ကျွန်မ သူ့ရဲ့ မျက်နှာလေးကို မြင်နေရတာကိုးက စိတ်ထဲမှာ
အေးမြငြိမ်းချမ်းသွားသလို ခံစားရတယ်။ သူ ကျွန်မ ဘေးနားမှာ ရှိနေပါလားဆိုတဲ့
အသိက ကိုယ့်ကိုယ်ကို ပိုပြီး
လုံခြုံသွားသလို ခံစားရတယ်။ ပြီးတော့ သူ့ရဲ့ နှစ်လို ဖွယ် ချိုသာအေးမြသော အပြုံး။ တစ်ကယ်ဆို
ခုမှ စတွေ့ စပြီးမြင်ဖူးတဲ့ သူတစ်ယောက်ကို ကျွန်မဒီလောက်ထိ စွဲလန်း နှစ်သက်နေစရာ
မလိုဘူး မဟုတ်လား။ထူးဆန်းတယ်ရှင် တစ်ကယ်ပဲ သူနဲ့ကျွန်မ အရမ်းကို ရင်းနှီးခဲ့
ဖူးတယ် လို့ စိတ်ထဲမှာ အလိုလို သိနေတယ်။ သူကလည်း ကျွန်မကို နှစ်ပေါင်းများစွာက
ကွဲကွာသွားတဲ့သူတစ်ယောက်ကို ပြန်တွေ့နေရသလိုမျိုး သူ့မျက်လုံးတွေက ဆွေးဆွေးမြေ့
မြေ့ ။ အဲ နောက်တစ်ခုက လောလောဆယ် ကျွန်မရောက်နေတဲ့ နေရာက ဘယ်နေရာလဲ ဆိုတာ
ကျွန်မကိုယ်တိုင်မသိတာပဲ။ တစ်ကယ်ပြောတာပါရှင် ကျွန်မ ဒီနေရာကို ရောက်မလာခင်
ဘယ်နေရာမှာ နေခဲ့သလဲ။ အဲ ကုန်ကုန်ပြောမယ်ရှင် ကျွန်မကိုယ် ကျွန်မ နာမည် ဘယ်သူလဲ
ဆိုတာတောင် မမှတ်မိဘူး။
ဒါပေမယ့် သူကတော့
ကျွန်မကို နန်းနွယ် လို့ ခေါ်တယ်။ သူပြောပြတဲ့ ကျွန်မနာမည်အပြည့်အစုံက စောနန်းနွယ်
တဲ့။ သူ့ကိုသူကတော့ စောစပ်ဖသာ တဲ့။ သူ့နာမည် ဘာပဲဖြစ်ဖြစ်ပါ ၀မ်းနည်းစရာ ကောင်းတာ
တစ်ခုက ကျွန်မစကားပြောလို့ မရတာပဲ။ သူတို့ ပြောနေတာတွေ အားလုံးကို ကြားတယ်
မြင်ရတယ် ခံစားလို့ ရတယ် ။ အဲ ကျွန်မစကားပြောဖို့ အားယူလိုက်တယ် ဆိုရင်ပဲ အသံတွေက
လည်ချောင်းဝမှာ ပျောက်ကွယ်သွားတော့ တာပဲ။ ကဲ မထူးဆန်းဘူးလား။ ထူးဆန်းဆိုလေ
သူတို့ဝတ်ထားတဲ့ အ၀တ်အစား ကျွန်မကိုယ်ပေါ်က အ၀တ်အစားတွေက အစပေါ့။ အားလုံး အနက်ရောင်
ချည်ထည်ပေါ်မှာ ရွှေမျှင်လေးတွေ နဲ့ အလှဆင်ထားတဲ့ အ၀တ်အစားတွေ။ ပြီးတော့ သူတို့ အင်္ကျ
ီ တွေကလေ ရှမ်းရိုးရာ အ၀တ်အစားနဲ့တော့ ဆင်သား။ ဒါပေမယ့် လုံးလုံးကြီးကြတော့ လဲ
မတူပြန်ဘူး။ ဘာပဲဖြစ်ဖြစ် ခုကျွန်မ၀တ်ထားတဲ့ အ၀တ်အစားတွေ ကိုတော့ အရမ်းကို
နှစ်သက်မိတယ်။
သြော် နောက်တစ်ခုက ကျွန်မရောက်နေတဲ့
နေရာ။ မှိုင်းပြပြ တောင်တန်းကြီးတွေ ပြီးတော့ တောင်တန်းကြီးတွေရဲ့ ထိပ်မှာ
