Friday, 14 January 2011

ခဏတော့




သာယာကုန်းရွာလေးသည် ရွာလေးဆိုသော်လည်း မြို့ငယ်လေးတစ်မြို့အလား စည်ကားလှ၏။ လူများစုမှာ
လယ်ယာ လုပ်ငန်းလေးနှင့် အသက်မွေးကြသလို တစ်ချို့ကြတော့လည်း ကုန်သည်အလုပ် တစ်ချို့ကျတော့
လည်း မြစ်ချောင်း အင်းအိုင်တို့တွင် ဖားရှာ ငါးရှာနှင့် အသက်မွေးကြ၏။ မည်သို့ပင်ဆိုစေ မနက်ခင်းနေခြည်
နှင့်အတူ လတ်ဆတ်သော လေညင်းနှင့် ရိုးသားသော ရွာသူရွာသားများ၏ သက်ဝင်လှုပ်ရှားချိန်တို့ကား မြို့ပြ
၏ ဆူညံသော အသံတို့နှင့် နိုးထသောမနက်ခင်းနှင့်ကား အတော်ပင် ကွာခြားလှ၏။ သူသည်မနေ့ညကမှ
သူ့ဦးလေးဖြစ်သူ ဦးလေးသာလှ တို့ရွာသို့ အလည်ရောက်လာချင်းဖြစ်သည်။ သူအိပ်ယာထ မျက်နှာသစ်ပြီး
အိမ်ရှေ့ ကွပ်ပြစ်လေးပေါ်မှာ သူ့ဦးလေး၏မိန်းမဖြစ်သူ အရီးရွှေစီစဉ်းပေးသော မနက်စာအား မျှော်နေချင်း
ဖြစ်သည်။ မနေ့ညက ခရီးပန်းလာသည်ကတစ်ကြောင်း ကားကလဲအကြာကြီးစီးလာရသောကြောင့် မနေ့ည
က သူမယ်မယ်ရရ ဘာမှ မစားဖြစ်လိုက် ခုကား ဗိုက်ထဲတွင် သံစုံမြည်နေလေပြီ။

(ဦးလေး) ဟေ့ မရွှေရေ မနက်စာလေး မြန်မြန်လုပ်ပါဟ ဒီမှာ နင့်တူကြီး ဆာနေပြီနဲ့တူတယ် မနေ့ညကလဲ
ဘာမှ ကောင်းကောင်း သိပ်မစားတော့ လေ

(အရီးရွှေ) လာပြီ လာပြီ ကိုသာလှရေ အိမ်ကနွားမကို နို့ညစ်ရင်း အစာလေးကြွေးနေတာနဲ့ နဲနဲလေးကြာ
သွားတယ်..ဆာနေပြီလား တူကြီး ကိုကောင်း..

သူ့နာမည် ကောင်းမြတ် ဦးကြီးနှင့် အရီးရွှေကတော့ ကိုကောင်းဟုသာ ခေါ်လေသည်။ ပြောပြောဆိုဆို
နွားနို့ပူပူနှင့် အငွေ့တထောင်းထောင်းထနေသော အရီးရွှေ လက်ရာ ကောက်ညှင်းပေါင်းနှင့် ပဲပြုတ်ဆီ
ဆမ်းတို့အား သယ်ဆောင်ပြီး မီးဖိုဆောင်ထဲမှ ထွက်လာလေပြီ။

(ကောင်းမြတ်) အရီးလေး လာလာ ကျွန်တော်ကူသယ်ပေးမယ်။

ပြောပြောဆိုဆို သူထသွားပြီး ကူလိုက်မိသည်။

(ဦးလေး) အေးလာဟေ့ ဒီမှာ မင်းတူတော်တော်ဆာနေပြီ မင်းတွေ့တာနဲ့ ထဆွဲတာသာ ကြည့်ကွ။ ပြီးတော့
ငါ့အတွက်တော့ ထုံးစံအတိုင်း ထမင်းကြမ်းနဲ့ ငါးခြောက်ဖုတ် ဆီဆမ်းလေးနော်။

