Sunday, 8 March 2015

ဤခရီးနီးသလား



       



    ဤခရီးနီးသလားဟု ကျွန်မကိုမေးလာခဲ့လျှင် ဝေးပါသည် ကျွန်မအတွက် ဝေးလွန်းနေပါသည်ဟုသာ ကျွန်မ ၏ ကိုယ်ပိုင်ဘ၀နှင့် နှိုင်းယှဉ်ရင်းဖြေမိမည်ဖြစ်သည်။ ကျွန်မ၏ နာမည်ကို လူတိုင်းက အလွယ်ခေါ်ကြသည်မှာ အညို ဟု ခေါ်သည်။ အညို တွင် အညိုအပါအ၀င် မွေးချင်းမောင်နှမ သုံးယောက်ရှိသည်။ အညိုသည် သမီးအကြီးဆုံးဖြစ်သည်။ အညို တို့မိသားစု သည် သာမန်လက်လုပ်လက်စား မိသားစုသာဖြစ်သည်။ ဆင်းရဲတွင်းနက်သည်။ အညိုတို့သည် ရပ်ကွက်မှ ယာယီပေး ထားသော မြေနေရာတွင် သက်ကယ် ဓနိမိုး အိမ်ကလေးတစ်လုံး ကိုယ်ပိုင်ဆောက် ကာနေကြသည်။ အလကားတော့ မဟုတ် လစဉ်ရပ်ကွက်ရုံးသို့ အိမ်လခတော့ဖြင့်ပေးရသည်။ သို့ပေမယ့် တစ်ခြားအိမ်တို့ကို ငှားနေသည်နှင့်စာလျှင် အများကြီးသက်သာသဖြင့် ထိုကဲ့သို့ပေးနေရသည်ကိုပင် ကျေနပ်လှပြီ။ ကျေးဇူးကြီးလှပြီ. ဒါသည်အညိုတို့၏ မိသားစုဘ၀။

          သို့ပေမယ့် ကျီးလန့်စာစားဆိုသလိုပင် ဘယ်အချိန်များ ဒီနေရာကနေ ဖယ်ခိုင်းမလဲ ဆိုသည်ကို အစဉ်အမြဲ ပူပန်ကြောင့်ကြနေရတတ်သည်။ သည်နေရာကနေ ဘယ်ပြောင်းရမှန်းလဲမသိ။ ဒီကြားထဲ အိမ်ငှားလျှင် အရင်လိုစပေါ် တင် လစဉ်ပေးမဟုတ် ၆ လ အပြတ် တစ်နှစ်စာ အပြတ် ပိုက်ဆံပုံပေးပြီး ငှားရသဖြင့် လက်လုပ်လက်စား အညို တို့ မိသားစုအတွက်တော့ တာဝန်ကြီးလှသည်။ သူများတွေ ကြေးအိုးတစ်ပွဲ ငွေ ၅ ထောင်ပေးကာစားသောက်နေနိုင်သော ခောတ် တွင် အညိုတို့မိသားစုအတွက် ငွေ ၅ ထောင်ဆိုသည့် ပမာဏမှာ များပြားလွန်းနေသေးသည်။ အညို ငယ်စဉ်
ကထဲက အိမ်မက်မက်လာခဲ့သည်မှာ ကိုယ်ပိုင်အိမ်လေးတစ်လုံး ရရှိဖို့ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အိမ်ပြောင်း ကာနီးလျှင် အမေသောကရောက်ရသည်။ ငိုကြွေးရသည်။ အဖေ့ မျက်နှာသူများအောက်ကျို့ ရသည်။ ကိုယ့်ကို ငွေ မချေးချင်လို့ ရှောင်နေမှန်းသိရက်နှင့်  ဒီတစ်လမ်းသာရှိလေတော့ ခေါင်းငုံ့ကာ ကိုယ်လိုချင်သမျှ ပိုက်ဆံကိုချေးရ သည်။ အတိုးသည် မတန်တဆပေးရသည်။ အိမ်တစ်ခါပြောင်းလျှင် အကြွေးသည်နှစ်ချီ၍ ပြန်ဆပ်ရသည်။

