Tuesday 15 March 2011

ဆိုးတော့ဆိုးပါ... သို့သော်.... မမိုက်မဲနှင့်




(သီတာ) မေ့ ဘာဟင်းချက် ဗိုက်ဆာပြီ မေရ။ ပြီးရင် ငြိမ်းတို့နဲ့ ချိန်းထားတယ်။ ရုပ်ရှင်သွားကြည့်မလို့။ မြန်မြန်ချက်။ ဒါပဲ။

ကလေးတစ်ယောက်၏ ဆိုးဆိုးနွဲ့နွဲ့ အမူအရာနှင့် နောက်ကျောမှနေ၍ မိခင်ကိုသိုင်းဖက်ထားပြီး ချွဲနေသော သမီးချောအား နောက်ပြန်လှည့်ကြည့်ရင်း

(ဒေါ်ရီ) သြော် မိသီတာ အမေကို ၀ိုင်းကူမယ်တော့မကြံဘူး။နောက်နားကပ်ပြီး လာရှုပ်နေတယ်။ ဘယ်ချိန်မို့လို့တုန်း ရုပ်ရှင်က။ ဒီနေ့ ငါ့သမီးကြိုက်တဲ့ဟင်း ရှယ်ချက်ထားတာ။ ၀က်သားကို အစပ်ချက်တယ်။ ပြီးတော့ ပဲညွှန့် ဟင်းချို။ ပြီးတော့ ငါးပိရည် တို့စရာအစုံ နဲ့ သရက်ချဉ်သုတ်လေးရယ် ပြီးတော့ ကန်ဇွန်းပလိမ်းကြော်လေးရယ်... ဘယ်လိုလဲ

(သီတာ) ဟီး.. မေ ပြောနေတာနဲ့ ဒီမှာ သရေတများများဖြစ်တော့မယ်။ ရုပ်ရှင်က ၁ နာရီခွဲကားကြည့်မှာ။ ခု ၁၁ နာရီထိုးတော့ မယ်လေ။ သမီးက ရေချိုးရအုန်းမှာ။ ရေမချိုးခင် ထမင်းအရင်စားမလို့။ အဆင်သင့်ပဲလား မေ။

(ဒေါ်ရီ) ဟုတ်ပတော် အဆင်သင့်ပါပဲ ထမင်းစားပွဲပေါ်မှာ အုပ်ထားတယ်။ ကိုယ်ဘာသာကိုယ်ခူးခပ်စားတော့။ သြော် သမီးရေ သမီး အဖေနဲ့ အစ်ကိုတွေ အတွက်တော့ ဦးချထားလိုက်အုန်းနော်။ ပြီးတော့ အခန်းထဲက သမီးအ၀တ်အစားတွေ ထုတ်ခဲ့ ကြားလား။ လျှော်ရအုန်းမယ်။ မိန်းကလေးဖြစ်ပြီး ပျင်းလိုက်တာလွန်ရော။ အလှပြင်ဖို့ကြတော့ မပျင်းဘူး။

(သီတာ) အာ..မေကြီးကလဲ သီတာနောက်ကျနေပြီ။ ဖယ်တော့ဘူး။ သီတာ စားသွားတာလို့ ပြောလိုက် ဖေကြီးတို့က ဘာမှမပြောဘူး။ မေကလဲ ဒီသမီးလေးတစ်ယောက်ရှိတာကို ပွစိပွစိနဲ့။မွေးထားပြီး ဒီလောက်တော့ လုပ်ပေးရမှာပေါ့လို့။

အစ်ကိုနှစ်ယောက်ကြားထဲမှာ သမီးလေးတစ်ယောက်တည်း ပြီးတော့အငယ်ဆုံးလေး ပြီးတော့အစ်ကိုတွေလို ကြမ်းကြမ်းတမ်းတမ်း မဟုတ်။ ဖြူဖြူနုနုနဲ့ ဒီသမီလေးကို အိမ်ရှိလူကုန် ချစ်လိုက်ကြတာ သည်းသည်းကို လှုပ်လို့။ ခုပဲကြည့်လေ တက္ကသိုလ်ကျောင်းသူပဲ ဖြစ်နေပြီ မိဘကအ၀တ်တွေလျှော်ပေးရတုန်း။ ကလေးတစ်ယောက်လို တစ်အိမ်လုံးက သည်းသည်းလှုပ်နေ ကြတုန်း။

----------------------------------------------------------------------
(ဦးအေး) ဟ မရီရ မင်းဟာကကွာ ၀က်သားက အရိုးချက်တာလား အသားချက်တာလား။ ဒီမှာ အရိုးတွေကြီးပဲ။

(ကိုလေး) ဟုတ်ပ အမေ ဈေးဖိုးတွေ ချွေတာနေတယ်ပေါ့လေ။

(ဒေါ်ရီ) အမယ်လေး မဟုတ်ရပါတော်။ ကိုမောင်အေး.. အဲဒါ တော့် သမီးလက်ချက်မိသွားတာနော်။ ဟို အငယ်ကောင် မသိရင် လျှောက်ပြောမနေနဲ့ အဲဒါ နင့်ညီမလက်ချက်။ ရှပ်ရှင်ကြည့်မလို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဆိုပြီး ထမင်းစောစော စားပြီး ခု အပြင်သွားပြီ။ အဖေတွေ အစ်ကိုတွေ အတွက် ဦးချစားသွားလို့ပြောတာ။ ခုတော်တို့အတွက် အရိုးကြီးချန်သွားတယ် မဟုတ်လား။ ဟွန်း ကြပ်ကြပ်ကလေးအလိုလိုက်ကြနော်။ ရှေ့ရေးတော့လေ ကျုပ်တော့ဖြင့် ရင်လေးတယ် ..အဲဒီ သမီးတစ်ကောင်ကြောင့် သိလား.

(ကိုကြီး) အာ.. အမေကလဲ ညီမလေးကို တစ်ကောင်လို့ မသုံးပါနဲ့။ ဘာဖြစ်လဲ ကျန်တဲ့ဟင်းနဲ့စားရလည်း ဘာမှ မဖြစ်ပါဘူး။ ညီမလေးက အငယ်ဆုံးလေးဆိုတော့ နွဲ့ဆိုးဆိုးတာပါ။နော် ဟုတ်တယ်မဟုတ်လား အဖေ။ ကဲညီ မြန်မြန်စား ထမင်းစားပြီး အလုပ်ပြန်သွားရအုန်းမှာ။ ၀ပ်လျှော့မှာ ကားတစ်စီး ပြင်ဖို့ရှိသေးတယ်။ ဒီညနေလာယူမှာ။ ကျွန်တော်တို့ သားအဖ တက်ညီလက်ညီ ပြင်လိုက်ရင် ပြီးပါတယ်ဗျာ။

(ဦးအေး) အေး ပြီးပါတယ် သားကြီးရ။ အေးပါ အရီရာ ငါမသိလို့ပါ။ မင်းနှယ် သမီးလေးကို ဆူမနေနဲ့နော်။ တော်ကြာစိတ်ညစ်နေအုန်းမယ်။ ကြားလား။

(ကိုလေး)ပြီးပါတယ် ကိုကြီးရ။ လက်ဘက်ရည်တော့ ထမင်းစားအပြီး တိုက်ရမယ်နော် ကိုကြီး။ ဘယ်လိုလဲ

(ကိုကြီး) ဟားဟား အေးပါကွာ။အေးပါ ငါ့ညီနဲ့ ငါ့ညီမကတော့ဟေ့ အစ်ကိုများတွေ့လိုက်ရင် သမဖို့ကြီး မြင်နေတော့တာကိုးကွ။

ဒေါ်ရီကလဲ ပြောမယ့်သာ ပြောနေတာ။ အဖေတွေ အစ်ကိုတွေရှေ့မို့ ကြိမ်းပြနေတာ။ ခုနကဆို သူကိုယ်တိုင်ပဲကြည့်လေ သမီးအ၀တ်တွေလျှော်ဖို့ တောင်းနေတာ။ ထမင်းစားခဏနားပြီး လျှော်မှ ဖြစ်မယ်။ နဲတာမဟုတ်ဘူး အ၀တ်တွေ။
---------------------------------------------------------------------------

(ဦးအေး) သမီး ကျောင်းကပြန်လာတာ နောက်ကျလှချည်လား။ ဘယ်တွေသွားနေတာလဲ။ ဒီကိုလာအုန်း။ ပြီးတော့ နေ့လည်က မြို့ထဲမှာ သမီးနဲ့တူတူတွေ့လိုက်တဲ့ ကောင်လေးက အဲဒါဘယ်သူလဲ။ လိမ်မယ်တော့ မကြံနဲ့နော်။

(သီတာ) ဟာ..ဖေကြီးကလဲ သမီးက တက္ကသိုလ်ကျောင်းသူပဲ ဖြစ်နေပြီဟာ မြို့ထဲသွားတာ ဘာများဆန်းလို့လဲ။ ပြီးတော့ ဟိုကောင်လေးက သူငယ်ချင်း။ တစ်ကယ်ပဲ လွတ်လွတ်လပ်လပ်ကိုမရှိဘူး။ ဖေတို့နော် ရုတ်ရုတ်တော့မလုပ်နဲ့ စိတ်ထင်ရာလုပ်လိုက်မှာနော်။သမီးက ဘာများမဟုတ်တာလုပ်နေလို့လဲ။

(ကိုကြီး) ညီမလေး သီတာ အဖေ့ကို အဲလိုပြန်မပြောနဲ့လေ။ အဖေ ကစိုးရိမ်လို့မေးတာကို ကောင်းကောင်းဖြေလိုက်ပြီးနေတာ ပဲဟာ။ ဘာစိတ်ညစ်စရာရှိလဲ ညီမလေး မဟုတ်ရင်ပြီးတာပဲ။ ကိုကြီးတို့က ချုပ်ခြယ်တာမဟုတ်ပါဘူး။ ညီမလေး အရွယ်မရောက်သေးခင်ကို လမ်းမှားရောက်မှာစိုးလို့။ကဲကဲ သွားအင်္ကျီတွေ သွားလဲချေတော့။

(သီတာ) ပြီးရော ပြီးရော

သီတာတစ်ယောက် ပြောပြောဆိုဆို ခြေထောက်ကိုစောင့်ကာနင်းလို့ တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်း ဖြင့် အိမ်အပေါ်ထပ်သို့တက်သွားလေပြီ။ တစ်အိမ်သားလုံး၏ မျက်နှာကတော့ မကောင်းကြ။ ဦးအေးတစ်ယောက်ကတော့ သက်ပြင်းသာ ဟူး..ကနဲ ချလိုက်ရင်း

(ဦးအေး) အရီ..သမီးကို ဆက်မဆူနဲ့တော့နော် တော်ကြာစိတ်ထင်ရာ လုပ်သွားမှ ငါတို့ရင်ကျိုးနေရမယ်။ အခြေအနေကိုပဲ အကဲခပ်ပြီး ကြည့်နေကြားလား

အပေါ်ထပ်မှ သမီးမကြားအောင် လေသံတိုးတိုးဖြင့် ဒေါ်ရီအားမှာနေသေးသည်။ ပြီးတော့ ဦးအေး၏ မျက်ဝန်းတွင် မျက်ရည်များဝဲလို့နေ၏။ ဒေါ်ရီကတော့ သမီးမကြားအောင် တစ်အစ်အစ်နဲ့ ကြိတ်ပြီး ရှိုက်၍ငိုနေလေတော့သည်။

သမီးလေးကြိုက်နေသည့်လူက သမီးလေးအား ကောင်းကောင်းမွန်မွန် ထားနိုင်သည်။ မချမ်းသာလဲ ဂရုစိုက်စရာမလို။ လုပ်နိုင်ကိုင် နိုင် အရည်အချင်းရှိတဲ့လူဆို သူတို့သဘောတူနိုင်ပါသည်။ ခုဟာက ကောင်လေးက ဆယ်တန်းတောင်မအောင်။ အလုပ်လဲ မယ်မယ်ရရ မရှိ။ ဒါဆို မိဘတွေက ချမ်းသာသလားဆိုတော့။ အရင်ကတော့ ချမ်းသာကြပါသည်။ ကောင်လေးတွေ အဖေဆုံးပါး သွားပြီးနောက်ပိုင်း ဆင်းရဲသွားလိုက်တာ နေ့မြင်ညပျောက်ဆိုသည့်အလား။ အထည်ကြီးပျက်တွေ။ ဒီတော့ ဘ၀အကြောင်းသိဖို့ နေနေသာသာ အရင်က ပိုက်ဆံ၇ှိခဲ့တာလေးနှင့် ခုချိန်ထိ ဟောင်ဖွာ ဟောင်ဖွာမိသားစု။ တစ်ကယ်တမ်း အကြောင်းသိတွေပြောပြ တာတော့ တစ်နေ့တစ်နေ့ စားစရာတောင်မရှိတဲ့။ြ့ပီးတော့ အလုပ်အကိုင်လဲ မယ်မယ်ရရ မလုပ်ကြတဲ့။ အားနေ ဂစ်တာလေး တစ်ဒေါင်ဒေါင်နှင့် ရည်ရွယ်ချက်က အဆိုတော်ကြီးဖြစ်ဖို့တဲ့။

