Tuesday 8 December 2009

ဒီလိုပါပဲ

တိတ်ဆိတ်နေတဲ့ အခန်းငယ်ထဲမှာ
အိပ်ပျော်နိုင်အောင် ငါကြိုးစားရင်း
တွေးစရာမလိုအောင် ငါ့ရင်ထဲရောက်
လာတဲ့မင်းအကြောင်းရယ်...
မခေါ်ပါပဲ ရောက်လာတဲ့
တမ်းတမှုတွေနဲ့ လွမ်းချင်းတွေရယ်..
ပြီးတော့ မင်းပြောခဲ့သလို
မငိုတတ်တဲ့ မိန်းမတစ်ယောက်ရဲ့
ကျလာတဲ့ မျက်ရည်တွေရယ်...
ဒီလိုပါပဲ.........
မင်းနဲ့ တစ်ကယ်ဝေးရပြီ
ဆိုမှတော့.........ဘ၀မှာ
ဆွေးရိပ်ရယ် ...လွမ်းရယ်..
ကဗျာရယ် ဒါပဲ ငါ့မှာ ရှိနေတော့တယ်.......။

Tuesday 1 December 2009

ဒီဇင်ဘာ

ရောက်ခဲ့ပြန်ပြီး ဒီဇင်ဘာရယ်
မင်းကတော့ ဒီလိုပဲ
နှစ်တစ်နှစ်တိုးလိုက်
တစ်နှစ်ဆိုတာကြီး
ဖြစ်လာလိုက်ပဲ.
ဒါပေမယ့် မင်းရဲ့
ဒီဇင်ဘာဆိုတဲ့ ပညတ်ချက်ကို
မင်းမပြောင်းဘူး
မင်းဟာ ဒီဇင်ဘာပဲ
ဒီဇင်ဘာပဲ...
တစ်ချို့ကတော့
ပညတ်ချက်တွေတင်
ဘယ်ဟုတ်မလဲ
အဓိပ္ပါယ်တွေပါ ပြောင်းကုန်တယ်
ငါတစ်ယောက်အပါအ၀င်ပေါ့လေ..
အချစ်ဆိုတာကြီးက
ဘ၀မဟုတ်တော့ဘူးတဲ့
အချစ်ထက် အရေးကြီး
တာတွေ ရှိသေးတယ်တဲ့။
ကဲ..ဟုတ်လားလို့ ငါမေးမယ်
ဖြေလိုက်တယ် အာမခံရဲရဲကြီးပဲ
ဟုတ်တယ်တဲ့ .
ဖြေတဲ့သူကိုကြည့်လိုက်တော့
အထီးကျန်မှုတွေပြည့်နေတဲ့
ဒီဇင်ဘာမှာစခဲ့တဲ့
ဒီဇင်ဘာ...အလွမ်းကိုး.....။

Wednesday 25 November 2009

တစ်သက်တာဝေးစေ

ဖြစ်လာတဲ့ လူဆိုတဲ့ဘ၀မှာ
ဖြစ်သင့်တာတွေလဲ ရှိခဲ့တယ်
ဖြစ်ခြင်တာတွေလဲ တောင်ပုံယာပုံ
စိတ်ကူးနဲ့ မျှော်လင့်ရင်း
ရူးနေရတဲ့ တမ်းတမှုတွေလဲ
တစ်ကယ်ပဲ ဖြစ်လာတော့မလိုလို....။
တစ်ကယ်အဟုတ်မှတ်ပြီး
ငါမျှောသွားလိုက်တယ်
ရုတ်တရက်...မြန်လိုက်တဲ့
ပြောင်းလဲခြင်း ကံကြမ္မာ
မျှော်လင့်ခြင်းတွေ ကွယ်ပျောက်ပြီး
လျှောက်နေတဲ့လမ်းတွေ
စမ်းတစ်ဝါးဝါးနဲ့ မှိုင်းလိုက်တဲ့
အရောင်ခပ်မွဲမွဲ ဘ၀ဆိုတာကြီး...။ ။
တစ်ကယ်ဆို လက်တို့ပြီးတော့ပဲဖြစ်ဖြစ်
နင်ကြိုပြောသင့်တာပေါ့ ကံတရားရယ်
နင်သာကြိုပြောခဲ့မယ်ဆိုရင်
ချစ်သူကို မာနနဲ့
လက်တစ်ကမ်းမှာ ငါမထားဘူးပေါ့
လွမ်းနေရတာကိုလဲ ချစ်ခြင်းလို့
ငါမသတ်မှတ်ဘူး ပေးဆပ်ခြင်းတွေဟာလဲ
ချစ်သူအတွက်လို့ ငါမကြွေးကြော်ဘူးပေါ့..။ ။
ခုတော့ ငါဘာမှ ဘာတခုမှ
မလုပ်လိုက်နိုင်တော့ဘူး
ခပ်မြန်မြန်ပြောင်းလဲခြင်းနဲ့
ကံတရားရဲ့ နှိပ်ကွပ်မှုအောက်မှာ
ချစ်ခြင်းကို စီရင်ချလိုက်တယ်
ချစ်သူနဲ့ တစ်သက်တာဝေးစေတဲ့။ ။

