Friday, 7 January 2011
ကျွန်မချစ်မိ အပြစ်ရှိ၏ (အပိုင်း-၁)
(နှင်းနွယ်) မောင် ဒီညနွယ်တို့တွေ့နေကျနေရာမှာ စောင့်နေမယ်နော်။ နွယ်ကတော့ စကားကို အကုန်ပြော ပြီးပြီ ကျန်တာတော့ မောင်ဆုံးဖြတ်တော့နော်။ မောင်နဲ့တော့ ရှင်ခွဲတော့ မခွဲနိုင်ဘူးနော် မောင်။
(သက်ပိုင်) ဟင်း……………အင်းပါ နွယ် မောင် လာဖြစ်အောင်လာပါ့မယ်။
ခက်သည်။ နွယ်နှင့် သူ့အမေနှင့်ကြားမှာ ဘယ်လိုမှညှိလို့မရ။ ခုတော့ နွယ်ကဒီညမှာ နှစ်ယောက်သားထွက် ပြေးကြဖို့ပြောနေပြီဖြစ်သည်။ သက်ပိုင်သာ ဒီညမလာလျှင် သူမသည် ကိုယ့်ဘာသာကိုယ် သတ်သေပစ် လိုက်မည်ဟုလဲ ပြောထားသေးသည်။ပြီးတော့ နွယ်ကို သက်ပိုင်ချစ်သည်။ သူလဲနွယ်နှင့်မခွဲနိုင်။ အမေ့ကို မလွန်ဆန်နိုင်၍သာ သက်ပိုင်တွေဝေနေရချင်းဖြစ်သည်။
(ဒေါ်မြိုင်) ဒေါ်ဝင်း တော့်သားသက်ပိုင်နဲ့ တော်တို့ခေါင်းရင်းအိမ်က နှင်းနွယ်ဆိုတဲ့ ကောင်မလေးနဲ့ ကြိုက် နေတယ်ဆို။အဲဒီကောင်မလေးက နဲနဲခောတ်ဆန်တယ်နော်။ ပြီးတော့ အနေအထိုင်ကလဲ ရဲတင်းပ။ တော်ကြည့်ပြီး ထိန်းအုန်းနော် တော့်သားကို။
(ဒေါ်ဝင်း) အမယ်လေး ဒေါ်မြိုင်ရယ် ဒီမိန်းကလေးလောက်တော့ ဟောဒီက ဒေါ်ဝင်းတို့က သနားပ။ အဲဒီလို မိန်းကလေးမျိုးတော့ ချွေးမမတော်နီုင်ဘူးတော်ရေ။ ငါးပိရည်ကျဲတောင် ကောင်းကောင်းကျိုနိုင်ပမလားမသိ။ ဒီကြားထဲ သွားလိုက်လာလိုက်တာလဲ အိမ်ချင်းကလဲ ကပ်ရက်ဆိုတော့ ပြောမနေနဲ့။ ရွှတ်ကနဲ ရွှတ်ကနဲ တွေ့နေရတော့ မျက်စိထဲ ထောင့်မကျိုးပါဘူးတော်။ အိမ်ကကောင်ကိုတော့ နိုင်အောင်တော့ ထိန်းမှရမယ်
ဒေါ်မြိုင်ရေ။ ကဲကဲ ကျုပ်လဲ အိမ်ပြန်ပြီ ညနေစာ ထမင်းချက်လိုက်အုန်းမယ်။ သွားပြီတော်ရေ။
