Tuesday 25 November 2014
အိမ်လွမ်း..သူများသို့ ..”
ကျွန်မ အိမ်ပြန်ချင်တယ်အမေ။ မိုးရာသီရောက်လို့ ခေါင်မိုးက မိုးမလုံတဲ့အခါနှင့် ညဘက်မိုးရွာချိန်နဲ့များ တိုက် ဆိုင်ခဲ့ရင် အိပ်နေရာကနေ အိပ်ယာလိပ်တွေသိမ်း မိုးယိုပေါက်တွေ လွတ်ရာကို ထွက်ပြေးခဲ့ရတာကိုလဲ သတိရတယ်။ အိပ်ရေးပျက်ခဲ့တယ် ဆိုပေမယ့် တစ်ပျော်တစ်ပါး  အဖေက ခေါင်မိုးတက်ဖာ သမီးတို့က အလွယ်တစ် ကူသုံး လို့ရ မယ့် ကတ်ထူစက္ကူ ခပ်မာမာတွေကို ပြေးပြေးလွှားလွှားရှာပေးကြရတယ်လေ။ မိုးလဲတိတ် အိမ်လဲစိုစိုရွှဲနေတဲ့ အခြေ အနေမှာ မိသားစုတွေ မိုးရေလွတ်ရာ နေရာတစ်ခုထဲမှာ တိုးတိုးဝှေ့ဝှေ့ ပူးပူးကပ်ကပ် အိပ်ခဲ့ရတာကိုလဲ ခုထိ မမေ့ သေးဘူး။ အိပ်ရေးပျက်ကြတယ် ဒါပေမယ့် ခေါင်းအုံးနဲ့ဦးခေါင်း ထိလိုက်တယ်ဆိုတာနှင့် အိပ်မောကျသွားခဲ့ရတာ ကိုတော့ တမ်းတမိတယ်။
ခုဆိုရင် ညအိပ်ရာဝင်စ ခေါင်းအုံးနဲ့ ဦးခေါင်း ထိထားတယ် ဆိုပေမယ့် အိပ်မောကျဖို့ မဆိုပါဘူး အိပ်ပျော်ဖို့ ကို အတော်ကြီးကြိုးစားယူနေရတယ်။ ဒါပေမယ့် သမီးခုနေတဲ့အိမ်မှာ မိုးမယိုဘူး လေသံမကြားရဘူး air con သံတစ် ၀ီဝီနဲ့ အေးအေးမြမြ သက်တောင့်သက်တာ အိပ်စက်အနားယူလို့ရတဲ့ အိမ်မျိုးပါ။ အမေ့အိမ်မှာလို ပူလွန်းလို့ ခြင် ကိုက် လွန်းလို့ ယပ်တောင်လဲ တစ်ဝီ၀ီ ထမခတ်ရပါဘူး။ ဒါပေမယ့် သမီးစိတ်ထဲ မလုံခြုံသလိုခံစားရပြီ ညဘက်ဆို အကြိမ်ကြိမ် ခဏခဏ လန့်နိးတတ်တယ်။ အမေ့အိမ်မှာတုန်းကလို ညအိပ်ယာဝင် မနက်အိပ်ယာနိုးတဲ့ အချိန်ဟာ မနက်ခင်းတစ်ရေးလိုမျိုး အိပ်ချင်လိုက်စမ်းပါဘိ။
နံနက်ခင်း အဆာပြေ မုန့်စားတဲ့အချိန်မှာ မုန့်ဟင်းခါး နှစ်ထုပ်ဝယ်။ ပြီး မုန့်ဖတ်အပိုဝယ်။ ဇလုံခပ်ကြီးကြီး တစ်ခုထဲမှာ နံနံပင်ထပ်ထည့် ငရုတ်သီးမှုန့်လေး ထပ်ဖြည့် ငံပြာရည်အနည်းငယ်နဲ့ နယ်ထားတဲ့ မနက်စာကို သမီး ပိုကြိုက်တယ် အမေ။ ဇလုံကြီးထဲ ဇွန်းတွေတပ် တစ်ယောက်တစ်ဇွန်း မျှဝေပြီးစားရတဲ့ မနက်စာက ပိုမြိန်နေသလိုပါပဲ။  ပြီးရင် လက်ဘက်ရည်အချိုတည်းဖို့ လက်ဖက်ရည်ပါဆယ်ထုပ်လေးဝယ် အိမ်က ရေနွေးအကြမ်း ပန်းကန်လုံးနဲ့ မစို့ မပို့ သောက်ရတဲ့ လက်ဘက်ရည်က ဘာလို့များ ပိုပြီးစွဲမက်ဖွယ်ကောင်းနေသလဲ မသိပါဘူး။ ခုဆိုရင် သမီးမနက်စာ ကို ကော်ဖီတစ်ခွက် ပေါင်မုန့်တစ်လုံးနဲ့ ဘယ်သူ့ကိုမှ ဝေမျှ စရာမလိုပဲ သမီးတစ်ယောက်တည်း စားရပါတယ် ဒါပေမယ့် အရသာက ခပ်ဖွယ်ဖွယ်နဲ့ ကော်ဖီဟာ ခပ်မွှေးမွှေးဖြစ်မနေပြန်ဘူး။ ဗိုက်ပြည့်ပေမယ့် အရသာမဲ့နေတယ်။
          ထမင်းစားတဲ့ အချိန်ဆိုရင်လည်း မိသားစုစုံမှ စားတတ်တဲ့ သမီးတို့ရဲ့ ထမင်းဝိုင်းလေးဟာ စည်စည်ကားကား နော်။ ဒါပေမယ့် ဟင်းကောင်း အသားဟင်းဆိုတာ တစ်လနေမှ တစ်ခါ အနိုင်နိုင်ရယ်ပါ။ ဟင်းရွက်ချဉ်ဟင်း အရည်လို တစ်ခွက်။  ဈေးသက်သက်သာသာ ဆီပျံဟင်းတစ်ခွက်။ အဲ ဆီပျံဟင်းကလည်း အဖေ့အတွက်ချက်တာမို့  ပန်းကန်က ခပ်သေးသေးရယ်ပါ။ သမီးအနှစ်သက်ဆုံးကတော့လေ ကြက်သွန်ဖြူ၊ ကြက်သွန်နီမီးဖုတ်၊ ငရုတ်သီးစိမ်းကိုလှော်ပြီး ရောထောင်း ရလာတဲ့ အနှစ်ကို ငါးပိရည်ကျိုပူပူလေးထဲ လောင်းထည့်လိုက်။ ပြီးရင် ငရုတ်သီးမှုန့်မွှေးတယ်ဆိုရုံလေးထည့် ဘေးနားမှာ တို့စရာ အသီးအရွက် အပြုတ်မျိုးစုံနဲ့ စားရတဲ့ အရသာမျိုး ပြန်ရချင်တယ်။  ဒီမှာတော့ တစ်နေ့တစ်မျိုး အသားဟင်းလဲ စားရပါရဲ့။ ဈေးကြီးပေးပြီး ၀ယ်စားရတဲ့ Sea food လိုမျိုး ဆိုလဲ တစ်ပတ်တစ်ခါ စားရပါရဲ့  အမေ့အိမ်က ငါးပိရည်နဲ့နှယ်ပြီး စားရတဲ့ ထမင်းကို သမီးဘာလို့ တမ်းတနေသလဲ မသိပါဘူး အမေရယ်။  အနောက်တိုင်းအစားအစာလား တရုတ်ဟင်းလျာလား စိတ်ကြိုက်  ပိုက်ဆံပေးပြီးစားလို့ရပါ ရဲ့နှင့်  အမေ့အိမ်က ငါးပိရည်ကိုလွမ်းနေတဲ့ သမီးရယ်ပါ။
          သမီးမှတ်မိသေးတယ် တစ်ခါတစ်လေ များများစားရတဲ့ ငါးပိရည်ကျိုပန်းကန်ဟာ လက်စုံတတ်တယ်လေ။ အဲဒီ အခါ ဟာဧည့်သည်လာတော့မယ် ဧည့်သည်မူးသွားအောင် များများမွှေပလိုက်ဆိုပြီ နောက်နောက်ပြောင်ပြောင် ငါးပိရည်ပန်းကန် ၀ဲဂယက်ထအောင် မွှေကြတယ်။ ထမင်းစားပြီး မကြာပါဘူး အိမ်ကိုဧည့်သည်ရောက်လာပြီ ဘယ်လို ဖြစ်မှန်းမသိဘူး လာတုန်းကအကောင်း လမ်းရောက်မှ မူးလာတာလို့ ဧည့်သည်ရဲ့ ဆိုစကားကိုအကြားမှာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ကြိတ်ရယ်ခဲ့ရဖူးတယ်လေ။
          ခုထမင်းစားနေရတာဖြင့် ဟင်းတွေက အမယ်စုံပါရဲ့။ မစုံနေမလား။ ဒီနေ့ဟင်းလေးတစ် မျိုးချက်လိုက် မကုန်ပြန် ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက် နောက်နေ့ တစ်မျိုးချက်လိုက် မကုန်သိမ်းလိုက်နဲ့။ တစ်နေ့ ဟင်းငါးမျိုးလောက် ရှိနေပါရဲ့ အေးစက်စက်နဲ့ စားရတာ နွေးနွေးထွေးထွေးမရှိ အထီးကျန်ထမင်းဟင်းတွေ ပါပဲ။ စုံစရာ လက်လဲ မရှိပါဘူး။ ကိုယ်တစ်ယောက်တည်း ထိုင်စားရတဲ့ ထမင်းဝိုင်းပေကိုး။ မျက်နှာကြည့်ပြီး ကြိတ်ရယ်စရာလဲ မရှိခဲ့တာကြာပြီပေါ့။ 
                    ပြီးတော့လေ အရင်ကဆို အမေက သမီးရဲ့အင်ကျီ designer ပဲနော်။ အမေဆင်ပေးတဲ့ ဈေးအနေတော် ခပ်ရိုး ရိုးအင်ကျီလေးတွေနဲ့ ထမီကို ၀တ်ခဲ့ရတယ်။  အများအားဖြင့်တော့ ပါတိတ်ဝမ်းဆက်လေးတွေ အသားချောကျိကျိ ခပ်အိအိ ၀မ်းဆက်လေးတွေကို ၀တ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်သူများတွေက ready made  ဆိုတာကို ဈေးကြီး ကြီး ပေးဝယ်ပြီ ၀တ်နေကြပြီ။ သမီးလေ သူတို့နဲ့ ကိုယ်နဲ့ယှဉ်ရင် ကိုယ်က အရောင်မိန်နေသလိုပဲ ခံစားရတယ်။ ပြီးတော့ ခောတ်ပေါ်ဆံပင်တွေကို ဖြောင့်ဆင်းပြီး လှလှပပ ခြယ်သထားကြတဲ့ သူတို့ မျက်နှာလေး တွေကဖြင့် သမီးအတွက်တော့ အားကျစရာပါ။ သမီးကိုယ်တိုင်က သနပ်ခါးကိုသာ အားပြုနေရတဲ့ ဘ၀မဟုတ်လား။
          ခုဆိုရင် သမီးဒီမှာ သူများတွေလို Ready made အင်ကျီလဲဝတ်နိုင်ပါရဲ့။ ဈေးလဲပေးရတာများပါရဲ့။ ဒါပေမယ့် သမီးစိတ်ထဲ ကိုယ်နဲ့အဆင်မပြေသလိုပါပဲ။ အမေချုပ်ပေးတုန်းကလို စမတ်မကျဘူးလို့လဲ ထင်မိတယ်။ ဆံပင်ဆိုရင် လည်း လိုသလို ကောက်လိုက်ဖြောင့်လိုက် လုပ်နိုင်ပါရဲ့။ ဆိုးတာတစ်ခုကတော့ အရင်လို ဆံပင်ရှည်ရှည် အုံထူထူ ဘ၀ဆိုတာကို ပြန်မရောက်နိုင်တော့ဘူးဆိုတာပါပဲ။ မျက်နှာဆိုလဲ သူများတွေလို ခြယ်သပြီး လိမ်းနိုင်ပါရဲ့  ဒါပေမယ့် သမီးအရင်ကလိမ်းခဲ့ဖူးတဲ့ သနပ်ခါးလောက်တော့ မမွှေးဘူးပေါ့။ ရောက်တဲ့ဘ၀ ရောက်တဲ့နေရာ ဆိုပြန်တော့ ပျော်သလိုမနေရပေမယ့် တော်သလိုတော့ နေရတာပေါ့ အမေရယ်။ ဒါပေမယ့် သမီးရဲ့ စိတ်တွေ အမေ့အိမ်မှာ နေတုန်းကလို မလန်းဆန်းခဲ့တာတော့ အတော်ကြာနေခဲ့ပါပြီ။
