Friday 26 September 2014

ကိုယ့်အတွေးနှင့် ကိုယ်



 

 စိတ်သည် ထွေကာလီကာနှင့် ရှုပ်ထွေးလွန်းလှသည်။ ကိုယ်တိုင်သည် အရှင်းထဲနေချင်ပါသော်လည်း  အတွေးသည်ရှုပ်ရာ သို့ ခေါ်ဆောင်၏။ အနာဂတ်ကို မှန်းမျှော်ကြည့်သော် မရေရာမှုတို့သာ ရောယှက်၏။ သေချာသည်ဟူသော စကားလုံး သည် လေထဲတွင်ပျောက်ကွယ်သွားသည်လား ကိုယ်မသိ။ ဖမ်းဆုတ်လို့မရ။ သို့ဆိုလျှင် ပစ္ပုန်ကိုကြည့်မည်လား အားလျှော့ဖွယ်ရာနှင့် ပျင်းရိငြီးငွေ့စရာ ကောင်းနေပြန်သည်။

          တွေးတတ်သော သူအတွက် အတွေးသည် သတ်ကွင်းဖြစ်သလို  ကြောက်တတ်သော သူအတွက် အကြောက် တရားသည် ချည်တိုင်ဖြစ်သည်။ ထိုချည်တိုင်မှ မလွတ်သရွှေ့တော့ တွေဝေမှုဟူသည့် မရေရာ မပြတ်သားမှုတွေထဲ ကိုယ်ဖြတ်သန်းနေရပေမည်။ အမှန်ဆို တွေဝေမှု မရေရာမှုတွေထဲက ကိုယ်ရုန်းထွက်ချင် ခဲ့သည်မှာ ကြာခဲ့ပြီ။ ဒါပေသိ စိုးရိမ်ကြောင့်ကြစိတ်တို့ကြောင့် ကိုယ့်မှာ မလှုပ်ရဲ မကိုင်ရဲ မထိရဲ မတို့ရဲ။

          ကိုယ် ဘာကိုစိုးရိမ်သနည်း။ ဇစ်မြစ်ရယ်လို့ သေချာရှာမတွေ့။ ကိုယ်ဘာကို ငြီးငွေ့သနည်း။  အခါခပ်သိမ်းတို့ သည် တစ်သတ်မတ်တည်း တစ်ပုံစံတည်း သွားသောအခါ စိတ်လှုပ်ရှားဖွယ်ရာ ပျော်ရွှင်ဖွယ်ရာ မရှိသော အချိန်ကာလ ခပ်ကြာကြာကြီးအား ငြီးငွေ့၏။ အသစ်လည်းဖြစ်မလာ အဟောင်းလဲ မပျောက်ပျက် ထိုဘ၀ကြီးထဲတွင် အမြစ် တွယ် ပြီး အချိန်ကာလကြီးတစ်ခုကို ထိုင်စောင့် နေရခြင်းမှာ အတော်ငြီးငွေ့ ဖွယ်ကောင်း၏။

          ထိုအချိန်ကာလကြီးထဲတွင် မျှော်လင့်ချက်မရှိ။  ရောင်နီမရှိ။ အိမ်မက်မရှိ။ ထိုအခါ ကိုယ်သည် အသက်ရှုနေပါ လျက် လှလှပပကြီး သေဆုံးနေပြန်သည်။ သေဆုံးခြင်းထဲ အချိန်ကာလ ကြာရှည်စွာ နှစ်မျောမိ သွားသောအခါ အသက်ပါ လှသည့်အပြုံးအား ကိုယ်သည်ခဲရာခဲဆစ် ပြန်ရှာဖွေရပြန်လေသည်။ ထိုအခါမျိုးတွင် ကိုယ်သည် လှလှပပကြီး  ပြန် ပြုံးတတ် လာခဲ့သည်။

          တစ်ကယ်ဆိုလျှင် ကိုယ်သည်ရေရာပြတ်သားသည့် အစွန်းတစ်ဖက်တွင် မားမားမတ်မတ် ရပ်တည်ချင်လွန်းလှ သည်။ ပျင်းရိငြီးငွေ့ဖွယ်ရာ အချိန်ကာလကြီးကို ကျောခိုင်းထားလိုက်ချင်သည်။ အိမ်မက် မက်ချင်သည်။ မျှော်လင့် ချက်များ ရှင်သန်လိုသည်။ ရောင်နီကို တွေ့ဖူးချင်လှသည်။ သို့ပေမယ့် အိမ်မက်မှ နိုးသော်အခါ ပျောက်သွားသော အရာများအတွက် ကိုယ်မခံစားလို။ မျှော်လင့်ချက်များ သေဆုံးသွားသည့်အခါ နာကြင်ရမည့် ဒဏ်ရာကို စိုးရိမ်သည်။ ရောင်နီလာပြီး နေ၀င်လို့အနားသတ်သွားမှာကို ကိုယ်စိုးရွံလှသည်။

          ကိုယ့်ကိုယ်ကို သတိပေးသည်။ ဒါ.. သဘာဝ ..သဘာဝ။ စိတ်သည် ပြင်းပြင်းထန်ထန် ခံစားသည်။ သတိနှင့် စိတ် သည် လွတ်ပြန်လေသည်။ စိတ်နှင့်သတိ ပြန်တွဲမိသောအခါ ကိုယ်သည် အိပ်ချင်းမူးတူး တစ်ရေးနိုးသကဲ့သို့ လောကကြီးထဲ ကြည့်ပြန်လေသည်။   ပူမှာကိုကြောက်ရင် မပူအောင်နေပေါ့ ကိုယ့်ကိုယ်ကို ပြန်ဆုံးမပြန်လေသည်။ အပူနဲ့ခပ်ဝေးဝေးနေပြန်သည်။ လှလှပပသေဆုံးရမည့် ရက်တို့သည် နီးလာပြန်လေသည်။

          သတိချပ်မိသည် သြော် မကြာခင် အသက်ပါလှတဲ့ အပြုံးတွေ ပျောက်ကွယ်တော့မည်။ ရှားပါးလာတော့မည်။ ကိုယ်ငြီးငွေ့ပြန်လေသည်။ အိမ်မက်ထဲ ကိုယ်ပြန်လျှောက်မိပြန်သည်။ နိးလာပြန်သည်။ ဒဏ်ရာတွေ နာကြင်လာပြန်သည်။ ပူမယ်မှန်း ကိုယ်သတိကပ်မိပြန်ပြီ။ ဤသို့ဖြင့် သံသရာလည်ပြန်လေသည်။ သြော် .. အရှင်းနေလိုသော် ကိုယ့်ကိုယ်မှ အတွေးတို့သည် ရှုပ်ပြန်လေသည် တစ်ခါ။


---
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။  
သရုပ်ဖော်ပုံလေးကိုတော့ဖြင့် google ကနေရှာဖွေ ပြီး အသုံးပြု ထားပါတယ်လို့ ..