ဝေ့၀ဲနေတဲ့ တိမ်သားတိမ်လိပ်တွေ။ တစ်ချို့နေရာတွေမှာဆို တောင်ကလပ်တွေမှာ
ကပ်ပြီးပေါက်နေတဲ့ အဖြူရောင်ပန်းပွင့် အကြီးကြီးတွေ။ လှလိုက်တာရှင်။
ကျွန်မတစ်သက်တာ တွေ့ဖူးသမျှထဲမှာ အလှဆုံး သက်ရှိပန်းချီကားကြီး တစ်ချပ်ပဲ။
ခုကျွန်မ မတ်တပ်ရပ်နေတာက ကျောက်ဂူကြီး တစ်ခုရဲ့ အပေါက်ဝနားမှာ။ ရှေ့မှာတော့
အလွန်နက်ရှိုင်းလှတဲ့ ချောက်ကြီးတစ်ခု။ ကျောက်ဂူပေါက်ဝ နားကနေပြီး အောက်ကို ငုံ့
ကြည့်လိုက်တော့လေ ကိုယ်ကပဲ တိမ်တွေပေါ် မတ်တပ်ရပ်နေသလိုလို။တောတောင်ရေမြေနံ့ ပါတဲ့
လေပြေလေးကို ရှုရှိုက်လိုက်ရတာကိုးက စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားသလိုပဲ။
ဒီနေရာလေးကို ကျွန်မ ခုမှ ရောက်ဖူးတယ် ဆိုပေမယ့် ဒီနေရာလေးကို စိတ်ထဲမှာ အလိုလို
သိနေတယ်။ ပြီးတော့ ကျွန်မအရမ်းကို နှစ်သက်တာပဲရှင်။ ဒီနေရာလေးမှာ နေရတာ
ကျွန်မပျော်လိုက်တာ..
ဒီကျောက်ဂူကြီးထဲမှာလေ
ရေအိုင်ငယ်လေးတစ်ခုရှိသေးတယ်။ အရမ်းကို ကြည်လင်အေးမြပြီး ရွှေရောင်ငါးလေး တွေ
ကူးခပ်နေတာကို ကြည့်ရတာ ကြည်နူးစရာ။ အဲဒီ ရေအိုင်ငယ်လေးဘေးနားက ကျောက်တုံးကြီးပေါ်
ထိုင်ပြီး ကျွန်မရဲ့ ခြေထောက်ကလေးတွေကို ရေထဲချပြီး ရေဆော့ ကစားရတာကိုလဲ
ပျော်လိုက်တာ။အဲဒီရေအိုင်လေးက ရေတွေက ကျောက်ဂူကြီးရဲ့ အတွင်းထဲ
အနိမ့်ပိုင်းနေရာလေးကို စမ်းချောင်းလေးတစ်ခုလို ကွေ့ပတ်ပြီး စီးဆင်းနေတာ။ အဲဒီ
စမ်းချောင်းလေးရဲ့ အဆုံးမှာတော့
သိကြားမင်းလိုပဲ နတ်အ၀တ်အစားတွေ ၀တ်ထားတဲ့ ပုံနဲ့ ထုလုပ်ထားတဲ့ လူတစ်ရပ်နီးနီးလောက်ရှိ
ရုပ်တုကြီး။ အဲဒီရုပ်တုကြီးရဲ့ လက်က ရှေ့ ဘက်ကို တစ်စုံတစ်ခုကို ညွန်ပြနေပုံပဲ။
အဲ..ရုပ်တုကြီး ညွန်ပြထားတဲ့ လက်တည့်တည့်မှာ နောက်ထပ် ကျောက်ဂူ ပေါက်ကြီးတစ်ခု။
အဲဒီကျောက်ဂူကြီးထဲကနေပြီး အရောင်တွေ လျှံတက်နေတာများ ၀င်းလို့။ အထဲမှာ
ဘာရှိနေမှန်းတော့ မသိဘူး။ ဒီနေရာကိုရင်းနှီးနေတယ်လို့တော့ စိတ်ထဲမှာခံစားလို့
ရတယ်။
ကျောက်ဂူကြီးထဲကို