          တစ်ခါတစ်ခါ ဘ၀ကထန်လာတဲ့အခါ သမီးမှာကိုယ်ပိုင်အခန်းတစ်ခုရှိလို့ အခန်းတံခါးပိတ်ငိုခဲ့ရပေမယ့် အမေနဲ့အတူတူ နေတုန်းကလို ရင်ဖွင့်ပြီး မပြောလိုက်ရတော့ သမီးမှာ မျက်ရည်သာခန်းခဲ့တယ် ရင်ထဲက အရှိုက်က တော့ဖြင့် ရင်ဝမှာတစ်ဆို့ဆို့ ကျန်ခဲ့တာပါပဲ။ အရှင်းပျောက်တယ်ရယ်လို့တော့ မရှိခဲ့ပါဘူး။ အချိန်တန်အရွယ် ရောက်ရင် သိုက်မြုံကို စွန့်ခွာပြီး ဘ၀ပေးတာဝန်ကို ကျေပြွန်စွာထမ်းဆောင်နေရတယ် ဆိုပေမယ့် တစ်ကယ်ဆို သမီးက မိုးမလုံ ဆောင်းတွင်းချမ်းတဲ့အခါ စောင်မလောက်တဲ့ အမေ့ရဲ့ အိမ်လေးကိုပဲ လွမ်းနေခဲ့ရတယ်။  
          ငယ်စဉ်တုန်းကဖြင့် ငါကြီးလာရင် ပိုက်ဆံတွေရှာမယ်။ မိဘတွေကို ထောက်ပံ့မယ်။ မြန်မြန်အရွယ်ရောက် မြန်မြန် အသက်ကြီးချင်တယ်လို့ တောင့်တခဲ့မိတဲ့ သမီးဟာ ခုဆိုရင်ဖြင့် ငယ်ဘ၀ကိုပဲ ပြန်လိုချင်တော့တယ် အမေ။ အပူအပင်ကင်းပြီး တွေးစရာနည်းတယ်ရယ်လို့ ခုမှပဲ သိတော့တယ်လေ။ ဒါပေမယ့် သဘာဝတရားကို လွန်ဆန်လို့ မှမရပဲ။  အချိန်အတိုင်းအတာ သဘာဝတရားအရ သမီးနေတဲ့နေရာ ရောက်နေတဲ့နေရာဟာ အမေ့အိမ်နဲ့ မိုင်ပေါင်းမြောက်များစွာ ကွာဝေးချင်ကွာဝေးနေမယ်။ သမီးရဲ့ လွမ်းတဲ့စိတ် အသိစိတ်ကလေးကဖြင့် အမေ့ရဲ့ အိမ်နား တစ်ဝဲလည်လည်ရယ်ပါလို့…
--
 ချစ်စွာသော ဘလော့မောင်နှမ များ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။   သရုပ်ဖော်ပုံလေးက ဖြင့် google ကနေရှာဖွေပြီး အသုံးပြုထားတာပါရှင်။
Monday 24 November 2014
ကျွန်မ၏ ချာတူးလန် မိတ်ကပ်ပညာ
          အမှန်အတိုင်းဝန်ခံရပါမူ ကျွန်မသည် မိတ်ကပ်လိမ်းရာတွင် အလွန်တရာမှ ညံ့ဖျင်းသူဟု ၀န်ခံရပါလိမ့်မည်။ ယ ခု အသက် ၃၀ ကျော်သည်အထိ  မျက်ခုံးမွှေးရိတ်တာတို့ ပုံဖော်တာတို့ တစ်ခါမျှ မလုပ်သလို လုပ်လဲ မလုပ်တတ်ပါ။ အဆိုးဆုံးအချက်မှာ ကိုယ့်မျက်ခုံးမွှေး ကိုယ်တိုင် မဆွဲတတ်ပေ။ နေ့စဉ်နေ့တိုင်း skin care လိမ်း ပေါင်ဒါလူးပြီး အလုပ်သွားတတ်သော ကျွန်မဖြစ်သည်။ ကျွန်မနှုတ်ခမ်းနီ ဆိုးသော အချိန်သည် ညဘက် အိပ်ယာဝင်ချိန်ဖြစ်သည်။ နှုတ်ခမ်းခြောက်သွေ့တတ်သော ကျွန်မအတွက် ညဘက်ဆိုလျှင် နှုတ်ခမ်းနီအဆီ လူးအိပ်သည်။ ဒါမှပင် နေ့ဘက်တွင် နှုတ်ခမ်းသား ခြောက်သွေ့သည်ကို သက်သာစေသည်။
          မိတ်ကပ်လူးထားသည့် မျက်နှာထက် ပင်ကိုယ်သဘာဝ နှင့် နေရသည်ကို ပိုပြီးနှစ်သက်သဘောကျသော ကျွန်မ၏ ဗီဇ အရလဲ ပါမည်ထင်သည်။ ထိုကဲ့သို့ အတော်လျှော်လှသော ကျွန်မသည် တစ်ခါတွင် လက်စွမ်းပြခွင့် ကြုံလာခဲ့သည်။ အိမ်က ညီမလေးနယ်ဘက်သို့သွားပြီး မင်္ဂလာဆောင်သောအခါ ကျွန်မအပါအ၀င် ညီမ၀မ်းကွဲ လေး သည် ကိုယ့်ဘာသာကို ကိုယ့်မျက်နှာကိုယ်ခြယ်သကြသည်။  မင်္ဂလာဆွမ်းကျွေးပွဲမို့ အာရုံဆွမ်းကပ်ကြသည်။ မနက်စောစော ဝေလီဝေလင်း အိပ်ယာနိုးကြပြီ။  နယ်ဘက်မို့ ဘက်ထရီအလင်းရောင်က ခပ်ဖျော့ဖျော့။  
          နှာခေါင်းလဲ အရိပ် ပါးလဲအရိပ်မျှ မြင်ရသော အနေအထား အလင်းရောင်ဖြစ်သည်။ ကျွန်မဘယ်ကနေ ဘယ်လို စပြီ လိမ်းရမည်မသိ။ သို့နှင့်သုံးနေကျ skin care လူးလိုက်သည်။ တစ်စခန်းထလာသည်က ညီမ၀မ်းကွဲလေးဖြစ်သည်။ သူ့ကို မိတ်ကပ်လူးပေးပါဟု ဆိုလာသည်။ အထင်ကြီးရှာပေတော့သည်။ နိုင်ငံခြားတွင် သုံးလေးနှစ်ကျော်ကျော်မျှ ဖြတ်သန်းလာသော ကျွန်မ၏ အတွေ့အကြုံကို သူမြည်စမ်းကြည့်ချင်ဟန်တူသည်။ ကျွန်မကလည်း မိတ်ကပ်လေးပွတ် ပေါင်ဒါရိုက်လာခဲ့သည်ပဲ ကိုယ့်ကိုယ်ကို အထင်ကြီးစွာ အေးလာညီမလေးဟု ၀မ်းပန်းတစ်သာ ကြိုဆိုလိုက်သည်။ လက်စွမ်းပြခွင့်တော့ ရပေပြီ။
          ပထမ မိတ်ကပ်ယူပြီ လိမ်းလိုက်သည်။ မျက်နှာအနှံ့သေချာအောင် ပွတ်ဆွဲလိုက်သည်။ ပြီး ပေါင်ဒါဖို့သည်။ အဲ မျက်ခုံးမွှေးစဆွဲတယ် ဆိုရင်ပဲ ကျွန်မချွေးပြန်လာပါပြီ။ မျက်ခုံးမွှေးက အလင်းရောင်ဖျော့ဖျော့ထဲကြည့်ရသည်မှာ မျှော့ ကြီးနှစ်ချောင်းကပ်နေသည့်အလား။ ပြီး တစ်ဖက်က အနည်းငယ်မြင့်တက်နေသည်ဟု ထင်ရလောက်သည်။ မတက်နိုင် ပြန်ဖျက်လျှင် မျက်နှာသွားသစ်ခိုင်းရပေမည်။ အချိန်ကမရှိ။ အိမ်ရှေ့မှ အဖေက မြန်မြန်လုပ် ၄ နာရီခွဲပြီဟု ဆိုနေလေပြီ။ သို့နှင့် မျက်ခွံပေါ်သို့  eye လိုင်နာတင်ပေးလိုက်သည်။ ပထမ အညိုရင့် နောက်မျက်ခွံအသားပေါ်သို့ အညိုဖျော့ . ပြီး မျက်ခုံးလေးပိုပြီးထင်းအောင် မျက်ခုံးအောက်ခြေ အနားသတ်ကို အဖြူရောင် ရှိတ်လေးဖြင့် ဆွဲပေးလိုက်သည်။ တယ်ဟုတ်တဲ့ ငါပါလားပေါ့။
ပြီး မျက်လုံးအောက်ဖက်ကို အပြာနု ခပ်ဖျော့ဖျော့ ဆွဲပေးလိုက်သည်။ ပြီးတော့ ပါးနှစ်ဘက်ကို  ပါးနီအနည်း ငယ်တို့ပေးလိုက်သည်။ ဒီအချိန်မှာပဲ အဖေရဲ့ ကဲ နင်တို့မပြီးကြသေးဘူးလားဟူသည့် စိတ်မရှည်သံနှင့် အော်သံစ ကြားရလေပြီ။ ကိုယ်တိုင်က မျက်နှာကို skin care လူးထားသည်မှ အပ ဘာမျှ မလုပ်ရသေး။ ကဲ ညီမလေး ကိုယ့်ဘာသာကို နှုတ်ခမ်းနီဆိုးလိုက်တော့ ပေါင်ဒါလေးနည်းနည်း ပြန်ဖို့လိုက်ပေါ့။
          ကိုယ်က မိတ်ကပ်လေးနည်းနည်းဆွဲကာ ပွတ်လူးလိုက်သည်။ အဖေ အိမ်နောက်ဖေးရောက်လာပြီ။ ဟင် အင်ကျီတောင်မလဲရသေးဘူးလား။ ၅ နာရီထိုးနေပြီ ဆွမ်းကပ် နောက်ကျမယ် မြန်မြန်လုပ်ဟု ဆိုကာတစ်ဒုန်းဒုန်းနှင့် အိမ်ရှေ့ ပြန်ထွက်သွားသည်။ မတတ်နိုင်တော့ပေ ပေါင်ဒါဘူးလေး ဘေးချ အင်ကျီ ကမန်းကတန်းလဲရပြီ။ ဆံပင်ကို လည်း ဖြစ်သလို စုပြီးစီးနှောင်ပလိုက်သည်။ ပေါင်ဒါကိုယူပြီး ခပ်မြန်မြန် လူးချလိုက်သည်။ အိမ်ရှေ့ရောက်တော့ ကားသည် စက်နိုးနေလေပြီ။ ဖိနပ်ကို စွေ့ကနဲ့ လက်နဲ့ကောက်ယူရင်း ကားပေါ်လွှားကနဲ ခုန်တက်လိုက်ရသည်။
          ဘုန်းကြီးကျောင်းရောက်တော့ သတို့သမီးပင် မရောက်သေး အလှပြင်ဆိုင်မှာ ပြင်နေတုန်းရှိသေး။ မတတ်နိုင် ဘုန်းကြီးကျောင်းပေါက်ဝထိုင်ပြီး  ငိုက်မြည်းချင်းအမှုပြုလိုက်သေးသည်။ ခဏနေ သတို့သမီးရောက်လာတော့ ဆွမ်း ကပ် တရားနာနှင့် မနက်မိုးလင်းပြီး အလင်းရောင်စပြီ ရလာလေပြီ။ စပြီး သတိထားမိသည်မှာ ၀မ်းကွဲညီမလေး၏ မျက်လုံးပင်။ မျက်ခွံပေါ်တွင် ဖြူပြီး တော်တော်လင်းနေသည်ဟု ထင်ရသည်။ သြော် ထားပါလေ ဒါ အလင်းရောင်လာ ကာစ မှောင်နေသေးလို့နေမှာပါ။
