Sunday 26 September 2010

မမှားလောက်တော့



တော်ပြီဆို နောက်တစ်ခါ
ပြန် လှည့်လို့ မကြည့်တော့ဘူး
စုံကုန်ကာ ထွက်သွားတဲ့
ဒီခြေထောက်ကို တစ်သက်စာ
မှတ်လို့ဖြင့်ထားလိုက်တယ်..။

ဒုတိယရယ်လို့ ပြန်ခိုခွင့်
ပေးလိုက်မယ် မထင်နဲ့
ဒင်း..........
သတ်သွားပုံက
စုတ်ပြတ်သတ် ဖွာလန်ကျဲ
ဒီ.....စိတ်တွေလေ...။

မေတ္တာဆိုတာ ဂျိုနဲ့လား
စေတနာဆိုတာ
တန်ဖိုး ဘယ်လောက်လဲလို့
မေးဖော်....ရမှတော့
ငါ..ကျောခိုင်းလိုက်တာဟာ
မမှားလောက်တော့ပါဘူး။ ။


ပုံလေးကိုတော့ internet ကပဲရှာပြီးသုံးထားတာပါ။လာရောက်လည်ပတ်ကြသော ဘလော့မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်လို့..ဆွေလေး ဒီပို့(စ်)လေးကပဲ ထပ်ပြောလိုက်ပါရစေ။

Saturday 25 September 2010

မာန၏ နံရံတစ်ဖက်ခြား




ဒီနေ့ ကျွန်မ အရမ်းကို ပျော်နေမိသည်။ နားထဲဝင်လာသည့် အိမ်ကညီမလေးဆိုနေသော မျိုးကြီးရဲ့ သီချင်းသံ။

"ကန်တော်ကြီး အင်းယားလမ်း... မသွားချင် ကိုယ်လေ မသွားဘူး ပြန်မြင်ယောင်ကာ ရူးနိုင်တယ်.."

ပြီးတော့ ကျွန်မနှုတ်ကလဲ တိုးတိုးလေး လိုက်ညည်းနေမိတယ်။ မိသားစု အတွက် ကျွန်မလုပ်ပေးနိုင်ပေမယ့် ချစ်သူကိုတော့ သတိရမိတယ်။
သက်ပြင်း ခပ်မျှင်မျှင်လေးတစ်ချက်ကို လူမသိ သူမသိ မှုတ်ထုတ်ရင်း ချစ်သူ့ကို လွမ်းမိပြန်တယ်။
ခုချိန်သူဘာများလုပ်နေပါလိမ့်အဆက်အသွယ်ပြတ်နေတာ ၃ လလောက်ရှိပြီး။ စာမလာသတင်းမကြား..ဘာများဖြစ်နေပါလိမ့်။ အဆင်မပြေရင်လဲ ပြန်သာလာခဲ့ပါ ချစ်သူရယ် ကျွန်မက ငွေချမ်းသာချင်တဲ့ မိန်းမမှ မဟုတ်တာ။ ကျွန်မက စိတ်ပဲချမ်းသာချင်တာ။ ချစ်သူနိုင်ငံခြားထွက်သွားပြီး ၆ လလောက်ထိတော့ အဆက်အသွယ်ရနေသေးသည်။နောက်တော့ ဘာသတင်းမှ မကြားတော့။ ကဲပါ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ကျွန်မမိသားစုအတွက် ကျွန်မရှာသော ကိုယ်ပိုင် ပိုက်ဆံနှင့် ကာရာအိုကေ အပေါ်စက် အောက်စက် ၀ယ်ပေးလိုက်တယ် မနေ့က။ဒီပိုက်ဆံတွေရဖို့ ကျွန်မ ချွေတာစုဆောင်း အငတ်ခံပြီး သူများရုံးပြန်ချိန်မပြန်နိုင်ပဲ overtime ကြေးတွေစု။ ၈ လလောက်ကြာတော့မှ ဒီပိုက်ဆံကရလာတာ။ အဓိကကတော့ အမေ့အတွက်ပါ။အမေ က၀ါသနာအရမ်းပါတာ။ ဒီကြားထဲကိုးရီးယား အပိုင်းတွေ လာတော့ ပိုဆိုး။ တစ်နေကုန်အလုပ်မှာ စက်ချုပ် ညကျ သူများဘယ်အိမ်လေးမှာ များ သွားကြည့်လို့ရမလဲ။ သူ့ခင်ဗျာချောင် ရတာအမော။ တီဗွီ ရှိတဲ့ အိမ်တွေကလဲသူတို့လဲ ကိုယ့်ပစ္စည်းနဲ့ကိုယ် ဇိမ်တော့ယူချင်ကြတာပေါ့။ လူအများကြီးလာကြည့်ကြတော့ ပိုင်ရှင်တွေလဲလွတ်လွတ်လပ်လပ် ကြည့်လို့မရ ဒီတော့ အဲဒီကိုးရီးယားကားတွေ လာချိန်ဆို တီဗွီရှိတဲ့ အိမ်တွေအားလုံးက အိမ်တံခါးတွေ ပိတ်ထားကြတာ။ဒီတော့ကျွန်မတို့လို မျက်နှာမွဲ သူဆင်းရဲတွေကြတော့ ဟိုလိုချောင်း ဒီလိုချောင်း ပေါ့။ ဒါနဲ့ပဲ ကျွန်မလဲ အမေ့ တွက်ကြိုးစားပေးလိုက်တာ။
ခုတော့ ကိုယ်လဲ လွမ်းလာရင် သီချင်းကာရာအိုကေတွေအပြတ်ဟဲနိုင် အမေလဲ ချောင်းစရာမလိုတော့။ စိတ်လေးကို ချမ်းသာနေရောပဲ။ ကြည်နူးမိတာပေါ့။ ဒါဟာ ကျွန်မ မိသားစုကို ပထမဆုံးအကြိမ် ကျွန်မ၀င်ငွေ ကျွန်မအား ကျွန်မချွေးတွေနဲ့ လုပ်ပေးနိုင်တဲ့အရာလဲ ဖြစ်နေတာ့ စိတ်ထဲမှာ ကြည်နူးမဆုံးဘူး။ မေမေ ဆို အရမ်းကို ပျော်နေတာ။ အင်း ဒါပေ...မယ့် ပြတ်နိုင်လွန်းတဲ့ မီးအတွက်တော့ ကျွန်မလဲ မတတ်နိုင်။ ဒါက ကျွန်မကြိုးစားလို့ ရနိုင်တာမှမဟုတ်တာ။ အချိန်ရယ် အခါရယ် ..ရောက်မလာသေးတော့လဲ ရွှေပြည်တော်မှောင်မှောင်မဲမှာ တီဗွီဆိုတာကြီး ဖယောင်းတိုင်သာ ထွန်းကြည့်ကြပေါ့လေ။ ဘယ်တတ်နိုင်မလဲ။စိတ်ထဲမှာ ဟိုတွေး ဒီတွေး ဘယ်တွေရောက်နေမှန်းကို မသိဘူး။ ဒီနေ့ အိမ်မှာနားရက်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး ယောင်တောင်တောင်ဖြစ်နေတာ။ကျွန်မက အိမ်မှာနေခဲတယ် ပြောရမယ်။ အလုပ်အပြင် ဆယ်တန်းကျောင်းသားလေးတွေကို GUIDE လဲလုပ်ပေးသေးတာကိုး။ညဆိုလဲ အလုပ်က အပြန်ဆို ကျောင်းသားအိမ် တန်းဝင် စာသင် အိမ်ပြန်ရောက်တော့ ည ၁၀ နာရီ ၁၁ နာရီ။ဘာပဲဖြစ်ဖြစ်လေ ချစ်သူကို လွမ်းတဲ့ စိတ်တွေကို အလုပ်ချိန်တွေနဲ့ အစားထိုးပစ်နေတာ။ မိသားစုကိုလဲ ကိုယ့်ကိုယ်ကို ပိုင်တဲ့အချိန်လေးမှာ တတ်နိုင်သလောက် လုပ်ပေးချင်တာ ကျွန်မရဲ့ စေတနာလေ။ဒီနေ့တော့ နေ့လည်ပိုင်း စာသင်ချိန်လဲမရှိတာနဲ့ ကာရာအိုကေလေးလဲ ဟဲမယ်ဟဲ့ ဆိုပြီးနေ့လည်နေ့ခင်း တစ်ရေးအိပ်ရာကနေ ထလာတဲ့ ကျွန်မ ..ညီမလေးက အရင်ဦးပြီးဟဲနေတဲ့ သီချင်းကို လိုက်ညည်းရင် အိမ်ရှေ့ သစ်ပင်ရိပ် နေအေး လေရတဲ့နေရာမှာထိုင်နေတာလေ။ ဟွန်း ကံကပဲကောင်းတာလား မကောင်းတစ်ကောင်းလားတော့မသိဘူး..ဒီနေ့ မီးလာနေတယ်။ အဟဲ ရာသီဥတုကတော့ ကိုယ့်ဘက်ပါနေပြီ။လွမ်းတဲ့ စိတ်ကလေးကို အပီဟစ်လိုက်အုန်းမှလို့ ကျွန်မတွေးနေမိတာ။ ချစ်သူသာ ဘေးနားမှာ ရှိရင် အရမ်းကောင်းမှာလို့လဲ စဉ်းစားမိသေး။ ဟိုတွေး ဒီတွေး မြင်ကွင်းထဲဝင်လာတဲ့ ပုံရိပ်တစ်ခု စက်ဘီး။
ချစ်သူစီးနေကျ စက်ဘီး မမြင်ရတာ ၁ နှစ်လောက်ရှိပေမယ့် ကျွန်မမှတ်မိနေသေးတာ။ ရုတ်တရက်ဆိုတော့ ချစ်သူများပြန်ရောက်လာပြီ လား။ စိတ်ထဲမှာ ၀ုန်းကနဲ ဘယ်လိုကြီးမှန်းကိုမသိ။ အလျှင်အမြန်ခြံရှေ့ပြေးထွက်ခဲ့မိတာ။ ကိုယ့်ဘာသာကိုယ် သတိထားမိတော့ ခြံပြင်တောင် ရောက်နေပြီလေ။အနားရောက်လို့လူမြင်လိုက်မှပဲဝုန်းကနဲတောက်တဲ့မီးရေစိုဝတ်နဲ့ငြိမ်းလိုက်သလိုပဲဘယ်လိုကြီးမှန်းမသိ ချစ်သူရဲ့ ညီအရင်းခေါက်ခေါက်ကြီးလေ။ဟွန်း လူကိုမထိတထိ လာစနေသလိုပဲ။စက်ဘီးစီးလဲ သူ့စက်ဘီးသူစီးပါလား။ ချစ်သူရဲ့ စက်ဘီးများစီးပြီး အိမ်ကိုလာရတယ်လို့။ ငါလေ..ငါ..ဟွန်း...

