Tuesday 15 September 2015

ပြည်သူတစ်ယောက်၏ အမြင်



 ပထမဆုံးကျွန်မ၀န်ခံထားပါရစေ။ ကျွန်မနိုင်ငံရေးအကြောင်း ဘာတစ်ခုမျှ မသိပါ။ လုပ်လဲမလုပ်ဖူးပါ။ ယခု ကျွန်မရေးသောစာ အမြင် သဘောတရားတို့သည် ဖိနှိပ်ခံပြည်သူတစ်ယောက်အနေနှင့်သာ ရေးမိခြင်းဖြစ်ပါသည်။ ဒီလို အကြောင်းအရာ ဒီလိုပို့စ်မျိုးကိုလည်း ပထမဆုံးအကြိမ် ရေးမိခြင်းဖြစ်ပါသည်။ ရေးဖို့လည်း တော်တော်စဉ်းစားခဲ့ ရသည်။ မသိပဲ ဘာလို့ရေးသလဲဟုမေးသော် အဖြေရှိပါသည်။ ကိုယ်မွေးဖွားရာ ဇာတိအမိမြေကြီးအတွက် စိတ်ထဲမှာ ခံစားရလွန်းလို့ ရေးပါသည်။ မြိုသိပ်မထားနိုင်၍ ရေးပါသည်။ ပေါက်ကွဲလာ၍ ရေးပါသည်။ ဒုတိယအကြိမ် ကျွန်မထပ် ပြီးပြောပါမည် ယခုရေးသောစာသည် ဖိနှိပ်ခံပြည်သူတစ်ယောက် အနေနှင့်သာ ရေးပါသည်။ 


          ဟိုးအရင်ကဆိုလျှင် ဆန္ဒပြသူများကို ကျွန်မမုန်းပါသည်။ သည်လူတွေအားနေလို့ လမ်းပေါ်ထွက်တာနှင့် ကျွန်မတို့လို အခြေခံလူတန်းစာတွေကို ဒုက္ခရောက်ရသည်ဟုတွေးသည်။ သည်လူတွေလုပ်လို့ တက္ကသိုလ်ကျောင်း တက်ဖို့ ၃ နှစ်ကျော်ကျော် လေးနှစ်စောင့်လိုက်ရသည်။ ဗေ ဂျိ ဆိုထိပြီးဟ ဆိုသည့် လူအတန်းအစားထဲတွင် ပါသည့် အားလျော်စွာ တော်၏ရော်၏ အဝေးသင်လေးနှင့်သာ ကျေနပ်လိုက်ရသည်။ ဘာတတ်ဆို ဘာမျှမတတ်။ ကြိုးစားချင် သည့် လူငယ်တစ်ယောက်၏ ဘ၀တွင် တက်လမ်းဟူသမျှ အကုန်ပိတ်နေသည်ဟု ခံစားခဲ့ရသည်။ နိုင်ငံကလှုပ်လှုပ်ဆို လျှင် တတ်နိုင်သည့်လူတွေက ဆန်တွေပိုဝယ် ဆီတွေပိုဝယ်။ အိမ်မှာလှောင်ထား။ စီးပွားရေးသမားကြီးများကလည်း ကုန်ဈေးနှုန်းကို လိုချင်သလောက်တက်လိုက်ကြသည်။ ဒီနေ့ပိုက်ဆံရှာ မနက်ဖြန်သုံးရသော ကျွန်မတို့လို အခြေခံ လူတန်းစားများအတွက် ဆန်လဲ ပိုမ၀ယ်နိုင် ဆီလဲ ပိုမ၀ယ်ထားနိုင်ဖြင့် တက်ချင်သလောက်တက်ထားသော ဈေးနှုန်းနှင့် သာ တစ်နေ့စာတစ်နေ့ဝယ်ခဲ့ရသည်။ အရင်က ဘဲဥဟင်းချက်စားနိုင်လျှင် ထိုအချိန်ဆို ကန်ဇွန်းရွက်ကြော်နှင့် ငါးပိ ရည်ဖျော်တစ်ခွက်သာ ဟင်းဖြစ်တော့သည်။
         
        
    အလုပ်များနားလိုက်ရလျှင် ငါတို့မိသားစုတော့ ဒုက္ခဟု တွေးပြီးသောကပွားရသည်။ အလုပ်နားရလျှင် ၀င်ငွေ မရှိ။ ၀င်ငွေမရှိလျှင် ဒီနေ့မလုပ်ရ နောက်နေ့ ဘာနှင့်စားရသောက်ရမည်နည်း။ ငတ်ပေတော့မည်။ တွေးရင်း ဒေါသတွေထွက်သည်။ ကိုယ်တွေမှာ စားရေး နေရေး ၀တ်ရေး ရုန်းကန် မအားလပ်ရသည့် ကြားထဲ. ဒီလိုဟာတွေကြောင့် ဒါတွေဟာ လမ်းပေါ်မှာ ထွက်ပြီး ဆန္ဒပြသူများကြောင့်ဟု မြင်သည်။ နိုင်ငံရေးလုပ်သူများ၏ မိသားစုများသည်လည်း ရတက်မအေးရပေ။ နိုင်ငံရေးက လှုပ်လှုပ်ဆိုလျှင် သူတို့အိမ်ရှေ့ ကားတစ်စီးထိုးဆိုက်လာကာ ထိုသူအားခေါ်ဆောင်သွားလေ့ရှိသည်ကို မြင်ရတတ်သည်။ မိသားစုများကလည်း မျက်ရည်လေးဝဲ၀ဲ။ ကိုယ့်အိမ်ရှေ့ ကိုယ့်မျက်စိရှေ့ဖြစ်သော်ကြောင့်  မကြည့်ပဲ မြင်နေရသည်။ အမှန်ဆို ထိုနိုင်ငံရေးလုပ်သူကြီးသည် ဖခင်တာဝန်လည်းမကျေ။ ခင်ပွန်းတာဝန်လည်းမကျေ။ ဇနီးဖြစ်သူ မှာ ၀မ်းရေးလဲ ကိုယ့်ဘာသာကိုယ်ရှင်း သားရေးသမီးရေးလဲ ကိုယ့်ဘာသာကိုရှင်း ဒီလိုအညိမ့်သားထိုင်စားပြီးတော့ များ ဇနီးကို စိတ်ဆင်းရဲအောင် လုပ်ရက်လေတယ်ဟု ကျွန်မတွေးသည်။

