Monday, 4 November 2013

နွယ်




  မျက်ဝန်းထဲက ပြည့်လျှံနေတဲ့ မျက်ရည်တွေကို မသုတ်နိုင်အားဘူး။ ဝေေ၀၀ါးဝါးကြားကနေ အိမ်ထဲမှာရှိရှိသမျှ ပစ္စည်းတွေ   အိမ်ခန်းတွေ အားလုံးကို မြင်နိုင်သမျှ ကျွန်မလိုက်ကြည့်နေမိတယ်။ဒီတစ်ကြိမ်မြင်ပြီး နောက်တစ်ကြိမ်မြင်နိုင်ဖို့ ဆိုတာ ကျွန်မအတွက် မသေချာတော့ဘူး။

 “ဖေကြီး”

“ဝေ့”

“မေကြီးက ဘယ်သွားမှာလဲဟင်..”

အိပ်ခန်းထဲမှ သားအဖနှစ်ယောက်ရဲ့ အသံ ခဏမျှ တိတ်ဆိတ်သွားသည်။ 

“ဖေကြီးဆို..”

သမီးရဲ့ ဒုတိယတစ်ကြိမ် အမေးမှာတော့..

“ဒီ..ဒီလိုလေ သမီးရဲ့ သမီးလေးဖွားဖွားအိမ်မှာ မေကြီးက ခဏ သွားနေမှာ.”

“ဒါဆို မီးမီး လဲ လိုက်မယ်”

“ဘယ်ဖြစ်မလဲ သမီးရဲ့ ဖွားဖွားက ဆူမှာပေါ့ တုတ်ကြီးကြီးနဲ့ ငါ့သမီးလေ ရိုက်ခံရလိမ့်မယ် ဖေကြီးနဲ့ပဲ နေနော်. သမီး က လိမ္မာပါတယ်ကွာ. “

“ဟင့်အင်း ..ရဘူး..ရဘူး မီးမီးကို ညကျရင် ဘယ်သူပုံပြောပြမှာလဲလို့”

“ဖေ..ဖေ ကြီးပြောပြမှာပေါ့ မီးလေးရဲ့. ဖေကြီးပြောပြမယ်နော်..လာသမီး ဖေကြီးပေါင်ပေါ်ကို လာထိုင်စမ်းပါအုန်း။ ဖေကြီးသမီးလေးကို ချီထားချင်လို့..လာသမီးလေးလာ..”

      သမီးကိုပြောနေရင်း ကိုကျော့် အသံထဲမှာ ငိုသံခပ်အက်အက်ပါလာတယ်။ အနည်းငယ်ကွယ်နေတဲ့ အိပ်ခန်း ခန်းစီးစကို ကျွန်မအသာလေးဖယ်ကြည့်လိုက်သည်။ သမီးကိုတင်းတင်းကြပ် ဖက်တွယ်ထား ရင်း အသံမထွက်အောင် ကြိတ်ပြီးရှိုက်ငိုနေတဲ့ ဒီမြင်ကွင်းကို မျက်နှာလွဲပြီး ကျောခိုင်းပစ်လိုက်သည်။ သူတို့သားအဖရှိနေတဲ့ အိပ်ခန်းရှေ့မှနေပြီ ခြေသံဖွဖွနင်းလို့ အိမ်ရှေ့ခန်းကို ပြန်ထွက်လာခဲ့မိသည်။ အိမ်ရှေ့ခန်းထဲရောက်တော့ ရင်ဘတ်ကြီးတစ်ခုလုံး ဟာတာတာ။ အသည်းနှလုံးတစ်စုံလုံးကို ဆွဲထုတ်ယူသွားခံရသလိုမျိုး အမည်မသိခံစားချက်ကြီးတစ်ခု။ အိမ်ရှေ့ခန်းမှ ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

           မျက်ဝန်းမှ မျက်ရည်တို့က ပြိုကျလာပြန်သည်။ ဟင့်အင်း အဲလိုမဟုတ်ဘူး အဲလိုမဟုတ်ဘူး ငါ..ငါ အပူတွေနဲ့ ကျောခိုင်းသွားလို့မဖြစ်ဘူး။ စိတ်ကို ပြန်ပြီးတင်းလိုက်သည်။ 

          “ဝေ ..ဝေ..ငိုနေတာလား”

ကိုကျော်က ကျွန်မကို မေးလိုက်သည့် အသံ။ ကိုကျော် မမြင်နိုင်အောင် စိုစွတ်နေသည့် မျက်ရည်တို့ကို ကွယ်ပြီးသုတ်ရင်း 

          “သမီးရော…”

          “ငိုပြီး ပင်ပန်းလို့ထင်တယ် အိပ်ပျော်သွားပြီ”

