Friday, 10 September 2010

ကြုံခဲ့သော အဖြစ်အပျက်လေးတစ်ခု

လေးမွန်ငယ်ငယ်က အဖြစ်အပျက်လေးပါ။ တကယ့်ဖြစ်ရပ်မှန်လေးတစ်ခုပေါ့။ လေးမွန်အသက် 13/14 နှစ်အရွယ် အဖြစ်အပျက်လေးကို မျက်မြက်ကိုယ်တွေ့ ဖြစ်ခဲ့ပေမယ့် ခလေးသဘာဝအရ အမှုမဲ့ အမှတ်မဲ့ နေခဲ့တော့ သေချာသေချာတော့မသိခဲ့ဘူး အဆာ့သန်ခဲ့တာကိုး ၊ အကြောင်းတိုက်ဆိုင်လာတော့ ဒီအကြောင်းလေးကို သေချာသိခွင့်ရခဲ့တယ် ဖြစ်ပုံလေးက ဒီလိုပါ………

လေးမွန် ဟိုတစ်နှစ်က မြို့ကနေ မွေးရပ်ဇာတိမြေကို အလည်တစ်ခေါက်ပြန်ခဲ့ပါတယ်။ အိမ်ရောက်တော့ အမေကနေမကောင်းဖြစ်နေတာနဲ့ ကြုံရတယ်။ တောသဘာဝအရ အိမ်တွင်း မကောင်း တာပြောလို့ပြော ရိုးရာကိုင်တာပြောလို့ပြော အို.. စုံနေတာပဲ။ လေးမွန်တို့က ခေတ်လူငယ် တွေဆိုတော့ ဒါတွေအစွဲအလမ်းမရှိပါဘူး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာဘဲလို့ တွေးမိတယ်။ တစ်ခါတစ်လေ ရွာပြန်ပါတယ် စိတ်ကိုညစ်သွားတာပဲ။

ညနေရောက်တော့ ရွာရောက်တုံး ရွာဦးကျောင်းဆရာတော်စီ သွားအုံးမှဘဲဆိုပြီး ဆရာတော်အတွက် မြိုကပါလာတဲ့လှူစရာလေးတွေယူပြီး ကျောင်းသွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဆရာတော်ကိုဦးခိုက်ပြီး စကားစပ်မိစပ်ရာတွေပြောမိရာက အိမ်မှာလဲ အမေနေမကောင်းဖြစ်နေတယ်ဘုရား။ ရွာကလူတွေပြောတာက အိမ်တွင်းမကောင်းတာတို့ ရိုးရာမကောင်းတာတို့ ပြောတာပဲဘုရား။ တပည့်တော်တော့ မယုံပါဘူးဘုရားလို့ လျှောက်တော့ အေး..မင်းတို့ယုံတာ မယုံတာအပထား ဘုန်းဘုန်းငယ်ငယ်တုံးက အဖြစ်အပျက်ကို ပြောပြမယ် မင်းတို့ကငယ်သေးတော့ မှတ်မိမယ်မထင်ဘူး ကြားတော့ကြားဘူးမှာပေါ့။

ဘုန်းဘုန်းအသက် ၁၄နှစ်အရွယ် ကိုရင်ဘ၀ မြို့မှာစာသင်နေတာ၊ ဘုန်းဘုန်းအထက်မှာ အစ်မ နှစ်ယောက် အစ်ကိုတစ်ယောက်ရှိတယ်။ အစ်မအငယ်က နေမကောင်းဘူး တစ်နေ့ရွာက လူတစ်ယောက် ဘုန်းဘုန်းစီရောက်လာတယ် ကိုရင့်အစ်မလေးတော့ ဆုံးပြီတဲ့ ကိုရင်ရွာကိုလိုက်ခဲ့ပါတဲ့။ အဲဒါနဲ့ ဘုန်းဘုန်းလဲ ဆရာတော်လျှောက်ပြီး ရွာကိုလိုက်ခဲ့တယ်။

