Friday 20 August 2010

လမ်းပေါ်ရောက်ပြီလား




လမ်းပေါ်ရောက်ပြီလား ဆိုတဲ့စကားလေးဟာ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့ စကားလုံးလေးပါ။မှတ်မှတ်ရရပေါ့ သူငယ်ချင်းတွေဆုံမိတုံး ၀ိုင်းထိုင်လို့ စပ်မိစပ်ရာ စကားလေးပြောဖြစ်ကြတယ်။ များသောအားဖြင့် လူတွေဟာ လမ်းဘေးကလူဆိုရင် သိပ်ပြီးအထင်မကြီးတတ်ကြဘူးလေ။စင်ပေါ်ရောက်မှ၊ အမြင့်ရောက်မှ အထင်ကြီးကြ တဲ့ လောကကြီးဆိုတော့လမ်းဘေးကလူဆိုရင် မျက်လုံးစိမ်းကြီးတွေနဲ့ အကြည့်တွေ က စိမ်းတတ်ကြတယ်လေ။
ဒါကလဲဖြစ်တတ်တဲ့နိယာမသဘောဆိုတော့ သူ့တို့ကိုလဲအပြစ်ကမဆိုသာဘူးပေါ့။ ခေတ်ကြီးကိုက ဂုဏ်ကိုခင် ပကာသနကိုမင်ကြတဲ့ခေတ်ကြီးဆိုတော့ လမ်းဘေးကလူဆိုရင် တေလေကြမ်းပိုး၊ ယောင်ခြောက်ဆယ်၊ အလုပ်မရှိအကိုင်မရှိတဲ့သူလို့ ထင်ကြတာကလား။
လမ်းပေါ်ကလူနဲ့ လမ်းဘေးကလူ သိပ်မခွဲခြားတတ်တာလဲ ဖြစ်နိုင်လောက်ပါတယ်။ လူဟာ သူ့ဟာနဲ့သူ
တန်ဖိုးတော့ရှိကြတာပေါ့၊ အကုန်လုံးသုံးစားလို့ မရတာတော့မဟုတ်ပါဘူး။ လမ်းဘေးရောက်တဲ့သူဟာ အတော် ရှားပါတယ်။ ပညာဘယ်လောက်တတ်တတ်၊ ပစ္စည်းဥစ္စာဘယ်လောက်ပေါပေါ လူအများနဲ့သဟဇာတမဖြစ် ၊ ကိုယ့်အကျိုး တစ်ခုတည်းကိုသာ ကြည့်တတ်တဲ့လူတန်းစားတွေဟာလမ်းပေါ်ရောက်တဲ့ လူတန်းစားထဲမပါနိုင် ပါဘူး၊ဘေးထိုင်ဘုပြော အကောင်းမမြင်ဝါဒ လက်ကိုင်စွဲထားတဲ့သူတွေပေါ့။
တစ်ခါတုန်းက ၀တ္ထုလေးတစ်ပုဒ်ဖတ်လိုက်ရတယ် စာရေးဆရာ ညီငယ်လေးရေးတဲ့ စာလေးပါ။ကိုသက်ပြင်း ဆိုတဲ့ ကြပ်မပြည့်သူတစ်ယောက်အကြောင်း ရေးထားတာပါ။ ကိုသက်ပြင်းဟာ ကြပ်မပြည့်ပေမဲ့ရေထမ်းပြီး သူဘ၀ ကို ရုန်းကန်ရှာတယ်၊ ရေပုံးရှိရင် ကိုသက်ပြင်းအတွက်ဘာမှပူစရာမလိုဘူး၊ ရေလိုတဲ့အိမ် ရေထမ်းပေး၊ ကျွေးတဲ့ထမင်းစားပေးတဲ့ပိုက်ဆံယူပြီး သူ့ဘ၀ သူ့လမ်းပေါ်သူလျှောက်နေတဲ့သူ။
တစ်နေ့အလှူအိမ်မှာ ကိုသက်ပြင်းတစ်ယောက် ထမင်းသွားစားတယ် တောဓလေ့အတိုင်း လူကဖိနပ်မစီးဘူး ၊
ဖိနပ်ကလူကိုစီးထားတယ်၊ ဖိနပ်ပျောက်မှာဆိုးလို့ ခါးကြားထဲမှာနေရာယူထားတယ်ပေါ့။
အဲဒီအချိန်မှာ ဖိနပ်မပါတဲ့ လူကြီးတစ်ယောက် တောင်ဝှေးကြီးနဲ့ အလှူအိမ်ကို သူလဲထမင်းလာစားတယ်၊ အရပ်ထဲမှာပေါ့အသက်ကြီးတော့ လူရိုသေ ရှင်ရိုသေပေါ့ ။ အလှူအိမ်ရောက်တော့ ထမင်းစားပြီး ပြန်မယ်အလုပ် သူ့ဖိနပ်ကိုလိုက်ရှာတယ်။ မျက်စိမှုန်ဝါးဝါး ဟိုရှာဒီကြည့်ပေါ့ အဲဒီမှာသူ့အကြည့် ကိုသက်ပြင်းစီရောက်သွာတယ်။ ဟော...ကိုသက်ပြင်းခါးကြားက ဖိနပ်ကိုမြင်ပါလေရော၊ အဲဒီမှာပဲ သူ့ဖိနပ်သက်ပြင်းခိုးပါတယ်ဆိုပြီး လိုက်လု လူတွေက၀ိုင်းဖမ်း သောက်ရူးက ထမင်းစားရုံမဟုတ်ဘူး ဖိနပ်တောင်ခိုးတယ်ဆိုပြီး တောင်ဝှေးနဲ့ကိုသက်ပြင်ကို ရိုက်ပါလေရော၊ ကိုသက်ပြင်းခမျာ လူးလိမ့်ခံရတော့သည်။ ဘေးကလူတွေကော ကိုသက်ပြင်းကို ဆဲဆို ကြိမ်းမောင်း လို့ပေါ့။
အဲဒီအချိန်မှာ ဘေးနားအိမ်ကလူတစ်ယောက်က ဖိနပ်မပါဘဲလာတဲ့ အဖိုးကြီးကိုသတိပြုမိထားတော့ သူက သွားပြောတယ် ဘကြီးခုနလာတုံးက ဖိနပ်မှမပါတာ ကျွန်တော်အိမ်ပေါ်ကလှမ်းကြည့်တာ မြင်တယ်လို့ ပြောတယ်။ သက်ပြင်းမှမခိုးတာ နဂိုထဲက ဘကြီးဖိနပ်မှမပါတာဆိုတော့ အဲဒီအခါကျမှ အဖိုးကြီးက အေး.. ဟုတ်သားဘဲ...ဘကြီးမေ့သွားတယ် ဖိနပ်ပါမလားဘူးတဲ့ ၊ဒါကြောင့်ထင်တယ် “မရှိခိုးနိုးနိုး” ဆိုတဲ့စကားပေါ်လာ တာ။ အဲဒီတော့မှ ကိုသက်ပြင်းခမျာသက်သာသွားတယ်။
ကိုသက်ပြင်းလဲ သက်သာရာရသွားရော လဲနေတဲ့နေရာကထပြီးပြောလိုက်တဲ့စကားက သိပ်မှတ်သားဖို့ကောင်း တယ် “သက်ပြင်းလေ မခိုးဘူး ငရဲကြီးတတ်တယ် တဲ့”ကဲဘယ့်နဲ့ရှိစ၊ အသိရှိတဲ့ ကြပ်ပြည့်တဲ့သူက ကြပ်မပြည့်တဲ့သူစီကဖိနပ်ကို လိုခြင်တယ်။ ကြီးနိုင်ငယ်ညှင်း မြေနိမ့်ရာ လှန်စိုက်ဆိုတာ ပေါ်လွင်တယ်လေ။ အဲဒီသူတွေ ဘယ်သူက လမ်းပေါ်ကလဲ ဘယ်သူကလမ်းဘေးလဲ စဉ်းစားကြည့်စေချင်တယ်။
လူ့လောကမှာ ကိုယ့်အတွက်ဘဲ ကြည့်တတ်တဲ့ တစ်ဖို့ထဲသမားတွေ အများကြီးပါ။ အဲဒီလူတွေကကော လမ်းပေါ်ကလား၊ လမ်းဘေးကလား ၊ မရှိဆင်းရဲလို့လမ်းဘေးမှာနေရတာဟာ လမ်းဘေးရောက်တာမှမဟုတ်တာ၊ စိတ်ဓာတ်ဆင်းရဲပြီး လမ်းလယ်ခေါင် ရင်ကော့လျှောက်သူတွေသာ လမ်းဘေးရောက်တာပါ။ ပစ္စည်းဥစ္စာ ဆင်းရဲပြီး စိတ်ဓာတ်ကောင်းတဲ့သူတွေကတော့ လမ်းဘေးမှာနေရပေမယ့် လမ်းပေါ်ရောက်တဲ့သူတွေပါ။
သူငယ်ချင်းကို သူ့ဆရားသမားက မေးတယ် မင်းဘာလုပ်နေလဲ ဘယ်မှာနေလဲ စသည်ပေါ့။အဲဒီလိုမေးတော့ သူငယ်ချင်းကဖြေတယ် အခုတော့ လမ်းပေါ်မှာဘဲလို့ ။အဲဒီတော့ သူ့ဆရာသမားကပြောတယ် အေးမင်းစာတတ် သွားပြီတဲ့။ လောကနိယာမသဘောအရ အဖြူနဲ့အမဲ အကောင်းနဲ့အဆိုးဒွန်တွဲနေပေမယ့် အဲဒါကို ခွဲခြားသိဖို့လို တယ်ဆိုတာတော့ ပြောစရာမလိုဘူးထင်ပါတယ်။ လမ်းပေါ်ကလူဆိုရင်ပေါ့။
ကဲမိတ်ဆွေတို့ ဒို့လဲ လမ်းပေါ်ကလား လမ်းဘေးကလား .........................

