Thursday 22 January 2015

အတ္တတစ်ခုနှင့် ခပ်ထူထူရူးနေခဲ့တယ်




ဟင့်အင်း မရေးဘူး။ ဒါပေမယ့် စိတ်အလိုကို ဆန့်ကျင်ပြီး တစ်ခြားအကြောင်းအရာတွေကို တွေးနေမိတာ ရေးချခဲ့မိတာ။ စာတစ်ကြောင်း စကားလုံးတစ်လုံးဟာ ကျွန်မအတွက် မောဟိုက်နွမ်းလျနေသလို။ စကားစုတွေ က ဟိုတစ်စု ဒီတစ်စု။ ဘာကိုဆိုလိုမှန်း ရေးမိတဲ့ ကျွန်မကိုယ်တိုင် အဓိပ္ပါယ်ကို မသိနိုင်ခဲ့။ ကျွန်မရူးနေပြီ ထင်တယ်။

       “မောင်.. ”

ဘာလို့မှန်းမသိပါဘူး။ ခုချိန်မှာ မောင့် အကြောင်းတစ်စုံတစ်ရာကို ကျွန်မရေးချချင်နေမိတယ်။ ကျွန်မ ရဲ့ ကွန်ပျူတာထဲမှာ ရေးလက်စ file လေးတွေမြောက်များစွာရှိတယ်။ အဲဒီ မြောက်များစွာသော file လေးထဲက စကား လုံးတွေကိုလည်း စိတ်အလိုမကျစွာ ရေးလိုက် ပြန်ဖျက်လိုက်နှင့် ဘယ်နှစ်ကြိမ်လဲလို့တောင် မမှတ်မိနိုင်တော့ဘူး။ တစ်ကယ်က ကိုယ့်ခံစားချက်တွေကို လိမ်နေတဲ့ ကျွန်မအပြစ်လို့ပဲ ဆိုရမယ်ထင်တယ်။ မောင့်ကို သတိရတဲ့စိတ် တမ်းတတဲ့စိတ်က ဘာဆိုဘာမှကို အလိုမကျဘူး။ ချုပ်တီးထားတဲ့ စိတ်တစ်စုံကို နှောင်ကြိုးကနေ လွတ်ပေး လိုက် ရင်ကောင်းမယ်ထင်တယ်နော်… အဲဒီလိုမှ မဟုတ်ဘူးဆိုရင်.. 


မောင် လို့ စကားလုံးလေးတစ်လုံးကို  ရေးလိုက်မိတယ်ဆိုရင်ပဲ ကျွန်မရဲ့ လက်ချောင်းလေးတွေက ကီးဘုတ် စ်ပေါ် သွက်လက်စွာ လှုပ်ရှားသွားကြတယ်။ စကားလုံးလှလှလေးတွေ စီးမျောထွက်ကျလာတယ်။ စိတ်ဟာ ပေါ့ပါး လွတ်လပ်လို့ ကြည်နူးမိသလိုလို ရှိလာတယ်။  ကျွန်မဘာလို့များ ခံစားချက်တွေနှင့် သွေဖီစွာ နေခဲ့မိ ပါ လိမ့်။ ဒါပေမယ့် ကျွန်မရဲ့ အတွေးထဲ ဘ၀ထဲမှာ မောင် ဆိုတဲ့ လူတစ်ယောက်ကို ရှိမနေစေချင်ဘူး။ ကျွန်မရဲ့ ဘ၀ထဲကို ပြန်ရောက် မလာစေ ချင်ဘူး။ မေ့ချင်တယ်။ မုန်းချင်တယ်။ အားလုံးကို ခံစားချက် အသစ် တစ်ခုရယ်လို့ ထပ်ပြီး မခံစားချင်ဘူး။  ကျေးဇူးပြုပြီး ကျွန်မရဲ့ အတိတ် ကနေ မောင် ထွက်ခွာသွားပေးပါလား။ ပြောသာနေရတာ တစ်ကယ်တော့ မောင် ကထွက်ခွာသွားခဲ့တာကြာခဲ့ပြီပဲ လက်မလွှတ်နိုင်ခဲ့တဲ့ သူက ကျွန်မ ။ ပိုက်ထွေးထားခဲ့သူက ကျွန်မ။ စွဲလန်းရူးသွပ်နေမိတဲ့သူက ကျွန်မ။ 


 မောင်နဲ့ပတ်သတ်တဲ့ အရိပ်အငွေ့ ဟူသမျှ အရာအားလုံးကို မှတ်ညဏ်တွေထဲက ဖျောက် တယ် ။ ရုပ်ဝထ္ထုပစ္စည်းမှန်သမျှ လွှတ်ပစ်တယ်။ အမှတ်တရတွေမှန်သမျှ မေ့ပစ်တယ်။ ခက်တာတစ်ခုပဲ နှလုံးသားထဲ မှာ ဖျက်လို့မရဘူး။ မောင့် အပြုံး မောင့် အကြည့် ချိုမြတဲ့ အနမ်း မောင့် အပြောတွေက ကျွန်မရဲ့ နှလုံးသားထဲမှာ စွဲမြဲစွာ ကျန် ရစ်နေတယ်။ ကျွန်မရေးနေတဲ့ စကားလုံးတွေထဲမှာ မောင် လို့  မသုံးနှုံးမိအောင် တမင်သက်သက်ကို ရှောင်ခဲ့တယ်။ မောင် ဆိုတာ ကျွန်မရဲ့ အတွေးထဲ စိတ်ထဲ သမိုင်းတစ်လျှောက်မှာ မရှိခဲ့ဘူးတဲ့ သူတစ်ယောက်အဖြစ် ကျွန်မရဲ့ စိတ်နှလုံးကို ပုံသွင်းယူတယ်။ အချိန်တွေကို စတေးတယ် အတွေးတွေကို သတ်ပြစ်တယ်။ ဒါပေမယ့် ကျွန်မရှုံးနေစဲပါပဲ ။ ရှုံးနေစဲပါပဲ။ မျက်ဝန်းမှာ မျက်ရည်ကြည် တို့ ဝေ့လာပြန်ပြီ။ အမြင်တွေက ၀ိုးတစ်ဝါးရယ်။ ဟင့်အင်း ကျွန်မက မျက်ရည်ခပ်လွယ်လွယ် မကျတတ်တဲ့ မိန်းမ အချစ်နဲ့ ပတ်သတ်ရင် ဘယ်တော့မှ မငိုတတ်တဲ့ မိန်းမ။ စာရိုက်နေတဲ့ လက်ဖမိုးပေါ် မျက်ရည်တစ်ပေါက် ကျလာပြန် တယ်။

