Sunday 20 February 2011

သံသရာ တစ်ကွေ့မယ်




လူတွေ လူတွေ တော်တော်ခက်ကြတာပဲ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရတာ။ ပိုက်ဆံမရှိရင် စိတ်ဆင်းရဲရတာ ကိုယ်ကိုယ်တိုင်ပဲ သိတာ။ ဘေးကနေ သူတို့လဲကူနိုင်တာမဟုတ်။ ကိုယ်လုပ်နေတာကျတော့လဲ ဘေးကနေစေ့စေ့ကြည့်ပြီး အတင်းဆိုတာ တုတ်ကြ သေးတာ။ ကျွန်မလဲ အစကတော့ ဂရုစိုက်ပါတယ်။ လူပြောစရာလေးများ ဖြစ်မလားဟဲ့ပေါ့။ ဒါပေမယ့် ဘယ်လိုပဲနေနေ ပတ်ဝန်းကျင် ဆိုတာက ချီးမွှမ်းဖို့ဆိုရင်သာ ခက်နေတာ ကဲ့ရဲ့တာကျတော့ နေ့မကူးဘူးရက်ကွက်ထဲသတင်းပြန့်တာမြန်ပ။ အင်း ကျွန်မလုပ်နေတဲ့ အလုပ်ကလဲ ကြည့်အုန်းလေ ငါးရောင်းတာကိုး။ ဒီတော့ ဈေးသည်ဆိုတာမှ အော်ကြော်လန် ၀က်ဝက်ကွဲ ငါးစိမ်းသည် ဆိုတာကို ယူထားတာ။ ဒီလိုပြောလို့ ကျွန်မလို ဘ၀တူတွေကို နှိမ်လိုက်တာမဟုတ်ရပါဘူး။ လူတိုင်းရဲ့စိတ်ထဲမှာကိုက ငါးစိမ်းသည် ဆို အပေါက်ဆိုးတယ် အလေးခိုးတယ် စွာလန်ကျဲတယ် အဲဒီလိုမူသေ မှတ်ယူထားကြတာမဟုတ်လား။တစ်ကယ်လဲ ကျွန်မစွာပါတယ်။ မဟုတ်ရင် မခံတာလေးတစ်ခုပါပဲ။ အဖေဆုံးသွားပြီးထဲက အမေကလဲ ဘာမှ မလုပ်တတ် မောင်လေးကလဲ သုံးလေးနှစ်လောက်ရှိသေးတာ။ ပိုက်ဆံ ဆိုတာတော့မေးမနေနဲ့ အမေ့လည်ပင်းက ရွှေကြိုးလေးတောင် အဖေ့အသုဘစားရိတ် လုပ်လိုက်ရပါရောလား။ ဒီတော့ ရက်လည် ကရတဲ့ ကူငွေလေးနဲ့ အမေ့နားကတ်လေးထပ် ရောင်းပြီး ကျွန်မလဲ လောကကြီးထဲ ကုန်စိမ်းသည် အနေနဲ့ ခြေပစ်လက်ပစ်ဝင်ချလိုက်ရတာ။ အဲဒီအချိန်ကကျွန်မရဲ့ စိတ်အားငယ်မှုကို ပြန်တွေးကြည့်ရင် ခုချိန်ထိမျက်ရည်ဝဲမိနေတုန်း။

ဒါပေမယ့်တစ်ခုတော့ရှိတယ် ကျွန်မက ငယ်ငယ် လေးထဲကစွာတယ်။ရဲတယ်။ လူသိပ်မကြောက်တတ်ဘူး။ ကုန်စိမ်းစပြီးရောင်းစကတော့ ဘာပြောကောင်းမလဲ နေ့တိုင်းမျက်ရည်နဲ့ မျက်ခွက်။ ဈေးရောင်းလို့မကောင်းတာကတစ်မျိုး။ ဘ၀တူတွေအချင်းချင်း အလိမ်ခံလိုက်ရတာက တစ်ဖုံ။ နေရာမရလို့ ဗန်းကြီး ခေါင်းရွက် ဟိုရွှေ့ဒီရွှေ့နဲ့ ဈေးကောက်ကို မျက်နှာလုပ်ရတာကတစ်မျိုး။ အရင်းလေးများပြုတ်တော့ မလားဟဲ့လို ရင်တစ်မမနဲ့စ ခဲ့ရတာ။ တစ်ခါတစ်လေများဆို အိမ်မှာဆန်ပြုတ်တောင်နပ် မှန်တာမဟုတ်ဘူး။အိမ်လခကလဲ ပေးရသေး။ မပေးရင်လဲ လမ်းဘေးတဲ ထိုးနေရတော့မှာလေ။ ဒီတော့ လျှော့စားပြီး အိမ်လခပေးရတော့တာပဲ။ အဲဒီအချိန်ကများဆို အမယ်လေး ကူမယ့်သူမပြောနဲ့ ပိုက်ဆံမွဲလို့ မျက်နှာတောင်မွဲတာ ရပ်ကွက်ထဲခေါ်မယ့် ပြောမယ့်သူ ရှိကို မရှိတာ။ ပိုက်ဆံလေးများချေးလိုက်မယ်လေလို့ မတွေးနဲ့ နေ့ပြန်တိုးနဲ့ကို နစ်မှာ။ ဒီလိုနဲ့ပဲ လူရည်လေးလည်လာတော့ ကိုယ်က အပြောကောင်း အဆိုကောင်း စေတနာလေးလဲ ထည့်ရောင်း တော့ ကျွန်မတို့မိသားစု ထမင်းနပ်မှန်ရုံတင်မက။ ငွေလေးကြေးလေး နဲနဲ စုမိလာတယ်။ပြီးတော့ အိမ်ကအငယ်ကောင်လဲ ကျောင်း တက် ရတော့မယ်ဆိုတော့ ကျွန်မလဲ အကုသိုလ်ပေမယ့် ပိုက်ဆံရဖို့က အဓိကမဟုတ်လား။ ငါးစိမ်းသည်ဘ၀ ပြောင်းလိုက်ရတာ။ မပြောင်းလို့လဲ မဖြစ်ဘူး ဒီခောတ် ကန်းဇွန်းရွက် တစ်စီး ၁၀၀ လောက်ဖြစ်နေတဲ့ အချိန် မိန်းကလေးတစ် ယောက်အနေနဲ့ အိမ်မှာရှိတဲ့ မောင်လေးကျောင်းစားရိတ် နဲ့အမေ့ဖို့က ဒီလိုမှ အကုသိုလ်နဲ့ ငွေမရှာရင် ကျွန်မလိုမိန်းမမျိုး ခပ်ရိုင်းရိုင်းပြောရ ဟိုလိုမိန်းမပဲဖြစ်တော့မှာပေါ့။ နှိမ်ပြောတာ မဟုတ်ရပါဘူး။ တစ်ကယ်တော့ ဒီခောတ်ဒီအခါ ဒီလိုအချိန်မျိုးမှာ ပိုက်ဆံဆိုတာရှာရတာခက်နေတာ လူတိုင်းလဲသိနေကြတာပဲ။ တစ်ကယ်ကို ကျွန်မကိုယ်ချင်းစာတွေးတတ်ပါတယ်။လူတိုင်း လူတိုင်းမှာ အကြောင်းပြချက်ကလေးတော့ ရှိကြတာပဲလေ။ အရေးကြီးတာက ကိုယ်လုပ်နေတာပဲ ကိုယ်သိဖို့လိုတာပါ။ ငါးရောင်းတယ်ဆိုမှတော့ ရှင်တာလဲပါတာပေါ့လေ။

ဘယ်တတ်နိုင်မလဲ မျက်လုံးမှိတ်လို့ သတ်ရတာပဲ။ အကုသိုလ်နဲ့တော့ ကျွန်မမပျော်ပါဘူး။တစ်ကယ်ပါ။ သို့ပေမယ့် ကံဆိုတာကလဲ ခက်သားလား။ စီးပွားရေးများတက်လာလိုက်တာ ဒီရေအလား။ ပထမ ကျွန်မငါးရောင်းတဲ့ဆိုင်လေး ကိုယ်ပိုင်ဝယ်လိုက်နိုင်တယ်။ ဘယ်လိုပြောရမလဲ ဒီခောတ်စကားနဲ့ ဆိုရင်တော့ ဆိုင်ပိုင်ရှင်က နှစ်လုံးထိုးတာ ဗိုက်နာနေတဲ့အချိန်ပေါ့ ။ ဒီတော့ ဗိုက်နာတဲ့ဈေးလေးနဲ့ ကျွန်မ၀ယ်လိုက်နိုင် တယ်။ ပြီးရက်ကွက်ထဲ ငွေတိုးချေးစားတာလဲ ကျွန်မပဲ။ ပြောရရင် ကျွန်မနဲ့ ကိုက်တယ်ပေါ့။ ကျွန်မက အော်နိုင်တာကိုး။ သို့ပေမယ့် မရှိတဲ့ လူတွေဆို ကျွန်မကိုယ်ချင်းစာပါတယ်။ နိုင်ထက်စီးနင်းမလုပ်တတ်ဘူး။ ခက်တာကလူတွေပဲလေ တစ်ချို့ကြတော့လဲ တစ်ကယ်ကို ဒုက္ခ ရောက်တာ။ တစ်ချို့ဆိုလည်း သူများပိုက်ဆံယူပြီး ပြန်မပေးချင်တာ။ အို လူအမျိုးမျိုးစရိုက် အဖုံဖုံပါပဲ။

