Monday, 6 December 2010

စိတ်ရဲ့ ဒဏ်ရာ




အဲဒီနေ့က ကျူရှင်ကနေပြန်လာတဲ့သူမလွယ်အိတ်လေးချပြီး ထမင်းစားဖို့ နောက်ဖေးခန်းကို အသွားဟိန်းကနဲ့ ထွက်လာတဲ့ အသံ
"သွား နင်လဲအိမ်ပေါ်ကနေဆင်းသွား နင့်အမေအမျိုးတွေနဲ့ နင်လဲအတူတူပဲ ရော့ ဒီမှာနင့်အထုပ်.."
ကျယ်လောင်ပြီး နီမြန်းသောမျက်နှာနှင့် ဒေါသ၏လွှမ်းမိုးခြင်းကိုခံနေရသော သူမ၏အဖေ ..ပြောလဲပြော အထုပ်တစ်ထုပ်လဲ သူမရှေ့ ကိုပြုတ်ကျလာတယ်.. ဒီအချိန်မှာပဲ အမေ့ရဲ့ အသံကိုသူမစကြားလိုက်ရတယ်။
"ရှင် ကလေးကိုဘာမှပြောနေစရာမလိုဘူး ပြောခြင်းပြောကျုပ်ကိုပြော။"
ပြီးတော့ သူမဘက်လှည့်ပြီး
"သမီးအိမ်ရှေ့ မှာသွားဆော့နော်။" တဲ့..
ဒါနဲ့ပဲ သူမလည်း အယောင်ယောင်အမှားမှား ရှေ့မှာရှိတဲ့ အထုပ်လေးကောက် ဟုတ်ကဲ့ဆိုပြီး အိမ်ရှေ့ ပြန်ထွက်လာတယ်။
နောက် မှာတော့ အဖေနဲ့ အမေရဲ့ ပွဲကြမ်းတဲ့ အသံတွေ..
ဗိုက်ကလည်းတော်တော်ဆာနေပြီး..ဟင်း..မဆာပဲ ခံနိုင်မလား
သီတင်းကျွတ်မေမေနဲ့ဖေဖေ့ ကိုကန်တော့ဖို့ သူမမုန့်ဖိုးတွေစုနေတာ..ဒီတော့ မုန့်စားဆင်းချိန် မုန့်မစားရဘူးလေ။ ပြီးတော့ ကျောင်းကအပြန် ကျူရှင်ကိုတန်းပြေး ဆိုလိုက်ရတဲ့ စာ ဆရာတိုင်ပေးတိုင်း လိုက်ဆိုနေရတာ ..မောလဲမော ဆာလဲဆာနဲ့ အိမ်ပြန်ရောက်..ကြိုနေတဲ့ ဒီအသံတွေ..ဖြစ်နိုင်ရင် မကြားခြင်ဘူး.
ဖေဖေ ကဆို ညီမလေးမှညီမလေး။ငါ့ကိုတော့ သိပ်ချစ်ပုံမရဘူး။ အေးပေါ့လေ..ဘယ်ချစ်မလဲ ငါကလည်းငယ်ငယ်ထဲက
ဖွားဖွားနဲ့ဖိုးဖိုး တို့ဆီမှာအနေများတာကိုး.ခုကျောင်းစတက်တော့မှ ဖွားဖွားတို့က ဒီကိုပြန်ပို့တာ..ခုဆို သူမ ပထမတန်းတောင် တက်နေရပြီ။ဟိုတစ်လောကများ ညီမလေးသူဘာသာသူ ကစားလို့ချောလဲတာကို ဖေဖေက ရိုက်လိုက်တာ မျက်လုံးထဲမှာကြယ်တွေ.လတွေတောင်မြင်သွားတယ်။မမြင်ပဲနေမလား..မျက်နှာကို လက်ပြန် ရိုက်လိုက်တာကိုး..ဟွန်း အဲဒီထဲက ညီမလေးဆို စိတ်မှာအမြင်ကိုမကြည်တော့ဘူး ဟွန်း သူ့ကြောင့်လေ ဖိုးဖိုးဆို ဒီလိုမပြောနဲ့ ဆူတောင်ဆူဖူးဘူး..
တွေးလဲတွေး သူမအထုပ်လေးပိုက်ယောင်လည်လည်နဲ့အိမ်ရှေ့လမ်းမရောက်လာပြီ..
စိတ်ကလဲတွေးနေတော့ မျက်နှာငယ်လေးနဲ့ မျက်ဝန်းမှာ မျက်ရည်တွေလည်း ၀ိုင်းနေပြီ။
သူမသူငယ်ချင်းတွေ ဆော့နေကြတယ်..သူမကတော့ ဆော့ခြင်စိတ်လဲရှိပါဘူး။
သူမဒီလိုမဆော့တော့တာ ဖေဖေတို့ဆီကိုပြန်ရောက်ပြီးမှ အရင်ကဖိုးဖိုးတို့အိမ်မှာဆို သူမအရမ်းပျော်ခဲ့ပါသည်။
အဒေါ်တွေဦးလေးတွေ ဖွားဖွားတို့ကချစ်မှချစ်။ ခု..ဒီကိုလည်းရောက်ရော နေ့စဉ်ရက်ဆက် ဖေဖေနဲ့မေမေရဲ့ ရန်ပွဲ ဘာကြောင့်လဲတော့ မသိပေမယ့် ဖေဖေက အမြဲပြောတာတော့ မင်းအမျိုးတွေ မင်းအမျိုးတွေ နဲ့ မေမေကတော့ ငွေ..ငွေလို့တော့ ပြောနေသံကြားတာပဲ..သူများတွေဆို အဖေတွေအမေတွေက ကျောင်းလာပြီး မုန့်စားဆင်းချိန်ဆိုရင် မိဘတွေက မုန့်လာပို့ရတာနဲ့ ထမင်းလာကျွေးရတာနဲ့ သူမကတော့ လာကျွေးဖို့ပြောနဲ့ မုန့်တောင်မစားနိုင်ဘူး။ သူမစုရတဲ့ မုန့်ဖိုးလေးနဲ့ မေမေတို့ကို ကန်တော့ရင် မေမေနဲ့ဖေဖေ ပျော်သွားတာကို သူမကြည့်ခြင်လို့ပါ။ ခုတော့ ရန်ပွဲကလည်းမပြီးသေးဘူးထင်တယ်။ သူများမိသားစုတွေဆိုရင် ပြုံးလို့ပျော်လို့ တစ်ခြားသူမနဲ့ရွယ်တူကောင်မလေးတွေဆို သီတင်းကျွတ် လှတပတ အကျီလေးတွေတောင် ၀ယ်ပြီးပြီတဲ့ ဟွန်း..