ခရီး၏ အစ..
          ပထမတစ်အိမ်ပြောင်းတုန်းကဆိုလျှင် အညို ကျောင်းမှထွက်လိုက်ရသည်။ ထိုနှစ်က အညိုသည် ၁၀တန်း ကျောင်းတက်နေစဲ ဖြစ်သည်။ အညို စိတ်ထဲတွင် ၁၀ တန်းအောင်လျှင် တက္ကသိုလ်တက်မည်။ ပညာတတ်ကြီး ဖြစ် လာလျှင် ပိုက်ဆံတွေရှာမည် ။ ပြီးလျှင် အမေတို့အတွက် အိမ်လေးတစ်လုံးဝယ်ပေးမည်။ သို့သော် ၁၀ တန်းနှစ်စမှာပင် အမေတို့အိမ်ပြောင်းရမယ် သမီး။ ငါ့သမီးကိုလည်း ကျူရှင်ကောင်းကောင်းလဲ မထားပေးနိုင်။ အောင်ချင်မှလဲ အောင်မှာ။ ဒီတော့ တစ်နှစ်လောက်အောက်လိုက်ပါသမီးရယ်လို့ အမေက သနားစဖွယ်ဆို လာပြန်တော့ အညိုမှာ ခေါင်းညိမ့်နာခံရုံကလွဲ ပြီး တစ်ခြားနည်းမရှိ။ ကျောင်းမတက်ရပေမယ့် အမေက တစ်နှစ်ပဲ အောက်လိုက်ပါ ဆိုလာသဖြင့် အညိုသူငယ်ချင်းများ ထံမှ စာအုပ်တွေငှားပြီး  စာကျက်ထားခဲ့သည်။ နောင်နှစ် စာမေးပွဲ ၀င်ဖြေလိုက်လျှင် အညို အောင်ကို အောင်ရမည်။

          အိမ်တွင်အားလပ်နေသော အညိုအတွက် ပိုက်ဆံရမည့်အလုပ်ကို ရှာလာရသည်။ စက်ရုံတစ်ခုတွင် လုပ်ရမည်ဖြစ် သည်။ အအေးခန်းထဲတွင် ငါးများရွေးရသောအလုပ်။ တစ်နေကုန် ပိုးသတ်ဆေးနံ့ တစ်ထောင်းထောင်းနှင့် အေးခဲနေ သောအခန်းထဲတွင် မတ်တပ်ရပ် ငါးရွေးရသောအလုပ်သည် မသက်သာလှပေ။ ညဘက်ပြန်လာလျှင် စာကလည်း  ကျက်ရသေးသည်။ အညို ပညာတတ်မိန်းမတစ်ယောက်ဖြစ်ချင်မိသည်။ သူများထက် တော်ချင်တတ်ချင်လျှင် သူများထက် ပိုအပင်ပန်းခံပြီး ပိုကြိုးစားရမည်ဟု အညိုမှတ်သားထားဖူးသည်။ သို့ပေမယ့် အညို တစ်ယောက် အလုပ် ထွက်လုပ်သဖြင့် တစ်နှစ်တိတိတွင် အိမ်ပြောင်းထားသော အကြွေးကျေခဲ့သည်။ အမေနှင့်အဖေ၏ မျက်နှာသည် ကြည်နူးနေခဲ့သည်။ အညိုလဲ ပျော်သည်။ ပြီးတော့ ပိုက်ဆံ၏ အသုံးဝင်ပုံကို အညို နည်းနည်းရိပ်မိသလိုရှိလာ သည်။ စာကျက်ပျက်လိုလျှင် ပျက်ပါစေတော့ အချိန်ပိုရှိလျှင် အညိုဆင်းသည်။ အချိန်ပိုလစာသည် အညို အတွက်အင်ကျီ ၀မ်းဆက် လှလှလေးများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။

