Thursday 2 October 2014

တိမ်ဝှက်တဲ့ လ





ညသည်လှ၏။ လ သည်လည်း သာ၏။ လှသောညနှင့် သာသောလ တို့ပေါင်းမိသော အခါ လရောင်ဖြာကျ လျှက်ရှိသော ၀ရံတာလေးသို့ တစ်ခါ ရောက်ခဲ့ရပြန်သည်။ လေအဝှေ့တွင်  ခြံထဲမှ စပယ်ရနံ့ တို့သည် ကြိုင်လှိုင်စွာ မွှေးပျံ့ နေလေသည်။ သြော် …ယစ်မူးဖို့ ကောင်းလိုက်ပါဘိ။ မျက်လုံးကိုမှိတ် လက်နှစ်ဖက်ကိုဆန့် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းမိ သည်.။ သြော်.. လရောင်မှာ ယစ်မူးမိပြန်ပေါ့။

          “လှတဲ့ညတိုင်းမှာကိုယ့်ကိုယ် သတိရပါလား”

သတိရလိုက်တာ။ ကျွန်မကို မေ့များသွားခဲ့ပြီလား။ သုံးနှစ် သုံးမိုးဆိုတဲ့ ရာသီအပြောင်းအလဲမှာ ခံစားချက်တွေအေးခဲသွားနိုင်သလား။ ကျွန်မကိုယ်တိုင်ကရော ရှင့်ကို ချစ်ခဲ့ဖူး သလား။ သေချာတာတစ်ခုကတော့ လရောင်မှာ လွတ်လပ်စွာယစ်မူးမိတဲ့ အချိန်တိုင်း ကျွန်မရှင့်ကို တမ်းတမ်းတတ လွမ်းနေခဲ့မိတယ်။ ရှင်သာ ဘေးနားမှာ ရှိရင်ဆိုတဲ့ အတွေးမျိုး အကြိမ်ကြိမ် တွေးမိတယ်။ တစ်ခါတစ်လေတော့လည်း  ရှင်ငှားခဲ့ဘူးတဲ့ ပုခုံးတစ်ဖက်ကို ကျွန်မသိပ်လိုချင်မိပြန်တယ်။

“နှလုံးသားရဲ့ စေညွန်ရာကို ဆန့်ကျင်ဘက် လမ်းလျှောက်တဲ့ မိန်းမပဲ”

အဟင်း ..နှလုံးသားရဲ့ စေညွန်ရာတဲ့လား။ ဖွဲ့တတ်လိုက်တာ။ ဒီလိုပဲ ကျွန်မက နှလုံးသားကို မထေမဲ့မြင် ပြုခဲ့တာ များတယ်။ ခံစားချက်တွေ ကြမ်းရှလွန်းခဲ့ပေမယ့် ကျွန်မပျော်နေခဲ့မိတယ်။ ဟုတ်တယ်လေ လူဆိုတာ ကိုယ်ရွေးချယ်ပြီးခဲ့တဲ့ လမ်းကို ကျေကျေနပ်နပ်ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ရတယ် မဟုတ်လား။ ကျွန်မက ခံစားချက်တွေကို ပိုက်ထွေးထားတတ်တဲ့ မိန်းမတစ်ယောက် မဟုတ်တာ ရှင်လဲသိပြီးသားပဲ။ ဘ၀ကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်တဲ့ မိန်းမ။

ဒါကြောင့် လေးပင်လွန်းတာတွေဆို ပစ်ချလိုက်တာပဲ။  သယ်ထားပြန်လဲ လေးလံလွန်းနေရုံအပြင် ဘာမှ လုပ်လို့မရမယ့် အတူတူ တစ်နေရာရာမှာ ပစ်ထားခဲ့လိုက်တာပဲ ကောင်းပါတယ်။ ရှင်က ကျွန်မကို သတ္တိနည်းလိုက် တာလို့ ထင်ခဲ့မယ် မဟုတ်လား။ ပြသနာတစ်ခုကို ခေါင်းရှောင်တတ်တဲ့ မိန်းမ။ ကိုယ်လုပ်ခဲ့တဲ့ အမှားတစ်ခုကို ၀န်မခံတတ်တဲ့ မိန်းမလို့ ထင်နေခဲ့တယ် မဟုတ်လား။ ကောင်းပါတယ်။ တစ်ခါတစ်လေ အမှန်တရားတစ်ခုဖြစ်ပေ မယ့် ဖြေရှင်းလိုက်တဲ့အခါ တစ်ဖက်သူအတွက် ဘ၀ပျက်စရာဆိုရင် ဒီအတိုင်းလေးပဲ သေချာထုပ်ပိုးပြီး အမှန်တရားကို ပြတိုက်ထဲ ထည့်သိမ်းထားလိုက်တာ ပိုကောင်းမယ်လို့ ကျွန်မထင်တယ်။

“ဆောင်း. ငါ..နင့်ကိုအရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ့ကြောင့် .. နင်..နင်..”