တောဓလေ့ထုံးစံအတိုင်း အသုဘ ၅ ရက်ထားပြီးသင်္ဂြိုဟ်တယ်။ ဘုန်းဘုန်းလဲ အစ်မလေး အလောင်း မြေကျပြီးတာနဲ့ နောက်နေ့ ဒကာကြီး (အဖေ)နဲ့ မြိုကိုပြန်လာခဲ့တယ်။ ရွာကနေပြီး ကားစီးရမယ့်နေရာကို ရောက်ဖို့ ၁-နာရီကျော်ကျော်လမ်းလျှောက်ရတယ်။ အဲဒီမှာစတာပဲ လမ်တစ်ဝက်လဲရောက်ရော ဟိုဘက်ရွာက ပြန်လာတဲ့ အစ်မလေးသူငယ်ချင်း တစ်ယောက်နဲ့ လမ်းမှာဆုံကြတယ်။ အစ်မလေးသူငယ်ချင်းက တို့များရှေ့ လဲရောက်ရော ၀င်ပူးတော့တာပဲ။ ဘုန်းဘုန်းကငယ်ငယ်လေးဆိုတော့ မျက်စိသငယ်နဲ့ ကြည့်နေမိတယ်။ ဒကာကြီးကတော့ မေးတာပေါ လေ ဘယ်သူလဲ ဘာညာစသည့်ပေါ့ သူကဘာမှပြန်မပြောဘူး မျက်လုံးအပြူး သားနဲ့ ဘုန်းဘုန်းကိုစိုက်ကြည့်နေတယ်။ နောက်ဆုံးတော့ အဖေကလဲ ငါ့သမီးဆို ငါနဲ့လိုက်ခဲ့ မနှောက်ယှက်နဲ့ ဆိုပြီး ခေါင်းပုတ်လိုက်တဲ့အခါ သူလဲကောင်းသွားပြီး ရွာဘက်ကိုသွားတယ်။ တို့သားအဖလဲ ကားဂိတ်ကို ဆက်လျှောက်ကြတယ်ပေါ့။ အဲဒီမှာ ဒကာကြီးကပြောတယ် ကိုရင်တဲ့ အဲဒီကောင်မလေးက ကိုရင့်အစ်မဆုံးတဲ့ နေ့ကစပြီး တစ်နေ့လုံးငို တစ်နေ့လုံးတက်နေလို့ တခြားရွာကိုပို့ထားတာတဲ့။ ဘုန်းဘုန်းလဲအမှုမဲ့အမှတ်မဲ့ဘဲ အင်း လိုက်ပြီး ကားဂိတ်ကိုလိုက်ခဲ့တယ်။

ဒီလိုနဲ့ ဘုန်းဘုန်းတို့သားအဖရန်ကုန်ရောက်တော့ ဒကာကြီးကပြောတယ် ကိုရင့်ဘကြီးစီအရင်သွား မယ် သူတို့ကိုလဲ အသိပေးရအုံးမယ်တဲ့။ ဒါနဲ့ဘကြီးအိမ်ရောက်တာပေါ့ကွာ။ ဘကြီးအိမ်ရောက်လို့အစ်မလေး အကြောင်းပြောပြီး အဒေါ်က အဖေ့ကိုထမင်းကျွေးဖို့ ထိုင်ရာကလဲထရော ထမရတော့ဘူး ကြမ်းပြင်နဲ့တင်ပါး ကပ်နေတယ်။ အဲဒါနဲ့ အဖေကလဲ ထမင်းမစားတော့ဘူး ကိုရင့်ကို ကျောင်းပြန်ပို့တော့မယ်ဆိုပြီး ထပြန်ခဲ့ကြ တယ်။ နောက်တော့ကြားတယ် သူတို့လဲ ဆရာတွေပင့်ပြီး မေးကြတော့ အစ်မလေးလိုက်လာတာတဲ့ ဘကြီးတို့ ကို လိုက်နှုတ်ဆက်တာလို့ပြောတယ်။

