Tuesday 26 November 2013

ဖိုးတေရယ် အဖေရယ် အမေရယ်


ဖိုးတေ တို့မိသားစု နေထိုင်ရာ ရပ်ကွက်ကို လူတွေကတော့ ကျူးကျော်ရပ်ကွက်ဟု ခေါ်ကြသည်။ ခြေထောက်တစ်ဖက် လက်တစ်ဖက် မရှိတဲ့  ဒုက္ခိတအဖေရယ် အမေရယ် ဖိုးတေရယ် ကျူးကျော်ရက်ကွက်လေးထဲက မြေစိုက်တဲလေးမှာ တူတူနေကြသည်။ ဖိုးတေက သူငယ်တန်းမှ တတိယတန်းအထိ ကျောင်းနေခဲ့သည်။ လာမယ့်နှစ် စတုတ္ထတန်းကို ဖိုးတေကိုယ်တိုင်ကလည်း ကျောင်းမတက်ချင် ဖိုးတေအမေကိုယ်တိုင်ကလည်း တစ်ရိပ်ရိပ်တက်လာတဲ့ ကျောင်းစားရိတ်ကို  မလိုက်နိုင်တာကြောင့်  ဖိုးတေကို ကျောင်းထုတ်ပစ်မည်ဟု ပြောသည်။ ဖိုးတေပျော်သည်။ အမေလည်း ပျော်သည်။ မပျော်သည်က ဖိုးတေ ရဲ့ အဖေ တစ်ယောက်တည်း။

“ကလေးကို ကျောင်းမထုတ်ပါနဲ့လားကွာ။”

အဖေက မ၀ံ့မရဲ အမေ့ကိုကြည့်ပြီး ပြောသံတော့ ဖိုးတေ ကြားသည်။ ဒါပေမယ့် ဖိုးတေ ဆုတောင်းပြည့်သည်။ ဖိုးတေရဲ့ အမေသည် ဒီအိမ်ရဲ့ ငွေကိုင်ရှင် ငွေရှာရှင် ဖြစ်သောကြောင့် တစ်သွေးတစ်သံ တစ်ခါထဲနှင့် ပွဲပြတ်သွားသည်။

“ကျုပ် အသက်ကြီးပြီး အရင်လိုမလှနိုင်တော့ဘူး အလုပ်အကိုင်ကလည်း မကောင်းတော့ဘူး။ “

     ထိုတစ်ခွန်းထဲနှင့်ပင် အဖေသည် မည်သည့်စကားမျှ ထပ်ပြီး မပြောတော့ပေ။ ဖိုးတေတို့ အိမ်လေးရဲ့ အကျယ်ပြန့်ဆုံးနေရာလို့ ပြောနိုင်သည့် အဖေလှဲနေကျ ယိုင်နဲ့နဲ့ ကွပ်ပျစ်လေးမှာ အမေ့ကို ကျောခိုင်း၍ အဖေပြန်ပြီး လှဲချလိုက်သည်။ အဖေရဲ့ ကျောပြင်သည် တစ်ချက်တစ်ချက် လှုပ်ခတ်သွားသလို ရှိသည်။ အမေက စိတ်မကောင်းသလိုနှင့် အဖေ့ကို တစ်ချက်ကြည့်လိုက်ရင်း တဲပေါက်ဝမှာ မတ်တပ်ရပ်နေသော ဖိုးတေ အား.

 “သားရေ အမေ အလုပ်သွားလိုက်အုန်းမယ်။ ထမင်းအိုးထဲမှာ  ထမင်းကြမ်းရှိသေးတယ်။ မနေ့က အမေ၀ယ်လာတဲ့ ငါးပိရည်ကို နည်းနည်း ရေနွေးပြန်ရောလိုက်။ ပြီးရင် ဟိုဘက်ခြမ်းမှာ ကန်စွန်းညွှန့် တွေတက်နေတာ အမေ တွေ့ခဲ့တယ်။ အဲဒါလေး နည်းနည်း သွားခူးပြီး သားရယ် သားအဖေရယ် အဆာပြေ စားထားနှင့်။ အမေ မနက်ဖြန် မနက် အလုပ်က ပြန်လာမှ ဆန်နဲ့ ဟင်းချက်စရာ ၀ယ်ခဲ့မယ်နော်။ ကဲ အမေ သွားပြီ။”

ဖိုးတေ အမေ့ကို ခေါင်းညိမ့်ပြလိုက်သည်။ ဒီနေ့ အမေ အလုပ်အဆင်ပြေပါစေ။ ဒါမှ ဖိုးတေ ကြက်သားဟင်းလေး ဘာလေးစားရမှာ။ခဏနေ အမေပြောတဲ့ ကန်စွန်းရွက်ခူးရင်း ငါးရှဥ့်လေး ထိုးလိုက်အုန်းမယ်။ အဖေက ငါ့ရှဥ့် မီးကင် ကြိုက်သည်။ အဖေပြောတာတော့ ချက်ရင် ပိုကောင်းတယ်တဲ့။ ဆီမရှိတာနဲ့ ကင်စားကြသည်။ ကင်ရတာက လွယ်တယ်လေ။ ချက်ရင် ဆီ ကြက်သွန် ငရုတ်သီး ထင်း ပိုကုန်တယ်ဟု အဖေပြောဖူးသည်။ 

အမြဲတမ်းလိုလို   အိပ်ယာထဲလှဲနေရသည့် အဖေ့ကို ဖိုးတေ သနားသည်။ ဘာဖြစ်လို့ ခြေတစ်ဖက် လက်တစ်ဖက် မရှိတော့တာလဲ လို့ မေးဖူးသည်။ ထိုအခါ အမြဲလိုလိုနွှမ်းလျနေတတ်သော အဖေ့မျက်နှာသည် ပြုံးရိပ်သန်းရင်း ဂုဏ်ယူဝင့်ကြွားစွာနှင့် 

“အဖေက စစ်သားကွ တိုက်ရင်း မိုင်းထိတာ”  လို့ ပြန်ဖြေခဲ့ဖူးသည်။ 

          “ဘာလို့ စစ်သားလုပ်တာလဲ”  အဖေ့ ရဲ့ မျက်နှာကိုကြည့်ပြီး သူစိတ်ဝင်စားစွာ ဆက်မေးမိသည်။

          “စစ်သားကောင်းကြီး တစ်ယောက်ဖြစ်ချင်လို့။ ပြီးတော့ နိုင်ငံတော်ကို ကာကွယ်ပေးချင်လို့ ပေါ့။”

          “ဒါဆို နိုင်ငံတော်ကြီးဆိုကရော အဖေ့ကို ကာကွယ်ပေးလား..” 

တစ်ကယ်တော့ ဖိုးတေက မသိလို့ မေးမိတာ ဖြစ်သည်။  ဒါပေမယ့် ထိုနေ့က အဖေ ညနေစာ ထမင်းမစားပဲ သူ့ကိုကျောပေးရင်း အဖေ့ရဲ့  ကျောပြင်သည် တစ်သိမ့်သိမ့် လှုပ်ခါနေခဲ့သည်။ 

          သား ဒီနားကို လာပါအုန်း

ကန်စွန်းရွက် တစ်ပွေ့တစ်ပိုက်နှင့် ကြိုးမှာ သီထားသည့် ငါးရှဥ့်သုံးကောင်ကို ဆွဲရင်း ဖိုးတေ အောင်နိုင်သူကြီးတစ်ယောက်လို အိမ်ပြန်လာခဲ့သည်။ အိမ်ပေါက်ဝ အရောက် အဖေ့ခေါ်သံကြောင့်  ကန်စွန်းရွက်တွေကို မြေကြီးပေါ်ချလိုက်သည်။ ငါးရှဥ့်တွေကို အိမ်ပေါက်ဝ တံခါးအစွန်းတွင် ချိတ်လိုက်သည်။ ပြီးတော့ အဖေ့ဘေးနားတွင် သွားထိုင်လိုက်သည်။ သူရောက်လာတော့မှ အဖေက..

      သားက ဘာလို့ ကျောင်းမတက်ချင်တာလဲ
         
          “မပျော်လို့ ပါ အဖေ

          “င့ါသားက ဘာလို့ မပျော်တာလဲကွ

 “သားမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ သူတို့အမေတွေက ပြောထားတယ် သားနဲ့ သူငယ်ချင်း မလုပ်ရဘူးတဲ့။ ”
         
          “ဘာဖြစ်လို့တဲ့လဲ
         
          “ရွံ လို့တဲ့

အဖေက “သြော် ရွံလို့တဲ့ လား ” ဟု ရေရွတ်သည်။  

 ပြီးတော့ အဖေသူပိုင် ကွပ်ပျစ်လေးမှာ  ဖိုးတေကို ကျောပေးပြီး ပြန်လှဲနေပြန်သည်။ ခဏနေ အဖေ့ကျောပြင် တစ်သိမ့်သိမ့် လှုပ်ခါလာတော့မည်ကို ဖိုးတေသိသည်။ ဒီနေ့ညနေလည်း အဖေ ထမင်းစားဖြစ်မည် မထင်။ သူလဲ တဲပေါက်ဝ ပြန်ထွက်လာရင်း ကန်စွန်းရွက်တွေကို အနေတော်ဖြတ် ငါးရှဥ့်တွေကို သေသေချာချာ ရေဆေး။ ပြီးတော့ မီးမွှေးပြီး ငါးရှဥ့်တွေကို စပြီကင်လိုက်သည်။ ခဏနေ ငါးရှဥ့်မီးကင်မှ အနံ့လေး တစ်ဖြည်းဖြည်းသင်းလာပေတော့မည်။ 

ဖိုးတေတော့ဖြင့် အနားများပဲ့နေသည့် ကြွေရည်သုတ်ဇလုံ တစ်ခုထဲတွင် ထမင်းကြမ်းခဲကြီးထည့် ။ ဘေးနား မြေကြီးပေါ်မှာ ငါးပိတစ်ခွက်ချထားသည်။ ပြီးတော့ ပေါက်နေသော ဇကာကြီးထဲမှာ ခူးလာသည့် ကန်စွန်းညွန့် တို့ကို အသင့် လုပ်ထားရင်း မီးဖိုပေါ်က ငါးရှဥ့်ကင်ကို သရေ တစ်များများ လျှာတစ်သပ်သပ်ဖြင့် စောင့်စားကာ နေလေတော့ သည်။ 

*******
ချစ်စွာသော ဘလော့ မောင်နှမများ အားလုံးကျန်းမာလို့ ချမ်းသာကြပါစေရှင်။
ပုံလေးကိုတော့ google ကနေ ရှာဖွေပြီး အသုံးပြုထားပါတယ်။
 

