“မကြီး ဟိုတစ်နေ့ ကလေ
စတိုးဆိုင်မှာချိတ်ထားတဲ့ အင်ကျီလေး အရမ်းလှတာ..၁ သောင်းတဲ့ အဲဒါလေး ၀ယ်ပေးနော်
မကြီး “
“ဟာဗျာ မကြီးကလည်း
ဘာဖြစ်လဲဗျာ ၁၀ တန်းမအောင်တော့ ။ ဒီအိမ်က အမေ့ အိမ် ကျွန်တော်တို့ နဲ့
လည်းဆိုင်တာပဲ နေချင်သလိုနေမှာပေါ့ ထမင်းလေး ရှာကျွေးထားတာ တစ်ခုလေးနဲ့ တော့ စည်းကမ်းတွေ လာထုတ်မနေနဲ့ “
“မကြီး မနက်ဖြန်
ကျောင်းမှာ စာအုပ်ဖိုးပေးရမယ်. မနက်ဖြန် နောက်ဆုံးဆိုလို့ လေ..အဲဒါ…”
ကျွန်မအပါအ၀င်
မောင်နှမ လေးယောက်။ ကျွန်မက အကြီးဆုံး ၀တ်မှုံတဲ့။ အငယ်ကောင်ညီမင်း အလတ်မ မေသင်း
အငယ်ဆုံးလေး ညီလင်းပေါ့။ ညီမင်းကတော့ ကျောင်းလဲ ပြီးအောင် မတက် အလုပ်လည်းမလုပ်
ရပ်ကွက်ထဲဟိုယောင်ယောင် ဒီယောင်ယောင် လောင်းကစားလေးကလည်း ၀ါသနာပါသေးတယ်။ `
အဲ အလတ်မ
မေသင်းက တော့ မတတ်သာလို့ သာ
ကျောင်းကိုထားပေးနေရတာ။ ၁၀ တန်းအောင်ဖို့ တော့ မမျှော်လင့်ရဲ အလှအပ ကိုသာ စိတ်ဝင်စားသည်။
ကျောင်းတက်ကျူရှင်သွားနေတာပင် ဖက်ရှင်ပြနေတယ်လို့ ထင်နေသလားမသိ။ဒီနှစ်ဖြေလို့မှ
၁၀ တန်းမအောင်ရင်တော့ မတတ်နိုင် ကျောင်းထုတ်လိုက်ရုံသာ ရှိသည်။
အငယ်ဆုံးလေး
ညီလင်းကတော့ လိမ္မာရေးခြားရှိသည် သိတတ်သည်။ စာကိုလည်းကြိုးစားသည် အတန်းထဲမှာ
နှစ်တိုင်း အဆင့် ၁ မှ ၅ တော့ ၀င်မြဲ။နှစ်တိုင်း ဆုတက်ယူနေကြ။ ဒီနှစ်ဆို
ညီလင်းလေးက ၆ တန်းရောက်ပြီ။
အဖေကတော့ဆုံးပြီး.အမေကတော့ ရှိသေးတယ်။
အမေကရှိသေးတယ် ဆိုပေမယ့် ဘာမှမလုပ်တတ် မကိုင်တတ်။ အဖေသက်ရှိထင်ရှားရှိစဉ်ကထဲက အမေက
ရိုးရိုးအေးအေး လောကကြီးမှာ အမေသိတာဆိုလို့ နှစ်မျိုးပဲ ရှိတယ် အဖေရယ်
သားသမီးတွေရယ်။ ဒါပဲ။
ဒါနဲ့ပဲ
အဖေဆုံးသွားတော့ ဘ၀လောကဓံ တိုက်ပွဲမှာ ကျွန်မက
အဖေ့ ရဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ ရာထူးကို ဆက်ခံ ခဲ့ ရတာပေါ့။ သူ့
အလိုလိုရောက်လာတဲ့ ပုခုံးပြောင်းတာဝန်ကိုး
ကျွန်မှာ ရွေးချယ်ပိုင်ခွင့်မှ မရှိပဲ အလိုက်သင့် ပုခုံးလေး ငှဲ့ စောင်းပေးလိုက်ယုံကလွဲလို့
ကျွန်မဘာတတ်နိုင်မှာတုန်း။
“ဘာတွေစဉ်းစားနေတာလဲ
ဝတ်မှုံ”
ဘေးနားမှ
ချစ်သူငယ်ချင်းလေး ခွန်နောင် ရဲ့ စကားပြောသံကြားမှ သူမ၏ ယခုလက်ရှိဘ၀ထဲ စိတ်က
