Wednesday 2 July 2014

ကဗျာတစ်ပုဒ်ရဲ့ ရာဇ၀င်



 
 
“သက်နောင် ငါ အရမ်းလွမ်းနေပြီ..”

နားထဲကြားလိုက်ရသည့် အသံက တစ်ကယ့်ကို တိုးတိုးညင်သာ။  နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ခပ်တိုးတိုးညည်း လိုက်သည့် အသံ။ မျက်ရည် တစ်ပေါက် ပေါက်ကနဲ ကျသွားသည်။ သူအိပ်ပျော်နေရာမှ ငေါက်ကနဲ ထထိုင်လိုက်မိသည်။ နာရီကိုယူကြည့်တော့ မနက် ၂ နာရီထိုးလုလု။  သူ့ပါးက မျက်ရည်တစ်ပေါက်ကို သုတ်လိုက်ရင်း အိပ်ယာထဲ ပြန်လှဲချ လိုက်မိသည်။ ရင်ဘတ်ထဲမှာတော့ မွန်းကြပ်မှုတို့ဖြင့် အသက်ရှုလို့မရ။

          ဘာကြောင့်ရယ်မသိ စိတ်ထဲမှာ အလိုလို အားငယ်သလို ၀မ်းနည်းမိသလို လှိုက်ကနဲ။ ပြီးတော့ သူခပ်တိုးတိုး ပြန်ရေရွတ်လိုက်သည်။

          “ငါလဲ နင့်ကို့ အရမ်းလွမ်းနေပြီ ပြာလဲ့ ရယ်.”

ပြာလဲ့ နင် ငါ့ကိုအရမ်း သတိရနေတာလားဟင်။ စိတ်ထဲကမေးမိသည်။ ပြာလဲ့နှင့် မတွေ့ရသည်မှာ သုံးနှစ်ကျော် လောက်ရှိပြီ။ တစ်ခါတစ်ရံ ဖုန်းထဲမှ အသံလေးကြားရုံမျှဖြင့် ချစ်သူကိုလွမ်းရသည်မှာ ကြာခဲ့ပြီ။ သုံးနှစ်အတွင်း VZO Chat နှင့် သုံးခါလောက်ပြောဖူးသည်။ သူမ၏ ၀ါးတားတား အရိပ်သာမြင်ရသည်။ ကိုယ်ပြောသည့်အသံ သူ့ဆီ မရောက် သူပြောသည့် အသံ ကိုယ်မကြား ။ ပြာလဲ့မှာသာ VZO chat တစ်ခါပြောဖို့အရေး မြို့ပေါ်တက်ပြီး တစ်ကူးတစ်က နက်ဆိုင်ရောက်အောင် လာရရှာသည်။ ရောက်ပြန်တော့ လဲ ကွန်နက်ရှင်က မကောင်း။ ဒီလိုနှင့် အချိန်ကုန် ပိုက်ဆံလဲ ကုန်သော  VZO Chat အား နှစ်ဦးသဘောတူ စွန့်လွှတ်လိုက်ကြသည်။ ဒါတောင် ရန်ပွဲလေးနှင့် အဆုံးသတ်လိုက်ခြင်းဖြစ်သည်။

         
“နင့်ကို ငါပြောသားပဲ အဲဒီရွာမှာ ဆရာမသွားမလုပ်ပါနဲ့ ခေါင်လွန်းပါတယ်လို့။ ခုတော့ နင် ဘယ်နှယ့် ရှိစ”

“အဲဒါ ငါ့ဝါသနာလေ။ ဘာလဲ နင့်လိုမျိုး နိုင်ငံရပ်ခြားမှာ ပိုက်ဆံမရှာ နိုင်လို့ ငါ့ရဲ့ အလုပ်ကို အထင်သေးတာ လား”


“တော်စမ်းပါဟာ.. ခုကနင့်ကို လွယ်လွယ် ဆက်သွယ်လို့မရတာက အဓိက”


“နှလုံးသားချင်း နီးနေပြီးသားပဲ။ ဘာလဲ နင်က လူချင်းနီးနေမှ နင့် နှလုံးသားကအချစ်တွေ ပူနွေးနေတာ လား”