နောက်တော့ ကိုယ်ပိုင် "၁၀" ပေအိမ်လေးတောင် ၀ယ် ထားလိုက်နိုင်တာ။ အမယ်လေး ဒီတော့ ရပ်ကွက်ထဲက ဘာပြောကြတယ် မှတ်သလဲ။ အကုသိုလ်နဲ့မှ စီးပွားဖြစ် တာတဲ့လေ။ နောက်ပြီး ငါးယူနေကြ ငါးဆိုင်ပိုင်ရှင်ဒိုင်နဲ့က ဘာလိုလို ပြောနေကြသေးတာ။ သူတို့မို့လို့ ကိုယ်ချင်းရယ် မစာမနာ ကျွန်မလို အပျိုလေးတစ်ယောက်ကို ဒီလိုမျိုးပြောရဲလိုက်ကြ တာ။ သို့ပေမယ့် ကိုယ်ကလဲ စီးပွားရေးဆိုတာ ရှိသေးတာကလား။ မျက်နှာလေးပြစားတယ်ဆိုလားပဲ။ ဒေါသတွေထွက်လိုက်တာ။ ပြီးတော့ ပြောရက်လိုက်ကြတာ။ ဘယ်လောက်တောင်ဆိုးခဲ့သလဲဆို ငယ်ချစ်ဦးကတောင် တစ်ကယ်ပဲဖြစ်နေသလိုလိုနဲ့ သံသယတွေ ၀င်ပြီး ကွဲကွာသွားကြတဲ့အထိ။ ရက်ကွက်ထဲက မိန်းမတွေပါးစပ်များ အဲဒီထဲက စိတ်ကလဲနာ ပြီးတော့ သူတို့ကို ဂရုစိုက်ချင်စိတ်လဲ မရှိတော့ဘူး။ သူတို့လဲပြောချင်ရာပြော ကျွန်မလဲ ကျွန်မလုပ် စရာရှိတာလုပ်တယ်။ရှေ့တင်လာပြီး စောင်းသလို ရွှဲ့သလိုဆိုရင်တော့ ပါးစပ်နဲ့မပြောဘူး လက်နဲ့ကိုပြောပစ်လိုက်တယ်။ ကဲ ဘယ်သူ ပြောရဲသေးလဲ။
ဒီတော့ ကျွန်မကကြမ်းတယ်ပေါ့။ ရိုင်းတယ်ပေါ့။ ရှင်တို့ပဲ စဉ်းစားကြည့်လေ သူတို့ကမှ မကောင်းတော့ ကျွန်မလဲ မကောင်းနိုင် တော့ဘူး။ ဘာပြောကောင်းမလဲ ကျွန်မနဲ့ မတည့်တဲ့ ကောင်မတွေများ ငွေတိုးယူထားလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။

နောက်ပြီး ဒီလိုအချိန် ဒီလိုအခါက နှစ်လုံးတို့ဘာတို့ နှိပ်စက်တဲ့ အချိန်မဟုတ်လား။ ခောတ်ပျက်သူဌေးပဲခေါ်ခေါ် ။အပိုင်လုပ်ပြီးသူတို့နေတဲ့ အိမ်တွေပါသိမ်းပစ်တာ။ ငိုလဲ မသနားနိုင်ဘူး။ အရင်သူတို့အလှည့်တုန်းက လုပ်ထားတာ..ခု ကျွန်မ အလှည့်။

အဲဒါလေးတစ်ခုတော့ ကျွန်မဆိုးတယ်ပြောရမယ်။ ကိုယ့်ကိုယ်နစ်နာအောင်လုပ်ထားပြီဆိုရင်။ အချိန်ဘယ်လောက်ပဲကြာကြာ မှတ်ထားပြီး ကျွန်မအလှည့်ဟေ့ဆိုတာကို ရောက်အောင်စောင့်တာ။ အလှည့်ကျတော့ မနွဲ့ စတမ်းပေါ့။ ကိုယ့်အလှည့်တုန်းကလဲ ကိုယ့်မာန ကိုယ့်သိက္ခာကျအောင် ကိုယ့်နာမည်ပျက်အောင် ဖျက်ထားသေးတာ။သူတို့အလှည့်ကျ ဘာများငဲ့ကွက်စရာ လိုတုန်း။ ဆိုင်ပိုင်ရှင်မိန်းမက အဆိုးဆုံး။ သူကလဲပိုက်ဆံလိုလို့ ကိုယ်ကလဲ ဒီပိုက်ဆံနဲ့ဝယ်နိုင်လို့ ၀ယ်တာကိုပဲ။ သူ့မှာ မကျေနပ်ဘူး။ ကျွန်မ ထင်တာတော့ စီးပွားရေးတက်လာတော့ မလိုမုန်းထား ဘ၀တူအချင်းချင်း မနာလိုတာပိုများပေါ့။ ဒီတော့ ဟုတ်သလိုလိုနဲ့ အတင်းကနေ သတင်းတွေဖြစ်တော့တာပဲကိုး။ ဒီတော့ ကျွန်မဘ၀မှာ အသက်ကသာ ၃၀ စွန်းရော ယောက်ကျား မယူဖြစ်ဘူး။ ဘယ်လိုယူမတုန်း နာမည်ကပျက်နေတာကိုး။ ဒါပေမယ့် တန်ပါတယ်။ ခုဆို ကျွန်မအမေ ကျွန်မမောင်လေး လူတန်းစေ့စားနိုင် နေနိုင် ကျောင်းတက်နိုင်။ အမေ နဲ့မောင်လေးကတော့ ပြောပါတယ်။ ဒီအကုသိုလ် အလုပ် သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ ရတဲ့ပိုက်ဆံ တွေကို ရပ်လိုက်ပါတော့တဲ့။ နို့ပေမယ့် လူ့စိတ်ဆိုတာလဲခက်သား။ ဒီအလုပ်နဲ့မှ ဒီလိုဖြစ်လာတာဆိုတော့ ကျွန်မကတော့ မစွန့်နိုင် ဘူး။ လောဘက ဦးဆောင်နေတာကိုး။ အလှူအတန်းတော့ ရက်ရောတယ်။ နှမျှောတယ် တွန့်တိုတယ်လို့ မရှိဘူး။ ရွက်ကွက်ထဲ သာ ရေးနာရေးဆို ရှေ့ဆုံးကနေကို လှူတာ။ ဒီတော့ ကျွန်မနာမည် ကြီးတာပေါ့။ ဒီတော့ ဘာပြောတယ်မှတ်တုန်း။ အမယ်လေး ရက်ကွက်ထဲ ငါးစိမ်းသည်မက သူဌေးနာမည်ခံနေပါရောလားဆိုပဲ။ လှူလိုက်တာတော့ ကျုပ်လှူတာပေါ့။ ဈေးသည် ဈေးထဲဆိုတော့လဲ သတင်းကအကုန်ပြန် ကြားရတာ။ စေတနာတစ်ကျပ်ဖိုးအပြင် ဒေါသနဲ့မောဟပါ ထည့်ပေါင်းတော့ ကျွန်မအကုသိုလ်ပိုများပေါ့။

ပြန်ပြီးကြားကြားနေရတဲ့ သတင်းစကား အတင်းတွေကြောင့် ကျွန်မစိတ်မှာ တစ်နေ့တစ်နေ့ ဒေါသ၊မာန နဲ့ မောဟမီးများ လောင်လိုက်တာ မပြောပါနဲ့။ နားရတယ်ကိုးမရှိဘူး။ ဒီကြားထဲ လုပ်နေတာက ငါးရောင်းတာ။ ငါးကလဲ သတ်ရင်းသတ်ရင်း လက်ကလဲယဉ်လာလိုက်တာ။ မနောကံနဲ့ပါ ကျူးလွန်မိလာတယ်။ အဲဒီပြောနေတဲ့ ကောင်မတွေကိုလဲ ငါးတွေရဲ့ ခေါင်းကို ဓါးမနဲ့ တိကနဲ့ ဖြတ်လိုက်သလို ဒင်းတို့ကိုပါ အဲလိုဖြတ်ချင်လာတာ။စိတ်ထဲမှာ အချိန်ပြည့်။ ကျွန်မမှားနေလို့ ပြောတယ်ဆိုပြောပါ။ သို့ပေမယ့် ကိုယ်မှမဟုတ်တဲ့ဟာကို ဒင်းတို့က တစ်စိတ်တစ်အိတ်လုပ်ပြီးပြောနေတာ ရင်ထဲမှာခံပြင်းလွန်းလို့။
ဘယ်လောက်တောင်လဲဆို ကျွန်မရဲ့မျက်နှာမှာ ဒေါသရဲ့ အရှိန်နဲ့အချိန်ပြည့် နီမြန်းလာတာ။ အရင်လိုစကားတွေ မချိုသာနိုင်တော့ ဘူး။ ပိုက်ဆံလေးလဲရှိလာတော့ မာန်ဆိုတာလေးကလဲ ရောက်လာပြီးကိုး။ ဒီတော့ ကျွန်မက အသက်ကြီးလေ မိုက်လုံးကြီးလေပေါ့။ ဒီလိုဆိုကြပြန်တာလား။ ကျွန်မရဲ့ စိတ်တွေကလဲ ကြိတ်မနိုင်ခဲမရပေါ့။ ပူလောင်လိုက်တာ ပြောမနေပါနဲ့ နေ့တိုင်းအဲဒီခံပြင်းတဲ့ စိတ်ကြီးနဲ့နေရတာ။ အမယ်လေး ပူလောင်လိုက်တာ။ ဒီကြားထဲ ကျွန်မခေါင်းကလဲ ပိုပိုပြီး ကိုက်လာတယ်။ဆေးခန်းပြ ခဏပါပဲ။ နောက်နေ့ ပြန်ကိုက်မထနိုင်ဘူး။ထင်တော့ ငါးတွေရဲ့ခေါင်းကို ထုထုသတ်ခဲ့တဲ့ဝဋ်ကတော့ ဘ၀မကူးခင်လည်ပြီထင်ပ။

