Saturday 25 January 2014

ရန်ကုန် သို့ ခရီး




မော်လမြိုင် မုဒုံမြို့က ၀င်းစိန်တောရ ဘုရားကြီး

ဆွေလေးမွန် ခရီးကပြန်ရောက်ပါပြီ။ လူပဲရောက်တာပါ။  စိတ်ကတော့ရန်ကုန်မှာ ကျန်ခဲ့ပုံရပါတယ်။ ခုထိပြန်ခေါ်လို့ မရသေးဘူး။ အထီးကျန်ပဲ ဆန်သလိုလို လွမ်းပဲ နေသလိုလို  ဒီလိုဆိုတော့ ဆွေလေးမွန်အတွက် ရန်ကုန်မှာ လွမ်းရမယ့်သူ ကျန်ခဲ့တယ်လို့  ထင်ချင်စရာ။ မိသားစုကို လွမ်းမိတာပါ။ 

   ဒီတစ်ခေါက်ရန်ကုန်ပြန်နေရတဲ့ရက် ကိုယ်ပိုင်တဲ့ရက်ကနည်းနေသလိုပါပဲ။ ကိုယ်လုပ်မယ်လို့ စီစဉ်ထားသမျှ ဘာမှ မလုပ်ပဲ ပြန်လာခဲ့ရတယ်။ ပြန်တာ ၁၄ ရက် ကိုယ်ပိုင်တဲ့ရက်က ၂ ရက် ၃ ရက်ဆိုတော့ ဘာမှ မယ်မယ်ရရ လုပ်လို့မရခဲ့ဘူး။ 

          ဟောင်ကောင်ကနေ ဒီဇင်ဘာ ၂၃ ရက်ညသန်းခေါင် flight နဲ့ ပျံသန်းပြီး ရန်ကုန်ကို ၂၄ ရက်နေ့ မနက် ၁၂ နာရီလောက်ရောက်ပါတယ်။ ရောက်ရောက်ချင်းဆိုသလို ထုံးစံအတိုင်းပေါ့ အထုပ်တွေဖြည် ဆွေမျိုးများလေတော့ ဝေခြမ်းရေး လုပ်လိုက်တာ မနက် ၄ နာရီလောက်မှ အိပ်ယာထဲ ဒိုင်ဗင်ပစ် ၀င်လိုက်ရတယ်။

(ဒီဇင်ဘာ ၂၄)
          လူကခရီးပန်းလို့ ဘယ်လိုပင် ပင်ပန်းနေပါသော်လည်း တက်ကြွနေတဲ့ စိတ်ကြောင့်ထင်တာပဲ တစ်မှေးလောက်ရလိုက်တာနဲ့ မနက် ၆ နာရီနိုးသော်လည်း လန်းဆန်းတက်ကြွလို့။ ပြီးတော့ မိသားစု မနက်စာစားဖို့ လက်ဘက်ရည်ဆိုင်ကို ချီတက်လိုက်ကြတယ်။ အဖေရယ် အမေရယ် ဆွေလေးမွန်ရယ် ညီမလေးနဲ့ သူ့ခင်ပွန်းလောင်း (မောင်လေး)  ပြီးတော့ အဒေါ်တွေနဲ့ တူမချောနှစ်ယောက်ရယ်  စည်စည်ကားကားပေါ့ မြန်မာ မုန့်ဟင်းခါး နဲ့ လက်ဘက်ရည်အလွန်ကြိုက်တတ်သော ကျွန်မ (လက်ဘက်ရည်ပေါ့ဆိမ့်) တစ်ခွက်ဟာဖြင့် မှန်းသာကြည့် မည်မျှလောက် အရသာရှိလိုက်မလဲဆိုတာ။ နိုင်ငံရပ်ခြားမှာနေသော ကျွန်မတို့မောင်နှမတွေတိုင်း ကြုံဖူးကြပါတယ် အထီးကျန်ဆန်ပြီး မနက်စာ breakfast ကို ဘယ်လို ကျော်ဖြတ်ခဲ့ကြသလဲဆိုတာ ကိုပေါ့။ ခုလိုမျိုး အချိန်တစ်ခုပေးပြီး မိသားစုနဲ့ မနက်စာ တူတူစားရတဲ့ အရသာ ဘယ်လိုမှကို ယှဉ်နိုင်မည် မထင်ပါဘူး။ 

          ကျွန်မ ဒီတစ်ခါရန်ကုန်ပြန်ရခြင်း အကြောင်းအရင်းက ညီမတော်ရဲ့ မင်္ဂလာပွဲကြောင့်ပါ။ မင်္ဂလာပွဲမှာ ၀တ်ဖို့ ၀တ်စုံကို လွန်ခဲ့တဲ့ ၈ လထဲက ချုပ်ထားခဲ့တာပါ။ ဒီတော့ ရန်ကုန်မပြန်ခင် သည်းထိတ်ရင်ဖို အဖြစ်ဆုံးကိစ္စက တော့ဖြင့် အတက်သာရှိပြီး အကျမရှိတဲ့ (ကုန်ဈေးနှုန်းမဟုတ်ပါ) အ၀လွန်နေတဲ့ ကျွန်မနဲ့ဖြင့် ၀တ်လို့မှ ရပါ့မလား။ မရရင်ပြန်ချုပ်ပေါ့ ဆိုတော့ ရန်ကုန်ကို ပြန်ရောက်တာ ၂၄ ရက်ဒီဇင်ဘာ ၂၅ ရက်နေ့ဆိုရင်ဖြင့် မင်္ဂလာပွဲ ကဲ ..ဒီတော့ ချုပ်ချိန်မရပါလေ ပိတ်စ၀ယ်ပြီး ပတ်ရုံသာရှိတော့တာ။ အဲဒီလိုတစ်ထိတ်ထိတ်နဲ့ ရန်ကုန်ပြန် ၀တ်စုံဝတ်ကြည့်လိုက်တော့  အမယ်မင်း ချောင်လို့နေသေးတော်.။ ဒီတော့မှ ရင်ထဲက အလုံးကြီးကျသွားတာ။  မချောင်ပဲ နေမလား ရန်ကုန်မပြန်မချင်း လုပ်လိုက်ရတဲ့ exercise စားလိုက်ရတဲ့ ဟင်းသီးဟင်းရွက်ဆိုတာ။ 