(အရီးရွှေ) အေးပါတော် မီးဖိုချောင်ထဲမှာ ကျန်ခဲ့လို့ပါ။ မနိုင်လို့ပါတော်..တစ်ကယ်ထဲ ၀ိုင်းသယ်ပေးမယ်
တော့ စိတ်မကူးဘူး အိမ်ရှေ့ကနေ ထိုင်အော်နေတယ်။

(ဦးလေး) ဟားဟား ကိုကောင်းရေ မင်းရဲ့ အရီးကတော့ ပါဝါပြနေပြီကွ သွားသယ်လိုက်အုန်းမယ်ဟေ့
သြော် အရွှေရေ တို့ဘုန်းကြီးအတွက်ရော ဆွမ်း အဆင်သင့်ပဲလားကွ

(အရီးရွှေ) အဆင်သင့်ပါတော် ..အားလုံးပြင်ပြီးသား လောင်းရုံပဲ

အင်း သူနေထိုင်ခဲ့သော အဆင့်အတန်းမြင့်လှသည်ဆိုသော တိုးတက်လှသည်ဆိုသော မြို့ကြီးပြကြီး၏
မနက်ခင်းနှင့်ကား ဆီနှင့်ရေလို ကွာခြားလှ၏။ နာရီနိုးစက်သံ ကလင်ကလင်ဆိုသည်နှင့် ဦးအောင်ထရ၏
ရေချိုးခန်းအား သူ့ထက်ငါ အရင်ဦးကြ၏။ မနက်စာဟူသည် လမ်းမှာတွေ့သော ဆိုင်မှအဆင်ပြေသလို ပါဆယ်ဆွဲ၏ ကောင်းသည်မကောင်းသည် အရေးမကြီး ဗိုက်ပြည့်ဖို့ကသာ အဓိက။ ရုံးကိုရောက် အလုပ်စားပွဲမှာ ထိုင်လိုက်သော အခါ မနက်ခင်းတစ်ခုသည် ၀ါးမျိုခံသွားရလေပြီ။ အသက်၀၀ ရှုခဲ့လား မရှုခဲ့ရလားတောင်သူမမှတ်မိ။ ခုတော့ ကြည့်လေ ..ကွာ၏ တော်တော်ကွာ၏။အော် သို့သော်လဲ လူ..လူ ဖြစ်နေလေတော့ရေကြည်ရာ မျက်နုရာ ရှာရဖွေရသည်။ဖြစ်နိုင်လျှင်တော့ အမိမြေကြီးအားလဲ တိုးတက်စေချင်သည်ဒါဆို သူတို့လို လူငယ်တွေအဖို့ မိသားစု၏ရင်ခွင်နှင့် ဝေးပြီး ရေကြည်ရာ မြက်နုရာသို့ သွားစရာမလို။ခုတော့ အထီးကျန်ချင်းတို့အား မြိန့်မြိန့်ကြီးစားသုံးပြီး ကျေကျေနပ်နပ်ကြီး လူစင်စစ်ကနေ စက်ရုပ်လိုဘ၀ပြောင်း ၊ ရသမျှထဲက နောက်တော်ပါမိသားစုအား ပြန်ထောက်ပံ့လိုက် ၊လူငယ်တို့သဘာဝ ချစ်ချင်းမျှော်လင့်ချင်း အိမ်မက်တွေရေစုံမျှောသွားလိုက်နှင၊့် ပြောင်ပြောင်လက်လက် ထိန်ထိန်တောက်လျှက် လှချင်တိုင်းလှနေသော သည်တွင်းကြီးထဲမှာ ထမင်းမစား ရေမသောက်ပဲနေရသလို ခံစားရ၏။တစ်ချို့
ကြတော့လဲ ကျေကျေနပ်နပ်ကြီးနေ၏ တွင်းထဲကနေပြန်မတက်ချင်ကြ။ သူကတော့မရ ။ကျခဲ့တာလဲကြာပြီ
စက်ရုပ်ဘ၀လဲ ပြောင်းလုနီးနီးမှာ သူထိုတွင်းကြီးထဲက ရုန်းထွက်ခဲ့ချင်းဖြစ်သည်။ပြီးတော့ ဦးလေးရှိရာ
တောကို သူစိတ်ပြေလက်ပျောက် အပန်းဖြေထွက်လာခဲ့၏။ ကျန်တဲ့ အနာဂတ်ကတော့ ပြီးမှပဲ ဆက်စဉ်းစား
တော့မည်။ တစ်ကယ်ဆို ဒီမြေဒီရေ ဒီပတ်ဝန်းကျင်ကို ပြန်ရောက်သည်နှင့် သူ့လို ဒုတိယအရွယ် လူငယ်တစ်
ယောက်အတွက် အနာဂတ်တွေေ၀၀ါးမသွားသင့်။ပြတ်သားနေသင့်သည်။ ခုတော့လဲ။ အာ..ကျွတ်သေတော့
မှာပဲ အပန်းဖြေလာပါတယ်ဆိုမှ ဘာတွေတွေးနေမှန်းမသိ။ ခုနက သာယာမှုလေးတောင် ပြန်ခေါ်ယူရမည်။