         
         
           

Wednesday 17 September 2014

ကျွန်မ - မယ်ရုပ်ဆိုး




မျက်နှာလေး ဖွေးဖြူပြီး ချောမွတ်ချင်တယ်ဆိုရင် ဘယ်လိုလေးလုပ်ပါ။ ခန္ဓာကိုယ် သွယ်လျ လှပချင်တယ်ဆို ရင် လေ့ကျင့်ခန်းကို ဘယ်လိုလေးလုပ်ပါ။ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရင် ဘယ်နေရာက အဆီတွေကို ခြေဖျက်နိုင် တယ်။ ခုတစ်လော ဒီလိုစာတွေ ခပ်များများဖတ်မိလေတော့ ကျွန်မငယ်ငယ်က မယ်ရုပ်ဆိုးလေး အကြောင်း သတိတ ရဖြစ်သွားမိတယ်။

          မယ်ရုပ်ဆိုးလေးဆိုတာ တစ်ခြားသူမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်ပါပဲ။ ကျွန်မငယ်ငယ်က အသားလေး ဖြူတာ ကလွဲရင်  မျက်နှာပေါက်ကျပုံ မျက်လုံး မျက်ခုံး နှာခေါင်း နှုတ်ခမ်း  တစ်နေရာမှ  လှတယ်လို့ မဆိုသာပါဘူး။ ကြည့်ကောင်းတယ် ဆိုတဲ့ အဆင့်မှာတောင်မရှိသူပါ။ အမေတို့ပြောပြတာ ကြားဖူးတာတော့ ကျွန်မငယ်ငယ်က တစ်ခေါင်းလုံးကို ဆံပင်ကောက်ပေးဖူးတယ်တဲ့။ အဘိုးက ပြောပါတယ် အသားဖြူတဲ့ တရုတ်ကပ္ပလီမလေး ခုမှတွေ့ ဖူးပါသတဲ့။  အဒေါ်တွေ ဦးလေးတွေက ဆို ကျွန်မနာမည်ကို ချစ်စနိုး ရုပ်ဆိုးမလို့ ခေါ်ကြသည် အထိပါပဲ။ 

          ဒီလိုနဲ့ မယ်ရုပ်ဆိုးလေး အရွယ်ရောက်လာတော့ မလှရသည့်ကြားထဲ မျက်နှာအသားအရည်က မကောင်းရှာ ဘူး။ အဆီအမြဲတမ်းပြန်တက်တဲ့ မျက်နှာ။ သနပ်ခါးလိမ်းထားခဏပဲ  အိမ်ထဲနေရင်တောင် သနပ်ခါးဝါဖျော့ဖျော့ ကနေ ရွှံရောင်လို မည်းညစ်ညစ်ပြောင်းသွားသည်မှာ ခဏခဏ။ ဒီလိုဖြစ်သည်မှာလည်း အပြစ်လို့မဆိုသာဘူး။ အမေတို့ အ၀တ်လျှော်သည့် ရွှေဝါဆပ်ပြာဆိုသည်နှင့် မျက်နှာသစ်လာတာ မယ်ရုပ်ဆိုးလေး ငယ်ငယ်ကထဲက ။ အမွှေး ဆပ်ပြာတွေဘာတွေ မသိ။ ချေးသန့်စင်သွားပြီးတာပဲ။ မယ်ရုပ်ဆိုးကလည်း အလှအပကို သိပ်မောမက်လွန်းသူ မဟုတ် လေတော့ ဘာမှမသိ။ မျက်နှာသစ် ဆပ်ပြာပါပြီးတာပဲ။

          အဆီပြန်တဲ့ အသားအရည်ဆိုတော့ကား ၀က်ခြံတွေလဲ ပေါက်သပေါ့။ တစ်ခါတစ်ခါဆို နှာခေါင်းထိပ်မှာ တောင် ပေါက်လိုက်သေး။ နာကလဲနာ အသားကလဲဖြူ ဆိုပြန်တော့ ၀က်ခြံပေါက်သည့်နေရာဆို နီရဲ။ နှာခေါင်းထိပ်က ၀က်ခြံကလည်း ပျောက်လိုက် ပေါက်လိုက် ဆိုတော့ နှာခေါင်းကလည်း ကြီးလာလိုက် သေးသွားလိုက်။ အညှော်လေး များ မိလိုက်လို့ကတော့ဖြင့် မယ်ရုပ်ဆိုးလေး မျက်နှာမှာ ဘုကြီးတွေ ရောင်ကိုင်းပြီး ထွက်လာတော့တာပဲ။ မျက်နှာ တစ်ပြင်လုံး အနီစက်စက်တွေ မနည်း။ မယ်ရုပ်ဆိုးကလည်း ဒါတွေကို ၁၀ တန်းဖြေပြီးသည်အထိ မမှုပါဘူး။ မှန်တောင် မနက်မိုးလင်း သနပ်ခါးရည်ကျဲလိမ်းတဲ့ တစ်ကြိမ်ပဲ ကြည့်တာ။ ကိုယ့်ဘာသာကိုယ် ခံယူပြီးသား ရုပ်ဆိုးတယ်လို့ ဒီတော့ ထူးပြီး လှနေအောင် မပြင်။ ပြင်လိုက်ရင် မျက်နှာက ထူလပျစ်ကြီးဖြစ်ပြီး ရှိရင်းစွဲ ထက် ပိုများရုပ်ဆိုးသွားသလိုပဲ။ 

          အဲ မယ်ရုပ်ဆိုးလေး လှချင်လာမိတာက တက္ကသိုလ်ပထမနှစ်စတက်တော့ သူများသားသမီးတွေများ လှလိုက် တာ။ ကိုယ်တိုင်ကလည်း  ညွတ်ချင်မိသူရှိလာပြီ ဆိုတော့ မယ်ရုပ်ဆိုးလေး လှချင်လာပြီ။ အရင်က ဆံပင်ကို ကုတ်ဝဲတောင် မထားပဲ ယောက်ကျားလေးစတိုင် ခပ်တိုတို ကပ်ကပ် ညှပ်လာတဲ့ ကျွန်မက ဆံပင်ကို ကျောလယ်လောက် အရှည်ထားလာပြီ။ အဲဒီအချိန်တုန်းက မင်းသမီးထက်ထက်မိုးဦး ခောတ်စားတဲ့ အချိန်ပေါ့။ ကြော်ငြာထဲမှာ ထက်ထက်မိုးဦးများ ဆံပင်လေးခါဝဲပြီး သီးချင်းဆို ထမိန်စကတ်လေးနဲ့ ကြွကြွရွရွ လမ်းလျှောက်တဲ့ အခါ မယ်ရုပ်ဆိုးလေးခင်ဗျာ သရေတစ်များများပေါ့။ ထက်ထက်မိုးဦးမျက်နှာလေးကလည်း အပြစ်အနာအဆာကင်းလို့ ဖြူစင်ဝင်းမွတ်လို့။