         
          ည ၈ နာရီသတင်းလာလျှင် ဘယ်နားမှာ တံတားကြီးဖွင့်လိုက်ပြန်ပြီ။ သီချင်းတွေဆိုလို့ ဇာတိမာန်တွေ ထက်ပြနေလိုက်တာ မြန်မာ့ရုပ်မြင်သံကြားကမြင်နေရသည်။ ဘယ်ဝန်ကြီးကဖြင့် ဘယ်နေရာသွား ဘယ်လိုညွန်ကြား ခဲ့သည်။ မြန်မာ့သတင်းစာဆိုလဲ ယူဖတ်ကြည့် ခေါင်းစီးပိုင်းက ဒါတွေကြီး။ ကိုယ်တိုင်ကလည်း ကိုယ့်အရေးသာ စိတ်ဝင်စားသည်။ ကိုယ်လုပ်မှ ကိုယ်စားနိုင်မှာ ကိုယ်ရှာမှ ကိုယ်ဝတ်နိုင်မှာ ဒါကပထမ။ အရေးကြီးတာက စီးပွားရေး လုပ်ကိုင်စားရနေဖို့သာအဓိက ဘယ်သူပဲတက်ပြီး အုပ်ချုပ်နေနေ ကိုယ့်အရေးမဟုတ်ဘူး။ ဘယ်သူပဲတက်လာ တက်လာ ဒီလိုပဲ သူတို့ရဖို့သာ စားဖို့ သောက်ဖို့ ၀ါးတီးဖို့သာ လုပ်ယူကြမှာပဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့် အကြောင်းကိုယ်တွေး ကိုယ့်ဘ၀ ကိုယ်သိဖို့သာအရေးကြီးသည်။ ကံသာလျှင် အမိ ကံသာလျှင်အဖ သြော် ငါကိုယ်က ကံမကောင်း အကြောင်းမလှလိုက်တာ ငါ့ဘ၀ကိုက ဆိုးလိုက်တာ။

အဲဒီလိုတွေးခဲ့မိသော ကိုယ့်ကိုယ်ကို ယခု အတော်ကြီး ရှက်မိသည်။

ငါတော်တော်လေး ညဏ်နည်းခဲ့ပါလား ငါတော်တော်လေး ယုတ်ညံ့ခဲ့ပါလား ငါတော်တော်လေး အသိညဏ် ခေါင်ပါးခဲ့ပါလား တစ်ကိုယ်ကောင်းဆန်ခဲ့တာပါလားဟု အတော်ကြီး အရှက်ရမိသည်။ ကျွန်မတို့ အသိညဏ်တွေ ပွင့်ဖို့လိုပြီ။ ကျွန်မတို့ ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ ကျွန်မတို့ ရုန်းထွက်ဖို့ အချိန်တန်ပါပြီ။ ကျွန်မတို့မှာ လျှောက်စရာလမ်းတွေ မရှိတော့ပါဘူး။ လမ်းတွေပိတ်နေခဲ့ပြီ။ ဒီလိုအချိန်မှာမှ မရုန်းထွက်ခဲ့လျှင် နောင်ရုန်းထွက်ဖို့ အခွင့်အရေးဟာ အတော်ကြီးကိုရှားပါးသွားပါလိမ့်မည်။ အခုအချိန်မှာ ရှေ့က လမ်းဖောက်သူကလဲ အားနဲ့အင်နဲ့ ဖောက်နေပြီ ကျွန်မတို့ကလဲ နောက်ကလိုက်ဖို့လိုနေပါပြီ။ ဒီလောက်နှစ်တွေချီပြီကြာအောင် ကာရံထားတဲ့ ဒီတံတိုင်းကြီးကို လူနည်းစုလေးနဲ့ ဖြိုနေရင် အချိန်ကြာသလို လမ်းလဲ မပေါက်လောက်ပါဘူး။ ဦးဆောင်မယ့်သူရှိတုန်း ချီတက်မယ့်သူရှိတုန်း ကျွန်မတို့ တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အင်အားလေးတွေကို အသုံးချလိုက်ကြရအောင်။

