Sunday 6 May 2012

မျှော်လင့်ခြင်း အိမ်မက်



ကျွန်မ သူ့ရဲ့ မျက်နှာလေးကို မြင်နေရတာကိုးက စိတ်ထဲမှာ အေးမြငြိမ်းချမ်းသွားသလို ခံစားရတယ်။ သူ ကျွန်မ ဘေးနားမှာ ရှိနေပါလားဆိုတဲ့ အသိက  ကိုယ့်ကိုယ်ကို ပိုပြီး လုံခြုံသွားသလို ခံစားရတယ်။ ပြီးတော့ သူ့ရဲ့ နှစ်လို ဖွယ် ချိုသာအေးမြသော အပြုံး။ တစ်ကယ်ဆို ခုမှ စတွေ့ စပြီးမြင်ဖူးတဲ့ သူတစ်ယောက်ကို ကျွန်မဒီလောက်ထိ စွဲလန်း နှစ်သက်နေစရာ မလိုဘူး မဟုတ်လား။ထူးဆန်းတယ်ရှင် တစ်ကယ်ပဲ သူနဲ့ကျွန်မ အရမ်းကို ရင်းနှီးခဲ့ ဖူးတယ် လို့ စိတ်ထဲမှာ အလိုလို သိနေတယ်။ သူကလည်း ကျွန်မကို နှစ်ပေါင်းများစွာက ကွဲကွာသွားတဲ့သူတစ်ယောက်ကို ပြန်တွေ့နေရသလိုမျိုး သူ့မျက်လုံးတွေက ဆွေးဆွေးမြေ့ မြေ့ ။ အဲ နောက်တစ်ခုက လောလောဆယ် ကျွန်မရောက်နေတဲ့ နေရာက ဘယ်နေရာလဲ ဆိုတာ ကျွန်မကိုယ်တိုင်မသိတာပဲ။ တစ်ကယ်ပြောတာပါရှင် ကျွန်မ ဒီနေရာကို ရောက်မလာခင် ဘယ်နေရာမှာ နေခဲ့သလဲ။ အဲ ကုန်ကုန်ပြောမယ်ရှင် ကျွန်မကိုယ် ကျွန်မ နာမည် ဘယ်သူလဲ ဆိုတာတောင် မမှတ်မိဘူး။
          ဒါပေမယ့် သူကတော့ ကျွန်မကို နန်းနွယ် လို့ ခေါ်တယ်။ သူပြောပြတဲ့ ကျွန်မနာမည်အပြည့်အစုံက စောနန်းနွယ် တဲ့။ သူ့ကိုသူကတော့ စောစပ်ဖသာ တဲ့။ သူ့နာမည် ဘာပဲဖြစ်ဖြစ်ပါ ၀မ်းနည်းစရာ ကောင်းတာ တစ်ခုက ကျွန်မစကားပြောလို့ မရတာပဲ။ သူတို့ ပြောနေတာတွေ အားလုံးကို ကြားတယ် မြင်ရတယ် ခံစားလို့ ရတယ် ။ အဲ ကျွန်မစကားပြောဖို့ အားယူလိုက်တယ် ဆိုရင်ပဲ အသံတွေက လည်ချောင်းဝမှာ ပျောက်ကွယ်သွားတော့ တာပဲ။ ကဲ မထူးဆန်းဘူးလား။ ထူးဆန်းဆိုလေ သူတို့ဝတ်ထားတဲ့ အ၀တ်အစား ကျွန်မကိုယ်ပေါ်က အ၀တ်အစားတွေက အစပေါ့။ အားလုံး အနက်ရောင် ချည်ထည်ပေါ်မှာ ရွှေမျှင်လေးတွေ နဲ့ အလှဆင်ထားတဲ့ အ၀တ်အစားတွေ။ ပြီးတော့ သူတို့ အင်္ကျီ တွေကလေ ရှမ်းရိုးရာ အ၀တ်အစားနဲ့တော့ ဆင်သား။ ဒါပေမယ့် လုံးလုံးကြီးကြတော့ လဲ မတူပြန်ဘူး။ ဘာပဲဖြစ်ဖြစ် ခုကျွန်မ၀တ်ထားတဲ့ အ၀တ်အစားတွေ ကိုတော့ အရမ်းကို နှစ်သက်မိတယ်။
          သြော် နောက်တစ်ခုက ကျွန်မရောက်နေတဲ့ နေရာ။ မှိုင်းပြပြ တောင်တန်းကြီးတွေ ပြီးတော့ တောင်တန်းကြီးတွေရဲ့ ထိပ်မှာ ဝေ့၀ဲနေတဲ့ တိမ်သားတိမ်လိပ်တွေ။ တစ်ချို့နေရာတွေမှာဆို တောင်ကလပ်တွေမှာ ကပ်ပြီးပေါက်နေတဲ့ အဖြူရောင်ပန်းပွင့် အကြီးကြီးတွေ။ လှလိုက်တာရှင်။ ကျွန်မတစ်သက်တာ တွေ့ဖူးသမျှထဲမှာ အလှဆုံး သက်ရှိပန်းချီကားကြီး တစ်ချပ်ပဲ။ ခုကျွန်မ မတ်တပ်ရပ်နေတာက ကျောက်ဂူကြီး တစ်ခုရဲ့ အပေါက်ဝနားမှာ။ ရှေ့မှာတော့ အလွန်နက်ရှိုင်းလှတဲ့ ချောက်ကြီးတစ်ခု။ ကျောက်ဂူပေါက်ဝ နားကနေပြီး အောက်ကို ငုံ့ ကြည့်လိုက်တော့လေ ကိုယ်ကပဲ တိမ်တွေပေါ် မတ်တပ်ရပ်နေသလိုလို။တောတောင်ရေမြေနံ့ ပါတဲ့ လေပြေလေးကို ရှုရှိုက်လိုက်ရတာကိုးက စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားသလိုပဲ။ ဒီနေရာလေးကို ကျွန်မ ခုမှ ရောက်ဖူးတယ် ဆိုပေမယ့် ဒီနေရာလေးကို စိတ်ထဲမှာ အလိုလို သိနေတယ်။ ပြီးတော့ ကျွန်မအရမ်းကို နှစ်သက်တာပဲရှင်။ ဒီနေရာလေးမှာ နေရတာ ကျွန်မပျော်လိုက်တာ..
          ဒီကျောက်ဂူကြီးထဲမှာလေ ရေအိုင်ငယ်လေးတစ်ခုရှိသေးတယ်။ အရမ်းကို ကြည်လင်အေးမြပြီး ရွှေရောင်ငါးလေး တွေ ကူးခပ်နေတာကို ကြည့်ရတာ ကြည်နူးစရာ။ အဲဒီ ရေအိုင်ငယ်လေးဘေးနားက ကျောက်တုံးကြီးပေါ် ထိုင်ပြီး ကျွန်မရဲ့ ခြေထောက်ကလေးတွေကို ရေထဲချပြီး ရေဆော့ ကစားရတာကိုလဲ ပျော်လိုက်တာ။အဲဒီရေအိုင်လေးက ရေတွေက ကျောက်ဂူကြီးရဲ့ အတွင်းထဲ အနိမ့်ပိုင်းနေရာလေးကို စမ်းချောင်းလေးတစ်ခုလို ကွေ့ပတ်ပြီး စီးဆင်းနေတာ။ အဲဒီ စမ်းချောင်းလေးရဲ့ အဆုံးမှာတော့  သိကြားမင်းလိုပဲ နတ်အ၀တ်အစားတွေ ၀တ်ထားတဲ့ ပုံနဲ့  ထုလုပ်ထားတဲ့ လူတစ်ရပ်နီးနီးလောက်ရှိ ရုပ်တုကြီး။ အဲဒီရုပ်တုကြီးရဲ့ လက်က ရှေ့ ဘက်ကို တစ်စုံတစ်ခုကို ညွန်ပြနေပုံပဲ။ အဲ..ရုပ်တုကြီး ညွန်ပြထားတဲ့ လက်တည့်တည့်မှာ နောက်ထပ် ကျောက်ဂူ ပေါက်ကြီးတစ်ခု။ အဲဒီကျောက်ဂူကြီးထဲကနေပြီး အရောင်တွေ လျှံတက်နေတာများ ၀င်းလို့။ အထဲမှာ ဘာရှိနေမှန်းတော့ မသိဘူး။ ဒီနေရာကိုရင်းနှီးနေတယ်လို့တော့ စိတ်ထဲမှာခံစားလို့ ရတယ်။
          ကျောက်ဂူကြီးထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ မှင်သက်အံ့သြပြီး စိတ်ထဲမှာ ၀မ်းနည်းစိတ်တို့က လှိုက်ကနဲ ဖြစ်သွားတယ်။ တစ်ပြိုင်နက်တည်း  ၀မ်းသာခြင်းဆိုတဲ့ စိတ်ကိုလည်း ခံစားလိုက်ရပြန်တယ်။ ကျောက်ဂူကြီးထဲမှာ အဖြူရောင် ကျောက်သားဖြင့် ထွင်းထုထားသော ထိုင်တော်မူ ဗုဒ္စရုပ်ပွားတော်ကြီးတစ်ဆူကို သပ္ပါယ်စွာ ဖူးမြော်လိုက်ရသည်။ မျက်နှာတော်မှာ ပြုံးတော်မူနေသကဲ့သို့ ဖူးတွေ့ရသည်။ မကိုဋ် ရွှေစလွယ်တို့တွင် ထည့်သွင်းနှစ်မြှုပ်စီရီထားသော အနီ၊ အစိမ်း နှင့် ပြာလဲ့လဲ့ ကျောက်အရောင်တို့ ကြောင့် မျက်နှာတော်မှာ လင်းလက်လျှက်ရှိသည်။ ရုပ်ပွားတော်ကြီးသည် အလွန်ကြီးမားပြီး အမြင့်မှာမူ ကျောက်ဂူကြီး၏ ခေါင်မိုးဖြင့် ထိလုနီးနီးမျှပင် ရှိသည်။ ရုပ်ပွားတော်ကြီး၏ ပလ္လင်ခြေရင်း ပတ်ပတ်လည်တွင်တော့  ရွှေငွေ ကျောက်သံပတ္တမြားတို့ဖြင့် ရောနှောနေလျှက်ရှိသော ကြီးမားသော ရတနာပုံကြီးအား တွေ့ရှိလိုက်ရသည်။ ထို့နောက် ကျောက်ဂူကြီး၏ ထောင့်နားတွင်ရှိသော စိမ်းမြမြ ကျောက်သားနှင့် ရေအိုးကြီးထဲမှာ ရေ တို့ ကိုယူပြီး ရုပ်ပွားတော်ကြီးရှေ့ရှိ သောက်တော်ရေခွက်များကို ရေဖြည့်လိုက်သည်။ ပြီးနောက် ထိခြင်းငါးပါးဖြင့် ရုပ်ပွားတော်ကြီး အား ရှိခိုးပူဇော်နေမိသည်။ မည်မျှ လောက်ကြာအောင် ရုပ်ပွားတော်ကြီးအား ပူဇော်နေမိသည်မသိ ပျော့ပျော့အိအိ အထိအတွေ့ကြောင့် ကျွန်မရဲ့ မျက်လုံးတွေ ကို ဖွင့်ကြည့်လိုက်တယ်ဆိုရင်ပဲ ကျွန်မလိပ်ပြာလွင့်သွားမတတ် ကြောက်လန့်သွားရတယ်။ မကြောက်ပဲ နေမလား။
ကျွန်မရဲ့ အရှေ့မှာ ပါးပြင်းကြီးထောင်ထားတဲ့ ကြီးမားလှတဲ့ အစိမ်းရောင် မြွေကြီး ။ ပြီးတော့ သူက ကျွန်မကို ရစ်ခွေပြီး ပတ်ထားသေးတာ။ ဒီကြားထဲ သူ့ရဲ့ ကြီးမားတဲ့ ပါးပြင်ကြီးနဲ့ တစ်ရွှီရွှီနှာမှုတ်သံကြီးက ကျွန်မမျက်နှာ နားမှာ တစ်ရစ်ဝဲ၀ဲ။ မြွေကြီးရဲ့ အစိမ်းရောင်တောက်တောက်မျက်လုံးများကြောင့် ပိုပြီး ကြောက်စရာ ကောင်းနေသလားမသိ။ အို ဒုက္ခပါပဲ အသံထွက်ပြီးတော့ လဲ အော်လို့ မရ။ ဘုရားကယ်တော် မူပါ။ ကျွန်မ ကြောက်လွန်းလို့ မျက်လုံးမှိတ်ပြီး ဘုရားကိုပဲ တနေမိသည်။