          ၁ နှစ်ခွဲကျော်ကျော်မျှ အလုပ်လုပ်ပြီးသောအခါ အညို လူရည်လည်လာခဲ့ပြီ။ ငါးရွေးသည့်အလုပ်ထက် ပိုပြီး အဆင်ပြေမည့် အလုပ်တစ်ခုကို အညို ရှာမိသည်။ ဒုတိယအလုပ်သည် အထည်ချုပ်စက်ရုံတွင်ဖြစ်သည်။ ပထမထိတွေ့ ခဲ့သည့် အသိုင်းအ၀န်းထက် လူပိုများသည်။ အမြင်ပိုကျယ်လာခဲ့သည်။ ထိုအချိန်တွင် အညိုသည် အချစ်ကို စတင် မြည်းစမ်းဘူးခဲ့ပြီဖြစ်သည်။ အိမ်တွင် အညို၏ ၁၀ တန်းမှတ်စုစာအုပ်ကလေးများ ဖတ်စာအုပ်များသည် ဖုန်အလူးလူး နှင့် ဒေါင့်ကပ်နေ ခဲ့ပြီဖြစ်သည်။  ဒုတိယအကြိမ်မြောက် အိမ်ထပ်ပြောင်းရပြန်သည်။ သြော် ပြေလည်သလိုလို ရှိလေမှ လို့ အညိုစိတ်ထဲ မချိတင်ကဲဖြစ်မိသေးသည်။ အေးလေဘယ်တတ်နိုင်မလဲ ပြောင်းဆိုတော့လဲ ပြောင်းရမှာပေါ့။ ခက်သည်က အညိုအလုပ်ထွက်လုပ်ပြီး လစာလေးပြေလည်လာစကထဲက အဖေသည် အလုပ်ကောင်းကောင်းမလုပ် တော့ပေ။ အကြောင်းပြချက်မှာ ပင်ပန်းပြီ အသက်ကြီးပြီ နားချင်လှသည်ဟု ဆိုသည်။ အမှန်က ၁ ကို ၁ ပေါင်းလျှင် ၂ ရမည် ဖြစ်သော်လည်း ယခုမှု ဒုံရင်းက ဒုံရင်း ၁ ယောက်ရှာသော ပိုက်ဆံအား တစ်မိသားစုလုံး ထိုင်စားနေသကဲ့ သို့ ရှိသည်။အဖေသည် ပုံမှန်ဝင်ငွေမရှိသော်လည်း  သုံးလတစ်ခါမျိုး လေးလတစ်ခါမျိုးဆိုလျှင်တော့ အဖေ့ဝင်ငွေရတတ် သည်။ အမေနှင့်အညို သည် အေးလေ မရတာထက်စာလျှင် ရနေလျှင်တော်သေးသည် ဟူသည့် အတွေးနှင့်ပင် အဖေ ပေးသမျှသော ပိုက်ဆံတို့အားလက်ခံရလေသည်။ ထိုအချိန်တွင် ပိုက်ဆံသည် ဘ၀တွင် အရေးကြီး ပစ္စည်း တစ်ခု ဖြစ်သည်ဆိုသည်ကို အညို သဘောပိုက်မိလာခဲ့သည်။ အညို၏ စာအုပ်လေးများမှ စာရွက်လေးများ တစ်ရွက်စီ တစ်ရွက်စီ ဆုတ်ဖြဲ ခံနေရပြီဖြစ်သည်။

ခရီး၏ အလယ်…
          အညိုတို့မောင်နှမထဲတွင် အညိုအောက်မှ ဒုတိယမြောက် ညီမသည် စာတော်သည်။ ညဏ်ထက်သည်။ ထို့ ကြောင့် အညိုမအောင်ခဲ့သည့် ၁၀ တန်းကို ညီမလေးအောင်စေရမည်ဟု အညို ဆုံးဖြတ်သည်။ ကျန်သော မောင် လေး တစ်ယောက်သည် စာလဲသေချာမသင်။ ဆေးလိပ်သောက် ရန်ဖြစ် ကျောင်းမှ ခဏခဏ တိုင်စာရောက်လာသဖြင့် ကျောင်းထုတ်လိုက်ရသည်။ ဒီတော့ ပညာရေးတွင်  ညီမလေးအတွက် အညိုကြိုးစားရမည်။ အမေကဖြင့် ဖြစ်ပါ့မလား သမီးရယ်ဟု ဆိုသည်။  အညို လိုမျိုး ညီမလေး လမ်းမပျောက်စေရ။ အညိုပခုံးမှ တာဝန်ထုပ်သည် ပိုပြီး ကြီးလာသည်။ အဖေ၏ ၀င်ငွေသည် ၃ လတစ်ကြိမ်တောင် မမှန်ချင်တော့ပေ။ ဒီကြားထဲ အညိုတို့ အထည်စက်ရုံတွေ ပိတ်သိမ်းသွား ကြသည်။ အညို အကြပ်ရိုက်လေပြီ။ ကံက ဆိုးလျှင် အုံနှင့်သင်းနှင့်ဆိုသကဲ့သို့  တတိယအကြိမ်မြောက် အိမ်ပြောင်း ရမည့် အကြောင်းက ပေါ်လာခဲ့သည်။ ဒီတစ်ခါ ပိုက်ဆံချေးရမည့်သူသည် အဖေ မဟုတ်တော့ပေ။ အညိုဖြစ်သည်။ အညို သူငယ်ချင်းတစ်ယောက် အလုပ်ပြောင်းသွားပြီး နောက်ပိုင်း အဆင်ပြေသည်ဟု ကြားရသည်။ ဟုတ်သည် ထိုသူငယ်ချင်းထံတွင် အကူအညီသွားတောင်းကြည့်မည်။ ရေနှစ်နေသူသည် ကောက်ရိုးတစ်မျှင်ကိုပင် ရလိုရငြား ဆွဲ မိမည်မှာ သေချာလှသည် မဟုတ်ပါလား။