ဝင်လိုက်တယ်ဆိုရင်ပဲ မှင်သက်အံ့သြပြီး စိတ်ထဲမှာ ၀မ်းနည်းစိတ်တို့က လှိုက်ကနဲ
ဖြစ်သွားတယ်။ တစ်ပြိုင်နက်တည်း ၀မ်းသာခြင်းဆိုတဲ့ စိတ်ကိုလည်း
ခံစားလိုက်ရပြန်တယ်။ ကျောက်ဂူကြီးထဲမှာ အဖြူရောင် ကျောက်သားဖြင့် ထွင်းထုထားသော ထိုင်တော်မူ
ဗုဒ္စရုပ်ပွားတော်ကြီးတစ်ဆူကို သပ္ပါယ်စွာ ဖူးမြော်လိုက်ရသည်။ မျက်နှာတော်မှာ
ပြုံးတော်မူနေသကဲ့သို့ ဖူးတွေ့ရသည်။ မကိုဋ် ရွှေစလွယ်တို့တွင်
ထည့်သွင်းနှစ်မြှုပ်စီရီထားသော အနီ၊ အစိမ်း နှင့် ပြာလဲ့လဲ့ ကျောက်အရောင်တို့
ကြောင့် မျက်နှာတော်မှာ လင်းလက်လျှက်ရှိသည်။ ရုပ်ပွားတော်ကြီးသည် အလွန်ကြီးမားပြီး
အမြင့်မှာမူ ကျောက်ဂူကြီး၏ ခေါင်မိုးဖြင့် ထိလုနီးနီးမျှပင် ရှိသည်။
ရုပ်ပွားတော်ကြီး၏ ပလ္လင်ခြေရင်း ပတ်ပတ်လည်တွင်တော့ ရွှေငွေ ကျောက်သံပတ္တမြားတို့ဖြင့်
ရောနှောနေလျှက်ရှိသော ကြီးမားသော ရတနာပုံကြီးအား တွေ့ရှိလိုက်ရသည်။ ထို့နောက်
ကျောက်ဂူကြီး၏ ထောင့်နားတွင်ရှိသော စိမ်းမြမြ ကျောက်သားနှင့် ရေအိုးကြီးထဲမှာ ရေ
တို့ ကိုယူပြီး ရုပ်ပွားတော်ကြီးရှေ့ရှိ သောက်တော်ရေခွက်များကို ရေဖြည့်လိုက်သည်။
ပြီးနောက် ထိခြင်းငါးပါးဖြင့် ရုပ်ပွားတော်ကြီး အား ရှိခိုးပူဇော်နေမိသည်။ မည်မျှ
လောက်ကြာအောင် ရုပ်ပွားတော်ကြီးအား ပူဇော်နေမိသည်မသိ ပျော့ပျော့အိအိ
အထိအတွေ့ကြောင့် ကျွန်မရဲ့ မျက်လုံးတွေ ကို ဖွင့်ကြည့်လိုက်တယ်ဆိုရင်ပဲ
ကျွန်မလိပ်ပြာလွင့်သွားမတတ် ကြောက်လန့်သွားရတယ်။ မကြောက်ပဲ နေမလား။
ကျွန်မရဲ့ အရှေ့မှာ
ပါးပြင်းကြီးထောင်ထားတဲ့ ကြီးမားလှတဲ့ အစိမ်းရောင် မြွေကြီး ။ ပြီးတော့ သူက
ကျွန်မကို ရစ်ခွေပြီး ပတ်ထားသေးတာ။ ဒီကြားထဲ သူ့ရဲ့ ကြီးမားတဲ့ ပါးပြင်ကြီးနဲ့
တစ်ရွှီရွှီနှာမှုတ်သံကြီးက ကျွန်မမျက်နှာ နားမှာ တစ်ရစ်ဝဲ၀ဲ။ မြွေကြီးရဲ့
အစိမ်းရောင်တောက်တောက်မျက်လုံးများကြောင့် ပိုပြီး ကြောက်စရာ ကောင်းနေသလားမသိ။ အို
ဒုက္ခပါပဲ အသံထွက်ပြီးတော့ လဲ အော်လို့ မရ။ ဘုရားကယ်တော် မူပါ။ ကျွန်မ
ကြောက်လွန်းလို့ မျက်လုံးမှိတ်ပြီး ဘုရားကိုပဲ တနေမိသည်။
“ဟေ့ ကောင်စိမ်းကြီး