ဘာသာရေးကို ဗန်းပြပြီး အမြင်စောင်းအောင်လုပ်သည့် photo လေးများ သတင်းခေါင်းစဉ်လေးများကို ဖတ်မိ သည့်အခါ ကိုယ့်စိတ်ထဲမှ ထိုသို့လော်သည့်လူများကို မေးမိသည်။ ဘာကြောင့် ဒီလို လုပ်ရက်ရတာလဲလို့ မေးမိသည်။ ငါတို့ပြည်သူတွေ ကျောကော့နေအောင် ခံနေရတာ နင်မမြင်လို့များလား နင့်မိသားစု နင့်အသိုင်းအ၀န်းထဲမှာရော ဒီလို ဒုက္ခတွေကို မခံစားခဲ့ရဘူးလား။ မျက်စိမှိတ်ပြီး ခိုင်းတိုင်းလုပ်မနေပါနဲ့။ နင်လုပ်လိုက်တာက photo လေးတစ်ပုံပဲ။ ဒါပေမယ့် မသိနားမလည်သူရဲ့ ရင်ထဲ ၀ါဒတစ်ခုခုများရောက်သွားခဲ့ရင် ငါတို့တိုင်းပြည်ဟာ ဆယ်စုနှစ်တွေချီအောင် ငရဲ ထက်ခံနေရမည်။ နင်ကိုယ်တိုင်ကရော နင့်အနာဂတ်ဆိုတာကို ဘယ်လိုများ အာမခံချက် အပြည့်နဲ့ ရပ်တည်နေလဲ။ မြင်သာအောင် နမူနာလေး တစ်ခုပြောရရင် အပင်ကအသီးကို ဆွတ်ယူစားသုံးယုံသာ စားသုံးကြတယ်။ ဒီအပင် ဆက်လက်ရှင်သန်အောင် ကြီးထွားအောင် ဘာတစ်ခုမှ စွမ်းဆောင်ခြင်းမရှိဘူး။ ဒီအပင်သေလဲ သေ. သူသေတာ ငါတို့ အလုပ်မဟုတ်ဘူးလို့ ခံယူထားတဲ့ လူတစ်စုရဲ့ အောက်မှာ နင်တာဝန်ထမ်းနေတယ်ဆိုတာကိုမမေ့ပါနဲ့။ သူတို့မှာ တစ်ပင်လဲရင် နောက်တစ်ပင်ကူးလို့ရလောက်တဲ့ အခွင့်အရေးတွေ ယူထားပြီးသား အသီးတွေကိုလဲ လှောင်ထားပြီး သားရှိနေမှာပဲ။ နင် ငတ်နေလို့ သူတို့လှောင်ထားတဲ့ အသီးများ ထုတ်ကျွေးလိမ့်မယ်လို့ နင် မျှော်လင့်ထားမိသလား။ သေချာစဉ်းစားပါလေ နင်ပြောဆို ဆက်ဆံနေတဲ့သူတွေဟာ ဘယ်လိုလူမျိုးတွေဆိုတာ နင်ကိုယ်တိုင် သိပြီး ဖြစ်ပါလိမ့် မယ်။ အဲဒီလို လူမျိုးလူနည်းစုတွေရဲ့ အောက်မှာ နင်ဟာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေတာပါလို့ ဆိုလာရင်တော့ ဖြင့် နင်ဟာ အလွန်ကိုသနားစရာကောင်းလွန်းလှတယ်။ ဒီနေရာတွင်  နင် လို့သုံးနှုံးထားပုံဟာ မယဉ်ကျေး ပေမယ့် သည်းခံပေးပါဟုသာ ဆိုချင်ပါသည်။ မဟုတ်တမ်းတရား လုပ်ဇာတ် ဇာတ်လမ်းဖန်တီးနေသောသူများ ရပ်ကြပါတော့ရှင်။ သတင်းအမှန်ကိုသာ ထင်သာမြင်သာအောင် ရေးကြပါ။ မြန်မာလူမျိုးအချင်းချင်း ဆဲဆို ကြမ်းတမ်းတဲ့ စကားဆိုခြင်းတွေကို ကိုယ့်ကိုယ်ကို ထိန်းသိမ်းကြပါ။ သူများသေလို့ဝမ်းသာအားရ ဘယ်ဘာသာကွလို့ ပြောဆိုနေခြင်းထက် ကိုယ့်ဘာသာသာသနာ အရှည်တည်တံ့အောင်ထိန်းသိမ်းကြပါ။

ဘယ်ပါတီကို မဲပေးပါလို့ ကျွန်မတစ်ထစ်ချမပြောပါဘူး။ လူပြိန်းတွေးပဲ တွေးကြည့်ပါ။ 

ကျွန်မတို့ကို ဘာမျှ မပြောင်းလဲစွာ အုပ်ချုပ်လာတာ နှစ်ပေါင်းမည်မျှ ကြာပြီနည်း။ 

ကျွန်မတို့ပြည်သူတွေ ထမင်းဝခဲ့ကြရဲ့လား ပိုပြီးဆာလောင်လာကြသလား။ 

ကျွန်မတို့ရဲ့ မိသားစုတွေ ပျော်ရွှင်နေခဲ့ကြတာလား ခါးသီးခြင်းတွေနဲ့ ဘ၀တွေကို ရုန်းကန်နေကြရသလား ။

ကျွန်မတို့ပြည်သူတွေ ကြိတ်မနိုင်ခဲမရ တောက်ခေါက်ပြီး ငြိမ်ခံနေခဲ့ကြရသည်မှာ    နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ

ကျွန်မတို့အခြေခံလူတန်းစားတွေအတွက် ဖိနှိပ်ချုပ်ခြယ်မခံရတဲ့ နေရာများ ရှိခဲ့သလား ။ 

ကျွန်မတို့အခြေခံလူတန်းစားတွေနေ့စဉ်နှင့်အမျှကိုယ်စွမ်း သလောက် လျှောက်ခဲ့ကြတယ် ဆိုရင်တောင်မှ ကိုယ်ကြိုးစားခဲ့သလောက် ရလဒ်ကပြန်ရခဲ့ရဲ့လား။ (ဥပမာ- အစိုးရရုံးတွင်း ရာထူးစာမေးပွဲတစ်ခုခုအတွက် လျှောက်ကြ တယ်ဆိုပါတော့။ စာမေးပွဲမှာရတဲ့ ရလဒ်က အဓိကကျသလား သို့တည်းမဟုတ် စားမေးပွဲနောက်က ကန်တော့ခန်းက ပိုပြီးအဓိကကျသလား)     

 ရိုးသားကြိုးစားနေကြတဲ့ လူငယ်လေးတွေအတွက် အခွင့်အလမ်းက ဘယ်မှာလဲ။ အခွင့်အရေးက ဘယ်မှာလဲ။ 

 ပညာရေးစနစ်ကြီးကရော တိုးတက်လာခဲ့သလား ဆုတ်ယုတ်သွားခဲ့သလား။ 

တိုင်းပြည်မှာ တတ်သိနားလည်တဲ့သူတွေ ပေါများလာကြသလား ဆုတ်ယုတ်သွားခဲ့ကြသလား။

                    ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ဘ၀ကိုယ်ကြောင်းနေကြပေမယ့်  နေ့စဉ်နှင့် အမျှရင်ဆိုင်နေရတာက စား ၀တ် နေ ရေးပါ။ ပြောလျှင်တော့ဖြင့် ရေးလို့လည်း ကုန်မည်မထင်ပါ။ ကျွန်မရေးထားသည်များသည် ဘာမျှ မဟုတ်လောက်သေးသော အခြေခံ မေးခွန်းလေးမျှသာ ရှိသေးသည်။ ကိုယ်လုပ်သလောက် ကိုယ်ပိုင်ပြန်မရတဲ့ဘ၀။ ကိုယ်ကြိုးစားသလောက် ကိုယ်ပိုင် မခံစားရတဲ့ ဘ၀။ ကိုယ်က ခက်ခက်ခဲခဲ ဒီလိုနေရာ ရောက်အောင် ပင်ပင်ပန်းပန်း အချိန်တွေ လူတွေ စိတ်တွေ ရင်းပြီးရပ်တည်လာခဲ့ရသည်။  (နမူနာ- မိုးကျရွှေကိုယ်) လို့ နာမည်ကြီးနေသည့်ကိစ္စများကိုပဲ ကြည့်ပါ။ အရောင်စုံကာလာစုံ ဖဲကြိုးတွေနဲ့ ဆန့်ကျင်နေကြရတာကိုပဲကြည့်ပါ။ ကိုယ်တိုင်ရိုသေလို့ ခေါင်းလေးညိမ့် ခါးလေးကိုင်းပေးရတာက သဘာဝပါ ကြောက်လို့ ခေါင်းလေးညိမ့် ခါးလေးကိုင်းပေးရတာဖြင့် သဘာဝမကျလှပေ။
         
          သည်လိုဖိနှိပ်ခံ ဒုက္ခခံ မျက်ရည်တွေလျှံပြီး နေလာခဲ့ရသည်မှာ ဆယ်စုနှစ်ချီနေခဲ့ပါပြီ။ ဆက်ပြီးတော့ ဒီလိုပဲ သွားကြမလား။ နောက်ထပ်အသစ်အာဏာရလာသည့် ပါတီသည် ကောင်းလျှင်လည်း ကောင်းမည်။ ဆိုးလျှင်လည်း ဆိုးမည်။ ကျွန်မမေးလိုက်ချင်သည်က အဆုံးစွန်အောင် မှောင်နေသည့် အမှောင်ထဲမှာ ဆယ်စုနှစ်ချီအောင် ကျွန်မတို့ နေလာခဲ့ပြီးပြီပဲ။ ဒီထက်ပိုပြီး မှောင်မိုက်မှာကို စိုးရိမ်နေကြသေးသလား ကြောက်နေကြသေးသလား။ ကျွန်မတို့ မြင်နေရသည့် အလင်းဟာ ဘယ်လောက်ပဲ မိန်ဖျော့နေတယ် အားနည်းနေတယ်လို့ ဆိုဆို အမှောင်ထဲမှာထက်စာရင် ကျွန်မတို့ရဲ့ မျက်လုံးတွေ ပိုပြီး မြင်နိုင်ကြပါသေးတယ်။
         
         

          ဗုဒ္ဓဘာသာထွန်းကားရာ ဒီတိုင်းပြည်မှာ တရားဓမ္မကိုဟောပြောခွင့် နာယူခွင့်တွေ ပိတ်ပင်ခံကြရတယ်။ တရားဓမ္မလို့ဆိုမှတော့ အမှန်တရားကို ပြောရဟောရမှာပဲ။ အမှန်တရားကိုပြောတာဟောတာ ပိတ်ပင်ခံရတယ်ဆိုမှဖြင့် လိုက်ပြီးပိတ်ပင်နေတဲ့သူတွေဟာ အမှန်တရားကို လက်မခံနိုင်တာလား အမှားတရားကို လက်ကိုင်ထားတာလားလို့ မေးစရာရှိပြန်တယ်။ ကျွန်မက နိုင်ငံရေးဘာမှ မသိတဲ့ပြည်သူတစ်ယောက်ပါ။ ဒီလိုပြည်သူတစ်ယောက်မှာတောင် ဒီလို အမြင်မျိုး ဒီလိုမေးခွန်းမျိုး ဒီလိုအတွေးမျိုး ပြောင်းလဲရှိလာခဲ့ပါတယ်။ သေချာပါတယ် ကျွန်မနောက်တစ်ခေါက်ထပ်ပြီး မမိုက်မဲတော့ပါဘူး။ မှန်တဲ့လမ်းကိုပဲ ရွေးချယ်တော့မှာပါ။ အခွင့်အရေးရှိတုန်းလေး ရနေတုန်းလေး အင်အားညီညီ ညွတ်ညွတ်နဲ့ ရုန်းထွက်လိုက်ကြရအောင်လား။သူများယောင်လို့လဲ လိုက်မယောင်ကြပါနဲ့တော့။ အားလုံးသတိရှိစွာနဲ့ မှန်ကန်တဲ့လမ်းကိုရွေးချယ်ကြပါ။  

