Tuesday, 26 November 2013

ဖိုးတေရယ် အဖေရယ် အမေရယ်


ဖိုးတေ တို့မိသားစု နေထိုင်ရာ ရပ်ကွက်ကို လူတွေကတော့ ကျူးကျော်ရပ်ကွက်ဟု ခေါ်ကြသည်။ ခြေထောက်တစ်ဖက် လက်တစ်ဖက် မရှိတဲ့  ဒုက္ခိတအဖေရယ် အမေရယ် ဖိုးတေရယ် ကျူးကျော်ရက်ကွက်လေးထဲက မြေစိုက်တဲလေးမှာ တူတူနေကြသည်။ ဖိုးတေက သူငယ်တန်းမှ တတိယတန်းအထိ ကျောင်းနေခဲ့သည်။ လာမယ့်နှစ် စတုတ္ထတန်းကို ဖိုးတေကိုယ်တိုင်ကလည်း ကျောင်းမတက်ချင် ဖိုးတေအမေကိုယ်တိုင်ကလည်း တစ်ရိပ်ရိပ်တက်လာတဲ့ ကျောင်းစားရိတ်ကို  မလိုက်နိုင်တာကြောင့်  ဖိုးတေကို ကျောင်းထုတ်ပစ်မည်ဟု ပြောသည်။ ဖိုးတေပျော်သည်။ အမေလည်း ပျော်သည်။ မပျော်သည်က ဖိုးတေ ရဲ့ အဖေ တစ်ယောက်တည်း။

“ကလေးကို ကျောင်းမထုတ်ပါနဲ့လားကွာ။”

အဖေက မ၀ံ့မရဲ အမေ့ကိုကြည့်ပြီး ပြောသံတော့ ဖိုးတေ ကြားသည်။ ဒါပေမယ့် ဖိုးတေ ဆုတောင်းပြည့်သည်။ ဖိုးတေရဲ့ အမေသည် ဒီအိမ်ရဲ့ ငွေကိုင်ရှင် ငွေရှာရှင် ဖြစ်သောကြောင့် တစ်သွေးတစ်သံ တစ်ခါထဲနှင့် ပွဲပြတ်သွားသည်။

“ကျုပ် အသက်ကြီးပြီး အရင်လိုမလှနိုင်တော့ဘူး အလုပ်အကိုင်ကလည်း မကောင်းတော့ဘူး။ “

     ထိုတစ်ခွန်းထဲနှင့်ပင် အဖေသည် မည်သည့်စကားမျှ ထပ်ပြီး မပြောတော့ပေ။ ဖိုးတေတို့ အိမ်လေးရဲ့ အကျယ်ပြန့်ဆုံးနေရာလို့ ပြောနိုင်သည့် အဖေလှဲနေကျ ယိုင်နဲ့နဲ့ ကွပ်ပျစ်လေးမှာ အမေ့ကို ကျောခိုင်း၍ အဖေပြန်ပြီး လှဲချလိုက်သည်။ အဖေရဲ့ ကျောပြင်သည် တစ်ချက်တစ်ချက် လှုပ်ခတ်သွားသလို ရှိသည်။ အမေက စိတ်မကောင်းသလိုနှင့် အဖေ့ကို တစ်ချက်ကြည့်လိုက်ရင်း တဲပေါက်ဝမှာ မတ်တပ်ရပ်နေသော ဖိုးတေ အား.

 “သားရေ အမေ အလုပ်သွားလိုက်အုန်းမယ်။ ထမင်းအိုးထဲမှာ  ထမင်းကြမ်းရှိသေးတယ်။ မနေ့က အမေ၀ယ်လာတဲ့ ငါးပိရည်ကို နည်းနည်း ရေနွေးပြန်ရောလိုက်။ ပြီးရင် ဟိုဘက်ခြမ်းမှာ ကန်စွန်းညွှန့် တွေတက်နေတာ အမေ တွေ့ခဲ့တယ်။ အဲဒါလေး နည်းနည်း သွားခူးပြီး သားရယ် သားအဖေရယ် အဆာပြေ စားထားနှင့်။ အမေ မနက်ဖြန် မနက် အလုပ်က ပြန်လာမှ ဆန်နဲ့ ဟင်းချက်စရာ ၀ယ်ခဲ့မယ်နော်။ ကဲ အမေ သွားပြီ။”

ဖိုးတေ အမေ့ကို ခေါင်းညိမ့်ပြလိုက်သည်။ ဒီနေ့ အမေ အလုပ်အဆင်ပြေပါစေ။ ဒါမှ ဖိုးတေ ကြက်သားဟင်းလေး ဘာလေးစားရမှာ။ခဏနေ အမေပြောတဲ့ ကန်စွန်းရွက်ခူးရင်း ငါးရှဥ့်လေး ထိုးလိုက်အုန်းမယ်။ အဖေက ငါ့ရှဥ့် မီးကင် ကြိုက်သည်။ အဖေပြောတာတော့ ချက်ရင် ပိုကောင်းတယ်တဲ့။ ဆီမရှိတာနဲ့ ကင်စားကြသည်။ ကင်ရတာက လွယ်တယ်လေ။ ချက်ရင် ဆီ ကြက်သွန် ငရုတ်သီး ထင်း ပိုကုန်တယ်ဟု အဖေပြောဖူးသည်။ 