"မကြီး အဖေနဲ့အမေက အိမ်ကိုလာခဲ့ပါအုန်းလို့ ပြောပြီး ခေါ်ခိုင်းလိုက်လို့"

အင်း ဘာများပါလိမ့် အကြောင်းတော့မရှိပါဘူး။ ချစ်သူ ရဲ့အိမ်က ကျွန်မတို့အကြောင်းသိပေမယ့် ကျွန်မကတော့ မိဘတွေကိုမပြောရသေး။ သမီးအကြီးဆုံးက ပိုက်ဆံလဲရှာနိုင်ရော ယောက်ကျားလဲ ယူလေရောလို့ မိဘတွေ စိတ်ဓာတ်ကျမှာစိုးလို့ ကျွန်မ မပြောရသေး။ဒါပေမယ့် ခုတော့ရပါတယ်။အိမ်မှာ မိဘတွေမရှိ နေ့လည်ဆို..စက်ချုပ်ဆိုင်သွားကြပြီလေ။ ညီမလေး၊တစ်ခါတစ်လေ နားသောကျွန်မ နှင့် ဖွားဖွား သာရှိသည်မို့ လိုက်သွားလို့ အဆင်ပြေ၏။ဒါနဲ့ပဲ ခဏလေးဆို အင်္ကျီလေးလဲပြီး မတော်ရသေးသော ယက္ခမကြီးများခေါ်တော်မူရာသို့ သွားရလေတော့သည်။ ချစ်သူစက်ဘီးလေး စီးနေရတာကိုးကအလွမ်းပဲပြေနေသလိုလို။

"ကိုလတ် ဘဘနဲ့ အန်တီက မကြီးကို ဘာလို့ ခေါ်တာတုန်း။မင်း..အစ်ကိုများတစ်ခုခု.."

ကျွန်မမေးတဲ့ စကားမဆုံးသေးခင်မှာပဲ ချစ်သူရဲ့ ညီက

"ကိုကြီးက ဘာမှ မဖြစ်ပါဘူး..အဖေ တို့ဘာလို့ ခေါ်ခိုင်းလဲ ကျွန်တော်လဲ မသိဘူးဗျ။ ကိုကြီးနဲ့ အဆက်အသွယ်မရတာကြာတော့ မကြီးနဲ့ရော အဆက်အသွယ်ရလားလို့. မေးမလို့နေမှာပေါ့"

အင်း သူပြောတာတော့ ဟုတ်လောက်တယ်။ဒါပေမယ့် ကျွန်မလဲ အဆက်အသွယ်မရှိ။ ချစ်သူအတွက် စိတ်ပူမိပြန်သေးသည်။
ဒါနဲ့ ချစ်သူရဲ့ အိမ်ကိုရောက်တော့..မတော်ရသေးသော ယောက္ခမကြီး များအား သာကြောင်းမာကြောင်းမေး စကားနဲနဲ ပြောပြီးစမှာပဲ ချစ်သူရဲ့အဖေ ပြောသောစကားတို့က တစ်မျိုးမည်လာလေပြီ။