ဒီကြားထဲ ခေါင်းကကိုက်နေတာတောင် စိတ်ထဲဂယောင်ဂတမ်းနဲ့ ငါးခေါင်းတွေ ထုနေသေးတာ။ ဒီလိုနဲ့ ကျန်းမာရေးကလဲ တစ်နေ့ရွှေ တစ်နေ့ငွေ ဒီကြားထဲ အမေကလဲ အသက်ကြီးတော့ဆုံးသွားပြန် တယ်။ မောင်လေးကလဲ အရွယ်ရောက်ပြီ ပညာလဲစုံ ကြင်ယာလဲစုံပြီးပေါ့။ ဒီတော့ ကျွန်မတစ်ယောက်တည်း အထီးကျန်လိုက်တာ။ အသက်ကလေးကလဲ ရလာ ဘ၀ကလဲ ကြမ်းဆိုတော့ ဇရာရဲ့နှိပ်စက်ချင်းကို လူးလိမ့်ပြီးခံရတော့တာပဲ။ ကျွန်မရဲ့ မျက်နှာကလဲ တေးထားတဲ့ အာဂတတွေ လုပ်နေတဲ့ အကုသိုလ်တွေ လောဘတွေ မောဟတွေ မာန်တွေမချနိုင်သေးတော့ ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသလားမှတ်ရတယ်။ ခုဆို ကျွန်မအသက် ၅၀ နားနီးပြီးကိုး။ ဒါတောင် လူတွေကပြောနေသေး တာ အဲဒီမိန်းမကြီး သေရင်ဥစ္စာစောင့်ဖြစ်မှာတဲ့လေ။ ကိုယ့်ပစ္စည်းကိုယ်စောင့်တာ ဘာဖြစ်တုန်း။ ဒင်းတို့အပူလား။ အသက်ကကြီးလေ တစ်ယောက်တည်းဖြစ်လေ ဒေါသကပိုကြီးလေ အပေါက်ကပိုဆိုးလာလေနဲ့ သံသရာလည်နေတာမပြောပါနဲ့တော့။

ကိုယ်တိုင်ကိုယ်ကလဲ အချိန်ပြည့် အဲဒီလို အော်ပြီးပြောရဆိုရတာကို ပိုပြီးတော့ပဲ နှစ်သက်လာသလိုလို။ဆိုင်မထွက်လို့ ငါးညှီနံ့လေး များမရရင် တစ်ခုခုများလိုနေသလိုလို။ အဲဒီလိုကိုဖြစ်နေတာ။ မနက်မိုးလင်း မျက်နှာသနပ်ခါးသာ မလိမ်းရင်နေမယ် ဟောဒီက ကျော့မေ တို့က ငါးဆိုင်တော့ ဖွင့်ပြီးနေပြီ။ကျန်းမာရေးကတော့ အရင်လိုမကောင်းဘူးပေါ့။ပြီးတော့ လူဖြစ်ရတဲ့ ကိုယ့်ဘ၀ကိုယ်လဲ မကျေနပ်ဘူး။ ငယ်ဆိုတဲ့ အရွယ်ထဲကသူများတွေလို မလှရ မပျော်ရ။ ဟော အသက်ကြီးလာတော့လဲ ဘာများပျော်စရာ ကောင်းတုန်း။ ဘ၀နဲ့ ကျွန်မနဲ့ နပမ်းလုံးရင်း တစ်နေ့တော့..

ကျွန်မတို့ ရပ်ကွက်ထဲ ၁၀ ရက်တရားစခန်းဖွင့်တယ်။ အလှူဆိုရင်တော့ ကျွန်မကရှေ့ဆုံးကပေါ့။ ဒီတော့ ရက်ကွက်ကလူကြီး တွေက တိုက်တွန်းတယ်။ လှူလဲလှူကိုယ်တိုင်လဲ ရိပ်သာစခန်းဝင်ပေါ့။ ပြောလွန်းမက ပြောကြလွန်းတော့လဲ အားနာတာနဲ့ လိုက်ဝင်ဖြစ်တာပေါ့။ စစချင်းရက်များတုန်းကဆို ငါးဆိုင်ကိုကြီး စိတ်ကမြင်နေတာ။ ပြီးတော့ ငါးတွေကလဲ ယူထားပြီးသားဆို တော့ ပိတ်လို့ကလဲမရဘူးလေ။ ဒီတော့ သူများကို ရောင်းခိုင်းခဲ့ရတာ။ အဆင်မှ ပြေပါ့မလား။ ရှုံးများနေပြီလား။ မျက်စိထဲ သတ်ထားတဲ့ ငါးတွေပြန်မြင်လာလိုက်။ သွေးသံရဲရဲနဲ့။ ဒီကြားထဲ စိတ်ထဲမှာ အော်ဟစ်နေချင်တာများ ထိန်းမနိုင်သိမ်းမရ။အင်း ဒီလိုဆိုရင်တော့ ခက်ရချေရဲ့။ ရက်ကွက်ထဲ လူကြီးတွေပြောပြီး ထွက်ပစ်လိုက်ဖို့ကိုစိတ်ကူးတာ။ ၄ ရက်မြောက်ညဘက် အရောက် အိပ်ခါနီးမှာတော့ ဆုံးဖြတ်လိုက်တယ် မနက်ဖြန်မနက် ရိပ်သာကနေထွက်တော့မယ်။

မနက်မိုးလင်းအိပ်ယာကနိုးတော့ လူတွေရုတ်ရုတ်ဖြစ်နေတယ်။ ဘာများပါလိမ့်ပေါ့။ အမယ်လေး ကျွန်မရဲ့ရန်သူတော်ကြီးတစ် ယောက်လေ အိပ်နေရင်းနဲ့ ဆုံးသွားပါရောလား။ မနက်မိုးလင်း သူ့ဘေးက တူတူအိပ်တဲ့ မိန်းမက ခေါ်ကြည့်လို့မရတော့မှ ဆုံးမှန်းသိတယ်တဲ့။ သူ့ကြည့်ရတာ ဝေဒနာတော့ တော်တော်ခံစားသွားရပုံပဲ။ သူ့ရဲ့လက်တွေက အိပ်ယာခင်းကို ကိုင်ပြီးဆုပ်ထားတာ တော်တော်နဲ့ဖြည်လို့မရဘူး။ပြီးမျက်လုံးကလဲ တစ်ဝက်ကပွင့်နေသေးတယ်။ သူ့ရဲ့ နဂိုရှိရင်းစွဲ သွားခေါတာ ကလဲ ပိုခေါနေသလိုပဲ အပြင်ကိုငှောထွက်နေတာ။ ကြည့်ရဆိုးလိုက်တာလို့ စိတ်ကတွေးနေသလို စိတ်ထဲမှာလဲ သူ့ကိုသနား သွားတယ်။အရင်က မကျေနပ်ချက်တွေ ဘယ်ကိုရောက်ကုန်ပြီလဲ မသိဘူး။ အော် သေသွားတော့လဲ ဘာမှမဟုတ်ပါလားလို့ တွေးလိုက်မိတယ်။

ဒါဆိုရင် ငါကိုယ်တိုင်ရော သေဖို့အသင့်ပဲလားလို့ စဉ်းစားလိုက်မိတယ်။ ကျွန်မလဲ သေသွားနိုင်တာပဲမဟုတ် လား။ အဲဒီတော့မှ ကြောက်လိုက်တာ။ ဘုရား ဘုရား လို့တမိတယ်။ ခုလောလောဆယ် ကိုယ့်ဒီခန္ဓာကြီးက ဘာရောဂါမှ မခံစားရတာတောင် ကျွန်မရဲ့ လောဘ ဒေါသ နဲ့ မောဟတွေကို သတ်လို့မရတာ။ ဒီခန္ဓာကြီးနာနေတဲ့ အချိန်များဆို ကျွန်မ ဘယ်လိုများ တရားသိတော့မှာတုန်း။ တရားမသိဘူးဆိုမှတော့ နောက်ဘ၀ဒီခန္ဓာကြီးရ ဒီလိုပဲ လောဘတွေ ဒေါသတွေဖြစ်။ ဒါတောင် ကျွန်မမှာ ငါးတွေသတ်ထားတဲ့
ဝဋ်ကြွေးဆိုတာရှိသေးတယ်။ မတ်တပ်ရပ်လို့ သေဆုံးသူရန်သူတော်ကြီးရဲ့ ရုပ်အလောင်းကို ကြည့်ပြီး ကျွန်မဒူးတွေ တုန်လာတယ်။ ရင်ထဲမှာလဲ တစ်လျှပ်လျှပ်ဖြစ်လာတယ်။ ဘုရား..ဘုရားဆိုပြီးတနေတာ လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းကို မသိတော့ဘူး။ ကျွန်မရဲ့အသိကလေး လျှပ်ကနဲ တစ်ချက်ဝင်လာတယ် ဒီဘ၀ ဒီသံသရာကတော့ လွတ်အောင်တော့ ရုန်းမှဖြစ်တော့မယ်လို့...။ ။