ညည့်သည်နက်သထက်နက်လာ၏။ အမှောင်ထုလဲ ကြီးစိုးလာလေပြီ။သက်ပိုင် သူ့အမေကိုချောင်းနေသည် ဒီနေ့မှ သက်ပိုင်အမေက အိပ်ယာမ၀င်သေး။ သူရင်တွေတော့ခုန်လွန်းနေသည်။ လူတစ်ကိုယ်လုံး နတ်ပူး သလိုတုန်ရင်နေ၏။ ဟော အမေအိပ်ပြီထင်တယ် ။မီးလဲမှိတ်သွားပြီ။ အသံတွေအားလုံးလဲ တိတ်ဆိတ်သွား လေပြီ။သူခြေသံမကြားအောင်ကိုယ်ကိုဖော့နင်း၍ အိမ်နောက်ဖေးတံခါးသို့ အသာလေး ထွက်လာခဲ့သည်။ နွယ် စောင့်နေပေတော့မည်။ စိတ်ထဲမှာတော့ ကြည်နူးမိသလိုလို ဒါပေမယ့် အမေ့ ကိုတော့သနားလှသည် သားကိုခွင့်လွှတ်ပါအမေရယ်။
(ဒေါ်ဝင်း) ဒါကဘယ်ကိုလဲ သက်ပိုင်။ ဒီလောက် ညမိုးချုပ်နေတာတောင်မှ။ ဘယ်ကိုသဝေထိုးအုန်းမလို့လဲ။
သက်ပိုင် တစ်ကိုယ်လုံး ဆတ်ကနဲ တုန်သွား၏။သူ့အမေသည် သူ့နောက်မှ ကပ်၍ပြောလိုက်သော်လည်း အသံသည် သူ့နားထဲ ဟိန်းကနဲ ဖြစ်သွား၏။
(သက်ပိုင်) အ..အမေ မအိပ်သေးဘူးလား။
(ဒေါ်ဝင်း) နင့်ကိုငါမွေးထားတာပါ သက်ပိုင်ရဲ့။ နင့်ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိသလဲဆိုတာ ငါသိပြီးသား။ သွားအိမ်ထဲပြန်ဝင် ပြီးအိပ်တော့။
(သက်ပိုင်)သား ဒီညမသွားလို့မဖြစ်ဘူး အမေ။ သားကို သွားခွင့်ပြုပါ။
(ဒေါ်ဝင်း) အေးလေ ဒီလောကကြီးမှာ ဆွေရယ်မျိုးရယ်ဆိုလို့ ဒီသားနဲ့ ဒီအမေရှိတာ။ မိုက်တဲ့သားမွေးထားမိ တော့လဲ ငါလို အမေအိုကြီး ဘာတတ်နိုင်မှာတုန်း။ ငါ့ကံကိုက ဆိုးပေတာကိုး။ အေးနင်ဒီညထွက်သွားပြီးလို့ ကတော့ ငါသေရင်တောင် ငါ့အလောင်းနင် သဂြိုလ်စရာမလိုဘူး သက်ပိုင်။ ငါစကားအပြတ်ပြောပြီးပြီ ကျန်တာတော့ နင်သဘော..ဒါပဲ
သူဘာလုပ်ရမည်နည်း။ နွယ်ဒီလောက်တော့ မမိုက်လောက်ဘူးလို့ သူထင်သည်။ မနက်ကျနွယ်နှင့်တွေ့မှ သူ အကျိုးအကြောင်းရှင်းပြမည်။ ချိန်းထားတာကလဲ သူတို့ အိမ်နောက်ဖေးက သစ်ပင်ကြီးအောက်တင်ဆို တော့ နွယ် အတွက်လဲ သိပ်ပြီးစိုးရိမ်စရာမလို။ သူမလာလျှင် နွယ်သည် သူမအိမ်သို့ ပြန်ဝင်သွားလိမ့် မည် ဟု ထင်သည်။ဒီညတော့ သူ့အမေနှင့် ထိပ်တိုက်မတွေ့လိုတော့။နောက်နေ့တွေ ဆက်ပြီး ကြိုးစားလို့ရနေ သေးသည်။ ထို့ကြောင့် သက်ပိုင်၏ ခြေလှမ်းများကို အိမ်ထဲသို့ ပြန်လှည့်လိုက်မိတော့သည်။
