Sunday, 29 April 2012

တစ်ခါတုန်းက ပိတောက်ပွင့်ချိန် (၃)


“ဟလို ဟလို အမေ လား။ အင်း သားပါ။”

“ဟုတ်တယ် အမေ စိတ်ပူနေမှာစိုးလို့ လေ။ ခု လမ်းထိပ်က ဆရာ ဦးကြည်အောင် ဆေးခန်းက ဆက်နေတာ။ ဆေးခန်းလာပြရင်းနဲ့လေ”

“ဗျာ ..ဟုတ်သက်သာတယ် အမေ။ အင်း နောက်ရက်တွေဆို အမေ တို့ ရိပ်သာ ဖုန်းခေါ်လို့ မရတော့ ဘူးလေ။ အမေ စိတ်အေးသွားအောင်လို့။အင်း အမေ စိတ်ချလက်ချသာ တရားထိုင်နော်။ ဟုတ် အမေ ဟုတ် ဂရုစိုက်မယ်။ ဟုတ်..ဟုတ်..”

ကဲပြီးပြီ။ ဒါကလည်း မွှေးရဲ့ အကြံညဏ်။ သားကိုချစ်လွန်းသော အမေ တစ်ယောက် စိတ်မချခြင်းများစွာနှင့် နောက်များ ပြန်လှည့်လာရင်ဖြင့် အောင်တေဇ တို့ ကိုယ်ကျိုးနည်းမှာကိုး။ ဒီတော့ အမေ စိတ်ချလက်ချဖြစ်သွား အောင် အမေရိပ်သာကိုထွက်သွားပြီးပြီချင်း ညနေဘက်ကို ဆေးခန်းကနေ ဖုန်းဆက်လိုက်ချင်းအားဖြင့် သင်္ကြန်မှာ နောက်ကြောင်းအေးစွာ သူပျော်ရပြီလေ။

သင်္ကြန်အကြိုနေ့ ..

 မနက်ထဲက လမ်းထိပ်က မွှေးတို့ မဏ္ဏပ်မှာ ပိုက်တွေဆင်ရ။ sound box တွေဆင်ရနဲ့  တစ်မနက်လုံး အားသည်လို့ ကိုမရှိ။ ညနေပိုင်းမှ မွှေးတို့ မဏ္ဏပ်မှာ ရေစပြီး ကစားကြမည်။ မွှေး တစ်ယောက်ကတော့ ဆံပင်ကို ကပိုကရို  ညှပ်ကြီးကြီးတစ်ချောင်းနှင့် သိမ်းထားပြီး ဂျင်းဘောင်းဘီ ဒူးလယ်လောက်နီးနီးအတိုလေးနှင့် ချည်သားအင်္ကျီ ခပ်ပွပွလေး ၀တ်ထားသည်ကိုက လှနေသည်။ သူမကိုကြည့်ရသည်မှာ လွတ်လပ်ပေါ့ပါးနေသလိုပင်။ 

“ဟဲ့ မိုးအောင်ရေ.. အစ်မမှာတာ မမေ့နဲ့နော်။ မင်းသူငယ်ချင်းတွေ ခေါ်ပြီးလာဆော့တာတော့ အစ်မ ငြင်းစရာမရှိဘူး။ ဒါပေမယ့် နှစ်တိုင်း အစ်မတို့ မဏ္ဏပ် စည်းကမ်းတော့ သိတယ်နော်။ လူငယ်တွေပီပီ လွတ်လပ်စွာ ပျော်ပါးတာကို လက်ခံတယ်။ ဒါပေမယ့် အရက်သေစာ သောက်စားခွင့်မပြုဘူး တစ်ခြားဘာဆေးညာဆေးတွေ သုံးခွင့်မပေးနိုင်ဘူး။ ပြီးတော့ မဏ္ဏပ်က ကောင်မလေးတွေကို ကိုယ့်မောင်နှမတွေလို သဘောထားပြီး စောင့်ရှောက်ရမယ်။ အစ်မ သေချာမှာတယ်နော်။ အေး ပြသနာတစ်ခုခုဆိုလို့ ကတော့ ပိုက်ဆံပြန်အမ်းပြီး မဏ္ဏပ် ပေါ်က ဆွဲအချပဲနော်. ”

“ဟုတ်ကဲ့ အစ်မ။ ကျွန်တော်နားလည်ပါတယ်။ အစ်မတို့ မဏ္ဏပ်မှာမို့လို့ ကျွန်တော့်ကို အိမ်ကလည်း စိတ်ချလက်ချ လွှတ်တာလေ။ ကျွန်တော်နှစ်တိုင်းရနေတဲ့ ကိုယ့်ရဲ့ လွတ်လပ်မှုအခွင့်အရေးကို ပိတ်အောင်မလုပ်ပါဘူးဗျ စိတ်ချ ကျွန်တော် ကိုယ့်လူကိုယ် နိုင်အောင်ထိန်းမယ်..”

“အိုကေ. ခုလို လိမ္မာပြီး စကားနားထောင်တဲ့ အတွက် ကျေးဇူး မောင်လေး။ ကဲ ယောက်ကျားလေးတွေဘက်ပြီး တော့ မိန်းကလေးတွေဘက်။ ကဲကဲ မိန်းကလေးတွေအားလုံး နားထောင်ကြနော်။ အင်ကျီအ၀တ်အစားကို လွတ်လပ်စွာ ဆင်ယင်ပိုင်ခွင့်ရှိပါတယ်။ ခောတ်မှီလို့လည်းရတယ်။ ဒါပေမယ့် ဟိုပေါ် ဒီပေါ်  တိုတိုပြတ်ပြတ်တွေ လုံးဝ မ၀တ်ပါနဲ့။ ရေစိုရင် အမြင်ရိုင်းမယ့် အင်ကျီမျိုး မ၀တ်ပါနဲ့။ ဒီနှစ်ချက်ကလွဲရင် ကြိုက်သလို ကိုယ်ပိုင်စတိုင်နဲ့ ဖက်ရှင်ထုတ်လို့ ရပါတယ်။ လူငယ်တွေကို လိုက်ချုပ်ခြယ်တာမဟုတ်ဘူနော်။ ညီမလေးတို့ အ၀တ်အစားနဲ့ အနေအထိုင်မတော်လို့ မဏ္ဏပ်ကမဟုတ်တဲ့ တစ်ခြားယောက်ကျားလေးတွေက ရိသဲ့သဲ့ဆိုရင် တို့ မဏ္ဏပ်က ယောက်ကျားလေးတွေကလည်း သည်းခံမှာမဟုတ်ဘူး။ ဒါဆိုရင် ရန်ပွဲတွေဖြစ်လာမယ်။ ဒါဆိုရင် နောက်နှစ်မှာ အစ်မတို့ရဲ့ ရေကစား မဏ္ဏပ်လေးကလည်းဖြစ်လာဖို့ရာ မသေချာတော့ ဘူး။ ဒါကြောင့် အစ်မက မောင်လေးတွေ ညီမလေးတွေကို မေတ္တာရပ်ခံတယ်လို့ သဘောထားပေးကြပါလို့  ကဲ အားလုံးသဘောတူကြရဲ့ လား ”

“သဘော တူပါတယ် သဘောတူပါတယ်။ ”

“ကဲ သဘောတူတယ်ဆိုရင် ဒီနေ့ ညနေ ပိုင်း ၃ နာရီကနေစပြီး အစ်မတို့ မဏ္ဏပ်က ရေစဖွင့်ပေးမယ်။ ခု မဏ္ဏပ် ပြင်ဆင်တာလည်းပြီးပြီမို့ အိမ်ပြန်ပြီးထမင်းစားကြ ပြီးတော့ ညနေပိုင်းရေကစားရင် အလှဆုံးဖြစ်ဖို့ အတွက် ပြင်ဆင်ကြပေတော့  .. အစ်မတို့ရဲ့ မေပိတောက် မဏ္ဏပ်ကြီးက မောင်လေး ညီမလေးတွေအားလုံး WELCOME ပါရှင်..ကဲ ခုတော့ ဘယ်သူမှ သင်္ကြန်ရေ မထိရသေးခင် ဟောဒီက အစ်မကြီးက ရေစလောင်းပါပြီ ရှင်..ဟားဟား”

ပြောပြောဆိုဆို မွှေး တစ်ယောက် သူမဘေးနားမှာ ရှိသော ရေပုံးထဲမှ ရေများဖြင့် သူမရှေ့မှ သူများအား ၀ုန်းကနဲ လောင်းချလိုက်သည်။

“အား စိုကုန်ပြီး..ဟေး…ကျွန်တော်တို့လည်း ပြန်ပက်မယ် ကဲ အပေါင်းအသင်းတို့ ရေ လာကြဟေ့ ဒီမှာ တိုင်ကီထဲမှာ ရေစက်စမ်းထားတဲ့ ရေတွေရှိတယ်ဟ”

ပြောပြောဆိုဆို လူငယ်အုပ်စုဘက်မှလည်း မွှေးတို့ ရှိရာ မိန်းကလေးတွေ အုပ်စုဘက်ကို ရေတွေနဲ့ လှမ်းပက်ကြသည်။ သူတို့တွေကိုကြည့် ပြီး ဇ တစ်ယောက် ပျော်ရွှင်နေမိသည်။ ဒါက သူ့ တစ်သက်တာမှာ ပထမဆုံး ဆင်နွှဲဖူးတဲ့ သင်္ကြန်ပွဲကိုး…

“ဟားဟား..ကဲကဲ တော်ကြတော့ တော်ကြတော့ အပူတွေ ရှပ်ကုန်တော့ မယ် အိမ်ပြန်ကြတော့ ညနေ ၃ နာရီ ပြန်လာခဲ့ ကြနော်။ ”

ပြောပြောဆိုဆိုဖြင့် သူမ လူအုပ်ထဲမှာ ထွက်လာခဲ့ ပြီး။

“ဟားဟား… ကဲ ဇ ရေ ငါတို့လည်း မိုးတို့ အိမ်ကို သွားကြစို့ ငါ့ အင်ကျီတွေစိုနေပြီဟ။ မိုး တို့ အိမ်မှာ အင်ကျီ ၀င်လဲပြီး ထမင်းသွားစားရအောင်။ မဏ္ဏပ် ကိုတော့ ထားခဲ့လိုက်ရတယ်။ မိုးတို့ အိမ်ကနေဆိုရင် လှမ်းမြင်နေရတာပဲ လေ. လာလာ သွားကြစို့ . ငါ ဗိုက်ဆာပြီဟ..”

“ဟယ် မမွှေး နင်ရေတွေ စိုလာပြီ။ သွားသွား ငါ့အခန်းထဲမှာ အင်ကျီသွားလဲ။ လာလေ ဇ ထမင်းစားခန်းထဲ သွားရအောင်။ ဘာမှ ရှက်မနေနဲ့လာ။ ထမင်းစားခန်းထဲမှာ မေမေ လည်းရှိတယ်။ ဟဲ့ မွှေး မြန်မြန်လုပ်နော် ငါ ဗိုက်ဆာနေပြီ နင့် ကို စောင့်နေရတာ..”

“အေး ပါ..မြန်မြန်လဲမှာပါဟ ငါလည်း ဗိုက်ဆာပြီး ”

“လာ လာ သားတို့ သမီးတို့ ဒီမှာ ထမင်းစားဖို့ အဆင်သင့်ပဲ။သမီးမိုးရေ အမေ ဘုရားခန်းထဲမှာ တရားလေး သွားနာလိုက်အုန်းမယ်နော်.. သူငယ်ချင်းတွေကို ထမင်းကောင်းကောင်းကျွေးလိုက်နော်. “

“ဟုတ်ကဲ့ အမေ.. ”

“ အန်တီရော ထမင်းမစားဘူးလား ဟင် မိုး။ ”

“မေမေက အိမ်မှာနေရင်း ဥပုပ်စောင့်တယ်လေ။ ၁၂ နာရီ မထိုးခင်ထဲက ထမင်းစားပြီးပြီ။ မနက်ဖြန် မွှေးတို့ အမေလှည့် ငါ့ အမေက ဘုန်းကြီးကျောင်းသွားပြီး ဥပုပ်စောင့်မယ်။ ငါနဲ့ မွှေးကို တစ်ယောက်တစ်လှည့်စီ စောင့်ကြည့်ကြတာ။ ဘာလို့ ငါ့အိမ်ဖြစ်လဲဆိုတော့ ငါ့အိမ်က မဏ္ဏပ်နဲ့နီးတယ်လေ။ မနက်ထဲက မွှေးအမေက မွှေးအတွက်ဆိုပြီး အထုပ်လာပို့ ထားပြီးသား။ ညကျရင်လဲ မွှေးက ငါ့အိမ်မှာပဲ အိပ်မှာ.”

“အင်း ကောင်းတာပေါ့။ ညကျရင် ငါသာတစ်ယောက်တည်း အိမ်မှာ။ နင်တို့ အမေတွေက တော်တယ်နော်။ ငါ့အမေ ဆို..”

“ကဲ တော်ပါ ဇ ရာ။ ငါတို့က အစထဲက ဒီလိုပဲ။ သားသမီးနဲ့ မိဘကြားမှာ ယုံကြည်မှုပေါ့။ ပြီးတော့ ငယ်ငယ်လေးထဲက ဒီလိုပဲ ဆိုတော့ ငါတို့ မိဘတွေက ရိုးနေပြီ။ ဘာမှနင့်ဘ၀နဲ့ နှိုင်းယှဉ်မနေနဲ့ ။ ဟုတ်ပြီလား.. ကဲ ဒေါ်မိမိမွှေးရေ … မပြီးသေးဘူးလား။ ဒီမှာ ဗိုက်ဆာလွန်းလို့ အူလိမ်နေပြီဟေ့ …”

“လာပြီး လာပြီး..”

မွှေး တစ်ယောက် အပေါ်ထပ်မှ ပြေးဆေးလာပြီး ထမင်းစားခန်းထဲဝင် လက်ကို ကျကျနန ဆေးပြီး စားပွဲမှာ ၀င်ထိုင် ပြီးတော့  ..

“အား.. မွှေးနေတာပဲဟေ့ .. မိုး ဘာဟင်းချက် ဒီနေ့ 

“ကြက်အသည်းအမြစ်ရယ် မုန်လာဥချဉ်ဟင်းရယ် ပြီးတော့ ငါးပိတို့စရာနဲ့ ဒီမှာ ရှင့် အကြိုက် ကန်ဇွန်းရွက်ကြော် စပ်စပ်လေး.”

“ဟာ.. ရှယ်ပဲ ငါတော့ ဆွဲပြီး ဟဲ့ မိုး.. ဇ ကို ဟင်းထည့်ပေးလိုက်တော့ ။”

“ဟဲ့ မိမွှေး လက်နဲ့ စားမလို့ လား”

“ဟီး ဟုတ်တယ်ဟ အန်တီလက်ရာ ဟင်းကို ဒီလိုအားရပါးရ လက်နဲ့ စားမှ မြိန်တာဟ။ ဒါကြောင့် .. ဟဲ့ ဇ စားလေ ရှက်မနေနဲ့ ရှက်နေရင်တော့ နင် ငါးပိနဲ့ ညားသွားမယ် ငါ့တော့ စားပြီးဟေ့ ”

“ဟွန်း မိန်းမ ငတ်ကြီးကို ကျတယ်။ ဇ နင် အသည်းကြိုက်တယ် မဟုတ်လား။”

မိုးတစ်ယောက် ဇ ပန်းကန်ထဲကို သဒ္ဒါပိုစွာဖြင့် ကြက်အသည်းအမြစ်များကို ခပ်ထည့်ပေးနေပြန်သည်။

“အင်း ကြိုက်ပါတယ်။ ရတယ် မိုး..ရတယ် ကိုယ့်ဘာသာကိုယ် ထည့်စားလိုက်မယ်။ နင်လဲ စားလေ။”

မွှေး တစ်ယောက်ကတော့ မုန်လာဥချည်ရည်ဟင်းနှင့် ငါးပိတို့စရာ အစုံ ကန်ဇွန်းရွက်ကြော် နှင့် မြိန်ရည် ရှက်ရည် လွေးနေလေပြီ။

“မွှေး ဒီမှာရော့ ကြက်အသည်းအမြစ်. ထည့်စားလေ။ ငါးပိနဲ့ ချဉ်ရည်ဟင်းပဲ စားနေတယ်.”