အဲဒီနေ့က သူစိတ်တိုတိုနှင့် ဖုန်းချပစ်လိုက်သည်။ အလကားချစ်သူ ဒီမှာဖုန်းကဒ်ဈေးကြီးပေးပြီး သူ့အသံ ကြားချင်လွန်းလို့ တစ်ကူးတစ်က ဖုန်းဆက်ရသည်။ ခုတော့ ချစ်သူက သူ နားမ၀င်လောက်သည့် စကားလုံးတွေနဲ့ ပစ်ပေါက်သည်။ သူများ အတွဲတွေများတွေ့ရင် သူ့မှာတော့ သတိရလိုက်ရတာ။ လွမ်းလိုက်ရတာ။ ချစ်သူကတော့ အားနေ အားတင်းထားပါ။ မကြာခင်ဆုံဆည်းကြမှာပါ။ ခုလဲ ဖုန်းဆက်ပြီး စကားပြောနိုင်ကြတာပဲ။ဒီလိုစကားလုံးမျိုး တွေနှင့်သာ နှစ်သိမ့်ရန် တတ်နိုင်နေတဲ့သူ။  နင့်ကို ငါ ချစ်သလောက် နင် ငါ့ကို ပြန်မချစ်ဘူး ပြာလဲ့။

အဲဒီစိတ်နှင့် ပြာလဲ့ကို ၂ ပတ်တိတိ  ဖုန်းမဆက်ပဲ နေခဲ့သည်။  သို့ပေမယ့် mail ထဲရောက်လာသည့် ပြာလဲ့ ၏ ကဗျာလေးကြောင့် ချက်ချင်း ဖုန်းပြန်ခေါ်ခဲ့မိသည်။ 

ပြေလျှော့ကာ စိတ်အနွမ်းပြေပါတော့
မောင်နွမ်းတော့ မနေသာတယ်
တစ်ကြိမ်သာ နားလည်ပေးပါတော့
နောင် အကြိမ်ဆင်ခြင်ပါ့မယ်.
ပြေတယ်ဆို မောင့်ရင်ခွင် ဖွင့်ကာထားပေးပါ
ပြေးဝင်ကာမှီနွဲ့လိုက်ချင်ရဲ့
တိုးလို့သာ နှောင်တည်းရစ်ပတ်ပါ
မျက်လုံးအစုံကိုမှိတ် မျက်နှာတော်မော့ကာထားပါ့မယ်
မွတ်သိပ်တဲ့ နှုတ်ခမ်းအစုံနဲ့
အနမ်းတွေခြွေကာသာ သွန်းပါတော့
မောင် နွမ်းတဲ့ ဒီခဏမှာ
ချစ်..အရမ်းလွမ်းလှပြီ။  

စိတ်ထဲမှာ ကြည်နူးမှုကလဲ အပြည့်။ အော်..သူငါ့ကိုချစ်ရှာသားပဲလို့။ အလုပ်သွားတာများ မြေကြီးနဲ့ ခြေထောက်ထိတယ်လို့ကို မထင်ဘူး။ ပြာလဲ့ စာတွေကဗျာတွေ နှစ်သက်ပြီး ရေးဖွဲ့တတ်မှန်းသိပေမယ့် ဒီလောက်ထိ လို့ မထင်ခဲ့မိ။ အလုပ်လုပ်ရတာများ ပေါ့ပါးသွက်လက်နေလိုက်တာ မန်နေဂျာကိုယ်တိုင်က

“မင်း ဒီနေ့ ဘာဆေးတွေသောက်ထားသလဲ ” လို့ မေးယူရသည်အထိ။ 

အပြင်မှာတော့ မျက်နှာက ရယ်ကျဲကျဲပေါ့ သို့ပေမယ့် စိတ်ထဲမှာ ဖြေနေမိတာက အချစ်ဆေး အချစ်ဆေးလို့ ။ နာရီကို ထပ်ကြည့်မိပြန်သည်။ နာရီလက်တံတို့က ညွှန်းနေတာ မနက် ၃ နာရီ။ ဟူး..မနက်အလုပ်သွားရမှာ။ ခုထိပြန်ပြီး အိပ်မပျော်နိုင်သေး။ အတွေး တို့ က ရိပ်ခနဲ လွန်ခဲ့သည့် တစ်လခန့်က အဖြစ်အပျက်ဆီ ရောက်သွားပြန်သည်။

          “ပြာလဲ့ ဒါ ကလေးကစားနေတာမဟုတ်ဘူးနော်..”

