Tuesday 10 December 2013

ကန္တာရ သစ်ပင်





ကန္တာရထဲ ရှင်သန်ကြီးပြင်း
သစ်တစ်ပင်နှယ်
မိုး ဆိုတာကို မျှော်တစ်လင့်လင့်
ငံ့လင့်စောင့်ဆိုင်း
မက်..မနေတာပဲ ကောင်းပါတယ်။  ။

မြင်သမျှ အဆုံး သဲပင်လယ်နဲ့
မျှော်လင့်မိတော့ လေပြေသုန်သုန်
ရောက်လာရက်တော့ လေနီကြမ်းတမ်း
မြက်ခင်စိမ်းစိမ်း ရှာမတွေ့တယ်
ကန္တာရထဲ ဒီတစ်ပင်တည်း။ ။

မြစ်ချောင်း အင်းအိုင်
စမ်းရေးစီးသံ ရွှေငါးတို့မြူး
တေးသီငှက်ငယ် ခပ်စိမ်းစိမ်းတော
အသိသာရှိ ဘယ်ဆီဘယ်ဝယ်
မတွေ့ မရှိ မထိဘူးတယ်။  ။

ဒီကန္တာထဲ ပေါက်ဖွားရှင်သန်
ဒီ. အပင် ဖြစ်လာမှတော့
ဒီ..သဲပင်လယ် ငါမြတ်နိုးမယ်
ဒီ..လေကြမ်းလဲ ငါခံရမယ်
ဒီ..မိုး မလာလဲ ငါ..
ဆက်လို့ ရှင်သန်နေအုန်းမယ်။  ။


**********************

ချစ်စွာသော မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 
ပုံလေးကိုတော့ google ကနေရှာဖွေပြီးတင်ထားပါတယ်လို့။













Monday 9 December 2013

နှစ်သစ်မှာ ချစ်သောမောင်နှမများအားလုံး ကျန်းမာလို့ ပျော်ရွှင်ကြပါစေရှင်..




ဆွေလေးမွန်ရဲ့ ၀ါသနာအရ ဖွင့်ထားဖြစ်တဲ့ blogspot လေးမှာ ဆွေလေးမွန် စိတ်ကူးတည့်ရာ ရေးထားသမျှကို မပျင်းမရိ ပို့(စ်) အသစ်လေးတွေ တက်ပြီဆိုတာနဲ့ ဘလော့လေးကို လာရောက်လည်ပတ်ပြီး အားပေးကြတဲ့ ဘလော့ မောင်နှမများရော လာလည်ပြီး စာဖတ်ပေးကြတဲ့ စာဖတ်သူများကိုရော ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံးပြောပါရစေ။ 

စာရေးတဲ့အခါ စိတ်အားလပ်မှ ရေးတတ်တဲ့ အကျင့်ကြောင့် တစ်ခါတစ်ရံ ဆွေလေးမွန်ရဲ့ ဘလော့လေးမှာ ပို့(စ်) အသစ်လေးတွေ ပျောက်နေတတ်ပါတယ်။ ပြောရရင်တော့ ကိုယ်ပိုင်ဘလော့လေးတစ်ခုဖွင့်ထားပြီ ဆိုရင် အနည်းဆုံး  ၁ ပတ်ကို ပို့(စ်) လေးတစ်ပုဒ် ၂ ပုဒ်လောက်တော့ တင်သင့်ပါတယ်။ ဆွေလေးမွန်ရဲ့ ဘလော့လေးက တော့ အဲဒီလိုမဟုတ်ပါဘူး။ တစ်ခါတစ်ရံ တစ်ပတ်ထဲမှာပဲ ၂ ပုဒ် ၃ ပုဒ် တင်လိုက်သလို တစ်ခါတစ်ရံ သုံးလေးလ ကြာလို့မှ ပို့(စ်) အသစ် တစ်ပုဒ်မတင်ဖြစ်ပါဘူး။ 

          ဒီလိုဆိုတော့ ဆွေလေးမွန်သည် ဘလော့လေးကို ဖွင့်သာဖွင့်ထားသည် ရေးချင်မှ ရေးသည်  လာပြီးအားပေးသော စာဖတ်သူများအား ဂရုမစိုက်ဟု ထင်စရာ အကြောင်းရှိသည်။ အဲဒီလို မဟုတ်ပါ။ ဆွေလေးမွန် မှာ ခံစားချက်တွေ အေးခဲနေသော အချိန် ခံစားချက်တွေမဲ့နေတဲ့ အချိန် အဲဒီလို အချိန်ဆိုလျှင် စာတစ်ပုဒ် မပြောနှင့် စာတစ်ကြောင်းထဲကိုပင် ခက်ခက်ခဲခဲ စာစီရသော အချိန်ဖြစ်သည်။ ကိုယ်ရေးပြချင်သည်က တစ်မျိုး စာစီထားသည်က တစ်မျိုးဖြစ်နေသလို ခံစားရခက်လှသည်။ ရေးပြီးပြန်ဖတ် မကြိုက်ဘူး ရေးလိုက် ဖျက်လိုက် ရေးလိုက် ဖျက်လိုက်နှင့် သံသရာ လည်နေလေတော့သည်။  ကိုယ်ရေးထားတဲ့စာ ကိုယ်တိုင်ပြန်ဖတ် ကိုယ်တိုင် စိတ်တိုင်းမကျဘူးဆိုမှဖြင့် ဘလော့ပေါ်လည်း မတင်ဖြစ်တော့ ထိုပို့(စ်)လေးများသည် ဆွေလေးမွန်ရဲ့ computer ထဲမှာသာ file တစ်ခုအနေနှင့် အစီအရီ အသိမ်းခံရရှာသည်။ ဘလော့လေးလည်း တိတ်ဆိတ်ခြောက်သွေ့သွားပြန်သည်။ 