(သီလရှင်..ဆရာလေး)အင်း..ဒါကတော့ ဆရာလေးရဲ့ ဘ၀ဇာတ်ကြောင်းပဲ ဒါယကာမလေးရယ်။ ခုတော့ ဆရာလေးလဲ တစ်ယောက်တည်း ဖြစ်တာလဲ မကျေနပ်တာမရှိတော့ပါဘူးကွယ်။ အကြောင်းရှိလို့ အကျိုးဖြစ်တာမဟုတ်လား။ ပြီးတော့ သူများကလိုက်ပြောနေတာကို ကိုယ့်စိတ်က လက်ခံလိုက်မှ ကိုယ်ကရတာပါကွယ်။ ကိုယ့်စိတ်ထဲမထည့်ဘူးဆိုရင် ဘာများရနိုင်အုန်းမလဲ။သံသရာမှာ ကိုယ်ကသူများကို ဒီလိုတစ်ကြိမ်ပြောခဲ့ဘူးတာမို့ ကိုယ့်အလှည့်ဒီဘ၀မှာ ၀ဋ်ဆိုတာ ပြန်ဆပ်တယ် လို့မှတ်ပါကွယ်။ ကိုယ့်ဘက်ကသာ မှန်နေတယ်ဆိုရင် တစ်ချိန်ချိန်မှာ သူ့အလိုလို အမှန်တရားဆိုတာ ပေါ်ပေါက် လာမှာပါ။ မေတ္တာသည်သာ အမြတ်ဆုံးပဲကွဲ့။ အဲဒီလိုမဟုတ်ပဲနဲ့ သူကပေးနေတဲ့ မနာလိုမုန်းတီးချင်း မရှုတဲ့စိတ်ထားတွေကို ကိုယ့်ဘက်က မာန်မာန ဒေါသနဲ့ မောဟတွေ ပြန်ပေးနေရင်းဖြင့် နှစ်ဘက်စလုံးဟာ ဘဲစားဘဲချေးဖြစ်တော့မှာပေါ့ကွယ်။
ကဲ ဆရာလေးလဲ ဆွမ်းစားချိန် နီးပြီးမို့ ကြွတော့မယ်ကွဲ့။
ဒါယကာမလေးတို့လဲ တစ်သက်တာလုံး မေတ္တာရေဖြန်းလို့ မေတ္တာနဲ့ အေးချမ်းပါစေကွယ်....

(ဖူး) တင်ပါ့ ဆရာလေးဘုရား။ ဆရာလေးကို ဒီနေ့အဖို့ ဆွမ်းကပ်ပါရစေဘုရား..

(သီလရှင် ဆရာလေး) အိမ်း အိမ်း သာဓု သာဓု သာဓု ပါကွယ်။


ဖူးတို့ သူငယ်ချင်းတစ်သိုက် ကျိုက်ထီးရိုးဘုရားဖူးထွက်လာကြသည်။ကျောင်းတွင် ဖူးတို့အဖွဲ့နှင့် အပြိုင်အဆိုင် မတည့်သော အဖွဲ့ကလဲ ကားချင်းကလဲ တူတူ။ တည်းခိုတော့လဲ တူတူ။ သူတို့ကမတူတူအောင် လိုက်ပြိုင်ဆိုင်နေကြသည်။ ဒီတော့ ဖူးတို့တစ်ဖွဲ့လုံး မပျော်ရ။ ဒေါသတွေသာ အလိပ်လိုက်ထွက်နေကြသည်။ ရေတံခွန်သွားတော့လည်း အတူတူလိုက်ပြီး ဖူးတို့အဖွဲ့ကို တစ်လမ်းလုံး မခံချင်အောင် လိုက်ပြောသည်။ ဒီတော့ အဖွဲ့မှ ယောက်ကျားလေးများက ထိုးမယ် ကြိတ်မယ် တစ်ကဲကဲနှင့် မိန်းကလေးတွေကလဲ ပြသနာတက်မှာစိုးသောကြောင့် လိုက်ထိန်းနေရနှင့် ဘုရားကိုပင်ဖြောင့်ဖြောင့် ရှိခိုးမိရဲ့လားတောင် မသေချာ။
မနက်ဖြန်ဆိုပြန်ရတော့မှာမို့ နံနက်စာအဆာပြေစားအပြီး ဘုရားရင်ပြင်တော်ပေါ်တွင်
ဝိုင်းဖွဲ့ထိုင်ရင်း မခံချင်သည်များကို အဖွဲ့ထဲ တစ်ယောက်တစ်ပေါက်ပြန်ပြောနေတုန်း ခုနက သီလရှင်ဆရာလေးက
ဝင်ရောက်ပြောဆို ဖျန်ဖြေပေးသွားချင်သာ ဖြစ်သည်။ ခုတော့လဲ အဖွဲ့ထဲက လူများတိတ်လို့..စိတ်ထဲမှာတော့ ကြည်နူးမိကြ သည်။ သီလရှင် ဆရာလေးအားလဲ မနက်ဆွမ်းကပ်လိုက်ကြသည်။ ပြီးတော့ ဆန့်ကျင်ဘက်အဖွဲ့အားလည်း ဥပက္ခာပြုလိုက်ကြ သည်။ သူတို့ဘာသာ ဘာပြောပြော။ အရေးကြီးတာက ကိုယ်တွေရဲ့ စိတ်ထဲမှာ ကြည်နူးစွာနဲ့ ကျိုက်ထီးရိုးဘုရားကြီးအား အေးအေးချမ်းချမ်း ဖူးကြဖို့သာ အဓိက။
နှစ်တိုင်းကျိုက်ထီးရိုးဘုရားကြီးကိုလာဖူးပြီးပြန်နေကျ ဖြစ်သော်လည်း။ ဒီနှစ်ဖူးပြီးပြန်ရတဲ့ အပြန်လမ်းတွင်တော့ စိတ်ထဲမှာအားလုံး ပေါ့ပါးနေကြသည်။ ပြီးတော့ ကြည်နူးနေကြသည်။ဘာရယ်တော့မဟုတ်။ သူတို့သူငယ်ချင်းအားလုံး၏ မျက်နှာသည် ကြည်လင်ပြီး ပြုံးရိပ်သန်းနေကြသည်။ ဆရာလေးပြောသော မေတ္တာ၏ အေးချမ်းသော အရိပ်ကြောင့်သာ ဖြစ်မယ်လို့ ဖူးတစ်ယောက်တွေးနေမိ တော့သည်။

ဘလော့မှာတင်ထားတဲ့ ပုံလေးကိုတော့ internet ကနေပဲ ရှာပြီး ယူသုံးထားမိတယ်။

Monday 14 February 2011

MALWARE ကင်းရှင်းပါကြောင်း (2)



ဒီနေ့ ရသဝတ္ထုရွေးချယ်ခြင်းအဖွဲ့ ရဲ့ သတင်းပေးချက်အရ ထပ်စစ်လိုက်တော့ ထပ်တွေ့ပါတယ် ၀ဲတွေ တဲ့။ ဒါနဲ့ အနီလိုင်းတွေနဲ့
ဖြစ်နေတဲ့ links များကို ပြန်ပြီး ဖျက်လိုက်ရပါတယ်။ နောက်များမှ ပြန်ပြီး ထပ်ချိတ်ပါတော့မယ်။
အနီလိုင်းတွေ ဖြစ်နေတဲ့ ညီအစ်ကိုမောင်နှမ ဘလော့ဂါများကတော့
၁) ဆင်တဲ့ ကဖီး
၂) ရင်မှမိုးစက်ပွင့်များ ဘလော့title နဲ့ ဇူး
၃) Myanmar Food House title နဲ့ Sunny
၎) ဘလော့ဂါအများမှ ချစ်စနိုးခေါ်နေကြသော မယ်ကိ..ကိကိ..

အဲဒီ မောင်နှမများရဲ့ links တွေကိုဖျက်ပစ်လိုက်ပြီးမှ ပဲ ၀ဲကင်းကြောင်း ထောက်ခံစာ ပြန်ထွက်လာပါတယ်။
အမှန်တော့ ဆွေလေးကိုယ်တိုင်က လောဘကြီးတာပါ။ စာဖတ်ကာနီးရင် links တွေပြန်ရှာနေရတာ စိတ်မ၇ှည်တာနဲ့
ပြန်ချိတ်လိုက်တာ ၀ဲပြန်ကူးသွားတယ်။ နောက်အေးအေး ဆေးဆေး ဖြစ်တော့မှ ပြန်လင့်ပါတော့မယ်။

ဘလော့ညီအစ်ကိုမောင်နှမများ အားလုံး ၀ဲပျောက်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းရင်း..
ဝဲကင်းကြောင်း ထောက်ခံစာ ပြန်တင်လိုက်ပါတယ်။

Thursday 10 February 2011

MALWARE ကင်းရှင်းပါကြောင်း




ကြိုးစားပမ်းစား ချိတ်ထားသော LINKS များကို ဖျက်ပစ်လိုက်ပြီးနောက်.. ၀ဲ ပျောက်ကင်းသွားပါပြီ ဆိုတဲ့ အကြောင်း.