Monday 18 November 2013

သံသရာ တစ်ကွေ့ဝယ်




      လူတွေ လူတွေ တော်တော်ခက်ကြတာပဲ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရတာ။ ပိုက်ဆံမရှိရင် စိတ်ဆင်းရဲရတာ ကိုယ်ကိုယ်တိုင်ပဲ သိတာ။ ဘေးကနေ သူတို့လဲကူနိုင်တာမဟုတ်။ ကိုယ်လုပ်နေတာကြပြန်တော့လဲ ဘေးကနေစေ့စေ့ကြည့်ပြီး အတင်းဆိုတာ တုတ်ကြ သေးတာ။ ကျွန်မလဲ အစကတော့ ဂရုစိုက်ပါတယ်။ လူပြောစရာလေးများ ဖြစ်မလားဟဲ့ပေါ့။ ဒါပေမယ့် ဘယ်လိုပဲနေနေ ပတ်ဝန်းကျင်ဆိုတာက ချီးမွှမ်းဖို့ဆိုရင်သာ ခက်နေတာ ကဲ့ရဲ့တာဖို့ဆိုရင်တော့ နေ့မကူးဘူးရက်ကွက်ထဲသတင်းပြန့်တာမြန်ပ။ 

         အင်းကျွန်မလုပ်နေတဲ့ အလုပ်ကလဲ  ငါးရောင်းတာကိုး။ ဒီတော့ ဈေးသည်ဆိုတာမှ အော်ကြော်လန် ၀က်ဝက်ကွဲ ငါးစိမ်းသည် ဆိုတာကို ယူထားတာ။ ဒီလိုပြောလို့ ကျွန်မလို ဘ၀တူတွေကို နှိမ်လိုက်တာမဟုတ်ရပါဘူး။ လူတိုင်းရဲ့စိတ်ထဲမှာကိုက ငါးစိမ်းသည် ဆို အပေါက်ဆိုးတယ် အလေးခိုးတယ် စွာလန်ကျဲတယ် အဲဒီလိုမူသေ မှတ်ယူထားကြတာမဟုတ်လား။တစ်ကယ်လဲ ကျွန်မစွာပါတယ်။ မဟုတ်ရင် မခံတာလေးတစ်ခုပါပဲ။ အဖေဆုံးသွားပြီးထဲက အမေကလဲ ဘာမှ မလုပ်တတ် မောင်လေးကလဲ သုံးလေးနှစ်လောက်ရှိသေးတာ။ ပိုက်ဆံ ဆိုတာတော့မေးမနေနဲ့ အမေ့လည်ပင်းက ရွှေကြိုးလေးတောင် အဖေ့အသုဘစားရိတ် လုပ်လိုက်ရပါရောလား။ ဒီတော့ ရက်လည် ကရတဲ့ ကူငွေလေးနဲ့ အမေ့နားကတ်လေးထပ် ရောင်းပြီး ကျွန်မလဲ လောကကြီးထဲ ကုန်စိမ်းသည် အနေနဲ့ ခြေပစ်လက်ပစ်ဝင်ချလိုက်ရတာ။

    ဒါပေမယ့်တစ်ခုတော့ရှိတယ် ကျွန်မက ငယ်ငယ် လေးထဲကစွာတယ်။ရဲတယ်။ လူသိပ်မကြောက်တတ်ဘူး။ ကုန်စိမ်းစပြီးရောင်းစကတော့ ဘာပြောကောင်းမလဲ နေ့တိုင်းမျက်ရည်နဲ့ မျက်ခွက်။ ဈေးရောင်းလို့မကောင်းတာကတစ်မျိုး။ ဘ၀တူတွေအချင်းချင်း အလိမ်ခံလိုက်ရတာက တစ်ဖုံ။ နေရာမရလို့ ဗန်းကြီး ခေါင်းရွက် ဟိုရွှေ့ဒီရွှေ့နဲ့ ဈေးကောက်ကို မျက်နှာလုပ်ရတာကတစ်မျိုး။ အရင်းလေးများပြုတ်တော့ မလားဟဲ့လို ရင်တစ်မမနဲ့စ ခဲ့ရတာ။ 

     တစ်ခါတစ်လေများဆို အိမ်မှာဆန်ပြုတ်တောင်နပ် မှန်တာမဟုတ်ဘူး။အိမ်လခကလဲ ပေးရသေး။ မပေးရင်လဲ လမ်းဘေးတဲထိုးပြီး နေရမယ့်ဘ၀။ ဒီတော့ လျှော့စားပြီး အိမ်လခပေးရတော့တာပဲ။ ပိုက်ဆံမရှိ မျက်နှာမွဲမို့ အမယ်လေး ကူမယ့်သူမပြောနဲ့ ရပ်ကွက်ထဲခေါ်မယ့် ပြောမယ့်သူ ရှိကို မရှိတာ။ ပိုက်ဆံလေးများချေးလိုက်မယ်လေလို့ မတွေးနဲ့ နေ့ပြန်တိုးနဲ့ကို နစ်မှာ။ ဒီလိုနဲ့ပဲ လူရည်လေးလည်လာတော့ ကိုယ်က အပြောကောင်း အဆိုကောင်း စေတနာလေးလဲ ထည့်ရောင်း တော့ ကျွန်မတို့မိသားစု ထမင်းနပ်မှန်ရုံတင်မက။ ငွေလေးကြေးလေး နဲနဲ စုမိလာတယ်။

         ပြီးတော့ အိမ်ကအငယ်ကောင်လဲ ကျောင်း တက် ရတော့မယ်ဆိုတော့ ကျွန်မလဲ အကုသိုလ်ပေမယ့် ပိုက်ဆံရဖို့က အဓိကမဟုတ်လား။ ငါးစိမ်းသည်ဘ၀ ပြောင်းလိုက်ရတာ။ မပြောင်းလို့လဲ မဖြစ်ဘူး ဒီခောတ် ကန်းဇွန်းရွက် တစ်စီးနှစ်ရာ လောက်ဖြစ်နေတဲ့ အချိန် ဘွဲ့လေးတစ်ခုတောင် မရှိတဲ့ မိန်းကလေးတစ် ယောက်အနေနဲ့ အိမ်မှာရှိတဲ့ မောင်လေးကျောင်းစားရိတ် နဲ့အမေ့အတွက် ဒီလိုမှ အကုသိုလ်နဲ့ ငွေမရှာရင် ကျွန်မလိုမိန်းမမျိုး ခပ်ရိုင်းရိုင်းပြောရ ဟိုလိုမိန်းမပဲဖြစ်တော့မှာပေါ့။

   နှိမ်ပြောတာ မဟုတ်ရပါဘူး။ တစ်ကယ်တော့ ဒီခောတ်ဒီအခါ ဒီလိုအချိန်မျိုးမှာ ပိုက်ဆံဆိုတာရှာရတာကိုးက ခက်နေတာ လူတိုင်းလဲသိနေကြတာပဲ။ ကိုယ်တိုင်က အငတ်ခံနိုင်ပေမယ့် ကိုယ့်အမေ ကိုယ့်မောင် ငတ်နေတော့လည်း မျက်စိစုံမိတ်ပြီး မတတ်နိုင်ဘူးလေ လို့ ပြောနိုင်တဲ့ အသည်းနှလုံးမှ မရှိခဲ့ပဲ။ လူတိုင်း လူတိုင်းမှာ အကြောင်းပြချက်ကလေးတော့ ရှိကြတာပဲ မဟုတ်လား။ အရေးကြီးတာက ကိုယ်လုပ်နေတာကို ကိုယ်တိုင်အမှားအမှန် သိဖို့လိုတာပါ။ ငါးရောင်းတယ်ဆိုမှတော့ ရှင်တာလဲပါတာပေါ့လေ။

        ဘယ်တတ်နိုင်မလဲ မျက်လုံးစုံမှိတ်လို့ သတ်ရတာပဲ။ အကုသိုလ်နဲ့တော့ ကျွန်မမပျော်ပါဘူး။တစ်ကယ်ပါ။ သို့ပေမယ့် ကံဆိုတာကလဲ ခက်သားလား။ စီးပွားရေးများတက်လာလိုက်တာ ဒီရေအလား။ ပထမ ကျွန်မငါးရောင်းတဲ့ဆိုင်လေး ကိုယ်ပိုင်ဝယ်လိုက်နိုင်တယ်။ ဘယ်လိုပြောရမလဲ ဒီခောတ်စကားနဲ့ ဆိုရင်တော့ ဆိုင်ပိုင်ရှင်က နှစ်လုံးထိုးတာ ဗိုက်နာနေတဲ့အချိန်ပေါ့ ။ 

     ဒီတော့ ဗိုက်နာတဲ့ဈေးလေးနဲ့ ကျွန်မ၀ယ်လိုက်နိုင် တယ်။ ပြီးရက်ကွက်ထဲ ငွေတိုးချေးစားတာလဲ ကျွန်မပဲ။ ပြောရရင် ကျွန်မနဲ့ ကိုက်တယ်ပေါ့။ ကျွန်မက အော်နိုင်တာကိုး။ ပြောနိုင်တာကိုး။သို့ပေမယ့် မရှိတဲ့ လူတွေဆို ကျွန်မကိုယ်ချင်းစာပါတယ်။ နိုင်ထက်စီးနင်းမလုပ်တတ်ဘူး။ ခက်တာကလူတွေပဲလေ တစ်ချို့ကြတော့လဲ တစ်ကယ်ကို ဒုက္ခ ရောက်တာ။ တစ်ချို့ဆိုလည်း သူများပိုက်ဆံယူပြီး ပြန်မပေးချင်တာ။ အို လူအမျိုးမျိုးစရိုက် အဖုံဖုံပါပဲ။

      ဟောခုဆိုရင်.. ကိုယ်ပိုင် အိမ်လေးတောင် ၀ယ် ထားလိုက်နိုင်တာ။ အမယ်လေး ဒီတော့ ရပ်ကွက်ထဲက ဘာပြောကြတယ် မှတ်သလဲ။ အကုသိုလ်နဲ့မှ စီးပွားဖြစ် တာတဲ့လေ။ နောက်ပြီး ငါးယူနေကြ ငါးဆိုင်ပိုင်ရှင်ဒိုင်နဲ့က ဘာလိုလို ပြောနေကြသေးတာ။ မျက်နှာလေးပြစားတယ်ဆိုလားပဲ။   ဒေါသတွေထွက်လိုက်တာ။ ပြီးတော့ ပြောရက်လိုက်ကြတာ။ ဘယ်လောက်တောင်ဆိုးခဲ့သလဲဆို ငယ်ချစ်ဦးကတောင် တစ်ကယ်ပဲဖြစ်နေသလိုလိုနဲ့ သံသယတွေ ၀င်ပြီး ကွဲကွာသွားကြတဲ့အထိ။ 