          တစ်ခါတစ်ရံ ကိုယ့်စိတ်ကိုယ် ကိုယ်တိုင်ထိန်းချုပ်နိုင်ပေမယ့် တစ်ခါတစ်ရံကျတော့ စိတ်တွေ ပျံ့လွင့်နေတတ်သည်။ အဲဒီလို အချိန်ဆိုလျှင် ဘလော့လေးမှာ စာတွေ မတင်ဖြစ်တော့ပေ။ ဒါကြောင့် ဆွေလေးမွန်ရဲ့ ဘလော့လေး တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခါ ခွင့်လွှတ်ပေးကြပါ။ နားလည်ပေးကြပါလို့သာ တောင်းပန်ပါရစေ။  စာရေးမိခဲ့တယ်ဆိုတာ စာရေးချင်တတ်တဲ့ ၀ါသနာကြောင့်သာ ရေးမိခဲ့တာမို့ စိတ်တွေပျံ့လွှင့်နေရင် ဘယ်လိုမှ စာရေးလို့မရတာ ဆွေလေးမွန်ရဲ့ အားနည်းချက်တစ်ခုပါ။ 

          ခုလဲ ဆွေလေးမွန် ဘလော့လေးကနေ ၁ လကျော်ကျော် ၂ လလောက်နီးနီး ပျောက်နေပါလိမ့်မည်။ ရန်ကုန်ပြန်မလို့ပါ။ ၂၀၁၄ ခုရဲ့ နှစ်စ HAPPY NEW YEAR တွင်လဲ ရန်ကုန်မှာပဲ ရှိနေမှာပါ။ ဒီတော့ ဘလော့လေးကနေ ပျောက်မည့်အကြောင်းနှင့် ဆွေလေးမွန်ရဲ့ တာဝန်မကျေမှုများကို ၀န်ခံရင်း နှစ်သစ်အတွက် တစ်ခါတည်း ဆုတောင်းပေးပါရစေ။ 

နှစ်သစ်မှာ ဘလော့မောင်နှမများနှင့်အတူ လာရောက်ပြီး စာဖတ်ပေးကြတဲ့ ချစ်သောညီအစ်ကို မောင်နှမများအားလုံး အေးချမ်းလို့ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 

 ******
ပုံလေးကိုတော့ google ကနေရှာပြီး သုံးထားပါတယ်။  နှစ်သစ်အတွက် နှုတ်ခွန်းဆက်စကားဆိုတာ စောနေသေးပေမယ့် နောက်တစ်ပတ်လောက်ဆို အလုပ်တွေများတော့မှာမို့ ခုထဲက ပို့(စ်) လေးကိုတင်ရင်း နှုတ်ဆက်ပါရစေလို့။ ။

Tuesday 3 December 2013

ချစ်ဖူးသူတိုင်း (ကွဲ) ကြသည်





ဒီနေ့ တနင်္ဂနွေနေ့ ဘမြင့်ရဲ့ အလုပ်ပိတ်ရက်။ ဇိမ်ယူရတဲ့ ရက်။ ဆောင်းတွင်းဝင်လာပြီမို့ အိပ်ယာထဲ စောင်ခြုံ ပြီး ခပ်ကွေးကွေးနဲ့ တွေးချင်တာတွေးနေရတာကိုးက ဇိမ်တစ်မျိုး။ အရင်ကတော့ ဒီအိမ်မှာ အမေနဲ့ ဘမြင့် နှစ်ယောက်ပေါ့ ခုတော့ အမေတစ်ယောက်တော့ဖြင့် သားတစ်ယောက်ကို စိတ်ချပြီး ထားသွားခဲ့တာ ၂ နှစ်ကျော်ခဲ့ပြီ။ ဒီတော့ မိဘရဲ့ အမွေ ဒီအိမ်လေးရယ် တစ်လတစ်လရတဲ့ ၀င်ငွေလစာလေးနှင့် ဘမြင့် ဘ၀က မချမ်းသာပေမယ့် အများတကာတို့ထက် အူစိုတာတော့ ၀န်ခံရပေလိမ့်မည်။ 

ဒီကြားထဲ ဘမြင့်က စာတိုပေစလေးရေးတဲ့ ၀ါသနာကလဲရှိ။ တစ်ခါ တစ်ခါ သူ့ရဲ့ စာတိုပေစလေးတွေကလည်း ဟိုမဂ္ဂဇင်းထဲပါ ဒီမဂ္ဂဇင်းထဲပါဆိုတော့  ၀ါသနာပိုး ကတော့ဖြင့် အတောသတ်လို့မရပေဘူး။  ဒီလိုမနက်ခင်း ခပ်အေးအေးဆို တစ်ခါတစ်ခါ အိပ်ယာထဲကမထတမ်း ဆေးလိပ်လေးဖွာလိုက် ဘေးနားအသင့်ရှိပြီးသား စာအုပ်လေးနဲ့ ဘောပင် ဆွဲပြီး ရေးလိုက်နှင့် ဘမြင့်အတွက်တော့ တနင်္ဂနွေနေ့ရဲ့ တန်ဖိုးအရှိဆုံး အချိန်များပင်။ ခုလဲ စာရေးမယ်ဆိုပြီး စာအုပ်ကလေးဆွဲ ..ဆေးလိပ်မီးညှိနေတုန်းရှိသေး …

“ကိုကြီးဘမြင့် ရေ ကိုကြီးဘမြင့် တံခါးဖွင့်ပါအုန်းဗျ.. ဒုန်း..ဒုန်း ..ဒုန်း.. အီး ဟီး ဟီး…”

သွားပါပြီကွာ မနက်စောစောစီးစီး မာရ်နတ်တော့ နှောက်ပြီဟလို့ပဲ တွေးရင်း ဆေးလိပ်ကို ဆေးလိပ်ပြာခွက်ထဲ အလျင်အမြန် ပစ်ထည့်ရင်း တံခါးဖွင့်လိုက်တယ် ဆိုရင်ပဲ..