Friday 20 November 2009

စိတ်ရဲ့ ဒဏ်ရာ

အဲဒီနေ့က ကျူရှင်ကနေပြန်လာတဲ့သူမလွယ်အိတ်လေးချပြီး ထမင်းစားဖို့ နောက်ဖေးခန်းကို အသွားဟိန်းကနဲ့ ထွက်လာတဲ့ အသံ
"သွား နင်လဲအိမ်ပေါ်ကနေဆင်းသွား နင့်အမေအမျိုးတွေနဲ့ နင်လဲအတူတူပဲ ရော့ ဒီမှာနင့်အထုပ်.."
ကျယ်လောင်ပြီး နီမြန်းသောမျက်နှာနှင့် ဒေါသ၏လွှမ်းမိုးခြင်းကိုခံနေရသော သူမ၏အဖေ ..ပြောလဲပြော အထုပ်တစ်ထုပ်လဲ သူမရှေ့ ကိုပြုတ်ကျလာတယ်.. ဒီအချိန်မှာပဲ အမေ့ရဲ့ အသံကိုသူမစကြားလိုက်ရတယ်။
"ရှင် ကလေးကိုဘာမှပြောနေစရာမလိုဘူး ပြောခြင်းပြောကျုပ်ကိုပြော။"
ပြီးတော့ သူမဘက်လှည့်ပြီး
"သမီးအိမ်ရှေ့ မှာသွားဆော့နော်။" တဲ့..
ဒါနဲ့ပဲ သူမလည်း အယောင်ယောင်အမှားမှား ရှေ့မှာရှိတဲ့ အထုပ်လေးကောက် ဟုတ်ကဲ့ဆိုပြီး အိမ်ရှေ့ ပြန်ထွက်လာတယ်။
နောက် မှာတော့ အဖေနဲ့ အမေရဲ့ ပွဲကြမ်းတဲ့ အသံတွေ..
ဗိုက်ကလည်းတော်တော်ဆာနေပြီး..ဟင်း..မဆာပဲ ခံနိုင်မလား
သီတင်းကျွတ်မေမေနဲ့ဖေဖေ့ ကိုကန်တော့ဖို့ သူမမုန့်ဖိုးတွေစုနေတာ..ဒီတော့ မုန့်စားဆင်းချိန် မုန့်မစားရဘူးလေ။ ပြီးတော့ ကျောင်းကအပြန် ကျူရှင်ကိုတန်းပြေး ဆိုလိုက်ရတဲ့ စာ ဆရာတိုင်ပေးတိုင်း လိုက်ဆိုနေရတာ ..မောလဲမော ဆာလဲဆာနဲ့ အိမ်ပြန်ရောက်..ကြိုနေတဲ့ ဒီအသံတွေ..ဖြစ်နိုင်ရင် မကြားခြင်ဘူး.
ဖေဖေ ကဆို ညီမလေးမှညီမလေး။ငါ့ကိုတော့ သိပ်ချစ်ပုံမရဘူး။ အေးပေါ့လေ..ဘယ်ချစ်မလဲ ငါကလည်းငယ်ငယ်ထဲက
ဖွားဖွားနဲ့ဖိုးဖိုး တို့ဆီမှာအနေများတာကိုး.ခုကျောင်းစတက်တော့မှ ဖွားဖွားတို့က ဒီကိုပြန်ပို့တာ..ခုဆို သူမ ပထမတန်းတောင် တက်နေရပြီ။ဟိုတစ်လောကများ ညီမလေးသူဘာသာသူ ကစားလို့ချောလဲတာကို ဖေဖေက ရိုက်လိုက်တာ မျက်လုံးထဲမှာကြယ်တွေ.လတွေတောင်မြင်သွားတယ်။မမြင်ပဲနေမလား..မျက်နှာကို လက်ပြန် ရိုက်လိုက်တာကိုး..ဟွန်း အဲဒီထဲက ညီမလေးဆို စိတ်မှာအမြင်ကိုမကြည်တော့ဘူး ဟွန်း သူ့ကြောင့်လေ ဖိုးဖိုးဆို ဒီလိုမပြောနဲ့ ဆူတောင်ဆူဖူးဘူး..
တွေးလဲတွေး သူမအထုပ်လေးပိုက်ယောင်လည်လည်နဲ့အိမ်ရှေ့လမ်းမရောက်လာပြီ..
စိတ်ကလဲတွေးနေတော့ မျက်နှာငယ်လေးနဲ့ မျက်ဝန်းမှာ မျက်ရည်တွေလည်း ၀ိုင်းနေပြီ။
သူမသူငယ်ချင်းတွေ ဆော့နေကြတယ်..သူမကတော့ ဆော့ခြင်စိတ်လဲရှိပါဘူး။
သူမဒီလိုမဆော့တော့တာ ဖေဖေတို့ဆီကိုပြန်ရောက်ပြီးမှ အရင်ကဖိုးဖိုးတို့အိမ်မှာဆို သူမအရမ်းပျော်ခဲ့ပါသည်။
အဒေါ်တွေဦးလေးတွေ ဖွားဖွားတို့ကချစ်မှချစ်။ ခု..ဒီကိုလည်းရောက်ရော နေ့စဉ်ရက်ဆက် ဖေဖေနဲ့မေမေရဲ့ ရန်ပွဲ ဘာကြောင့်လဲတော့ မသိပေမယ့် ဖေဖေက အမြဲပြောတာတော့ မင်းအမျိုးတွေ မင်းအမျိုးတွေ နဲ့ မေမေကတော့ ငွေ..ငွေလို့တော့ ပြောနေသံကြားတာပဲ..သူများတွေဆို အဖေတွေအမေတွေက ကျောင်းလာပြီး မုန့်စားဆင်းချိန်ဆိုရင် မိဘတွေက မုန့်လာပို့ရတာနဲ့ ထမင်းလာကျွေးရတာနဲ့ သူမကတော့ လာကျွေးဖို့ပြောနဲ့ မုန့်တောင်မစားနိုင်ဘူး။ သူမစုရတဲ့ မုန့်ဖိုးလေးနဲ့ မေမေတို့ကို ကန်တော့ရင် မေမေနဲ့ဖေဖေ ပျော်သွားတာကို သူမကြည့်ခြင်လို့ပါ။ ခုတော့ ရန်ပွဲကလည်းမပြီးသေးဘူးထင်တယ်။ သူများမိသားစုတွေဆိုရင် ပြုံးလို့ပျော်လို့ တစ်ခြားသူမနဲ့ရွယ်တူကောင်မလေးတွေဆို သီတင်းကျွတ် လှတပတ အကျီလေးတွေတောင် ၀ယ်ပြီးပြီတဲ့ ဟွန်း..
ကြွားနေကြတာ..သူမမှာတော့ မေမေကလည်း သတိမထားမိဘူးနဲ့တူတယ်..လေး ငါး ထည်ထက်ပိုတဲ့ အကျီမရှိ..
အင်းလေ မေမေလဲ ၀ယ်ပေးခြင်မှာပါ..ပြီးတော့ မုန့်စားဆင်းချိန် လာခြင်မှာပါ..
အလုပ်ကအားတယ်မှမရှိတာကို ချက်တာပြုတ်တာပြီးတော့ စက်လဲချုပ်သေးတာကို ဖေဖေကတော့ မြို့ထဲသွား ပြီးရင် အလုပ်ရှင်တဲ့ စကားလုံးတွေသုံး မေမေနဲ့ပြော ဖေဖေလဲစက်ချုပ် နှစ်ယောက်လုံးတော့ ပင်ပန်းတာပါပဲ။
ဒီတော့ သူမလဲမေမေနဲ့ဖေဖေကို ဘယ်တော့မှ ဟိုဟာလိုခြင်တယ် ဒီဟာလိုခြင်တယ် ပူဆာလေ့မရှိ။ ဖေဖေနဲ့မေမေ သနားပါတယ်လေ..ဒီတော့ သူမမှာ ရှိတာလေးနဲ့ပဲနေတတ်တယ်။ အဲဒါကြောင့် ဖိုးဖိုးကပြောတာ ငါ့မြေးကသိတတ်ပြီး လိမ္မာတဲ့ကလေးပါတဲ့။ ပြီးတော့ အေးလဲအေးတယ်တဲ့။
တစ်ကယ်တော့ သူမနေရတာ မပျော်ပါဘူး သူမတစ်ယောက်ထဲ အမြဲတမ်း သူမတစ်ယောက်ထဲ။ ညီမလေးကတော့ သူမလိုမဟုတ် လိုခြင်တာရရင်ရ မရရင်တော့ ဖေဖေနဲ့မေမေ ခါင်းပူပြီးသာမှတ်။ သူမထက်စာရင် ညီမလေးက ပိုပြည့်စုံသည်ပဲ.အကျီတွေလဲပေါသည်။ မုန့်လည်းစားခြင်တာစားလို့ရသည်။
တစ်ခါလောက် အသံပြဲကြီးနဲ့ ငိုလိုက်ရင်ပြီးပြီ ညီမလေးလိုခြင်တာ အားလုံးရှေ့ကိုရောက်။ ဖိုးဖိုးပြောတဲ့ ငိုတတ်တဲ့ ကလေးမုန့်စားရ ဆိုတာမျိုးနေမှာ။
စဉ်စားရင်းနဲ့တောင် သူမသတိထားမိတယ်..သူမငိုနေတာ..မျက်ရည်တွေတောင် တော်တော်ကျနေပြီ။ သူမက ဒီလိုအချိန်ပဲ ငိုတာ..မျက်ရည်တွေများ မျက်နှာမှာရွှဲလို့..တစ်ခြားချိန်ဆို သူမမကြိုက်တဲ့ ဟင်းနဲ့တောင် ထမင်းတစ်နပ်ပဲဆိုပြီး ကြိတ်မှိတ်ပြီးစားတာ နောက်တော့ မကြိုက်တဲ့ ဟာတောင် ဘာမှန်းမသိတော့ဘူး။ အင်း..ငိုရတာနဲ့ စဉ်းစားနေမိတာတွေနဲ့ သူမတော်တော်လေးနုံးချိနေသလိုခံစားရတယ်..အိပ်ခြင်လာသလိုပဲ..အင်း..ဗိုက်လဲအရမ်းဆာနေပြီ..ဖိုးဖိုးတို့ဆီကို ငါသွားမယ်..ဟုတ်တယ်ခုချိန်ဖိုးဖိုးတို့ဆီကိုသွားမယ်..ဖိုးဖိုးတို့ ကဟိုဘက်ရပ်ကွက်မှာနေတာ..မှောင်တော့နေပြီ ကွင်းပြင်ကြီးတော့ ဖြတ်လျှောက်ရမယ်ဟိုဖက်ရပ်ကွက်နဲ့ ဒီဖက်ရပ်ကွက်ကို ခြားထားတာ..ဟင်.. ဖြစ်ပါ့မလား နေ့လည်ဆို လူတွေဖြတ်နေကြပေမယ့် ခုလို ညခုနှစ်နာရီ လောက်ဆို လူပြတ်ပြီ ကြောက်စရာကြီး ငါတစ်ယောက်တည်းကို..
သူမတွေးလည်းတွေး ခုနက လမ်းထိပ် အုတ်ခုံပေါ်ထိုင်နေရာကနေ ခြေထောက်တွေရွေ့လိုက်တယ် လမ်းထိပ်ကို လျှောက်သွားလိုက် လမ်းထဲ ပြန်ဝင်လာလိုက် မျက်လုံးမှာလဲ မျက်ရည်တွေက အဆက်မပြတ်ကို ကျနေပြီ...လက်ထဲမှာ အထုပ်ကလဲ ပိုက်ထားသေးတယ်.မှောင်ကလဲတော်တော် မှောင်နေပြီ..
ဟာ..ဘာပဲဖြစ်ဖြစ်သွားမယ်ကွာ သူမဆုံးဖြတ်ပြီး လမ်းထဲပြန်ဝင်လာတဲ့ ခြေထောက်တွေကို ပြန်လှည့်လိုက်တယ်..ဒီချိန်မှာပဲ
သူမအားကိုးအရဆုံး အသံနှင့်တူ သူမကိုယ်လုံးလေး စွေ့ကနေပွေ့ချီသွားတယ်.