××××××××××××××××××××××××××××
(ဒေါ်ရီ) ဒေါ်ဥ …. သမီး ကဘာပြောလိုက်လဲဟင်.. ဘာပြောလိုက်လဲ

(ဒေါ်ဥ) ညည်းနဲ့အေ ဖြေးဖြေးမေးပါ။ ညည်းကို ပြောပြချင်လွန်းလို့ မေးပြီးချက်ချင်းကျုပ်ကလာတာပါပဲ။

(ဦးအေး) ကျွန်တော်တို့က သမီးလေးကို စိတ်ပူလို့ပါ ဒေါ်ဥရယ်။ စိတ်မရှိပါနဲ့ဗျာ။

(ဒေါ်ဥ) အေး မင်းတို့အဲဒီလိုချစ်လို့ မင်းတို့သမီးကဆိုးနေတာ။ ခုလဲ လူကြီးစုံရာနဲ့ ပြန်အပ်ဖို့ကို ကောင်လေး ဘက်က ပိုက်ဆံမရှိလို့တဲ့။ သူ့ယောက်ကျားက ပိုက်ဆံရှာနေတယ်ဆိုပဲ။ ရတာနဲ့ လူကြီးစုံရာနဲ့ အပ်ဖို့ ပြင်ဆင်လိုက်ပမယ်တဲ့။ မင်းတို့ကသာ မျက်နှာကြီးတွေအိုပြီး စိတ်ပူနေကြတာ။ ဟိုမှာ ရွှင်လို့လန်းလို့. ဟွန်း
ငါတယ်လေ..မပြောလိုက်ချင်ဘူး

(ဒေါ်ရီ) ဒါဖြင့် ဒါဖြင့် အဲဒီနေ့က အိမ်ကဆင်ပေးလိုက်တဲ့ ပစ္စည်းတွေရော

(ဒေါ်ဥ) ကုန်ပြီတဲ့။ ကုန်ပြီတဲ့။ သူတို့နှစ်လလောက်ပျောက်သွားတုန်းက အဲဒါတွေရောင်းသုံးတယ်တဲ့။

ဒေါ်ရီ သြော် သမီးလေးရယ် မိုက်လှချည်လားလို့သာ ပြောလိုက်ချင်မိသည်။ အဲဒီနေ့က သမီးကအလှူသွားစ ရာရှိသည် ဆိုသဖြင့် လက်ဝတ်လက်စား တစ်စုံစာ မိဘက မျက်နှာမငယ်ရအောင် ဆင်ပေးလိုက်သည်။ အဖေနဲ့ အစ်ကိုတွေ ချွေးတွေနဲ့ ရှာထားသော ချွေးနဲစာအား လုပ်ရပ်လိုက်တာ သမီးလေးရယ်လို့သာ စိတ်မကောင်းချင်း ကြီးစွာဖြစ်မိသည်။ သို့သော်..

(ကိုကြီး) အမေ နဲ့ အဖေ ညီမလေးတစ်စိမ်းတွေကြားမှာ မျက်နှာငယ်နေပါ့မယ်ဗျာ။ သူ့ကောင်လေးကလဲ အလုပ်က မယ်မယ်ရရ ရှိတာမဟုတ်ဘူး။ ကြီးဒေါ်ဥနဲ့ ပိုက်ဆံပေးခိုင်းလိုက်ပြီး လာအပ်ခိုင်းလိုက်ဗျာ။ ပြီးရင် အိမ်မှာပဲ မင်္ဂလာဆွမ်းကျွေးလေး လုပ်ပေးလိုက်ရအောင် နော်..နော် အမေနဲ့အဖေ

ဤသို့ဖြင့် မင်္ဂလာဆောင်ပေးလိုက်ကြ၏။ ထို့နောက် သမီးကို အိမ်မှာတူတူနေဖို့ ခေါ်ပါသော်လည်း သမီး၏ ယောက်ကျားဖြစ်သူကမနေ။ သူ့အမေက အိမ်မှာတစ်ယောက်တည်းမို့ စိတ်မချဆို၏။ ထို့ကြောင့် သီတာလဲ ယောင်နောက် ဆံထုံးပါရလေတော့သည်။ သို့ပေမယ့်လဲ ဟိုဘက်ရပ်ကွက် နှင့် ဒီဘက်ရပ်ကွက်မို့ သိပ်တော့ဖြင့် မဝေးလှပါလေ။
Xxxxxxxxxxxxxxxxxxxxxxxxxx

(ကိုလေး) အမေ ညီမလေးကလေ…ဟို…ဟို…ဟို..လေ

(ဒေါ်ရီ) ဟဲ့ အငယ်ကောင် တစ်ဟိုဟို နဲ့ ဘာဖြစ်နေတာလဲ။ ငါ့သမီး ဘာဖြစ်လို့တုန်း။

ကိုလေး တစ်ယောက် နီမြန်းရှက်ရွံ့သော မျက်နှာဖြင့် ခေါင်းကုတ်လိုက် အင်္ကျီလက်ဆွဲတင်လိုက်နှင့် ထို့နောက် စိတ်ကို ဒုံးဒုံးချလိုက်သော မျက်နှာပေး ပြုံးစိစိဖြင့်..

(ဒေါ်ရီ) ဟဲ့ကောင်လေး ပြောလေ ဘာလဲလို့ဆိုနေ

(ကိုလေး) ဟီးဟီး ကျွန်တော်ကလေ ..သိလား ဟီး ဦးလေး..ဦးလေး ဖြစ်တော့မှာ အမေရ။ ဟီးဟီး ညီမလေးမှာလေ ..အဟီး

ဒေါ်ရီ သဘောပေါက်သွားပြီ။ ငါမြေးလေးရတော့မှာပေါ့လို့ စိတ်ထဲပျော်သွားသည်။ ထို့နောက် တစ်ခဏမှာပင် မျက်နှာက ပြန်ညှိုးသွားသည်။

(ကိုလေး) အမေ ဘာဖြစ်လို့လဲ မြေးရတော့မှာ မပျော်ဘူးလား။

(ဒေါ်ရီ) မဟုတ်ပါဘူး သားရယ်။ သားညီမလေး ယောက်ကျားက အလုပ်မှ မရှိတာ။ အမေ့သမီးလေး တော့ ကိုယ်ဝန်ကြီးနဲ့ အားငယ်နေတော့မှာပဲ..

(ကိုလေး) ဟင်း……….ဒါတော့ဟုတ်တယ် အမေရာ။
အဲဒီကောင်က ၀ပ်လျှော့မှာလာလုပ်ဆိုတော့လဲ မလုပ်ဘူး။ သူ့တစ်ခါတစ်လေမှ လိုက်ရတဲ့ တီးဝိုင်းက ပိုက်ဆံနဲ့က ညီမလေးက ဘယ်လိုလုပ်ပြီးထမင်းနပ် မှန်ပါ့မလဲ။ ညီမလေး အိမ်လာလည်ရင် အမေ မုန့်ဖိုးတွေဘာတွေ ပေးလိုက်နော် အမေ။ သူစားချင်တာ ၀ယ်စားလို့ရတာပေါ့။

မိသားစုက ဒီလိုပူပန်နေသော်လည်း သီတာကတော့ နောင်တနဲနဲလေးမှမရ။ သည်ယောက်ကျားမှ သည်ယောက်ကျား။ မိဘအိမ်သို့ သီတာပြန်လာလည်သောနေ့သည်။ ပိုက်ဆံလို၍ လာသောနေ့သာ ဖြစ် သည်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

(ကိုကြီး) အမေ ..ညီမလေးတွက် ဗိုက်ဖုံးအကျီဝယ်လာတယ်။ အဲဒါ အမေ ကြီးဒေါ်ဥနဲ့ ပေးခိုင်းလိုက်နော်။

ဟုတ်ပါသည်။ သမီးကိုလွမ်းကြသော်လည်း။ ဝေးဝေးကသာ သူတို့လွမ်းနိုင်ကြသည်။ အဘယ့်ကြောင့်ဆို သော် သီတာ၏ ယောက္ခမ နှင့် သူ့ယောက်ကျားပြောသော စကားများသည် နားခါးလှသောကြောင့်ဖြစ်သည်။့ သူတို့ပေးစရာ ကျွေးစရာ..မတွေ့တာကြာလျှင် ဒေါ်ဥကိုသာ ခြေလျင်တပ်သားအဖြစ်သုံးလေ့ရှိကြသည်။

(ဦးအေး) အရီ သမီးကြိုက်တတ်တဲ့ ဟင်းလေးတွေ ၀ယ်ပြီးချိုင့်နဲ့ ပို့ပေးလိုက်ပါလား။ ဟိုနေ့က အလုပ်မှာ ဦးမြကြီးက ပြောတယ်။ သမီးကလေ ဈေးထဲက ၀က်သားဆိုင်ရှေ့မှာ ၀ယ်မလို မ၀ယ်မလိုနဲ့ မတ်တပ်ရပ်နေ တာ အကြာကြီးပဲတဲ့။ နောက်မ၀ယ်ပဲ ပြန်လှည့်သွားတယ်တဲ့။ သူလဲ ကိုယ်လေးလက်ဝန်ကြီးနဲ့ဆိုတော့ စားချင်ရှာမှာပေါ့ကွာ ကောင်းကောင်းကန်းကန်းလေ..

ဒုက္ခပဲ ဒီနေ့ ဟင်းတွေချက်ပြီးတော့မှ ဒေါ်ဥကိုသွားခေါ်တော့မရှိဘူးတဲ့ ။ သူ့တူမအိမ်သွားတယ်တဲ့။ မနက်ဖြန်မှ ပြန်လာမယ်တဲ့။ အင်း မထူးပါဘူးလေ..သမီးနဲ့လဲ မတွေ့တာကြာပြီ ကိုယ်တိုင်ပဲ သွားလိုက်ပါ တော့မယ်လေ။ အဲလို ဆုံးဖြတ်ပြီး ထီးလေးယူ ချိုင့်လေးဆွဲ။ ဟိုတစ်နေ့ ကအကြီးကောင်ဝယ်ပေးထားတဲ့ အင်္ကျီထုပ်လေးဆွဲလို့ သမီးတို့ အိမ်ဘက်ကို ဒေါ်ရီလျှောက်လာခဲ့တယ်။

ဒါနဲ့ သမီးတို့အိမ်ရောက်တော့..အိမ်ရှေ့မှာ ဘယ်သူမှမရှိ။ ဟဲ့ ဘယ်သူမှ မရှိဘူးလားလို့ လှမ်းခေါ်မလို့ ရှိ သေး။ အိမ်နောက်ဖေး မီးဖိုချောင်က စူးစူးရှရှ ထွက်လာတဲ့ ရန်ဖြစ်တဲ့ အသံကြောင့် ဒေါ်ရီ အော်ခေါ်တော့မဲ့ အသံတွေ တန့်သွားတယ်။

(ယောက္ခမ) ဟဲ့ ..မိသီတာ ကောင်မရဲ့ နဲနဲပါးပါးလေးလဲ အလိုက်သိတတ်အုန်းလေ။ နင် ထမင်းမစားသေးခင် ငါ့ယောက်ကျားစားပြီးပလား ယောက်က္ခမစားပြီးပလားနဲနဲပါးပါးမေးလေ။ ခုကြည့်အုန်း ဟင်းက အရိုးတွေပဲ ကျန်တော့တယ်။

(သီတာ) ဒီမှာ အမေ..အဲဒါ အမေ့သားရှာထားတဲ့ ပိုက်ဆံနဲ့ ချက်တာမဟုတ်ဘူးလေ။ ကျွန်မဘာသာ ကျွန်မ စားချင်လွန်းလို့ ငတ်လွန်းလို့ အစ်ကိုတွေဆီက သွားတောင်းထားတဲ့ ပိုက်ဆံနဲ့ ချက်ထားတာ။ ခုလဲ ကျွန်မချန်ထားတဲ့ဟင်းက အမေပြောသလို အရိုးတွေကြီးပဲ မဟုတ်ပါဘူး။ ၀ယ်လာထဲကိုက ပိုက်ဆံက မလောက်လို့ အရိုးအသားဝယ်လာတာ။

(ယောက္ခမ)အေးပေါ့ ခုမှတော့ ညည်းကဒီလိုပဲပြောတော့မှာပေါ့။ ကျုပ်တို့က အရင်ကဆို ဒီလိုဟင်းမျိုး လှည့်တောင် ကြည့်တာမဟုတ်ဘူး။ အခုမရှိလွန်းလို့ မရှိလွန်းလို့ ။ ဟင်း.. မိန်းကလေးသာဆိုတယ် ဘာမှ လက်ကြောမတင်းဘူး။ အိမ်က ဟိုအကောင်ကလဲ ဘာကြည့်ပြီး ကြိုက်ပြီးယူထားလဲ မသိပါဘူးတော်။ ဟွန်း ခုလဲ မရှိရတဲ့ ကြားထဲ စားစရာ ပါးစပ်တစ်ပေါက်က တိုးအုန်းမယ်။ ညည်းတို့တွေများလေ မရှိတာထက် မသိတာက ခက်တယ်ဆိုတာ ဒါမျိုးပေါ့ အေ။ ပြီးရင် အခန်းထဲမှာ ကျုပ်အ၀တ်တွေစုထားတယ် ညည်းလျှော် လိုက်အုန်းကြားလား။ ကျုပ် ..ဒေါ်ချစ် တို့အိမ် သွားလည်လိုက်အုန်းမယ်။

(သီတာ) ဟွန်း ဘာသွားလည်မှာလဲ ၀ိုင်းကောင်းတယ်လို့ ပြောစမ်းပါ။ ဟင့် ဟင့် အမေ တို့ရေ အမေတို့ရဲ့ သမီးမိုက်မ မိသီတာကို လာကြည့်ပါအုန်း အမေရဲ့။ ဟီးဟီးဟီး….ဟီးဟီးဟီး..