ကြွားနေကြတာ..သူမမှာတော့ မေမေကလည်း သတိမထားမိဘူးနဲ့တူတယ်..လေး ငါး ထည်ထက်ပိုတဲ့ အကျီမရှိ..
အင်းလေ မေမေလဲ ၀ယ်ပေးခြင်မှာပါ..ပြီးတော့ မုန့်စားဆင်းချိန် လာခြင်မှာပါ..
အလုပ်ကအားတယ်မှမရှိတာကို ချက်တာပြုတ်တာပြီးတော့ စက်လဲချုပ်သေးတာကို ဖေဖေကတော့ မြို့ထဲသွား ပြီးရင် အလုပ်ရှင်တဲ့ စကားလုံးတွေသုံး မေမေနဲ့ပြော ဖေဖေလဲစက်ချုပ် နှစ်ယောက်လုံးတော့ ပင်ပန်းတာပါပဲ။
ဒီတော့ သူမလဲမေမေနဲ့ဖေဖေကို ဘယ်တော့မှ ဟိုဟာလိုခြင်တယ် ဒီဟာလိုခြင်တယ် ပူဆာလေ့မရှိ။ ဖေဖေနဲ့မေမေ သနားပါတယ်လေ..ဒီတော့ သူမမှာ ရှိတာလေးနဲ့ပဲနေတတ်တယ်။ အဲဒါကြောင့် ဖိုးဖိုးကပြောတာ ငါ့မြေးကသိတတ်ပြီး လိမ္မာတဲ့ကလေးပါတဲ့။ ပြီးတော့ အေးလဲအေးတယ်တဲ့။
တစ်ကယ်တော့ သူမနေရတာ မပျော်ပါဘူး သူမတစ်ယောက်ထဲ အမြဲတမ်း သူမတစ်ယောက်ထဲ။ ညီမလေးကတော့ သူမလိုမဟုတ် လိုခြင်တာရရင်ရ မရရင်တော့ ဖေဖေနဲ့မေမေ ခါင်းပူပြီးသာမှတ်။ သူမထက်စာရင် ညီမလေးက ပိုပြည့်စုံသည်ပဲ.အကျီတွေလဲပေါသည်။ မုန့်လည်းစားခြင်တာစားလို့ရသည်။
တစ်ခါလောက် အသံပြဲကြီးနဲ့ ငိုလိုက်ရင်ပြီးပြီ ညီမလေးလိုခြင်တာ အားလုံးရှေ့ကိုရောက်။ ဖိုးဖိုးပြောတဲ့ ငိုတတ်တဲ့ ကလေးမုန့်စားရ ဆိုတာမျိုးနေမှာ။
စဉ်စားရင်းနဲ့တောင် သူမသတိထားမိတယ်..သူမငိုနေတာ..မျက်ရည်တွေတောင် တော်တော်ကျနေပြီ။ သူမက ဒီလိုအချိန်ပဲ ငိုတာ..မျက်ရည်တွေများ မျက်နှာမှာရွှဲလို့..တစ်ခြားချိန်ဆို သူမမကြိုက်တဲ့ ဟင်းနဲ့တောင် ထမင်းတစ်နပ်ပဲဆိုပြီး ကြိတ်မှိတ်ပြီးစားတာ နောက်တော့ မကြိုက်တဲ့ ဟာတောင် ဘာမှန်းမသိတော့ဘူး။ အင်း..ငိုရတာနဲ့ စဉ်းစားနေမိတာတွေနဲ့ သူမတော်တော်လေးနုံးချိနေသလိုခံစားရတယ်..အိပ်ခြင်လာသလိုပဲ..အင်း..ဗိုက်လဲအရမ်းဆာနေပြီ..ဖိုးဖိုးတို့ဆီကို ငါသွားမယ်..ဟုတ်တယ်ခုချိန်ဖိုးဖိုးတို့ဆီကိုသွားမယ်..ဖိုးဖိုးတို့ ကဟိုဘက်ရပ်ကွက်မှာနေတာ..မှောင်တော့နေပြီ ကွင်းပြင်ကြီးတော့ ဖြတ်လျှောက်ရမယ်ဟိုဖက်ရပ်ကွက်နဲ့ ဒီဖက်ရပ်ကွက်ကို ခြားထားတာ..ဟင်.. ဖြစ်ပါ့မလား နေ့လည်ဆို လူတွေဖြတ်နေကြပေမယ့် ခုလို ညခုနှစ်နာရီ လောက်ဆို လူပြတ်ပြီ ကြောက်စရာကြီး ငါတစ်ယောက်တည်းကို..
သူမတွေးလည်းတွေး ခုနက လမ်းထိပ် အုတ်ခုံပေါ်ထိုင်နေရာကနေ ခြေထောက်တွေရွေ့လိုက်တယ် လမ်းထိပ်ကို လျှောက်သွားလိုက် လမ်းထဲ ပြန်ဝင်လာလိုက် မျက်လုံးမှာလဲ မျက်ရည်တွေက အဆက်မပြတ်ကို ကျနေပြီ...လက်ထဲမှာ အထုပ်ကလဲ ပိုက်ထားသေးတယ်.မှောင်ကလဲတော်တော် မှောင်နေပြီ..
ဟာ..ဘာပဲဖြစ်ဖြစ်သွားမယ်ကွာ သူမဆုံးဖြတ်ပြီး လမ်းထဲပြန်ဝင်လာတဲ့ ခြေထောက်တွေကို ပြန်လှည့်လိုက်တယ်..ဒီချိန်မှာပဲ
သူမအားကိုးအရဆုံး အသံနှင့်တူ သူမကိုယ်လုံးလေး စွေ့ကနေပွေ့ချီသွားတယ်.