Wednesday 9 February 2011

အချစ်စစ်ဟူသည်



(ကိုမြ) ရော့ ကိုထွန်း ခင်ဗျားအပ်ထားတဲ့ အထည်တွေအကုန်ပြန်ယူသွား။ နောက်ကျုပ်ဆိုင်ကို လာမအပ်နဲ့တော့ ။

သက်ပိုင် ကတော့ စိတ်ထဲကနေ ရေရွတ်မိသည်။ ပြသနာတော့ တက်ပြီ။ သူ့အဖေသည် ထိုကဲ့သို့ အပြော မတတ်မှုကြောင့် ပြသနာတွေရှင်းရပေါင်းမျာြး့ပီး။ အထူးသဖြင့် ဆင်းရဲပြီ နိမ့်ကျသောသူများဆိုလျှင် သာသာ ထိုးထိုး ပိုပြီးဖိပြောတတ်သည်။ ခုပဲကြည့်လေ စက်ချုပ်သည့် ဦးလေးကြီးအား ခင်ဗျားတို့အသက်ကြီးပြီး သမီးတွေရှိတာပဲ ခိုင်းပါလား။ ပညာတွေတတ်နေလဲ တစ်ချိန်ချိန်ယောက်ကျား ယူမှာပဲဆိုတော့ ပိုင်ရှင်ဦးလေး ကြီး စိတ်ဆိုးစွာဖြင့် အထည်တွေ အကုန်ပြန်ပေးပြီး နောက်လာမအပ်နဲ့တော့လို့ ပြောနေလေပြီ။

(သက်ပိုင်) ကဲ အဖေသွားကြစို့ တော်ပြီဗျာ ပြသနာ ထပ်ရှာမနေနဲ့တော့။

(ဦးထွန်း) ရမလားကွ။ ဒါသက်သက်စော်ကားတာ ပိုက်ဆံမရှိလို့ စက်ချုပ်စားရတဲ့ သူကများကွာ။သူ့သမီး တွေက ဘယ်လောက်တန်နေလို့လဲ။

(မိုး) ဦးတို့လိုမျိုး သားသမီးကို ခိုင်းစားဖို့ မွေးတဲ့ မိဘတွေကတော့ ဒီလိုပဲ တန်ရာ တန်ကြေးဖြတ်တတ်ကြ တယ်။ ကျွန်မ မိဘတွေက သားသမီးတွေကို ဘယ်တော့မှ တန်ဖိုးမဖြတ်ဘူး။ မေတ္တာနဲ့ပဲ ပေးဆပ်ကြတာ။ ကျွန်မ မိဘတွေဆင်းရဲပေမယ့် သူတို့ဆီမှာ သားသမီးဖြစ်ရတာ ကျွန်မတော့ အရမ်းကို ကျေနပ်နှစ်သိမ့်မိ တယ်။ ဦးတို့လို မိဘမျိုးမှာ ဆိုရင် ခိုင်းစားခံနေရမှာစိုးလို့။

သက်ပိုင် အံ့သြသွားသည်။ စကားပြောသံနှင့်အတူ ၀င်ရောက်လာသည့် ကောင်မလေးတစ်ယောက် မလှပေ မယ့် သူမမျက်နှာလေးကြည့်ရတာ အေးချမ်းသည်။ ပြီးတော့ သူမ၏ အသံသည် မမာလွန်းပေမယ့် ပြတ်သားြ့ပီး သြဇာသံပါသည်။ ပြီးတော့ နောက်ကျောဘက်ချထားသော ဆံပင်ရှည်ရှည်အိအိလေးများနှင့် သူမအား သက်ပိုင် စိတ်ထဲ ဘယ်လိုဖြစ်သွားသည်မသိ။ အမျိုးအမည်မသိသော ခံစားချက်တစ်ခုတော့ သူ့ရင်ထဲ လှိုင်း ခက်သွားသည်ကတော့ သေချာသည်။

(ဦးထွန်း) မင်း.မင်း..

(သက်ပိုင်) ကဲ..လာပါအဖေရာ ပြန်ကြစို့။ ဦးလေးတို့ကိုလဲ ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ သွားခွင့်ပြုပါ အုန်း။

အဲဒီနေ့ …အဲဒီနေ့ နောက်ပိုင်း သက်ပိုင်ရဲ့ စိတ်ထဲမှာ အဲဒီကောင်မလေးကို မေ့ပစ်လိုက်လို့မရ။ ထပ်တွေ့ ချင်နေမိသည်။ အဲဒီဆိုင်နားကို သွားရှာရင်ကောင်းမလား။ သူမ၏ ခပ်ပြုံးပြုံးလေး ပြောနေသော ပုံစံလေးအား သူဘယ်လိုမှ မေ့ပစ်လို့မရ။ စိတ်ထဲမှာ သွားရင်ကောင်းမလား မကောင်းဘူးလား စိတ်ထဲမှာ လွန်ဆွဲနေမိ သည်။ သူမတို့ဆိုင်နား သွားမရှာပေမယ့် သက်ပိုင်ကတော့ သူသွားသမျှ နေရာတိုင်းတွင် ကောင်မလေး ကို တွေ့နိုး တွေ့နိုးဖြင့် မျက်လုံးက အလိုလို လိုက်ရှာနေမိသည်။ မတွေ့ဘူးမှန်းသိနေသော်လည်း တွေ့မလား ဆိုသော မျှော်လင့်ချက်။ဒီလိုမျှော်လင့်ချက်တွေနှင့် ရှာနေမိသည်ကပင် သက်ပိုင်ရင်ထဲ နက်နက်ရှိုင်းရှိုင်း နေရာတွေများ ၀င်ယူသွားလေသလားမသိ။
တစ်နေ့ သူ့၏ ရင်တို့ ဒုတိယအကြိမ် လှိုက်ကနဲ ဖြစ်သွားပြန်သည်။ ဟုတ်သည် သူမ။ ဘတ်(စ်)ကားပေါ် တက် သွားသည် မမှားနိုင် သေချာသည်။ ကားဂိတ်ကနေ ထွက်ခွာစပြုသော ဘတ်(စ်) ကားပေါ်သို့ သက်ပိုင် မရမက အတင်းခုန်တက်လိုက်သည်။ မြင်နေရတဲ့ ဘေးနားကလူတွေထံမှာ အာမေဋိတ်သံများ ထွက်လာ သည်။

ဟဲ့ဟဲ့ အမယ်လေး သေတော့မှာပဲ။ အေးလေ နောက်တစ်စီးမှ တက်လဲရတဲ့ ဟာကို။

ဘာပဲဖြစ်ဖြစ် ကားပေါ်ရောက်တော့ သူ၏ အရှင်သခင်မလေးကို အမောတကော လိုက်ရှာရသည်။ဟော တွေ့ ပြီ။ သူမ အနားသို့ရောက်အောင် တိုးသွားဖို့ ပြင်လိုက်သည်။

(စပါယ်ရာ) အစ်ကို ကားခ။

(သက်ပိုင်) ဟာ သေရော။

သူ့ပိုက်ဆံအိတ်ကို ကားတံခါးလော့ချပြီး ကားဒတ်ဘုတ်(စ်) ပေါ်တင်ခဲ့မိပြီ။ တောက် အရှက်တော့ ကွဲ တော့ မှာပဲ။ ဘယ်လို လုပ်ရပ။ အင်ကျီအိတ် ဘောင်းဘီအိတ်ထဲ ပိုက်ဆံကပ်များရှိမလား လိုက်ရှာ မိသည်။

(စပါယ်ရာ) အစ်ကို မြန်မြန်လုပ်လေဗျ အစ်ကိုတစ်ယောက်တည်း ပိုက်ဆံလိုက်ကောက်နေရတာမဟုတ်ဘူး

သက်ပိုင် ချွေးတွေပြန်ထွက်လာသည်။ ဘာလုပ်လို့ လုပ်ရမှန်းမသိ။

(မိုး) စပါယ်ရာ ဒီမှာ လာယူလှည့် ကားခ။ ဟဲ့ ဒီမှာ ငါပေးလိုက်ပြီး နင့်အတွက် ပိုက်ဆံ။ ငါ့ကိုနောက်နေ့ ကော်ဖီပြန်တိုက်။ လာလေ ငါ့ဘက်ကို။

သူ့ကို ရည်ရွယ်ပြီးပြောနေသော သူမ၏လုပ်ရပ် အား အံသြလို့မဆုံး။

(သက်ပိုင်) အော် ..အင်း အင်း..

ပြောပြောဆိုဆို သူမနား တိုးသွားလိုက်သည်။

(မိုး) နင့်ပိုက်ဆံ အိတ်မေ့ကျန်ခဲ့တယ် မဟုတ်လား။ နင့် အဖေ ကိုတော့ အဲဒီနေ့က ငါလုံးဝ မကျေနပ်ဘူး။ ဘာလဲ နင်ငါ့ကိုရန်တွေ့ဖို့ အသည်းအသန် လိုက်လာတာလား။

သူမသည် သူ့ကို မှတ်မိနေသည်။ စိတ်ထဲမှာ ပျော်လိုက်သည်ဖြစ်ချင်း။ တစ်ခါမှ အဲလောက်မပျော်ဘူး။

(သက်ပိုင်) မဟုတ်ပါဘူး။ ငါက နင့်ကိုတောင်းပန်ချင်လို့။ ခုနင်ဘယ်မှာ ဆင်းမှာလဲ။ စကားနဲနဲလောက် ပြော ဖို့ အချိန်လေးများပေးနိုင်မလားလို့။

(မိုး)ရှေ့မှတ်တိုင်ဆင်းမှာ။

သက်ပိုင် စိတ်ထဲမှာ လမ်းလျှောက်နေရသည်ကပင် မြေကြီးနှင့်ထိသည်လို့ကို မထင်။ မမျှော်လင့် မထင်မှတ်ပဲ အခြေအနေတွေက အရမ်းကြီးကောင်းနေသည်။ အဲဒီနေ့က သူမ၏ နာမည်သည် စံပါယ်မိုး ရင်းနှီးသော သူများကတော့ မိုး လို့ပဲခေါ်ကြကြောင်း။ သူမဆင်းသည့် မှတ်တိုင်သည် သူမ၏ သင်တန်းတက်နေသော နေရာ ဖြစ်ကြောင်း သက်ပိုင်သိလိုက်ရသည်။ ပျော်လိုက်သည် ဖြစ်ချင်း။ ထို့နောက်.. သက်ပိုင်တို့ တစ်စ တစ်စ ရင်းနှီးလာကြသည်။

(သက်ပိုင်) မိုး..