ပြောပြောဆိုဆို တစ်ဟီးဟီး ငိုချလိုက်သော သမီးလေးကြောင့် ဒေါ်ရီရင်ထဲမှာ လှိုက်ကနဲ ၀မ်းနည်းစိတ်တို့ လိမ့်တတ်လာကြသည်။ ရင်ထဲမှာ ဆို့နင့်လို့နေသည်။ သမီးလေး ..သမီးလေး..အမေ့ရဲ့ သနားစရာ သမီးလေးရယ်…
ပြီးတော့ ဒေါ်ရီ အိမ်ထဲကို တန်းတန်းမတ်မတ် ၀င်ချသွားသည်။ ပြီးတော့ ငိုနေသည့် သမီးအား..

(ဒေါ်ရီ) သမီးလေး မငိုနဲ့နော် တိတ်တိတ်နော် သမီး။ လာလာ အမေတို့အိမ်လိုက်ခဲ့နော်။ အမေတို့ အိမ်မှာ ဒီနေ့ သမီးကြိုက်တဲ့ ဟင်းတွေ ကြီးပဲ ချက်ထားတာ။ ညနေစာ လိုက်စားနော် သမီး။

(ယောက္ခမ) ခေါ်သွား ခေါ်သွား ပြန်မလာ ဟောဒီက ပိုတောင် ကြိုက်သေး..ဟွန်း.

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဒါပေမယ့် တစ်ရက် နှစ်ရက်ပါပဲ။ နောက်နေ့ ယောက်ကျားကပြန်လာခေါ်တော့ မိသီတာတို့က ပြန်ပါသွား ပြန်တယ်။ အေးလေ သူတို့မှာ သမီးလေးအတွက် စိတ်မကောင်းယုံကလွဲ၍ ဘာမှမတတ်နိုင်ကြ။ သီတာက တော့ မိဘလက်ထက်တုန်းက မိဘကချစ်လို့ အလိုလိုက်ထားတာကို သူက အခွင့်အရေးတွေယူခဲ့သည်။ ပြီးတော့ မိဘရဲ့ စေတနာ မေတ္တာ အတိမ်အနက်ကို သူမသိ။ မိဘဟူလို့ လေးစားရကောင်းမှန်း ရိုသေရ ကောင်းမှန်းသူမသိ။ ခုတော့ဖြင့် ၀ဋ်ဆိုတာကြီးက လာလေပြီ။ သီတာ
ကိုယ်ဝန်ရှိနေသော်လည် ယောက်ကျား ကအော်….ငါ့မိန်းမရယ်လို့ ညှာတာရကောင်းမှန်းမသိ။ ပိုက်ဆံမရှာနိုင်။ ထို့ကြောင့် အစစအရာရာ ချို့တဲ့ရရှာသည်။ အစ်ကိုတွေ အမေတွေအဖေတွေကတော့ မနေနိုင်ကြ ဆေးခန်းပြပေးကြ။ အားဆေးတွေ ၀ယ်ပေးကြနှင့် ဂရုစိုက်လွန်းကြသည်။ သို့သော် မိသီတာတစ်ယောက် နောင်တတွေရလာလေပြီ။ မိဘ မေတ္တာကို နားလည်ရကောင်းမှန်းသိလာလေပြီ။ သို့ပေမယ့် အခါလွန် နှောင်းခဲ့လေပြီလို့ဆိုမလား….

(ကိုကြီး) အမေရေ အမေ ..အမေရ အမေ.. အဖေ အဖေ

(ဦးအေး) အကြီးကောင် ဘာဖြစ်လာတာလဲ ရေးကြီးသုတ်ပျာ အမောတစ်ကောနဲ့

(ကိုကြီး) ညီမလေး ချောလဲလို့ အဲဒါ ဆေးရုံမှာတဲ့။ ကိုလေးကတော့ လိုက်သွားပြီး အခြေအနေ မကောင်းဘူးတဲ့ လူကြီးရော ကလေးရော အန္တာရာယ် ရှိတယ်တဲ့.. ဆေးရုံရောက်နေတာ မနက်ထဲကတဲ့ သူ့ ယောက်ကျားက ပိုက်ဆံရှာမယ်ဆို ထွက်သွားတာ ခုဒီညနေထိ ပြန်မလာဘူးတဲ့.. အဲဒါ မနက်က ဆေးရုံကို လိုက်သွားတဲ့ သူ့ယောက်က္ခမ အိမ်ခေါင်ရင်းက ကောင်မလေးက ၀ပ်လျှော့မှာ လာပြောလို့

ဒေါ်ရီ ကြားကြားလိုက်ချင်းကို ခေါင်းထဲမှာ မိုက်ကနဲ။ ပြီးတော့ လဲ နှုတ်ကလဲ ဘုရား ဘုရား သမီးလေး ဘာမှ မဖြစ်ပါစေနဲ့လို့ အကြိမ်ကြိမ် ဆုတောင်းနေမိသည်

(ဦးအေး) အရီ စိတ်ခိုင်ခိုင်ထားလေ။ ခုချိန်မှာ သမီးဘေးနားမှာ ငါတို့ရှိနေမှ ဖြစ်မှာကွ။ တောင့်ထားစမ်းပါ။ သားကြီး ပိုက်ဆံများများရသလောက်ယူခဲ့ ။ အလုပ်က ငွေတွေပါစုခဲ့။ အရီ က သမီးအတွက်ဆေးရုံမှာ လိုအပ်မယ်ထင်တာလေးတွေ ယူခဲ့ အဖေ TAXI သွားငှားမယ်။ မြန်မြန်လုပ်ကြ..

ဆေးရုံရောက်တော့ သမီးကို ကုတင်ပေါ်မှာ မျက်ကွင်းတွေ ညိုပြီး ဖြူဖတ်ဖြူရော် နှုတ်ခမ်းများဖြင့် တွေ့ လိုက်ရသော အခါ ရင်ထဲမှာမချိလိုက်လေချင်းသမီးလေးရယ်။
ဆရာဝန်တွေကတော့ လက်လျှော့ထားကြ လေပြီ။

(ဦးအေး) သမီးလေး..သမီးလေး သတိထားလေ အဖေ အဖေတို့ရောက်လာပြီ။ ဘာမှ အားမငယ်နဲ့နော်။ ကြားလား သမီး အဖေတို့ရှိတယ်။

ဦးအေး၏ အသံကြားတော့ မှေးနေသော သီတာမျက်လုံးလေးများပွင့်လာကြသည်။ ပြီးတော့ နှုတ်မှ အားယူပြီး

(သီတာ) အမေ…အမေ ရော

(ဒေါ်ရီ) အမေ ရှိတယ်လေ သမီးရဲ့ အမေရှိတယ်။ သမီးလေး ဘာပြောချင်လို့လဲ။ ဘာလိုချင်လို့လဲ ။ အမေ ဘာလုပ်ပေးရမလဲ သမီး

သီတာ အားတင်းလို့ခေါင်းခါရင်း လက်အုပ်ချီ လို့ တတ်နိုင်သမျှသော အားအင်တို့အား စုစည်းလျှက် လေသံတိုးတိုးနှင့်

(သီတာ) အဖေ အမေနဲ့ ကိုလေး၊ ကိုကြီး သမီးကို ခွင့်လွှတ်ကြပါနော်။ သမီး မှားခဲ့တာတွေ အားလုံးအတွက် တောင်းပန်… တောင်းပန်…တောင်းပန်

သီတာ စကားမဆုံးနိုင်ရှာတော့ပေ။ သီတာ၏ ဇတ်သည် တစ်ဖက်သို့လည်ကျသွားလေပြီ။ ထိုသည်နှင့် တစ်ပြိုင်နက် ..ဒေါ်ရီ၏ အမယ်လေး အမေ့သမီးလေးရဲ့ ဆိုသည့် စီကနဲ ငိုသံ..
ကိုလေး ကိုကြီးတို့၏ တောက်တစ်ခေါက်ခေါက်နှင့် ညီမလေးရာ ညီမလေးရာ ဟု အံကိုတင်းတင်းကြိတ်လို့ မချိတင်ကဲလေသံ။ ဦးအေးသည်လည်း အသံမထွက်သော်လည်း အံကြီးကြိတ်လို့ မျက်နှာကြီးနီလို..

သီတာကတော့ မသိနိုင်တော့ပါလေ။ သူမထွက်ခွာသွားနှင့်ပြီ မဟုတ်ပါလား။


မိဘမေတ္တာဟူသည် ချစ်လွန်း၍ မိဘက သားသမီးအပေါ် အပြစ်မယူရက်သော်လည်း..
ကံကြမ္မာဝဋ်ကြွေးကတော့ ရှောင်လွဲလို့မရပါလေပြီကား…..


XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဘလော့ကို လာလည်။စာတွေလာဖတ်ပေးကြသော မောင်နှမအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။

Sunday 13 March 2011

ရှုံးနေသော လူသားများ




(လမင်း) မောင် .. ကျွန်မတို့ လမ်းခွဲကြရင် ကောင်းမယ်ထင်တယ်။

(သီဟ) ပြသနာဖြစ်ရင် ဖြေရှင်းဖို့ မကြိုးစားပဲ ဘာဖြစ်လို့ လမ်းခွဲစကားပဲ ထပ်ကာထပ်ကာဆိုနေတာလဲ လမင်း ကိုယ်တို့ချစ်ခဲ့ကြတာ ကစားနေတာမှ မဟုတ်တာ။ သံယောစဉ်တွေက လမ်းဘေးသွားပစ်ထားရမ လား။

(လမင်း) ဒီမှာ မောင်.. ပြသနာဖြစ်အောင် ဘယ်သူကလုပ်တာလဲ။ ဘယ်သူကစပြီး ပြသနာရှာနေတာလဲ။ ကျွန်မက စခဲ့တာလား။ ဖြစ်သမျှ ပြသနာအားလုံးက မောင့်မိသားစု မောင့် အသိုင်းအ၀န်းကရှာနေတာ။
ဒါပေမယ့် ဖြစ်လိုက်တဲ့ အခါတိုင်း မောင့်ရဲ့ ပျော့ညံ့မှုကြောင့် ကျွန်မရဲ့ မာနတွေကို မောင့်အသိုင်းအ၀ိုင်းက နင်းချေခံနေရတာ။ ကျွန်မရင်မှာ မချိဘူး။ ပြီးတော့ ဒါဟာ ပထမအကြိမ်လဲ မဟုတ်တော့ဘူး။
ကျွန်မရဲ့ သီအိုရီကိုသိတယ်မဟုတ်လား မောင်။ မှားမှန်းသိရင် ကျွန်မဘာမှ နောက်တွန့်မနေဘူး။ နောက်ပြန်လှည့်မှာပဲ။ မောင့် အသိုင်းအ၀န်းက မောင့်ကို ဒီလောက် လွှမ်းမိုးနေမှတော့ ကျွန်မတို့စမယ့် ဘ၀..အိမ်ထောင်ရေးဆိုတာကရော သာယာနိုင်ပါ့မလား။

(သီဟ) ဒါပေမယ့် လမင်းရယ် မောင်တို့ချစ်ခဲ့ကြတာ..