“အီးဟီးဟီး ကိုကြီးဘမြင့် ကျွန်တော့်ကိုကြည့်ပါအုန်းဗျာ ကြည်ပြာလေ ကြည်ပြာ ကျွန်တော့်ကို ဆော် လိုက်တာ ခုအကွဲပဲ . ဒီမိန်းမကိုလေ ချစ်လွန်းလို့ အလိုလိုက်ထားတာ။ ခုကြည့်စမ်း ကျွန်တော့် နဖူးဘုထွက်အောင် ရိုက်တဲ့ အဆင့်ကနေ ခုနဖူးမှာ သွေးစို့နေပြီး ကိုကြီးဘမြင့် ရဲ့ အီး..ဟီး..ဟီး..ကျွန်တော့်ကို မကယ်နိုင်တော့ ဘူးလားလို့…ကိုကြီးဘမြင့်ရေ …. ကိုကြီးဘမြင့်ရဲ့ ..အီးဟီးဟီး”

ထင်တဲ့ အတိုင်းပင် နဖူးတွင် သွေးနည်းနည်းစို့နေတဲ့ ဘုကြီးတစ်ခုနဲ့ ပေါက်ချလာသူက စိုးတင့်။  ဒီကြားထဲ မဆီမဆိုင် ဒင်းက သူ့နာမည် တတပြီး ငိုနေတာမို့ မသိတဲ့ သူများဆို ဘမြင့်တစ်ယောက်တော့ သေရွာကို နေမလာခင် အပြီးသွားရှာပြီလို့ ထင်ကြပေတော့မည်။

“ဟိတ်ကောင် တိတ်စမ်းကွာ။ မနက်စောစောစီးစီး ငါ့နာမည်ကြီး တတပြီး အော်ငိုမနေနဲ့။ ပြော..ပြောဒီတစ်ခါ ငါ ဘာလုပ်ပေးရမှာတုန်း”

“ကျွန်တော် ဒီမိန်းမနဲ့ ဆက်ပြီးမပေါင်းနိုင်တော့ဘူး”

“ဒါများကွာ.  ရပ်ကွက်ရုံးသွားပေါ့။ ငါ့အိမ်ဘာလို့လာသေးလဲ။ 

          “ဒါက ဒီလိုလေ..အစ်ကိုရေးပေးတဲ့ ရည်းစားစာ ပထမတစ်စောင်ထဲနဲ့တင် ကြည်ပြာမ ကျွန်တော့်ကို ချစ်အဖြေပြန်ပေး ပြီး တစ်ခါထဲ ခိုးရာ လိုက်ခဲ့တာလေ။ အဲဒါ  ခုလဲ ကျွန်တော့်ကို စာတစ်စောင်လောက် ထပ်ရေးပေးပါလား”

“ဘယ်လို..!!!!!!!”

“တစ်ခါထဲဖတ်ပြီး တစ်ခါထဲ ကျွန်တော့်မျက်နှာမကြည့်ချင်လောက်အောင် မုန်းပြီး ကွာရှင်းလက်မှတ်မှာ တစ်ခါတည်း လက်မှတ်ထိုးအောင်လို့လေ ကျွန်တော့်ကို စာလေး တစ်စောင်လောက် ထပ်ရေးပေးပါလား ဟင် အစ်ကို..”

စိုးတင့် စကားကို ဆုံးအောင် နားထောင်ပြီးသည်နှင့် ဘမြင့်မျက်နှာချက်ချင်းနီတတ်လာသည်။ ဘေးဘီကို မျက်လုံးဝေ့ ပြီးကြည့်သည်။ ဟောတွေ့ပြီး ရေချိုး မျက်နှာသစ်တဲ့ ဒန်ဖလားခွက်။ ဒန်းဖလားခွက်ကို ကောက်ယူလိုက်ရင်း..

“#!!! အေး မင်းကို တစ်ခါတည်း ဓါးနဲ့ထိုးသတ်သွားအောင် ရေးပေးမယ်။ တစ်ချက်တည်းနဲ့ အသက်ထွက်ပြီး တစ်ခါတည်းလျှောသွားအောင် ရေးပေမယ်။ ဒါမှ  ငါလည်း တစ်ခါတည်း နားအေးပါးအေးဖြစ်ရော။ ”

“ဟီး ကိုကြီးဘမြင့်ကလဲ ကိုယ့်ညီလေးကို အဲလို နောက်ရဘူးလေ။ တားက ကိုယ့် အစ်ကိုကြီးမို့လို့ အားကိုးလို့လာတာကိုး ”

မပီကလာ ပီကလာနှင့် သူ့လာပြီ ညုတုတုအမူအရာ လုပ်ပြနေသော စိုးတင့်ကိုကြည့်ရင်း ဒေါသက ငယ်ထိပ်ထိတက်ပြီ။ ဘယ့်နှယ် တနင်္ဂနွေစည်းစိမ် ဒင်းလာဖျက်တဲ့ အပြင် ပြီးတော့ လာလာချီသေး လင်မယားကွဲသွားအောင် စာထပ်ရေးပေးရမယ်..

“အေး..ခုတော့ လေ မင်းကို ကြည်ပြာ ဓါးနဲ့မထိုးခင် ငါကအရင်ဦးအောင် ဒန်ဖလားနဲ့ သမလိုက်မယ် ဟိတ်ကောင်. လာလော့ရော့ ကွာ ကဲ..”

ဝှစ်..၀ှီး… ဂေါင်…ဒေါင်….

“!!!!အောင်.မယ်လေးဗျာ … ဒီတစ်ခါ နဖူး တစ်ကယ်ပေါက်ပါပြီဗျ… အားလားလား … …အီးဟီးဟီး”

ဒန်ဖလားခွက်နှင့် စိုးတင့်အား လက်သံခပ်ပြင်းပြင်း မိတ်ဆက်ပေးလိုက်သည်။ ဒီတော့မှ စိုးတင့်လဲ ဖနှောင့်နှင့်တင်ပါး တစ်သားထဲ ကျအောင် ခြံထဲမှ အော်ဟစ် ငိုယိုပြီး ထွက်ပြေးလေတော့သည်။ ဒန်ဖလားခွက်ဖင်တော့ နည်းနည်းလေး ချိုင့်သွားသည်။ တော်သေးတာပေါ့ သိပ်မသိသာလို့ တော်ကြာအရမ်းကြီးချိုင့်သွားလျှင် ထပ်ဝယ်နေရအုန်းမည်။

ကဲ ..စာရေးဖို့ ဖီလင်လဲပျောက်ပြီမို့  မျက်နှာသစ်ပြီး လက်ဖက်ရည်ဆိုင်သွားတာပဲ ကောင်းတယ်။ တောက် ငနာလေး ..ဒင်း.မရခင်ကတော့ ကြည်ပြာမကိုမှ မရရင်ဖြင့် သူ့အသည်းတွေ ဟက်တက်ကွဲရ ပါတော့ မယ် ဆိုပြီး နားပူနားဆာ လုပ်လွန်းလို့ သူရည်းစားစာရေးပေးခဲ့ရသည်.။ ဟောကြည့်..ခုယူပြီး ရပြီးပြန်တော့လဲ ဒီကောင် ထူးမခြားနား ကွဲတာက ကွဲတာပါပဲကွာ..