          “အေးပါ ငါသိပါတယ်။ ခုဟာက ..ငါလဲ..မတတ်သာလို့ပါ။ နောက်ထပ် ၁ နှစ်ဆိုရင် ငါ့အလုပ်က မြို့ကျောင်းကို ရွှေ့လို့ရပြီလေ”

          “အဲဒါဆို ငါ ဘယ်လိုလုပ်ရမလဲပြော။ ငါ့မိဘတွေကို ဒီနှစ်ဒီဇင်ဘာမှာ လာမြန်းခိုင်းမယ်။ ဖေဖော်ဝါရီမှာ ငါပြန်လာပြီ မင်္ဂလာဆောင်မယ်။ ပြီးရင် နင် ငါနဲအတူ နိုင်ငံခြားလိုက်ခဲ့ရမယ်။ အားလုံးစီစဉ်ပြီးပြီလေ။ ငါ့မိဘတွေကို ပြောပြီးပြီလေ။”

          “ဟာ..ဆရာမအလုပ်က မထွက်နိင်ပါဘူး။ ငါ ဆရာမဖြစ်ချင်လွန်းလို့ ဘယ်လောက်ထိ ဒုက္ခတွေ ခံထားရလဲ နင်အသိဆုံး”

          “အဲဒါဆို ငါ့မိဘတွေကို မပြောခင် နင့်အကျိုးအကြောင်းပြောလေ။ ပြီးတော့ နင့်ဆရာမ လစာက ဘယ်လောက်တောင် မက်မောစရာကောင်းနေလို့လဲ”

          “သက်နောင်..!!!!!!!!!!”

ဖုန်းထဲက သူမ၏ အော်သံ ကျယ်လောင်စွာထွက်လာသည်။ ပြီး သူမဘာမှမပြောတော့။ သူမ၏ အသက်ရှုသံကို သာကြား နေရသည်။

          “ပြာလဲ့ ငါ နင့်ကို အရမ်းချစ်တယ်။”

ဒီတစ်ခါတော့ ပြာလဲ့ဘက်က ဖုန်းအရင်ချသွားသည်။ အဲဒီနောက်ပိုင်း သူလဲဖုန်းမခေါ်သလို ပြာလဲ့ ထံမှလဲ ဘာအဆက်အသွယ် မှ မရ။ ခုသူအိပ်ပျော်နေတုန်း သေသေချာချာကြီး ကြားလိုက်ရသည်။ နေမှကောင်းရဲ့လား။ သူမအရမ်းခံစားနေရသလား။ သူမပြောခဲ့ဖူးသလိုပဲ ချစ်လွန်းတော့ သူမ၏နှလုံးသား ငိုကြွေးသံကို ကြားလိုက်ရသည်လား။ စိုးရိမ်စိတ်တို့က ပိုပြီး ကြီးထွားလာသည်။ မဖြစ်ဘူး မနက်ကျရင် ဖုန်းဆက်ကြည့်ရမည်။ ပြီးရင် အကျိုးအကြောင်းသေချာပြောပြီး ပြန်ညှိကြည့်မည်။ ခုတော့ သူမနေကောင်းပါစေဟု ဆုတောင်းရင်း ဘုရားစာအချို့ ရွတ်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်ပါပေ။

မနက်က ဖုန်းခေါ်သော်လည်း သူမနှင့် အဆက်အသွယ်မရ။ လေးလံထိုင်မှိုင်းစွာဖြင့် ရုံးကိုရောက်လာရသည်။ အလုပ်ထဲစိတ်ကမပါ။

ဖုန်းထဲ email ရောက်လာသည့် အသံကြောင့် ဖုန်းကိုယူကြည့်လိုက်သည်။ ရင်ထဲမှာ လှိုက်ကနဲ။  ပြာလဲ့ထံမှ mail ဖြစ်သည်။ ကဗျာစာပိုဒ်လေး တစ်ပုဒ်သာ ပါသည်။ အခြား မည်သည့်စာမျှ ပါမလာ။

         
     “အလွမ်းတစ်ရှိုက်က
တစ်နင့်တစ်ပိုး
သီးပေမယ့်
အဲဒီ..ခါးသက်မှုကိုပဲ
ရစ်မူးစွာ ဆက်ရှိုက်နေပြန်တယ်….”       