          ကိုယ့်မျက်နှာ ကိုယ်ပြန်စမ်းမိတော့ အားငယ်ရပြန်ရော။ မျက်နှာက ဘုတွေ ပျောက်တဲ့နည်း ကို မယ်ရုပ်ဆိုး လေး စူးစမ်းလေ့လာပါတော့တယ်။ ပထမ တောင်ကြီးမောက်မယ် ဆိုလို့  တောင်ကြီးမောက်မယ်နဲ့ စမိပါရော။ အမယ်လေး စပ်လိုက်တာ။ လိမ်းသာလိမ်းတယ် အစတော့ ဟုတ်သလိုလို နောက်တော့လဲ ဒုံရင်းက ဒုံရင်းပဲ။ ဒါနဲ့ သံပုရာသီးနဲ့ ပွတ်ပျောက်တယ် ဆိုပြန်ရော။ မယ်ရုပ်ဆိုးလဲ စပ်ပေမယ့် လှချင်ပေသကိုး အောင့်ခံပေါ့။ တစ်ကယ်က သံပုရာရည်လေးကို နားကြပ်တဲ့ ဂွမ်းလိပ်လိုဟာလေးနဲ့ လူး မျက်နှာကိုတို့ပေးရမှာ။ မယ်ရုပ်ဆိုးက ဗဟုသုတနည်း သူပီပီ  မသိလေ။ သံပုရာ ခြမ်းပျော့အောင်လုပ်ပြီး မျက်နှာပွတ်တော့တာ။ တွေးကြည့်တော်သာမူကြပါလေ။ စပ်ကလည်းစပ်။ ၀က်ခြံဘု ထိပ်ကလေးတွေ ပေါက်ပြီး ဘုကနေ အနာလိုဖြစ်။ 

          ညဘက်ပွတ်ပြီးအိပ် မနက်မျက်နှာတစ်ပြင်လုံး နီရဲတွတ် ရောင်ကိုင်း။ အဲဒီအချိန်မှ ကိုယ့်ကိုယ်ကို မလှလိုက် တာလို့ စပြီး အားငယ်မိပါတော့တယ်။ ကြာတော့ မျက်နှာစပ်တာအပြင် အရေပြားတွေပါစားကုန်မယ်ဆိုပြီး အမေက သံပုရာသီးနဲ့ အပွတ်မခံတော့ပါဘူး။ ၀က်ခြံပေါက်တယ်ဆိုတာ မျက်နှာပြင်က ချွေးပေါက်တွေပိတ်တာမို့ ၀က်ခြံ ထွက်တယ်လို့ မယ်ရုပ်ဆိုးသိလာပါပြီ။ ဒီတော့ သနပ်ခါးထူလပျစ်ကြီးတွေ လိမ်းချင်းကိုလျှော့ပါတော့တယ်။ အကြံကုန်သွားပြီမို့ မယ်ရုပ်ဆိုးလဲ သံပုရာသီးပွတ်ပြီးနောက် မျက်နှာချောမွတ်ရေး လုပ်ငန်းကြီးကို ရပ်ဆိုင်းထားလိုက် ပါတော့တယ်။

           အဲ တစ်ပတ်လောက်အကြာမှာတော့ သိသိသာသာပဲ ၀က်ခြံထွက်တာနည်းသွားပြီး ပေါက်ပြဲနေတဲ့ ၀က်ခြံလေးတွေက ပျောက်သွားပါတယ်။ မယ်ရုပ်ဆိုးလေး တစ်ခု ကံကောင်းတာက မျက်နှာက အသားတက်တာ မြန်တာပါ။ ငယ်ငယ်က  ၀က်ခြံထွက်လို့ မျက်နှာမှာ အမဲစက်တွေသာ ကျန်ခဲ့မယ်ဆိုရင် ခုချိန် မယ်ရုပ်ဆိုးရဲ့ မျက်နှာဟာ ချိုင့်ချိုင့်ခွက်ခွက်တွေနဲ့ အမဲစက်တွေနဲ့ တော်တော်ကြည့်ရဆိုးနေမှာပါ။ သဘောကျသွားတယ် အမေ့ ကို ပြန်ခွင့်တောင်းကြည့်တယ် သံပုရာသီး လုပ်ငန်းလေး ပြန်စပါရစေပေါ့။ အမေက လက်မခံပါဘူး။ သံပုရာသီးကို တစ်ပတ် တစ်ကြိမ်ပွတ်ပြီး အမွှေးဆပ်ပြာတွေနဲ့ မျက်နှာသစ်တာကို ရပ်ပစ်လိုက်တယ်။ ရေနွေး ခပ်နွေးနွေးနဲ့ နူးညံ့တဲ့ ဂွမ်းလေး တွေနဲ့သာ မျက်နှာသစ်ဖြစ်ပါတော့တယ်။ 

          အလုပ်ရှုပ်ပေမယ့် အတော်ထိရောက်တယ်လို့ ဆိုရပါ့မယ်။ ၀က်ခြံဘုကြီးတွေ ပျောက်ပြီး ဘုသေးသေး ကလေးတွေ သာ ကျန်ပါတော့တယ်။ ဖြူစင်ဝင်းမွတ်တဲ့ မျက်နှာအသားအရည်ကတော့ အိမ်မက် မက်နေစဲပါ။ တစ်စခန်းထလာတာက ချွေးပေါက်တွေ ကျယ်လာတာပါ။ ဒီလိုဆိုပြန်တော့ တစ်ခါတစ်လေ လှချင်လို့ မိတ်ကပ်လေး များ မျက်နှာပေါ်တင်မိရင် မျက်နှာက အထွတ်အထွတ်ကြီးတွေနဲ့ အဆီတွေ တစ်ဝင်းဝင်း ဖုန်ကလေးများ ထလိုက်လို့ ကဖြင့်. ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက်ပိုကြီးတဲ့ မိန်းမကြီးဖြစ်ဖြစ်သွားတော့တာပဲ။ 

