အိပ်ယာနိုးနိုးချင်း မျက်နှာသစ်။ မေမေ အဆင်သင့်ပြင်ပေးထားသော
မုန့်ဟင်းခါးပူပူနွေးနွေးကို ငရုတ်သီးစပ်စပ်လေး နှင့် ကော်ဖီခါးခါးတစ် ခွက်ကို
မနက်စာအဖြင့် မြိန်ရည်လျှက်ရည် စားပစ်လိုက်သည်။ ကောင်းလိုက်ပါဘိနော်။
မစားရတာကြာလို့ လားမသိ။
“သမီး ၀ပြီးလား မုန့်ဟင်းခါးတွေ ရှိသေးတယ်နော်။ နောက်တစ်ပွဲ စားအုန်းမလား”
“တော်ပြီ..မေမေ သမီးစားတာ နှစ်ပွဲကြီးများတောင်ရှိသွားပြီ။ အော် ဒါနဲ့ သမီး
အမေ့ ကို ခွင့်တောင်းစရာ ရှိလို့ ”
“ဆို..ဘာကိစ္စ ခုပဲ အသက်က ၃၀ ရှိနေပြီ အမေ့ ကိုခွင့်တောင်းတုန်းလား”
“အင်း ခွင့်တောင်းဆို သမီး..မိုး တို့ အိမ်ကို သွားလည်မလို့ အမေ”
“သမီးရယ် မိုး ကိုအိမ်လာခိုင်းလဲ ရတာပဲ ဟာ. ဘာလို့ များ အတိတ်ကို
ပြန်လည်တူးဆွချင်နေရတာတုန်း”
“အမေရယ် သမီးက ဒီတစ်ခေါက် ပြန်သွားပြီးရင် သမီးက…”
ဒေါ်ချောတစ်ယောက် သမီးကို မျက်စောင်းထိုးကြည့်ရင်း..
“ဟင်း..ဒီတော့ သမီးက ခုလို အလည်ပြန်လာတုန်းလေး စိတ်လွတ်ကိုယ်လွတ်
စိတ်ချမ်းချမ်းသာသာ နေပါရစေပေါ့ အင်းလေ
ဒါဆိုလည်း အမေ မတားတော့ ပါဘူး။ ဒါပေမယ့် သမီး တစ်ခါသေဖူးရင်တော့
ပျဉ်ဖိုးနားလည်ဖို့ တော့ ကောင်းတာပေါ့။ အမေ ဆိုလိုတာကို သမီးနားလည်ပါတယ်နော်”
“ဟုတ် စိတ်ချပါ အမေ သမီးလည်း အရင်လို ငယ်တဲ့ အရွယ်မှ မဟုတ်တာ။ ပြီးတော့ လေ
မိုးကိုလည်း အံ့သြပြီး ပျော်သွားစေချင်လို့ ။ သမီး မြန်မာပြည်ကိုပြန်လာတာ မိုး
မသိဘူး။ မိုးနဲ့ သမီး မတွေ့ကြတာ ၇ နှစ်ကျော်ပြီလေ။
ပြီးတော့ ခုလို သင်္ကြန်တွင်း ဆိုတော့ လေ..ဟီးဟီး သမီးကတော့ အတွေးနဲ့ တင်ကို
ပျော်နေတာ”
“ကောင်းပါပြီတော်..ကောင်းပါပြီ. ဒါနဲ့ ဘာနဲ့သွားမှာတုန်း။ ဒီနေ့
သင်္ကြန်အကြိုနေ့လေ သမီးရဲ့။ ရေတွေ စပက်နေကြမှာ။”
“ အင်း သမီး အိမ်က ကားနဲ့ မောင်ညဏ်ကိုပဲ လိုက်ပို့ ခိုင်းလိုက်မယ်လေ။ ဒါမှ
အမေလည်း စိတ်ချမှာ ဟုတ်တယ် မဟုတ်လား ”
“ဟုတ်ပ..ဖုန်းယူသွား။ လိုတာရှိရင် အမေ့ ကို ဖုန်းဆက်.ကဲကဲ သွားဖို့ လာဖို့
ပြင်ဆင်ချီတော့ ရေမပက်ခင် စောစော သွားကြ”
“ဟုတ်ကဲ့….”