"မြေး လေးဘယ်သွားမလို့တုန်း လက်ထဲမှာလဲ အထုပ်ကြီးနဲ့ပါလား..ဟာ ငါ့မြေးငိုထားတာ မျက်ရည်တွေလဲ
ရွှဲလို့ ပါလား..ကြည့်စမ်း ငါ့မြေး ဓာတ်ရှင်မင်းသမီးလုပ်မလို့ ကျင့်နေတာဖြစ်ရမယ်..လာလာဖိုးဖိုးချီပြီး အိမ်ပြန်ပို့ပေးမယ်နော်"

ဒီလိုဒီလို ကြားမှသူမပိုတောင် ငိုခြင်လာသလိုပဲ။သူမ ခက်အက်အက် ငိုသံနဲ့ ဖိုးဖိုး လို့ခေါ်ပြီး ဖိုးဖိုးပခုံးပေါ်ကို အားကိုးတစ်ကြီးနဲ့ သူမခေါင်းကိုမှီချလိုက်ပြီး..ဖိုးဖိုးကို တင်းတင်းကြပ်ကြပ် ဖက်ထားမိတယ်..ပြီးတော့ ငိုသံစွပ်စွာနဲ့ ဖိုးဖိုးမြေးဗိုက်ဆာတယ်.လို့ သူမဘ၀မှာ ပထမဆုံးအကြိမ် ပူဆာလိုက်မိတယ်.

သူမ ငယ်စဉ်က အဲဒီအဖြစ်အပျက်လေးကိုသူမစဉ်းစားနေဖြစ်တာပါ။
ခုတောင် မျက်ဝန်းမှာ မျက်ရည်တွေတောင်ဝိုင်းနေပြီ။သူမနောက်မှ မေမေတို့ပြန်ပြောသလောက် သိရတာကတော့ သူမလမ်းထိပ်မှာ ထိုင်ပြီး ငိုနေတာကြာနေလို့ လမ်းထဲကသိတဲ့ သူတစ်ယောက်က ဖိုးဖိုးကို သွားခေါ်လာတယ်လို့ ပြောပါတယ်။ အင်း ဖိုးဖိုးသာရောက်မလာခဲ့ ရင် ဘာတွေ ဆက်ဖြစ်မယ် သူမမသိပါ။
အင်း အဲဒါကြောင့်မို့ပြောကြတာ ငယ်ရွယ်နုနယ်နဲ့ ကလေးတွေရဲ့စိတ်ကို အနာတရဖြစ်အောင် မလုပ်ပါနဲ့လို့
ခုတော့ သူမလူကြီးဖြစ်လို့ လုပ်ငန်းခွင်ထဲဝင် ရင့်ကျက်နေတဲ့ အချိန်မှာတောင် အဲဒီအဖြစ်အပျက်လေးက စိတ်ကိုဝမ်းနည်းအောင် လုပ်နိုင်တုန်းပဲ။ ခုတော့ သူမရဲ့ အားကိုးရာ ဖိုးဖိုးလဲ မရှိတော့ပါဘူး အဲဒီရန်ပွဲလေးပြီး နောက် တစ်နှစ်လောက်ကြာတော့ ဆုံးသွားတယ် ထင်တာပဲ သူမမမှတ်မိတော့..အရမ်းကို အံ့သြစရာကောင်းတယ်လို့ပဲပြောပြောပါ..သေချာတာတစ်ခုကတော့ ..အဲဒီနေ့ သူမခံစားရတဲ့ အရာတွေအားလုံးမှတ်မိပေမယ့် ကျန်တဲ့ ပထမတန်းကနေ ပဉ္စမတန်းထိ အဖြစ်အပျက်တွေအားလုံး သူမ..မမှတ်မိတော့ပါ။ သူငယ်ချင်းတွေကပြန်တွေ့လို့ ခေါ်ရင်တောင် သူမမသိတော့ပါ။ အဲဒီအတန်းတွေကြားထဲမှာဘာတွေ ဖြစ်ခဲ့လဲဘယ်သူတွေ နဲ့ သူငယ်ချင်းဖြစ်လဲ သူမ မသိပါ။ ဖေဖေတို့ မေမေတို့ ကပြောပြရင်တောင်သြော် ဟုတ်လားနဲ့ ပြီးခဲ့သည့် သူမဖြစ်သွားပါသည်။
ပဉ္စမတန်း နောက်ပိုင်းတော့ အသိညဏ်ရင့်ကျက်လာလို့ပဲလား မပြောတတ် သူမပြန်မှတ်မိလာခဲ့သည်.ဒါပေမယ့် ညီမလေးအပေါ်မှာ အမြင်မကြည်မှု ဖေဖေ၊မေမေ တို့ကို ဘက်လိုက်တယ်လို့ ထင်တဲ့စိတ်ကတော့ ခုချိန်ထိ ဘယ်လို
မှ ဖျောက်လို့မရ အသိညဏ်နှင့် သူမထိန်းသည်ပဲ မရပါ။ လက်တွေ့ကိုယှဉ်ကြည့်သည် မရပါ။စိတ်ထဲမှာ စွဲနေပြီ သည်စိတ်က။ ဒါကြောင့် ညီမလေးနဲ့ သူမ ညီအစ်မသာဖြစ်သည် သူမပေါင်းသော ငယ်သူငယ်ချင်းတွေ လောက်တောင် မရင်းနှီးကြပါ။သူမကို ညီမလေးနဲ့ပတ်သတ်ရင် အေးဆက်ဆက်နိုင်လွန်းတယ်လို့ ပြောကြသည်။ သူမလဲ ပြင်ကြည့်သည် ဘယ်လိုမှ မရပါ။ဒီတော့ သူမဘ၀နဲ့ ယှဉ်ပြီးအသိညဏ်ရလိုက်သည်။ တစ်ကယ်လို့များ တစ်နေ့မှာ..သူမသည် မိဘ တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် သူမ၏ သားသမီးများအား ဒီလိုခံစားချက်မျိုး ဒီလိုနာကျင်မှုမျိုး ဘယ်တော့ မှ မပေးဖြစ်အောင် သူမသတိထားရမည်။သူမ၏မိသားစုလေးကို အေးချမ်းသာယာသော ဘ၀လေးပဲ ပေးမည်။ အေးချမ်းမှု.စိတ်ချမ်းသာမှုတွေ ပဲ သူမပေးဖြစ်အောင် ကြိုးစားမည်။ သူမ မရခဲ့သောဘ၀ကို သူမ၏မိသားစုလေးအား သူမပေးမည်။ သူမကြိုးစားရမည်။သူမ ကြိုးစားနေရအုန်းမည်။


တတ်သလောက် သိသလောက် စာပေအရေးအသားနဲ့ ဆွေလေးရေးသားလိုက်တာပါ။ အကယ်၍များ စာဖတ်ရင်း အထာမကျတဲ့
အရေးအသားလေးများပါရင် ခွင့်လွတ်ပေးကြပါလို့ တောင်းပန်ရင်း...
အလည်လာသူ ဘလော့ မောင်နှမများကျန်းမာ ချမ်းသာ ကြပါစေရှင်။