ဒီလိုနှင့် ဘမြင့်တစ်ယောက် လက်ဘက်ရည်ဆိုင်သွားသည့် လမ်းပေါ်ရောက်ခဲ့ပြီ။ အင်း ..မဆိုးပါဘူး စောသေးတော့ လူကလဲရှင်း မြူခိုးတို့ခပ်ဝေေ၀နှင့်ဆိုတော့ အတန်ငယ်လှမ်းနေသည့် လက်ဘက်ရည်ဆိုင်နှင့်ဆို ကွက်တိ။ စောစောစီးစီး လမ်းထလျှောက်သည်ပေါ့။ ကိုယ့်ဘာသာကိုယ် ကျေနပ်ရင်း ရှေ့ဆီကို ကြည့်လိုက်တော့ အလို…. တစ်လောကမှ သူ့ရည်းစားစာကောင်းမှုနှင့် အိမ်ထောင်ကျသွားရှာသော လူပျိုကြီး ကိုသိုက်ပါလား။ ဒီလူ မနက်စောစောစီးစီး ဘယ်ကနေပြန်လာပါလိမ့်။

“ဗျို့ ကိုသိုက် ဘယ်ကပြန်လာတုန်း စောစောစီးစီးကြီး”

“မင်းကြောင့်လေ မင်းကြောင့်ပေါ့။”

ဟိုက်!!!! ..ဘုရား ဘုရား.. ငါဘာများလုပ်မိလို့တုန်း.။ ကိုယ့်အိမ်မှာ ကိုယ်နေတာပါ။ သူတို့အိမ်လဲ ငါမသွား မိပါဘူး။

“ကိုသိုက် စကားပြောတာ ကြည့်ပြောဗျာ။ ကျုပ်က ဘာလုပ်လို့တုန်း. ခင်ဗျာနဲ့ မတွေ့တာတောင် ခင်ဗျားတို့ မင်္ဂလာဆောင်လာပြီကထဲက မတွေ့တဲ့ဟာကို”

 “ဟ. မင်းက ဦးဆောင်ပြီး ရက်ကွက်ထဲက လုပျိုကြီးတွေ အလှော်ကောင်းလို့လေ ခုငါ မိန်းမရတယ်လေ”

“အေးလေ ခင်ဗျားပဲ မင်္ဂလာဆောင်တုန်းကတော့ သွားကြီးကိုဖြဲလို့. ကောင်မလေးက ငယ်ကလဲငယ်  ချောကလည်း ချော ဆိုတော့”

“အေး အဲဒီငယ်တာက စတာ..”

“ဘယ်လို..!!!!!!!”

“ဟုတ်တယ်လေကွာ ငယ်တော့ အနိုင်လိုချင်တယ်. မင်းလဲသိသားနဲ့ ငါက ဒီလိုရာသီဆို နေဖင်ထိုးတောင် ထတာမဟုတ်ဘူး။ “

“အေးလေ..အဲဒါ  ကျုပ်လဲသိတာပဲဟာ . မနက် ၉ နာရီ လက်ဖက်ရည် ဆိုင်သွားမယ်ဆိုတာတောင် မလှုပ်တဲ့ ဟာ ကို . ခုဆိုမိန်းမငယ်ငယ်လေးနဲ့ ပိုပြီး နပ်…နပ်..”

“ဟိတ်ကောင်…တော်တော့…ငယ်တာမပါစေနဲ့..စိတ်နာလို့..ခုတော့ကွာ အိမ်က မမလေးဘုရားက အိပ်ယာနိုးရင် ဟိုဘက်ရပ်ကွက်ထိပ်က ရှမ်းခေါက်ဆွဲ ဆက်သရမယ်ဆိုလို့ သွားဝယ်တာ။ အဲဆိုင်ကလည်း နည်းနည်းနေမြင့်ရင် ကုန်ရော။ အဲလိုနေ့များဆိုလေ စိတ်ကောက်ပြီ ဈေးမသွား ထမင်းမချက် ဘာမချက်နဲ့ ငါ..ငတ်ရော”

“ဟင်!!! အလိုကြီးလား အဟီး”

ဒီတစ်ခါ အဟီးပြရသူက သူကိုယ်တိုင်။ သူ့ရေးတဲ့ ရည်းစာစားနဲ့ သူအလှော်ကောင်းခဲ့လို့ ကိုသိုက်ကြီး မိန်းမရခဲ့ရှာတာ။  ကောင်မလေးကလည်း ကိုသိုက်ကြီးကို အပြတ်ကြွေနေတာဆိုတော့ ကိုသိုက်ကြီးတော့ ကံကောင်း ပြီဆိုပြီ သူကစပေးခဲ့တာ။ ခုတော့..

“အေးးး အလိုကြီး ခုမှတော့ လွန်ကုန်ပြီ ပြန်အပ်လို့လဲမရတော့ဘူး ထမင်းအငတ်မခံချင်တော့လည်း မမလေးဘုရား စားချင်တဲ့ဟာများဆို ခုလို မနက်ဝေလီဝေလင်း ရပ်ကွက်တစ်ကာလျှောက်ပြီ ၀ယ်ပေးရတော့တာပဲ။ ခုချိန်ကြမှတော့  ဘာလုပ်လို့ ရမှာတုန်း သူ့အမေလည်း ပြန်အပ်လို့ မရတော့ဘူး..  မင်းကြတော့ အသည်းကွဲတာ ..ငါ့ကြတော့ အဲ…အဲ ..ငါ လည်း ကွဲတာပါပဲကွာ..”