          ခဏနေတော့ အမေကကျွန်မကိုခေါ်မေးသည်။ သမီးနင်ဘာမှ မျက်နှာမှာ လိမ်းမလာဘူးလားတဲ့။ ကျွန်မက မိတ်ကပ်နည်းနည်း လူးထားတယ်အမေဟု ပြန်ဖြေသည်။ မှန်သွားကြည့်ဆိုသည်။ မှန်ကြည့်လိုက်သည့်အခါ ကျွန်မ၏ မျက်နှာသည် ပြောင်သလင်းခါလျှက် ငါ မိတ်ကပ်လိမ်းလာပါတယ်ဟု စိတ်ထဲတွေးမိသေးသည်။ ပြီး သြော် ငါ နှုတ်ခမ်းနီ ဆိုးဖို့လဲ မေ့လာသဟဲ့။ အေးလေ မတတ်နိုင်ဘူး လာပြီးမှ အိမ်ပြန်လို့မှမရပဲ။ နေပါစေ ..နေပါစေတော့ ပေါ့။
          အလင်းရောင်ရလာသည်နှင့် အခြေအနေဆိုးလာသည်မှာ ကျွန်မ၏ ညီမ၀မ်းကွဲလေးမျက်နှာပင်။ မိတ်ကပ်သည် နှခေါင်းဘေးနားတွင် ပုံနေသေးသည်။ ဘေးနားခေါ်ပြီး tissue နှင့်ပွတ်ပေးလိုက်သည်။ မျက်ခွံပေါ်တွင် ဖြူဖြူဖွေးဖွေးကြီး ဖြစ်နေသည်။ ငါလိမ်းတာ အညိုဖျော့ပါ ဘယ်နှယ့် ဖြူနေသတုန်းဟု တွေးမိသေးသည်.။ နည်းနည်း ထပ်ပါးပေးလိုက် သည်။ အထင်ဆုံးကဖြင့် မျက်ခုံးမွှေးကြီး နှစ်ကြောင်းဖြစ်သည်။ ကြည့်မကောင်းသေး သို့နှင့် မျက်ခုံးမွှေးလဲ ထပ်ပြီးသုတ် ပစ်လိုက်သည်။ ထိုကဲ့သို့ ပြုပြင်ပေးပြီသည်တောင်မှ ညီမ၀မ်းကွဲလေးသည် သူ့မျက်နှာကို လူအများကြီးကြားထဲ မပြရဲ သေး။
သို့နှင့် နင်အဲဒါဆိုလည်း မျက်နှာသွားသစ်ပါလားဟု အကြံပေးမိသည်။ လက်စွမ်းပြမိသည်မှာ ကိုယ်တိုင် မ ဟုတ်ပါလား။ မင်္ဂလာဆောင်မှ ဓာတ်ပုံများထွက်လာသည့်အခါတွင်တော့ ညီမလေးဝမ်းကွဲလေးမျက်လုံးသည် အဖြူရောင်ထိန်ထိန်ဝင်းလျှက် အလွန်တောက်ပလျှက်ရှိသည်။ ဘေးနှစ်ဘက်က ပါးနီသည် မရဲပဲ အဘယ်ကြောင့် မည်းသွားသနည်း ကျွန်မလဲ မဆိုတတ်။ မျက်နှာသည်မည်းလျှက်ရှိသည်။ အဖြူဆုံး အထင်းဆုံးနှင့် အလင်းဆုံးသည် မျက်ခွံ နှင့် မျက်ခုံးဖြစ်သည်။ နှုတ်ခမ်းနီလည်း ဒင်းက မည်သို့ဆိုးလာသည်မသိ။ ဖြူဖြူနဲ့ဖွေးဖွေး။
          သို့နှင့်ဓာတ်ပုံတွေ ကြည့်ပြီးသည့်အခါ အိမ်မှ အိမ်သားများအားလုံး တစ်ညီတစ်ညွတ်တည်း ကျွန်မကို ထောက်ခံမဲပေးကြသည်။ မိတ်ကပ်လိမ်းသည်မှာ အလွန်တော်သည်ဟုဆိုသည်။ ရုပ်ပြောင်းသွားသည်ဟု ဆိုကြသည်။ ကျွန်မလည်း ဆွေမျိုးများ၏ မြှောက်ပင့်မှုအား မခို့တရို့ နှင့် ငါဟဲ့လို့  အလိုက်သင့်ပြုံး၍ သာနေပြလိုက်သည်။ ကိုယ်တော်လို့ တော်တယ် ပြောတာ... မာန်တတ်စရာ မလိုပါဘူးလေဟု တွေးကာ မျက်နှာကို သာ အနည်းငယ်မော့မိလေသည်။  ထို့နောက် ညီမ ၀မ်းကွဲလေးအား ဟဲ့ နင်ဘွဲ့ယူရင် ငါ ထပ်ပြင်ပေးမယ်ဟု သွေးတိုးစမ်းကြည့်သည်။ ညီမ၀မ်းကွဲလေးသည် မျက်ရည်များ ၀ဲကာ သမီးပိုက်ဆံစုနေတယ်မကြီး အလှပြင်ဆိုင်မှာပဲ သွားပြင်လိုက်မယ် ဟု မျက်နှာမသာမယာနှင့် ပြန်ချေပသည်။ မကြီးလက်ရာ သမီး တစ်သက်မှာ တစ်ခါပဲ ပြင်ပါရစေ ဟု ဆိုပါတယ်။
          ကိုယ်လဲ ဟန်ကိုယ့်ဖို့ဆိုသလို အမယ်နင်ပိုက်ဆံကုန်နေမှာစိုးလို့ ငါက စေတနာနဲ့ပြောတာနော် ဟု စကားပင် မဆုံးသေး ညီမလေးဝမ်းကွဲလေးသည် ကိုယ်ေ၇ှ့မှလစ်သွားသည်မှာ မြန်ချက်။ နောက်ဆုံး ကိုယ့်မိတ်ကပ်ပညာတော့ ထိပါးမခံနိုင်ဟု နှလုံးမူကာ သမီးကမိတ်ကပ်လိမ်းတတ်ပါတယ်နော် အဖေက လောလော..လောလောနဲ့ မို့လို့ ဒီကြားထဲ ဘက်ထရီမီးက မှောင်နေသေးတယ်။ ဒီလောက်ပြင်လို့ရတာတောင် ကံကောင်းဟု ခပ်တည်တည်နှင့် ရော ကြိတ်လိုက်ရလေတော့သည်။
          ထို့ကြောင့် ကျွန်မ၏ မိတ်ကပ်ကျွမ်းကျင်မှုပညာအား အသုံးပြုလိုကြတယ်ဆိုရင်ဖြင့် ဘလော့မောင်နှမ များ အကြောင်းကြားပါလေ။ ကိုယ်တိုင်ပစ္စည်းစုံလင်စွာ ယူလာပြီ အခမဲ့ မိတ်ကပ်ပြင်ပေးပါမယ်လို့ ကြော်ငြာ မောင်းခတ်ပါရစေလားရှင်။
----
ချစ်သော ဘလော့မောင်နှမများအားလုံး ကျန်းမာလို့ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကတော့ ဖြင့် google ကနေ ရှာဖွေအသုံးပြု ထားပါတယ်လို့ 
အလွမ်းတွေကြီးဖတ်နေ၇မှာစိုးလို့ ဒီတစ်ခါ ပေါ့ပေါ့ပါးပါးပို့(စ်)လေးနှင့် ဧည့်ခံပါရစေရှင်။
Tuesday 18 November 2014
ညတစ်ည..
အပျိုမ အိပ်ယာပေါ်ဝယ် တစ်လူးလူးတစ်လိမ့်လိမ့်။ ဘေးနားရှိနာရီကို လှမ်းကြည့်တော့ ည ၁၀ နာရီ။ ဟော ခြေသံကြားတယ်။ မျက်လုံးကိုမှိတ် ပြီးတစ်ဖက်လှည့်ကာ အသက်မှန်မှန်ရှု အိပ်ချင်ယောင်ဆောင်လိုက်သည်။ အခန်းထဲ ၀င်လာသည့်ခြေသံကို ကြားနေရသည်။ သူမကိုယ်ပေါ်မှ လျှော့ရဲရဲဖြစ်နေသည့် စောင်ကိုလုံခြုံအောင် ခြုံပေးကာ ခြေသံက အခန်းအပြင်သို့ ပြန်ထွက်သွားသည်။ အေးသည့်လဆိုသော်လည်း အပျိုမ၏ နားထင်မှ ချွေးတစ်ပေါက်သည် ပေါက် ကနဲ စီးကျလာ၏။  
ခဏမျှ အခြေအနေစောင့်ကြည့်ကာ ငြိမ်နေမိသေးသည်။ တော်တော်ကြာတော့မှ အသံမကြားအောင် ဖြည်း ဖြည်းချင်းကုန်းထလိုက်သည်။ စစချင်းမျက်လုံးထဲဘာမှ မမြင်ရပေ။ မှောင်နေသည်သာရှိသည်။ ကျင့်သားရနေပြီဖြစ် သည့် အခန်းထဲ အ၀တ်ထည့်သည့် ဘီဒိုဘက်ရှိရာကို ခြေထောက်ကိုရွှေ့လိုက်သည်။ ခြေလှမ်း ၅ လှမ်းမျှ လှမ်းပြီး နောက် မျက်လုံးသည် အမှောင်ထဲ နည်းနည်းမြင်လာရ၏။ ဘီဒိုနောက်ဘက်အသင့်ကပ်ထားသည့် အိတ်ကို လက်နှင့် စမ်းပြီး နှိုက်ယူလိုက်သည်။ ပြီးလျှင် ညနေက မီးပူတိုက်ရင်း စီထည့်ထားပြီးသားဖြစ်သည့် ဘီဒိုဒုတိယထပ်မှ အင်ကျီ ထမိန်တို့ကို အိတ်ထဲသို့ အစီအရီထည့်လိုက်သည်။
ဟော ခြေသံကြားပြန်ပြီ။ အင်ကျီများစီထည့်နေရာမှ သူမရပ်လိုက်ပြီးနားစွင့်လိုက်သည်။ အခန်းတံခါးသည်  ခပ်ဟဟ ဖြစ်လာသည်။ အခန်းအပြင်ဘက်မှသူသည် သူမ၏အိပ်ယာကုတင်ကို လှမ်းကြည့်နေပုံရသည်။ သူမအသက်ပင် ပြင်းပြင်းမရှုရဲ။ တော်ပါသေးရဲ့ ကုတင်ပေါ်မှာ ခွခေါင်းအုံးကြီး စောင်အုပ်ခဲ့ပေလို့။ ထို့နောက် အခန်းတံခါး ပြန် ပိတ်သွားသည်။ သည်တော့မှ အပျိုမ သက်မချနိုင်၏။ အပြီးမသက်နိုင်သေးသည့် အင်ကျီတို့ကို ထည့်၏။ ပြီးဇစ်ကို သေသေချာချာဆွဲပြီး ပိတ်လိုက်သည်။
အိတ်ကိုအသာမကာ ကုတင်အောက် အမှောင်ရိပ်ထဲ ခဏထိုးထည့်ထားလိုက်သည်။ နာရီမှ မီးလင်းခလုတ် လေးကို နှိပ်ပြီးကြည့်လိုက်တော့ ၁၀ နာရီ ၄၅ မိနစ်။ စာကြည့်စားပွဲထံသို့ လှမ်းလိုက်ပြန်သည်။ စားပွဲရှိ အံဆွဲကို အသံမမြည်အောင် ခပ်ဖြည်းဖြည်း ဆွဲဖွင့်လိုက်သည်။ အထဲမှ ဒိုင်ယာရီစာအုပ်လေးကိုယူပြီး စားပွဲခုံပေါ်လှမ်းတင် လိုက်သည်။ ပထမဆုံး စာမျက်နှာရှိ စာရွက်ဖြူဖြူခေါက်လေးကို မြင်သာအောင် အပြင်သို့တစ်ခြမ်းဆွဲထုတ်လိုက်သည်။ စိတ်ထဲမှာ ၀မ်းနည်းသလိုလို ပျော်သလိုလို။ ဘာလိုကြီးမှန်းမသိ။ ရင်ခုန်ချင်သလိုလို။
