ဒီနေ့ ဘယ်လိုပင် မောင်တို့ခြံဝင်းထဲ ၀င်နိုင်ဖို့ ကြိုးစားပေမယ့် အချည်းအနှီးသာ။အိမ်နောက်ဖက်က ပတ်ပြီး ၀င်ပြန်တော့လဲ မရ။ ခြံထဲဝင်လိုက်သည်နှင့် ပူလောင်လာ၏။ သူမ တစ်ညလုံးကြိုးစား၏။သို့ပေမယ့် အချည်းအနှီးသာ။ မည်သို့ပင် သူမကြိုးစားသော်လည်း မနက်မိုးလင်းကာနီး ရောင်နီလာပေတော့မည်။ဤ တစ်နေ့တော့ သူမ ခဲလေသမျှ သဲရေကျကာဖြင့် လာလမ်းအတိုင်းပြန်ရပေတော့ မည်။
ညက ခွေးအူသံတွေ ကြားရ၏။ခွေးအူသံတွေ ကြားရသည်မှာ အရင်နေ့တွေကထက် ကျောချမ်းစရာ ကောင်းလှသလို အိမ်ပတ်ပတ်လည်တွင်လဲ ခွေးဟောင်သံတွေ ပိုမိုဆူညံနေ၏။ သို့သော်လည်း သက်ပိုင်သည်ငြိမ်နေ၏။ အရင်နေ့တွေကလို မကြမ်း။ အိမ်နံရံ ပုတ်သံလည်းမကြား။ ထို့ကြောင့် ဦးတင်ဝင်းပြောသော ဆရာတော်ဘုရားကြီးအား အားလုံးယုံကြည် ကိုးစား သွားကြသည်။သုံးရက်မျှ ဦးတင်ဝင်းပြောသလို သူတို့ နေမ၀င်ခင် လူစုကြ၏။ နေ၀င်တာနဲ့ အိမ်ပတ်လည် ပရိတ်ရည်ဖြန်း၏ ထို့နောက် မည်သူမျှအိမ်အ၀န်းထဲမှ မထွက်တော့။ ည ၁၂ နာရီဆိုလျှင်တော့ ခွေးအူသံတွေ ကြားရမြဲ။လေးရက်မြောက်သောနေ့ မနက်ဦးတင်ဝင်း ပြန်ရောက်လာ၏။ ဦးတင်ဝင်း နောက် တွင် ကြည်ညိုဖွယ်ရာ ဆရာတော် တစ်ပါးနှင့်တစ်ကွ ကပ္ပိရကြီးတစ်ယောက် ပါလာ၏။ ဆရာတော်သည် ခရီး ရောက်လျှင် ရောက်ချင်းပင် သက်ပိုင်တို့ အိမ်သို့ကြွပြီး သက်ပိုင်အား ကြည့်၏။ ထို့နောက်..
(ဆရာတော်)ဒါယကာမကြီး ဒေါ်ဝင်း ကျုပ်ခင်ဗျားသားကို ဘုန်းကြီးဝတ်ပေးလိုက်ချင်တယ်ဗျ။ ဘယ်လို သဘောရလဲ။
(ဒေါ်ဝင်း) တင်ပါ့ ဘုရား။ သားက စိတ်တွေကမငြိမ်တော့ဖြစ်ပါ့မလား ဘုရား။
(ဆရာတော်) အဲဒီအတွက်မပူပါနဲ့။ဒါယကာမကြီးသာ သဘောတူတယ်ဆိုရင် မနက်ဖြန် ဒီကလေးကို ဘုန်းကြီးဝတ်ပေးဖို့ ခုထဲက စပြီး စီစဉ်ပေတော့။ဟုတ်ပြီလား။
(ဒေါ်ဝင်း) တင်ပါ့ဘုရား.တပည့်တော် စီစဉ်လိုက်ပါ့မယ် ဘုရား.