(မိုး) ဟင်း………………………….. ပိုင် အဆုံးသတ်မကောင်းမှန်းသိနေရဲ့သားနဲ့ ဘာလို့များ ဝေဒနာမီးတွေကို အစပျိုးချင်ရတာလဲ။ မိုး တို့နှစ်ယောက် မဖြစ်နိုင်ဘူးနဲ့တူတယ်။ မိုး သမီးလိမ္မာပဲ ဖြစ်ချင်တယ်။

(သက်ပိုင်) မိုး ..တောင်းပန်ပါတယ်ကွာ။ အချိန်ရသမျှလေးတော့ မိုး အနားမှာ နေလို့မရဘူးလား။ မိုး ကရော ကိုယ့်အပေါ်မှာ သံယောဇဉ်တစ်ကယ်ပဲ မဖြစ်ခဲ့ဘူးလား။

(မိုး) ပိုင်ရယ်..မိုး ဘယ်လိုပြောရမလဲဟင်။ မိုး စိတ်ထဲမှာ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေ လွန်ဆွဲနေတယ် ပိုင်။

အဲဒီ နောက်ပိုင်း သက်ပိုင်..မိုး ထံသို့မသွားတော့ စိတ်ထဲမှာ နေလို့ရမလားလို့ နေကြည့်သည်။ ဒါပေ မယ့် အချိန်တိုင်း နေရာတိုင်း မိုး ကိုသာ သတိရနေမိသည်။ လွမ်းသည်။ မိုး မျက်နှာလေး မြင်ချင်မိသည်။ မိုးရှိရာ သင်တန်းသို့ သွားချောင်းကြည့်မိသည်။ သူ …..မိုးကို လွမ်းနေသည်။

သို့ပေမယ့် မိုးကိုတော့ မတွေ့ရ။ စိတ်ဓာတ်ကျစွာ လာရာလမ်းကို ပြန်လှည့်လိုက်သည်။ ဘာမှလုပ်ချင် စိတ်မရှိ။ မြင်နေရသော ပတ်ဝန်းကျင်က ခြောက်သွေ့အက်ကွဲလွန်းနေသည်။ ပူပြင်းလောင်မြိုက်သည် ရာသီဥ တုထက် သူ့ရင်ထဲက ရာသီက ပိုပြင်းသည်။ အင်းလေ မိုး သည် သူ့အပေါ်မှာ တစ်ကယ်ပဲ သံယောဇဉ် မရှိခဲ့ ဘူးထင်တယ်။ သူ့အတွက် ကံတရားသည် သည်လောက်လေးတောင် မျက်နှာသာမပေးခဲ့ဘူးလား။ စိတ်ထဲ မှာ မွန်းကြပ်နေမိသည်။

(မိုး) ပိုင်.. ပြန်တော့မလို့လား။ မိုးဆီကို လာတာ မဟုတ်ဘူးလား။

နောက်ကျောဘက်က ကြားလိုက်ရသော အသံ စိတ်ထဲမှာ အပျော်စိတ်တို့က လှိုက်ကနဲ။ ဟန်မဆောင်မိ

(သက်ပိုင်) မိုး ကိုလာရှာတာ။ လွမ်းလို့။ မိုးနဲ့ မတွေ့ပဲ အကြာကြီး ကိုယ်မနေနိုင်ဘူး။ နေလို့မရဘူး။ ခု ကိုယ်တို့မတွေ့တာ ဆို
(မိုး) နှစ်ပတ် တိတိ ပြည့်ပြီ။ ဟုတ်တယ်မဟုတ်လား။ မိုးလဲ ပိုင့်ကို …… လွမ်း တယ်။

ရှက်ကိုး ရှက်ကန်းဖြင့် ပြောလိုက်သော မိုး မျက်နှာကြောင့်

(သက်ပိုင်) ဟားဟား ဒါဆို မိုးလဲ ကိုယ့်ကိုယ် ချစ်နေပြီပေါ့။ ပျော်လိုက်တာကွာ။ ပျော်လိုက်တာ။

အဲဒီနောက်ပိုင်း သူတို့နှစ်ယောက် နားလည်မှုတွေ အပြည့်နှင့် ချစ်သူဘ၀ကို ကူးပြောင်းလိုက်ကြသည်။ ဘယ်လောက်ထိ သူတို့ချစ်ခဲ့ကြသလဲ ဆို တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က မြင်ရသည်အထိ။ နားလည်ကြသည် အထိ။ ဒါပေမယ့် သူတို့ကြားထဲမှာ ပြသနာတော့ ရှိသည် အဲဒီ ပြသနာလေး တစ်ခုပဲ

(သက်ပိုင်) မိုး အိမ်ပြန်နောက်ကျနေပြီ မိုး မိဘတွေဆူနေအုန်းမယ်။ ကိုယ်တို့နှစ်ယောက် ဘ၀ ကိုထူထောင် ကြရအောင်လေ

(မိုး) ပိုင် ကလေ ကလေးကျနေတာပဲ။ အမေက မိုးကိုပြောဖူးတယ်။ သမီးတဲ့ အိမ်ပြန်ဘယ်လောက်ပဲ နောက်ကျနေနေတဲ့ အမေတို့ရိုက်တာ ဆူတာက ငါ့သမီး ခဏလောက်ပဲ နာတာတဲ့။ ကြောက်လို့ အိမ်မပြန် ရဲလို့ လုပ်ချင်ရာ လုပ်လိုက်တော့မှ ဘ၀က ရိုက်ပြီး တစ်ဘ၀လုံးနာတော့တာပဲတဲ့။ ပြီးတော့ မိုး ကိုလို ချင်ရင် မိဘ စုံရာနဲ့ လာတောင်းပေါ့။ မိုး အဲဒီအလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ အထူးသဖြင့် ပိုင့် အဖေ ကြောင့် မိုး ပိုပြီး သတိထားတယ် ပိုင်.

သက်ပိုင် ဘာမှ မပြောတော့ ကားငှားပြီး အဲဒီညက မိုးတို့ အိမ်ရောက်သည် အထိ လိုက်ပို့ပေးခဲ့သည်။ သူထင်တာက သံယောဇဉ်တွေ ခိုင်မြဲလာပြီဆိုရင် မိုးသည် ဖြစ်ချင်တာကို လုပ်လေ့မည်ဟု သက်ပိုင်ထင်ခဲ့ မိသည်။ ခုတော့ သက်ပိုင်ထင်ထားတာထက် မိုးက ပိုပြီး မာနကြီးသည်။ ခေါင်းမာလွန်းသည်။ အသည်းမာ လွန်းနေသည်။ သူ့အဖေရဲ့ အခြေအနေရ ဘယ်လိုမှ လူကြီးစုံရာနှင့် တောင်းဖို့ မဖြစ်နိုင်။ အထူးသဖြင့် မိုး ဖြစ်နေသည့် အတွက် သူ့အဖေဘက်မှ ပြသနာက ပိုကြီးသည်။

ဒါပေမယ့် မိုး သည် သူ့ကို တစ်ကယ်ချစ်လွန်းတာတော့ သေချာသည်။ သူနဲ့ မိုး ချစ်သူသက်တမ်းတစ် လျှောက် မိုးသည် စိတ်ဆိုးသည်ဟူပြီး မရှိခဲ့။ အမြဲတမ်း သူလိုအပ်တာ ကိုတတ်နိုင်သလောက် ဖြည့်ဆည်းပေး သည်။ သူ့ကိုနားလည်ပေးသည်။ ပြီးတော့ အရင်က ပေါ့ပျက်ပျက် သူ့စိတ်တွေကို ပြုပြင်ပေးခဲ့သည်။ မိုးနှင့် သူတွေ့လျှင် စကားတွေ ဖလှယ်ကြလေ့ရှိပြီး။ ထိုသို့ ပြောနေရသည်ပင် မိုးကို သူပိုပြီး မြတ်နိုးမိသည်။ ကြာလေ မိုးနှင့် သူပိုပြီး မခွဲနိုင်လေ ဖြစ်မိသည်။

(မိုး) ပိုင်..ဒီနေ့ နေ၀င်ဆည်းဆာက အရင်နေ့တွေထက် ပိုလှတယ်နော်။ မိုးလေ ပိုင့်ပုခုံးပေါ်မှီပြီး ညနေခင်း နေ၀င်ဆည်းဆာ အလှကို ထိုင်ကြည့်ရတာ။ အရမ်းပဲ နှစ်သက်မိတယ်။ ပြီးတော့ ပိုင်နဲ့လဲ ပိုပြီး မခွဲနိုင်ဘူး။ မိုး စိတ်တွေ အရမ်းပင်းပန်းတာပဲ။ ဒါပေမယ့် ချစ်လွန်းလို့ ခံစားရတဲ့ သောကတွေကို မိုး တစ်ယောက်တည်းပဲ ခံစားချင်တယ်။ ပိုင့် ကိုတော့ မိုးလို မျိုး မခံစားစေချင်ဘူး။ဘာလို့လဲဆိုတော့ အဲဒီလိုခံစားရတာ စိတ်အရမ်း ပင်ပန်းနေမှန်း မိုးသိနေတာကိုး။ ပိုင် မိုး ကို မချစ်ပါနဲ့လားဟင်။

(ပိုင်) ဟင်း……………………….. အဲဒီလို ပြောကြေးဆို အစထဲက ဒီလမ်းကို ရွေးမလား မိုးရာ။ ကိုယ်တို့ ကြိုးစားရင် ဖြစ်မှာပါ။ ကိုယ် အလုပ်ကြိုးစားမယ်ကွာ။ ရတဲ့ ကိုယ်ပိုင် ပိုက်ဆံနဲ့ ကိုယ်တို့ဘ၀ကို တည်ထောင် ကြမယ်။ ဒါဆို မိုးလဲ မျက်နှာမငယ်တော့ဘူး။ လူကြီးစုံရာနဲ့ တောင်းဖို့ကတော့..