ကိုသိုက်ကြီးတစ်ယောက် ပြောရင်းပြောရင်း ငိုချင်လာပုံပေါက်သည်။ သူ့ကိုတောင် နှုတ်မဆက်နိုင်ဘူး ငိုက်စိုက်ငိုက်စိုက်နဲ့ ထွက်ခွာသွားသည်။ သြော်..ကိုသိုက်ကြီးလဲ ကွဲတာပါပဲလားလို့ ဘမြင့်တွေးလိုက်မိ တယ်။ သူတို့တွေ ကွဲပုံကြတော့လည်း တစ်မျိုး။ အဲ သူကွဲပုံကြတော့လဲ တစ်မျိုး..သူက အသည်းကွဲခဲ့တာ. ခင်စန္ဒာ ကြောင့် သူအသည်းတွေ ကွဲခဲ့တာ။

          ခင်စန္ဒာ ဆိုတာက အရင်တုန်းကပေါ့ လေ  ဘမြင့်တို့ ရပ်ကွက်က အလှပဂေး။ အဲဒီတုန်းက ခင်စန္ဒာ တို့မိသားစုက ရပ်ကွက်ထဲကို ပြောင်းလာကာစ အချိန်ပေါ့။ ခုလို မနက်ခင်း ဝေလီဝေလင်းများဆိုလေ ထူထဲနက်မှောင် နေတဲ့ သူမရဲ့ ဆံကေသာကို ကျစ်ဆန်မြီးကျစ်ပြီး ဘေးတစ်စောင်းချလို့ နှင်းဆီပန်းတစ်ပွင့် အမြဲပန်ပြီး သူမရဲ့ အိမ်ရှေ့ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေကြ။ သူမရဲ့ ၀င်းပပ မျက်နှာကို  မနက်ခင်းတွေ့လိုက်ရပြီဆိုရင်ပဲ ဘမြင့်တို့ ရပ်ကွက်ထဲက ကာလသားတွေက ဒီနေ့တစ်နေ့တာအတွက်ပဲ မင်္ဂလာအပြည့်ရှိသွားသလိုလို ဘမြင့် အပါအ၀င် ရပ်ကွက်ထဲက ကာလသားတွေ သည်းသည်းလှုပ်ချစ်ရတဲ့ ခင်စန္ဒာ။ 

          နောက်ဆုံး ခင်စန္ဒာ တို့နဲ့ မျက်နှာချင်းဆိုင်က လက်ရာညံ့လွန်းလို့ အရောင်းမသွက်ပဲ ထိုင်းနေတဲ့ ကိုပေါက်ကြီးတို့ လက်ဖက်ရည်ဆိုင် ခင်စန္ဒာ တို့အိမ်စပြီး ပြောင်းလာကထဲကိုက စီးပွားဥစ္စာ ဒီရေအလားတိုးလာလိုက်တာ ကိုပေါက်ကြီး မိန်းမ မိသန်းလည်ပင်းမှာ နေ့ချင်းညချင်း လက်သန်းလုံးလောက် ရွှေဆွဲကြိုးကြီး တစ်ဝင်းဝင်း ဖြစ်လာတာပဲ ကြည့်။ ကိုပေါက်ကြီးဆို ခင်စန္ဒာ တို့မိသားစုကို ကျေးဇူးရှင်တွေ ကျေးဇူးရှင် တွေဆိုတာ ပြောလို့ကို မဆုံးဘူး။ 

အဲဒီအချိန်ကဆို ဘမြင့် ကြေငြာထားရတယ်။ ခင်စန္ဒာ အတွက်ဆိုရင် ရည်းစားစာ ရှဲဒိုးရေးမပေးဘူးဆိုတဲ့ အကြောင်းပေါ့။ ရပ်ကွက်ထဲက ကာလသားတွေများ ဘမြင့်ကို မခေါ်နိုင် မပြောနိုင်ပေါ့။ ဘမြင့်ရည်းစားစာက လည်း သမိုင်းတွင်သကိုး။ ဘယ်သူ့ရေးပေးပေး ကောင်မလေးတွေက ချက်ချင်း တစ်ပတ်အတွင်း အဖြေပြန်ရကြပေတာ။ ဘမြင့်များ လက်ဖက်ရည်ဆိုင်သွားပြီဆို ပိုက်ဆံပါစရာမလိုဘူး။ စာအုပ်တစ်အုပ်နဲ့ ဘောပင် တစ်ချောင်းပါရင် ဗိုက်အကား စားပြီး အိမ်ထပြန်ရုံ။ အဲဒီလောက်ကို ဘမြင့်ရဲ့ ရည်းစားစာက တန်ခိုးထွားခဲ့ဖူးတာ။ 

ဒါနဲ့ဘမြင့်လည်း မနက်မနက် မြင်တွေ့နေရတဲ့ ခင်စန္ဒာမျက်နှာလေးကို စိတ်ကူးတွေယဉ်ပြီး သူ့ရဲ့ တန်ခိုးထွားလှတဲ့ ရည်းစားစာကို တစ်လတိတိ ရေးခဲ့တာ။ ခင်စန္ဒာရဲ့ လက်ထဲ ဘမြင့်ရေးတဲ့ ရည်းစာစာ ရောက်သွားပြီ ဆိုတဲ့ သတင်း ရပ်ကွက်ထဲက ကာလသားတွေလဲ ကြားရော  ကြို ပြီးအသည်းကွဲခြင်း အထိန်းအမှတ်နဲ့တောင် ဦးပုံး တို့ရဲ့ ခွက်ပုံးဆိုင်မှာ လူစည်ကားလိုက်ပုံများ အလကားတိုက်နေသလားတောင် ထင်ရပါသတဲ့။ ပွဲတိုင်းကျော်ခဲ့တဲ့ ရည်းစားစာပေကိုး ခင်ဗျ။

ဘမြင့် ကတော့ တွက်ရေးနှင့် ခင်စန္ဒာချစ်သူ ဖြစ်နေခဲ့တာ ကြာပေါ့။ အိမ်မက်ထဲမှာ ပြောပါတယ်။ ဒီလိုနဲ့ သူ့ရဲ့စာကို လက်ခံပြီး သုံးရက်မြောက်နေ့မှာ ခင်စန္ဒာတို့အိမ်ကို အ၀တ်သွားသွားလျှော်နေကြ အမီနာ က စာတစ်စောင်ယူလာပေးတယ်။ ခင်စန္ဒာ ထံမှ ပြန်စာပေါ့ဗျာ။ အိုး ဘာပြောကောင်းမလဲ ဘမြင့်တစ်ယောက် အိမ်ထဲ ရှေ့ဂျွန်း နောက်ဂျွန်းပတ်ပြီးထိုးနေတာ။ ပျော်လွန်းလို့။ အို.ရချေသေးရဲ့ပေါ့။ 

