Saturday, 23 October 2010
ကျွန်မ..ချစ်ခဲ့ပါတယ်...သို့သော်
ဒီလောကကြီးမှာ ရှိနေတဲ့ လူအတော်များများကတော့ အိမ်ထောင်ရေး ဆိုတာ ဘယ်လိုတွေးကြသည်မသိ။ ကျွန်မကတော့အိမ်ထောင် ရေးဆိုသည့် စကားသံ ကြားလျှင်ပင် ဒူးတော်တော် တုန်နေတတ်သော မိန်းမ တစ်ယောက်ဖြစ်လို့နေသည်။ ဒါဆိုလျှင် ယောက်ကျားယူ ဘူးသလားလို့မေးရင် ။ ကျွန်မ ဟင့်အင်းလို့သာ ဖြေနိုင်သည်။မယူဘူးပါ။ ဒါဆို ဘာလို့ကြောက်သလဲ ဆိုတာ ဖြေစရာရှိသည်။ ကျွန်မ မိဘတွေရဲ့ အိမ်ထောင်ရေး ကျွန်မကျင်လည်ခဲ့သော ပတ်ဝန်းကျင် ကျွန်မခါးစီးခံခဲ့ရသော မိသားစု ဘ၀ ခါးခါးကြီး ကိုသာလက်ညှိုး ညွန်ပြစရာရှိသည်။ဒါကတော့ ကျွန်မရဲ့ ဘ၀ ကျွန်မရဲ့ ကံပါလေ။ ကျွန်မ မှာရွေးချယ် ကြီးပြင်းပိုင်ခွင့်မှ မရှိပဲ။ ကျရာနေရာကျရာဘ၀ ကျွန်မ နေတတ်သလို နေရတာပဲလေ။ ပြသနာက ကျွန်မ၏ ထိုကဲ့သို့ စိတ္တဇဆန်ဆန်ကြောက်ရွံမှုတစ်ခုအား ဖက်တွယ်ထားရင်း စိတ်ထဲမှာ အမြစ်တွယ်ခဲ့သည့် အတွေးက အချစ်ဟူသည် ပူဆွေးသောကနှင့် ကိုယ့်ကိုယ်ရှုံးသွားစေသောအရာ။ ကိုယ့်ကိုယ်နာကျင်မှုတွေပေးသော အရာ။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားစေသောအရာ။ ဒီတော့ တစ်သက်လုံး အပျိုကြီး လုပ်သွားဖို့ကိုသာ စိတ္တဇဆန်ဆန် ဆုံးဖြတ်လေတော့သည်။
ဒါပေမယ့် ကံကြမ္မာဆိုတာကလဲ ခက်သားလား။ ကြောက်ပါသည်ဆိုမှ မှတ်ပလားလို့ မေးနေသလို အချစ်နှင့် ကျွန်မ ကျွန်မနှင့်အချစ် ရှောင်ရင်းတိမ်းရင်း တည့်တည့်တိုးမိခဲ့ပြီ။ ချစ်တတ်ပါပြီဆိုမှတော့ ရှုံးနေပြီလား စိတ်ဆင်းရဲနေသလား မပျော်တော့ဘူးလားလို့ ကျွန်မကို လာမေးလျှင် ကျေကျေနပ်နပ်ကြီးကို ချစ်ပါတယ်လို့သာ ခပ်ပြုံးပြုံးဖြေယုံရှိသည်။ ဒါပေမယ့် ပြသနာက ကျွန်မရင်ထဲက ကြောက်ရွံမှုနှင့် အချစ်တို့ လွန်ဆွဲပြိုင်နေကြသည်။ တစ်ဖက်က ရူးရူးမူးမူးချစ်နေသလို တစ်ဖက်က အိမ်ထောင်ပြုချင်းဆိုသည် ကို အသည်း အသန်ငြင်းသည်။ တစ်ဖက်က အချစ်ရှိမှ အသက်ရှိသည်ဟု အဓိပ္ပါယ်ကို ပြောင်ပြောင်တင်းတင်း ဖွင့်ဆိုနေသလို တစ်ဖက်ကလဲ အချစ် သည် ဗိုက်မ၀ နိုင်ဆိုသော စာတမ်းအား ကျမ်းကိုးကျမ်းကား ကျင်လည်နေသော ပတ်ဝန်းကျင်နှင့် သက်သေပြပြန်၏။ ဒီတော့ ချစ်ခဲ့မိသော ချစ်သူအား နားလည်မပေးနိုင်ခဲ့။ သူဘာတွေများ လိုအပ်နေသလဲ မတွေးပေးခဲ့။ ငါဒီလိုလေး များ ပြောလိုက်လျှင်ဖြင့် သူဘယ်လိုခံစားသွားရမလဲ မစဉ်းစားမိ။