မင်းသခင်မ ကြောက်ရှာလွန်းနေပြီ။ မင်းကသာမှတ်မိတာ။ မင်း သခင်မကတော့ ငါတို့ကို
မမှတ်မိနိုင်ဘူးကွဲ့။ ”
ဒီတော့မှ မြွေကြီးက
ရစ်ခွေထားတဲ့ သူ့ရဲ့ ကိုယ်လုံးကြီးကို ကျွန်မရဲ့ ကိုယ်ပေါ်ကနေ ခွာသွားပေးတာ။
ဒါတောင် သူက ကျွန်မရဲ့ လက်ပေါ်သူ့ခေါင်းလေး လာတင်ထားပြီး မှေးနေသေးတာ။
ဒီလိုဆိုပြန်တော့လဲ ဒင်းလေးက ချစ်စရာလေးပါလားလို့ စိတ်ထဲထင်လိုက်မိသေး။
အဲဒီမြွေကြီးရဲ့ ခေါင်းကိုသူမ တစ်ယုတစ်ယ ပွတ်သပ်ပေးနေမိပြန်သည်။ ထိုအချိန်မှာပဲ
ကျွန်မရဲ့ မျက်လုံးထဲမှာ ရုပ်ရှင်ပြနေသလိုပဲ ရုပ်ပုံကားချပ်တွေ တစ်ချပ်ပြီး
တစ်ချပ်။ အဲ ကျွန်မ အကြိုက်ဆုံး
ကားချပ်ကတော့လေ ဟောဒီမြွေကြီးရဲ့ ခေါင်းပေါ်မှာ ကျွန်မက မတ်တပ်ရပ်လို့
ပြီးတော့ ကျွန်မကိုယ်ပေါ်က အနက်ရောင် ပုဝါပါးက လေထဲမှာ လွင့်ကာလွင့်ကာနဲ့
မြွေကြီးကို လိုက်စီးရတာကို အကြိုက်ဆုံးပဲ။ ပြီးတော့ ကျွန်မရဲ့ မျက်ဝန်းကလည်း မျက်ရည်တွေ
ကျလာသေးတာ။ တားမနိုင်စီးမရပါပဲ။
ဒါပေမယ့် ကျွန်မကိုယ် ကျွန်မဘာဖြစ်လို့ ဒီလောက်ထိ ငိုနေမိမှန်းတောင်
မသိဘူး။ စိတ်ထဲမှာ ၀မ်းနည်းနေတာပဲ သိတယ်။
“ကဲ စောနန်း
အချိန်မရှိဘူးကွဲ့ ဘိုးဘိုး ရောက်မလာခင် တို့များ ကပွဲ သဘင်သွားကြအုန်းစို့”
ဒါတောင် မြွေစိမ်းကြီးက မကျေနပ်သေးသလိုနဲ့ ကျွန်မရဲ့ နောက်ကို လိုက်လာဖို့
ပြင်သေးတာ။
“ကောင်စိမ်းကြီး မင်းလိုက်လို့
မရဘူးကွဲ့။ ကျေနပ်ပါကွယ် နေခဲ့ကွဲ့ နေခဲ့ ”
ဒါက သူ့ရဲ့ မချိတင်ကဲ ရေရွတ်သလိုလိုနဲ့ မြွေစိမ်းကြီးကို အမိန့်ပေးနေတဲ့
လေသံ ။ သူပြောတဲ့နေရာကို ရောက်တော့ ကျွန်မ
နဲ့ သူက ရွှေရောင်တစ်ဝင်းဝင်း စင်မြင့်ကြီးပေါ်မှာထိုင်လို့ ။ ကျွန်မတို့ရဲ့
အရှေ့မှာ တော့ ဘာမှကို မမြင်ရဘူး မြူမှုန်လိုလို တိမ်တွေလိုလိုနဲ့။ ဟွန်း ဒီလောက်
ဘာမှ မမြင်ရတာကို ဘယ်လိုလုပ်ပြီး ကပွဲသဘင်ကြည့်မလဲလို့ စိတ်ထဲမှာ စဉ်းစားမိသေးတယ်။
ပြီးတော့လေ အံ့သြစရာရှင် ခုနက ကျောက်သားနံရံတွေမှာ ကပ်ပြီးပေါက်နေတဲ့ အဖြူရောင်ပန်းပွင့်ကြီးတစ်ပွင့်
ကို သူက ကျွန်မကို လက်ဆောင်ပေးသေးတယ် ရှင့်။ အဲဒီပန်းပွင့်ရဲ့ ရနံ့ကလေ
