Friday, 8 July 2011
အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၃)
မျှော်သာမျှော်သည် မျှော်သူကတော့ ပေါ်မလာခဲ့။ စိန်ပန်းတွေပွင့်သည် ထို့နောက် ငုဝါ ထို့နောက်ပိတောက် ထို့နောက် သင်္ကြန် မည်သို့ပင်ဆိုစေ ရင်မောရသူက ထွန်းသစ်ပါလေ။ နုငယ် တစ်ယောက် သတိလေးတောင်ရရဲ့လားမသိ။ သူကတော့ တစ်နေ့ ပြန်လာနိုးနိုး မျှော်နေခဲ့သော်လည်း အရိပ်အရောင်လေးမျှပင် မတွေ့ရ။ မျှော်ရတာကြာတော့ မျှော်လင့်ချက်တို့ အေးခဲ လာခဲ့သည်။ နောက်ဆုံး.အောင်စာရင်းထွက်သည့်နေ့မှာတော့ သေချာသည် တွေ့ရမည်။ ထို့နေ့သည်သာ နုငယ်အားတွေ့နိုင် သောနေ့ ။
အောင်စာရင်းတွေထွက်တော့မည်။ ညဘက်ထဲက ကျောင်းသားများလှုပ်လှုပ်ရွရွ ။ ထွန်းသစ် ကတော့ ငြိမ်ငြိမ်သာ နေချင်သည်။ ခုထိ နုငယ် ပြန်ရောက်မလာသေး။ နုငယ်ရာ နင်ပြန်မလာသေးဘူးလား။ ငါဆိုတဲ့ကောင်ရော နင့်အတွေးထဲမှာ ရှိသေးရဲ့လား။
(ဒေါ်ကြူ) သား..ဘာဖြစ်နေလဲ မနက် အောင်စာရင်း အတွက် စိတ်လှုပ်ရှားနေတာလား။ သားကိုကြည့်ရတာ တက်တက် ကြွကြွကို မရှိဘူး။ စာမေးပွဲပြီးထဲက။ အမေကြည့်နေတာကြာပြီ။ စာမေးပွဲကျတော့လဲ ဘာဖြစ်လဲသားရယ် နောက်တစ်နှစ်ပေါ့။
ဒေါ်ကြူကတော့ သားဖြစ်သူ စာမေးပွဲအတွက်လို့ထင်သည်ကိုး။ ထွန်းသစ်ကတော့..
(ထွန်းသစ်) မဟုတ်ပါဘူး အမေ သား စာမေးပွဲက အောင်မှာပါ။
(ဒေါ်ကြူ) ဒါဖြင့်…
ရုတ်တရက်စဥ်းစားသွားသလိုနှင့်… မျက်နှာထားက အော်..ဒါကိုး…လို့
(ဒေါ်ကြူ) အော်. ဟော်ဟော် ငါ့သားက နုငယ်ကိုလွမ်းနေတာလား။ သားရယ် မင်းဖြင့် ၁၀ တန်းစာမေးပွဲတောင် အောင်စာရင်း မကြည့်ရသေးဘူး။ ခုထဲက မင်းဟာက ..
(ထွန်းသစ်) အာ အမေကလဲ သတိရစရာလား သူ့ကို။ ဒီလောက် သံယောစဉ် မဲ့တဲ့ မိန်းကလေးကိုများ..
ပြောပြောဆိုဆို ထွန်းသစ် အိပ်ခန်းထဲ ၀င်သွားသည်။ ဒေါ်ကြူက တော့ ပြုံးပြီးကျန်ခဲ့သည်။ ဟုတ်သည်လေ။ ဒီဇာတ်က သူနှင့် နုငယ် အမေ တို့ပေါင်းကြံတဲ့ ဇာတ်ကိုး။ ကလေးနှစ်ယောက်ကို ကြည့်ရသည်မှာ ခုတစ်လော နည်းနည်းမူမမှန်ချင်။ ပြီးတော့ ငယ်သေးတဲ့ အရွယ်ဆိုတော့ ပြောလို့ရရင်တော်သေး။ တော်ကြာ တစ်ခုခုဆို ရင်ကျိုးရမှာက မိဘ။ ထို့ကြောင့် စာမေးပွဲပြီးတာ နှင့် ကလေးနှစ်ယောက်ကို ခွဲထားဖို့ စီစဉ်လိုက်ကြသည်။ ငယ်သေးကြတာပဲလေ။ ဘယ်မှာလာပြီး ခိုင်မြဲတဲ့ အချစ်ဖြစ်မတုန်း။ တစ်ဒင်္ဂလေး စိတ်လှုပ်ရှားသည်ကို ရူးမိုက်ဖို့စဉ်းစားနေကြသည်မဟုတ်လား။ ခုတော့လဲ ပြီးတာပဲ။ သားပုံစံကြည့်ရတာ နုငယ် ကို စိတ်ဆိုးနေပုံ။ နုငယ် အမေကလဲပြောသည်။ ခဏခဏ ပြန်လာမယ်ပဲ လုပ်နေလို့ ပညာသားပါပါ နဲ့ အောင်စာရင်းထွက်မှ ပြန်လာလို့ပြောထားကြောင်း။ မနက်ဖြန် နုငယ်ရောက်ပါလိမ့်မည်။ မနက်စောစောပေါ့… ၉ နာရီ ၁၀ နာရီလောက်..