    မှိုင်းတိုက်မခံကြပါနဲ့တော့ မှိုင်းတိုက်ဖို့ လုပ်နေတဲ့ လူတွေလဲ ရပ်လိုက်ကြပါတော့ရှင်။ ကျွန်မတို့မဆိုင်သလိုနေခဲ့မိလို့ ဖိနှိပ်ခံသက်လည်း ရှည်ခဲ့ကြပါပြီ။ ကိုယ်ပိုင်အသိညဏ်နဲ့ သေချာ တွေးတောဆင်ခြင်ကြပါလို့ တိုက်တွန်းနိုးဆော်ရင်း မှန်ကန်တဲ့ လမ်းကိုရွေးချယ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။  

**
ချစ်သော ဘလော့မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။

ကျွန်မနှင့် စာရေးခြင်းအမှု


    


    ကျွန်မထံတွင် သော့ခတ်သိမ်းဆည်းထားသည့် ဒိုင်ယာရီစာအုပ်လေးများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။   နေ့တိုင်း ဒိုင်ယာရီ ရေးသလားလို့မေးလျှင် မဟုတ်ပါ။ နေ့စဉ်မှတ်တမ်းသဖွယ် ရေးသားခြင်းမျိုးလည်း မဟုတ်။ ရင်းနှီးကျွမ်းဝင်ရာ သူငယ်ချင်းလေးအားရင်ဖွင့် ပြောပြသည့်နှယ် ရေးခဲ့မိသည်။ ဒိုင်ယာရီစာအုပ်လေးတွင် ရေးရန်ပြင်လိုက်သည်နှင့် အစချီ ရာသည် “စာအုပ်လေးရေ..” ဟု ကျွန်မရေးတတ်ခဲ့သည်။တစ်ခါတစ်ရံစာအုပ်လေး၏စာမျက်နှာ နှစ်မျက်နှာနီးနီး ရေးချမိတတ်သည်။ ရေးပြီးပြီဆိုသည်နှင့် ကျွန်မက စာအုပ်လေးကို သော့ခတ် သိမ်းဆည်းလိုက်တတ်သည်။ တစ်ခါတစ်ရံ စပြီးရေးခဲ့သည့် ဒိုင်ယာရီစာအုပ်လေးမှ  လတ်တစ်လောရေးနေသည့် စာအုပ်လေးထိတိုင် တစ်ရွက် မကျန် ရေးထားသော စာများကို ပြန်ဖတ်နေတတ်သည်။
         
          ထိုကဲ့သို့သော ကျွန်မအား အိမ်သားများက စိတ်ကူးယဉ်ရူးဟု အမည်ပေးကြသည်။ ကျွန်မ၏ စာအုပ်လေးများကို မည်သူမျှ ယူဖတ်တာ မကြိုက်ပေ။ စာအုပ်လေးတိုင်း၏ သော့တံလေးများကိုလည်း ကျွန်မသွား လေရာ ယူဆောင်သွားလေ့ရှိသည်။ ကျွန်မစာရေးနေသည့်အချိန် အနားကဖြတ်လျှောက်သွားသည့် လူရှိလျှင်တောင်မှ ကျွန်မနှစ်သက်ခြင်းမရှိပေ။ မေးစရာတစ်ခုရှိသည်က စာအုပ်လေးထဲတွင် ဘာအကြောင်းအရာ များရေးသနည်း။ တစ်ခါတစ်ရံ ကိုယ်ခံစားရသည့် စိတ်ခံစားချက်များကိုရေးသည်။ တစ်ခါတစ်ရံ ကြည်နူးခြင်းများစွာ အကြောင်းရေးသည်။ တစ်ခါတစ်ရံ အမုန်းတရားတို့အကြောင်းရေးသည်။ တစ်ခါတစ်ရံ မျှော်လင့်ခြင်းအိမ်မက်များအကြောင်းရေးသည်။ တစ်ခါတစ်ရံ စိတ်ကူးယဉ် ဇာတ်အိမ်လေးများစွာရေးဖွဲ့ပြီး စိတ်ကူးရသလိုရေးသည်။
         