အင်း. ဟုတ်တယ် မိပုံ နင့်ကြောင့် ငါဟာ လသာတဲ့ညတွေမှပဲ လရောင်ကို ယစ်မူးပြီး ချစ်သူကို လွမ်းခွင့် ရတော့တယ်။ ဒါပေမယ့် နင့်မိသားစု ဘ၀လေးသာယာစိုပြေနေတယ် ဆိုရင် ငါကျေနပ် နှစ်သိမ့်နိုင်ပါတယ်။ ငါ့ရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်းလေးအတွက်ပဲ။ ဖြစ်ပြီးခဲ့တာတွေအတွက် ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်တင် မနေချင် တော့ပါဘူး။ အရာအားလုံးဟာ သူ့အကွက်နဲ့ သူ့ဂွင် အံဝင်ဂွင်ကျ ဖြစ်နေခဲ့တာပဲ။

“ဆောင်း ဒါ. ငါ့ရဲ့ မတ်ကလေး ကို့ ရဲ့ ညီ “ညီညီထက်” တဲ့”

          မိပုံကြောင့်ပဲ ရှင်နဲ့ သိကျွမ်းခွင့်ရခဲ့တယ်။ ကျွန်မနဲ့ ခင်မင်ချင်လွန်းလို့ မိပုံကို အသုံးချခဲ့တယ် ဆိုတာတော့ ရှင်နဲ့ ရင်းနှီးသွားပြီနောက်ပိုင်းမှပဲ ရှင်ပြောပြလို့ ကျွန်မသိခဲ့ရတယ်။ ဘာပဲပြောပြောပါ ချစ်တတ်ခဲ့ ချစ်မိခဲ့တာက တော့ ကျွန်မဘ၀ရဲ့ အတွေ့အကြုံသစ်ပေါ့။
         
          “ဆောင်း.. ဟိုနေ့က မိပုံနဲ့ ဘယ်သွားတာလဲ. ကိုယ် မင်းတို့နှစ်ယောက် မြိုင် ဆေးခန်းထဲက ထွက်လာတာ တွေ့လိုက်တယ်။”       

          ရှင်မေးတာကတော့ ခပ်ရိုးရိုးပဲ။ ဒါပေမယ့် ကျွန်မနားထဲ မိုးကြိုးပစ်ချလိုက်သလိုပဲ။ အဲဒီနေ့က ဆရာဝန် ပြောလိုက်တဲ့ စကားလဲ နားထဲပြန်ကြားယောင်မိတယ်။

          “လူနာ နာမည်က ပုံပုံချစ်နော်။ ပြောရမှာတော့ စိတ်မကောင်းဘူးဗျ။ ခင်ဗျား ကိုယ်ဝန် ဖျက်ချခဲ့ဖူးတယ် မဟုတ်လား။ ”

မိပုံကတော့ မျက်လုံး အပြူးသားနှင့်

          “ရှင်..”

           “ဟုတ်တယ်ဗျ. ခု ခင်ဗျားမှာ ကလေးမရနိုင်တာက အဲဒီကိစ္စကြောင့်ပဲ ။ ခင်ဗျား အမျိုးသားမှာတော့ ဘာပြသနာမှ မရှိပါဘူး။ အမျိုးသားကို သေချာပြောပြပေါ့ဗျာ။ ဒါပေမယ့် စိတ်ဓာတ်တော့ မကျပါနဲ့။ ကျွန်တော် အခု ဆေးပေးလိုက်မယ် ။ စွဲပြီးသောက်ကြည့်ပေါ့။ ကံကောင်းရင်တော့ ခင်ဗျား မိခင်လောင်းတစ်ယောက် ဖြစ်လာ နိုင်ပါသေးတယ်”

          အဲဒီတုန်းက မိပုံကို ကျွန်မ စိတ်ဆိုးလိုက်တာလေ။ ကိစ္စတွေ အကုန်  ပြီးစီးတော့မှ ကျွန်မသိခဲ့ရတာ။ မသေကောင်း မပျောက်ကောင်း တစ်ခုခုများဆိုတာကို တွေးမိလေ မိပုံ ကို ဂရုဏာဒေါသောနဲ့ ဆူမိလေပဲ။ မိုက်လိုက်တာ မိပုံရယ်လို့ အကြိမ်ကြိမ် ညည်းတွားမိသည်အထိ။ မိပုံ လည်း ကံကောင်းလို့ အသက်ရှင်ကျန်ခဲ့တာ။ ဝေဒနာကို ခံစားလိုက်ရတာ များ မသေရုံတစ်မယ်။  ဒါပေမယ့် သေချာတာတစ်ခုကတော့ အဲဒီတုန်းက ကိုယ်ဝန်က အခုလက်ရှိ အမျိုးသား(ခင်ပွန်း)နဲ့ မဟုတ်ဘူး ဆိုတာပဲ။
 