(မိုး) ဟင်း..ဟင်း ပိုင်ကလေ မိုးကို ပိုက်ဆံမက်တယ်များထင်နေလား။ ပကာသန တွေမက်တယ် များထင်နေ လားမသိဘူး။ အိမ်ထောင်တစ်ခုစပြီး ထူထောင်တယ် ဆိုရင် အနည်းနဲ့ အများတော့ အခက်အခဲဆိုတာ ရှိတာပဲ။ ဒီလိုပဲ အေးအတူ ပူအမျှ ကြိုးစားရတာပဲ။ ပိုင်သာ အဲဒီလိုဆိုရင် မိုးဘက်က လက်မခံနိုင်စရာ မရှိပါ ဘူး။ အဓိကက ပိုင်မှာ ပိုက်ဆံရှိဖို့မလိုဘူး။ ပိုက်ဆံရှိအောင် ကြိုးစားချင်တဲ့ စိတ်ရယ်။ တာဝန်ဆိုတာကို ယူချင်တဲ့ စိတ်ရယ် အဲဒါလေးပဲ ရှိရင် လုံလောက်ပြီ။

ဒီတော့ သူ့ကိုယ်ပိုင်ပိုက်ဆံနှင့် သူတို့နှစ်ယောက် လက်ထပ်နိုင်အောင် ကြိုးစားကြသည်။ သို့ပေမယ့်
တစ်ခါတစ်ရံ ကံကြမ္မာသည် ရုတ်တရက် အချိုးအကွေ့များလွန်းသည်။ မမြင်ရသည့်နေရာ မမြင်နိုင်သည့် ထောင့်မှာ ရုတ်တရက် ထိုးနှက် တိုက်ခိုက်တတ်သည် မဟုတ်လား။

(ဦးထွန်း) သား သက်ပိုင် မင်း နိုင်ငံခြားထွက်ရမယ်။ မင်း အစ်ကိုကခေါ်တာ ဟိုမှာ အလုပ်က အသင့်ရှိပြီးသား မင်းပြင်ဆင်တော့.

(သက်ပိုင်) အဖေကလဲ သားကိုတော့ ကြိုပြောသင့်တာပေါ့။ ခုလိုမျိုး ရုတ်တရက်ကြီးကတော့ မဖြစ်နိုင်တာ။ မသွားနိုင်ဘူး အဖေရာ။

(ဦးထွန်း) ဟေ့ကောင် သက်ပိုင် ငါ မင်းအဖေကွ။ မင်း ပါးစပ်ဟ လိုက်တာနဲ့ မင်းဘာဖြစ်နေတယ် ဆိုတာ သိပြီးသား။ ငါ့ကို ဆင်ခြေ ဆင်လက် ပေးမယ် မကြံနဲ့ မင်းမှာ င့ါကို ပြန်ပြောခွင့် မေးခွင့်မရှိဘူး။ ငါပြောတာ ကိုပဲလုပ်။ ရှေ့လ ၁၅ ရက်နေ့ မင်း သွားရမယ်။ ဒါပဲ…

ဒီလှိုနှင့် မိုး ကိုသူပြောရသည်။အဲဒီနေ့က မိုး ငိုသည်ကို သူပထမဆုံး အကြိမ် မြင်ဘူးခဲ့သည်။ သူမသွားခင် ကြားထဲ အချိန်ကာလလေးများသည် တိုတောင်းလွန်းသည်ဟုထင်မိသည်။ ဖြစ်နိုင်လျှင် ဒီအချိန်လေးတွေ မကုန် သွားစေချင်။ သူနိုင်ငံခြား သွားရမည်ဟု သိသည့်နေ့မှ စပြီး မိုး မျက်နှာသည် အရင်လို မကြည်လင် တော့။ ပြီးတော့ သူမကိုယ် သူမ အားပေးသလိုနှင့် အရင်ကလဲ တစ်ယောက်တည်းပဲ ခုလဲ တစ်ယောက် တည်းဖြစ်တာ ဘာဆန်းလို့လဲဟူ၍လည်း တိုးတိုးရေရွတ်နေသေးသည်။ သူ မိုးကိုမခွဲနိုင်။
နောက်ဆုံးအကြိမ်အနေနှင့် ကြိုးစားမိသည်။

(သက်ပိုင်) မိုး ကိုယ့်တို့ ထွက်ပြေးကြရအောင်။

(မိုး) ပိုင် သွားစရာရှိတာကိုတာ ဖြောင့်အောင်သွားပါ။ မိုး အတွက်မပူနဲ့ ပိုင် မရှိလဲ မိုးနေတတ်ပါတယ်။

(သက်ပိုင်) ဟုတ်တယ် မိုး မင်းကတော့ နေတတ်သူကြီး ငါကတော့ မနေတတ်သူကြီးကွ။ မင်းသိလား။ မင်း တော်တော် အသည်းမာပါလား မိုး ဟင်။ ငါက မင်းချစ်နေရတဲ့သူပါ။ ဒီလောက် ဘ၀ အခက်အခဲလေးတောင် မင်းငါနဲ့ ရင်ဆိုင်ပြီး မဖြေရှင်းရဲဘူး။ မင်းက သက်သက်မဲ့ ငါ့ကို ချစ်တယ် ချစ်တယ်နဲ့ တစ်ကယ်တော့ မင်းရဲ့ အတ္တ မင်းရဲ့ မာန မင်းရဲ့ မိဘ ကို ပိုချစ်တာကွ။ ကြားထဲက ငါဆိုတဲ့ ကောင်ရဲ့ နှလုံးသားပဲ သေသွားတာ အဖတ်တင်တယ်။ အေး မင်းဘယ်လောက် နေတတ်သလဲ နေနိုင်သလဲ ငါကြည့်နေမယ် မိုး။ ဒါပဲ ..
ခုထဲက နှုတ်ဆက်ခဲ့တယ်။ မနက်ဖြန်ငါသွားတော့မယ်။

သက်ပိုင် ပြောပြောဆိုဆို လှည့်ထွက်ဖို့ ပြင်တော့

(မိုး) မသွားပါနဲ့ ပိုင်ရယ် ။ မိုး နောက်ဆုံးအကြိမ်အနေနဲ့ တစ်သက်စာ ပိုင့် ပုခုံးလေးကို မှီထားပါရစေ။ ပိုင့် ဘေးနားမှာ အချိန်ရသမျှ နေပါရစေ။ မိုးကို ဒီအခွင့် အရေးလေး တော့ ပေးပါနော် ..ပိုင်..နော်.

မိုးသည် မျက်ရည်ဝဲနေလျှက် ငိုသံခပ်အက်အက်တို့ဖြင့် သူ့အား တောင်းပန် တိုးလျှိုးနေပြန်၏။ ဒီလိုကျပြန် တော့ မိုးကို သူသနားသည်။ သူလဲ မိုးကို ချစ်သည်။ ဒါပေမယ့် ဘာကြောင့် ဒီလောက်တောင် မိုး ခေါင်းမာ နေရပါသနည်း။ မိုးရေ ကိုယ်ရူးတော့မယ် သိလား။ ရင်ထဲမှာ မွန်းကြပ်လွန်းနေပြီကွာ။အဲဒီနေ့ ကမိုး တောင်းပန်သလို သူနေပေးခဲ့သည်။ ဒါပေမယ့် စိတ်ထဲမှာတော့ တင်းကြပ်မှုတွေနှင့် ပြည့်နှပ်နေသည် ။ မိုး ရှိမနေသည့် အချိန်တွေ အတွက် သူဘယ်လို ဖြတ်သန်းရမှန်း သူကိုယ်တိုင်မသိ။

ပထမတော့ သူမိုးကို စာတွေရေးနေသေးသည်။ မိုးကလဲ သူ့ကို စာပြန်ရေးသည်။ ဒါပေမယ့် မိုး ရေးထား သည့် စာများကိုဖတ်ပြီးလျှင် ချက်ချင်းပင် သူထပြန်ချင်မိသည်။ ဘယ်လိုမှ နေလို့မရ။ သူတောင် ဒီလို ဖြစ်နေလျှင် မိုးလဲ သူ့လောက်နီးနီး ခံစားနေရပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် မိုးကိုတော့ မခံစားစေလို။ သူလိုမျိုး မခံစားစေလို။ ဒီတော့ မိုး သူ့ကို နားလည်နိုင်လိမ့်မည် ထင်သည်။ မိုး ထံသို့ ဘာအဆက် အသွယ်မှ သူမလုပ်တော့…. မိုး ကလဲ ထပ်ပြီး သူ့ထံသို့ စာအဆက်အသွယ် မလုပ်တော့..