          သူငယ်ချင်းသည် အညိုလိုချင်သည့် ငွေကြေးပမာဏကို  ကြည်ဖြူစွာ ကူညီရုံမက သူနှင့်အတူ အလုပ်လုပ်ရန် ပါ တိုက်တွန်းခဲ့သည်။  သူငယ်ချင်းမက ပြောသည်မှာ တစ်လမျှ အလုပ်လုပ်ရုံဖြင့် အကြွေးကျေသည်ဟူသတဲ့။ အညို ဦးဏှောက်တွင် သူငယ်ချင်းမစကားပြောသံများကို ကြားတစ်ချက် မကြားတစ်ချက် ။ အထိေ၇ာက်ဆုံးနှင့် အညို နားထဲကြားယောင်နေသည်မှာ တစ်လ၀င်ငွေသည် အညို အရင်အလုပ်လုပ်ခဲ့သည် လစာထက် များစွာ သာလွန်နေခြင်းပင်။ ဒါပေမယ့် အညို ယတိပြတ်ငြင်းဆန်ခဲ့သည်။ သူငယ်ချင်းမသည် အကူအညီလိုလျှင် ထပ်လာခဲ့ပါဟုဆိုကာ သူမကိုဆက်သွယ်ရမည့် ဖုန်းနံပါတ်ပင်ပေးလေသည်။ သူမဆိုသည်မှာ ဘ၀တူတွေမို့ ကိုယ်ချင်းစာပါသည်တဲ့။ ဟင့်အင်း အညို လူပင်ပန်းလျှင် ပင်ပန်းပါစေ။ စိတ်ပင်ပန်းစေ မည့် အလုပ်တော့ မလုပ်လိုပေ။

          သူငယ်ချင်းမထံမှ ပိုက်ဆံကိုယူခဲ့ပြီး အိမ်အပြန်သည် သာယာလှပနေခဲ့သည်။ ပြသနာတစ်ခု ဖြေရှင်းလို့ ပြီးပြီ။ အလုပ်အသစ်ရရေးသာ ကြိုးစားရပေတော့မည်။ ကြိုးစားလျှင် ဘာမဆိုဖြစ်ပါသည်လေ။ အိမ်ပေါ်သို့ လှမ်းတက် လိုက်သည်နှင့် အညို၏ နေ၀င်ချိန်ကို လှမ်းမြင်လိုက်ရသည်။ မောင်လေးကို ရဲများလက်ထိတ်ခတ်၍ ဖမ်းသွားခြင်းပင်။ ဘာဖြစ်လို့လဲဟု ဆိုသော် လူရိုက်မှု။ ဆေးဖိုးပေးလျှင် ကြေအေးပေးမည်ဟု ဆိုသည်။ ပြသနာ၏အစမှာ အဖေ့ ချဲကြွေးများ ကို လာတောင်းသော ချဲဒိုင်လုပ်သူ၏ ခေါင်းအား ရိုက်ခွဲလိုက်ခြင်းပင်ဖြစ်သည်။ ပြသနာ၏ အဆုံးတွင် အညို သူငယ်ချင်းမထံမှာ ချေးလာသော ပိုက်ဆံသည် မလုံလောက်သဖြင့် ဒုတိယမိ သွားထပ်ချေးရသည်။ အဖေ့ချဲကြွေး များ အကုန်ဆပ်ပေးလိုက်ရသလို ဆေးဖိုးလဲရောကြေး ပေးလိုက်ရသည်။ အိမ်ကလည်းပြောင်းရပေတော့မည်။ အမေက အညို ကို ကြည့်ကာ “အားနာလိုက်တာ သမီးရယ်” ဟုဆိုသည်။ အညို စိတ်ထဲက ပြန်ပြောမိသည်။ အမေ အားနာသင့်ပါတယ် အမေ သမီးကို အားနာသင့်ပါတယ်လို့ မနက်ဖြန်ဆိုလျှင် သူငယ်ချင်းမ၏ အကူအညီဖြင့် အညို အလုပ်စဆင်းရပေတော့ မည်။

