Friday 26 September 2014

ကိုယ့်အတွေးနှင့် ကိုယ်



 

 စိတ်သည် ထွေကာလီကာနှင့် ရှုပ်ထွေးလွန်းလှသည်။ ကိုယ်တိုင်သည် အရှင်းထဲနေချင်ပါသော်လည်း  အတွေးသည်ရှုပ်ရာ သို့ ခေါ်ဆောင်၏။ အနာဂတ်ကို မှန်းမျှော်ကြည့်သော် မရေရာမှုတို့သာ ရောယှက်၏။ သေချာသည်ဟူသော စကားလုံး သည် လေထဲတွင်ပျောက်ကွယ်သွားသည်လား ကိုယ်မသိ။ ဖမ်းဆုတ်လို့မရ။ သို့ဆိုလျှင် ပစ္ပုန်ကိုကြည့်မည်လား အားလျှော့ဖွယ်ရာနှင့် ပျင်းရိငြီးငွေ့စရာ ကောင်းနေပြန်သည်။

          တွေးတတ်သော သူအတွက် အတွေးသည် သတ်ကွင်းဖြစ်သလို  ကြောက်တတ်သော သူအတွက် အကြောက် တရားသည် ချည်တိုင်ဖြစ်သည်။ ထိုချည်တိုင်မှ မလွတ်သရွှေ့တော့ တွေဝေမှုဟူသည့် မရေရာ မပြတ်သားမှုတွေထဲ ကိုယ်ဖြတ်သန်းနေရပေမည်။ အမှန်ဆို တွေဝေမှု မရေရာမှုတွေထဲက ကိုယ်ရုန်းထွက်ချင် ခဲ့သည်မှာ ကြာခဲ့ပြီ။ ဒါပေသိ စိုးရိမ်ကြောင့်ကြစိတ်တို့ကြောင့် ကိုယ့်မှာ မလှုပ်ရဲ မကိုင်ရဲ မထိရဲ မတို့ရဲ။

          ကိုယ် ဘာကိုစိုးရိမ်သနည်း။ ဇစ်မြစ်ရယ်လို့ သေချာရှာမတွေ့။ ကိုယ်ဘာကို ငြီးငွေ့သနည်း။  အခါခပ်သိမ်းတို့ သည် တစ်သတ်မတ်တည်း တစ်ပုံစံတည်း သွားသောအခါ စိတ်လှုပ်ရှားဖွယ်ရာ ပျော်ရွှင်ဖွယ်ရာ မရှိသော အချိန်ကာလ ခပ်ကြာကြာကြီးအား ငြီးငွေ့၏။ အသစ်လည်းဖြစ်မလာ အဟောင်းလဲ မပျောက်ပျက် ထိုဘ၀ကြီးထဲတွင် အမြစ် တွယ် ပြီး အချိန်ကာလကြီးတစ်ခုကို ထိုင်စောင့် နေရခြင်းမှာ အတော်ငြီးငွေ့ ဖွယ်ကောင်း၏။

          ထိုအချိန်ကာလကြီးထဲတွင် မျှော်လင့်ချက်မရှိ။  ရောင်နီမရှိ။ အိမ်မက်မရှိ။ ထိုအခါ ကိုယ်သည် အသက်ရှုနေပါ လျက် လှလှပပကြီး သေဆုံးနေပြန်သည်။ သေဆုံးခြင်းထဲ အချိန်ကာလ ကြာရှည်စွာ နှစ်မျောမိ သွားသောအခါ အသက်ပါ လှသည့်အပြုံးအား ကိုယ်သည်ခဲရာခဲဆစ် ပြန်ရှာဖွေရပြန်လေသည်။ ထိုအခါမျိုးတွင် ကိုယ်သည် လှလှပပကြီး  ပြန် ပြုံးတတ် လာခဲ့သည်။