(ဒီဇင်ဘာ ၂၄)
          ဒီတော့ ၂၄ ရက်နေ့မှာ ဖိနပ်မ၀ယ်ရသေးတာမို့ ဖိနပ်လိုက်ဝယ်ရင်း  ချောင်နေတဲ့ ၀တ်စုံကို  ပြန်ပြီးသီနဲ့ ဒီဇင်ဘာ ၂၅ ရက် အတွက်အလုပ်စရှုပ်ပါတော့တယ်။  ရန်ကုန်ပြန်ရောက်ပြီဆိုရင် ကျွန်မရဲ့ ငယ်သူငယ်ချင်း အချစ်ဆုံးသူငယ်ချင်းလေး အကြောင်းကလဲ မပါမဖြစ်ပါ။  တစ်ခြားနေရာတွေမှာ ဘယ်လောက်ပဲ လွဲချော်ပြီး ကံဆိုးခဲ့ ကံဆိုးခဲ့ သူငယ်ချင်းဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ရင်တော့ ကျွန်မကံကောင်းပါတယ်။ ကျွန်မတို့နှစ်ယောက် ညီအစ်မအရင်း တစ်မျှ ချစ်ကြသလို တစ်ဦးနဲ့တစ်ဦးရဲ့ နားလည်မှုကလည်း အံမခန်းပါပဲ။ ဈေးဝယ်တဲ့နေရာမှာ အလွန်ညံ့လှတဲ့ ကျွန်မအတွက် ကျွန်မရဲ့ သူငယ်ချင်းလေးကတော့  စံပြပါပဲ။ ကျွန်မက ငါဒါလေးဝယ်ချင်တာ ဒါမျိုးလေးလုပ်ချင်တာ ကြိုက်တာသာပြောပါ  သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးနဲ့ မအားမလပ်တဲ့ကြားထဲက ကျွန်မလိုချင်တာ အကုန်ရစေပါတယ်။ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် တစ်ခါမှ ကတောက်ကဆ စကားမများဘူးပါ။ ပြောရရင် ၅ တန်းဆိုထဲက သူငယ်ချင်းဆိုပြီး ခင်မင်လာကြတာ ခုချိန်ထိ။ အဲဒီ သူငယ်ချင်းလေးကတော့ဖြင့်  ကျွန်မဘ၀အတွက် ကံကောင်းခြင်း လက်ဆောင်တစ်ခုပါပဲ။

(ဒီဇင်ဘာ ၂၅ - ၂၆)
          ဒါနဲ့ပဲ  ၂၅  ရက်နေ့ကိုရောက်လာတော့  နေ့လည်ဘက်က မင်္ဂလာဆောင် ညဘက်ကျတော့ dinner နဲ့ အရှုပ်တွေလုပ်လိုက်ကြတာ ၂၆ ရက်နေ့နိုးတာနဲ့ အိမ်ရှင်းသင့်တာရှင်းပြီး မုဒုံဘက်ကို ခရီးထွက်ဖို့ ပြင်ဆင်ရပြန်ပါတယ်။ နယ်ဘက်မှာ မင်္ဂလာဆွမ်းကျွေး စီစဉ်ထားတာရှိသေးတယ်လေ။  ကျွန်မရန်ကုန်ပြန်ရောက်ပြီဆိုရင် သူငယ်ချင်းလေးအပါအ၀င် မိသားစုနဲ့ ခရီးတိုလေးတစ်ခုသွားလေ့ရှိပါတယ်။ ဒီနှစ်မှာ မုဒုံဘက်သွားမယ်ဆိုတော့ ကျန်တဲ့နေရာတွေ မစီစဉ်ထားတော့ဘူးပေါ့။ စိတ်မကောင်းစရာက မုဒုံခရီးမှာ ချစ်သူငယ်ချင်းလေးမပါခဲ့ဘူး။ သူတော်တော်နေမကောင်းဖြစ်နေတာနဲ့ ကျွန်မနဲ့ နောက်ထပ်ရင်းနှီးရတဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ပဲ ခရီးထွက်ခဲ့ရတယ်။ သူငယ်ချင်းလေး မပါလာတော့ စိတ်ထဲတစ်ခုခုလိုနေသလိုပါပဲ။ ၂၆ ရက်နေ့ညမှာ ကားစထွက်ပါတယ်။ 

 
 
သထုံမြို့ က သထုံဘုရား မူရင်း











မနက် ၃ နာရီလောက် သထုံကိုရောက်ပြီ ကားမောင်းတဲ့အစ်ကိုကြီး နားနေတုန်း မှောင်မှောင်မဲမဲ အိပ်ချင်မူးတူး ရိုက်လိုက်တယ်။

ဒါက နည်းနည်းပြင်ထားတဲ့ ပုံ
 
(ဒီဇင်ဘာ ၂၇)
  
 
ဝင်းစိန်တောရ ဘုရားကြီးပေါ်ကနေလှမ်းကြည့်ရင် တွေ့ရတဲ့ ဘုရားကြီးရဲ့ ပုံတော်



 မုဒုံကို ဒီဇင်ဘာ ၂၇ မနက် ၅ နာရီလောက်ရောက်တယ်။ ရောက်ရောက်ချင်းတစ်ရေးအိပ်ကြပြီ။ မနက်ပိုင်း အိမ်နားက ဈေးကိုပတ် ညနေစောင်းတော့ မုဒုံမြို့အနီးအနားတစ်ဝိုက်က ဘုရားတွေ လိုက်ဖူးကြပါတယ်။ ကန်ကြီးဒေါင့်ဘုရားမှာ အဲဒီက အကြော်စုံအတော့် ကို ကောင်းပါတယ်။  ပြီးတော့ ဘာတဲ့ ခရမ်းချဉ်သီးအစာသွပ် ကြာဇံချက် ကောင်းချက်ကတော့ဖြင့် အဲနေ့က  စားပွဲပေါ်မှာ ပန်းကန်တွေထပ်ထားတာနည်းတာမဟုတ်ဘူး။ ဆိုင်ကိုလိုက်ပြပေးပြီး ဒီဆိုင်ကကောင်းတယ်လို့ မိတ်ဆက်ပေးတဲ့ အစ်ကိုတောင် ဆိုင်ရှင်ထံကနေ ကော်မရှင်ပြန်တောင်းရင် ကောင်းမယ်လို့ ညည်းညူးရတဲ့ အထိပါ။ 

