Sunday 9 January 2011

ကျွန်မချစ်မိ အပြစ်ရှိ၏ (အပိုင်း-၂)



ဟာ .. သက်ပိုင် သတိလစ်သွားပြီး။ ဒေါ်ကြီးဝင်းရေ လုပ်ပါအုန်း ဒီမှာ သက်ပိုင် ကိုခေါ်လို့မရတော့ဘူး။

အိမ်ပေါ်မှ လူငယ်တွေရဲ့ အော်သံကြောင့် အိမ်အောက်မှ ဒေါ်ဝင်းနှင့် လူကြီးများ အိမ်ပေါ်တက်လာကြသည်။ ထို့နောက် သတိလစ်နေသော သက်ပိုင်အား အိမ်ရှေ့ ဘုရားစင်အောက်တွင် ဖျာခင်းပြီး ဘုရားစင်မှ ပရိတ်ရေ မန်းများ နှင့် ပက်သူကပက် ဖြန်းသူကဖြန်း သတိပြန်လည်လာအောင် ပြုစုသူက ပြုစုနှင့် လူကြီးများ အလုပ် များနေကြသည်။ခဏမျှကြာသော် သက်ပိုင် သတိပြန်လည်လာသည်။

(သက်ပိုင်) နွယ် ….နွယ် မသွားနဲ့လေ မောင့်ကိုပါခေါ်သွားပါ။ မောင်လဲ လိုက်မယ်။ မောင်လဲ လိုက်မယ်။

ပါးစပ်ကအော်လဲ အော် ငေါက်ကနဲထထိုင်ကာ ပြန်ထွက်ပြေးပြန်၏။ ထို့ကြောင့် သက်ပိုင်အား ခဏမျှငြိမ် အောင်ရည်ရွယ်လျှက် ပြန်လည်ဖမ်းချုပ်ကာ ကြိုးဖြစ်သာ တုတ်နှောင်ထားရလေတော့သည်။ သို့တည်းမ ဟုတ် သက်ပိုင်သည်ပြန်လည်ထွက်ပြေးအုန်းမည်။ လူငယ်များသည်လဲ တစ်ဖန်ပြန်ဖမ်းရလေ အုန်းမည်။

(ဒေါ်ဝင်း) ဒီညတော့ ကျုပ်အိမ်မှာ လာစောင့်အိပ်ပေးကြပါတော်။ သားတစ်ခုခုဖြစ်မှာ စိုးလို့ပါ။ ခုလဲ သားကို ကြိုးချည်ရက်ကြီး မြင်ရတာ စိတ်ထဲမကောင်းဘူး။

ဟူ၍ ငိုသံအက်အက်နှင့် ပြော၏။ထို့ကြောင့် အသုဘလာစောင့်ကြသော လူငယ်တွေလဲ အသု ဘ အိမ်တစ်ဝက် သက်ပိုင်တို့ အိမ် တစ်ဝက်နှင့် လူခွဲစောင့်ပြီ အိပ်ကြရလေသည်။ သက်ပိုင် အပါအ၀င် လူငယ်များ အိမ်ရှေ့ ဘုရားစင်ရှေ့ အိပ်ကြ၏။လူကြီးများကတော့ အိပ်ခန်းထဲ ၀င်အိပ်ကြလေတော့သည်။ အချိန်ကား မနက် ၂ နာရီလောက်ရှိပြီ ထို့အပြင် သက်ပိုင်ကိုလည်း ကြိုးများဖြင့် ချည်နှောင်ထားသည်မို့ လူငယ်များလဲ ခုနက ဆွဲထားလွဲထားသည့် ပင်ပန်းမှုဒဏ်ဖြင့် ခဏမျှ အိပ်ပျော်သွားကြလေ တော့သည်။
မနက် ဝေလင်းဝေလင်း ၅ နာရီလောက် ဒေါ်ဝင်း နိုးလာသဖြင့် သားအခြေအနေကို အိမ်ရှေ့ခန်းထွက်၍ ကြည့်မိသော အခါ။

(ဒေါ်ဝင်း) ဟင်.. သားတို့ ထကြပါအုန်း။ သက်ပိုင်ရော သက်ပိုင်မရှိတော့ဘူး။ ဒုက္ခပါပဲ …