ရုံးချိန်တွင်းမို့  ဖုန်းလဲပြန်ဆက်လို့မရ။ စိတ်ထဲမှာ နေမထိထိုင်မသာ။  ရုံးဆင်းချိန်သာ မြန်မြန်ရောက်ချင်မိတော့သည်။ ညနေရုံးဆင်းသည်နှင့် အိမ်ပြန်ရောက်အောင် မစောင့်နိုင်။ ရုံးရှေ့က staff နားနေခန်းမှာ ထိုင်ပြီး ပြာလဲ့တို့ ကျောင်းက ဖုန်းကိုခေါ်မိသည်။

          “ဟလို”

          “ဟုတ်ကဲ့ ကျွန်တော် ဆရာမပြာလဲ့ရီ နဲ့ စကားပြောချင်လို့ပါ ခင်ဗျာ”

          “သြော် ဆရာမပြာလဲ့လား ရန်ကုန်ခဏပြန်သွားတယ်။ မရှိဘူး။”


ကျေးဇူးတင်စကားကိုပင် မဆိုမိ။ ခွပ် ကနဲ ဖုန်းပြန်ချလိုက်သည်။ ရန်ကုန်က ပြာလဲ့တို့ အိမ်ဖုန်းကို ထပ်ခေါ်သည်။ ဖုန်းက ကိုင်မယ့်သူမရှိ။ ပြာလဲ့ နှင့် စကားပြောချင်လှပြီ။ စိတ်ပူလွန်းလို့ လူတစ်ကိုယ်လုံးထူပူနေတာပဲ။  သွေးအေးအေးထားပြီး စဉ်းစားကြည့်သည်။ ဟာ သိပြီး ပြာလဲ့ အစ်မ လက်ကိုင်ဖုန်းနံပါတ် ရှိသားပဲ။ ပိုက်ဆံအိတ် ကို ဖွင့်သည်။ ရေးမှတ်ထားသော စာရွက်အတိုအစလေးတွေကို မွှေနှောက်ရှာဖွေမိပြန်သည်။ မတွေ့သေး။ ဟား ဒီမှာ ရပြီ ဒီဖုန်းနံပါတ် ..သူ အလောတကြီး ဖုန်းနံပါတ်လေးတွေကို နှိပ်လိုက်သည်။

          “ဟလို မကြီးလား”

          “ကျွန်တော် သက်နောင် ပါ”

          “ဟဲလို ဟုတ် ဘယ်သူလဲမသိဘူး ။ မကြီး ရီတာ ကို့ရှာတာလားမသိဘူး။ ”

          “ဟုတ်တယ် ဟုတ်တယ်”

          “ခဏနေမှ ပြန်ဆက်ပါရှင် မကြီးအပြင်သွားတာ  ရုံးမှာ လက်ကိုင်ဖုန်း မေ့ကျန်ခဲ့လို့ပါ”

တောက်! ငါကွာလို့ စိတ်ထဲမှ ကြိတ်မနိုင်ခဲမရ ဖြစ်ရင်း ဖုန်းပြန်ချလိုက်မိတော့သည်။ ညနေစာ ဘာမှလဲ စားချင်စိတ် မရှိတော့ ပြာလဲ့ ဘာများဖြစ်လို့လဲ။ ရုံးရှေ့ထွက်ပြီး တွေ့သည့် taxi တားလိုက်သည်။
အိမ်ရောက်တော့ အ၀တ်အစားလဲ ကုတင်ပေါ်လှဲချရင်း ခုနက မမရီတာ ဖုန်းကို ခေါ်မိပြန်သည်။

          “ဟလို”

          “မမ ရီတာလား ကျွန်တော်ပါ သက်နောင်။”

          “အေး မောင်လေး။ နင်တို့နှစ်ယောက် ဘာဖြစ်ကြပြန်ပြီလဲ။ ပြာလဲ့ ရန်ကုန်ခဏပြန်ရောက်နေတယ်။ မျက်နှာလဲ မကောင်းဘူး။ အဲဒါလေ..”