ပြန်ရောက်လာသည်။
“ဘာလဲဟင် နောင် “
“အာ..ဘာတွေစဉ်းစားနေလဲကို
မသိဘူး။ ငါပြောနေတာကြာပြီ ဟိုအောက်က အထည်လိပ်ကို ဟိုဘက် အထည်လိပ်ပေါ်ကို
လှမ်းတင်လိုက်လို့ မြန်မြန်လုပ် ဒီမှာ ငါထမ်းထားရတာ လေးလှပြီ”
“သြော်..အေးအေး
သယ်ရင်း..ဆောတီး ဟီးဟီး ”
ဟုတ်တယ် ကျွန်မအလုပ်က အထည်ဆိုင်ကြီးတွေက
ဈေးထည်တွေကိုယူပြီ ကျွန်မလည်း
အချို့အထည်တွေကိုယ်တိုင်ဝင်ချုပ် ရပ်ကွက်ထဲက အထည်ချုပ်သမားတွေကိုလည်း ကျွန်မက
ပြန်ပြီးပေးပေါ့။ ဒါက အဖေသက်ရှိထင်ရှားရှိကထဲက လုပ်လာတဲ့ အလုပ်။
ကျွန်မလည်းကျွမ်းဝင်ပြီးသားမို့ ဒီအလုပ်က ကျွန်မအတွက် အခက်အခဲမရှိ။
ဒီနေ့လည်း ဒိုင်ကြီးက အထည်လိပ်တွေလာယူတာ။ ဒါကို ကျွန်မရဲ့
သူငယ်ချင်းလေးက လူအားရော သူ့ရဲ့ ကားနဲ့ ပါ ကျွန်မကိုအားတက်သရော ကူညီပေးနေတာ။
တော်သေးတာပေါ့ သူရှိပေလို့ ။ ကျောင်းဆိုလဲ
ကျောင်းမို့ လို့ ။ အလုပ်ဆိုလဲ အလုပ်မို့ လို့။ မိသားစုအရေးမှာ
ကျွန်မစိတ်ဓာတ်ကျပြီဆိုရင်လည်း နှစ်သိမ့် ပေးတတ်တာ နားလည်ပေးတတ်တာ နောင်
တစ်ယောက်ပဲ။ဒါကြောင့်လဲ .. အဝေးသင် ကျောင်းတစ်ဖက်နဲ့ကျွန်မ စိတ်ဓာတ်မကျခဲ့ ဘူး။
အမေနဲ့ မောင်လေး ညီမလေးတွေရဲ့ အပြုံးလေးတွေက ကျွန်မရဲ့ အားဆိုရင် နောင် ဆိုတဲ့
သူငယ်ချင်းလေးကတော့ ကျွန်မအတွက် အားပေးဖော်။
ဒါပေမယ့် ပေါ့လေ
အဲဒီအငယ်နှစ်ယောက်ရဲ့ ကျွန်မအပေါ် မစာနာပဲ
သူတို့ရဲ့ အတ္တလေးတွေနဲ့ ကိုင်စွဲပြီး စကားတွေဆိုလာတဲ့ အချိန်ကြရင်တော့
ကျွန်မစိတ်ဓာတ်တွေလဲပြိုယိုင်လဲ သွားတတ်တယ်။
“မှုံ ခုချိန်မှာ
ဘာကိုအလိုချင်ဆုံးနဲ့ အဖြစ်ချင်ဆုံးအရာက ဘာလဲဟင်”
“ငါတစ်ကယ်ပြောရမှာလား ”
“အင်း..”
“ဘာပဲဖြစ်ဖြစ် ကိုယ့်
အတွက်ပဲ ကိုယ်ကြည့်ပြီး မိသားစုကို မတွယ်တာတဲ့ သူဖြစ်ချင်တယ်”
“အဟင်း.. ငါကတော့ နင်နဲ့
မတူဘူးဟ။ ကိုယ့်ချစ်သူ ဘာလိုအပ်လည်း လိုအပ်သမျှ ဖြစ်ချင်သမျှ ကိုဖြည့်စွမ်းပေးတဲ့
သူဖြစ်ချင်တယ်။”
“အင်း.. ဟုတ်လား”
“နင် ဘာလို့ ပြန်မမေးတာလဲ
မှုံ ငါ့ချစ်သူက ဘယ်သူလဲလို့”
“အဟင်း..နင်ပြောသလို
ခုနေငါကမေးလိုက်ပေမယ့် နင်ဖြေမယ့် အဖြေက ငါ့အတွက် မေးခွန်းတစ်ခုဖြစ်လာရင် ငါ့မှာ
ပြန်ဖြေစရာ အဖြေမရှိဘူး နောင်..”