“ဟေ့ ကောင်စိမ်းကြီး မင်းသခင်မ ကြောက်ရှာလွန်းနေပြီ။ မင်းကသာမှတ်မိတာ။ မင်း သခင်မကတော့ ငါတို့ကို မမှတ်မိနိုင်ဘူးကွဲ့။ ”

ဒီတော့မှ မြွေကြီးက ရစ်ခွေထားတဲ့ သူ့ရဲ့ ကိုယ်လုံးကြီးကို ကျွန်မရဲ့ ကိုယ်ပေါ်ကနေ ခွာသွားပေးတာ။ ဒါတောင် သူက ကျွန်မရဲ့ လက်ပေါ်သူ့ခေါင်းလေး လာတင်ထားပြီး မှေးနေသေးတာ။ ဒီလိုဆိုပြန်တော့လဲ ဒင်းလေးက ချစ်စရာလေးပါလားလို့ စိတ်ထဲထင်လိုက်မိသေး။ အဲဒီမြွေကြီးရဲ့ ခေါင်းကိုသူမ တစ်ယုတစ်ယ ပွတ်သပ်ပေးနေမိပြန်သည်။ ထိုအချိန်မှာပဲ ကျွန်မရဲ့ မျက်လုံးထဲမှာ ရုပ်ရှင်ပြနေသလိုပဲ ရုပ်ပုံကားချပ်တွေ တစ်ချပ်ပြီး တစ်ချပ်။ အဲ ကျွန်မ အကြိုက်ဆုံး  ကားချပ်ကတော့လေ ဟောဒီမြွေကြီးရဲ့ ခေါင်းပေါ်မှာ ကျွန်မက မတ်တပ်ရပ်လို့ ပြီးတော့ ကျွန်မကိုယ်ပေါ်က အနက်ရောင် ပုဝါပါးက လေထဲမှာ လွင့်ကာလွင့်ကာနဲ့ မြွေကြီးကို လိုက်စီးရတာကို အကြိုက်ဆုံးပဲ။ ပြီးတော့ ကျွန်မရဲ့ မျက်ဝန်းကလည်း မျက်ရည်တွေ ကျလာသေးတာ။ တားမနိုင်စီးမရပါပဲ။
ဒါပေမယ့် ကျွန်မကိုယ် ကျွန်မဘာဖြစ်လို့ ဒီလောက်ထိ ငိုနေမိမှန်းတောင် မသိဘူး။ စိတ်ထဲမှာ ၀မ်းနည်းနေတာပဲ သိတယ်။

          “ကဲ စောနန်း အချိန်မရှိဘူးကွဲ့ ဘိုးဘိုး ရောက်မလာခင် တို့များ ကပွဲ သဘင်သွားကြအုန်းစို့”

ဒါတောင် မြွေစိမ်းကြီးက မကျေနပ်သေးသလိုနဲ့ ကျွန်မရဲ့ နောက်ကို လိုက်လာဖို့ ပြင်သေးတာ။

 “ကောင်စိမ်းကြီး မင်းလိုက်လို့ မရဘူးကွဲ့။ ကျေနပ်ပါကွယ် နေခဲ့ကွဲ့ နေခဲ့ ”

ဒါက သူ့ရဲ့ မချိတင်ကဲ ရေရွတ်သလိုလိုနဲ့ မြွေစိမ်းကြီးကို အမိန့်ပေးနေတဲ့ လေသံ ။ သူပြောတဲ့နေရာကို ရောက်တော့  ကျွန်မ နဲ့ သူက ရွှေရောင်တစ်ဝင်းဝင်း စင်မြင့်ကြီးပေါ်မှာထိုင်လို့ ။ ကျွန်မတို့ရဲ့ အရှေ့မှာ တော့ ဘာမှကို မမြင်ရဘူး မြူမှုန်လိုလို တိမ်တွေလိုလိုနဲ့။ ဟွန်း ဒီလောက် ဘာမှ မမြင်ရတာကို ဘယ်လိုလုပ်ပြီး ကပွဲသဘင်ကြည့်မလဲလို့ စိတ်ထဲမှာ စဉ်းစားမိသေးတယ်။ ပြီးတော့လေ အံ့သြစရာရှင် ခုနက ကျောက်သားနံရံတွေမှာ ကပ်ပြီးပေါက်နေတဲ့ အဖြူရောင်ပန်းပွင့်ကြီးတစ်ပွင့် ကို သူက ကျွန်မကို လက်ဆောင်ပေးသေးတယ် ရှင့်။ အဲဒီပန်းပွင့်ရဲ့ ရနံ့ကလေ သင်းသင်းလေးနဲ့ မွှေးပျံ့လိုက်တာ ပြောမနေပါနဲ့။
          အဲ ခဏနေတော့ တီးလုံးသံတွေ ကြားလာရတယ်။ကြည့်နေရင်း ကြည့်နေရင်း တိမ်လိပ်ကြီးတွေ ကြားမှာ ရွှေရောင် နဂါးကြီးတွေကို ဘွားကနဲ တွေ့လိုက်ရတယ်။ ပြီးတော့ တီးလုံးသံတွေနဲ့ တူ ရွှေရောင်နဂါးကြီးတွေ ကနေလိုက်တာများ ကြည့်လို့ကောင်းချက်ကတော့ ပြောမနေပါနဲ့။ အဲနောက်တော့ ကျွန်မရယ် ခုနက စောစပ်ဖသာဆိုတဲ့ လူရယ် အဖြူရောင်ဝတ်စုံနဲ့ အဘိုးကြီးတစ်ဦးရယ် ကျယ်ပြန့် တဲ့ ကျောက်ဂူ ခန်းမကြီး တစ်ခုထဲ ရောက်နေကြတယ်။ ကျွန်မကတော့ သူတို့ဘေးနားက ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်လို့ ။သူတို့နှစ်ယောက်ကတော့ စကားတွေပြောနေကြတယ်။ အဲ အကုန်မကြားရပေမယ့် ကျွန်မကြားရသလောက်ကတော့  ဘိုးဘိုးဖြူပြောတာတော့ .

  “လူကလေး သူမှ မင်းတို့ကို မမှတ်မိသေးပဲ။ အချိန်တန်တော့ သူလဲ အိမ်ပြန်လာရမှာပါကွယ်. သူ့ကို ခေါ်ထားလို့ တော့ မဖြစ်သေးဘူး။ မမှတ်မိသေးဘူးဆိုတာ ၀ဋ်ကြွေးတွေ မကုန်သေးဘူးဆိုတဲ့ သဘောကွဲ့။”

သူကတော့ မချိတင်ကဲ့ အလျှော့ မပေးဘူးဆိုတဲ့ လေသံနဲ့

“ဘိုးဘိုး..”

“ဒါဖြင့်လဲ မင်းကိုယ်တိုင် ကာယာကံရှင်ကို မေးကြည့်ကွဲ့”

ဒါနဲ့ပဲ..

“နန်းနွယ်.. ဒီမှာပဲ နေတော့ မယ် မဟုတ်လားဟင်..”