(လမင်း) ဒီမှာ မောင် . မောင်သာတစ်ကယ်ချစ်တယ်ဆိုရင် လမင်းရဲ့ နာကျင်မှုတွေကို ဘာလို့ မောင့်ရဲ့ ပျော့ညံ့မှုတွေနဲ့ အစားပြန်ပေးနေရတာလဲ။ ကျွန်မက တစ်သက်လုံးဒီလို စိတ်ဆင်းရဲနေရမှာလား။ ချစ်တယ် မောင်။ မောင့်ကို တစ်ကယ်ချစ်ခဲ့တာ။ ဒါပေမယ့် မောင် ..စဉ်းစားကြည့် မောင့်မျက်နှာမြင်ပြီး မောင့်နဲ့အတူ နေရ ရုံနဲ့ အချစ်ဆိုတာကို တင်းတိမ်နေမယ့် မိန်းမ မျိုးထဲမှာ လမင်းမပါဘူး။ မောင့်ကိုရော မောင့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်မယ့် စိတ်ကိုယ်ရော တစ်ခါတည်းရရင်ရ မရရင်တော့ လမင်းဆိုတဲ့ မိန်းမ က ဆောရီးပဲ။

(သီဟ) လမင်း ဒီတစ်ခါတည်း ဒီတစ်ခါတည်းပါကွာ..ဒီတစ်ခါတည်း

(လမင်း) ဆောရီးပဲ မောင် . မောင့် အသိုင်းအ၀န်းကို ပြန်ပြောလိုက် လမင်းဆိုတဲ့ မိန်းမက မောင့်ကိုမရလဲ သေမသွားဘူး ဘ၀လဲ မပျက်သွားဘူးလို့.. အချစ်ကို ကိုးကွယ်ပေမယ့် အချစ်ကြောင့်တော့ မိုက်မဲတဲ့ ထဲမှာ မပါဘူး။ မောင် လဲ စဉ်းစား။ မောင့် အသိုင်းအ၀န်းကို ကျော်နိုင်တယ်ဆိုရင် လမင်းဆီကို အချိန်မရွေး ပြေးလာ ခဲ့လို့ရတယ်။ ဟောဒီ ထက်မြက်နေတယ် မာနတက်နေတဲ့ ဆိုတဲ့ လမင်းဆိုတဲ့ မိန်းမရဲ့ အရည်အချင်းတွေ ထက်မြက်မှုတွေက မောင့်ကိုပဲ support လုပ်မယ့် အရည်အချင်းတွေ ဖြစ်စေရမယ်။ ဘယ်တော့မှ မောင့် ရှေ့ကနေပြီး မောင့်ကို ဦးဆောင်မယ့် မိန်းမ မဖြစ်စေရဘူး။ အဲဒါ မောင့်ကိုချစ်လို့။ ချစ်လွန်းလို့ မောင့်ဆီမှာ အကုန် အရှုံးပေးလိုက်တာ။ ဒါပေမယ့် မောင့် အသိုင်းအ၀န်းတော့ မပါဘူး ။ ရှင်းတယ်နော်။

*****************************************************************

(လမင်း) ဟင့် ဟင့်.. မောင်က ငါ့ကို တစ်ကယ်မချစ်ဘူး ဟေမာန်ရယ်။


(ဟေမာန်) ဟင်း.. နင်တို့နှစ်ယောက်လည်း ခက်ပါတယ်ဟယ်။ ခု သူ့ဘက်က ဘာပြောပြန်လို့လဲ။

(လမင်း) ငါ့ကို ထမင်းစားဖိတ်လို့ ငါသွားတယ်ဟာ။ ဟိုရောက်တော့ သူ့အစ်မတွေရော သူ့အမေရောက မောင်ကသာ ငါမှ ငါဖြစ်နေလို့ သူတို့က လျှော့ပေးလိုက်တာတဲ့။ အမှန်တော့ သူတို့က ငါ့လိုမိန်းမမျိုး သဘောမတူနိုင်ဘူးတဲ့။ သူတို့က မိန်းမဆိုတာ အိမ်တွင်းမှုလုပ်ပြီး အိမ်ထောင်ထိန်းသိမ်းနိုင်ရင်တော်ပြီတဲ့။ ငါနဲ့ဆို မောင်က အမြဲ နောက်ကပဲလိုက်နေရမှာတဲ့။ ဒါပေမယ့် နောက်ဆုံးမောင်က ငါ့ကိုမှမရရင် သေနိုင် တယ်လို့ ပြောလို့ သူတို့ဘက်ကလျှော့ပေးလိုက်တာတဲ့။ အဲဒါ ငါ့ကို သိပ်ပြီး မာနတွေတက်မနေနဲ့တဲ့။ သူတို့ဘက်က အကြိမ်ကြိမ် ဒီလို မထိတထိပြောပြီး ငါ့မာနတွေကို နင်းချေနေတာငါသိတယ်ဟာ။ ဒါပေမယ့် ငါလျှော့ပေးခဲ့ပါတယ် ။ဒီတစ်ခါတော့ ဟာ သက်သက်မဲ့ ဒါငါကို ချိုးလိုက်တာနဲ့တူတယ်။ ဒါပေမယ့် ဒီလိုပြောနေတဲ့ အချိန်မှာ မောင်က ငုတ်တုတ်။ ဘာမှ ပြန်မပြောဘူး ။ သူ့ထမင်းပဲ သူငုံ့စားနေတယ်။ နင်စဉ်းစားကြည့် ငါဘယ်လိုနေမလဲဆိုတာ။

(ဟေမာန်) ဒါပေမယ့်ဟယ် နင်ပဲစဉ်းစားကြည့် နင်နဲ့ သီဟ ချစ်ခဲ့ကြတဲ့ နှစ်က နဲတာမှ မဟုတ်တာ။ ခုလဲ နင်တို့ယူဖို့စီစဉ်နေပြီမဟုတ်လား။ ဒီလိုအချိန်ကြီးကြမှ နင့်ဘက်က လုံးဝ ဖြတ်ပစ်လိုက်တာတော့ မကောင်းဘူးထင်တယ်ဟ။ ပြီးတော့ နင်လဲ ခံစားနေရတာပဲလေ။ ခဏလေးပဲ ကျန်တော့တာပဲ။ သည်းညည်းခံလိုက်ပါဟာ။ ယူပြီးကိုယ့် လူဖြစ်ပြီးဆိုမှ နင့်အလှည့်ပေါ့ဟ။

(လမင်း) ငါကတော့ အဲလိုမတွေးဘူး ဟေမာန်။ အဲဒါ မိုက်ရူးရဲဆန်တယ်လို့ ထင်တာပဲ။ ငါ့ဘက်က ငါ့ဘ၀ တစ်ခုလုံးရင်းလိုက်ရမှာလေ။ ခုချိန်မှာတောင် သီဟ ကဒီလို တွေဝေနေရင် ယူပြီးရင်ရော ငါတို့ အိမ်ထောင်ရေး ကို ငါတို့စိတ်နဲ့ တည်ဆောက်နိုင်မယ်လို့ နင် အာမခံနိုင်သလား ဟေမာန်ရယ်..

(ဟေမာန်) ဒါကတော့..ဒါကတော့ဟာ.. အေးလေ နင်အဲလိုစဉ်းစားနိုင်တယ်ဆို ခုနင်ဘာလို့ ငိုနေမလဲ ဘာလို့ ခံစားနေမလဲ။ နင်ဆုံးဖြတ်ပြီးပြီမဟုတ်လား လမင်းရယ်..မငိုနဲ့တော့နော် သူငယ်ချင်း..တိတ်ပါဟယ် နော်..

(လမင်း) ငါ့နှလုံးသားက ချစ်ခဲ့တဲ့ အချစ်တွေတွက်တော့ ငါငိုပါရစေ ငိုပါရစေ ဟေမာန်..ငါ ငိုပါရစေဟာ.

(ဟေမာန်) ဟင်း………………………………………

သက်ပြင်းခပ်လေးလေးသာ ချပစ်လိုက်တော့သည်။ တစ်ကယ်တော့ သူ့သူငယ်ချင်း လမင်းသည် သီဟ ကို ဘယ်လောက်ထိ ချစ်သလဲဆိုတာ သူသာလျှင် အသိဆုံးလေ။ သီဟနဲ့ ပတ်သတ်တဲ့ ခံစားချက် အားလုံး လမင်း က သူ့ကိုသာလျှင် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခဲ့တာကိုး။
တစ်ခါတစ်လေတော့ လဲ သီဟ ကို သတ်ပစ်ချင်မိသည်။ အဲကောင်ကလေ တော်တော်လေးကို ပျော့ညံ့ တယ်။ ကဲ ..သူငယ်ချင်းလေရေ ငါ့ပုခုံးကို မှီပြီးတော့သာ နင့်ရဲ့ ၅ နှစ်ကျော်ကျော် အချစ်အတွက် ၀အောင်သာ ငိုပေတော့ဟေ။ ခုတော့ သူမ၏ ပုခုံးမှာ ချစ်သော သူငယ်ချင်းလေးရဲ့ မျက်ရည်တွေ ရွှဲရွှဲ စိုနေလေပြီ။

ဒါပါပဲလေ မာနရှိတဲ့ ဆိုတဲ့ မိန်းမတွေရဲ့ မာနတံတိုင်းတွေနောက်မှာ မျက်ရည်ချောင်းတွေ စီဆင်းနေကြတာ အဲဒီမာနရှိတယ် ဆိုတဲ့ မိန်းမ တွေပဲ သိနိုင်တာ။ ဘာလို့လဲ ဆိုတော့ သူတို့က လူတွေရှေ့မှာတော့ ဘယ်တော့ မှ မရှုံးကြဘူး။ ဒါပေမယ့် မာနတံတိုင်းရဲ့ နောက်မှာတော့ သူတို့တွေ အမြဲရှုံးကြရသည်ပဲ။
ခုပဲကြည့်လေ မောင့်ရဲ့ မင်္ဂလာဆောင် ဖိတ်စာက ကျွန်မရဲ့ ရုံးခန်းစားပွဲပေါ်မှာ အခန့်သား နေရာယူနေပြီ။ ဒါလား ကျွန်မကို တစ်ကယ်ချစ်တဲ့ မောင်။ ဒါလား ကျွန်မ ချစ်ခဲ့ရတဲ့ မောင်။ ယောက်ကျားဆိုတဲ့ အမျိုးတွေက ဒီလိုပါပဲလေ။ မိန်းမတွေကို ချစ်ဖို့ထက် သူတို့ရဲ့ ဆန္ဒတွေအတွက် အသုံးချဖို့က ပိုပြီးလို အပ် ကြတာကိုး။ ဟွန်း မောင်လဲ ဒီလို လူစားပါပဲလေ။ ဟင်း.. ကျွန်မကို ရှင်တို့ သိပ်ပြီး လျှော့တွက်ကြတာကိုး ရှင့်။ ဟင်း..ဟင်း…ဟားဟား.. စောင့်နေကြပေါ့။ အဲဒီ မောင့်ရဲ့ မင်္ဂလာပွဲကို အလှဆုံးပြင်ပြီး အပြုံးတွေ ရွှန်းရွှန်းစာစာနဲ့ လာခဲ့မယ် မောင်ရေ။ စောင့်နေကြ။ လမင်းဆိုတဲ့ မိန်းမကို ဒီလိုမျိုး စိန်လာခေါ်လို့ကတော့ လေ လမင်းတို့က ရေဆုံး မြေဆုံးလိုက်တယ်..မှတ်ထားကြ..