ဟင်း..ကနဲ နောင်ရဲ့ သက်ပြင်းရှည်ကြီးတစ်ခုကိုသာ
နင့်နင့်နဲနဲ ကျွန်မကြားလိုက်ရသည်။ ဘာမှမတတ်နိုင်ပါလေ။ ဘ၀ဆိုတာ ကိုယ်လိုချင်သလို
ပုံသွင်းလို့ ရသည်မှမဟုတ်ပဲ။ သူကသာ ပုံသွင်းတာ ခံလိုက်ကြရတာ မဟုတ်လား။
“ဘာ ..ညီမင်း ..
ဘာပြောတယ်..နင်ပြန်ပြောလိုက်စမ်း”
“ကျွန်တော်
ဘောလုံးပွဲလောင်းတာရှုံးသွားလို့ လေ အဲဒါ ဦးစိန်ကြီးကို အိမ်ဂရံ ခဏပေးထားချင်လို့
မကြီး ဂရံ ဘယ်နေရာမှာ ထားလဲလို့ မေးနေတာ”
“တောက်..
ညီမင်း..တော်လိုက်စမ်း..နင်တော်လိုက်စမ်း.. နင်အဲဒီလိုပေးလိုက်တော့ ငါတို့
ကဘယ်မှာသွားနေရမလဲ”
“ခဏပါမကြီးရာ
နောက်တစ်ပွဲဆို”
“မပေးနိုင်ဘူး..ဘာအာမခံချက်နဲ့မှ
အိမ်ဂရံကို မပေးနိုင်ဘူး”
“အဟီးဟီး.. အမေ အမေ့
သမီးကြီးကို မပြောတော့ ဘူးလား မပေးရင် သားကို ဦးစိန်ကြီးက ရဲတိုင်မယ်တဲ့ ဒါဆို
သား ထောင်ကျမှာဗျ အမေ သားထောင်ကျမှာ
ကြည့်ရက်လို့ လား..အီး ဟီးဟီး”
“သမီးကြီးရယ်
ပေးလိုက်ပါကွယ်. နော်နော်.. တော်ကြာ မောင်လေး ထောင်ကျနေမှဖြင့်ကွယ်.. ”
“အာ အမေကလည်း ပေးစရာလား
ကိုလေး သူ့ ဘာသာသူ မိုက်တာကို ကိုယ့် ဒုက္ခကိုယ်ခံပေါ့ ။ သမီးတို့ က
ဘယ်မှာသွားနေရမလဲ ဒီအိမ်ကြီးမရှိရင်.. ဒုက္ခပါပဲ သမီးလကုန်ရင် မကြီးကို
သက်မွန်မြင့်လွယ်တဲ့ လွယ်အိတ်လေး ၀ယ်ခိုင်းမလို့ ဟာကို ဒီကိုလေးကတစ်မှောက်..”
“တော်ပါတော့
မေသင်းရယ်..ငါ့ကိုယ်က ဒီမိသားစုမှာအကြီးဖြစ်ရတာ ကံဆိုးတာ. နင်တို့ ကိုယ့်
အတွက်ကြီးပဲ ကိုယ်ကြည့်နေကြတာ ငါ့ အတွက် ငါ့ ဘ၀အတွက်ဆိုတာရော စဉ်းစားပေးကြရဲ့ လား
ဟင်.. နင်တို့ ဘာဖြစ်လို့ ကိုယ်ချင်းမစာပေးနိုင်ကြရတာလဲ။ ငါ့ကိုယ်လဲ သနားကြပါအုန်း
ဟယ် ငါတောင်းပန်ပါတယ်..”
“ဒါ..ဒါ ..ဒါဆို
ကျွန်တော် ထောင်ကျတော့မှာပေါ့..အီး..ဟီး..ဟီး.. ကယ်ပါအုန်းဗျာ ကျွန်တော်ကို
ဒီတစ်ခေါက်ပါပဲ ဒါနောက်ဆုံးပါဗျာ နော် နော်..ကျွန်တော် နောက်တစ်ခါ မမိုက်တော့
ပါဘူး.. ကျွန်တော့ ကို ကယ်ပါ.ဗျာ နော် မကြီးနော်..”