"မြေး လေးဘယ်သွားမလို့တုန်း လက်ထဲမှာလဲ အထုပ်ကြီးနဲ့ပါလား..ဟာ ငါ့မြေးငိုထားတာ မျက်ရည်တွေလဲ
ရွှဲလို့ ပါလား..ကြည့်စမ်း ငါ့မြေး ဓာတ်ရှင်မင်းသမီးလုပ်မလို့ ကျင့်နေတာဖြစ်ရမယ်..လာလာဖိုးဖိုးချီပြီး အိမ်ပြန်ပို့ပေးမယ်နော်"

ဒီလိုဒီလို ကြားမှသူမပိုတောင် ငိုခြင်လာသလိုပဲ။သူမ ခက်အက်အက် ငိုသံနဲ့ ဖိုးဖိုး လို့ခေါ်ပြီး ဖိုးဖိုးပခုံးပေါ်ကို အားကိုးတစ်ကြီးနဲ့ သူမခေါင်းကိုမှီချလိုက်ပြီး..ဖိုးဖိုးကို တင်းတင်းကြပ်ကြပ် ဖက်ထားမိတယ်..ပြီးတော့ ငိုသံစွပ်စွာနဲ့ ဖိုးဖိုးမြေးဗိုက်ဆာတယ်.လို့ သူမဘ၀မှာ ပထမဆုံးအကြိမ် ပူဆာလိုက်မိတယ်.