ဒီလို ငိုသံပါနှင့် ဒေါ်ဝင်းနိုးလိုက်တော့မှ လူငယ်များနိုးလာကြကုန်၏။သက်ပိုင်အား ပြန်လိုက်ရှာလိုက်သောအ ခါ သူတို့ အိမ်နောက်ဖေးရှိ သစ်ပင်ကြီးအောက်တွင် သတိလစ်နေသော သက်ပိုင်အား ပြန်လည်တွေ့ရှိရလေ တော့သည်။ထိုနေ့တစ်နေ့လုံး သက်ပိုင်သည် သတိပြန်မလည်လာခဲ့။
ဒီလိုနှင့် နှင်းနွယ်ကို အသုဘချမည့် ရက်သို့ရောက်လာခဲ့လေပြီ။ ဒီတော့ နှင်းနွယ်တို့အိမ်မှ အပူလုံးကြွ၍ ငိုနေကြသလို ဒေါ်ဝင်းသည်လဲ သူမ၏သား သက်ပိုင်အတွက် တစ်ငိုငိုတစ်ရီရီဖြစ်လေပြီ။ လမ်းထဲမှ လူများလဲ သူတို့နှစ်အိမ်ကိုကြည့်ပြီး တစ်ချို့ကလဲ နှင်းနွယ်သည် မိုက်လွန်းသည်။ တစ်ချို့ကလဲ ဒေါ်ဝင်းသည် အတ္တကြီး လွန်းသည်နှင့် တီးတိုးတီးတိုး သဖန်းပိုးကြလေသည်။ မည်သို့ပင်ဆိုစေ ကာယကံရှင်များ၏ ရင်ထဲတွင်တော့ သောက အပူလုံးလှိုင်းတို့သည် ပြင်းထန်လှသည် တစ်ကား…

ထို့နေ့ ညဘက်တွင် သက်ပိုင် သတိပြန်လည်လာခဲ့သည်။ သို့သော် ..

(သက်ပိုင်) အမေ..နွယ်ကလေ ကျွန်တော့ကိုပြောတယ် သူနဲ့တစ်ခါတည်းလိုက်ခဲ့ပါတဲ့။ဟိုနေ့က သားကို သူပဲ ကြိုးလာဖြေပေးတာလေ။ အဲဒါ ကျွန်တော် နွယ်နဲ့ လိုက်သွားချင်လို့ ခွှင့်ပြုပါအမေရယ်နော်။ ဒီမို့ဆို နွယ်သနားပါတယ်။ သူသားဘေးနားမှာ အမြဲရှိတယ်။ ပြီးတော့ ငိုနေတယ် အမေရဲ့။ သားလိုက်သွားမယ်နော် ..နော် ..အမေ..

(ဒေါ်ဝင်း) အေးပါ သားနေကောင်းအောင်အရင်လုပ်ပေါ့ ပြီးတော့ အမေ ကြည့်စီစဉ်ပေးပါ့မယ်။ နော်သား..
ဟုတ်ပြီလား..

ဘုရား ဘုရား ကယ်တော်မူပါ။ တပည့်တော်မသားလေးကို ကယ်တော်မူပါ။ သမီး နှင်းနွယ်ရယ်အန်တီတောင်း ပန်ပါတယ်။ဘ၀ခြားသွားပြီပဲကွယ် သားကိုတော့ ဒုက္ခမပေးပါနဲ့ကွယ်။ အန်တီ့ အပြစ်တွေပါကွယ်။ ဒေါ်ဝင်း သူမ၏ စိတ်ထဲမှ နေ၍ ကြိတ်ပြီးဆုတောင်းနေမိသည်။ သားသည် ပထမနေ့ကလောက်တော့ မကြမ်းတော့ ။ သို့သော်..ဒီ ၁ ရက် ၂ ရက်အတွင် သက်ပိုင်၏စိတ်များသည် မထင်မှတ်လောက်အောင် ကြောင်တောင် တောင် နိုင်လွန်းနေသည်။

ဟင်း..ဟင်း…ဘာအခုမှလာပြီတောင်းပန်နေတာလဲကြီးဒေါ်ဝင်းရဲ့။အရင်ကထဲကရှင်ဒီလိုဆိုရင် ကျွန်မတောင်သေပေးစရာမလိုဘူး။ ရှင့်သားကျတော့ ရှင်သိတတ်သလား။ဟင်းဟင်း. ခုတော့ လူ့ဘ၀တုန်း ကမရခဲ့တဲ့ ရှင့်သားကို ကျွန်မရအောင်ယူပြမယ်။ဟားဟား….ရှင်တားနိုင်ရင် တားလေ တားပေါ့။ ခုတော့ ရှင် ဘာတတ်နိုင်သေးတုန်း။ ပြီးတော့ ကျွန်မမောင့် ကိုချစ်တယ်။ရအောင်ခေါ်မှာ..ရအောင်ခေါ်မှာ..