(ဆရာတော်) အိမ်း ဒါဆိုလျှင် မနက်ဖြန်အတွက် စီစဉ်တဲ့သူကလဲ စီစဉ်။ ခုလောလောဆယ် သက်ပိုင်ကိုရေမိုး ချိုး သန့်ပြန်အောင်လုပ်ပေးလိုက်ကြ။ပြီးရင် အ၀တ်အစား သပ်သပ်ရပ်ရပ်နဲ့ ငါ့ရှေ့ခေါ်ခဲ့ကြ။
ထို့နောက် ဆရာတော်သည် ရေတစ်ဖန်ခွက် သန့်သန့်တောင်း၏။ထို့နောက် ဘုရားစင်တွင် ကပ်လျှက်နှုတ်မှ နေ၍တိုးတိုး ရွတ်ဆိုတော်မူနေသည်မှာ ၁ နာရီနီးပါးမျှကြာ၏။ဆရာတော်ဘုရားကြီး ရွတ် ဖတ်ပြီးစီးသော အခါ သက်ပိုင်ကိုလည်း ပြင်ဆင်ပြီးသားဖြစ်နေ၍ ဆရာတော်ရှေ့ သို့ ခေါ်ဆောင်လာခဲ့ကြ သည်။
(ဆရာတော်) ဒါယကာလေး လာကွဲ့ ဒီမှာထိုင်။
သက်ပိုင်သည် ငြိမ်ငြိမ်သက်သက်နှင့် ဆရာတော်ဘုရားရှေ့ ၀င်ထိုင်၏။
(ဆရာတော်) ဒါယကာလေး တင်းထားတဲ့ စိတ်တွေကို လျှော့ချလိုက်။ခုလိုနေရတာ မပူလောင်ဘူးလားကွယ့် ဒါယကာလေး ဒီလိုနေရတာ ကြိုက်သလားကွဲ့ ဟင်…
(သက်ပိုင်) အီး..ဟီး…ဟီး မကြိုက်ပါဘူး ဘုရား။ ဒါပေမယ့် နှင်းနွယ်က တပည့်တော်ကြောင့် သေရတာဘုရား။ တပည့်တော် အသုံးမကျလို့ နှင်းနွယ် သေရတာ။ တပည့်တော် မပြတ်သားလို့ တွေဝေလို့ နှင်းနွယ် မသေသင့်ပဲ သေတာဘုရား..တပည့်တော် ဘယ်လိုဖြေသိမ့်ရပါ့မလဲ ဘုရား..ပြီးတော့ ..ပြီးတော့
သက်ပိုင် ဆရာတော်အား မရဲတရဲ လှမ်းကြည့်၏။
(ဆရာတော်) ပွင့်ပွင့်လင်းလင်းပြောပါ ဒါယကာလေး။
(သက်ပိုင်) ညတိုင်း ညတိုင်း နှင်းနွယ်လာတယ်။ ပြီးတော့ တပည့်တော်ကိုခေါ်တယ်ဘုရာ့။ငိုလဲ ငိုတယ်ဘုရား။
(ဆရာတော်) ဒါယကာလေး ဘ၀ချင်းမှ မတူတော့ပဲ။ ငိုနေတာကိုတွေ့တယ် ဆိုပေမယ့် ဒါယကာလေးက သနားနေတော့လဲ ဘာများလုပ်ပေးနိုင်မှာမို့လို့တုန်း။ သူလာခေါ်တော့ လိုက်သွားတယ်ဆို အုန်း သူခေါ်တဲ့နေရာ သူရှိတဲ့နေရာ ဆီရောက်မယ်လို့ ထင်သလား ဒါယကာလေး။ ဖြစ်လာတဲ့ ဘ၀မှာ ကုသိုလ် ကံလို့ပဲ မှတ်ယူပါကွယ်။ ပုထုစဉ် ဆိုတဲ့အတိုင်း လူ့ဘ၀ကြီးက အချိုးအကွေ့များတယ်ကွဲ့။ ဘုန်းကြီးပြောတာ နားလည်ရဲ့လား။
သက်ပိုင် ဆရာတော်ကြီးအား တစ်ချက်မော့ကြည့်လိုက်၏။ထို့နောက်..