          ဒီတော့ အပြင်တစ်ခါ သွားကာနီး မှန်ထဲကိုယ့်မျက်နှာ ကိုယ်ပြန်ကြည့် စိတ်တိုင်းမကျလိုက်တာလေ။ တစ်ခါတစ်ခါ မျက်ရည်တွေကျ ငိုမိသည်အထိ။ နောက်တော့ မျက်နှာကို ဘာမှ မလူးမချယ်ပဲ ဒီတိုင်း အပြင်သွားပါ တော့တယ်။ အဆီပြန်လာတစ်ရှုးနဲ့ပွတ်။ မလှပေမယ့် နောက်ထပ် ၀က်ခြံအဖုအသစ်တွေ မထွက်တော့ဘူးပေါ့။ အဲ မိတ်ကပ်များလိမ်းလိုက်လို့ ကတော့ အပြင်စထွက်ထွက်ခြင်းခဏတာမျှသာ ကြည့်ကောင်းသလိုလို ပြီှးလျှင် အဆီတွေပြန် ညကျ မျက်နှာသစ်လိုက်တဲ့အခါ ၀က်ခြံဘုအသစ်လေးတွေက ထွက်လာဖို့ တာစူနေကြပြီ။ နောက်နေ့ဆို မျက်နှာက ၀က်ခြံဘုအသစ်လေးတွေနဲ့ နီရဲ့လို့။ စိတ်ညစ်ရပြန်ရော။ 

          တက္ကသိုလ် ဒုတိယနှစ် ကျောင်းတွေစတက်ကာနီးမှာ မယ်ရုပ်ဆိုးလေး မျက်နှာက တော်တော် အဆင်ပြေ နေပြီလို့ ဆိုရမယ်။ အိမ်ထဲက အိမ်ပြင်မထွက်။ မိတ်ကပ်လဲ မလိမ်း ။ သနပ်ခါးဆို ရေကျဲလေးသာ။ ရေနွေးလေး နှင့် မှန်မှန်ဆေးဆိုတော့ မျက်နှာမှာ ဘုတွေ ပျောက်သလောက်နီးနီး။ ၀က်ခြံလေး တစ်လုံးလောက်ကတော့ မယ်ရုပ်ဆိုး အတွက် ဘာအရေးတုန်း။ အဲ မနက်ဆို ကျောင်းသွားရတော့မယ် ။  လှလှပပလေးဝတ်ပြီး ခါးလယ်လောက် ဆံပင်ရှည် လေးနဲ့ ပါတိတ်အင်ကျီနဲ့ အမည်းရောင် လွယ်အိတ်ကလေးနဲ့ စိတ်ကူးနဲ့ရူးပေါ့။

          တစ်စခန်းထလာသူက အမေပါ။ မယ်ရုပ်ဆိုးလေးပါးက ၀က်ခြံလေးတစ်လုံး နှစ်လုံးကို ဆေးလိမ်းပါတဲ့။ ကြည့်လိုက်တော့ ဆေးက အဆီတွေနဲ့။ မယ်ရုပ်ဆိုးကလည်း complain တက်ပါတယ်။ သမီးမျက်နှာက အဆီပါတဲ့ ဆေးနဲ့ဆို မတည့်ဘူးပေါ့။ ဒီတော့ ကိုယ့်သားသမီးလှစေချင်တဲ့ အမေက ပွစိပွစိ ဆူပါတော့တယ်။ မယ်ရုပ်ဆိုးလဲ စိတ်ဆိုးပြီး အမေရဲ့ ဆေးဗူးကို တစ်ကလောပြီး မျက်နှာကိုလူးချ လိုက်ပါတော့တယ်။ တစ်ကယ်က ၀က်ခြံဘုလေးပေါ် တစ်တို့လောက်ဆိုရပါပြီ။ 

          အဲမနက်မိုးလင်း မျက်နှာကို မှန်ထဲကြည့်လိုက်တယ် ဆိုရင်ပဲ မယ်ရုပ်ဆိုး အသံပြဲ ကြီးနဲ့ အော်ငိုပါတော့ တယ်။ အမေကြောင့် သမီးရုပ်ဆိုးပါပြီဆိုပြီးတော့။ မငိုနေမလား ညက တစ်ကလော ဆွဲထားတဲ့ နေရာတွေမှာ မီးလောင်ဘု တွေလို အရည်ကြီးဘုတွေ ပါးနှစ်ဖက်မှာ အပြည့်။ အမေကလည်း စိတ်မကောင်း အဖေကလည်း ဆူပေါ့။ ကလေး မလူးချင်တာကို အတင်းလူးခိုင်းတယ်ဆိုပြီး။ ဒါနဲ့ပဲ မယ်ရုပ်ဆိုး ဆေးခန်းပြေးရပါတော့တယ်။ ဆေးခန်းက ဆရာဝန် ပေးလိုက်တဲ့ဆေးက လည်း စွမ်းပါတယ်။ အဆီပါတဲ့ဟာတွေမလူးနဲ့တဲ့။ သက်သာပေမယ့် မပျောက်ကင်းပါဘူး ။

          အဲဒီ အဖုလေးတွေ ပျောက်ဖို့တော်တော်ကြာခဲ့ပါတယ်။ တက္ကသိုလ် ဒုတိယနှစ်တစ်လျှောက်လုံး ပါးကွက် ထူထူ ကြီးတွေ လိမ်းပြီး ကျောင်းတက်ရပါတော့တယ်။ ပိုဆိုးတာက အနာတွေလိုဖြစ်ပြီး အရည်တစ်ရွှဲရွှဲပါ ဖြစ်လာတာ ပါ။ မျက်နှာမှာလဲ ချိုင့်ရာတောင် ကျန်ခဲ့ပါတော့တယ်။ နောက်ဆုံး ဘာနဲ့မှ ပျောက်သွားသလဲ ဆိုတော့ အင်ပတ်စလင် တောင့်ကို အမှုန့်လေးတွေထုတ်ပြီး အနာတွေပေါ် သိပ်လိုက်တဲ့ အချိန်ကြမှပဲ ပျောက်သွားပါတော့တယ်။ ဒါပေသိ ရှစ်လကျော်ကျော် အချိန်ယူခဲ့ရပါတယ်။ 

          ဖြူ စင်ဝင်းမွတ်တဲ့ မျက်နှာကတော့ အဲဒီအချိန်ထိ မရခဲ့ပါဘူး။  ၀က်ခြံပေါက်လိုက် နီရဲနေလိုက် မည်းညစ်ညစ် ဖြစ်နေလိုက်နဲ့ပဲ မမ အရွယ်ကနေ ဒေါ်ဒေါ်အရွယ် ရောက်လာပါတော့တယ်။ ဘ၀ကိုလဲ တော်တော်ဖြတ်သန်းပြီးခဲ့ပြီ ဆိုတော့ အလှအပဆိုတာ ကိုယ့်ဘ၀က ပေးသလောက် ရုပ်သာရတယ်လို့ မယ်ရုပ်ဆိုးလေး နားလည်ခဲ့ပြီ။ မျက်နှာကို သန့်ရှင်းအောင်ထားတယ် အဆီပါတာတွေ တတ်နိုင်သမျှ ရှောင်တယ်။ ကိုယ်နဲ့တည့်မယ်လို့ ထင်တဲ့ မျက်နှာသစ်ဆပ်ပြာကို ရွေးသုံးတယ်။ 