ပြီးခြေသံခပ်ဖွဖွနင်းကာ အိပ်ယာပေါ်ပြန်လှဲလိုက်ပြန်သည်။ သြော် ဒီညမှ ညတာပိုရှည်လွန်းနေသလား မသိ။ မျက်ဝန်းမှ မျက်ရည်တို့သည် ခေါင်းအုံးပေါ်သို့စီးကျလာပြန်သည်။ ငိုနေပါရောလား။ မငိုပါဘူး ဒါငိုစရာမှ မဟုတ်တာ။ အသက် ၂၀ ကျော် ဆိုသည့်အရွယ်သည် အရွယ်ရောက်ပြီပဲ။ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ကိုယ်ပိုင်ဘ၀တစ်ခုကို ထူထောင်ပိုင်ခွင့်ရှိသည်။ အချစ်ကိုမြည်စမ်းပိုင်ခွင့်ရှိသည်။ အပျိုမ ၏ ဆုံးဖြတ်ချက် မှန်သည်။  
မနက်ဖြန်ဆိုလျှင် အပျိုမဘ၀၏ အလှည့်အပြောင်း။ ချစ်သောချစ်သူအနားမှာနေပြီး ဘ၀တစ်ခုကို စတင်တည် ထောင်မည့်နေ့။ အတွေးနှင့်ပင် ကြည်နူးရသည်။ ရင်ခုန် လှိုက်မောရသည်။ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်စသည် လှစ်ကနဲ။ တွေးရင်းရှက်သလိုလို ရင်ဖိုလှိုက်မောသလိုလို ..အိုး ဘယ်လိုကြီးမှန်းကို မသိပါဘူး။  နာရီကို ယူကြည့်မိ ပြန် သည်။ ၁၁ နာရီ ခွဲ။ စိတ်လှုပ်ရှားလွန်းလို့လားမသိ  အိပ်ချင်စိတ်တို့ပျောက်နေသည်။ မျက်လုံးကို မှိတ်လို့မရ။ ဟော အိပ်ခန်းအပြင်မှ မီးပိတ်သွားပြီ။ တစ်အိမ်သားလုံး အိပ်ကြပြီထင်။ ညည့်နက်လာသည်နှင့်အမျှ အသံတို့သည် တိတ် ဆိတ်ငြိမ်သက်သွားသည်။ အိမ်ရှေ့အိမ်မှ တစ်ဝုန်းဝုန်း ထိုးဟောင်နေသော ရန်လုံကြီးအသံကြားရသည်။ တော်ပါသေး ရဲ့ အိမ်ဘေးဘက် ခြံပေါက်ဝကိုချိန်းထားပေလို့။ အိမ်ရှေ့ခြံပေါက်ဝဆိုလျှင် ရန်လုံကြီးဟောင်တာနှင့် အပျိုမတို့ လူမိပြီး ဒုက္ခရောက်နိုင်သည်။
ခုချိန်မှာ အပျိုမ၏ရင်ထဲ ကြောက်စိတ်လုံးဝမရှိ။ သတ္တိတွေရှိနေသည်။ အရင်ကဆို အိမ်နောက်ဖေး အမှောင်ထဲ သို့ပင် တစ်ယောက်တည်းမသွားဝံ့သော အပျိုမသည် ခြံဘေးအပေါက်မှထွက်ကာ တစ်ဖက်ခြမ်းရှိ ကြီးမားသော သစ် ပင်ကြီးအောက်သို့သွားပြီး တစ်ယောက်တည်းစောင့်မည်ဟူသည့် စိတ်မျိုးပင် ရှိနေသေးသည်။ ဒါ အချစ်၏ တန်ခိုးများ ပင်ဖြစ်မည်။ အချစ်ဆုံးနှင့် ဆုံဆည်းသူသည် တစ်ယောက်တည်းသာ ဖြစ်လိုသည့် အပျိုမအတွက် ချစ်သူနှင့်ဆုံဆည်း ကြရေးသာ အရေးကြီးသည်။ ကျန်တာ ဂရုမစိုက်နိုင်။
          အဓိပ္ပာယ်မဲ့စွာ ခွခေါင်းအုံးကြီးကို တင်းကြပ်စွာ ဖက်ထားမိပြန်သည်။ အချိန်ကလည်း ကြာလိုက်တာ စောင့် နေလို့လားမသိ။ အင်းခုလောက်ဆို အဖေနှင့်အမေ အိပ်မောကျလောက်ပြီ။ ကုတင်ပေါ်မှ ဖြည်းဖြည်းထကာ ကုတင် အောက်မှ အထုပ်ကြီးကို ဆွဲထုတ်မိပြန်သည်။ လက်နှင့်ချိန်ဆပြီ ဆွဲကြည့်သည်။ အင်း သိပ်မလေးပါဘူး။ စာကြည့်စားပွဲ ပေါ်အသင့်တင့်ထားသည့် ဘေးလွယ်အိတ်ထဲ ပြန်စစ်သည်။ ပိုက်ဆံအိတ် မှတ်ပုံတင်။ စုထားသည့်ပိုက်ဆံသည် နည်းလွန်းနေသည်။ မိဘဆင်ပေးထားသည့် ရွှေထည်လက်ဝတ်လက်စားတို့ကို ယူမသွားချင်ပေ။ သို့ပေမယ့် ပစ္စည်း လေးရှိတော့ ဘာပဲဖြစ်ဖြစ် စိတ်ထဲအားရှိလှပေသည်။ ထို့ကြောင့် အစတုန်းက ယူမသွားပဲ ချွတ်ထားခဲ့မည်ဟု ကြံစည် ထားပေမယ့် ယခုမူ ၀တ်သွားရန်သာ စိတ်ကူးလိုက်သည်။
  အ၀တ်အစားအိတ်နှင့်  ဘေးလွယ်အိတ်ကို အခန်းအပေါက်ဝသို့ ဆွဲလာပြီ အဆင်သင့်ချထားလိုက်သည်။ လက်မှနာရီကို ကြည့်မိတော့ ည ၁၂ နာရီ ထိုးပြီး ၁၅ မိနစ်။ အခန်းတံခါးကို အခြေအနေကြည့်ပြီး ခပ်ဟဟ ဖွင့်ကြည့် လိုက်သည်။ အိမ်အောက်ထပ် ဧည့်ခန်းသည် တိတ်ဆိတ်ငြိမ်သက်လျှက်။ မျက်စိအနည်းငယ်ကျင့်သားရအောင် ကြည့် နေလိုက်သေးသည်။ အထုပ်တွေကိုဆွဲပြီး အိပ်ခန်းအပြင်ဘက် ထောင့်လေးတွင် ခဏချထားလိုက်သည်။ အပေါ်ထပ် လှေကားပေါ်သို့ ခြေသံလုံလုံဖြင့် တက်ခဲ့သည်။
မိဘများ၏ အိပ်ခန်းအပြင်ဘက်ရောက်တော့ မျက်ရည်ဝဲစွာ ရှိခိုးဦးချဖို့ပြင်သည်။ ဟင် စကားပြောသံကြား နေရသလိုပဲ။ ဒုက္ခပဲ မအိပ်ကြသေးဘူးနဲ့တူတယ်။ မိသွားရင်တော့ခက်ပြီ။ အခန်းအပြင်ဘက်တွင် ငြိမ်သက်စွာ ရပ်နေမိ ရင်း အခန်းထဲမှ ခပ်တိုးတိုးအသံကိုနားစွင့်မိသည်။
“သမီး အခြေအနေဘယ်လိုလဲ”
“ကျုပ်လဲ စောင့်ကြည့်နေတာပဲ”
“မင်းကိုက သမီးကို ဂရုမစိုက်တာ။ ကိုယ့်သမီး ရည်းစားရနေတာမသိဘူးလား”
“သြော် ကျုပ်ကလည်း အခွေငှားဆိုင်ပဲ သူတစ်ယောက်တည်းသွားတာ ဆိုတော့ ဘယ်အချိန် ရည်းစားရသွားသလဲ မသိဘူးလေ ပြီး တော့်သမီးက အနေအထိုင် သိပ်ပိရိတာ”
“ဟင်း.. သေချာဂရုစိုက်ပါကွာ။ မတော် တစ်ခုခုဆို ငါတို့ပဲ ရင်ကျိုးမှာ။ သမီးငယ်ငယ်တုန်းက မကျန်းမာလွန်းလို့ ပိုးမွေးသလို မွေးထားရတာ။ အချိန်မတန်သေးပဲ တစ်ခုခုဆို ငါအရင်သေမှာ. ”
စကားပြောနေသော အဖေ့ အသံသည် ငိုသံခပ်အက်အက်ဖြစ်သွားသည်။ အပျိုမရင်ထဲ လှိုက်ကနဲ ၀မ်းနည်း စိတ်တို့ အလိပ်လိုက်တက်လာသည်။ စိတ်ထဲမှ သမီးကိုခွင့်လွှတ်ပါအဖေဟု ပြောနေမိသည်။ 
“အေးပါ တော်…. ကျုပ် ဂရုစိုက်ပါ့မယ်  တစ်ခုခုတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်း၇မှာပဲ။ အ ဟင့် ဟင့် ဟင့်”
ဟင် ..မေမေ ပြောရင်းငိုနေပါလား။ မျက်ရည်တို့ပါးပြင်တွင် တစ်လိမ့်လိမ့်ဆင်းလာသည်။ သမီးကိုခွင့်လွှတ်ပါ ဖေဖေနဲ့ မေမေတို့ရယ်။ အပျိုမ ကိုခုချိန်ထိ ကလေးလေးတစ်ယောက်လို ဂရုစိုက်စဲ ပါလား။
“သြော် .. ငါဒီတစ်ပတ် အလုပ်ထဲပိုက်ဆံထပ်စိုက်ဖို့လိုတယ်ကွ။ အဲဒါ သမီးလည်ပင်းက ဆွဲကြိုးလေး ရောင်း လိုက်မလားလို့”
“အိုး. ဖြစ်မလား သမီးက အပျိုလေး လည်ပင်းမှာဗြောင်ကြီးနဲ့ ရှက်ရှာမှာပေါ့။ ကျုပ်လည်ပင်းက ဆွဲကြိုးသာ ရောင်းပါတော်”
အပျိုမ လည်ပင်းမှ ဆွဲကြိုးလေးကို ယောင်ပြီးစမ်းမိသည်။ လက်ဖမိုးပေါ်သို့ မျက်ရည်တစ်ပေါက် ပေါက်ကနဲ နေအောင် ကျသွားသည်။ ခြေသံလုံအောင်ထိန်းရင်း အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ အ၀တ်အစားထုပ်နှင့် ဘေးလွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ အံကိုခပ်တင်းတင်းကြိတ်လိုက်သည်။ ခြေလှမ်းတို့ကို အိမ်နောက်ဖေး တံခါးပေါက်သို့ ဦးတည်လိုက်သည်။ အ၀တ်အစားအိတ်ကို အောက်သို့ခဏပြန်ချလိုက်မိပြန်သည်။ အေးလေ လက်ဝတ်လက်စားတွေ ယူမသွားတော့ပါဘူး။ ကိုယ့်မိုက်ပြစ်ကိုယ်ခံရုံပေါ့။ အိပ်ခန်းတံခါးကို အသာပြန်ဖွင့် လက်ဝတ် လက်စားတွေ ချွတ်ပြီး ဒိုင်ယာရီစာအုပ်လေးဘေးနားပုံလိုက်သည်။
အိပ်ခန်းလေးကို နောက်ဆုံးနှုတ်ဆက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ အိပ်ခန်းအပြင် ပြန်ထွက်လာပြန် သည်။ ဟင် ခုနက မိဘတွေကို သွားကန်တော့တာ။ မကန်တော့ခဲ့ရဘူး။ အေးလေ အောက်ထပ်ကနေပဲ ဦးချခဲ့တော့ မယ်။ ဟင် မဟုတ်ပါဘူး အနီးကပ်ကန်တော့ သွားချင်တယ်။ အပေါ်ထပ်လှေကားပေါ် ပြန်တက်ခဲ့သည်။ အခန်းပေါက် ၀ မှ ဦးချလိုက်သည်။ သမီးကို ခွှင့်လွှတ်ပါ ဖေဖေနှင့်မေမေဟု စိတ်ထဲမှ တောင်းပန်မိသည်။