မွှေး ပန်းကန်ထဲသို့ ဟင်းခတ်ထည့်ပေးဖို့ ပြင်နေသော ဇ အား လက်ကာပြလိုက်ရင်း.

“နေနေ..ဇ ငါက ချဉ်ရည်ဟင်းနဲ့ ငါးပိတို့ စရာ ပိုကြိုက်လို့ဟ.စား စား ကိုယ်ဘာသာကိုယ်. ငါ ထည့်စားလိုက်မယ်”

ထမင်း ပလုတ်ပလောင်းနှင့် ပျာပျာသလဲ ငြင်းနေသော မွှေး ကို ဇ နားမလည်မိ။ ဟင်းလေးထည့်ပေးတာကိုများ ဖြစ်နေလိုက်တာလို့ သူထင်မိသည်။ ဇ နားမလည်ပေမယ့် နားလည်လိုက်တဲ့ သူက မိုး ။ မွှေး ကတော့ မသိချင်ယောင်ဆောင်ပြီး ထမင်းကိုသာ ဆက်ပြီးစားနေသည်။ ဒါပေမယ့် သူမရင်ထဲမှာတော့ ခိုးလို့ ခုလု မိုး ရိပ်မိမှာ စိုးလို့ သာ သူမ ဟန်မပျက် ထမင်းဆက်စားနေခြင်းဖြစ်သည်။ဟူး…ခက်တာပဲ။ ဒီနှစ်ကောင်နဲ့တော့ … ဒီနှစ်ကောင်နဲ့ ဆိုတော့ သူကိုယ်တိုင်ကရော..

ညနေပိုင်းရေပက်ချိန်တွင်တော့ နွေပူပူမှာ ရေစိုကာလှနေသော မွှေး ကို ဇ ကြည့်လို့ကိုမ၀။ နဂိုထဲကမှ ဖြူဝင်းသော အသားအရည်ကြောင့် ခုလိုရေစိုနေတော့ သူမ၏အလှက ပိုပြီးထင်းနေသလိုလို။ ဇ ၏မျက်လုံးများက မွှေး ဆိုသော ကောင်မလေးထံမှ အကြည့်တွေလွှဲလို့မရ။  ဇ ဆိုသော ကောင်လေးထံမှ အကြည့်တွေ လွှဲလို့မရသည်က မိုး။
       
တစ်ချိန်လုံးနီးနီး မွှေး ကိုစိုက်ကြည့်နေသော ဇ ကြောင့် မိုး ရင်ထဲမှာ ဗလောင်ဆူနေသည်။ တစ်မျိုးပဲ စိတ်ပဲတိုနေသလိုလို အလိုမကျသလိုလို သူမ၏ ဆူပုပ်ပုပ်မျက်နှာကြောင့်ပင် တစ်ချို့ဆို သူမကို ရည်းစားပျောက်လို့ မှိုင်ဆိုပြီး သီချင်းတွေတောင် စောင်းဆိုသွားကြသေးသည်။ အရင်နှစ်တွေကလို မိုး မပျော်မိ။  အလိုလိုနေရင်း ပျော်ပျော်ရွှင်ရွှင်ရေကစားနေသော မွှေး ကိုပင်သူမ စိတ်တိုမိနေသည်။
မွှေး ကိုယ်တိုင်ကတော့  တမင်တကာပင် မိုးနှင့် ဇ တို့၏ အဖြစ်ကို မသိချင်ယောင်ဆောင်ပြီး ဘာမှ မဖြစ်သလိုနှင့် ရေကစားပြနေလိုက်သည်။ ဒီအချိန်မှာ သူမနေတတ်မှဖြစ်မည်။ မနက်က ထမင်းဝိုင်းမှာ သူမ နဲနဲ over ဖြစ်သွားသည်။ တစ်ကယ်တမ်းက မိုး ကိုစိတ်ပူသည့် စိတ်ဖြင့် သူမ လွတ်သွားခြင်းဖြစ်သည်။ အခြေအနေက မွှေး ဘက်က ဇ နှင့် ပတ်သတ်ပြီး လိုက်ကာပေးနေလေ မိုး အတွက် ပိုပြီး ဖိအားပေးသလိုဖြစ်သွားမှာ စိုးသည်။ ပြီးတော့ ညီမအစ်ရင်းတစ်မျှချစ်ရသော သူငယ်ချင်းလေးနှင့် ဇ အတွက်ကြောင့်တော့ဖြင့်  ခင်မင်မှုတွေ မပြောင်းလဲသွားစေခြင်။ ဒီကိစ္စမှာ မွှေး လိမ္မာပါးနပ်စွာ ရှောင်တတ်မှ ဖြစ်မည်။

 သင်္ကြန်အကျနေ့ ..

  မနက်ပိုင်း မဏ္ဏပ်မှာ မုန့်လုံးရေပေါ် စတုဒီသာကျွေးသည်။ အရင်နှစ်တွေကဆို မွှေး သည် မနက်စောစော မဏ္ဏပ်မှာ အသံစာစာဖြင့် ဦးဆောင်နေလောက်ပြီ။ ဒီနှစ်ကတော့  မိုး ဦးဆောင်မှ ဖြစ်မည်။ ဘာလို့လဲဆိုတော့  ဇ မျက်လုံးထဲမှာ မွှေး ကိုခဏလောက်ဖျောက်ထားပြီး မိုး ဆိုသော ကောင်မလေးတစ်ယောက်ကို မြင်သွားစေချင်သည်လေ။ထို့ကြောင့် တမင်တကာပင် မွှေး သည် မဏ္ဏပ်မှာ မနေပဲ လမ်းထဲက အိမ်တွေကို မုန့် လိုက်ဝေသည်။ မိုး နှင့်တူတူ ဇ ကို မဏ္ဏပ်မှာ တာဝန်ပေးပြီးထားခဲ့ သည်။ ဇ ရေ နင့် ရင်ဘတ်ကြီးထဲမှာ မိုး ဆိုတဲ့ ကောင်မလေး ကိုပဲ မြင်လိုက်စမ်းပါဟာ။ ငါ..ငါ ကတော့..

အိပ်ယာထဲမှာ ဟိုဘက်လှိမ့် လိုက် ဒီဘက်လှိမ့် ဖြင့် အိပ်မပျော်နိုင်သော မိုး အား မွှေး အိပ်ချင်ယောင်ဆောင်နေမိ သည်။ မွှေး စဉ်းစားမိသည်။ မိုး နှင့် စကားပွင့်ပွင့် လင်းလင်းပြောလိုက်လျှင် ကောင်းမည်ထင်သည်။ ဒီအတိုင်းဆို  မည်သည့်အချိန်ပေါက်ကွဲမည်လဲ မသိနိုင်သော ဗုံးတစ်လုံးနှင့်တူနေသည်။ အချိန်မရွေး ထပြီးပေါက်ကွဲနိုင်သလိုဖြစ်နေ သည်။ ပြီးတော့ ဒီနှစ်သင်္ကြန်မှာ မွှေး စိတ်အရမ်းပင်ပန်းနေပြီ။ သင်္ကြန်ကို စိတ်လွတ်လက်လွတ် မပျော်ရ။ တစ်ခုခုတော့ လုပ်မှဖြစ်မည်။ မနက်ဖြန်ဆို သင်္ကြန်အကြတ်နေ့ .. မွှေး စဉ်းစားရင်း အိပ်ယာမှ ငေါက်ကနဲ ထထိုင် လိုက်မိသည်။
          ရုတ်တရက် မွှေး ထထိုင်လိုက်သောကြောင့် မိုး လန့် သွားသည်။

“အောင်မလေး မိမွှေး ရယ် လန့် တာ ။ ငါက နင်အိပ်နေပြီ ထင်လို့ 

မွှေး  ခေါင်းကို အကြောင်းမဲ့ တစ်ဗျင်းဗျင်းကုတ်ရင်း..

“မိုး  ငါတို့ နှစ်ယောက် စကားကို ပွင့်ပွင့်လင်းလင်းပြောကြရအောင်။ ငါမအောင့်အီးနိုင်တော့ ဘူးဟ။ဒီနှစ် သင်္ကြန်မှာ ဒီလို စိတ်ဖိစီးစရာကြီးနဲ့တော့ မဖြတ်သန်းခြင်ဘူးဟာ။ပြီးတော့ ငါ နင့်ကို ဘယ်လောက်ထိ ခင်ပြီး ချစ်သလဲဆိုတာ လဲ နင်သိသားနဲ့ ။ ဘာပဲဖြစ်ဖြစ် ငါ နင်နဲ့ ထာဝရ သူငယ်ချင်းပဲ ဖြစ်ချင်တယ်။ နင် ဘာဖြစ်ခြင်လဲ ဖြစ်ခြင်တာတွေ လိုခြင်တာတွေ အားလုံးငါပေးမယ်ဟာ။ အရေးကြီးတာ နင့်စိတ်ထဲမှာ ငါ့ကို အမြဲတမ်း ထာဝရသူငယ်ချင်း တစ်ယောက်အဖြစ် ခင်မင်နေရမယ်။ နင်နဲ့ငါအမြဲတမ်း သူငယ်ချင်းဖြစ်နေရမယ်။ ငါတို့ နှစ်ယောက် ဘယ်တော့ မှ မခွဲခွာ ကြေးဟာ..နော်. ”

မထင်မှတ်ပဲ မွှေး ကဒီလို ပြောချလိုက်တော့ မိုး ၀မ်းနည်းသွားမိသည်။ သူမကိုယ်တိုင်က မွှေး ကို ဇ နှင့် ပတ်သတ်ပြီး စိတ်ထဲမှာ ငြိုညင်နေမိသည် မဟုတ်လား။ သူငယ်ချင်းရယ်.. မိုး မှားသွားတယ် ..

“ဟင့် ဟင့် မွှေး ..သူငယ်ချင်း ငါ တောင်းပန်ပါတယ်ဟာ။ နင် နင် ငါ့ ကို စိတ်မဆိုးပါနဲ့နော်။ ငါ့နှလုံးသားရဲ့ ပထမဆုံး ရင်ခုန်သံမှာ ငါ့ စိတ်တွေ ဘာဖြစ်သွားမှန်း မသိလိုက်လို့ ပါ။ ငါ ဇ ကိုချစ်တယ်။ ဟင့် ဟင့် …”

မွှေးရဲ့ ပုခုံးကိုမှီပြီး ကြူကြူပါအောင် ငိုနေသော မိုး ကိုကြည့်ပြီး စိတ်မကောင်းမိ။ သူငယ်ချင်းရယ် နင့်ရင်ခုန်သံကလဲ ဟာ ဇ နဲ့ ကြမှများ စရတယ်လို့ ။ မိုး၏ စိတ်သည် အနည်းငယ် စိတ်ကူးယဉ်ဆန်တတ်သည်ကို သူမသိသည်။ ပြီးတော့ မိုး သည် သူမကဲ့ သို့ စိတ်ထားပြတ်သားခိုင်မာသူမဟုတ်။ သူမကသာ ဟန်ဆောင်ကောင်းပေမယ့် မိုး သည် ဟန်ဆောင်ကောင်းတဲ့ သူတစ်ယောက်မဟုတ်။

“မိုး မိုး.. နင် ငါ့ ကို သေချာကြည့်စမ်း။ မငိုနဲ့ သူငယ်ချင်း။ ငါပြောတာ သေချာနားထောင်နော်…နားထောင်မယ် မဟုတ်လား ..”

မိုး မျက်ရည်များကို သုတ်ရင်း ခေါင်းညိမ့် ပြလိုက်သည်။

“ငါ ဇ ကို စိတ်မ၀င်စားဘူး မိုး။ဘာလို့လဲဆိုတော့ ငါက ယောက်ကျားဆိုရင် ပြတ်ပြတ်သားသားနဲ့ ငါ့ရှေ့မှာ မားမားမတ်မတ် ရပ်နိုင်တဲ့ သူကိုပဲ  ငါသဘောကျတယ်။ဇ လို ပျောံညံ့ညံ့ ယောက်ကျားတစ်ယောက်ကို ငါဘယ်လိုမှ ငါ့ရဲ့ ဘ၀ခရီးဖော်အဖြစ် မရွေးချယ်နိုင်ဘူး။ ဒီတော့ သူ့ဘက်က စိတ်ဝင်စားသည်ဖြစ်စေ မ၀င်စားသည်ဖြစ်စေ ငါလုံးဝ ဂရု မစိုက်ဘူး။ အရေးကြီးတာ ငါ စိတ်ဝင်စားတာ ငါ စိတ်ပူတာက နင်ပဲ မိုး။”
“ငါမှားသွားတယ် ဟာ.. ”

“နင်မမှားပါဘူး မိုး။ ဒီလိုပဲ လူတိုင်း အချစ်ဆိုတာနဲ့ ကြုံတွေ့လာကြပြီဆိုရင် တစ်ချက်တစ်ချက်တော့ လွတ်သွား တတ်ကြတာပဲ။ ဒါပေမယ့် နင် နားလည်ထားဖို့ တစ်ခုတော့ လိုတယ်။ အဲဒါဘာလဲဆိုတော့ ဇ ရဲ့ စိတ်ကို နင် ရော ငါရော မပြောင်းလဲနိုင်ဘူးဆိုတာပဲ။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ သူပြောင်းလဲလာနိုင်တယ်။ ဒီအတွက် အချိန်တစ်ခု လိုအပ်တယ်။ နင် ငါပြောတာကို နားလည်တယ် မဟုတ်လား မိုး. ”

“အင်း..”

“နင် နားလည်ထားဖို့က ဇ ဆိုတဲ့ သူဟာ ဘယ်တော့မှ ငါ့ရဲ့ ချစ်သူတစ်ယောက် ဖြစ်မလာနိုင်ဘူး ဆိုတာပဲ.”

“အေးပါ သူငယ်ချင်းရာ ငါနားလည်ပါပြီး ငါ နားလည်ပါပြီဟာ…နော်”

မွှေး ခေါင်းညိမ့် ပြလိုက်ရင်း..

“သူငယ်ချင်း အိပ်ကြရအောင်နော်။ မနက်ဖြန်ကြရင် အရင်နှစ်တွေလိုပဲ ငါတို့ သူငယ်ချင်းနှစ်ယောက် သင်္ကြန်ဆိုတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်ကျော်ကြရအောင်နော် ..”

“အင်း..”

မိုး တစ်ယောက်ကတော့ စိတ်ကျေနပ်သွားပြီထင်။ မွှေး ကိုဖက်ပြီး အိပ်ပျော်သွားလေပြီ။ ဒီတစ်ခါ အိပ်မပျော်နိုင်သူက မွှေး။ သြော် ဧပရယ်နွေ ဆိုတာ ပူပြင်းပေမယ့် ဒီဇင်ဘာဆောင်းလို အေးချမ်းတဲ့ လလဲ ရှိနေတာပဲလေ။ သူမရဲ့ ရင်ထဲမှာလည်း လောလောဆယ် နွေလိုပူနေပေမယ့်  အချိန်တစ်ခုခုကြရင်ဖြင့် ဒီဇင်ဘာနှင်းတို့ဖြင့် ဝေနေမှာပါလေ။


*********************************************
 ဒီဇာတ်လမ်းလေးကို သင်္ကြန်မတိုင်ခင် အပြီးရေးမယ်လို့ အားတင်းထားပေမယ့် မထင်မှတ်ပဲ ခရီး တစ်ခုသွားဖြစ်လိုက်တာကြောင့်  ခုတော့ နောက်ကျသွားရပြီ။  
ဇာတ်သိမ်းပိုင်းလေးကို  ခပ်မြန်မြန်လေး ရေးပေးပါ့မယ်လို့ အကြောင်းကြားရင်း..
 အလည်လာကြသော ဘလော့ မောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေရှင်။

Thursday, 5 April 2012

တစ်ခါတုန်းက ပိတောက်ပွင့်ချိန် (၂)




“ဟဲ့ ဇ နင့်အမေက နည်းနည်းလေး အပေါက်ဆိုးတယ်နော် တစ်မျိုးပဲ မာနပဲ ကြီးသလိုလို မာန်ပဲတတ်နေသလိုလိုနဲ့ နည်းနည်းဇီဇာ ကြောင်သလားလို့ ”

“မွှေး ရယ် ငါ့အမေကိုတော့ ခြွင်းချက်လေးထားပေးပါလားဟာ။ ဟုတ်တယ် နင်ပြောသလိုပဲဟ ငါ့အမေက ငါနဲ့ ပတ်သတ်ရင် နဲနဲ အတ္တကြီးတယ်ပြောရမလားပဲ။အဖေသက်ရှိထင်ရှားရှိစဉ်တုန်းကတော့ အမေကအရမ်းကို သိမ်မွေ့ နူးညံ့တဲ့ မိန်းမတစ်ယောက်ပါ ”

“ဘာလဲ ဇ နင်ပြောချင်တာက အရင်က ချမ်းချမ်းသာသာနဲ့ ဘ၀ကိုဖြတ်သန်းလာရပြီ ကံဇာတ်ဆရာရဲ့ အလှည့်အပြောင်းမှာ ရုတ်တရုတ် ခက်ခဲကြမ်းတမ်းလွန်းတဲ့ လမ်းကို လျှောက်လိုက်ရလို့ နင့်အမေရဲ့ စိတ်တွေက ခုလိုမျိုးပြောင်းလဲသွားတယ်လို့ ပြောချင်တာလား ..”