         
ကျွန်မအတွက်တော့ ခက်ခဲပြီး ပင်ပန်းလွန်းလှတယ်။ မောင့်အကြောင်းရယ်လို့ မဟုတ်တဲ့ ရေးထားခဲ့မိသမျှ စကားလုံးတိုင်းဟာ အနှစ်မပါသလို ပြန်ဖတ်လိုက်တဲ့ အခါဟာတာတာနဲ့ အကာတွေကြီးဖြစ်နေတတ်တယ် ။ ဆားမပါတဲ့ ဟင်းလိုပဲ အရသာက ပေါ့ပျက်ပျက်။ ဇာတ်ကောင်တွေဟာ ကြိုးဆွဲရာကရတဲ့ စက္ကူရုပ်လေးတွေလို အချိုးမကျ မလှမပ ခြေကားယား လက်ကားယား။ ဖတ်သူကို ပျက်ရယ်ပြုသလိုတောင် ဖြစ်နေခဲ့ပြီ။ အသိက မောင်နဲ့ အဝေးမှာနေချင် ပေမယ့် သံလိုက်လို ပြေးပြေးကပ်နေတဲ့ နှလုံးသားကြောင့် ကျွန်မရဲ့ စကားလုံးတွေဟာ လိုင်းကြောင်နေသလို ဖြစ်နေ ခဲ့ပြီ။ ရေးချလိုက်ချင်တယ် မောင် ဆိုတဲ့ လူတစ်ယောက်ကို မုန်းနေတဲ့ မိန်းမ တစ်ယောက် အကြောင်း ဟင့်အင်း ရေးမိလိုက်တာက မောင့်ကို ကျွန်မအရမ်းလွမ်းနေမိတယ် ဆိုတဲ့ အကြောင်း။ မောင် ကျွန်မကို မေ့နေသလားလို့ မတွေးမိဘူး ကျွန်မရဲ့ နှလုံးသားထဲက မောင့် ကိုအဝေးနှင်ထုတ်ဖို့ပဲ ကြိုးစားမိနေတယ်။ မောင် ကျွန်မကို ချစ်သေးရဲ့လားလို့ မစဉ်းစားမိဘူး ကျွန်မကပဲ မောင့်ကို မုန်းတတ်သွားအောင် ကြိုးစားမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမောင့်ကို မုန်းတတ်ချင်လို့ပါ။ 

         
          လိမ်ညာတတ်တဲ့သူကို ကျွန်မ မုန်းတယ် မောင်။ အထူးသဖြင့် အချစ်နဲ့ပတ်သတ်ပြီး လိမ်ညာခံရပြီ ဆိုရင် အညာခံရတဲ့သူက ပိုပြီးထိခိုက်နာကျင်ကြေကွဲ ခံစားရတယ်။ ယုံကြည်မှု အားကိုးမှု နားလည်မှုတွေနဲ့ အနားသတ် ထားတဲ့ အချစ်ပါ မောင်။ မီးဆိုတာကို အလွန်ကြောက်တတ်ပေမယ့် အလင်းရောင်ကို တွယ်တာလွန်းလို့ အနားကပ် လာတဲ့သူကိုမှ ဒီမှာရော့ မီးဆိုတာ ဒီလိုပူတတ်တယ်လို့ နာမူနာအဖြစ် မီးနဲ့ရှို့ပြလိုက်သလိုပါပဲ။ ခုတော့ ကျွန်မ မီးဆိုတာ အဲဒီလို ပူတတ်တယ်လို့ နားလည်ခဲ့ပါပြီ။ ဒါပေမယ့် တစ်ချိန်က ပိုင်ဆိုင်ခဲ့ဘူးတဲ့ အလင်းရောင်ကိုတော့ ကျွန်မ ခုချိန်ထိ မျှော်လင့်မိနေတုန်းပဲ။  အညာခံရမှာ တွေးကြောက်တတ်သည့်သူကိုမှ ပိုင်ပိုင်နိုင်နိုင် အညာခံလိုက်ရတဲ့ အဖြစ်။ ကျွန်မ သိပ်ညံ့ သွားခဲ့တယ်။ စိတ်ကူးယဉ် အချစ်တွေကို ရေးနေခဲ့သူမို့ အချစ်နဲ့ ပတ်သတ်ရင် ကျွမ်းကျင်ပိုင် နိုင်ဆုံးလို့ ခံယူထားမိတဲ့ ကျွန်မ ..ခုတော့ ပရိတ်သတ်ရှေ့မှာတော့ အပြုံးတွေနဲ့ မတုန်မလှုပ် ကန့်လန့်ကာနောက် ကွယ်မှာ ရင်ကွဲအောင် ငိုနေရသူက ကျွန်မ။ 


          ကျွန်မ ရူးနေသလား မသိဘူးနော်။ မောင် ကတော့ ပြောခဲ့ဘူးပါတယ် မင်းက အတ္တတစ်ခုနှင့် ခပ်ထူထူ ရူးနေတဲ့ မိန်းမတဲ့။ ထူးတော့ ထူးဆန်းပါတယ် အချစ်ကို ယုံကြည်မှုအားနည်းတဲ့ မိန်းမတစ်ယောက်ဟာ စိတ်ကူးယဉ် အချစ်တွေကို ရေးတတ်တဲ့ စာရေးဆရာမတစ်ယောက် ဖြစ်နေတာ အဆန်းတော့ အဆန်းပါပဲ။ ဟူး..ခက်တော့တာပဲ မောင့် အကြောင်းရေးဖို့ ကျွန်မကိုယ်တိုင် ငြင်းဆန်နေတဲ့ကြားက ရေးမိပြန်ပြီ။ ကျွန်မ မောင့် ကို မချစ်ဘူး။ မချစ်ခဲ့ဘူး သေချာတယ်။ ကျွန်မမောင့်ကို လွမ်းနေတာလေးတစ်ခုပဲရှိတာပါ ဟုတ်ပါတယ်. ကျွန်မ မောင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး မုန်းသွားခဲ့တာ ကြာခဲ့ပါပြီ