“မင်းကလည်း ငါမကြိုက်တဲ့ ဟင်းပဲ ခဏခဏ ချက်နေတာပဲ”
“သြော် တော်မကြိုက်ပေမယ့် သမီးကြိုက်တယ်တော့် သမီးကို စိတ်ပျော်အောင်ခုချိန်ထားရမှာ။ တော် နားမလည်ပဲနဲ့”
“ကဲ ကဲ အိပ်တော့ ညည့်နက်ပြီ မနက် ငါက အလုပ်အစောကြီး သွားရမှာ ”
“အင်း.. အိပ်နေတာပဲတော် သမီးအတွက်စိတ်ပူလို့ အိပ်မပျော်ဘူး”
အပျိုမ နားနှစ်ဖက်ကို ပိတ်ရင်း အိမ်အောက်ထပ် ပြန်ဆင်းလာခဲ့သည်။ ဖေဖေနဲ့မေမေ ပြောသမျှ စကားလုံးတိုင်းသည် အပျိုမ အကြောင်း။ အပျိုမက ဖေဖေနှင့်မေမေ သည် အပျိုမကို ချုပ်ခြယ်လွန်းသည်။ ပြီးတော့ အပျိုမကို မချစ်ကြ။ အငယ်ဆုံးဖြစ်သော ညီမလေး ကိုသာ ချစ်သည်ဟု ထင်ခဲ့မိသည်။ ခုတော့ အပျိုမကြိုက်သည့် ဟင်းတစ်ခွက်ကအစ ဂရုစိုက်လွန်းလှသည်။  လှမ်းသောခြေလှမ်းတို့သည် မပြတ် သားတော့ပေ။ လက်မှ နာရီကိုကြည့်လိုက်တော့  မနက် ၁ နာရီခွဲပြီ။ အ၀တ်အစားထုတ်ကို ဆွဲမလိုက်ပြီး အိမ်နောက်ဖေး သို့ အားတင်ပြီး လှမ်းလိုက်သည်။ ညနေကထဲက တည်းထားသော သော့ခလောက်ကိုဖြုတ်လိုက်သည်။ အိမ်ပြင်သို့ ထွက် တော့မည်။ အင့် ကနဲ တစ်ချက် ရှိုက်လိုက်မိသည်။ မနက်ကျရင် ဖေဖေနဲ့မေမေ င့ါကိုစိတ်ပူနေမှာပဲ။ 
အိမ်အပြင်သို့လှမ်းထွက်လိုက်သည်။ ခြံဘေးအပေါက်နားမှ တစ်ဖက်ခြမ်းရှိ သစ်ပင်ကြီးအောက်သို့ လှမ်းကြည့် လိုက်သည်။ ဟော လူရိပ်တွေ့ရတယ်။ ချစ်သူရောက်နေပြီထင်။  ခြံတံခါးကိုသူမတွန်းဖွင့်လိုက်သည်။ သူမသွားတော့ မည်။ ဖေဖေနှင့်မေမေ အိပ်သည့် အိပ်ခန်းဘက်ကို လှမ်းမျှော်လို့ကြည့်လိုက်သည် ညသည် မှောင်မိုက်နေစဲ။ ခြံပြင်သို့ ခြေလှမ်းမယ် ဟန်ပြင်လိုက်လျှင် နားထဲ ခုနက ဖေဖေနှင့်မေမေ ပြောနေသည့် စကားသံတို့ကို အထပ်ထပ် ပြန်ကြားနေရသည်။ 
နှုတ်ခမ်းကိုဖိပြီးကိုက်လိုက်သည်။ ခြံတံခါးကို အတွင်းဘက်မှ ပြန်ဆွဲပြီး ပိတ်လိုက်သည်။ အိမ်နောက်ဖေး အပေါက်မှပင် ပြန်ဝင်လာခဲ့သည်။ အ၀တ်အစားထည့်ထားသော အိတ်ကိုပြန်ဆွဲရင်း အိပ်ခန်းထဲပြန်ဝင်လာခဲ့သည်။ အ၀တ်အစားတွေ ကို ဒုတိယထပ်သို့ အထပ်လိုက်ပြန်သွင်းလိုက်သည်။ အိတ်ကို ဘီဒိုအနောက်ဘက်သို့ ခေါက်ပြီး ပြန်သွင်းလိုက်သည်။ ဘေးလွယ်အိတ်ကိုစားပွဲပေါ် ပြန်တင် လိုက်သည်။ စားပွဲခုံပေါ်မှ စာအုပ်လေးကို အံဆွဲထဲ ပြန်ထည့်လိုက်သည်။
ကုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်။ ခေါင်းအုံးနှင့် မျက်နှာအပ်ကာ ကြိတ်ပြီး ရှိုက်ငိုပစ်လိုက်သည်။ အပျိုမကို ခွှင့်လွှင့်ပါတော့ ချစ်သူရယ်.. ကံမကုန်လို့ ပြန်ဆုံကြမယ်ဆိုရင် အပျိုမ ချစ်သူ့ရဲ့ရင်ခွင် တိုးဝင်ကာ ခိုလို့သာ နားလိုက်ချင်ပါရဲ့ .. အချိန်မတန်သေးတဲ့ ခုချိန်မှာတော့ အပျိုမကို နားလည်ပေးပါလို့ တောင်းဆိုယုံက လွဲပြီး အခြားစကားဆိုစရာ မရှိတော့ပါဘူးလေ…ဒီတစ်ညသည် အပျိုမ အတွက်တော့ ညတာရှည်လွန်း ပေတော့မည်။
---
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုဖြင့် ရှာဖွေပြီး အသုံးပြုထားပါတယ်ရှင်
Wednesday 12 November 2014
အလွမ်းတွေ ခြွေကာသာသွန်းပါတော့ ..အမုန်းမိုးဘယ်ငြိုးနဲ့ရွာ
ကောင်းကင်တွင် တိမ်ညိုတို့ မည်းကာမှောင်နေကြသည်။ မကြာမှီ မိုးရွာလိမ့်မည်ထင်။ နေ့ခင်းပိုင်းဖြစ်၍ အိမ်ရှေ့လမ်းမတွင် လူသွားလူလာကျဲပါးလျှက်ရှိသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက် အေးချမ်း လျှက်။ မိုးသားတိမ်လိပ် တို့ တစ်ရိပ်ရိပ်ပြေးနေကြသည်။ လင်းရာမှာ မှောင် မှောင်ရာမှ မည်းလာကြသည်။ကြည့်နေစဉ်မှာပင် မိုးစက်လေးများ တစ်ပေါက်နှစ်ပေါက်ကျလာသည်။   မိုးသည် ပိုပြီး ရွာသွန်း သည်းထန်လာသည်။ မိုးရေတို့  တစ်ဝေါဝေါထိုးကြလာသည်ကို သဘောကျနှစ်သက်စွာ ငေးနေမိသည်။
          “အေးနေမှာပဲ”
နှုတ်က ခပ်တိုးတိုးရေရွတ်မိသည်။  လေပါလာသဖြင့် မိုးစက်မိုးငွေ့ အမှုန်လေးများ မျက်နှာကိုယ်လုံးတို့ကို လာရောက် ရိုက်ခတ်ကြသည်။ သွားမှပါ။ အိမ်ထဲဝင်မှ။ တွေးရုံသာတွေးပြီး အိမ်ထဲသို့ မ၀င်ဖြစ်။ မြင်နေရသည့် မြင် ကွင်းလေးကို ကျောခိုင်းလိုက်ရမှာ နှမျောသည်။ နှမျောသောအတွေးဖြင့် ၀ရံတာလေးတွင် ဆက်ပြီးနေဖြစ်သည်။ သဘောကျလိုက်တာ။ အပြုံးနည်းသော နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ပွင့် ပွင့်အာလာခဲ့သည်။ မျက်ဝန်းတို့ ရီနေကြသည်။
“အောင်မယ်လေး..”
ကောင်မလေးတစ်ယောက်သည် ထိန့်လန့်စွာ အော်ဟစ်သံနှင့်အတူ သူမ၏ လက်ထဲမှ ထီးသည် လေနှင့် အတူ လွင့်ပါသွားခဲ့သည်။ သည်းထန်သော မိုးများကြားတွင် တစ်ကိုယ်လုံးစိုလို့ ရွှဲရွှဲ။ ရုတ်တရက်ဖြစ်သွားသော ခြေနေကြောင့် ကောင်မလေးကြောင်ပြီး မတ်တပ်ရပ်နေသည်။ ထီးသည်လေနှင့်အတူ ခပ်လှမ်းလှမ်းသို့ လွင့်ပါသွား ခဲ့သည်။
“သီတာ ရော့ရော့ နင်ထီး တစ်ကိုယ်လုံးစိုကုန်ပြီ အအေးပတ်တော့မှာပဲ”
 သူငယ်ချင်းဖြစ်ပုံရသော ကောင်လေးသည် ခပ်မြန်မြန်ပြေးလာရင်း လွင့်သွားသော ထီးကို ကောက်လာပြီး ကောင်မလေးလက်ထဲထည့်ပေးလိုက်သည်။ သတိပြန်ဝင်လာသော ကောင်မလေးသည် ထီးကို ဖွင့်လိုက်သည်။ ထီးက ပျက်လေပြီ။ ပြန်ဖွင့်လို့မရ။
          “ကဲ ကဲ နေတော့ မိသီတာ လာလာငါနဲ့ တူတူသာလိုက်ခဲ့တော့”
ကောင်လေးက ထီးကို နှစ်ယောက်မျှဆောင်းရင်း ကောင်မလေးနားတိုးကပ်လိုက်သည်။ ဤမျှလောက် နီးနီးကပ်ကပ်သူ တို့နှစ်ယောက် တစ်ခါမျှ မနေဘူး။ မိုးရေတို့စိုရွှဲနေသော ကောင်မလေး၏ မျက်နှာသည် ၀င်းလက်စိုပြေလျှက်ရှိသည်။ အရင်က မသပ်မရပ်နှင့် ဖြစ်သလို စည်းနှောင်းထားသော ဆံပင်တို့ကို ကောင်မလေးက ဘေးတစ်ဖက်သို့ သိမ်းကာ အရှေ့သို့ချထားပြန်သည်။ ဒီတော့မှ ကောင်မလေး၏ မေးစေ့လုံးလုံးဝန်းဝန်းလေးသည် ပို၍ပေါ်လွင်သွားသယောင်။ ရေစိုထားသော နှုတ်ခမ်းတို့သည် ရွှန်းစို နီထွေးလျှက်။ မပြင်ပဲ လှသောအလှသည် ကောင်လေးအတွက် တဒင်္ဂမိန်းမော သွားစရာ ဖြစ်နေသည်။
          “ဟဲ့ သုတ ဘာလို့ ငါ့ ဒီလောက်ကြည့်နေတာတုန်း. ဒီမှာ အင်ကျီကပါးလို့ ရေစိုပြီး အနေရ ခက်နေရတဲ့ ထဲ နင်က တစ်မျိုး။ ဘာဖြစ်လို့လဲ ခုနက ထီးနဲ့ညှိပြီး ငါ့အင်ကျီပြဲ သွားလို့လား”       
 မလုံမလဲ ကောင်မလေး သူ့ကိုယ်သူ လှည့်ပတ်ပြီး ပြန်ကြည့်သည်။ ဒီတော့မှ ကောင်လေးက သတိဝင်လာဟန်ဖြင့်
    “မ..မပြဲပါဘူး။ ရော့ရော့ ငါ့အပေါ်ရှပ်အင်ကျီ ထပ်ဝတ်လိုက်။ နောက်နေ့မှ ပြန်လျှော်ပြီး ပြန်ပေးတော့.”