ပြီးတော့ ကန်ကြီးတစ်ပတ် ဆိုင်ကယ် ပတ်စီးကြတယ်။ ကန်ဘောင်ပတ်လမ်းက မြေနီလမ်းလေးပါ။ မြေနီလမ်းလေးရဲ့ တစ်ဘက်မှာတော့ တစ်တန်းခြင်းစီကို ညီညီညာညာနဲ့ စိုက်ထားတဲ့ ရာဘာခြံတွေ နေရာယူထားပြီး   ညနေခင်း နေအေးအေးမှာ လေပြေအေးနဲ့ အိပ်တန်းပျံတဲ့ ငှက်တစ်အုပ်နဲ့ အရမ်းကိုလှပပြီး အေးချမ်းတဲ့ နေရာလေးပါပဲ။ ဓာတ်ပုံမရိုက်ခဲ့ဘူးလား ဒီလောက်လှတာလို့ ပြောစရာရှိပါတယ်။ မရိုက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ နဂိုထဲက ဆိုင်ကယ်စီးရင် ကြောက်တတ်တာရယ် ဒီလောက်ထိ ကဗျာဆန်ပြီး လှမယ်လို့ မထင်ခဲ့လို့ပါ။ ဒီတော့ ကင်မရာလဲ မသယ်ခဲ့မိဘူး။ နောက်တစ်ခေါက်လောက်ပြန်ပတ်ပေးပါလို့ မောင်းသူကို ကူညီတောင်းဖို့ကျပြန်တော့လဲ အားနာပြီ။ ကိုယ်တစ်ယောက်တည်းဆိုင်ကယ်ပတ်စီးတာ မဟုတ်လေတော့ သူတို့လဲ ပင်ပန်းရှာပြီလေ ဆိုပြီ လက်လျှော့ခဲ့ရတယ်။

(ဒီဇင်ဘာ ၂၈-၂၉)

ကျိုက္ခမီ ရေလယ်ဘုရား




  
စက်စဲကမ်းခြေမှာစားခဲ့တယ် 
ရေမကူးတတ်တာမို့ ရေဆော့တဲ့ ပုံတွေတော့ မတင်တော့ပါဘူး။ ကိုယ်တိုင်ရေဆော့နေတယ်ဆိုတော့  ပင်လယ်ကြီးကို ဓာတ်ပုံလဲ မရိုက်ဖြစ်ခဲ့ဘူး။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ ကျိုက္ခမီရေလယ်ဘုရားနဲ့ စက်စဲကမ်းခြေ ကို အလည်သွားခဲ့ကြတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ ညီမလေးတို့ရဲ့ မင်္ဂလာဆွမ်းကျွေးနဲ့ တစ်ခါ အလုပ်ရှုပ်ကြပြန်တယ်။

(ဒီဇင်ဘာ ၃၀)

 
အပြန်မှာ ရှုခင်းလေးလှလို့ ဓာတ်ပုံရိုက်ခဲ့တယ်
ဒါလဲ နောက်တစ်ပုံ

ကျိုက်သံလ္လံ ဘုရားပေါ်ကနေ လှမ်းရိုက်ထားတာ



ကျိုက်သံလ္လံဘုရား

သထုံရွှေစာရံဘုရား





ဒီဇင်ဘာ ၃၀ ရက်နေ့ ရန်ကုန်ပြန်ကြပြီပေါ့။ ကားမောင်းရင်း တစ်လမ်းလုံးမှာရှိတဲ့ ဘုရားတွေဝင်ဖူးကြတယ်။ ဒီတစ်ခေါက် တစ်ကယ်က ကျိုက်ထီးရိုးဘုရားကို ဖူးချင်တာပါ ။ ဒါပေမယ့် ဘုရားဖူးရာသီမို့ လူတွေအရမ်းကြပ်နေတာရယ် ချစ်သူငယ်ချင်းလေး မပါဘူးဆိုတော့ အဲဒီအစီအစဉ်ကို လက်လျှော့လိုက်တယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၉ နာရီလောက် ရန်ကုန်အိမ်ပြန်ရောက်ကြတယ်။

(ဒီဇင်ဘာ ၃၁)
ဒီဇင်ဘာ ၃၁ ရက်နေ့ကျပြန်တော့ မိသားစု စုံစုံညီညီ ရှိတာမို့ HAPPY NEW YEAR လေးလုပ်ကြရအောင် ဆိုပြန်တော့ ဈေးဝယ် ချက်ကြပြုတ်ကြနဲ့ အလုပ်ကရှုပ်ပြန်ရော။ ဒီကြားထဲ ရန်ကုန်ပြန်ရောက်ရင် ဆံပင်ဖြောင့်မယ်လို့ စိတ်ကူးထားသမျှ အိမ်က ညီမတော်နဲ့ အချစ်တော်သူငယ်ချင်းလေးက ဖြောင့်ရင် လူကြီးနဲ့တူတယ်တဲ့ ကောက်တဲ့ မကောက်ရင် လောလောဆယ် ရှိသမျှဆံပင်ကို တိုအောင် ညှပ်ရမယ် ဆိုတော့  ဆံပင်တော့ အတိုမခံနိုင်ဘူးဆိုပြီး ဆံပင်အဖျားလေးတွေ ကောက်လိုက်တာ တစ်နေကုန်ပဲ။ ညဘက်ကျတော့ HAPPY NEW YEAR ပွဲလေး ဆင်နွှဲကြတာပေါ့။

(ဇန်န၀ါရီလ ၁)






