Monday, 11 July 2011
၂၀၀၀ ခုနှစ် တက္ကသိုလ် ဖီလင်..
ပူပြင်းလှသော နေရောင်ခြည်ကြောင့် ကြည့်နေရသော မျက်လုံးတို့ပင် ကြိမ်းစပ်စပ်ဖြစ်လာ၏။ တစ်ချက်တစ်ချက် ဝှေ့ကနဲ့တိုက်လိုက် သောလေပြေကြောင့်တော့ အေးသလိုလို ဒါပေမယ့် လွင်ပြင်ပူပူက ဖြတ်လာရသည်မို့ ပူတာပါပဲလေ။လွင်တီး ခေါင်ပြင်ထဲထီးထီးကြီး ရှိနေသော အသစ်စက်စက် တက္ကသိုလ်ကျောင်းတော်ကြီးအား စိတ်ပျက်လက်ပျက်နှင့် နောက်သို့ပြန်လှည့်၍ ကြည့်နေမိသည်။ ဘယ်မှာလဲ စိတ်ကူးထဲက တက္ကသိုလ် ဘယ်မှာလဲ ဦးချစ်လက်ဘက်ရည်ဆိုင် ဘယ်မှာလဲ ကျောင်းသားဘ၀ ပျော်ရွှင်မှု။
ရင်ခုန်စရာ မကောင်းလိုက်တဲ့ တက္ကသိုလ်ကျောင်းသူဘ၀။ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာတော့ အဲလိုမဟုတ်။ ထစ်ကနဲရှိ ဗေဂျိဆို ကိုယ့် ကံကြမ္မာကများဆိုးနေသလား။ သစ်ပုပ်ပင် မတွေ့ ကံ့ကော်လဲ မတွေ့ king လဲမတွေ့ Queen လဲမရှိ ။ အို..အသင်လောကဟူ၍သာ အားရပါးရ အော်ဟစ်လိုက်ချင်၏။
ယခင် ယခင်က တက္ကသိုလ်ကျောင်းသူလေးများလှကြသည်။ ကျောင်းသားလေးများ ခန့်ကြသည် သန့်ကြသည်။ပျော်ကြသည် လွတ်လပ်ကြသည်။ သံယောဇဉ်တွေ ဖလှယ်ကြသည်။ သူငယ်ချင်းဆိုလဲ သူငယ်ချင်းသံယောဇဉ် အချစ်ဆိုလဲ အချစ်ရဲ့ ရသ။ ပြည့်ပြည့်၀၀ ခံစားနိုင်ကြသည်။ကဗျာဆန်နိုင်ကြသည်။ ဒဿန တွေ ရှာဖွေခဲ့ကြသည်။ အတွေ့အကြုံတွေ ဖလှယ်နိုင်ခဲ့ကြသည်။ မည်မျှလောက် များ အားကျစရာကောင်းသနည်း။ အတွေးလေးနဲ့တင် ကြည်နူးလှပါဘိ..
ယခုခောတ် တက္ကသိုလ်ကျောင်းသူလေးများ မိန်းကလေးမို့ လှချင်ပါသောကြောင့် ပြင်မိဆင်မိခြယ်မိသည်။ ကြာသော်မျက်နှာသည် တစ်ဖြည်း ဖြည်းနှင့် ထူထူပိန်းပန်း အမ်းတမ်းတမ်းဖြစ်လာသည်။ ဖုံများတက်လာသောကြောင့်ဖြစ်သည်။ ပါးနီသည် မနီနိုင်ပဲ မည်းလာသည်။ ခြယ်သထားသော မျက်ခုံးမွှေးတို့သည်လည်း တရုတ်သိုင်းကား များမှ မိစ္ဆာသိုင်းသမား များကဲ့ သို့ မည်းမည်းနက်နက် ထူထူပိန်းပိန်းဖြစ်လာ၏။ ခြုံငုံပြီးပြောရသော် မပြင်သော်မှ ပို၍လှ၏။ ဤ ကား တက္ကသိုလ်သစ်ကြီးထဲမှ ကျောင်းသူလေးများ လှပုံပ ပုံဖြစ်သည်။
နောက်ထပ် အကျိုးထူးတစ်ခုလဲ ရှိသေးသည်။ ကျောင်းမသွားချင်လျှင် အရှင်းမသွားက ပိုကောင်း၏။ ကျောင်းရောက်ပြီးမှ လစ်သော် အကျိုးကား ဘတ်(စ်)စီးရသည်မှာ တစ်မေ့တစ်မော တစ်ခေါခေါနှင့် ကျော်သည့်မှတ်တိုင် ပြန်ပြန်လျှောက်နေရသောကြောင့် ရုပ်ရှင်ကြည့်သော် လက်မှတ်မရ။ ဒါဖြင့် တစ်ခုခုစား အိမ်ပြန်ကြစို့ ဆိုတော့ အာလုံး၏ အဖြေသည် နေပူကျဲတဲ နာရီတော်တော်များများ ကားစီးခဲ့ရသဖြင့် ပင်ပန်းချေပြီ။ အိမ်ပြန်ပြီး အိပ်သည်က ပို၍ဇိမ်ကျသည်ဟု အဆိုတင်သွင်းကြပြန်၏။