ဒီအချိန်မှာပဲ ကျွန်မနားထဲကို ပဲ့တင်သံတစ်သံ ကြားလာရတယ်။

“သမီးလေး သမီး”

ဟော ဒါ ဒါ အမေ့ရဲ့ အသံပဲ။ ဟုတ်တယ် ကျွန်မမှာ အဖေ နဲ့ အမေ ရှိသေးတယ်။ ကျွန်မ အဖေနဲ့ အမေကို ကျေးဇူး ဆပ်ရအုန်းမယ်။ ဒီမှာနေလို့ မဖြစ်သေးဘူး။ ကျွန်မ ပြန်မှ ဖြစ်မှာ။ သူတို့ ကျွန်မကို စိတ်ပူနေလိမ့်မယ်။ ကျွန်မ ဒီမှာ နေလို့ မဖြစ်ဘူး။ စိတ်ထဲမှာ ကျွန်မကို ဒီမှာခေါ်ထားမှာ အရမ်းကို စိုးရိမ်ကြောက်လန့် သွားမိပြန်တယ်။

“မဖြစ်..မဖြစ်ဘူး ကျွန်မ အိမ်ပြန်မှာ..”

အို အံ့သြစရာပါလား။ ခုန က တစ်ချိန်လုံး စကားပြောမရတာ ။ ခုတော့ လည်ချောင်းဝမှာ အသံ ထွက်လာပါလား။
အဘိုးဖြူကတော့ ပြုံးပြီးကြည့်လို့ ။

“ဒီမှာပဲ အပြီးနေလိုက်ပါ စောနန်းရယ် မပြန်ပါနဲ့တော့နော် ..”

“ဟင့်အင်း..ရှင့်ကိုမှ ကျွန်မ မသိတာ။ အဖေနဲ့ အမေ ကို ကျေးဇူးဆပ်ရအုန်းမယ်။ ကျွန်မပြန်ပါရစေရှင် နော်..”

ဒီအချိန်မှာပဲ မထင်မှတ်စရာ ပြောင်းလဲသွားသူက စပ်ဖသာ ဆိုတဲ့ သူပဲ။

“ကဲ ဒီလောက်တောင် ဒုက္ခများတဲ့ လူလောကကြီး ပြန်သွားချင်တဲ့ ဟာ..ကဲဟာ..ကဲဟာ”

ကျွန်မကို သူ့ခါးက ဓါးကိုဖြုတ်လို့ လိုက်ခုတ်တယ်။ကိုယ့် ကိုရို့ပြီး ရှောင်လိုက်လို့  သူ့ခုတ်တဲ့ ဓါးချက်ကို နှစ်ကြိမ် တိတိ ရှောင်နိုင်လိုက်ပေမယ့် သုံးချက်မြောက်မှာတော့ အောက်မှာရှိတဲ့ ကျောက်ခဲကို နင်းမိပြီး ကျွန်မ မြေပေါ်မှာ ချော်လဲ သွားတယ်။ ဒီချိန်မှာပဲ ၀င်လာတဲ့ သူ့ဓါးချက်ကို ကျွန်မလက်နဲ့ လှမ်းပြီးကာလိုက်တယ်။ အို သူ့ရဲ့ ဓါးဦးချွန်ထိပ်က ကျွန်မရဲ့ လက်မကို စိုက်ဝင်သွားပါရောလား။ အသည်းခိုက်လောက်အောင် နာကျင်မှုနဲ့ တူတူ ကျွန်မအားကနဲ နှုတ်ကနေအော်ရင်း အမှောင်ထုကြီးထဲကို ပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။ ဒါပေမယ့် ကျွန်မကိုယ် ကျွန်မ သတိရှိနေတဲ့ အချိန်မှာ နားထဲမှာ သူ့ရဲ့ အသံကို ကျွန်မနားထဲမှာ ပဲ့ တင်ထပ်မျှ ကြားလိုက်ရသည်။

          “ဒီဘ၀မှာ နန်းနွယ်ကို လက်လွှတ်လိုက်ရပေမယ့် နောင်ဘ၀ အဆက်ဆက်တိုင်း မျှော်နေမယ်။ ပြန်လာခဲ့ ပါ နန်းနွယ် ..ပြန်လာခဲ့ပါ နန်းနွယ် ပြန်လာခဲ့ပါ..ပြန်လာခဲ့ ပါ..နန်း…နွယ်….“

“အား…..အား……”

“သမီး သမီးလေး သတိရလာပြီ လား. အမေတို့ ဘေးမှာရှိတယ်လေ ..”

စိုးရိမ်တစ်ကြီးနှင့် ငုံ့မိုးကြည့်နေသော အဖေနဲ့ အမေ့ရဲ့ မျက်နှာ။

“အား ကျွတ် ကျွတ် သမီး ဘယ်ရောက်နေတာလဲ ”

“သမီး ဘာမှ စိတ်မပူနဲ့နော်. သမီးခု ဆေးရုံပေါ်မှာ။ အလုပ်ကိစ္စနဲ့ သမီးတို့ ရုံးကကားနဲ့ မန္တလေးကို ခရီးသွားတုန်း ကား  accident ဖြစ်လို့လေ။ ဟယ် ..ဆရာ.. ဆရာ လုပ်ပါအုန်း။ ခုနက သမီးရဲ့ လက်မက အကောင်းကြီးပါ။ ခုမှ ဘာဖြစ်လို့ သွေးတွေ ထွက်လာပြီး ရောင်ကိုင်းလာရတာတုန်း”

ကျွန်မသတိလစ်မေ့မြောနေတုန်း ဂယောက်ဂယက် နှင့် စိတ်ထင်ရာ လျှောက်ပြီးမက်နေတာထင်ပါရဲ့။ ဒါနဲ့ပဲ ကျွန်မ လည်း အဲဒီအဖြစ်အပျက်တွေကို မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ် ။ ဒဏ်ရာလဲ သက်သာလာပြီမို့ နောက်တစ်ရက်ဆိုရင်  ဆေးရုံက ဆင်းရတော့မယ်။
     ကျွန်မ အိမ်မက်လား တစ်ကယ်လား ဝေခွဲလို့မရဘူး။ ကျွန်မအိပ်ပျော်နေတုန်း ကျွန်မဘေးနားမှာ လူတစ်ယောက် မတ်တပ်ရပ်ပြီး လာကြည့်နေသလို ခံစားရတယ်။ပြီးတော့ ပန်းဖြူဖြူ ပွင့်ကြီးတွေရဲ့ ရနံ့ မွှေးလိုက်တာ သင်းပျံ့ နေတာပဲ။ မတ်တပ်ရပ်ပြီး လာကြည့်နေသော သူကတော့ ၀ိုးတ၀ါးပဲ။ ကျွန်မစကားပြောဖို့ အားယူကြည့်တယ်။ ကျွန်မတစ်ကိုယ်လုံး လှုပ်လို့မရဘူး ပြီးတော့ စကားလဲပြောလို့မရဘူး။ ထိုသူကတော့ ကျွန်မကို အကြာကြီး မတ်တပ် ရပ်ကြည့်နေသည်။
           မနက်မိုးလင်း မျက်လုံးဖွင့်လိုက်သည်နှင့် ရလိုက်တဲ့ မွှေးပျံ့ပျံ့ ရနံ့ကြောင့်  ကျွန်မအခန်းပတ်လည်ကို ဝေ့ ၀ဲပြီး လိုက်ကြည့်မိတယ်။ ကျွန်မရဲ့ အခန်းထဲက ပန်းအိုးလေးမှာ လှပစွာထိုးထားတဲ့ ပန်းဖြူဖြူပွင့်ကြီးကြောင့် ကျွန်မ ထခုန်မိမတတ် လန့်သွားရတယ်။ အဲဒီနေ့က ကျွန်မဒီပန်းလေးရဲ့ ရာဇ၀င်ကို လိုက်ပြီးစုံစမ်းပါသော်လည်း ဘာမှ ရေရေရာရာ မသိရ။ အဲ နောက်တစ်ခုထူးဆန်းတာကိုလည်း ဆရာဝန်ကပြောလိုက်သေးတယ်။ ကျွန်မရဲ့ လက်မ က ဒဏ်ရာကို သူတော်တော်လေး ဝေခွဲမရဖြစ်ကြောင်း။ ကျွန်မသတိလစ်မေ့မြောနေစဉ်မှာ ဒီဒဏ်ရာ လုံးဝ မရှိတာ သေချာကြောင်း။ ပြီးတော့ လက်မက ဒဏ်ရာကလည်း ဓါးကဲ့သို့ ချွန်မြသောလက်နက်ဖြင့် ထိုးခံရသော ဒဏ်ရာဖြစ်ကြောင်း။ ဘာဖြစ်လို့ ကားaccident ဖြစ်တဲ့ လူနာတစ်ယောက်မှာ ထိုကဲ့ သို့ ဒဏ်ရာမျိုး ဘာကြောင့်ရနေသလဲ စဉ်းစားလို့မရကြောင်း။ ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်မရဲ့ အသားကိုနာကျင်စေပေမယ့် ကျွန်မသူ့ ကို စိတ်မဆိုးမိ။ သူ့ရဲ့ နှစ်လိုဖွယ် အပြုံးကိုလဲ စိတ်ထဲကနေ မေ့ပစ်လိုက်လို့မရ။ ပြီးတော့ ဆေးရုံမှ ပန်းဖြူဖြူ ပွင့်ကြီးကို အိမ်ကိုယူလာပြီး ကျွန်မရဲ့ အိပ်ခန်းထဲမှာ ထိုးထားလိုက်သည်။ ဒီညလဲ သူကျွန်မရဲ့ အိမ်မက်ထဲကို ရောက်ချင် ရောက်လာနိုင်သည် မဟုတ်ပါလားရှင်.။


…………………………………………….
 အလည်အပတ်ရောက်လာကြသော မောင်နှမများနှင့် တစ်ကွ ချစ်စွာသော ဘလော့မောင်နှမ များကျန်းမာလို့ ချမ်းသာကြပါစေရှင်။


 

Saturday 5 May 2012

တစ်ခါတုန်းက ပိတောက်ပွင့်ချိန်(ဇာတ်သိမ်း)





“သေ..သေချာရဲ့ လားဗျာ။ ပြီးတော့ မိန်းကလေးက ယောက်ကျားလေးကို သွေးဆောင်ဖျားယောင်းတယ် ဆိုတာ ..”