ပြောပြောဆိုဆိုဖြင့် အိမ်ပေါ်သို့ ပြေးတက်သွားသောသမီးချောအား ကြည့်ရင်း
ဟင်း..ဒီကောင်မလေးကလေ အသက်သာ ၃၀ ခုထိကို လူကြီးလို မနေတတ်သေးဘူး။
အင်း..ပြောမယ့်သာပြောသာ အရင်ကထဲက သမီးကပေါ့ပေါ့ ပါးပါး လွတ်လွတ်လပ်လပ်နေတတ်တာ
သူမအသိ။ သွက်သည် ရဲတင်းသည်။ အပြောချိုသည်။ ပွင့်လင်းသည် ဒါက ငယ်ငယ်ထဲက သမီးရဲ့
စတိုင်။ ဒါကြောင့်လဲ သမီးသူငယ်ချင်းတွေအားလုံးက ရှင်မွှေးကြူ လို့ပြောလိုက်သည်နှင့်
မွှေး မွှေး ဆိုပြီး ဖူးဖူးမှုတ်ချစ်ကြသည်။ အထူးသဖြင့် မိုး ဆိုသည့် ကောင်မလေးနှင့်
သမီးသည် ငယ်ငယ်သူငယ်တန်းကျောင်း တက်စကထဲက တစ်တွဲတွဲ။ ငယ်သူငယ်ချင်းတွေ ဆိုပေမယ့်
တစ်ဦးတည်းသော သမီးဖြစ်သော မွှေး သည် မိုး ကို ညီအစ်မအရင်းတစ်မျှ ချစ်ခင်သည်။ မိုး
ကလည်း သမီးမွှေးလိုပဲ ခင်တွယ်သည်။ အင်း သည်မျှလောက်ချစ်သော ငယ်သူငယ်ချင်း နှစ်ယောက်
၇ နှစ်ကျော် ၈ နှစ်နီးပါး မတွေ့ပဲ နေခဲ့ကြရသည်။ ဒါဟို သားအမိရဲ့
စနက်ကြောင့်ဖြစ်သည်။ တွေးရင်းနဲ့ တောင် ဒေါသတွေ ထွက်သည်။ အော် ငါ့နှယ် ဒုက္ခပါပဲ
သင်္ကြန်တွင်းကြီး ဒေါသတွေ မောဟတွေ မဖြစ်ကောင်းပါဘူးလေ။ ကိစ္စတွေလည်း ဖြစ်ပြီးခဲ့
တာကြာပြီးပဲလေ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာ ကောင်းပါတယ်လေ။
သူမ အိပ်ခန်းထဲမှာ
အင်ကျီလဲဝတ်ရင်း ညကသင်္ကြန်မိုးပြေးလေးများ ရွာထားသည်မို့ စိမ်းမြမြဖြစ်နေသော
ပိတောက်ပင်ကြီးအား ၀ရံတာမှ ထွက်ကြည့်လိုက်မိသည်။ ဟိုတစ်စ သည်တစ်စ
ပိတောက်ပန်းလေးများတော့ ပွင့်ဖူးနေကြပြီ။ ဒါပေမယ့် အားရစရာတော့ မကောင်းသေး။ သူမက
ပိတောက်ပွင့်ပြီ ဆိုလျှင် တစ်ပင်လုံး ၀ါထိန်နေအောင်ပွင့်မှ အားရသည်။ ခုလို
ဟိုနားတစ်ကွက် သည်နားတစ်ကွက်တော့ ဖြင့်ပိတောက်ပင်ကြီးကို ကြည့်ရတာ အားမရ။ ပြီးတော့
ပိတောက်ပန်းတွေ အပင်မှာဝါ၀င်းစွာလှပနေကြသည်ကိုပဲ သူမထိုင်ကြည့်နေတတ်သည်။
ပိတောက်ပန်းဆိုလျှင် မည်သည့်အခါမျှ
ခူးပြီး မပန်တတ်။ အပင်မှာ ရှိနေသည့် ပိတောက်က ပိုပြီးလှသည်ဟု သူမထင်သည်။ပြီးတော့