မအူပင်သွားတဲ့ တစ်လျှောက် ရိုက်ခဲ့သမျှ
          ဒါနဲ့စကားမစပ်.. ကျွန်မ ငယ်ငယ်ကဆို နွေရာသီကျောင်းပိတ်တာနဲ့ မအူပင်က အစ်မတစ်ဝမ်းကွဲတွေ အိမ် သွားပြီးနေတာ။ ကျောင်းတွေပြန်ဖွင့်မှ ရန်ကုန်ပြန်လာတတ်တယ်။ မအူပင်က မိသားစုကလည်း နွေရာသီကျောင်းပိတ်ပြီဆိုတာနဲ့ မလာသေးဘူး ဆိုပြီးမျှော်နေတတ်ကြတာ။ အဲ ကျောင်းပိတ်ပြီး တစ်ပတ်ကျော်ပြီး မအူပင်မရောက်သေးဘူးဆိုရင် ရန်ကုန်တက်ပြီး လာခေါ်ကြတာပဲ။ ကျွန်မကလဲ သွားချင်လား မသွားချင်လား အထုပ်က ready ပြင်ပြီးနေပြီ။ နောက် အစ်မက ရုတ်တရက် အိမ်ထောင်ကျသွားတော့  ကျွန်မလဲ စိတ်တွေဆိုးပြီး မအူပင်ကို မရောက်ဖြစ်တော့ဘူး။ တော်တော်ကြာပြီ။ အဒေါ်တွေ အစ်မတွေကလည်း မျှော်လှပြီလေ။ ငါ့တူမလေးအရင်က ဆို လာတယ် ခုကျတော့ မလာတော့ဘူး ဆိုပြီး။ ခဏခဏ အလည်လာဖို့ခေါ်ပါတယ်။ ကိုယ်ကလည်း ပြန်တဲ့ရက်နဲ့ သွားဟဲ့လာဟဲ့ဆိုတော့ မရောက်ဘူး။ ကဲ ဒီတစ်ခေါက်တော့ ဘယ်ခရီးမှ မသွားဖြစ်တဲ့တူတူဆိုပြီ ဇန်န၀ါရီလ ၁ ရက်နေ့မှာ မအူပင်က အဒေါ်တွေ အစ်မတွေဆီကို နေ့ချင်းပြန် ခရီးလေးနဲ့ သွားလည်ခဲ့ပြန်တယ်။ အိမ်ကိုည ၈ နာရီလောက်မှ ပြန်ရောက်တယ်။

(ဇန်န၀ါရီလ ၂)
          ဇန်န၀ါရီလ ၂ ရက်နေ့ မနက်စောစော မိသားစု စုံစုံညီညီနဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်ခဲ့ကြတယ်။ Oriental House မှာ dim sum ၀င်စားကြတယ်။  ပြီးတော့ ကန်းလွန်းတဲ့ ကျွန်မအတွက် မျက်မှန်ပါဝါ ထပ်တိုးရပါတယ်။ အမေနဲ့ ကျွန်မ နှစ်ယောက်ပဲ မြို့ထဲ ပတ်ကြတယ်။ ကျန်တဲ့ မိသားစုတွေကတော့ အိမ်ပြန်ကြပြီ။ နောက် capital ကို ချီတက်ကြပြီ ဟောင်ကောင်ပြန်ရင် ယူမယ့်ပစ္စည်းတွေကို ၀ယ်ရခြမ်းရ ပြန်ပါတယ်။ အိမ်ပြန်ရောက်တော့ ညနေစောင်း ၃ နာရီနီးနီး ။ ဒါပေမယ့် ညဘက်သူငယ်ချင်းတို့ မိသားစုနဲ့အတူတူ တရားပွဲ အလှူရှင်အနေနဲ့ လှူထားသေးတာမို့ ရေမိုးချိုး အ၀တ်အစားလဲပြီး ရပ်ကွက်ဓမ္မာရုံကို ချီတက်ခဲ့ရပြန်တယ်။ အဖေနဲ့ အမေက တရားသွားနာပါလို့ဆိုရင် ကြာကြာမထိုင်နိုင်လို့ နေမကောင်းလို့နဲ့ အကြောင်းပြလာခဲ့သမျှ တရားပွဲလှူ ထားတယ် အဖေနဲ့အမေ တရားသွားနာ ပြီးရင် ရေစက်ချပြီး သွားလှူပါဆိုတော့မှ တရားပွဲရောက်ကြတယ်လေ။ နှစ်စဉ်နှစ်တိုင်း တက်အားသမျှ လှူခဲ့တာ ဒီနှစ်တော့ မိသားစု စုံစုံညီညီ ချစ်တဲ့ သူငယ်ချင်းကလဲ ဘေးမှာ တရားနာပြီး ကိုယ်တိုင်ရေစက်ခွက်ကိုကိုင် ရေစက်ချပြီး လှူခွင့်ရခဲ့တာက ဒီနှစ်ရန်ကုန်ပြန်ရချင်းရဲ့ အမြတ်ပါပဲ။ 
 