ဒီလိုလေးလဲ တွေးအရီးသယ်လာပေးသော အမွေ့တစ်ထောင်းထောင်း အုန်းနို့နံ့သင်းသင်း ကောင်ညှင်းပြန် ပေါင်းနှင့် ပဲပြုတ်ဆီစမ်းလေး တစ်လုတ်လွေးလိုက် နွားနို့လတ်လတ်ဆတ်ဆတ်လေး တစ်ငုံလောက် ကောက် ပြီးငုံလိုက် မစားရတာ ကြာနေ၍လားမသိ လျှာဖျားအရသာ စိမ့်သွားတာများ လက်ကအလျှင်မမှီချင်ဘူး။ ပါးစပ်က၀ါးနေတာ။

(ဦးလေး) ကိုကောင်းရ မင်းနှယ်ဖြည်းဖြည်းစားပါဟ။ ဘယ်နှယ့်ကွာ နိုင်ငံခြားကပြန်လာပြီး ကောက် ညှင်းပေါင်း ပဲပြုတ်ဆီစမ်းများ အလုအယက် တစ်ယောက်တည်းစားနေရတယ်လို့ကွာ။

ရိုးသားသော တောသူတောင်သား ဦးရီးအား နားလည်အောင် သူဘယ်လို ဘာသာပြန်ရမှန်းမသိ။တစ်ကယ် တော့ နိုင်ငံခြားပြန်ဆိုသည်မှာ ရှာ၍ရသောပိုက်ဆံအား မြင်သာမြင်ရပြီး မသုံးရသော သူသာဖြစ်ကြောင်း ရိုးသားသော ဦးရီးမသိ။ပိုက်ဆံတောင် ကြာကြာမကိုင်ဖူး။ ရတဲ့လခ ဘဏ်ထဲဝင် ၀င်ပြီးနောက်နေ့ မြန်မာကို ပြန်ပို့။ လကုန်ရက် Shopping ချင်ရင်တောင် ဟယ်ကနဲ ဟင်ကနဲ ဟင်း ကနဲ သက်ပြင်းတွေချပြီး ပေါင်မုန့်ခြောက်ခြောက်ကြီးနှင့် အဆီများသော တောင်ပံကြော်အား စား၍ အေးသော ချိုသောဗူးအပြည့် အချိုရည် ဗိုက်ထဲဖြည့်ပြီး နောက်ကောက်ကျခဲ့သည်က များလှသည်။ ချစ်သူခင်သူပေါသော်လည်း တစ်ကယ် တမ်းကိုယ့်အနားကြတော့ ကိုယ့်ကိုယ်ထား တဲ့ မေတ္တာက ခပ်ရှားရှား။ လက်ချိုးပြီးတောင်ရီလို့ရ၏။ အချစ်ဆိုလျှင်လဲ လွမ်းပြီးချစ်။ တမ်းတပြီးချစ်။မျှော်လင့်ပြီးချစ်။ လက်တွေ့က ဗလာနိတ္တ။ စားတော့လဲ ဗိုက်ပြည့်ပြီးရော။

(ဦးလေး) ဟေ့ကောင်ကြီး ကိုကောင်းစားလေကွ ဘာတွေ တွေးနေတာတုန်း။ ဘာလဲ ဦးရီးပြောလိုက်လို့လား။

(အရီးရွှေ) တော်ကလေ..လေကြောကိုရှည်တယ် ကလေးအားရပါးရစားနေတာကို..