    ရက်ကွက်ထဲက မိန်းမတွေပါးစပ်များ အဲဒီထဲက စိတ်ကလဲနာ ပြီးတော့ သူတို့ကို ဂရုစိုက်ချင်စိတ်လဲ မရှိတော့ဘူး။ သူတို့လဲပြောချင်ရာပြော ကျွန်မလဲ ကျွန်မလုပ် စရာရှိတာလုပ်တယ်။ရှေ့တင်လာပြီး စောင်းသလို ရွှဲ့သလိုဆိုရင်တော့ ပါးစပ်နဲ့မပြောဘူး လက်နဲ့ကိုပြောပစ်လိုက်တယ်။ ကဲ ဘယ်သူ ပြောရဲသေးလဲ။ဒီတော့ ကျွန်မကကြမ်းတယ်ပေါ့။ ရိုင်းတယ်ပေါ့။ ရှင်တို့ပဲ စဉ်းစားကြည့်လေ သူတို့ကမှ မကောင်းတော့ ကျွန်မလဲ မကောင်းနိုင် တော့ဘူး။ 

     ဘာပြောကောင်းမလဲ ကျွန်မနဲ့ မတည့်တဲ့ ကောင်မတွေများ ငွေတိုးယူထားလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။နောက်ပြီး ဒီလိုအချိန် ဒီလိုအခါက နှစ်လုံးတို့ဘာတို့ နှိပ်စက်တဲ့ အချိန်မဟုတ်လား။ ခောတ်ပျက်သူဌေးပဲခေါ်ခေါ် ။အပိုင်လုပ်ပြီးသူတို့နေတဲ့ အိမ်တွေကို အတိုးနဲ့သတ် ပြီးပွဲစားနဲ့ပေါင်းပြီးရောင်း ကျွန်မအကြွေးလဲရ ပွဲစားခငွေလေးလဲ ခပ်မြတ်မြတ်လေးရ။ကဲ မပိုင်ဘူးလား။  ကောင်မတွေလား အမယ်လေး ငိုကြတာပေါ့။ တောင်းပန်ကြတာပေါ့ ငိုလဲ မသနားနိုင်ဘူး။ အရင်သူတို့အလှည့်တုန်းက လုပ်ထားတာ..အလှည့်ကျတော့ မနွဲ့စတမ်းပေါ့အေ လို့ မျက်စလေးချီ ထမိန်လေးမပြီး ကျောခိုင်းလိုက်ရတာကိုးက အရသာ။

   ကျွန်မက အတေးအမှတ်ကြီးတယ်။ကိုယ့်ကိုယ်နစ်နာအောင်လုပ်ထားပြီဆိုရင် အချိန်ဘယ်လောက်ပဲကြာကြာ မှတ်ထားပြီး ကျွန်မအလှည့်ဟေ့ဆိုတာကို ရောက်အောင်စောင့်တာ။ ကိုယ့်အလှည့်တုန်းကလဲ ခံစရာရှိ ကိုယ်က လိမ့်ပိန့်ပြီး ခံထားရတာမဟုတ်လား။ ခုသူတို့အလှည့် ဘာငဲ့စရာ ရှိတုန်း။ ပေဖြစ်တုန်းက ခံခဲ့ပြီးပြီပဲ တူဖြစ်တဲ့ အလှည့်မှ သနားပါရှင် ဆိုတဲ့စကားတစ်ခွန်းလောက်နဲ့ ဟောဒီက ကျော့မေ တို့က ပြီးပြီးရော လက်ခံလိုက်ရမတဲ့လား။

     ငါးဆိုင်ပိုင်ရှင်မိန်းမက အဆိုးဆုံး။ သူကလဲပိုက်ဆံလိုလို့ ကိုယ်ကလဲ ဒီပိုက်ဆံနဲ့ဝယ်နိုင်လို့ ၀ယ်တာကိုပဲ။ သူ့မှာ မကျေနပ်ဘူး။ ကျွန်မ ထင်တာတော့ စီးပွားရေးတက်လာတော့ မလိုမုန်းထား ဘ၀တူအချင်းချင်း မနာလိုတာပိုများပေါ့။ ဒီတော့ ဟုတ်သလိုလိုနဲ့ အတင်းကနေ သတင်းတွေဖြစ်တော့တာပဲကိုး။ နောက်ဆုံးတော့ ကျွန်မက ရပ်ကွက်ထဲ နာမည်ပျက်တာပဲ အဖတ်တင်တော့ပေါ့လေ။

    ဒါပေမယ့် ကိုယ့်ဘာသာကိုယ်တွေးကြည့်ပြန်တော့လဲ တန်ပါတယ်လေ။ ကျွန်မအမေ ကျွန်မမောင်လေး လူတန်းစေ့စားနိုင် နေနိုင် ကျောင်းတက်နိုင်။ အမေ နဲ့မောင်လေးကတော့ ပြောပါတယ်။ ဒီအကုသိုလ် အလုပ် သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ ရတဲ့ပိုက်ဆံ တွေကို ရပ်လိုက်ပါတော့တဲ့။ နို့ပေမယ့် လူ့စိတ်ဆိုတာက ခက်သားပဲ မဟုတ်လား။ ဒီအလုပ်နဲ့မှ ဒီလိုဖြစ်လာတာဆိုတော့ ကျွန်မကတော့ မစွန့်နိုင် ဘူး။

   လောဘက ဦးဆောင်နေတာကိုး။ အလှူအတန်းတော့ ရက်ရောတယ်။ နှမျှောတယ် တွန့်တိုတယ်လို့ မရှိဘူး။ ရွက်ကွက်ထဲ သာ ရေးနာရေးဆို ရှေ့ဆုံးကနေကို လှူ တာ။ ဒီတော့ ရပ်ကွက်ထဲက မိန်းမတွေများ  ဘာပြောတယ်မှတ်တုန်း။ အမယ်လေး ငါးစိမ်းသည်မက သူဌေးနာမည်ခံနေပါရောလားဆိုပဲ။ လှူ လိုက်တာတော့ ကျုပ်လှူ တာပေါ့။ ဈေးသည် ဈေးထဲဆိုတော့လဲ သတင်းကအကုန်ပြန် ကြားရတာ။ စေတနာတစ်ကျပ်ဖိုးအပြင် ဒေါသနဲ့မောဟပါ ထည့်ပေါင်းတော့ကုသိုလ်ကတစ်ပဲ ငရဲကတစ်ပိဿ 
ပေါ့လေ။

      ပြန်ပြီးကြားကြားနေရတဲ့ သတင်းစကား အတင်းတွေကြောင့် ကျွန်မစိတ်မှာ တစ်နေ့တစ်နေ့ ဒေါသ၊မာန နဲ့ မောဟမီးများ လောင်လိုက်တာ မပြောပါနဲ့။ နားရတယ်ကိုးမရှိဘူး။ ဒီကြားထဲ လုပ်နေတာက ငါးရောင်းတာ။ ငါးကလဲ သတ်ရင်းသတ်ရင်း လက်ကလဲယဉ်လာလိုက်တာ။ မနောကံနဲ့ပါ ကျူးး လွန်မိလာတယ်။ အဲဒီပြောနေတဲ့ ကောင်မတွေကိုလဲ ငါးတွေရဲ့ ခေါင်းကို ဓါးမနဲ့ တိကနဲ ဖြတ်လိုက်သလို ဒင်းတို့ကိုပါ တိကနဲ ဖြတ်ချင်လာတယ်။

     ကျွန်မမှားနေလို့ ပြောတယ်ဆိုပြောပါ။ အချိန်ပြည့်စိတ်ထဲမှာ ဒေါသ မာန မခံချင်စိတ် ငါဆိုတဲ့ မာန်အမယ်လေး အားရတယ်ကိုးမရှိပါဘူး။ကိုယ်မှမဟုတ်တဲ့ဟာကို ဒင်းတို့က တစ်စိတ်တစ်အိတ်လုပ်ပြီးပြောနေတာ ရင်ထဲမှာခံပြင်းလွန်းလို့။ဘယ်လောက်တောင်လဲဆို ကျွန်မရဲ့မျက်နှာမှာ ဒေါသရဲ့ အရှိန်နဲ့အချိန်ပြည့် နီမြန်းလာတယ်။ အရင်လိုစကားတွေ မချို သာနိုင်တော့ ဘူး။ ပိုက်ဆံလေးလဲရှိလာတော့ မာန်ဆိုတာလေးကလဲ ရောက်လာပြီးကိုး။ 

    ဒီတော့ ဒင်းတို့က ဆိုကြပြန်သေးတာ ကျွန်မက အသက်ကြီးလေ မိုက်လုံးကြီးလေတဲ့။ ဒီလိုဆိုကြပြန်တာလား။ ကျွန်မရဲ့ စိတ်တွေကလဲ ကြိတ်မနိုင်ခဲမရပေါ့။ ပူလောင်လိုက်တာ ပြောမနေပါနဲ့ နေ့တိုင်းအဲဒီခံပြင်းတဲ့ စိတ်ကြီးနဲ့နေရတာ။ ဒီကြားထဲ ကျွန်မခေါင်းကလဲ ပိုပိုပြီး ကိုက်လာတယ်။ဆေးခန်းပြ ခဏပါပဲ။ နောက်နေ့ ပြန်ကိုက်မထနိုင်ဘူး။ထင်တော့ ငါးတွေရဲ့ခေါင်းကို ထုထုသတ်ခဲ့တဲ့ဝဋ်ကတော့ ဘ၀မကူးခင်လည်ပြီထင်ပ။

      ဒီကြားထဲ ခေါင်းကကိုက်နေတာတောင် စိတ်ထဲဂယောင်ဂတမ်းနဲ့ ငါးခေါင်းတွေ ထုနေသေးတာ။ ဒီလိုနဲ့ ကျန်းမာရေးကလဲ တစ်နေ့ရွှေ တစ်နေ့ငွေ ဒီကြားထဲ အမေကလဲ အသက်ကြီးတော့ဆုံးသွားပြန် မောင်လေးကလဲ အရွယ်ရောက်ပြီ ပညာလဲစုံ ကြင်ယာလဲစုံပြီးပေါ့။ ဒီတော့ ကျွန်မတစ်ယောက်တည်း အထီးကျန်လိုက်တာ။ အသက်ကလေးကလဲ ရလာ ဘ၀ကလဲ ကြမ်းဆိုတော့ ဇရာရဲ့နှိပ်စက်ချင်းကို လူးလိမ့်ပြီးခံရတော့တာပဲ။ 

    ကျွန်မရဲ့ မျက်နှာကလဲ တေးထားတဲ့ အာဂတတွေ လုပ်နေတဲ့ အကုသိုလ်တွေ လောဘတွေ မောဟတွေ မာန်တွေမချနိုင်သေးတော့ ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသလားမှတ်ရတယ်။ ဒါတောင် လူတွေကပြောနေသေး တာ အဲဒီမိန်းမကြီး သေရင်ဥစ္စာစောင့်ဖြစ်မှာတဲ့လေ။ ကိုယ့်ပစ္စည်းကိုယ်စောင့်တာ ဘာဖြစ်တုန်း။ ဒင်းတို့အပူလား။ အသက်ကကြီးလေ တစ်ယောက်တည်းဖြစ်လေ ဒေါသကပိုကြီးလေ အပေါက်ကပိုဆိုးလာလေနဲ့ သံသရာလည်နေတာမပြောပါနဲ့တော့။