သည်လိုနှင့် နောက်ဆုံး
အိမ်တစ်ခြမ်းရောင်းပေးလိုက်ရသည်။ ညီမင်းကတော့ သူပြောသလိုပါပဲ ဒီတစ်ခါနောက်ဆုံးပါပဲ
ဆိုသလို .. မိန်းမခိုးပြေးသည်။နောက်တစ်ခုကြားရသည့် သတင်းကရင်နာစရာ။
ဦးစိန်ကြီးနှင့် ညီမင်းပေါင်းရိုက်သည်တဲ့ ။ ဦးစိန်ကြီးက
အကြွေးကိုလိုသည်ထက်ပိုပြောသည်။ သူ့ အကြွေးကို ယူသည် ပိုတာကို ညီမင်းကယူသည်။
ပြီးတော့ ထိုပိုက်ဆံနှင့်ပင် မိန်းမခိုးပြေးသည်။ အဲဒီနောက်ပိုင်းတော့ ညီမင်း
ဘယ်ရောက်လို့ ဘယ်ပေါက်သည်မသိ သတင်းအစအနတောင် မကြားရ။ အမေကတော့ ဒီသားစိတ်ဖြင့်ပင်..
တမြေ့ မြေ့ အိပ်ယာထဲ လဲသည်။
အဲ ညီမင်းပြီးတော့ တစ်စခန်းထလာသူက မေသင်း။ ၁၀ တန်းမအောင်ပါ
ကျောင်းထုတ်လိုက်ရသည်။ ထုံးစံအတိုင်း စတိုးဆိုင်မှာ လခစားဝင်လုပ်သည်။ သူ့
ကုသိုလ်နှင့်သူ ရုပ်ရည်လေးကလည်း ပြေပြေပစ်ပစ် ငယ်ရွယ်သည့် ဂုဏ်လေးကလည်းရှိပြန်တော့
မေသင်းတို့ ဘေးမှာ ကောင်လေးတွေ ၀ိုင်းလို့ ပေါ့။ ဒီတော့ မေသင်းဂုဏ်ပုဒ်က ဒီဆင်းရဲ
တွင်းထဲက လွတ်ဖို့ အရေး သူဌေးသားကို ရအောင်ယူမှဖြစ်မည်တဲ့ ။
သူကြွေးကြော်ချက်အတိုင်း သူဌေးသားတော့ ရပါရဲ့ သို့ပေမယ့် သူဌေးသားဘက်က
အမွေဖြတ်လိုက်လေတော့ ဒီဝန်ထုပ်ဝန်ပိုးက
ထုံးစံအတိုင်းကျွန်မပေါ့။
“ဟဲ့ အမေ့ အတွက် ချက်ထားတဲ့ ကြက်သားလေး
အစပ်မပါပဲ အချိုချက်ထားတာ ဘယ်ရောက်သွားတုန်း”
“ ခုနက မမလေး လေ သူ့
ယောက်ကျားကို ချကျွေးနေတာ တွေ့တယ်. သူ့ ယောက်ကျားက ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်
မစားနိုင်ဘူး ဆိုလို့ ”
“ဘာ..တောက်”
“ဟဲ့ မေသင်း အမေ့
အတွက်ချက်ထားတဲ့ ကြက်သား ညည်းလင်ကို ကျွေးလိုက်တယ်ဆို”
“ဟုတ်တယ်လေ ဘာဖြစ်လို့ လဲ
အမေကိုယ်တိုင် ကပြောတာ.. ချကျွေးလိုက်တဲ့ အမေက နေမကောင်းတော့ ထမင်းလည်း
သိပ်မစားချင်ဘူး ဆိုလို့ အမယ်လေး ..ဒီကြက်သားလေး ယူကြွေးတာ ဘာဖြစ်လဲ
သိပ်ပြီး အာဏာ ပြချင်တယ်။ အိမ်ပေါ်က နှင်ချဖို့
တော့ မစဉ်းစားနဲ့ နော်..ဟွန်း ဒါမိဘအိမ် မေသင်းတို့ နဲ့ လည်း ဆိုင်တယ်..
တစ်ယောက်တည်း အပိုင်စီးမယ်လို့ တော့ မကြံနဲ့ ”
“မမလေး တော်ဗျာ..
မိုက်ရိုင်းလိုက်ကြတာ. ဒါဆိုလည်း ဒီအိမ်ပေါ်မှာမနေနဲ့လေ မမကြီးရှာကျွေးတာ စားမနေနဲ့
ခင်ဗျားယောက်ကျား သူဌေးသားငပျင်းကို အလုပ်လုပ်ခိုင်းပါလား.. ဘာဖြစ်လို့ ကိုယ့်
မိန်းမရဲ့ အစ်မရှာတဲ့ ပိုက်ဆံနဲ့ မရှက်မကြောက် မိန့်မိန့် ကြီးထိုင်စားနေလည်း..”