ကျွန်မ ကိုယ့်စိတ်နှင့် ကိုယ့်အချစ်ကိုသာ ခံစားနေမိသည်လေ။ ချစ်သူ အားလုံလောက်သော အချစ်တို့အား ယောင်လို့တောင် ထုတ်မပြောဖြစ်ခဲ့။ တစ်ခါမေးမှ ချစ်တယ် လို့တစ်ခါပြောတတ်သော မိန်းမတစ်ယောက်အား အဘယ်ယောက်ကျားတို့သည် စိတ်ရှည်နိုင် မည်နည်း။ ဒါတောင် ကျွန်မကမလျှော့ အချစ်ဟူသည် မဆုံဆည်းနိုင်ပေမယ့် လွမ်းနေရတာလဲ အချစ်လို့ ခပ်ပေါပေါ သီအိုရီကို ရွတ်နေခဲ့သေးတာ။ ချစ်သူက တူတူနေချင်ပြီကွာလို့ ပြောရင်တောင် ကျွန်မသည် ရှင်တို့ယောက်ကျားတွေကလေ အချစ်နဲ့ လိုချင်တက်မက် မှုကိုသိပ်ပြီး ရောနှောပစ်တာပဲလို့ အလိုက်မသိစွာ ပြန်လည်ချေပတတ်သေးသည်။ တစ်ခါက ဒီလိုဖြေလိုက်လို့ နောက်တစ်ခေါက် ထပ်ပြောရင် ချစ်သူ့သဘောအတိုင်း လက်ထပ်ကြတာပေါ့လို့ ဖြေလိုက်မယ်လို့ သင်ထင်လျှင် မှားပါလိမ့်မည်။ အချစ်ရဲ့ နောက်ဆုံး အဆုံးသတ် နောက်ဆုံးပန်းတိုင်က ဒီလို တစ်စိမ်းလူနှစ်ဦးရဲ့ တူတူနေထိုင်ချင်မှာ ဆုံးသလားလို့ ကျွန်မက ခပ်ထေ့ ထေ့ပြန်မေးခဲ့ရင်ဖြင့် လောကကြီးရှိ ယောက်ကျားသားအားလုံးက တစ်မျိုးထဲပဲ ပြန်ဖြေမယ်ထင်ပါတယ်။ တောထွက်လိုက်ပါလို့လေ။ ချစ်သူကတော့ သက်ပြင်းခပ်လေးလေးတစ်ချက်ကို မှုတ်ထုတ်ရင်း ပြောခဲ့တာက ကိုယ်အချစ်ရေးမှာ ကံမကောင်းဘူးတဲ့။
အမှန်တော့ ကျွန်မကိုယ့်ဘာသာကိုယ် အထင်ကြီးခဲ့ချင်းသာဖြစ်သည်။ အချစ်က အချစ် ဘ၀က ဘ၀။ ဘ၀နဲ့အချစ်ဆို ဘ၀ပဲရွေး ချယ်မယ်ဟေ့လို့ မာန်ပါပါကြွေးကြော်ခဲ့သော်ကျွန်မ။ အချစ်သည် ကျွန်မ၏ ဘ၀ထဲမှ အပြီးထွက်သွားသော အချိန်မှပဲ အချစ်ရှိမှ အသက်ရှင်နိုင်သည်။အချစ်ရှိမှ မျှော်လင့်ချင်း အိမ်မက်တွေ ရှင်သန်လာနိုင်သည်။ အချစ်ရှိမှ လောကကြီးလှ သည်ဆိုသော အဆိုပြုလွှာတို့အား ကျွန်မ ခြွင်းချက်မရှိ လက်ခံခဲ့သည်။ သို့ပေမယ့် နောင်မှတသော နောင်တဟူသည် ခပ်ကြီးကြီးထိမှ ခပ်ကြီးကြီးတတတ်သော အရာမျိုးမဟုတ်လား။ ခပ်ကြီးကြီးတခဲ့သည်။ ကျင်လည်နေရသော ပတ်ဝန်းကျင်သည် အသက်မဲ့သွားသလို ခံစားခဲ့ရတယ်။ ဘေးနားက ဖြစ်ပျက်နေသော အရာများအား ဘာတွေလဲ မသိတော့။ စိတ်နှင့်လူ မကပ်။ အလုပ်ပြန်ချိန် ဘတ်(စ်)ကားပေါ်မှ အတွဲများကိုတွေ့လျှင် ရင်ထဲမှ အလုံးကြီးလှိုက်ကနဲ တက်လာ.