အဲ..ဒါပေမယ့် အဖြေတော့ မပါဘူးဗျာ။ ရပ်ကွက်ထိပ်မှာ တည်ထားတဲ့ ဆုတောင်းပြည့် ဘုရားကို လာခဲ့ဖို့ချိန်းတာ။ လူချင်းတွေ့မှ အဖြေပေးမယ်ဆိုပဲ။ ဘာပဲ ပြောပြော ကိုယ့်ဘက်က တစ်ဝက်တော့ ကြိမ်းသေ နေပြီပဲ။ အိုလွှတ်ပျော် အရမ်းကိုပျော်ခဲ့ မိတာ။ ဒါနဲ့ ဘမြင့်တစ်ယောက် ဘုရားကို အရင်ရောက်ပြီး တစ်မျှော်မျှော်ပေါ့။ ဘမြင့်မျှော်နေတဲ့သူကတော့ မလာသေးပါဘူး။ အဲလုံးလုံး လုံးလုံးနဲ့ ဘုရားကို လိမ့်လာတဲ့ မိန်းမတစ်ယောက်ကိုတော့ တွေ့တာပေါ့။ အတော်ဝတဲ့ မိန်းမဗျာ။ ကြူကြူသင်းထက်တောင် သာသေး။ ခါးသေးပြီး ချီနေတာများ အနောက် ရေ အိုးတစ်လုံး အရှေ့ရေအိုး တစ်လုံး တင်လို့ ရသဗျာ။ 

နီးလာလေ ဘမြင့် နည်းနည်း သဘောပေါက်လာလေပဲ နှင်းဆီပန်းတစ်ပွင့်နဲ့ ဆံပင်ကို ကျစ်ဆံမြီးကလဲ ကျစ်ထားသေးတယ်။ ဘမြင့် ရင်တွေတုန်လာတယ်။ ဘုရားဘုရား ခင်စန္ဒာများ ဒါကြီးဖြစ်နေရင်တော့ ဘမြင့်လို အရိုးပေါ် အရည်တင် ၀ါးခြမ်းပြားဘ၀ မတွေးဝံ့စရာရယ်။ မျက်နှာလေးလှသလောက် ခင်စန္ဒာ သက်ချိုပြုံး ဆင်ခန္ဓာဝက်ကိုယ်လုံးကြီးပါလားလို့။ ကတောက်! ခင်စန္ဒာတို့အိမ်က ကာထားတဲ့ မျက်နှာလေးလောက်သာ မြင်ရတဲ့ အုတ်တံတိုင်းကြီးကိုပဲ အပြစ်ဖို့ရမလား ။ လှတာလေးကို ချစ်တတ်တဲ့ စိတ်ကိုပဲ အပြစ်တင်ရမလား။ 

နောင်ခါလာ နောင်ခါဆေးဗျာ ဘမြင့်အဲဒီနေ့က ခင်စန္ဒာ ဘုရားပေါ်မရောက်ခင် ဘုရားအနောက်ပေါက်ကနေ ဖိနပ်လေး ခါးကြားထိုးပြီး ပြေးခဲ့ရတာ။ မျက်ရည်တွေလဲ ရွှဲ အသည်းတွေလဲ ကွဲပေါ့။ ကစ်ကစ်လောက်ဆို ဘမြင့်ချစ်နိုင်ပါသေးတယ်ဗျာ။ ခုဟာက ..ရှေ့ ရေအိုးတစ်လုံး နောက်ရေအိုးတစ်လုံးစာဆိုတော့ကား ဘမြင့်အနေနဲ့ ရာဝင်အိုး ဖါးပျံကပ်တဲ့ ဥပမာတောင် လိုက်မှီမယ် မထင်ဘူး။ အဲဒီထဲက ကွဲလိုက်တဲ့ အသည်း ခုချိန်ထိ ပြန်ဆက်လို့ မရသေးဘူး။ 

ခင်စန္ဒာကတော့ ရှက်လွန်းလို့တဲ့ မခံချင်တဲ့ စိတ်နဲ့ ပိန်အောင် ကြိုးစားနေပါသတဲ့။ ငါးရံ့ ကိုယ်လုံးလေးနဲ့မှ ဘမြင့်ရဲ့ ရည်းစားစာကိုကိုင်ပြီး ဘမြင့်တို့ အိမ်ရှေ့ကနေ ဖြတ်လျှောက်ပြမယ် လို့ကြိမ်းဝါးထားပေတာ။ ဘမြင့်ကတော့ ခင်စန္ဒာ အဲဒီလို လျှောက်ပြမယ့် အချိန်ကို စောင့်စားနေရတာပေါ့။ အဲရာသီတွေ အလီလီပြောင်းနေပေမယ့်လည်း ခင်စန္ဒာရဲ့ အရိပ်အရောင်လေးမျှ မမြင်ရသေးပါဘူး။ 

အဲဒီထဲ မဆီမဆိုင်ဗျာ  ကိုပေါက်ြကီးက ပြောသတဲ့ ဘမြင့်မျက်နှာကိုတွေ့ရင် စိတ်နာတယ်တဲ့။ ဒင်းလဲ မိန်းမရှိပြီးသား ခင်စန္ဒာကိုလည်း လိုက်ပိုးနေတာမဟုတ်ပဲနဲ့။ သတ်ပစ်ချင်လောက်အောင် မုန်းသတဲ့။ သူတို့လက်ဘက်ရည်ဆိုင်လေး အရှုံးပြသွားလိုက်တာ မိသန်း လည်ပင်းက လက်သန်းလုံးလောက် ဆွဲကြိုးတောင် အကြွေးနဲ့ ထိုးဆပ်လိုက်ရဆိုပဲ။ 

ဘမြင့်ကတော့ ခုချိန်ထိ ကွဲတုန်းပါဗျာ။ အသည်းပြောပါတယ်။ အဲဒီထဲက ဘမြင့်တို့ ရပ်ကွက်လေးထဲ လက်ဖက်ရည်ဆိုင်မရှိတာ ခုလိုမျိုး ခပ်ဝေးဝေး လမ်းလျှောက်ပြီး သွားရတော့တာပဲ။ ကိုယ့်အတွေးနဲ့ ကိုယ် နှစ်မျှောနေ ရှာတဲ့ ဘမြင့်..