(ကောင်းမြတ်) မ…မဟုတ်ပါဘူး အရီးရယ် ဘာရယ်မဟုတ်ဘူး ဟိုမှာနေခဲ့စားခဲ့တာတွေကို တွေးမိလို့ပါ။

(ဦးလေး) ဘာလဲဟိုမှာစားတဲ့ အရသာလောက် မကောင်းလို့လားကွ။

ကောင်းမြတ် ရီချင်မိသွားသည်။ အရသာ..ဟင်းဟင်း.. နိုင်ငံခြားမှာ အရသာမရှိ ဗိုက်သာရှိ၏ လို့သာဖြေလိုက် ချင်သည်။ အရသာ ကောင်းကောင်းစားချင်လို့ ကိုယ့်ဘာသာကိုယ်ချက်ပြန်တော့လဲ လက်ရာမြှောက်လှ သော သူ၏စားဖိုမှုးလက်ရာအား သူကိုယ်တိုင်ပင် တစ်ခါတစ်ခါ အားပေးလို့ မကုန်ချင်။

(ကောင်းမြတ်) မဟုတ်ပါဘူး ဦးရီးရ ဟိုမှာက ဗိုက်ပြည့်အောင်ပဲစားတာလေ။ အရသာခံပြီးစားချင်ရင်တော့ စနေ၊တနင်္ဂနွေ ကိုယ့်ဘာသာကိုယ်ချက်။ ဒါပေမယ့် ကျွန်တော်ကလဲ ချက်တာပြုတ်တာကတော့လေ..
ဟီး..

သူ၏မချိသွားဖြဲရီသံအား ဦးရီးကသဘောကျစွာ အော်ပြီးရယ်၏။

(ဦးလေး) ဟားဟား အေး ဒါဆိုလဲ မင်းမိန်းမသာမြန်မြန်ယူလိုက်တော့ကွာ။ လျှာရင်းလေးမြတ်အောင်.

အင်း..လျှာရင်းပဲမြတ်မလား လျှာရင်းပဲပြတ်မလား ယူကြည့်မှပဲ သူသိမည်။ခုတော့ သူလက်ကျန် ကောက် ညှင်းပေါင်းတစ်ဆုပ်အား နောက်ဆုံးရှင်းလိုက်၏။ ပြီးနောက်..

(ကောင်းမြတ်) ဦးရီး ကျွန်တော် ယာထဲလိုက်ခဲ့မယ်နော်။

(ဦးလေး) မင်းနှယ် နေပူကပူနဲ့ မင်းတို့လို air con ခန်းထဲအလုပ်လုပ်ရတာ မဟုတ်ဘူးကွ။နေပူကျဲကျဲထဲ ချွေးဒီးဒီး ကျအောင် လုပ်ရတာဟ

ငါ့နှယ် ခက်တော့နေပြီ air con ထဲ လုပ်နေပေမယ့် အလုပ်လုပ်နေတဲ့ တစ်ချိန်လုံး နေပူကျဲကျဲထဲ သူ့စိတ်တွေ ရောက်နေတာ ဘယ်လိုပြောပြရပါ့။

(ကောင်းမြတ်) အင်း ဦးရီးကို ရှင်းပြဖို့က နဲနဲတော့ ခက်တယ်ဗျ။ ဟိုမှာက ဦးရီးပြောသလိုပဲ နေပူထဲ ချွေး တော့ မထွက်ဘူးပေါ့။ ဒါပေမယ့် အလုပ်နဲ့ပတ်သတ်တဲ့ စိတ်ဖိစီးမှုတော့ ရှိတယ်ဦးရီးရဲ့။ ပိုက်ဆံရတာနဲ့ တန်အောင် လူမပင်ပန်းပေမယ့် စိတ်တော့ပင်ပန်းတာပေါ့။ ကဲပါ ဦးလေးကိုရှင်းနေရရင် ပြီးမှာ မဟုတ်ဘူး ကျွန်တော်တို့ သွားကြစို့ ။