“ဟုတ်တယ် မိုး။ ငါတို့ကို သစ္စာဖောက်လိုက်တာက အဖေ့ရဲ့ ညီအရင်းကြီးလေ။ ငါတို့ ပိုင်ဆိုင်သမျှ တွေကို အကြွေးတွေနဲ့ပါဆိုပြီး သူပိုင်လုပ်သွားတာလေ။ တစ်ကယ်တော့ အဲဒီပိုင်ဆိုင်မှုတွေ အားလုံးက အမေ့ရဲ့ မိဘပိုင် ပစ္စည်းတွေကို ထုခွဲရောင်းချပြီး အဖေ့ရဲ့ ချွေးတွေနဲ့ တည်ထောင်ထားခဲ့တဲ့အရာတွေ။ ပြီးတော့ ဒီဦးလေး ဆိုတာက အရင်တုန်းက အမေတို့ပေးတာစားပြီး ထားရာနေစေရာသွားတွေ။ အဖေဆုံးသွားပြီးတော့ လုပ်ငန်းတွေကို နားလည်တဲ့ လူက အဲဒီဦးလေးပဲ ပြီးတော့ ဆွေမျိုးအရင်းကြီးပါ မလုပ်လောက်ပါဘူးလို့ ထင်တဲ့သူက ယုံကြည်မှုကို အလွဲသုံးစားလုပ်သွားတာလောက် နာကျည်းရတာရှိသေးလို့ လား. ငါ့အတွက်ကြောင့် လောကဓံဆိုတာကို ဒီလောက်ထိတင်းခံထားနိုင်တာ။ ငါ အမေ့ ကိုသနားပြီးချစ်တာ။ ငါ့ကြောင့် အမေစိတ်မဆင်းရဲ စေချင်ဘူးလေ ဒါကြောင့်..”

“အင်း အဲဒါနဲ့ပဲ နင့်အမေရဲ့ သဘောကျအတိုင်း နင်က သားလိမ္မာလေး ဖြစ်အောင်နေတယ် ဆိုပါတော့။”

“ငါ့ဘ၀မှာလည်း အမေတစ်ယောက်တည်းပဲရှိတယ်။ အမေ့ဘ၀မှာလဲ ငါတစ်ယောက်တည်းပဲရှိတယ်။ ဘာမှမရှိတော့တဲ့ အမေ့မှာ တစ်ဦးတည်းသောသားဖြစ်တဲ့ ငါ့အတွက် အမေက အတ္တကြီးနေတာ လွန်နေလို့ လား မွှေး ”

“လွန်တယ်ဟ။ တက္ကသိုလ်ကျောင်းသာတက်ရတယ်။ နင် class ပြီးမယ့် အချိန်ကို နင့်အမေကို အသိပေးရတယ်။ အိမ်ပြန်ချိန် ညနေ ၆ နာရီထက်မကျော်ရဘူး။ သူငယ်ချင်း မိန်းကလေး မထားရဘူး။ ချစ်သူမထားရဘူး။ နင့်ဘ၀မှာ သူတစ်ယောက်တည်းရှိအောင်လုပ်ထားတာလေ အဲဒါ လွန်တာပေါ့ .”

တစ်ကယ်တော့ သူမွှေးနှင့်မိုးရဲ့ ဘ၀ကိုအားကျသည်။ သူ့ဘ၀လိုမျိုးမွန်းကြပ်မှုများဖြင့် ပိတ်လှောင်မနေကြ။ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုအခွှင့်အရေး အားလုံးပိုင်ဆိုင်ကြရသည်။ အထူးသဖြင့် မွှေး၏ ဟန်ဆောင်ချင်း ကင်းစွာဖြင့် ပွင့်လင်းဖော်ရွေမှုကို သူနှစ်သက်သည်။ မွှေးနှင့်သာ စကားပြောနေရလျှင် သူ့ရဲ့ စိတ်တွေ လွတ်လပ်ပေါ့ပါးနေသလိုခံစားရသည်။ စိတ်ချမ်းသာသည်။ သူပျော်သည်။ သူ့ဘ၀ရဲ့ အမောတွေပြေသွားသလို ခံစားရသည်။ ညညအမေ့ရဲ့ တစ်ယောက်တည်း ကြိတ်ပြီး ငိုရှိုက်သံတွေကို နားထောင်ဖို့ အင်အားတွေ ပြည့်လာသလို ခံစားရသည်။

“မွှေး နင်တို့ဒီနှစ်လည်း သင်္ကြန်မှာ ရေကစားကြမှာလား”

“ဆော့မှာပေါ့ဟဲ့။ ငါတို့ ကသင်္ကြန်ပိုးပါတယ်။ သင်္ကြန်ဆိုရင် ရေမဆော့ရပဲကို မနေနိုင်ဘူး။ ပြီးတော့ ငါတို့ ရေမကစားရင် လမ်းထိပ်က မဏ္ဏပ်ကို ဘယ်သူဦးစီးမလဲဟဲ့”

“ဟင်း တက္ကသိုလ်တက်တာပဲ ဒုတိယနှစ်ရောက်နေပြီ ခုထိ ဆော့တုန်း”

“ဘာဖြစ်လဲ ငါတို့ကဒီအရွယ်ရောက်တဲ့ အထိ သင်္ကြန်ဆို ရေမဆော့ပဲ နေတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။မဏ္ဏပ်မှာ စတုဒီသာကျွေး ရေကစားရတာ ဘယ်လောက်နှစ်သက်ဖို့ကောင်းလဲ။ တူးပို့ တူးပို့ ဆိုတဲ့ သင်္ကြန်ဒိုးလေး ကြားတာနဲ့ ကိုစိတ်ထဲမှာ ပျော်နေမိတာ။”

“အင်း …..ငါလည်း နင်တို့လိုပျော်ချင်တယ်..”

ညှိုးငယ်စွာနှင့် ပြောလာသော ဇ ကြောင့် မိုး သနားသွားမိသည်။ ဘာပဲပြောပြော ဇ လည်းသူတို့လို ပျော်ချင်ရှာမှာပဲ။ နှောင်ဖွဲ့ ခံနေရသော ဇ အတွက် စိတ်မကောင်းမိ။

“မွှေး ”

“ဟင် “

“ဟိုလေ..ဟိုဟာ..”

“ဟဲ့ မိုး တစ်ဟိုဟိုနဲ့ ဘာဖြစ်နေလဲ ပြောစရာရှိတာပြောလေ..”

“ငါတို့ ဒီနှစ်လေ ဇ ကို ရေကစားလို့ ရအောင် ကူညီပေးကြရင် မကောင်းဘူးလား။ ဟိုတစ်နေ့ က သူပြောတာ ငါသနားသွားလို့”

မွှေး က မိုးကို အဓိပ္ပါယ်ပါပါ တစ်ချက်လှမ်းကြည့်ရင်း

“မိုးရယ် ဒါက သူတို့ သားအမိကိစ္စ ငါတို့ ကိစ္စမဟုတ်ဘူး။ သူငယ်ချင်း ငါပွင့်ပွင့်လင်းလင်းပဲ မေးမယ်။ နင် ဇ ကို သဘောကျနေတာလား.”

မိုး ဘာမှ ပြန်မဖြေ။ သူမ တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေပြန်သည်။

“ဟဲ့ မိမိုး နင်နဲ့ငါ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဘာမှ ညာဖို့ စဉ်းစားမနေနဲ့ ။ ငါမေးတာ ဟုတ်လား မဟုတ်လားပဲဖြေ. ”

ဒီတော့ မှ..

“ဒါ..ဒါ ဆိုလည်း မရှက်တော့ ပါဘူးဟာ။ ဟုတ်တယ်ဟ ငါ ဇ ကိုကြည့်ကြည့်ပြီး သနားနေတာ။ အလို သနားနေရာကနေ..ငါ ..ငါ..”

“ချစ်မိသွားတယ် ဆိုပါတော့။ နင်သူ့အမေကြီး အကြောင်းလဲသိသားနဲ့။ နင်နဲ့ဆိုမဖြစ်ပါဘူး။ နင်စိတ်ဆင်းရဲ ရမယ် သူငယ်ချင်းရဲ့။ ပြီးတော့ နင်က ငါ့လိုမဟုတ်ဘူး။ ပျော့ညံ့ညံ့နဲ့ ။ ဟိုမိန်းမကြီးက ငါ့သူငယ်ချင်းကို ပညာသားပါပါ နှိပ်စက်မှာ။ မစဉ်းစားပါနဲ့ လား ဟာ။ မေ့ပစ်လိုက်။ မေ့ပစ်လိုက်။”

“မွှေး ကလည်းဟာ ခု ငါတို့က ဘာမှ မှမဟုတ်သေးတာ။ ဘာပဲပြောပြော နင်အကြံလေးဘာလေးထုတ်ပါအုန်းဟာ။ ဇ နဲ့ တူတူ ငါတို့ သင်္ကြန်မှာ ရေကစားလို့ ရအောင်လေ လုပ်ပါ သူငယ်ချင်းရာ နော်နော်”

မွှေး သူငယ်ချင်းလေးကို တစ်ချက်လှည့်ကြည့်လိုက့်ရင်း

“ဒီနှစ်ဒီကောင်က သူ့အမေနဲ့ တရားရိပ်သာစခန်းပဲ လိုက်ဝင်ရမှာ မဟုတ်လား”

“အင်း တရားရိပ်သာ လိုက်မ၀င်ရအောင် ဘာလုပ်ရင် ကောင်းမလဲလို့ သူ့အမေပဲ ရိပ်သာကိုသွား သူသာ အိမ်မှာကျန်ခဲ့ရင် သင်္ကြန်မှာ ငါတို့တူတူပျော်လို့ရပြီလေ ဟုတ်ဖူးလား”

“ဟွန်း မိန်းမမိမိုး လူကြည့်တော့ အေးသလိုလို ဘာလိုလိုနဲ့ ဒါမျိုးကြတော့ ရှင်ကတော်တော်တတ်တယ်နော်”

“လုပ်ပါ မွှေး ကလည်း ။ ဘာလုပ်ရင်ကောင်းမလဲလို့”

မွှေး စဉ်းစားသလို လုပ်ရင်း …

“ဟားရပြီ သူငယ်ချင်း ငါတို့ ဒီလို လုပ်ရအောင်”

သင်္ကြန်မတိုင်ခင် တစ်ရက်အလို ..

“သားရေ အခန်းထဲက ထွက်မလာသေးဖူးလား။မပြီးသေးဘူးလား။ ဒီမှာ တရားစခန်းဝင်ဖို့ အုပ်စုက ကားနဲ့ လာကြိုနေပြီ မှော်ဘီထိတောင်သွားရမှာ တော်ကြာနောက်ကျနေအုန်းမယ် မြန်မြန်လုပ်”

အခန်းထဲမှနေပြီ ဇ တစ်ယောက် ခါးလေးကိုင်းကိုင်းဖြင့် ထွက်လာသည်။ ဇ ပုံစံကိုကြည့်ပြီး

“ဟဲ့ သား ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား။မျက်တွင်းတွေလည်း ချိုက်လို့။ ဘာဖြစ်လို့လဲ ညက အိပ်မပျော်ဘူးလား”

“အား ကျွတ်ကျွတ် အမေ သားတရားစခန်းရိပ်သာ လိုက်ပြီး မ၀င်နိုင်တော့ ဘူးထင်တယ်။ ဗိုက်က ရစ်ရစ်ပြီးနာနေတာ ပြီးတော့ ညကလည်း ၀မ်းတွေ ခဏခဏသွားတာ ၆ ခါလောက်ရှိတယ်။ တစ်ညလုံး မအိပ်ရသေးဘူး”

“ဟယ် ဒါဆိုလည်း အမေ မသွားတော့ ဘူး ။ သားမှ နေမကောင်းတာ”

“အမေကလည်း ခုတော့ ၀မ်းသွားတာရပ်သွားပါပြီ။ သား တစ်ရက်နှစ်ရက်လောက်နားလိုက်ရင် သက်သာသွားမှာပါ။ ပြီးတော့ လာခေါ်တဲ့ကားက အိမ်ရှေ့တောင်ရောက်နေပြီ။ အားနာစရာကြီး။ ပြီးတော့ သားလည်း ကလေး မဟုတ်တော့ ပါဘူး အမေရာ။ ဘာမှ မဖြစ်ဘူး။ အမေ စိတ်ချလက်ချသာ တရားစခန်းကိုသွား။ ပြီးရင် သားဆေးခန်း ကိုယ်ဘာသာကိုယ် သွားလိုက်မယ်။”

“ဟဲ့ အိမ်ထဲက ဟိုသားအမိတွေ မလာသေးဘူးလား။ နေမြင့်လာရင် ပူလာတော့မယ်။ မြန်မြန်လာကြလေ”

ဒါက အိမ်ရှေ့ က အမေ့ ဘော်ဒါတွေ လောဆော်နေတဲ့ အသံ။

“ကဲ ဒါဆိုလည်း အမေ စိတ်ချပြီးသွားမယ်နော်။ တစ်ခုခုဆို ရိပ်သာက ဖုန်းကို လှမ်းဆက်လိုက်သိလား။ အမေ ချက်ချင်းပြန်လာခဲ့မယ်။ သား သေချာတယ်နော် ရတာ။ မရဘူးဆိုလည်း အမေ မလိုက်သွားတော့ ဘူး။”

အမေက စိတ်မချသလို တစ်တွတ်တွတ်ပြောနေတော့ ဇ တစ်ယောက်နဲနဲတော့ မလုံမလဲဖြစ်သွားမိသည်။ ဒါပေမယ့် လိမ်ပြီးမှတော့ ပိရိအောင် ဆက်လိမ်မှ ဖြစ်မည်မို့ ..