…………………………………************************………………………………………
မောင် အရမ်းရက်စက်တာပဲ။နွယ်ကို မောင်တစ်ကယ်မချစ်ဘူး။ လိမ်တယ်။နွယ်ကို လိမ်တယ်။ နွယ်ကတော့ မောင့်ကိုယ်ချစ်လိုက်ရတာ။ပြီးတော့ ခုလောက်ဆို မောင့်ရဲ့အမေကြီးကလဲ နွယ်ကိုလှောင်ရီ ရယ်နေလောက် ပြီ။ နွယ့် မာနတွေရိုက်ချိုးခံလိုက်ရတာ။ နွယ်ပြောပြီးသား မောင်နဲ့ ရှင်ခွဲတော့ မခွဲနိုင်ဘူး.။သေကွဲပဲ အကွဲခံ လိုက်မယ်။
နွယ် သူ့ကိုစကားတွေပြောပြီး နက်ရှိုင်းသော ချောက်ကမ်းပါးကြီး ဘက်ကို သွားနေသည်။ နွယ်မသွားနဲ့လေ။ ချောက်ထဲကျသွားမယ်လေ။နွယ်မသွားနဲ့လေ မောင်ရှင်းပြပါရစေ။ မောင်ပြောတာကို နားထောင်ပါအုန်းနွယ်။ နွယ် ..နွယ် ..နွယ် ရေ..နွယ် သက်ပိုင် အော်ခေါ်နေသော်လဲ နွယ်သည် နောက်သို့ ပြန်လှည့်မကြည့်။ ရှေ့မှာ ရှိသော ချောက်ကမ်းပါးကြီးထဲသို့ နွယ်ခုန်ချသွားသည်။
အား ..နွယ် သေပါပြီ။ နွယ် …နွယ်ရေ…
အား.အား….အာ…………….အာ….
သက်ပိုင် အိမ်မက်မှနေ၍ လန့်နိုးလာခဲ့သည်။ ချွေးတို့လဲ တစ်ကိုယ်လုံး ရွှဲစိုလို့။မဖြစ်ဘူး မဖြစ်ဘူး နွယ့်ကို သွားတွေ့မှ ဖြစ်မည်။ သို့သော်..သက်ပိုင်တို့ အိမ်ခေါင်းရင်းမှ စီကနဲထွက်လာသော ငိုသံ..
“အမယ်လေး သမီးအမိုက်မရဲ့ မိုက်လှချည်လား အဲဒါ အဖန်ငါးရာ ငါးကမ္ဘာဟဲ့ဟင်။ နင်သံသရာကိုများ နဲနဲ လေးမှ တွေးပြီး မကြောက်မိဘူးလား အမိုက်မရဲ့။ အီး…ဟီး..ဟီး.”
ဒါဆို ဒါဆို နွယ် သူမပြောသည့်အတိုင်း..ဘုရားရေ..နွယ်ရေ ကိုယ်လာပြီ ကိုယ်လာပြီ သက်ပိုင်အိပ်ခန်းထဲမှ အိမ်ရှေ့တံခါးမကြီးသို့ ပြေးထွက်လာခဲ့မိသည်။ မိုက်လိုက်တာနွယ်ရယ်။ စိတ်ထဲမှာ ယူကျိုးမရတဲ့စိတ် ပြင်း ထန်သော နောင်တမုန်တိုင်း ပြီးတော့ နွယ်သေရတာ သူ့ကြောင့်..
