Saturday, 25 December 2010

ဖြစ်မလာခဲ့သော ... ဖြစ်ချင်နေတာ(ဆွေလေးမွန်)



လူတိုင်းလူတိုင်းမှာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတဲ့ အတွေး အိမ်မက်မျှော်လင့်ချက်လေးတွေ တစ်ခုခုစီတော့ ရှိနေစမြဲပါပဲ။ ဒါပေမယ့် အဲဒီထဲကမှ လောကကြီးနဲ့ ရင်ဆိုင်ပြီးတွေ့ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲလိုက်တဲ့အခါ တစ်ခါတစ်ခါ ကိုယ်ဖြစ်ချင်တာလေးတွေကို ချနင်းပစ် လိုက်ရတာမျိုး.. ကိုယ်တိုင်စွန့်လွတ်လိုက်ရတာမျိုး.. ရင်နာနာနဲ့ကျောခိုင်းလိုက်ရတာမျိုး ကြုံလာတဲ့အခါတွင်တော့ ကိုယ်ဖြစ်ချင်တဲ့အရာရဲ့ ကိုယ့်ရင်ထဲကလိုချင်တဲ့စိတ် တန်ဖိုးနဲ့အမျှ စိတ်တွေနာကျင်ရတော့တာပါပဲ။
ဒါဆိုရင် ကျွန်မငယ်စဉ်က ဖြစ်ချင်ခဲ့တာ ဘာလဲဆိုတာကိုပြောပြဖို့လိုတာပေါ့။ ကျွန်မလိုချင်ခဲ့တာက နဲနဲတော့ ဆန်းတယ်..ဘာလို့လဲဆိုတော့ ကိုယ်ကြုံလာရတဲ့ ဘ၀ ကံနှင့် တိုက်ရိုက်ကြီး သက်ဆိုင်နေတာကိုး။ ဒါဆိုရင်ဖြင့် ကျွန်မရဲ့ ဘ၀ကိုနဲနဲတော့ ပြောပြ ဖို့လိုတာပေါ့။
ကိုယ့်ဘ၀ကိုယ့်ကံအကြောင်းပြောရရင်တော့ ကံမကောင်းဘူးလို့ပဲပြောရမှာပဲ။ ငယ်ငယ်လေးထဲက ကျွန်မချစ်လွန်းတဲ့ ကျွန်မသံယော ဇဉ်ကြီးခဲ့တဲ့ လူတွေအားလုံးက ကျွန်မဘေးနားကနေ တစ်နည်းနည်းနဲ့ ခွဲသွားကြတာကြီးပဲ။ပထမက ဖိုးဖိုး ဒါပေမယ့် ကျွန်မ ၃ တန်းလောက်အရောက်မှာ ဆုံးသွားတယ်။ ရုတ်တရက်ကြီးပါ။ ဘာရောဂါမှ မရှိဘူး လူကြီးတွေပြောတာကတော့ အစာအိမ်သွေးကြော ပေါက်ပြီးဆုံးတယ်လို့ ပြောကြတယ်။ပြီးတော့ ငယ်ငယ်လေးထဲက အဖေ အမေ နဲ့နေတာမဟုတ်ဘူး။ ဒီအဖိုး ဒီအဖွား ဒီဦးလေး အဒေါ်တွေကြားထဲမှာလဲ ဖူးဖူးမှုတ်ပြီး ချစ်ခံလာရတာ။ ဒါပေ...မယ့် ဖိုးဖိုးမရှိတဲ့နောက်ပိုင်း အဒေါ်တွေ ဦးလေးတွေကလဲ ယောက်ကျားယူ မိန်းမယူဆိုတော့ ကျွန်မကို ဖွားဖွားက အဖေ အမေတွေစီပြန်ပို့တော့တာပဲ။အဲဒီမှာ အဖိုးတွေအဖွားတွေနဲ့ ဘာလို့နေခိုင်းတာလဲ ဆိုတဲ့ အကြောင်းပါလာပြီ။ အဖေနဲ့အမေက ခဏခဏ ရန်ဖြစ်တာမို့ တော်ကြာရန်ဖြစ်ပြီး အဖေအိမ်ပေါ်ကဆင်းသွားရင် မြေးဦးဖြစ်တဲ့ ကျွန်မကိုပါ ခေါ်သွားမှာစိုးတာကြောင့် အဖိုးက ကျွန်မ ၉ လသမီးလောက်ထဲက ခေါ်ထားတာ။ အဖေနဲ့အမေက တွေ့ချင်ရင် အဖိုးအိမ်လာကြည့်။ အဲလို။ ခုတော့ ကျွန်မ အဖေ၊အမေဆီ ပြန်သွားရပြီဆိုတော့ စဉ်းစားသာကြည့်. ပြီးတော့ ညီမလေးကလဲ ရှိလာပြီးဆိုတော့ အဲဒီမှာ ကျွန်မစပြီး မပျော်တော့ဘူး။ ခက်တာက ညီမလေးနဲ့ အဖေ အမေနဲ့ကတူတူ နေနေကြဆိုတော့လေ ဘာပဲဖြစ်ဖြစ် အဖေအမေက စဉ်းစားလိုက်ရင် ညီမလေး အတွက်အရင် စဉ်းစားကြတာပေါ့။ ဒီလိုအတွေးမျိုးက ခုအသက်ကြီးမှ စဉ်းစားတာလေ။ ငယ်ငယ်တုန်းကတော့ အဖေနဲ့အမေက ညီမလေးကို ငါ့ထက်ပိုချစ်တာ။ အဲလိုတွေးတော့ ဒုတိယ ကျွန်မချစ်တဲ့ အဖေနဲ့အမေက ကျွန်မကို မချစ်ဘူးပေါ့။ဒီကြားထဲ အဖေအမေ ရန်ပွဲကလဲ ကြမ်းလိုက်တာပြောမနေနဲ့။ မပျော်တော့ဘူး။ ၅ တန်းဆိုကလေးသာသာရှိသေးတဲ့ ကျွန်မ ဘယ်လောက်ထိအောင် စိတ်တွေပူလောင်ခဲ့ရသလဲဆိုရင် ၅ တန်းကျောင်းပိတ်တော့ မိဘတွေက မေသီလရှင်ဝတ်ပေးတယ်။ ရွှေမင်းဝံ ကျောင်းတိုက်မှာ။ မနက်ဆိုဘုရားအစောကြီးထရှိခိုး။ ပြီးရင် တရားထိုင် ။ပြီးရင်စာသင်။ အဲဒီမှာ သူများတွေ ၁ ပတ်လောက်ဝတ်ပြီးလူထွက်ကြတာ။ ကျွန်မက ၁ လနေလဲမထွက်ဘူး ၁ လခွဲကျော်လဲမထွက်ဘူး။ ဘာလို့လဲဆို တော့ ကျွန်မစိတ်တွေ တော်တော်အေးချမ်းတာ။ အဲဒီလိုနေရတာကို ကျွန်မနှစ်ခြိုက်မိတာကိုး။ ကျွန်မက လူပြန်မထွက်တော့ဘူးလို့ကို ပြောတာ။ အဖေနဲ့အမေက အဲဒီတော့မှ ကျွန်မရင်ထဲက ထိခိုက်မှုကိုမြင်တာ။ ကျွန်မကို ငိုပြီး သမီးရယ်ငယ်ပါသေးတယ် သမီးကြီးလို့ စာတွေသင်ပေးပြီးတော့ မှ မေသီလရှင်ပြန်ဝတ်လဲ အမေတို့ခွင့်ပြုပါ့မယ်ဆိုပြီး ချော့မော့ပြီးပြန်ခေါ်မှ ကျွန်မလဲ လူထွက်ပြီး မိဘတွေနဲ့ ပြန်လိုက်တာ။ဒါကျွန်မ ၅ တန်းနော်။တကယ်ဆို အဲဒါကလေးသာသာရှိသေးတာ။ အဖေနဲ့အမေက ဒီတော့မှ ကလေးတွေရှေ့ ရန်ဖြစ်တာ တို့ ဘာညာကို ဆင်ခြင်ကြတာ။ ဒါပေမယ့် ညီမလေးနဲ့ ယှဉ်ရင်တော့ ကျွန်မက အမြဲဒုတိယ။ နမူနာလေးတစ်ခုပြောပြမယ် ညီမလေးငါတန်းရောက်တော့ အထက်တန်းကျောင်းပြောင်းတက်ရတယ်လေ။ အဲဒီမှာ ညီမလေးနဲ့ကျွန်မ တစ်ကျောင်းထဲ ဖြစ်သွားတဲ့ အချိန်ကစပြီး ကျွန်မ ၁၀ တန်းနှစ်ကျောင်းပြီးတဲ့ အထိ ခံစားရတဲ့သောက။ ညီမလေးက ထမင်းချိုင့်မကိုင်ချင်ဘူးတဲ့။ ဒီတော့ မိဘတွေက လေးဆင့်ချိုင့်ဝယ်ပေးတယ်။ ကျွန်မက အဲဒီချိုင့်ကိုဆွဲပြီး ကျောင်းသွားရတယ်။ မုန့်စားဆင်းချိန်ကျ ညီမလေးဆီအရင် ထမင်းချိုင့်သွားပို့ရတယ်။ သူက ကျောင်းကိုစောသွားတာကိုး။ဒီတော့ထမင်းချိုင့်က အမြဲ ကျွန်မစီမှာ။ သူစားပြီးတော့မှ ကျွန်မက ထမင်းချိုင့်ကို အတန်းထဲပြန်ယူလာ ပြီးမှကျွန်မစားရတယ်။ ဒါက အများကြီးထဲက မှ အပေါ့ပါးဆုံးတစ်ခုကို ကျွန်မ ပြောပြတာ။ မိဘတွေကို မကိုင်ချင်ဘူး ပြောပေမယ့် ညီမလေးက မသိသေးလို့ပါ ဆိုတာနဲ့ပဲ ကျွန်မအဲဒါ ၁၀ တန်းအထိ အလိုပဲလုပ်ခဲ့ရတာ။ မိဘတွေကလဲ ဘယ်လောက်ထိ ကျွန်ကိုဂရုစိုက်ခဲ့လဲဆိုရင် ၁၀ တန်းကျွန်မတက်နေတဲ့ ကျူရှင်နေရာ ခုချိန်ထိ ဘယ်နေရာလဲ သူတို့မသိဘူး။ ဒါဆို ညဘက် သူများမိဘတွေလို လက်ဖက်လေးသုတ်ပေး ကော်ဖီလေးဖျော်ပေးလားဆိုတော့ စာမေးပွဲသာဖြေရော တစ်ခါမှ အဲလိုဂရုစိုက်တာမခံရဘူး။ ပိုဆိုးတာက ညဘက်ဘယ်လောက်ပဲစာကျက်လို့ ညည့်နက်နေနေ မနက်ဆို ၆ နာရီအမှီထပြီး ဈေးသွား အမေတို့အလုပ်ထမင်းချိုင့်ရော ကိုယ့်အတွက် ကျောင်းထမင်းချိုင့်ရော ကိုယ့်ဘာသာကိုယ် အမှီထချက်ရတယ်။ အဲလို..
စိတ်ထဲမှာတော့ မကောင်းဘူးပေါ့။ ငယ်ကလဲ ငယ်သေးတာကိုး။ ၀မ်းနည်းတာပေါ့။ ဒါနဲ့ ၁၀ တန်းစာမေးပွဲလဲပြီးရော အမေ့ရဲ့ညီမတစ်ဝမ်းကွဲ မအူပင်က အဒေါ်တွေ အိမ်သွားနေတော့တာပဲ။ ဘယ်လောက်ကြာလဲဆိုရင် ၁ နှစ်လောက်ကြာမယ်ထင်တယ်။ စာမေးပွဲ အောင်စာရင်းတွေ ထွက်ခါနီးမှ ပြန်လာတာ။ အဲဒီမအူပင်အိမ်က အစ်မတစ်ယောက်ကလဲ ကျွန်မဘ၀ရဲ့ အရေးပါတဲ့တစ်ယောက်ပဲ။ ညီအစ်မ အရင်းထက် ကျွန်မသူ့ကိုပိုချစ်တယ်။ ညီမလေးက အနိုင်ကျင့်သလောက် သူက ကျွန်မကိုအနစ်နာခံတာကိုး။ ပြီးတော့ အဲဒီအိမ်က အဒေါ်တွေက ကျွန်မရဲ့မမွေးစားမိဘလို့ကိုပြောလို့ရတယ် သူတို့တွေက အရမ်းဖြူစင်ပြီး ကျွန်မမိဘထံမှ လိုချင်မေတ္တာတွေ သူတို့စီက ရတာကိုး။ စိတ်ချမ်းသာတဲ့ နေရာ ပျော်တယ်ဆိုတော့ နေတာပဲ။ ၁ နှစ်လောက်ကြာ ပြန်မလာလွန်းတော့မှ အမေတို့ က ဖုန်းလှမ်းဆက်တယ် ပြန်လာခဲ့ပါ ဒီအဖေ အမေ ရှိတာမှတ်မိသေးရဲ့လားဆိုပြီး ငိုပြီးပြောတော့မှ ကျွန်မ အိမ်ပြန်ရောက်တာ။