“စိတ်ချပါ အမေရာ စိတ်ဖြောင့်ဖြောင့်သာသွား။ သားဆေးခန်းပြပြီး နားလိုက်ရင်ကောင်းသွားမှာ။ ခုဟာက ခုချက်ချင်းကြီးလိုက်ခဲ့လို့ ရိပ်သာရောက်မှ တစ်ခုခုဆို ပိုဆိုးနေမှာစိုးလို့။ စိတ်ချလိုက်ချသာသွား။ နော် အမေ နော်”

သည်လိုဖြင့် ဇ တစ်ယောက် မနက်ဖြန်မှာ ရောက်လာတော့ မယ့် သင်္ကြန်အကြိုနေ့ ကို တွေးပြီး ရင်ခုန်နေမိတော့ သည်။ မွှေး ရဲ့ ဘေးနားမှာတစ်နေကုန်နေခွင့်ရပြီး သင်္ကြန်ပွဲတော်ကို ဆင်နွဲရမည်ဆိုတော့  အိုး ဇ ရင်ထဲ မှာ သင်္ကြန်ဒိုး သံတွေ တူးပို့ တူးပို့ ပေါ့။ အား..နေရင်းထိုင်ရင်း ၀မ်းက သွားချင်လာပြန်သည်။ မွှေး ပေးလိုက်သော ၀မ်းနှုတ်ဆေးက အစွမ်းပြပြန်ပြီထင်သည်။ 

 --------------------------------------------------------------------------------------------------
ဇာတ်သိမ်းပိုင်းလေကိုတော့ သင်္ကြန်မတိုင်မှီ အပြီးတင်ပေးပါမယ်လို့ အသိပေးရင်း
ချစ်စွာသော ဘလော့ မောင်နှမများ ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။  

ပုံလေးကိုတော့ ထုံးစံအတိုင်း google ကနေပဲ ရှာပြီးသုံးထားတာပါ။

Saturday, 31 March 2012

တစ်ခါတုန်းက ပိတောက်ပွင့်ချိန်




အိပ်ယာနိုးနိုးချင်း မျက်နှာသစ်။ မေမေ အဆင်သင့်ပြင်ပေးထားသော မုန့်ဟင်းခါးပူပူနွေးနွေးကို ငရုတ်သီးစပ်စပ်လေး နှင့် ကော်ဖီခါးခါးတစ် ခွက်ကို မနက်စာအဖြင့် မြိန်ရည်လျှက်ရည် စားပစ်လိုက်သည်။ ကောင်းလိုက်ပါဘိနော်။ မစားရတာကြာလို့ လားမသိ။

“သမီး ၀ပြီးလား မုန့်ဟင်းခါးတွေ ရှိသေးတယ်နော်။ နောက်တစ်ပွဲ စားအုန်းမလား”

“တော်ပြီ..မေမေ သမီးစားတာ နှစ်ပွဲကြီးများတောင်ရှိသွားပြီ။ အော် ဒါနဲ့ သမီး အမေ့ ကို ခွင့်တောင်းစရာ ရှိလို့ ”

 “ဆို..ဘာကိစ္စ ခုပဲ အသက်က ၃၀  ရှိနေပြီ အမေ့ ကိုခွင့်တောင်းတုန်းလား”

“အင်း ခွင့်တောင်းဆို သမီး..မိုး တို့ အိမ်ကို သွားလည်မလို့ အမေ”

“သမီးရယ် မိုး ကိုအိမ်လာခိုင်းလဲ ရတာပဲ ဟာ. ဘာလို့ များ အတိတ်ကို ပြန်လည်တူးဆွချင်နေရတာတုန်း”

“အမေရယ် သမီးက ဒီတစ်ခေါက် ပြန်သွားပြီးရင် သမီးက…”

ဒေါ်ချောတစ်ယောက် သမီးကို မျက်စောင်းထိုးကြည့်ရင်း..

“ဟင်း..ဒီတော့ သမီးက ခုလို အလည်ပြန်လာတုန်းလေး စိတ်လွတ်ကိုယ်လွတ် စိတ်ချမ်းချမ်းသာသာ နေပါရစေပေါ့  အင်းလေ ဒါဆိုလည်း အမေ မတားတော့ ပါဘူး။ ဒါပေမယ့် သမီး တစ်ခါသေဖူးရင်တော့ ပျဉ်ဖိုးနားလည်ဖို့ တော့ ကောင်းတာပေါ့။ အမေ ဆိုလိုတာကို သမီးနားလည်ပါတယ်နော်”

“ဟုတ် စိတ်ချပါ အမေ သမီးလည်း အရင်လို ငယ်တဲ့ အရွယ်မှ မဟုတ်တာ။ ပြီးတော့ လေ မိုးကိုလည်း အံ့သြပြီး ပျော်သွားစေချင်လို့ ။ သမီး မြန်မာပြည်ကိုပြန်လာတာ မိုး မသိဘူး။ မိုးနဲ့ သမီး မတွေ့ကြတာ ၇ နှစ်ကျော်ပြီလေ။
ပြီးတော့ ခုလို သင်္ကြန်တွင်း ဆိုတော့ လေ..ဟီးဟီး သမီးကတော့ အတွေးနဲ့ တင်ကို ပျော်နေတာ”

“ကောင်းပါပြီတော်..ကောင်းပါပြီ. ဒါနဲ့ ဘာနဲ့သွားမှာတုန်း။ ဒီနေ့ သင်္ကြန်အကြိုနေ့လေ သမီးရဲ့။ ရေတွေ စပက်နေကြမှာ။”

“ အင်း သမီး အိမ်က ကားနဲ့ မောင်ညဏ်ကိုပဲ လိုက်ပို့ ခိုင်းလိုက်မယ်လေ။ ဒါမှ အမေလည်း စိတ်ချမှာ ဟုတ်တယ် မဟုတ်လား ”

“ဟုတ်ပ..ဖုန်းယူသွား။ လိုတာရှိရင် အမေ့ ကို ဖုန်းဆက်.ကဲကဲ သွားဖို့ လာဖို့ ပြင်ဆင်ချီတော့ ရေမပက်ခင် စောစော သွားကြ”

“ဟုတ်ကဲ့….”

ပြောပြောဆိုဆိုဖြင့် အိမ်ပေါ်သို့ ပြေးတက်သွားသောသမီးချောအား ကြည့်ရင်း ဟင်း..ဒီကောင်မလေးကလေ အသက်သာ ၃၀ ခုထိကို လူကြီးလို မနေတတ်သေးဘူး။ အင်း..ပြောမယ့်သာပြောသာ အရင်ကထဲက သမီးကပေါ့ပေါ့ ပါးပါး လွတ်လွတ်လပ်လပ်နေတတ်တာ သူမအသိ။ သွက်သည် ရဲတင်းသည်။ အပြောချိုသည်။ ပွင့်လင်းသည် ဒါက ငယ်ငယ်ထဲက သမီးရဲ့ စတိုင်။ ဒါကြောင့်လဲ သမီးသူငယ်ချင်းတွေအားလုံးက ရှင်မွှေးကြူ လို့ပြောလိုက်သည်နှင့် မွှေး မွှေး ဆိုပြီး ဖူးဖူးမှုတ်ချစ်ကြသည်။ အထူးသဖြင့် မိုး ဆိုသည့် ကောင်မလေးနှင့် သမီးသည် ငယ်ငယ်သူငယ်တန်းကျောင်း တက်စကထဲက တစ်တွဲတွဲ။ ငယ်သူငယ်ချင်းတွေ ဆိုပေမယ့် တစ်ဦးတည်းသော သမီးဖြစ်သော မွှေး သည် မိုး ကို ညီအစ်မအရင်းတစ်မျှ ချစ်ခင်သည်။ မိုး ကလည်း သမီးမွှေးလိုပဲ ခင်တွယ်သည်။ အင်း သည်မျှလောက်ချစ်သော ငယ်သူငယ်ချင်း နှစ်ယောက် ၇ နှစ်ကျော် ၈ နှစ်နီးပါး မတွေ့ပဲ နေခဲ့ကြရသည်။ ဒါဟို သားအမိရဲ့ စနက်ကြောင့်ဖြစ်သည်။ တွေးရင်းနဲ့ တောင် ဒေါသတွေ ထွက်သည်။ အော် ငါ့နှယ် ဒုက္ခပါပဲ သင်္ကြန်တွင်းကြီး ဒေါသတွေ မောဟတွေ မဖြစ်ကောင်းပါဘူးလေ။ ကိစ္စတွေလည်း ဖြစ်ပြီးခဲ့ တာကြာပြီးပဲလေ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာ ကောင်းပါတယ်လေ။
          သူမ အိပ်ခန်းထဲမှာ အင်ကျီလဲဝတ်ရင်း ညကသင်္ကြန်မိုးပြေးလေးများ ရွာထားသည်မို့ စိမ်းမြမြဖြစ်နေသော ပိတောက်ပင်ကြီးအား ၀ရံတာမှ ထွက်ကြည့်လိုက်မိသည်။ ဟိုတစ်စ သည်တစ်စ ပိတောက်ပန်းလေးများတော့ ပွင့်ဖူးနေကြပြီ။ ဒါပေမယ့် အားရစရာတော့ မကောင်းသေး။ သူမက ပိတောက်ပွင့်ပြီ ဆိုလျှင် တစ်ပင်လုံး ၀ါထိန်နေအောင်ပွင့်မှ အားရသည်။ ခုလို ဟိုနားတစ်ကွက် သည်နားတစ်ကွက်တော့ ဖြင့်ပိတောက်ပင်ကြီးကို ကြည့်ရတာ အားမရ။ ပြီးတော့ ပိတောက်ပန်းတွေ အပင်မှာဝါ၀င်းစွာလှပနေကြသည်ကိုပဲ သူမထိုင်ကြည့်နေတတ်သည်။ ပိတောက်ပန်းဆိုလျှင် မည်သည့်အခါမျှ  ခူးပြီး မပန်တတ်။ အပင်မှာ ရှိနေသည့် ပိတောက်က ပိုပြီးလှသည်ဟု သူမထင်သည်။ပြီးတော့ ပိတောက်ပန်းတွေကို ခူးကြသည့်အခါ ပိတောက်ပင်ကြီးရဲ့ အကိုင်းအခက်တွေကို ချိုးရသည်မဟုတ်လား။ ပိတောက်ပင်ကြီးခင်ဗျာ ပန်းတွေလည်း ပွင့်ပေးရသေး သူ့အကိုင်းတွေလည်း ချိုးခံရသေး ဒါကြတော့ သူမစိတ်ထဲ မတရားဘူးလို့ ထင်သည်။  ထို့ကြောင့် ပိတောက်ဆိုလျှင် သူမသည် အပင်မှာပွင့်နေသော ပိတောက်ပန်းများကို ထိုင်ကြည့်ပြီး ကြည်နူးရသည်ကိုသာ နှစ်သက်သည်။ ဒီလိုအတွေးမျိုးက သူမတစ်ယောက်တည်းရှိသည်မဟုတ် နောက်တစ်ယောက်လည်းရှိသေးသည်။ သူလည်း ပိတောက်ပန်းဆိုလျှင် အပင်မှာမှ လှသည်ဟု ထင်သည့် လူတစ်ယောက်။  ဒီလို အတွေးချင်း တူနေလို့ လည်း မွှေးဆိုသော ကောင်မလေးတစ်ယောက်နှင့် ဇ ဟုခေါ်သော ကောင်လေးတစ်ယောက်တို့ တွေ့ဆုံခဲ့ ကြသည် ဆိုလျှင်လည်း မမှား။ ၀ါဝင်းနေသော ပိတောက်ပင်ကြီးကို ကြည်ကြည်နူးနူးမော့ ကြည့်လို့ သင်္ကြန်သီချင်းတွေ အော်ဆိုရင်း ဇ ဆိုသော ထိုကောင်လေးကို ၀င်တိုက်မိခဲ့သည်လေ။

“ဟဲ့ လူတစ်ယောက်လုံး ဒီမှာ ထိုင်နေတာ မမြင်ဘူးလားဟာ ”

“အဲ ဆောတီး ဆောတီး ငါ အပင်ပေါ်က ပိတောက်ပန်းတွေကို ကြည့်ပြီး ပျော်နေတာ။ အဲဒါ မော့ ကြည့်ရင်း လမ်းလျှောက်တော့ နင့်ကို မမြင်တာ”

“ဘာလဲ နင် ပိတောက်ပန်းတွေကို ခူးပြီး သူ့အကိုင်းတွေကို ချိုးတော့ မှာလား ”

“ဟုတ်ပါဘူး ငါက ပိတောက်ဆိုရင် အပင်မှာပဲ ကြိုက်တာ ခူးပြီး မပန်တတ်. ”

“သြော် ဒီလိုလား ဒါဆိုရင်တော့ ငါလည်းနင့်အတိုင်းပဲဟ ပိတောက်ဆိုရင် အပင်မှာ လှနေတာကိုပဲ မြင်ချင်တာ”

“ဟဲ့ နင့်ကို အရင်က ဒီမှာ မမြင်ဖူး ပါဘူး။ ဘယ်အိမ်ကလဲ။ ဒီရပ်ကွက်ထဲမှာဆို အပ်ကျတာက အစ ငါအကုန်သိတာ။ ဒါပေမယ့် နင့်ကိုတော့ မသိဘူး”

“ဟုတ်တယ်ဟ ငါက အိမ်ထဲက အိမ်ပြင်ထွက်လို့ ရတာမဟုတ်ဘူး။ကျောင်းတက်တဲ့ အချိန်လောက်ပဲ အပြင်ကို ထွက်ရတာ။ ငါ့အမေက စည်းကမ်းတင်းကြပ်တယ်လေ။ ဒါပေမယ့် ဒီရပ်ကွက်ကိုတော့ ပြောင်းလာတာ တစ်လလောက်ပဲ ရှိသေးတယ်။ ခုတောင် ငါ အိမ်ထဲကနေ ပိတောက်ပင်ကြီးကို အငမ်းမရ ကြည့်နေတာတွေ့ လို့ သား မင်း လမ်းလျှောက်ပြီး သွားကြည့်ချင်ရင် ကြည့်လေဆိုလို့ ငါဒီမှာ လာထိုင်နေတုန်း နင်နဲ့ တွေ့တာ .အော် ဒါနဲ့ နင်ရော ဆယ်တန်းအောင်ပြီးပလား ”

“အင်း အောင်ပြီးပြီ..တက္ကသိုလ်တက်ဖို့ စောင့်နေတာ။ နင်ရော ..ငါ့နာမည်က ရှင်မွှေးကြူတဲ့ ။ သူငယ်ချင်းတွေကတော့ မွှေးလို့ ခေါ်ကြတယ် ”

“ငါလည်း အောင်ပြီးပြီဟ နင့်လိုပဲ တက္ကသိုလ်တက်ဖို့ စောင့်နေတာ။ ငါ့နာမည်က အောင်တေဇ သူငယ်ချင်းတွေကတော့ ဇ လို့ ခေါ်တယ်”

“အေး ဒါဆိုလည်း ငါနင့်ကို ဇ လို့ ပဲ ခေါ်မယ်လေ။ အော် ဒါနဲ့ စကားမစပ် ဒီပိတောက်ပင်ကြီးက သင်္ကြန်ကျဖို့ ၁၀ ရက်လောက်လိုသေးတာကို ပွင့်နေတယ်နော်။ စောလွန်းတယ်..နှမျှောစရာကြီး ”

“သြော် မွှေး ရယ် နင်ကလည်း တွန့် တိုလိုက်တာ။ ညက သင်္ကြန်မိုးပြေးလေး ရွာတာကိုးဟ။ ဒါကြောင့် အပွင့်တွေ ပွင့်လာကြတာ။ ဘာဖြစ်လဲဟာ သင်္ကြန်ကျတော့ ငါတို့ နောက်တစ်ပင် ရှာပြီး ခုလို ထိုင်ကြည့်ကြတာပေါ့ နင်လိုက်မယ် မဟုတ်လား ”

“အေး လိုက်မယ် လိုက်မယ်..”

ဟားဟား..ဟား..ဟား သူမတို့ နှစ်ယောက်လုံး သဘောကျစွာဖြင့် လွတ်လပ်ပေါ့ပါးစွာ ရယ်လိုက်မိကြသည်။

“ဟဲ့ သမီး မွှေးရေ မပြီးသေးဘူးလား ဒီမှာ မောင်ညဏ်က ကားတောင် အဆင်သင့်ဖြစ်လို့ စောင့်နေပြီ။ ကြာလှချီလား သမီးရယ်”

အဲ ဟုတ်သား သူမ အတွေးတွေ လွန်နေတာနှင့် နောက်ကျနေပြီ။

“လာပြီ လာပြီ မေမေရေ ပြီးပြီ”

မိုးနဲ့ တွေ့ ရတော့ မည်ဆိုတော့ သူမ မျက်နှာက ပြုံးဖြီးဖြီး ချစ်သူငယ်ချင်းလေးနှင့် ဖုန်းထဲမှာပဲ စကားတွေ ပြောဖြစ်ကြသည်။ လူချင်းမတွေ့ရသည်မှာကြာပြီ။ ဖုန်းနဲ့ဆိုတာကလည်း တစ်ခါတစ်ရံမှသာ… နိုင်ငံခြားကနေ ဗမာပြည်ကို ဖုန်းခေါ်ရသည်က လွယ်သည်မဟုတ်။ “လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ”နှင့်တော့ တော်တော်ရင်းနှီးနေပြီ။ ညဖက် မိုးချုပ်မှဖုန်းခေါ်ပါ ဆိုရအောင်ကလည်း ကိုယ်ကအားသည့်အချိန်က သူက အိပ်ချိန်။ သူငယ်ချင်းလေး အိပ်ရေးပျက်မှာစိုးသည်နှင့် မခေါ်ဖြစ်သည်က များလှသည်။အဟင်း ဒင်းခုနေ ငါ့ကို တွေ့လိုက်ရလို့ ကတာ့ ဘယ်လိုနေမည်မသိ။ ပြီးတော့ ပြီးတော့ ဇ..ဇ ရော..