“အို ကျွန်မက သေချာလို့ တိုင်တာပေါ့။ မယုံရင် အဲဒီကောင်မလေး အိမ်ကို သွားမေးကြည့်ပါလား”

“မဟုတ်ဘူး ဗျ ဒီအချိန်ဆို မွှေး တို့ ဘုရားပေါ်မှာ ငါးတွေ လွှတ်နေလောက်ပြီ။ ဒါက ကျွန်တော်တို့ ရပ်ကွက်ထဲက နှစ်စဉ်နှစ်တိုင်း လုပ်နေကြပွဲလေးပါဗျာ။ ကလေးတွေကို အထင်မလွဲပါနဲ့။ ပြီးတော့ မိန်းကလေးဘက်က အရှက်တရားနဲ့ သိက္ခာဆိုတာလဲ ရှိပါသေးတယ်ဗျာ။ သူတို့ ပြန်လာကြမှာပါ။ ဟုတ်ပြီလား အစ်မကြီး ဒီညနေလောက်ထိတော့ စောင့်လိုက်ကြပါအုန်း။ ကျွန်တော်တို့ ညဘက်ကျမှ နှစ်ဖက်မိဘ စုံပြီး ဖြေရှင်းပေးပါ့မယ် ဗျာ ..ကျေနပ်ပါနော် အစ်မကြီး..ခုတော့ အိမ်ပြန်ပြီးတော့ ပဲ စောင့်နေလိုက်ပါ။”

အဲဒီ သတင်းက မွှေး တို့ အိမ်က မိဘတွေ ထိရောက်လာပြီ။ ရပ်ကွက်ရုံးက အကြောင်းကြားရပြီကိုး။ ဒီတော့ လမ်းထဲ ရပ်ကွက်ထဲ မွှေး ဆိုသော မိန်းကလေးနှင့် ဇ ဆိုသော ကောင်လေး ညနေဘက် ပြန်လာသလား ပြန်မလာဘူးလားကိုပဲ စောင့် ကြည့်နေကြပြီ။

“မွှေး ငါနင့်ကိုပြောစရာရှိလို့ ..”

“ဒီနေ့တော့ မပြောနဲ့ တော့ ငါတို့ အချိန်မရှိတော့ ဘူး. ဘုရားပေါ်က လူတွေ လိုက်စုပြီး ပြန်ကြရအောင် လမ်းထဲမှာ ပရိတ်ရွတ် တရားပွဲ အမှီ ငါတို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရအုန်းမှာ လူကြီးတွေ ငါတို့ ကိုမျှော်နေ လိမ့်မယ်ဟ. မိုး ရေ လာဟေ့ လူသွားစုရအောင် ဇ နင်ဒီမှာပဲ စောင့်နေနော် ငါတို့ ပြန်လာခဲ့ မယ် .”

ဇ စိတ်ညစ်သွားသည်။ သူ့ မှာတော့ သူမအတွက် စွန့် စားလိုက်ရတာ။ တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်တွေ လုပ်လိုက် ရတာ။ ပြီးတော့ အိမ်ပြန်သွားရင် အမေနဲ့ မျက်နှာချင်းဘယ်လို ဆိုင်ရမယ်မှန်းမသိ။ သူမ၏ နှလုံးသား ကျောက်သားကျောက်ဆိုင်တွေများ ဖြစ်နေသလားမသိ။ တစ်ကယ်ဆို သူ့ကို စကားပြောနိုင်မယ့် အခွင့်အရေးလေး တော့ ပေးသင့်သည်။ ခုတော့ သူမက ကြိုတင်ပြီး ဘာမှ မဖြစ်သလို ရှောင်ရှောင်ထွက်သွားသည်။ ဒီနေ့အဖို့ အိမ်ကို မပြန်ချင်သေး။ တစ်နေရာရာမှာ တစ်ယောက်တည်း ထိုင်နေချင်သေးသည်။

“ကဲ လူစုံရင် ဘုရားပေါ်က ဆင်းကြမယ်ဟေ့။ ”

“နေအုန်း မွှေး. ဇ ကို မတွေ့ဘူး။ငါ ဘုရားတစ်ပတ် ပတ်ပြီး ရှာလိုက်အုန်းမယ်။”

“ဟာ မိုး ကလည်း ငါခုနက ပြောပြီးသား ဒီမှာ စောင့်နေပါဆိုတာကို။ အများနဲ့ အလုပ်လုပ်ရတာ ဒီလောက်လေးတောင် သူနားမလည်ဘူးလား။ ပြီးတော့ သူတစ်ယောက်တည်းကိုရှာ နေတာနဲ့ ငါတို့ အပြန် နောက်ကျနေလို့ မဖြစ်ဘူး။ လမ်းထဲမှာ လုပ်စရာတွေ ရှိသေးတယ်။ ပြီးတော့ သူလဲ လူကြီးဖြစ်နေပြီပဲ ငါတို့ ကို မတွေ့ ရင် သူ့ဘာသာသူ ပြန်လာမှာပေါ့။ ဒီလောက် လူတွေ အများကြီးထဲမှာ ရှာရတာ လွယ်မှာ မဟုတ်ဘူး။ လာ..လာ ပြန်ကြရအောင်”
 
မွှေး က ပြောပြောဆိုဆို မိုး ရဲ့ လက်ကို ဆွဲပြီး ဘုရားပေါ်က ဆင်းဖို့ ပြင်လိုက်သည်။ မထင်မှတ်စွာပဲ.. မိုး က သူမရဲ့ လက်ကို ဆောင့်ပြီး ရုန်းလိုက်သည်။ ပြီးနောက် မွှေး ကိုတစ်ချက် လှည့်ကြည့်လိုက်ပြီး လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ် သွားသည်။

“ဟာ..မိုး.. ”

မွှေး သူမရင်ထဲမှာ ဟာကနဲ ဖြစ်သွားသည်။ သူမ၏ ချစ်သူငယ်ချင်းလေးသည် တစ်ခါမျှ သူမကိုယ် ဒီလို မဆက်ဆံဘူး။ ဒါပထမဆုံး အကြိမ်။ ရင်ထဲမှ လှိုက်ကနဲ တက်လာသော ၀မ်းနည်းစိတ်တို့ကြောင့် မျက်ဝန်းမှာလည်း မျက်ရည်တို့ ချက်ချင်းဆိုသလို ဝေ့ ကနဲ။

“မမ မွှေး လူစုံပြီး ဆင်းကြတော့ မှာမဟုတ်လား။ ဟင် မမမွှေး ငိုနေတာလား..”

ဘေးနားမှ ကလေးတွေ မေးသံကြားမှ သူမကိုယ်ကလေး ဆတ်ခနဲတုန်သွားပြီး ပတ်ဝန်းကျင်ကို ပြန်ပြီး သတိထား မိသည်။

“မ..မဟုတ်ပါဘူး။ ရုတ်တရက်ကြီး မျက်လုံးကစပ်ပြီး မျက်ရည်တွေကျလာလို့ လေ ။ ရတယ် ရတယ် ဘာမှ မဖြစ်ဘူး။ မကြီး မိုး တို့ကို စောင့်ပြီး ခေါ်ခဲ့လိုက်မယ် မင်းတို့ လူငယ်တွေ အုပ်စုပြန်လိုက်တော့ နော်။ လမ်းထဲမှာ ပြင်ဆင်စရာတွေရှိတာ လိုအပ်တာတွေ လူကြီးတွေကို ကူညီပေးလိုက်ကြအုန်း။ မကြီးတို့ ပရိတ်တရားနာပွဲ အမှီပြန်လာခဲ့ မယ်နော်..ကဲကဲ သွားကြတော့ ”


သူမမွှေးထံမှ လှည့်ထွက်လာပြီး တစ်ယောက်တည်း ဇ ကို လိုက်ရှာရင်းဖြင့် မိုး ရင်ထဲမှာ ၀မ်းနည်းလာသည်။ မွှေး ကို စိတ်ညစ်အောင် လုပ်ခဲ့ မိပြီထင်။ ဒီစိတ် ဒီစိတ် ကြောင့် ချစ်သူငယ်ချင်းလေး ဘယ်လိုဖြစ်ကျန်ခဲ့ သည်မသိ။ ဒီမနာလိုတဲ့စိတ် ၀န်တိုတဲ့စိတ်ကြောင့်ဖြစ်တာ။ တစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ်လည်း အံ့ သြမိသည်။ ဘာကြောင့်များ ဇ နှင့် ပတ်သတ်လျှင် မွှေး ကိုသူမ အလိုလိုနေရင်း စိတ်တိုနေမိလဲမသိ။တစ်ကယ်တော့ ဘုရားသွားမယ်ဆိုပြီး လူစုချိန်မှာ ဇ ရောက်မလာခဲ့။ သူမမှာတော့ ဇ များ လိုက်လာလေမလားလို့ တစ်မျှော်မျှော်။ နောက် မွှေး တို့လူစုနှင့်ဆုံချိန်မှ ဇ တစ်ယောက် မွှေး တို့ အုပ်စုနှင့် ပါသွားမှန်း သူမသိလိုက်ရသည်။  ဒါဘာလဲ။ အစောကြီးထဲက ခေါ်သွားမယ်ဆိုလဲ မွှေး ကသူမကို ကြိုပြောသင့်တာပေါ့။ အဲဒီထဲက သူမစိတ်တွေ မကြည်လင်ခဲ့ တာ။ မွှေး ကသူမ ရှေ့မှာဆိုရင်တော့ ဇ ကိုပဲ ရှောင်နေသလိုလို။ ဂရုပဲ မစိုက်သလိုနှင့် သူမနောက်ကွယ်မှာကြတော့ တစ်မျိုးများဖြစ်နေသလား။
ဒီလိုစိတ်ဖြင့်ပင် သူမမွှေး ကိုတစ်ယောက်တည်း ထားခဲ့ ခြင်းဖြစ်သည်။ သူမ မွှေး ကိုလည်း စိတ်မဆင်းရဲ စေခြင်ပါ။ ဒါပေမယ့် ဇ ကိုလည်းသူမချစ်လွန်းသည်။ လောကကြီးရေ ကျွန်မဘာလုပ်ရမလဲဟင်။ ခုလဲ ဇ ကိုလိုက်ရှာနေမိသည်မှာ ကြာပြီဖြစ်သော်လည်း ဇ ရဲ့ အရိပ်အယောင်မည်ပင် မတွေ့သေး။  ပြန်ရရင် ကောင်းမည်လား။ဒီလိုစဉ်းစားလိုက်မှ သူမသတိရသည်။ သူမ၏ အိတ်တွေရော ဖိနပ်တွေရော  မွှေး ထံမှာ ကျန်ခဲ့ ပြီပဲ။ ဟာ ..သွားပြီး။ မွှေး သူမကို စောင့်ပါမည်လား။ ခုပဲ မွှေး နဲ့လမ်းခွဲလာခဲ့တာ တော်တော် ကြာနေပြီ။ ပြီးတော့ မွှေး ထိုနေရာမှာ အကြာကြီး စောင့်နေပါ့မည်လား။ ဘာပဲဖြစ်ဖြစ်လေ မွှေး ရှိနေသော နေရာကို တစ်ခေါက်လောက်သွားပြန်ကြည့်တာ မမှားလောက်။
……….
“ဟေ မွှေး တို့ မိုး တို့ရော မင်းတို့ပဲ  အုပ်စုကြီးပဲ ပြန်လာတာလား”