………………….. မောင်။ 



--
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကဖြင့် google ကနေ ရှာဖွေအသုံးပြုထားပါတယ်။ ခုတစ်လော ဘလော့လောကကြီး ငြိမ်သက်နေလွန်းတယ်။ 


Wednesday 7 January 2015

မောင့်အနား မောင့်အပါးကနေ တစ်ဖ၀ါးမှ မခွာချင် ခဲ့သူပါ




လှိုင်းတို့သည် စုံရပ်နေမိသည့် ကိုယ့်ခြေအစုံကို အရှိန်ပြင်းပြင်းလာရိုက်ခတ်သည်။ ကိုယ့်ခြေဖ၀ါး အောက်မှ သဲတို့သည် ရေနက်ထဲသို့ စုပ်ယူဆွဲနစ်ခြင်းခံရ၏။ မကြာမှီ နေ၀င်ပေတော့မည်။ နေမင်းကြီး၏ အလင်းရောင်သည် တစ်ဖြည်းဖြည်း လျှော့ပါးလာခဲ့ပြီ။ နေမင်းကြီးသည် ပင်လယ်ရေပြင်အောက်သို့ ငုပ်လျှိုးဝင်တော့မည့် အလား ပင်လယ်ရေမျက်နှာပြင်နှင့် နေမင်းကြီးသည် ထိလုထိခင်း။   တစ်ကယ်တော့ ဒါဟာ ကျွန်မစိတ်ကူး ယဉ်မိတာပါ။ ကျွန်မ မျက်ဝန်းထဲ မြင်နေရတဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ တစ်ကယ်တော့ ပင်လယ်က ပင်လယ် နေမင်းက နေမင်းပါပဲ။ ပင်လယ်ရေ အောက်ကို ငုံ့လျှိုးမယ့် နေမင်းဆိုတာ ဒီကမ္ဘာပေါ်မှာ ရှိကို မရှိခဲ့တာပါ။

          ကိုယ့်ကိုယ်ကို ပြုံးမိသည် သြော် ငါတော်တော်စိတ်ကူးယဉ်တတ်တဲ့ မိန်းမပဲလို့။ ပြန်မှပါ တည်းနေသည့် ဟိုတယ်တွင် သူငယ်ချင်းတွေ ညစာစားဖို့ စောင့်နေပေတော့မည်။ ပင်လယ်၏ နေ၀င်ချိန် သဘာဝအလှ ဆွဲဆောင်မှုကြောင့် တစ်ယောက်တည်း ကမ်းခြေသို့ ပြန်ဆင်းခဲ့သည်။ ဟိုတယ်ပေါ်မှ လှမ်းကြည့်သည့် မြင်ကွင်းထက် ပိုလှသည်။ ပိုနာကျင်ရသည်။ ပိုကြေကွဲရသည်။ ပိုပြီး အထီးကျန်ဆန်ရသည်။ ဒီနေရာလေးကနေ လှည့်ပြန်ချင်လှပြီ။ သို့ပေမယ့် သည်သောင်ယံက “မေ” မခွာရက်နိုင်ပြန်။  အဲဒီလိုပဲ ခုနေ ကျွန်မရှင့်ကို သတိမရချင်ဘူး “မောင်”။ ကျွန်မရဲ့ အတွေးတွေထဲကို ရှင်ရောက်မလာစေချင်ဘူး။ ဒါပေမယ့် ကျွန်မရဲ့ နှလုံးသားကတော့ ရှင့်ကိုအရမ်းလွမ်းနေမိတယ် တမ်းတမ်းတတကို လွမ်းမိပါတယ် “မောင်”။

          တွေးမိရင်း မျက်ရည်တို့က ၀ိုင်းလာပြန်သည်။ ဟင့်အင့် မဟုတ်ဘူး။ ကျွန်မက တော်ရုံငိုတတ်တဲ့ မိန်းမ တစ်ယောက်မှ မဟုတ်တာ။ မျက်ရည်လွယ်လွယ်ကျတတ်တဲ့ မိန်းမတစ်ယောက်မဟုတ်ဘူး။ ဘာလို့ရှင်နဲ့ပတ်သတ်မှ ကျွန်မမျက်ရည်တွေ မခန်းနိုင်အောင် ကျနေရသလဲ “မောင်”။ ကျွန်မက မာကျောတဲ့မိန်းမ။ နူးညံ့ ပျော့ပျောင်းခြင်း အလျင်းမရှိတဲ့ မိန်းမ။ မိန်းမနှင့် မတူတဲ့ မိန်းမ။ ဒါပေမယ့် “မောင်”လို့ ကျွန်မခေါ်ခဲ့တဲ့ နာမ်စား ယောက်ကျားတစ်ယောက်ကြောင့် နေရာဟောင်းကနေ ပြေးထွက်လာခဲ့ရတယ်။  ဟောဒီကမ်းခြေမှာ မျက်ရည်ကျနေခဲ့ရတယ်။ ကျွန်မရဲ့ နှလုံးသား ခံစားချက်တွေကို ထိန်းချုပ်လို့မရဘူး။ အတင်းဖျက်နေတဲ့ ဦးဏှောက်ကိုကျော်လွန်ပြီး နှလုံးသားရဲ့ ခံစားချက်တွေက အနိုင်ယူသွားတယ်။ ၀မ်းနည်းတဲ့စိတ် ဆုံးရှုံးလိုက်ရပြီဆိုတဲ့ အသိနှင့် ကျွန်မ မျက်ရည်ကျနေရတယ်။ မချစ်သင့်တဲ့ သူကိုမှ ချစ်မိတဲ့ ကျွန်မရဲ့ နှလုံးသားကိုပဲ ရိုက်နက်ဆုံးမလို့ ရရင် ရိုက်နှက်ဆုံးမလိုက်ချင်တယ်။ ဟင်..နင်အမှတ်မရှိဘူးလား။ နင်အမှတ်သည်းခြေမရှိဘူးလားလို့ အဲဒီလို မေးပြီး ရိုက်ပစ် လိုက်ချင်တာ။  

