Sunday 20 January 2013

ဘ နဲ့ ၀ ပေါင်းတဲ့ ဘဝ






တစ်ခါတစ်လေမှာ လေးနေတဲ့ စိတ်တွေကို ခဏလောက် ပဲဖြစ်ဖြစ် ပစ်ချထားလိုက်လို့ ရရင် ကောင်းမယ်လို့ ခဏခဏ တွေးမိတယ်။ စိတ်ရဲ့ ထွက်ပေါက်ဟာ ဘာလဲ တစ်ကယ်ပဲ မသိတော့ ဘူး။ သီချင်းတွေ အော်ဆိုပစ်လိုက်ရင် ကောင်းမလား။ ဒါမှမဟုတ် အနားမှာ ရှိတဲ့ ပစ္စည်းတွေ ပဲ အော်ဟစ်ရိုက်ခွဲ ပစ်လိုက်ရင် ကောင်းမလား။ ဒါမှမဟုတ် မိန်းကလေး ပီပီသသ မျက်ရည်တွေနဲ့ပဲ အဖော်လုပ်လိုက်ရင်ကောင်းမလား။ ဒါလဲ ရိုးနေပါပြီလေ။ ငိုခဲ့ ရလွန်းလို့လဲ မျက်ရည်တွေတောင်ကုန်လုပြီ။ တစ်ခါတစ်ခါ လူမသိအောင် ကြိတ်ကြိတ်ပြီး ရှိုက်တတ်တဲ့ အကျင့်ကလေးတောင် ရနေခဲ့ပြီ။ 

           “ပိုက်ဆံလေး ၂ သောင်း ၃ သောင်းလောက်ဟာ မင်းဘ၀ အတွက် ဒီလောက်တောင် အရေးပါသလားတဲ့။”

အရေးပါတာပေါ့။ အဲဒီပိုက်ဆံလေး ၂  သောင်း ၃သောင်းလောက် basic salary နဲ့ အလုပ်ရဖို့ အတွက် ကျွန်မ ၁၀ တန်းအောင် အောင်ကြိုးစားခဲ့ ရတယ်။ ဒါပဲ လားဆိုတော့ ဘွဲ့ ဆိုတဲ့ စာရွက် တစ်ရွက် ကိုင်နိုင်အောင် အိမ်မှာ စက်ချုပ်ပြီး အဝေးသင်ဆိုတာကို ပြေးဟယ် လွှားဟယ်နဲ့ ယူခဲ့ ရတယ်။ ဒါနဲ့လဲ မလုံလောက်သေးဘူး ခုလို စာရင်းကိုင် လစာကောင်းကောင်းရဖို့ အတွက် စာရင်းကိုင် သင်တန်းဆိုတာကို  အဝေးသင်နဲ့ အပြိုင် သုံးနှစ်လောက် တတ်ခဲ့ ရတယ်။ ကြားထဲမှာ ကုန်တဲ့ အချိန်တွေ ကျွန်မရဲ့ ချွေးတွေ မိဘတွေရဲ့ ငါ့သမီးလေး ဖြစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်တွေ။ အများကြီးရင်းထားရတာ။ ဒါတောင် ခုမှ အစ လက်ထောက်စာရင်းကိုင် ဆိုတဲ့ နေရာက စရမှာ။ ရှေ့ဆက်ဘာတွေ ထပ်ရင်းရ အုန်းမလဲ ကျွန်မမသိသေးဘူး။

“အင်တာဗျူးလေး တစ်ခု လွတ်သွားတော့ မင်းဘ၀ အတွက် ဘာများ ထိခိုက်သွားနိုင်သလဲတဲ့”