“ဟဲ့ နင်ဘာမှ
ငါ့ယောက်ကျားကို ပြောစရာမလိုဘူး။ဒီအိမ်မှာ နင်ကအငယ်ဆုံး။ ငါက နင့်ထက်အကြီး။
ငါ့ယောက်ကျားက တစ်ဦးတည်းသောသူဌေးသား အချိန်တန် သူ့ အိမ်က ပြန်ခေါ်တဲ့ အခါကျရင်
အမွေတွေက ငါတို့ လင်မယားပဲ ရမှာ အဲဒီကြတော့ မှ မမလေး မမလေး လာလုပ်မနေနဲ့ ”
“ထွီ ရွံ့ စရာ
ကောင်းလိုက်ကြတာ.. လူစိတ်မရှိတဲ့ ဟာတွေ။ ခင်ဗျားနဲ့ ကိုလေးနဲ့ လူစိတ်မရှိကြတဲ့
ဟာတွေ။ မမကြီးကို ခိုင်းစားနေကြတာ.လာဗျာမမကြီး သားရှာကျွေးမယ် ဒီအိမ်ပေါ်မှာ သူတို့
ပဲ ထားခဲ့ လိုက်စမ်းပါ”
“သား ညီလင်း တော်တော့။
မမကြီး ပြောမယ်..သားဒီနှစ် ဆယ်တန်းပဲ အောင်အောင် ကြိုးစား ကျန်တာ မမကြီး တာဝန်ထား.
သွားသွား ဘာမှ စိတ်ထဲမှာ တွေးပြီး ညစ်မနေနဲ့ မမကြီးကို ချစ်တယ်ဆိုရင် ဒီနှစ် ၁၀
တန်းအောင် အောင်သာ ကြိုးစားနော် သား သွားတော့ သွား အခန်းထဲ စာသွားကျက်တော့ နော်..”
ဖြစ်နိုင်ရင်လေး ကျွန်မ
ဒီဝဋ်တွေကနေ ကျွတ်ချင်ပြီ။ ကျွန်မလေ အမြဲဆုတောင်းတယ် ၀ဋ်ကြွေးတွေ များရှိခဲ့
တယ်ဆိုရင် ဒီဘ၀ ဒီမျှနှင့်သာ ကျေပါစေလို့ ။ အမေနဲ့ အငယ်ဆုံးမောင်လေးကြောင့်သာ
ကျွန်မ ကြံ့ ကြံ့ ခံနေရတာ။ ခုဆို ကျွန်မဘေးမှာ ဖေးမပေးမယ့် နောင် လည်း မရှိတော့
ဘူးလေ။ ဘ၀အတွက်ဆိုပြီး ကျွန်မနားကနေ ထွက်သွားလိုက်တာ ခုဆို သုံးနှစ်ကျော်
လေးနှစ်ထဲတောင် ရောက်တော့ မှာလေ…
“မှုံ နင်နဲ့ ငါ
မပွင့်လင်းခဲ့ ကြပေမယ့် တစ်ဦးရဲ့ စိတ်ထဲဘာရှိတယ် ဆိုတာ မပြောပဲ နားလည်နေကြပြီသားပါ။
ငါပြန်လာမယ့် အချိန်ကိုစောင့်ပါလို့ တစ်ကိုယ်ကောင်းဆန်ပြီး မပြောချင်ပါဘူး မှုံ
ဒါပေမယ့် ငါ နင့်ဘေးနားကို ဆက်ဆက်ရောက်အောင် ပြန်ခဲ့ မယ် .. နင့်ရဲ့ ဘ၀အမောတွေ
အတွက် နင်လိုအပ်တဲ့ အချိန်တိုင်းမှာ ငါ့ပုခုံးကို မှီနိုင်အောင်
ငါကြိုးစားမယ်..မှုံ ငါ..ငါ..နင့်ကို..”
“နောင်..
ဝင်မဖြေနိုင်မယ့် စာမေးပွဲ တစ်ခုအတွက် ဘာလို့များ မေးခွန်းဝေနေအုန်းမှာလည်း ဟင်..”