ဘာဖြစ်လို့ရေးသနည်း အဖြေရှိ ပါသည်။ ထိုကဲ့သို့စာအုပ်လေးထဲတွင် ကိုယ့်ရင်ထဲခံစားနေရသည့် အစိုင်အခဲ လေးတို့အား ချရေးလိုက်သည့်အခါ စိတ်သည်ပေါ့ပါးလွတ်လပ်သွားသည်။ ကျွန်မကိုခံစားရစေသော ထိုအကြောင်းအ ရာတို့သည် နာကျင်ခြင်းအမှုသည်၎င်း ပျော်ရွှင်ခြင်းအမှုသည်၎င်း ကြည်နူးခြင်းအမှုသည်၎င်း အားလုံးသည်တစ်နေရာ ရာတွင် သိမ်းဆည်းထားလိုက်သကဲ့သို့ ခံစားနေပျော်သွားရသည်။ ထို့ကြောင့် ကျွန်မရေးပါသည်။ ကျွန်မအတွက် စာအုပ်ကလေးများ ရှိနေလျှင် ပြည့်စုံနေခဲ့သည်။ ထိုမှတစ်ဖန် မဂ္ဂဇင်းစာအုပ်လေးများကို ငှားပြီးဖတ်နိုင်လာသည့်အခါ ကျွန်မသည် မင်းသား မင်းသမီး အင်တာဗျူးများထက် ပါဝင်လာသော အခန်းဆက် ၀ထ္ထုရှည်ကလေးများ ၀ထ္ထုတိုက လေးများကို ပိုပြီးစိတ်ဝင်တစ်စားဖတ်သည်။ ပြီးလျှင် ကျွန်မ၏သော့ခတ်ထားသော စာအုပ်လေးများထဲတွင် ကိုယ်တိုင် ဖန်တီးသော ၀ထ္ထုတိုလေးများကို ရေးသည်။

ထိုကဲ့သို့ အေးဆေးစွာ တစ်ကုတ်ကုတ်ရေးနေသော ကျွန်မအား မိဘများက  စိတ်ကူးယဉ်လွန်ကာ စောစီးစွာ အိမ်ထောင်ကျသွားမည်ကိုစိုးရိမ်ကြသည်။ ထို့ကြောင့် မဂ္ဂဇင်းစာအုပ်များငှားဖတ်လျှင် ဂမ္ဘီရနှင့် ပတ်သတ်သည့် မဂ္ဂဇင်း များကိုသာ ငှားဖတ်ခွင့်ရလေတော့သည်။ သည်တွင်လည်း ကျွန်မ၏ စိတ်ကူးထဲတွင် ဂမ္ဘီရနှင့်ပတ်သတ်သည့် ၀ထ္ထုတို လေးများကို ဖန်တီးကာရေးသာပြန်သည်။ ထိုကဲ့သို့ ကျွန်မက စာဖတ်လိုက်ရေးလိုက်လုပ်နေနိုင်သည်မှာ အကြောင်းက လည်းရှိခဲ့သည်။ ကျွန်မတို့ ၁၀ တန်းအောင်စာရင်းထွက်ပြီး တက္ကသိုလ်တက်ရန် လေးနှစ်ကျော်မျှ စောင့်ခဲ့ရသည်။ အိမ်မှာနေရင်း ဈေးထည်များယူချုပ်သောအခါ ကျွန်မအတွက်မုန့်ဖိုးရသလို ပိုနေသည့်အချိန်တွင် ကျွန်မ၏အလုပ်သည် စာဖတ်လိုက် စိတ်ကူးယဉ်ရသမျှ ရေးလိုက် နှင့် ကိုယ့်ဘ၀ကိုယ် အတော်ကြီးသာယာနေခဲ့ဖူးသည်။

ထိုကဲ့သို့နေရသည်မှာ အေးချမ်းသည် ဟုထင်မိသည်။ ကိုယ့်ရဲ့စိတ်ကို အနားမပေးပဲ ကိုယ်လုပ်ချင်နေသည့် ၀ါသနာပါသည့် အရာကိုလုပ်နေရသည်မှာ အချိန်တွေအကုန်မြန်သလို ဘ၀ကြီးထဲနေရသည်မှာ နေပျော်သည်ဟု ကျွန်မ ထင်မိခဲ့သည်။ ထိုမှတစ်ဆင့် ကျွန်မသည် ၀ထ္ထုတိုကလေးများအား မဂ္ဂဇင်းတိုက်များသို့ပို့ရန်ပင် ဆန္ဒရှိနေခဲ့သည်။ မဂ္ဂဇင်းတိုက်များ၏ လိပ်စာကိုရေးမှတ်ရသည်မှာလဲ အလုပ်တစ်လုပ်ဖြစ်လာခဲ့ပြီ။ သို့ပေမယ့် ပို့ရဲသည့် သတ္တိတော့ဖြင့် ကျွန်မထံတွင်မရှိပေ။ မိဘများလည်း သည်လိုသာ အိမ်တွင်းအောင်း တစ်ကုတ်ကုတ်လုပ်နေလျှင်ဖြင့် ဆိုပြီးစိုးရိမ်လာကြ သည်။ ကျွန်မကငယ်စဉ်ကထဲကပင် စကားနည်းသည်  တစ်ခါတစ်ရံ မိဘများကပင်သမီးရယ် အိမ်မှာသမီးရှိမှန်းသိ အောင် အသံလေးဘာလေးထွက်ပါတော့လားဟုပင် ဆိုရသည်အထိ တိတ်ဆိတ်စွာနေတတ်သည်။ သို့ပေမယ့် ကျွန်မ  ချစ်သည့် အဘိုးအဖွားတွေနှင့်ဆိုလျှင် စကားကိုရေပက်မ၀င်အောင်ပြောတတ်သည်။ ယခုကိုယ်စိတ်ဝင်စားသည့် အလုပ် ကိုလုပ်နေရသည့်အခါ ကျွန်မပိုပြီးစကားနည်းလာသည်။ နောက်ဆုံး မိဘများက ကျွန်မကို သင်တန်းသွားတက်ရမယ် တစ်ယောက်တည်းသွားဟုဆိုကာအပြင်ကိုလွှတ်လာသည်။အိမ်မှာကျွန်မချုပ်နေသည့် စက်အားရောင်း ပစ်လိုက်သည်။မိဘများကကျွန်မ၏ဘ၀ကိုပညာရေးနှင့်သာရပ်တည်စေချင်သည် သူတို့လိုစက်ချုပ်သည့် အတတ်ပညာဖြင့် မပင်ပန်း စေလိုပေ။