ကျောင်းပြန်ရောက်တော့ ဘုန်းဘုန်းလဲပင်ပန်းတော့ အိပ်ယာစောစောဝင်ခဲ့တယ် ။ အိပ်မပျော်တပျော် အစ်မလေးရောက်လာတယ်။ ဘုန်းဘုန်းစိတ်ထဲမှာ အစ်မလေး မြေချတဲ့နေ့က အစ်မလေးကိုယ်ပေါ်မှာ တင်ထားတဲ့ အ၀တ်အစားနဲ့ အစ်မလေးကို မြင်နေရတာ။ အစ်မလေးကခြင်ထောင်ကြိုးတွေကိုလိုက်ဖြုတ်တယ်။ အစ်မလေး မလုပ်ပါနဲ့ အိပ်ချင်လို့ပါ ဆိုတော့ မအိပ်နဲ့အုံးတဲ့ အစ်မလေး ကိုရင်နဲ့တစ်ညလုံးနေမယ်တဲ့ နောက်နေ့ဆို အစ်မလေး ကိုရင့်ကိုတွေ့ရတော့မှာမဟုတ်ဘူးတဲ့။ အိမ်မှာဘုန်းဘုန်းက အငယ်ဆုံးဆိုတော့ အစ်မလေးက ဘုန်းဘုန်းကိုအရမ်းချစ်တယ် သေခါနီး ဘုန်းဘုန်းဓာတ်ပုံကိုလက်ညိုးထို့းပြီး ဆုံးတာလို့ အဖေက ပြောတယ်။ မနက်လေးနာရီထိုးတော့ ကိုရင် အစ်မလေးပြန်တော့မယ် ကိုရင်လဲ အိပ်တော့တဲ့၊ ပြောပြီး အစ်မလေးလဲ ပျောက်သွာတယ်ဘုန်းဘုန်းလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။

နောက်တစ်ပတ်လောက်ကြာတော့ ရွာကဦးလေးတစ်ယောက် ရန်ကုန်လာရင်း ဘုန်းဘုန်းစီဝင်လာ တယ်။ ဦးလေးကပြောတယ် ကိုရင်တို့ပြန်တဲ့နေက ကိုရင့်အဒေါ် အိပ်မက် မက်တယ်။ ကိုရင့်အစ်မလေး အိမ်ရောက်လာပြီး ကိုရင့်အဒေါ်ကိုပြောတယ် အဒေါ် ကျမ ကိုရင့်ကိုလိုက်ပို့ပြီးပြန်လာတာ အိမ်ရောက်တော့ အမေကငိုနေတယ် ဘာဖြစ်လို့လဲမသိဘူးတဲ့ အဲဒါနဲ့ ကျမလဲ အိမ်မ၀င်တော့ဘဲ ဘေးအိမ်ကိုဝင်တော့ ဘေးအိမ်ကအဒေါ်က ကျမကို ဟဲ့ ခွေးဆိုပြီးမောင်းထုတ်လို့ အဒေါ်စီလာတာလို့ပြောတယ်။ ကိုရင်အဲဒီနေ့ဘာဖြစ်သေးလဲလို့ မေးတယ်။ ဘုန်းဘုန်းလဲဖြစ်ခဲ့တဲ့ အကြောင်းကိုပြောပြလိုက်တယ်။ အဖြစ်အပျက်ကကွက်တိဘဲ။ မယုံလို့လဲမရ ကိုယ်တိုင်ဖြစ်ခဲ့တာဆိုတော့ ခက်သားကလားလို့ ဆရာတော် ကပြောတယ်။

နောက်အဖြစ်အပျက်တစ်ခုကို ဆရာတော်က ထပ်ပြောတယ် နင်တို့လိုပဲ ဘုန်းဘုန်း ရဟန်းဘ၀ ရောက်တော့ မြို့ကနေ ရွာပြန်လာတယ်။ ရွာရောက်တော့ အမေကနေမကောင်း ဖြစ်နေတယ် တော်တော် ကြာနေပြီတဲ့။ ဘုန်းဘုန်းလဲ ဘာစိတ်ကူးပေါက်တယ်မသိပါဘူး အိမ်ခန်းထဲဝင်သွားပြီး အိမ်မှာကိုးကွယ်ထားတဲ့ ဆွဲအုန်းကို ကိုင်ပြီးပြောတယ် မင်းတို့ကို အိမ်မှာကိုးကွယ်တာ အိမ်ရှင်တွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ထားတာ အဲဒီလိုမှ မကာကွယ်မစောင့်ရှောက်ဘူးဆိုရင် မင်းတို့ အိမ်တွင်းနတ်တွေ ရိုးရားနတ်တွေကို ဘာလို့ ကိုးကွယ်မလဲဆိုပြီး စိတ်တိုတိုနဲ့ ဆွဲအုန်းကိုကိုင်လှုပ်ခဲ့တယ်။