          အရင်လို မလှလို့ အားငယ်ခဲ့တာထက် လတ်တစ်လောရနေတဲ့ ဒီရုပ်လေးကိုပဲ ကျေနပ်နှစ်သိမ့် တတ်လာပြီ။  စိတ်အလိုမကျမှုတွေမရှိတော့ဘူး။ အ၀တ်အစားဝတ်ပြီး ငါလှပမလားလို့ မလုံမလည် ဖြစ်တာမျိုးမရှိတော့ဘူး။ အလိုမကျတဲ့ မျက်မှောင်ကြီးကုတ်နေတတ်တဲ့ အကျင့် ပျောက်သွားတယ်။ နှုတ်ခမ်းကြီး တင်းတင်းစေ့ပြီး စူပုပ်ပုပ် လုပ်တတ်တဲ့ မျက်နှာကြီး ပျောက်သွားတယ်။ အဲဒီအစား ကိုယ့်ဘာသာကိုယ် ယုံကြည်မှုအပြည့်နှင့် အမြဲ ပြုံးရွှင်နေတဲ့ မျက်နှာထားလေး တစ်ခုကို ပိုင်ဆိုင်လာခဲ့တယ်။

          မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ရင် အလိုမကျတဲ့ နေရာဆိုတာကို မရှိတော့ဘူး။ သူများဝတ်လို့ လှပေမယ့် ကိုယ့်ခန္ဓာကိုယ်နဲ့ မလိုက်ရင် ၀တ်ဖို့ စိတ်ကူး မရှိတော့ဘူး ။ လှတယ်ဆိုတဲ့ အင်င်္ကျီထက် အနေအထိုင် လွတ်လပ်ပြီး သက်တောင့် သက်တာ ဖြစ်မယ့် အင်င်္ကျီမျိုးကိုပဲ ရွေးတတ်လာတယ်။ သူ့နေရာနှင့်သူ ၀တ်တတ် စား တတ် နေထိုင်တတ်လာတယ်။ မလှဘူးဆိုရင်တောင် ကြည့်ကောင်းစေမယ် ဆိုတဲ့ ပြင်ဆင်မှုမျိုးကို ရွေးခြယ်တတ်လာတယ်။ 

          လှပတယ်ဆိုတာထက် သန့်ရှင်း အေးချမ်းတယ် ဆိုတဲ့ ၀တ်စား ဆင်ယင်မှုမျိုးကို ပိုနှစ်သက်လာတယ်။ ခုလည်း မယ်ရုပ်ဆိုးလေး က ရုပ်ဆိုးနေစဲပါ။ ဒါပေမယ့် မယ်ရုပ်ဆိုးလေးရဲ့ မျက်နှာမှာ အမြဲ ရွှင်ကြည်တဲ့ အပြုံးချိုချို တစ်ခု တော့ အစဉ်အမြဲ တပ်ဆင်ထားနိုင်ခဲ့ပါပြီ။ 



---
ခုတစ်လော ရေးလက်စ ပို့(စ်) လေးတစ်ပုဒ်ကို ရေးပြီး လက်စမသတ်နိုင်တဲ့အခါ ပေါ့ပေါ့ပါးပါး ခုလို ပို့(စ်) လေးတစ်ပုဒ်ရေးပြီး မုဒ်ပြန်သွင်းရပြန်တယ်။ 
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 

သရုပ်ဖော်ပုံလေးကတော့ ထုံးစံအတိုင်း google ကနေ ရှာဖွေထားတာပါလို့ ။

Saturday 6 September 2014

သည်.. အခန်း

 


          “၀ုန်း ..”

အမယ်လေး.. ကယ်တော်မူပါ ဘုရား။ ကုတင်ပေါ်မှ ပြုတ်ကျသည့် အရှိန်ကြောင့် အရိုးတွေ ကြေကုန်သည့်အလား နာလိုက်တာ နာလိုက်တာ. အသံကမထွက်နိုင် လည်ချောင်းဝမှာ တစ်စို့စို့ ။ နာလွန်းသည့် အရှိန်ကြောင့် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျလာသည်။ ဘုရား သာတနေတာ နာတာကို နာတယ်လို့မှတ်လို့မရ။ အို တာကို အိုတယ် လို့ မှတ်လို့မရ။ ငါ့နော်.... တောက်.. ငယ်တုန်းကစိတ်နဲ့သာဆို.ရင်လေ ..ဟင်း..ဟင်း  စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ကြိမ်မောင်း အားမလို အားမရဖြစ်..

          “ကျွီ”

ဟော.. နားစွင့်လိုက်သည်။  တံခါးဖွင့်သံ နှင့်အတူ အကြင်နာကင်းမဲ့တဲ့အသံ ။

          “အာ.. ဒေါ်လေးတို့ကလည်း ပစ္စည်းလိုချင် ဘေးနားက ဘဲလ်နှိပ်လိုက်ပြီးရော။ လာမှာပေါ့။ တစ်ကယ်ပဲ အလုပ်က များရတဲ့ ကြားထဲ ဒီဂီလာန က တစ်မျိုး. ပင်ပန်းတယ် ”

နာနေရတဲ့ ကြားထဲ တူမ မိသီပြောသံကြားတော့ ရီချင်ထာအေလို့ပဲ ဒက် ကနဲ ပြန်ပြောလိုက်ချင်တာ။ ကျုပ်အတွက်  ငှားထားတဲ့ နပ်စ် ကို  ညည်းပဲ ပိုက်ဆံ ကုန်တယ်ဆိုပြီး မခေါ်တော့တာလေ။ ရှင်းရှင်းပြောရရင်  ညည်းခုနေတာ ငါ့အိမ်။ ညည်းခုသုံးနေတာ ငါ့ပစ္စည်း။ ငါ့ငွေ ငါ့စီး ပွားရေး။ ကျုပ်ပိုက်ဆံနဲ့ကျုပ် ကိုယ့်ကိုပြုစုမယ့် နပ်စ်ခေါ်တာကို ကြားထဲက ညည်းက ကပ်စေးနဲပြီ မခေါ်တော့ ခံပေါ့ ပင်ပန်းပေါ့.  စိတ်ထဲကပြောချင်တာက အဲဒီလို .. လည်ချောင်းဝက တစ်ကယ်ထွက်လာတဲ့ အသံက

          “အား ကျွတ် ကျွတ်..နာတယ်  နာတယ်..”