ထို့နောက်ပိုင်း တက္ကသိုလ်များပြန်ဖွင့်လို့ အဝေးသင်တက်ရသည့်အခါ ကျွန်မသည် ဒိုင်ယာရီစာအုပ်လေးများ ကိုခင်တွယ်နေစဲဖြစ်သော်လည်း ၀ထ္ထုတိုလေးများရေးခြင်းအမှုသည် ပျောက်ကွယ်သွားခဲ့သည်။ စာအုပ်တွေလဲ ငှားပြီး မဖတ်ဖြစ်တော့ပေ။ ဒိုင်ယာရီစာအုပ်လေးများထဲ စာရေးသားခြင်းအမှုသည်လည်း တစ်ဖြည်းဖြည်းဝေးကွာသွားခဲ့သည်။ တစ်ခါတစ်ရံ စိတ်ပါလျှင် ကဗျာတိုလေးများကိုသာ ရေးသားတတ်လေတော့သည်။ အရင်လို “စာအုပ်လေးရေ ”လို့ အစမချီတော့ပေ။ ရေးသားသောစာအုပ်များသည်လည်း ရိုးရိုးဗလာစာအုပ်ဖြင့်သာရေးလေတော့သည်။ ထို့နောက် အသက်အရွယ် ရလာခြင်းနှင့်အတူ ကျွန်မသည်လောကဓံ လှိုင်းတို့ထဲ လူးလိမ့်မျှော်ပါရင်း စာရေးသားခြင်းအမှုနှင့် အတော်ကြီး ဝေးကွာသွားခဲ့သည်။ ထိုစာအုပ်ကလေးများကို မေ့လျော့ထားခဲ့လေတော့သည်။ ထုတ်လဲမဖတ် ဖြစ်သလို ရေးသားခြင်းလဲမရှိတော့ပေ။

ကံကြမ္မာအလှည့်အပြောင်းကြောင့် ကျွန်မနိုင်ငံရပ်ခြားသို့ရောက်ရှိပြီး ငွေရှာနေသည့်အချိန် ကိုယ်ပိုင် ကွန်ပျူတာလေးတစ်လုံး ပိုင်ဆိုင်လာသည့်အချိန် အင်တာနက်ပေါ်တွင် ဘလော့ရေးသူများ၏ စာတိုပေစလေးများအား ဖတ်လိုက်မိသည့်အချိန်တွင် ကျွန်မ၏ သော့ခတ်ထားသော စာအုပ်ကလေးများကို လွမ်းလာခဲ့သည်။ အောက်မေ့လာ ခဲ့သည်။ သတိရလာမိသည်။ အစတွင်စာအုပ်လေးထဲ ချရေးခြင်းအမှုကို ပြုလုပ်ခဲ့သေးသည်။ ကိုယ်ပိုင်ဘလော့လေး ဆိုသည့် သတ္တိကိုမွေးကာ 2009-July လတွင်ဘလော့လေးအားစပြီး တည်ထောင်ခဲ့မိသည်။ အစပိုင်းတွင် စာအုပ်လေး ထဲရေးသားမိခဲ့သော ကဗျာလေးများကိုသာ ရေးတင်ဖြစ်လေသည်။ ထို့နောက် သွားခဲ့မိသော ခရီးတိုလေးတွေ အကြောင်း ထိုမှတစ်ဆင့် စိတ်ကူးယဉ် ၀ထ္ထုတိုလေးများသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဘလော့ရေးသူ မောင်နှမ များကလည်း လာဖတ်ပြီး အားပေးစကားဆိုကြ ဘယ်နေရာလေးတော့ လိုသေးတယ် ပြုပြင်ပေးရင်းဖြင့် အားသန်ရာ ၀ထ္ထုတိုလေးများတစ်ပုဒ်ပြီး တစ်ပုဒ်ရေးဖြစ်လာခဲ့သည်။  

ဒီအချိန်တွင် ကျွန်မ၏စိတ်ကူးထဲရှိနေခဲ့သည်က ၀ါသနာပါသောအရာအား ရေးနေရုံ ကိုယ်ဖန်တီးထားသော စာတိုပေစလေးများအား အချိန်ပေးဖတ်မည့်သူရှိလျှင်ဆိုသည့်  စိတ်သာရှိတော့သည်။ ထို့ကြောင့် ကျွန်မရေးထားသော စာတိုပေစလေးများကို မည်သည့်မဂ္ဂဇင်းတိုက်ကိုမျှ မပို့ခဲ့ပေ။ ကျွန်မ၏စာရေး ခြင်းအနုပညာသည် အဲဒီလောက်ထိ လည်းမရနိုင်သေးဟု ကိုယ့်စိတ်ကထင်မြင်နေမိသည်။ အကြောင်းတိုက်ဆိုင်စွာဖြင့်ပင် Woman world မဂ္ဂဇင်းမှ ကျွန်မ ၏ စာတိုပေစလေးများအား print စာမျက်နှာလေးအဖြင့် အသွင်ပြောင်းကာ ဖော်ပြခွင့်ရခဲ့သည်။ ကျွန်မကြည်နူး ရပါသည်။ ပျော်လဲပျော်ရွှင်ခဲ့ရသည်။ ကျေနပ်ခဲ့ရသည်။ ထိုအချိန်တွင် ကျွန်မသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိလာ ခဲ့သည်။ ကိုယ်ရေးသည့်စာသည် စာဖတ်သူလက်ခံနိုင်သည်ဟူ သည့် ယုံကြည်ချက်ဖြစ်သည်။ အရင်တုန်းက ရေးသာ ရေးခဲ့သည် ထိုကဲ့သို့သော ခိုင်မာသည့်ယုံကြည်ချက်မျိုး ကျွန်မထံတွင်မရှိခဲ့ပါ။ 