ပိတောက်ပန်းတွေကို ခူးကြသည့်အခါ ပိတောက်ပင်ကြီးရဲ့ အကိုင်းအခက်တွေကို
ချိုးရသည်မဟုတ်လား။ ပိတောက်ပင်ကြီးခင်ဗျာ ပန်းတွေလည်း ပွင့်ပေးရသေး
သူ့အကိုင်းတွေလည်း ချိုးခံရသေး ဒါကြတော့ သူမစိတ်ထဲ မတရားဘူးလို့ ထင်သည်။ ထို့ကြောင့် ပိတောက်ဆိုလျှင် သူမသည်
အပင်မှာပွင့်နေသော ပိတောက်ပန်းများကို ထိုင်ကြည့်ပြီး ကြည်နူးရသည်ကိုသာ
နှစ်သက်သည်။ ဒီလိုအတွေးမျိုးက သူမတစ်ယောက်တည်းရှိသည်မဟုတ်
နောက်တစ်ယောက်လည်းရှိသေးသည်။ သူလည်း ပိတောက်ပန်းဆိုလျှင် အပင်မှာမှ လှသည်ဟု
ထင်သည့် လူတစ်ယောက်။ ဒီလို အတွေးချင်း
တူနေလို့ လည်း မွှေးဆိုသော ကောင်မလေးတစ်ယောက်နှင့် ဇ ဟုခေါ်သော ကောင်လေးတစ်ယောက်တို့
တွေ့ဆုံခဲ့ ကြသည် ဆိုလျှင်လည်း မမှား။ ၀ါဝင်းနေသော ပိတောက်ပင်ကြီးကို
ကြည်ကြည်နူးနူးမော့ ကြည့်လို့ သင်္ကြန်သီချင်းတွေ အော်ဆိုရင်း ဇ ဆိုသော ထိုကောင်လေးကို
ဝင်တိုက်မိခဲ့သည်လေ။
“ဟဲ့ လူတစ်ယောက်လုံး ဒီမှာ ထိုင်နေတာ မမြင်ဘူးလားဟာ ”
“အဲ ဆောတီး ဆောတီး ငါ အပင်ပေါ်က ပိတောက်ပန်းတွေကို ကြည့်ပြီး ပျော်နေတာ။
အဲဒါ မော့ ကြည့်ရင်း လမ်းလျှောက်တော့ နင့်ကို မမြင်တာ”
“ဘာလဲ နင် ပိတောက်ပန်းတွေကို ခူးပြီး သူ့အကိုင်းတွေကို ချိုးတော့ မှာလား ”
“ဟုတ်ပါဘူး ငါက ပိတောက်ဆိုရင် အပင်မှာပဲ ကြိုက်တာ ခူးပြီး မပန်တတ်. ”
“သြော် ဒီလိုလား ဒါဆိုရင်တော့ ငါလည်းနင့်အတိုင်းပဲဟ ပိတောက်ဆိုရင် အပင်မှာ
လှနေတာကိုပဲ မြင်ချင်တာ”
“ဟဲ့ နင့်ကို အရင်က ဒီမှာ မမြင်ဖူး ပါဘူး။ ဘယ်အိမ်ကလဲ။ ဒီရပ်ကွက်ထဲမှာဆို
အပ်ကျတာက အစ ငါအကုန်သိတာ။ ဒါပေမယ့် နင့်ကိုတော့ မသိဘူး”
“ဟုတ်တယ်ဟ ငါက အိမ်ထဲက အိမ်ပြင်ထွက်လို့ ရတာမဟုတ်ဘူး။ကျောင်းတက်တဲ့
အချိန်လောက်ပဲ အပြင်ကို ထွက်ရတာ။ ငါ့အမေက စည်းကမ်းတင်းကြပ်တယ်လေ။ ဒါပေမယ့်
ဒီရပ်ကွက်ကိုတော့ ပြောင်းလာတာ တစ်လလောက်ပဲ ရှိသေးတယ်။ ခုတောင် ငါ အိမ်ထဲကနေ
ပိတောက်ပင်ကြီးကို အငမ်းမရ ကြည့်နေတာတွေ့ လို့ သား မင်း လမ်းလျှောက်ပြီး သွားကြည့်ချင်ရင်