ပြီးရင် နှစ်ချက် သုံးချက် ရှိုက်။ ဟင်းကနဲ သက်ပြင်းချ။ မျက်နှာကိုလွှဲ လက်စွဲတော် mp4 လေးနားမှတပ်။ မျက်လုံးကိုမှိတ် ရင်တွင်းကြိတ်ငို ယုံသာ တတ်နိုင်သည်။ အထူးသဖြင့် သီတင်းကျွတ်. တူနှစ်ကိုယ် ရွှေလက်တွဲသည့် အချိန်များဆို ကျွန်မ အိမ်ပြင်မထွက်ချင်။ စကားတစ်ခွန်းအား အလွန်မုန်းသည်။ အပျိုကြီး ဘယ်တော့စားရမှာလဲ ဆိုသော အမေးမျိုးဖြစ်သည်။ မင်္ဂလာဆောင် သီချင်းများကြားပြီဆို ကျွန်မရင်ထဲမှာ ငိုတဲ့မိုး တစ်ရက်နှစ်ရက်နဲ့ မစဲ။ ပြောရလျှင် သူများက အပျိုကြီးလို့ ခေါ်ဆိုနေရသော ကျွန်မအရွယ်သည် ရင့်ကျက်ပြီးဆိုသော ပြယုဂ်ကို မြင်သာသည်။ ပြီးတော့ ကျွန်မ ဖြစ်ချင်ခဲ့သော် အပျိုကြီးဖြစ်သည်။ အထီးကျန်တယ်ဆိုလဲ အခြားယောက်ကျားများကို ရွေးချယ်ခွင့် ကျွန်မမှာ ရှိနေသေးသည်။ ရွေးနိုင်သေးသည်။ အဘယ်ကြောင့် ကျွန်မ နောင်တနွံထဲ နစ်နေရသနည်း။ အဘယ်ကြောင့် ကျွန်မငိုပွဲတွေ ဆင်နေရသနည်း။ အဘယ်ကြောင့် အသက်သာလျှင် ကြီးပြီး အချစ်နှင့်အလွမ်းတို့သည် နုပျိုနေရသနည်း။ ဖြစ်ပျက်ခဲ့သမျှတို့သည် အချိန်တွေ ကူးကာပြောင်းနေ ပေမယ့် အမြဲတမ်း ကျွန်မအား ထိခိုက်စေရသနည်း။ ဘ၀ သည် ဘ၀ကဲ့သို့မနေပဲ အချစ် အားတမ်းတမ်းတတ လွမ်းဆွတ်နေရသနည်း..
အကြောင်းပြချက်က တစ်ခုတည်းပင်..
ကျွန်မ တစ်ကယ်ချစ်ခဲ့ဘူးပါသည်..သို့သော်....
----------------------------------------------------------။----------------------------------------------------
သီတင်းကျွတ်လပြည့်နေ့မှာ ဘလော့မောင်နှမများအားလုံး ကုသိုလ်စိတ်ကို နှလုံးသွင်းလို့ ပျော်ရွှင်နိုင်ကြပါစေရှင်။
ဆွေလေး ခုတစ်လော အလုပ်အပြန်နောက်ကျလို့ မအားတာနဲ့ ဘလော့ မောင်နှမတွေရဲ့ အိမ်တွေကို လိုက်မလည်ဖြစ်တာပါ။
Posted by
ဆွေလေးမွန်
Subscribe to:
Post Comments (Atom)
လေးမွန်ရေ
ReplyDeleteတိုက်ဆိုင်တယ်..