"ဘဘ တို့က သမီး တို့ ချစ်နေကြတာ သိထားပြီးသားပဲ။ သားကြီးပို့ထားသမျှ ပိုက်ဆံလဲ ဘဘတို့က မသုံးပါဘူး။ သမီးတို့ မင်္ဂလာဆောင်ရင်သုံးဖို့ ဘဘ တို့က စုပေးထားတာလေ။ ဒီတော့ သမီးတို့လူငယ်တွေ အချင်းချင်း လူကြီး မိဘတွေမသိပဲ ဘာတစ်ခုမှ မလုပ်ပါနဲ့လို့ ဘဘ တို့ကပြောချင်တာ။ သားကြီးက ဘဘတို့အိမ်မှာ အချစ်ဆုံး သမီးကိုလဲ ဘဘ တို့က ချစ်ပြီးသားပါ ကျန်တဲ့သား အငယ်ကောင်တွေ မိန်းမယူလို့ကတော့ မင်းတို့အိမ်နဲ့ မင်းတို့နေ အိမ်ပေါ်ခေါ်မလာကြနဲ့လို့ဘဘ ကပြောထားပြီးသား။ သမီးနဲ့ သားကြီးတို့ကတော့ဘဘ တို့ရဲ့ အချစ်ဆုံးတွေမို့ ဒီအိမ်ပေါ်မှာပဲနေကို နေရမှာ။ အစ်ကိုကြီး အဖရာ အစ်မကြီး အမိရာမဟုတ်လား။ "

အင်း ဘာတွေပြောနေပါလိမ့် တစ်ခုခုတော့တစ်ခုခုပဲ။ကျွန်မကတော့ သဘောပေါက်ဖို့မလွယ်သေး ချစ်သူရဲ့အဖေလွတ်နေသောစကား လုံးများက ဘာကိုရည်ရွယ်သနည်း။ စိတ်ထဲမှာ သိလိုက်သလိုလိုနဲ့ မရှင်းလင်း။ဒါနဲ့ပဲ ကျွန်မ ပွင့်ပွင့် လင်းလင်း ပဲမေးလိုက်သည်။

"ဟိုလေ ဘဘ.အားမနာပါနဲ့ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောပါ။သမီးလဲ အရွယ်ရောက်ပြီးသား မိန်းကလေး တစ်ယောက်အနေနဲ့
ရင့်ကျက်ပြီးသားပဲ။ဘဘ မေးလာမယ့် မေးခွန်းတွေကိုလဲ အမှန်အတိုင်းပဲပြောမှာပါ။
စိတ်မပူပါနဲ့ ပြောစရာရှိတာသာ ပွင့်ပွင့်လင်းလင်းပြောပါ"

ကျွန်မက ဒီလို လမ်းဖွင့်ပေးလိုက်တော့မှ ပြောလာတဲ့စကားကဒီလို..

"ဟိုလေ ဘဘတို့သားနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီလေ။ပြီးတော့ ပိုက်ဆံလဲ မပို့တာ ၃ လလောက်ရှိပြီလေ။ ခု သမီးတို့အိမ်
မှာ တီဗွီ အပေါ်စက် အောက်စက် ၀ယ်တယ်ဆိုလို့လေ..အဲဒါ.."

ကြားလိုက်ရပြီးပြီးချင်းကိုပဲစိတ်ထဲမှ မခံချင်စိတ်။ပြီးတော့ မာန ..ပြီးတော့ကိုယ့်နောက်ခံ မိဘတွေရဲ့သိမ်ငယ်သွားမှုခံစားချက်တွေ။ဒါပေမယ့် ကျွန်မကလဲ လောကဆိုတာကို လွယ်လွယ်နဲ့ကျော်ဖြတ်လာခဲ့ရတဲ့ မိန်းမမှမဟုတ်တာ။ဖြစ်သွားတဲ့ ခံစားချက်တွေကို ခဏလောက်ပြန်မျိုသိပ်.ပြီးတော့ မျက်နှာထားကို သကာရည်လောင်းထားသလို အချိုသာဆုံးပြုံးလိုက်တယ် ပြီးတော့
ဘာမှ မဖြစ်သလို မျက်နှာထားမျိုးနဲ့ ကျွန်မ တိုက်ပွဲ ပြန်ဝင်လိုက်တယ်...

"အော်.. ဘဘ တို့ က အဲဒါကို စိုးရိမ်နေတာလား။သမီးက ဘာများလဲလို့။
စိတ်ချပါ ဘဘ။ခုချိန်မှာ သူနဲ့သမီးက လက်မထပ်ရသေးဘူးလေ သူရှာထားသမျှ ဘဘတို့နဲ့ပဲ ဆိုင်တာပေါ့။သမီးကလဲ သူများပစ္စည်း အထူးသဖြင့် ပိုက်ဆံနဲ့ ပတ်သတ်ရင် အမြဲတမ်းသတိထားပါတယ်။ဘာလို့လဲ ဆိုတော့ သမီးတို့က ဆင်းရဲလို့။အဲဒီ ငွေနဲ့ ပတ်သတ်ပြီး သူများတွေ အထင်သေးမှာစိုးလို့ပါ။ ပြီးတော့ မိန်းကလေးဆိုတာ ကိုယ့်ဘာသာကိုယ် တန်ဖိုးထားလေ ကိုယ့်ရဲ့ တန်ဖိုးကလဲ တက်လေမဟုတ်လား။ဒီတော့ ခုချိန်မှာ သမီးရဲ့ဘ၀ သမီးရဲ့ အနေအထားက ဘဘတို့နဲ့စာရင် နိမ့်ကျရင် နိမ့်ကျနေမယ်..ဒါပေမယ့် တစ်ချိန်ချိန်မှာ ဘဘတို့ထက် သာတဲ့ ဘ၀တစ်ခုခု ကိုများရွေးချယ်ခွင့်ရခဲ့မယ် ဆိုရင် ခုဘဘတို့ စိုးရိမ်နေတဲ့ ငွေဆိုတာကြီးက သမီးကို ချုပ်ကိုင်ခံနေရမှာစိုးလို့။ ဘဘရဲ့သားက ပို့မယ်လို့ပြောတာတောင်သမီး လက်မခံခဲ့ပါဘူး။ မစိုးရိမ်ပါနဲ့ ဒီအတွက်တော့။ခုလဲ သမီး မိသားစု အတွက် သမီးချွေးတွေနဲ့ ရှာလို့ရတဲ့ ပိုက်ဆံနဲ့ဝယ်ပေးထားတာပါ။ပြီးတော့ သမီးရဲ့မိဘတွေကိုလဲ မျက်နှာငယ် စိတ်အားငယ်ရမယ့် အလုပ်မျိုး သမီးလုပ်မှာ မဟုတ်ပါဘူး။"