သူမရဲ့ပိန်လှီနေတဲ့ ခန္ဓာကိုယ်ကို ၀ဖိုင့်တဲ့ မိသီမ စွေ့ကနဲ ပွေ့ပြီး ခပ်ပါးပါး အိပ်ယာပေါ်  အညှာအတာမဲ့စွာဖြင့် ပြန် တင်ပေးလိုက်သည်။

          “နာရင်လည်း အောင့်ခံ ဒေါ်လေးရေ။ မတတ်နိုင်ဘူး။ ထမင်းစားချိန်ကြ ကောင်မလေး ထမင်းလာပို့ပြီး ကျွေးခိုင်းလိုက်မယ်။ ငြိမ်ငြိမ်နေစမ်းပါ။ အလုပ်တွေ များနေရတဲ့ အထဲ .. စိတ်တွေလဲ ညစ်ပါတယ် ”


“၀ုန်း”


အခန်းတံခါးကို ၀ုန်း ကနဲဆောင့်ပိတ်လိုက်သည့်အသံ ။ အခန်းက ခုနကလိုပဲ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ခုနက ပြုတ်ကျ ထားသည့် အရှိန်ကြောင့် အသားတွေ နာပြီး ကြိမ်းနေသည့် ဒဏ်ကို ကြိတ်မှိတ်ခံစားရင်း  မျက်ဝန်းမှ မျက်ရည်တို့က စီးကျလာပြန်သည်။ အော်.. ငါ့ရဲ့ နေ၀င်ချိန်က ဒီလိုတဲ့လား.  အတွေးတို့က အတိတ်ကို ပြန်ဝဲ ရောက်ရှိသွားသည်.။
          

          “တောက်!” အသံခပ်ပြင်းပြင်းနဲ့အတူ ပန်းကန်ကွဲသံတွေ ဆူညံသွားသည်။ မိသန်းတစ်ယောက် နေစရာမရှိဘူး။ ကြောက်ကြောက်နဲ့ ကျကွဲနေသည့် ပန်းကန်တွေကို ကောက်သိမ်း။ မမလေးသိမ့် မျက်နှာကို မောမ ကြည့်ရဲဘူး။ မိသန်း ခေါင်းပေါ်ကို ရေတွေလောင်းချတာ ခံလိုက်ရသည်။ မျက်နှာပေါ်စီးကျလာသည့် ရေတွေကို မသုတ် အားဘူး။ ဒီအလုပ်လေးမြဲမှ သမီးလေးကို ကျောင်းထားဖို့ အဆင်ပြေမှာ။ တောင့်ထား တောင့်ထား ကိုယ့်ဘာသာကိုယ် အားပေး အားတင်း ပန်းကန်ကွဲတွေ ဆက်သိမ်း။  ခေါင်းငုံ့ ထားပေမယ့် မျက်ဝန်းမှာ မျက်ရည်ပိုးပိုးပေါက်ပေါက်။

          မာန်ပါပါ မာနသံခပ်မြင့်မြင့် ငါ ဆိုသည့် အတ္တတို့ဖြင့် ရုန်းကြွလာသည့် အသံ ခပ်စူးစူး က မိသန်းနားထဲ ဟိန်းနေသည်။

          “မှတ်ထား နောက်ဆို ငါထမင်းစားတဲ့ ပန်းကန်ဘယ်ဟာဆိုတာ ကွဲကွဲပြားပြားမသိပဲ နေအုန်း။ နင်နော် နင် ပြုတ်စော်နံနေပြီ မိသန်း။ နောက်တစ်ခါဆို နင့်ကို ၃ လစာပေးပြီး ကန်အထုတ်ပဲ. ”

“ကျွီ” အခန်းတံခါးဖွင့်သည့် အသံကြောင့်  မျက်ဝန်းအကြည့်ကို အခန်းတံခါးဝဆီပို့လိုက်သည်။

          “ကြီးကြီး ထမင်းစားမယ်”

အိမ်အကူကောင်မလေး ထမင်းလာပို့ပေးတာကိုး ။ ထမင်းထည့်ထားသည့် ပန်းကန်က စတီးပန်းကန် ပြောင်လက်နေသော် လည်း ပိန်ချိုင့် လို့။ စိတ်အခပ်မသင့်တိုင်း ထမင်းထည့်သည့် ကြွေပန်း ကန်တွေ ဆွဲယူပြီး လွှတ်ပစ်တတ်သည့် သူမ၏ အကျင့်ကြောင့် လွှတ်ပစ်သော်လည်း မကွဲသည့် စတီးပန်းကန်နှင့်သာ လာကျွေးသည်။ ပဲဟင်းရည် ချိုခပ်ကျဲကျဲ ဆမ်းထားသေးသည်။ ပြီးတော့ ဖြူဖတ်ဖြူရော ကြက်သားပြုတ်။ ဒါသည်ပင် နေ့တိုင်းမရိုးသည့် သူမ၏ နေ့လည်စာ။ သြော် ခုတော့ ငါ့ပန်းကန်နဲ့ငါဆိုတာ သီးသီးသန့်သန့်ကိုဖြစ်လို့ ဟုပင် စိတ်ထဲကပင်  တွေးမိပြန်သည်။ 


           ပါးစပ်ထဲက ထမင်းကဖြင့် မကုန်သေး စိတ်လောကြီးစွာ ကောင်မလေးရဲ့ ထမင်းထည့်ထားသည့် ဇွန်းက သူမနှုတ်ခမ်းနားဝဲနေပြန်သည်။ ဟဲ့ သွားတွေမကောင်းတော့ဘူးလေ။ ငါ ဒီလောက်မြန်မြန် ဘယ်ဝါးနိုင်မတုန်း။ အဲဒီလို ပြောချင်တာ။ လည်ချောင်းဝက အသံကမ ထွက်နိုင်ဘူး။  ကောင်မလေးထိုးထိုးထည့်နေသည့် ထမင်းကို အလျင်မီအောင် မနည်းလိုက်ဝါးနေရသည်။

          “ကြီးကြီး မြန်မြန်စား ပြီးရင် ကလေးတွေကို ကျောင်းသွားကြိုရမယ်။ ကြာနေရင် မမသီက အော်မှာ”


အသက်မသေရုံတစ်မယ် ထမင်းတနပ်စားရဖို့အရေး တတ်နိုင်သလောက်ဝါး အဲဒီလိုမှ မဟုတ်ရင် ကောင်မလေးက ထမင်း မကုန်သေးဘူး သိမ်းသွားရော။ ညကျ ဗိုက်ဆာလို့ ဘဲနှိပ်လဲ ဘယ်သူမှ သူမအခန်းထဲ ရောက်မလာကြ။ ဆီးသွားဝမ်းသွား ဒီအိပ်ယာပေါ်။အစကတော့ ရွံလို့ ဘဲလ်ကိုနာနာနိပ် ဘယ်လိုပင် နှိပ်သော်လည်း အခန်းတံခါးက ပွင့် မလာ။ ခံစားရတဲ့ ဝေဒနာက ပွင့်ထွက်သွားတော့မတတ်။ နောက်ဆုံး စိတ်က ဘယ်လိုပင်ထိန်းပါသော်လည်း ခန္ဓာက မထိန်းနိုင်တော့ပေ။ စစချင်းပထမတစ်ခေါက်ကဆိုရင် ငိုကလည်း ငို ရွံလွန်းလို့ အော့အန်။ ဝေဒနာက ခံစားရ။

