Thursday 10 September 2015

အချစ်ကို..ဘယ်ပုံပြောရမယ်





          မောင် တစ်ယောက်ပျောက်ချက်သားကောင်းနေသည်မှာ ကြာခဲ့ပြီ ။ စိမ်း ကိုယ်တိုင်ကလိုက်မဖမ်းခဲ့တာလား သို့ တည်းမဟုတ် လွှတ်ပေးခဲ့တာလား ။ မောင့် အကြောင်းရယ်လို့ မတွေးချင်ခဲ့ပေ ။ တွေးမိလိုက်လျှင် ပျော်ရွှင်ခဲ့ရသည် ထက် နာကျင်နေခဲ့ရသည်ကသာ များသည်။ ချစ်မိတတ်လွန်းသူကိုမှ ဝေဒနာတွေ ပေးရက်သူမောင့်ကို တစ်ခါတစ်လေ ကျွမ်းအောင်လွမ်းမိခဲ့သလို တစ်ခါတစ်လေ နစ်နေအောင် နာမိသည်ဆိုကလည်း မမှား။ အရင်ကလို ဆိုစကားတွေက ချိုပါစေလားမောင် အရင်ကလို အနမ်းတွေက အေးမြပါစေလား ဟိုးအရင်ကလို အကြင်နာတွေစွေပါစေတော့လား မောင်။
         
          ကျွန်မတို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေ ဝေးသွားခဲ့သည်ကတော့ဖြင့် သေချာသလောက်ရှိခဲ့ပြီ။ သဘောတူညီမျှစွာ ရွေးချယ်ပြီး လျှောက်ခဲ့ ကြသည့်လမ်း အလျှောက်များလို့ ခရီးရောက်ပါမှ သည်လမ်းကိုရွေးခဲ့တာမှားပြီလို့များ နောင်တရလို့ လှည့်ပြန်သွား ခဲ့လေသလား။ ဆူးညှောင့်ခလုတ်တွေသိပ်များနေခဲ့သလား မောင်။ မောင့် ခြေဖ၀ါးမှာ သွေးတွေလူးနေခဲ့ပြီလား။  မောင်သိထားဖို့က နှစ်ယောက်လျှောက်တဲ့ သည်လမ်းမှာ မောင်ရော ကျွန်မရော နှစ်ဦးစလုံး နာကျင်နေရတဲ့ သူတွေပါ ။ မောင် ကျမှ ပိုပြီးနာကျင်နေရသလားလို့ ကျွန်မမေးလိုက်ချင်မိတယ်။ ကျွန်မက အချစ်ဆိုတာ အပေးအယူညီမျှစွာ နားလည်ဖြည့်စွက်ခြင်းများစွာနှင့် တည်ဆောက်လို့ရတဲ့ အိမ်လို့ ထင်ခဲ့မိတာ။ ခြေဖ၀ါးလေးကွဲရုံလောက်နဲ့တော့ မောင် နောက်လှည့်ပြီးမပြေးသင့်ဘုးလို့ ထင်တာပဲ။ မောင့်နေရာမှာ ကျွန်မသာဆိုရင် ဘယ်တော့မှ ဟောဒီလမ်းထဲမှာ မောင့် ကိုတစ်ယောက်တည်းမထားခဲ့ဘူး။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ပန်းတိုင်ကိုရောက် ဒီလမ်းဆုံးအောင်တော့ မောင့် လက်ကိုတွဲပြီး လျှောက်မိမှာပဲ။

          ဒါကြောင့်များ မိန်းမတွေကို အချစ်ကြီးတယ်. အချစ်မျက်ကန်းလို့ ဆိုခဲ့ကြလေသလားမသိဘူးပေါ့။ ကျွန်မလဲ လူထဲက လူတစ်ယောက်မို့ အမှားဆိုတာမကင်းခဲ့ပါဘူး။ မောင့် ဘက်မှာလဲ အမှားကင်းတယ်ရယ်လို့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ရင်ဆိုင်ပုံခြင်း ဖြေရှင်းပုံခြင်းတော့ သိပ်ကွာခြားလွန်းနေခဲ့ပြန်တယ်။ ကျွန်မက ပြသနာတစ်ခုကို သွေးအေးစွာနှင့် ဖြေရှင်းတတ်ပေမယ့် မောင် ကတော့ ဒေါသသိပ်ကြီးပြီး သွေးဆူလွန်းတယ်။ ကျွန်မက အမှားဆိုတာကို ကိုယ်မှားနေရင် ၀န်ခံရဲသလို နောက်တစ်ခါဆိုတာ လုံးဝမဖြစ်အောင်နေတယ်။ မောင်ကတော့ အမှားကို ၀န်မခံပဲ ဟိုလူကြောင့် သည်လူကြောင့် နောက်တစ်ခါဆို ဆင်ခြင်ပါ့မယ် ဒါပေမယ့် နောက်တစ်ခါ ထပ်ဖြစ်ခဲ့ ပြန်တယ်။ အဲဒီလိုဖြစ်ခြင်းရဲ့ အကျိုးရလဒ်ကဖြင့် မောင်မှားနေခဲ့ရင် အမှားကိုနားမလည်ပေးနိုင်တော့ဘူး။ မောင့်စကားဆို မယုံကြည်တော့ဘူးဆိုတဲ့ မိန်းမတစ်ယောက် ဖြစ်လာခဲ့တယ်။ ဟိုးအရင်အစကဖြင့် မောင့်ကို မျက်လုံးစုံမိတ်ပြီး ယုံကြည်မှုတွေ ပုံအပ်ခဲ့တဲ့ သူပါ။