သည်လိုနှင့် နေ့
ရက်တွေကို အားတင်းကျော်ဖြတ်ရင်း.. အမေတစ်ယောက် ကျွန်မတို့ မောင်နှမတွေကို ထားပြီး
အဖေ့ နောက်ကို လိုက်ပါသွားလေပြီ။ ကျွန်မစိတ်ထင်တော့ အမေ ဒီဝဍ်ကြွေးတွေက လွတ်ခဲ့
ပြီထင်သည်။ လွတ်စရာ ကျွန်မသာ ကျန်တော့ သည်။
ကျွန်မကရော..ဘယ်အချိန်လွတ်မြောက်နိုင်မလဲ။ ခုတော့ ကျွန်မ လောကကြီးရဲ့
ချောက်နက်နက်ထဲ ကျွံသတဲ့ ကျွံခဲ့ ပြီလေ။ အမေ မရှိသည့်နောက်ပိုင်း အိမ်နှင့်ခြံကို
အပြီးရောင်းလိုက်သည်။ တစ်ဝက်ကို မေသင်းတို့ လင်မယားကို ပေးခဲ့ သည်။
ကျန်တစ်ဝက်ကိုတော့ ကျွန်မနှင့် မောင်လေး ယူခဲ့ ပြီး ၁၀ ပေ အိမ်လေး ခြံလေး ၀န်းလေး
နှင့် သန်လျင်ဘက်မှာ အိမ်တစ်အိမ်ဝယ်လိုက်သည်။ မောင်လေး ကျောင်းတက်နေသော GTC
နှင့်လည်း နီးသည်။
ဒါပေမယ့် ကျွန်မရဲ့ အထည်ချုပ်လုပ်ငန်း က ဆက်ပြီး လည်ပတ်လို့
မရတော့ ။ သွားရေးလာရေးဝေးသည့်အပြင် ပစ္စည်းသယ်ရပြုရသည့် ကုန်ကျစားရိတ်က
အထည်ဒိုင်ကပေးသည့် အထည်ချုပ်ခ က မကိုက်။ ဒီတော့ ကျွန်မလုပ်နိုင်တာ တစ်ခုပဲရှိသည်။
အိမ်မှာ စက်ချုပ်ဆိုင်လေးတစ်ခု ဖွင့်သည်။ မနက်ပိုင်းနှင့် ညနေပိုင်းများတွင်
ကျွန်မ မုန့် ဟင်းခါး ချက်ပြီးရောင်းသည်။ ဒါမှပင် ကျွန်မနှင့် GTC တက်နေသော
မောင်လေးအတွက် ပိုက်ဆံသည် လုံလောက်သည်ဆိုရုံမျှ တော်ကာကြသည်။ အစတွင်တော့
ကျွန်မတို့ မောင်နှမ နှစ်ယောက် တော်တော်ကြီးကို စိတ်ဓာတ်ကျခဲ့ သလို
အဆင်မပြေမှုများက ဆက်တိုက်ဆိုသလိုပင် ပတ်ဝန်းကျင်အသစ်မှာ အားငယ်ခဲ့ ကြရသည်။
နောက်ပိုင်းတော့ ကျွန်မရဲ့ စက်ချုပ်ဆိုင်လေးက ပုံမှန်ဝင်ငွေလည်ပတ် လာနိုင်သလို
မုန့်ဟင်းခါး ဆိုင်လေးကလည်း အရသာကောင်းကောင်းကို ထိန်းထားနိုင်တာကြောင့်
တစ်နေ့ထက်တစ်နေ့ ဖောက်သည်ပိုပိုများလာခဲ့သည်။
“မကြီး ကိုကြည့်ရတာဗျာ
ပင်ပန်းလိုက်တာ။ ညနေပိုင်း မုန့်ဟင်းခါးဆိုင်ကို ပိတ်လိုက်ပါလား ဟင်မကြီး”
“မဟုတ်တာ ညီလင်းရယ်
မောင်လေး ကျောင်းပြီးဖို့ နှစ်နှစ်တောင် လိုသေးတယ်လေ။ ”
“ဟင်း.. သား ကျောင်းမ..”
“တော်ပြီ ညီလင်း
မမကြီးကိုချစ်တယ် ဆိုရင် ကျောင်းစာထဲကိုပဲ စိတ်ဝင်စားပြီး မောင်လေးရဲ့ ဘ၀အာမခံချက်
အတွက် နေရာတစ်ခုကို ရအောင်ကြိုးစားပါကွယ်
နော်.”
“အင်း.. လေ..ဒါဆိုလည်း
သား ကျောင်းအားတဲ့ အချိန်တွေမှာ မကြီးကို ၀ိုင်းကူပြီလုပ်ပေးမယ်နော်..”