3 comments:

  1. ဘဝရဲ့လမ်းပေါ်မှာ လမ်းလျှောက်တတ်ဖို့ဆိုတာ
    ပြောတာလွယ်သလောက် လက်တွေ့မှာ သိပ်ကို ခက်ခဲလွန်းပါတယ်..ဆွေလေးရေ..။
    “ပေးဆပ်ခြင်း” နဲ့ “ရယူခြင်း” ဆိုတဲ့
    နိယာမတွေရှိနေသမျှတော့..
    လူတွေအားလုံးဟာ
    လမ်းပေါ်ရောက်တလှည့်
    လမ်းဘေးရောက်တလှည့်နဲ့
    ဘဝကို ရုန်းကန် လျှောက်နေကြရအုံးမှာပါပဲ...။

    ReplyDelete
  2. ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရဦးမယ်
    လမ်းဘေးကလူလား ဘာလဲဆိုတာ
    စဉ်းစားစရာတွေ ပေးလိုက်တဲ့ အတွက်ကျေးဇူး..

    ReplyDelete
  3. အမှားအယွင်းတွေ ရှိနေသေးပေမယ့် ကောင်းအောင်တော့ ကြိုးစားနေဖြစ်ပါတယ်။
    ကြုံခဲ့တဲ့ အမှားကိုသင်ခန်းစာယူတတ်မှ တိုးတက်နိင်မယ်လို့ ထင်တယ်လေ။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......