“ဟုတ်တယ် အဘ မမမိုး ကို စောင့်အုန်းမယ်ဆိုပြီး မကြီး မွှေး ဘုရားပေါ်မှာ ကျန်ခဲ့ တယ်။ ပရိတ်တရားနာပွဲ အမှီတော့ ပြန်လာမယ်လို့ မှာလိုက်တယ် ”

ဒါက ဘုရားကနေပြန်လာသော လူငယ်တွေထံမှ ကြားရတဲ့ စကား။  ခက်တာပဲ ။ မွှေး ရဲ့ မိဘတွေကတော့ စိတ်ပူလွန်း လို့ မျက်နှာတွေမသာမယာနှင့်။

……………

မိုး တစ်ယောက် ခုနက မွှေး နှင့်လမ်းခွဲ ခဲ့ သော စနေထောင့် ကို ပြန်လျှောက်လာခဲ့ သည်။  ရှာတုန်းက မတွေ့ ခုကျမှ ဇ ကို တွေ့ လိုက်ရသည်။ ဘာပဲ ဖြစ်ဖြစ် မွှေး ပြန်သွားလျှင်လည်း သူမတွင် အနည်းဆုံးတော ဇ ရှိသေးသည်။

“ဇ ရှာလိုက်ရတာဟာ။ နင်က ဒီမှာ ဘာလာလုပ်နေတာလဲ။ ထထ ငါ တို့ ပြန်ကြရအောင်။ ”

“ငါ မပြန်ခြင်သေးဘူး မိုး။ မွှေး တို့ ရော ပြန်သွားပြီလား။”

“ငါ ငါ မသိဘူးဟ။ ငါ မွှေး ကိုထားခဲ့ပြီး နင့်ကိုမရရအောင် ရှာမယ်ဆိုပြီး ထွက်လာတာ။”

“ဟာ… နင်ကလည်း မိုးရာ မွှေး ဘယ်လောက်ထိ နင့်ကိုချစ်တယ် ခင်တယ် ဆိုတာ သိရဲ့ သားနဲ့။ ဘာလို့ ဒီလို လုပ်လာရတာလဲ”

“ငါ ..ငါ.. ”

ဇ မွှေး အတွက် စိုးရိမ်သွားသည်။ မွှေး တော်တော် ၀မ်းနည်းနေမှာပဲ။

“ကဲ ကဲ တော်တော့ ငါ .ငါ မနေနဲ့ ညနေစောင်းနေပြီ  မွှေး ဘယ်မှာကျန်ခဲ့တာလဲ ပြော.. သွားရအောင်.”

“မွှေး နဲ့ ငါ လမ်းခွဲလာတာ တော်တော်ကြာပြီဟ။ သူစောင့်နေပါ့မလား မသေချာတော့ ဘူး။”

“မိုး နင်ကလေ နင့်သူငယ်ချင်းအကြောင်း မသိဘူးလား။ နင်မပါပဲ နဲ့ သူအိမ်ကို ပြန်ပါ့မလား။သွားမယ် ဘယ်နေရာမှာ ကျန်ခဲ့တာလဲ ”

“နင့် ကိုစောင့်နေလို့ ပြောတဲ့ နေရာမှာ..”
…..
မွှေး တစ်ယောက် ပထမတော့ မိုး ကို ဘာမှ မပြောလိုက်နိုင်တာကြောင့် ဘုရားပေါ်တွင် လိုက်ရှာဖို့ စဉ်းစားမိသေး သည်။ ဒါပေမယ့် အခါကြီးရက်ကြီးနေ့ ဖြစ်တာမို့ ဒီလောက် လူတွေ အများကြီးတွင် တွေ့အောင် ရှာဖို့ က မလွယ်လှ။ ပြီးတော့ မိုးရဲ့ အိတ်တွေ ဖိနပ်တွေက သူမထံမှာမို့ မိုး ဒီနေရာကို ပြန်လာကိုရှာမှာပဲ ဆိုသည့် စိတ်ဖြင့် ထိုင်စောင့်နေခြင်းဖြစ်သည်။ ခုညနေ ၆ နာရီ ထိုးနေပြီ ခုထိ မိုးရဲ့ အရိပ်အယောင်လေး မျှ မတွေ့ ရသေး။ သူမ ပြန်ရင်ကောင်းမလား။ မဖြစ်သေးပါဘူး။ မိုးထံမှာ ပိုက်ဆံတစ်ပြားမှ မရှိပဲ တစ်ယောက်တည်း အားငယ်နေလိမ့် မည်။ မိုး က အားငယ်တတ်သည်လေ။ ဘာပဲ ဖြစ်ဖြစ် မိုး မလာမခြင်း စောင့်မည်။

“ဟော ဟိုမှာ မွှေး ..လာလာမြန်မြန်လာ မိုး.”

မိုး ကတော့ သူမရဲ့ အပြစ်နှင့် သူမ မို့ မ၀ံ့ မရဲ ဇ ရဲ့ နောက်ကနေ လိုက်လာခဲ့သည်။

“မွှေး ..”

ခေါ်သူက ဇ ။ ဒါပေမယ့် မွှေး ပြန်ပြောလိုက်တာက မိုး ကို။

“ဟော နင်တို့ ပြန်လာကြပြီလား။ လာလေ မိုး ။ ငါတို့ ပြန်ကြရအောင် ဒီမှာ နင့်ရဲ့ အိတ်တွေနဲ့ ဖိနပ်။ နောက်ကျနေပြီဟ”

“မွှေး ငါ တောင်းပန်ပါတယ်နော်။”

“လာပါ မိုးရာ သွားကြစို့ ဒါတွေ ပြောမနေပါနဲ့တော့။ ဇ နင်လည်း ပြန်မှာမဟုတ်လား။ ငါတို့ taxi ပဲ ငှားလိုက်ကြစို့”

အိမ်အပြန်လမ်းတွင်တော့ တစ်ယောက်နှင့် တစ်ယောက် ဘာစကားမှ မပြောဖြစ်ကြ။ အားလုံး ထိခိုက်မှုကိုယ်စီ အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြသည်။ ဒါပေမယ့် သူတို့ ငြိမ်သက်နေသလောက် ပေါက်ကွဲဖို့ ပြင်နေတဲ့ ဗုံးတစ်လုံးကတော့ ရပ်ကွက်ရုံးမှာ ရောက်ရှိနေပြီဖြစ်သည်။

မွှေး တို့ taxi ရပ်လိုက်ပြီး လမ်းထဲစပြီးဝင်လာထဲကိုက လူတွေ ကြည့်နေသည့် မျက်လုံးက ထူးခြားနေကြသည်။ တစ်ခုခုကို စူးစမ်းသလို တစ်ခုခုကိုပဲ သိနေခြင်နေသလို အပြစ်ပဲ တင်နေသလိုနှင့် ဘာလဲတော့ မွှေး မခန့်မှန်းတတ်

“သမီးမွှေး  နောက်ကျလိုက်တာကွယ် ..”

“ဟုတ်တယ် အမေ မိုးလေ သူ့ ကိုစောင့်နေရလို့ ။”

“သာမန်အချိန်ဆိုရင်တော့ ကိစ္စမရှိဘူးပေါ့။ ခုတော့ ..”

“ခုတော့ ဘာဖြစ်လို့လဲ အမေ။ သမီး အရင်တုန်းကလဲ ဒီလိုပဲ သွားနေကြပဲဟာ။ အိမ်ပြန်နဲနဲလေး နောက်ကျသွားတာပဲ ရှိတာကိုး သမီး အင်ကျီလဲလိုက်အုန်းမယ်နော်..”

“ဟင်း….င်း……………. မလဲနဲ့ အုန်း သမီး အမေတို့ ရပ်ကွက်ရုံး သွားရအောင်.”

မွှေး အမေ့ ကို မျက်မှောင် ကုတ်ကြည့်လိုက်ရင်း ရပ်ကွက်ရုံး ရပ်ကွက်ရုံး က ဘာကိစ္စ ..