“အေးပါ
မောင်လေးရယ်..ကျေးဇူးပါကွယ်..”
“သားလေ မကြီး
ပင်ပန်းနေတာတွေ့ တိုင်း ကိုလေးနဲ့ မမလေး ကို ဒေါသထွက်တယ်။ တောက်.. ခု မမလေး က သူ့
ယောက္ခမအိမ်ပေါ် ပြန်ရောက်သွားပြီး အဆင်ပြေနေတယ်တဲ့ ။ ကိုလေးက လည်း စီးပွားရေး
အဆင်ပြေနေတယ်တဲ့ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်မှာတော့ ဒုက္ခတွေ ဝေနေလိုက်တာ ဗျာ
.. သူတို့က ကျွန်တော်တို့ မောင်နှမကို နည်းနည်းလေးတောင် စောင်းငှဲ့ လို့
မကြည့်ကြဘူး. တွေးမိတိုင်း ဒေါသဖြစ်တယ်။ ”
“ညီလင်းရယ် တော်ပါတော့
ခုလည်းမကြီးတို့ အဆင်ပြေနေတာပဲ ဟာ.. ဒီလောက်ပင်ပန်းတာလေးကတော့ ကွယ် မကြီး
ခံနိုင်ရည်ရှိပါတယ်.”
ဒီလိုနှင့်
ဘ၀ကို အစက ကျွန်မ ပြန်စခဲ့ရသည်။ လောကကြီးမှာ အသက် ၂၀ ဆိုထဲက လုပ်လိုက်ရတဲ့ အလုပ်
ရှာလိုက်ရတဲ့ ပိုက်ဆံ ခုချိန်ထိ ကျွန်မ မနားခဲ့ ရသေး။ တစ်ခါတစ်လေ တော့
ကျွန်မစိတ်ထဲမှာ အထီးကျန်ဆန်သည်။ တစ်ယောက်တည်းဆိုသည့် စိတ်သည် တစ်ခါတစ်ရံ
အတော်ဒုက္ခပေးတတ်သောအရာဖြစ် ကြောင်း ကြာလာလေလေ ပိုသိလာလေလေပင်။ ညီလင်း
လေးသိတတ်လိမ္မာနေလို့ သာ ကျွန်မအားတင်းနေနိုင်ခဲ့ တာဖြစ်သည်။ တစ်ခါတစ်ရံ တွင်တော့
နောင် ရေလို့ စိတ်တွင်းမှ သိသိသာသာကြီး လွမ်းဆွတ်တမ်းတမိသည်။ ဒါပေမယ့်
ဘ၀တိုက်ပွဲတွင် အချစ်ဟူသည် တိုက်ပိတ်ချုပ်နှောင်ချင်းခံရသော
အကျဉ်းသားတစ်ဦးနှယ်ပင်။
စကားပုံတောင်ရှိသေး
အရိပ်လိုချင် နေပူက စောင့်ရတယ်တဲ့ ။ ကျွန်မ ဘ၀အတွက် နွေနေပူတွေများလှပြီ။
အရိပ်ဆိုတာကတော့ မျှော်လင့်ရင်း မျှော်လင့်ရင်း ပိုပိုဝေးလာသလိုပင်။အေးလေ ဘ၀ဆိုတာ
ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတော့ လည်း သူဖြစ်လာသလို နေလိုက်ရုံပေါ့။
“မကြီးရေ
မကြီးရေ ဒီမှာ ဧည့်သည်ပါလာတယ်။ ဘယ်သူလဲလို့ ကြည့်လိုက်စမ်း”
“ဟယ်…..နောင်..ဘယ်ကနေ
ဘယ်လို..”
“တွေ့ချင်လွန်းလို့
ရှာပြီးလိုက်လာရတာပါ ခင်ဗျာ..ဘယ်လိုလည်း ဧည့်သည်ကို မုန့်ဟင်းခါးလေး ဘာလေးနဲ့
ဧည့်မခံတော့ ဘူးလား မှုံ ဒီတိုင်းပဲ ကြည့်နေတော့မှာလား”
“အာ
ဘယ်ဟုတ်ပါ့မလဲ ကိုကြီးကလည်း မကြီးလာ ဒီမှာ လာဧည့်ခံ သားမုန့်
ဟင်းခါးပြင်လိုက်အုန်းမယ် ကိုကြီး အတွက်.”