ကြည့်လေဆိုလို့ ငါဒီမှာ လာထိုင်နေတုန်း နင်နဲ့ တွေ့တာ .အော် ဒါနဲ့ နင်ရော
ဆယ်တန်းအောင်ပြီးပလား ”
“အင်း အောင်ပြီးပြီ..တက္ကသိုလ်တက်ဖို့ စောင့်နေတာ။ နင်ရော ..ငါ့နာမည်က ရှင်မွှေးကြူတဲ့
။ သူငယ်ချင်းတွေကတော့ မွှေးလို့ ခေါ်ကြတယ် ”
“ငါလည်း အောင်ပြီးပြီဟ နင့်လိုပဲ တက္ကသိုလ်တက်ဖို့ စောင့်နေတာ။ ငါ့နာမည်က
အောင်တေဇ သူငယ်ချင်းတွေကတော့ ဇ လို့ ခေါ်တယ်”
“အေး ဒါဆိုလည်း ငါနင့်ကို ဇ လို့ ပဲ ခေါ်မယ်လေ။ အော် ဒါနဲ့ စကားမစပ်
ဒီပိတောက်ပင်ကြီးက သင်္ကြန်ကျဖို့ ၁၀ ရက်လောက်လိုသေးတာကို ပွင့်နေတယ်နော်။
စောလွန်းတယ်..နှမျှောစရာကြီး ”
“သြော် မွှေး ရယ် နင်ကလည်း တွန့် တိုလိုက်တာ။ ညက သင်္ကြန်မိုးပြေးလေး
ရွာတာကိုးဟ။ ဒါကြောင့် အပွင့်တွေ ပွင့်လာကြတာ။ ဘာဖြစ်လဲဟာ သင်္ကြန်ကျတော့ ငါတို့
နောက်တစ်ပင် ရှာပြီး ခုလို ထိုင်ကြည့်ကြတာပေါ့ နင်လိုက်မယ် မဟုတ်လား ”
“အေး လိုက်မယ် လိုက်မယ်..”
ဟားဟား..ဟား..ဟား သူမတို့ နှစ်ယောက်လုံး သဘောကျစွာဖြင့် လွတ်လပ်ပေါ့ပါးစွာ
ရယ်လိုက်မိကြသည်။
“ဟဲ့ သမီး မွှေးရေ မပြီးသေးဘူးလား ဒီမှာ မောင်ညဏ်က ကားတောင်
အဆင်သင့်ဖြစ်လို့ စောင့်နေပြီ။ ကြာလှချီလား သမီးရယ်”
အဲ ဟုတ်သား သူမ အတွေးတွေ လွန်နေတာနှင့် နောက်ကျနေပြီ။
“လာပြီ လာပြီ မေမေရေ ပြီးပြီ”
မိုးနဲ့ တွေ့ ရတော့ မည်ဆိုတော့ သူမ မျက်နှာက ပြုံးဖြီးဖြီး
ချစ်သူငယ်ချင်းလေးနှင့် ဖုန်းထဲမှာပဲ စကားတွေ ပြောဖြစ်ကြသည်။
လူချင်းမတွေ့ရသည်မှာကြာပြီ။ ဖုန်းနဲ့ဆိုတာကလည်း တစ်ခါတစ်ရံမှသာ… နိုင်ငံခြားကနေ
ဗမာပြည်ကို ဖုန်းခေါ်ရသည်က လွယ်သည်မဟုတ်။ “လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ”နှင့်တော့
တော်တော်ရင်းနှီးနေပြီ။ ညဖက် မိုးချုပ်မှဖုန်းခေါ်ပါ ဆိုရအောင်ကလည်း
ကိုယ်ကအားသည့်အချိန်က သူက အိပ်ချိန်။ သူငယ်ချင်းလေး အိပ်ရေးပျက်မှာစိုးသည်နှင့်
မခေါ်ဖြစ်သည်က များလှသည်။အဟင်း ဒင်းခုနေ ငါ့ကို တွေ့လိုက်ရလို့ ကတာ့
ဘယ်လိုနေမည်မသိ။ ပြီးတော့ ပြီးတော့ ဇ..ဇ ရော..
