ချလိုက်မိတော့သည်။ ညနေစာ ဘာမှလဲ စားချင်စိတ် မရှိတော့ ပြာလဲ့ ဘာများဖြစ်လို့လဲ။ ရုံးရှေ့ထွက်ပြီး တွေ့သည့် taxi တားလိုက်သည်။
အိမ်ရောက်တော့ အ၀တ်အစားလဲ ကုတင်ပေါ်လှဲချရင်း ခုနက မမရီတာ ဖုန်းကို ခေါ်မိပြန်သည်။

          “ဟလို”

          “မမ ရီတာလား ကျွန်တော်ပါ သက်နောင်။”

          “အေး မောင်လေး။ နင်တို့နှစ်ယောက် ဘာဖြစ်ကြပြန်ပြီလဲ။ ပြာလဲ့ ရန်ကုန်ခဏပြန်ရောက်နေတယ်။ မျက်နှာလဲ မကောင်းဘူး။ အဲဒါလေ..”

          “တီ”

ဟင် ..သွားပြီး ဖုန်းကဒ်ကုန်သွားပြီ။ သူလွယ်တဲ့ အိတ်ထဲ ဖုန်းကဒ် ထပ်နိုက်သည်။ ဟာ ခုမှ သတိရသည် ဖုန်းကဒ် ကုန်နေတာပဲ။ ဟာ…သွားပါပြီကွာ။ ၀ယ်ဖို့ မေ့နေတာ။ ပြန်ထွက်ဝယ်ဖို့ ကလည်း အဝေးကြီး။ ဟားး … ဆံပင်တွေကို လက်နှင့် သပ်တင်လိုက်ရင်း အိပ်ယာပေါ် ခြေပစ်လိုက်ပစ် ပြန်လှဲချလိုက်မိသည်။ ပြီးတော့ ဖုန်းထဲရှိနေသည့် မနက်က ပြာလဲ့ ပို့ထားတဲ့ ကဗျာလေး ကို ပြန်ဖတ်မိသည်။ ပြီးတော့ စာရွက်လေးတစ်ရွက်ထဲ သူမ၏ ကဗျာလေးကို ချရေးလိုက်မိသည်။ 

         
        အလွမ်းတစ်ရှိုက်က
တစ်နင့်တစ်ပိုး
သီးပေမယ့်
အဲဒီ..ခါးသက်မှုကိုပဲ
ရစ်မူးစွာ ဆက်ရှိုက်နေပြန်တယ်….

နေ့စွဲတွေက
ကြွေမြဲကြွေစဲ
လေအလွှင့်မှာ
မှိုင်းပျပျမီးရောင်အောက်က
မထင်မရှားပန်းချီကားတစ်ချပ်ရဲ့
မညီမညာ စုတ်ချက်တွေကလည်း
ဟို တစ်စက် သည် တစ်စက်….

ချိုမြိန်တဲ့ အနမ်းတွေအတွက်
ခါးသက်တဲ့ အလွမ်းတွေကို
ဂစ်တာအို ကြိုးပြတ်
ကာရံမဲ့ တေးသွားထပ်
ဗလောင်ဆူနေအောင်
ကူးခတ်ရင်း…
မြန်မြန်လောင်မြိုက်
ပြာကျလိုက်ချင်ပြီ..
ဒီ..အလွမ်းရှိုက်သံ…   

သူ့ဘေးနားမှာ မှင်နဲ့ခြစ်ထားတဲ့ စာရွက်တွေ ရှုပ်ပွလို့။ ကဗျာလေးကို နောက်တစ်ခါက် ပြန်ဖတ်ကြည့်မိပြန်သည်။ ပြီးတော့ ဖုန်းနဲ့ ပြန်ရေးပြီး ပြာလဲ့ email ထဲကို ပို့ပေးလိုက်သည်။ ပြီးတော့ စိတ်လျှေြာ့ပီး မျက်လုံးအစုံကို မှိတ်ချ လိုက်သည်။ သည်နေ့ ညတော့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်လိုက်ချင်ပြီ။ အိပ်မပျော်တဲ့ ညတွေဟာ ညတာရှည် လွန်းတယ်လေ။
         