ပြောရင်း ကိုကျော် ကျွန်မဘေးနားက ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။ ပြီးတော့ သူ့ရင်ခွင်ထဲ ကျွန်မကိုဆွဲသွင်းလိုက်ရင်း ခြောက်သွေ့နေတဲ့ ကျွန်မရဲ့ ဆံပင်ခပ်ကြမ်းကြမ်းတို့ကို နမ်းရှိုက်လိုက်သည်။ 

          “ဝေ ..သေချာစဉ်းစားပြီးပြီလား။ ကိုယ်တို့သေတစ်ပန် သက်တစ်ဆုံး တူတူနေမယ်လို့ ဆုံးဖြတ်ထားခဲ့တာ မေ့သွားလို့လား။”

“…”

 “ဝေ နဲ့ သမီးလေး အပေါ်မှာ ကိုယ် ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက် မပီသခဲ့လို့ လား။”

“…”

“ခုကိစ္စက ဝေ ပြောသလို ဝေ တစ်ယောက်တည်း ရင်ဆိုင်မှ ဖြစ်မှာလား။ ဖြေလေ ဝေ ရဲ့ ကိုယ့်ကို ဖြေစမ်းပါ.”

ပြောနေရင်း အားမရသလိုနှင့် ကျွန်မရဲ့ ပုခုံးနှစ်ဘက်ကို ခပ်ကြမ်းကြမ်းလှုပ်ကိုင်ရင်း မျက်လုံးချင်းဆုံ မျက်နှာချင်းဆိုင် ပြီးမေးနေပြန်သည်။ ကျွန်မ မျက်နှာလွဲပစ်လိုက်သည်။ ကျွန်မရဲ့ မျက်ဝန်းထဲက အားငယ်မှုတွေကို ကျန်နေရစ်ခဲ့မယ့် ကိုကျော့် ကို မတွေ့စေလိုပါ။ ပြီးတော့ နှုတ်ဖျားမှာ ဆွံအလို့နေသည်။ ရင်ထဲမှာ မွန်းကြပ် ပြည့်သိပ်မှုတွေက အပြည့် ဒါပေမယ့် အံထွက်လာစရာ အကြောင်းမရှိသလို ကျွန်မနှုတ်ပိတ်နေခဲ့သည်။

“ဆောရီး..ဆောရီး မိန်းမရယ် ..ကိုယ်..ကိုယ်..ထားပါတော့လေ။ ဝေ့ အတွက် အထုပ်အပိုးတွေ ထည့်ထားပေးပြီးပြီသိလား။ ကားက ဘယ်အချိန်လာခေါ်မှာလဲ.”

သိပြီးသား အချိန်တစ်ခုကို ကိုကျော် ထပ်ခါထပ်ခါမေးနေပြန်သည်။ ဒီတစ်ကြိမ်နှင့်ဆို ကိုကျော့်ကို
 ကျွန်မဖြေခဲ့တာ ၅ ခါတိတိ ရှိခဲ့ပြီ။

“ညနေ ၄ နာရီ လို့ပြောတယ်။”

“ဟုတ်လား”

“ခု ၃ နာရီခွဲပြီနော်။”

“အင်း..”

ခဏမျှ ပြောစရာ တစ်ခွန်းမှ မရှိတော့သလို နှစ်ဦးသား တိတ်ဆိတ်သွားပြန်သည်။ 

“ဟိုရောက်ရင် ဆေးမှန်မှန်သောက်နော် ..”

“အင်း..”

“ကျန်းမာရေးကို ဂရုစိုက်နော် ဝေ..”

“အင်း..”

“ပြီးတော့ တစ်ခုခုဆို ကိုယ့်ဆီကို ဖုန်းဆက်ဖို့ မမေ့နဲ့နော်..”

“အင်း..”

ကျွန်မဘေးနားကနေ စိတ်မချသလို တစ်တွတ်တွတ်မှာနေရင်း .

“မသွားပါနဲ့လား ဝေ ရယ်။ ကိုယ်တောင်းပန်ပါတယ်.. မင်းဒီလို လုပ်သွားရင် ကိုယ့်ရင်ထဲမှာ ဘယ်လောက်ထိ ခံစားရမလဲ ဆိုတာ မင်းမသိလို့လား ဟင်”

          ယောက်ကျားရင့်မာကြီး တစ်ဦးဖြစ်ပါလျှက် မျက်ရည်ဖြိုင်ဖြိုင်ကျအောင် ငိုရှိုက်နေတဲ့ ကျွန်မရဲ့ ခင်ပွန်းကို နှစ်သိမ့်ပေးချင်လိုက်တာ။နောက်ဆုံးအနေနဲ့ ကျွန်မလုပ်သင့်တဲ့အရာ ဖြစ်သင့်တဲ့အရာတစ်ခု။ ထိုင်ခုံပေါ်ကနေ ကျွန်မ ကြမ်းပြင်ကို ဆင်းထိုင်ပြီး လက်အုပ်ချီလိုက်တယ်။