အဲဒါတစ်ကယ်

ရင်မှာတမ်းတတယ်ဆိုမှဖြင့်
လွမ်းရဲ့လားလို့ မမေးနဲ့ချစ်သူ
နင့်နေအောင် ခံစားရတာ
ငါပဲအသိဆုံး။ ။
လိုက်မလားလို့ မေးနေတာ
ခက်ခဲလား ကြမ်းတမ်းလားလို့
မမေးနဲ့ ချစ်သူ
မင်းအတွက်ဆို ငါ့စိတ်တွေကို
ပုံပေးထားတာ ငါ့မှာဘာဆို
ဘာမှမရှိတော့တာ
မင်းအသိ။ ။
တွဲတဲ့လက်တွေလည်း
မဖြုတ်နဲ့ချစ်သူရယ်
မျက်နှာလည်း မလွဲလိုက်နဲ့
စိတ်ပျက်တယ်လို့လဲ မင်းမတွေးနဲ့
ဘ၀မှာ အလိုအပ်ဆုံးအရာက
မင်းဖြစ်နေလို့ပါ။ ။
ကိုယ့်လက်ကိုဆွဲ
ရဲရဲသာ ဘ၀လမ်းကို
လျှောက်ခဲ့စမ်းပါ
ကိုယ်ပြောရဲတယ်
မင်းဘ၀ ကိုယ့်အချစ်တွေနဲ့
လုံခြုံစေရမယ်...
မင်းထာဝရ ပြုံးပျော်နေစေရမယ်...။ ။

လွန်ခဲ့တဲ့ နှစ်ရက်လောက်က CBOX မှာလာအော်သွားတဲ့ အသိအစ်ကိုကြီးတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ဒီကဗျာလေးကိုရေးပေးလိုက်တာပါ။ သူတို့နှစ်ယောက်နဲ့ တိုက်ဆိုင်တဲ့ အကြောင်းလေးဆိုလို့ပါ။ တင်ပေးလိုက်တာ နောက်ကျပါ တယ်။ ကဗျာဆိုတာလဲ စိတ်မှာအခွံကြီးပဲရှိတဲ့ အချိန်ဆိုရေးလို့မရတာ ဆိုတော့ ခုလိုအေးအေးဆေးဆေး ရုံးပိတ်ရက်မှပဲ
တင်နိုင်ပါတော့တယ်။ ကဲ.. လာလည်တဲ့ ဘလော့ အစ်ကိုကြီး အစ်မကြီးများနဲ့ မောင်လေးတို့ရေ ဆုတောင်းပေးလိုက်ကြပါ
အဲဒီအစ်ကိုကြီးရဲ့ အချစ်ရေးအမြန်ဆုံး အဆင်ပြေပါစေလို့...
ဆွေလေးကတော့ ချစ်တဲ့သူတိုင်းကို ပေါင်းရစေခြင်တယ်။ ချစ်နေကြပြီး အကြောင်းကြောင်းကြောင့်ဆိုတဲ့ စကားလုံးထောက်
ထောက်ကြီးကြောင့် ဝေးသွားရတယ်ဆိုရင်...သီချင်းစာသားလေးလိုပေါ့.."ဒဏ်ရာဆိုတာ အချစ်တဲ့လား" ဖြစ်နေမှာစိုးလို့...

Tuesday 17 November 2009

နှောင်းနောင်တ

ကဲ..ဒီနေ့တော့ ဘလော့ setting လေးပြင်လို့ အဆုံးသတ်သွားတာနဲ့ အတူ ရေးဖို့ပြင်နေတာကြာပြီ ဖြစ်တဲ့ ဒီပို့လေးကို အဆုံးသတ်လိုက် ပါတော့တယ်။ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ကံ ကံ၏အကျိုးကို ယုံကြည်ပြီးသား လူမျိုးတွေပါ။ ဒီနေ့ ဒီအချိန်မှာ ကျွန်မကျော်ဖြတ်လာရတဲ့ အတွေ့အကြုံ အမြင်အရပြောရရင်တော့ ၀ဋ်ဆိုတာနောက်ဘ၀ မကူးတော့ပါဘူး။ချက်ခြင်းကို အကျိုးပေးတော့ တာပါပဲ။ကိုယ်ကသူများကို လက်ညှိုးတစ်ချောင်းထိုးရင် သူများက ကိုယ့်ကိုလက်ညှိုးဆယ်ချောင်းမက ပြန်ပြီးအထိုးခံ ရမယ်ဆိုတာပါပဲ။ဘာလို့ဒီအကြောင်းလေးကိုရေးဖြစ်တာလဲဆိုတော့ ကိုယ့်ပါးစပ်နဲ့ ကိုယ်ပြောတာ ဘယ်သူမှ ဂရုစိုက်စရာမလို ဘူးဆိုတဲ့လူမျိုးတွေ အတွက်ပါ။ ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူး အကျင့်လေးပါနေလို့ ပြောလိုက်ဖြစ်တာ ခံရတဲ့သူများအတွက်ကျတော့ မေ့လို့ကိုမရဘူးဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့ ..သူများကအနေအထိုင် မတတ်တာကိုလဲ အမယ်လေးကြည့်လို့ကိုမရဘူး ပျားကိုတုပ်နေတာပဲဆိုတာမျိုး(ကျွန်မတို့ ရပ်ကွက်ထဲကကြားနေကြ စကားလေးသုံးလိုက်တာပါ.) ကိုယ်ကကြည့်ပြီး လိုက်ပြောနေမယ်ဆိုရင်တော့ ကိုယ်ကပြုသူအသစ်ဖြစ်တော့ မှာပါပဲ။ ဒီလိုစာမျိုးရေးပြီးပြောနေတော့ ကျွန်မကိုယ်တိုင်ကရော အတင်းမပြောဘူးလားလို့မေးရင် ..မပြောဖြစ်တာများပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက ကိုယ်ဘာသာ ကိုယ်လုပ်နေတာကိုပဲ စိတ်ဝင်စားပါတယ်. သူများဖြစ်နေတာ သူများလုပ်နေတာကို ကြည့်ပြီးလိုက်ပြောဖို့ ကျွန်မဘ၀မှာအဲလောက် အချိန်မရခဲ့တာ အမှန်ပါ။ ဘ၀ကအဲလောက် မချိုမြိန်ခဲ့ပါဘူး။ အဲလောက်တောင်ပဲလားလို့ ပြောရင် ဟုတ်ပါတယ် အဲလောက်တောင်မှ ပါပဲ။
ဒီတော့ ကျွန်မအဖြစ်အပျက်လေးတစ်ခုပြောပြပါ့မယ်။ တစ်ကယ့် အဖြစ်အပျက်လေးပါ။ ကျွန်မတို့ ရပ်ကွက်ထဲမှာ သူများအကြောင်းဆိုရင် စိတ်ဝင်တစားဖြင့် အတော်ပြောတဲ့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ်။
တစ်နေ့တော့ သူ့အလုပ်သမား တစ်ယောက်ရဲ့ အိမ်ကို အလုပ်ကိစ္စနဲ့ သူသွားဖြစ်ပါတယ်။ အဲဒီအိမ်မှာ ပိုလီယိုရောဂါရှိတဲ့ ကလေးတစ်ယောက်ရှိပါတယ်။ ညဏ်ရည်ကလဲ သိပ်မပြည့်ပါဘူး...သရေတွေဘာတွေလဲ မထိန်းနိုင်တဲ့ပိုလီယိုရောဂါသည်လေးပါ။ အဲဒီကလေးက သူ့ရဲ့လက် ကိုသွားကိုင်လိုက်တာကို သူ့မှာတော်တော်ရွံရှာပြီး အော့နှလုံးနာစရာလို ချက်ခြင်းရေတွေ ထဆေး ပြီးတော့ မိဘတွေကိုလဲ တော်တော်လေးပြောဆိုခဲ့ပါတယ်။ ကလေးမိဘတွေမှာ အလုပ်ရှင်ကလဲဖြစ် ဆင်းလဲဆင်းရဲဆိုတော့ ငိုပြီးနေယုံကလွဲ ရင်သူတို့ ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။ အဲဒီအချိန်မှာ သူ့ဆီမှာ ၈ လသားအရွယ်သမီးကလေးတစ်ယောက်လဲ ရှိနေပါတယ်။ မြေးဦးလေးလဲဖြစ် အသိုင်းအ၀ိုင်းမှာ ပထမဆုံးကလေးလဲဖြစ်တော့ သူ့သမီးလေးက တော်တော်လေး ကံကောင်းပါတယ်။အားလုံးလိုလို ၀ိုင်းချစ်နေကြတာကိုး။ အဲဒီအဖြစ်အပျက်ဖြစ်ပြီး တစ်ပတ်လောက်အကြာမှာတော့ သူ့ယောက်ကျားရဲ့ အမျိုးတွေရှိတဲ့ အညာကရွာဘက်ကို ကလေးကိုခေါ်ပြီး သူတို့ခရီးသွားကြပါတယ်။
အဲဒီမှာ ကလေးကခရီးပန်းပြီး ဖျားတော့တာပါပဲ။ ရွာဆိုတော့လဲ ထုံးစံအတိုင်း လူကြီးတွေကရှေးကျကျဆိုတော့ ကလေးကို အပူတွေကန်နေတာဆိုပြီးတော့ ခေါင်းတုံးပါတုံးလိုက်တော့ ကလေးက အပူတွေ ကြီးပြီး တက်တော့ တာပါပဲ။
ဒီတော့မှ ဆေးရုံတွေဘာတွေပြေးကြ ဘာကြနဲ့ နောက်ဆုံးတော့ ကြားထဲက ကလေးကမြေဇာပင်လို့ပြောရမှာပါပဲ။
သူရွံတယ်ဆိုတဲ့ ပိုလီယိုလိုဖြစ်သွားတော့တာပါပဲ။ အပူကြီးပြီးတက်လွန်းအားကြီးလို့ ကလေးကညဏ်ရည်မမှီတော့ပါ ပြီးတော့ သရေလဲမထိန်းနိုင်ပါ..နောက်တစ်ခုကတော့ လမ်းလဲမလျှောက်နိုင်တော့ပါ။
ကဲ.. ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သူက သူရဲ့ပြောနေကြအတိုင်း ၀သီဖြစ်နေလို့ အဲဒီနေ့ ကပြောလိုက်တာပါ။ ဒါပေမယ့်တစ်ဖက်ကကြည့်တော့ သားသမီးလေ စိတ်ထိခိုက်တာပေါ့။ ဒီတော့ သူ့ကိုပြန်ထိတယ်လေ..ဒါပေမယ့် ဖြစ်တာက သူကိုယ်တိုင်မဟုတ်ဘူး ဘာမှအပြစ်မရှိတဲ့ လူ့လောကထဲကို ရောက်ကစ ကလေးတစ်ယောက်..ပြီးတော့ မွေးထဲက ဒီလိုဖြစ် နေတာဆိုလဲကလေးရဲ့ကံပေါ့လို့ပြောလို့ရတယ်။ ခုတော့ အဲဒီကလေးရဲ့ အနာဂတ်ကို စဉ်းစားကြည့်ပါ။ နောက်တစ်ခုကတော့ သူ့မှာနောက်ထပ် သားသမီးထပ်မရတော့တာပါ။ သူနောင်တရပါတယ် ..သူပြောခဲ့တာတွေအတွက်ပါ။ ဒါသူကိုယ်တိုင်ပြောပြခဲ့တာပါ..ဘာလို့လဲဆိုတော့ သူ့ရဲ့သမီးနဲ့ ကျွန်မနဲ့က အသက်တူတူလောက်ရှိပါတယ်။ သူ ကျွန်မကိုကြည့်ပြီး သူ့သမီးလေးအတွက် ယူကျိုးမရဖြစ်နေတာပါ။ သူ့သမီးလေးလဲ ဒီအရွယ်လူကောင်းဆိုရင် ကျွန်မလိုပဲ ပညာတွေသင်ပြီး ပျော်ပျော်ရွှင်ရွှင်နေရမှာပေါ့။ခုတော့..ခုတော့ ..သူအဲလိုပဲ နောင်တရနေဖို့ တတ်နိုင်ပါတော့တယ်။