ဒီလိုနှင့် အသုဘရက်လည်ပြီးနောက်တစ်နေ့ ညဘက်တွင်တော့

(သက်ပိုင်) အမေ ဟိုမှာ အိမ်ပေါက်ဝက နှင်းနွယ်လာခေါ်နေတယ်။လက်ယက်ပြီးခေါ်နေတာ။လိုက်သွားမယ် လိုက်သွားမယ်။ နွယ်ရေ မောင်လာပြီ မောင်လာပြီ..

ပြောလဲပြော ထပြီးတော့လဲ ပြေးထွက်သွားပြန်၏။ အနည်းငယ်သာစောင့်အိပ်ကြသော လူငယ်တို့လဲ သက်ပိုင်ကို ပြန်ထိန်းနေရ၏။ ထိုအချိန်တွင်ပင် ကျောချမ်းဖွယ်ရာ ခွေးအူသံကြီးများ စကြားရလေတော့သည်။ သက်ပိုင်ကို ပြန်ဖမ်းချုပ်နေရင်း လူငယ်တစ်ယောက်သည် အမှတ်တမဲ့ အိမ်ရှေ့ လမ်းမပေါ် မျက်စိရောက် သွားသော အခါ

ဟာ…ဟာ… ဟေ့ကောင်တွေ မြင်လား ဟိုမှာ လမ်းမီးရောင်အောက်မှာ မိန်းမတစ်ယောက်မတ်တပ် ရပ်နေတယ်ကွ။ ဟိုမှာ မြင်လား..

ထိုလူငယ်ပြောသဖြင့် လူငယ်အားလုံးထိုနေရာ သို့ကြည့်လိုက်သော် အခါ..

ဘယ်မှာလဲကွ မရှိပါဘူး။ ငါတို့မတွေ့ပါဘူးကွ။

အင်း ဟုတ်တယ်ကွ ငါလဲမတွေ့တော့ဘူး.ဒါပေမယ့် ခုနက ငါမြင်တာသေချာတယ်ကွ။
ဒီလိုနှင့် သက်ပိုင်အား ကြိုးများဖြင့် တုတ်နှောင်ပြီး ညဘက်ထိုင်စောင့်ရပြန်၏။ ဤတစ်ကြိမ်တွင်တော့ လူငယ် များသည် မအိပ်ရဲတော့။ သက်ပိုင်နောက်တစ်ခေါက်ပြန်ပျောက်သွားမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။ သက်ပိုင်ကိုကြိုးချည်ပြီး ခဏမျှ ပြန်လည်တိတ်ဆိတ်သွားပြီ ခဏ။ အသံတစ်ခုစကြားလာရ၏။
မိန်းမတစ်ယောက်၏ ညည်းသံ..ဖြစ်သည်။

အင်း…ဟင်း….ဟင်း…….ဟင်း……

ထို့နောက် အိမ်ခေါင်းရင်းဘက် ကာထားသော အကာအား ၃ လေးချက်မျှ တစ်ဖုန်းဖုန်းထုပြန်၏။ လူငယ်များလဲ ကြောက်လန့်တစ်ကြားဖြင့် ဘုရားစာ ရွတ်သူရွတ်

ကြီး..ကြီးဒေါ်ဝင်းရေ လုပ်ပါအုမ်းဗျ။

(ဒေါ်ဝင်း) သားတို့ ဘာမှ မကြောက်ကြနဲ့နော်. အိမ်မှာ ဘုရားရှိနေတာပဲကွယ် .