ကျွန်မအတွက်တော့
အိမ်မက်တစ်ခုလိုပါပဲ။ မျှော်လင့်ချက်တွေ အားလုံး ကိုလက်လွှတ်လိုက်ရပြီလို့
ထင်နေသည့်အချိန်မှ ရုတ်တရက်ကြီး ခုလို ပျော်ရမယ်လို့ တစ်ကယ့် ကို မထင်ရဲ။ ကျွန်မ
က့ကြမ္မာကို မယုံနိုင်လွန်းစွာဖြင့် သွေးတိုးစမ်းကြည့်လိုက်သေးသည်။
“နောင်..အိမ်ထောင်တွေ ဘာတွေ ကျပြီး သားသားလေး
မီးမီးလေးတွေ ရနေပြီလား ”
“အဟဲ.. ကဲ ညီလေးရေ
ရှက်တတ်ရင်တော့ ဆောတီးကွာ။ ဘယ်ကလာပြီး အိမ်ထောင်ကျရမှာတုန်း ခုမှ သားသားလေး
မီးမီးလေးတွေ မွေးပေမယ့် သူက ဟောဒီမှာ..
ကဲ မှုံ ကိုယ်တို့ လက်ထပ်ကြရအောင်..”
ဒီလိုနှင့် ကျွန်မရဲ့
အရိပ်ကလေးမှာ ကျွန်မပျော်ရွှင်ခဲ့ ရသည်။ ဒီနေ့ ညီလင်းလေး ဘွဲ့ ယူသောနေ့ ။
“မကြီး သားအရမ်းပျော်တာပဲ
ဗျာ။ သားမှာ အဖေအမေ မရှိတော့ ပေမယ့် ဟောဒီလို အမကြီး အစ်ကိုကြီးကတော့ သားရဲ့
တစ်ကယ့် ကို အဖေ အမေ လိုပါပဲ ကဲ ဓာတ်ပုံဆရာရေ ကျွန်တော်တို့ မိသားစု ပုံလေးကို
လှလှလေး ဖြစ်အောင် ရိုက်ပေးနော်”
"အိုကေ ကဲ ရိုက်မယ် ပြုံးပြုံးလေး ပြုံးပြုံးလေး"
ဖတ်လို့ကောင်းတယ်ဗျာ.. အမကြီးအမိအရာဆိုတဲ့ နေရာလေးကို ပီပီပြင်ပြင်လေးဖွဲ့သွားတယ်... စာဖတ်ပရိသတ်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အဆုံးသတ်နားလေး အရမ်းမြန်သွားတယ်...
ReplyDeleteခင်မင်လျက်
နေ၀သန်
အိုအေစစ်လေးထဲမှာပျော်နေတော့ များတို့ကိုမေ့နေပြီလားကွယ်
ReplyDeleteဖတ်လို့ကောင်းတယ် ဆွေလေး
ReplyDeleteမိသားစုတွေမှာ
အကြီးတွေကအနစ်နာခံရစမြဲပဲနော်
ဝတ္တုလေးကို ဖတ်သွားတယ်။ ကျွန်မလည်း မောင်နှမတွေထဲမှာ သမီးကြီးပါပဲ။ ဖတ်ရတာ နှစ်သက်လိုက်တာ..
ReplyDeleteခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
အကြီးတွေက ဒီလိုပဲ အမြဲ အနစ်နာခံရတယ်နော်။ နှစ်သက်စရာပို့စ်လေးပါ ညီမရေ..။
ReplyDeleteအစ်မကတော့ အရေးကောင်းပဲ.. အငယ်ဆုံးလေးတွေကလဲ လိမ္မာတတ်ကြပါတယ်.. ဟဲဟဲ....
ReplyDeleteဒီထဲက နောင် လို အပြင်မှာ ပြန်လာမဲ့ ယောကျာင်္းတော့ ခပ်ရှားရှားပဲ...
ဒါနဲ့ နောင်ပြန်လာတဲ့အချိန်မှာ မှုံအားကိုးလို့ရလောက်တဲ့သူရော ဖြစ်လာရဲ့လား...
ဖြစ်လာလို့ ပြန်လာတယ်ပဲယူဆလိုက်မယ်နော်...
Happy Ending ပဲဟာ...
အားကျတယ်ဗျို့... နာမည်လှလှလေးတွေလဲ ရွေးတတ်တယ်... အရေးအသားကောင်းသလို ရေးအားလဲ မဗေဒါထက်ကောင်းတယ်..
(ဒါနဲ့ ဒင်းဆန်းလေး လွမ်းနေတယ်.. )
အခုမှလင့်ပြန်တွေ့လို့း)း)
ReplyDeleteမိတ်ဟောင်းဆွေဟောင်းတွေပဲ
း)