   ကိုယ်တိုင်ကိုယ်ကလဲ အချိန်ပြည့် အဲဒီလို အော်ပြီးပြောရဆိုရတာကို ပိုပြီးတော့ပဲ နှစ်သက်လာသလိုလို။ဆိုင်မထွက်လို့ ငါးညှီနံ့လေး များမရရင် တစ်ခုခုများလိုနေသလိုလို။ အဲဒီလိုကိုဖြစ်နေတာ။ မနက်မိုးလင်း မျက်နှာသနပ်ခါးသာ မလိမ်းရင်နေမယ် ဟောဒီက ကျော့မေ တို့က ငါးဆိုင်တော့ ဖွင့်ပြီးနေပြီ။ကျန်းမာရေးကတော့ အရင်လိုမကောင်းဘူးပေါ့။ပြီးတော့ လူဖြစ်ရတဲ့ ကိုယ့်ဘ၀ကိုယ်လဲ မကျေနပ်ဘူး။ ငယ်ဆိုတဲ့ အရွယ်ထဲကသူများတွေလို မလှရ မပျော်ရ။ ဟော အသက်ကြီးလာတော့လဲ ဘာများပျော်စရာ ကောင်းတုန်း။ ဘ၀နဲ့ ကျွန်မနဲ့ နပမ်းလုံးရင်း တစ်နေ့တော့..

      ကျွန်မတို့ ရပ်ကွက်ထဲ ၁၀ ရက်တရားစခန်းဖွင့်တယ်။ အလှူ ဆိုရင်တော့ ကျွန်မကရှေ့ဆုံးကပေါ့။ ဒီတော့ ရက်ကွက်ကလူကြီး တွေက တိုက်တွန်းတယ်။ လှူ လဲလှူ ကိုယ်တိုင်လဲ ရိပ်သာစခန်းဝင်ပေါ့။ ပြောလွန်းမက ပြောကြလွန်းတော့လဲ အားနာတာနဲ့ လိုက်ဝင်ဖြစ်တာပေါ့။ ပထမရက်မှာပဲ ငါးဆိုင်ကိုကြီး စိတ်ကမြင်နေတာ။ ပြီးတော့ ငါးတွေကလဲ ယူထားပြီးသားဆို တော့ ပိတ်လို့ကလဲမရဘူးလေ။ 

     ဒီတော့ သူများကို ရောင်းခိုင်းခဲ့ရတာ။ အဆင်မှ ပြေပါ့မလား။ ရှုံးများနေပြီလား။ မျက်စိထဲ သတ်ထားတဲ့ သွေးသံရဲရဲနဲ့ ငါးတွေပြန်မြင်လာလိုက်။ စိတ်ထဲမှာ အော်ဟစ်နေချင်တာများ ထိန်းမနိုင်သိမ်းမရ။ အလိုလိုနေရင်း စိတ်ထဲမှာ ဒေါသတွေကထွက်။ ခန္ဓာကိုယ်ကလည်း ဟိုးနာက နာချင်သလိုလို ဒီနားက နာချင်သလိုလို ဒီကြားထဲ ခေါင်းကလဲ ကိုက်သေးတယ်။ ပြီး ငြိမ်ပြီးထိုင်နေရတာကိုးက ကျွန်မအတွက် ဒုက္ခ ။ ရိပ်သာမ၀င်ခင်က အလုပ်နဲ့လုပ် ပြတ်တယ်မှ မရှိပဲ။ အင်း ဒီလိုဆိုရင်တော့ ခက်ရချေရဲ့။ ရက်ကွက်ထဲ လူကြီးတွေပြောပြီး ထွက်ပစ်လိုက်ဖို့ကို ခဏခဏ စိတ်ကူးမိတယ်။ ၄ ရက်မြောက်ညဘက် အရောက် အိပ်ခါနီးမှာတော့ ဆုံးဖြတ်လိုက်တယ် မနက်ဖြန်မနက် ရိပ်သာကနေထွက်တော့မယ်။ ဘယ်..ဒီလိုသာဆို ကျွန်မ ရူးသွားနိုင်တယ်။


   မနက်မိုးလင်းအိပ်ယာကနိုးတော့ လူတွေရုတ်ရုတ်ဖြစ်နေတယ်။ ဘာများပါလိမ့်ပေါ့။ အမယ်လေး ကျွန်မရဲ့ရန်သူတော်ကြီးတစ် ယောက်လေ အိပ်နေရင်းနဲ့ ဆုံးသွားပါရောလား။ မနက်မိုးလင်း သူ့ဘေးက တူတူအိပ်တဲ့ မိန်းမက ခေါ်ကြည့်လို့မရတော့မှ ဆုံးမှန်းသိတယ်တဲ့။ သူ့ကြည့်ရတာ ဝေဒနာတော့ တော်တော်ခံစားသွားရပုံပဲ။ သူ့ရဲ့လက်တွေက အိပ်ယာခင်းကို ကိုင်ပြီးဆုပ်ထားတာ တော်တော်နဲ့ဖြည်လို့မရဘူး။ပြီးမျက်လုံးကလဲ တစ်ဝက်ကပွင့်နေသေးတယ်။  ကြည့်ရဆိုးလိုက်တာလို့ စိတ်ကတွေးနေသလို စိတ်ထဲမှာလဲ သူ့ကိုသနား သွားတယ်။ အော် သေသွားတော့လဲ ဘာမှမဟုတ်ပါလားလို့ တွေးလိုက်မိတယ်။

  ဒါဆိုရင် ငါကိုယ်တိုင်ရော သေဖို့အသင့်ပဲလားလို့ စဉ်းစားလိုက်မိတယ်။ ကျွန်မလဲ သေသွားနိုင်တာပဲမဟုတ် လား။ အဲဒီတော့မှ ကြောက်လိုက်တာ။ ဘုရား ဘုရား လို့တမိတယ်။ ခုလောလောဆယ် ဒီခန္ဓာကြီးမှာ ဘာရောဂါမှ မခံစားရတာတောင် ကျွန်မရဲ့ လောဘ ဒေါသ နဲ့ မောဟတွေကို သတ်လို့မရတာ။ ဒီခန္ဓာကြီး နာနေတဲ့အချိန်များဆို ကျွန်မ ဘယ်လိုများ တရားသိတော့မှာတုန်း။
     တရားမသိဘူးဆိုမှတော့ နောက်ဘ၀ ငရဲကျမလား သံသရာမှာ ဘယ်လိုခန္ဓာမျိုးနဲ့ ဒုက္ခတွေခံ ရလိမ့်မလဲ  ။ ခန္ဓာရပြန်တော့ လောဘ ဒေါသ မောဟတွေဖြစ်။  ဒီကြားထဲ ကျွန်မမှာ ငါးတွေကို သတ်ထားတဲ့ဝဋ်ကြွေးဆိုတာရှိသေးတယ်။ 

    မတ်တပ်ရပ်လို့ သေဆုံးသူရန်သူတော်ကြီးရဲ့ ရုပ်အလောင်းကို ကြည့်ပြီး ကျွန်မဒူးတွေ တုန်လာတယ်။ ရင်ထဲမှာလဲ တစ်လျှပ်လျှပ်ဖြစ်လာတယ်။ ဘုရား..ဘုရားဆိုပြီးတနေတာ လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းကို မသိတော့ဘူး။ ကျွန်မရဲ့အသိကလေး လျှပ်ကနဲ တစ်ချက်ဝင်လာတယ်။ 
မဖြစ်ဘူး မဖြစ်ဘူး  ဒီဘ၀ ဒီသံသရာကတော့ လွတ်အောင်ကို ရုန်းနိုင်မှ ဖြစ်တော့မယ်လို့။ 



***
အကြံကုန်တော့ ဆားချက်ဆိုသလို အရင်တင်ပြီးသား ပို့(စ်) အဟောင်းလေးကို ပြင်စရာရှိတာလေးတွေ ပြင်ပြီ ဒီတစ်ပတ်အတွက် ပို့(စ်) အသစ်လေး လုပ်လိုက်ရပါတယ်ရှင်။
ဘလော့လေးမှာ လာရောက်ပြီး စာဖတ်သူများနှင့် တစ်ကွ ဘလော့ မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
ဘလော့မှာတင်ထားတဲ့ ပုံလေးကိုတော့ internet ကနေပဲ ရှာပြီး ယူသုံးထားမိတယ်။

Thursday 7 November 2013

သင်..လမ်းလျှောက်နေပါ. ရပ်မပစ်လိုက်ပါနှင့်


ကျယ်ဝန်းလှတယ် ဥယျာဉ်ခြံမြေကြီးတစ်ခုမှာ သက်တမ်းရင့် သစ်သီးပင်ကြီးတစ်ခုကို ခြုံနွယ်ပိတ်ပေါင်းတွေက ဖုံးလွှမ်း နေပါသတဲ့။ ဒီအပင်ကြီးဟာ သက်တမ်းကလည်းရင့်နေပြီ အရင်ထဲကလည်း သီးထွက်ကျဲခဲ့တာမို့ ခြံထဲက အလုပ်သမား တွေကလည်း ပေါင်းသင်တာတို့ ရှင်းလင်းတာတို့ မလုပ်ပေးဖူးပေါ့။ အဲဒီလိုနဲ့ ခြုံနွယ်တွေ ဖုံးလွှမ်းနေတဲ့ ကြားထဲက အဖူးလေးတစ်ခု ထွက်လာသတဲ့။ 

ဒီတော့ ခြံအလုပ်သမားတွေက ပြောကြတာပေါ့။
”ဟာ အပင်အိုကြီးတော့ အဖူးဖူးနေပြီဟေ့။ ဒါပေမယ့် အသီးတော့ တင်လိမ့်မယ် မထင်ပါဘူးကွာလို့” ။ ခြံအလုပ်သမားတွေပြောကြတဲ့ စကားကို စပြီးဖူးကာစ အဖူးလေးက ကြားတော့ စိတ်မကောင်းလဲဖြစ် ၀မ်းလည်း ၀မ်းနည်းတာပေါ့။ သူတို့က ငါ့ကိုပြောနေကြပါလား ငါဟာ ချိုမြတဲ့ သစ်သီးတစ်လုံး ဘယ်တော့မှ ဖြစ်မလာနိုင် တော့ဘူးတဲ့။ ဒါပေမယ့် စပြီးဖူးကာစ အဖူးလေးက သူ့ရဲ့ ယုံကြည်ချက်ကိုတော့ အပျက်မခံဘူးတဲ့ ငါဟာ ဟောဒီလို အဖူးလေးကနေ အသီးသီးနိုင်မယ့် အပွင့်လေးဖြစ်လာစေရမယ်လို့ သူ့ကိုယ်သူ သံဓိဌာန်ချလိုက်သတဲ့။ 