ရေနစ်နေတဲ့ အချိန်မှာ ကောက်ရိုးလေး တစ်မျှင်ကလဲ ကျွန်မဘ၀ အတွက်ကူကယ်ရာပဲလေ။ မတော်လို့ ကျွန်မ မသွားခဲ့ လို့ ဒီအလုပ်ကို လက်လွှတ်လိုက်ရပြီ ဆိုပါတော့ နောက်ထပ် အင်တာဗျူးတွေ ဘယ်နှစ်ခု ထပ်ဖြေရအုန်းမလဲ မသိနိုင်ဘူး။ ကိုယ်လို သူလို ဘ၀မျိုးနဲ့ အလုပ်လျှောက်နေတဲ့ သူတွေ များတာမှ အများကြီး။
            ဒီလို အင်တာဗျူးလေး ရဖို့အတွက်တောင် ဘယ်လောက်ကြိုးစားထားရလဲ။ ကျွန်မဆင်းရဲတယ်။ ဒီနေ့မှာထမင်းစားပြီး နောက်နေ့မနက်မိုးလင်းရင် ငါဘယ်ကနေ ပိုက်ဆံရမလဲလို့ တွေးရတဲ့ ဘ၀ကြီးကို မုန်းမိနေတာကြာပြီ။ ကျောင်းတက်နေတုန်းကဆို ကိုယ်ရှာတဲ့ ပိုက်ဆံမလောက်လို့ အမေ့ဆီကနေများ လက်ဖြန့်ပြီး မုန့်ဖိုးတောင်းရပြီဆိုရင် ရင်ထဲမှာ အလုံးကြီးဆို့နေသလိုပဲ။ ကျွန်မကို မုန့်ဖိုးပေးလိုက်ပြီ ဆိုရင် ဒီနေ့အဖို့ အိမ်က ဟင်းဟာ ငါးပိရည်တစ်ခွက်ထဲ ဖြစ်ချင်ဖြစ်သွားနိုင်တာကိုး။ ငါ့ကြောင့် ဆိုတဲ့ စိတ်က ဘယ်လိုမှ ဖြေလို့မရဘူး။ အဲဒီနေ့ တစ်နေ့လုံး ကျောင်းမှာ ငေါင်တောင်တောင်နဲ့ ။ ကျောင်းမတက်တော့ ဘူးလို့ ဆုံးဖြတ်မိတာလဲ အခါခါပဲ။ ကျောင်းမတက်တော့ ဘူးဆိုရင် ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က ဘာလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်လို့သာ ကြိတ်မိတ်ပြီးတက်ခဲ့ရတာ။ သူများတွေကျောင်းလာပြီး လှတပတလေးတွေများမြင်ရင် ကျွန်မအရမ်းအားကျမိတာ။ သူတို့လို ကျွန်မ လှတပတမှ မနေနိုင်ခဲ့တာ။

“ငါ့ဘ၀နဲ့ ငါဆို ငါ့မိဘတွေနဲ့ ခွဲပြီး ရေမြေရပ်ခြားကို ဘာသွားပြီး အလုပ် လုပ်စရာလိုလဲ မင်းကြောင့် မင်းရဲ့ ကိုယ့်ဘ၀ ကိုယ်တည်ထောင်ကြရအောင်ဆိုတဲ့ စကားလေးတစ်ခွန်းကြောင့် ငါ သွားရတာ။ ဒါပေမယ့် ကွာ..
ငါသွားတဲ့ အချိန်လေးကိုတောင် မင်းက လေဆိပ်ကို လိုက်မပို့ နိုင်ဘူးဆိုတာကတော့ ကွာ…”