ဒီလိုနှင့် နှစ်တွေကြာခဲ့သည်။ သူမြန်မာပြည်ပြန်ရောက်လျှင် မိုးကိုတွေ့ရလိမ့်မည်ဟု သူထင်သည်။ သုံးနှစ်လောက် နေပြီ သူမြန်မာပြည် ပြန်ခဲ့သည်။ မိုးကိုတော့ မတွေ့ခဲ့။ မိုး သည်လဲ မြန်မာပြည် တွင် မရှိဟု ဆိုသည်။ စကာင်္ပူမှာလို့ သူကြားသည်။ ဒါပေမယ့် မိုးနှင့် ဘယ်လို ဆက်သွယ်ရမှန်း သူမသိ။ မိုး သူငယ်ချင်း တစ်ယောက်ကတော့ မိုး အရင်က သုံးသော email တော့ ပေးလိုက်သည်။ ဒါပေမယ့် အဲဒီ မေး(လ်) က မသုံးတာ ကြာပြီ ဟုဆိုသည်။ သူ ဆုတောင်းမိသည်။

မိုးရေ…ကိုယ်တို့စိတ်ချင်းနီးပြီး ပြန်တွေ့ကြရအောင်ကွာ။ မိုးလဲ ကိုယ့်ခံစားချက်တွေကို သိတယ်မဟုတ်လား ဟင်။ ကိုယ်ပြောနေတယ် ကိုယ်ခေါ်နေတယ်လေ မိုးရာ ကိုယ့် ပြောတာ ကြားရဲ့လား..

သူ့စိတ်ထဲမှ နေပြီး ပြင်းပြင်းပြပြ မိုးကို တမ်းတပြီး ပြောနေမိသည်။ မိုးမရှိမှတော့ မြန်မာပြည်တွင် သူကြာကြာ မနေတော့။ သဘောင်္ပြန်တက်ဖို့ပဲ သူစီစဉ်လိုက်သည်။ မိုး၏ email လေးထဲကိုတော့ မျှော်လင့်ချက်တစ်စုံ တစ်ရာဖြင့် သူသုံးနေသော email အား သူပို့ပေးခဲ့သည်။ အချစ် စစ်မှန်ရင် ပြန်ဆုံကြပါစေလို့ပဲ သူမျှော်လင့် မိသည်။ ပြီးတော့ မိုးကရော သူ့ကို ချစ်နေစဲပဲလား။ ဒါတော့ မိုးကိုယ်တိုင်ပဲ သိလိုက်မည် ထင်သည်။ လောလောဆယ်တော့ မျှော်လင့်ချင်းတွေကသာ သူ့ရဲ့ မနက်ဖြန်တွေ အတွက်အင်အားပင်။ မိုးထံမှ email reply ကို သူမျှော်နေမိသည်။ မျှော်လင့်နေလေ ပိုဝေးလေဆိုသလိုပဲ..
၁ လ …၂ လ …၃ လ….. ၆ လ လောက်သာ ကြာသွားသည် မိုး ထံမှ မည်သို့မျှ တုန့်ပြန်မလာခဲ့။ ဒီတစ်သက်တော့ ဝေးပြီထင်သည်။ သူ မိုးကို အဆက်အသွယ် မလုပ်ခဲ့မိတာ မှားပြီလား။ သူစိတ်ဓာတ်တွေ ကျချင်လာသည်။ မျှော်လင့်ချက်တွေ ကင်းမဲ့နေသလို ဖြစ်လာသည်။ စိတ်ထဲမှာ ယူကျိုးမရတဲ့ စိတ်..အဲဒီ စိတ်တွေနဲ့ သူအသက်ရှင်ရတာကို ညည်းငွေ့လာမိသည်။ စိတ်ထဲမှာ မိုးသည် စင်္ကာပူမှာ ရှိသည်ဟု သိ ထားသည် မိုး ရှိနေတဲ့ အရပ်ကို သွားရင်တော့ သူ့ခံစားချက်တွေ နဲနဲ နာကျင်မှု သက်သာစေမည် ထင်သည် ဟုတ်သည် ဒီလိုနေတာထက်စာရင် သူသွားပြီးလည်ကြည့်မည်။ ဟိုရောက်မှ ရောက်တဲ့နေရာက နေပြန်စ မည်။ မိုး ကရော အိမ်ထောင်ကျသွားလျှင်ရော.. အို ဒီလောက် နှစ်လေနဲ့ သူတို့နှစ်ဦး၏ မေတ္တာသည် မပြက် ပျယ်လောက်။ အတွေးစိတ်တို့ များစွာဖြင့် သူ့အလုပ်မှ ခွင့်ထပ်ယူပြီး စင်္ကာပူကို သူအလည်သွားဖို့ စီစဉ်ခဲ့ သည်။အဲဒီကြားထဲမှာပဲ သူ့ကို မိုး email ပေးလိုက်သော သူငယ်ချင်းမှ မိုး၏ ဖုန်းနံပါတ်ဟုဆိုကာ နံပါတ်တစ် ချို့ သူ့ email ထဲပို့ပေးသည်။ စင်္ကာပူမှ ပြန်လာသော သူငယ်ချင်း တစ်ယောက်ထံမှ သိရသည်ဟုဆိုသည်။
Email ရသည်ဆိုရင်ပဲ သူဖုန်းနံပါတ်တွေ ကောက်လှည့်ချင်မိသည်။ ရင်တွေတော့ ခုန်လွန်းနေသည်။ ဖုန်းနံပါတ် နိပ်သော လက်တို့ပင် တုန်ယင်လွန်းနေသည်။
ဟော ဖုန်းခေါ်နေသည်။ ထိုခဏတွင်ပင် သက်ပိုင်ခံစားနေရသည်မှာ ..အမည်ဖော်ပြရန်ခက်ခဲလွန်းသော ခံစားချက်မျိုး ပျော်နေသည် ဆိုသည်ထက် သာသည်။ ကြည်နူးသည် ဆိုသည်ထက် ဘယ်လိုပြောရမှန်းပင်မသိ..

(မိုး) ဟလို …

မကြားရတာ နှစ်ချို့နေသော သူတောင့်တမိခဲ့သော အသံချိုချိုတို့သည် သက်ပိုင်၏ နားစည်သို့ လာရိုက်၏
လည်ချောင်း ကွက်အက်သကဲ့ သို့ ရှတတသံနှင့် တုန်နေသော အသံအား အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားလျှက်…

(သက်ပိုင်) ဟလို မိုး လား ဟင်..

တစ်ဖက်မှ အသံသည် ခဏမျှ ငြိမ်ကျသွားသည်။ ပြီးတော့ ရှိုက်သံသဲ့သဲ့လေး သူကြားရသည်။

(မိုး) ပိုင် ..မိုး လေ ပိုင်မရှိပဲလဲ နေတတ်တယ် ပြောတာ အဲဒါကလေတစ်ကယ်က ညာတာ။ တစ်ကယ်တမ်းက မိုး ပိုင်နဲ့ မခွဲနိုင်ဘူး..

သက်ပိုင် ရင်ထဲက ဖြစ်သော ပီတိတို့ သည် အတိုင်းမသိ။ သူနှင့်မိုး နှစ်တွေချီပြီး ဝေးနေကြပေမယ့် သူ့၏ အသံ မိုး လားဟင်လို့ ပြောလိုက်ရုံဖြင့် မိုး ပြန်ပြောလိုက်သော စကားတို့သည် မစိမ်း။ အရင်လိုပင်။ ပြောင်းလဲချင်း အလျင်မရှိ။ မေတ္တာတို့ဖြင့် ပြည့်နှက်နေတုန်း။ ပြီးတော့ မိုးရော သူရော ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်ကြပြီ။ အသက်အရွယ်ရလည်း ကိုယ်ပိုင်စဉ်းစား ချင့်ချိန်နိုင်တဲ့ အရွယ်တွေ ဖြစ်နေကြပြီ။ ပြီးရင် မိုးရဲ့ ဖုန်းနံပါတ်တွေ ဘယ်လိုရလာ ကြောင်းပြောမည်။ ပြီးရင် မကြာမှီ ရက်ပိုင်းအတွင်း စင်္ကာပူကို လာမည့်အကြောင်းပြောမည်။ ဖုန်းသံလေးနှင့် တောင် သူတို့ချစ်သူနှစ်ဦး၏ အပျော်သည် ဤမျှလောက်ဆိုလျှင် လူချင်းပါတွေ့ရ အုန်းမည် ဆိုလျှင်တော့..


စာဖတ်သူတို့၏ အတွေးကရော။ သူတို့နှစ်ဦး မည်မျှလောက်ပျော်မည်နည်း ခန့်မှန်းကြည့်ကြရအောင်လား။


-------------------------------------------------------------------------------
ခုတစ်လော ဘလော့ အိမ်လည်သိပ်ပြီးတော့ မထွက်ဖြစ်ဘူး အလုပ်မအားတာကြောင့်ပါ။ ဒါပေမယ့် စာလေးတွေတော့ ဖတ်ဖြစ်တယ် ။ ခြေရာလေးတွေ တော့ မထားခဲ့မိဘူး။