ဒီလိုနဲ့ အချိန်တန်လာတော့ ဖူးကာစအဖူးလေးကနေ ပန်းပွင့်ဖို့ အချိန်ရောက်လာသတဲ့။ ဒီတစ်ညကို ကျော် လွန်ပြီး မနက်ရောက်ပြီဆိုရင် အဖူးလေးကနေ ငွားငွားစွင့်စွင့် အပွင့်လေး ဖြစ်လာတော့မှာပေါ့။ အဖူးလေးဟာ ပျော်လို့ပေါ့။ တက်ကြွနေလိုက်တာ။ ဟော အချိန်တန်ပြီလဲ ဆိုရော သူ့ရဲ့ ပွင့်ချပ်တွေကို ဖြန့်ကားပြီး လှလှပပကြီး ဖူးပွင့်လိုက်သတဲ့။ ပြီးတော့ စိတ်ထဲကလဲ တွေးနေတာပေါ့။ ဟွန်း မနက်ကျရင် ခြံထဲကလူတွေက သူ့အနားလာပြီ ဟယ် လှလိုက်တဲ့ ပန်းပွင့်ကြီး ဒီပုံအတိုင်းဆို အသီးတစ်လုံးလဲ ဖြစ်လာနိုင်တဲ့ ဆိုတဲ့ ချီးကျူးတဲ့ အသံတွေကို ကြားရတော့မယ် ဆိုပြီး ပျော်ရွှင်နေမိတာပေါ့။ 

ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ သူထင်သလို ဖြစ်မလာခဲ့ပါဘူး။ မနက်မိုးလင်းလို့ ခြံထဲက လူတွေ ရောက်လာကြတဲ့အခါ သူ့ရဲ့ ပွင့်ဖတ်ကလေးတွေရဲ့ အနားတွေဟာ စုတ်ပြတ်သတ်လို့နေတယ်တဲ့။ ပြီးတော့ နွမ်းနွမ်းဖတ်ဖတ်နဲ့ ခဏနေကြွေကျသွားတော့မှာလို့တောင် ထင်ကြေးတွေပေးကြတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပန်းပွင့်ကလေးဖြစ်ပြီး ခဏအကြာမှာပဲ လေကြမ်းကြီးတစ်ခု ဝှေ့ပြီးတိုက်သွားလိုက်တာ ပန်းပွင့်လေးခင်ဗျာ ကြွေကျမသွား ရအောင် တစ်ညလုံး အားကုန်ထုတ်ပြီ ကြိုးစားခဲ့ရလို့ပဲ။ 

ပန်းပွင့်လေးဟာ အရမ်းကိုကြေကွဲသွားတယ်။ သူ့ကိုယ်သူ ငါ ဟာ အရမ်းကို ကံဆိုးလွန်းပါလား။ ငါ ကြိုးစားခဲ့ ရဲ့သားနဲ့ နောက်ဆုံးတော့ ငါဟာ ရှုံးနိမ့်မှုတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဟောစပြီး အဖူးလေးဖြစ်တော့လည်း အပင်အိုကြီးမှာ ဖြစ်ရ။ ဒီကနေ ပန်းပွင့်လေးဖြစ်အာင် ကြိုးစားတော့လဲ မထင်မှတ်ပဲ လေကြမ်းကြီးတိုက်ခတ်ခံရတယ်။  ငွားငွားစွင့်စွင့် ပန်းလှလှလေးတောင် မဖြစ်ရတဲ့ဘ၀။ သူ့ဘ၀ကို သူ အရမ်းကိုကြေကွဲပြီး အားငယ်စွာနဲ့ ငိုကြွေးနေခဲ့  တယ်တဲ့။

ခြံအလုပ်သမားတွေကလည်း ဒီပန်းလေးဘယ်တော့ ကြွေမလဲ စောင့်ကြည့်နေကြတာပေါ့။ စထဲက အသီးတင်ဖို့ မရှိတဲ့ဟာ ခုလေကြမ်းကြီးပါ တိုက်ခတ်ခံရတယ်ဆိုတော့ အပင်ကြီး အမြစ်ကနေတုံးကနဲ လှဲပြီး မသေ တာကံကောင်းတယ်လို့လဲ သူတို့အချင်းချင်းပြောနေကြသတဲ့။ သူတို့ပြောနေတဲ့ အသံတွေကို ပန်းပွင့်လေးက ကြားလေ ပိုပြီး ၀မ်းနည်းကြေကွဲလေ။ ပိုပြီးနွမ်းလျလာလေပေါ့။ 

ဒီအချိန်မှာပဲ ပန်းပွင့်လေးရဲ့ သစ်ပင်အိုကြီးက ဘာလို့များ သည်းထန်စွာ ငိုကြွေးနေရတာလဲ ပန်းပွင့်လေး ရယ်လို့ မေးလိုက်သတဲ့။ ဒီတော့ ပန်းပွင့်လေးက ပင်အိုကြီးကို ပြောပြတာပေါ့။ သူဟာစပြီး ဖူးပွင့်စကထဲက ခုချိန်ထိ သူ့ဘ၀မှာ သူဘယ်လိုပဲ ကြိုးစားခဲ့ ပါစေ နောက်ဆုံးတော့ သူဟာနွမ်းကြွေပြီး မြေခရတော့မှာ ဖြစ်ကြောင်း သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ချိုမြတဲ့ အသီးတစ်လုံး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့လို့ ငိုကြွေးနေရတာပါလို့ ပြန်ဖြေသတဲ့။ 

ဒီတော့ ပင်အိုကြီးက ပန်းပွင့်လေးကို ပြုံးကြည့်ပြီး ဟက်ကနဲ ရယ်သတဲ့။ ဒီတော့ ပန်းပွင့်လေးက အို ပင်အိုကြီးရယ်  အေးပေါ့ ရှင်ကိုယ်တိုင်မှ ဒီလိုမခံစားဘူးတာ ရှင်ကတော့ ရယ်နိုင်မှာပေါ့လို့ မျက်ရည်တွေကြားကနေ ရန်တွေ့သလို ပြန်ပြောသတဲ့။ ဒီတော့မှ ပင်အိုကြီးက ခပ်တည်တည်နေလိုက်ပြီး ဒါဆိုမင်းကို ငါမေးမယ် 

“ပန်းပွင့်လေး .မင်း လေကြမ်းကြီးတိုက်တဲ့ ညက ကြွေ ကြ ပြီ မြေခသွားခဲ့သလားတဲ့။ “

“အို ..မကြွေသေးလို့ ခုချိန်ထိ ပင်ယံမှာ နေနိုင်တာပေါ့ရှင်လို့ ” ပြန်ဖြေသတဲ့။

ဒါနဲ့ ပင်အိုကြီးက ….

“ဒါပဲပေါ့ ပန်းပွင့်လေးရယ် မင်းဟာ လေကြမ်းကြီး တိုက်ခတ်နေတုန်းမှာတောင် ပင်ယံကနေ မကြွေပဲ ခက်ခက်ခဲခဲ ဆက်လက်ရှင်သန်ဖို့ ကြိုးစားခဲ့ပြီမှပဲ ခုလို လေငြိမ်သွားတော့မှ မင်းကြွေ ကြသွားမယ်ဆိုရင် မင်း အဲဒီညက ကြိုးစားခဲ့ရတဲ့ ရလဒ်တွေဟာ အလကားဖြစ်ကုန်တော့မှာပေါ့” 

လို့ ပြန်ပြောသတဲ့။ ပင်အိုကြီးရဲ့ စကားကိုကြားလိုက်ရတယ် ဆိုရင်ပဲ..ပန်းပွင့်လေးက သူဟာ တစ်ကယ်ပဲ ပြန်လည်ရှင်သန်လာနိုင်ပါ့မလားလို့ ပင်အိုကြီးကို ထပ်မေးလိုက်သတဲ့။ ဒီတော့ ပင်အိုကြီးက ပန်းကလေး မင်းမှတ် ထားကွဲ့..

“ဘယ်နေရာမဆို ဘယ်သူမဆို အခက်အခဲဆိုတာ ရှိနေကြတာပဲ။ ရှိတတ်ကြတာကြီးပဲ။ ဒီလိုပဲ ကျော်ဖြတ်ခဲ့ကြတာ ကြီးပဲ။ ဒါပေမယ့် မင်းလိုပဲပေါ့ ကျော်ဖြတ်ပြီးသွားရင် မင်းလိုပဲ ပင်ယံပေါ်မှာ ခပ်ယဲ့ယဲ့ ရှင်သန်ပြီး ကျန်နေခဲ့ကြတာပဲ။ ဒီလိုအချိန်မှာ ဆုံး ရှုံး မှုတွေ ပြန်မရနိုင်တော့မယ့်ဟာတွေကို တမ်းတနေမယ့် အစား မင်းဖြတ်သန်းရမယ့် အနာဂတ်ကိုပဲ ပိုပြီး အာရုံစိုက်သင့်တယ်တဲ့။ ဘယ်အချိန်ပဲ ဖြစ်နေနေ ကြိုးစားနေဖို့က ကိုယ့်ရဲ့ တာဝန် ရည်မှန်းချက်ကို မင်းကိုယ်တိုင်လှမ်းနေတဲ့ ခြေလှမ်းတွေကမှ မင်းရဲ့ အိမ်မက်။ မင်းကိုယ်တိုင် ခြေလှမ်းတွေကို ရပ်လိုက်တဲ့နေ့မှပဲ မင်းဟာ တစ်ကယ်ကို ကျဆုံးသွားတဲ့ သူတစ်ယောက်အစစ်ဖြစ်သွားပြီ“

လို့ ရှည်ရှည်လျားလျား ရှင်းပြလိုက်သတဲ့။ ပင်အိုကြီးရဲ့ စကားကို ကြားရတဲ့ အချိန်ကစပြီး ပန်းကလေးဟာ အငိုရပ်သွားတယ်။ ပြီးတော့ ကောင်းပါပြီ ပင်ယံက မကြွေသေးသရွေ့ သူ့ရဲ့ ရည်မှန်းချက်အတိုင်း ချိုမြတဲ့ အသီးလေးတစ်လုံး ဖြစ်အောင် ကြိုးစားတော့မယ်လို့ ဆုံးဖြတ်လိုက်သတဲ့။ 