(သက်ပိုင်) တ…တ ..ပည့်တော် နားလည်ပါပြီ ဘုရား။
(ဆရာတော်) အိမ်း အိမ်း…ကဲ ဒါဆို ဟောဒီ ရေမန်းလေး သောက်လှည့်ကွဲ့။ ဘေးအန္တရာယ် တွေ ကင်းအောင်။
ရေမန်းအားသောက်ပြီးသော အခါတွင် သက်ပိုင်သည် အသားများတစ်ဆတ်ဆတ် တုန်လာလျှက် တစ်ခဏမျှ သတိလစ်သွား၏။ ခဏကြာသော် ပြန်လဲသတိရလာ၏။ ဤတစ်ကြိမ်တွင် သက်ပိုင်၏ မျက်လုံးများ ဂဏာမငြိမ် မဖြစ်တော့။ စိတ်ပြန်လည်ပြီး တည်ငြိမ်လာပုံနှင့် တစ်ခုခုကို သတိရသလို ဖြစ်သွားပြီ..
(သက်ပိုင်) အမေ..အမေ ရော ..အမေ..
(ဒေါ်ဝင်း) အမေ ရှိတယ်သား။ ပြောလေ ဘာပြောမလို့လဲ ။
(သက်ပိုင်) ကျွန်တော် နှင်းနွယ်တို့ အိမ်ကိုသွားပြီး နှင်းနွယ်နဲ့ တွေ့ပါရစေနော်..တစ်ခေါက်လောက် တော့ သွား ကြည့်ပါရစေ အမေရယ် နော်။ နောက်ဆုံးအနေနဲ့ပါ။
ဒေါ်ဝင်းလဲ သားကိုကြည့်ပြီး ၀မ်းသာရသလို နှင်းနွယ်လေးအတွက်ကတော့ စိတ်မကောင်းချင်း ကြီးစွာ ဖြစ်ရ ၏။ထို့နောက် ခပ်အက်အက် ငိုသံဖြင့် ..သက်ပြင်းရှည်ကြီး ချလျှက်
(ဒေါ်ဝင်း) ဟင်း………. သားရယ်.. အမေလဲ နောင်တရပါပြီ။ အမေ မှားမှန်းသိပါပြီကွယ်။ နှင်းနွယ်ကို သဂြိုလ်လိုက်တာ ၃ ပတ်ကျော်ကျော်လောက်ရှိပြီသားရဲ့။ သားက နေမကောင်းလို့ ဘာမှ မသိတော့တာ။
(သက်ပိုင်) ဟင်..တစ်ကယ်လား အမေ။ အဲဒါတစ်ကယ်ပဲလားဟင်။ မျက်နှာလေးတောင် နောက်ဆုံး ကြည့်ခွင့်မရလိုက်ပါလား နွယ်ရာ။အမေနဲ့ စကားများတဲ့နေ့က ညနေပိုင်း သားအိပ်ခန်းထဲကို နှင်းနွယ် ရောက်လာတယ်။ပြီးတော့ သားကို ရက်စက်တဲ့လူ ။လိမ်ညာတဲ့လူဆိုပြီး သားရဲ့ အနားကို ကပ်လာတာ တော့သိလိုက်တယ်။ အဲဒါနောက်ဆုံး မှတ်မိတာပဲ။ပြီးတော့ ဘာတွေဆက်ဖြစ်လဲ သားမမှတ်မိတော့ဘူး အမေ။
(ဒေါ်ဝင်း) အေးပါ သားရယ် ..သား..ဆရာတော် ဘုရားကြီးကို ရှိခိုးလိုက်အုန်း။
(သက်ပိုင်) ဟုတ်ကဲ့ အမေ..။
ပြောပြောဆိုဆို သက်ပိုင်ဆရာတော်ဘုရားကြီးအား ထိချင်းငါးပါးဖြင့် ရိုရိုသေသေ ရှိခိုးဦးချလျှက် ကန်တော့ လိုက်၏။