ဒါနဲ့ ကျွန်မချစ်တဲ့ အဲဒီအစ်မကလဲ ဘာမပြောညာမပြော ယောက်ကျားယူရော။ ၀မ်းနည်းတာပေါ့။ ကိုယ့်ဘ၀ထဲက တစ်ခုခုလျှော့သွားသလို ခံစားရတာ။ အဲဒီအချိန်က တက္ကသိုလ်ဒုတိယနှစ်ပေါ့။ အဖေနဲ့အမေတို့ကလဲ အဲဒီအချိန် ညီမလေးကအလိုလိုက်လွန်းလို့ ဆိုးလာတော့ ကျွန်မကို လိမ္မာတယ်ဆိုပြီး နဲနဲသိတတ်လာတဲ့ သဘောလေးပါလာတယ်။ ကဲဒါနဲ့ ပညာစုံတော့ ချစ်သူလေးလဲ ရလာပြီ ဆိုပါတော့။ ဒါပေမယ့် ချစ်ရတာတော့ ကြောက်သား။ သံယောဇဉ်ကြီးတဲ့ သူတွေက တစ်နည်းနည်းနဲ့တော့ ခွဲသွားတာကိုး။ ဒါပေမယ့် ချစ်တာကို တားလို့မှမရပဲ။ဒါပေမယ့် နောက်ဆုံးတော့ သူလဲချန်ထားခဲ့တာပါပဲ။
အဲဒီအချိန်ကြတော့ ကိုယ့်ဘာသာကိုယ် ဆင်ခြင်မိသွားပြီး။ ခုလိုခံစားနေရတာတွေ သောကဗျာပါဒ ပူလောင်မှုတွေကို အေးချမ်းချင်တဲ့ စိတ်မျိုးဖြစ်လာတာ။ ဘာလဲဆိုတော့ မေသီလရှင် ပြန်ထွက်လာပြီထဲက ကျွန်မစိတ်ထဲက ပျောက်ပျက်မသွားတာက အဲဒီလိုတရားနဲ့ နေရတာ အေးချမ်းလိုက်တာဆိုတဲ့ စိတ်မျိုး အမြစ်တွယ်လာတာ ငယ်ငယ်လေးထဲက။ နေ့တိုင်းဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ညဘက်ဆို ဘုရားသောက်တော်ရေလဲ ဘုရားရှိခိုး အဲဒါကတော့ ကျွန်မအမြဲလုပ်ဖြစ်တယ်။ တစ်နေ့ကို အဲဒီတစ်နာရီလောက် ရယူလိုက်တဲ့ စိတ်အေးချမ်းမှုကို နောက်ဖြတ်သန်းရမယ့် နေ့တွေအတွက် ကျွန်မမှာအားတွေဖြစ်လာတယ်။ စိတ်တွေလဲ ရင့်ကျက်လာတယ်။ နောက်ပိုင်း ကျွန်မအလုပ်ကလဲ အဆင်ပြေလာ မိသားစုက ကျွန်မအပေါ်အားကိုးလာတဲ့ အချိန်မှာတော့ မိဘတွေကျွန်မကို ချစ်တယ်ဆိုတာလည်း မြင်တတ်လာပြီ။ အရာရာကို ကျွန်မသိတတ် မြင်တတ် နားလည်လာတတ်ပြီ။ ဒါပေမယ့် ဖြတ်သန်းလာတဲ့ ဘ၀အရ ..ရလာတဲ့ အောင်မြင်မှုတွေ ရနေတဲ့ အရာတွေအားလုံးအပေါ်မှာတော့ ငါပိုင်လိုက်တာလို့ မချစ်တတ်တော့ ဘူး။ တစ်နေ့ကျ သူတို့က အဝေးကိုခွဲသွားကြအုန်းမှာပဲလို့ စိတ်ထဲမှာထင်နေတာ။ခုလောလောဆယ်တော့ မိဘဆိုတာ ကျွန်မအပေါ်မှာ တာဝန်ရှိသေးတာမို့ ဘ၀ကိုကြံ့ကြံ့ခံလို့ ရင်ဆိုင်အုန်းမှာပါ။
ဒါပေမယ့် ကျွန်မကိုယ်ကျွန်မပိုင်သွားတဲ့နေ့ အဲဒီနေ့ကျရင်တော့ ကျွန်မဖြစ်ချင်နေတာက
အေးချမ်းတဲ့ တရားဓမ္မကို ကျွန်မ အားထုတ်ချင်ပါတယ်။

