Sunday 28 August 2011
အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း - ၉)
အင်းလေ မနေချင်သူကို အတင်းဆွဲထားနေတော့ ရော ဘာထူးလာမှာ မို့ လို့ လဲ။ သူကျောခိုင်းပြီဆိုမှတော့ ကိုယ်လှည့်ထွက်လာလိုက်တာပဲ ကောင်းပါတယ်လေ။ ကိုယ်ကိုယ်တိုင်တောင်မှ အချစ်ဆိုတာကို မကြေညက်သေးတာလား မပိုင်နိုင် သေးတာလားမသိ။ ထင်ထားတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်လာတဲ့ အရာတွေ တစ်လွဲဖြစ်နေမှတော့ လမ်းခွဲမှာ ကျစရာမျက်ရည် တစ်ပေါက်တောင် ရှာလို့ မတွေ့ ခဲ့ ဘူး။ ဟုန်းကနဲတောက်တဲ့ မီးလိုပဲ ပြီးတော့ ဟုပ်ကနဲရေဖျန်းလိုက်သလို ငြိမ်းကျသွားပြန်တယ်။ လောကကြီးကပဲ အပြောင်းအလဲ မြန်လွန်းတာလား သူကိုယ်တိုင်ကပဲ ပြောင်းလဲနေသလား သူကိုယ်တိုင်မသိပါ။
ခုလောလောဆယ်တော့ သူနုငယ်ကိုစိတ်ကုန်သလိုကြီး။ နုငယ်နဲ့ တွေ့ ရမှာ သူကြောက်သည်။ လွမ်းလို့ တွေ့ ချင်ပေမယ့် တစ်ကယ်တမ်း တွေ့ ကြပြီဆိုတော့ စိတ်ချမ်းသာသည်ဆိုသည်ထက် ပိုပြီး စိတ်ပိုညစ်ရသည်။ ချိန်းထားသည်ထက် ငါးမိနစ်လောက်မျှ နောက်ကျလျှင် နှစ်ပတ်မျှ စိတ်ဆိုးပြေအောင်ချော့ ရသည်။ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်သည့် အကြိမ်များလာသည့်အခါ သူသည်ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတစ်ယောက်ဖြစ်ရသည်။ သူကိုယ်တိုင်ကရော ဘာလို့ များငယ်၏ ဇီဇာ ကြောင်မှုများကို သည်းညည်းမခံနိုင်သနည်း။ ကိုယ်တိုင်ပင် သူ့ ကိုယ်သူနားမလည်။ ငယ့် ကိုချစ်တယ်လို့ သူထင်တာ မှားများမှားနေပြီလား။ ငယ်သူငယ်ချင်းဆိုသည့် သံယောစဉ်ကိုပင် အချစ်လို့ သူထင်မှတ်မှားခဲ့ လေသလား။
လွန်ခဲ့ တာ ကကျွန်မပါ။ သိလည်းသိပါတယ် နားလည်နားလည်ခဲ့ ပါတယ်။အလျှော့ ပေးပြီး မောင့်ကို ပြန်တောင်းပန်ဖို့ လဲ ကျွန်မ ဘက်က အသင့်။ ဒါပေမယ့် စာမလာသတင်းမကြားနှင့် ကျွန်မကို ထားခဲ့ ပြန်သည်။ အဲဒါက ကျွန်မ အကြောက်ဆုံး အရာ။ လွန်ခဲ့ သည့် တစ်နှစ်ကျော်ကျော်လောက်က မောင် ကျွန်မရှေ့ က ခြေရာဖျောက်သွားခဲ့ လို့ ဘယ်လောက် ထိခံစားခဲ့ ရလည်းဆိုတာ ကိုယ်တိုင်သာသိသည်။ ကျွန်မ ဒီထက်ပိုပြီး မမျှော်လင့်ချင်တော့ ဘူး မောင်ထားခဲ့ ရက်တာကို လည်းမခံစားနိုင်တော့ ဘူး။ နောက်တစ်ခုက ကျွန်မနှင့် ချစ်သူဖြစ်ပြီးနောက်ပိုင်းတွင်လည်း ဘာမှပြောင်းလဲမလာခဲ့ ။ အရင်လိုပင် သူငယ်ချင်းမိန်းကလေးများနှင့်တွဲတုန်း သူငယ်ချင်များနှင့် တစ်ပတ်ကို နှစ်ကြိမ်လောက် အကြောင်းမရှိ အကြောင်းရှာပြီး ဘီယာဝိုင်းတုန်း။ ကျွန်မ မျှော်လင့်ခဲ့ တောင့်တခဲ့ တဲ့ စိတ်ကူးယဉ်အိမ်မက်ထဲက ချစ်သူက ဒီလိုမဟုတ်။ အနေအထိုင်တည်တည်တံ့တံ့ အေးဆေးတည်ငြိမ်တဲ့ ပုံစံ။ ဘ၀ကိုလေးလေးနက်နက် စဉ်းစားတွေးခေါ်။ အရာရာကို ကြိုတင်ပြင်ဆင် ကျွန်မချစ်သလို နားလည်သလို ကျွန်မကို ပြန်ချစ်မယ့် ချစ်သူမျိုး။ မောင့် မှာအဲလိုအရည်အချင်းတွေ တစ်ခုမှ မရှိ။ မရှိလို့ ပြုပြင်ယူမယ် ဆိုတော့ လဲ အချိန်တွေသာ ကြာသွားသည်။ မောင် ကတော့ အရင်အတိုင်း။ ကဲ ကျွန်မဘာများ မျှော်လင့်နေရအုန်းမလဲ။ စိတ်ဆိုးတိုင်းသာ ဒီလို စာမလာသတင်းမကြားထားသွား ပြီးရင် သူပြန်ပေါ်လာချင်တဲ့ အချိန်မှ ပြန်လာ။ ကဲ ဒါဟာ အသည်း အသက်မက ချစ်ရပါတယ်ဆိုတဲ့ မိန်းမတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်တဲ့ ချစ်သူတစ်ယောက် ပုံစံလား။ ဒီတစ်ခါတော့ ကျွန်မက အရင်ထားခဲ့ တဲ့ သူပဲ ဖြစ်ချင်တယ် မောင်။ ပြီးတော့ ကျွန်မ မောင့် ကိုသံသယရှိနေသည်။ ငယ်သူငယ်ချင်းဆိုသည့် သံယောစဉ်ကိုများ အချစ်လို့ မောင်ထင်ခဲ့ လေသလား။
အေးလေ ဖြစ်နိုင်မလားလို့ ကြိုးစားကြည့်ခဲ့ ပြီးပြီပဲ။ နောင်တမရခဲ့ ချင်လို့ ပေးဆပ်ကြည့်ပြီးပြီပဲ။ ကိုယ်ကပေးသလောက် သူမယူနိုင်မှတော့ ထားခဲ့ လိုက်တာက သူ့ အတွက်ပိုကောင်းသည်။ သူမလိုက်ချင်သည့်လမ်းကို ကိုယ်က တွန်းအားပေးလို့ ဒရွတ်တိုက်လိုက်ခဲ့ သည်ဆိုပေမယ့် တစ်ချိန်ချိန်မှာ လှည့်ပြန်မသွားဘူးလို့ မည်သူက အာမခံချက်ပေးမည်နည်း။ ဒီလိုလမ်းခွဲဖို့ ဆုံးဖြတ်လိုက်သည်က သူလဲစိတ်ချမ်းသာသည် ကိုယ်လည်းမပင်ပန်း။ အချစ် အချစ် အချစ်လား သေသွားတာပေါ့။ သေသွားတာပေါ့။ ရှင်သန်နိုင်အောင် ပြုစုပျိုးထောင်ပေမယ့် လည်း နွေလိုပူပြီး မိုးခေါင်တဲ့ ရပ်ဝန်းမှာ ပျိုးခဲ့ မိမှတော့ သေသွားတာပေါ့လို့ ပဲ ပြောလိုက်ရုံသာရှိသည်။