          “ဆောင်း ကိုယ်မေးနေတယ်လေ။ ”
         
ကျွန်မက ခပ်လွယ်လွယ်ပဲ ဖြေခဲ့တာပါ။

          “ကျွန်မ..ကျွန်မ သွားပြတာပါ။ မိန်းမရောဂါပါ.။ ဆေးစွဲသောက်လိုက်ရင် ကောင်းသွားမှာပါလို့ ဆရာဝန်က ပြော တယ်။ ”

          အဲဒီအဖြေရဲ့ နောက်ကွယ်မှာ သေလောက်အောင် နာကျင်မှုတွေ ရှက်ရွံ့မှုတွေ ရှိနေမယ်လို့ ကျွန်မဘယ်သိပါ့မလဲ။  ကျွန်မသိတာက မိပုံကို ကာကွယ်ရမယ်။ ဒါပေမယ့် ကျွန်မ မသိခဲ့တာတစ်ခုက အဲဒီနေ့က ရှင် ကျွန်မကို ချစ်ခွင့်ပန်မလို့တဲ့။ ရှင့်အတွက် အဖြေက ရှိနှင့်ပြီးသားပါ။ ရှင်ရဲ့နှုတ်က ဖွင့်ပြောမယ့် အချိန်ကိုပဲ မျှော်လင့်နေခဲ့မိတာ ။ တစ်ကယ်တမ်းတော့ အဲဒီနေ့က နောက်ထပ် ဘာစကားမှ ထပ်မပြောဖြစ်တော့ဘူး။ မှာထားတဲ့ ကော်ဖီခွက်တွေ အကုန်မှာ ရှင်နဲ့ကျွန်မ တိတ်ဆိတ်ငြိမ်သက်စွာ အဲဒီဆိုင်လေးက ထပြန်ခဲ့ကြတယ်ဆိုတာပဲ။
         
          “ဆောင်း. သူငယ်ချင်း. ငါ.. ငါ ..နင့်ကို အားနာလိုက်တာဟာ. ငါ..တောင်းပန်ပါတယ်.ငါ့ကြောင့် ..”
         
          ငိုသံ ခပ်အက်အက်နှင့် ဖုန်းထဲက မိပုံအသံ။ နင်တောင်းပန်နေတာလား။ ပြီးသွားပါပြီဟာ။ ထားလိုက်ပါတော့။ နင်ကိုယ်တိုင်မှ အမှန်တရားကို ရင်ဆိုင်ဖြေရှင်းရဲတဲ့ သတ္တိမှ မရှိတာ။ တစ်ကယ်ဆိုသူလာမေးတဲ့ အချိန်မှာ နင်အမှန်တရားတစ်ခုကို ချပြလိုက်ဖို့ကောင်းတယ်။

          “ညီညီ အဲဒီနေ့က ဆေးခန်းထဲ ၀င်လိုက်လာတယ်တဲ့။ ငါတို့နှစ်ယောက် ဆေးခန်းက ဆေးကောင်တာမှာ ဆေးယူပြီး ထွက်သွားတော့ သူနောက်ကနေ လိုက်ခေါ်မလို့။ဒါပေမယ့် ဆရာဝန်ဘေးက နပ်စ်နဲ့ ဆေးကောင်တာက ကောင်မလေးတွေရဲ့ စကားပြောသံကြောင့် သူလိုက်မခေါ်မိခဲ့တာတဲ့။ ”

          “ညည်းတို့လဲ သတိထားကြ ဟိုမှာတွေ့လား လူမသိသူမသိ ကိုယ်ဝန်ဖျက်ချပြီး ခုမှဒုက္ခနဲ့ လှလှ တွေ့နေကြ တာ ” တဲ့။

   အဲဒီညကဆိုရင်လေ တစ်ညလုံး အတွေးတွေနဲ့ရှက်ရွံ့ နေလိုက်တာ။ ရှင်ကျွန်မကို အထင်သေး သွားလောက်ပြီပေါ့။

          “ဆောင်း. ကိုယ် မင်းကို ချစ်တယ်။”

