အကြည့်တစ်ချက်
အပြုံးတစ်စသည် လူတစ်ယောက်ကို အဘယ်မျှ ဆွဲဆောင်နိုင်သနည်း ။ သူများတွေတော့ မသိပါ။ ကျွန်မသည်
ထိုအပြုံး အကြည့်တို့ထဲတွင် တွယ်ညှိနေမိသည်မှာ ကြာရှည်လှပြီ။ အချစ်သည် လူကို မည်မျှ
ရူးသွပ်သွားစေသနည်း။ ကျွန်မကိုယ်တိုင် ရူးသွပ်မိနေ သည်ကတော့ ဖြင့် သေချာလှသည်။
အမှန်စင်စစ်
သူနှင့်ကျွန်မသည် ချစ်နေစဲ ချစ်နေလျှက်ဖြင့် ကျောခိုင်းခဲ့ကြသည်။ သူသည် လွတ်လပ်စွာပျံသန်း
လိုသူ ကျွန်မသည် လှောင်အိမ်တံခါးကို ဖွင့်ပေးခဲ့သူ ဖြစ်သည်။ ချဉ်တိုင်ကို သူမုန်းသည်။
ကျွန်မသည်လည်း ချဉ်တိုင်မ ဖြစ်လို။ လှောင်အိမ်ထဲမှနေပြီ ပြာလွင့်သည့် ကောင်းကင်ပြာကို
အာသာငမ်းငမ်း သူမက်မောနေလျှင်လည်း ကျွန်မ ကိုယ်တိုင် စိတ်ချမ်းသာ ပျော်ရွှင်လှမည်မဟုတ်။
ထို့ကြောင့်လှောင်အိမ်တံခါးကို ဖွင့်ပေးသူသည် ကျွန်မကိုယ်တိုင် သာလျှင် ဖြစ်သည်။
သူနှင့်ကျွန်မ
လမ်းခွဲသည့်နေ့ကဆိုလျှင် ကျွန်မကို အထူးအဆန်းသဖွယ်ကြည့်သည်။ “မင်း မချစ်တတ်တော့ ဘူးလား”ဟု
မေးသည်။ “ရှင်ကရော အချစ်နဲ့ လွတ်လပ်မှု ဘယ်ဟာကို ရွေးမလဲ ” ဟု ပြန်မေးခဲ့မိသည်။ သူသည်
စိတ်ရှုပ်သွားသည့်အလား ခေါင်းကိုခါရမ်းရင်း -
“ကိုယ် မင်းကို တစ်ကယ်ချစ်ခဲ့တာပါ နွေး. ဒါပေမယ့်
” ဒါပေမယ့် နောက်က စကားတို့ကိုဖြင့် ကျွန်မမကြားလို တော့ပါ။ တစ်ကယ်သာချစ်လျှင် လွတ်လပ်မှုကို စွန့်လွတ်နိုင်ပါတယ်။
သူက ကျွန်မကို တစ်ကယ်မချစ်လို့ပါလို့ ထင်ကြလိမ့်မည်။ သူ ကျွန်မကို ချစ်သည်ဆိုသည်မှာ
အမှန်ပင်ဖြစ်သည်။ ဒါပေမယ့် ကျွန်မထက် သူ့ကိုယ်သူ ပိုချစ်သည်။ အစထဲက ကျွန်မရိပ်စားမိခဲ့သည်။
သူသည် တာဝန်ဟူသည်ကို ထမ်းမထားချင်သော သူတစ်ယောက်။ သူစိတ်ကို သူပျော်သလို မောင်းနှင်သော
လူတစ်ယောက်။ လှလှပပ ခပ်ကြော့ကြော့နေမည်။ သူ့ပုခုံးတွင် လေးသော အရာများကို အတင်မခံသော
လူတစ်ယောက်ဖြစ်သည်။
ထို့ကြောင့်ပင် ကျွန်မသည် သူ့အတွက် လေးလံသော
ဝန်ထုပ်ဝန်ပိုး အဖြစ်မခံလိုပါ။ ရှင်သွားပါ။ ကျွန်မတို့ အချစ်ကို ဒီနေရာမှာတင် သတ်လိုက်ကြတာပေါ့လို့