မတော်ရသေးသော ယောက္ခမတွေရဲ့ မျက်နှာကတော့မည်းလို့ ဒါပေမယ့်ကျွန်မက ပြုံးပြုံးလေးနဲ့ အေးအေးဆေးဆေး ပြန်ပြောနေတာမို့ သူတို့မှာ ရန်ပြန်တွေ့လို့လဲမရ။ ပြီးတော့ သူတို့သားထက် သာတဲ့ လူကိုရွေးလို့မရမှာစိုးလို့ ပို့တဲ့ ပိုက်ဆံတောင် ကျွန်မက လက်မခံဘူးလို့ ပြောတော့ ပိုပြီး စွေ့စွေ့ခုန်ပါလိမ့်မည်။မတတ်နိုင် ကျွန်မသည် နေရာတစ်ကာမှာ မာန ထောင်လွှားပြီး ငါဟဲ့ လို့ မောက်မာနေသည့် မိန်းမတစ်ယောက်တော့မဟုတ်။ဒါပေမယ့် ဒီလိုအပြောခံလိုက်ရတာကိုလဲ ငြိမ်ပြီးငုံ့ခံကာ ပြန်သွားမည့် မိန်းမတစ်ယောက်လဲမဖြစ်။ဒီတော့ သိမ်းထားသော မာနလေးများအား ခဏတော့ အမောက်ထောင်ပြလိုက်ရသည်။ ချစ်သူ နားလည်နိုင်မည်ဟုတော့မျှော်လင့်မိသည်။ နားမလည်နိုင်လျှင်ရော..ကျွန်မပြောစရာ တစ်ခုပဲ ရှိပါသည်။ ကျွန်မ ချစ်သူကို ချစ်ခဲ့သော အချစ်တို့တွင်ရုပ်ဝထ္ထုပစ္စည်းများမပါခဲ့ အတ္တဖြူဖြူလေးများတောင် ချစ်သူ့အပေါ်တွင် ကျွန်မ မထားရှိခဲ့။ ချစ်သူကမင်းကိုထားခဲ့ပါတော့မယ်လို့ တောင်းဆိုလာလျှင်တောင် ကျွန်မသည် စဉ်းစားချင်းအလျှင်းမရှိ ချစ်သူသာ ပျော်မယ်ဆိုရင် ကျွန်မခွင့်ပြုလိုက်မည်သာ ဖြစ်သည်။

ဘာလို့လဲ ဆိုတော့ ..........................

ချစ်သူအား ချစ်သော အချစ်တို့တွင် အကြောင်းပြချက် တစ်စုံတစ်ရာမရှိပဲကို ကျွန်မ ချစ်သူကို ချစ်ခဲ့မိချင်းကြောင့်သာ....ဖြစ်သည်။

တစ်ကယ်တော့ ....
အဲဒီနေ့ကျွန်မကံကောင်းမလိုလိုနှင့် ကံဆိုးခဲ့သည်။ နေသည် ပူမလိုလိုနှင့် မိုးတွေ သည်းထန်စွာ ရွာသွန်းခဲ့သည်။ ပျော်မလိုလိုနဲ့
ဝမ်းနည်း ချင်းခြောက်ကမ်းပါးထဲ တစ်သက်လုံးကျခဲ့ရသည်။ချစ်ရတော့မလိုလိုနှင့် အလွမ်းတွေဆင့်ကာဆင့်ကာ ပွားခဲ့ရသည်။ ချစ်သူကို မြင်ရတော့မလိုလိုနှင့် ချစ်သူနှင့် တစ်သက်တာဝေးသွားခဲ့ရသည်။ ချစ်သူသည် ကျွန်မထံသို့ အဲဒီနောက်ပိုင်းဘာအဆက်အ
သွယ်မှ မလုပ်တော့...
ဘာပဲပြောပြော..
ကျွန်မသည် မာန နံရံ၏အခြားတစ်ဖက်၌ အကြောင်းပြချက်မရှိသော ချစ်ချင်းတို့နှင့် ချစ်သူအား ချစ်နေမြဲ ချစ်နေစဲ သာ..................

Thursday 23 September 2010

အတိတ်ဟောင်းရဲ့ ပန်းချီ


အမေ့ရင်ခွင်အငွေ့တွေနဲ့
ခိုလှုံနေစဉ်က အမေ့ကိုမခွဲချင်ဘူး
ရင်ခွင်သစ်တွေရဲ့ အရိပ်အောက်မှာ
ဘ၀ကိုအရောင်ဆိုးချိန်တန်တော့
ရင်ခွင်ဟောင်းအမေ့အိမ်ကို
တိတ်တဆိတ်လေးခွဲခဲ့ရတယ်
အော်..အမေသိနိုင်ပါရဲ့လား....။
ဘ၀အတွက်ပညာတွေရှာရင်း
ဆရာသမားတွေရဲ့အရိပ်အောက်မှာ
ကျောင်းစာတွေအဖေါ်ပြုရင်း
ခွဲခွါခြေလှမ်းတွေစတင်ခဲ့တယ်
အချိန်တန်လို့အိမ်ပြန်တဲ့အခါ
ပခုံးဖက် ငိုရှိုက်သံတွေနဲ့
လမ်းခွဲခဲ့ရတယ်
အော်...ကျောင်းတော်ကြီး သိနိုင်ပါရဲ့လား...။
အရောက်သွားရင်း
တစ်ထောက်နားတဲ့ခရီးတစ်ကွေ့မှာ
အဖြူရောင်ခင်မင်မှုတွေနဲ့
ချိုသာသောနှုတ်သံ
ကြည်ရွှင်သောအပြုံး
ဖြူစင်သောနှလုံးတွေနဲ့
ခင်မင်မှုတွေပိုခဲ့ကြတယ်
မဆုံးသေးသောခရီးရှည်ကြောင့်
ဝမ်းနည်းရင်းလမ်းခွဲကြတဲ့အခါ
မမြင်နိုင်သောမျက်ရည်တွေ
ကိုယ်စီစီးဆင်းနေတယ်ဆိုတာ
အော်...လောကကြီးရယ် သိနိုင်ပါရဲ့လား...။

Monday 20 September 2010

ကာရံမဲ့ငိုရှိုက်သံ


သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားတဲ့
ပြောခဲ့တဲ့ရှေးစကား ဘယ်သူများထွင်ခဲ့ပ
ငါ့မှာတော့ ဒဏ်ရာတွေဗလပွနဲ့
ငါ့ကိုယ်မှာနား ငါ့အသားကိုစား
ငါ့အဆီကိုထုတ် စားသောက်ဝါးမျို
သူတို့မလိုတော့ ငါ့ကိုကုတ်ခြစ်
မစင်တောင်စွန့်ခဲ့တယ်။ ။
ငါ့မှာတော့သူတို့အတွက် ပေးဆပ်လိုက်ရတာ
လဲယုံမက ပြိုပါကျတော့မယ်
နှလုံးသွေးနဲ့ရင်း အားကိုတင်းလို့
ထောက်ကန်မြဲမြဲ အံကိုခဲပြီး
မြေကြီးကိုခြေကုတ် အားကုန်သုံးနေတာ
စွမ်းအင်တွေတောင်ငိုငြီးလာပေါ့။ ။
ဇာတ်တော်ထဲကလို အလောင်းတော်ဘ၀ပါရမီနုစဉ်

မျောက်ဘ၀ဖြစ်အင် ပြေးမြင်ကာကြည့်မိတယ်
အများအတွက်ရယ်လို့ အသက်ကိုစွန့်
ကျေနပ်စွာပေးဆပ် ကျောခင်းလို့ပေး
နင်းလျှောက်ပါ ဆိုလေသည်အောင်
ညင်သာစွာမလျှောက်ကြဘူး
အမြင့်ကခုန်ချ ကန်ကျောက်တောင်သွားလိုက်သေး။ ။
တစ်ကယ်တော့ ငါ့ဘ၀နာတာ
ဗွေမယူပေမယ့် အတွင်းကြေ
ကြိတ်နေတဲ့ ရင်တွင်းက ဒဏ်ရာကိုဖြင့်
ဘယ်ဆရာ လာလို့မှ မကုနိုင်

