Tuesday 17 August 2010

ချစ်လျက်နှင့်

ကံမခိုင် အချစ်ကံခေတယ်ပြောပြော
ချစ်လျှက်နဲ့ဝေး ချစ်လျှက်နှင့်တမ်းတ
ချစ်လျှက်နှင့်ဆွေး မြင်လိုလျှက်နှင့်
ချစ်သူမျက်နှာ ခပ်ရေးရေးတောင်
ကြည့်ခွင့် မြင်ခွင့်မရှိတဲ့ ကံ။ ။

ငါကံဆိုးတယ်..ငါကံခေတယ်
ငါလွဲလွန်းတယ်..အချိန်တိုင်း
ချစ်သူနဲ့ ဆုံလိုက်တိုင်း
အမြဲလွဲ အမြဲချော်
ဆုံနိုင်အောင် ဆုံမှတ်ကစောင့်
နေခဲ့တာတောင်
အဲဒီနေ့ ချစ်သူကမလာဘူး။ ။

ဒီလိုနဲ့
ငါလဲစိတ်တွေပျက်
အားတွေငယ်လို့ ဘ၀ရဲ့
ဒဏ်ရာတွေနဲ့ အရုပ်ကြိုးပျက်
နေပါစေတော့ ကံစီမံရာ
ကြိုးဆွဲရာကို အလိုက်သင့်လေး
လက်လေးလှုပ် ခြေလေးလှုပ်
အပြုံးတုတွေနဲ့ စင်ပေါ်က ငါ
မင်းသမီးဖြစ်လာတော့
ချစ်သူကပြောတယ်..
ပြန်လာခဲ့ပါတဲ့။ ။

လွယ်လိုက်တာ ချစ်သူရယ်လို့
ငါမပြောရက်ဘူး
ကြိုးတွေနဲ့ တုပ်နှောင်ထားပြီးသား
ရုပ်သေးမင်းသမီးတစ်ရုပ်ဟာ
သူဘာသာသူ ဘယ်လို ကကြိုးတွေများ
ဆင်နိုင်တော့မှာလဲ..
ကြိုးဆွဲသူ ကကြိုးတွေနဲ့
ပုံသွင်းလို့ထုထားတဲ့
ဒီလောက ပုံစံခွက်ကြီးထဲမှာ
ငါဟာ အံဝင်ခွင်ကျ ဖြစ်နေခဲ့ပြီ။

တစ်ကယ်တော့..
ကံကြမ္မာကြီးက ရက်စက်လွန်းတယ်
မဆုံနိုင်မှတော့ ဘာလို့များ
ပြန်လည်ဆုံဆည်းခွင့်ပေးခဲ့သေးလဲ..
အချစ်တွေကို ပြန်လည်နိုးထခွင့်
ဘာလို့ပေးနေသေးလဲ..
အမှန်တရားတွေကို
ဘာလို့သိခွင့်ပေးနေသေးလဲ..
လွဲနေသလို လွဲနေလိုက်ပါတော့လား။ ။

မင်းလဲ မင်းဘ၀မင်းနေသလို
ငါလဲ ငါ့ဘ၀ ငါနေခဲ့ရင်......
ငါဟာနေ့တိုင်း ဆန္ဒတွေကို
မျိုသိပ်..သက်ပြင်းတွေ
အလီလီချပြီး ခပ်သဲ့သဲ့
ရှိုက်သံတွေနဲ့ ဝေဒနာ
တစ်နင့်တစ်ပိုးကို ရင်မှာ
ပိုက်ထွေးထားတဲ့
လူတစ်ယောက်....မဖြစ်တော့ဘူးပေါ့။ ။

5 comments:

  1. သက်ပြင်းလေး ဖွဖွချပြီး
    ဖတ်သွားတယ်။
    မွေးနေ့အတွက်
    ဆုမတောင်းလိုက်ရဘူး နောက်ကျမှရောက်တယ်။
    နောက်ကျပေမယ့်လည်း ဟက်ပီးဘက်ဒေးပါနှော်။
    ဘ၀မှာပြီးပြည့်စုံနိုင်ပါစေ။
    ပျော်ရွှင်ပါစေ။

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  2. စိတ်ကို လျှော့မချလိုက်နဲ့လေ...
    ကြမ္မာရဟတ် တပတ်လည်လာတဲ့တနေ့...
    သူနဲ့ပြန်ဆုံခွင့်တော့ရှိပါသေးတယ်...

    ReplyDelete
  3. ချစ်လျှက်နှင့်ဆွေး....
    ရင်လေးရပါကလားကွယ်

    ReplyDelete
  4. မဆုံနိုင်မှတော့ ကိုယ့်ဘ၀နဲ့ကိုယ် ခပ်ဝေးဝေးမှာ နေကြတာပိုကောင်းပါလိမ့်မယ်နော် ဆွေလေး..
    ချစ်လျှက်နဲ့ ဝေးကြသူတွေအများကြီးပါ.
    ဘယ်သူ့ကိုမှ မဝေးစေချင်ဘူးဆိုပေမဲ့
    မနီးစပ်နိုင်တော့အခါ ဝေးဝေးမှာနေတာက ပိုပြီးဖြေသာမယ် ထင်ပါတယ်..

    ReplyDelete
  5. ချစ်လျှက်နဲ့ ဝေးကြရတဲ့သူတွေ ဘယ်လောက်တောင် များပြီလဲ စဉ်းစားမိပါတယ်.
    ဘယ်သူ့ကိုမှ တကယ်ချစ်ရင် မဝေးကွာစေချင်ပါဘူး
    ချစ်သူတိုင်း ညားကြပါစေ

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......