          တစ်ကယ်ဆိုလျှင် ကိုယ်သည်ရေရာပြတ်သားသည့် အစွန်းတစ်ဖက်တွင် မားမားမတ်မတ် ရပ်တည်ချင်လွန်းလှ သည်။ ပျင်းရိငြီးငွေ့ဖွယ်ရာ အချိန်ကာလကြီးကို ကျောခိုင်းထားလိုက်ချင်သည်။ အိမ်မက် မက်ချင်သည်။ မျှော်လင့် ချက်များ ရှင်သန်လိုသည်။ ရောင်နီကို တွေ့ဖူးချင်လှသည်။ သို့ပေမယ့် အိမ်မက်မှ နိုးသော်အခါ ပျောက်သွားသော အရာများအတွက် ကိုယ်မခံစားလို။ မျှော်လင့်ချက်များ သေဆုံးသွားသည့်အခါ နာကြင်ရမည့် ဒဏ်ရာကို စိုးရိမ်သည်။ ရောင်နီလာပြီး နေ၀င်လို့အနားသတ်သွားမှာကို ကိုယ်စိုးရွံလှသည်။

          ကိုယ့်ကိုယ်ကို သတိပေးသည်။ ဒါ.. သဘာဝ ..သဘာဝ။ စိတ်သည် ပြင်းပြင်းထန်ထန် ခံစားသည်။ သတိနှင့် စိတ် သည် လွတ်ပြန်လေသည်။ စိတ်နှင့်သတိ ပြန်တွဲမိသောအခါ ကိုယ်သည် အိပ်ချင်းမူးတူး တစ်ရေးနိုးသကဲ့သို့ လောကကြီးထဲ ကြည့်ပြန်လေသည်။   ပူမှာကိုကြောက်ရင် မပူအောင်နေပေါ့ ကိုယ့်ကိုယ်ကို ပြန်ဆုံးမပြန်လေသည်။ အပူနဲ့ခပ်ဝေးဝေးနေပြန်သည်။ လှလှပပသေဆုံးရမည့် ရက်တို့သည် နီးလာပြန်လေသည်။

          သတိချပ်မိသည် သြော် မကြာခင် အသက်ပါလှတဲ့ အပြုံးတွေ ပျောက်ကွယ်တော့မည်။ ရှားပါးလာတော့မည်။ ကိုယ်ငြီးငွေ့ပြန်လေသည်။ အိမ်မက်ထဲ ကိုယ်ပြန်လျှောက်မိပြန်သည်။ နိးလာပြန်သည်။ ဒဏ်ရာတွေ နာကြင်လာပြန်သည်။ ပူမယ်မှန်း ကိုယ်သတိကပ်မိပြန်ပြီ။ ဤသို့ဖြင့် သံသရာလည်ပြန်လေသည်။ သြော် .. အရှင်းနေလိုသော် ကိုယ့်ကိုယ်မှ အတွေးတို့သည် ရှုပ်ပြန်လေသည် တစ်ခါ။


---
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။  
သရုပ်ဖော်ပုံလေးကိုတော့ဖြင့် google ကနေရှာဖွေ ပြီး အသုံးပြု ထားပါတယ်လို့ ..


         
         
           

3 comments:

  1. တစ်ကယ်ဆိုလျှင် ကိုယ်သည်ရေရာပြတ်သားသည့် အစွန်းတစ်ဖက်တွင် မားမားမတ်မတ် ရပ်တည်ချင်လွန်းလှ သည်။
    သိပ်ပြတ်သားကြည့်ချင်တယ် ဟုတ်တယ်

    ReplyDelete
  2. ရောက်ခဲ့တယ် မွန်လေးရေ.. ကိုယ်ပိုင်အတွေးလေးနဲ့ ခံစားချက်လေးဖတ်သွားတယ်...
    ရှုပ်ထုံးရယ် ဖြည်သော်လဲ မပြယ်ဆိုသလိုပေါ့နော်...

    ReplyDelete
  3. ဆွေလေးရေ
    အမစံပယ်ကတော့လေ အသက်ပါလှတဲ့ အပြုံးတွေ ပျောက်ကွယ်ခဲ့တာ ကြာခဲ့ပြီကွယ်

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......