“မောင်ညဏ်ရေ အစ်မကို လမ်းထိပ်မှာပဲ ကားရပ်ပေးနော်။ အစ်မရဲ့ သူငယ်ချင်း မိုး ကို စချင်လို့ ။ “

“ဟုတ်.ကဲ့ အစ်မမွှေး  ဒါနဲ့ ရေ.ပက်ရင်ရော..”

“အဟင်း မပက်လောက်ပါဘူး မောင်ညဏ်ရဲ့ ခုမှမနက် ၇ နာရီပဲ ရှိသေးတာကို”

သူမ၏ အစီအစဉ်အတိုင်း လမ်းထိပ်မှာ ကားကိုရပ်ထားခဲ့ပြီး လမ်းထဲကို လမ်းလျှောက်ပြီးဝင်လာခဲ့ သည်။

“အန်တီသက်ရေ အန်တီသက်..”

“ဟဲ့ ဘယ်သူတုန်း အော်ခေါ်နေတာ မနက်တောင် မိုးမလင်းသေးဘူး။”

ပြောပြောဆိုဆို အိမ်ထဲမှ ထွက်လာသော မိုးရဲ့အမေ အန်တီသက်ကို တွေ့ လိုက်ရသည်။

“ဟဲ့ ဘယ်သူ..အဲ…အဲ ..သ…သမီး ..”

မွှေး အန်တီသက်ကို ရှုးတိုးတိုးဆိုသော ပုံစံလုပ်ပြရင်း..

“ဟုတ်တယ် အန်တီသက်ရဲ့ မွှေးပါ။ မိုး..မနိုးသေးဘူး မို့ လားဟင်”

“ဟုတ်တယ် သမီးရဲ့ သမီးသူငယ်ချင်းက ဒီချိန် ဘယ်တုန်းကနိုးလို့တုန်း”

“သိတယ်..ဒါကြောင့် ဒင်းကို အံ့သြပြီး ၀မ်းသာသွားအောင် လုပ်မလို့ ။ ဘာမှ အကြောင်းမကြားပဲ ရောက်လာတာ”

“အေး အေး သမီးလာ အိမ်ထဲဝင်ကြစို့ အပေါ်ထပ်က အခန်းထဲမှာ သမီး သူငယ်ချင်း အိပ်နေလေရဲ့ ကဲကဲ လာ..”

သူငယ်ချင်းလေးအခန်းသို့ အပြေးတစ်ပိုင်း တက်လာခဲ့ရင်း မိုး၏အခန်းတံခါးကို အသံမပေးပဲ တစ်ဒုန်းဒုန်းထုလိုက်မိသည်

“အပြင်က ဘယ်သူလဲ..မနက်စောစော ဘာလို့ တံခါး လာခေါက်နေတာလဲ။ အမေလား သမီး ဒီချိန်မထသေးဘူးလေ အမေရ..အိပ်အုန်းမယ် ”

အိပ်ချင်မူးတူးနှင့် အခန်းထဲမှ သူငယ်ချင်းလေး အသံကြားတော့ သူမ ပိုပြီးစချင်လာမိသည်။ ထို့ ကြောင့် အသံမပေးပဲ ဆက်ပြီးတံခါးကို သာခေါက်နေမိသည်။ဒီတစ်ကြိမ်တွင်တော့ မိုး စိတ်ဆိုးလာပုံရသည်။

“လာပြီ လာပြီး တစ်ခါထဲ မနက်စောစောစီးစီး သူများအိပ်ချိန်ကို .. ဘယ်သူ….”

နှုတ်ခမ်းစူပုပ်ပုပ်နှင့် အိပ်မှုံစုံဖွားထလာသော မိုး အားဘာသံမှ မပေးမိပဲ  သူမပြုံးပြီးသား ကြည့်နေလိုက်မိသည်။
ပထမတော့  မိုး ကဘယ်သူလဲဆိုသော စူစမ်းသည့် အကြည့် ပြီးတော့ မှ မှတ်မိသွားသလိုနှင့်

“ဟယ်….မိန်းမ ဒေါ်ရှင်မွှေးကြူ ရှင်…ရှင်..ဟုတ်ပါတယ်နော် ..အိမ်မက်များ မက်နေတာလား”

“အိမ်မက် မဟုတ်ဘူးရှင်ရေ အပြင်မှာ တစ်ကယ် တစ်ကယ်.. ရှင်ကတော့ မေ့ နေတယ် မဟုတ်လား ဒေါ်မိမိမိုး ”

“ဟားဟား မေ့ စရာလား ဒေါ်မွှေးကြူရယ်  ကဲလာထား”

“ဟေ့ ဟေ့ မိုး ငါ့်ကိုလွှတ်တော့ အတင်းလာ ဖက်မနေနဲ့ သွားသွား မျက်နှာသစ်အုန်း တော်ကြာ အာပုပ်ရည်တွေ ပေကုန်အုန်းမယ် ”

“ဟီးဟီး ပေပလေ့စေ. ဒီမှာကြည့် အဲဒီပါးစပ်ကြီးနဲ့ နင့်ကိုနမ်းမှာ လာလာ..”

“အာ မိုး အဲလို လုပ်နဲ့ လေ အန်တီသက်ရေ ကယ်ပါ..ဒီမှာ မိုး လိုက်ညစ်ပတ်နေတယ်..ဟားဟား..ဟားဟား”

သူမတို့နှစ်ယောက်နှင့် အတူ ဒေါ်သက်ထားတစ်ယောက်လည်း ပျော်ရွှင်နေမိသည်။ ဘာပဲပြောပြော မွှေး ကို ဒေါ်သက်ထားလဲ သတိရနေတာကြာပြီ။ မိုး ကဲ့ သို့ပင် သမီးရင်းလေး တစ်ယောက်လို ချစ်ရသည်မဟုတ်လား။
အော် ဘာလိုလိုနဲ့ ၇ နှစ်ကျော် ၈ နှစ်တောင်ကြာခဲ့ ပြီကိုး…

မွှေးဆိုသော ကောင်မလေး မိုးတို့ အိမ်ထဲကို ၀င်လာကတည်းက မျက်နှာချင်းဆိုင် အိမ်ရှေ့ ၀ရံတာပေါ်တွင် မှင်သက်စွာ ရပ်ကြည့်နေသော လူတစ်ယောက်ရှိသည်။ ထိုလူ၏ မျက်နှာတွင် ပထမ  ၀မ်းသာကြည်နူးချင်း အရိပ်များဖြတ်ပြေးသွားသည် ရုတ်ချည်းပင် ထိုလူ၏ မျက်နှာသည် ညိုမှောင်သွားပြန်သည်။ ထို့နောက် မျက်ဝန်းတွင် မျက်ရည်တို့ ပြည့်ဝိုင်းလာပြန်သည်။ ထို့နောက် ထိုလူ၏ စိတ်သည် အတိတ်၏ အရိပ်တစ်နေရာဆီသို့ ပျံဝဲ ရောက်ရှိသွားလေပြီ..

......ဆက်ရန်..

 
ချစ်စွာသော ဘလော့မောင်နှမများ ကျန်းမာလို့ ချမ်းသာ ကြပါစေလို့ တောင်းဆုပြုရင်း..
သင်္ကြန်ကို လွမ်းဆွတ်နေမိတယ်။  တစ်ခြားဘလော့ ဂါ မောင်နှမများထံလည်း စာတွေလာဖတ်ရင်း အလည်ရောက်ခဲ့ ပေမယ့် နှုတ်ခွန်းဆက်စကားတော့ မဆိုဖြစ်ခဲ့ ဘူး။  အလုပ်ကအရမ်းများလွန်းနေတော့ ဂရုမစိုက်နိုင်တဲ့ ဒီဘလော့ လေးကို ပိတ်လိုက်ဖို့ အကြိမ် ကြိမ် ကြိုးစားမိနေပေမယ့် .. ခုချိန်ထိ မပိတ်လိုက်နိုင်သေးဘူး။ ဘလော့လေးဖွင့်ထားပြီး တာဝန်မကျေသလိုဖြစ်နေတယ်။ဘ၀မှာ ကိုယ်ဖြစ်ချင်တာ ကို လုပ်လို့ရနိုင်တာ ဆန္ဒနဲ့တစ်ထပ်တည်းကျအောင် လုပ်နိုင်ခဲ့တာဆိုလို့ ဒီဘလော့လေးတစ်ခုတည်း ရှိတာမို့ မပိတ်ပစ်ရက်ဘူး။ ဒါကြောင့်မို့လို့ တစ်ခါတစ်ရံမှသာ ပို့(စ်)အသစ်လေးတွေ တက်လာနိုင်မယ့် 
ဒီဘလော့ လေးအတွက် ကြိုတင်ပြီး တောင်းပန်ထားပါရစေလို့ ..မှာကြားရင်း..
မြန်မာနှစ်သစ်ကူးသင်္ကြန်မှာ ချစ်စွာသော ဘလော့ မောင်နှမ သူငယ်ချင်းများအားလုံး ကျန်းမာလို့ ပျော်ရွှင်ကြပါစေနော်။

ပိတောက်ပန်းပုံလေးကိုတော့ google ကနေပဲရှာပြီးယူသုံးထားပါတယ်လို့ ။

Saturday, 4 February 2012

ကျွန်မရဲ့ အိုအေစစ်လေး




“မကြီး ဟိုတစ်နေ့ ကလေ စတိုးဆိုင်မှာချိတ်ထားတဲ့ အင်ကျီလေး အရမ်းလှတာ..၁ သောင်းတဲ့ အဲဒါလေး ၀ယ်ပေးနော် မကြီး “
“ဟာဗျာ မကြီးကလည်း ဘာဖြစ်လဲဗျာ ၁၀ တန်းမအောင်တော့ ။ ဒီအိမ်က အမေ့ အိမ် ကျွန်တော်တို့ နဲ့ လည်းဆိုင်တာပဲ နေချင်သလိုနေမှာပေါ့ ထမင်းလေး ရှာကျွေးထားတာ တစ်ခုလေးနဲ့ တော့ စည်းကမ်းတွေ လာထုတ်မနေနဲ့ “
“မကြီး မနက်ဖြန် ကျောင်းမှာ စာအုပ်ဖိုးပေးရမယ်. မနက်ဖြန် နောက်ဆုံးဆိုလို့ လေ..အဲဒါ…”

ကျွန်မအပါအ၀င် မောင်နှမ လေးယောက်။ ကျွန်မက အကြီးဆုံး ၀တ်မှုံတဲ့။ အငယ်ကောင်ညီမင်း အလတ်မ မေသင်း အငယ်ဆုံးလေး ညီလင်းပေါ့။ ညီမင်းကတော့ ကျောင်းလဲ ပြီးအောင် မတက် အလုပ်လည်းမလုပ် ရပ်ကွက်ထဲဟိုယောင်ယောင် ဒီယောင်ယောင် လောင်းကစားလေးကလည်း ၀ါသနာပါသေးတယ်။ `
အဲ အလတ်မ မေသင်းက တော့ မတတ်သာလို့ သာ  ကျောင်းကိုထားပေးနေရတာ။ ၁၀ တန်းအောင်ဖို့ တော့ မမျှော်လင့်ရဲ  အလှအပ ကိုသာ စိတ်ဝင်စားသည်။ ကျောင်းတက်ကျူရှင်သွားနေတာပင် ဖက်ရှင်ပြနေတယ်လို့ ထင်နေသလားမသိ။ဒီနှစ်ဖြေလို့မှ ၁၀ တန်းမအောင်ရင်တော့ မတတ်နိုင် ကျောင်းထုတ်လိုက်ရုံသာ ရှိသည်။
အငယ်ဆုံးလေး ညီလင်းကတော့ လိမ္မာရေးခြားရှိသည် သိတတ်သည်။ စာကိုလည်းကြိုးစားသည် အတန်းထဲမှာ နှစ်တိုင်း အဆင့် ၁ မှ ၅ တော့ ၀င်မြဲ။နှစ်တိုင်း ဆုတက်ယူနေကြ။ ဒီနှစ်ဆို ညီလင်းလေးက ၆ တန်းရောက်ပြီ။
 အဖေကတော့ဆုံးပြီး.အမေကတော့ ရှိသေးတယ်။ အမေကရှိသေးတယ် ဆိုပေမယ့် ဘာမှမလုပ်တတ် မကိုင်တတ်။ အဖေသက်ရှိထင်ရှားရှိစဉ်ကထဲက အမေက ရိုးရိုးအေးအေး လောကကြီးမှာ အမေသိတာဆိုလို့ နှစ်မျိုးပဲ ရှိတယ် အဖေရယ် သားသမီးတွေရယ်။ ဒါပဲ။
ဒါနဲ့ပဲ အဖေဆုံးသွားတော့ ဘ၀လောကဓံ တိုက်ပွဲမှာ ကျွန်မက  အဖေ့ ရဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ ရာထူးကို ဆက်ခံ ခဲ့ ရတာပေါ့။ သူ့ အလိုလိုရောက်လာတဲ့ ပုခုံးပြောင်းတာဝန်ကိုး  ကျွန်မှာ ရွေးချယ်ပိုင်ခွင့်မှ မရှိပဲ အလိုက်သင့် ပုခုံးလေး ငှဲ့ စောင်းပေးလိုက်ယုံကလွဲလို့ ကျွန်မဘာတတ်နိုင်မှာတုန်း။

“ဘာတွေစဉ်းစားနေတာလဲ ၀တ်မှုံ”

ဘေးနားမှ ချစ်သူငယ်ချင်းလေး ခွန်နောင် ရဲ့ စကားပြောသံကြားမှ သူမ၏ ယခုလက်ရှိဘ၀ထဲ စိတ်က ပြန်ရောက်လာသည်။

  “ဘာလဲဟင် နောင် “

“အာ..ဘာတွေစဉ်းစားနေလဲကို မသိဘူး။ ငါပြောနေတာကြာပြီ ဟိုအောက်က အထည်လိပ်ကို ဟိုဘက် အထည်လိပ်ပေါ်ကို လှမ်းတင်လိုက်လို့ မြန်မြန်လုပ် ဒီမှာ ငါထမ်းထားရတာ လေးလှပြီ”

“သြော်..အေးအေး သယ်ရင်း..ဆောတီး ဟီးဟီး ”

ဟုတ်တယ် ကျွန်မအလုပ်က အထည်ဆိုင်ကြီးတွေက ဈေးထည်တွေကိုယူပြီ  ကျွန်မလည်း အချို့အထည်တွေကိုယ်တိုင်ဝင်ချုပ် ရပ်ကွက်ထဲက အထည်ချုပ်သမားတွေကိုလည်း ကျွန်မက ပြန်ပြီးပေးပေါ့။ ဒါက အဖေသက်ရှိထင်ရှားရှိကထဲက လုပ်လာတဲ့ အလုပ်။ ကျွန်မလည်းကျွမ်းဝင်ပြီးသားမို့ ဒီအလုပ်က ကျွန်မအတွက် အခက်အခဲမရှိ။
          ဒီနေ့လည်း ဒိုင်ကြီးက အထည်လိပ်တွေလာယူတာ။ ဒါကို ကျွန်မရဲ့ သူငယ်ချင်းလေးက လူအားရော သူ့ရဲ့ ကားနဲ့ ပါ ကျွန်မကိုအားတက်သရော ကူညီပေးနေတာ။ တော်သေးတာပေါ့ သူရှိပေလို့  ။ ကျောင်းဆိုလဲ ကျောင်းမို့ လို့ ။ အလုပ်ဆိုလဲ အလုပ်မို့ လို့။ မိသားစုအရေးမှာ ကျွန်မစိတ်ဓာတ်ကျပြီဆိုရင်လည်း နှစ်သိမ့် ပေးတတ်တာ နားလည်ပေးတတ်တာ နောင် တစ်ယောက်ပဲ။ဒါကြောင့်လဲ .. အဝေးသင် ကျောင်းတစ်ဖက်နဲ့ကျွန်မ စိတ်ဓာတ်မကျခဲ့ ဘူး။ အမေနဲ့ မောင်လေး ညီမလေးတွေရဲ့ အပြုံးလေးတွေက ကျွန်မရဲ့ အားဆိုရင် နောင် ဆိုတဲ့ သူငယ်ချင်းလေးကတော့ ကျွန်မအတွက် အားပေးဖော်။
        ဒါပေမယ့် ပေါ့လေ အဲဒီအငယ်နှစ်ယောက်ရဲ့  ကျွန်မအပေါ် မစာနာပဲ သူတို့ရဲ့ အတ္တလေးတွေနဲ့ ကိုင်စွဲပြီး စကားတွေဆိုလာတဲ့ အချိန်ကြရင်တော့ ကျွန်မစိတ်ဓာတ်တွေလဲပြိုယိုင်လဲ သွားတတ်တယ်။

“မှုံ ခုချိန်မှာ ဘာကိုအလိုချင်ဆုံးနဲ့ အဖြစ်ချင်ဆုံးအရာက ဘာလဲဟင်”

“ငါတစ်ကယ်ပြောရမှာလား ”

“အင်း..”