ဘာလို့လဲဆိုတော့ နောက်ဘ၀ တွေများ ဒီလိုမျိုးစိတ်သောကတွေကို ကျွန်မမခံစားချင်တော့ပါ။ ကြောက်တတ်သွားပါပြီ။ လောလောဆယ်တော့ ကျွန်မတတ်နိုင်သလောက် ကုသိုလ်ကောင်းမှုတွေ လုပ်နေစဲပါလို့ နိဂုံးချုပ်ရင်း..

ကိုအုပ်ကြီးတက်(ဂ်) ထားတဲ့ "ဖြစ်မလာခဲ့သော ... ဖြစ်ချင်နေတာ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပို့(စ်)လေးတစ်ပုဒ် ရေးလိုက်ရပါတယ်။
ကြာတော့ကြာသွားပါတယ်။ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားပြီး ရေးခဲ့ပါတယ်။ စာဖတ်နေရင်းနဲ့ အမှားလေးများပါရင်တော့ သည်းခံပေးပါလို့။

7 comments:

  1. ဘဝဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ ...
    လူသားတိုင်းက ရုံးကန်လှုပ်ရှားကြရစမြဲပါဗျာ..
    အေးချမ်းတဲ့တရားဓမ္မအောက်မှာနေထိုင်
    ချင်ကြတာ မွန်မြတ်တဲ့စိတ်ဓာတ်၊လုပ်နိုင်ခဲတဲ့စိတ်ဓာတ်ပါ..
    တောထွက်တာ(ရဟန်းပြုခြင်းသည်လည်း တရားအားထုတ်ခြင်း) ဖြစ်ပြီး ..
    လက်ရှိနေရင်း ထိုင်ရင်း စားရင်း သွားရင်းလည်း ..တရားအလုပ်ကိုလုပ်နိုင်တယ်ဆိုတာ ..သိပြီးဖြစ်မှာပါ
    ပဌန်းဒေသနာတော်ကြီးက ညွှန်ပြထားသလိုပါပဲ ..အကုသိုလ်တရားကပဲ ကုသိုလ်တရားဖြစ်စေဖို့ အထောက်အပံ့ကောင်းဖြစ်စေပါတယ်
    လို့ ခံယူပြီးကျွန်တော်တို့ တစ်တွေ ကြိုးစားကြနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ ...