သင်းသင်းလေးနဲ့ မွှေးပျံ့လိုက်တာ ပြောမနေပါနဲ့။
အဲ ခဏနေတော့ တီးလုံးသံတွေ
ကြားလာရတယ်။ကြည့်နေရင်း ကြည့်နေရင်း တိမ်လိပ်ကြီးတွေ ကြားမှာ ရွှေရောင်
နဂါးကြီးတွေကို ဘွားကနဲ တွေ့လိုက်ရတယ်။ ပြီးတော့ တီးလုံးသံတွေနဲ့ တူ
ရွှေရောင်နဂါးကြီးတွေ ကနေလိုက်တာများ ကြည့်လို့ကောင်းချက်ကတော့ ပြောမနေပါနဲ့။
အဲနောက်တော့ ကျွန်မရယ် ခုနက စောစပ်ဖသာဆိုတဲ့ လူရယ် အဖြူရောင်ဝတ်စုံနဲ့
အဘိုးကြီးတစ်ဦးရယ် ကျယ်ပြန့် တဲ့ ကျောက်ဂူ ခန်းမကြီး တစ်ခုထဲ ရောက်နေကြတယ်။
ကျွန်မကတော့ သူတို့ဘေးနားက ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်လို့
။သူတို့နှစ်ယောက်ကတော့ စကားတွေပြောနေကြတယ်။ အဲ အကုန်မကြားရပေမယ့်
ကျွန်မကြားရသလောက်ကတော့
ဘိုးဘိုးဖြူပြောတာတော့ .
“လူကလေး သူမှ မင်းတို့ကို
မမှတ်မိသေးပဲ။ အချိန်တန်တော့ သူလဲ အိမ်ပြန်လာရမှာပါကွယ်. သူ့ကို ခေါ်ထားလို့ တော့
မဖြစ်သေးဘူး။ မမှတ်မိသေးဘူးဆိုတာ ၀ဋ်ကြွေးတွေ မကုန်သေးဘူးဆိုတဲ့ သဘောကွဲ့။”
သူကတော့ မချိတင်ကဲ့ အလျှော့ မပေးဘူးဆိုတဲ့ လေသံနဲ့
“ဘိုးဘိုး..”
“ဒါဖြင့်လဲ မင်းကိုယ်တိုင် ကာယာကံရှင်ကို မေးကြည့်ကွဲ့”
ဒါနဲ့ပဲ..
“နန်းနွယ်.. ဒီမှာပဲ နေတော့ မယ် မဟုတ်လားဟင်..”
ဒီအချိန်မှာပဲ ကျွန်မနားထဲကို ပဲ့တင်သံတစ်သံ ကြားလာရတယ်။
“သမီးလေး သမီး”
ဟော ဒါ ဒါ အမေ့ရဲ့ အသံပဲ။ ဟုတ်တယ် ကျွန်မမှာ အဖေ နဲ့ အမေ ရှိသေးတယ်။ ကျွန်မ
အဖေနဲ့ အမေကို ကျေးဇူး ဆပ်ရအုန်းမယ်။ ဒီမှာနေလို့ မဖြစ်သေးဘူး။ ကျွန်မ ပြန်မှ
ဖြစ်မှာ။ သူတို့ ကျွန်မကို စိတ်ပူနေလိမ့်မယ်။ ကျွန်မ ဒီမှာ နေလို့ မဖြစ်ဘူး။
စိတ်ထဲမှာ ကျွန်မကို ဒီမှာခေါ်ထားမှာ အရမ်းကို စိုးရိမ်ကြောက်လန့် သွားမိပြန်တယ်။
“မဖြစ်..မဖြစ်ဘူး ကျွန်မ အိမ်ပြန်မှာ..”
အို အံ့သြစရာပါလား။ ခုန က တစ်ချိန်လုံး စကားပြောမရတာ ။ ခုတော့
လည်ချောင်းဝမှာ အသံ ထွက်လာပါလား။
အဘိုးဖြူကတော့ ပြုံးပြီးကြည့်လို့ ။
“ဒီမှာပဲ အပြီးနေလိုက်ပါ စောနန်းရယ် မပြန်ပါနဲ့တော့နော် ..”