ကြိတ်မှိတ်ကာ ငိုခဲ့ရတဲ့မျက်ရည်

ပင်လယ်ရေတောင် ငေးကြည့်ရတယ်။
သူတို့ဘ၀ အမြင်တင့်အောင်
နှလုံးသားကိုသတ် ဒဏ်ရာတွေ
အတွင်းကြေနဲ့ မသေယုံတမယ်
လှိုက်ကာ စားနေတဲ့
ငါ့ဖြစ်အင်..
အကြင်တို့ သိပါလေစ ။ ။

မှတ်ချက်။ ။ညီမလေး ဆွေလေးရဲ့ဘ၀ကို ခဏငှား၍ ငိုပါသည်။မျက်ရည်တွေလည်းသူ့စီက ငှားတာပါ။

ပုံလေးကတော့ internet မှ ညီမလေးရှာပေးတာပါ။

Saturday 18 September 2010

အရူးအိပ်မက်


အိပ်မပျော် နိုးတစ်ဝက်
ညတစ်ညရဲ့ ခြောက်ခြားသံ
ငါ့ရင်ကို ရိုက်ခတ်လာတယ်...
အလွမ်းအိပ်မက်တွေ
ပန်းတောင်တန်းတွေဖြစ်
ရင်ခွင်မဲ့နှလုံးသား အဖေါ်မဲ့လို့နေပြီ.......
အဖေါ်မဲ့ ဆေးလိပ်တို
ဆေးလိပ်ခွက်ပေါ်မေးထောက်
အသက်ရူသံခပ်ပျင်းပျင်းနဲ့
ငါ့ကို မော့ကြည့်နေတယ်.......
မှုတ်ထုတ်လိုက်တဲ့
သူ့ရဲ့ရှုထုတ်သံ
တိမ်တိုက်အဖြစ်အသွင်ပြောင်း
ကောင်းကင်မှာဆော့ကစားနေတယ်......
နံရံပေါ်က နာရီသံ
နရီစည်းလို့ငါထင်မှတ်
ဟော...ငါ့ဝိဥာဏ်တွေ
တိမ်တိုက်တွေနဲ့ ဆော့ကစား
ချွေးတွေတောင်ပြန်ပေါ့....
နားစရာနေရာတစ်ခုရှာ
တွေ့ပြီ..ချစ်သူရင်ခွင်
ငါခုန်ချလိုက်တယ်
ဝုန်း..............
ခုတင်ပေါ်ကပြုတ်ကျသံ..
ဟီးဟီး...............

Friday 17 September 2010

ဇာတ်သိမ်းခန်းမှာ...





ကြည်နူးလိုက်တာ ဇာတ်ပေါင်းခန်းမှာ
မင်းသားက မင်းသမီးလက်ကိုဆွဲ
ရွှေအိုရောင်လွှမ်းနေတဲ့
အနာဂတ်ကို ကျော်ဖြတ်ကြမယ်တဲ့..။ ။
တစ်ခါတစ်ခါမှ ထထလည်တတ်တဲ့
အချစ်ဆိုတဲ့ ယန္တယားတစ်စုံလေ
တမ်းတချင်း ဆီချေးတွေ
အလွမ်းတွေ အထပ်ထပ်နဲ့
တစ်ကျိကျိ ငိုညည်းသံနဲ့ အတူ
နိုးထလာကြတယ်။ ။
တစ်ကယ်တော့ တို့နှစ်ယောက်ရဲ့
ဇာတ်သိမ်းခန်းမှာ လက်တွဲကိုဖြုတ်
မှောင်မိုက်တဲ့ မျှော်လင့်ချင်းမဲ့
ချောက်ကမ်းပါးထဲ ..
ခြေလှမ်းတွေ တစ်လှမ်းချင်း...
ဆန့်ကျင်ဘက် ကျောခိုင်းလို့
လှည့်မကြည့်စတမ်း လျှောက်ခဲ့ကြတာ
မင်းသိရဲ့လား.... ချစ်သူ..
ပြန်မဆုံမယ့် ခရီးခပ်ဝေးဝေးကို
ရောက်နေကြပြီတဲ့...................။


ပုံလေးကိုတော့ internet ကပဲ ရှာသုံးထားတာပါ။

Thursday 16 September 2010

ဒီအတိုင်းလေးထားလိုက်ပါ


အထက်လူကြီးတွေ
မိုက်လိုက်တာ
ကောင်းကင်ကျနို့ရည်တွေ
လူတန်းစားလဲမခွဲဘူး
လမ်းမှားအောင်လဲ မလုပ်ဘူး
ကျုပ်ချိုတာ လူတိုင်းသိတယ်
ပင်စည်မြင့်ပေမယ့် ဘ၀င်မမြင့်ပါဘူး
ခုတော့ ငါ့ကြောင့်တဲ့
လူအုပ်တစ်စု လာတယ် အတူတူ
ဟော..ပြန်သွားတယ် တစ်ကွဲစီ
သဘာဝကို သစ်ခေါက်ရောတယ်
အိုးထဲကို တစ်ညသိပ်တယ်
အိပ်ယာကလဲ နိုးရော
အဖြူရောင်ခေါင်းပေါင်းစကြီးနဲ့
စားကြည့်တော့ခါးခါးကျိကျိ
ကျုပ်နို့ရည် ပင်ကိုယ်ချိုကို
အသွင်အို အရမ်းခါးရတာ
ထန်းသမားတွေပေါ့

တွေးလက်စ


စမ်းရေလဲနောက် ပန်းလဲခြောက်ပြီ
အိမ်ပြန်ချိန်တောင် ရောက်ပြီကော...
စိတ်ရိုင်းတစ်ခုရဲ့ ၀ါးမျိုဒဏ်ကို
ဆေးမြီးတိုနဲ့ အန်တုခဲ့တာ
နာရီတွေတောင် ငိုက်မြည်းလာတယ်..
ခရီးနှင်စကတည်းက မျက်တောင်တွေကို
လမ်းခွဲမပေးချင်ဘူး
တိတ်ဆိတ်လွန်းတဲ့ စမ်းရေအိုင်ကို
ငါထိုင်ငေးမိတယ်......
ရေရိပ်က မျက်ရည်တွေကို
မင်းဘယ်သူလဲလို့ မေးစမ်းလိုက်ချင်တယ်..
နောက်ကျောမှာနေ ရှေ့ရင်ပြင်မှာစမ်း
အတိတ်စိမ်းတွေကို ရေးခြစ်နေတာ
ငါ့အရိပ်တောင် ငိုနေပြီပဲ

Tuesday 14 September 2010

ပုံရိပ်ဟောင်းရဲ့ဆေးပန်းချီ



ပန်းစိုက်သမားရဲ့ရင်ခွင်ဟာ
ပန်းခင်းပဲလို့ သိရမယ်
ခူးပန်ခွင့် မရှိပေမယ့်
ဆူးခြံရစ်ထားမှ လှပနိုင်မယ်လေ...
အသက်မွေးမှု့ရဲ သစ္စာရှင်ကို
ဘယ်နေရာဘဲ ရောက်ရောက်
တန်းဖိုးအရှိဆုံးနေရာကို ပေးရမယ်
ဒါဟာ ဖြစ်သင့်တဲ့ နိယာမဘဲလေ...
ခင်မင်မှုရဲ့ အထိမ်းအမှတ်ကို
လက်ဆောင်တစ်ခုနဲ့ ဆုံးဖြတ်ရင်
လက်ဆောင်တော့ ရလိမ့်မယ်
ဒါပေမယ့် နောက်ဆုံးလက်ဆောင်ပဲ ဖြစ်မှာပေါ့....
ကျနော်ကို သူလိုက်ပို့တယ်
နောက်ပြီးကျနော်ကို သူပြောတယ်
(..................) တဲ့ မှတ်မှိသေးရဲလား
ဗြောင်ပြန်စီးတာ သိခဲ့လို့
ကျေးဇူးတင်တယ်
မြစ်နဖူးမှာ အသစ်ထူးတာမို့
မလွမ်းရဲသေးပေမယ့်
မမေ့ရဲဘူး ဆိုတာ
သူငယ်ချင်း မင်းသိနိုင်ပါစ ။