          “တီ”

ဟင် ..သွားပြီး ဖုန်းကဒ်ကုန်သွားပြီ။ သူလွယ်တဲ့ အိတ်ထဲ ဖုန်းကဒ် ထပ်နိုက်သည်။ ဟာ ခုမှ သတိရသည် ဖုန်းကဒ် ကုန်နေတာပဲ။ ဟာ…သွားပါပြီကွာ။ ၀ယ်ဖို့ မေ့နေတာ။ ပြန်ထွက်ဝယ်ဖို့ ကလည်း အဝေးကြီး။ ဟားး … ဆံပင်တွေကို လက်နှင့် သပ်တင်လိုက်ရင်း အိပ်ယာပေါ် ခြေပစ်လိုက်ပစ် ပြန်လှဲချလိုက်မိသည်။ ပြီးတော့ ဖုန်းထဲရှိနေသည့် မနက်က ပြာလဲ့ ပို့ထားတဲ့ ကဗျာလေး ကို ပြန်ဖတ်မိသည်။ ပြီးတော့ စာရွက်လေးတစ်ရွက်ထဲ သူမ၏ ကဗျာလေးကို ချရေးလိုက်မိသည်။ 

         
        အလွမ်းတစ်ရှိုက်က
တစ်နင့်တစ်ပိုး
သီးပေမယ့်
အဲဒီ..ခါးသက်မှုကိုပဲ
ရစ်မူးစွာ ဆက်ရှိုက်နေပြန်တယ်….

နေ့စွဲတွေက
ကြွေမြဲကြွေစဲ
လေအလွှင့်မှာ
မှိုင်းပျပျမီးရောင်အောက်က
မထင်မရှားပန်းချီကားတစ်ချပ်ရဲ့
မညီမညာ စုတ်ချက်တွေကလည်း
ဟို တစ်စက် သည် တစ်စက်….

ချိုမြိန်တဲ့ အနမ်းတွေအတွက်
ခါးသက်တဲ့ အလွမ်းတွေကို
ဂစ်တာအို ကြိုးပြတ်
ကာရံမဲ့ တေးသွားထပ်
ဗလောင်ဆူနေအောင်
ကူးခတ်ရင်း…
မြန်မြန်လောင်မြိုက်
ပြာကျလိုက်ချင်ပြီ..
ဒီ..အလွမ်းရှိုက်သံ…   

သူ့ဘေးနားမှာ မှင်နဲ့ခြစ်ထားတဲ့ စာရွက်တွေ ရှုပ်ပွလို့။ ကဗျာလေးကို နောက်တစ်ခါက် ပြန်ဖတ်ကြည့်မိပြန်သည်။ ပြီးတော့ ဖုန်းနဲ့ ပြန်ရေးပြီး ပြာလဲ့ email ထဲကို ပို့ပေးလိုက်သည်။ ပြီးတော့ စိတ်လျှေြာ့ပီး မျက်လုံးအစုံကို မှိတ်ချ လိုက်သည်။ သည်နေ့ ညတော့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်လိုက်ချင်ပြီ။ အိပ်မပျော်တဲ့ ညတွေဟာ ညတာရှည် လွန်းတယ်လေ။
         
          တီ..တီ ….တီ ….တီ…

လက်ကိုင်ဖုန်းမြည်သံကြောင့် သူမျက်လုံးမဖွင့်ပဲ ဖုန်းကို answer လုပ်လိုက်သည်။

“ဟလို”

“သက်နောင်လား..ပြာလဲ့ပါ”

အသံကြားသည်နှင့် အိပ်နေရာကနေ ငေါက်ကနဲ ထထိုင်မိသည်ထိ။ ထိတ်ကနဲ

“ပြာလဲ့ နေကောင်းရဲ့ လား ”