ဒါဟာတွေ့ကြုံဖူးတာတွေထဲကမှ တစ်ခုပါ။ ဒီတော့ အတတ်နိုင်ဆုံး စိတ်ကိုဖြူစင်အောင် ထားပြီး ရခဲလှတဲ့ လူ့ဘ၀မှာ
ကောင်းတာကို များများလုပ် ကုသိုလ်များများယူပြီး အေးချမ်းတဲ့ စိတ်ကိုရအောင်ယူကြပါလို့ ကျွန်မကတော့ တိုက်တွန်းလိုက်ချင်ပါတော့တယ်။

Saturday 14 November 2009

ဒီနေ့အတွက် တောင်းပန်စာ

င်္ဒီနေ့ ဆွေလေး ဘလော့ရဲ့ setting တွေကို ကလိဖြစ်ပါတယ်။ ဟဲဟဲ..
ထုံးစံအတိုင်းရတော့ရဧ။် အချိန်တော့ ကုန်ဧ။်ပေါ့လေ..ဒီတော့ sunday ဆိုတဲ့ ၀ိသေသအရ အပြင်သွားရအုန်းပါအုန်းမယ်..
shopping(စ်) ပါ..ကြွားတယ်လို့မထင်စေလိုပါရှင်..သွားမဲ့နေရာကိုပြောခဲ့တာပါ..... :P :P :P

ဒီနေ့အတွက်လို့ပြောပေမယ့် ဒီ ပုံမကျပန်းမကျ ဘလော့setting ကတော့ နောက် ၃၊၄ ရက်လောက်ကြာအုန်းမယ်လို့ ထင်ပါတယ်။ ညဘက်ကလည်းပြန်လာရင် နောက်ကျအုန်းမယ်...မေမေတို့နဲ့လဲ တွေ့ဖို့ ချိန်းထားသေးတယ်ဆိုတော့
ဒီလို အေးအေးဆေးဆေး ပြင်ရမဲ့ ဘလော့ setting ကိုမပြင်နိုင်သေးပါဘူး။နောက်နေ့ ကျတော့ monday ဆိုတော့ လေ..
အလုပ်ကိုမှီအောင် အချိန်နဲ့ နပန်းလုံးပြီး ပြေးရပါအုန်းမယ်..အိပ်ပုတ်ကလဲ နဲနဲလေးမဆိုစလောက်လေး ကြီးလို့ပါ..
မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဘလော့လည် မောင်နှမများရော..ပြီးတော့ ခုမှစပြီးရေးကာစ ဆွေကဗျာလေးများကိုအားပေးသော ဘလော့အစ်ကိုကြီး အစ်မကြီးများရော..မောင်လေးများရော..အားလုံးပါပဲ..
ဒီဘလော့ setting လေးနဲ့ပဲ သည်းခံပြီး လာလည်ပေးပါလို့။ ပြီးတော့ စာလုံးပေါင်းလေးများ ဒီတောင်းပန်စာမှာ မှားနေရင်လဲ
ပြင်ပြီးသာ ဖတ်ပေးကြပါကွယ်...ဆွေလေး နောက်ကျနေလို့ ပြန်မစစ်တော့ပါ။ တန်းပြီး publish လိုက်ပါတယ်..

ကဲ...သွားပါပြီး...
အားလုံးပျော်ရွှင်လို့ ကျန်းမာချမ်းသာကြပါစေကွယ်..