“ဒါ..ဒါ ဘာလုပ်တာလဲ ဝေ”

“ကိုကျော် ..ခုဒီဘ၀ ဒီခဏမှာ ကိုကျော့်အပေါ်မှာ ဝေ ကာယကံ ၀ဇီကံ  မနောကံ တွေနဲ့ပြစ်မှား မိတာများရှိ ခဲ့ရင် ခွင့်လွှတ်ပါနော်။ ကိုကျော် နဲ့ သမီး လေးအတွက် ဝေ့ ဘ၀ တစ်လျှောက်လုံး အချိန်တွေ ပေးခဲ့ ပြီးပါပြီ။ ဝေ့ အတွက် ကျန်နေတဲ့ အချိန်ကိုတော့ ဝေ့ရဲ့ သံသရာခရီး အတွက် အသုံးပြုပါရစေ.နော်”

ကိုကျော် မျက်ရည်တွေကို သုတ်လိုက်ရင်း

“ဝေ ဘာအပြစ်တွေပဲ လုပ်ခဲ့ လုပ်ခဲ့ ကိုယ် ခွင့်လွှတ်ပါတယ်..ထ တော့ နော် ဝေ။ ထ ကိုယ်တွဲပြီး ထူပေးမယ် လာ။ ဟော ကားသံကြားတယ်။ ကားလာပြီ ထင်တယ်။ သမီးလေးကို သွားနိုးလိုက်ရမလား။”

“ဟင့်အင်း.. ဝေပဲ သမီးဆီ သွားလိုက်ပါ့မယ်”

အခန်းထဲက ကုတင်ပေါ်မှာ အပြစ်ကင်းစင်စွာ အိပ်နေတဲ့ သမီးရဲ့ နဖူးက ဆံစလေးတွေကို သပ်တင်ရင်း ခပ်ဖွဖွ နမ်းလိုက်မိတယ်။ နှုတ်ဆက်အနမ်းပေါ့။ မေမေ သွားတော့မယ် သမီးရယ်။ ၀မ်းနည်းစိတ်က လှိုက်ကနဲ မျက်ရည်တစ်ပေါက်ကလဲ လိမ့်ကနဲ သမီးမျက်နှာပေါ်ကျရင် သမီးနိုးသွားမှာစိုးစိတ်နှင့် အမြန် လိုက်ဖမ်းမိသည်။ သို့ပေမယ့် သမီးမျက်နှာပေါ် ပူနွေးတဲ့ မျက်ရည်စက်တို့ ကျသွားသည်။ သမီး နိုးသွားသည်။

          “မေကြီး ”

          “သမီး..လေး ..အိုး..အေ..အေ.. ကျွတ်..ကျွတ်….”

သမီးရဲ့ ကိုယ်လုံးလေးကို တစ်ဖက်ကိုစောင်းပေးလိုက်ပြီ လက်တစ်ဖက်နှင့် သမီးရဲ့ ကျောကုန်းလေးကို ခပ်ရွရွလေး ပွတ်ပေးလိုက်သည်။ ခဏမျှအကြာတွင်တော့ သမီးပြန်လည်အိပ်ပျော်သွားသည်။ ကျွန်မလဲ သွားဖို့ အချိန်တန်လေပြီ။ 

          ကျွန်မ အိမ်ရှေ့ ပြန်ထွက်လာတော့ ကားပေါ်ကို ပစ္စည်းတွေ အားလုံး အသင့် တင်ပြီးနေပြီ။ လူဝတ်ကြောင် ဘ၀တုန်းကဖြင့် ကျွန်မရဲ့ မေမေ ခုတော့ မေသီလရှင်ကြီးတစ်ဖြစ် ဒေါ်သုသီင်္ဂ အပြုံးနဲ့ ကားပေါ်ကနေ ထိုင်စောင့်နေ တယ်။ ကိုကျော့် ကို နောက်ထပ် လှည့်မကြည့်မိအောင်ကြိုးစားသည်။ ပြီးတော့ ကားပေါ်တက်လိုက်သည်။ 

          “မောင်း တော့လေ ရပြီ”