ဒေါ်ဝင်း ပြောသာပြောရသည် သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများထနေ၏။သူမလဲ ကြောက်သည်။ သားကတော့ ပါးစပ်မှ အသံနက်ကြီးဖြင့် အော်တုန်း။ ကြိုးချည်ထား၍ လက်ကမလှုပ်နိုင်သော်လည် မောင်လဲ လိုက်မယ်ဆိုသော စကားကတော့ ပြောတုန်း။ လူငယ်တွေကိုလဲ အားနာလှပြီဖြစ်သည်။ သူတို့လဲ ညဘက် သက်ပိုင်အား တစ်လှည့်စီ လာပြီ စောင့်အိပ်ပေးကြရသဖြင့် ပင်ပန်းကြလေပြီ။သည်လိုနှင့် ၉ ရက် ၁၀ ရက် ၂ ပတ်ကျော်ကျော် ကြာနေခဲ့သော်လည်း သက်ပိုင်သည်နေ့ဘက်တွင် မျက်လုံးတွေက ဟိုကြည့် သည်ကြည့် ကြောင်စီစီနိုင်လှစွာဖြင့် ငြိမ်နေသော်လည်း ညဘက် ခွေးအူသံများစပြီး ကြားရပြီဆိုလျှင် သက်ပိုင် ထကြမ်း လေသည်။ တစ်နေ့တစ်ခြား အားပိုကောင်းလာသလို ဖြစ်လာ၏။ လူငယ် ၁၀ ယောက်ပင် ဆွဲထိန်းသော်လဲ မရချင်။ ကြိုးတုတ်နှောင်ထားသော်လည်း တစ်ခါတစ်ရံ ကြိုးပင် ပြတ်ထွက်တတ်သည်။ပြီးလူငယ် များသည်လည်း ဓာတ်တိုင်အောက်မှ မိန်းမတစ်ယောက် မတ်တတ်ရပ်နေသည်မှာ အမှန်ဆိုသည်ကို ညတိုင်း မြင်ကြရ၏။ အိမ်ခေါင်းရင်း အကာအားလဲ တစ်ဖုန်းဖုန်းလာလာထုတတ်၏။ ကြာသော် စောင့်အိပ်ပေးသော လူငယ်များလည်း ကြောက်ရွံ့လာကြ၏။ သက်ပိုင်သည်လည်း အရိုးပေါ်အရေတင်သာ ရှိတော့သည်။ အစားလဲ ကောင်းကောင်းမစား ညဘက်ဆိုလဲ မအိပ် သည်ပုံတိုင်းဆိုလျှင် သက်ပိုင်သည်လည်း မကြာခင် နှင်းနွယ်နောက် လိုက်ရပေတော့မည်။

(ဒေါ်ဝင်း) ဒေါ်မြိုင်တို့ လမ်းထဲကလူကြီးတွေ အကြံပေးကြပါအုန်းးတော်။ ဘယ်လိုလုပ်ကြမလဲ။ ပရိတ်ချည်ဆွဲပေးလဲမရ။ ဆရာတွေခေါ်တာလဲ စုံပြီ။ ပရောဂတွေရော ရောဂါပြတဲ့ ဆရာဝန်တွေ ရောစုံနေပြီ သားက တစ်နေ့တစ်ခြားပိုပိုဆိုးလာတယ်။ ဘယ်လိုလုပ်ကြမလဲဟင်။ ကျုပ်မှားပါတယ်တော်.. ကျုပ်ကို ကူညီကြပါအုန်း။

(ဦးတင်ဝင်း) ဒီလိုလုပ်ပါလား ကျုပ်တို့ရွာမှာ ဆရာတော်ကြီးတစ်ပါးရှိတယ်။ အဲဒီဆရာတော် သွားပင့်ပြီးလျှောက်ကြည့်ရင် မကောင်းဘူးလား။ အဲဒီဆရာတော်ကတော့ သီလလဲရှိတယ်။ပြီးတော့ ခုလိုမျိုး တွေ ဖြစ်လာရင်လဲ သူလိုက်လိုက်ပြီး မေတ္တာနဲ့ ကုပေးတတ်တယ်။ ပျောက်လဲ ပျောက်ကြတယ်။

(ဒေါ်ဝင်း) စမ်းကြည့်ရတာပေါ့တော်။ ကိုတင်ဝင်း တော်သွားပင့်ပေးမှာလား။ ဆရာတော်က ဘယ်မှာ သွားပင့် ရမှာလဲ။ဘယ်နှစ်ရက်လောက်ကြာမလဲဟင်။ သားအခြေအနေက တစ်နေ့တစ်ခြား ပိုပိုဆိုးလာတာ မြင်ကြတဲ့ တိုင်းပဲလေ။ ညဘက် သားထထအော်တာနဲ့ ခွေးအူသံတွေကြောင့် လမ်းထဲက လူတွေ အိပ်ရေးပျက်ကြတာ လဲ ကျုပ်အားနာလှပြီ။ ပြီးတော့ သားကိုလာစောင့်ပေးတဲ့ ကလေးတွေလဲ ပင်ပန်းလှပြီလေ။ကူညီကြတဲ့ လူအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင်။