ဒါတင်မကသေး ကျောင်း canteen ၏ ကျော်ကြားမှုများမှာလဲ ပြောဖွယ်ရာမရှိ။ ပေါပေါလောလော ခပ်မြန်မြန်ရသောစားစရာမှာ READY MAKE ခေါက်ဆွဲပြုတ်နှင့် SUPER COFFEE ဖြစ်သည်။ တစ်ခြားစားစရာများကတော့ ပိုက်ဆံလဲများမှ အချိန်လဲပေးမှ အရသာလဲ ချာလျှင် ချာတူလန်သည်။ ကောင်းလျှင်လဲ လွှတ်ကောင်းသည်။ ထို့ကြောင့်ရှေ့ကဆိုခဲ့ပြီး ဖြစ်သည့် အတိုင်း ပြောဖွယ်ရာ ဘာမျှ မရှိသော ကြောင့် ပြောဖွယ်ရာ မရှိ canteen ဖြစ်၏။
သို့ပေမယ့် အချို့ယောက်ကျားလေးများကတော့ အေးအေးလူလူရှိလှသည်။ လွတ်နေသော အဆောင်များထဲတွင် ၀ိုင်းကြသည်။ အတတ်ပညာဟူသည် စုံအောင်တတ်ထားမှ ကောင်းသည်မဟုတ်လား။ ကဲထားပါ ။ ဒါဖြင့် သူငယ်ချင်းများများထား ၀ိုင်းဖွဲ့ပြီး ပျော်ကြမယ်ဆိုတော့ ဒီနေ့က ဟိုသူငယ်ချင်းလာသည် နောက်နေ့က ကိုယ်ကပျင်းလို့ ကျောင်းမတက်။ အနှစ်ချုပ်သော် စာမေးပွဲ ဖြေကာနီးမှသာ လူစုံမျက်နှာစုံ မြင်ရ၏။
ဒါပေသိ တက္ကသိုလ် ကျောင်းတော်ကြီးသည် လူငယ်တို့၏ တန်ဖိုးရှိသော အချိန်တွေကိုတော့ ၀ါးမြိုစားသောက်နေကြ၏။ လူငယ်တို့၏ တက်ကြွနေသော ဖျတ်လတ်နေသော လန်းဆန်းနေသော စိတ်များအား မရေမရာ မပြတ်မသား ဝေေ၀၀ါးဝါး ခံစားချက်တွေဖြင့် ရော ထွေးပစ်လိုက်ကြ၏။ ငယ်ရွယ်သော အချိန်တွေကို ရင်းနှီးမြှုပ်နှံ ပိုက်ဆံတွေ အကုန်ခံကာဖြင့် နောက်ဆုံးရလာသော ရလဒ်သည် ဘွဲ့ဟူသော စာရွက်တစ်ရွက်သာ ဖြစ်သည်။ ထိုဘွဲ့ထဲတွင် ရေရာတာမရှိ အတတ်ပညာမရှိ။ ၀ါသနာမရှိ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိ ဒါပေမယ့် အရယူဖို့တော့ လိုနေပြန်သေးသည်။ ဘ၀အတွက် သက်မွေးပညာကို သင်လိုချင်ပါက နောက်ထပ် ပိုက်ဆံရင်းနှီးကာဖြင့် အခြားသင်တန်းကျောင်းများအား လိုက်တက်နေဖို့လိုနေပြန်၏။
ကျောင်းပြီးလဲ ဘာလုပ်ရမှန်းမသိ။ မိဘက ချမ်းသာနေရင်တော့ကောင်းသား။ ခုတော့ သူလိုကိုယ်လို။ ယောက်ကျားယူလိုက် ပြီးတာပဲဆိုတော့ အိုး..သူတို့လဲ သူလိုကိုယ်လို။ လောကကြီး သူလိုကိုယ်လိုတွေများသည်။ ချစ်သူ ...ချစ်သူတစ်ယောက်တစ်လေများ ကျောင်းတက်နေရင်းရလိုက်သလား ....သူငယ်ချင်းဆိုတာတောင် ရာခိုင်နှုန်းသိပ်မများလှတာ တစ်ယောက်နှင့်တစ်ယောက် တစ်ကယ့်နားလည် မှုတွေနှင့် ချစ်သူတစ်ယောက်တော့ဖြင့် မတွေးပါလေ။ မတွေးပါ။
ဤသို့ဖြင့် ဆေးသားတို့ သစ်လွင်တောက်ပနေသော ကျောင်းတော်သစ်ကြီးထဲတွင် အချို့ကျောင်းသားတို့သည် တတ်နိုင်ကြ၏။ အချို့ ကျောင်းသားတို့သည် ချို့တဲ့ကြ၏။ အချို့ကျောင်းသားတို့ သည် တစ်ဖက်က ကျောင်းတော်ကြီးအားအချိန်ပေးနေရသလို တစ်ဖက်က လည်းငွေ ဆိုသော် အရာအား ရှာဖွေနေကြရ၏။ အချို့ကျောင်းသားများသည် တစ်ဝက်တစ်ပျက်နှင့် ကျောင်းတော်ကြီးအား လက်ပြနှုတ် ဆက်သွားကြ၏။ အချို့သည်လည်း ဘ၀တက္ကသိုလ်အားကူးပြောင်းလိုက်ကြ၏။ မည်သို့ပင်ဆိုစေ ..ဘွဲ့ဆိုသော စာရွက်တစ်ရွက်တော့