Thursday 12 November 2009

ချစ်ခြင်းဖြင့်

Sunday 8 November 2009

မချစ်တတ်သော

ဖြစ်ခြင်တာတွေကို အလဲထိုးပြီး
ဖြစ်သင့်တာတွေပဲ လုပ်ခဲ့တဲ့
ငါ့ ဘ၀မှာ ဖြစ်ခြင်တာက
အချစ်ကို ပိုင်ဆိုင်လိုပြီး
ဖြစ်သင့်တာက အချစ်ကို
စွန့်လွတ်ဖို့တဲ့.........
သေချာတယ် အချစ်ကိုသာ
စွန့်လွတ်လိုက်ရတယ်ဆို
လူသေတာထက်ဆိုးတဲ့
စိတ် သေသွားမှာကို
ငါခံစားမိတယ်....
ဒါပေမယ့် လောကကြီးရယ်
ငါဟာ ကံအကြောင်းမလှတဲ့
လူတစ်ယောက်ပဲဆိုပါစို့
နဲနဲလေးတောင်မှ ငါ့ချစ်ခြင်းကို
တန်ဖိုးထားခွင့် ကြိုးစားခွင့်လေးများ
ငါမရခဲ့ဘူး...
ဒါနဲ့များ ကံအကြောင်းတရားကို
ငါမေးလိုက်ခြင်တယ်
ချစ်ခွင့်မရှိတဲ့ ဘ၀တစ်ခုကို
ဘာလို့များ
ချစ်ခြင်းတွေ မွေးဖွားခွင့်
ပေးနေရသေးလဲ....
ဘာလို့များ အလွမ်းတွေ ကို
ပိုက်ထွေးခွင့်ပေးနေရသေးလဲ...
တစ်ကယ်ဆို ငါဖြစ်လိုက်ခြင်တယ်..
မချစ်တတ်တဲ့ လူသားတစ်ယောက်
ငါဖြစ်လိုက်ခြင်တယ်................... ။ ။

ဒဏ်ရာ

စိတ်မှာအုံ့မှိုင်း မှုံရီဝေဝိုးတဝါး
ရုတ်တရက် အထီးကျန်လွန်းပြီး
ကိုယ်ဘေးမှာဘယ်သူမှ မရှိသလိုနဲ့
ရင်ထဲမှာ အလွမ်းတွေ ရောက်လာတယ်
ခံစားမှုတွေပြန်ပြီး အသက်ရှင်လာသလိုနဲ့
သေလုနီးနီး နာကျင်မှုတွေ ပြန်ခံစားလာရတယ်
ငါဘာဖြစ်သွားပါလိမ့် ...
အချိန်တွေ ကြာနေခဲ့ပြီပဲ
မေ့သင့်ပြီ..မတွေးသင့်တော့ဘူး။
မင်း ငါနှလုံးသားထဲမှာမရှိတော့ဘူး။
ဒီလိုနဲ့ ပဲ ဒီနေ့ ဆိုတာကိုဖြတ်ပြီး
မနက်ဖြန်အတွက် ငါကျော်ဖြတ်ရအုန်းမယ်...
မနက်ဖြန်မှာ မင်းလဲ ပျောက်ခြင်ပျောက်သွားနိုင်တယ်..
ဒါပေမယ့် တစ်ခါတစ်ခါ
ငါ့နှလုံးသားထဲရောက်လာတဲ့ မင်းကြောင့်
ငါ့စိတ်တွေ ကျိုးကြေပျက်ပြီး
ပြန်ထရတဲ့ အခါခါကို
ငါကြောက့်ရွံ လာတယ်..ငါ့ချစ်သူရယ်။ ။

ကြားဖူးတဲ့ စကားလေး

ကြားဘူးတဲ့စကားလေးတစ်ခွန်းရှိတယ်
ချစ်တာကနှလုံးသားရဲ့ အလုပ်တဲ့
စဉ်းစားတာနဲ့ ဆုံးဖြတ်တာက
ဦးဏှောက်ရဲ့ အလုပ်တဲ့
တစ်ကယ်ချစ်လားမချစ်လားကို
စမ်းစစ်ပြီး ဆုံးဖြတ်စရာမလိုဘူးတဲ့
နှလုံးသားရဲ့ အလိုဆန္ဒကို
အလိုက်သင့်လေး မျှော်လိုက်ယုံပဲတဲ့
ဒါပေမယ့် ဘ၀အတွက်ကတော့
အဲဒီဆုံမှတ်လေးနှစ်ခုလိုတယ်
ဒီဆုံမှတ်လေးတွေဝေးနေလို့
ငါတို့လဲဝေးနေကြတယ်........

လွမ်း

လွမ်းရက်ရှည်ရှည်
လွမ်းမောဘွယ်တယ်
လွမ်းတသသ
လွမ်းလှလွန်းတယ်
လွမ်းစကြင်ဦး
လွမ်းသံသရာ
လွမ်းအိမ်မက်မှာ
တ၀ဲလည်လည်
ငါ...လွမ်းနေအုန်းမယ်
လွမ်းချစ်သူရယ်..။ ။

ဆုံးဖြတ်ခြင်းရဲ့ရလဒ်

မလွမ်းတော့ဘူးလို့ ဆုံးဖြတ်ပြီး
ခြေလှမ်းတွေနောက်ဆုတ်လို့
အချစ်နဲ့ ခပ်ဝေးဝေးကို ငါပြေးထွက်ခဲ့ပေမယ့်....
လှမ်းရတဲ့ခြေလှမ်းတွေတိုင်းမှာ
နာကျင်မှုတွေနဲ့ ရင်မောနေလိုက်တာ..
ပတ်ဝန်းကျင်မှာလည်း
တိတ်ဆိတ်မှုတွေနဲ့ အထီးကျန်လိုက်တာ
ရှင်သန်ခြင်းဆိုတာ...
ဘာလဲဆိုတာကို
ငါမသိလောက်အောင်ပါပဲ။ ။

Tuesday 3 November 2009

ဒီနေ့

မနေ့က ငါဘယ်လိုလူလဲ
မနေ့က ငါဘာလုပ်နေလဲ
မနေ့က ငါလွမ်းနေလား
မနေ့က ငါတမ်းတနေမိတာလား
မနေ့က ငါသတိရနေမိတာလား
မနေ့က ငါခက်ငယ်ငယ်ရယ်လား
မနေ့က ငါဘာမှမသိသေးတာလား
မနေ့က ငါမရင့်ကျက်သေးတာလား
မနေ့က ငါဘာတွေဝမ်းနည်းနေပါလိမ့်
မနေ့က...
မနေ့က...
မနေ့က..
ဒီလိုနဲ့
ဒီနေ့ရောက်လာတဲ့ ငါ..
သေချာတာတစ်ခုကတော့
ငါ...ခပ်ပြုံးပြုံးရယ်.....။ ။

Tuesday 27 October 2009

ပဲ့ကိုင်ရှင်

အို..
ပဲ့ကိုင်ရှင် အသင်လူသား
သင်ဧ။်လှေကား သေးနုပ်စုပ်ခြာ
သစ်ထွင်းလှေ ဆိုယုံမျှဖြင့်
မုန်တိုင်းထန်ထန် ဒီပင်လယ်ကို
သင်ဖြတ်မည်လော။ ။

သင်ပင်လယ်ရယ် မသိသလော......
လေထန်ပြီးဆိုမှဖြင့် အသက်ရှင်ယုံ
သေးနုပ်သည်လော သစ်ထွင်းသည်လော
ငါသည်ကား ရွေးချယ်ပိုင်ခွင့်ရှိသည့်
အခွင့်ထူးခံ လူသားမဟုတ်
ကျရာလှေထွင်း ကျရာလှော်တတ်ကို
ကိုင်ရင်းဖြင့် မုန်တိုင်းထန်ထန်ဒီပင်လယ်ကို
ဖြတ်ရမည်သာတည်း။ ။

အို........
ပဲ့ကိုင်ရှင် အသင်လူသား
သင်ကြည့်ရသည် နုံးချိမောပန်း
အားအင်ပြတ်ကာ အလွန်ပင်ပန်း
ချွေးတရွဲရွဲ သက်ရှုသံမျှပင်မမှန်
လှော်တတ်ကိုမချ အဆက်မပြတ်
သင်လှော်ခတ်နိုင်မည်လော။ ။

သင်ပင်လယ်ရယ် မမြင်သလော..
ဤထွင်းလေ၌ အမယ်အို ဖအိုနဲ့
လူမမယ်တစ်ယောက် ငါသည်သာတည်း..
ငါနားခဲ့သော် ဤထွင်းလှေအား
အဘယ်သူသည် ပဲ့ကိုင်မည်နည်း..။ ။

ကိုင်သူမရှိ ဤထွင်းလှေကား
ရုပ်ခြည်းလှိုင်းအောက် ပျောက်မည်သာတည်း...
လှော်သာလှော်သည် ငါ့အတွက်ကားမဟုတ်
လှေတော်ပါ လူသားတို့၏
မျှော်လင့်ခြင်း မျက်ဝန်းများကို
ငါအဘယ်သို့ ပြုမည်နည်း။