          နေမင်းကြီးလုံးဝ ပျောက်ကွယ်သွားပြီ။ မှောင်သွားပြီးပဲ။ မနက်ဖြန်ဆိုရင် ကျွန်မချစ်ခဲ့တဲ့ မောင့် ရဲ့ မင်္ဂလာပွဲ။ မနက်ဖြန်ကို ကျွန်မဘယ်လိုရင်ဆိုင်ရမလဲ “မောင်”။ မောင် ကသစ္စာမဲ့တာလား။ ကျွန်မကိုယ်တိုင် ခေါင်းမာ ခဲ့တာလား။ မောင် သာခုနေဘေးနားရှိရင် ပြောမယ်ထင်တယ်။ “မင်းက ပေးခဲ့တဲ့ အခွင့်အရေးကို မယူတတ်တဲ့သူ” လို့။ ဟင့်အင်း ကျွန်မက အချစ်နဲ့ သိက္ခာမှာ သိက္ခာကိုပဲ ထိန်းခဲ့တဲ့ မိန်းမတစ်ယောက်ပါ။ မောင် နဲ့ ကျွန်မ စတင် ဆုံဆည်းမှုက အချိန်တွေနှောင်းလွန်ခဲ့တယ်။ စတင်တွေ့ဆုံခဲ့တာကိုက မောင့်ရဲ့ စေ့စပ်ပွဲမှာ သူငယ်ချင်းရဲ့ အစ်ကို စေ့စပ်ပွဲ လိုက်ခဲ့ပေးပါလို့ အကူအညီတောင်းမှုကြောင့် လိုက်ခဲ့မိတယ်။ တစ်ကယ်လို့ အဲဒီနေ့ကသာ မလိုက်လာခဲ့ ရင် အခုလိုမျိုး အချစ်ကို မြည်းစမ်းဖြစ်ခဲ့မယ် မထင်ဘူး။ သူငယ်ချင်းက အဲဒီနေ့က ပြောခဲ့တယ်။ “လိုက်ခဲ့ပါ အပျို ကြီးရယ် အားကျသွားအောင်လို့” တဲ့။ အားကျတယ် မကျဘူးတော့ ကျွန်မ မသိဘူးပေါ့။ အခုတော့ အချစ်ကို ကျွန်မ စိတ်ကုန်နေတယ် လို့ပဲ ပြောချင်မိတယ်။

          ပြေးသူနဲ့ လိုက်သူရဲ့ ရာဇ၀င်ကို ရှင်တို့သိကြမယ်ထင်တယ်။ ပြေးတဲ့သူက အပြေးကောင်းနေသမျှ လိုက်တဲ့ သူကလည်း ပိုလိုက်ပြီး အမိဖမ်းချင်လေပေါ့။ ဒီလိုပဲ ကျွန်မက ရှောင်ခဲ့သမျှ ပြေးခဲ့သမျှ “မောင်” ကဖြင့် အဖမ်းတော် ခဲ့တယ်လို့ ပြောရမယ်ထင်တယ်။ အမှန်တော့ စေ့စပ်ပွဲနေ့က မောင့်ရဲ့ မျက်ဝန်း မောင့်ရဲ့ အကြည့်တွေကို မှတ်မှတ် ရရ စွဲလန်းသွားခဲ့မိတယ်။ စကားတွေ မပြောဖြစ်ပေမယ့် ဘာဆိုတာကို စိတ်ထဲကနေ နားလည်သွားခဲ့တယ်။ အဲဒီ အသိကြောင့်ပဲ မောင်က ထပ်ဆုံတွေ့နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ကျွန်မက အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ ရှောင်နေခဲ့တယ်။ ကျွန်မထံကို အားမလိုအားမရ ဒေါသတွေထွက်ပြီး မောင် ရောက်လာလိမ့်မယ်လို့ တစ်ခါမျှ မတွေးမိ ခဲ့ဘူး။ ပြောသွားတဲ့ စကားတွေလဲ မှတ်မိနေခဲ့တယ် “မင်းက အချစ်အတွက် သိပ်ပြီးသူရဲဘောကြောင်တဲ့ မိန်းမ တဲ့ မင်းရဲ့မာနတွေ ခ၀ါချလိုက်ရမှာ သိပ်ကြောက်နေသလားတဲ့”  ကျွန်မကတော့ တုံဏိဘာဝေ အင်းမလုပ် အဲမလုပ်တဲ့ မျက်နှာသေနဲ့ ပြန်ပြီးတုန့်ပြန်ခဲ့တယ်။
         
          ဒါပေမယ့် ကျွန်မရဲ့နှုတ်က တစ်ခွန်းတော့ မေးလိုက်သေးတယ်။ “ရှင် သူ့ကို ချစ်လို့ စေ့စပ်ဖို့ လက်ခံခဲ့တာ မဟုတ်ဘူးလားလို့ ” . သူဖြေသွားတဲ့ စကားတစ်ခွန်းကြောင့်ဖြင့် ကျွန်မဆွံအလို့ သွားခဲ့ရတယ်။ “ ချစ် ဖို့နေနေ သာသာ မစေ့စပ်မှီ တစ်ပတ်အလိုကမှ မျက်နှာမြင်ဖူးတာ” တဲ့။ သြော်.. လှည့်စားရက်တဲ့ ကံကြမ္မာရယ်လို့သာ ညည်း လိုက်ချင်တော့တယ်။