အဲဒီမိန်းမသည် ဒီနေ့ အရမ်းကိုလှနေသည်။ သူ့မျက်ဝန်းကို ဘေးက သတို့သမီးဆီ ပို့လို့မရ။ အဲဒီမိန်းမကို သာ မနေနိုင်လွန်းစွာ အကြည့်တွေ ပို့လွှတ်နေမိသည်။ တစ်ခါတစ်ခါ ဘေးကသတို့သမီးက လက်တို့ပြီး သတိပေးရသည် အထိ။ ပြီးတော့ အဲဒီမိန်းမ၏ ထက်မြက်လွန်းလှသော ခပ်ထေ့ထေ့ အပြုံးကလဲ သူ့ ရင်ကို ဓါးထက်ထက်နဲ့ ခွဲနေသည့်အလား။ အဲဒီမိန်းမ အဲဒီလိုပြုံးလိုက်ပြီ ဆိုသည်နှင့် သူတစ်ခါ ဒုက္ခရောက်ပြီး ဆိုတာ သေချာပြီးသား။ ဒါပေမယ့် သူအဲဒီအပြုံးတွေကို ချစ်သည်။ သူမကို သူမြတ်နိုးသည်။ အဲဒီအပြုံးတွေကို ပဲ သူစွဲလန်းနေမိသည်။ လှလိုက်တာ လမင်းရယ်။ ဘာလို့ လာခဲ့ရတာလဲ။ တစ်ကယ်ဆို မမတို့စိန်ခေါ်နေပေ မယ့် လမင်း ရှောင်နေလိုက်ရင် ရတာပဲ။ ဘာလို့များ ..ထိပ်တိုက်တွေ့နေရတာလဲကွာ။ လမင်း ရော မပင်ပန်း ဘူးလား။ လမင်းရော မခံစားရဘူးလား။ ခုလို သတို့သမီးရဲ့ လက်ကိုတွဲပြီး ထိုင်နေတဲ့ သတို့သား မင်းချစ်သူ ကိုယ့်ကိုယ်ရော မသနားဘူးလား။ မင်းဆုံးရှုံးလိုက်ရလို့ရော မင်းနဲနဲလေးမှ မခံစားရဘူးလားကွာ။

(မို့မို့) ဒီမှာ ကိုသီဟ ကျွန်မက ရှင့်ရဲ့ သတို့သမီးပါ။ လူပုံအလယ်မှာ ကျွန်မကို အရှက်ခွဲနေတာလား။ နဲနဲ ပါးပါးလေး လဲ သတိလေးထားပါအုန်း။ ခုရှင်လုပ်နေတာ လူတွေ တော်တော် ရိပ်မိနေပြီ။ ခုလဲ ရေခဲမုန့်ခွံတာ ရှင့်စိတ်က ဘယ်ရောက်နေလို့လဲ။ ခုကျွန်မ အကုန်ပေကုန်ပြီ။ ကျေးဇူးပြုပြီး ကျွန်မနဲ့ ကျွန်မဘက်က မိသားစု အသိုင်းအ၀န်းကို အားနာတယ်ဆိုရင် ရှင့်စိတ်တွေ အကုန်လုံး ဒီမင်္ဂလာပွဲပေါ်မှာပဲ ထားလိုက်ပါ ကိုသီဟ။ အဲလိုမှ မဟုတ်ရင် ကျွန်မအဲဒီ မိန်းမကို သွားမောင်းထုတ်ခိုင်းရလိမ့်မယ်..

ဘေးမှ သတို့သမီးသည် သူ့အားတိုးတိုး တိုးတိုးနှင့် သတိပေးနေလေပြီ။ မဖြစ် လမင်းတော့ အရှက်ကွဲ လို့ မဖြစ်..သူအကြည့်တွေကို လွဲလိုက်သည်။ သူ့ စိတ်တွေကို သူပြန်ခေါ်လိုက်သည်။ လမင်းရယ် မင်းပြန်ပါတော့ ပြန်ပါတော့ကွာ..မောင့်ကို သနားရင် ပြန်ပါတော့။ သူစိတ်ထဲကနေ တိုးတိုးလေး ကြိတ် ဆုတောင်းနေမိသည်။ လမင်းပြန်ပါစေလို့။

ဟင်းဟင်း ကျွန်မသိတာပေါ့.. ကိုသီဟ ရယ် ရှင်ခုတော့ နောင်တရနေပြီ မဟုတ်လား။ သတို့သမီးကတောင် အနားကပ်ပြီး တိုးတိုးပြောနေရပြီ။ ဟားဟား.. ကျွန်မအဲဒီလို အော်ပြီးတော့သာ ရယ်ပလိုက်ချင်တာ။ ဟင်း.. ဟော ဟိုမှာ ကျွန်မဆီကို ရှင့်ရဲ့ အစ်မကြီး လာနေပြီ။ ကျွန်မထင်တာမမှားဘူးဆိုရင် သူတို့ရွေးချယ်ထားတဲ့ သတို့သမီးရဲ့ စိတ်ချမ်းသာမှုအတွက် ကျွန်မကို လာပြီးနှင်တာနေမှာ။ ဟင်းဟင်း ဒီလို ဘယ်လုပ်လို့ရမလဲ.

(လမင်း) အော်..မမစိန်ပါလား။ မင်္ဂလာပွဲက အရမ်းကိုစည်ကားတာပဲ။ ကျွန်မက မင်္ဂလာပွဲပြီးအောင်ကို စောင့်ြ့ပီး ကြည့်ချင်တာ။ ကိုယ့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဆိုတော့လေ။ ဒါပေမယ့် မမစိန်တို့က ဖိတ်စာ ပို့ပြီး တစ်ကူးတစ်က ဖိတ်လို့သာ လမင်းက လာရတာ။ အားတာမဟုတ်ဘူး။ ဒီတော့ ပြီးအောင် မစောင့်တော့ဘူး လို့ ကိုသီဟ ကိုပြောလိုက်နော်.ဟင်းဟင်း.. အော် ပြီးတော့ ကျွန်မ အရမ်းစိတ်ဝင်စားတယ် မမစိန်။ ခုတောင် သတို့သမီးက တိုးတိုးနဲ့ဆိုတော့ နောက်များဘယ်တော့ ကျယ်ကျယ်လာမလဲ ဆိုတာ ကျွန်မစောင့်ကြည့်နေ မယ်။ ကျွန်မတော့ သတို့သမီးကို သနားတယ်.. ကျွတ်ကျွတ်..ကဲ ကျွန်မကို ပြန်ခွင့် ပြုပါအုန်းနော်. ခုလို ဖိတ်ကြားတဲ့ အတွက်လဲ ကျေးဇူး အများကြီး တင်ပါတယ်လို့..


(မမစိန်) ဟင်းဟင်း စောင့်ကြည့်ပါ ကွယ်။ စောင့်ကြည့်ပါ။ ပြီးတော့မှ လွတ်သွားငါး ကြီးလှကြီးလားလို့ဆိုပြီး နောင်တသာ မရနေစေနဲ့ကွယ်။

(လမင်း)မမစိန် တို့က အမြင်တွေ တယ်စောင်းတာကိုး။ ခုလာတဲ့ ပုံက နောင်တတွေ သောကတွေနဲ့ လာတဲ့ လမင်းလား။ တစ်ကယ်ကို စိတ်ရင်းနဲ့ လာတဲ့ လမင်းလား မြင်အောင်မကြည့်တတ်ဘူးထင်တယ်။ ဟင်းဟင်း
လွတ်သွားတဲ့ ငါး ကြီးတယ်လို့ ထင်တာ မမစိန်တို့ရဲ့ ချစ်လှစွာသော မောင်လေးပါ။ ခုတောင် အဲဒီအတွက် ပြန်ဖို့ လာတောင်းပန်တာမဟုတ်လား.. ကျွန်မက သဘောထားကြီးပါတယ်။ သူများတွေ ပျော်နေတဲ့ အချိန်မှာ ဘယ်တော့မှ စိတ်ညစ်အောင်မလုပ်ဘူး။ တက်တာ…ဟင်းဟင်း ။

(မမစိန်) မင်း….မင်း

မခို့တရို့ အမူအရာနဲ့ သူ့ကို ကျောခိုင်းလို့ တက်တာလှမ်းပြသွားသည့် အဲဒီမိန်းကလေးကို သူတော်တော် သည်းညည်းခံလိုက်ရသည်။ တောက် မင်္ဂလာပွဲမှာ မို့လို့ပေါ့လေ ။ ဟွန်း အပြင်မှာ ဆိုရင်တော့ လေ ဒင်းတော့လား…တောက်..စိတ်ထဲကနေ ခံပြင်းစွာ တောက်တစ်ချက်ခေါက်လိုက်မိသည်။

ကဲ ဇာတ်လမ်းလေးရဲ့ နောက်ဆက်တွဲကို ဆက်ပြောကြစို့လား။

အဲဒီမင်္ဂလာပွဲပြီးလို့ အိမ်ပြန်ရောက်သည့် အချိန်မှာ သတို့သမီးနှင့် သတို့သားတို့ အကြီးအကျယ် စကားများကြသည်။ ဒီလိုအဖြစ်မျိုးကို ဘယ်အမျိုးသမီးက သည်သည်းခံနိုင်မတုန်း။ ဒါပေမယ့် သီဟ သည် သူ၏ မိဘအသိုင်းအ၀န်းများအား မလွန်ဆန်ရဲ။ထို့ကြောင့် သူသည် သတို့သမီးအား မချစ်သော်လည်း အောင့်ခါနမ်းဆိုသလို တောင်းပန်၏။ သို့သော် သူ့ထံတွင် အချစ်လဲမရှိ အကြင်နာလဲမရှိ. တာဝန်လဲမရှိ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်မရှိ။ ပြီးတော့ သူသည် လမင်းဆိုသော မိန်းမကိုသာ တမ်းတနေသည်။ သူ၏ စိတ်တို့သည် မပြတ်သားနိုင်။ ဒီဟာ အိမ်ထောင်ဖြစ်ပြီမို့ သူ၏ အကြင်နာ မေတ္တာတို့အား သူ၏ မိန်းမပေါ်တွင်လဲ သူလှည့်မထားနိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် သူသည် ကိုယ့်စိတ်ကိုယ် ကိုယ်မနိုင်သော ကိုယ့်စိတ်ကို ကိုယ်မထိန်းချုပ်နိုင်သော ယောက်ကျားတစ်ယောက် ဖြစ်သောကြောင့်ဖြစ်သည်။ပြီးတော့ သူ၏ အတ္တကိုသာ သူကိုးကွယ်သည်။

ကဲ ဒါဆို သတို့သမီးကရော.. ယူထားတဲ့ ယောက်ကျားက အခြားမိန်းကလေးတစ်ယောက်အပေါ်တွင် ချစ်နေ စဲ။ ဒါပေမယ့် သူကရော။ ဒီယောက်ကျားပြန်ကွာလို့မဖြစ်။ အဘယ့်ကြောင့်ဆိုသော် သူသည် မြန်မာမိန်းက လေးတစ်ယောက်ဖြစ်နေသည်။ ဗိုင်းကောင်းကျောက်ဖိ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာယုံသာ တတ်နိုင် သည်။ ဒီတော့ ဘာပဲဖြစ်ဖြစ် သူသည် မျှော်လင့်ချက်အချို့ဖြစ်သာ ဤယောက်ကျားအား ဆက်လက် ပေါင်း သင်းရပေတော့မည်။ ဘာပဲပြောပြော သူမသည် မင်္ဂလာဆောင်တွင် သတို့သား ငေးကြည့်နေသော မိန်းကလေး ကိုတော့ အားကျသည်။ အဲဒီမိန်းကလေး ကံကောင်းသည်။ ဒီတော့ သူမအနေဖြင့် သည်းခံနိုင်သမျှ ဤအိမ်ထောင်ရေးအား ဆက်ထိန်းမှ ဖြစ်မည်။ ဤကား သူမအတွက်ဖြစ်သည်။ သူမသည်လည်း သူ၏ အတ္တကိုသာ ကိုးကွယ်၏။

ထို့ကြောင့်သူတို့၏ အိမ်ထောင်ရေးသည် မသာယာနိုင်တော့ပေ။

ဒါဆိုလျှင် သတို့သား၏ မိသားစု အသိုင်းအ၀န်းမှ သူများကရော။ သူတို့စီစဉ်ပေးလိုက်သည့် အိမ်ထောင်ရေး သည် သူတို့၏ ချစ်လှစွာသောသူ၏ ဘ၀ကို အေးချမ်းမှုမပေးနိုင်။ အိမ်ထောင်ရေး သောကတွေ သူတို့စီစဉ်ပေးလိုက်ချင်းဖြစ်သည်။ သူတို့မျှော်လင့်သော တောင့်တခဲ့သော အေးချမ်းမှုမျိုးမရ။ အဲဒါ သူတို့ မုန်းသော ဟိုမိန်းကလေးကြောင့်ဖြစ်သည်။ ထို့ကြောင့် မျက်စိရှေ့မြင်နေရသော ချစ်လှသောသူ၏ အိမ်ထောင်ရေးပြသနာ များကြောင့် သူတို့လဲ စိတ်ဆင်းရဲသည်။ ထို့ကြောင့် သူတို့သည်လည်း သူတို့၏ အတ္တများကိုသာ ကိုင်စွဲထားသော သူများဖြစ်သည်။

သို့ဆိုလျှင် လမင်းကရော။ လမင်းသည်လည်း မာနကြောင့်သာ သီဟ ကိုစွန့်လွတ်လိုက်ချင်းဖြစ်သည်။ တစ်ကယ်တော့ သီဟ သည်သူ့ရင်ထဲ အချစ်နတ်ဘုရားတစ်ပါး။ ဒီတော့ သူမဆုံးဖြတ်ပြီးသား သီဟမှ လွဲ၍ မည်သည့် ယောက်ကျားမျှ မယူတော့။ ထို့ကြောင့် သူမသည် ဘ၀တစ်လျှောက် တစ်ကိုယ်တည်း အထီးကျန်၏။ တစ်ကိုယ်တည်း ငိုကြွေး၏။တစ်ကိုယ်တည်း ရှုံး၏။ တစ်ကိုယ်တည်း နိုင်၏။ ထို့ကြောင့် သူမသည်လည်း သူမ၏ အတ္တကိုသာ ပိုင်ပိုင်စွဲကိုင်လျှက် နေမြဲ။