          ထိုအချိန်တွင် အညို၏ ဒုတိယအရွယ်အချစ်သည် ပြတ်စဲသွားခဲ့သည်။ အကြောင်းပြချက်မှာ အညို၏ အလုပ်သစ်ကြောင့် ဖြစ်သည်။ အညိုလည်း ကျေနပ်မိပါသည်။ ကိုယ်ချစ်သောသူကို ကိုယ့်ကြောင့် မစွန်းထင်စေလို။ ချစ်သူကို ကျေကျေနပ်နပ် အပြုံးဖြင့် လမ်းခွဲလေးသော အခါ ချစ်သူသည် နောက်ဆုံးအကြိမ်အဖြင့် အညိုကို မေးခဲ့သေး သည်။ အညို တစ်ယောက်စာကိုဖြင့် သူဝမ်းဝအောင်ရှာဖွေကျွေးမွေးနိုင်ပါသည်တဲ့။ အညို ပြန်မေးခဲ့သည့်  နောက်ဆုံး မေးခွန်းကိုဖြင့် သူ ပြန်မဖြေခဲ့ပါ။ သူသည် အညိုကိုထားရစ်ခါ ကျောခိုင်းထွက်ခွာသွားခဲ့သည်။ အညိုမေးသည့် မေးခွန်းမှာ ရှင်းပါသည် တိုပါသည် ပြတ်ပါသည်။ “အညို မိသားစုကိုရော ” ဟူသည် မေးခွန်းတိုလေးမျှသာ အညို မေးခဲ့မိခြင်း ဖြစ် သည်။ အညိုတွင်ငယ်ဂုဏ်လေးရှိသလို ရွက်ကြမ်းရေကျိုထက် သာလွန်သည့် ရုပ်ရည်လေး ရှိလေရာ အညို အတွက် အလုပ်သည် ကောင်းသည်ဆိုခြင်းထက် သာလွန်နေသေးသည်။ သည်ပုံအတိုင်းဆိုလျှင် အညို မျှော်လင့်ခဲ့မိသော် ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ဖြင့် နောင်နှစ်များမကြာမှီ ပိုင်ဆိုင်ရပေလိမ့်မည်။