ဟုတ်တယ်…မောင့် ဘက်က ကြည့်ရင်လဲ မှန်တယ်။ ကျွန်မဘက်က ကြည့်ရင်လဲ မှန်တယ်။ ကျွန်မကို အလုပ်က အင်တာဗျူး ဒုတိယအကြိမ် ခေါ်တဲ့ အချိန် မို့ လို့ ပါ မောင်ရယ်။ ကံကောင်းရင် ကျွန်မ အလုပ်ရသွားနိုင်တယ်။ ဟုတ်ပါတယ် မောင့် ဘ၀နဲ့ မောင်ဆို ပင်ပန်းဆင်းရဲ ခံနေစရာမလိုပါဘူး။ မောင် တို့မိဘတွေက အခြေခိုင်ပြီးသားတွေပဲ။  ကျွန်မ ဆင်းရဲ မှန်းသိရဲ့ သားနဲ့ မောင်ချစ်ခဲ့တာ ကို လဲသိတယ်။ အစစအရာရာ ကျွန်မဘက်က မရှိမာနတွေနဲ့ တင်းမာနေသလောက် မောင့်ဘက်က နားလည်ချစ်ပေးခဲ့တာတွေလဲ သိတယ်။ ကျွန်မလဲ မောင့် ကိုချစ်ပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့ အခြေအနေနဲ့ ဖြစ်နေတဲ့ ဘ၀ကို ဦးစားပေးခဲ့ မိတာ မောင့် ကို မချစ်လို့မှ မဟုတ်ပဲ။
တစ်ကယ်ဆို မောင်နဲ့ အကြာကြီးခွဲရတော့ မယ်ဆိုတဲ့ အသိနဲ့တင် မနက်ဖြန်ကို ဆက်လှမ်းဖို့ အားအင်တွေ ကုန်ခမ်းနေတာ  မောင် မှ မသိပဲ။ မောင် တစ်ယောက် ရေခြား မြေခြားကို အချိန်အကြာကြီး ထွက်ခွာသွားချိန်မှာ ကျွန်မကလဲ ဘ၀အတွက် တိုက်ပွဲ တစ်ခုရဲ့ အစကို ဆင်နွဲနေတဲ့ အချိန်ပါမောင်။ ကျွန်မကို မုန်းမသွားပါနဲ့ နားလည်ပေးပါ ဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ တစ်ခြား မောင် နားထောင်လို့ ကောင်းမယ့် စကားမျိုး ခုချိန်မှာ ရှာလို့ မတွေ့ သေးဘူး။ ဒါပေမယ့် မသေချာပါဘူး ။ ကျွန်မ မျက်နှာကို စိုက်ကြည့်ပြီး လက်ညှိုးငေါက်ငေါက် ထိုးလို့ မောင်ပြောသွားတဲ့ စကားကို ခုထိ ကြားယောင်မိသေးတယ်။

“မင်းဟာ ပိုက်ဆံ အတွက်သာ ဆိုရင် ချစ်သူကို စွန့် ပစ်ရင် စွန့်ပစ်လိုက်ရပါစေ ပိုက်ဆံနောက် ကို ကောက်ကောက်ပါအောင် လိုက်မယ့် မိန်းမတဲ့။ အေး မင်းငါ့ကို စောင့်နေလိုက် ခင်ခင်ခက် ။ ငါရှာလို့ ရတဲ့ ပိုက်ဆံနဲ့ ငါကိုယ်တိုင် မင်းသိပ်ချစ်တဲ့ ပိုက်ဆံတွေနဲ့ လာဝယ်မယ်တဲ့။”