(မှတ်ချက်.....သူငယ်ချင်တစ်ယောက်ရဲ့ ရင်ဘတ်ကိုငှား၍ ခံစားတင်ပြပါသည်။)

တစ်နေ့တာခရီး



အလင်းရယ် ဖြာကျတဲ့
နံနက်ခင်းအစ ကန်စရာကန်
ဆွဲစရာဆွဲ ခပ်မြန်မြန်
ပြင်ဆင်လို့
ရုံးတော်ကို အမှီ gone ရတယ်။
နံနက်ခင်း ခရီး
အသော့နှင် လိုက်တော့
ထမင်းစားချိန် တစ်ထောက်
lunch ဆိုတာကြီးများ
တယ်မြန်တာဆိုပဲ။
ပြီးပြန်တော့
အသော့ကလေး ခရီးဆက်နှင်
၆ နာရီဒေါင်ဒေါင် သံပေး
ငဲ့စောင်းကာ ဘယ်ကြည့်ညာကြည့်
အိတ်ကိုင်ကာ မာရသွန်ရယ်ဖြင့်
dinner ကြီးကတော့ ဖြစ်သလိုတဲ့လေ။
တစ်နေ့တာ အချိန်ဇယားမှာဖြင့်
သည်အချိန် အကြိုက်ဆုံးပေမို့
ကော်ဖီတစ်ခွက်ဘေးကိုချ
ဘလော့ အိမ်လည်ရယ်
ဟိုဝင်ကာ ဒီထွက်နဲ့
ကော်ဖီကလည်းလဲကုန် ၁၂ နာရီဆို
နောက်တစ်နေ့ကူးပြီမို့
ဒိုင်ဗင်ပစ်ကာ ထိုးလိုက်တယ်
အိပ်ယာပေါ်
အိပ်တော့မယ်ကွယ်။................။


ဟီးဟီး... ကဗျာရေးချင်တာ စိတ်ထဲမှာ အဲလို ဂယောက်ဂယက်ပဲ ထွက်လာတာနဲ့ အဲလိုပဲ ရေးလိုက်တော့တယ်။ သည်းခံပေးကြပါကုန်။ ဟီး...................
ပုံလေးကတော့ internet ကရှာသုံးထားတာပါ။

Friday 10 September 2010

ကြုံခဲ့သော အဖြစ်အပျက်လေးတစ်ခု

လေးမွန်ငယ်ငယ်က အဖြစ်အပျက်လေးပါ။ တကယ့်ဖြစ်ရပ်မှန်လေးတစ်ခုပေါ့။ လေးမွန်အသက် 13/14 နှစ်အရွယ် အဖြစ်အပျက်လေးကို မျက်မြက်ကိုယ်တွေ့ ဖြစ်ခဲ့ပေမယ့် ခလေးသဘာဝအရ အမှုမဲ့ အမှတ်မဲ့ နေခဲ့တော့ သေချာသေချာတော့မသိခဲ့ဘူး အဆာ့သန်ခဲ့တာကိုး ၊ အကြောင်းတိုက်ဆိုင်လာတော့ ဒီအကြောင်းလေးကို သေချာသိခွင့်ရခဲ့တယ် ဖြစ်ပုံလေးက ဒီလိုပါ………

လေးမွန် ဟိုတစ်နှစ်က မြို့ကနေ မွေးရပ်ဇာတိမြေကို အလည်တစ်ခေါက်ပြန်ခဲ့ပါတယ်။ အိမ်ရောက်တော့ အမေကနေမကောင်းဖြစ်နေတာနဲ့ ကြုံရတယ်။ တောသဘာဝအရ အိမ်တွင်း မကောင်း တာပြောလို့ပြော ရိုးရာကိုင်တာပြောလို့ပြော အို.. စုံနေတာပဲ။ လေးမွန်တို့က ခေတ်လူငယ် တွေဆိုတော့ ဒါတွေအစွဲအလမ်းမရှိပါဘူး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာဘဲလို့ တွေးမိတယ်။ တစ်ခါတစ်လေ ရွာပြန်ပါတယ် စိတ်ကိုညစ်သွားတာပဲ။

ညနေရောက်တော့ ရွာရောက်တုံး ရွာဦးကျောင်းဆရာတော်စီ သွားအုံးမှဘဲဆိုပြီး ဆရာတော်အတွက် မြိုကပါလာတဲ့လှူစရာလေးတွေယူပြီး ကျောင်းသွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဆရာတော်ကိုဦးခိုက်ပြီး စကားစပ်မိစပ်ရာတွေပြောမိရာက အိမ်မှာလဲ အမေနေမကောင်းဖြစ်နေတယ်ဘုရား။ ရွာကလူတွေပြောတာက အိမ်တွင်းမကောင်းတာတို့ ရိုးရာမကောင်းတာတို့ ပြောတာပဲဘုရား။ တပည့်တော်တော့ မယုံပါဘူးဘုရားလို့ လျှောက်တော့ အေး..မင်းတို့ယုံတာ မယုံတာအပထား ဘုန်းဘုန်းငယ်ငယ်တုံးက အဖြစ်အပျက်ကို ပြောပြမယ် မင်းတို့ကငယ်သေးတော့ မှတ်မိမယ်မထင်ဘူး ကြားတော့ကြားဘူးမှာပေါ့။

ဘုန်းဘုန်းအသက် ၁၄နှစ်အရွယ် ကိုရင်ဘ၀ မြို့မှာစာသင်နေတာ၊ ဘုန်းဘုန်းအထက်မှာ အစ်မ နှစ်ယောက် အစ်ကိုတစ်ယောက်ရှိတယ်။ အစ်မအငယ်က နေမကောင်းဘူး တစ်နေ့ရွာက လူတစ်ယောက် ဘုန်းဘုန်းစီရောက်လာတယ် ကိုရင့်အစ်မလေးတော့ ဆုံးပြီတဲ့ ကိုရင်ရွာကိုလိုက်ခဲ့ပါတဲ့။ အဲဒါနဲ့ ဘုန်းဘုန်းလဲ ဆရာတော်လျှောက်ပြီး ရွာကိုလိုက်ခဲ့တယ်။