(ဆရာတော်) ဒါယကာလေး သက်ပိုင် မနက်ဖြန်ကျရင် ဘုန်းကြီးဝတ်ရမယ်ကွဲ့။ တစ်လ နှစ်လလောက်ပေါ့။ဘုန်းကြီးတို့ ကျောင်းမှာပဲလိုက်ပြီး သတင်းသုံးလဲ့ကွဲ့။ ဆန္ဒရှိရဲ့လား ဒါယကာလေး။
(သက်ပိုင်) တင်ပါ့ ရှိပါတယ်ဘုရား…
(ဒေါ်ဝင်း) ဆရာတော်ဘုရား ညဘက်…. ညဘက် ပြသနာရှိသေးတယ် ဘုရား။ သားကခုနေကောင်းပြီးတော့ ညဘက်ကျမှ ပြန်ဖောက်မှာ စိုးရိမ်လို့ ပါဘုရား။ တပည့်တော်တို့ လုပ်နေကျအတိုင်း ပရိတ်ရေဖြန်းရအုန်းမလား ဘုရား။
(ဆရာတော်) အိမ်း လုပ်ထားတော့လဲလုံခြုံတာပေါ့ကွယ်။ဘုန်းကြီး ဒီည ဒီအိမ်မှာ ကြိမ်းမှာကွဲ့။ မစိုးရိမ်ပါနဲ့ ဒါယကာမကြီး ။ ကဲ ကဲ စီစဉ်စရာရှိတာ လုပ်စရာရှိတာတွေ သွားပြင်ဆင်တော့ ကွဲ့။
ထိုနေ့ည ၁၂ နာရီ ခွေးအူသံတွေ လမ်းထိပ်မှ စပြီးဆူညံလာပြီ ဖြစ်သည်။ ထိုအချိန်တွင်ပင်ဆရာတော်သည် ဒေါ်ဝင်း တို့ခြံပေါက်ဝသို့ ဆင်းသွား၏။ အိမ်ပေါ်မှ လူများကိုတော့ လုံးဝဆင်းလိုက်မလာရဟု မှာထား၏။ခြံ ပေါက်ဝ၌ တစ်စုံတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ မတ်တပ်ရပ်နေပြီးနောက် အိမ်ပေါ်သို့ ပြန်ကြွလာ၏။ ဆရာတော် အိမ်ပေါ်ပြန်ရောက်ပြီး ခဏမှာပင် ခွေးအူသံများလဲ တစ်ဖြည်းဖြည်း ဝေးဝေး သွားလေတော့သည်။
နောက်တစ်နေ့ မနက် သက်ပိုင်သင်္ကန်းစီးပေတော့မည်။ အရင်နေ့တွေမှ အိုစာသောမျက်နှာ မျက်တွင်း ဟောက်ပက်နှင့် သောကလှိုင်းများကြွနေသော သက်ပိုင်နှင့် ယနေ့ ခေါင်းရိတ်အပြီး တည်ငြိမ်အေးချမ်းသော မျက်နှာအားတွေ့မြင်ရသည်မှာ လွန်စွာမှပင် ကွာခြားနေလွန်းသည်။