ကားလေးက ခြံထဲမှနေစပြီ ထွက်ခွာလာခဲ့သည်။ ကျွန်မ အတ္တများ သိပ်ကြီးလွန်းသလား။ ဆရာဝန်က မင်း အများဆုံး ၃ လပဲ အသက်ဆက်ရှင်နိုင်တော့မယ် ဆက်ပြီးဆေးကုလဲ မထူးနိုင်တော့ ဘူး။ မင်းဘ၀ရဲ့ နောက်ဆုံး အချိန်ပဲ မင်းဖြစ်ချင်တာတွေ အားလုံး လုပ်ခဲ့ပါတဲ့။ ကျွန်မသေမင်းနဲ့ သုံးလအတွင်း နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့ မယ်တဲ့။ ကျွန်မဘာလုပ်ရမလဲ။ ဘာလုပ်သင့်လဲဆိုတဲ့ မေးခွန်းတွေ အများကြီးနဲ့ ၁ လတာကို အချိန်ကုန်ခဲ့တယ်။ 

ခင်ပွန်းသည်ကလဲ ကျွန်မရှေ့မှာတော့ ဘာမှမဖြစ်သလို အားတင်းထားပါ ဝေ ရယ် စိတ်ဆောင်ရင် ဘာမဆိုဖြစ်တယ်။ ကိုယ်တို့ နောင်နှစ်ပေါင်း ငါးဆယ် တစ်ရာထိ ဆက်ပြီးပျော်ရွှင်ရွှင်နေသွားလို့ရတယ်တဲ့။ ကျွန်မကွယ်ရာမှာတော့ သမီးကိုတင်းတင်း ကြပ်ကြပ်ဖက်ပြီး ကြိတ်ပြီးရှိုက်ငိုနေတတ်တာ ကျွန်မသိတာပေါ့။ ကျွန်မ ကိုယ်တိုင်ကရော ထားခဲ့ရမဲ့ လူမမယ် သမီးလေးနဲ့ ခင်ပွန်း ဘယ်လိုများ စိတ်ချ လက်ချ ထားခဲ့နိုင်မလဲ။ ဒီစိတ်ကြီးနဲ့ ကျွန်မ သံသရာကြီးကို ခရီးထွက်သွားရမှာပါလားလို့ တွေးလာမိတယ်။ 

အားလုံးအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုကို ကျွန်မရွေးချယ်လိုက်တယ်။ ကျွန်မ အတွက် သံသရာ ခရီးမှာ ရိက္ခာထုပ်ဖို့ လိုအပ်နေခဲ့ပြီ။ ဘယ်သူ့ကိုမှ ငဲ့ကွက်နေလို့မရတော့ဘူး။ ခုလိုမျိုး ကျွန်မဆုံးဖြတ်ခဲ့တာ အတ္တတွေများ သိပ်ကြီးလွန်းနေခဲ့ သလား။ ကျွန်မအရမ်းကြီးများ တစ်ကိုယ်ကောင်းဆန်နေခဲ့သလား။ သမီးနဲ့ ခင်ပွန်းထက် ကျွန်မကိုယ့် ကိုယ်များ ပိုပြီးချစ်နေခဲ့ သလား။ 

“ဒါယကာမလေး တစ်ကယ်ပဲ သမုဒယ ကြိုးတွေ ပြတ်ခဲ့ပြီလား ကွဲ့”

“ကိုယ် မပြတ်လဲ သေမင်းက ဖြတ်တော့မှာပါ ဘုရား။”

          “အိမ်း ..သာဓု..သာဓု ..သာဓု.။”

ဒေါင်..ဒေါင်..ဒေါင်..ဒေါင်.. သြော်.. ခုတော့လဲ ခေါင်းလောင်းသံတို့ဖြင့် တရားဓမ္မ၏ အရိပ်သည် အေးချမ်းလှပေစွ။   

***
ချစ်စွာသော ဘလော့မောင်နှမများနှင့် တစ်ကွ ဘလော့လေးကို လာရောက် လည်ပတ်သူအပေါင်း ကျန်းမာလို့ ချမ်းသာကြပါစေရှင်.
သရုပ်ဖော်ပုံလေးကိုတော့.. google ကနေပြီ ရှာဖွေပြီး သုံးထားပါတယ်လို့..

2 comments:

  1. အရေးအသားလေးကောင်းလိုက်တာ။မျက်ရည်လေး
    တောင်ဝေ့သီသွားတယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်လေးက
    ဝမ်းသာစရာပါ။သမုဒယသံယောဇဉ်တွေများလွန်းလို.တစ်
    ခါတလေအားလုံးကိုစွန်.ချင်လာတယ်။အို နာ သေတွေနဲ.
    ဘဲတစ်ဘဝပြီးတစ်ဘဝမဆုံးနိုင်တော့ဘူး။

    ReplyDelete
  2. သံယောဇဉ်ဖြတ်သွားနိုင်ပုံလေး ကောင်းလိုက်တာ..
    အမြဲအားပေးနေပါတယ်..

    ခင်မင်စွာ
    သဒ္ဓါလှိုင်း

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......