အို........
ပဲ့ကိုင်ရှင် အသင်လူသား
သို့ဆိုကလျှင် သင်ထင်သလော
ကမ်းလည်းမမြင် လမ်းလည်းမမြင်
ဤပင်လယ်အား သင်သည်လွန်မြောက်
ကမ်းသို့ကပ်ခါ ရှင်သန်ခြင်းအား
သင်ပိုင်စိုးမည်လော..
အဘယ်သို့သော် လှော်တက်အား
သင်သုံးမည်နည်း။ ။

အို သင်ပင်လယ်..
ငါသည်.....ရှင်သန်နေသမျှ
လှော်ခတ်နေနိုင် မည်သာတည်း..
ငါ၏ ရှင်သန်ခြင်းကား
ငါ၏ မျှော်လင့်ခြင်းတည်း...
ငါ၏ မျှော်လင့်ခြင်းသည်ကား
ငါ၏ စိတ်တည်း...
ငါ၏ စိတ်သည်ကား
ငါမှတစ်ပါး လှော်တော်ပါ
လူသားတို့၏ ရှင်သန်ခြင်းသာတည်း..
သို့ဆိုကလျှင် ငါသုံးသော်
လှော်တက်သည်ကား
အတ္တကင်းသော အဖြူရောင်
စိတ်လှော်တက်တည်း.....။ ။

Saturday 24 October 2009

ဒီနေ့စားတဲ့ နေ့လည်စာ

ဒီနေ့ အိမ်ကို သူငယ်ချင်းလာလည်မယ်ဆိုလို့ တတ်စွမ်းသလောက် ချက်ကျွေးလိုက်ပါတယ်။ ဒီတော့ ဘလော့ပေါ်ကသူငယ်ချင်းများလည်း ပုံလေးတွေကြည့်ပြီး အငွေ့စားနိုင်အောင် တင်ပေးလိုက်ပါတယ်။ မိဘ နဲ့အတူနေတဲ့ အချိန်မှာ
တော့ ဟိုဟင်းမစားဘူး ငါးပိရည်က လက်နံတယ်နဲ့ ခုတစ်ကယ်တစ်ယောက်တည်းနေတော့ တော်တော်ကြီးကို သိသာပါတယ်။ တော်သေးတာ တစ်ခုကတော့ ငယ်ငယ်က အဒေါ်တွေနဲ့ နေရတော့ အပိုကျိုးအောင်ဆိုပြီး အားလုံးခိုင်းထားတဲ့ အတွက် ခုချိန်မှာ ကျွန်မအတွက် တော်တော် အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။ ဒီတော့ ..ဘ၀တူလေးများအတွက် ပုံကြည့်ပြီး သရေကျ လို့ရအောင်တင်ပေးလိုက်တာပါ။ ဟင်းချက်နည်းကတော့ professional မဟုတ်တဲ့ အတွက်မပြောတော့ပါ။
ကဲ..အားရပါးရတာ စားကြပေတော့..အငွေ့ပါ...:P :P




ဒါလေးကတော့ ကြက်အသည်းအမြစ်နဲ့ အားလူးဟင်း



ဒါလေးက ပဲပင်ပေါက်ကြော်



ဒါလေးကတော့ သခွားသီး တို့စရာနဲ့ ငါးပိချက်ပါ။


ဒါလေးကတော့ မီးဖိုပေါ်က မချရသေးတဲ့ ကိုက်လန် ဟင်းချို..သူငယ်ချင်းလာရင် ပြန်နွေးမလို့လေ..မီးဖိုပေါ်က မချရသေးတာ။



ဒါကတော့ ဟင်းပွဲတွေကို စားပွဲပေါ်တင်ထားတာပါကွယ်...

အ၀စားသွား ပါဆယ်တော့ ရဘူးနော်..ဒါဗြဲ...

Friday 23 October 2009

Hongkong Peak Tram

အဲဒီမှာဘာတွေ ရှိလဲဆိုတာ စပြောပြမယ်နော်။ ဖယောင်းရုပ်တု ကျော်ကြားတဲ့ သူတွေရဲ့ ပုံတူဖယောင်းရုပ်တုပေါ့။ ပြီးတော့ ဟောင်ကောင် မြို့ကြီးကို အပေါ်စီးကနေမြင်ရတဲ့ ရှုခင်းတွေရှိတယ်။ ထုံးစံအတိုင်း လှတဲ့ view လေးတွေတွေ့ လို့ သူငယ်ချင်းတွေလဲ ခံစားလို့ရအောင် တင်ပေးလိုက် ပါတယ်။


ဒါကတော့ Peak tram ကိုမရောက်သေးဘူး လမ်းမှာ တွေ့လို့ ရိုက်လာတာ..Central လို့ ခေါ်တာပဲ အဲဒီနေရာကိုလေ...

ကဲ..ဒီရထားကြီးကို စီးပြီး အပေါ်ကိုရောက်သွားပြီ..လမ်းမှာတွေ့ရတဲ့ ရှုခင်းတွေကလှပေမယ့် ဓာတ်ပုံရိုက်ဖို့ အဆင်မပြေလို့
တောင်ပေါ်ရောက်တဲ့ ဓာတ်ပုံပဲတင်ပေးလိုက်တော့တယ်..



ဝယ်...ကြအုန်းမလား အမှတ်တရ လက်ဆောင်။



အပေါ်ဆီကနေ မြင်ရတဲ့ ဟောင်ကောင် ရှုခင်းလေး။










ပုံကြည့်လိုက်တာနဲ့ ဘယ်သူတွေဆိုတာ သိပြီးသားပဲဆိုတော့ အညွန်းတွေ မထည့်လိုက်တော့ဘူး။
ပြောခြင်တာကတော့ အဲဒါတွေ အားလုံး ဖယောင်း ရုပ်တုတွေကြီးပဲ။








ယှဉ်ပြီးကြည့်ပေတော့ကွယ်.ခုတင်လိုက်တဲ့ ပုံတွေကတော့ ထိုင်းမှာရှိတဲ့ ဖယောင်းရုပ်ထုတွေပါ။ အပေါ်မှာ တွေ့ရတာကတော့
ဟောင်ကောင်မှာရှိတဲ့ ဖယောင်းရုပ်ထုတွေ ဘယ်ဟာက ပိုပြီးပီပြင်လဲ။ကြည့်ပြီးပြောခဲ့ကြနော်။




လျှောက်လည်ကြတာတော့ အများကြီးပေါ့ လည်ရင်းလည်ရင်း မိုးလဲချုပ်ပြီ။ ညဘက် မြင်ရတဲ့ အလှလေး။



ဒီပုံက ဆွေရိုက်တာဟုတ်ဘူးနော်။ ဆွေရိုက်တဲ့ ပုံတွေကမလှလို့ လှတဲ့ ဟောင်ကောင် Night View လေးကို ခံစားလို့ရ အောင် တင်ပေးလိုက်တာနော်။ မိုးချုပ်ပြီဆိုတော့ အိမ်ပြန်တော့မယ်ကွယ်။ မနက်ထဲက ထွက်တာ ညနေမိုးချုပ်မှပဲ အိမ်ပြန်တော့တယ်..ရန်ကုန်မှာဆိုရင်တော့ ဖွားဖွားက ဆူမှာသေချာတယ်...:P

မင်းသိဖို့ကောင်းတယ်



ဆွေအရင်တုန်းက ကဗျာတွေတော်တော်များများရေးဖြစ်ပါတယ်။ကဗျာတွေ မရေးတော့တာခုဆို ၂ နှစ်ကျော်ကျော်လောက်ရှိပြီ။ ရေးဖြစ်တာကတော့ ခံစားချက်ကဗျာတွေပဲ ရေးဖြးစ်တာပါ။ ၀ါသနာအရရော ခံစားချက်အရရော ရေးမိခဲ့တာပါ။ အဲဒီကဗျာလေးတွေထဲက တစ်ပုဒ်ပေါ့ ...