နှင်းနွယ် သည်ဆရာတော်ဘုရားကြီး၏ မနေ့ညက ဖိတ်ကြားမှုအရသူမလာရောက်ရသော်လည်း တစ်ကယ် တမ်းတော့ ကျေနပ်မှုကား စိုးစဉ်းမျှမရှိ။ သူမကို မောင်လိမ်ညာလှည့်စားခဲ့သည်။ သူမချစ်ခဲ့သလောက် မချစ်ခဲ့။ သူမကတော့ ဖြင့်မိန်းကလေးတန်မဲ့ ကိုယ့်သိက္ခာကိုပင်မငဲ့ မောင်သာချစ်နေလျှင် သူမ၏ဘ၀ ပြီး ပြည့်စုံပြီ ဆိုသော စိတ်မျိုးဖြင့် မောင့်နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ မိဘဆွေမျိုး အသိုင်းအ၀န်းများမှ သက်ပိုင်ကို ယူခဲ့လျှင် သက်ပိုင်သည် သူ့အမေကို မလွန်ဆန်နိုင်သဖြင့် အိမ်ထောင်ရေး မသာယာနိုင် ဘ၀ တစ်လျှောက်လုံး စိတ်ဆင်းရဲရမည်ဟု ပြောနေသည့် ကြားမှ သူမ မောင့်ကိုချစ်ခဲ့ရသည်။ ယုတ်စွအဆုံး မောင့် အမေကို မလွန်ဆန်နိုင်သောစိတ်ဖြင့် မောင်မလာမှာ စိုးသည့်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မည် ဟု ခြိမ်းခြောက်ပြောဆိုခဲ့တာတောင်မှ မောင် ရောက်မလာခဲ့။ ညမှောင်မှောင်မှာ တစ်ကိုယ်တည်းကြောက် ကြောက်လန့်လန့် စောင့်ခဲ့ရသောစိတ်။ လုပ်ရက်လိုက်လေချင်းဟူသောစိတ်။ ကိုယ်ချစ်ရသောသူက ကိုယ့် ကိုယ်လိမ်လဲ လှည့်စားခဲ့ပြီ ဟူသောစိတ်တို့နှင့် တစ်ညလုံးငိုခဲ့ရသည်။ ခုတော့ဖြင့် ..ခုတော့ဖြင့်
(ဆရာတော်) ကဲ ဒါယကာလေး သင်္ကန်းတောင်းမယ်။ဘုန်းကြီးတိုင်ပေးမယ် ကွဲ့ နောက်ကလိုက်ဆို။
(သက်ပိုင်) တင်ပါ့ ဘုရား..
ပြီးနောက်တွင်တော့ သက်ပိုင်အား သင်္ကန်းစီးပေးလိုက်၏။
(ဆရာတော်) ကဲ တရားနာ ရေစက်ချမယ်ကွဲ့။
ဆရာတော်လဲ တရားဟောဖို့ ပြင်ဆင်နေသလို ရောက်လာကြသော ဧည့်သည်များလဲ တရားနာယူဖို့ ပြင်ဆင် လိုက်ကြ၏။ထိုအချိန်တွင်ပင် တရားလာနာသော လမ်းထဲမှ မစန်း ဆိုသောအမျိုးသမီးသည် ရုတ်တရက် ဟီးလုံးချပြီး ငိုလေပြီ။ရောက်လာကြသော လူအပေါင်း၏ စိတ်အာရုံတို့ သည် ထိုအမျိုးသမီးထံသို့ ရောက်ရှိသွား၏။
(ဆရာတော်) ဟဲ့ ဒါယကာမ ဘာလို့ ငိုနေတုန်းကွဲ့။
မစန်း၏ မျက်လုံးတို့သည် နီစွေးလျှက်။ စကားပြောလိုက်သော အသံသည် မစန်း၏ အသံမဟုတ်။
(မစန်း) တပည့်တော်မ နှင်းနွယ် ပါဘုရား။
(ဆရာတော်) ဘာအကြောင်းများရှိလို့တုန်းကွဲ့။