(ဇန်န၀ါရီလ ၃)
ဇန်န၀ါရီလ ၃ ရက်နေ့ အလောတကြီးနဲ့ ဖုန်းကိုဖွင့် ပါလာတဲ့ laptop နဲ့ချိတ် နာရီဝက်သာ ကြာသွားပါတယ်  fb က တက်မလာသေးပါဘူး။ ဒါနဲ့ laptop ကြီး ပြန်ပိတ်။ ဖုန်းနဲ့ တိုက်ရိုက် fb ကိုတက်။ ကြာနေတုန်းပါပဲ။ fb က messages box လေးပေါ်လာတာမို့ ၀မ်းသာအားရနဲ့ ကိုယ်တွေ့ချင် ဆက်သွယ်ချင်တဲ့ ရန်ကုန်က ဘလော့ဂါ ညီမ တစ်ယောက်ကို ဟိုင်း လုပ်လိုက်ပါတယ်။ error ပြန်တက်လာတယ်။ Invalid receipt address. အဲတော့ မှ နောင်တ ရချင်တယ်။ ဟောင်ကောင်က မလာခင်ထဲက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တောင်းလာရင် ကောင်းသားလို့။ ခုတော့ ဘယ်လိုမှ ဆက်သွယ်လို့မရ။  ဒီလိုနဲ့ နေ့တစ်ဝက်လောက် လည်နေတဲ့ အ၀ိုင်းလေးနဲ့ နပန်းလုံးပြီး နောက်မှာတော့ ဖုန်းဝင်လာတယ်။ ချစ်သူငယ်ချင်းလေးက ခေါ်တာပါ။ တရုတ်တန်းသွားပြီး ဆံပြုတ်နဲ့ ဘဲခြေထောက်သုပ် လိုက်ကျွေးမယ်တဲ့။ နှစ်ခါ မခေါ်ရပါဘူး။ မြန်လိုက်တာ အိမ်နေရင်း အင်ကျီနဲ့ မြို့ထဲရောက်သွားပါပြီ။ ဟိုရောက်တော့ သူငယ်ချင်းညွှန်းတဲ့ ဆိုင်က ပိတ်ထားတယ်တဲ့။ ဒါနဲ့ ဖွင့်တဲ့ဆိုင်မှာ ရသလိုဆွဲလိုက်ရင်း နောက်က ၀က်သားဒုတ်ထိုးဆိုင်ကို ခဏခဏ ခိုးကြည့်မိတဲ့ ခဏမှာပဲ စားချင်သွားစားလေဆိုတော့ ဆိုင်ကူးပြီး ထပ်စားပါတယ်။ အဲ မျက်စောင်းထိုးက ၀က်ကောက်ညှင်းထုတ်ကို စွေပြီးကြည့်မိတဲ့ အခါမှာတော့ တော်ပြီ စားချင်ရင် ပါဆယ်ဆွဲသွား ဆိုလို့ ပြောစကားနားထောင်ပြီး ပါဆယ် ၀ယ်လာခဲ့တယ်။ ကဲ ကျွန်မနဲ့ သူငယ်ချင်းဖြစ်ချင်သူများရှင် ဒါနမူနာပဲ ရှိပါသေးတယ်ရှင့်။ သူငယ်ချင်းကလဲ စားသမျှရှင်းရင် အိတ်တော်ပါးလာပြီမို့ ကဲပြန်ကြစို့ လို့စကားခေါ်လာပြီလေ။ ဟဲဟဲ

(ဇန်န၀ါရလ ၄)
ဇန်န၀ါရီ ၄ ရက်နေ့ ဟောင်ကောင်မှာ ခင်သွားတဲ့ ညီမလေးနဲ့ မောင်လေးကို ဖုန်းဆက်ပြီးချိန်း ထမင်းကျွေးမယ်ပေါ့ ရွှေဘဲမှာ။ အဖေကဆိုလာတယ် ရွှေဘဲမှာ ထမင်းမစားရတာ ကြာပြီတဲ့။ ကဲ ဒါဆိုလဲ ညီမလေးတို့ လင်မယားကိုလဲခေါ် မအူပင်ကနေ အလည်ပါလာတဲ့ အစ်မတို့မိသားစုလဲခေါ် ဆိုပြီး နေ့လည်စာ ရွှေဘဲကို ချီတက်ကြပြန်ပါတယ်။ ဟောင်ကောင်က ညီမလေးက လာတော့လဲ တစ်ယောက်တည်း ကိုယ့်မိသားစုက ပိုများနေပြန်တော့ အားနာလိုက်တာ မပြောပါနဲ့တော့။  အဲဒီကနေ ပြန်လာတော့ capital ကိုနောက်တစ်ခေါက် ရောက်ပြီး YKKO က ကြေးအိုးနဲ့ ရွှေပုစွန်နဲ့ကို အလွမ်းပြေ လွေးလိုက်ပါသေးတယ်။  ရန်ကုန်ပြန်ရောက်တဲ့ ၂ ရက် ၃ ရက်မှာ ကိုယ်စားချင်တာတွေကို မှီအောင် လိုက်စားရတာ တော်တော် ခက်တယ် အဟဲ..

(ဇန်န၀ါရလ ၅)
ဇန်န၀ါရီ ၅ ရက်နေ့ ညသန်းခေါင်ဆို လေယဉ်ပေါ်ပြန်တက်ရတော့မယ်။ အမေက အမိန့်ပေးထားတယ်။ ဘယ်အပြင်ကိုမှ မသွားရ။ အိမ်မှာနေရမယ်။ သူငယ်ချင်းလေးက ဖုန်းဆက်တယ် ဟောင်ကောင်မှာ ကျပျောက်လာတဲ့ ဆွဲကြိုးပြန်လုပ်မယ်ဆိုတဲ့။ ကိုယ်လဲ စိတ်ပဲရှိတော့တယ် ပိုက်ပိုက်မရှိတော့ဘူးလို့။ ညည်းပြလိုက်တော့ လာမှသာ လာခဲ့ တဲ့ ဒါနဲ့ အမေ့ကိုပြောပြီ မြို့ထဲ တစ်ခေါက်ပြေးရပြန်တယ်။ ကိစ္စတွေပြီးတော့ ညနေ ၃နာရီ ထိုးပြီး။ ဒံပေါက်စားချင်တယ်လို့ ပူဆာတာ။ ဒီညပြန်မှာမို့ မစားရအမိန့်နဲ့ အိမ်ပြန်ရောက်လာတယ်။ ရောက်ရောက်ချင်းပဲ ဟောင်ကောင်မှာတူတူနေတဲ့ အစ်မတွေဆီက viber call နဲ့ ဖုန်းဝင်လာတယ်။ 

          “ညီမလေး နင်ဒီနေ့ပြန်မှာဆို။ ဒီနေ့ ဟောင်ကောင် flight မှ မရှိတာတဲ့”

ကိုယ်လဲ အဲဒီတော့မှ ဟုတ်လား အစ်မဆိုပြီး air ticket ထုတ်ပြီးကြည့်ဖြစ်တယ်။ ဟုတ်ပတော် လွဲချက်က ဇန်န၀ါရီလ ၆ ရက် ညသန်းခေါင်မှ ပြန်ရမှာ။ လက်မှတ်မှာရေးထားတာကတော့ ဇန်န၀ါရီ ၇ ပေါ့။ ဒါနဲ့ ဇန်န၀ါရီ ၅ ရက်မပြန်ရတော့ဘူးဟေ့လို့ အိမ်ကလူတွေကို ပြောလိုက်တာ။ အမယ်လေး နှစ်ရက် သုံးရက် မီးပျက်နေပြီး မီးပြန်လာရင် ပျော်တဲ့ အပျော်မျိုးနဲ့ ဟေးကနဲ့ အိမ်ရှိလူကုန် အကုန်ထပြီး အော်ကြတာ။ အမေဆို အတက်ကြွဆုံး။