(ဒေါ်ဝင်း) သက်ပိုင် မင်းအဲဒီအိမ်ကိုခုနေသွားတော့ မင်းကိုဝိုင်းပြီး သတ်ကြမှာပေါ့ဟဲ့။ သေတဲ့သူကလဲ သေသွားပြီ ။ မင်းသွားစရာမလိုဘူး။
(သက်ပိုင်) ကျွန်တော်သွားပါရစေ အမေ။ နွယ့် မျက်နှာလေးကို တစ်ခေါက်လောက်တော့ သွားကြည့်ပါရစေ။
ဒီကောင်မလေးဒီလောက်ထိ လုပ်လိမ့်မယ်လို့ မထင်။ခုလို ဖြစ်သွားတော့လဲ စိတ်မကောင်း။ ဒါပေမယ့် သား အတွက်တော့ ကာကွယ်မှဖြစ်မည်။
(ဒေါ်ဝင်း) မလိုဘူး သက်ပိုင်။ အေး..နင်သွားကြည့်ပြီးဆိုတာနဲ့ တစ်ခါထဲ တွက်ထား အိမ်ပြန်လာတာနဲ့ နင့်အ မေ ငါ့အလောင်းလဲ မြင်ရပြီလို့။ ဟွန်း သားတစ်ယောက်ရှိပါတယ် အားမကိုးရသေးတဲ့ အပြင် သူ့ ပြသနာ လိုက်ရှင်းနေရတယ်။ ငါ့ကိုလဲ စိတ်ချမ်းသာ အောင် ထားစမ်းပါအုန်း သက်ပိုင်ရဲ့။ ငါ အမေအိုကြီးပါဟဲ့။
သက်ပိုင် အိမ်ထဲကို ခြေလှမ်းပြန်လှည့်လိုက်သည်။ သူ့အမေအား ဘာမှတော့ ပြန်မပြောတော့။ ပြီးတော့ သူ့အိပ်ခန်းထဲဝင်သွားသည်။ ခဏမျှကြာတော့ သက်ပိုင်အခန်းထဲမှ ပစ္စည်းတွေ ၀ုန်းဒိုင်းနှင့်ပေါက်ခွဲသံတွေ ကြားရသည်။ ခဏကြာသော် ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားသည်။
ဒေါ်ဝင်းစိတ်ပူလှသည်။ မနက် အိပ်ခန်းထဲဝင်သွားပြီကထဲက သားပြန်ထွက်မလာသေး။ နေပါစေဆိုပြီ လွတ်ထားပေမယ့် ခုည ၁၀ နာရီကျော်ကျော်ရှိနေပြီ။ ငြိမ်သက်နေ၏။ တော်ကြာ သားပါ..တစ်ခုခု လုပ်သွားမှ ဖြင့် ဘုရား..ဘုရား ခုမှ စဉ်းစားမိသည် အတွေးထဲတွင်ပင် ဒေါ်ဝင်း စိုးရိမ်စိတ်တို့သည် အထွဍ်အထိပ်သို့ ရောက်လေပြီ။ သားအခန်းပေါက်ဝသို့ အပြေးတစ်ပိုင်းသွား၍ အခန်းတံခါးကိုခေါက်မည် အပြု။သက်ပိုင်၏ အခန်းတံခါး ရုတ်တရက်ပွင့်လာသည်။ ထို့နောက်..
(သက်ပိုင်) နွယ်…နွယ် မောင့်ဆီလာတယ်။ ၀မ်းသာလိုက်တာ နွယ်ရယ်။ အင်း နွယ်ခဏစောင့် မောင်လိုက်ခဲ့ မယ်။ မောင်တို့တွေ့နေကြ သစ်ပင်ကြီးအောက်မှာ စောင့်နေနော်။မောင်ခု လိုက်ခဲ့မယ်..
ပြောပြောဆိုဆို သက်ပိုင်တစ်ယောက် ခေါင်းတွေဖီး အင်္ကျီတွေပြင်ဝတ်နှင့် ပြင်နေသည်။ ဒေါ်ဝင်းသည်လဲ ထို ခဏ၌ပင် စိမ့်ကနဲ့ဖြစ်သွားကာ ကြက်သီးမွှေးညင်းများထလာ၏။စိတ်ထဲကနေ ဘုရားတလိုက်မိသည်.။
(ဒေါ်ဝင်း) သား သား…သတိထားလေ။ သားရဲ့။ နှင်းနွယ်က သေပြီလေ သား။ ဒီလောကကြီးမှာ နှင်းနွယ်မရှိ တော့ဘူးလေ သားရဲ့။
ထိုအချိန်၌ပင် သက်ပိုင်၏ အမူအရာတို့ ချက်ချင်းပြောင်းလဲ သွားပြီး ဒေါ်ဝင်းအား မျက်ထောက်နီကြီးဖြင့် ကြည့်ကာဖြင့် စကားပြောသံထွက်လာသည်။ အသံကား သက်ပိုင်၏အသံမဟုတ်..မိန်းမတစ်ယောက်၏ အသံ
(သက်ပိုင်) ဟားဟား…ဘာပြောတယ် နှင်းနွယ်က သေပြီဟုတ်လား။ ငါမကျေနပ်ဘူး။နင်တို့သားအမိ နှစ်ယောက်လုံးကို ငါလုံးဝမကျေနပ်ဘူး။ မုန်းတယ် မုန်းတယ်။ နင့်..သားကိုလဲ ငါ့ဆီလာအောင် ခေါ်မယ်။ဟားဟား တားလိုက်စမ်း နင်တားလိုက်စမ်း…နင်တို့ ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်ဟေ့..