ရက်တွေလတွေ ပြောင်းလဲရင်း အချိန် ၃ လတာမျှကြာသွားသည်။ သူလဲ နုငယ်ကို တွေ့ ဖို့ မကြိုးစားသလို သူမကလဲ ဆက်သွယ်ဖို့ မကြိုးစားခဲ့ပါ။ အစကတော့ သူစိမ်းကိုယ်စိမ်းပေါ့။ ဘာလှည့်ကြည့်စရာလိုလဲပေါ့။ ချောပေ့ လှပေ့ မိန်းကလေးတွေ ကိုယ့် ဘေးမှာဝိုင်းနေတာပဲဟာပေါ့။ ထင်ရာစိုင်းနေလိုက်သည်။ ဒါကလဲ တစ်ပတ်သာသာပါ။ နောက်ရက်တွေကစပြီး သူ့ ရောဂါစလာသည်။ အရင်လို လွတ်လပ်ပြီးဆိုပြီး လက်ဘက်ရည်ဆိုင် ဘီယာဆိုင်ထိုင်သည်။ သူငယ်ချင်းကောင်မလေးများနှင့် shopping လေးလိုက် ပျော်မည်ဟုသာ ထင်ခဲ့ သည်။ တစ်ကယ်တမ်းကျတော့ အဲဒီလို ဖြစ်မလာခဲ့ ။ တစ်စုံတစ်ခု သူ့ ဘ၀အတွက်လိုအပ်နေသလိုခံစားရသည်။ စိတ်ထဲမှာ တစ်ခုခုကိုလက်လွတ်ဆုံးရှုံးလိုက်ရသလိုမျိုးနောင်တရနေသည်။ ဘယ်ကိုမှ မသွားချင် ဘာကိုမှ မလုပ်ချင် သူနှင့်ငယ် ချိန်းတွေ့ နေကြ နေရာလေးတွင်သာ တစ်ယောက်တည်း ဆိတ်ဆိတ်နေကာ သွားသွားထိုင်နေမိသည်။ အထူးသဖြင့် စနေနေ့ လိုမျိုး ငယ်ကျူရှင်ပြန်ချိန်ကို သွားကြို နှစ်ယောက်သား ဘုရားသွားရင်သွား မသွားဖြစ်ခဲ့ ရင် ချိန်းတွေ့ နေကြနေရာလေးမှာ ထိုင် စကားတွေပြောကြ။ အဲဒီလိုနေ့ လေးကို ပိုလွမ်းသည်။ ခုတော့ စနေနေ့ ဆိုရင် သူဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ လစ်ဟာနေသည်။ ဒါကိုပင် အလွမ်းလို့ ခေါ်သလား အသည်းကွဲ သည်လို့ ပြောမလား။
စိတ်ထဲမှာလဲ ငယ်ရယ် မောင့်ဆီကို ပြန်လာခဲ့ ပါကွာလို့ လဲ တနေမိသည်။ နီးနေတုန်းမသိသာခဲ့ ပေမယ့် တစ်ကယ်တမ်းဝေးရပြီ ခွဲခွားရပြီဆိုမှ သူ့ နှလုံးသားထဲမှာ ငယ့် ကိုဘယ်လောက်ထိ ချစ်နေမိခဲ့ သလဲ ဘယ်လောက်ထိ စွဲလန်းနေလဲဆိုတာသတိထားမိ ခဲ့ သည်။ ငယ်မရှိပဲ သူမနေတတ်တော့ ပြီပဲ။ အရင်လိုမျိုး သူ့ အားဆူပူကြိမ်းမောင်းသံလေးကြားချင်မိသည်။
ခုမှပဲ အချစ်ဆိုသည်ကို သူကောင်းကောင်းနားလည်တတ်ခဲ့ ပြီထင်သည်။ ဒါပေမယ့် အချစ်က ဆုံးရှုံးသွားပြီ။ သေဆုံးသွားခဲ့ ပြီးပြီ။ သူဘာလုပ်ရမလဲ..ဒီလိုပဲ နောင်တတွေနှင့် သူကြေကွဲနေမလား။ ငယ် ရယ်.. မောင် လေ ..ငယ့် ကို တစ်ကယ့် ကို နှစ်နှစ်ကာကာ ချစ်နေမိခဲ့ တာပါ။ မောင့်နှလုံးသားကို မာနတွေ အတ္တတွေနဲ့ လှောင်ပိတ်ထားခဲ့ မိလို့ ကိုယ့် နှလုံးသားကို ကိုယ်ပြန်ညာခဲ့ မိသလို ဖြစ်သွားပြီ ငယ်ရယ်။ မောင် မှားပြီ။ မောင် မှားသွားပြီ.. ငယ်.