          ဒါပေမယ့် ခွင့်လွှတ်ရပြန် အလိမ်ခံရပြန် များလာခဲ့တဲ့သူ ကျွန်မက ခုဆိုရင် မောင်ဘာပဲ လုပ်လုပ် မောင်ဘာပဲ ပြောပြော သံသယမျက်မှန်နဲ့ တပ်ပြီးကြည့်တယ်။ ဒီတော့ အကြည့်ခံရတဲ့ မောင်က ဒါဟာ ယောက်ကျားတစ်ယောက် ရဲ့ သိက္ခာကိုစော်ကားတာတဲ့။ သူ့ကိုနှိမ့်ချပြီးကြည့်တယ်လို့ဆိုပြန်တယ်။ အဲဒီလို အကြည့်မခံချင်ရင် အစထဲက ကျွန်မရဲ့ ကောင်းနေတဲ့ မျက်လုံးကို သံသယ မျက်မှန်တပ်ပြီးမကြည့်ရအောင် မောင်နေခဲ့သင့်တယ်။ တစ်ကြိမ်မှားပြီးရင် နောက်တစ်ကြိမ် ဒီလိုအမှားမျိုး ထပ်မလုပ်ဖို့ လိုတယ်။ မောင့်ကိုနေရာတိုင်းမှာ လိုက်ထိန်းနေရအောင် မောင်က ကလေးသူငယ်လေးတစ်ယောက်လား။ ယောက်ကျား ဆိုတာ မိန်းမတစ်ယောက်ရဲ့ ချော့မော့ ထိန်းကျောင်းမှုလိုတယ်ဆိုပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ ကိုယ်ပိုင်ဆင်ခြင်ညဏ်လေးတော့ ရှိသင့်တာပေါ့။ ကိုယ့်ကိုယ်ကို မထိန်းကျောင်းနိုင်တဲ့ ယောက်ကျားတစ်ယောက်ဟာ  ကိုယ်ပိုင်မိသားစုတစ်ခုကို ဘယ်လိုထိန်းကြောင်းနိုင်ပါ့မလဲ။

          ဒီလိုဆိုပြန်တော့ ကျွန်မက ဖြစ်နေတဲ့ပြသနာခပ်သေးသေးကို စကားလုံးခပ်ကြီးကြီးတွေနဲ့ တုန့်ပြန်သတဲ့ ။လူတစ်ယောက်အကြောင်း တွေးရင် သည်လူရဲ့ နေပုံထိုင်ပုံ စဉ်းစားဆင်ခြင်ပုံကိုကြည့်ပြီး သည်လူရဲ့အနာဂတ်ကို ခန့်မှန်း ကြတာပဲ။ လူတိုင်းဒီလိုတွေးကြတာပဲ။ ကျွန်မက မောင့်ကို ချစ်နေတဲ့မိန်းမတစ်ယောက်။ မောင်နဲ့ပတ်သတ်ပြီး မိသားစု လေးတစ်ခု တည်ဆောက်မယ်လို့ စိတ်ကူးယဉ် အိမ်မက်မက်နေတဲ့ မိန်းမတစ်ယောက် ဒီလိုမိန်းမမျိုးက မောင့်ကို ခုလို ကောက်ချက်ချမိတာ လွန်မယ်တော့ မထင်ပါဘူး။ ကိုယ်အားကိုးရမယ့်ယောက်ကျားဟာ ခုကထဲက ဒီလိုဖြစ်နေပြီဆိုရင် အနာဂတ်မှာ ကျွန်မရဲ့ မိသားစုအိမ်လေးဟာ ဘယ်လိုများသာယာနိုင်မလဲ ဘယ်လိုများပျော်ရွှင်နိုင် မလဲ။ ချစ်တယ်ဆိုရင် အနစ်နာခံနိုင်ရမှာပေါ့လို့ မောင်ကဆိုချင်သေးသလား။ မိန်းမတစ်ယောက်ဟာလေ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ကိုယ်ချစ်တဲ့ယောက်ကျားက  ကိုယ့်အပေါ် သစ္စာရှိတယ် မြတ်နိုးနေတယ် ကြင်နာနေတယ်ဆိုရင်လေ တုတ်နဲ့ ရိုက်ထုတ်ရင်တောင် အဝေးသွားနိုင်မှာမဟုတ်ဘူး။ အနာသက်သာသွားရင် အဲဒီယောက်ကျားထံ ပြန်ကွေ့လာမှာပဲ။