“ဘာပဲဖြစ်ဖြစ် ကိုယ့် အတွက်ပဲ ကိုယ်ကြည့်ပြီး မိသားစုကို မတွယ်တာတဲ့ သူဖြစ်ချင်တယ်”

“အဟင်း.. ငါကတော့ နင်နဲ့ မတူဘူးဟ။ ကိုယ့်ချစ်သူ ဘာလိုအပ်လည်း လိုအပ်သမျှ ဖြစ်ချင်သမျှ ကိုဖြည့်စွမ်းပေးတဲ့ သူဖြစ်ချင်တယ်။”

“အင်း.. ဟုတ်လား”

“နင် ဘာလို့ ပြန်မမေးတာလဲ မှုံ ငါ့ချစ်သူက ဘယ်သူလဲလို့”

“အဟင်း..နင်ပြောသလို ခုနေငါကမေးလိုက်ပေမယ့် နင်ဖြေမယ့် အဖြေက ငါ့အတွက် မေးခွန်းတစ်ခုဖြစ်လာရင် ငါ့မှာ ပြန်ဖြေစရာ အဖြေမရှိဘူး နောင်..”

ဟင်း..ကနဲ နောင်ရဲ့ သက်ပြင်းရှည်ကြီးတစ်ခုကိုသာ နင့်နင့်နဲနဲ ကျွန်မကြားလိုက်ရသည်။ ဘာမှမတတ်နိုင်ပါလေ။ ဘ၀ဆိုတာ ကိုယ်လိုချင်သလို ပုံသွင်းလို့ ရသည်မှမဟုတ်ပဲ။ သူကသာ ပုံသွင်းတာ ခံလိုက်ကြရတာ မဟုတ်လား။

“ဘာ ..ညီမင်း .. ဘာပြောတယ်..နင်ပြန်ပြောလိုက်စမ်း”

“ကျွန်တော် ဘောလုံးပွဲလောင်းတာရှုံးသွားလို့ လေ အဲဒါ ဦးစိန်ကြီးကို အိမ်ဂရံ ခဏပေးထားချင်လို့ မကြီး ဂရံ ဘယ်နေရာမှာ ထားလဲလို့ မေးနေတာ”

“တောက်.. ညီမင်း..တော်လိုက်စမ်း..နင်တော်လိုက်စမ်း.. နင်အဲဒီလိုပေးလိုက်တော့ ငါတို့ ကဘယ်မှာသွားနေရမလဲ”

“ခဏပါမကြီးရာ နောက်တစ်ပွဲဆို”

“မပေးနိုင်ဘူး..ဘာအာမခံချက်နဲ့မှ အိမ်ဂရံကို မပေးနိုင်ဘူး”

“အဟီးဟီး.. အမေ အမေ့ သမီးကြီးကို မပြောတော့ ဘူးလား မပေးရင် သားကို ဦးစိန်ကြီးက ရဲတိုင်မယ်တဲ့ ဒါဆို သား ထောင်ကျမှာဗျ  အမေ သားထောင်ကျမှာ ကြည့်ရက်လို့ လား..အီး ဟီးဟီး”

“သမီးကြီးရယ် ပေးလိုက်ပါကွယ်. နော်နော်.. တော်ကြာ မောင်လေး ထောင်ကျနေမှဖြင့်ကွယ်.. ”

“အာ အမေကလည်း ပေးစရာလား ကိုလေး သူ့ ဘာသာသူ မိုက်တာကို ကိုယ့် ဒုက္ခကိုယ်ခံပေါ့ ။ သမီးတို့ က ဘယ်မှာသွားနေရမလဲ ဒီအိမ်ကြီးမရှိရင်.. ဒုက္ခပါပဲ သမီးလကုန်ရင် မကြီးကို သက်မွန်မြင့်လွယ်တဲ့ လွယ်အိတ်လေး ၀ယ်ခိုင်းမလို့ ဟာကို ဒီကိုလေးကတစ်မှောက်..”

“တော်ပါတော့ မေသင်းရယ်..ငါ့ကိုယ်က ဒီမိသားစုမှာအကြီးဖြစ်ရတာ ကံဆိုးတာ. နင်တို့ ကိုယ့် အတွက်ကြီးပဲ ကိုယ်ကြည့်နေကြတာ ငါ့ အတွက် ငါ့ ဘ၀အတွက်ဆိုတာရော စဉ်းစားပေးကြရဲ့ လား ဟင်.. နင်တို့ ဘာဖြစ်လို့ ကိုယ်ချင်းမစာပေးနိုင်ကြရတာလဲ။ ငါ့ကိုယ်လဲ သနားကြပါအုန်း ဟယ် ငါတောင်းပန်ပါတယ်..”

“ဒါ..ဒါ ..ဒါဆို ကျွန်တော် ထောင်ကျတော့မှာပေါ့..အီး..ဟီး..ဟီး.. ကယ်ပါအုန်းဗျာ ကျွန်တော်ကို ဒီတစ်ခေါက်ပါပဲ ဒါနောက်ဆုံးပါဗျာ နော် နော်..ကျွန်တော် နောက်တစ်ခါ မမိုက်တော့ ပါဘူး.. ကျွန်တော့ ကို ကယ်ပါ.ဗျာ နော် မကြီးနော်..”

သည်လိုနှင့် နောက်ဆုံး အိမ်တစ်ခြမ်းရောင်းပေးလိုက်ရသည်။ ညီမင်းကတော့ သူပြောသလိုပါပဲ ဒီတစ်ခါနောက်ဆုံးပါပဲ ဆိုသလို .. မိန်းမခိုးပြေးသည်။နောက်တစ်ခုကြားရသည့် သတင်းကရင်နာစရာ။ ဦးစိန်ကြီးနှင့် ညီမင်းပေါင်းရိုက်သည်တဲ့ ။ ဦးစိန်ကြီးက အကြွေးကိုလိုသည်ထက်ပိုပြောသည်။ သူ့ အကြွေးကို ယူသည် ပိုတာကို ညီမင်းကယူသည်။ ပြီးတော့ ထိုပိုက်ဆံနှင့်ပင် မိန်းမခိုးပြေးသည်။ အဲဒီနောက်ပိုင်းတော့ ညီမင်း ဘယ်ရောက်လို့ ဘယ်ပေါက်သည်မသိ သတင်းအစအနတောင် မကြားရ။ အမေကတော့ ဒီသားစိတ်ဖြင့်ပင်.. တမြေ့ မြေ့ အိပ်ယာထဲ လဲသည်။

          အဲ ညီမင်းပြီးတော့ တစ်စခန်းထလာသူက မေသင်း။ ၁၀ တန်းမအောင်ပါ ကျောင်းထုတ်လိုက်ရသည်။ ထုံးစံအတိုင်း စတိုးဆိုင်မှာ လခစားဝင်လုပ်သည်။ သူ့ ကုသိုလ်နှင့်သူ ရုပ်ရည်လေးကလည်း ပြေပြေပစ်ပစ် ငယ်ရွယ်သည့် ဂုဏ်လေးကလည်းရှိပြန်တော့ မေသင်းတို့ ဘေးမှာ ကောင်လေးတွေ ၀ိုင်းလို့ ပေါ့။ ဒီတော့ မေသင်းဂုဏ်ပုဒ်က ဒီဆင်းရဲ တွင်းထဲက လွတ်ဖို့ အရေး သူဌေးသားကို ရအောင်ယူမှဖြစ်မည်တဲ့ ။ သူကြွေးကြော်ချက်အတိုင်း သူဌေးသားတော့ ရပါရဲ့ သို့ပေမယ့် သူဌေးသားဘက်က အမွေဖြတ်လိုက်လေတော့ ဒီဝန်ထုပ်ဝန်ပိုးက  ထုံးစံအတိုင်းကျွန်မပေါ့။

           “ဟဲ့ အမေ့ အတွက် ချက်ထားတဲ့ ကြက်သားလေး အစပ်မပါပဲ အချိုချက်ထားတာ ဘယ်ရောက်သွားတုန်း”

“ ခုနက မမလေး လေ သူ့ ယောက်ကျားကို ချကျွေးနေတာ တွေ့တယ်. သူ့ ယောက်ကျားက ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည် မစားနိုင်ဘူး ဆိုလို့ ”

“ဘာ..တောက်”

“ဟဲ့ မေသင်း အမေ့ အတွက်ချက်ထားတဲ့ ကြက်သား ညည်းလင်ကို ကျွေးလိုက်တယ်ဆို”

“ဟုတ်တယ်လေ ဘာဖြစ်လို့ လဲ အမေကိုယ်တိုင် ကပြောတာ.. ချကျွေးလိုက်တဲ့ အမေက နေမကောင်းတော့ ထမင်းလည်း သိပ်မစားချင်ဘူး ဆိုလို့ အမယ်လေး ..ဒီကြက်သားလေး ယူကြွေးတာ ဘာဖြစ်လဲ သိပ်ပြီး အာဏာ ပြချင်တယ်။ အိမ်ပေါ်က နှင်ချဖို့ တော့ မစဉ်းစားနဲ့ နော်..ဟွန်း ဒါမိဘအိမ် မေသင်းတို့ နဲ့ လည်း ဆိုင်တယ်.. တစ်ယောက်တည်း အပိုင်စီးမယ်လို့ တော့ မကြံနဲ့ ”

“မမလေး တော်ဗျာ.. မိုက်ရိုင်းလိုက်ကြတာ. ဒါဆိုလည်း ဒီအိမ်ပေါ်မှာမနေနဲ့လေ မမကြီးရှာကျွေးတာ စားမနေနဲ့ ခင်ဗျားယောက်ကျား သူဌေးသားငပျင်းကို အလုပ်လုပ်ခိုင်းပါလား.. ဘာဖြစ်လို့ ကိုယ့် မိန်းမရဲ့ အစ်မရှာတဲ့ ပိုက်ဆံနဲ့ မရှက်မကြောက် မိန့်မိန့် ကြီးထိုင်စားနေလည်း..”

“ဟဲ့ နင်ဘာမှ ငါ့ယောက်ကျားကို ပြောစရာမလိုဘူး။ဒီအိမ်မှာ နင်ကအငယ်ဆုံး။ ငါက နင့်ထက်အကြီး။ ငါ့ယောက်ကျားက တစ်ဦးတည်းသောသူဌေးသား အချိန်တန် သူ့ အိမ်က ပြန်ခေါ်တဲ့ အခါကျရင် အမွေတွေက ငါတို့ လင်မယားပဲ ရမှာ အဲဒီကြတော့ မှ မမလေး မမလေး လာလုပ်မနေနဲ့ ”

“ထွီ ရွံ့ စရာ ကောင်းလိုက်ကြတာ.. လူစိတ်မရှိတဲ့ ဟာတွေ။ ခင်ဗျားနဲ့ ကိုလေးနဲ့ လူစိတ်မရှိကြတဲ့ ဟာတွေ။ မမကြီးကို ခိုင်းစားနေကြတာ.လာဗျာမမကြီး သားရှာကျွေးမယ် ဒီအိမ်ပေါ်မှာ သူတို့ ပဲ ထားခဲ့ လိုက်စမ်းပါ”

“သား ညီလင်း တော်တော့။ မမကြီး ပြောမယ်..သားဒီနှစ် ဆယ်တန်းပဲ အောင်အောင် ကြိုးစား ကျန်တာ မမကြီး တာဝန်ထား. သွားသွား ဘာမှ စိတ်ထဲမှာ တွေးပြီး ညစ်မနေနဲ့ မမကြီးကို ချစ်တယ်ဆိုရင် ဒီနှစ် ၁၀ တန်းအောင် အောင်သာ ကြိုးစားနော် သား သွားတော့ သွား အခန်းထဲ စာသွားကျက်တော့ နော်..”

ဖြစ်နိုင်ရင်လေး ကျွန်မ ဒီဝဋ်တွေကနေ ကျွတ်ချင်ပြီ။ ကျွန်မလေ အမြဲဆုတောင်းတယ် ၀ဋ်ကြွေးတွေ များရှိခဲ့ တယ်ဆိုရင် ဒီဘ၀ ဒီမျှနှင့်သာ ကျေပါစေလို့ ။ အမေနဲ့ အငယ်ဆုံးမောင်လေးကြောင့်သာ ကျွန်မ ကြံ့ ကြံ့ ခံနေရတာ။ ခုဆို ကျွန်မဘေးမှာ ဖေးမပေးမယ့် နောင် လည်း မရှိတော့ ဘူးလေ။ ဘ၀အတွက်ဆိုပြီး ကျွန်မနားကနေ ထွက်သွားလိုက်တာ ခုဆို သုံးနှစ်ကျော် လေးနှစ်ထဲတောင် ရောက်တော့ မှာလေ…

“မှုံ နင်နဲ့ ငါ မပွင့်လင်းခဲ့ ကြပေမယ့် တစ်ဦးရဲ့ စိတ်ထဲဘာရှိတယ် ဆိုတာ မပြောပဲ နားလည်နေကြပြီသားပါ။ ငါပြန်လာမယ့် အချိန်ကိုစောင့်ပါလို့ တစ်ကိုယ်ကောင်းဆန်ပြီး မပြောချင်ပါဘူး မှုံ ဒါပေမယ့် ငါ နင့်ဘေးနားကို ဆက်ဆက်ရောက်အောင် ပြန်ခဲ့ မယ် .. နင့်ရဲ့ ဘ၀အမောတွေ အတွက် နင်လိုအပ်တဲ့ အချိန်တိုင်းမှာ ငါ့ပုခုံးကို မှီနိုင်အောင် ငါကြိုးစားမယ်..မှုံ ငါ..ငါ..နင့်ကို..”

“နောင်.. ၀င်မဖြေနိုင်မယ့် စာမေးပွဲ တစ်ခုအတွက် ဘာလို့များ မေးခွန်းဝေနေအုန်းမှာလည်း ဟင်..”