သက်ပိုင် မျက်ထောက်နီကြီးဖြင့် ကြည့်ကာ ဒေါ်ဝင်းအနားတိုးကပ်လာသောကြောင့် ဒေါ်ဝင်းကြောက်လန့် တစ်ကြား အိမ်ရှေ့ခန်းပြေးထွက်ပြီး
(ဒေါ်ဝင်း) ဒေါ်မြိုင်တို့ လာကြာပါအုန်းတော်။ လာကြပါအုန်း။
ဒေါ်ဝင်း၏ ကြောက်လန့်တစ်ကြား ငယ်သံပါအောင် အော်နေသံကြောင့် ဘေး အသုဘအိမ်မှ လူများနှင့် ဒေါ်မြိုင်တို့ပါ အပြေးတစ်ပိုင်းရောက်ရှိလာကြသည်။ ဒေါ်ဝင်းသည် အိမ်အောက်ရောက်နေပြီ ဖြစ်သည်။ ထို့နောက် အသုဘအိမ်မှ လာသော လူငယ်အုပ်စုအား အကူအညီ လှမ်းတောင်းလိုက်သည်။
(ဒေါ်ဝင်း) မောင်မြင့်အောင်ရေ လုပ်ပါအုန်းကွယ်။ မင်းသူငယ်ချင်းကိုတက်ဆွဲပါအုန်း။ တစ်ယောက်တည်း တော့ မသွားနဲ့ သား အုပ်စုလိုက်တက်ပြီး ဆွဲခေါ်ခဲ့။ သူ အိမ်နောက်ဖေးက သစ်ပင်ကြီးနား သွားဖို့လုပ်နေ တယ် ကူညီကြပါကွယ်။
ထို့သို့လဲပြောပြီး ဘေးမှာ ရောက်လာသော လူများအားလဲ ခုနက သူမတွေ့မြင်ခဲ့သော အကြောင်းများအား ဖောက်သည်ပြန်ချနေ၏။ လူငယ်တစ်စုလဲ အိမ်ပေါ်သို့ တက်သွားပြီး သက်ပိုင်အား ၀င်ရောက်ဖမ်းချုပ်နေကြ ပေမယ့်။ မဆွဲနိုင်ဖြစ်နေကြ၏။ လူငယ် ၅ ယောက်အားနှင့် ဆွဲခေါ်နေတာတောင် သက်ပိုင်၏ ရုန်းကန်မှုအား မနဲ ဖမ်းချုပ်ကာ အိမ်ရှေ့ခန်း ပြန်ဆွဲလာနေရသည်။ ဘယ်လိုမှ မနိုင်ကြ။
(သက်ပိုင်)ဟေ့ ငါ့ကိုမဆွဲကြနဲ့ကွ။ ဟိုမှာ နွယ်ငါ့ကို လက်ယက်ပြီးခေါ်နေတယ်။ စောင့်နေတယ်ကွ ငါ့ကို လွှတ်ပါသူငယ်ချင်းတို့ရာ။ ငါနွယ်နဲ့ သွားတွေ့ပြစေနော်။ နော်…
အတင်းကိုရုန်းကန် တွန်းထိုးနေ၏။ ပြီးတော့ မျက်လုံးတွေကလဲ ဂဏာမငြိမ်။ ပြီးတော့ မျက်လုံးတို့သည်လဲ အလွန်ပင် နီရဲနေ၏။ထိုအချိန်တွင်ပင် နှင်းနွယ်၏ မိဘများလဲ ရောက်လာကြ၏။
“ဒီမှာ ဒေါ်ဝင်း ကျုပ်တို့ သမီးလဲ သေပါပြီတော် ခုထိ သေသွားတာတောင် ရှင်မကျေနပ် နိုင်သေးဘူးလား ခုလဲ ရှင် ကျွန်မတို့ သမီးကို မကောင်းပြောနေပြန်ပြီ တော်ပါတော့ .. သမီးရေ အမိုက်မရဲ့ ညည်းမိုက်လုံးကြီးပုံ ကြည့်စမ်း သေတာတောင် အပြစ်က မလွှတ်ပါလား သမီးရယ် ဟင်”