လျှပ်ကနဲ လက်သွားသော လျှပ်စီးအလင်းရောင်နှင့် အတူ လေကြမ်းတစ်ချက်အဝေ့တွင် မိုးရေတို့သည် သူမ၏ မျက်နှာ သို့ ဖြန်းကနဲ လာရိုက်ကုန်၏။ အတိတ်တွင် စီးမျောနေသော စိတ်အလျင်သည် ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိ လာသည် ပါးတွင် ပူနွေးသောရေစီးကြောင်းလေးတစ်ခု စီးဆင်းလာသည်။ငါ ငါ ငိုနေတာပေါ့။ ဒါ မျက်ရည်လား။  အိုး မဟုတ်ပါ ဘူး မိုးငွေ့လေးတွေ မျက်နှာကို လာရိုက်လို့ မိုးရေတွေပဲ နေမှာပါ။
 “ဟာ မြတ်ကလည်း သုတက ဒီလောက်အလှကြိုက်တဲ့ဟာ… ပြီးသူတွဲနေတဲ့ ကောင်မလေး တွေကြည့် အလန်းတွေ ငါ့လိုရုပ်ကို ငါ့လိုအဆင့်အတန်းကို ဘယ်ကြိုက်ပါ့မလဲဟဲ့. ပြီးတော့ ငါက ယောက်ျားဆို မချောရင်နေ မချမ်းသာရင်နေ ငါ့ကိုသစ္စာရှိရှိနဲ့ တစ်ကယ့်မေတ္တာစစ်နဲ့ ချစ်တဲ့သူပဲ လိုချင်တာ။ ပြီးတော့ သုတရဲ့ နံပါတ်စဉ် တစ်ခုထဲမှာ ငါမပါချင်ဘူး ။ ပိုက်ဆံမရှိလို့ ဆင်းရဲပေမယ့် ငါ့မှာ မိန်းကလေးတစ်ယောက်ရဲ့ မာနတော့ချမ်းသာတယ်”
 “မင်းတို့ကလည်းကွာ မင်းကြည့် သူများမိန်းကလေးတွေများ ငါ့နားကပ်ချင်လွန်းလို့။ သီတာထက် အပုံကြီး အလန်းကြီးသာတယ်။ သီတာက ခင်ဖို့ကောင်းပေမယ့် ခပ်ကြောကြော မာနကြီးတစ်ခွဲသားလုပ်နေတာ ငါ သဘောမကျပါဘူး။ ငါက မိန်းမဆိုရင်  ကျက်သရေရှိရှိ လှလှပပ ထက်မြက်ပေမယ့် ယောက်ျားနောက်က လိုက်တဲ့ သူမျိုးပဲ သဘောကျတာ။ သီတာကိုကြည့်ရတာ မာဆတ်ဆတ်  ဘယ်လိုမှ ခံစားလို့မရပါဘူးကွာ ..သူငယ်ချင်းပဲ ကောင်းပါတယ်။ ပြီးတော့ ပုံကလည်းကြည့်အုန်း ကျောင်းလာမျက်နှာပြောင်နဲ့ ပြင်ပြင်ဆင်ဆင်ကို မတွေ့ရဘူး”
ကိုထက်နှင့်မြတ် ၊ ဖိုးကျော်နှင့်မိခမ်း တို့သည် ချစ်သူရည်းစားအတွဲများဖြစ်သလို့ သုတနှင့်သီတာကိုလည်း သူငယ်ချင်းအဆင့်ထက်ကျော်ကာ ချစ်သူတွေဖြစ်စေချင်ကြသည်။ ခက်နေသည်က သုတနှင့် သီတာနှစ်ယောက် စလုံးပင်။ အကြောင်းပြချက်ကိုယ်စီ ရှိခဲ့ကြသည်။ သို့ပေမယ့် မိုးသည်းသည်းထဲ သူတို့နှစ်ဦး၏ ရင်ခုန်သံသည် အစပျိုးခဲ့ ကြသည်။  
“တီ…တီ…တီ..တီ…တီ”
မီးသွေးအိတ်များ တင်ထားသော စက်ဘီးကို သတိနှင့် အားစိုက်နင်းရင်း မညီညာသောလမ်းတွင် ဘေးဆင်း ပေးဖို့ စိတ်ကူးလိုက်သည်။ နောက်မှ ကိုယ်ပိုင်ကားတစ်စီးသည် အသည်းအသန် ဟွန်းတီးကာ လမ်းတောင်းနေပြီလေ။ ပိုက်ဆံရှိသော သူများ သိပ်မောက်မာတာပဲ။ မီးသွေးသုံးအိတ်ဆိုတဲ့ အလေးချိန်က နည်းတာ မှတ်လို့။ ဘေးဆင်းပေး ဖို့ကို သတိအတော်ထားရတယ်ဆိုတာ မသိလေရော့သလား။ အေးလေ ကိုယ်ပိုင်ကားစီးနေမှတော့ ခုလိုအလေးချိန် အများကြီးနှင့် စက်ဘီးစီးဖူးမှာလဲ မဟုတ်။ ပြီး နင်းနေတာ မိန်းကလေးလို့လည်း သိမည်မဟုတ်။ မီးသွေးအိတ်တို့က နောက်ကျောမှာကွယ်ထားသည် မဟုတ်လား။
ကျွတ် ငါကွာ ..စိတ်မရှည်တော့ဘူး။ ဒီလောက်ဟွန်းတီးနေတာတောင် ဘေးမဆင်းပေးသေးဘူး။ မိုးရေမိပြီး နောက်နေ့ သီတာဖျားသည်ဟု ခွင့်တိုင်ကာ ကျောင်းသို့မလာ။ ဒီနေ့ဆို တစ်ပတ်ပြည့်ပြီ။ ဟိုကောင်တွေကို သီတာ အိမ်သွားမည်ဟု ခေါ်သည်ကို ညစ်ပြီးမလိုက်ကြ။ ရုပ်ရှင်လက်မှတ်ဝယ်ပြီးသားဟု ဆိုကာ မြို့ထဲထွက်သွားကြသည်။ သို့နှင့် သုတတစ်ယောက်တည်းသာ လိုက်လာခဲ့သည်။ အိမ်ကလည်းရှာရသေး။ လမ်းတွေကလည်းကျဉ်းသည်။ ဒီကြားထဲ ချိုင့်တွေကလည်းပေါသေး။ ကားကို မနည်းသတိထားပြီးမောင်းနေရသည်။ ဒါကို အဲဒီရှေ့က စက်ဘီးက နှေးတိနှေးကွေး။
ဟော စက်ဘီးတစ်ဖက်ကိုချိုးကွေ့သွားသည်။ ကောင်းတယ်။ သီတာတို့အိမ်ကိုရောက်တော့ သီတာအမေနှင့် မောင်လေးသာတွေ့ရသည်။ သီတာက မီးသွေးသွားပို့သည်ဟုဆိုသည်။ သီတာတို့က မီးသွေးအရောင်းဆိုင် ဖွင့်ထား သည်။ သည်နေ့ဆိုင်အလုပ်သမားက မလာ။ ထို့ကြောင့် သီတာကိုယ်တိုင် သွားပို့ရသည်ဟု ဆိုသည်။  သီတာ အမေပြောပုံအရ သီတာ၏ ၀င်ငွေကိုသာ အိမ်က မှီခိုနေရသည်ဆိုသည်။ အလုပ်ကတစ်ဖက် ကျောင်းကတစ်ဖက် နှင့် မိသားစုအရေးက တစ်ဖက်တို့ကို ဟန်ချက်ညီစွာ လည်ပတ်နေရခြင်းဖြစ်သည်။ သြော် ..ငါ့လို မိဘထံက လက်ဖြန့်  မုန့်ဖိုးတောင်းပြီး ကျောင်းတက်ရတဲ့ဘ၀ မဟုတ်ရှာပါလားလို့ သနားမိသည်။ အရင်ကသူထင်သည်က  သီတာသည် ပိုက်ဆံသုံး အရမ်းသိတတ်သည်။ အရမ်းကပ်သည်ဟု။ ခုတော့ သူထင်သလိုမဟုတ်ပါလားဟု သုတ ကိုယ့်ကိုယ်ကို ပြန်ရှက်နေမိသည်။
ဟင် အိမ်ရှေ့မှာ ကိုယ်ပိုင်ကားတစ်စီးရပ်ထားပါလား။ သုတ ကားပဲ ဘာလာလုပ်ပါလိမ့်။ စက်ဘီးကိုခြံထဲ ကွေ့ဝင်ရင်း ခြံထောင့်မှာ ထောက်ထားလိုက်သည်။
“ဟဲ့ သုတ အိမ်အထိ လိုက်လာတယ်။ ကိုထက်တို့ ဖိုးကျော်တို့ရော”
အသံနှင့်အတူ ရောက်လာသည့်  သီတာကို သူလှည့်ကြည့်လိုက်သည်။ ဟင် ခုနက စက်ဘီးသမားပါလား။ ဒါဆို ပစ္စည်းတွေအများကြီးနှင့် စက်ဘီးနင်းနေသည်မှာ သီတာ။ နေပူကျဲကျဲထဲရုန်းနေသည်မှာ သူမပေါ့.။ သုတ ရင်ထဲ တစ်ဆစ်ဆစ် နာကျင်လာသလို ခံစားရသည်။ သူမသည် ဘောင်းဘီတို ရှပ်အင်ကျီအကွက် လက်တိုနှင့် ဦးထုပ်ဆောင်း ထားသေးသည်။ သို့ပေမယ့် သူမတစ်ကိုယ်လုံးတွင် မီးသွေးတို့ဖြင့် မည်းသဲလျှက်ရှိသည်။
“အေး နင်နေမကောင်းဘူးဆို.လို့ သူတို့က ရုပ်ရှင်သွားကြည့်တယ်လေ အလကား သူငယ်ချင်းကောင်း မဟုတ်တဲ့ ကောင်တွေ”
“ဟုတ်တယ်ဟ မနေ့ကမှ နလံထတာ။ အဲဒါဒီနေ့ ဆိုင်က အလုပ်သမားကောင်လေးက ရုတ်တရက် ခွင့်ယူသွားတယ်လေ အဲဒါနဲ့ ငါလဲ ၀င်လုပ်နေရတာ။ အရင်နေ့တွေက ဆို သွားပို့လဲ ခရီးဒီလောက်မဝေးဘူး”
သူမချွေးတွေသုတ်နေရင်းပြောသည်။ မနေ့ကမှ နလံထတယ် ဆိုပဲ။ ဒီနေ့ ပစ္စည်းအလေးကြီးတွေနှင့် ချိုင့်ခွက် နေသော လမ်းတွင် နေပူထဲ စက်ဘီးနင်းသည်။ မသက်သာလိုက်တာ။
“အမေ သမီးသူငယ်ချင်းကို လက်ဖက်လေး ဘာလေး သုပ်ပေးလေ ဟဲ့ စားမယ် မို့လား နင် ညနေစာ ထမင်း ရော စားပြီးလား”
“မမကြီး သားကို ဒီနေ့ ခေါက်ဆွဲကြော် ၀ယ်ကျွေးမယ်ဆို။ ”
“သားငယ် ကလည်းကွာ ဒီနေ့တော့ ရှိတဲ့ ထမင်းလေးပဲ စားလိုက် နောက်နေ့ ၀ယ်ကျွေးမယ်နော်..”
“ဟင့်အင်း ဟင့်အင်း မရဘူး ပြောနေတာကြာပြီ ဒီနေ့ ပဲ စားမယ်”
သီတာမောင်လေးက ပြောရင်း တစ်ရှုံ့ ရှုံ့ ငိုသည်။ သုတကို အားနာသွားသလို သီတာ ပြန်လှည့်ကြည့်သည်။ သုတကဖြင့် သီတာကို သနားလွန်းလို့ ဖြစ်နိုင်လျှင် ရင်ခွင်ထဲဆွဲသွင်းလို့ နှစ်သိမ့်ပေးချင်လှပြီ။ ပြီးတော့ ကိုယ့်ကိုယ် ကိုလဲ ရှက်သည်။ ခုချိန်ထိ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ရအောင်ရှာဖွေနိုင်ခဲ့သည်မဟုတ်။ မိဘလုပ်စာ မိဘအရှိန်အ၀ါဖြင့် ငါ မာန်တက်ခဲ့ပါလားဟု နောင်တရချင်သည်။ သူသည်သီတာနှင့်စာလျှင် အလွန် အသုံးမကျသော သားသမီး ဖြစ်နေ သည်။
“သီတာ ခဏနော် ငါပြန်လာခဲ့မယ်။ ငါတို့ထမင်းညနေစာ တူတူ စားကြတာပေါ့ ”   
 ပြောပြီးရုတ်ချည်း အိမ်က ထထွက်သွားသည်။ သီတာ တားချိန်မရလိုက်။ ခဏကြာတော့ ခေါက်ဆွဲကြော် ဘဲကင် ၁၂ မျိုးဟင်းချို. ဟင်းနောက်ထပ် သုံးလေးပွဲလောက် ပါဆယ်ဆွဲပြီး သုတ ပြန်ရောက်လာသည်။ ထိုညနေက သီတာ တို့ မိသားစုနှင့်အတူတူ ထမင်းလက်စုံစားရခဲ့ရသည်။ သုတ၏ ဘ၀တွင် အရသာအရှိဆုံး ထမင်းဝိုင်း လေး ဖြစ်ခဲ့သည်။ သုတ ၏ဘ၀ အနေအထိုင်ပြောင်းလဲမှုတို့၏ တစ်ဆစ်ချိုး အကွေ့လေးပင်။
          သုတ၏ မိဘများ အံ့သြယူရသည်အထိ အဖေ၏ အလုပ်တွင်ဝင်လုပ်ရင်း ကျောင်းတက်သည်။ အရင်လို အားမနေတော့သဖြင့် သူငယ်ချင်းတွေနှင့် ဆုံချိန်နည်းသွားသည်။ သို့ပေမယ့် သီတာ၏ အိမ်သို့ မကြာခဏဆို သလို သုတရောက်လာတတ်သည်။  ရောက်လာတိုင်းလဲ သီတာမောင်လေးနှင့်အတူ အပြင်ထွက်ကာ တစ်ခုခုထွက်စားကြ သည်။ တစ်ခါတစ်ရံ သီတာပင်မပါပဲ သီတာမောင်လေးကို ကစားကွင်းလိုက်ပို့ပေးတတ်သည်။ အားကိုးမဲ့နေသော ဘ၀ လေးတွင် မှီရာတည်ရာ ရှိလာသောအခါ သီတာတို့မိသားစုလေး ပျော်ကြသည်။