ဟေး ငါအောင်တယ်ကွ ငါအောင်တယ်..
ဟင်း….ငါကျတယ်ကွာ…ဆိုတာမျိုး ကျောင်းရှေ့မှာ ကျောင်းသားတစ်သိုက် ဆူညံလို့။ တစ်ချို့ကျပျော်လို့ တစ်ချို့ကျ ငိုင်လို့ တစ်ချို့လဲ ငိုလို့..စုံလို့ပါလေ။ အဲဒီထဲမှာ ထွန်းသစ်တို့ သူငယ်ချင်းတစ်စုလဲပါတယ်။
(မင်းလွင်) ထွန်းသစ် ဂုဏ်ယူတယ်ကွာ။ မင်း ၃ ဘာသာတောင် ဂုဏ်ထူးထွက်တယ်။ ငါကတော့ အောင်ယုံပဲ အောင်တယ်ကွ။ မျိုးကြီးကတော့ ကျတယ်ကွ။ ဒါတောင် ဒီကောင်က ဘာဖြစ်ဖြစ် လျှောက်လည်ကြမယ် လုပ်နေသေးတယ်။ ဒီကောင့်အဖေက ကျတယ် ကြားလို့ တုတ်တစ်ချောင်းနဲ့ လိုက်လာပြီး ဒီကောင်ကို ပြန်ခေါ်သွားလို့ကွ။ နုငယ် လဲ ၁ ဘာသာ ဂုဏ်ထူးပါတယ်ကွ။ ဟေ့ကောင် ထွန်းသစ် ဘာဖြစ်နေလဲ ..မပျော်ဘူးလား..နုငယ် ပြန်မလာသေးလို့လား။
(ထွန်းသစ်) အေးကွာ ငါနုငယ်ကို အရမ်းသတိရနေတယ်။ ဒီနေ့တော့ နုငယ်နဲ့တွေ့ရပြီလို့ မှတ်ထားတာ။ ခုထိ ရောက်မလာသေး ဘူးကွာ။ မလာတော့ဘူး ထင်ပါရဲ့။
(မင်းလွင်) မင်းကလဲ လာမှာပါကွ။ ဒီနေ့လိုနေ့မျိုး ဘယ် ၁၀ တန်းကျောင်းသားမှ လက်လွှတ်မခံဘူး။
(ထွန်းသစ်) မသိဘူးကွာစိတ်ထဲမှာ မပျော်ဘူး။ တစ်ခုခုလိုနေသလိုပဲ။ လာကွာ ငါတို့ ကျောင်းထိပ်က လက်ဖက်ရည်ဆိုင် သွားရအောင်။
သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဘယ်မေဂျာက ကောင်းသည်။ အမှတ်ကတော့ ဘယ်လောက်ရနိုင်သည်။ ပြောဖြစ်ကြသည်။ ထို့နောက် တိတ်ဆိတ်သွားကြပြန်သည်။ ဒိုင်ခံပြောနေသူက မင်းလွင်။ နားထောင်နေသူက ထွန်းသစ်။ ခဏကြာတော့ မင်းလွင် မသိမသာ သက်ပြင်းခိုးချရင်း.
(မင်းလွင်) သူငယ်ချင်း စိတ်ထဲမှာ အရမ်းထားမနေပါနဲ့ကွာ။ သူပြန်လာမှာပါ။ မင်း မပြန်သေးဘူးလား။
ထွန်းသစ် ခေါင်းခါပြသည်။ တစ်ကယ်တော့ မင်းလွင် စကထဲက လက်ဖက်ရည်ဆိုင် လိုက်ချင်သည်မဟုတ်။ ထွန်းသစ် ကိုအားနာလို့သာ သူလိုက်လာချင်းဖြစ်သည်။ အိမ်ကလဲ မျှော်နေတော့မည်လေ.
(မင်းလွင်) အေး..ဒါဆို သူငယ်ချင်း ငါပြန်တော့ မယ်နော်။ မင်းလဲ အကြာကြီးထိုင်မနေနဲ့ ။ အိမ်ပြန်ပြီး မင်းမိဘတွေကို အကြောင်းကြားလိုက်အုန်း။
(ထွန်းသစ်) အေးပါကွာ။ အမေတို့လဲ ခုလောက်ဆို သူများပြောတာနဲ့ သိလောက်ပါပြီ။ ငါလဲခဏဆိုပြန်မှာပါ။
(မင်းလွင်) အေးအေး ဒါဆို ငါသွားပြီနော်..
(ထွန်းသစ်) အင်း..