အဲဒီည ဘုန်းဘုန်းလဲကျောင်းမပြန်တော့ဘဲ အမေနေမကောင်းဖြစ်နေတော့ အိမ်မှာပဲ အိပ်ဖြစ် တယ်ပေါ့။ ည ၁၂-နာရီလောက်လဲရောက်ရော အိပ်ပျော်နေတဲ့အချိန် တစ်ယောက်ယောက်က လူကိုလှုပ်နှိုးသလိုဖြစ်တာနဲ့ မျက်လုံးဖွင့်ကြည့်တော့ ညရဲ့မှုန်ရီဝိုးတ၀ါးအောက်မှာ ရှမ်းဝတ်စုံအနက်နဲ့ လူနှစ်ယောက် ဓားကိုစလွယ်သိုင်ပြီး ခြေရင်းမှာထိုင်နေတာ ၀ိုးတ၀ါး တွေ့ရတယ်။ ဘုန်းဘုန်းကဘယ်သူလဲလို့မေးတော့ သူတို့က ဘာမှပြန်မပြော ဘူး ၅-မိနစ်လောက်ကြာတော့ အိမ်အလယ်က ထုပ်တန်းပေါ်ကိုပြန်တက်သွား ကြတယ်။ မနက်မိုးလင်းတော့ အဖေ့ကို မေးကြည့်တယ် အိမ်ကရိုးရာနတ်ကဘာလဲဆိုတော့ အဖေကပြောတယ် ရှမ်းတလိုင်နတ်တဲ့။ ကဲ တိုက်ဆိုင်ပုံ ညကအကြောင်းအဖေ့ကိုပြောပြတော့ အဖေလဲရိုးရာတွေပြန်တင်ပေါ့လေ နောက်လေးငါးရက်လောက်ကြာတော့ အမေလဲကောင်းသွားတယ်၊ တိုက်ဆိုင်တာလား ဘာလားတော့မသိဘူး။ အဲဒီတော့ မင်းတို့လဲ လောကီကို မပယ်နဲ့ လောကုတ္တရာကိုလဲ မကွယ်စီနဲ့ လုပ်သင့်တာလုပ်လို့ ဆရာတော်က မိန့်တယ်။

ဒါနဲ့လေးမွန်တို့လဲ အိမ်ပြန်ရောက် အဖေနဲ့တိုင်ပင်ပြီး လုပ်သင့်တာတွေ လုပ်လိုက်တာ လေးမွန်မပြန်ခင် အမေလဲနေကောင်းသွားတယ်။

လေးမွန်ပြောချင်တာကတော့ မိဘရိုးရာ လောကီကိုးကွယ်မှုကို မပယ်သင့်သလို လောကုတ္တရာကွယ်အောင်လဲ မကိုးကွယ်သင့်ဘူးဆိုတာပါဘဲ။ စာရှုသူတို့လဲ သိသင့်တယ်ထင်လို့ ကိုယ်တွေ့ဖြစ်ရပ်လေးကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ စာနဲနဲရှည်သွားတာကိုတော့ ခွင့်လွတ်ကြပါလို့တောင်းပန်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျှက်……………..။

3 comments:

  1. တစ်ချို့အဖြစ်အပျက်တွေဟာ မယုံချင်လို့လဲ မရအောင် လက်တွေ့ကြုံခဲ့တာတွေရှိတယ် လေးမွန်ရေ။။
    ကိုယ်လဲဒီလိုဘဲ တော်တန်ရုံ အယုံအကြည်မရှိတဲ့သူက လက်တွေ့ကြုံလာတဲ့အခါ အံ့သြခြင်းများစွာနဲ့ဘဲပေါ့..
    တစ်ချို့အရာတွေက ကိုယ်တွေလိုက်မမှီနိုင်တာတော့ အမှန်ပါဘဲ..

    ReplyDelete
  2. အိမ်က အမေတွေ အမတွေလည်း ရိုးရာ ဆိုတာကို အမြဲ ပြောတတ်သလို ရိုးရာ ကန်တော့တာတွေလည်း အမြဲလုပ်ကြတယ်။
    ကိုယ်တွေကတော့ မုန့်ဆီကြော်တွေ စားရတာတော့ ပျောကြတာပါပဲ။
    အစဉ်အဆက်ရှိခဲ့လို့ မယုံလို့လည်း မရပါဘူး။ တရားလွန် ယုံစားတာမျိုးတော့ မဖြစ်သင့်ဘူး။

    ReplyDelete
  3. အမတို့လည်း အိမ်တွင်းရိုးရာနတ်တော့ ကိုးကွယ်တယ်..
    ဆွေစဉ်မျိုးဆက်ကိုးကွယ်လာခဲ့တာဆိုတော့..
    မပယ်ရဲဘူး...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......