“မောင်ညဏ်ရေ အစ်မကို လမ်းထိပ်မှာပဲ ကားရပ်ပေးနော်။ အစ်မရဲ့ သူငယ်ချင်း မိုး
ကို စချင်လို့ ။ “
“ဟုတ်.ကဲ့ အစ်မမွှေး ဒါနဲ့
ရေ.ပက်ရင်ရော..”
“အဟင်း မပက်လောက်ပါဘူး မောင်ညဏ်ရဲ့ ခုမှမနက် ၇ နာရီပဲ ရှိသေးတာကို”
သူမ၏ အစီအစဉ်အတိုင်း လမ်းထိပ်မှာ ကားကိုရပ်ထားခဲ့ပြီး လမ်းထဲကို
လမ်းလျှောက်ပြီးဝင်လာခဲ့ သည်။
“အန်တီသက်ရေ အန်တီသက်..”
“ဟဲ့ ဘယ်သူတုန်း အော်ခေါ်နေတာ မနက်တောင် မိုးမလင်းသေးဘူး။”
ပြောပြောဆိုဆို အိမ်ထဲမှ ထွက်လာသော မိုးရဲ့အမေ အန်တီသက်ကို တွေ့ လိုက်ရသည်။
“ဟဲ့ ဘယ်သူ..အဲ…အဲ ..သ…သမီး ..”
မွှေး အန်တီသက်ကို ရှုးတိုးတိုးဆိုသော ပုံစံလုပ်ပြရင်း..
“ဟုတ်တယ် အန်တီသက်ရဲ့ မွှေးပါ။ မိုး..မနိုးသေးဘူး မို့ လားဟင်”
“ဟုတ်တယ် သမီးရဲ့ သမီးသူငယ်ချင်းက ဒီချိန် ဘယ်တုန်းကနိုးလို့တုန်း”
“သိတယ်..ဒါကြောင့် ဒင်းကို အံ့သြပြီး ၀မ်းသာသွားအောင် လုပ်မလို့ ။ ဘာမှ
အကြောင်းမကြားပဲ ရောက်လာတာ”
“အေး အေး သမီးလာ အိမ်ထဲဝင်ကြစို့ အပေါ်ထပ်က အခန်းထဲမှာ သမီး သူငယ်ချင်း
အိပ်နေလေရဲ့ ကဲကဲ လာ..”