          မောင်သိထားဖို့က မိန်းမတွေဟာ အသဲနှလုံးတစ်ခုတည်းနဲ့ ချစ်လာကြတာမဟုတ်ဘူး။ ဦးဏှောက်နဲ့ပါ ချစ်ကြတာ။ ရင့်ကျက်တည်ငြိမ်နေပြီးသား မိန်းမတစ်ယောက်ဟာ ဘယ်တော့မှ အချစ်ကို နှလုံးသားတစ်ခုတည်းနဲ့ မဆုံးဖြတ်ကြဘူး။ ချစ်နေတုန်းခဏပဲ ဦးဏှောက်ကိုမေ့ချင်မေ့နေမယ်။ အချိန်တန်ရင်တော့ ဦးဏှောက်နဲ့ တန်းပြန် ညှိတတ်ကြတယ်။ မောင်သာ ကျွန်မကို တစ်ကယ်ချစ်တယ်ဆိုရင် ကျွန်မရဲ့ စိတ်ကိုနာကျင်စေမယ့် အလုပ်မျိုး လုပ်မှာ မဟုတ်ဘူး။ တစ်စုံတစ်ရာ အမှားကိုလုပ်မိတော့မယ်ဆိုရင်တောင်မှ သြော် ငါ့ချစ်သူလေးဆိုတဲ့ အသိညဏ်မျိုး မောင့်မှာ ရှိရမယ်။ ကျွန်မကငွေမမက်ပါဘူးမောင်။ တစ်ချိန်ချိန်မှာ အိမ်ထောင်ဦးစီးဖြစ်လာမယ့် သူ အိမ်ရဲ့ တာဝန်ကို ထမ်းမယ့်သူက မိသားစုတစ်စုရဲ့ စားဝတ်နေရေးကို ဖြေရှင်းဖို့ ငွေရှာတတ်ရမယ်။ ငွေရှိမှ ဖြစ်မယ်ဆိုတာကို မောင် နားလည်ထားရမယ်။ မချမ်းသာရင်နေပါစေ.. ထမင်းတစ်နပ်ကို အေးအေးချမ်းချမ်းစားလို့ရတဲ့ မိသားစုဘ၀လေးကိုတော့ မောင်ဖန်တီးပေးနိုင်ရမှာပေါ့။

          ချစ်စရာအချစ်တွေပြည့်နေပေမယ့် စားစရာဝမ်းဟောင်းလောင်းနဲ့ ဘယ်မိန်းမမှ မနေနိုင်ပါဘူးမောင်။ တစ်ကယ်လို့နေနိုင်ခဲ့တယ်ဆိုရင်လည်း ခဏပါ။ နောက်ပိုင်းတော့ ဆာလောင်လွန်းရင် ချစ်ဖို့မေ့သွားပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ကလူသားတွေမို့လို့ပါ။ လူသားတိုင်းမှာ ဒေါသ မောဟ မာန် မာန ငါ ဆိုတာ ရှိနေကြတာပဲ။ မောင်သာ တစ်ကယ်မြတ်နိုးနေတယ်ဆိုရင် နှိပ်စက်နေဖို့မလိုဘူး။ ကိုယ်ချစ်လွန်းတဲ့မိန်းမကို ဒုက္ခတော ကြီးကြားထဲမှာထား ကျေကျေနပ်နပ်ကြည့်နေနိုင်တယ်ဆိုရင် သေချာပြီ အဲဒါဟာ .. တစ်ကယ်ချစ်မြတ်နိုးခြင်းမရှိလို့ပဲ။ ကျွန်မတို့မိန်းမသားတွေက ဒီလိုတွေးပါတယ်။ ဒါကို မောင်က ငါ့မှာငွေမရှိလို့ မင်းလမ်းခွဲရက်တာလို့ ဆိုလိုချင်ရင်ဖြင့် သဘောပါလေ။ ကျွန်မက ငွေမက်တာလို့ ခေါင်းစဉ်တပ်ချင်ရင်ဖြင့် ခပ်ပြုံးပြုံး နေမိမှာ အမှန်ပဲ။
         