“ဘာဖြစ်လို့လဲ ဘာကိစ္စ ရှိလို့လဲ။ အိမ်မှာ ဧည့်သည်ရောက်နေလို့ ဧည့်စာရင်း သွားတိုင်မလို့ လား ”

“မဟုတ်ဘူး .. သမီးကို ဇ ရဲ့ အမေက ရပ်ကွက်ရုံးမှာတိုင်ထားတယ်။ သူ့ သားကို …”

“ဘာ..ဘာ ပြောတယ် အမေ..ဇ ရဲ့ အမေက ..ဟာ ..ခံပြင်းဖို့ ကောင်းလိုက်တာ.. .”

မွှေး တစ်ယောက် ဒီလောက်သာ ပြောနိုင်ပါသည်။ သူမအသံတို့ တိမ်ဝင်သွားပြီး ရှိုက်သံတို့ ထွက်လာသည်။ ခဏမျှ သူမ ငိုလိုက်ပြီးနောက်..

“အင်းပေါ့လေ ဘယ်တတ်နိုင်မလဲ ဖြစ်လာမှတော့ ရင်ဆိုင်ကြယုံပေါ့ ။ သမီးဘက်က မှန်နေတာပဲဟာ”

“သမီးရယ်.. ငါ့သမီးမှန်တာတော့ သိတာပေါ့။ ဒါပေမယ့် ရပ်ကွက်ထဲမှာက ကိုယ့်ကိုယ် လိုတဲ့သူလဲ ရှိတယ် မလိုတဲ့ သူလဲ ရှိတယ်လေသမီးရဲ့ .. ရင်ဆိုင်တာက ရင်ဆိုင်လို့ ရတယ်။ ပျက်သွားတဲ့ သမီးနာမည်ကို သမီး ဘယ်လိုများ ပြန်ပြင်ပြီး ရင်ဆိုင်မလဲ ။ ပြီးတော့ အဖေနဲ့ အမေ့ ရဲ့ မျက်နှာကိုရော ရပ်ကွက်ထဲမှာ ရှေ့ဆက်ပြီး ဘယ်လို မျက်နှာပြောင်တိုက်ပြီး နေရမလဲ။ အမေ စိတ်ပူတာ စိတ်ညစ်တာက အဲဒါ..”

အဲဒီနေ့ က ကိစ္စက အမေပြောသလိုပါပဲ ရင်ဆိုင်လိုက်တာက ဘာမှ မဟုတ်။ တစ်ကယ်တန်း ရင်ဆိုင်ရတာက ပတ်ဝန်းကျင်။ အဲဒီကိစ္စနောက်ပိုင်း မွှေး သည် မိုး နှင့်လည်း လုံးဝ အတွေ့မခံ။ အခန်းထဲမှလဲ အခန်းပြင်သို့ မထွက်။ မည်သူနှင့်မျှ အတွေ့ မခံတော့။
မိုး သည်လည်း မျက်ရည်နှင့် မျက်ခွက်။ ဘာပဲဖြစ်ဖြစ် သူ့ကြောင့် မွှေး အိမ်ပြန်နောက်ကျပြီး ပြသနာက ဒီလောက် ကြီးထွားခဲ့ ရသည်မဟုတ်လား။ မွှေး ပြောသလို ဘာပဲ ဖြစ်ဖြစ်ဆိုပြီး ဇ ကိုသာ တစ်ယောက်တည်း ထားခဲ့ လျှင် ဒီလိုမျိုးလောက်ထိ ဖြစ်သွားနိုင်စရာမရှိ။
ဇ ကတော့  စိတ်ထိခိုက်လွန်းသည်။ သူ့ကြောင့် မွှေး နာမည်ပျက်ခဲ့ ရသလို။  အရာအားလုံး၏ တရားခံသည် သူဖြစ်သည်။ သင်္ကြန်ကို ကစားချင်တယ် ဆိုတာလဲ သူပဲ. အရာရာ သည် သူကြောင့် ပြီးတော့ ထိုနေ့ က ရပ်ကွက်ရုံးတွင် မွှေး ပြောသွားသော စကားကို သူအထပ်ထပ်ကြားယောင်မိနေသည်။

“နင့်ကို စေတနာထားခဲ့ မိလို ခုလိုမျိုး ငါ့ဘ၀မှာ အရိပ်မည်းကြီးထင်ခဲ့ရတာ နင့်ကို ငါ တစ်သက်လုံး ခွင့်မလွှတ်ဘူး ဇ. နင်မှတ်ထား. ပြီးတော့ နင့် အမေကိုရောပဲ ငါ တစ်သက်လုံး မကျေဘူးဆိုတာ နင်သိထားလိုက်”

ဟုတ်တယ် မွှေး ပြောတာလဲ မှန်သည်။ အားလုံးသည် သူရဲ့ ပျော့ညံ့မှု  မိုက်မဲမှု နှင့် တွေဝေနေခဲ့သော စိတ်ကြောင့်သာ ဖြစ်သည်။ ပြီးတော့ တစ်သက်မှာ တစ်ယောက်သာ ချစ်ခဲ့ရသော မွှေးနှင့် ဒီတစ်သက်ဝေး ခဲ့ ပြီ။ နောက်ထပ် လ အနည်းငယ် အကြာတွင်တော့မွှေး တို့ တစ်မိသားစုလုံး အိမ်ရောင်းပြီး တစ်မြို့ တစ်နေရာသို့ ပြောင်းသွားသည်ဟုသာ သူသိခဲ့ရသည်။အဲဒီနေ့ ကထဲကစပြီး မွှေးကို မတွေ့ မမြင်ရတော့ တာ ဒီနေ့ ဒီအချိန်ထိပင်…

သူမသည် ဇ ၏ဘ၀ထဲသို့ ပိတောက်တွေဝေနေအောင် ပွင့်သောအချိန်တွင် စတင်ရောက်ရှိလာခဲ့သလို ပိတောက်တွေ ဝေနေအောင် ပွင့်ပြီးသော အချိန်တွင် ဇ ၏ဘ၀ထဲမှ အပြီးအပိုင် စွန့်ခွာထွက်သွားခဲ့သည်။ ခုလည်း ပိတောက်တွေ ပွင့်သော အချိန်တွင် သူမ ပြန်လည်ရောက်ရှိလာပြန်သည်။ ဒါပေမယ့် ဇ ရဲ့ဘ၀က ပိတောက်ပန်းများကဲ့ သို့ ပင်ယံထက်တွင် လှနေသည်ကိုပဲ ငေးကြည့်နေခွင့် ရှိသော သူသာဖြစ်သည်။ သူ့တွင် ခူးပိုင်ခွင့်မရှိ။ နမ်းရှိုက်ခွင့်မရှိ။ လေပြေသယ်ဆောင်လာသော ပိတောက်ရဲ့ ရနံ့ကိုသာ မြတ်နိုးစွာသူရှုရှိုက်ခွင့်ရှိသည်။

 “မွှေး မြန်မာပြည်ကို အပြီး ပြန်လာတာလားဟင်..”

“မဟုတ်ဘူး။ ငါ ခဏပြန်လာတာ။ မေမေ တို့ကို လာခေါ်တာ။ ပြီးတော့ နင့်လဲ ဖြစ်နိုင်ရင် ငါနဲ့ တူတူလိုက်ခဲ့ ပြီး ငါ့ရဲ လက်ထပ်ပွဲမှာ သတို့ သမီးအရံ လုပ်ပေးပါလားဟင် မိုး.”

“နင် နင် တစ်ကယ်ပဲ..”

“ဟုတ်တယ်။  ပြီးတော့ မိုး နင်လည်း တစ်ယောက်တည်း မနေသင့်တော့ ဘူးလေ။ ငါ့လိုမျိုးပဲ ဘ၀အတွက် တစ်ခုခုကို ရွေးချယ်သင့်ပြီ ထင်တယ်။ ငါတို့ ရင့်ကျက်သင့်တဲ့ အရွယ် ရောက်နေပြီပဲ ”

“ငါ မလိုက်တော့ ပါဘူး သူငယ်ချင်းရယ်။ နင်သာ ငါ့ကို ပိတောက်တွေပွင့်ချိန် ရောက်တိုင်း သတိရပြီး ငါ့ကို စိတ်နာပေးနော်…”

“ဟာ ..နင်ကလည်း စိတ်နာစရာလား။ ဒါတွေက ပြီးခဲ့ ပါပြီဟာ. ထားလိုက်ပါတော့။ ငါ့ရင်ထဲမှာ ဘာမှ မရှိတော့ ဘူး နော်.. ပိတောက်တွေ ပွင့်တိုင်း နင့် ကို ငါသတိရနေမှာ သိလား မိုး.နော်..”