တို့လဲ “ အပျိုကြီး ဘယ်တော့စားရမှာလဲ ဆိုသော အမေးမျိုးဖြစ်သည်။ ” ဆိုတဲ့ စကားကို သိပ်မုန်း
ဒါကြောင့် သီတင်းကျွတ်ပြီးရင် အိမ်တွင်းဘဲအောင်းနေတယ်..း))
အပူမရှာချင်လို့ အေးအေးနေတာပါနော့။ မရလို့ဟုတ်ပါဘူး ဟိ
ဟီး ... အပြည့်အ၀ ထောက်ခံပါတယ် မချော ရေ။
ReplyDeleteအင်းးး..ဟုတ်တယ်
ReplyDeleteတခါတခါအဲဒီအချစ်ဆိုတာကို
ပြစ်ထား၇တယ်..
လူကြီးတွေကဒါတွေကအပူမီးတွေလို့ ပြောတယ်။ ကိုယ်တွေကလဲ အပူမီးထဲကိုမှ
ReplyDeleteတိုးဝင်ချင်နေတော့ ခက်တယ်။
ပုံစံချင်းက သိပ်တူတာမို့ ဖတ်ပြီး ပြုံးသွားတယ်။
ReplyDeleteအရင်တစ်ခေါက်ကတည်းက မန့်မလို့ပါ။ ဒါပေမယ့် မြန်မာလိုရိုက်မရလို့ အခုမှပြန်လာရေးရတယ်..
ReplyDeleteကူး အမြင်ကတော့ သူများနဲ့တူချင်မှတူမယ်။ အချစ်နဲ့ပတ်သတ်လာလို့ ဆုံးဖြတ်ချက် ချတော့မယ်ဆို ရင် ကိုယ့်ဆုံးဖြတ်ချက်ဘယ်လောက်ခိုင်မာပြတ်သားနိုင်မလဲ နောက်ကွယ်ဖြစ်လာနိုင်တဲ့ ပတ်ဝန်းကျင်တိုက်ခိုက် မှုကို ဘယ်လောက်ခံနိုင်မလဲ၊ ကိုယ့်ရင်ထဲက ပေါက်ဖွားလာတဲ့ နာကျင်ခံစားမှုဝေဒနာ ကိုယ်ဘယ်လောက် အတိုင်းတာထိခံနိုင်မလဲဆိုတာ အရင်စဉ်းစားမိတယ်.. ကိုယ်မခံနိုင်ဘူးဆိုအစကတည်းက အဲဒီလမ်းကိုမလျှောက်တော့ဘူး။ ကိုယ်လျှောက်မယ်ဆုံးဖြတ်ထားတဲ့လမ်းကိုလဲ ခေါင်းမော့ ပီးတစ်ယောက်တည်းသတ္တိရှိရှိလျှောက်မယ်.. ပတ်ဝန်းကျင်ဆိုတာ ကိုယ့်နေရာလာဝင်ခံစားပေးနိုင်တာမဟုတ်သလို ကိုယ်ဒုက္ခရောက်ရင် လက်ခုပ်တီးနေမယ့်သူလဲရှိတယ်.. မသိသလိုနေမယ့်သူလဲရှိတယ်..
ကိုယ်က တစ်ယောက်တည်းနေချင်ပေမယ့် အများပြောမှာကြောက်လို့ ကြိတ်မှိတ် လက်ထပ်လိုက်လို့ကော ကိုယ့်ကစိတ်ချမ်းသာမလား..
လူတိုင်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လျှောက်နေတာမို့ ဘယ်သူတွေဘာပြောပြောရဲရဲဝံ့ဝံ့ ရင်ဆိုင်လျှောက်ရမှာဘဲ...အသက်ရှိသရွှေ့နေရောင်အမြဲမြင်နေရအုံးမှာပါ။း))