ရက်စက်လိုက်တာ ပြောရက်လိုက်တာ မောင်ရယ် လို့ စိတ်ထဲမှာ ကြိတ်ပြီး ညည်းတွားခဲ့ မိပေမယ့် နှုတ်ကတော့ ဘာမှ မောင့်ကို ပြန်မပြောဖြစ်ခဲ့ ဘူး။ ကျောပေးပြီး ထွက်ခွာသွားတဲ့ မောင့်ရဲ့ ကျောပြင်ကို မျက်ရည်တွေ ၀ိုးတ၀ါးထဲက လိုက်ကြည့်နေခဲ့ မိတယ်။ ဒီတစ်ခါဟာ နောက်ဆုံးတစ်ခေါက်လဲ ဖြစ်ချင်ဖြစ်သွားနိုင်တာကိုး။
ကဲ ကျွန်မဘယ်သူ့ကို သွားပြီး အပြစ်တင်ရမလဲ ။ လောကကြီးကိုလား ခောတ်ကြီးကိုလား စနစ်ကိုလား။ ကျွန်မလိုမျိုးပဲ ခံစားနေကြရတဲ့ သူတွေလဲဒုနဲ့ ဒေးပါပဲ။ တစ်ချို့ဆို ဖြစ်ချင်ရာ ဖြစ်ဆို ဘ၀ကိုရေစုန်မျှောလိုက်တဲ့ သူတွေလဲ များတာမှ အများကြီး။ လူကြီးတွေကို ပြောပြန်တော့ လည်း လောကဒဏ်တဲ့။ 
ထားလိုက်ပါလေ။ ထားလိုက်ပါ။ အော်စရာဟစ်တိုင်နဲ့ ငါဆုံးရှုံးနေတယ် ငါ နာကျင်နေတယ် ဆိုတာ ငါ တစ်ယောက်တည်းမှ မဟုတ်တာ။ မိဘတွေက ပြည့်စုံအောင် မထားနိုင်တဲ့ လူငယ်တွေတိုင်း ဖြစ်နေရ ခံစားနေရတဲ့ ဒုက္ခပဲ။ အထူးသဖြင့် မိဘတွေ ဆင်းရဲနေတာ စိတ်သောကရောက်နေတာကို နားလည်တဲ့ လူငယ်တွေမှာဆို ပိုပြီး ခံစားရတယ်။
တစ်ခါတစ်လေ အချစ်တွေကို စွန့်လွှတ်လိုက်တယ်.။ တစ်ခါတစ်လေ ဘ၀တွေကို ရင်းနှီး မြှုပ်နှံလိုက်တယ်။ တစ်ခါတစ်လေ အထီးကျန်တဲ့ ဘ၀ကြီးကို ပိုက်ထွေးလိုက်တယ်။ အေးလေ ပြန်စဉ်းစားကြည့် ငါ တစ်ယောက်တည်းမှ မဟုတ်တာလို့..  ဒီလိုပဲ ဒီလိုပဲဖြေရတော့မယ်. ဒီထက်ပိုပြီး ကျွန်မ ဘာမှ မလုပ်နိုင်ဘူးလေ.. အံကို ကြိတ် လက်သီးကို ဆုပ်ပြီး တစ်နေရာရာမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေတာက လွဲလို့ ..ကျန်တာ ဘာမှ မရှိတော့ ဘူးလေ…

----------------------------------။------------------။-------------------------------


ချစ်စွာသော ဘလော့  မောင်နှမ များအားလုံး မတွေ့ တာကြာပြီ။ ဆွေလေး လဲ စာတွေတော့ လိုက်ဖတ်ဖြစ်ပါတယ် ဒါပေမယ့် အရင်လိုတော့ မောင်နှမတွေ ကို နှုတ်မဆက်ဖြစ်ဘူး။  အချိန်ကို လုပြီး ဖတ်နေရတာလဲ ပါတယ်။ နောက်တစ်ခုက အိမ်က ကွန်ပျူတာနဲ့မှပဲ မြန်မာစာ ရိုက်လို့ ရတော့ တယ်. ရုံးက ကွန်ပျူတာက ဖတ်လို့ပဲ ရတော့ တယ်လေ။ အလုပ်တွေကတော့ တာဝန်ကြီးလာတာနဲ့ အမျှ ပုံပုံလာတယ်။
ခုလဲ ဖေဖော်ဝါရီဆို ဆွေလေး ရန်ကုန်ပြန်ဖြစ်အုန်းမယ်။ ဒီတော့ ဒီပို့(စ်)လေးတင်ပြီးသွားရင်လဲ ဆွေလေး ၁ လ လောက်လော့တော့ ဘလော့ ကနေ ထပ်ပျောက်နေအုန်းမှာပါပဲ။ ခုတော့ မတွေ့တာကြာတဲ့ မောင်နှမတွေကို လဲ နှုတ်ဆက်ရင်း စာစီထားတဲ့ ကြာပြီ ဖြစ်တဲ့ ဒီပို့(စ်)လေးနဲ့ မောင် နှမတွေကို နှုတ်ဆက်လိုက်ပါတယ်နော်။

နှစ်သစ်မှာ ဘလော့မောင်နှမများအားလုံး ကျန်မာလို့ ချမ်းသာ ကြပါစေရှင်။