          နောက်တစ်နေ့ ရုံးပြန်တက်ချိန်မှာ တစ်ညလုံးငိုထားလို့ မို့အစ်နေတဲ့ မျက်နှာအတွက် အတော်ကြီး မိတ်ကပ်တွေ ခြယ်သလိုက်ရတယ် မောင် ရဲ့။ ဒါကိုတော့ ရှင်သိခဲ့မယ် မထင်ဘူး။ အပြုံးတွေကို အလှဆုံးဖြစ်အောင် ပြုံးခဲ့သေးတယ်။ အဲဒီနေ့မှပဲ လူတွေက ချီးကျူကြတယ် သိလား ဒီနေ့ “မ” အရမ်းလှနေတယ်တဲ့။ မောင် အဲဒီလို ဒေါသတွေထွက်ပြီး အားမလိုအားမရ လာပြီးရန်တွေ့သွားတာကို ကျွန်မနှလုံးသားက ကြိတ်ပြီး သဘောကျတယ်။ သူ ငါ့ကို ချစ်နေတာပါလားလို့ တွေးပြီး ကျေနပ်တယ်။ ဒါပေမယ့် သော့ခတ်သိမ်းထားပြီးသား ၀ယ်သူရှိပြီးသား အလှပြ ထားတဲ့ မှန်ဘီဒိုထဲက အရုပ်လေးတွေလို ကြည့်သာကြည့် ချစ်သာချစ် မပိုင်ဆိုင်နိုင်တော့ဘူး ဆိုတဲ့ အသိက ကျွန်မကို တစ်ညလုံး ငိုကြွေး နေစေခဲ့တယ်။

          ကျွန်မက အရမ်းချစ်တတ်တဲ့ မိန်းမတစ်ယောက်ပါ။ ခုအသက် ခုအရွယ် ခုအချိန်ထိ ဘာကြောင့် အပျိုကြီး ဘ၀ နေခဲ့သလဲ ရှင်တို့သိကြလား။ ကျွန်မလိုချင်တဲ့ အချစ်မျိုးမရခဲ့လို့ ခေါင်းမာမာနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လိုချင်တဲ့ အချစ်ကို မျှောင်တစ်လင့်လင့်ရှိနေခဲ့တဲ့ မိန်းမ။ အပြင်ပန်း ခပ်တင်းတင်းဟန်က မာကျောနေသယောင်ယောင်နဲ့  အတွင်း စိတ်ထဲမှာ စိတ်ကူးယဉ်ဆန်လွန်းပြီး ရိုမန့်တစ် ချစ်ချင်ခဲ့တဲ့ မိန်းမ။ မောင် ပေးခဲ့တဲ့ အချစ်ကို ၀မ်းပန်းတစ်သာ ကြိုဆို လိုက်ချင်တယ်။ ကျွန်မရှာဖွေခဲ့တဲ့ အချစ်ကို အခုမှပဲ တွေ့ခဲ့ရတယ်။ ဘာကြောင့်ချစ်သွားတာလဲလို့ မမေးနဲ့ အကြောင်းပြ ချက်ရယ်လို့ တစ်စုံတစ်ရာမရှိခဲ့တဲ့ အချစ်ရယ်ပါ။ အကြောင်းပြချက်တွေမဲ့စွာ မောင့်ကို ကျွန်မချစ်မိသွား ခဲ့တယ်။

          “ကိုယ့်ကိုယ်ကို မလိမ်ပါနဲ့လား။ ခု မင်းခေါင်းညိမ့်လိုက်တာနဲ့ ငါ့ရဲ့  စေ့စပ်ပွဲ ဖျက်သိမ်း ကြောင်းထည့် လိုက်မယ်။ ငါ့ဘ၀ကို ငါ့ခြေထောက်ပေါ်ရပ်တည်မယ်။ ငါ့မိဘကို နားလည်အောင် ငါ အတတ်နိုင်ဆုံး ဖြေရှင်းမယ်။ ငါ လိုချင်တာ တစ်ခုပဲ မင်းရဲ့နှုတ်က ထွက်လာမယ့် စကားလေးတစ်ခွန်းပဲ။ “ကျွန်မ ရှင့်ကိုချစ်ပါတယ်ဆိုတဲ့ ” စကား လေးပဲ ။ အဲဒီ စကားလေးကို ရရင် အရာအားလုံးကို ငါရင်ဆိုင်ရဲတယ်” တဲ့ ။ ကျွန်မထင်ထားတာထက် ပိုချစ်နိုင်ခဲ့တယ် မောင် ပဲလို့ စိတ်ထဲက တွေးပြီး ကျေနပ်မိနေသေးတယ်။ ဒါပေမယ့် ကျွန်မနှုတ်က ထွက်လာတဲ့စကားကဖြင့် ကျွန်မရဲ့ နှလုံးသား တွေကို ကြေကွဲစေပါတယ် မောင်။ ဖိတ်စာ Design အမျိုးမျိုးကို ရှင်းပြနေရင်း သတို့သားနေရာက မောင့် နာမည်နဲ့ သတို့သမီးနေရာမှာ ကျွန်မမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ အမည်ကို ဖတ်ဖတ်ပြနေရတာ ကျွန်မရဲ့ နှလုံးသားတွေ နာကျင်လွန်းလှပါတယ်။ ကျွန်မတွေးမိသေးတယ် မိဘလက်ထက်ကထဲက ဦးစီးလုပ်ကိုင်လာခဲ့တယ် ဟောဒီ မင်္ဂလာဖိတ်စာတွေရိုက်ပေးတဲ့ ဒီအလုပ်ကို အဲဒီအချိန်မှာ ကျွန်မအရမ်းမုန်းမိတယ်။ ဖြစ်နိုင်ရင် အဲဒီနေရာကြီးတစ်ခုလုံး မီးတင်ရှို့ပြစ်လိုက်ချင်တာပါ မောင်။
         