“၀ုန်း”

“အောင်မယ်လေးဗျ..”

ဝုန်းကနဲ အသံနဲ့ အတူ လမ်းဘေးနားက မြောင်းထဲ ပြုတ်ကျသွားတာ။ ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိတာ။ တစ်ခုခုနဲ့ တိုက်တာတော့ သေချာတယ်။ ဘာနဲ့ တိုက်မှန်းကိုး မသိတာ။ ချမ်းချမ်းစီးစီး ရေမြောင်းထဲက အတင်းကုန်းထ တိုက်သွားတဲ့ အရာကို လှမ်းကြည့်လိုက်တော့ အလို လုံးလုံး လုံးလုံးနဲ့ ပါလားဟရို့။ 


******
ကဲ ..ဒီတစ်ခါတော့ ဖတ်လို့ကောင်းမယ့် ပေါ့ပေါ့ပါးပါး စတိုင်လေးနဲ့ ရေးလိုက်မိတယ်။ ဘလော့ လေးကို လာရောက်လည်ပတ်ပြီး စာတွေ လာဖတ်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါလို့ ပြောရင်း မောင်နှမများအားလုံး ကျန်းမာလို့ ပျော်ရွှင်ကြပါစေရှင်။

ပုံလေးကိုတော့ google ကနေရှာဖွေပြီး ယူသုံးထားပါတယ်လို့။

Tuesday 26 November 2013

ဖိုးတေရယ် အဖေရယ် အမေရယ်


ဖိုးတေ တို့မိသားစု နေထိုင်ရာ ရပ်ကွက်ကို လူတွေကတော့ ကျူးကျော်ရပ်ကွက်ဟု ခေါ်ကြသည်။ ခြေထောက်တစ်ဖက် လက်တစ်ဖက် မရှိတဲ့  ဒုက္ခိတအဖေရယ် အမေရယ် ဖိုးတေရယ် ကျူးကျော်ရက်ကွက်လေးထဲက မြေစိုက်တဲလေးမှာ တူတူနေကြသည်။ ဖိုးတေက သူငယ်တန်းမှ တတိယတန်းအထိ ကျောင်းနေခဲ့သည်။ လာမယ့်နှစ် စတုတ္ထတန်းကို ဖိုးတေကိုယ်တိုင်ကလည်း ကျောင်းမတက်ချင် ဖိုးတေအမေကိုယ်တိုင်ကလည်း တစ်ရိပ်ရိပ်တက်လာတဲ့ ကျောင်းစားရိတ်ကို  မလိုက်နိုင်တာကြောင့်  ဖိုးတေကို ကျောင်းထုတ်ပစ်မည်ဟု ပြောသည်။ ဖိုးတေပျော်သည်။ အမေလည်း ပျော်သည်။ မပျော်သည်က ဖိုးတေ ရဲ့ အဖေ တစ်ယောက်တည်း။

“ကလေးကို ကျောင်းမထုတ်ပါနဲ့လားကွာ။”

အဖေက မ၀ံ့မရဲ အမေ့ကိုကြည့်ပြီး ပြောသံတော့ ဖိုးတေ ကြားသည်။ ဒါပေမယ့် ဖိုးတေ ဆုတောင်းပြည့်သည်။ ဖိုးတေရဲ့ အမေသည် ဒီအိမ်ရဲ့ ငွေကိုင်ရှင် ငွေရှာရှင် ဖြစ်သောကြောင့် တစ်သွေးတစ်သံ တစ်ခါထဲနှင့် ပွဲပြတ်သွားသည်။

“ကျုပ် အသက်ကြီးပြီး အရင်လိုမလှနိုင်တော့ဘူး အလုပ်အကိုင်ကလည်း မကောင်းတော့ဘူး။ “

     ထိုတစ်ခွန်းထဲနှင့်ပင် အဖေသည် မည်သည့်စကားမျှ ထပ်ပြီး မပြောတော့ပေ။ ဖိုးတေတို့ အိမ်လေးရဲ့ အကျယ်ပြန့်ဆုံးနေရာလို့ ပြောနိုင်သည့် အဖေလှဲနေကျ ယိုင်နဲ့နဲ့ ကွပ်ပျစ်လေးမှာ အမေ့ကို ကျောခိုင်း၍ အဖေပြန်ပြီး လှဲချလိုက်သည်။ အဖေရဲ့ ကျောပြင်သည် တစ်ချက်တစ်ချက် လှုပ်ခတ်သွားသလို ရှိသည်။ အမေက စိတ်မကောင်းသလိုနှင့် အဖေ့ကို တစ်ချက်ကြည့်လိုက်ရင်း တဲပေါက်ဝမှာ မတ်တပ်ရပ်နေသော ဖိုးတေ အား.

 “သားရေ အမေ အလုပ်သွားလိုက်အုန်းမယ်။ ထမင်းအိုးထဲမှာ  ထမင်းကြမ်းရှိသေးတယ်။ မနေ့က အမေ၀ယ်လာတဲ့ ငါးပိရည်ကို နည်းနည်း ရေနွေးပြန်ရောလိုက်။ ပြီးရင် ဟိုဘက်ခြမ်းမှာ ကန်စွန်းညွှန့် တွေတက်နေတာ အမေ တွေ့ခဲ့တယ်။ အဲဒါလေး နည်းနည်း သွားခူးပြီး သားရယ် သားအဖေရယ် အဆာပြေ စားထားနှင့်။ အမေ မနက်ဖြန် မနက် အလုပ်က ပြန်လာမှ ဆန်နဲ့ ဟင်းချက်စရာ ၀ယ်ခဲ့မယ်နော်။ ကဲ အမေ သွားပြီ။”