အခန်းထဲက အနံ့တွေက ဆိုးဆိုးရွားရွာ။ ခုဆို မွေ့ယာပေါ် တစ်ခါသုံး ပလတ်စတစ် ခုံခင်းတစ်ခု ခင်းပေးထားသည်။ ပြီးရင် အဲဒါကြီး လာလဲပေး။ အိပ်ယာခင်းတွေ ညစ်ပတ်လို့တဲ့။ သြော် ကိုယ့်ပစ္စည်းနဲ့ ကိုယ်တောင် ပလတ် စတစ်ပေါ် အိပ်ရသည့်ဘ၀။ တစ်နေ့ တစ်နေ့ ဒီလို မလှုပ်နိုင် မရှားနိုင်သည့်ဘ၀နှင့် ၀မ်းနည်း အလိုမကျတဲ့ စိတ်။ ဒေါသတွေထွက်။ ဒီဘ၀ ကလွတ်ချင်ပါသော်လည်း ငါ့ပိုင်တဲ့ ပစ္စည်း ဥစ္စာတို့ကို စိတ်ကမချ။ ဒီလိုရလာဖို့ ငါဘယ်လောက်ရှာခဲ့ရလဲ။ ငါ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ လွယ်လွယ်နဲ့တော့ မစွန့်လွတ်နိုင်ဘူး။

“၀ုန်း”

အခန်းတံခါး ပိတ်သည့် အသံ . ဟင်.. ငါ ထမင်း မ၀သေးဘူးလေ။ ဟဲ့.. အသံမထွက်နိုင် လက်ကိုဆန့်တန်းပြီး ခေါ်ပါသော်လည်း ကျောခိုင်းထွက်သွားသည့်  ကောင်မလေးကဖြင့် ပန်းကန်တွေ သိမ်းလို့ အခန်းထဲက ထွက်သွားချေ ပြီ။အခန်းသည် ခုနကလို မည်းမည်းမှောင်မှောင် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ရေလေး သောက်ချင်လိုက်တာ။ သြော်…. ခုတော့လည်း ငါပိုင်သည့်ပစ္စည်း ငါ့ ခန္ဓာက မလှုပ်နိုင်သည့်အခါ မည်မျှလောက်ရုန်းကန်ခဲ့ပါသော်လည်း ရေလေးတစ်ပေါက်တောင် မ၀သည့် သည်ဘ၀ ထမင်းလေးတစ်နပ်တောင် အေးအေးချမ်းချမ်း အရသာရှိရှိ မစားနိုင်သည့် သည်ဘ၀။ ထိုက်သူမှ စားရလေသည်ဟု ဆိုလေမည်လား။ ငါရှာသည့်ပစ္စည်း ငါနဲ့မထိုက်တန်ရင် ဘယ်သူနဲ့ထိုက်တန်လဲ။ ခန္ဓာသည် ဒေါသမီးနှင့် လှောင်မြိုက်လေပြန်သည် တစ်ခါ။
         
“မရဘူး။ အဲဒီဆိုင်က ဖာလူဒါမှ သောက်ချင်တာ။ ဟုတ်တယ်.. ခုဝယ်ပြီးလာပို့ ဒါပဲ”

သြော် ..အရင်တုန်းက ငယ်တုန်းရွယ်တုန်း မာနတွေရှိတုန်း ထင်တိုင်းကျဲခဲ့တဲ့ ကျုပ်။
         
          “ငွေ ရှိဖို့ပဲ လိုတာပါ။ ငွေရှိရင် ဘာမဆိုင်ဖြစ်တယ်။  ကိုယ့်ဘေးမှာ ၀ိုင်းဝိုင်း လည်နေအောင် ခိုင်းလို့ရတယ် ”         

 အရင်မိုးကောင်းတုန်း ထန်ခဲ့သည့် မာန်တွေ ။ စကားတွေ။ ခုတော့ ငွေရှိနေတာတောင်မှ..၀မ်းနည်းစိတ်က ရှိုက်လို့ ရင်ဝကို လာဆောင့်ပြန်လေသည်။  “ကျွီ” အခန်းတံခါးဖွင့်သံ . ဘယ်သူပါလိမ့် ။ တစ်နေ့တစ်နေ့ သည်အခန်းတံခါးဖွင့်သံ ပိတ်သံသည်သာ သူမရဲ့ ကမ္ဘာ။ သည်အခန်းတံခါးရဲ့ အပြင်မှာ ဘာတွေဖြစ်နေလဲ မသိဘူး။ အခန်းထဲဝင်လာသူ ထွက်သွားသူတို့ကိုသာ စိတ်ဝင်စားသည်။ တစ်ခါတစ်ရံ  တိတ်ဆိတ်မည်းမှောင်နေသည့် သည်အခန်းထဲကို ဘယ်သူများဝင်လာမလဲ မျှောင်လင့်ရသည်။ ဘယ်သူများ စကားလာပြောလေမလဲ တောင့်တမိသည်။

          “မမသိမ့် ”

ခေါ်သံနှင့်အတူ အခန်းထဲဝင်လာသူက မိသန်း။ သူမ၏ မျက်ဝန်းတွင် ၀မ်းသာကြည်နူးရိပ်တို့ ရုတ်ခြည်း ဖြတ်ပြေးသွား သည်။  ဟုတ်တယ်လေ သူမကို စိတ်ရှည်လက်ရှည်ရေချိုးပေး။ မှောင်နေတဲ့ အခန်းထဲ ကို အလင်းဝင်လာအောင် အခန်းတံခါးတွေ ဖွင့်။ ပြီးရင် အခန်းကို သန့်ရှင်းရေးလုပ်ပေးမည်။ သူမကို အားပေးစကားတွေပြောမည်။ ဒီနေ့ ည မိုးမချုပ်ပါစေနဲ့။ မိုးချုပ်လျှင်တော့ မိသန်း သူ့အိမ် သူပြန်လိမ့်မည်။ ပြီးလျှင် သုံး လေး လ ပျောက်ချင်ပျောက်သွား မည်။ ဒါမှမဟုတ် နောက်တစ်ခါဆိုသည်လည်း ထပ် ၍ မရှိနိုင်တော့ပေ။

          “သက်သက်သာသာ နေနော်။ သမီးလေးက မုန့်တွေ ပေးလိုက်တယ်။ ကြီးကြီး သိမ့် အတွက်ဆိုပြီးတော့ နောင်နှစ်တော့ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရမယ်လို့ ပြောလိုက်တယ်။ နောက်တစ်ပတ်ကို လာကြည့်မယ်တဲ့။ ”