“နေကောင်းပါတယ် မောင် ရဲ့”

ဘာ..မောင် ရဲ့တဲ့။ သူမကို ခေါ်ခိုင်းနေတာကြာပြီ။ ခုမှ မောင် ရဲ့တဲ့။ မျက်နှာတစ်ခုလုံးသကာရည်လောင်းထား သလို ချိုမြိန်သွားလိုက်တာ။ အိပ်ချင်မူးတူး  ဟီး ကနဲ သူ့သွားတွေဖြဲသွားတာ သူကိုယ်တိုင်သာအသိ။

“ ပြာလဲ့ ကိုလေ မောင် အရမ်းချစ်တယ် သိလား”

“အင်း..ဒါနဲ့ စကားမစပ် မောင့် ရဲ့ ကဗျာလေးက ပြာလဲ့ရဲ့ နှလုံးသားကို အရည်ပျော်သွားစေတယ်။ ဖေဖော်ဝါရီ လကို မောင်ပြန်လာဖို့ အဆင်သင့်လုပ်ထားတော့ နော်။ ဒါပဲနော် မောင်”


ပြောပြီး သူမ ရုတ်တရက် ဖုန်းချသွားသည်။ ရုတ်တရက်ဆိုတော့ သူသဘောမပေါက်လိုက်မိ။ ဖေဖော်ဝါရီ ဖေဖော်ဝါရီ.. ဟား သိပြီ  . .. လက်ထပ်ဖို့ သူမလက်ခံလိုက်ပြီ။ ဘာရယ်မဟုတ် ဖုန်းထဲက သူမ၏ ပုံလေးကို အနမ်းတွေ ပေးနေမိပြန်သည်။ နောက်မှ သတိရသည်။ သူ၏ အခန်းဖော်။ ကုတင်ဘက်ကို လှမ်းကြည့်လိုက်တော့ သူ့ကို စိတ်ပျက်လက်ပျက်နှင့် ထိုင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူရဲ့မချိသွားဖြဲအပြုံးကို  ဒုတိယအကြိမ်ပြုံးပြလိုက်ရင်း

“အဟဲ ဆောရီးနော်.. 

“ခင်ဗျား ကြည့်လုပ် ..ကျုပ်အိပ်ရေးတွေပျက်တာများနေပြီ။ ညကလည်း တစ်ခန်းလုံး စက္ကူတွေ ရှုပ်ပွနေတာပဲ ပြော ခုဘာတဲ့လဲ”

“လက်ထပ်မယ်တဲ့”

“ဟား ဂုဏ်ယူပါတယ် အစ်ကို။ နောက်နေ့တွေ ကျွန်တော် အိပ်ရေးမပျက်တော့ဘူးပေါ့။”

          ပြောပြောဆိုဆို ကောင်လေး သူ့ကုတင်ပေါ်ပြန်လှဲချရင်း တစ်ဖက်သို့လှည့်သွားသည်။ ခုချိန် ဖြစ်နိုင်ရင် အခန်းထဲမှာ ရှေ့ဂျွမ်း နောက်ဂျွမ်း အလယ်ဂျွမ်းများပစ်လို့ ရရင်ဖြင့် ပစ်လိုက်ချင်တာဟု စိတ်ထဲမှာ ကြိမ်းဝါးရင်း ဘေးနားက ခွခေါင်းအုံးကြီးကို သိမ်းကျုံးပြီး ဖက်ပစ်လိုက်လေတော့သည်။ 

----
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 
သရုပ်ဖော်ပုံလေးကိုတော့ google ကနေ ရှာဖွေပြီး ယူသုံးထားပါတယ်။




2 comments:

  1. ဝတ္ထုတို ဖတ်သွားခဲ့ပါတယ်..
    ကဗျာလေးတွေလည်း လှတယ်.. အမြဲ အားပေးနေမယ်..နော်

    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  2. မမ ဆွေလေးရေ
    အမြဲအားပေးနေတယ်။
    အဲလိုကဗျာလေးတွေနဲ့ ရေးချင်တာ။ ရေးတတ်ဘူး။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......