(မစန်း) တပည့်တော်မ သက်ပိုင်တို့သားအမိကို မကျေနပ်ဘူုး။
(ဆရာတော်) ဒါယကာမလေး ဘုန်းကြီးမေတ္တာရပ်ခံပါရစေ။ သံသရာမှာ ကိုယ့်အတွက်လဲ မကောင်း သူများအတွက်လဲ အကျိုးမရှိ။ လောလောဆယ်ပဲ ဒါယကာမလေး ကိုယ့် အဖြစ်ကိုယ်ကိုယ် မြင်နိုင်ရဲ့ လားကွဲ့ ။ ကိုယ့် အတွက်ပါအောင် ကိုယ့်အတွက်ကောင်းအောင်ပဲ ကြိုးစားပါကွယ်။ ခုဖြစ်ပျက်သ မျှအားလုံးကိုလဲ သံသရာ တစ် ကွေ့မှာ တွေ့ကြဆုံကြတယ်လို့ပဲမှတ်ယူလိုက်ပါ။ဘ၀ချင်းက ခြားနေပြီပဲ။ ဒါယကာမလေးကရော မသေ ခင်ရော သေဆုံးလို့ ဘ၀ခြားတော့ရော ခံစားရတဲ့ ဒုက္ခကနည်းသလားကွဲ့။ ဆင်ခြင်ပါကွယ်။
(မစန်း) အပြစ်ရှိတာက သူတို့သားအမိပါဘုရား။
(ဆရာတော်) ဒါယကာမလေး ဖြစ်ခဲ့ပြီးသမျှကို သေချာပြန်စမ်းစစ်ပါကွယ်။ လူ့ဘ၀မှာ ကျင်လည်တုန်း ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ်လုပ်ချင်တာကို ငါ ဆိုတဲ့အတ္တနဲ့ လုပ်ခဲ့ပြီ မဟုတ်လား။မေတ္တာနဲ့ယှဉ်ပြီး မေ တ္တာစိတ်ထားပါလို့ ဘုန်းကြီး မေတ္တာရပ်ခံပါတယ်ကွယ်။ခု ဘုန်းကြီးတို့ရေစက်ချ အမျှဝေမယ်ကွဲ့။ ဒါယကာမလေးကိုလည်း ရည်စူးပြီး ကုသိုလ်အမျှဝေမယ်။ဒါယကာမလေး သာဓု..ခေါ်ဆိုလှည့်နော်။
ထိုသို့မိန့်ပြီးနောက် ဆရာတော်သည် တရားနာ ရေစက်ချပွဲကို စလေပြီ။ထိုအချိန်တွင် မစန်းသည် ဦးပဉ္ဖင်း လေးကိုတလှည့် ဒေါ်ဝင်းကိုတစ်လှည့် တရားနာလာကြကုန်သော နှင်းနွယ်၏ မိဘများကို တစ်လှည့်ဖြင့် မျက်ရည်တို့ဝဲလျက် စိုက်ကြည့်နေ၏။ထိုသို့ဖြင့် တရားနာပွဲပြီးဆုံးပြီးနောက်..
(ဆရာတော်) ဘ၀တစ်ပါးသို့ ပြောင်းသွားလေပြီဖြစ်သော ဒါယကာမလေး နှင်းနွယ်ရေ အမျှ အမျှ အမျှ…
သာဓု…သာဓု….သာဓု
နှင်းနွယ် မျက်ရည်တို့ေ၀၀ါးနေသည့် ကြားမှ သာဓု သာဓု သာဓု ..
သူမကြိုးစားလို့ အားတင်းပြီး သာဓုခေါ် လိုက်သည်။ ထို့နောက် သူမလွင့်ကနဲ …ဘယ်နေရာ ဘယ်သောင် ဘယ်ကမ်း ဘာရယ်မသိသော သံသရာခရီးကိုဆက်သွားရပေအုန်းမည်.