အင်းလို့သာ ပြောသည် စိတ်နှင့်လူမကပ်။စိတ်ထဲ ဘာလိုနေမှန်း ဘာဖြစ်နေမှန်းကို သူကိုယ်တိုင်မသိ။ ဘာမှလဲ လုပ်ချင်စိတ်မရှိ။ ဆိုင်ထဲမှ နေပြီး အပြင်မှာ သွားလာနေသော လူများကိုသာ လိုက်ပြီးငေးနေမိသည်။ တစ်ခါတစ်ခါ အသိစိတ်လေးသူ့စိတ်လေး ပြန်ကပ်လာတော့ စိတ်ထဲမှာတနေမိတာက နုငယ်..နုငယ်. နာကျင်ပါတယ်လေ မေ့လိုက်တာကောင်းပါတယ်လို့တွေးပြန်တော့ နောင်တတွေပဲ ရလာသလိုလို။ စိတ်ထဲမှာ အော်ဟစ်ပစ်လိုက်ချင်သည်။ ဘာဖြစ်နေတာလဲကွာလို့သာ ကိုယ်ဘာကိုယ် အော်ပြီး ပြန်မေးလိုက်ချင်သည်။ အိမ်လဲမပြန်ချင်သေး။ ဒီလိုနေလို့တော့ မဖြစ်။ ကျောင်းထဲကို တစ်ခါလောက် အောင်စာရင်း ပြန်သွား ကြည့်လိုက်အုန်းမည်။ ဒီတိုင်းဆို ကြာရင်သူရူးသွားနိုင်သည်။ ကဲ တွေးနေကြာပါတယ်လေ ကျောင်းထဲတစ်ခေါက်ပြန်သွားမည်။
ဒီလိုနှင့်သူခြေလှမ်းတွေကို ကျောင်းဘက်ကို ဦးတည်လိုက်သည်။
ကျောင်းပေါက်ဝရောက်ပြီး ကျောင်းထဲလှမ်းကြည့်လိုက်တော့ ထွန်းသစ်လုံးဝ မမျှော်လင့်ထားသောသူ။ နုငယ် ပြန်ရောက်နေသည်။ ၀မ်းသာအားရ စိတ်လွတ်ကိုယ်လွတ် ခြေလှမ်းကျဲကြီးများဖြင့် နုငယ်ဘေးနားရောက်အောင် သူလှမ်းလိုက်သည်။ ရုတ်တရက် မမျှော်လင့်သော မြင်ကွင်းကြောင့် သူ့ခြေလှမ်းတို့ တုံ့ကနဲ ရပ်သွားသည်။
အသက်လေးငါးနှစ်မျှ ကြီးပုံရသော အစ်ကိုကြီးတစ်ယောက်ထံသို့ နုငယ် လျှောက်သွားသည်။ ပြီးတော့ စကားပြောနေကြသည်။ ပြီးတော့ ရယ်လို့မောလို့ ပျော်လို့ရွှင်လို့။ အဲဒီ အစ်ကိုကြီးသည်လည်း လူစိမ်းပဲဖြစ်မည်။ တစ်ခါမှ သူမမြင်ဘူး။ ဘာလဲ။ စကားပြောပုံတွေက အလွန်ရင်းနှီးနေကြသည်။ ပြီးတော့ နုငယ် ကတစ်ချက်တစ်ချက် ရှက်ရှက်သွားသလိုမျိုး။ ဘာလဲ ...ဘာလဲ..
နုငယ်...နုငယ်ရေ ... နင်ဘာလဲဟာ.. ......
***************************************
အပိုင်း(၄) ကို မကြာခင်ဆက်ရေးပြီးတင်ပေးပါ့မယ်နော်။ ပြီးတော့ ဒီပို့(စ်)လေးရဲ့ အရှေ့ က စာပိုဒ်တွေမှာ "-့ " အောက်ကမြင့် သုံးထားတာလေးတွေက နည်းနည်းမှားနေတယ် ။ typing error ပါ။ keyboard ပြန်ပြောင်းပြီး install လုပ်ထားတော့ လက်က ရိုက်ရတာ အကျင့်မဖြစ်ပဲနဲ့ မှားသုံးထားမိတယ်။ ပြင်ဆင်ပြီးတော့ ပဲ ဖတ်ပေးကြပါလို့ တောင်းပန်ပါရစေနော်။
ဘာလော့ မောင်နှမ များအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေနော်.
Posted by
ဆွေလေးမွန်
Subscribe to:
Post Comments (Atom)
မမရေ အခန်းဆက်လေးမို့ မပျက်မကွက် အားပေးလျှက်ပါလို့...ဆက်ရန်မျှော်နေပါတယ်လို့..
ReplyDeleteဟုတ်သား နုငယ်နဲ့ စကားပြောနေသူက ဘယ်သူပါလိမ့်
ReplyDeleteသိချင်စိတ်တွေ များနေတုန်း ဆက်ရန်ဖြစ်သွားတယ်
ကောင်းခန်းမှာ ရပ်ပစ်တာကိုး
မဖတ်ဖြစ်တာကြာလို့ အရှေ့အပိုင်းတွေ နဲနဲ ပြန်ဖတ်လိုက်ရသေးတယ်။
ReplyDeleteဆက်ဖတ်လိုက်အုံးမယ် (၄) နဲ့ (၅)
Korea ကားလို ၀တ္တုရေးတတ်တယ်... ကောင်းခန်းရောက်မှ...
ReplyDelete