          နောက်ထပ်ရက် အနည်းငယ် အကြာမှာတော့ ပန်းပွင့်လေးရဲ့ ပွင့်ဖတ်တွေဟာ ကြွေကျပြီး မြေခသွားရှာတယ်တဲ့ ဒီတော့ ခြံထဲက အလုပ်သမားတွေလဲ ပန်းပွင့်လေးတော့ ကြွေရှာပြီ ငါတို့ပြောသားပဲ အသီးမတင်ပါဘူးလို့ ဆိုပြီး ၀ိုင်းဝန်းပြောဆိုနေကြတာပေါ့။ ဒီအချိန်မှာပဲ ခြံအလုပ်သမားတစ်ယောက်က ပန်းပွင့်လေးရဲ့ ကျန်နေတဲ့ နောက်ဆုံးပွင့်ဖတ်ကလေးကို လှမ်းပြီးဖယ်ခွာလိုက်ချိန်မှာတော့ အလုပ်သမားတွေအားလုံး ဟာ ကနဲ ဖြစ်သွားကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီပွင့်ဖတ်ကလေးရဲ့ အောက်မှာ အသီးကင်းလေး တစ်လုံးကို တွေ့လိုက်ကြရလို့ပဲ ပေါ့။

          ဒီလိုပါပဲ စာဖတ်သူတို့ဘ၀မှာလဲ အခက်အခဲမျိုးစုံ နားကျည်းမှုတွေ သောကတွေ ပူလောင်မှုတွေ  ဆုံးရှုံးမှုတွေ  ရှိခဲ့ကြဖူးမယ်။ ရှိလဲရှိလာလိုက်အုန်းမယ်။  စာဖတ်သူတို့မှာ အစွမ်းရှိသလောက် တတ်စွမ်းသလောက် ကြိုးစားပြီး ခက်ခဲတဲ့အချိန်တွေကို  ကျော်ဖြတ်ခဲ့ပါ။ လူ့ဘ၀ဆိုတဲ့ သဘောသဘာဝကြီးကိုက  တစ်သက်မတ်တည်း အမြဲရှိမနေ နိုင်ပါဘူး။ နိမ့်လိုက် မြင့်လိုက် ချောလဲလိုက် ပစ်ကျလိုက် ဒါကိုက လောကကြီး လူ့သဘာဝကြီး။ 

ဒီတော့ ဘေးက ပြောသူတွေရဲ့ အမြင်ကို စိတ်မှာမထားပဲ ကိုယ့်ရဲ့ အနာဂတ်ကိုသာ လှပအောင် ပြုစုပျိုးထောင်ခဲ့ပါ။ အောင်မြင်သွားတာက အဓိက မဟုတ်ပါဘူး အဓိကက စာဖတ်သူတို့ဟာ လမ်းမှန်မှန် လျှောက်နေနိုင်ဖို့ပဲ လိုတာပါ။ လမ်းကလဲ လျှောက်နေတယ် အချိန်ကလည်းတန်ပြီဆိုရင်တော့ အောင်မြင်မှုပန်းတိုင်ကို မလွဲမသေ ရောက်တော့တာပါပဲ။

 မှတ်ထားဖို့လေး တစ်ခုက လှမ်းနေတဲ့ ခြေထောက်အစုံကိုတော့ ဘယ်တော့မှ ရပ်ပစ်လိုက်ဖို့ စိတ်မကူးပါနဲ့။ စိတ်ကူးမိပြီဆိုတာနဲ့ ဒါဟာ စာဖတ်သူတို့ရဲ့ ကျရှုံးခန်းအစလို့သာ မှတ်ပေရော့။


*******
ပုံလေးကိုတော့ google ကနေရှာဖွေပြီး ယူသုံးထားပါတယ်။
ဘလော့လေးကို လာရောက်လည်ပတ်သူများနှင့် တစ်ကွ ဘလော့ မောင်နှမများ အားလုံး ကျန်မားလို့ ချမ်းသာကြပါစေရှင်။

Wednesday 6 November 2013

လျှပ်တစ်ပြက်ပေါ်သော အတွေးကို လျှပ်တစ်ပြက်ချရေးသည်




          ချစ်တတ်လာပြီလား ဒါဆိုရင် မင်းဟာ ရှုပ်ထွေးပွေလီနေတဲ့ ချည်ထွေးထဲက ချည်စတစ်ခုကို မင်းအစဆွဲလိုက် ပြီသာ မှတ်ပေတော့။ ချစ်တတ်လာပြီဆိုရင် မင်းကိုယ်မင်းလှပအောင် ပြင်တော့မယ်။ မင်းဟာ.. ဖူးသစ်စပန်းပွင့်လေးကဲ့သို့ နုပျိုလန်းဆန်းနေ တော့မယ်။ ဘာလို့လဲဆိုတော့ ချစ်ရတာကို မင်းပျော်နေတာကိုး။ မင်းချစ်သူက မင်းကိုလှလှပပ တက်တက်ကြွကြွလေး မြင်နေစေချင်တာကိုး။

          ဟော..တွေ့ဖန်များ ချစ်ဖန်များတော့ မင်းမှာ သံယောဇဉ်ဆိုတဲ့ သမုဒယကြိုး ကြာလေ ကြီးလေ ခိုင်မြဲလေ။ သံယောဇဉ်လာပြီဆိုရင် မင်း လွမ်းလာပြီ..တမ်းတလာပြီး အချိန်တိုင်းမင်းချစ်သူဘေးနားမှာ တိုးတိုးတိတ်တိတ် တီတီတာတာ နဲ့ နေချင်တဲ့စိတ် ချစ်သူကို အားကိုးတွယ်တာလာတဲ့ စိတ်တွေနဲ့  လွမ်းဆွတ်တတ်လာပြီ။ တစ်နည်းပြောရရင်..

မင်းရဲ့ ရောဂါဟာ တစ်နေ့တစ်ခြား အမြစ်တွယ်စပြုလာပြီ။ အဲဒီမှာ တစ်ခြားဘေးထွက်ဆိုးကျိုးတွေ ပါလာတော့တာပဲ။ မင်းရဲ့ အချစ်က အဖြူရောင် ဒါပေမယ့် အတ္တရယ် မာနရယ် ဘေးထွက်ဆိုးကျိုးနှစ်မျိုးပေါင်းလိုက်..

          ဟေ..မင်း သ၀န်တိုတတ်တယ်။ ဟယ် ..မာနလဲကြီးတတ်တယ်။ သူကဘာမို့လို့လဲ ငါ့ဘေးနားမှာများ သူ့ထက်သာတာ အပုံကြီး။ ချိန်းထားတဲ့အချိန်ကို မတိကျဘူး။ ငါ့ကို အလေးအနက်မထားဘူး။ ငါ့မှာတော့ ချစ်လိုက်ရတာ ။သူကတော့ င့ါကိုမေ့နေတယ်။ ဒီတော့ တွေ့တဲ့အချိန် လာတဲ့ အချိန် စိတ်ကောက်တာက စပြီ။ မင်းရဲ့ စိတ်တွေဟာ အချစ်ကြောင့် ပူလောင်စပြုလာပြီ။ အဲလိုမဟုတ်ရင်လဲ ချစ်သူနဲ့သာ တူတူဆိုတဲ့ စိတ်ကူးယဉ် ဘ၀လေးကို တည်ဆောက်ဖို့ မင်းမှာ မျှော်လင့်ချက်တွေရှိလာပြီ။ 

          ဒီနေရာမှာ စိတ်ကူးယဉ် မျှော်လင့်ချက်ဆိုတာ တစ်ကယ့်လက်တွေ့ဘ၀ဖြစ်လာအောင် ကြိုးစား အားထုတ်ဖို့ လိုလာပြီ။ လက်တွေ့ဆိုတဲ့စကား ကြိုးစားတယ်ဆိုတဲ့ စကားပါလာပြီဆိုတာနဲ့ နားလည်လိုက်ဖို့က မင်းဟာ အခက်အခဲတွေကို ကျော်ဖြတ်ရတော့မယ်။ မင်းကိုယ်တိုင်ရော မင်းရဲ့ လက်တွဲဖော် နှစ်ဦးစလုံးက တက်ညီလက်ညီ ပြိုင်တူ ရွက်လွင့်ဖို့လိုလာပြီ။ ဒီတော့မင်းရဲ့ လက်တွဲဖော်ကို မင်းက တွန်းအားပေးတော့မယ်။ လက်တွဲဖော်က ကိုတွန်းသလို ရွှေ့နေရင်တော့ ကောင်းပါရဲ့ မရွှေ့တဲ့အခါကျတော့ မင်း စိတ်ဆိုးလာပြီ အားမလို အားမရ ဒေါသတွေ ထွက်လာပြီ။ စိတ်ပါ တော့ နှုတ်ကပါ အပြောလေးတွေက ထေ့လာပြီ။

          ဒီအခြေအနေမှာ ကြားခံမီဒီယာလိုလာတာက နားလည်မှု သဘောထားကြီးမှုတွေပဲ။ အဲဒီအရာတွေဟာ နှစ်ဖက်စလုံးမှာ ရှိမနေတော့ ဘူးဆိုရင် ဒါ သေချာသွားပြီ လွမ်းခွဲမှာ ဆိုဖို့ စကားလေးတစ်ခွန်းတောင် မရှိတော့တဲ့ သူတွေ ဖြစ်သွားကြတယ်။ အဲ ဒီတစ်ယောက်နဲ့ ကွဲသွားလို့ မင်းမှာ အချစ်တွေ သေသွားပြီလားလို့ မထင်လိုက်လေနဲ့ မင်းဟာစပြီး ချစ်တတ်ပြီးသွားပြီ။ ဒီတော့ မင်းအသက်ရှင်နေသမျှ အချစ်ကရှင်သန်နေမှာပဲ။ ရှင်သန်နေအုန်းမှာပဲ။ 

          ဒါပေမယ့် ရှင်သန်နေသမျှ ကာလပတ်လုံး ဆွေးမြေ့မယ် နာကြင်မယ် ပျော်ခဲ့ဖူး မော်ခဲ့ဖူးတာလေးတွေ ကို တမ်းတမယ်။ အတိတ်ကာလကို စိတ်ကူးယဉ်နဲ့ ပျံသန်းမယ် အနာဂတ်ကို အထီးကျန်မှုတွေနဲ့ ဖြတ်သန်းတယ်။ နောက်ထပ် မင်းရဲ့နှလုံးသားက လက်ခံနိုင်မယ့် အချစ်ကို မတွေ့မချင်း ဆိုပါတော့..  ဘာလို့လဲဆိုတော့ မင်းဟာ  ရှုပ်ထွေးနေတဲ့ ချည်ခင်ထဲက ချည်တစ်စကို ဆွဲထုတ်လိုက်မိလို့ပဲ။အဲဒါက ချည်ခင်ရှုပ်ပုံ ရှုပ်နည်းတစ်မျိုး နောက်တစ်မျိုးလဲ ရှိသေးလေရဲ့။ 