ထိုအချိန်မှစပြီး ကျွန်မလက်သွက်လာခဲ့သည်။ ကျွန်မဖန်တီးပြချင်သည့် ပုစံဝထ္ထုတိုလေးများအား ခပ်ရဲရဲ ရေးချ တတ်လာခဲ့သည်။ အင်တာနက်ပေါ်မှ ဒေါင်းလို့ရသမျှ စာရေးခြင်းအတတ်ပညာများအား ဖတ်ရင်းလေ့လာရင်း ကျွန်မ လိုချင်သော ၀ထ္ထုတိုပုံစံလေးများအားဖန်တီးသည်။ ဘလော့ပေါ်ရေးပြီးတင်ခဲ့သည်။ ယခုအချိန်သည် ဘလော့ရပ်ဝန်း လေးတိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်ဖြစ်သည်။ ဖေ့ဘွတ်သည် ဆူညံပွက်လောရိုက်နေသည့် အချိန်ဖြစ်သည့် အားလျော်စွာ ဖေ့ဘွတ်မှနေပြီး ကျွန်မ၏ဘလော့လေးအား share လုပ်ခဲ့သည်။ ဘာလို့လဲ share ခဲ့သနည်း လူသိများချင်လို့လား ဟုဆိုလျှင် စာရေးသူတစ်ယောက်၏ အလိုလောဘဟုသာ ၀န်ခံချင်မိတော့သည်။ ဘလော့ရပ် ၀န်းလေးထဲတွင် ကိုယ်ရေးထားသည့်စာအား လာဖတ်သေးရဲ့လား မဖတ်တော့ဘူးလား ဆိုသည့်ယုံမှားသံသယသည် ကျွန်မအားနှိပ်စက်လွန်းလှသည်။ ထိုသံသယကြောင့်ပင် ကျွန်မ၏ဘလော့လေးအား ပိတ်ပစ်လိုက်ဖို့ စိတ်ကို အကြိမ်ကြိမ်ပိုင်းဖြတ်ခဲ့ဖူးသည်။ ငယ်ကသံယောစဉ်ကြောင့်လားမသိပေ။ ကျွန်မမစွန့်လွှတ်ရက်ပေ။ ရေးလဲရေးခဲ့ပြီ လက်ခံသူအနည်းငယ်လဲရှိနေခဲ့ပြီ။ ဒီအချိန်မှ မစွန့်လွှတ်ရက်ဘူးဆိုသည့် စိတ်သည် ကျွန်မ၏ စိတ်ကို လွန်ဆွဲပြန်သည်။

ထိုအတွေး ထိုလောဘစိတ်လေးကြောင့်ပင် ဖေ့ဘွတ်စာမျက်နှာလေးပေါ်သို့ ကျွန်မ၏ ဘလော့လေးအား share လုပ်ခါ ကြော်ငြာသလိုဖြစ်ခဲ့မိသည်။ တစ်ခါတစ်ရံ ကျွန်မစဉ်းစားမိသည် စာရေးခြင်းအမှုအား ကျွန်မသည် စွန့်လွတ်ပစ်လိုက်လျှင် ကောင်းမည်လား slient reader(တိတ်တဆိတ်စာဖတ်သူတစ်ယောက်) အနေဖြင့်သာ ရပ်တည်မလား။ အဘယ့်ကြောင့်ဆိုသော် အထက်ကဆိုခဲ့သည့်အတိုင်း စိတ်ကူးယဉ် ၀ထ္ထုတိုကလေးများသည် မည်သည့်အသိပညာကိုမျှ ပေးစွမ်းနိုင်ခြင်းမရှိပါ ပေ။ ရသဆိုလျှင်လည်း အဲဒီလောက်ကြီးအထိမဟုတ်ပေ။ ကိုယ်တိုင်က ၀ါသနာရှင်အဆင့်ဖြင့်သာ ရပ်တည်နေခဲ့သည် မဟုတ်ပါလား။ ထိုကဲ့သို့ တွေးမိသည့်အခါတိုင်း ကျွန်မသည် တိတ်တဆိတ်စာဖတ်သူတစ်ယောက် အဖြစ်သာ ပြောင်းလဲ ရပ်တည်ချင်စိတ်တို့သည် ကျွန်မ၏စိတ်ကို ပို ၍ပို ၍ ပြင်းထန်စွာ ရိုက်ခတ်ခံနေရလေတော့သည်။ 


--******
ချစ်သော ဘလော့မောင်နှမ များအားလုံးကျန်းမာလို့ ချမ်းသာကြပါစေရှင်။