မိုး တစ်ယောက် မျက်ရည်တွေဝဲရင်း မွှေး ကို ဖက်ထားလိုက်မိသည်။ ဖက်ထားသော မိုး ကိုကျော်ပြီး မွှေး တစ်ဖက်အိမ်၏ ၀ရံတာပေါ့သို့ အကြည့်ရောက်သွားသည်။ တစ်ဖက်ခြံမှ ၀ရံတာပေါ်တွင် မတ်တပ်ရပ်နေသော လူတစ်ယောက်နှင့် မျက်လုံးချင်း အကြည့်ချင်းဆုံသွားမိသည်။
ထိုစဉ်အချိန်မှာပင် လေပြေနှင့်တူတူ ၀ဲပျံလာသော သင်ပျံ့ပျံ့ ပိတောက်ပန်းရနံ့ကြောင့် မွှေး နှစ်သက်ခုံမင် မြတ်နိုးစွာဖြင့် အားရပါးရ ရှုရှိုက်လိုက်မိလေတော့ သည်။ 


......................................................................................
အားလုံးပဲ ကျန်းမာလို့ ပျော်ရွှင် နိုင်ကြပါစေရှင်။
ဘလော့မှာ ရှိတဲ့ ပုံလေးကိုတော့ google ကနေပဲ ရှာပြီး အသုံးပြုထားတာပါရှင်။



Tuesday 1 May 2012

တစ်ခါတုန်းက ပိတောက်ပွင့်ချိန်(၄)


   သင်္ကြန်အကြတ်နေ့ ..အတက်နေ့ နှစ်ရက်တွင် မိုးနှင့် မွှေး တို့ ပျော်နေခဲ့ သလောက် မပျော်နိုင်သူက အောင်တေဇ. ဘာဖြစ်လို့လဲဆိုတော့ မိုး နှင့်မွှေး နှစ်ယောက်စလုံးက သိသိသာသာကြီး သူ့ ကိုရှောင်နေကြသည်။ ပွင့်ပွင့်လင်းလင်းမေးဖို့ ကြတော့ လဲ မွှေး ဘေးနားတွင် မိုး က တစ်ချိန်လုံးရှိနေသည်။ သူ့ အတွက် အခွင့်မသာ။ ဘာတွေလဲကွာ။ သူ့ စိတ်ထဲတွင် မရိုးမရွ။ သူ့ ဝေဒနာတွေ ကို မသိသလို နားမလည်သလိုနှင့် မသိချင်ယောင်ဆောင်နေသော မွှေး ကို သူအားမလို အားမရဖြစ်လှပြီ။ အောင်တေဇ ရင်ထဲမှာ မွန်းကြပ်လွန်းလို့ ပေါက်ကွဲလုပြီ။ တစ်ခြားတစ်ယောက်က သူ့ ကိုဒီလို ဆက်ဆံလျှင် သူ့ အတွက်ကိစ္စမရှိ ခုက မွှေး ကိုယ်တိုင်ဖြစ်နေသည့် အတွက် သူ့ရင်ထဲတွင် ပိုပြီး မွန်းကြပ်လွန်းနေသည်။

“မွှေး တို့ မနက်ဖြန် နှစ်ဆန်းတစ်ရက်နေ့ နင်တို့ ဘာအစီ အစဉ်ရှိသေးလဲ။”

“ငါတို့ရွှေတိဂုံ ဘုရားသွားပြီး ငါးလွှတ်မယ်လေ။ မနက် ၄ နာရီ ရွှေတိဂုံဘုရားကို အရောက်သွားမှာ။ နင်လဲ လိုက်မှာမဟုတ်လား။ ငါက မဏ္ဏပ်က ကောင်လေးတစ်ချို့နဲ့ မနက်ကျရင် ၃ နာရီလောက်ဈေးထဲကို အရင်သွားမယ်။ ငါးလွှတ်ဖို့ အတွက် ငါးသွားယူမှာလေ။ ပြီးမှ ငါတို့အဖွဲ့ ထဲက ကောင်လေးတစ်ယောက်ရဲ့ အိမ်က ကားနဲ့ ဘုရားကိုလိုက်ခဲ့မယ်။ နင်ကတော့ မိုးတို့အဖွဲ့နဲ့ လိုက်ခဲ့လေ နော်။ မနက် ၃ နာရီခွဲလောက် မဏ္ဏပ်မှာပဲ နင်စောင့်နေလေ။ လူတွေကို မဏ္ဏပ်မှာပဲ စုပြီး သွားကြမှာ။ ကဲ ငါတို့ သွားပြီးနော်.”

မွှေး ရယ် နင်ဘာလို့ ငါ့အပေါ်ခုလိုမျိုး ရုတ်တရက်ကြီး ဆက်ဆံရေး ပြောင်းလဲသွားတာလဲဟာ။ အောင်တေဇ တစ်ယောက် ဆုံးဖြတ်ချက်ချလိုက်သည်။ဘာပဲ ဖြစ်ဖြစ် မနက်ဖြန်ကြရင်တော့ မိုး ရှိနေလဲ သူဂရုမစိုက်နိုင်တော့ မွှေး ကို သူချစ်ရေးဆိုလိုက်မည်။ ပြီးတော့ ပွင့်ပွင့်လင်းလင်းစကားပြောကြမည်။ ဘာတွေပဲ ဖြစ်ဖြစ်  သူအားလုံးကို သတ္တိရှိရှိ ရင်ဆိုင်လိုက်မည်။ ဘာတွေပဲ ဖြစ်ဖြစ်။ ငါဟာ ယောက်ကျားတစ်ယောက်။ ငါဟာ ယောက်ကျားတစ်ယောက် ဆုံးဖြတ်ပြီးသားကို ဘာကိုမှ တွေဝေမနေပဲ လုပ်ကိုလုပ်နိုင်ရမည်။ အတွေးများစွာ ဆုံးဖြတ်ချက်တွေ များစွာဖြင့် သူ အိပ်ပျော်သွားသည်။

“သား..သား ရေ .အောင်တေဇ .. သားရေ.. ”

သူ့ နားထဲကို အမေ့ ရဲ့ ခေါ်သံတွေ ရောက်လာသည်။ အိမ်မက်လား။ မဟုတ်သေးပါဘူး။ သူ အသံကို အာရုံစူးစိုက်ကြည့်မိသည်။

“ဟဲ့ သြော် ဒီကလေးနှယ် အိပ်မောကျနေတယ်ထင်တယ်။ သားရေ အမေ ပြန်လာပြီ တံခါးလာဖွင့်အုန်း”

အောင်တေဇ ငေါက်ကနဲ ထထိုင်လိုက်မိသည်။ ဟာ.. အမေ ..အမေ ပြန်လာပြီဆိုပါလား။ သူ အိမ်ရှေ့ ကို ၀ရုန်းသုန်းကား ပြေးထွက်လိုက်မိသည်။ ဟုတ်သည် အမေ အိမ်ရှေ့ တွင် အထုပ်အပိုးတွေနှင့် အိမ်တံခါး အဖွင့်ကို စောင့်နေသည်။ အိမ်မက်မဟုတ်.ဟာ ဒုက္ခပါပဲ မနက်..မနက်ကျရင် သူဘာလုပ်ရမည်နည်း.

“လာပြီ လာပြီ အမေ .ဘယ်လိုဖြစ်လာတာလဲ အမေရ။သဘက်ခါမှ အမေ ပြန်လာမယ်လို့ သားကထင်နေတာ။”

“ဟုတ်တယ် သားရေ အမေ သားကို စိတ်မချလို့လေ။ ပြီးတော့ အိမ်မက်ကလည်း မကောင်းဘူး သားရဲ့ ဒါကြောင့် ဆရာတော်ကြီးကို ပြောပြီး ညတွင်းချင်းပြန်လာတာ။ သားနေကောင်းသွားပြီလား.”

“ကောင်း ကောင်းသွားပါပြီ အမေ။ “

“ကောင်းတယ်သာ ပြောနေ။ သားမျက်နှာလဲ မကောင်းပါလား ။ ဘာဖြစ်လို့ လဲဟင်။ အမေ့ ကိုသတိရနေလို့ လား”

“ဘာ..ဘာမှ မဖြစ်ပါဘူး အမေရ။ သားအားလုံး အဆင်ပြေတယ် နေလဲကောင်းတယ်။ ကဲ အမေ ခရီးက ပြန်လာတာ ခရီးပန်းလာရောပေါ့။ အမေ ရေချိုးအုံးမလား။ မချိုးရင်လဲ အိပ်လိုက်တော့နော် အမေ။ နားလိုက်အုန်း။”

“အေး အေး သား ။ အမေ ခြေလက်ဆေးပြီး အိပ်ယာဝင်လိုက်တော့ မယ်။ သားလဲ သွားပြန်အိပ်တော့ နော်။ သွားသွားသား”

အောင်တေဇ သူ့ အိပ်ခန်းဘက်ကို ဘာမှမဖြစ်သလိုနှင့် ပြန်လျှောက်လာခဲ့ သော်လည်း သူ့ရင်ထဲမှာ ဗလောင်ဆူနေပြီ။ သူဘာလုပ်ရမည်လဲ။ မနက်ကြရင် မသွားပဲ နေရင်ကောင်းမလား။ မဖြစ် သူ ယောက်ကျား ဆုံးဖြတ်ပြီးမှ တော့ ရအောင်ကို လုပ်မည်။ အမေ မသိအောင် အိမ်က ခိုးထွက်မည်။ အမေ အိပ်တဲ့ အချိန်ထိ သူစောင့်နေလိုက်မည်။ အမေ အိပ်ပျော်သွားပြီ ဆိုသည်နှင့် သူ အိမ်ကနေ လစ်ထွက်ပြီး လမ်းထိပ်က မဏ္ဏပ်မှာ သွားစောင့်နေလိုက်မည်။ သူ မွှေး ကိုချစ်သည့် အချစ်က ဘယ်လောက်ပဲ အခက်အခဲတွေနှင့် ရင်ဆိုင်ရပါစေ သူအားလုံးကို ကျော်ဖြတ်ပစ်လိုက်မည်။
အောင်တေဇ တစ်ယောက် သူ့ ဆုံးဖြတ်ချက်အတိုင်း အမေ အိပ်ပျော်သွားသည့် တိုင်အောင် စောင့်နေခဲ့ပြီး မနက် ၂ နာရီခွဲ ကျော်ကျော် လောက်ထဲက မဏ္ဏပ်မှာ သူရောက်နေခဲ့ သည်။ မှောင်မှောင်မည်းမည်း ထဲ တစ်ယောက်တည်း  လှဲချနေလိုက်မိရင်း ကောင်းကင်ကြီးကို သူမော့ ကြည့်နေမိသည်။ သူ့ စိတ်ထဲတွင် ခုချိန်မှ စပြီးလွတ်လပ်သွား သူတစ်ယောက်လို ခံစားမိလိုက်သည်။ထို့ နောက် သူတစ်ခဏမျှ အိပ်ပျော်သွားသည် ထင်သည်။

“ဟဲ့ ကျော်ကြီး တို့ မိုးအောင်တို့ မြန်မြန်လာကြလေ ။ တော်ကြာ နောက်ကျနေအုန်းမယ်။ ”

“လာပြီး အစ်မ လာပြီ.”