          တစ်ခါတစ်ရံ တစ်လလုံးနေလို့မှ သုတရောက်မလာလျှင် အိမ်မှ သားငယ်သည် ကိုကိုသု လာလဲမလာဘူးဟု ဆိုကာ သုတထံသို့ ဖုန်းလှမ်းဆက်တတ်နေပြီ။ သီတာကတော့ သုတကို သူငယ်ချင်းကောင်းတစ်ယောက်အနေနှင့် သာ သဘောထားသည်။ သီတာထင်သည်မှာ သုတသည် စာနာနားလည်မှုတို့ဖြင့် သီတာတို့မိသားစုလေးကို ဖေးမ နေသည်ဟုသာ။ သုတ၏ ရင်ထဲ အချစ်ဟူသည် ကိန်းအောင်နေမည်ဟု သီတာ မထင်ရဲခဲ့ပေ။ ကွာခြားလွန်းသည့် ဘ၀ အခြေအနေတွင် ဒါသည် မဖြစ်နိုင်ဆိုသည်ကို သီတာ တစ်ထစ်ချတွက်ကိန်းချထားခဲ့ပြီးသား။
          “ဟလို ကိုကိုသုလား ။ မနက်ဖြန်အားလား။ သားတို့ကျောင်းမှာလေ ဆုပေးပွဲရှိတယ်။ သားက ဒုတိယ ရတယ် ။ အဲဒါ မမနဲ့ အတူ ကိုကိုသု လိုက်ခဲ့ပါလား”
          ထိုကဲ့သို့ သားငယ် တောင်းဆိုသမျှ သုတက လိုက်လျောသည်။ ကျောင်းတွေပြီးတော့မည်။ သူငယ်ချင်းဘ၀ နှင့်သာ ရပ်တည်စဲ။ သုတ၏ ရည်မှန်းချက်သည်။ ယခုလို သီတာတို့ဘ၀အခြေအနေတွင် သူ၏မိဘများသည် သီတာနှင့် သူ့ကို သဘောတူမည်မဟုတ်။ အဓိကကျသည့် စီးပွားရေးကို သူကိုယ်တိုင်ကြိုးစားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်နိုင်သည့်နေ့တွင် သီတာတို့ မိသားစုလေးကို သူပိုင်ပိုင်နိုင်နိင်စောင့်ရှောက်နိုင်မည်။ အဲဒီအချိန်ကျမှ သီတာကို ဖွင့်ပြောမည်။ သီတာသည်လည်း ငြင်းမည်မဟုတ်။ ဒါကို သုတတို့ နှလုံးသားချင်းနားလည်သည်။ သံယောဇဉ်နွယ်သည် နှစ်ဦးစလုံးတွင် ချစ်သည်ဟု မဆိုခဲ့သော်ငြား ခိုင်မြဲစွာ ရစ်နှောင်ဖွဲ့ ခဲ့ပြီး ဖြစ်နေသည်မှာတော့ သေချာသည် ဟုသာ သုတတွေးသည်။
          “ဟုတ်ကဲ့ ကိုသက်..ကျေးဇူးတင်ပါတယ်နော် ခုလို အိမ်တိုင်ရာရောက် အလုပ်ရှာပေးပြီး အကြောင်းကြားပေးတာ”     
သီတာတို့အိမ်ရှေ့တွင် ကားတစ်စီးရပ်ထားသည်။ ဘယ်သူ့ကားပါလိမ့်။ သားငယ်က အိမ်ရှေ့ ခုံလေးတွင် ထွက်ထိုင် ပြီး မှိုင်နေသည်။
          “သားငယ် ဘာဖြစ်နေတာတုန်း နေမကောင်းဘူးလား”
          “ဟာ ကိုကိုသု ..ဟိုမှာလေ အိမ်ပေါ်မှာလေ ဧည့်သည်ရောက်နေတာ။ သားက အဲလူကြီး မကြိုက်ဘူး သိပ် သြဇာပေးတာ။ မမရော မေမေကြီးရော အဲလူကြီးဆို ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့”
          သားငယ်လေးကို အနားဆွဲယူပြီး ရင်ခွင်ထဲ ထွေးပိုက်ထားလိုက်သည်။ သားငယ်ကလည်း ကြည်နူးစွာဖြင့် ပြန်ဖက်သည်။ ကိုသက်သည် သီတာတို့အမေဘက်မှ ရပ်ဆွေရပ်မျိုးဖြစ်သည်။ ယခုသီတာတို့ နေသည့်အိမ်ပင်လျှင် ကိုသက့် ကျေးဇူးမကင်းဟု သီတာပြောဖူးသည်။ သီတာ ထက် အသက် ၅ နှစ်မျှ ကြီးပြီး လူကြီးဆန်သည်။ လိုအပ်လျှင် လိုအပ်သလို ကူညီစောင့်ရှောက်ပေးသည်။ အိမ်သို့ အသွားအလာတော့မစိပ်။ ဖုန်းဖြင့်သာ အဆက်အသွယ် ရှိကြ သည်။ ဒီနေ့ကျမှ အိမ်ကိုလာလို့ဟု သုတ စိတ်ထဲတွေးမိသည်။
          ကိုသက်ကျေးဇူးဖြင့်ပင် ကျောင်းပြီးသည်နှင့် သီတာ သည်နေရာကောင်းသော ရုံးဝန်ထမ်းဘ၀ကို ရခဲ့သည်။ အစတွင် မီးသွေးဆိုင်လေးကို အလုပ်သမားနှင့် ထိန်းထားသေးသော်လည်း နောက်ပိုင်း သီတာ၏ အလုပ်မှ ၀င်ငွေ ကောင်းလာသောအခါ ဆိုင်လေးကို ပိတ်ပစ်ခဲ့သည်။ သုတကဖြင့် ထိုဆိုင်လေးကိုနှမျောသည်။ သည်ဆိုင် သည်အလုပ် တွေကြောင့် သူသည် သီတာကို အသည်းကြွေလုမတတ် သနားစိတ်ဖြင့် ချစ်ခင်စုံမက်ခဲ့ရသည်မဟုတ်ပါလား။ ဒါပေသိ တစ်ဖက်ကတွေးပြန်တော့ ခုဆိုလျှင်သီတာသည် သက်တောင့်သက်တာ လှလှပပဖြင့် ဘ၀အဆင့်ကို တစ်ဆင့်ခြင်း လှမ်းတက်နေနိုင်ပြီ မဟုတ်ပါလား။ ချစ်သော သီတာအတွက် သုတ ၀မ်းသာကြည်နူးသည်။
          အချိန်တွေ ဒီလောက်ကြာနေပြီ တစ်ကယ်ဆိုလျှင် သုတဘက်က တစ်စုံတစ်ခု စတင်လှုပ်ရှားသင့်သည်။ နင် ငါ့ကို မချစ်ဘူးလား သုတဟု မေးလို့ရလျှင်ကောင်းမည်။ ခုတော့ တစ်စုံတစ်ရာမျှ ဖွင့်ဟ ပြောဆိုခြင်းမရှိပဲ မျက်ဝန်းထဲမှ အချစ်ကိုရှာဖွေနေရသည်မှာ သီတာ အတွက်ပင်ပန်းလွန်းလှသည်။  မေမေကလည်း စိတ်ချချင်ပြီ ကိုသက်နှင့်ဆိုလျှင် သင့်တော်သည် ကိုသက်ကလည်း မေမေ့ကို ကမ်းလှမ်းထားသည်ဟု ဆိုသည်။ သုတရယ် နင့်ရင်ထဲမှာ ငါ့အတွက် နေရာ လေးတစ်ခုကိုမျှ သတ်မှတ်လို့မပေးနိုင်ဘူးလား ဟင်။
          ဒီတစ်ခေါက် နိုင်ငံခြားသွားပြီး ပြန်လာလျှင် သုတ ဖွင့်ပြောလိုက်တော့မည်။ ယခုတစ်ခေါက် စီးပွားရေး အဆင် ပြေလျှင် သုတမျှော်မှန်းထားသလို ကိုယ့်ခြေထောက်ပေါ်ကိုယ် ပိုင်ပိုင်နိုင်နိုင် ရပ်တည်နိုင်ပြီ။ ပင်ပန်းနေသည့် သီတာ ဘ၀လေးကို အေးအေးချမ်းချမ်းနှင့် အိမ်ရှင်မတစ်ယောက်၏ ဘ၀လေးကိုပေးမည်။ ယောက်ျားချင်းမို့ သိသည်။ ကိုသက်ဆိုသူ၏ ရန်ကလည်းရှိသေးသည်။ ဒီတစ်ခေါက်ခရီးထွက်တာ ၁ လလောက်တော့ ကြာလိမ့်မည်ထင်။
          “ဟလို .. အေး ပြော သုတ ငါ သီတာ”
          “ငါလား နေကောင်းပါတယ်ဟ။ ဘာဖြစ်လို့လဲ။ အမယ် ငါ့ကို သတိရလို့။ လွမ်းလို့။ ငါက နင့်ရည်စား မှ မဟုတ်တာဟဲ့. သုတရဲ့ လွမ်းတဲ့အကြောင်းတွေ လာပြောနေတယ်။ တယ်ခက်တာပဲ။ နင့်မှာ ရည်စားမရှိဘူး .. အမယ်လေး မယုံပေါင်။ ဘာချစ်တဲ့ ကောင်မလေးရှိတယ်။ ဖွင့်မပြောရသေးတာ။ သြော်…အေးပါ..ကဲ ကဲ ဖုန်းဆက် ရခြင်းအကြောင်းပြော.. နောက်မနေနဲ့… ”
          “အေး. ငါအစကတော့ နင့်ကိုပြန်လာမှ ပြောမလို့ပဲဟ. ခုတော့မရတော့ဘူး ဖုန်းနဲ့ပဲ ပြောလိုက်တော့ မယ်။ နင့်ကို အလေးမထားတာမဟုတ်ဘူးနော်။  
          “အမယ်. အေးပါ ပြောမှာသာ ပြောစမ်းပါ”
          “တီ တီ တီ”
  စားပွဲပေါ်မှ သီတာလက်ကိုင်ဖုန်းက မြည်လာပြန်သည်။  
          “ဟဲ့ ခဏလေး  လက်ကိုင်ဖုန်းကလာနေတယ်။ ဟယ်လို.. ဟင်..ဟုတ်ကဲ့ ဟုတ်ကဲ့ ခုပဲ လာပြီ “
 သုတကို မေ့သွားသည် သီတာ လက်ကိုင်ဖုန်းပြောရင်း အိတ်ကို ဒရောသောပါးဆွဲကာ အခန်းထဲမှ ပြေးထွက် သွားသည်။
          “ဟလို ဟလို ..ဟလို သီတာ …သီတာ ဟဲ့ ဘာဖြစ်တာလဲ ”
သုတ ရင်တွေပူလိုက်တာ။ ဘာဖြစ်တာပါလိမ့် ..
“ဟလို”
တစ်ဖက်မှ ဟလိုဟု ထူးသံကြားရသည်။
“သီ ..သီ တာလား ”
“မဟုတ်ပါဘူးရှင် မမသီတာ အမေ ရုတ်တရက် ဆေးရုံတင်လိုက်ရတယ်ဆိုလို့ ခုပဲ ထွက်သွားပါတယ်”
“သြော် ဟုတ်ကဲ့ ကျေးဇူးပါပဲ ဗျာ”
ဒုက္ခပဲ ပြန်ချင်လိုက်တာ။ အလုပ်ကပြီးနေပြီ သဘက်ခါ ပြန်ရတော့မှာ။ ဟာ မတတ်နိုင်ဘူး လေယဉ်လက် မှတ်ရွှေ့  ကြည့်မယ်။ air line ကို ဖုန်းခေါ်လိုက်သည်။ အချိန်ရွှေ့လို့မရ။ မနက်ဖြန်က လူပြည့်နေပြီပြောသည်။ Stand by လာစောင့်ပါဟုဆိုသည်။ ဘယ်လိုမှချိန်းလို့မရ။ သီတာ လက်ကိုင်ဖုန်းကိုခေါ်လည်းမရ။ ဖြစ်နိုင်လျှင် ပြေးသွားချင် လှပြီ။ စိတ်ထဲပူလှပြီ။ သီတာရေ ငါပြန်လာမယ် အားတင်းပြီးစောင့်နေပါဟာ။ တစ်ရက်ထဲပါ။ တစ်ရက်ထဲပါ။ ပြီးမည်ဟု ထင်သည့် အလုပ်သည် မပြီး အလုပ်ကမပြီးသည့်အခါ နောက်ထပ်ပင် ၁ လမျှ ထက်ကြာသွားသည်။ သီတာနှင့် ဘယ်လိုမှ ဆက်သွယ်လို့မရ။
ပြန်လာပြီဆိုကထဲက သီတာတို့အိမ်ဘက်ရှိရာ သူထွက်လာခဲ့သည်။ တွေ့ရသည့်မြင်ကွင်းသည် အမောဆို့စ ရာပင်။ အိမ်ရောင်းမည်ဟူသည့်စာတမ်းနှင့် အိမ်သည် သော့ခတ်ထားလျှက်။  သီတာ၏ အလုပ်ကိုလိုက်သွားသည်။ ကြားရသည့်သတင်းသည် ပိုပြီးသွေးပျက်ဖွယ်ရာကောင်းသည်။ သီတာအမေနှင့် မောင်လေးသည် ကားအက်ဆီးဒင့် ဖြင့်ဆုံးသွားပြီဟုသိရသည်။ ကိုသက်နှင့် အကျဉ်းရုန်းလက်ထပ်ကာ နိုင်ငံခြားထွက်သွားသည်ဟု ကြားသည်။ သုတ၏ မျှော်လင့်ချက်တွေ ရေစုံမျော ခဲ့သည့်နေ့။ သီတာ ရာ နင် ငါ့ရင်ထဲမြင်အောင် လှမ်းမကြည့်တတ်ဘူးလား။ ငါ့ဘက်ကို နင်တစ်ချက်လေးမျှ ငဲ့စောင်းလို့ မကြည့်ခဲ့ဘူးလား။ နင် တော်တော်ရက်စက် မာကျောတဲ့ မိန်းမ။ ငါ့နှလုံးသားကို ချေမွသွားတဲ့ မိန်းမ။
          “ငါ ပြန်ရောက်လာပြီ သုတ..”