တောဓလေ့ထုံးစံအတိုင်း အသုဘ ၅ ရက်ထားပြီးသင်္ဂြိုဟ်တယ်။ ဘုန်းဘုန်းလဲ အစ်မလေး အလောင်း မြေကျပြီးတာနဲ့ နောက်နေ့ ဒကာကြီး (အဖေ)နဲ့ မြိုကိုပြန်လာခဲ့တယ်။ ရွာကနေပြီး ကားစီးရမယ့်နေရာကို ရောက်ဖို့ ၁-နာရီကျော်ကျော်လမ်းလျှောက်ရတယ်။ အဲဒီမှာစတာပဲ လမ်တစ်ဝက်လဲရောက်ရော ဟိုဘက်ရွာက ပြန်လာတဲ့ အစ်မလေးသူငယ်ချင်း တစ်ယောက်နဲ့ လမ်းမှာဆုံကြတယ်။ အစ်မလေးသူငယ်ချင်းက တို့များရှေ့ လဲရောက်ရော ၀င်ပူးတော့တာပဲ။ ဘုန်းဘုန်းကငယ်ငယ်လေးဆိုတော့ မျက်စိသငယ်နဲ့ ကြည့်နေမိတယ်။ ဒကာကြီးကတော့ မေးတာပေါ လေ ဘယ်သူလဲ ဘာညာစသည့်ပေါ့ သူကဘာမှပြန်မပြောဘူး မျက်လုံးအပြူး သားနဲ့ ဘုန်းဘုန်းကိုစိုက်ကြည့်နေတယ်။ နောက်ဆုံးတော့ အဖေကလဲ ငါ့သမီးဆို ငါနဲ့လိုက်ခဲ့ မနှောက်ယှက်နဲ့ ဆိုပြီး ခေါင်းပုတ်လိုက်တဲ့အခါ သူလဲကောင်းသွားပြီး ရွာဘက်ကိုသွားတယ်။ တို့သားအဖလဲ ကားဂိတ်ကို ဆက်လျှောက်ကြတယ်ပေါ့။ အဲဒီမှာ ဒကာကြီးကပြောတယ် ကိုရင်တဲ့ အဲဒီကောင်မလေးက ကိုရင့်အစ်မဆုံးတဲ့ နေ့ကစပြီး တစ်နေ့လုံးငို တစ်နေ့လုံးတက်နေလို့ တခြားရွာကိုပို့ထားတာတဲ့။ ဘုန်းဘုန်းလဲအမှုမဲ့အမှတ်မဲ့ဘဲ အင်း လိုက်ပြီး ကားဂိတ်ကိုလိုက်ခဲ့တယ်။

ဒီလိုနဲ့ ဘုန်းဘုန်းတို့သားအဖရန်ကုန်ရောက်တော့ ဒကာကြီးကပြောတယ် ကိုရင့်ဘကြီးစီအရင်သွား မယ် သူတို့ကိုလဲ အသိပေးရအုံးမယ်တဲ့။ ဒါနဲ့ဘကြီးအိမ်ရောက်တာပေါ့ကွာ။ ဘကြီးအိမ်ရောက်လို့အစ်မလေး အကြောင်းပြောပြီး အဒေါ်က အဖေ့ကိုထမင်းကျွေးဖို့ ထိုင်ရာကလဲထရော ထမရတော့ဘူး ကြမ်းပြင်နဲ့တင်ပါး ကပ်နေတယ်။ အဲဒါနဲ့ အဖေကလဲ ထမင်းမစားတော့ဘူး ကိုရင့်ကို ကျောင်းပြန်ပို့တော့မယ်ဆိုပြီး ထပြန်ခဲ့ကြ တယ်။ နောက်တော့ကြားတယ် သူတို့လဲ ဆရာတွေပင့်ပြီး မေးကြတော့ အစ်မလေးလိုက်လာတာတဲ့ ဘကြီးတို့ ကို လိုက်နှုတ်ဆက်တာလို့ပြောတယ်။

ကျောင်းပြန်ရောက်တော့ ဘုန်းဘုန်းလဲပင်ပန်းတော့ အိပ်ယာစောစောဝင်ခဲ့တယ် ။ အိပ်မပျော်တပျော် အစ်မလေးရောက်လာတယ်။ ဘုန်းဘုန်းစိတ်ထဲမှာ အစ်မလေး မြေချတဲ့နေ့က အစ်မလေးကိုယ်ပေါ်မှာ တင်ထားတဲ့ အ၀တ်အစားနဲ့ အစ်မလေးကို မြင်နေရတာ။ အစ်မလေးကခြင်ထောင်ကြိုးတွေကိုလိုက်ဖြုတ်တယ်။ အစ်မလေး မလုပ်ပါနဲ့ အိပ်ချင်လို့ပါ ဆိုတော့ မအိပ်နဲ့အုံးတဲ့ အစ်မလေး ကိုရင်နဲ့တစ်ညလုံးနေမယ်တဲ့ နောက်နေ့ဆို အစ်မလေး ကိုရင့်ကိုတွေ့ရတော့မှာမဟုတ်ဘူးတဲ့။ အိမ်မှာဘုန်းဘုန်းက အငယ်ဆုံးဆိုတော့ အစ်မလေးက ဘုန်းဘုန်းကိုအရမ်းချစ်တယ် သေခါနီး ဘုန်းဘုန်းဓာတ်ပုံကိုလက်ညိုးထို့းပြီး ဆုံးတာလို့ အဖေက ပြောတယ်။ မနက်လေးနာရီထိုးတော့ ကိုရင် အစ်မလေးပြန်တော့မယ် ကိုရင်လဲ အိပ်တော့တဲ့၊ ပြောပြီး အစ်မလေးလဲ ပျောက်သွာတယ်ဘုန်းဘုန်းလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။

နောက်တစ်ပတ်လောက်ကြာတော့ ရွာကဦးလေးတစ်ယောက် ရန်ကုန်လာရင်း ဘုန်းဘုန်းစီဝင်လာ တယ်။ ဦးလေးကပြောတယ် ကိုရင်တို့ပြန်တဲ့နေက ကိုရင့်အဒေါ် အိပ်မက် မက်တယ်။ ကိုရင့်အစ်မလေး အိမ်ရောက်လာပြီး ကိုရင့်အဒေါ်ကိုပြောတယ် အဒေါ် ကျမ ကိုရင့်ကိုလိုက်ပို့ပြီးပြန်လာတာ အိမ်ရောက်တော့ အမေကငိုနေတယ် ဘာဖြစ်လို့လဲမသိဘူးတဲ့ အဲဒါနဲ့ ကျမလဲ အိမ်မ၀င်တော့ဘဲ ဘေးအိမ်ကိုဝင်တော့ ဘေးအိမ်ကအဒေါ်က ကျမကို ဟဲ့ ခွေးဆိုပြီးမောင်းထုတ်လို့ အဒေါ်စီလာတာလို့ပြောတယ်။ ကိုရင်အဲဒီနေ့ဘာဖြစ်သေးလဲလို့ မေးတယ်။ ဘုန်းဘုန်းလဲဖြစ်ခဲ့တဲ့ အကြောင်းကိုပြောပြလိုက်တယ်။ အဖြစ်အပျက်ကကွက်တိဘဲ။ မယုံလို့လဲမရ ကိုယ်တိုင်ဖြစ်ခဲ့တာဆိုတော့ ခက်သားကလားလို့ ဆရာတော် ကပြောတယ်။