          ဒါပေမယ့် ကျွန်မအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တယ်။ တစ်ကယ်ပဲ လိုလိုလားလားနဲ့ မောင် ဟာ ဖိတ်စာ design ကို အပ်သွားတာလား ကျွန်မကိုပဲ ရင်နာအောင် ထပ်လုပ်ချင်ခဲ့တာလား ကျွန်မ မသိဘူး။ “မင်း စိတ်ကြိုက် မင်း စိတ်တိုင်းကျတဲ့ Design ကိုသာ ရွေးပြီးလုပ်လိုက်ပါတဲ့ ငါစရံငွေပေးခဲ့မယ် ပြီးသွားပြီဆိုရင် ဖုန်းဆက်လိုက်ပါတဲ့” ခပ်တင်းတင်းပြောပြီးထွက်သွားတဲ့ မောင့် ရဲ့နောက်ကျောကိုကြည့်ရင်း ကျွန်မရဲ့ မျက်လုံးတွေ ပြာဝေသွားခဲ့ရတယ်။ အဲဒီနေ့ညကနေ နောက်ထပ် ၂ ရပ်တိတိ ဆေးရုံပေါ်မှာနေခဲ့ရတယ်လို့ မောင် ကတော့ မသိခဲ့ပါဘူး။ ရောဂါက စိတ်အရမ်းလှုပ်ရှားလွန်းလို့ လျှော့ဖြစ်သွားပါသတဲ့။ ပြီး အားနည်းနေပြီ အနားယူဖို့လိုတာမို့ ဆရာဝန်က ဆေးရုံပေါ်မှာပဲ နေစေခဲ့သည်။ အားနည်းမှာပေါ့ မောင်နဲ့ဆုံတွေ့ခဲ့တဲ့ နေ့ကနေစပြီး ညဘက်ဆို ကျွန်မရဲ့ အိပ်ချိန်ဟာ ၁ နာရီထက်မပိုခဲ့ဘူး။ အတွေးတွေထဲ တစ်ဝဲလည်လည်ဖြစ်နေတဲ့ ကျွန်မ။ အချစ်ဘက်ကိုလိုက်မလား သို့မဟုတ် တစ်ခြားမိန်းမနဲ့ စေ့စပ်ထာြး့ပီးသား ယောက်ကျားတစ်ယောက်ကို မျက်နှာခပ်ပြောင်ပြောင်နဲ့ ချစ်ပြလိုက်မလား။ ဟင့်အင်း ကျွန်မအဲဒီလောက်ထိ သတ္တိမရှိခဲ့ဘူး မောင်။
         
“မင်း သတ္တိရှိဖို့မလိုပါဘူး။ ငါ နည်းနည်းအတွေးချော်သွားတယ်။ ငါ ပဲ သတ္တိရှိဖို့ လိုတယ် ဆိုတာကို နားလည်လိုက်တယ်”

          နောက်ကျောကအသံကြောင့် လှည့်ကြည့်မိတော့ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ကျွန်မရဲ့ မောင်။ နားမလည် နိုင်တဲ့ မျက်ဝန်းအစုံနှင့် ဆွံအတဲ့ နှုတ်ခမ်းတို့ဖြင့် မောင့်ကို အံ့သြတစ်ကြီး ကြည့်နေမိတယ်။ အိမ်မက်လား။ ခုချိန်မှာ မောင်က ရန်ကုန်မှာရှိရမှာလေ။ မနက်ဖြန် မောင့်ရဲ့ မင်္ဂလာပွဲပဲ။ မောင် ရန်ကုန်မှာရှိရမှာ။ ဒါက စိတ်က ထင်ယောင် ထင်မှားဖြစ်တာ။ ဟုတ်တယ် ကျွန်မဘေးမှာ ဘယ်သူမှမရှိပါဘူး။
         
          “မနက်ဖြန်မှာ လက်ထပ်မဲ့ သတို့သမီးက ငါ့ ကိုငြင်းလွှတ်လိုက်တယ်။ မိန်းမတစ်ယောက်ကို နှလုံးသားထဲ ပိုက်ပြီး အဲဒီမိန်းမမဟုတ်တဲ့ အခြားအမျိုးသမီးတစ်ယောက်ကို ရွှေလက်တွဲလို့ လက်ထပ်ရဲတဲ့ ငါလို ယောက်ကျားကို သူက အယုံအကြည် နည်းနည်းလေးမှ မရှိဘူးတဲ့ အဲဒါ မင်းအသုံးမကျလို့ ဖြစ်ရတာ။ ”
         
          အသံက တစ်ကယ်ပဲ ဟုတ်တယ် ဒါဟာ တစ်ကယ်ပဲ လက်တွေ့ ထင်ယောင်ထင်မှားမဟုတ်ဘူး။ မောင့် ရဲ့ ပြစ် တင်စကားကို ကျွန်မမငြင်းလိုတော့ပါဘူး။ ခေါင်းသာငုံ့ထားလိုက်မိတယ်။ ကမ်းစပ်က သဲနုနုလေးတွေကို ခြေထောက် နဲ့ ထိုးကော်ရင်း အဓိပ္မာယ်မဲ့ စွာ ဆော့ကစားနေမိတယ်။ မောင် ဆူလိုလျှင် ဆူပါစေတော့လေ။

          “အဲတော့ မင်းမှာ အပြစ်ရှိတယ်။ ခုငါ့မှာ နေစရာအိမ်လဲမရှိဘူး။ ထမင်းစားရမယ့် နေရာလဲ ပျောက်ပြီ။ လူတွေကလည်း ငါ့ကို သစ္စာမရှိတဲ့ကောင်ဆိုပြီး အကြည့်ခံရတော့မယ်။ အဲဒီတော့ မင်း ..ဒီနေရာမှာ ခြေစုံရပ်နေ တာ တော်တော်ကြာနေပြီ မညောင်းသေးဘူးလား။ ကိုယ့် ပုခုံးကို လာမှီကြည့်ပါလား။ ”

          ကျွန်မပေပြီး ရပ်မိနေသေးတယ်။ နေရာကနေ တစ်လက်မ မှ မရွှေ့။ မောင် က မျက်နှာခပ်တင်းတင်းနှင့်

             “မင်းရဲ့ အပြစ်ဒဏ်က ကိုယ့်ပုခုံးကို ယုံကြည်အားကိုးစွာမှီလိုက်ဖို့ပဲ ”

ကျွန်မခုမှ ရှင်သန်လာသူလို့ လှလှပပပြုံးလိုက်မိတယ်။ မှောင်နေတော့ မောင် တွေ့လိုက်မယ်လို့ မထင်ဘူး။ ခပ်ရွံရွံ မောင့် အနားတိုးကပ်သွားရင်း မောင့် ပုခုံးကို ကျွန်မမှီထားလိုက်တယ်။ ပင်လယ်ပြင်ကတိုက်လာတဲ့ လေတို့ကြောင့် ကျွန်မရဲ့ မျက်နှာပေါ် ဆံပင်တွေ ဖုံးအုပ်သွားတယ်။ မောင် က အသာအယာ မျက်နှာပေါ်ကဆံပင်တို့ကို သပ်တင်ပေး ရင်း