သူမ ငယ်စဉ်က အဲဒီအဖြစ်အပျက်လေးကိုသူမစဉ်းစားနေဖြစ်တာပါ။
ခုတောင် မျက်ဝန်းမှာ မျက်ရည်တွေတောင်ဝိုင်းနေပြီ။သူမနောက်မှ မေမေတို့ပြန်ပြောသလောက် သိရတာကတော့ သူမလမ်းထိပ်မှာ ထိုင်ပြီး ငိုနေတာကြာနေလို့ လမ်းထဲကသိတဲ့ သူတစ်ယောက်က ဖိုးဖိုးကို သွားခေါ်လာတယ်လို့ ပြောပါတယ်။ အင်း ဖိုးဖိုးသာရောက်မလာခဲ့ ရင် ဘာတွေ ဆက်ဖြစ်မယ် သူမမသိပါ။
အင်း အဲဒါကြောင့်မို့ပြောကြတာ ငယ်ရွယ်နုနယ်နဲ့ ကလေးတွေရဲ့စိတ်ကို အနာတရဖြစ်အောင် မလုပ်ပါနဲ့လို့
ခုတော့ သူမလူကြီးဖြစ်လို့ လုပ်ငန်းခွင်ထဲဝင် ရင့်ကျက်နေတဲ့ အချိန်မှာတောင် အဲဒီအဖြစ်အပျက်လေးက စိတ်ကိုဝမ်းနည်းအောင် လုပ်နိုင်တုန်းပဲ။ ခုတော့ သူမရဲ့ အားကိုးရာ ဖိုးဖိုးလဲ မရှိတော့ပါဘူး အဲဒီရန်ပွဲလေးပြီး နောက် တစ်နှစ်လောက်ကြာတော့ ဆုံးသွားတယ် ထင်တာပဲ သူမမမှတ်မိတော့..အရမ်းကို အံ့သြစရာကောင်းတယ်လို့ပဲပြောပြောပါ..သေချာတာတစ်ခုကတော့ ..အဲဒီနေ့ သူမခံစားရတဲ့ အရာတွေအားလုံးမှတ်မိပေမယ့် ကျန်တဲ့ ပထမတန်းကနေ ပဉ္စမတန်းထိ အဖြစ်အပျက်တွေအားလုံး သူမ..မမှတ်မိတော့ပါ။ သူငယ်ချင်းတွေကပြန်တွေ့လို့ ခေါ်ရင်တောင် သူမမသိတော့ပါ။ အဲဒီအတန်းတွေကြားထဲမှာဘာတွေ ဖြစ်ခဲ့လဲဘယ်သူတွေ နဲ့ သူငယ်ချင်းဖြစ်လဲ သူမ မသိပါ။ ဖေဖေတို့ မေမေတို့ ကပြောပြရင်တောင်သြော် ဟုတ်လားနဲ့ ပြီးခဲ့သည့် သူမဖြစ်သွားပါသည်။
ပဉ္စမတန်း နောက်ပိုင်းတော့ အသိညဏ်ရင့်ကျက်လာလို့ပဲလား မပြောတတ် သူမပြန်မှတ်မိလာခဲ့သည်.ဒါပေမယ့် ညီမလေးအပေါ်မှာ အမြင်မကြည်မှု ဖေဖေ၊မေမေ တို့ကို ဘက်လိုက်တယ်လို့ ထင်တဲ့စိတ်ကတော့ ခုချိန်ထိ ဘယ်လို
မှ ဖျောက်လို့မရ အသိညဏ်နှင့် သူမထိန်းသည်ပဲ မရပါ။ လက်တွေ့ကိုယှဉ်ကြည့်သည် မရပါ။စိတ်ထဲမှာ စွဲနေပြီ သည်စိတ်က။ ဒါကြောင့် ညီမလေးနဲ့ သူမ ညီအစ်မသာဖြစ်သည် သူမပေါင်းသော ငယ်သူငယ်ချင်းတွေ လောက်တောင် မရင်းနှီးကြပါ။သူမကို ညီမလေးနဲ့ပတ်သတ်ရင် အေးဆက်ဆက်နိုင်လွန်းတယ်လို့ ပြောကြသည်။ သူမလဲ ပြင်ကြည့်သည် ဘယ်လိုမှ မရပါ။ဒီတော့ သူမဘ၀နဲ့ ယှဉ်ပြီးအသိညဏ်ရလိုက်သည်။ တစ်ကယ်လို့များ တစ်နေ့မှာ..သူမသည် မိဘ တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် သူမ၏ သားသမီးများအား ဒီလိုခံစားချက်မျိုး ဒီလိုနာကျင်မှုမျိုး ဘယ်တော့ မှ မပေးဖြစ်အောင် သူမသတိထားရမည်။သူမ၏မိသားစုလေးကို အေးချမ်းသာယာသော ဘ၀လေးပဲ ပေးမည်။ အေးချမ်းမှု.စိတ်ချမ်းသာမှုတွေ ပဲ သူမပေးဖြစ်အောင် ကြိုးစားမည်။ သူမ မရခဲ့သောဘ၀ကို သူမ၏မိသားစုလေးအား သူမပေးမည်။ သူမကြိုးစားရမည်။သူမ ကြိုးစားနေရအုန်းမည်။