“ခုညနေ ၃နာရီ ငါ့သမီး ကြိုက်တဲ့ မုန့်ဟင်းခါး ချက်ကျွေးမယ် “ ဆိုပြီး ဈေးခြင်းဆွဲပြီ ထွက်သွားလိုက်တာ မြန်ပ

အမေသွားပြီး မကြာဘူး ချစ်သူငယ်ချင်းလေး ဖုန်းဆက်လာတယ်။

          “နင်ဟာလေ တော်တော် နမော်နမဲ့နိုင်တယ်သိလားတဲ့။ ပြီးတော့ ဟီးဟီး ငါတော်တော်ပျော်နေတယ် နင်ဒီညမပြန်ရဘူး ဆိုလို့တဲ့”

အဲဒီနေ့ညစာကတော့ အမေကိုယ်တိုင်ချက်တဲ့ အိမ်ချက်မုန့်ဟင်းခါးကို အပြီဆွဲလိုက်တယ်။ ပြီးတော့ အမေရော အဖေရော အဲဒီနေ့က မအိပ်ပဲ မိသားစု သုံးယောက်ထိုင်ပြီး ညဘက်စကားပြောဖြစ်ကြတယ်။ ည ၁ နာရီကျော်လောက်မှ အိပ်ယာဝင်ဖြစ်တယ်။

(ဇန်န၀ါရလ ၆)
          တူမချောက စောစောစီးစီး အိမ်ရောက်လာပြီ နိုးပါတယ်။ စကားမပီ တစ်ပီနဲ့
 မွင်းဂါး စားမယ် မွင်းဂါစားမယ်ဆို ပြီး အိမ်ပေါက်ဝလာအော်လေတော့ နိုးရပြန်ပါတယ်။ ညက အမေချက်ထားတဲ့ မုန့်ဟင်းခါး လွေးရင်း ဒီတော့ မှ ပြန်မယ့် အိတ်ကို စီစဉ်တဲ့ စခန်းကိုေ ရာက်ပါတယ်။ အိတ်ထဲကို ဟိုဟာကယူမယ် ဒီဟာက မယူဘူးနဲ့ နောက်ဆုံး အိတ်အကြီးကြီးထဲမှာ စားသောက်စရာတွေနဲ့ ပြည့်သွားပါတယ်။ အ၀တ်အစားက လက်နဲ့ကိုင်မယ့် hand carry လောက်ပဲရှိတာပါ၊ ဒါတောင် ကီလိုပိုတဲ့ကြေး US 100 ဆောင်ခဲ့ရပါသေးတယ်။ ကျန်တာဆိုရင် ခြမ်ထားခဲ့ချင်ပေမယ့် အစားအသောက်တစ်ခုမှ ပြန်ထုတ်ဖို့ စိတ်ကူးမရှိတာကြောင့် ကီလိုပိုကြေးပေး ခဲ့တာပါ။

 သြော် မပြန်ခင်ကြပြန်တော့လဲ ပြင်ရဆင်ရ ။ ရောက်ပြန်တော့လဲ သွားရလာရ။ ပြန်ခါနီးတော့လဲ စိတ်မကောင်းကြပြန်ဘူး။ ဒါပေမယ့်လဲ မတတ်နိုင်ဘူး  ပိုက်ဆံဆိုတာ တတ်အားသရွှေ့တော့ လိုအပ်နေသေးတာပ။ ရှာရဖွေရပေအုန်းမည်လေ။ ကိုယ်လဲ မပြန်ချင်ပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ အံကြိတ်ပြီး ဇန်န၀ါရီ ၆ ရက်နေ့ည လေယဉ်ပေါ်တက်ခဲ့ရတာပဲ။ နှုတ်ဆက်တယ် အမိမြန်မာပြည်ရေ။ နောက်နှစ်ဒီလို အချိန်မှာ ပြန်ဆုံကြတာပေါ့ လို့ စိတ်ထဲက နှုတ်ဆက်ရင်း အမိအရ လေယဉ်ပေါ်မှာ အိပ်ရပါတယ်။

(ဇန်န၀ါရီလ ၇)
  ဘာလို့လဲ ဆိုတော့ မနက် ၆ နာရီမှာ ဟောင်ကောင်ကို ရောက်ပြီး ၉ နာရီခွဲမှာ အလုပ်ပြန်ဆင်းရမယ့် အတွက်ပါ။ ဘ၀ဆိုတာ ရုန်းကန်နေမှပဲ နေသာထိုင်သာ ရှိတဲ့ဟာမျိုးလေ။ အကောင်းဘက်က လှည့်တွေးတော့လဲ ကောင်းတာပါပဲ။ တစ်ကယ်လို့ အိမ်မှာသာဆို ငိုရင်  ငိုမိမယ်။ အလုပ်ရောက်တော့ စိတ်က အလုပ်ထဲရောက်သွားပြန် တော့ အားလုံးမေ့။  ပြည်ပမှာ ကိုယ်တစ်ယောက်တည်း နေတယ်ဆိုတဲ့ ဘ၀ထဲကို မြန်မြန်ဆန်ဆန် ခြေစုံပစ်ဝင်လိုက် ရတော့တာပဲ။ ဒီလိုမှ မဟုတ်ရင် တစ်လ နှစ်လ လောက်က ပုံမှန် ပြန်မဖြစ်တတ်တာကို ကျွန်မသိနေခဲ့တယ်လေ။ 