          “ငါ မင်း ကို တစ်ကယ်ချစ်တာသိလား ” လို့ တိုးတိုးဆိုတယ်။ ကျွန်မက ဟိုးအရင် မောင်နဲ့ဆုံဆည်းစကတည်း က “မောင့်အနား မောင့်အပါးကနေ တစ်ဖ၀ါးမှ မခွာချင် ခဲ့သူပါ” မောင်ရယ် လို့ ခပ်တိုးတိုးရေရွတ်ရင်း မောင့်ရင်ခွင်ထဲ ကျွန်မမျက်နှာကို ၀ှက်ထားလိုက်မိတော့တယ်။ ကျွန်မက ရှက်တတ်တယ်ရှင့်။ 

---

ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေပြီး ရှာဖွေ အသုံးပြုထားပါတယ်။

Thursday 1 January 2015

ကျွန်မက ထားခဲ့တဲ့သူ မဟုတ်ပါဘူး “ကို”





                ကျွန်မက ထားခဲ့တဲ့သူ မဟုတ်ပါဘူး “ကို” တစ်ကယ်ဆို ချန်ထားခံခဲ့ ရတဲ့သူရယ်ပါ။ ချန်ထားခံခဲ့ရတဲ့ စိတ်ခံစား မှုကို “ကို” နားလည်ချင်မှလည်း နားလည်မယ်။ ခံစားတတ်ချင်မှလည်း ခံစားတတ်မယ်။ ချစ်တဲ့သူရဲ့ ကျောခိုင်းခြင်းကို ခံစားခဲ့ ဖူးတဲ့ မိန်းမတစ်ယောက်အနေနဲ့ မျှော်လင့်ချက်တွေ တစ်နင့်တစ်ပိုးနဲ့ ဘယ်လောက်ထိ အားငယ်ခဲ့မယ်ဆိုတာ “ကို” ကတော့ သိနိုင်ခဲ့မယ်မထင်ဘူး။ တစ်ကယ်တော့ အဲဒီအချိန်ကဆို ကျွန်မက ဖြူစင်တဲ့ ယုန်ဖြူလေး တစ်ကောင် ရယ်ပါ။ “ကို့” အပြုံး “ကို့” ရဲ့ မှာတမ်းတွေ အောက်မှာ ကျွန်မက မလူးသာ မလွန့်သာ ချစ်ပိုက်ကွန်မှာ ကျေကျေနပ် နပ် အမိခံခဲ့တဲ့ သူတစ်ယောက်လေ။
         
          ကျွန်မကို ကျောခိုင်းသွားခဲ့ပြီ ထားသွားခဲ့ပြီလို့ သိတဲ့ အချိန်မှာတောင် အချစ်နဲ့ ပတ်သတ်ပြီး နောင်တ မရခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့ဘူးတယ်။ “ကို့” ကို ချစ်ခဲ့မိခဲ့လို့ တစ်ချက်လေးမှ နောင်တမရဘူးတဲ့ မိန်းမပါ။ “ကို” ကဖြင့် ကျွန်မကို သိပ်ချစ်ခဲ့တာပါ။ ဒါဟာ ကံကြမ္မာရဲ့ လှည့်စားမှုပါလို့ မျက်လုံးစုံမှိတ်ပြီး ကိုယ်ချစ်နေရတာကိုပဲ ကျေ နပ် ခဲ့ဘူးတဲ့မိန်းမ။ သူပျော်ရင် ပျော်နေပါစေ ကျွန်မမျက်ရည်ကျလည်း ခန်းလိုလျှင် ခန်းသွားပါစေ “ကို့” အပြုံးကိုပဲ ကန့်လန့်ကာ နောက်ကွယ်က မျက်ရည်တွေနဲ့ ကြိတ်ပြုံးနေတဲ့ မိန်းမတစ်ယောက်လည်း ကျွန်မ ဖြစ်ဘူးခဲ့တယ်။

          လွမ်းလိုက်တာ “ကို” ရယ်လို့ နှုတ်က မဆိုမိသော်ငြား မျက်ဝန်းက စကားတွေကိုဖြင့် “ကို့” ကို ဖတ်စေချင်ခဲ့ တယ်။ ကျွန်မမှားသွားတယ် သိလား “ကို”။ နှောင်းလွန်းမှ သိသွားခဲ့မိတာ။ နှစ်ပေါင်းများစွာကြာမှ သိသွားခဲ့တာ။ နားလည်သွားခဲ့တာ။ “ကို” က ကျွန်မကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးဆိုတာပဲ။ ကျွန်မရဲ့ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ အားလုံး ကျိုးပျက်သွားခဲ့တယ်။ ကျွန်မထိန့်လန့်သွားခဲ့တယ်။ တစ်ကယ်ဆိုရင် အစစအရာရာ “ကို့” ရဲ့ စိတ်ကို နားလည်ထားပြီးသားလို့ ထင်ထားခဲ့တာ။ တစ်ကယ်တော့ ကျွန်မက “ကို” လိုအပ်မှ ရှာဖွေခံရတဲ့ ပစ္စည်း အဟောင်း လေးတစ်ခုရယ်ပါ။ မလိုအပ်ဘူးဆိုတဲ့ အချိန် “ကို့” အနားက ပျောက်ကွယ်သွားသူဟာ ကျွန်မပဲ ဖြစ်ခဲ့ရတယ်။
         
          ကျွန်မဘက်က တစ်ဖက်သတ်ယုံကြည်မှုတွေနဲ့ ကန်းနေခဲ့တာပဲ။ နှောင်းလွန်းမှ သိသွားခဲ့ရတယ်။ အချစ်ကို နောက်ထပ်ရှာဖွေဖို့ကိုတောင် လက်တွန့်သွားတဲ့အထိ။ ကျွန်မရဲ့စိတ်တွေ အိုမင်းခဲ့ရတယ်။ အသက်ရှုသံတွေဟာ အရင် ကလောက် အားမပါတော့တာ ကိုသိနေခဲ့တယ်။ အသက်ရှင်တယ်ဆိုရုံလေး သာဘ၀ကိုဖြတ်သန်းခဲ့တယ်။ ကျွန်မ ကိုယ်တိုင်ပဲ ကျေကျေနပ်နပ် “ကို့” ကိုစွန့်လွှတ်ခဲ့တယ်။ အဲဒါကို ချန်ထားခဲ့တယ်လို့ မဆိုသာပါဘူးနော်။ လွတ်လွတ် လပ်လပ် ပျံပါစေဆိုတဲ့ ဆန္ဒတစ်ခုတည်းရယ်ပါ။ “ကို” နဲ့ပတ်သတ်တဲ့ စိတ်ခံစားမှုအားလုံးဟာ ကျွန်မရဲ့အသိမှာ ပျောက်ကွယ်သွားခဲ့တယ်။ ဘာဆိုဘာမှ မရှိတော့ဘူး။
         