(ဦးတင်ဝင်း) ခက်တာက ဆရာတော်က ခရီးထွက်နေတာများတယ်ဗျ။ ကျုပ်သွားတော့ လျှောက်ကြည့်မယ်။ ဆရာတော် ကျောင်းမှာရှိနေရင်တော့ ကံကောင်းတာပေါ့။ ခင်ဗျားရဲ့ သားကံပေါ့ဗျာ။ ၃ ရက်လောက်တော့ ကြာမယ်ထင်တယ်ဗျ အသွားအပြန်။ ဒီလိုလုပ် ဒီရက်ပိုင်း ခင်ဗျားလဲ နဲနဲ စိတ်အေးအောင် အဲဒီဆရာတော် ဘုရားကြီးရဲ့ ပရိတ်ရေမန်း ကျုပ်အိမ်မှာ ရှိတယ်။ လိုက်ယူလိုက်။ ပြီးရင် ခင်ဗျားအိမ်ကို လာစောင့်အိပ်မယ့် ကလေး တွေအားလုံးစုံပြီးဆိုတာနဲ့ ခင်ဗျား အိမ်ပေါက်ဝတွေ ခြံပေါက်ဝတွေကို လိုက်ဖျန်း။ ပြီးရင် အိမ်ထဲက အိမ်ပြင် တစ်ယောက်မှ မထွက်နဲ့တော့ ။ အိမ်ထဲမှာပဲနေတော့ ။ ခင်ဗျားသားကိုလဲ ဖျန်းပေးထားလိုက်။

(ဒေါ်ဝင်း) ရပါ့မလားရှင်။တော်ကြာ မနိုင်ရင် ပိုဆိုးကုန်မှာလဲဆိုးရတယ်။

(ဦးတင်ဝင်း) ခင်ဗျား ယုံယုံကြည်ကြည်သာ လုပ်ပါ ကျုပ်အာမခံတယ်။ခင်ဗျားအိမ်လာစောင့်အိပ်မယ့် ခလေး တွေကို နေမ၀င်ခင် အိမ်ထဲစုစည်းထားပြီး နေ၀င်တာနဲ့ ပရိတ်ရည် ဖျန်းရင်တော့ ပိုကောင်းမယ်ထင်တယ်ဗျ။ လမ်းထဲက တတ်သိနားလည်တဲ့ လူကြီးတွေလဲ ဒေါ်ဝင်းတို့ အိမ် သွားအိပ်ပေးလိုက်ပါဗျာ။ ဒါဆို ကလေး တွေလဲ ပိုအားရှိလာမယ်ထင်တယ်။ဆရာတော်ကြွ်လာပြီးရင်တော့ စောင့်အိပ်ပေးဖို့ မလိုတော့ပါဘူး။
ဒီရက်ပိုင်းတော့ ကူညီလိုက်ကြပါဗျာ။ နော်..ဟုတ်ပြီလား

ည ၁၂ နာရီ ခွေးအူသံတွေစပြီး ကြားနေရပြီ။ ဒီည ဦးတင်ဝင်းပြောသလို လုပ်ထား၏။ သို့သော် အားလုံးကတော့ အရင်နေ့တွေမှ အတွေ့အကြုံများအရ ကြောက်ရွံ့နေကြပြီ ဖြစ်သည်။

--------------------------------------------------------------------------
အပိုင်း(၃) ကိုနောက်ရက်တွေမှ ပဲ ဆက်တင်ပေးပါတော့မယ်။

3 comments:

  1. အီး
    ကြက်သီးထသွားတယ်
    အနောက်တောင် ယောင်တောင်တောင်နဲ့ လှည့်ကြည့်မိသေး
    ကျောချမ်းသွားလို့လေ..
    ကဲ မြန်မြန်တင်နော်...
    ဘာတွေဆက်ဖြစ်မလဲ... သိချင်လှပြီ
    ကြောက်လဲကြောက်တယ်..

    ReplyDelete
  2. မဆွေလေးမွန်ရဲ့ ၀တ္ထုလေး လာဖတ်သွားပါတယ်။ ဒီသရဲမကလည်း တော်တော်ကြမ်းတယ်နော်။ လူ ၁၀ ယောက်လောက် ၀ိုင်းထားတာတောင် လာခေါ်ချင်နေတယ်။ ဆက်ရန် မျှော်နေပါတယ်။

    ReplyDelete
  3. ဖတ်လို့ကောင်းတယ်။
    ဖတ်ရင်း အရှိန်တွေတက်လာပြီ။ အပိုင်း၃ မျှော်နေမယ်။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......