“ဟင့်အင်း..ရှင့်ကိုမှ ကျွန်မ မသိတာ။ အဖေနဲ့ အမေ ကို ကျေးဇူးဆပ်ရအုန်းမယ်။
ကျွန်မပြန်ပါရစေရှင် နော်..”
ဒီအချိန်မှာပဲ မထင်မှတ်စရာ ပြောင်းလဲသွားသူက စပ်ဖသာ ဆိုတဲ့ သူပဲ။
“ကဲ ဒီလောက်တောင် ဒုက္ခများတဲ့ လူလောကကြီး ပြန်သွားချင်တဲ့ ဟာ..ကဲဟာ..ကဲဟာ”
ကျွန်မကို သူ့ခါးက ဓါးကိုဖြုတ်လို့ လိုက်ခုတ်တယ်။ကိုယ့် ကိုရို့ပြီး
ရှောင်လိုက်လို့ သူ့ခုတ်တဲ့ ဓါးချက်ကို
နှစ်ကြိမ် တိတိ ရှောင်နိုင်လိုက်ပေမယ့် သုံးချက်မြောက်မှာတော့ အောက်မှာရှိတဲ့
ကျောက်ခဲကို နင်းမိပြီး ကျွန်မ မြေပေါ်မှာ ချော်လဲ သွားတယ်။ ဒီချိန်မှာပဲ ၀င်လာတဲ့
သူ့ဓါးချက်ကို ကျွန်မလက်နဲ့ လှမ်းပြီးကာလိုက်တယ်။ အို သူ့ရဲ့ ဓါးဦးချွန်ထိပ်က
ကျွန်မရဲ့ လက်မကို စိုက်ဝင်သွားပါရောလား။ အသည်းခိုက်လောက်အောင် နာကျင်မှုနဲ့ တူတူ
ကျွန်မအားကနဲ နှုတ်ကနေအော်ရင်း အမှောင်ထုကြီးထဲကို ပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။
ဒါပေမယ့် ကျွန်မကိုယ် ကျွန်မ သတိရှိနေတဲ့ အချိန်မှာ နားထဲမှာ သူ့ရဲ့ အသံကို
ကျွန်မနားထဲမှာ ပဲ့ တင်ထပ်မျှ ကြားလိုက်ရသည်။
“ဒီဘ၀မှာ နန်းနွယ်ကို
လက်လွှတ်လိုက်ရပေမယ့် နောင်ဘ၀ အဆက်ဆက်တိုင်း မျှော်နေမယ်။ ပြန်လာခဲ့ ပါ နန်းနွယ်
..ပြန်လာခဲ့ပါ နန်းနွယ် ပြန်လာခဲ့ပါ..ပြန်လာခဲ့ ပါ..နန်း…နွယ်….“
“အား…..အား……”
“သမီး သမီးလေး သတိရလာပြီ လား. အမေတို့ ဘေးမှာရှိတယ်လေ ..”
စိုးရိမ်တစ်ကြီးနှင့် ငုံ့မိုးကြည့်နေသော အဖေနဲ့ အမေ့ရဲ့ မျက်နှာ။
“အား ကျွတ် ကျွတ် သမီး ဘယ်ရောက်နေတာလဲ ”
“သမီး ဘာမှ စိတ်မပူနဲ့နော်. သမီးခု ဆေးရုံပေါ်မှာ။ အလုပ်ကိစ္စနဲ့ သမီးတို့
ရုံးကကားနဲ့ မန္တလေးကို ခရီးသွားတုန်း ကား accident
ဖြစ်လို့လေ။ ဟယ် ..ဆရာ.. ဆရာ လုပ်ပါအုန်း။ ခုနက သမီးရဲ့ လက်မက အကောင်းကြီးပါ။ ခုမှ
ဘာဖြစ်လို့ သွေးတွေ ထွက်လာပြီး ရောင်ကိုင်းလာရတာတုန်း”
ကျွန်မသတိလစ်မေ့မြောနေတုန်း ဂယောက်ဂယက် နှင့် စိတ်ထင်ရာ
လျှောက်ပြီးမက်နေတာထင်ပါရဲ့။ ဒါနဲ့ပဲ ကျွန်မ လည်း အဲဒီအဖြစ်အပျက်တွေကို
မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ် ။ ဒဏ်ရာလဲ သက်သာလာပြီမို့