Thursday 22 October 2009

Hongkong Gold Coast သို့ အလည်တစ်ခေါက်



ဒီတံတားကြီးကတော့ Gold Coast ကို အသွား လှလို့ ဓာတ်ပုံ ရိုက်ခဲ့တယ်။



ကဲ..ရောက်ပြီးတော့ ဆော့နေကြပြီ..ကမ်းခြေကိုသွားတယ်ဆိုပေမယ့် ဆွေက ရေမကူးတတ်ဘူးလေ။ရေပဲဆော့တတ်တာ။
:) ....ဒီတော့ ရေကူးဖို့သွားတာဟုတ်ဘူး....ကမ်းခြေကနေပြီးတော့ နေ၀င်ဆည်းဆာကိုကြည့်မလို့လေ ...ရေတော့ နဲနဲဆော့ခဲ့တယ်။


ဟော..အလင်းရောင်နဲနဲ လေးလျှော့လာပြီ။






နေညိုညို ဆည်းဆာချိန်နဲ့ ယဉ်ဆင့်ဆင့် သူတို့ဟန်။


သူကလဲ အားကျမခံပဲ။ဝင့်လို့ ထင်းလို့။


နေညိုညို အိပ်တန်းပြန်တော့ ငှက်ငယ်လေးမှာ ဖော်မဲ့ တစ်ကောင်တည်း။



နေ၀င်စပြုပြီ..


တိမ်တွေကြားမှာ သူ့မျက်နှာကို စပြီးတော့ ၀ှက်တော့မယ်....


ဟောသူတစ်ဖြည်းဖြည်း..ပျောက်သွားတော့မယ်..

ကြည့်နေတုန်းမှာပဲ သူတစ်ကယ်ပျောက်သွားပြီး။ ခုနကရေဆော့တုန်းက ခပ်ပျော်ပျော်ဖြစ်နေတဲ့ စိတ်လေးအိပ်ပျော်သွားလား မသိပါဘူး။ ခုတော့ တစ်စုံတစ်ရာကို လွမ်းနေသလိုလိုပဲ....





အပြန်စားခဲ့တဲ့ ခေါက်ဆွဲ။ပုံကြည့်တော့ စားခြင်စရာ တစ်ကယ်လက်တွေ့ကျတော့ ခုနကလွမ်းသလိုလို ဖြစ်သွားလို့လားမသိ..
မစားနိုင်ဘူး အီတီတီနဲ့..နဲနဲပဲစားလာခဲ့တယ်။ ဒါတောင်အပြန် ကားပေါ်မှာမူးသလိုလိုနဲ့...အသွားတုန်းက စိတ်တွေက တက်ကြွပြီး ပျော်နေသလောက် အပြန်ကျတော့ တစ်မျိုးကြီးပဲ။ တိုက်ဆိုင်သွားလို့ အလွမ်းတွေ တရေးနိုးလာတာဖြစ်မယ်......
အိမ်ရောက်တော့ တစ်ခါတည်းတန်းပြီး အိပ်ပစ်လိုက်တာ မနက်မိုးလင်းမှ တရေးပဲ။ မနက်မိုးလင်းမှာ နေခြည်တွေဖြာနေတာတွေ့ တော့ သြော် နေမင်းကြီးတောင် ပြန်လာပြီးကိုးလို့ စိတ်ထဲမှာတွေးလိုက်မိတယ်...ဆွေရဲ့ မျှော်လင့်ချက်တွေလဲ တစ်ချိန်ချိန်မှာ ဆွေ ဆီကိုပြန်ရောက်...........ထင်တာပဲပေါ့လေ။

Wednesday 7 October 2009

အမှတ်တရ Larma_Island တောင်တက်ခရီး

ဘလော့ကတော့ ရေးခြင်တယ်။ ဒါပေမယ့် အလုပ်ကလည်းပင်ပန်းတော့ အိပ်ခြင်ပြီး။ စိတ်ကလည်းလျှော့ခြင်သေးဘူး။ဒီတော့
ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါး သွားခဲ့တဲ့ Lama_Island ကျွန်းကို တောင်တက်သွားတာသတိရလာတယ်။ စိတ်ကလည်း အဲဒီတုန်းက အပျော်တွေကူးလာသလိုပဲ။ မနှစ်က ဇန်န၀ါရီ ခပ်ချမ်းချမ်းရာသီလေးမှာ သွားတာလေ။ ဒီတော့ အပျော်လေးတွေကို မျှဝေလို့ ရအောင် ပုံလေးတွေ တင်ပြီး ဘလော့ရေးလိုက်တော့တယ်။



ပျော်စရာနော် တောင်စတက်တော့မယ်။ မတက်ခင် အမှတ်တရပုံ ရိုက်နေကြတာလေ။



:) :) ..တောင်မတက်ခင် တောင်ခြေမှာတွေ့တဲ့ သူတို့ပြောတဲ့ ပဲနို့်ရည်လေ။ သောက်လို့ကတော့ ကောင်းတယ်။
ခပ်အေးအေးရာသီမှာ ပဲနို့ ပူပူနွေးနွေးသောက်ရတဲ့ အရသာလေ။ ဒါပေမယ့် ခပ်များများသောက်တော့ နဲနဲအီတယ်။



ဒီမှာတောင်စတက်ကြပြီ။ ဟီးဟီး....... ရှေ့မှာပြောလာတာ တောင်တက် တောင်တက်ဆိုလို့ အထင်ကြီးသွားလား။ အပျော်အပန်းဖြေတက်တဲ့တောင်လေ ..တောင်အကြီးကြီးတွေတက်တာဟုတ်ဘူး။ဒီလိုဒီလို ပြေပြေလေ တက်ရတဲ့တောင်လေ။









တောင်ပေါ်တက်ပြီးခဏကြာတော့ ဒီပျိုးဥယျာဉ်လေးကိုရောက်တယ်။ ပန်းတွေဓာတ်ပုံရိုက်ယူလာတယ်။ နာမည်သိရင် ပြောခဲ့ကြနော်။ ဆွေတော့ သိဘူး။





တောင်တက်ရင်းလမ်းမှာတွေ့ခဲ့တဲ့ ကမ်းခြေလေး။



ချစ်စရာကောင်းတဲ့ တရုတ်ဘုံကျောင်းလေး။ ပုံကအပြည့်တင်လို့မရတာနဲ့ ရသလောက်လေးတင်ပေးလိုက်တယ်။
အပြင်မှာတော့ တော်တော် ချစ်ဖို့ကောင်းပါတယ်။ မဆွေက ဓာတ်ပုံ သိပ်ပြီးမရိုက်တက်လို့ဖြစ်မယ်။


တောင်ပေါ်ရောက်ပြီ။နားနေကြတာလေ။




တောင်ပေါ်ကနေမြင်ရတဲ့ ရှုခင်းလေးတွေ။



အပြန်မှာတွေ့ရတဲ့ ကမ်းစပ်နားက သူတို့ style.



အပြန်ကျတော့ ဘုတ်လေးစီးပြီးပြန်ရတယ်။ ဒီပုံမှာပြထားတဲ့ ဟာတော့ ဟုတ်ဘူး။ ဒါက စီးနေတဲ့ ဘုတ်ပေါ်ကနေလှမ်းမြင်ရတဲ့
Cargo Ship လေ။




ဒါကတော့ ကမ်းဘေးတွေမှာ မြေဖို့ပြီးဆောက်ထားတဲ့ ဟောင်ကောင်တိုက်ခန်းတွဲတွေလေ။



စီးလာတဲ့ဘုတ်လေးနောက်က အိမ်အပြန်လိုက်လာကြတဲ့ ရေလှိုင်းတွေ...
အပြန်တောင်တက်တဲ့ အဖွဲ့တွေအားလုံး dinner စားကြသေးတယ်။ စပြီးတောင်တက်တော့လဲ အစားလေးနဲ့ဖွင့်သလို
ပြန်တော့လဲ အစားလေးနဲ့ နှုတ်ဆက်တာ....:P
အိမ်ပြန်ရောက်တော့ည ၁၁ နာရီတောင်ရှိပြီး။ ပျော်ဖို့ကောင်းသလို ပင်ပန်းတော့ အိပ်လို့လဲကောင်းတယ်.. :) :)