နောက်အဖြစ်အပျက်တစ်ခုကို ဆရာတော်က ထပ်ပြောတယ် နင်တို့လိုပဲ ဘုန်းဘုန်း ရဟန်းဘ၀ ရောက်တော့ မြို့ကနေ ရွာပြန်လာတယ်။ ရွာရောက်တော့ အမေကနေမကောင်း ဖြစ်နေတယ် တော်တော် ကြာနေပြီတဲ့။ ဘုန်းဘုန်းလဲ ဘာစိတ်ကူးပေါက်တယ်မသိပါဘူး အိမ်ခန်းထဲဝင်သွားပြီး အိမ်မှာကိုးကွယ်ထားတဲ့ ဆွဲအုန်းကို ကိုင်ပြီးပြောတယ် မင်းတို့ကို အိမ်မှာကိုးကွယ်တာ အိမ်ရှင်တွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ထားတာ အဲဒီလိုမှ မကာကွယ်မစောင့်ရှောက်ဘူးဆိုရင် မင်းတို့ အိမ်တွင်းနတ်တွေ ရိုးရားနတ်တွေကို ဘာလို့ ကိုးကွယ်မလဲဆိုပြီး စိတ်တိုတိုနဲ့ ဆွဲအုန်းကိုကိုင်လှုပ်ခဲ့တယ်။

အဲဒီည ဘုန်းဘုန်းလဲကျောင်းမပြန်တော့ဘဲ အမေနေမကောင်းဖြစ်နေတော့ အိမ်မှာပဲ အိပ်ဖြစ် တယ်ပေါ့။ ည ၁၂-နာရီလောက်လဲရောက်ရော အိပ်ပျော်နေတဲ့အချိန် တစ်ယောက်ယောက်က လူကိုလှုပ်နှိုးသလိုဖြစ်တာနဲ့ မျက်လုံးဖွင့်ကြည့်တော့ ညရဲ့မှုန်ရီဝိုးတ၀ါးအောက်မှာ ရှမ်းဝတ်စုံအနက်နဲ့ လူနှစ်ယောက် ဓားကိုစလွယ်သိုင်ပြီး ခြေရင်းမှာထိုင်နေတာ ၀ိုးတ၀ါး တွေ့ရတယ်။ ဘုန်းဘုန်းကဘယ်သူလဲလို့မေးတော့ သူတို့က ဘာမှပြန်မပြော ဘူး ၅-မိနစ်လောက်ကြာတော့ အိမ်အလယ်က ထုပ်တန်းပေါ်ကိုပြန်တက်သွား ကြတယ်။ မနက်မိုးလင်းတော့ အဖေ့ကို မေးကြည့်တယ် အိမ်ကရိုးရာနတ်ကဘာလဲဆိုတော့ အဖေကပြောတယ် ရှမ်းတလိုင်နတ်တဲ့။ ကဲ တိုက်ဆိုင်ပုံ ညကအကြောင်းအဖေ့ကိုပြောပြတော့ အဖေလဲရိုးရာတွေပြန်တင်ပေါ့လေ နောက်လေးငါးရက်လောက်ကြာတော့ အမေလဲကောင်းသွားတယ်၊ တိုက်ဆိုင်တာလား ဘာလားတော့မသိဘူး။ အဲဒီတော့ မင်းတို့လဲ လောကီကို မပယ်နဲ့ လောကုတ္တရာကိုလဲ မကွယ်စီနဲ့ လုပ်သင့်တာလုပ်လို့ ဆရာတော်က မိန့်တယ်။

ဒါနဲ့လေးမွန်တို့လဲ အိမ်ပြန်ရောက် အဖေနဲ့တိုင်ပင်ပြီး လုပ်သင့်တာတွေ လုပ်လိုက်တာ လေးမွန်မပြန်ခင် အမေလဲနေကောင်းသွားတယ်။

လေးမွန်ပြောချင်တာကတော့ မိဘရိုးရာ လောကီကိုးကွယ်မှုကို မပယ်သင့်သလို လောကုတ္တရာကွယ်အောင်လဲ မကိုးကွယ်သင့်ဘူးဆိုတာပါဘဲ။ စာရှုသူတို့လဲ သိသင့်တယ်ထင်လို့ ကိုယ်တွေ့ဖြစ်ရပ်လေးကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ စာနဲနဲရှည်သွားတာကိုတော့ ခွင့်လွတ်ကြပါလို့တောင်းပန်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျှက်……………..။

Wednesday 8 September 2010

သူဌေး

စားတာက ခေါက်ဆွဲခြောက်
အိပ်တာက လေးထောင့်ကွက်
ဝတ်ဖြစ်တာက ဖြစ်သလိုလေး
မသုံးနိုင်ချွေတာကာ တစ်လကိုဖြင့်
ပိုသလို အိမ်တော်ပါမိသားစုကိုလ
မနှေးအမြန် တစ်လကို အမှန်
ငွေသားပို့ရတယ်.......။ ။
ဒီလိုနဲ့
ပြန်ချိန်ရယ်တန်
ခွင့်တစ်လ အမှန်ရတာမို့
ပျော်မဆုံး ပထမအလှူလေးနဲ့
ပေးချင်ချင် မပေးချင်ချင်
ရေစက်ချ တရားရယ် မပါစွာနဲ့
မြန်မကြာ အခွန်ဆိုတာများ
ဆောင်လို့ရယ်...
အိတ်တော်ရယ် ထက်ဝက်လောက်ပါးတော့တယ်..။ ။
မကုန်သေး ကျန်သေးသပ
အကြောင်းရယ် လာကြိုသူအပေါင်း
အိမ်ရောက်လို့ အထုပ်ရယ်ဖြေ
အမယ်မင်း ၀ိုင်းဆွဲကာရယ်ဖြင့်
မျက်ရည်မထွက်ရုံတစ်မယ်
သံတုန်ကာ သနားစရာ
မျက်နှာထားနဲ့ တစ်ကိုယ်စာ
လုံယုံတော့ ချမ်းသာကာ
ပေးကြပါလို့...နတ်ချင်းသံနှော်
ငြီးငိုကာပြတော့မှ ...ခေါ်ကြတယ် သူဌေး

ဘာရယ်မဟုတ်ပါဘူး။ အိမ်ပြန်ဖို့စဉ်းစားမိရင်း တွေးမိတာလေးကို ချရေးမိတာပါ။

Friday 3 September 2010

အမေ့အရိပ်



အမေ့သွေး အမေ့ချွေးတွေနဲ့
လူဖြစ်ခဲ့တဲ့ငါ
လောကဓံကိုမမှုခဲ့ဘူး
အပြုံနဲ့ပဲ ဘ၀ကိုစခဲ့တယ်။
အမေ့သွေး အမေ့ချွေးတွေနဲ့
ကြီးပြင်းခဲ့တဲ့ငါ
ဘာအပူပင်မှ မရှိခဲ့ဘူး
အမေ့ရင်ခွင်မှာ နားခိုးရင်း
အမေ့ကိုယ်သင်းနံ့ကိုရှူရှိုက်လို့
ဆက်လက်ရှင်သန်ခဲ့တယ်။
အမေနဲ့ဝေး
ငါ့သွေး ငါ့ချွေးတွေနဲ့
ငါ့ဘ၀ကို ငါရေးတဲ့အခါ
အမေ့သွေး အမေ့ချွေးတွေ
ငါ့အတွက်
လိုအပ်နေသေးတယ်ဆိုတာ
ခုမှပိုသိလာခဲ့တယ်။
(အဖေ့ကိုလည်းရည်ရွယ်လျှက်)