ဆောင်းတစ်ညရဲ့ နံနက်ခင်းလို တံဆက်မြိတ်မှာ တွဲလောင်းခိုနေတဲ့ နှင်းရေစက်တွေဟာ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ထွက်ခွာသွားတယ်။ နှင်းရေစက်တွေကို အရမ်းအားကျမိတယ်။ ဒီပတ်ဝန်းကျင် ဒီအသိုင်းအ၀ိုင်း ကလွတ်အောင် ခုန်ချထွက်ပြေးချင်လိုက်တာ ချည်နှောင်ထားတဲ့ကြိုးတွေ ဆွေးမြေ့သွားရင် သိပ်ကောင်း မှာဘဲလို့တွေးရင်း ဒီနားပဲ ပတ်ပြေးနေမိတာ ဘယ်နှစ်ပတ်မှန်းတောင် မသိတော့ဘူး။
ရယ်စရာကောင်းတဲ့ ငါ့ဘ၀ပတ်ဝန်းကျင်မှာ ချိုမြိန်တဲ့ ကာရံမရှိဘူး၊ မွှေးပျံ့တဲ့နှင်းဆီရနံ့မရှိဘူး၊ နိုးထခဲ့တဲ့ နံနက်ခင်းတိုင်းဟာ မိုးတိတ်ပြီးနေထွက်လာတဲ့အခါ သဲလမ်းပေါ် တွန့်လိမ်ကောက်ကွေးနေတဲ့ တီကောင်တစ်ကောင်လို လူးလွန့်နေရစမြဲ၊ ဒီဘ၀ကလွတ်မြောက်အောင် ဆုတောင်းခဲ့တဲ့နေ့တွေ တောင်တွေ လိုတောင် ပုံလို့နေပေါ့။
ကံ ဥာဏ် ၀ီရိယ အချိုးအစားညီမှ အခွင့်အလမ်းသင့်မှ တိကျခြင်း သေချာခြင်းတွေဟာ အိုင်တီခေတ် ကွန်ပျူတာခေတ်မရောက်ခင်ကတည်းက ရှိပြီးသားဆိုတာသိပေမယ့် အချိုးအစားညီအောင်မညှိတတ်တဲ့ဘ၀ တိကျခြင်း သေချာခြင်းဆိုတာတွေ တစ်ခါတစ်လေတောင်မှ ယောင်လို့တောင် မတိုက်ဆိုင်ခဲ့ဘူး။ အတိတ်ဆိုတာ လွမ်းဆွတ်တမ်းတစရာ ဘာမှမရှိခဲ့သလို ပစ္စုပ္ပန်ရဲ့ ဗဟိုချက်မဟာ ဘယ်နေရာလဲဆိုတာ ရှာမတွေ့ခဲ့ပြန်ဘူး အနာဂတ်ဆိုတာ ဝေလာဝေးပဲ၊ ကာလသုံးပါး လုံးပါးပါးနေတဲ့ငါ့ဘ၀ ယုံကြည့်မှုတွေ ရေတိမ်နစ်ခဲ့တဲ့ နေ့ရက် ပေါင်း ဘယ်လောက်တောင်ရှိခဲ့ပြီလဲ မွေးသက္ကရာဇ်တောင် မေ့နေတာ ကြာခဲ့ပြီ။
ငယ်ငယ်တုန်းက စကားလေးတစ်ခု မှတ်သားခဲ့ဘူးတယ် “လူအောက်ကျို့လို့မသေဘူး သစ်ပင် အောက်ကျို့မှ သေတာတဲ့” ဒါပေမယ့် လူ့အောက်ကျို့လို့ ငါ့ဘ၀သေခဲ့တာကြာပေါ့၊ သံပတ်ပေးရတဲ့စက်ရုပ်လို သံပတ်ကုန်လို့ ခဏခဏအသက်ပြန်သွင်းရတာ မျက်လှည့်စရာတွေရဲ့ မန္တာန်တွေတောင် ကုန်လုနီးပါးဖြစ်နေပြီ။