နှုတ်ဆက်ခဲ့တယ် မောင်ရယ်။နောက်ဆုံးတော့လေ ဒီအမိုက်မ သံသရာကိုမကြောက် မှောင်မှောင်မှာ မိုက်ခဲ့ တာကြောင့် မောင့်ကို ချစ်မိခဲ့တဲ့ ဟောဒီက မိနှင်းနွယ် မှာပဲ အပြစ်ရှိပါတယ်။ ချစ်လွန်းခဲ့တာကိုက မိနှင်းနွယ်ရဲ့ ဒုက္ခတွေအစလို့ ပြောရမလိုပါပဲ။ သံသရာမှာ ရေစက်မကုန်လို့ ပြန်ဆုံခဲ့ရင်ဖြင့် နှင်းနွယ် လိုချင်တဲ့ အချစ်နဲ့ ချစ်ပေးပါလို့ပဲ နှင်းနွယ် မှာခဲ့ပါရစေ မောင်။
ဦးပဉ္ဖင်းတစ်ဖြင့်လည်း သက်ပိုင် စိတ်ထဲက ကြိတ်ပြီးဆုတောင်းမိသည်။သွားပေအုန်းတော့ ဒါယကာမလေး နှင်းနွယ်ရေ.. နောင်ဘ၀ ဆက်တိုင်းဆက်တိုင်းခုလို ရင်နင့်စရာ အဖြစ်မျိုးနဲ့ မကြုံတွေ့ပါရစေနဲ့လို့ ဆုတောင်းပေး လိုက်ပါတယ်ကွယ်။ဦးပဉ္ဖင်းလဲ တစ်ကယ့်အေးချမ်းရာ အစစ်အမှန်ဖြစ်တဲ့ တရားဓမ္မနဲ့ပဲ မွေ့လျော်ပါတော့မယ်။ဝဋ်ကြွေးရှိရင်ဖြင့် ဒီဘ၀ ဒီမျှနဲ့ပဲ ကျေပါစေတော့လို့ ဆုတောင်းပေးလိုက် ပါတယ်ကွယ်။
-----------------------------------------------------------------------------
ဒီဇာတ်လမ်းလေးရဲ့ နောက်ဆုံးကိုရေးတဲ့ အခါမှာ တော်တော်လေးကိုသတိထားပြီးရေးရပါတယ်။ ဘာလို့လဲဆိုတော့ ဘုန်းကြီးတရား ဟောတဲ့ စာလုံးတွေပါနေတာကြောင့် ၀ါသနာအရစာရေးသော ဆွေလေးမှာအရမ်းကြီးကို သတိထားရပါတယ်။ အမှားမပါစေချင်လို့ပါ။ စာသားတွေ စကားလုံးတွေကိုလဲ အရမ်းကြီးမလျှော့ရဲ.. ဇာတ်သိမ်းကြမှ ပေါ့ရွှတ်ရွှတ်ကြီး ဖြစ်သွားမှာကိုလဲ စိုးရိမ်ပါတယ်။
ဇာတ်အိမ် အခွံ ကြီးထဲ ကိုယ့်ဝါသနာ ဇာတ်လမ်းလေးဆွဲထည့်ရတာမို့ အမှားလေးများပါရင် ခွှင့်လွတ်ပေးပါလို့ ပြောပါရစေ။
ဇာတ်သိမ်းလေး လာဖတ်ပါတယ် ဆွေလေးရေ...။ နှင်းနွယ်က သနားပါတယ်နော်။ ဒါဆို အပြင်မှာလည်း အဲ့ဒီလို သရဲစီးတာတွေ ဘာတွေက တကယ် ရှိတာလားပာင်။ တစ်ခါမှ မကြုံဖူးဘူး။ ပီားးး မကြုံဖူးတာပဲ ကောင်းပါတယ်လေး) ကြောက်စရာကြီး။
ReplyDeleteအချစ်ကြီးလွန်းတော့လည်း ကြောက်စရာကြီးနော်.. ကိုယ်ကော တခြားလူတွေပါ ပူလောင်ရတယ်..
ReplyDeleteစိတ်ကူးယဉ်ဇာတ်လမ်း ဆိုပြီး ဖတ်နေတာက တော်သေး
ReplyDeleteတကယ့်မြင်ခဲ့တဲ့အဖြစ်အပျက်လို့လည်း ဖတ်လိုက်ရရော ကြက်သီးက ဖျန်းခနဲထသွားတယ်
သတ္တိက အဲလိုကောင်းတာ
အနောက်တောင် လှည့်ကြည့်လိုက်မိသေး
တော်ပြီခေါင်းမြီးခြုံအိပ်တော့မယ်
ရင်နာစရာ ဇာတ်လမ်းလေးပါလားနော်.. အချစ်လည်း မကြီးချင်တော့ဘူး.. ကိုယ့်ကိုလည်း အဲလောက်ကြီး မချစ်ပါစေနဲ့ပဲ ဆုတောင်းရမလား မသိတော့ဘူး..း)
ReplyDeleteစိတ်မကောင်းစရာ အဖြစ်အပျက်လေးတခုပါပဲ..။
ReplyDeleteအဲဒီအိမ်က ကြိမ်စာများသင့်နေရော့သလား..။