ဒီလို နှင်းနွယ်၏ အမေသည် အော်ငိုလိုက်သည့်အခါမှပင် အိမ်ပေါ်တွင် တွန်းထိုးရုန်းကန်နေသော သက်ပိုင် သည် နောက်သို့ပြန်လှည့်ကြည့်လိုက်၏။ ထို့နောက် သက်ပိုင်သည် လူငယ်များ ၀ိုင်းချုပ်ထားသော နေရာတွင်ပင် ခေါက်ကနဲလဲကျ ၍ သတိလစ်သွားလေတော့သည်။
--------------------------------------------------------------
ဖြစ်နိုင်ရင်တော့ ဒီပို့(စ်)လေးကို နှစ်ပိုင်းတော့ ခွဲမရေးချင်ပါဘူး။ဒါပေမယ့် ရေးရမှာရှည်နေတာကြောင့် အပိုင်းခွဲတင်လိုက်ရတာပါလို့ပြောရင်းဘလော့မောင်နှမများကျန်းမာချမ်းသာကြပါစေလို့တောင်းဆုပြု လိုက်ပါတယ် ရှင်။
Posted by
ဆွေလေးမွန်
Subscribe to:
Post Comments (Atom)
စိတ်ဝင်စားစရာဘဲ
ReplyDeleteဘာဆက်ဖြစ်မလဲသိချင်တယ်ဆွေလေးရေ...
အမြန်ဆက်ပါနော်..
ဒါနဲ့ ကြာဇံချက် အတော်ကောင်းလား
စားချင်လိုက်တာ မစားရတာကြာပေါ့
နည်းနည်းကျွေးနော်.. လာလည်တာကို
ဘာလို့များ နှင်းနွယ် ဆိုတဲ့ ဇာတ်ကောင်နဲ့ လာပြီး တိုက်ဆိုင်ရတာလဲဗျာ။
ReplyDeleteဒဏ်ရာတွေကို လာပြန်ပြီး နူးလိုက်သလိုပါပဲလား အဟစ်ဟစ်။
ဟီးဟီး ကိုဇော်ရေ တောင်းပန်ပါတယ်။မရည်ရွယ်ပါဘူး။
ReplyDeleteနာမည်မှာ နွယ်ပါချင်တာနဲ့ နှင်းနွယ် သွားတာပါ။
တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါလို့ ပြောပါရစေ။
ဒီမှာလည်း နွယ့် ဇာတ်လမ်းပဲနော်။ စာလာဖတ်ပါတယ်။ ဖတ်ပြီး ကြောက်ကြောက်နဲ့ ကြက်သီးတောင် ထတယ်။ ဒီဝတ္ထုလေးက အချစ်ဇာတ်လမ်းလား၊ သရဲဇာတ်လမ်းလားပာင်။
ReplyDeleteအခုမှစာလာဖတ်ဖြစ်တယ်။ သာမန်အချစ်ဇာတ်လမ်းမဟုတ်တော့ ဖတ်လို့ကောင်းတယ်။ အပိုင်း၂ ကို ဆက်ဖတ်လိုက်အုံးမယ်။
ReplyDelete