ဦးရီး လဲဒီကောင် ဘာတွေပြောနေပါလိမ့်ဆိုသော အကြည့်ဖြင့် တစ်ချက်ကြည့်၍

(ဦးလေး) အေးလေ သွားဆိုလဲ သွားကြတာပေါ့။

ဦးရီးတို့ ယာထဲရောက်တော့ လတ်ဆတ်သော လေပြေလေညင်းတို့အား သူတစ်ဝကြီး ရှုသွင်းလိုက်၏။ လတ်ဆတ်ပြီး အားအင်တွေ ပြည့်သွားသလို ခံစားရ၏။မျက်စိတစ်ဆုံး ရှုမငြီးသော စိမ်းလန်းစိုပြေသော လွင်ပြင်ကြီးကို မြင်နေရ၏။ ရိုးသားသော တောသူတောင်သားများ၏ အလုပ်လုပ်နေရင်း တေးညည်းသံကိုလဲ ကြားရ၏။ တီတီတာတာ ကျလိ ကျလိ ဆို ကျေှးငှက်တို့၏ တေးဆိုသံတွေလဲ ကြားနေရ၏။
တစ်ကယ်တမ်းဆိုရလျှင် ဤမြေကြီးသည် သာယာ၏။ရိုးသား၏။ လှပ၏။ သည်လို အရာရာပြီးပြည့်စုံနေသော လောကကြီးတွင် ဒုတိယအရွယ် သူလိုလူလတ်ပိုင်းတစ်ယောက် အတွက် အဘယ့်ကြောင့် အနာဂတ်တို့ ပျောက်ဆုံးနေသနည်း။ သူ့တွင် ပညာပြည့်စုံ၏။ လုပ်ငန်းကျွမ်းကျင်မှုရှိ၏။ သူ့အတွက် အလုပ်သာလို၏။ ရသော အလုပ်သည်လည်း လူတစ်ယောက်အတွက် လူတန်းစေ့ နေနိုင်သော လခကို သူလိုအပ်၏။ထမင်း တောင် နပ်မှန်မှန်စား၍ မရသော လခအားသူမလိုလား။ သို့သော် သူလိုချင်သော လခအတွက် အလုပ်ရှင် သည် ၀င်ငွေကောင်းသော လုပ်ငန်း လည်ပတ်နိုင်သော လုပ်ငန်းလိုအပ်နေပြန်၏။ ထိုလိုအပ်သော လုပ်ငန်း..
အင်း…ဟင်း………………………..
ခဏတော့ခွဲခွာရအုန်းမည်….ခဏတော့ ခွဲခွာနေရပေအုန်းတော့ မည်။

6 comments:

  1. သြော် . . . .
    ခဏတော့ . .ဆိုတာ . .
    ခဏတော့ ခွဲခွာရဦးမယ် ကို ပြောချင်တာကိုး။

    ReplyDelete
  2. ဒီလိုပါဘဲလေ ခွဲခွာခြင်းဆိုတာ လူတိုင်း ကြုံဖူးနေကြပါ....

    ReplyDelete
  3. ဘဝအမောတွေထဲမှာနေရင်း တခါတလေ ဆွေမျိုးတွေရှိတဲ့ ကျေးလက်တောရွာကို သတိရမိတယ်

    ReplyDelete
  4. တောရွာရဲ့အရသာ.......
    သိပ်ကောင်း.....
    ခဏတော့ခွဲခွာရဦးမှာပေါ့နော်.......

    ReplyDelete
  5. တောရွာရဲ့အရသာ......
    ခဏတော့ခွဲခွာရဦးမှာပေါ့နော်........

    ReplyDelete
  6. တောရွာရဲ့အရသာ......
    ခဏတော့ခွဲခွာရဦးမှာပေါ့နော်........

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......