အမြဲတမ်းလိုလို   အိပ်ယာထဲလှဲနေရသည့် အဖေ့ကို ဖိုးတေ သနားသည်။ ဘာဖြစ်လို့ ခြေတစ်ဖက် လက်တစ်ဖက် မရှိတော့တာလဲ လို့ မေးဖူးသည်။ ထိုအခါ အမြဲလိုလိုနွှမ်းလျနေတတ်သော အဖေ့မျက်နှာသည် ပြုံးရိပ်သန်းရင်း ဂုဏ်ယူဝင့်ကြွားစွာနှင့် 

“အဖေက စစ်သားကွ တိုက်ရင်း မိုင်းထိတာ”  လို့ ပြန်ဖြေခဲ့ဖူးသည်။ 

          “ဘာလို့ စစ်သားလုပ်တာလဲ”  အဖေ့ ရဲ့ မျက်နှာကိုကြည့်ပြီး သူစိတ်ဝင်စားစွာ ဆက်မေးမိသည်။

          “စစ်သားကောင်းကြီး တစ်ယောက်ဖြစ်ချင်လို့။ ပြီးတော့ နိုင်ငံတော်ကို ကာကွယ်ပေးချင်လို့ ပေါ့။”

          “ဒါဆို နိုင်ငံတော်ကြီးဆိုကရော အဖေ့ကို ကာကွယ်ပေးလား..” 

တစ်ကယ်တော့ ဖိုးတေက မသိလို့ မေးမိတာ ဖြစ်သည်။  ဒါပေမယ့် ထိုနေ့က အဖေ ညနေစာ ထမင်းမစားပဲ သူ့ကိုကျောပေးရင်း အဖေ့ရဲ့  ကျောပြင်သည် တစ်သိမ့်သိမ့် လှုပ်ခါနေခဲ့သည်။ 

          သား ဒီနားကို လာပါအုန်း

ကန်စွန်းရွက် တစ်ပွေ့တစ်ပိုက်နှင့် ကြိုးမှာ သီထားသည့် ငါးရှဥ့်သုံးကောင်ကို ဆွဲရင်း ဖိုးတေ အောင်နိုင်သူကြီးတစ်ယောက်လို အိမ်ပြန်လာခဲ့သည်။ အိမ်ပေါက်ဝ အရောက် အဖေ့ခေါ်သံကြောင့်  ကန်စွန်းရွက်တွေကို မြေကြီးပေါ်ချလိုက်သည်။ ငါးရှဥ့်တွေကို အိမ်ပေါက်ဝ တံခါးအစွန်းတွင် ချိတ်လိုက်သည်။ ပြီးတော့ အဖေ့ဘေးနားတွင် သွားထိုင်လိုက်သည်။ သူရောက်လာတော့မှ အဖေက..

      သားက ဘာလို့ ကျောင်းမတက်ချင်တာလဲ
         
          “မပျော်လို့ ပါ အဖေ

          “င့ါသားက ဘာလို့ မပျော်တာလဲကွ

 “သားမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ သူတို့အမေတွေက ပြောထားတယ် သားနဲ့ သူငယ်ချင်း မလုပ်ရဘူးတဲ့။ ”
         
          “ဘာဖြစ်လို့တဲ့လဲ
         
          “ရွံ လို့တဲ့

အဖေက “သြော် ရွံလို့တဲ့ လား ” ဟု ရေရွတ်သည်။  

 ပြီးတော့ အဖေသူပိုင် ကွပ်ပျစ်လေးမှာ  ဖိုးတေကို ကျောပေးပြီး ပြန်လှဲနေပြန်သည်။ ခဏနေ အဖေ့ကျောပြင် တစ်သိမ့်သိမ့် လှုပ်ခါလာတော့မည်ကို ဖိုးတေသိသည်။ ဒီနေ့ညနေလည်း အဖေ ထမင်းစားဖြစ်မည် မထင်။ သူလဲ တဲပေါက်ဝ ပြန်ထွက်လာရင်း ကန်စွန်းရွက်တွေကို အနေတော်ဖြတ် ငါးရှဥ့်တွေကို သေသေချာချာ ရေဆေး။ ပြီးတော့ မီးမွှေးပြီး ငါးရှဥ့်တွေကို စပြီကင်လိုက်သည်။ ခဏနေ ငါးရှဥ့်မီးကင်မှ အနံ့လေး တစ်ဖြည်းဖြည်းသင်းလာပေတော့မည်။ 

ဖိုးတေတော့ဖြင့် အနားများပဲ့နေသည့် ကြွေရည်သုတ်ဇလုံ တစ်ခုထဲတွင် ထမင်းကြမ်းခဲကြီးထည့် ။ ဘေးနား မြေကြီးပေါ်မှာ ငါးပိတစ်ခွက်ချထားသည်။ ပြီးတော့ ပေါက်နေသော ဇကာကြီးထဲမှာ ခူးလာသည့် ကန်စွန်းညွန့် တို့ကို အသင့် လုပ်ထားရင်း မီးဖိုပေါ်က ငါးရှဥ့်ကင်ကို သရေ တစ်များများ လျှာတစ်သပ်သပ်ဖြင့် စောင့်စားကာ နေလေတော့ သည်။ 

*******
ချစ်စွာသော ဘလော့ မောင်နှမများ အားလုံးကျန်းမာလို့ ချမ်းသာကြပါစေရှင်။
ပုံလေးကိုတော့ google ကနေ ရှာဖွေပြီး အသုံးပြုထားပါတယ်။
 

1 comment:

  1. အမရာ
    ဖတ်ပြီးတော့တကယ် စိတ်မကောင်းဘူး
    တကယ်ရင်နာတယ်အမ
    အဲဒီလိုဘဝတွေတကယ်ရှိတယ်အမ

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......