          ညီမလေးသည်လည်း တက္ကသိုလ် ကျောင်းသူကြီးဖြစ်ခဲ့ပြီ။ အိမ်၏ တာဝန်များအားလုံးသည် အညိုပုခုံးတွင် နှစ်ဖက်လုံး ထမ်း ထားပြီးသားဖြစ်လေပြီ။ ယခုနေသော အိမ်လေးအား ရပ်ကွက်ရုံးသို့ ပြန်အပ်ခါ များမကြားမှီ ခပ်ယိုင်ယိုင် အိမ်အိုလေး တစ်လုံးအား အညိုတို့ ပိုင်ဆိုင်တော့မည်ဖြစ်သည်။ အညို အိမ်ဝယ်လိုက်နိုင်ပါသည်။ အိမ်သည် များစွာမကောင်းလှပါ ။ သို့ပေမယ့် ဓနိမိုးပျဉ်ကာ အိမ်ကလေး။ ဆွေးနေပေမယ့် နေလို့ရနေသေးသည်။ ဟောင်းနေပေမယ့် ပြိုမကျနိုင်သေး။ နွေအခါ အပူလုံသလို မိုးအခါ မိုးစိုမည့်အရေးတော့ ကာကွယ်လို့ ရနေသေးသည်။ သို့ပေမယ့် အညိုတို့မိသားစုအတွက်တော့ ရွှေဘုံရွှေနန်း တမျှ ခမ်းနားလှပလွန်းနေပြန်သည်။ အိုးပိုင် အိမ်ပိုင်ဟူသည့်ဘ၀ နေစရာမပူမပင်ရသည့် ဘ၀ အသက်၀၀ ရှုနိုင်သည့် အခွင့်အရေး ငါ ဘယ်အချိန် ဒီအိမ်ပေါ်ကဆင်းပေးရမလဲဟူသည့် ဝေဒနာ ပျောက်ကင်းသွားသည့် ခံစားချက် သူများတွေအတွက်တော့  ဘယ်လိုနေမည်မှန်းမသိသော်လည်း အညိုအတွက်တော့ ရင်ထဲမှ နှစ်ရှည်လများ တစ်ဆို့နေခဲ့သည် အလုံးကြီးတစ်ခု လျှော့ကျသွားသလိုပင်။ လေးလံလှသော ၀န်ထုပ်ဝန်ပိုးတစ်ခုကို နေရာအတည်တ ကျ ထားလိုက်နိုင်သကဲ့သို့ ကြည်နူးပီတိဖြစ်ရသည်။ အမေပြုံးသည် အဖေ၏ အပြုံးသည် ကျေနပ်သည့်အပြုံး။ ထိုအရာတို့နှင့်ပင် အညိုသည် ၁၀ တန်းမှ ဖတ်စာအုပ်ကလေးများကို ၄င်း သူများထက် ပိုကြိုးစားမှ ပိုပြီးတိုးတက်သည် ဟူ သည့် အဆိုအမိန့်တို့ကို ၄င်း အချစ်ကို ၄င်း လုံးလုံးလျားလျား မေ့လျှော့ နေခဲ့လေတော့ သည်။

ခရီး၏ …အဆုံး
          ညီမလေးသည် ဘွဲ့ရပညာတတ်ရုံမျှမက ကြင်ယာပါစုံသွားခဲ့သည်။ သို့သော် ဝေဒနာကြီးကြီးမားမား တစ်ခု တော့ဖြင့် ပေးခဲ့သေးသည်။ အမေ့သမီးအကြီးကို မင်္ဂလာပွဲ မလာပါစေနှင့်တဲ့။ သြော်…ပြောရက်နိုင်ပါပေ့ ဆိုသည့် အတွေးနှင့်ပင် ရင်နင့်နေခဲ့ရသည်။ အမေတို့ကို ထောက်ပံ့စေချင်လျှင် အမေ့သမီးအကြီးကို အမေတို့ အိမ်ရိပ်တောင် မနင်းစေပါနှင့်လို့ ဆိုခဲ့သေးပါသတဲ့။ ဘာဖြစ်လို့လဲဟု မေးသည့်အခါ အညို၏ အလုပ်ကို ရှက်လို့ပါတဲ့။ ဒီလိုမသန့် ရှင်းပဲ ရလာသည့် ငွေများနှင့် အညိုကို ရွံလို့တဲ့။ မောင်လေးကလည်း အညိုရှိလျှင် အိမ်တွင် မနေဘူးဟုဆိုသည်။ ရှက်လို့တဲ့။ သားယောက်ကျားလေး အပြင်မှာလေလွင့်နေလျှင် ပျက်စီးသွားနိုင်သည်။ သမီးမောင်လေးကို အိမ်ပြန် လာပါစေလို့ အမေက ဆိုလာသည့်အခါ အညိုသည် အိမ်ပေါ်က အလိုလို ဆင်းပေးရလေတော့သည်။ ယခုတော့ အညိုချစ်သော မိသားစုသည် အညို ကိုအလိုမရှိတော့ပါ။ အညိုသည် တစ်ဦးတည်း အထီးကျန်စွာ တိုက်ခန်းကျဉ်း ကျဉ်းလေး တစ်ခုထဲတွင်နေရသည်။ တော်သေးသည်က နောက်ဆုံးတစ်ခေါက်ဖမ်းမိခဲ့သည့် ငါးသည်ကြီးလွန်းသဖြင့် ယခုကဲ့သို့ တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ အိမ်ရိပ်တောင် မနင်းရဘူးဆိုသဖြင့် အညို အဝေးကနေသာ လှမ်းကြည့်ခွင့်ရရှိခဲ့သည်။ ဒုတိယ အရွယ်အချစ်နှင့်လည်း ကြုံကြိုက်သဖြင့် တစ်ခါဆုံခဲ့သေးသည်။ သူသည် သမီးလေးတစ်ယောက်ရနေပြီဖြစ်သည်။