နောက်တစ်ရက်ဆိုရင် ဆေးရုံက ဆင်းရတော့မယ်။
ကျွန်မ အိမ်မက်လား တစ်ကယ်လား
ဝေခွဲလို့မရဘူး။ ကျွန်မအိပ်ပျော်နေတုန်း ကျွန်မဘေးနားမှာ လူတစ်ယောက် မတ်တပ်ရပ်ပြီး
လာကြည့်နေသလို ခံစားရတယ်။ပြီးတော့ ပန်းဖြူဖြူ ပွင့်ကြီးတွေရဲ့ ရနံ့ မွှေးလိုက်တာ
သင်းပျံ့ နေတာပဲ။ မတ်တပ်ရပ်ပြီး လာကြည့်နေသော သူကတော့ ၀ိုးတ၀ါးပဲ။
ကျွန်မစကားပြောဖို့ အားယူကြည့်တယ်။ ကျွန်မတစ်ကိုယ်လုံး လှုပ်လို့မရဘူး ပြီးတော့
စကားလဲပြောလို့မရဘူး။ ထိုသူကတော့ ကျွန်မကို အကြာကြီး မတ်တပ် ရပ်ကြည့်နေသည်။
မနက်မိုးလင်း မျက်လုံးဖွင့်လိုက်သည်နှင့်
ရလိုက်တဲ့ မွှေးပျံ့ပျံ့ ရနံ့ကြောင့်
ကျွန်မအခန်းပတ်လည်ကို ဝေ့ ၀ဲပြီး လိုက်ကြည့်မိတယ်။ ကျွန်မရဲ့ အခန်းထဲက
ပန်းအိုးလေးမှာ လှပစွာထိုးထားတဲ့ ပန်းဖြူဖြူပွင့်ကြီးကြောင့် ကျွန်မ ထခုန်မိမတတ်
လန့်သွားရတယ်။ အဲဒီနေ့က ကျွန်မဒီပန်းလေးရဲ့ ရာဇ၀င်ကို လိုက်ပြီးစုံစမ်းပါသော်လည်း
ဘာမှ ရေရေရာရာ မသိရ။ အဲ နောက်တစ်ခုထူးဆန်းတာကိုလည်း ဆရာဝန်ကပြောလိုက်သေးတယ်။
ကျွန်မရဲ့ လက်မ က ဒဏ်ရာကို သူတော်တော်လေး ဝေခွဲမရဖြစ်ကြောင်း။
ကျွန်မသတိလစ်မေ့မြောနေစဉ်မှာ ဒီဒဏ်ရာ လုံးဝ မရှိတာ သေချာကြောင်း။ ပြီးတော့ လက်မက
ဒဏ်ရာကလည်း ဓါးကဲ့သို့ ချွန်မြသောလက်နက်ဖြင့် ထိုးခံရသော ဒဏ်ရာဖြစ်ကြောင်း။
ဘာဖြစ်လို့ ကားaccident ဖြစ်တဲ့ လူနာတစ်ယောက်မှာ ထိုကဲ့ သို့ ဒဏ်ရာမျိုး
ဘာကြောင့်ရနေသလဲ စဉ်းစားလို့မရကြောင်း။ ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်မရဲ့
အသားကိုနာကျင်စေပေမယ့် ကျွန်မသူ့ ကို စိတ်မဆိုးမိ။ သူ့ရဲ့ နှစ်လိုဖွယ် အပြုံးကိုလဲ
စိတ်ထဲကနေ မေ့ပစ်လိုက်လို့မရ။ ပြီးတော့ ဆေးရုံမှ ပန်းဖြူဖြူ ပွင့်ကြီးကို
အိမ်ကိုယူလာပြီး ကျွန်မရဲ့ အိပ်ခန်းထဲမှာ ထိုးထားလိုက်သည်။ ဒီညလဲ သူကျွန်မရဲ့
အိမ်မက်ထဲကို ရောက်ချင် ရောက်လာနိုင်သည် မဟုတ်ပါလားရှင်.။
…………………………………………….
အလည်အပတ်ရောက်လာကြသော
မောင်နှမများနှင့် တစ်ကွ ချစ်စွာသော ဘလော့မောင်နှမ များကျန်းမာလို့
ချမ်းသာကြပါစေရှင်။
No comments:
Post a Comment
ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......