ကျွန်ုပ်တို့လက်ထဲတွင် ကိုင်ဆွဲထားစရာလိုသည်။ တက္ကသိုလ်ကျောင်းတော်သစ်ကြီးမှ ပေးသလောက်သော ပညာလေးအား အရယူနိုင် ရန်လဲ လိုအပ်နေသေးသည်။ ထိုပညာလေးသည် နောင်တစ်ချိန်တွင် မျိုးစေ့တစ်စေ့ ဖြစ်ချင်လဲဖြစ်မည်။ အညှောင့်မထွက်နိုင်ပဲ သေသွားသော သစ်စေ့လေးတစ်စေ့လဲ ဖြစ်ချင်ဖြစ်နေနိုင်သည်။ သို့သော် သင့်ထံတွင် ပျိုးဖို့တော့ မျိုးစေ့လေး တစ်မျိုး တစ်လေတော့ ရှိမှ ဖြစ်မည် မဟုတ်ပါလော။ ။
သြော်.... ယခုခောတ် ဘယ်လို တက္ကသိုလ် ဖီလင်ကြီးများပါလဲနော်.........
------------------------------------------
ဒီပို့ (စ်)လေး ကရေးထားတာကြာပြီ စဉ်းစားနေတာ တင်လိုက်ရင်ကောင်းမလား မကောင်းဘူးလားနဲ့ ။
ဒါပေမယ့် ဒီလို ရေးထားတာက အရမ်းကြီး သိလွန်းတတ်လွန်း လို့ ရေးထားတာ မဟုတ်ပါဘူး။ ကျောင်းတက်စဉ်အခါက စိတ်ထဲမှာ တစ်ကယ်ပဲ အဲလို ခံစားခဲ့ ရလို့ ပါ။ အဲဒီ ခံစားချက်လေးကို ဒီနေ့ ဘလော့ လေးရေးဖြစ်လာတဲ့ အခါမှာ စာလေး တစ်ပုဒ် အဖြင့် ချရေးမိချင်းသာ ဖြစ်ပါတယ်လို့ ပြောပါရစေ။
Posted by
ဆွေလေးမွန်
Subscribe to:
Post Comments (Atom)
မမရဲ့ ပို့လေးဖတ်ပြီး ကျောင်းတက်ခဲ့ရတဲ့ ရက်တွေကို လွမ်းသွားတယ်မမ.....:)
ReplyDeleteဒီပို့စ်လေးနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ 'သဇင်ဆောင်အမှတ်တရများ' အခုပဲအန်တီရေးနေတာ။ ပို့စ်တင်ပြီးရင် အားပေးပါနော်။
ReplyDeleteမေတ္တာဖြင့်
အန်တီတင့်
တို့တုန်းကတော့ တက္ကသိုလ်တစ်နှစ်တမ်းမမှီပေမဲ့ ကျောင်းတွေက မြို့နဲ့ ဝေးဝေးမှာ မဟုတ်သေးလို့ ပျော်စရာကောင်းခဲ့တယ်
ReplyDeleteဒါပေမဲ့ ၄လဘဲဆိုတော့ တစ်နှစ်တစ်နှစ် ဘာမှန်းကို မသိလိုက်ဘူး
စာဘဲကျက်နေရတာနဲ့ တက္ကသလိုလ်ကျောင်းသားအရသာ မပီပြင်ခဲ့ဘူး
တက္ကသိုလ်အမှတ်တရလေး လာဖတ်တယ်ဆွေလေးရေ...။
ReplyDeleteသတိရတယ်နော်၊ အလုပ်တွေများနေလို့ မရောက်ဖြစ်တာ.. မမေ့ဘူး.. အာဘွား
မဗေဒါကတော့ Singapore မလာခင် YUFL ပထမ ဆန်မစ်စတာ တက်ခဲ့တော့ အဲဒါတွေနဲ့တော့ နီးပါရဲ့ ဒါပေမဲ့ မဆွေလေးပြောသလိုပဲ လူမရှိတော့ ဘာမှလဲ မထူးဘူး... ပျော်ခဲ့ရတယ်ဆိုတာ ကိုယ့်ဟာကိုယ် ဆယ်ကျော်သက်မို့ စိတ်မြူးနေခဲ့တာပဲရှိတယ်...
ReplyDeleteအချစ်အကြောင်းတွေ ကျောင်းမှာ မခံစားခဲ့ရပင်မဲ့ တခြားမှာတော့ ခံစားခဲ့တယ်ထင်တယ်... အရေးအသားတွေက မွတ်နေတာပဲ... အဟိ... (စပ်စုခြင်းဖြစ်သည်)