          အညို ကိုဂရုဏာသက်စွာ ကြည့်ရင်း အညို ရယ် မိသားစုကို ဒီလောက်တောင် ချစ်ရသလားဟု ပြစ်တင် ဆို ညည်းသွားခဲ့သည်။ ကိုယ့်ကိုယ်ကို လည်းဂရုစိုက်လို့ဆိုသည်။  သူ့အမျိုးသမီးရောက်လာပြီ ပြန်ကြရအောင် ဆိုသဖြင့် အညိုနေသော အိမ်ကိုပင် ကားကြုံ လိုက်ပို့ခဲ့ကြသေးသည်။ အညို၏ ဒုတိယအချစ်သည် ယခုကားနှင့်အိုးပိုင် အိမ်ပိုင် နှင့်ဖြစ်သည်။ သူ့အမျိုးသမီးနေရာတွင် အညို ကိုယ့်ကိုယ်ကိုမြင်ကြည့်သည်။ အညို နှလုံးသားတွေ တစ်ဆစ်ဆစ် နာပြီး အောင့်လာရသည်။ လက်က ရင်ဘတ်နေရာကိုဖိရင်း ကျွတ်ကျွတ်ဟု ညည်းမိသည်အထိ နာကျင်ရသည်။ ဒုတိယ အချစ် သည် အညိုကို စိတ်မကောင်းစွာနှင့် ကားမှန်မှ တစ်ဆင့်ခိုးကြည့်သည်။ သူ့အမျိုးသမီးသည် ကျေနပ်ပုံမရ။ အညို နားလည်ပါးနပ်စွာဖြင့်  အိမ်မရောက်သေးခင် နည်းနည်းခပ်လှမ်းလှမ်းမှာပင် ဆင်းလိုက်သည်။ ဈေးဝယ်စရာခုမှ သတိရ လို့ဟု ဆိုကာ ရှောင်ထွက်လာခဲ့သည်။ လမ်းဘေးတွင် ဆင်းရပ်ရင်း သူတို့ကားလေး မျက်ဝန်းမှ ပျောက်သွားလေမှ အညိုသည် ၀မ်းနည်းပက်လက် ကလေးတစ်ယောက်ကဲ့သို့ ငိုကြွေးခဲ့မိသည်။ လမ်းသွားလမ်းလာတို့သည် အညိုကို ရူးနေသလားဟု ဆိုသည့်အကြည့်ဖြင့်ကြည့်သည်။ အညိုမရှက်နိုင်တော့ပါ။ ဒီထက်ပင် အညို အရှက်နည်းခဲ့ရသည်မှာ သူတို့မှ မသိကြလေပဲ။

          ထိုနေ့က အညို အိမ်ပြန်ရောက်တော့ အိမ်ပေါက်ဝတွင် မျက်နှာငယ်လေးနှင့် ထိုင်နေသော အမေ့ကို တွေ့ လိုက်ရသည်။ ယခုအချိန်တွင် အညိုသည် အမေ့ရင်ခွင်ထဲတိုးဝင်ကာ ငိုလိုက်ချင်သည်။ သို့သော် အိမ်တံခါးဖွင့်ပြီး အထဲရောက်လို့ ထိုင်သည့်အခါ အညို ပုခုံးကိုမှီကာ အမေ ငိုခဲ့သည်။တစ်ခုခု ဆိုသည်ကို အညိုသိလိုက်သည်။ အမေ့ကို နှစ်သိမ့်အားပေးစကားဆိုရင်း အကြောင်းကိုမေးသည့်အခါ အညို၏ အိမ်အိုလေးကို ပေါင်ထားကြောင်း အကြွေးနှင့်ဆုံးတော့မည်ဖြစ်ကြောင်း။ အမေပင် မသိခဲ့ကြောင်း ။ မောင်လေးနှင့် အဖေသည် အမေ မသိအောင် အိမ်ဂရံကို ယူပေါင်ထားခြင်းဖြစ်ကြောင်း။ ညီမလေးသည် စားဖို့သာ ထောက်ပံ့နိုင်မည် ဓါးခုတ်ရာ လက်ဝင်မလျှိုနိုင်ဟု အပြတ်ပြောလွှတ်လိုက်သည်ဟုဆိုသည်။ ညီမလေး၏ ယောက်ကျားသည် ယခုအခါ အမေတို့ကို ထောက်ပံ့ နေသည်ကို မကြည်ဖြူနိုင်တော့ပေ။ အညို ၏ ဗီဒိုထဲမှ အမေတို့အတွက် စုထားသည့် လစဉ်ထောက်ပံ့ငွေကို အမေ့ လက်ထဲ ထည့်ပေးလိုက်သည်။