ရှင့်မျက်ဝန်းထဲမှာ ကျွန်မကို သနားတဲ့ အရိပ်အယောင်တွေ ။ ယူကျုံးမရတဲ့ အကြည့်တွေ။ ဖြစ်မှ ဖြစ်ရလေ ဆိုတဲ့ အကြည့်တွေ တွေ့နေရတယ်။ ၀မ်းနည်းရတယ် ၀မ်းသာကြည်နူးရတယ်။ ၀မ်းနည်းမိခဲ့တာက ရှင့်အသိထဲ မှာ ကျွန်မက မသန့်ရှင်းတော့တဲ့ မိန်းမတစ်ယောက်။ ၀မ်းသာမိတာက ကျွန်မကို ဒီလောက်တောင်ပဲ ချစ်ခဲ့ရသတဲ့ လား။ ဒါပေမယ့် မကျွမ်းခင်က လွမ်းနှင့်နေရပြီ။

  “ကျွန်မ ရှင့်ကို မချစ်ဘူး။”

ရှင်က ခပ်တိုးတိုး ရေရွတ်ရင်း မှတ်ချက်ပေးတယ်။

“နှလုံးသားရဲ့ စေညွန်ရာကို ဆန့်ကျင်ဘက် လမ်းလျှောက်တဲ့ မိန်းမပဲ”


ကျွန်မက ပြုံးတယ်လို့ ဆိုသာရုံ အပြုံးမျိုးသာ ဖန်ဆင်းပြလိုက်တယ်။ ပြတ်သားစွာ လိမ်ညာတယ်။ ပိရိစွာ ခြေရာဖျောက်တယ်။ သေသပ်စွာ ကျောခိုင်းခဲ့တယ်။ ကြာတော့လည်း မေ့သွား မှာပါလို့ ဖြေတွေးခဲ့တယ်။ ဟော.. မှောင်သွားပြီ မှိတ်ထားတဲ့ မျက်လုံးတွေ ပြန်ဖွင့်ကြည့်မိသည်။ လမင်းကြီးကို တိမ် မည်းတွေ အုပ်သွားတာကိုး။  အေးမြတဲ့ လရောင်အစား ၀ရံတာမှာ မှောင်မိုက်မှုတွေ ကြီးစိုးသွားပြန်တယ်။ လမင်းကြီးကို နှုတ်ဆက်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ ကျွန်မသွားတော့မယ်။  နောက်တစ်ကြိမ်များ လရောင်မှာ ယစ်မူးဖို့ အခွင့်အရေး ရှိခဲ့မယ်ဆိုရင် ကျွန်မတို့ ပြန်ဆုံကြသေးတာပေါ့လို့။ ခြံထဲမှ စံပယ်ရနံ့တို့သည် မွှေးပျံ့ ကြိုင်လှိုင်နေစဲ။   ။




-----
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။ 
သရုပ်ဖော်ပုံလေးကိုတော့ဖြင့် ထုံးစံအတိုင်း google ကနေ ရှာဖွေပြီ အသုံးပြုထားပါတယ်။

4 comments:

  1. ဆွံ့အသောစကားလုံးများအဖြစ် ရေသောက်ပြီးမျို ချသွား

    ReplyDelete
  2. စာအရေးအသားလေးတွေကောင်းတယ် မွန်လေးရေ...
    စကားမစပ် 'ယူကျိုးမရ' ဆိုတဲ့နေရာမှာ 'ယူကြုံးမရ' ဆိုတဲ့စာသားလေးလားလို့ ဇဝေဇ၀ါဖြစ်နေတယ်။
    တီတင့်က မြန်မာသတ်ပုံကိုတတ်နိုင်သမျှ သတိထားတတ်လို့မေးကြည့်တာပါ....

    ReplyDelete
    Replies
    1. တီတင့်ရေ. အမှန်က "ယူကျုံးမရ" တဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ကြည့်တာ. ဆွေလေး ပြင်လိုက်ပြီ. ခုလိုထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ် တီတင့်ရေ နောက်တွေ့ရင်လဲ ပြောနော် .. :) :) :)

      Delete
  3. နှလုံးသားရဲ့ စေညွန်ရာကို ဆန့်ကျင်ဘက် လမ်းလျှောက်တဲ့ မိန်းမပဲ××××××××××ဂျက်လဲ တွေ့ဖူးတယ် အပြင်လောကမှာ အမျိုးသမီးရော အမျိုးသားပါ (ဒါမျိုးလေးတွေလဲ ရှိတတ်ကြတာပဲ)လို့ တွေးမိတော့ ခုဖတ်ပြီး တွေ့ဖူးခဲ့တဲ့ သူတွေကိုပြန်သတိရမိတယ် အရေးအသားတွေက(စကားလုံး) ရင်ကိုထိတယ်

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......