ရေထဲကငါးလေးတွေလို လွတ်လွတ်လပ်လပ်နေချင်တယ်။ လှိုင်းလေးတလိပ်လိပ် အဝေးကရိုးရိုး ရိပ်ရိပ်မြစ်ဆိပ်ကို ရေလည်ခေါင်ကနေပြီး လွမ်းကြည့်ချင်တယ်။ လေတိုက်ရာလွင့်မျောမယ့် လှေလေးလို ငါ့ဘ၀ကို မျောချလိုက်ချင်တယ်။ ဒါပေမယ့် ငါ့ဘ၀ရဲ့ရွက်လှေဟာ ကြိုးနဲ့ငြိနေပြန်ရော ချည်တိုင်မှာပဲ တ၀ဲလည် လည် လှိုင်းဒဏ် လေဒဏ်တို့ရဲ့ ကြည်စယ်မှုအပေါ် နိမ့်တစ်လှည့် မြင့်တစ်ချီ မလွတ်နိုင်တဲ့ချည်တိုင်ကြိုးကို ပြန်စောင်းကြည့်ရတာ မျက်လုံးနဲ့ နောက်စေ့ နေရာပြောင်းထားရမလိုဖြစ်နေပြီ။
ဒါပေမယ့် ငါသေတဲ့အခါ လူစည်စရာတော့မလိုဘူး။ ကြေးစည်တစ်လက်တော့ရှိဖို့လိုတယ်လေ။ အဲဒီကြေးစည် လေးထဲမှာ ငါ့ဘ၀ရဲ့ အတ္ထုပ္ပတ္တိ ကြေကွဲစရာ လွမ်းဆွေးစရာ သံဝေဂတွေထည့်လို့ပေါ့။ တမ်းတစရာ ဘာမှမရှိတာတော့သေချာတယ်။ ပြီးတော့ ငါ့ခြေနှစ်ချောင်း အခေါင်းအပြင်ဘက်ထုတ်ထားပေးပါ သေရာပါဒီခြေနှစ်ချောင်းယူမသွားချင်ဘူး။
ကောင်းကင်နဲ့ အ၀ီစိဟာ ခြေထောက်ပါတိုင်း သွားလို့ရတာမှ မဟုတ် တာ အနှစ်မရှိတဲ့ ကမ္ဘာကြီးမှာ မနေချင်ပေမယ့် အချစ်ရှိတဲ့ကမ္ဘာကြီးကို ငါ့ပြန်လာချင်သေးတာတော့အမှန် ..................။
“ငါသေတဲ့အခါ လူစည်စရာတော့မလိုဘူး။ ကြေးစည်တစ်လက်တော့ရှိဖို့လိုတယ်လေ။ အဲဒီကြေးစည် လေးထဲမှာ ငါ့ဘ၀ရဲ့ အတ္ထုပ္ပတ္တိ ကြေကွဲစရာ လွမ်းဆွေးစရာ သံဝေဂတွေထည့်လို့ပေါ့။”
ReplyDeletePost တခုလုံးမှာ အဲဒီစာတကြောင်းနဲ့တင် ပြီးပြည့်စုံသွားပါပြီ..။
ခုထိတော့ ကိုယ်တွေလည်း လောကချည်တိုင်မှာပါပဲ လွတ်မြောက်ဖို့လည်းမကြိုးစားချင်သလို..။
ReplyDelete(စာပိုဒ်လေးတွေ ခွဲရေးရင် ဖတ်ရတာ ပိုရှင်းနိင်တယ်) ခင်မင်စွာ အကြံပေးခြင်းပါ။
ReplyDeleteကောင်းလိုက်တဲ့ အတွေး
ReplyDeleteဟုတ်သားဘဲနော်
လူတစ်ယောက်သေသွားတဲ့ အချိန်မှာ ဘာအခမ်းအနားမှ မပါဘဲ တိုးတိတ် တိတ်ဆိတ်စွာ ထွက်ခွာသွားတာ အကောင်းဆုံးပါဘဲ။
ကိုယ့်အတွက် ဘယ်သူမှလည်း မျက်ရည်မကျစေပါဘူး။ ပူဆွေးမနေစေချင်ပါဘူး