    ReplyDelete
  2. အချစ် ၊ မေတ္တာ ၊ သံယောဇဉ်မှာပေါ့ဗျာ။
    ( ကျနော် သိသလောက် ပြောပြကြည့်တာပါ။ )
    ရယူ ပိုင်ဆိုင်လိုမှုက အရမ်းကို ကြီးမားသွားခဲ့ရင် အဲဒီလိုပဲ ကိုယ့်ရင်ထဲမှာ လှိုက်ပြီး ခံစားရတတ်ပါတယ်။ သူများကို ဘယ်လို စိတ်ပျော်ရွှင်စေနိုင်မလဲ ဆိုပြီး တွေးလုပ်တတ်သူတွေကျတော့ ပိုပျော်ရွှင် နေရတတ်သဗျ။ ပေးရင် ရ ဆိုတဲ့ စကားလေးက ဒါကို ပြောချင်တာနဲ့ တူပါတယ်ဗျာ။

    အခုလို တရားအားထုတ်မှု ဆိုတာကလည်း ကျနော့်ဘဝရဲ့ ရည်မှန်းချက်ထဲမှာ ပါပါတယ်။ တူတယ်လို့ ဆိုနိုင်တာပေါ့။ ဖြစ်မြောက်ပါစေဗျာ။

    ReplyDelete
  3. ဆွေလေးရေ..
    ဆွေလေးရဲ့ ငယ်ဘ၀က ဒဏ်ရာတွေနဲ့ပါလား.. ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်
    တကယ်ပါ။ လူတိုင်းမှာတော့ ငယ်ဘ၀ရဲ့ ပုံရိပ်ကလေးတွေ လွှမ်းမိုးခံရတတ်ပါတယ်နော်... ဘာဘဲဖြစ်ဖြစ်
    ခုချိန်မှာတော့ အဆင်ပြေနေပြီဆိုတာ သိရလို့ ၀မ်းသာပါတယ်.. ဘုရားတရားကို နှလုံးသွင်းတတ်သူမို့လည်း စိတ်အေးချမ်းမှာပါ။
    ရှေ့ဆက်ပြီး ဖြစ်ချင်တာတွေ အားလုံး ဖြစ်လာပါစေ ဆွေလေးရေ... ပျော်ရွှင်ချမ်းမြေ့ပါစေနော်

    ReplyDelete
  4. စာဖတ်ရင်း နာကြင်ခဲ့ရတဲ့ ဒဏ်ရာလေးတွေ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ တစ်နေ့ ရည်မှန်းထားတဲ့ အေးချမ်းတဲ့နေရာလေးမှာ တရား ဓမ္မလေးနဲ့ ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  5. ဖတ်ရတာ စိတ်မကောင်းလည်း ဖြစ်မိတယ်
    ပြီးတော့ ချီးကျူးချင်လာတယ်။
    ဒီလိုအဖြစ်မျိုးမှာ မိဘနဲ့ဝေးပြီး ကိုယ့်အိုးကိုယ့်အိမ်ထူထောင်ဖို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရွေးချယ်သွားကြတာတွေ
    စိတ်ကိုပျော်သလိုနေရင်း လမ်းမှားသွားကြတာတွေ ဒုနဲ့ဒေးပါပဲ။
    တရားဘက်ကို စိတ်ညွှတ်နိင်တာကိုက လေးစားဖွယ်ရာပါပဲ။ မှန်ကန်သောလမ်းကို တည်ငြိမ်စွာ လျှောက်လမ်းနိင်မယ်လို့ ယုံကြည်ပါတယ်။

    (မအားမလပ်လို့ ခုမှ ရောက်ဖြစ်တာတော့ ခွင့်လွှတ်ပါနော်)

    ReplyDelete
  6. ပျော်ရွှင်ဖွယ်ရာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေဗျာ...။

    ReplyDelete
  7. အင်း.. သားသမီးကို မချစ်တဲ့ မိဘတော့ မရှိလောက်ဘူး ထင်ပါတယ်... ဒါပေမယ့် လူတိုင်းလူတိုင်းမှာက ကိုယ့်ခံစားချက်နဲ့ ကိုယ်ပါ.. တရားဓမ္မအားထုတ်တဲ့ အလုပ်က ကောင်းမြတ်တဲ့အလုပ်ပေါ့...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......