အားလုံးကို ခြုံ၍စဉ်းစားလျှင် မည်သူ မည်သူမျှ မနိုင်ကြ။ သူတို့၏ အသီးသီး အတ္တများသည်သာ သူတို့ကို နိုင်သွားကြသည်။ သူတို့သည် ရှုံးနေသော လူသားများဖြစ်သည်။ အတ္တ၏ သားကောင်များသာ ဖြစ်သည်။ တစ်ကယ်တော့ လူကို လူလို့ပဲမြင်ခဲ့လျှင် သူတို့တွင် ထိုကဲ့သို့ ရင်နာစရာများမရှိ။ ခုတော့ သူတို့သည် လူတစ်ယောက်ကို ကြည့်လျှင် သူတို့၏ ကိုယ်ပိုင် အတ္တများပါ ထည့်ထည့်ပြီး ကြည့်ခဲ့ကြသဖြင့်..
ခုတော့ဖြင့်… သူတို့ ရှုံးသွားကြလေပြီ။

Wednesday 9 March 2011

မုန်းတယ်



မရှိအရှိဟန်ထုတ်ပြီး ရှိသယောင်ယောင်နဲ့
ဟန်ဆောင်ကောင်းတဲ့ သူတွေကို
မုန်းတယ်။ ။

ခင်မင်သလိုလိုနဲ့ ရင်ကို
ဓါးထက်ထက်နဲ့ခွဲ သွေးရဲရဲ
ထွက်လာတော့မှ..အို
ဆောရီးနော် ဆိုတဲ့ သူတွေကို
မုန်းတယ်။ ။

ဖြစ်လာမလား ဖြစ်လာမလား
တစ်သသနဲ့ တစ်နေ့လာနိုး
တစ်နေ့ဖြစ်နိုးနဲ့
မျှော်လင့်နေတဲ့ စိတ်တွေကို
မုန်းတယ်။ ။

မပွင့်တစ်ပွင့်နဲ့ လိုရင်းကို
မရောက်ဘူး ဟိုလိုလို
ဒီလိုလို တစ်ကယ့်အရေး
တစ်ကယ့်ဘေးကျတော့
ခေါင်းခါခါ လည်ခါခါနဲ့
ဒီနေ့ မအားလို့နော် ဆိုတဲ့ သူတွေကို
မုန်းတယ်။ ။

စားစရာရှိ အားမနာတမ်း
ယူစရာရှိ လှည့်မကြည့်စတမ်း
ပေးစရာရှိ မျက်နှာမကြည့်စတမ်း
ထွီကနဲ မထွေးရုံတစ်မယ်
ကျေးဇူး မသိတတ်တဲ့ သူတွေကို
မုန်းတယ်။ ။

ပြောနေတာက မင်းအတွက်
ရလာတာက မင်းမဟုတ်ဘူး
ဖြစ်လာတော့ မင်းရှင်း
ကယ်ပါယူပါ တစ်စာစာနဲ့
ပြေးလာသမျှ လူု
ရင်စီးလို့ ခေါင်းမော့ပြီး
ပြေးပြေးတွေ့ပေးနေတဲ့ ကိုယ့်ကိုယ်လဲ
မုန်းတယ်။ ။

ခံနေရတာလဲသိတယ်
လိမ်နေတာလဲသိတယ်
ကိုယ့်ဘာသာကိုယ်
အသုံးမကျတာလဲသိတယ်
သူများထွီသလို လိုက်မထွီနိုင်တာလဲသိတယ်
အနိုင်နဲ့ပိုင်းလို့ ငါဟဲ့လို့
တစ်ကွက်ကိုနင်း အနိုင်ပိုင်းနိုင်တာလဲ
ငါသိတယ်.. ဒါပေမယ့်

ဒါပေမယ့်ပေါ့လေ...
ငါ ဟန်မဆောင်တတ်ဘူး..
ငါ အပြုံးတုတွေ မတပ်ဆင်တတ်ဘူး
ငါ မယုတ်မာတတ်ဘူး
ငါ သံယောဇဉ်တွေ မပြတ်ဘူး
ငါ့မှာ မျှော်လင့်ချက်တွေရှိတယ်
တစ်နေ့တော့
သူ .... ကောင်းလာနိုးနိုးပေါ့။

Monday 7 March 2011

မျက်တော်ဖြေ




ညိုငြင်တော်မူနဲ့ ချစ်သူရယ်
တစ်ကယ်ဆို မင်းမကမ်းခင်က
လှမ်းချင်တဲ့ ဒီလက်ရယ်ပါ
ဒါပေမယ့် ငါလဲရင်
လိုက်ပြိုမယ့် လူတစ်စုကြောင့်
ဒီလက်ကို ငါ.မလှမ်းဖြစ်ခဲ့ဘူး။ ။

တစ်ကယ်ပါ ငါလိုရာစေလို့
ကိုယ့်လမ်းကိုယ်ဖြောင့်ပေမယ့်
နောက်ကောက်မှာ ကျန်နေမယ့်
လမ်းကောက်တစ်ကြောင်းကို
ငါမပြင်ရင်ဖြင့် သူတို့တွေ
ဘယ်လိုများ နင်းဖြတ်ကြမလဲ။ ။

ဒါပေမယ့် ငါပြင်ပြန်တော့
ငါ့ဘ၀ခင်းလို့ ငါ့နှလုံးသားတစ်ထပ်နဲ့မှ
ဒီလမ်းက ဖြောင့်ပြီးချောသတဲ့
ဒါတောင်မှ ဒီလမ်းဟာ
လမ်း လို့သာ ဆိုသာရုံရှိသေးတယ်။ ။

ငါ့ကိုယ်နဲ့ ငါ့စိတ်
ငါ့သဘောသာဆို
ကမ်းလျှင့်မယ် ဒီလက်တစ်စုံဟာ
ဒီဘ၀ မင်းအတွက်ရယ်ပါ။ ။

လိမ်လည်ကာ လျှာဖျားမှာတင်ရုံနဲ့
ထွက်ခဲ့တဲ့ ဒီနှုတ်က စကားမဟုတ်ဘူး
နှလုံးသွေးနဲ့တည်ပြီး လှိုက်လှဲကာ
ပြောခဲ့တဲ့ ဒီစကားပါ..

မျက်တော်ရယ် မမူလိုက်ပါနဲ့
ဒီနှလုံးသား ငါချကာခင်းခဲ့လို့
တစ်မြည့်မြည့်ရယ်ဆွေး
ခံစားကာ အသက်ရှုနေခဲ့တာ
ငါကိုယ်တိုင်သာလျှင် အသိဆုံးပါ။ ။

Friday 4 March 2011

ဖတ်ခဲ့ဘူးသော အချစ်စာမျက်နှာများ(၂)




မနက်ဖြန်ချိန်းထားသည်ကို ဒီနေ့ည မင်းကြည် ကိုသွားပြောမှ ဖြစ်မည်။မအားသည့်အကြောင်း။ သူတို့နှစ်ဦး ချစ်သူ ဘ၀ရောက် ခဲ့ကြသည်မှာ နှစ်နှစ်တိတိပြည့်မြောက်သောနေ့။ အဲဒီနေ့မှ သူ့အဖေကလည်း ခိုင်းစရာပေါ်လာရသည်လို့။ ပြီးတော့ လုပ်စရာက တစ်နေ့လုံး။ သူ့ချစ်သူ မင်းကြည် တော့ စိတ်ဆိုးပေတော့မည်။ မတတ်နိုင်ပေ။ ကြည့်ရှင်းရမည်။ ဒီလိုအတွေးနဲ့ချစ်သူ လေးရဲ့ အိမ်ကိုထွက်လာခဲ့သည်။ သီတင်းကျွတ်အခါသမယမို့ ကလေးတွေ မီးပန်းလွှတ်လိုက် ငရဲမီးဆော့လိုက် မီးပုန်းလေးတွေ တွန်းလိုက်နှင့် အလုပ်ရှုပ်ပြီး ပျော်နေကြသည်။ အိမ်တိုင်း အိမ်တိုင်းတွင်လဲ ဖယောင်းတိုင်မီးလေးတွေကို အလှဆင်ကာ ထွန်းထားကြ သည်။ အင်း မီးရေးတော့ စိုးရိမ်စရာ။ချစ်သူလေးရဲ့ အိမ်ရှေ့ကိုရောက်တော့ အဲ..ဘယ်လိုဖြစ်တာတုန်း အိမ်ကမှောင်လို့ပါလား။ ဘယ်သူမှလဲ မတွေ့ဘူး။ ဟိုကြည့် ဒီကြည့် သူမတို့မိသားစုဘာလုပ်နေပါလိမ့်။ ရှာနေတုန်းရှိသေး..

(၀င်းမောင်) ကိုမင်းကြည် ပါလား ဘာလာလုပ်တာလဲ ယမင်းကြည် ကိုလာရှာတာလား။

(ကိုဇော်) တိုးတိုးလုပ်ပါကွ။ တော်ကြာသူ့အမေတွေကြားသွားမှ ဖြင့်။ ကိုဇော်လို့ပဲ နာမည်ရင်းခေါ်စမ်းပါကွာ။ မင်းကြည်နာမည်ကို ထည့်ထည့်ခေါ်မနေနဲ့ သူငယ်ချင်း အချင်းချင်းဆို ကိတ်စမရှိဘူး။ သူ့အမေတွေကြားသွားတော့ အားနာစရာကွ။

(၀င်းမောင်) ပူမနေနဲ့ဟေ့ တွေ့ချင်ရင် ရပ်ကွက်ရုံးလိုက်သွား။ သူတို့တွေအဲဒီမှာ။ မင်း ကောင်မလေးကို တိုင်တဲ့လူရှိလို့ အဲဒါ ရ၀တ ရုံးကခေါ်လို့ သွားကြတယ် တစ်မိသားစုလုံး

ဝင်းမောင်က စပ်ဖြဲဖြဲ မျက်နှာနှင့်ပြောနေသော်လည်း ကိုဇော်တစ်ယောက် ခေါင်းတော်တော်ကြီးသွားသည်ဟု ထင်သည်။

(ကိုဇော်) ဘာ!!!!!!!!!!!!!!!!!!!!!!!!!!!... ဘယ်လို မင်းကြည် ကို

(၀င်းမောင်) အေး ..တိုင်တဲ့လူရှိလို့

(ကိုဇော်) ရပ်ကွက်ကောင်စီရုံးမှာ

(၀င်းမောင်) အေး..ဟုတ်တယ်

ဗုဒ္စေါ သူမဘာတွေများလွဲပြန်ပြီးလဲ မသိဘူး။ ငိုများနေမလား။ မျက်နှာငယ်လေးနဲ့များ သူမတစ်ဖက်ကို တောင်းပန်နေသလား။

(ကိုဇော်) ဘာဖြစ်လို့တိုင်တာလဲကွ။ သူ..သူ ဘာလွဲလို့လဲ

(၀င်းမောင်) သိချင်ရင် လိုက်သွားလေကွာ။ဝေးတာမှာ မဟုတ်တာ။စက်ဘီးလဲ ပါနေတာပဲ။ သိပ်တော့ စိုးရိမ်မနေနဲ့။ မင်းကောင်မလေးက ရပ်ကွက်လူကြီးတွေနဲ့က ရင်းနှီးနေတာပဲ။
ဝတ်ရွတ်လဲပါ။ တရားပွဲဆိုလဲ ဓမ္မာရုံသွား။ ရပ်ကွက်လူကြီးတွေနဲ့ လူရင်းတွေလိုဖြစ်နေတဲ့ဟာကို။ လိုက်သွားလဲ့ ...အင်း ... မင်းအစားတော့လေ ငါ.တော့ ကျောချမ်းမိပါရဲ့.. တစ်ကယ်ပဲ

(ကိုဇော်) အေး အေး ဒါဆိုလဲ ပြီးရော ငါလိုက်သွားမယ်

ပြောပြောဆိုဆို သူ့စက်ဘီးလေးပေါ်တက်ပြီး ရပ်ကွက်ရုံးဘက်သို့ ဦးတည်လိုက်သည်။ ရုံးရှေ့ရောက်တော့ သူ၏ မတော်ရသေး သော် ယောက္ခမကြီးမျက်နှာ မသာမယာနှင့် မတ်တပ်ရပ်နေသည်။