 ခရီး၏ …
          အမေ့ မျက်နှာပြုံးပျော်သွားသည်။ ကျေးဇူးတင်ပါတယ် သမီးကြီးရယ်။ အမေကလေ ငါ့သမီးကြီးကို အမြဲ ကျေးဇူးတင်နေရတယ်ဟုဆိုသည်။ နောက်များ အမေကြုံရင်လေ ငါ့သမီးကြီးအတွက် ဟင်းလာချက်ပေးမယ် သိလား တဲ့။ ရပါတယ်အမေ အညိုအတွက် လျှောက်ခဲ့ရတဲ့ လမ်းကလည်းများခဲ့ပါပြီ။ ခရီးအကွာအဝေးကလည်း ဝေးလွန်းခဲ့ပါ ပြီ။ သာယာလှပသည့် မိသားစုဘ၀ အပူအပင်ကင်းသည့် မိသားစုဘ၀ သောကများကင်းစင်သည့် မိသားစု ဘ၀ မိသားစု လက်စုံထမင်းစားဝိုင်း ဆို သည်မှာ အညို နှင့် မအပ်စပ်သော အရာတွေပါအမေ။ အညို လေ ပန်းတိုင်ဆိုတာကို အိမ်မက်ထဲတောင် ထည့်ပြီး မမက်ကြည့်ချင်တော့ပါ ဘူး။ ခုချိန်မှာတော့ အညို ၁၀ တန်းတုန်းက စာအုပ်လေးတွေကို အရမ်းပဲ လွမ်းမိတယ် အမေ။ အမေသည် အညိုကို လက်ပြနှုတ်ဆက်ကာ အိမ်အိုလေးစီသို့  ပြန်သွားခဲ့ပြီဖြစ်သည်။ အညိုကဖြင့် မှောင်မည်းတိတ်ဆိတ်နေသော တိုက်ခန်းကျဉ်းလေးထဲတွင် မှီစရာရင်ခွင်မရှိ ပုခုံးမရှိ ရှိုက်၍ ရှိုက်၍ ငိုရင်း မောပန်း ပင်ပန်းလွန်း လှသဖြင့် တစ်ခဏမျှ အိပ်ပျော်သွားမိသည်။ သို့ပေမယ့် ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်လွန်း လှသဖြင့် အိပ်ပျော်သွားသော်ငြား စိတ်သည်မအိပ် စိတ်တွင်းမှ အကြိမ်ကြိမ်ရွတ်ဆိုမိသည့် စကားသည် တစ်ခွန်းတည်း သာ။   အညို အတွက် တော့ ဤခရီး ဝေးလွန်း လှပါသည် ။ အညို အတွက် တော့ ဤခရီး ဝေးလွန်းသည်။ အညို အတွက် တော့ ဤခရီး မနီးခဲ့ပါလေ။ 



************
စာမရေးတာကြာလို့ ဘလော့မောင်နှမတွေများ ဆွေလေးကို မေ့နေပြီလား မသိပါဘူး။ ခုတော့ ခံစားလို့ ရသမျှ ၀ါသနာကို ပို့စ်လေးတစ်ခုအဖြစ်မွေးဖွားခဲ့ပြန်ပြီ။ ဒါပေမယ့် အားက ခပ်ငယ်ငယ်ရယ်။ စာဖတ်လာသူတွေ နည်းတယ်။ 
ချစ်စွာသော မောင်နှမများအားလုံး ကျန်းမာလို့ လန်းဖြာ ချမ်းသာကြပါစေရှင်.။ 
 သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေရှာဖွေပြီး တင်ပေးလိုက်ရပါကြောင်း။

No comments:

Post a comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......