ဟော မွှေး အသံပါလား။ သူအိပ်နေရာမှ ကုန်းထပြီး မဏ္ဏပ်အောက်သို့ ဆင်းလာခဲ့ သည်။ မှောင်မှောင်မည်းမည်း နှင့် သူကလည်း အိပ်ချင်မူးတူးမို့ ။လှေကားတွင် မတ်တပ်ရပ်နေသော တစ်စုံတစ်ယောက်နှင့် သူ ၀င်တိုက်မိသည်။ လှေကားအောက်သို့ ပြုတ်ကြသွားမှာ စိုးသည့်စိတ်ဖြင့် တစ်ဖက်မှ လူကို သူလှမ်းဆွဲ လိုက်သည့် အရှိန်ဖြင့် နှစ်ယောက်စလုံး မဏ္ဏပ်ပေါ်သို့ လုံးထွေးပြီး လှဲကျသွားကြသည်။

“ဟင် အို ..ဟဲ့ ဘယ်သူလဲ ။လွှတ် လွှတ်”

ကျားသစ်မလေး တစ်ကောင်ကဲ့ သို့ အားသုံးကာ ရုန်းထွက်နေသော မွှေး ၏ ခါးလေးကို သူတိုးလို့ ပင် ဖက်ထားလိုက်မိသည်။ ပြီးတော့ .

“မွှေး ငါပါ။ ဇ ပါဟ.”

သူ့ အသံ ကြားတော့မှ မွှေး အနည်းငယ်ငြိမ်သွားပြီ။

“ဇ နင် ဒီအချိန်ကြီး ဒီမှာ ဘာလာလုပ်နေတာလဲ။ ထထ ဘယ်နားနာသွားသေးလဲ။ ငါ့ ကိုလွှတ်တော့လေ တော်ကြာ ကောင်လေး တွေ ရောက်လာရင် မကောင်းဘူး။ ”

“ဟင့်အင်း ငါ မလွှတ်ချင်ဘူး။ဒီအတိုင်လေးပဲ ငါနင့်ကို ခဏလေး ဖက်ထားချင်လို့ ။ မွှေး ..”

အောင်တေဇသူ့မျက်နှာကို မွှေး၏ မျက်နှာနှင့် နီးသထက်နီးအောင် တိုးကပ်လိုက်ရင်း.

“ငါ နင့် ကို ချစ်နေတာကို သိရဲ့ သားနဲ့ ဘာဖြစ်လို့ ရှောင်နေရတာလဲဟင်။ ငါ့နှလုံးသားကို မိုး ဆိုတဲ့ နင့်ရဲ့ ချစ်သူငယ်ချင်းအတွက် လက်ဆောင်အဖြစ်များ ထုပ်ပိုးပြီး ပေးဖို့ ကြိုးစားနေတာလား မွှေး”

ရုတ်တရက်ကြီး အရေးဆိုလာသော အောင်တေဇ ကြောင့် မွှေး တစ်ဒင်္ဂမိန်းမော သွားမိသည်။ တစ်ကယ်တော့ မွှေး နှလုံးသားကို ခဏမေ့ ထားပြီး အရာရာ ကို ဦးဏှောက်၏ စေစားမှုအတိုင်း နေခဲ့သည်။ ဇ ကို နှလုံးသားမှာ ချစ်ခဲ့ မိသည် မှန်သော်လည်း ဦးဏှောက်ကတော့ မည်သို့မျှ လက်မခံနိုင်ခဲ့ တာအမှန်။သူ့ အမေ၏ သြဇာအာဏာ လွှမ်းမိုးမှုအောက်တွင် ရှိနေသော ဇ ကို မွှေး ချစ်သူတော်ဖို့ ဦးဏှောက်က တစ်ကယ်ပင် လက်မခံနိုင်ခဲ့ ။ခုတော့ ဖြင့်

“ဇ .. ငါ..ငါ.. ”

 “မကြီး မွှေး ရေ ကျွန်တော်တို့ ပြန်လာပြီ ဒီမှာ ပုံးတွေပါလာပြီး ။ မကြီး ဘယ်မှာလဲ”

မဏ္ဏပ် အောက်မှ ကောင်လေးတွေ ခေါ်သံကြောင့် မွှေး ရုတ်တရက် သတိပြန်ဝင်လာပြီး ဇ ရင်ခွင်ထဲမှသူမ ရုန်းထွက်လိုက်သည်။ ပြီးတော့  .

“မကြီး မဏ္ဏပ် ပေါ်မှာ။ဒီမှာ ဇ လည်းရောက်နေတာနဲ့ စကားပြောနေကြတာ. လာပြီ လာပြီ.. ဇ လာလာ.. နင်ပါ လိုက်မှာ မဟုတ်လား.”

……
“သားရေ အောင်တေဇ ထတော့လေကွယ်။ ဘယ်ချိန်ရှိပြီလဲ။ ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ဆိုတော့ အမေ တို့ ဘုရားလေး ဘာလေး စောစောသွားရအောင်..”

ဟင် သားရဲ့ အခန်းတံခါးက ပွင့်နေပါလား။ သားအခန်းထဲမှာလဲ မရှိဘူး ။ အိမ်သာများ သွားသလား အိမ်နောက်ဖေးဘက်ထွက်ရှာမိသည်။ ဒီဇလားထဲမှာ သားရဲ့ အ၀တ်အစားတွေပါလား။ အားလုံးရေတွေ စိုနေပါလား။ ဒါတွေ အားလုံးရေစိုဝတ်တွေပဲ။ ဒါဖြင့် ဒါဖြင့် သား သင်္ကြန်မှာရေကစားတာပေါ့။ ဒီတော့မှ စဉ်းစားမိလိုက်သည်။ သားနေမကောင်းဘူးဆိုတာက ညာတာပဲ။ သားက လိမ်တတ်နေပါရောလား။ ဒီလိမ်တယ် ဆိုတာကို သူမ အမုန်းဆုံး အလုပ်မှန်း သိရဲ့ သားနဲ့။ အောင်တေဇ နင် နင် ငါ့စေတနာတွေ မေတ္တာတွေ ကို ပြန်ပြီး ကျေးဇူး ဆပ်လိုက်တာပေါ့လေ။

“အောင်တေဇ …အောင်တေဇ နင် ဘယ်မှာလဲ ထွက်ခဲ့စမ်း ။”

သားကို တစ်အိမ်လုံး နှံ့ အောင် လိုက်ရှာမိသည် ။ မတွေ့။ ဒင်းအခု ဘယ်ကို သွားနေပြန်ပြီလဲ။ ဘယ်ကိုသွားနေပြန်ပြီလဲ။သား..သား သူမကိုကြောက်ပြီး အိမ်က ထွက်ပြေးသွားတာများလား။ အောင်မလေး ဘုရား ဘုရား.. သူမမှာ ဒီသားလေးတစ်ယောက်တည်းပဲ ကျန်တော့တာကို။ သားရဲ့ အိပ်ခန်းထဲကို သူမ အပြေးအလွှားဝင်ပြီး သားရဲ့ အခန်းထဲမှာ တစ်စုံတစ်ခုများ သည်လွန်စ ကျန်ခဲ့လေမလားဆိုသည့် စိတ်ဖြင့် မွှေနှောက်ရှာဖွေမိသည်။တွေ့ ပြီး ဒီမှာ ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်။ သူမ အလောတကြီး ဒိုင်ယာရီ စာအုပ်လေး၏ စာမျက်နှာတွေ ကို လှန်လှော်ရှာဖွေ မိပြန်သည်။ထိုစာအုပ်လေးထဲမှ မွှေး ဆိုသော ကောင်မလေးတစ်ယောက်ကို သိရသည်။ မိုးဆိုသော ကောင်မလေးနာမည်ကိုလဲ ဖတ်လိုက်ရသည်။ ပြီးတော့ သင်္ကြန်ရက်တွင်းက သူ့သားရဲ့ ရင်ခုန်သံတွေသည် မွှေးဆိုသောကောင်မလေးဆိုတာလဲ သိလိုက်ရသည်။

“တောက်.. ကောင်မတွေ ငါ့သားတစ်ယောက်တည်းဆို ဒီလို ငါ့ကိုညာတတ်မှာ မဟုတ်ဘူး။ ခုလိုမျိုး မိဘတွေ လွှတ်ထားလို့ ဟိုနေရာလဲပါ ဒီနေရာလဲပါ ကောင်လေးတွေ တရုန်းရုန်းနဲ့ နေတဲ့ ဒီဟာမလေးတွေကြောင့် ပြီးတော့ သားနဲ့ ဆိုရင် ဒီလိုမိန်းကလေးမျိုးနဲ့ လုံးဝ လုံးဝ သဘောမတူနိုင်ပါဘူး. တွေ့ကြပြီပေါ့လေ..ဟင်း ဟင်း ”

သူမအံကို တင်းတင်းကြိတ်လိုက်ရင်း

“ဆို .အစ်မကြီး ခင်ဗျာ..ဗျာ နှစ်ဆန်းတစ်ရက်နေ့ ကြီး ဆိုတာသိရက်နဲ့ ရပ်ကွက်ရုံးမှာ တိုင်စရာရှိရတယ်လို့ ။”

“ကျွန်မလည်းနားလည်ပါတယ်။ ဒါပေမယ့် ကျွန်မအတွက် အရေးကြီးလို့ ပါ။”

“ကဲ ..ကဲ ပြောဗျာ ဘာကိစ္စလဲ”

“ကျွန်မရဲ့ သားကို ဒီရပ်ကွက်ထဲက မွှေး ဆိုတဲ့ မိန်းကလေးက သွေးဆောင်ဖျားယောင်းသွားလို့ ပါ။”

“ဗျာ..”

သူမ၏ စကားသံ အဆုံး ရပ်ကွက်မှ ဥက္ကဌ၏ ဗျာသံကြီးက ဟိန်းထွက်လာခဲ့သည်။




 ............................................
ချစ်စွာသော ဘလော့ ဂါ မောင်နှများ ကျန်းမာလို့ ချမ်းသာ ကြပါစေရှင်.