ဖိုးတေ အမေ့ကို ခေါင်းညိမ့်ပြလိုက်သည်။ ဒီနေ့ အမေ အလုပ်အဆင်ပြေပါစေ။ ဒါမှ ဖိုးတေ ကြက်သားဟင်းလေး ဘာလေးစားရမှာ။ခဏနေ အမေပြောတဲ့ ကန်စွန်းရွက်ခူးရင်း ငါးရှဥ့်လေး ထိုးလိုက်အုန်းမယ်။ အဖေက ငါ့ရှဥ့် မီးကင် ကြိုက်သည်။ အဖေပြောတာတော့ ချက်ရင် ပိုကောင်းတယ်တဲ့။ ဆီမရှိတာနဲ့ ကင်စားကြသည်။ ကင်ရတာက လွယ်တယ်လေ။ ချက်ရင် ဆီ ကြက်သွန် ငရုတ်သီး ထင်း ပိုကုန်တယ်ဟု အဖေပြောဖူးသည်။ 

အမြဲတမ်းလိုလို   အိပ်ယာထဲလှဲနေရသည့် အဖေ့ကို ဖိုးတေ သနားသည်။ ဘာဖြစ်လို့ ခြေတစ်ဖက် လက်တစ်ဖက် မရှိတော့တာလဲ လို့ မေးဖူးသည်။ ထိုအခါ အမြဲလိုလိုနွှမ်းလျနေတတ်သော အဖေ့မျက်နှာသည် ပြုံးရိပ်သန်းရင်း ဂုဏ်ယူဝင့်ကြွားစွာနှင့် 

“အဖေက စစ်သားကွ တိုက်ရင်း မိုင်းထိတာ”  လို့ ပြန်ဖြေခဲ့ဖူးသည်။ 

          “ဘာလို့ စစ်သားလုပ်တာလဲ”  အဖေ့ ရဲ့ မျက်နှာကိုကြည့်ပြီး သူစိတ်ဝင်စားစွာ ဆက်မေးမိသည်။

          “စစ်သားကောင်းကြီး တစ်ယောက်ဖြစ်ချင်လို့။ ပြီးတော့ နိုင်ငံတော်ကို ကာကွယ်ပေးချင်လို့ ပေါ့။”

          “ဒါဆို နိုင်ငံတော်ကြီးဆိုကရော အဖေ့ကို ကာကွယ်ပေးလား..” 

တစ်ကယ်တော့ ဖိုးတေက မသိလို့ မေးမိတာ ဖြစ်သည်။  ဒါပေမယ့် ထိုနေ့က အဖေ ညနေစာ ထမင်းမစားပဲ သူ့ကိုကျောပေးရင်း အဖေ့ရဲ့  ကျောပြင်သည် တစ်သိမ့်သိမ့် လှုပ်ခါနေခဲ့သည်။ 

          သား ဒီနားကို လာပါအုန်း

ကန်စွန်းရွက် တစ်ပွေ့တစ်ပိုက်နှင့် ကြိုးမှာ သီထားသည့် ငါးရှဥ့်သုံးကောင်ကို ဆွဲရင်း ဖိုးတေ အောင်နိုင်သူကြီးတစ်ယောက်လို အိမ်ပြန်လာခဲ့သည်။ အိမ်ပေါက်ဝ အရောက် အဖေ့ခေါ်သံကြောင့်  ကန်စွန်းရွက်တွေကို မြေကြီးပေါ်ချလိုက်သည်။ ငါးရှဥ့်တွေကို အိမ်ပေါက်ဝ တံခါးအစွန်းတွင် ချိတ်လိုက်သည်။ ပြီးတော့ အဖေ့ဘေးနားတွင် သွားထိုင်လိုက်သည်။ သူရောက်လာတော့မှ အဖေက..

      သားက ဘာလို့ ကျောင်းမတက်ချင်တာလဲ
         
          “မပျော်လို့ ပါ အဖေ

          “င့ါသားက ဘာလို့ မပျော်တာလဲကွ

 “သားမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ သူတို့အမေတွေက ပြောထားတယ် သားနဲ့ သူငယ်ချင်း မလုပ်ရဘူးတဲ့။ ”
         
          “ဘာဖြစ်လို့တဲ့လဲ
         
          “ရွံ လို့တဲ့

အဖေက “သြော် ရွံလို့တဲ့ လား ” ဟု ရေရွတ်သည်။  

 ပြီးတော့ အဖေသူပိုင် ကွပ်ပျစ်လေးမှာ  ဖိုးတေကို ကျောပေးပြီး ပြန်လှဲနေပြန်သည်။ ခဏနေ အဖေ့ကျောပြင် တစ်သိမ့်သိမ့် လှုပ်ခါလာတော့မည်ကို ဖိုးတေသိသည်။ ဒီနေ့ညနေလည်း အဖေ ထမင်းစားဖြစ်မည် မထင်။ သူလဲ တဲပေါက်ဝ ပြန်ထွက်လာရင်း ကန်စွန်းရွက်တွေကို အနေတော်ဖြတ် ငါးရှဥ့်တွေကို သေသေချာချာ ရေဆေး။ ပြီးတော့ မီးမွှေးပြီး ငါးရှဥ့်တွေကို စပြီကင်လိုက်သည်။ ခဏနေ ငါးရှဥ့်မီးကင်မှ အနံ့လေး တစ်ဖြည်းဖြည်းသင်းလာပေတော့မည်။ 

ဖိုးတေတော့ဖြင့် အနားများပဲ့နေသည့် ကြွေရည်သုတ်ဇလုံ တစ်ခုထဲတွင် ထမင်းကြမ်းခဲကြီးထည့် ။ ဘေးနား မြေကြီးပေါ်မှာ ငါးပိတစ်ခွက်ချထားသည်။ ပြီးတော့ ပေါက်နေသော ဇကာကြီးထဲမှာ ခူးလာသည့် ကန်စွန်းညွန့် တို့ကို အသင့် လုပ်ထားရင်း မီးဖိုပေါ်က ငါးရှဥ့်ကင်ကို သရေ တစ်များများ လျှာတစ်သပ်သပ်ဖြင့် စောင့်စားကာ နေလေတော့ သည်။ 

*******
ချစ်စွာသော ဘလော့ မောင်နှမများ အားလုံးကျန်းမာလို့ ချမ်းသာကြပါစေရှင်။
ပုံလေးကိုတော့ google ကနေ ရှာဖွေပြီး အသုံးပြုထားပါတယ်။