(ကိုဇော်) အန်တီ ဘယ်လိုဖြစ်တာတုန်း ဦးရော။ ခု ယမင်းကြည်ရော။

(ဒေါ်လှတင်) အေး မင်းညီမကတော့ ရုံးအတွင်းခန်းထဲမှာကွဲ့ လူကြီးတွေနဲ့ စကားပြောနေတယ်။ မင်းဦးလေးကမရှိဘူးကွဲ့ ညဘက် ဘုရားတက်မယ်ဆို သွားလေရဲ့။ အိမ်မှာ မင်းညီလေးနဲ့ အန်တီပဲရှိတာ။ အမယ်လေး ဖြစ်ပုံကတော့ ပြောချင်ပါဘူးကွယ်။ မင်းညီမကတော့ ဒီလိုရှပ်ပြာပြာနဲ့ ရင်လေးတယ်။ အန်တီက ပြောတယ် ကလေးလဲမဟုတ်တော့ဘူး တက္ကသိုလ်တက်နေတာပဲ ဒုတိယနှစ်ပြီးတော့မယ်။ လမ်းထဲက ကလေးတွေနဲ့ မဆော့နဲ့။ အဲဒါကိုကွယ် အန်တီလစ်တုန်း လမ်းထဲ ကကလေးတွေနဲ့ မီးပန်း ရှုးဒိုင်းဆိုတာကြီး ၀ယ်ပြီးလွှတ်သတဲ့။ အဲဒါလေ လမ်းထဲက နှလုံးရောဂါရှိတယ်ဆိုတဲ့ မိန်းမရဲ့ ရင်ဘတ်တည့်တည့်ကို သွားမှန်လို့ကွဲ့။

(ကိုဇော်) အမ်.. အဲတော့ အဲမိန်းမ ဘာဖြစ်သွားလို့လဲ ဆေး..ဆေးရုံမှာလား

(ဒေါ်လှတင်) မရောက်ပါဘူးကွယ်။ သူက လန့်ရုံလန့်သွားတာပါ။ ပြီးတော့ လမ်းထဲက လူတွေကလဲ ပြောကြပါတယ်။ ကလေးတွေနဲ့ ဆော့နေတာ လူရှင်းသွားမှပဲ အဲဒီရှုးဒိုင်းကြီးဖောက်တာတဲ့။ ပထမဒီတိုင်း ငရဲမီးဆော့နေကြတာ။ ဘေးနားမှ ထိုင်ကြည့်နေတဲ့ လူကြီးတွေလဲရှိပါတယ်ကွယ်။ ကံကဆိုးချင်တော့ အဲဒီမိန်းမက အိမ်တစ်အိမ်ထဲကနေ ရုတ်တရက်ထွက်လာတာ ကွဲ့။ဒါနဲ့ပဲ အဲမိန်းမကတိုင်လို့ ရုံးရောက်တယ်ဆိုပါတော့။ သမီး ရှင်းတတ်ပါတယ်ဆိုပြီး ရုံးခန်းထဲမှာကွဲ့။ အန်တီ့ကိုနေခဲ့ဆိုလို့ ဒီမှာ မတ်တပ်ရပ်စောင့်နေတာ။

ကိုဇော် ရီလဲရီချင်သွားသည်။ သြော် ကြောက်ခမန်းလိလိ ချစ်သူတစ်ယောက်ကို သူရထားတာပါလားလို့လဲ တွေးမိလိုက်သည်။ တော်သေး ဟိုမိန်းမ HEART ATTACH တွေဘာတွေမဖြစ်လို့ပေါ့။ ဟူး..လွဲတာဆိုပေမယ့် လဲ ကြောက်စရာ..
ဒီလိုတွေးတုန်းရှိသေး ရုံးခန်းထဲက မိန်းမတစ်ယောက်ထွက်လာသည်။

(ဒေါ်လှတင်) အဲဒီ မိန်းမ မောင်ဇော် အဲဒီမိန်းမ

ဒါနဲ့ သူလှည့်ကြည့်လိုက်တော့ သြော် သူ့ကိုမျက်မုန်းကျိုးနေတဲ့ မိန်းမကြီးကိုး။ အဲဒီမိန်းမကြီးက သူတို့ကို တစ်ချက်လှည့်ကြည့် ပြီး မျက်စောင်းထိုးသွားသေးသည်။ မှတ်ပလား ဆိုသည့် သဘောမျိုး။ ဟွန်း မင်းကြည်မို့လို့ သူသာဆိုလျှင် လက်ထဲကနေ တုတ်လွတ်သွားသလိုနှင့် ကွဲအောင်ရိုက်ပစ်လိုက်မည်။သူတို့ ရည်းစားမဖြစ်ခင်တုန်းက မင်းကြည် နှင့် သူ့အကြောင်းကို ရပ်ကွပ်ထဲ သတင်းတွေလုပ်ပြီး အတင်းတုတ်ခဲ့သော မိန်းမကြီးဖြစ်သည်။ မင်းကြည် ကပဲ ဖလမ်းဖလမ်းထနေသလို။ သူ့မိဘတွေကိုတောင် လာပြောလို့ သူ့မှာ မင်းကြည်နဲ့ ပတ်သတ်ပြီး မိဘတွေအမြင်ကြည်အောင် မနဲဖြေရှင်းယူခဲ့ရသည်။ဟင်း ကိုယ့်ကောင်မလေး ဒုက္ခရောက်မှာစိုးလို့။ အမှန် အသက်ပါ ပါသွားသင့်တာ။ ဘာနှလုံးရောဂါသည်လဲ။ အားနေမောနေလို့ မူးနေလို့နဲ့ အိမ်မှာ ဘာအလုပ်မှမလုပ်ပဲ ရပ်ကွက်ထဲ အတင်းလှည့်ပြောနေတဲ့ သူကများ။ အဲဒီမိန်းမကြီးယောက်ကျားက သူ့အဖေနဲ့ အသိ။ သူ့ယောက်ကျားက အိမ်မှာလာလာရင်ဖွင့်နေတာ မကြားချင်မှအဆုံး အဲဒီမိန်းမအကြောင်းကို။

ထိုမိန်းမကြီး ထွက်သွားပြီးနောက် မင်းကြည်လဲ ရုံးထဲမှထွက်လာသည်။ မျက်နှာက ပြုံးစိပြုံးစိနှင့်။

(ဒေါ်လှတင်) သမီး အဆင်ပြေသွားပြီလား။ ဘာတွေလုပ်ပေးလိုက်ရလဲ။

(မင်းကြည်) အော် ကိုဇော်လဲရောက်နေတာကိုး။ ရပ်ကွက်လူကြီးတွေက အဲဒီမိန်းမကြီးကို
ဝိုင်းပြီးတောင်းပန်လိုက်တယ်။ နောက်မဖြစ်စေရဘူး။ သမီးကိုလဲ ၀န်ခံလက်မှတ် ထိုးခိုင်းလိုက်မယ်ပေါ့။ ပြသနာမရှာနဲ့တော့ပေါ့။ ကလေးနဲ့လူကြီးပဲဟာ ပေါ့။
ပြီးတော့ အဲဒီမိန်းမကို အရင်ပြန်လွှတ်လိုက်တယ်။ သမီးကတော့ ဘာမှ မလုပ်ခဲ့ရဘူး။ ဟီးဟီး။ နောက်ဆို ကလေးတွေနဲ့ ၀င်ဝင် မဆော့နဲ့တော့တဲ့။ ပြသနာရှင်းပေးရတာ သေးရင်တော်သေး ကြီးနေရင်းသမီး ဒုက္ခတွေ့မယ်တဲ့။ အဲဒါပဲ ပြီးတော့ သမီးကို လက်ဘက်ရည်တိုက် မုန့်ကျွေးပြီး ပြန်လွှတ်လိုက်တယ်။ ဒီမှာ ကိတ်မုန့်တောင် ပါလာသေးတယ်။ မောင်လေးရော့
နင်စားလိုက်တော့ ငါ ဗိုက်ပြည့်ပြီ..

အံ့ဖွယ်သူရဲ ပါလားနော်။ ရပ်ကွက်ရုံးကတောင် မုန့်ကြွေး လက်ဘက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်သည်တဲ့။ အင်း. အေးလေ ချစ်နေတာကိုး ဘယ်တတ်နိုင်မတုန်း။ ကြိတ်မှိတ် သည်းခံရမှာပေါ့။

(ကိုဇော်) အင်း ဟုတ်တယ် မင်းကြည် ဟိုလေ..

ဒီလို တစ်ဝက်တစ်ပျက်ပြောပြီး ယောက်က္ခမကြီး အားနာသလိုကြည့်လိုက်တော့

(ဒေါ်လှတင်) အေးအေး ဒါဆိုလဲ မင်းတို့နှစ်ယောက် နောက်ကလိုက်ခဲ့တော့ အန်တီရှေ့ကသွားနှင့်မယ်။ လမ်းလျှောက်စကား ပြောပြီးပဲ လိုက်ခဲ့ကြနော်။ ဘယ်မှ မသွားနဲ့တော့။ အိမ်ကိုတန်းပြန်ခဲ့။ ကြားလား မိကြည်

(ယမင်းကြည်) ဟုတ် မေ..

ဇက်လေးပု မျက်လုံးလေးစင်းပြီး ဟုတ်..မေ ဟု ကလေးလိုလိုနှင့် ဆိုးနွဲ့နွဲ့ပုံလေးသည်ပင် အလွန်ကို ချစ်စရာကောင်းနေသည်။ အင်း သူငယ်ချင်းတွေပြောသလို မင်းလဲ ဒါနဲ့ သေမှာပဲ.. ဆိုတာမျိုးတော့ဖြစ်နေပြီ။

(ကိုဇော်) မင်းကြည် မနက်ဖြန် ကိုယ်တို့ချိန်းထားတာ မအိုကေဘူး။ အဖေ ခိုင်းထားလို့။

ဒီလိုသူပြောလိုက်တော့ သူမမျက်နှာ ချက်ချင်း စူပုပ်ပုပ်။

(ယမင်းကြည်) ဟင်. အမှတ်တရနေ့ဟာကို မအားရင် အားတဲ့ အချိန်လာခဲ့ မရဘူး။ မြို့ထဲမသွားရရင် အိမ်လာခဲ့။ တစ်ခုခု သွားစားမယ်။ ဒါပဲ. နောက်ထပ်ဘာမှ ထပ်မပြောနဲ့

ဟူး...

(ကိုဇော်) အင်းအင်း..ပြီးရော နောက်ကျမှာနော်။ ကြိုပြောထားတယ်။ နောက်ကျရင် စိတ်မကောက်ကြေး

ဒီလိုဆိုပြန်တော့ သူမမျက်နှာက ချက်ချင်း ပြုံးတုံ့တုံ့။ တတ်လဲတတ်နိုင်ပါပေ့ ကျွန်တော့ အလွဲလေးရယ်။

(မင်းကြည်) အင်း ရတယ်မနက်ဖြန် တွေ့ရရင်ပြီးရော။ မင်းကြည် ကနားလည်ပါတယ်လို့။ဒါပေမယ့် လာဖြစ်အောင်တော့ လာနော် မလာရင်တော့ သိတယ် မဟုတ်လား

(ကိုဇော်) အိုကေ။ ဟုတ်ကဲ့သိပါတယ် ခင်ဗျာ။ ရပ်ကွက်လူကြီးကတောင် ပြန်ပြီးလက်ဘက်ရည်တိုက်လိုက်သေးတာ။ ဟားဟား
နဲနဲနော်နော် အရှိန်ကြီးမှ မဟုတ်တာ။ ကဲကဲ ဟိုမှာ လမ်းထဲရောက်တော့မယ် ကို ပြန်တော့မယ်နော် လမ်းထဲဝင်သွားတော့ ခွေးလဲသတိထားအုန်း။ ကိုယ်နောက်ကနေ လှမ်းကြည့်နေမယ် ဟုတ်ပြီလား မင်းကြည် အိမ်ထဲဝင်သွားမှပဲ ကိုယ်လဲပြန်တော့မယ်
မင်းကြည်ကို.ကိုယ် အရမ်းချစ်တယ်။

(မင်းကြည်) ဟွန်း ကိုနော် လိုက်စမနေနဲ့။ အင်း ကိုလဲ အိမ်တန်းပြန်နော်။ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်မနေနဲ့အုန်း တော်ကြာ ကိုယ့်အဖေ ဦးဒေါသက ဆူနေအုန်းမယ်။ ဒါပဲ သွားပြီး။ မင်းကြည်လဲ ကို့ ကိုယ်အရမ်းချစ်တယ်။

သူတို့နှစ်ဦးသားချိန်းတွေ့ပြီး ပြန်ကာနီးတိုင်း နှုတ်ဆက်လေ့ရှိသော စကား။ ပေါ့ပေါ့ ပါးပါးပြောချင်မဟုတ်။ တစ်ကယ့် စိတ်ထဲက ပြောကြချင်းဖြစ်သည်။တစ်ခြားစကားတွေ ပြောနေချိန်မှာ မည်သို့သော် အမူအရာပဲရှိရှိ အဲဒီစကားလေးပြောချိန်ကျလျှင်တော့ နှစ်ဦးစလုံးတည်ငြိမ်လျှက် သူတို့၏ မျက်ဝန်းတွေထဲမှာ အိမ်ပြန်ချိန် ခွဲရမည်ကို လွမ်းနေသည့် အရိပ်အယောင်လေးများတွေ့နေရ တတ်သည်။

နောက်တစ်နေ့..