စိတ်နာသွားတာလား သွေးအေးသွားတာလား စိတ်ဆိုးသွားတာလား ကိုယ်တိုင်တောင် မဝေခွဲနိုင်ခဲ့ပါ ဘူး။ ကျွန်မထင်တာတော့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတဲ့ ကမ္ဘာမှာ ကျွန်မကိုယ့်ကိုယ်ကို သတ်ပစ်လိုက်တယ်။ ဒီစိတ်နဲ့ အသက်မရှင်ချင်တော့ဘူးလေ။ ကမ္ဘာသစ်ကို ကျွန်မသွားခဲ့တယ်။ ကျွန်မထံမှာ အတိတ်မရှိဘူး။ မချစ်ခဲ့ဖူး ဘူး။ ကမ္ဘာသစ်မှာ စိတ်သစ်လူသစ်နဲ့ ကျွန်မရဲ့ အနာဂတ်ကို ပြန်လည်တည်ထောင်တယ်။ ကျွန်မထံမှာ အမုန်းလဲ မရှိဘူး။ နာကျည်းတာလဲ မရှိဘူး။ တမ်းတစရာလဲမရှိဘူး။  အနာဂတ်ကိုပဲ လှမ်းကြည့်ရင်း ရောင်နီသန်းနေတဲ့ တက်သစ်စ နေ၀န်းရဲ့ မျှော်လင့်ခြင်း မနက်ဖြန်တွေကိုပဲ တမ်းတတယ်။

          ဖြစ်စေချင်တာ တစ်ခုတော့ ရှိသေးတယ် “ကို” ကျွန်မလိုမျိုး နောက်ထပ် ဘယ်မိန်းကလေးကိုမှ ထပ်ပြီး မလှည့်စားပါနဲ့လား ။ အချစ်နဲ့သစ္စာကို တစ်ထပ်တည်းဖြစ်အောင် ကြိုးစားကြည့်ပါလား။ မိန်းမတွေဟာ ကိုယ့်ချစ်သူ ကိုယ့်အပေါ်မှာ သစ္စာရှိစေချင်တာပါ။ အချစ်ခံချင်တာထက် သိတတ်စွာ သစ္စာဆိုတာကို မြဲမြံစေချင်တာပါ။ ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ။ ဒါပေမယ့် ပျက်တော့ မပျက်စေနဲ့။ အလှအပကို မြတ်နိုးပါ ဒါပေမယ့် လှတာကို လိုချင်လို့ ငတ်တော့မငတ်ပါစေနဲ့။ ချန်ထားခဲ့သူဟာ ကျွန်မမဟုတ်ပါဘူး “ကို” ကျွန်မက နာကျင်မှုတွေနဲ့ နေရာဟောင်းက ပြေးထွက်လာခဲ့တဲ့သူပါ။
         
        ဒီနေ့ ဒီအချိန်ကစပြီး ကျွန်မရဲ့ ဘ၀ထဲမှာ အတိတ်ဆိုတာမရှိတော့ဘူး။ နာကျင်တယ် ဆိုတာ မရှိတော့ ဘူး။ တစ်ခါက ကျွန်မဆိုတာ မရှိတော့ဘူး။ ခုရပ်တည်နေစဲ ကျွန်မသာလျှင် ကျွန်မရဲ့ဘ၀ပဲ။ ကျွန်မရဲ့ အတိတ်ပဲ ။ ကျွန်မရဲ့ သမိုင်းတစ်ရပ်ပဲ။ ဆိုးခဲ့သည် ဖြစ်စေ   ကောင်းခဲ့သည် ဖြစ်စေ ဘ၀သစ်မှာ ကျွန်မလိုချင်ခဲ့တဲ့ တောင့်တခဲ့တဲ့ အေးချမ်း တဲ့ မိသားစုဘ၀လေးကို တည်ဆောက်မယ်။ ကံအကြောင်းမလှလို့ ဘ၀ဟာ ခက်ထန်ချင်လျှင် ခက်ထန်နေပါစေ လှိုင်းလေ ကြမ်းချင်လျှင်လည်း ကြမ်းနေပါစေ အခုရနေတဲ့ ကျွန်မရဲ့ ဘ၀လေးကို ဘယ်တော့မှ လက်မလွှတ်ဘူး။ ခံစားရရင်လဲ အတူတူ စံစရာ ရှိလဲ အတူတူ။ အနှစ်နှစ် အလလက ကျွန်မတောင့်တခဲ့ဘူးတဲ့  အေးအတူ ပူအမျှ ဆိုတဲ့ ဘ၀လေးကို ကျွန်မပိုင်ဆိုင်ခဲ့ပြီ။ ဒါကြောင့် ကျွန်မကို ချန်ထားရစ်ခဲ့တဲ့သူလို့ ခေါင်းစဉ်မတတ်ပါနဲ့လား “ကို” ကျွန်မက ချန်ထားခံခဲ့ရလို့ ကောက်ရိုးလေးတစ် မျှင်ကို ဆွဲမိရင်း အသက်ရှင်ရာကို ကြိုးစားရုန်းထွက်ခဲ့ရတဲ့ သူမို့လို့ပါ။
                   
                    ----
ချစ်သော မောင်နှမများ အားလုံး နှစ်သစ်မှာ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝ ပြည့်စုံလို့ ပျော်ရွှင် ချမ်းမြေ့ကြပါစေရှင်။

သရုပ်ဖော်ပုံလေးကဖြင့် google ကနေရှာဖွေအသုံးပြုထားပါတယ်ရှင့်။