          တစ်ကယ်တော့  မိသန်းသမီးလေးကို ပညာသင်စားရိတ် ထုတ်ပေးခဲ့ချင်းမှာ စေတနာရှိလွန်းလို့ မဟုတ်။  မမသိမ့်က သဘောကောင်းသည် စိတ်ထားဖြူစင်သည် ဆိုသည့် ဂုဏ်ကို လိုချင်လို့သာဖြစ်သည်။ မိသန်းသမီးလေး က လိမ္မာရေးခြားလဲ ရှိပြီး စာလဲတော်သည်။ အစထဲက ကိုယ်ရည်ကိုယ်သွေး ရှိသော ကလေးကို ပံ့ပိုးပေးလိုက်ချင်း အားဖြင့် သူမ ဂုဏ်တက်ခဲ့ဘူးသည်။ ခုတော့ ကလေးမသည် ဆရာဝန် ဖြစ်နေလေပြီ။ တော်ရှာပါသည် ကျေးဇူးရှင်ဟူသော အသိဖြင့် မကြာခဏလာကြည့်ကြသလို တူမတော် အငတ်ထား သမျှ မိသန်းလာလျှင် သူမစားရသည်။

          ဒါတောင် ညဘက် တူမတော်က အခန်းထဲရောက်လာလျှင် စားလက်စမုန့်တွေကို မတည့်ဘူးဆိုသည့် အကြောင်းပြချက်ဖြင့် ယူပြီး သိမ်းသွားတတ်သည်။ မျက်ဝန်းတွင် မျက်ရည်တို့ ရစ်သိုင်းလာပြန်သည်။


 “အိုး မမသိမ့် မငိုပါနဲ့. မိသန်းတို့ မကြာ မကြာ လာပါ့မယ်။ အားတင်းထားနော် ”

မျက်ရည်တို့ကြားမှ အားတင်းပြီး ခေါင်းညိမ့်ပြမိပြန်သည်။ အားနာလိုက်တာ မိသန်းရယ်လို့ စိတ်ထဲက ညည်းမိသည်။ ကိုယ်မစွမ်းသည့်အချိန်မှ ကိုယ့်လူဆိုတာသိရသည့်အဖြစ်မဟုတ်ပေလော။ အရင်ကဆိုရင် တူမ မိသီတို့များ  ဒေါ်လေးရဲ့ လက် ဓါးရှလို့ဆိုသည်နှင့် ရင်ဘတ်စည်စီးပြီး ငိုကြီးချက်မ ကိုယ့်အနားရောက်လာတတ်သည့် သူတွေ။ သြော်… ခုများတော့ .. အတွေးနှင့်အတူ သူမ၏ ရင်ဘတ်ကြီးမို့မောက်လို့ ဟင်း ကနဲ သက်ပြင်းချသံကြီး ထွက် လာပြန်သည်။

          “မမသိမ့် အများကြီးမတွေးနဲ့ တရားလေးဘာလေးနာပါလား မိသန်း ဖွင့်ပေးမယ်”

သူမ အသာအယာ ခေါင်းညိမ့်ပြလိုက်သည်။ သူမ၏ အခန်းထဲတွင် တရားသံတို့ဖြင့် လွင့်ပျံလို့ အေးချမ်းသွားပြန်သည်။ တစ်ဒင်္ဂပါလေ။ မိသန်းပြန်သွားလျှင် သူမ၏ အခန်းသည် ဒေါသ မောဟ မာန်မာန တို့ဖြင့် ပြန်လည် ထုံမွန်းသွားမည်။ သူမသည်  မကြာခင် မီးစာကုန် ဆီခမ်းပေတော့မည်။ တစ်သက်တာလုံး ဘ၀တွင် မာန် မာန အတ္တတို့ဖြင့် တည် ဆောက်ခဲ့သမျှ သူမ၏ နှလုံးအိမ်ဝယ် မာန် မာန အတ္တ တို့သည် နေရာ အခိုင်အခန့် ရှိနေလေပြီ။ ထို့ကြောင့် တစ်ခဏမျှ လာသော တရားဟူသည့်ဧည့်သည် သည် သူမ၏ စိတ်နှလုံးဝယ် အပြည့်အ၀ နေရာယူနိုင်ပါမည်လော။ 

တွေးစရာပင်။ မည်သို့ပင်ဆိုစေကာမူ မိသန်းပြန်သွားသည့်အခါ သည်အခန်းလေးထဲ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ပေမည်။ နောက်တစ်ကြိမ် အခန်းတံခါးဖွင့်သံကို သူမနားစွင့်နေရမည်။ မျှော်လင့်နေရမည်။ သည်အခန်းသည် မှောင်နေသည် သို့သော်လည်း နေ့လားညလား မကွဲပြားသော သူမအတွက် အလင်းအမှောင် သည် အဓိက မကျ။ တံခါးဖွင့်လိုက်သည့် ကျွီ ဆိုသည့်အသံ ၀ုန်း ကနဲ ပြန်ပိတ်သွားသည့် တံခါး၏ အသံသည်သာ သူမ အတွက် ကမ္ဘာတစ်ခုဖြစ်နေလေ တော့သည်။


------
သူကြီးမင်းမှ အစပြုလို့ အစ်မသက်ဝေရဲ့ အမှတ်တရ tag ဂျက် ရဲ့ သတိတရလေးတွေကြောင့် BPP Challenge လေးအတွက် ရေးပြီးပါပြီ လို့ ။

သရုပ်ဖော် ပုံလေးကိုတော့ ထုံးစံအတိုင်း google ကနေ ရှာဖွေအသုံးပြုထားပါတယ်။ ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။

ဆွေလေးမွန် ထပ်ပြီး BPP Challenge ခေါ်ချင်သူများကတော့ဖြင့်

၁)ရင်ငြိမ်းသူ (ညီမလေး မသူ) (http://yinnyein.blogspot.hk)
၂) ကြည်ဖြူပိုင် ရဲ့ နွေဦးမိုး (http://kyiphyupaing.blogspot.hk)
၃)မဗေဒါရဲ့ ဗေဒါလမ်း (mabaydar.blogspot.hk)
၎) သဒ္ဓါလှိုင်း (http://thadarhline.blogspot.hk)
၅)အလင်းသစ်၏နေ့စွဲများ(http://alinthits.blogspot.hk)
၆)Random of NangNyi (http://nangnyi.blogspot.hk)
၇)ဆုမြတ်မိုး (http://hsumyatmoe88.blogspot.hk)
၈)အ နှိုင်း မဲ့ (http://hnine.blogspot.hk)
၉)နှင်းနဲ့မာယာ(http://blog.mysterysnow.org )
၁၀)အလှသစ္စာ ပန်းပွင့်များ(http://www.myatpannwe.com)