သူငယ်ချင်းလေးအခန်းသို့ အပြေးတစ်ပိုင်း တက်လာခဲ့ရင်း မိုး၏အခန်းတံခါးကို အသံမပေးပဲ
တစ်ဒုန်းဒုန်းထုလိုက်မိသည်
“အပြင်က ဘယ်သူလဲ..မနက်စောစော ဘာလို့ တံခါး လာခေါက်နေတာလဲ။ အမေလား သမီး
ဒီချိန်မထသေးဘူးလေ အမေရ..အိပ်အုန်းမယ် ”
အိပ်ချင်မူးတူးနှင့် အခန်းထဲမှ သူငယ်ချင်းလေး အသံကြားတော့ သူမ
ပိုပြီးစချင်လာမိသည်။ ထို့ ကြောင့် အသံမပေးပဲ ဆက်ပြီးတံခါးကို
သာခေါက်နေမိသည်။ဒီတစ်ကြိမ်တွင်တော့ မိုး စိတ်ဆိုးလာပုံရသည်။
“လာပြီ လာပြီး တစ်ခါထဲ မနက်စောစောစီးစီး သူများအိပ်ချိန်ကို .. ဘယ်သူ….”
နှုတ်ခမ်းစူပုပ်ပုပ်နှင့် အိပ်မှုံစုံဖွားထလာသော မိုး အားဘာသံမှ
မပေးမိပဲ သူမပြုံးပြီးသား
ကြည့်နေလိုက်မိသည်။
ပထမတော့ မိုး ကဘယ်သူလဲဆိုသော
စူစမ်းသည့် အကြည့် ပြီးတော့ မှ မှတ်မိသွားသလိုနှင့်
“ဟယ်….မိန်းမ ဒေါ်ရှင်မွှေးကြူ ရှင်…ရှင်..ဟုတ်ပါတယ်နော် ..အိမ်မက်များ
မက်နေတာလား”
“အိမ်မက် မဟုတ်ဘူးရှင်ရေ အပြင်မှာ တစ်ကယ် တစ်ကယ်.. ရှင်ကတော့ မေ့ နေတယ်
မဟုတ်လား ဒေါ်မိမိမိုး ”
“ဟားဟား မေ့ စရာလား ဒေါ်မွှေးကြူရယ် ကဲလာထား”
“ဟေ့ ဟေ့ မိုး ငါ့်ကိုလွှတ်တော့ အတင်းလာ ဖက်မနေနဲ့ သွားသွား မျက်နှာသစ်အုန်း
တော်ကြာ အာပုပ်ရည်တွေ ပေကုန်အုန်းမယ် ”
“ဟီးဟီး ပေပလေ့စေ. ဒီမှာကြည့် အဲဒီပါးစပ်ကြီးနဲ့ နင့်ကိုနမ်းမှာ လာလာ..”
“အာ မိုး အဲလို လုပ်နဲ့ လေ အန်တီသက်ရေ ကယ်ပါ..ဒီမှာ မိုး
လိုက်ညစ်ပတ်နေတယ်..ဟားဟား..ဟားဟား”
သူမတို့နှစ်ယောက်နှင့် အတူ ဒေါ်သက်ထားတစ်ယောက်လည်း ပျော်ရွှင်နေမိသည်။
ဘာပဲပြောပြော မွှေး ကို ဒေါ်သက်ထားလဲ သတိရနေတာကြာပြီ။ မိုး ကဲ့ သို့ပင် သမီးရင်းလေး
တစ်ယောက်လို ချစ်ရသည်မဟုတ်လား။
အော် ဘာလိုလိုနဲ့ ၇ နှစ်ကျော် ၈ နှစ်တောင်ကြာခဲ့ ပြီကိုး…
မွှေးဆိုသော ကောင်မလေး မိုးတို့ အိမ်ထဲကို ၀င်လာကတည်းက မျက်နှာချင်းဆိုင်
အိမ်ရှေ့ ၀ရံတာပေါ်တွင် မှင်သက်စွာ ရပ်ကြည့်နေသော လူတစ်ယောက်ရှိသည်။ ထိုလူ၏
မျက်နှာတွင် ပထမ ၀မ်းသာကြည်နူးချင်း
အရိပ်များဖြတ်ပြေးသွားသည် ရုတ်ချည်းပင် ထိုလူ၏ မျက်နှာသည် ညိုမှောင်သွားပြန်သည်။
ထို့နောက် မျက်ဝန်းတွင် မျက်ရည်တို့ ပြည့်ဝိုင်းလာပြန်သည်။ ထို့နောက် ထိုလူ၏
စိတ်သည် အတိတ်၏ အရိပ်တစ်နေရာဆီသို့ ပျံဝဲ ရောက်ရှိသွားလေပြီ..