သည်လိုနှင့် နေ့ ရက်တွေကို အားတင်းကျော်ဖြတ်ရင်း.. အမေတစ်ယောက် ကျွန်မတို့ မောင်နှမတွေကို ထားပြီး အဖေ့ နောက်ကို လိုက်ပါသွားလေပြီ။ ကျွန်မစိတ်ထင်တော့ အမေ ဒီဝဍ်ကြွေးတွေက လွတ်ခဲ့ ပြီထင်သည်။ လွတ်စရာ ကျွန်မသာ ကျန်တော့ သည်။ ကျွန်မကရော..ဘယ်အချိန်လွတ်မြောက်နိုင်မလဲ။ ခုတော့ ကျွန်မ လောကကြီးရဲ့ ချောက်နက်နက်ထဲ ကျွံသတဲ့ ကျွံခဲ့ ပြီလေ။ အမေ မရှိသည့်နောက်ပိုင်း အိမ်နှင့်ခြံကို အပြီးရောင်းလိုက်သည်။ တစ်ဝက်ကို မေသင်းတို့ လင်မယားကို ပေးခဲ့ သည်။ ကျန်တစ်ဝက်ကိုတော့ ကျွန်မနှင့် မောင်လေး ယူခဲ့ ပြီး ၁၀ ပေ အိမ်လေး ခြံလေး ၀န်းလေး နှင့် သန်လျင်ဘက်မှာ အိမ်တစ်အိမ်ဝယ်လိုက်သည်။ မောင်လေး ကျောင်းတက်နေသော GTC နှင့်လည်း နီးသည်။
          ဒါပေမယ့် ကျွန်မရဲ့ အထည်ချုပ်လုပ်ငန်း က ဆက်ပြီး လည်ပတ်လို့ မရတော့ ။ သွားရေးလာရေးဝေးသည့်အပြင် ပစ္စည်းသယ်ရပြုရသည့် ကုန်ကျစားရိတ်က အထည်ဒိုင်ကပေးသည့် အထည်ချုပ်ခ က မကိုက်။ ဒီတော့ ကျွန်မလုပ်နိုင်တာ တစ်ခုပဲရှိသည်။ အိမ်မှာ စက်ချုပ်ဆိုင်လေးတစ်ခု ဖွင့်သည်။ မနက်ပိုင်းနှင့် ညနေပိုင်းများတွင် ကျွန်မ မုန့် ဟင်းခါး ချက်ပြီးရောင်းသည်။ ဒါမှပင် ကျွန်မနှင့် GTC တက်နေသော မောင်လေးအတွက် ပိုက်ဆံသည် လုံလောက်သည်ဆိုရုံမျှ တော်ကာကြသည်။ အစတွင်တော့ ကျွန်မတို့ မောင်နှမ နှစ်ယောက် တော်တော်ကြီးကို စိတ်ဓာတ်ကျခဲ့ သလို အဆင်မပြေမှုများက ဆက်တိုက်ဆိုသလိုပင် ပတ်ဝန်းကျင်အသစ်မှာ အားငယ်ခဲ့ ကြရသည်။ နောက်ပိုင်းတော့ ကျွန်မရဲ့ စက်ချုပ်ဆိုင်လေးက ပုံမှန်ဝင်ငွေလည်ပတ် လာနိုင်သလို မုန့်ဟင်းခါး ဆိုင်လေးကလည်း အရသာကောင်းကောင်းကို ထိန်းထားနိုင်တာကြောင့် တစ်နေ့ထက်တစ်နေ့ ဖောက်သည်ပိုပိုများလာခဲ့သည်။

“မကြီး ကိုကြည့်ရတာဗျာ ပင်ပန်းလိုက်တာ။ ညနေပိုင်း မုန့်ဟင်းခါးဆိုင်ကို ပိတ်လိုက်ပါလား ဟင်မကြီး”

“မဟုတ်တာ ညီလင်းရယ် မောင်လေး ကျောင်းပြီးဖို့ နှစ်နှစ်တောင် လိုသေးတယ်လေ။ 

“ဟင်း.. သား ကျောင်းမ..”
“တော်ပြီ ညီလင်း မမကြီးကိုချစ်တယ် ဆိုရင် ကျောင်းစာထဲကိုပဲ စိတ်ဝင်စားပြီး မောင်လေးရဲ့ ဘ၀အာမခံချက် အတွက်  နေရာတစ်ခုကို ရအောင်ကြိုးစားပါကွယ် နော်.”

“အင်း.. လေ..ဒါဆိုလည်း သား ကျောင်းအားတဲ့ အချိန်တွေမှာ မကြီးကို ၀ိုင်းကူပြီလုပ်ပေးမယ်နော်..”

“အေးပါ မောင်လေးရယ်..ကျေးဇူးပါကွယ်..”

“သားလေ မကြီး ပင်ပန်းနေတာတွေ့ တိုင်း ကိုလေးနဲ့ မမလေး ကို ဒေါသထွက်တယ်။ တောက်.. ခု မမလေး က သူ့ ယောက္ခမအိမ်ပေါ် ပြန်ရောက်သွားပြီး အဆင်ပြေနေတယ်တဲ့ ။ ကိုလေးက လည်း စီးပွားရေး အဆင်ပြေနေတယ်တဲ့ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်မှာတော့ ဒုက္ခတွေ ဝေနေလိုက်တာ ဗျာ .. သူတို့က ကျွန်တော်တို့ မောင်နှမကို နည်းနည်းလေးတောင် စောင်းငှဲ့ လို့ မကြည့်ကြဘူး. တွေးမိတိုင်း ဒေါသဖြစ်တယ်။ ”

“ညီလင်းရယ် တော်ပါတော့ ခုလည်းမကြီးတို့ အဆင်ပြေနေတာပဲ ဟာ.. ဒီလောက်ပင်ပန်းတာလေးကတော့ ကွယ် မကြီး ခံနိုင်ရည်ရှိပါတယ်.”

ဒီလိုနှင့် ဘ၀ကို အစက ကျွန်မ ပြန်စခဲ့ရသည်။ လောကကြီးမှာ အသက် ၂၀ ဆိုထဲက လုပ်လိုက်ရတဲ့ အလုပ် ရှာလိုက်ရတဲ့ ပိုက်ဆံ ခုချိန်ထိ ကျွန်မ မနားခဲ့ ရသေး။ တစ်ခါတစ်လေ တော့ ကျွန်မစိတ်ထဲမှာ အထီးကျန်ဆန်သည်။ တစ်ယောက်တည်းဆိုသည့် စိတ်သည် တစ်ခါတစ်ရံ အတော်ဒုက္ခပေးတတ်သောအရာဖြစ် ကြောင်း ကြာလာလေလေ ပိုသိလာလေလေပင်။ ညီလင်း လေးသိတတ်လိမ္မာနေလို့ သာ ကျွန်မအားတင်းနေနိုင်ခဲ့ တာဖြစ်သည်။ တစ်ခါတစ်ရံ တွင်တော့ နောင် ရေလို့ စိတ်တွင်းမှ သိသိသာသာကြီး လွမ်းဆွတ်တမ်းတမိသည်။ ဒါပေမယ့် ဘ၀တိုက်ပွဲတွင် အချစ်ဟူသည် တိုက်ပိတ်ချုပ်နှောင်ချင်းခံရသော အကျဉ်းသားတစ်ဦးနှယ်ပင်။
စကားပုံတောင်ရှိသေး အရိပ်လိုချင် နေပူက စောင့်ရတယ်တဲ့ ။ ကျွန်မ ဘ၀အတွက် နွေနေပူတွေများလှပြီ။ အရိပ်ဆိုတာကတော့ မျှော်လင့်ရင်း မျှော်လင့်ရင်း ပိုပိုဝေးလာသလိုပင်။အေးလေ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတော့ လည်း သူဖြစ်လာသလို နေလိုက်ရုံပေါ့။

“မကြီးရေ မကြီးရေ ဒီမှာ ဧည့်သည်ပါလာတယ်။ ဘယ်သူလဲလို့ ကြည့်လိုက်စမ်း”

“ဟယ်…..နောင်..ဘယ်ကနေ ဘယ်လို..”

“တွေ့ချင်လွန်းလို့ ရှာပြီးလိုက်လာရတာပါ ခင်ဗျာ..ဘယ်လိုလည်း ဧည့်သည်ကို မုန့်ဟင်းခါးလေး ဘာလေးနဲ့ ဧည့်မခံတော့ ဘူးလား မှုံ ဒီတိုင်းပဲ ကြည့်နေတော့မှာလား”

“အာ ဘယ်ဟုတ်ပါ့မလဲ ကိုကြီးကလည်း မကြီးလာ ဒီမှာ လာဧည့်ခံ သားမုန့် ဟင်းခါးပြင်လိုက်အုန်းမယ် ကိုကြီး အတွက်.”
         
ကျွန်မအတွက်တော့ အိမ်မက်တစ်ခုလိုပါပဲ။ မျှော်လင့်ချက်တွေ အားလုံး ကိုလက်လွှတ်လိုက်ရပြီလို့ ထင်နေသည့်အချိန်မှ ရုတ်တရက်ကြီး ခုလို ပျော်ရမယ်လို့ တစ်ကယ့် ကို မထင်ရဲ။ ကျွန်မ က့ကြမ္မာကို မယုံနိုင်လွန်းစွာဖြင့် သွေးတိုးစမ်းကြည့်လိုက်သေးသည်။

 “နောင်..အိမ်ထောင်တွေ ဘာတွေ ကျပြီး သားသားလေး မီးမီးလေးတွေ ရနေပြီလား ”

“အဟဲ.. ကဲ ညီလေးရေ ရှက်တတ်ရင်တော့ ဆောတီးကွာ။ ဘယ်ကလာပြီး အိမ်ထောင်ကျရမှာတုန်း ခုမှ သားသားလေး မီးမီးလေးတွေ မွေးပေမယ့်  သူက ဟောဒီမှာ.. ကဲ မှုံ ကိုယ်တို့ လက်ထပ်ကြရအောင်..”

ဒီလိုနှင့် ကျွန်မရဲ့ အရိပ်ကလေးမှာ ကျွန်မပျော်ရွှင်ခဲ့ ရသည်။ ဒီနေ့ ညီလင်းလေး ဘွဲ့ ယူသောနေ့ ။

“မကြီး သားအရမ်းပျော်တာပဲ ဗျာ။ သားမှာ အဖေအမေ မရှိတော့ ပေမယ့် ဟောဒီလို အမကြီး အစ်ကိုကြီးကတော့ သားရဲ့ တစ်ကယ့် ကို အဖေ အမေ လိုပါပဲ ကဲ ဓာတ်ပုံဆရာရေ ကျွန်တော်တို့ မိသားစု ပုံလေးကို လှလှလေး ဖြစ်အောင် ရိုက်ပေးနော်”

"အိုကေ ကဲ ရိုက်မယ် ပြုံးပြုံးလေး ပြုံးပြုံးလေး"

 ကဲ.....……ခုတော့ အိုအေစစ်လေးထဲမှာ ကျွန်မပျော်နေပါပြီလို့  ။




 

Friday, 23 September 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(ဇာတ်သိမ်း)



(နုငယ်) ဟလို..
***** ငယ် .မောင်ပါ။ မောင် ကြားချင်တဲ့ စကားပြောမှာလား ပြော..

(နုငယ်) အင်း. ပြောမှာ.
*****ဟာ တစ်ကယ် .................ဒါဆို ခုပြောတော့

(နုငယ်)အင်း.. ဘယ်ကနေစပြောရမလဲ ဆိုတော့ ။ ဒီလိုရှိတယ်လေ
**** ဟိတ် မညစ်ပတ်ကြေးကွာ.. တော်ကြာ ဟိုတစ်ခါလို ဖုန်းကဒ်ကုန်သွားအုန်းမယ်

(နုငယ်) ဟားဟာဟား... အင်းပါ နောက်တော့ ဘူး မောင့် သဘောအတိုင်းပါပဲ ရှင်။ မောင်ပြန်လာတာနဲ့ ငယ်တို့ လက်ထပ်ကြမယ်။ခုထဲ ကငယ် အလုပ်ထွက်စာ တင်ထားလိုက်တော့ မယ်။ ကဲ ကျေနပ်ပြီးလား။
******* ကျေနပ်ပြီ ကျေနပ်ပြီ အမေ့ ဆီကို ဖုန်းဆက်မယ်။ နုငယ် နဲ့ အမေ နဲ့ မောင်ပြန်မလာခင်စီစဉ်စရာ ရှိတာ စီစဉ်ထားတော့ နော်။ ခု မောင်ပြန်လာဖို့ က ၆လပဲ လိုတော့ တာလေ။ ဒီဇင်ဘာမှာ မောင်တို့ မင်္ဂလာဆောင်မယ်။ပြီးရင် ဟန်းနီးမွန်း ခရီး ဘယ်ကိုထွက်မလဲ။ ပြီးတော့ မောင့် အစီအစဉ်အတိုင်း နုငယ်နဲ့ မောင်အတွက် လတိုင်းစုထားတဲ့ ဘဏ်အကောင့်ထဲက ပိုက်ဆံတွေထုတ်ပြီး မောင်တို့ ရဲ့ ချစ်အိမ်လေးကို ၀ယ်ဖို့ ငယ် ရန်ကုန်ပြန်ပြီး အိမ်လိုက်ရှာတော့ ။ အချိန်ဆွဲမနေနဲ့ နော်။ မောင်ပြန်လာမှ စီစဉ်ဆို နောက်ထပ် သုံးလေးလ စောင့်ရအုန်းမှာ ..စောင့်နိုင်တော့ ဘူး လွမ်းလှပြီ

(နုငယ်)မောင်.. အကွက်စေ့ လှချည်လားလို့ ။ ဘယ်ထဲက စဉ်းစားထားလဲ မသိဘူး ။တစ်ကယ်ပဲ။
***** ဟားဟား အဲဒါနုငယ်ဆီက အကျင့် ပိုးကူးတာလေ။ ငယ်က ဘာပဲဖြစ်ဖြစ် စနစ်တစ်ကျ စီစဉ်တတ်တာ မဟုတ်လား။ ဟော... ငယ် ဖုန်းကဒ်ကုန်တော့ မယ်ထင်တယ်။ မောင် ပြန်မခေါ်တော့ ဘူးနော်။ အိမ်ကိုလည်း ဖုန်းဆက်ရအုန်းမှာ မို့ လို့။ ငယ်ကို လွမ်းတယ်။ ပြီးတော့ ချစ်တယ်ငယ်။

(နုငယ်) အင်းပါ။မောင်ရဲ့ ကျန်းမာရေး ဂရုစိုက်..ပြီးတော့

တီ..........................................
ဟော ဖုန်းကျသွားပြီ။ စကားပြောချိန်လေးနည်းလိုက်တာ..

ဒီလိုနှင့် မောင်ပြန်လာမယ့် ရက်တွေနီးလာလေ။ ကျွန်မရင်တွေပိုခုန်လာလေပေါ့။ မောင်နှင့်ကျွန်မတို့ နေမယ့် တစ်ထပ်တိုက် ခြံဝန်းလေးနှင့် အိမ်လေးလည်း ၀ယ်ထားပြီးပြီ။ ပြီးတော့ အိမ်ထဲကို ထည့်မယ့် ပစ္စည်းတွေလည်း ၀ယ်ပြီးနေရာချထားပြီးပြီ။ ကျွန်မလည်း အလုပ်ကတရားဝင်ထွက်စာမရသေးပေမယ့် ခွင့်ရက်ရှည်ယူလိုက်ပြီး မောင့်မေမေနှင့် အတူ စီစဉ်စရာရှိတာတွေ လိုက်စီစဉ်။ မမောနိုင် မပန်းနိုင်။ အိမ်က မေမေကဆို ၀တ်ဖို့ အ၀တ်အစား အားလုံး သူကိုယ်တိုင်စနစ်တစ်ကျ လိုက်စီစဉ်ပေးသည်။ ဒီလိုမျိုး မေမေကပါ ကြည်ကြည်ဖြူဖြူနှင့် အသာတစ်ကြည်ဆိုတော့ ကျွန်မရဲ့ ပီတိ ပြောပြရင် ရင်ထဲက အရှိအတိုင်းတောင် မီမယ်မထင်ဘူး။ မောင်ကတော့ ဒီကြားထဲ ခဏခဏ ဖုန်းဆက်လို့ လွမ်းတဲ့ စကား တွေပြောသည် မြန်မြန်ပြန်လာချင်နေတဲ့ အကြောင်း အပ်ကြောင်းထပ်အောင်ကိုပြောနေတော့ သည်။ ထပ်ပါစေလေ ကျွန်မလည်း ကြားချင်နေတာပဲ ဟာကို.အဟင်း

(ဒေါ်ကြူ) သမီးရေ ..အေး ဘယ်မှာလဲ အိမ်မှာလား။ အေး အမေ့ ဆီခဏလာခဲ့ ပါလား။ ဒီမှာ လေ သမီးအဖေကြီးက သမီးတို့ ဖို့ ကုတင်နဲ့ မွေ့ယာဝယ်မလို့ လေ။ အဲဒါ သမီးမကြိုက်မှာစိုးလို့ ။ ကားလေးငှားပြီး တစ်ချက်လောက်လာကြည့်ပါလားသမီးရယ်။

(နုငယ်) ဟုတ် မေ.. သမီးခုထွက်ခဲ့ မယ်။ ဘယ်နေရာလည်းပြောလေ အင်း..သြော်ဟုတ်ပြီး ဟုတ်ပြီး သမီးအဲဒီနေရာကို သိတယ်မေ။ ခုထွက်လာခဲ့ မယ်နော်။


(ဒေါ်ချို) သမီး ဘယ်သူဖုန်းဆက်တာလဲ။

(နုငယ်) မောင့်ရဲ့ အမေပါ ။ ကုတင်နဲ့ မွေ့ ယာဝယ်ပေးမလို့ လေ။ သမီးတို့ အတွက် အဲဒါ ကြိုက်မကြိုက်လာကြည့်ပါဆိုလို့ ။

(ဒေါ်ချို) အင်း ကောင်းပ။ သမီး..