ပြည်ပမှာ အလုပ်လုပ်နေတဲ့ မောင်နှမတွေ အားလုံး ကိုယ့်အမိမြေ ကိုယ့်မွေးရပ်ကိုပြန်သွားပြီလို့ လုပ်ငန်းခွင်ထဲပြန်ဝင်ရမယ်ဆိုပြီး ပြည်ပကို ပြန်ထွက်ရမယ့်အချိန် အဲဒီအချိန်ဆို အားလုံးရဲ့ ခံစားချက်တွေက အတူတူပဲ ခံစားရလိမ့်မည် လို့ ကျွန်မထင်တာပဲ။ တစ်ကယ်တော့ ကျွန်မတို့အားလုံး မျှော်လင့်ချက်က တူတူပါပဲ ဘယ်သော်အခါများမှ ချစ်လှတဲ့ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့် အိုး ကိုယ့်အိမ် နဲ့ မခွဲခွာပဲ ကိုယ့်ဝမ်းစာကို ရှာဖွေနိုင်ပါ့မလဲနော်.။   ။

တစ်ခါတည်း ဒီနေရာကနေ တောင်းပန်ပါရစေ။ ရန်ကုန်ပြန်ရင် တီတင့် တို့ ညီမလေး ရွှေအိမ်စည် ရယ် အစ်မမြသွေးနဲ့ တွေ့မယ် လို့ ပြောထားပြီး မတွေ့ခဲ့ရလို့ပါ။  ပြီးရင်  စာဖတ်ပွဲလေးကိုလဲ သွားမယ် လို့ ခဲထားလေသမျှ အရာမထင်နိုင်ခဲ့ပါ။ ဒါကြောင့် အပြောသာရှိခဲ့တာ မဟုတ်ပါလို့ ခဲလေသမျှ သဲရေကျပြီး ဟောင်ကောင်ကို ပြန်ပြေးလာခဲ့ရတယ် ဆွေလေးမွန် ပါလို့ ၀န်ခံပါရစေ။


ဘလော့လေးကို လာရောက်လည်ပတ်ပြီး အားပေးကြသော ချစ်သောမောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 

Wednesday 22 January 2014

ကျွန်မသည် မိန်းမတစ်ယောက်ဖြစ်သည်






တစ်ခါတစ်ရံတွင် ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် အလွန်သနားစရာကောင်းသော မိန်းမတစ်ယောက်ဟု ခံစားမိ သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်မကိုယ်တိုင်မှ မသနားလျှင် ကျွန်မတွင် သနားမည့်သူ မရှိသောကြောင့်ဖြစ် သည်။ တွေ့သမျှ ပတ်သတ်မိသမျှ သူအားလုံးသည် ကျွန်မထူမှ ထနိုင်သော လူသားများဖြစ်ကြသည်။ တစ်ခါတစ်ရံ သူတို့က ရင်ဘတ်စည်တီးပြီး ငို၍ပြေးလာလျှင် ကျွန်မသည်လည်း အုတ်တံတိုင်းကြီးပမာ ဆီးပြီးကာပေးတတ်သည်။ 

ထို့ကဲ့သို့ ကာပေးလိုက်သမျှ ကျွန်မမည်မျှလောက် နာကြင်သွားသည် ကျွန်မမည်မျှလောက် ထိခိုက်သွား သည် စိုးစဉ်းမျှ မတွေးမိခဲ့။ အချုပ်အားဖြင့်ဆိုရသော် ကျွန်မသည် သူတို့၏ အုတ်တံတိုင်းကြီး ဖြစ်သလို သူတို့ရဲ့ မှီခိုအားထားရာကြီး တစ်ခုလဲ ဖြစ်ပြန်သည်။ ထို့ကြောင့် ပတ်သတ်သမျှ လူအားလုံးတွင် ကျွန်မသည် မိန်းမ တစ်ယောက်ဖြစ်သည် အားငယ်တတ်သည် နာကြင်ခံစားတတ်သည် ၀မ်းနည်းတတ်သည် ကို မေ့လျော့ နေကြပုံရသည်။ ကျွန်မကိုမြင်သည်နှင့် သူတို့၏ အခက်အခဲကြီးအား ဖြေရှင်းပေးနိုင်မည့် ကယ်တင်ရှင် တစ်ဦး ဖန်ဆင်းရှင် တစ်ဦးဖြစ်သည်ဟုသာ မြင်ထားကြသည်။

သူတို့ဆိုသမျှထဲတွင် ကျွန်မမကြားချင်ဆုံး စကားတစ်ခွန်းရှိသည်။ ထိုသည်မှာ လိမ္မာထက်မြက်သော မိန်းမ တစ်ယောက်ဖြစ်သည်ဟူသော စကားဖြစ်သည်။ လိမ္မာသည်ဟူသည့် စကား၏နောက်ကွယ်တွင် ဖြစ်ချင်တာများကို စွန့်လွှတ်ခဲ့ရသည်။ ဖြစ်သင့်သော လမ်းကို ရွေးချယ်ခဲ့ရသည်။  ထက်မြက်သည်ဟူသော စကား၏ နောက်ကွယ်တွင် ခက်ခဲကြမ်းတမ်းသော လှေကားတို့ကို ကျော်ဖြတ်ခဲ့ရသည်။ ရင်ဆိုင်ခဲ့ရသည်။ စိတ်ဒဏ်ရာတွေ တစ်နင့်တစ်ပိုးနှင့် ကျွန်မ ဖြစ်ခဲ့ရသည်။

ဘာလဲ ခုကြတော့မှ နောင်တရနေသလားဟု မေးလာလျှင် မဟုတ်ပါဟုသာ ကျွန်မဖြေမည်ဖြစ်သည်။ ဒါဆိုလျှင် ဘာကြောင့်ဒါတွေ ရေးပြနေသလဲ တွေးနေသလဲဟု မေးလာလျှင် အဖြေတစ်ခုသာ ရှိသည်။ ကျွန်မကိုယ်တိုင်က ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းပေးလေလေ တစ်ဖက်မှလဲ ပိုပိုပြီး လိုလာလေလေ ဖြစ်သည်။ ဒီတော့ ကျွန်မတွေးမိသည် ဖြစ်လာသမျှကို ခေါင်းခါခြင်းမပြုပဲ ရင်ဆိုင်ပြီး ပြေးပြေးတွေ့ပေးနေတာ ကျွန်မ ကိုယ်တိုင် မှားနေသလားပေါ့။ 