ဖြစ်နိုင်ရင် မောင်တို့ ဇာတ်လမ်းကို အစကနေ ပြန်စလို့ ရရင် ကောင်းမယ် ငယ်ရယ်..ခုတော့ ခုတော့ ..
----------------------------------------------------
ဘလော့ မလည်ဖြစ်တာတွေ ပြီးတော့ ကိုယ်ပိုင်တဲ့ ဘလော့ လေးကိုတောင် ပစ်ထားသလို ဖြစ်နေမိတယ်။ လူမအားရုံတင်မဟုတ်ပဲ လူအားပြန်တော့ ကွန်ပျူတာက မအားဘူး လူရောကွန်ပျူတာရော အားပြန်တော့ စိတ်တွေက အလုပ်ရှုပ်နေပြန်တယ်။ ဒီလိုနဲ့ သုံးခုလုံး အဆင်ပြေတဲ့ အချိန်မှ စာရေးနိုင်တော့ တယ်။ အဲဒီရဲ့ အကျိုးဆက်က အခန်းဆက်အရှည်ကြီးရေးပြီး တစ်ပိုင်းတစ်ပိုင်းကို တင်တာကြာနေတယ်။နောက်ဆုံး စာအုပ်ထဲမှာလိုချင်တာချရေး ပြီးမှ စာပြန်စီပြီး ဘလော့ ပေါ်ပြန်တင်မှပဲ အပိုင်းလေး တစ်ပိုင်း ပြန်ထွက်လာတော့ တယ်။ ..
သြဂုတ်လ(၃၁)ရက်နေ့မှာ ကျရောက်မယ့် Blog Day အတွက် Happy blog day ပါလို့ ။နှုတ်ခွန်းဆက်သရင်း ဘလော့ မောင်နှမများ ကျန်းမာလို့ ပျော်ရွှင်ကြပါစေနော်။
4 comments:
  1. Happy blog day ပါမမရေ....
    တစ်ခါတစ်ရံ မအားလပ်ပဲ အချိန်တော်တော်ကြာ ပျောက်နေပေမယ့် ဘလော့ထဲ တဝဲလည်လည် စိတ်ရောက်နေသူမို့ နားလည်မိပါတယ်..လို့..:):)
    ReplyDelete
  2. ဝေးနေ ကွဲကွာနေတဲ့ ချစ်သူနှစ်ဦး မကြာခင်မှာ ပြန်ဆုံတွေ့စေချင်ပါသည်။
    Happy Blog Day ပါဆွေလေးရေ။
    ReplyDelete
  3. ဝေးကွာတဲ့ချစ်တတ်သူတွေအမြန်
    ဆုံတွေ့ပါစေလို့.....
    ပြတ်နေသေးတဲ့အပိုင်းတွေရှိသေးတယ်
    အားမှပြန်ရှာရမယ်
    ချစ်ခင်တဲ့ jasmine
    အာဘွား
    ReplyDelete
  4. မဆွေလေးရေ... အချစ်နဲ့ relationship သဘောတရားလေးတွေ ဖြစ်တတ်တဲ့ ၂ဦး၂ဖက်အမြင်တွေကို ရေးထားတာ ထိမိတယ်...
    မဗေဒါလဲ မဆွေလေးလိုပဲ စာရွက်မှာချရေးပြီး ဘလော့ပေါ်တင်မှထင်တယ်... ရေးလက်စကြီးက နှစ်ချီနေပြီ မဆက်ဖြစ်တာ...
    တကယ်တမ်းကျတော့လဲ ယောကျာင်္းလေးပဲ နစ်နာရတာပဲမဟုတ်လား... ဟတ်... ဟတ်... စတာ... နောက်တစ်ပိုင်းဆက်ဖတ်လိုက်အုံးမယ်...
    ReplyDelete
ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......