(နုငယ်) ရှင်...

(ဒေါ်ချို) သမီးလေးရွေးချယ်တဲ့ လမ်းမှန်တယ်။အမေ့ နည်းနည်း အတ္တကြီးသွားတယ်။ ပြီးတော့ သမီးကိုယ်တိုင်ကလဲ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အခြေအနေတစ်ခုမှာမှ သမီးလုပ်သင့်တာကို လုပ်တယ်။ ဒီတစ်ကြိမ်တော့ သမီးနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်မှာ အမေ မှားသွားတယ် သမီး။ လူငယ်တွေရဲ့ ခံစားချက်ကို နားလည်ပေးသင့်တယ် ပြီးတော့ လမ်းညွန်ပေးရုံ လမ်းပြပေးရုံဆို လုံလောက်ပြီး ဆိုတာ အမေ နားလည်သွားပြီ။ တစ်ကယ်တော့ အတင်းအကြပ် သွန်သင်ညွန်ပြတယ်ဆိုတာ အမေကိုယ်တိုင်လည်း ပင်ပန်းသလို သွန်သင် ညွန်ပြခံရတဲ့ သူ အတွက်လဲ ပင်ပန်းတယ်လေ။သမီး မှန်ပါတယ်။

(နုငယ်) ဟင့်အင်း အမေကတော်တာပါ ။ ဘာလို့ လဲဆိုတော့ သားသမီးကို ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် ဆိုတာ ဆုံးမစရာမလိုပဲ ကိုယ့် ကိုယ်ထိန်းတတ်အောင် သင်ပေးနိုင်တဲ့ အမေ ကပိုတော်တာပါ။ သမီးက ဘာပဲဖြစ်ဖြစ်အမေ့ ကိုချစ်ပါတယ် အမေ။

ဒီလိုနှင့် မောင်နဲ့ ဆုံဖို့ ရက်တွေ ပိုပိုနီးလာသည်။ မောင်က ဒီဇင်ဘာ ၁၅ ရက်နေ့ ပြန်ရောက်မည်။ မင်္ဂလာဆောင်ကို ဒီဇင်ဘာ ၃၁ ရက်နေ့ မှာစီစဉ်ထားသည်။ ပြီးတာနှင့် ဟန်းနီးမွန်းကို မြန်မာပြည်အလယ်ပိုင်း ဘုရားတွေ လျှောက်ဖူးမည်။ ပြီးတော့ နောက်ဆုံးပြန်ကာနီးမှ ချောင်းသာကမ်းခြေကို တစ်ရက်နှစ်ရက်ဝင်နားလိုက်မည်။ မောင်တို့ အိမ်မှ ကားနှင့်ဒရိုင်ဘာထည့်ပေးလိုက်မည်တဲ့ ။ ကဲ ဘာလိုသေးလည်း။ အခက်အခဲတွေ ကျော်ပြီးမှ ရလာတဲ့ အချစ်ရဲ့ အနှစ်သာရက ချိုမြိန်လွန်းလှသည်။ ခုဆိုမောင်ပြန်လာရန် ၃ ရက်သာလိုတော့ သည်။ မောင်နဲ့ ပြန်တွေ့ ရတော့ မည်။ ပြီးတော့ ဒီတစ်ခါ မောင်ပြန်လာရင် အရင်က ခဏတာမှေးမိတ်ဖို့ မှီခဲ့ တဲ့ မောင့်ရဲ့ ပုခုံးလေးကို ကျွန်မ အပိုင်စားရတော့ မည်။ အဟင်း.. ပျော်လိုက်တာ..ဒါဟာ အချစ်ရဲ့ အောင်မြင်မှုပေါ့။

မောင်ပြန်လာဖို့ ၃ ရက်တာကာလကို စောင့်နေရတာပင် ကျွန်မအတွက် သုံးကမ္ဘာလောက်ကြာအောင် စောင့်နေရသည်ဟုပင် ထင်မိသည်။ ကြာလွန်းသည်။ ကြာလွန်းနေသည်။ မောင်ရေ..မြန်မြန်သာ ပြန်လာပါတော့ . ဒီမှာ မျှော်ရတာ လည်ပင်းတောင် တော်တော်ရှည်နေပြီ မောင်ရဲ့ ။ ပြီးရင် အနာဂတ်မှာ မောင့်ရဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမည်။

အော်ပြီးတော့ နောက်တစ်ခုရှိသေးတယ် လက်ထပ်ပြီးရင်မောင်က ပြည်ပကိုထပ်ပြီးမထွက်တော့ ဘူးတဲ့ ။ ဒီမှာပဲ စီးပွားရေးလုပ်တော့ မယ်တဲ့ ။ မောင်နဲ့ လည်း နောက်တစ်ခေါက် ထပ်ပြီး ဝေးစရာမလိုတော့ ။ အို ဘယ်လောက်လှလိုက်တဲ့ အနာဂတ်လည်း .. စိတ်ထဲမှာ ကြည်နူးမဆုံး။ ဟောကြည့် စဉ်းစားရင်း မျက်ရည်တို့ က ကျလာပြန်သည်။ အဟင်းဟင်း ၀မ်းသာလို့ ကျတာဖြစ်မယ်။ ပျော်လွန်းလို့ ။ မောင်ပြန်လာမှ ဟောဒီကျနေတဲ့ မျက်ရည်တွေ အတွက် အရော ပြန်တောင်းပစ်မယ်။ သူမစဉ်းစားရင်း မျက်ရည်တွေ ကိုသုတ်ပစ်နေပြန်သည်။

ဒေါ်ချိုတစ်ယောက် ၀ယ်ထားသော အိမ်သစ်လေး၏ အိပ်ခန်းထဲ ကုတင်ပေါ်မှာထိုင်ရင်း မျက်ရည်လေး ကျလာလိုက် လက်ကိုင်ပုဝါလေးနဲ့ သုတ်လိုက်။ ပြီးရင် တစ်ချက်တစ်ချက် မျက်နှာက ပြုံးလာလိုက်။ တစ်ချက်တစ်ချက် ငိုမယ့် မယ့် ဖြစ်လာလိုက်နှင့် သမီး လေးကိုအခန်းပေါက်ဝမှ လှမ်းကြည့်ရင်း ရင်ထဲမှာ လှိုက်ကနဲ ဖြစ်လာသလို မျက်ဝန်းတွင် မျက်ရည်တို့ ပြည့်လျှံလာခဲ့ သည်။ သမီးကြားမှာစိုး၍ အသံမထွက်အောင် ခြေကိုအသာဖေါ့နင်းပြီး အိမ်ရှေ့ ခန်းကို ပြန်ထွက်လာခဲ့ သည်။

(ဒေါ်ချို)သား.. ကိုသုရယ် မင်းညီမလေးကို ဒီအတိုင်းပဲ ကြည့်နေတော့ မှာလားဟင်.. အန်တီရင်ထဲမှာ မချိလိုက်တာကွယ်။ သမီးလေးရဲ့ ကံကိုက ဆိုးလွန်းတယ်ပဲ ပြောရမလား။ ဆရာဝန်ကြီးတွေကရော ဘာပြောသေးလဲ သမီးလေး အခြေအနေကိုလေ။ ခုဆို သမီးလေး ဒီလိုဖြစ်နေတာ နှစ်နှစ်ကျော်ပြီ။

(ဒေါ်ကြူ) ဟုတ်တယ် သား .သားညီမလေး အခြေအနေလေ..

ကိုသု ခေါင်းကို အသာရမ်းလိုက်ရင်း

(ကိုသု) ဘာမှကို သိပ်ပြီး မထူးခြားလားဘူး။ ငယ်ရဲ့ စိတ်ကိုက အဲဒီညီလေးထွန်းသစ် ပြန်မလာခင် ၃ ရက်ကိုပဲ စွဲနေတာ။ ငယ်ရဲ့ စိတ်ကိုက အဲဒီ ၃ ရက်ပြီးနောက်ပိုင်းကို လက်မခံချင်ဘူးဖြစ်နေတာ ။ ကျွန်တော်လည်း ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ညီမလေးကို ဂရုစိုက်ပေးပါ့မယ်။ ဘာမှ အားမငယ်ပါနဲ့ အန်တီရယ်နော်. ကျန်းမာရေးလဲ ဂရုစိုက်။ အန်တီ တို့ တော်တော်ပိန်သွားတယ်။

(ဒေါ်ကြူ) ဘယ်လိုများပြောလိုက်ပါလိမ့် သားရယ်။ သားနဲ့ သမီး နှစ်ယောက်လုံးဆုံးရှုံးသွားမှတော့ ဒီအမေတွေက ဘယ်လိုများ ၀ဖြိုးနေနိုင်အုန်းမလဲ။အန်တီကိုယ်တိုင် သားတစ်ယောက်လုံး..

ဒေါ်ကြူပြောရင်း အသံတို့ တိမ်ဝင်သွားသည်။

(ဒေါ်ချို) သြော် သားမနက်ဖြန် သားလေးထွန်းသစ်ဆုံးတာ နှစ်နှစ်ပြည့်တဲ့ နေ့ လေ အဲဒါ အိမ်မှာ ဆွမ်းကပ်တရားနာပြီး သားလေးထွန်းသစ် အတွက် ရေစက်ချ အလှူပွဲရှိတယ် လာခဲ့ အုန်းနော်။
မကြူရယ် ငိုမနေပါနဲ့ ကျွန်မကိုယ်တိုင်လည်း ကိုယ်တိုင်လည်း သမီးတစ်ယောက်လုံး....

ဒေါ်ချိုတစ်ယောက်လည်း ပြောရင်း ရှိုက်သံတို့ ရောစွက်သွားသည်။
အမေနှစ်ယောက်လုံး၏ ခပ်အုပ်အုပ် ရှိုက်သံများ အိမ်ရှေ့ ဧည့်ခန်းထဲတွင် ပျံ့ လွင့်နေသည်။ ကိုသုကတော့ ဖြင့် သက်ပြင်းခပ်ရှည်ရှည်ကြီးကို ကြိတ်ရှိုက်လိုက်ယုံမှ တစ်ပါး သူဘာမှ မတတ်နိုင်ပါလေ။ ကံကြမ္မာကိုသာ အပြစ်ပုံချလိုက်ချင်သည်။

ထွန်းသစ်တစ်ယောက် ပြန်ကာနီး နှစ်ပတ်အလိုတွင် လုပ်ငန်းခွင်ထဲ၌ ထိခိုက်မှုဖြစ်သည်။ အခင်းဖြစ်ပွားပြီထဲက သတိပြန်မလည်လာခဲ့ ။ ပြန်လာကာနီး သုံးရက်မြောက်တွင် ထွန်းသစ်ဆုံးသည်ဟုသော သတင်း ရန်ကုန်ကို ရောက်လာခဲ့ သည်။ ထိုသတင်းစစကြားချင်တော့ နုငယ် ငိုနေရုံမှ လွဲပြီးဘာမှ မထူးခြား ။ ထွန်းသစ်၏ အရိုးပြာအိုးအား လေဆိပ်မှာ သွားယူသောနေ့ တွင်တော့ နုငယ် တစ်ယောက် ၄ ရက်တာမျှ သတိလစ်မေ့ မျှောသွားခဲ့ သည်။ ပြန်လည်သတိရလာသော်လည်း
နုငယ်၏ စိတ်ထဲတွင် ထွန်းသစ်ပြန်လာဖို့ ၃ ရက်သာလိုတော့ သည့် ကာလ အပိုင်းအခြားကိုသာ မှတ်မိတော့ သည် ။

ဒီလောက်ထိ အခက်အခဲတွေ။ မျှော်လင့်ချင်းတွေ။သံသယတွေ။ ယုံကြည်ချက်တွေ အများ ကြီးကျော်ဖြတ်လာခဲ့ ပြီး ပန်းတိုင်ကိုရောက်ခါနီးမှများကွာ။ ဒီလိုသာ အဆုံးသတ်ကြေးဆိုရင် အစထဲက ဘာလို့ ပေးဆုံနေသေးလည်။ ဘာလို့ များ ချစ်ချင်းရဲ့ လွမ်းချင်း ဆွေးချင်း တမ်းတချင်းတွေကို ခံစားနေရသေးလည်း။ ခုတော့ အခက်အခဲ အားလုံးကို ကျော်ဖြတ်ခဲ့ တဲ့ ချစ်သူနှစ်ဦးကိုမှ ဒီလိုဖြစ်ရတယ်လို့ ကွာ။ ညီလေးရေ မင်းလည်း ဒီလိုကြီးထားခဲ့ ရတာ ဘယ်စိတ်ချနိုင်မလဲ။ ဒါပေမယ့် အစ်ကို ကိုယ်တိုင်မှ ငယ့် စိတ်ကို မကုစားနိုင်ပဲ။ အစ်ကိုလည်း ငယ့် ရဲ့ ဒုက္ခကို ထိုင်ကြည့်နေရုံကလွဲပြီး ဘာမှကို မတတ်နိုင်ဘူးကွာ။
ငယ်နဲ့ ညီလေးတို့ ရဲ့ ဘ၀ ၀ဍ်ကြွေးတွေများရှိခဲ့ ရင်လည်း ဒီဘ၀ ဒီမျှနဲ့ သာ ကြေကြပါစေတော့ ညီလေးနဲ့ ညီမလေးရာ.

အချစ်ကြောင့် ပျော်ရသည်။ ဘ၀တွေ ပြောင်းလဲလာရသည်။ ကြည်နူးခဲ့ ကြသည် ။ သာယာခဲ့ ကြသည်။ လွမ်းကြ ။ဆွေးကြ။ ချစ်ကြ။ မျှော်လင့်ချင်းအိမ်မက်တွေ တူတူ မက်ခဲ့ ကြ။
ဒါပေမယ့် တစ်ချို့ တစ်ချို့ သော သူတွေအတွက် အချစ်သည် ပျော်ရွှင်ချင်းတွေ သယ်ဆောင်ပေးခဲ့ ပေမယ့် တစ်ချို့ တစ်ချို့ သော သူတွေ အတွက်တော့ ဒဏ်ရာတွေ အပြည့်နဲ့ နှလုံးသားတစ်ခု ကိုရင်မှာပိုက်ပြီး အသက်ရှင်နေကြရပြန်တယ်။


သြော်....


အချစ်သည် ...တစ်ခါတစ်ရံ၌...


***************************************************************


ချစ်ခင်ရပါသော ဘလော့ မောင်နှမများ ကျန်းမာလို့ ပျော်ရွှင်ကြပါစေရှင်။
အပိုင်းရှည်ကြီးကိုရေးပြီး တစ်ပိုင်းတစ်ပိုင်းကို အကြာကြီးနေမှ တင်..တဲ့ ကျွန်မရဲ့ ပို(စ်) ရှည်ရှည်လေးကို စိတ်ရှည်လက်ရှည်နဲ့ ပြီးဆုံးအောင် ဖတ်ပေးကြလို့ ကျေးဇူး အထူးပင် တင်မိပါတယ်လို့ ပြောပါရစေ။

ခု ဇာတ်သိမ်းပိုင်းလေးပြီးသွားပြီးမို့ ဖတ်ပြီးသွားရင်ဖြင့် ကျွန်မရဲ့ အရေးအသားကို အားမတမ်း စိတ်ထဲမှာရှိသလို ဝေဖန်ပေးကြပါလို့ လည်း ပန်ကြားပါရစေနော်.။


ပုံလေးကိုတော့ google ကနေပြီးတော့ ပဲ ရှာပြီးသုံးထားတာပါ။