အဲဒါဘာလဲဆိုတော့ တက်ညီလက်ညီ လှော်လိုက်တော့ ပန်းတိုင်ရောက်သွားကြ တာပေါ့။ ဒီအခြေအနေက ချည်ခင်ကို ဆွဲထုတ်ရုံတင်မကဘူး ကိုယ့်လက်ကို ကိုယ်ပြန်ချည်ထားတဲ့ အခြေအနေရောက် သွားပြီ။ အစပိုင်းတော့ ရှင်းမယ်အထင်နဲ့ တစ်စလေးဆွဲလိုက် ကိုယ့်ရဲ့လက်ကို တစ်ပတ်လေးပတ်လိုက် အမယ် တယ်ဟုတ်တဲ့ ငါပါလားပေါ့။ ကိုယ်ကလဲ ရှင်းတာလေးတွေ့သွားတာကိုး ပျော်လာတယ်။ ရွှင်လာတယ်။

          ခက်တာက အချိန်တွေသာကြာလာတယ် ချည်ခင်ထွေးက ရှုပ်နေတာက မပြေနိုင်သေးဘူး။ ဒီလိုနဲ့ တစ်နေ့ ရှင်းနိုး တစ်နေ့ရှင်းနိုးနဲ့ ချည်ခင်ထွေးကြီး ရှင်းလိုက်တာ ဟော..နောက်ဆုံးကျတော့ သားတွေ သမီးတွေနဲ့ ပျော်ကြ ရွှင်ကြ မုန်တိုင်းထဲ ဖြတ်လိုက်ကြ သောကတွေ ရောက်လိုက် ရန်တွေဖြစ်လိုက် ချစ်လိုက်ကြ မုန်းလိုက်ကြ ပြောလိုက်ကြ ဆိုလိုက်ကြနဲ့ အဲဒီ ချည်ခင်ထွေးကြီးရဲ့ အလယ်ဗဟိုထဲက ရစ်ဘီးကြီးက ကိုယ်ကိုယ်တိုင်ဖြစ်သွားတော့တာပါပဲ။ 

ကဲ.. ဒါပေမယ့် ဘာပဲပြောပြောပါ တစ်ချို့ကြတော့လဲ ရစ်ဘီးကြီးလို လည်နေရတာကို ပျော်ကြတယ်။ ချည်လေးတွေ အပတ်ခံနေရတာကိုးက ပျော်နေတတ်တာ။ တစ်ချို့ကျတော့လဲ ချည်လေးတစ်စ ဆွဲမိနေရင်း ငါ ဆက်ရှင်းနေရင်ရော ရှင်းပါ့မလားဆိုတဲ့ သံသယလေးနဲ့ ဆက်ရှင်းရကောင်းနိုးနိုး ရပ်လိုက်ရကောင်းနိုးနိုး နဲ့အတွေးနယ်ချဲ့ကြပြန်တယ်။ တစ်ချို့ကြပြန်တော့ အမယ်လေး ကြောက်လှပါပီဟယ် ..ဆိုပြီ ခပ်ဝေးဝေးက ကွေ့ပတ်ပြေးကြတယ်။ 

ခုစာဖတ်နေတဲ့ သင်ကိုယ်တိုင်ရော..ဘယ်လိုလူမျိုးပါလိမ့် စာရေးသူကိုယ်တိုင်ကတော့ အစလေးဆွဲပြီး ရှုပ်ရှုပ်လာတာ မခံနိုင်လို့ အမယ်လေးကြောက်လှပါပီဟယ် ဆိုပြီး ကွေ့ပတ်ပြေးနေရတဲ့ သူဖြစ်ပါကြောင်း ၀န်ခံရင်း .. ကဲ ..သူငယ်ချင်း ညီအစ်ကို မောင်နှမတို့ရေ ဆက်ပြီး ချည်ခင်ထွေးကြီး ရှင်းလိုက်ကြစို့ရဲ့.

*****
ဘလော့ လေးကို လာလည်ကြတော့ သူငယ်ချင်းများ အားလုံးနှင့် တစ်ကွ ဘလော့ မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
သရုပ်ဖော် ပုံလေးကိုတော့ google ကနေရှာပြီ ယူသုံးထားပါတယ်လို့.. 



Monday 4 November 2013

နွယ်




  မျက်ဝန်းထဲက ပြည့်လျှံနေတဲ့ မျက်ရည်တွေကို မသုတ်နိုင်အားဘူး။ ဝေေ၀၀ါးဝါးကြားကနေ အိမ်ထဲမှာရှိရှိသမျှ ပစ္စည်းတွေ   အိမ်ခန်းတွေ အားလုံးကို မြင်နိုင်သမျှ ကျွန်မလိုက်ကြည့်နေမိတယ်။ဒီတစ်ကြိမ်မြင်ပြီး နောက်တစ်ကြိမ်မြင်နိုင်ဖို့ ဆိုတာ ကျွန်မအတွက် မသေချာတော့ဘူး။

 “ဖေကြီး”

“ဝေ့”

“မေကြီးက ဘယ်သွားမှာလဲဟင်..”

အိပ်ခန်းထဲမှ သားအဖနှစ်ယောက်ရဲ့ အသံ ခဏမျှ တိတ်ဆိတ်သွားသည်။ 

“ဖေကြီးဆို..”

သမီးရဲ့ ဒုတိယတစ်ကြိမ် အမေးမှာတော့..

“ဒီ..ဒီလိုလေ သမီးရဲ့ သမီးလေးဖွားဖွားအိမ်မှာ မေကြီးက ခဏ သွားနေမှာ.”

“ဒါဆို မီးမီး လဲ လိုက်မယ်”

“ဘယ်ဖြစ်မလဲ သမီးရဲ့ ဖွားဖွားက ဆူမှာပေါ့ တုတ်ကြီးကြီးနဲ့ ငါ့သမီးလေ ရိုက်ခံရလိမ့်မယ် ဖေကြီးနဲ့ပဲ နေနော်. သမီး က လိမ္မာပါတယ်ကွာ. “

“ဟင့်အင်း ..ရဘူး..ရဘူး မီးမီးကို ညကျရင် ဘယ်သူပုံပြောပြမှာလဲလို့”

“ဖေ..ဖေ ကြီးပြောပြမှာပေါ့ မီးလေးရဲ့. ဖေကြီးပြောပြမယ်နော်..လာသမီး ဖေကြီးပေါင်ပေါ်ကို လာထိုင်စမ်းပါအုန်း။ ဖေကြီးသမီးလေးကို ချီထားချင်လို့..လာသမီးလေးလာ..”

      သမီးကိုပြောနေရင်း ကိုကျော့် အသံထဲမှာ ငိုသံခပ်အက်အက်ပါလာတယ်။ အနည်းငယ်ကွယ်နေတဲ့ အိပ်ခန်း ခန်းစီးစကို ကျွန်မအသာလေးဖယ်ကြည့်လိုက်သည်။ သမီးကိုတင်းတင်းကြပ် ဖက်တွယ်ထား ရင်း အသံမထွက်အောင် ကြိတ်ပြီးရှိုက်ငိုနေတဲ့ ဒီမြင်ကွင်းကို မျက်နှာလွဲပြီး ကျောခိုင်းပစ်လိုက်သည်။ သူတို့သားအဖရှိနေတဲ့ အိပ်ခန်းရှေ့မှနေပြီ ခြေသံဖွဖွနင်းလို့ အိမ်ရှေ့ခန်းကို ပြန်ထွက်လာခဲ့မိသည်။ အိမ်ရှေ့ခန်းထဲရောက်တော့ ရင်ဘတ်ကြီးတစ်ခုလုံး ဟာတာတာ။ အသည်းနှလုံးတစ်စုံလုံးကို ဆွဲထုတ်ယူသွားခံရသလိုမျိုး အမည်မသိခံစားချက်ကြီးတစ်ခု။ အိမ်ရှေ့ခန်းမှ ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

           မျက်ဝန်းမှ မျက်ရည်တို့က ပြိုကျလာပြန်သည်။ ဟင့်အင်း အဲလိုမဟုတ်ဘူး အဲလိုမဟုတ်ဘူး ငါ..ငါ အပူတွေနဲ့ ကျောခိုင်းသွားလို့မဖြစ်ဘူး။ စိတ်ကို ပြန်ပြီးတင်းလိုက်သည်။ 

          “ဝေ ..ဝေ..ငိုနေတာလား”

ကိုကျော်က ကျွန်မကို မေးလိုက်သည့် အသံ။ ကိုကျော် မမြင်နိုင်အောင် စိုစွတ်နေသည့် မျက်ရည်တို့ကို ကွယ်ပြီးသုတ်ရင်း 

          “သမီးရော…”

          “ငိုပြီး ပင်ပန်းလို့ထင်တယ် အိပ်ပျော်သွားပြီ”

ပြောရင်း ကိုကျော် ကျွန်မဘေးနားက ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။ ပြီးတော့ သူ့ရင်ခွင်ထဲ ကျွန်မကိုဆွဲသွင်းလိုက်ရင်း ခြောက်သွေ့နေတဲ့ ကျွန်မရဲ့ ဆံပင်ခပ်ကြမ်းကြမ်းတို့ကို နမ်းရှိုက်လိုက်သည်။ 

          “ဝေ ..သေချာစဉ်းစားပြီးပြီလား။ ကိုယ်တို့သေတစ်ပန် သက်တစ်ဆုံး တူတူနေမယ်လို့ ဆုံးဖြတ်ထားခဲ့တာ မေ့သွားလို့လား။”

“…”

 “ဝေ နဲ့ သမီးလေး အပေါ်မှာ ကိုယ် ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက် မပီသခဲ့လို့ လား။”

“…”

“ခုကိစ္စက ဝေ ပြောသလို ဝေ တစ်ယောက်တည်း ရင်ဆိုင်မှ ဖြစ်မှာလား။ ဖြေလေ ဝေ ရဲ့ ကိုယ့်ကို ဖြေစမ်းပါ.”

ပြောနေရင်း အားမရသလိုနှင့် ကျွန်မရဲ့ ပုခုံးနှစ်ဘက်ကို ခပ်ကြမ်းကြမ်းလှုပ်ကိုင်ရင်း မျက်လုံးချင်းဆုံ မျက်နှာချင်းဆိုင် ပြီးမေးနေပြန်သည်။ ကျွန်မ မျက်နှာလွဲပစ်လိုက်သည်။ ကျွန်မရဲ့ မျက်ဝန်းထဲက အားငယ်မှုတွေကို ကျန်နေရစ်ခဲ့မယ့် ကိုကျော့် ကို မတွေ့စေလိုပါ။ ပြီးတော့ နှုတ်ဖျားမှာ ဆွံအလို့နေသည်။ ရင်ထဲမှာ မွန်းကြပ် ပြည့်သိပ်မှုတွေက အပြည့် ဒါပေမယ့် အံထွက်လာစရာ အကြောင်းမရှိသလို ကျွန်မနှုတ်ပိတ်နေခဲ့သည်။

“ဆောရီး..ဆောရီး မိန်းမရယ် ..ကိုယ်..ကိုယ်..ထားပါတော့လေ။ ဝေ့ အတွက် အထုပ်အပိုးတွေ ထည့်ထားပေးပြီးပြီသိလား။ ကားက ဘယ်အချိန်လာခေါ်မှာလဲ.”