ဒီပို့(စ်)လေးကတော့ ဆွေလေး ဟိုးအရင်ကရေးခဲ့ဘူးတဲ့ တစ်ခုပါ။ ခုတစ်လော အလုပ်တွေ တော်တော်များနေလို့ ဘလော့ကိုလည်း လှည့်မကြည့်နိုင် အလည်အပတ်တွေလဲ မလာနိုင်တာကို နားလည်ပေးကြပါလို့ ပြောရင်း မပြတ်သော သံယောဇဉ်နဲ့ ၇ုံးကနေပြီး တင်ပြီးသား အဟောင်းပို့(စ်)လေးတစ်ခုကို ဆွေလေး ပြန်တင်ပေးလိုက်တာပါ။
ဘာလို့လဲဆိုတော့ ဒီပို့(စ်)လေးကို ဆွေလေးကိုယ်တိုင်ပြန်ဖတ်ဖြစ်တိုင်း စိတ်ထဲမှာတစ်ခုခု ကျန်ခဲ့သလို ပြန်ခံစားမိလို့ပါ။

3 comments:

  1. လူငယ်တွေရဲ့ စိတ်က ဒီလိုပဲဗျာ...
    မိဘတွေက ဘာရယ်မဟုတ်ပြောခဲ့ကြပေမယ့်
    ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုမျိုးခံစားဖူးပါတယ်ဗျာ ..
    ကောင်းတာနဲ့ ဆိုးတာမှာ ဆိုးတာက ပိုပြီးမှတ်မိလွယ်တယ်လို့ လည်း ထင်မိတယ်ဗျ ..
    ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုခံစားချက်၊နာကျင်မှုတွေကို ကိုယ့်သားသမီးတွေကို မပေးစေချင်ကြပါဘူး...
    ကျွန်တော်တို့ လည်း မပေးချင်ကြသလိုပေါ့ဗျာ ..

    ReplyDelete
  2. ဆွေလေးပြောချင်တာလေး သဘောပေါက်နားလည်မိတယ်
    တို့မိသားစုမှာလည်း အဲဒီလိုဘဲ အမေက အလုပ်များတော့ စကားကို ချိုချိုသာသာ မပြောအားဘူး
    တို့တွေဆိုလည်း ခုချိန်ထိ စကားကို ချိုချိုသာသာနုနုညံ့ညံ့မပြောတတ်တော့ဘူး ဖြစ်နေတယ် ..
    မိဘတွေရဲ့ သားသမီးအပေါ်ဆက်ဆံရေးဟာလည်း တကယ်ကို အရေးကြီးပါတယ်.. သားသမီးတွေအပေါ် အများကြီးသက်ရောက်မှု ရှိတတ်တယ်လေ.. ပျော်ရွှင်စွာ နားလည်မှုရှိကြတဲ့ မိသားစုဘ၀လေး လူတိုင်းပိုင်ဆိုင်ခွင့်ရစေချင်ပါတယ်..

    ReplyDelete
  3. ဟုတ်တယ် ဆွေလေးရေ...
    သားသမီး ဆိုတာ မိဘရဲ့မေတ္တာကိုပဲ လိုချင်နေကြတာလေ..။
    မိဘတွေ ကျပြန်တော့လည်း အလုပ်များတာရယ်၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အခါ သားသမီးကို ချိုသာချင်မှ ချိုသာနိုင်လိမ့်မယ်။
    မိဘနဲ့သားသမီးကြား...အမြင်ချင်းမတူညီတဲ့အဲဒီအချက်ကို အမတို့လို မိခင်လောင်းတွေက လေ့လာသင့်၊ ဂရုစိုက်သင့်တာပေါ့..။
    သားသမီးအတွက်ရော..မိဘအတွက်ပါ..ရင်နာစရာအဖြစ်အပျက်တွေနဲ့မကြုံတွေ့ပါစေနဲ့လို့သာ...။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......