......ဆက်ရန်..
ချစ်စွာသော ဘလော့မောင်နှမများ ကျန်းမာလို့ ချမ်းသာ ကြပါစေလို့ တောင်းဆုပြုရင်း..
သင်္ကြန်ကို လွမ်းဆွတ်နေမိတယ်။ တစ်ခြားဘလော့ ဂါ မောင်နှမများထံလည်း စာတွေလာဖတ်ရင်း အလည်ရောက်ခဲ့ ပေမယ့် နှုတ်ခွန်းဆက်စကားတော့ မဆိုဖြစ်ခဲ့ ဘူး။ အလုပ်ကအရမ်းများလွန်းနေတော့ ဂရုမစိုက်နိုင်တဲ့ ဒီဘလော့ လေးကို ပိတ်လိုက်ဖို့ အကြိမ် ကြိမ် ကြိုးစားမိနေပေမယ့် .. ခုချိန်ထိ မပိတ်လိုက်နိုင်သေးဘူး။ ဘလော့လေးဖွင့်ထားပြီး တာဝန်မကျေသလိုဖြစ်နေတယ်။ဘ၀မှာ ကိုယ်ဖြစ်ချင်တာ ကို လုပ်လို့ရနိုင်တာ ဆန္ဒနဲ့တစ်ထပ်တည်းကျအောင် လုပ်နိုင်ခဲ့တာဆိုလို့ ဒီဘလော့လေးတစ်ခုတည်း ရှိတာမို့ မပိတ်ပစ်ရက်ဘူး။ ဒါကြောင့်မို့လို့ တစ်ခါတစ်ရံမှသာ ပို့(စ်)အသစ်လေးတွေ တက်လာနိုင်မယ့်
ဒီဘလော့ လေးအတွက် ကြိုတင်ပြီး တောင်းပန်ထားပါရစေလို့ ..မှာကြားရင်း..
မြန်မာနှစ်သစ်ကူးသင်္ကြန်မှာ ချစ်စွာသော ဘလော့ မောင်နှမ သူငယ်ချင်းများအားလုံး ကျန်းမာလို့ ပျော်ရွှင်ကြပါစေနော်။
ပိတောက်ပန်းပုံလေးကိုတော့ google ကနေပဲရှာပြီးယူသုံးထားပါတယ်လို့ ။
အင်း ----ထင်နေတယ် ကောင်းခန်းရောက်ရင်တော့မီးပျက်တော့မယ်လို့
ReplyDeleteအဆွေးဇာတ်လေးလို့လဲထင်ရပါတယ် ဆက်ရန်ကိုမျော်---
နေတဲ့
သင်္ကြန်နားနီးလာတော့လည်း သင်္ကြန်နဲ့ ပိတောက်ပန်းတို့ အငွေ့အသက်ပါတဲ့ စာလေးတွေ ဖတ်ရတာကိုက အရသာတစ်မျိုးပါဘဲ..
ReplyDeleteဆွေလေးရေ ဘလော့တော့မပိတ်ပါနဲ့
ဒီလိုဘဲ အားတဲ့ချိန်တွေရေးပေါ့နော်။
ဆက်ရန်ကိုလည်း စောင့်ဖတ်ပါဦးမယ်
တစ်ခါတစ်ရံမှ ပိုစ့်လေးတွေတက်လာတတ်ပင်မဲ့ အရည်အသွေးကောင်းလေးတွေမို့ အားကျမိပါ၏... ဇာတ်လမ်းတွေကတော့ အားလုံး ကောင်း၏...
ReplyDeleteအစ်မကို သတိလဲရပါ၏...