မင်းကြည် တို့အိမ်ဘက်သူရောက်တော့ ညနေ ၆ နာရီကျော်ပြီ။ သူ့ကိုတွေ့တာနှင့် မင်းကြည် အိမ်ပေါ်ကဆင်းလာသည်။

(မင်းကြည်) အမေရေ သမီး ကိုဇော်နဲ့ ခဏအပြင်သွားအုန်းမယ်နော်။

(ဒေါ်လှတင်) အေးအေး သမီး။ အိမ်ပြန်တာတော့ နောက်မကျစေနဲ့နော်။ ည ၈ နာရီ မကျော်စေနဲ့ ကြားလား။ညည်း အဖေ ပြန်လာလို့ ညည်းမတွေ့ရင် ပြောနေအုန်းမယ်။ လူကြီးတွေ သိတာလဲသိတာပေါ့။ ပတ်ဝန်းကျင်မှာ မျက်စိနောက်အောင်တော့ မလုပ်နဲ့နော် ကြားလား

(မင်းကြည်) ဟုတ်ကဲ့ မေ။ သမီး တို့တစ်ခုခုသွားစားမှာ။ စားပြီးတာနဲ့ ပြန်လာမှာပါ မေရ။ ဒီနေ့ ညနေစာတော့ အိမ်မှာမစား တော့ဘူးနော် သမီးတွက် ထမင်းတွေ ဟင်းတွေ မချန်ထားနဲ့တော့။ ဟိုဘက်အိမ်က မုဆိုးမ သားအမိပဲ ပေးလိုက်တော့နော် မေ။ သူတို့တွေ သနားစရာ ထမင်းတစ်နပ်လောက်ပေမယ့် သူတို့အတွက်ဆို အရမ်းသက်သာသွားတာ အမေရ။

သူတို့ သားအမိပြောနောတာကြားရတော့ သူ့ချစ်သူလေးရဲ့ စိတ်ထားကောင်းပုံကိုလဲ သဘောကျမိသည်။ တစ်ခါတစ်ခါ လမ်းမှာ အဲလို သနားစရာ တောင်းစားနေသော အဘိုးကြီး အဖွားကြီးများနှင့် ကလေးငယ်ချီထားသော မိန်းမများတွေ့လျှင် သူမကူညီ တတ်သည်။ တစ်ခါတစ်လေ ထမင်းဝယ်ကျွေးသည်။ တစ်ခါဆို နေ့လည်စာ စားရန်ပိုက်ဆံအားလှူလိုက်သဖြင့် သူမနေ့လည်စာ မစားရ။ ဒီတော့ သူကပြောသည် ညာပြီးအလှူခံတာဆို ဘယ်လိုလုပ်မလဲဆိုတော့ လှူပြီးသား ပစ္စည်း အလှူခံတဲ့သူက ဘာလုပ်လုပ်တဲ့။ သူမလဲ ဒါကတစ်ကယ်လိုအပ်တာလား ညာပြီးလှူခံတာလားဆိုတာ စမ်းစစ်ပြီးမှ လှူသည်ဟု ဆို၏။ သူမ လှူလိုက်လို့ ရသွားတဲ့လူတွေရဲ့
ဝမ်းသာမှုကိုကြည့်ပြီး ပီတိဖြစ်ရသည်ကို သူမက နှစ်သက်သည်ဆို၏။ အင်း ဒါမျိုးကျတော့လဲ သူမက ဟုတ်သလိုလို...


(မင်းကြည်) ကို..သွားမယ်လေ

(ကိုဇော်) အော် အင်း ဘာစားမှာလဲ

(မင်းကြည်) မုန့်တီ သွားသောက်မယ်

ဟောကြည့် လုပ်ကပီ။ ကောင်းကွက်လေးမှ တွေးတာမဆုံးသေး။ ခုသူ့ကို နှိပ်စက်ပြီ။ သူက မုန့်တီဆို မသောက်ချင်။ မုန့်တီထဲ ထည့်ထားသည့် ပဒဲဂေါ်နှင့် ငရုတ်ကောင်းတို့ သည်ပင် သူ့အတွက် တော်တော်စပ်နိုင်လွန်းသော အရာများဖြစ်နေလေပြီ။ဒါကို သူမသောက်သလို ငရုတ်ရည်တွေ မန်ကျည်းရည်တွေနဲ့ ငံပြာရည်နဲ့များ လိုက်စားရလျှင်ဖြင့် သူ့အနေနဲ့ စပ်သည်ဆိုတာထက် သူ့ဒုက္ခ သူရှာသလိုဖြစ်ပေတော့မည်။သူသည်ငယ်ငယ်လေးထဲက အစပ်ကြောက်သည်။ ဟင်းချက်သည့် ငရုတ်သီး အစပ်ပင် သူ့အတွက်တော်တော် စပ်သည်။ ခုလိုကျတော့ ဆိုဖွယ်ရာမရှိ။ သူမကတော့ ကြောက်ခမန်းလိလိ အစပ်ကြိုက်လှသည်။

(ကိုဇော်) အာ..မင်းကြည်ကလဲ ကိုယ်မှ မကြိုက်တာကို။ ဒီပြင် အစားအသောက်ရွေးကွာ

(မင်းကြည်) မရဘူး မရဘူး အဲဒီ မုန့်တီပဲသောက်မယ်။ ကို နော် ကိုယ့်ဘက်ကစမှားတာ။ မြို့ထဲကိုသာ ဒီနေ့ သွားဖြစ်ရင်ဒါစားစရာမလိုဘူး မသွားဖြစ်လို့ ကို့ ကိုယ် တမင်တကာ ညင်းတာ သိပြီးလား။ မရဘူး မုန့်တီပဲသောက်မယ်။

(ကိုဇော်) ဟိုလေ ချစ်သက်တမ်းနှစ်နှစ်ပြည့်တာ မုန့်တီသောက်ရတယ်လို့ ကြားလို့မကောင်းပါဘူး မင်းကြည်ရယ် နော်..နော်

(မင်းကြည်)မရဘူး ဒီရက်ကွက်ထဲမှာ ကြိုက်တဲ့အစားအစာက မုန့်တီဆိုင်ရယ် အသုတ်ရယ် ဒေါ်ဖွား မုန့်ဟင်းခါးရယ် ပြီးတော့ ဒိန်ချဉ် ရယ် အဲဒါတွေထဲက တစ်ခုရွေး ဒိန်ချဉ်တော့ သွားမသောက်ဘူးနော် ဒီနေ့ မသောက်ချင်ဘူး.

(ကိုဇော်) ကြေးအိုးဆိုင်လဲ ကောင်းပါတယ်..ပြီးတော့လေ ကြာဇံချက်နဲ့ ကော်ပြန့်ကြော်သုတ်

(မင်းကြည်) အာ..ကိုနော် ဆင်ခြေဆင်လက်တွေ ပေးမနေနဲ့ အဲကြေးအိုးအရသာ မကြိုက်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ။
ကြာဇံကြော်နဲ့ ကော်ပြန့်က အချိန်ကြည့်အုန်းလေ ဒီအချိန်ကုန်နေပြီဟာကို။ စထဲက အဲဒါတွေမစားချင်ရင် မြို့ထဲသွားဖို့ကိစ္စမဖျက်နဲ့ပေါ့
ပြီးတော့ လာတာလဲနောက်ကျသေးတယ်။ မရဘူး ခုနပြောတဲ့ဟာတွေထဲက တစ်ခုရွေး

သူမဂျီကျနေပြီ။ ဟူး . တစ်ခြားကျန်သောအချိန်များတွင် ချစ်စရာကောင်းသလောက် ဤကဲ့သို့ ဂျစ်ကျပြီး ဂျီတိုက်သည့်နေရာတွင် သူမအား တော်တော် စိတ်ညစ်သည်။ ငါတယ်လေ.. ပစ်သွားလိုက်ရ။ အဲ ..မဖြစ်သေးပါဘူး။ သူမကို ၂ ရက်လောက်မတွေ့ရသည်ပင်
နေမထိ ထိုင်မသာဖြစ်နေတာ။ အေးလေ ဒီတော့လဲ

(ကိုဇော်) ကဲ ..ကဲ နှမတော်လေး သဘောတိုင်းပါ......... ခင်ဗျ။ သွားကြစို့နော် မုန့်တီဆိုင်.

ဇာတ်သံနှောလို့ ရွှတ်နောက်နောက်ပြန်ပြောလိုက်တော့မှ.. ရာသီဥတုကပြောင်းသွားတယ်။
ဒီတော့မှ သူမ၏ မျက်နှာတော်က ရွှင်လို့လန်းလို့။ ငါတယ်လေ... ဟင်း..ဟင်း

(မင်းကြည်) ဟီး ..အဲဒါဆိုသွားမယ်။

အဲဒီနေ့က သူမက ကြာဇံ ခေါက်ဆွဲသုတ်နှစ်ပွဲစားပြီး မုန့်တီသောက်သည်။ သူက အသုတ်ကို အချိုသုတ် သုတ်ခိုင်းပြီး မုန့်တီတစ်ပွဲ သောက်သည်။ ပြီးတော့ သူမအတင်းထည့်ပေးသော ငရုတ်ရည်များများနှင့်လဲ သူကြိတ်မှိတ်ပြီးသောက်ခဲ့ရသည်။ ပါးစပ်ထဲ မုန့်တီ တစ်ဇွန်း
ဝင်သွားတိုင်း ပူပူလောင်လောင်စပ်စပ်နှင့် ဒိန်းကနဲ ဒိန်းကနဲ မီးပွင့်သွားသကဲ့သို့ပင်။ အိမ်အပြန်လမ်းတွင်တောင် ဘယ်လိုကြီး မှန်းမသိ လူက ထူထူအန်းအန်းကြီး ဖြစ်လို့နေသည်။ အဲဒါနဲ့ မပြီးသေး နောက်တစ်နေ့ ဆေးခန်းသို့ပြေးရသည်။ အစာအိမ်ရောင်သည် ဟုဆိုသည်။ တစ်ပတ်လောက်နီးနီး မာတဲ့အစာ မစားရဆို၍ ဆန်ပြုတ်သောက်ခဲ့ရသည်။
သူနေကောင်းသွားမှ သူမပြန်ပြောသလောက်ကတော့. တမင်တကာ သူအစပ်မကြိုက်မှန်းသိသဖြင့် မုန့်တီကိုရွေးရသည်။ သူဒီလောက် ထိ အစပ်ကြောက်မယ်လို့ မထင်ခဲ့မိကြောင်း။ အမှန်ကချိန်းထားတာကို ဖျက်တဲ့အတွက် စိတ်ကောက်ချင်ကြောင်း။ သို့သော် စိတ်ကောက် လိုက်လျှင်လဲ သူမဘက်ကလွန်သွားမည်ဖြစ်ကြောင်း။ ထို့ကြောင့် စိတ်မကောက်ပဲ ဤသို့ ပညာသားပါပါ နှိပ်စက် ရပါကြောင်း စိတ်လိုလက်ရရှင်းပြပြီးတောင်းပန်ရှာ၏။

ကဲ..ကျွနုပ်တို့ဇာတ်လိုက်ကျော်ကြီး ကိုမင်းကြည်ကရော ဤသို့ဖြစ်ခဲ့ရသည်ကို စိတ်ဆိုးမည်ထင်ပါသလား။

(ကိုဇော်) အဖေ နောက်တစ်ခါ ခိုင်းစရာရှိရင် တစ်ပတ်ကြိုပြောဗျာ။ ဒါမှ ကျွန်တော်လဲ စီစဉ်စရာရှိတာ ကြိုပြီးစီစဉ်ထားရမှာ..
ဟူသတဲ့....


ပို့(စ်)မှာ သုံးတဲ့ ပုံလေးကတော့ google ကပဲရှာပြီး သုံးထားတာပါ။ ဘလော့အလည်လာကြသော ချစ်စွာသောမောင်နှမအပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့ ဆန္ဒပြုရင်း..ဖြင့်