အကြောင်းက သူတို့သည် ကျွန်မကို ငဲ့ညှာရမည်ကို မေ့လျော့နေကြသည်။  မိန်းမတစ်ယောက် ဖြစ်သည် ဆိုသည်ကို သူတို့ မေ့လျော့နေကြပုံ ပေါ်သည်။ သူတို့၏ အခက်အခဲကို ပြေလည်သွားရေး အတွက်သာ စိတ်ဝင်စား ကြသည်။ သူတို့ထင်သည်မှာ ကျွန်မ၏လက်နှင့် ထိလိုက် ကိုင်လိုက်သည်နှင့် ပြသနာတစ်ခုသည် ပျော်ရွှင်ခြင်း ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားကြသည် ဟူလောက်သာ ထင်ထားကြသည်။

တွေးရင်း တွေးရင်း ကျွန်မ နားလည်လာသည်မှာ ဤအဖြစ်တို့သည် အမှန်စင်စစ်အားဖြင့် သူတို့၏ အပြစ်မဟုတ် ကိုယ့်ကြောင့် သူတစ်ပါး ၀န်လေးမှာကို မလိုလားတတ်သော ကျွန်မ၏ ကိုယ်ပိုင်အားနည်းချက်သာ ဖြစ်သည်။ သူတစ်ပါးထံမှ မယူတတ်သောသူသည် အမြဲတမ်း ပေးဝေမျှသူသာ ဖြစ်တတ်သည်ကို ကျွန်မ မေ့လျော့ နေခဲ့သည်။ လောကကြီးတွင် မပေးလဲ မပေး ယူလဲမယူသော လူသားပုထုစဉ်ဟူ၍ ရှိမည်မထင်ပေ။ ပေးသောသူများ ရှိ၍ ယူတတ်သော သူများ ရှိလာခြင်းဖြစ်သည်။ 

ကျွန်မသည် အမြဲတမ်း ပေးဆပ်နေသော သူဖြစ်သောကြောင့် ကျွန်မနှင့်ပတ်သတ်နေသမျှ သူတို့သည် ရယူဖို့အတွက်သာ အားသာနေကြသည်။ ကျွန်မသည် သူတို့အားချစ်သော ဂရုဏာသက်သော စိုးရိမ်သော မျက်လုံးဖြစ်သာ ကြည့်တတ်သဖြင့် သူတို့၏ လိုအပ်ချက်များကို အချိန်ပြည့်နားလည်နေတတ်သည်။ သူတို့သည်လည်း ကျွန်မအား ချစ်သော အားကိုးတစ်ကြီး ရှိသော မျက်လုံးတို့ဖြင့်သာ ကြည့်တတ်သဖြင့် ကျွန်မကို တံတိုင်းကြီးတစ်ဖွယ်သာ မြင်တတ်ကြသည်။ 

          တစ်ကယ်တော့ ကျွန်မ၏ ဂရုစိုက် အနစ်နာခံမှုကြောင့် သူတို့အကျင့်ပါသွားခြင်းဖြစ်သည်။ကျွန်မကို မြင်သည်နှင့် သူတို့၏ အခက်အခဲကို တင်ပြရန်သာ စိတ်ကူးရှိကြပြီး  ကျွန်မ၏ ငိုထားသော မျက်ဝန်းများအား သူတို့မမြင်ခဲ့ကြပေ။ 

 တစ်ကယ်တော့ မည်သူ့ မည်သူ့ ထံတွင်မှ အပြစ်တစ်စုံတစ်ရာမရှိပေ။ လောကကြီးသည် မျှတစွာ နေရာချပေးထားတတ်သည်။ ယူလိုသောသူများ၏ ဘေးတွင် ပေးဆပ်တတ်သူများ ရှိတတ်သလို။ ပေးဆပ်နေသူတို့၏ ဘေးတွင် ယူလိုသော သူများသာ ရှိတတ်ကြသည်။ ဒါသည်ပင် လောကကြီး၏ နိယာမ တရားတစ်ခု။ 

ဒါပေမယ့် တစ်ခါတစ်ရံတွင်တော့ ကျွန်မတွင်လည်း အားငယ်သည့်အချိန် ရှိတတ်သည်။ ၀မ်းနည်းသည့်အချိန်ရှိတတ်သည်။ သူတို့ထံတွင် ဆီးကာပေမယ့် တံတိုင်းကြီးတစ်ခုရှိသည်။မေးတင်လို့ ရသည့် ပုခုံးတစ်ဖက်ရှိသည်။ ကျွန်မထံတွင်တော့ မရှိပါ။ သေချာလွန်းလှသည်။ 


ထို့ကြောင့် ကျွန်မသူတို့သိအောင် ပြောပြချင်ပါသည်။ ကျွန်မသည် မိန်းမသားတစ်ယောက် ဖြစ်သည်။ နူးညံ့သော အထိအခိုက်လွယ်သော မိန်းမတစ်ယောက်ဖြစ်သည်။ ထစ်ကနဲဆို မျက်ရည်ကျလွယ်ပြီး ၀မ်းနည်းလွယ်သော မိန်းမတစ်ယောက်ဖြစ်သည်။ ထို့အပြင် အလွန်ညံ့ဖျင်းသော မိန်းမတစ်ယောက်လည်းဖြစ်သည်။  ကိုယ့်အတွက်ဆိုလျှင် ဘာမှ အသုံးမကျ အသုံးမချတတ်သော မိန်းမ တစ်ယောက်ဖြစ်သည် ဆိုတာကိုပေါ့။



*****************
ချစ်သောမောင်နှမများရှင် ကျွန်မခရီးကနေ ပြန်ရောက်ပါပြီ။ ခရီးသွားပို့(စ်)လေးကိုတော့ နောက် ထပ် ပို့(စ်) အသစ်လေးတစ်ပုဒ်အဖြစ် တင်ပေးပါ့မယ်။
နှစ်သစ်မှာ ချစ်သောမောင်နှမများ ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။

နှင်းဆီပုံလေးကိုတော့ google ကနေ ရှာပြီး သုံးထားပါတယ်ရှင်။