သိပြီးသား အချိန်တစ်ခုကို ကိုကျော် ထပ်ခါထပ်ခါမေးနေပြန်သည်။ ဒီတစ်ကြိမ်နှင့်ဆို ကိုကျော့်ကို
 ကျွန်မဖြေခဲ့တာ ၅ ခါတိတိ ရှိခဲ့ပြီ။

“ညနေ ၄ နာရီ လို့ပြောတယ်။”

“ဟုတ်လား”

“ခု ၃ နာရီခွဲပြီနော်။”

“အင်း..”

ခဏမျှ ပြောစရာ တစ်ခွန်းမှ မရှိတော့သလို နှစ်ဦးသား တိတ်ဆိတ်သွားပြန်သည်။ 

“ဟိုရောက်ရင် ဆေးမှန်မှန်သောက်နော် ..”

“အင်း..”

“ကျန်းမာရေးကို ဂရုစိုက်နော် ဝေ..”

“အင်း..”

“ပြီးတော့ တစ်ခုခုဆို ကိုယ့်ဆီကို ဖုန်းဆက်ဖို့ မမေ့နဲ့နော်..”

“အင်း..”

ကျွန်မဘေးနားကနေ စိတ်မချသလို တစ်တွတ်တွတ်မှာနေရင်း .

“မသွားပါနဲ့လား ဝေ ရယ်။ ကိုယ်တောင်းပန်ပါတယ်.. မင်းဒီလို လုပ်သွားရင် ကိုယ့်ရင်ထဲမှာ ဘယ်လောက်ထိ ခံစားရမလဲ ဆိုတာ မင်းမသိလို့လား ဟင်”

          ယောက်ကျားရင့်မာကြီး တစ်ဦးဖြစ်ပါလျှက် မျက်ရည်ဖြိုင်ဖြိုင်ကျအောင် ငိုရှိုက်နေတဲ့ ကျွန်မရဲ့ ခင်ပွန်းကို နှစ်သိမ့်ပေးချင်လိုက်တာ။နောက်ဆုံးအနေနဲ့ ကျွန်မလုပ်သင့်တဲ့အရာ ဖြစ်သင့်တဲ့အရာတစ်ခု။ ထိုင်ခုံပေါ်ကနေ ကျွန်မ ကြမ်းပြင်ကို ဆင်းထိုင်ပြီး လက်အုပ်ချီလိုက်တယ်။

“ဒါ..ဒါ ဘာလုပ်တာလဲ ဝေ”

“ကိုကျော် ..ခုဒီဘ၀ ဒီခဏမှာ ကိုကျော့်အပေါ်မှာ ဝေ ကာယကံ ၀ဇီကံ  မနောကံ တွေနဲ့ပြစ်မှား မိတာများရှိ ခဲ့ရင် ခွင့်လွှတ်ပါနော်။ ကိုကျော် နဲ့ သမီး လေးအတွက် ဝေ့ ဘ၀ တစ်လျှောက်လုံး အချိန်တွေ ပေးခဲ့ ပြီးပါပြီ။ ဝေ့ အတွက် ကျန်နေတဲ့ အချိန်ကိုတော့ ဝေ့ရဲ့ သံသရာခရီး အတွက် အသုံးပြုပါရစေ.နော်”

ကိုကျော် မျက်ရည်တွေကို သုတ်လိုက်ရင်း

“ဝေ ဘာအပြစ်တွေပဲ လုပ်ခဲ့ လုပ်ခဲ့ ကိုယ် ခွင့်လွှတ်ပါတယ်..ထ တော့ နော် ဝေ။ ထ ကိုယ်တွဲပြီး ထူပေးမယ် လာ။ ဟော ကားသံကြားတယ်။ ကားလာပြီ ထင်တယ်။ သမီးလေးကို သွားနိုးလိုက်ရမလား။”

“ဟင့်အင်း.. ဝေပဲ သမီးဆီ သွားလိုက်ပါ့မယ်”

အခန်းထဲက ကုတင်ပေါ်မှာ အပြစ်ကင်းစင်စွာ အိပ်နေတဲ့ သမီးရဲ့ နဖူးက ဆံစလေးတွေကို သပ်တင်ရင်း ခပ်ဖွဖွ နမ်းလိုက်မိတယ်။ နှုတ်ဆက်အနမ်းပေါ့။ မေမေ သွားတော့မယ် သမီးရယ်။ ၀မ်းနည်းစိတ်က လှိုက်ကနဲ မျက်ရည်တစ်ပေါက်ကလဲ လိမ့်ကနဲ သမီးမျက်နှာပေါ်ကျရင် သမီးနိုးသွားမှာစိုးစိတ်နှင့် အမြန် လိုက်ဖမ်းမိသည်။ သို့ပေမယ့် သမီးမျက်နှာပေါ် ပူနွေးတဲ့ မျက်ရည်စက်တို့ ကျသွားသည်။ သမီး နိုးသွားသည်။

          “မေကြီး ”

          “သမီး..လေး ..အိုး..အေ..အေ.. ကျွတ်..ကျွတ်….”

သမီးရဲ့ ကိုယ်လုံးလေးကို တစ်ဖက်ကိုစောင်းပေးလိုက်ပြီ လက်တစ်ဖက်နှင့် သမီးရဲ့ ကျောကုန်းလေးကို ခပ်ရွရွလေး ပွတ်ပေးလိုက်သည်။ ခဏမျှအကြာတွင်တော့ သမီးပြန်လည်အိပ်ပျော်သွားသည်။ ကျွန်မလဲ သွားဖို့ အချိန်တန်လေပြီ။ 

          ကျွန်မ အိမ်ရှေ့ ပြန်ထွက်လာတော့ ကားပေါ်ကို ပစ္စည်းတွေ အားလုံး အသင့် တင်ပြီးနေပြီ။ လူဝတ်ကြောင် ဘ၀တုန်းကဖြင့် ကျွန်မရဲ့ မေမေ ခုတော့ မေသီလရှင်ကြီးတစ်ဖြစ် ဒေါ်သုသီင်္ဂ အပြုံးနဲ့ ကားပေါ်ကနေ ထိုင်စောင့်နေ တယ်။ ကိုကျော့် ကို နောက်ထပ် လှည့်မကြည့်မိအောင်ကြိုးစားသည်။ ပြီးတော့ ကားပေါ်တက်လိုက်သည်။ 

          “မောင်း တော့လေ ရပြီ”

ကားလေးက ခြံထဲမှနေစပြီ ထွက်ခွာလာခဲ့သည်။ ကျွန်မ အတ္တများ သိပ်ကြီးလွန်းသလား။ ဆရာဝန်က မင်း အများဆုံး ၃ လပဲ အသက်ဆက်ရှင်နိုင်တော့မယ် ဆက်ပြီးဆေးကုလဲ မထူးနိုင်တော့ ဘူး။ မင်းဘ၀ရဲ့ နောက်ဆုံး အချိန်ပဲ မင်းဖြစ်ချင်တာတွေ အားလုံး လုပ်ခဲ့ပါတဲ့။ ကျွန်မသေမင်းနဲ့ သုံးလအတွင်း နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့ မယ်တဲ့။ ကျွန်မဘာလုပ်ရမလဲ။ ဘာလုပ်သင့်လဲဆိုတဲ့ မေးခွန်းတွေ အများကြီးနဲ့ ၁ လတာကို အချိန်ကုန်ခဲ့တယ်။ 

ခင်ပွန်းသည်ကလဲ ကျွန်မရှေ့မှာတော့ ဘာမှမဖြစ်သလို အားတင်းထားပါ ဝေ ရယ် စိတ်ဆောင်ရင် ဘာမဆိုဖြစ်တယ်။ ကိုယ်တို့ နောင်နှစ်ပေါင်း ငါးဆယ် တစ်ရာထိ ဆက်ပြီးပျော်ရွှင်ရွှင်နေသွားလို့ရတယ်တဲ့။ ကျွန်မကွယ်ရာမှာတော့ သမီးကိုတင်းတင်း ကြပ်ကြပ်ဖက်ပြီး ကြိတ်ပြီးရှိုက်ငိုနေတတ်တာ ကျွန်မသိတာပေါ့။ ကျွန်မ ကိုယ်တိုင်ကရော ထားခဲ့ရမဲ့ လူမမယ် သမီးလေးနဲ့ ခင်ပွန်း ဘယ်လိုများ စိတ်ချ လက်ချ ထားခဲ့နိုင်မလဲ။ ဒီစိတ်ကြီးနဲ့ ကျွန်မ သံသရာကြီးကို ခရီးထွက်သွားရမှာပါလားလို့ တွေးလာမိတယ်။ 

အားလုံးအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုကို ကျွန်မရွေးချယ်လိုက်တယ်။ ကျွန်မ အတွက် သံသရာ ခရီးမှာ ရိက္ခာထုပ်ဖို့ လိုအပ်နေခဲ့ပြီ။ ဘယ်သူ့ကိုမှ ငဲ့ကွက်နေလို့မရတော့ဘူး။ ခုလိုမျိုး ကျွန်မဆုံးဖြတ်ခဲ့တာ အတ္တတွေများ သိပ်ကြီးလွန်းနေခဲ့ သလား။ ကျွန်မအရမ်းကြီးများ တစ်ကိုယ်ကောင်းဆန်နေခဲ့သလား။ သမီးနဲ့ ခင်ပွန်းထက် ကျွန်မကိုယ့် ကိုယ်များ ပိုပြီးချစ်နေခဲ့ သလား။ 

“ဒါယကာမလေး တစ်ကယ်ပဲ သမုဒယ ကြိုးတွေ ပြတ်ခဲ့ပြီလား ကွဲ့”

“ကိုယ် မပြတ်လဲ သေမင်းက ဖြတ်တော့မှာပါ ဘုရား။”

          “အိမ်း ..သာဓု..သာဓု ..သာဓု.။”

ဒေါင်..ဒေါင်..ဒေါင်..ဒေါင်.. သြော်.. ခုတော့လဲ ခေါင်းလောင်းသံတို့ဖြင့် တရားဓမ္မ၏ အရိပ်သည် အေးချမ်းလှပေစွ။   

***
ချစ်စွာသော ဘလော့မောင်နှမများနှင့် တစ်ကွ ဘလော့လေးကို လာရောက် လည်ပတ်သူအပေါင်း ကျန်းမာလို့ ချမ်းသာကြပါစေရှင်.
သရုပ်ဖော်ပုံလေးကိုတော့.. google ကနေပြီ ရှာဖွေပြီး သုံးထားပါတယ်လို့..