          ဒီတစ်ခါ မောင်များ ကျွန်မအနားပြန်ရောက်လာတဲ့ အခါ ကျွန်မတို့နှစ်ဦးရဲ့ လမ်းခွဲစကားကို ကျွန်မကပဲ စပြီး ဆိုပါရစေတော့။ ချစ်သူလို့နာမည်ခံသာရှိပြီ မောင်စိတ်လိုမှ စာလေးတစ်စောင်ရောက်လာတတ်တဲ့ ဟောဒီမြေမှာ ကျွန်မ နှလုံးသားတွေလဲ ကျွမ်းလှပါပြီ။ မောင့်သတင်းစကားတွေကို သူငယ်ချင်းတွေသယ်သယ်လာကြတာလဲ ကျွန်မရဲ့ နားနှစ်ဖက်လျှံကျနေပြီ။ ခြောက်နှစ်ကြာ ချစ်ခဲ့ကြတဲ့ အချစ်ဟာ နောက်ဆုံးမှာ သစ္စာမရှိကြေးဆိုတဲ့ ရလာဒ်က ကျွန်မအတွက်အကောင်းဆုံး အတွေ့အကြုံပါပဲ။ မောင်သဘောတူလို့ ဟောဒီအလုပ်နေရာ မောင်နဲ့ဝေးရမှာ ကျွန်မနေခဲ့တာပါ။ မောင်လဲ ကျွန်မကိုယုံလို့ ကျွန်မလဲမောင့်ကိုယုံလို့။ နောက်ဆုံးယုံကြည်မှုတွေ အသတ်ခံလိုက်ရတယ်။ နောက်နှစ်လက်ထပ်ကြမယ်လို့ ဆိုစကားသာလာခဲ့ပြီး လက်ထပ်ဖို့ဘာမှ မပြင်ဆင်ရသေးတဲ့ ယောက်ကျားတစ်ယောက်ရဲ့ ဂတိစကားကို ကျွန်မထပ်ပြီး မယုံတော့ပါဘူး။

          ဒါက နောက်ဆုံးမောင်ရေးထားတဲ့စာထဲမှာ ကျွန်မဖတ်မိခဲ့တာ။ စာလေးဖတ်ပြီး ရယ်စရာပြက်လုံး တစ်ခုရသလို ဟားတိုက်ရယ်ခဲ့သေးတယ်။ ကျွန်မကိုယ်တိုင်တောင် လက်ထပ်ဖို့ စုထားဆောင်းထားတဲ့ ငွေရှိနေပါရဲ့ နဲ့ မောင် ကဖြင့် အကြောင်းပြချက်မျိုးစုံပြ ခုထိကိုယ့်လက်ထဲ ငွေမရှိသေးဘူးဆိုလာလေတော့ လက်ထပ်ပွဲဆိုတာကို ဘယ်လိုများ စီစဉ်ရသလဲဆိုတာ မောင် မသိတာလား မသိချင်ယောင်များဆောင်နေခဲ့သလား။

သူများတွေများ ကျွန်မကိုမေးလာခဲ့ရင်ပေါ့ .. မောင်.. ကျွန်မကိုချစ်တဲ့ မောင့်ရဲ့ အချစ်ဆိုတာလေ
          “ အချစ်ကို ဘယ်ပုံလို့များ သူများတွေကို ပြောပြလိုက်ရမလဲ.. မောင်…။”


--
စာမရေးတာကြာလို့ ဘလော့လေးခြောက်ခန်းနေတာလဲ မကြည့်ရက်ပြန်လေတော့ အားတင်းပြီးရေး တင်မိပြန်တယ်။ ဒါပေသိ ပြန်ဖတ်တော့လဲ ကျေနပ်လောက်တဲ့အထိတော့မဟုတ်ပြန်ဘူး။ ၀ါသနအရ ခုလိုတိုတိုထွာထွာရေးတာလေး ကိုလဲ မစွန့်လွတ်နိုင်ပြန်ဘူး။ ဒါကြောင့် စာဖတ်နေရင်း အချိုးမကျတာလေးများတွေ့ခဲ့ရင် သည်းခံနားလည်ပေးပါလို့ တောင်းပန်စကားဆိုရင်း ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
         
         

         

1 comment:

  1. ချစ်နေတုန်းခဏပဲ ဦးဏှောက်ကိုမေ့ချင်မေ့နေမယ်။ အချိန်တန်ရင်တော့ ဦးဏှောက်နဲ့ တန်းပြန် ညှိတတ်ကြတယ်။
    မှန်တာပေါ့ဆွေလေးရေ....................................

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......