ဟု နှုတ်က တိုးတိုးလေးရေရွတ်သည်။ ပြီးတော့ သူမသည် ၀ရံတာတံခါးကိုပိတ်ခါ အခန်းထဲ လှည့်ဝင်လာခဲ့သည်။ ထိုအချိန်မှာပင် သူမ မမြင်သာသောနေရာမှ လူတစ်ယောက်ထွက်လာသည်။ ထိုသူသည် သူမ၀ရံတာထွက်လာပြီး မိုးရေထဲ ကြာမြင့်စွာ မတ်တပ်ရပ်သည့် အချိန်မှစ ၍ သူမကိုကြည့်နေခြင်းဖြစ်သည်။ ထိုသူသည်လည်း မိုးရေတို့ဖြင့် ရွှဲရွှဲ စိုလျှက်ရှိသည်။
 “နင် ..ပြန်ရောက်လာပြီလား သီတာ. ငါ နင့်ကိုလွမ်းနေရင်း အရမ်းမုန်းတယ်ဟာ..”
မင်္ဂလာ အခါတော်ပေး သီချင်းသံ သည် ခန်းမထဲတွင် ညိမ့်ညိမ့်ညောင်းညောင်း ထွက်ပေါ်လာ သည်။ ကြီးကျယ် ခန်းနားလှသော မင်္ဂလာခန်းမကြီးတွင် သတို့သား သတို့သမီးတို့သည် လက်ချင်းယှက်လျှက် နှစ်ဖက်မိဘစုံညီစွာဖြင့် ညီညာသော ခြေလှမ်းတို့ဖြင့် မင်္ဂလာစင်မြင့်ပေါ်သို့ လှမ်းတက်သွားကြသည်။ သုတသည် မင်္ဂလာပွဲကို လာသည့်ပရိတ် သတ်ကို လိုက်ကြည့်မိသည်။ သူ၏ မျက်လုံးများသည် တစ်နေရာတွင် ရပ်တန့်သွားသည်။ ထိုမိန်းမသည် သူ့ကို အေးမြ သော အပြုံးနှင့် ပြုံးပြသည်။ သုတ၏ နှလုံးသားကို တစ်စုံတစ်ခုက  ဖြစ်ညှစ်ဆုပ်ကိုင်လိုက်သည်နှယ် လှိုက်မော မွန်းကြပ်သွားမိသည်။ သုတသည် သူ၏ အကြည့်ကို အခြားတစ်နေရာသို့ အလျင်အမြန်ရွှေ့ပစ်လိုက်မိသည်။
          မနေနိုင်လွန်းစွာ နောက်တစ်ခေါက်ထပ်ကြည့်မိသည့်အခါ ထိုမိန်းမသည်ပျောက်ကွယ်သွားခဲ့လေပြီ။ သူအလျင် အမြန်မျက်စိကစားပြီး ရှာဖွေမိသည်။ မင်္ဂလာခန်းမကို ကျောပေး ၍ လှမ်းထွက်သွားသော ထိုမိန်းမ၏ နောက်ကျောဘက် ကိုသာမြင်လိုက်ရသည်။ သက်ပြင်းကိုချရင်း သတို့သမီးလက်ကို ယုယကြင်နာစွာ တွဲလိုက်သည်။ ထို့နောက် စင်မြင့်ပေါ်မှာဆင်းကာ လှိုင်သောအပြုံးတို့ဖြင့် ဧည့်သည်များကို လိုက်လံနှုတ်ဆက်နေလေသည်။
           မင်္ဂလာခန်းမထဲက သီတာထွက်လာခဲ့သည်။ နင်ပျော်ရွှင်ပါစေ သုတရယ်။ ငါ့ကိုမုန်းလက်စနဲ့ နင်ဆက်ပြီး မုန်း ပါ။ အဖြစ်မှန်ဆိုတာကို ငါ မရှင်းပါရစေနဲ့တော့။ ငါ့အတွက် အချစ်ကြိမ်စာလို့ပဲ မှတ်ပါတယ်။ ငါ့မောင်လေးကို ကစားကွင်း လိုက်ပို့ရင်း အမေရယ် ကိုသက်နဲ့ ငါ့မောင်လေးတို့ ကားအက်ဆီးဒင့်ဖြစ်ကြတယ်။ အမေနဲ့ မောင်လေးက တော့ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်။ ကိုသက်ကတော့ အသက်ကို အနိုင်နိုင်လုနေရတဲ့ အချိန်ပေါ့။ မိဘဆွေ မျိုးသားချင်းလဲ မရှိတော့ အမေနဲ့ မောင်လေးအသုဘက တစ်ဖက် ကိုသက်ကိုစောင့်ရှောက်ပေးရတာတစ်ဖက်။
          ကိုသက်အခြေနေတည်ငြိမ်သွားတော့ ဆရာဝန်ကြီးက ခေါ်ပြောတယ် နိုင်ငံခြားသွားကုရင် ရနိုင်တယ်တဲ့။ ကိုသက်ကလည်း ကုချင်တယ်။ ခက်တာက ပြုစုစောင့်ရှောက်မယ့် ဆွေမျိုးသားချင်းမရှိဘူး။ နောက်ဆုံး ငါတို့အပေါ်မှာကျေးဇူးလဲ ရှိသလို ခုလည်းငါတို့မိသားစုကြောင့် ဒုက္ခရောက်နေရတဲ့ ကိုသက်အတွက် နိုင်ငံခြားကို လိုက်ပါပြုစုမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိုသက်နဲ့ အကျဉ်းရုံးလက်ထပ်ပြီးနိုင်ငံခြားလိုက်သွားခဲ့ တယ်။ ကိုသက်က ခါးရိုးထိသွားတာမို့ သူဟာ လမ်းမလျှောက်နိုင်တဲ့ ဒုက္ခတိတစ်ယောက်။ ၀ှီးချဲနဲ့ လူမမာတစ်ယောက် ။ အဲဒီလို လူတစ်ယောက်ကို ငါဘယ်လို ပစ်ပစ်ခါခါ လုပ်ရမလဲ ဟင်။
          ငါကြိုးစားပြီး ကိုသက်ကို ညီမအရင်းလေးတစ်ယောက်လို ပြုစုခဲ့ပါတယ်။ ဒါပေမယ့် ကိုသက် ကံဆိုးတယ်။ ခါးမှာဖြစ်ထားတဲ့ ဒဏ်ရာက လိုက်စားပြီး ကင်ဆာအဆင့်ကိုပြောင်းသွားတယ်။ မနှစ်ကမှ ကိုသက်ဆုံးသွားတယ်။ ငါမြန်မာပြည်ကို ပြန်ပြေးလာခဲ့တယ်။ နင့်ကို အကြောင်းစုံရှင်းပြဖို့။ ငါ့ကိုမမုန်းရင်တော်ပါပြီဆိုတဲ့ ဆန္ဒတစ်ခုထဲရယ်ပါ။ ကိုသက်ရှိနေစဉ်ကတော့ လူ့လောကကနေ ထွက်ခွာသွားခါနီး လူနာတစ်ယောက်ကို ငါထပ်ပြီးသောကတွေ မပေး ချင်ဘူး။ ဒါကြောင့် အားလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီးနေခဲ့သည်။ တစ်ကယ်ဆို ကိုသက်ကိုယ်တိုင်က ငါ့ရင်ထဲက အချစ်ဟာ သုတဆိုတဲ့နင်မှန်း သူသိထားပြီးသား။ ရိပ်မိနေပြီးသား။ သူငါ့ကို တစ်ဖွဖွ ပြောရှာတယ်။ ကိုသက် ငါ့ ညီမလေးကို အရမ်းအားနာမိတယ်တဲ့။ သုတကိုလည်း တောင်းပန်ချင်တယ်တဲ့။ ကိုသက်ကို အသွားဖြောင့်စေချင်တဲ့ စိတ်နဲ့ ငါဘာမှမဖြစ်သလိုနေခဲ့တယ်။ ငါတို့ သိပ်ကံဆိုးတယ်ဟာ နင်ရဲ့ စေ့စပ်ပွဲသတင်းကို ငါသတင်းစာ မှာဖတ်လိုက် ရတယ်။ ငါထပ်ပြီးဆုံးဖြတ်လိုက်ရတယ်။ နင့်လမ်းကို နင်ပျော်ပျော်ရွှင်ရွှင်လျှောက်နိုင်ပါစေဆိုတဲ့ ဆန္ဒလေးတစ်ခုပဲ။
          ဟော ..မိုးတွေရွာလာပြန်ပြီ။သည်းလိုက်တာ။ အချိန်အခါလဲ မဟုတ်ပဲနဲ့။ လေအဝှေ့တွင် ထီးကလေး ပါသွား ပြန်သည်။  မိုးရေလား မျက်ရည်လား မကွဲပြားဘူး။ သေချာတယ် နှလုံးသားတွေ နာကျင်နေတယ်။ ဘယ်အငြိုးနဲ့များ ရွာသလဲမိုးရယ်လို့ မေးချင်မိတယ်။ ကောင်းကင်တွင်လျှပ်စီးတို့လျှပ်လို့နေသည်။ သီတာ ကောင်းကင်ကြီးကို မော့ ကြည့်သည်။ ပြီးတော့ နာကျင်စွာ ..အားးးး ဟု အသံကုန်အော်ဟစ်သည်။
          လှလှပပနှင့် ကျော့မော့စွာ ၀တ်စားပြင်ဆင်ထားသည့် လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်သည် လမ်းမပေါ် တွက် အားရပါးရ မိုးကောင်းကင်ကိုမော့ကြည့်ပြီး အော်ဟစ်လျှက်ရှိသည်။ သူမ၏ မျက်ဝန်းတွင် မျက်ရည်တို့ ဖြိုင်ဖြိုင် ကျလျှက်ရှိသည်။ နေ့လည်ခင်းနေရောင်သည် ပူပြင်းတောက်လောင်လျှက်ရှိသည်။ တစ်ကယ်က မိုးသည် သူမ၏ မျက်ဝန်းထဲတွင်သာ ရွာသွန်းလျှက် ရှိနေခြင်းဆိုသည်ကိုတော့ သူမဘေးနားတွင် ရပ်ကြည့်နေကြသော သူငယ်ချင်းများ သာ သိသည်။ သူမအော်ပါစေ လွတ်လွတ်လပ်လပ်အော်ဟစ်နေပါစေ. ခံစားချက်တွေတစ်နင့်တစ်ပိုးပြည့်နေသည့် ဘ၀ ကို လွတ်မြောက်သွားပါစေဟူ ၍ စာနာသော မျက်ဝန်းတို့ဖြင့်သာ ကြည့်နေရလေတော့သည်။ 
-----
သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေရှာဖွေ အသုံးပြုထားပါသည်။ ချစ်သော မောင်နှမများ ကျန်းမာလို့ ပျော်ရွှင်ကြပါစေရှင်။
ဆွေလေးမွန်တော့ဖြင့် ဇာတ်လမ်းတွေက မဆုံဆည်းဘူးရယ်လို့တော့ ပြောကြတော့မှာပဲ။ တစ်ကယ်က ဆွေလေးမွန်ကိုယ်တိုင် နောက်ဆုံးပိတ်ဇာတ်သိမ်းကြရင် မင်းသားနဲ့မင်းသမီး ဆုံဆည်းပြီး ပျော်ပျော်ရွှင်ရွှင် ဇာတ်သိမ်းတဲ့ စာမျိုးပဲ ဖတ်ချင်ခဲ့တာပါ။ ကိုယ်တိုင်..ဘလော့မှာ စာလေးတွေ ရေးမှပဲ ဘာကြောင့်ရယ်မသိ ပို့စ်လေးတွေက အလွမ်းနဲ့ကြီး အနားသတ်နေတော့တာပဲ။ သည်းခံပြီးသာ ဖတ်ပေးကြပါလို့ :) :) :) :) :)