          တီ..တီ ….တီ ….တီ…

လက်ကိုင်ဖုန်းမြည်သံကြောင့် သူမျက်လုံးမဖွင့်ပဲ ဖုန်းကို answer လုပ်လိုက်သည်။

“ဟလို”

“သက်နောင်လား..ပြာလဲ့ပါ”

အသံကြားသည်နှင့် အိပ်နေရာကနေ ငေါက်ကနဲ ထထိုင်မိသည်ထိ။ ထိတ်ကနဲ

“ပြာလဲ့ နေကောင်းရဲ့ လား ”

“နေကောင်းပါတယ် မောင် ရဲ့”

ဘာ..မောင် ရဲ့တဲ့။ သူမကို ခေါ်ခိုင်းနေတာကြာပြီ။ ခုမှ မောင် ရဲ့တဲ့။ မျက်နှာတစ်ခုလုံးသကာရည်လောင်းထား သလို ချိုမြိန်သွားလိုက်တာ။ အိပ်ချင်မူးတူး  ဟီး ကနဲ သူ့သွားတွေဖြဲသွားတာ သူကိုယ်တိုင်သာအသိ။

“ ပြာလဲ့ ကိုလေ မောင် အရမ်းချစ်တယ် သိလား”

“အင်း..ဒါနဲ့ စကားမစပ် မောင့် ရဲ့ ကဗျာလေးက ပြာလဲ့ရဲ့ နှလုံးသားကို အရည်ပျော်သွားစေတယ်။ ဖေဖော်ဝါရီ လကို မောင်ပြန်လာဖို့ အဆင်သင့်လုပ်ထားတော့ နော်။ ဒါပဲနော် မောင်”


ပြောပြီး သူမ ရုတ်တရက် ဖုန်းချသွားသည်။ ရုတ်တရက်ဆိုတော့ သူသဘောမပေါက်လိုက်မိ။ ဖေဖော်ဝါရီ ဖေဖော်ဝါရီ.. ဟား သိပြီ  . .. လက်ထပ်ဖို့ သူမလက်ခံလိုက်ပြီ။ ဘာရယ်မဟုတ် ဖုန်းထဲက သူမ၏ ပုံလေးကို အနမ်းတွေ ပေးနေမိပြန်သည်။ နောက်မှ သတိရသည်။ သူ၏ အခန်းဖော်။ ကုတင်ဘက်ကို လှမ်းကြည့်လိုက်တော့ သူ့ကို စိတ်ပျက်လက်ပျက်နှင့် ထိုင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူရဲ့မချိသွားဖြဲအပြုံးကို  ဒုတိယအကြိမ်ပြုံးပြလိုက်ရင်း

“အဟဲ ဆောရီးနော်.. 

“ခင်ဗျား ကြည့်လုပ် ..ကျုပ်အိပ်ရေးတွေပျက်တာများနေပြီ။ ညကလည်း တစ်ခန်းလုံး စက္ကူတွေ ရှုပ်ပွနေတာပဲ ပြော ခုဘာတဲ့လဲ”

“လက်ထပ်မယ်တဲ့”

“ဟား ဂုဏ်ယူပါတယ် အစ်ကို။ နောက်နေ့တွေ ကျွန်တော် အိပ်ရေးမပျက်တော့ဘူးပေါ့။”

          ပြောပြောဆိုဆို ကောင်လေး သူ့ကုတင်ပေါ်ပြန်လှဲချရင်း တစ်ဖက်သို့လှည့်သွားသည်။ ခုချိန် ဖြစ်နိုင်ရင် အခန်းထဲမှာ ရှေ့ဂျွမ်း နောက်ဂျွမ်း အလယ်ဂျွမ်းများပစ်လို့ ရရင်ဖြင့် ပစ်လိုက်ချင်တာဟု စိတ်ထဲမှာ ကြိမ်းဝါးရင်း ဘေးနားက ခွခေါင်းအုံးကြီးကို သိမ်းကျုံးပြီး ဖက်ပစ်လိုက်လေတော့သည်။ 

----
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 
သရုပ်ဖော်ပုံလေးကိုတော့ google ကနေ ရှာဖွေပြီး ယူသုံးထားပါတယ်။