ဇာတ်လမ်းကိုဆုံးခဲ့သည်။ အချစ်ကို တန်ဖိုးထား ကိုးကွယ်သူ ကျွန်မသည် အချစ်ကို ချစ်သာလျှင် ချစ်တတ်ပြီး မကိုးကွယ်သော
ချစ်သူနှင့်ဆုံဆည်းခဲ့ရသည်မှာ ကံကိုသာ ပုံချ
လိုက်ရုံရှိသည်။ သူလဲသူလမ်းသူလျှောက် ကိုယ်လဲကိုယ်လမ်းကိုယ်လျှောက်။
ကျွန်မ ကြေကွဲခဲ့ဖူးပါသည်။ နောင်တတော့ဖြင့်
နည်းနည်းလေးမှမရခဲ့ပါ။ ကျွန်မ၏ စဉ်းစားဆုံးဖြတ်နိုင်မှုသည် မှန်သည်ဟု တစ်ထစ်ချယုံကြည်မိသည်။
ကျွန်မလျှောက်ခဲ့သော လမ်းတွင် သူ့ကိုအရိပ်အယောင်မျှပင် ပြန်မတွေ့ခဲ့ရ။ သြော်..လွတ်လပ်ချင်သူများ
လွတ်ပေးလိုက်တော့လဲ ပျံသန်းသွားလိုက်တာ အရိပ်မျှတောင် မမြင်ရဟု တွေးမိခဲ့သေး သည်။ အေးလေ
ကျောခိုင်းပြီဆိုမှ ဘာလို့များလည်ပြန် ပြန်လှည့်ကြည့်နေမလဲ။ ပြတ်သားသည့် သူ့လုပ်ရပ်သည်မှန်၏
ဆုံးဖြတ်ပြီး တွေဝေစွာမျှော်မိသော ကျွန်မသာမှား၏။
ဒါပေမယ့် သူသည် ကျွန်မ၏ ချစ်ရသူဖြစ်နေစဲ။
သူ့ကို ကျွန်မချစ်သည်။ သူ့ကိုကျွန်မ မုန်းလိုက်လို့မရ။ သူပြုသမျှတို့သည် နာစရာဖြစ်သော်လည်း
ကျွန်မသည် ကိုယ်နာသည်ထက် သူခံစားသွားရမှာကို စိုးရွံတတ်သော မိန်းမလဲ ဖြစ်ခဲ့သေးသည်။
ချစ်ပင်ချစ်သော်လည်း သူ့ကို ပိုင်ဆိုင်လိုသည့် စိတ်မျိုး ကျွန်မထံတွင်မရှိ။ သူ့အနားမှာ
နေရမှ ကျွန်မဘ၀သာယာသည်ဟု မထင်။ ကိုယ့်ဘ၀ကို ကိုယ်တိုင် စိမ်းလန်းအောင် စိုက်တတ်ပြုပြင်တတ်သော
ကျွန်မဖြစ်သည်။ သူနှင့်ဝေးသွားခဲ့ ၍ ၀မ်းမနည်းခဲ့ပါ။ မငိုခဲ့။ ကျွန်မသည် နှလုံးသားကို
တစ်ယုတစ်ယ ထားတတ် သော်လည်း အချစ်နှင့် ရှင်သန်လိုသူမဟုတ်။
ဘ၀သည် ဘ၀ အချစ်သည် အချစ်။
ထို့ကြောင့် ဘ၀ထဲတွင် ကျွန်မနှစ်မျော ပျော်ဝင်ခဲ့သည်။ ထိုအတောအတွင်း စစ်မှန်သော နှလုံးသားတစ်စုံ နှင့်တွေ့သောအခါ
ကျွန်မမျှော်လင့်ခဲ့သော ပျော်ရွှင်စရာကောင်းလှသည့် မိသားစုဘ၀လေးကို အစပျိုးဖို့ ဖြစ်လာခဲ့
သည်။ ကျွန်မသည် မကြာခင်အချစ်စစ်တစ်ခု၏ရင်ခွင်သို့ ခိုဝင်နားရပေတော့မည်။ ကျွန်မပျော်ပါသည်။
ကိုယ်တိုင် ဆုံးဖြတ်ခဲ့သည်ပဲ။ ရွေးချယ်ခဲ့သည့်
လမ်းသည် မှားသည်ဟု နည်းနည်းလေးမှ သံသယမဖြစ်မိ။ ကျွန်မယုံကြည်မိ သည် ဒီတစ်ခေါက် အချစ်၏
ရင်ခွင်သည် ကျွန်မ၏ ဘ၀တွင်ဆုံခဲ့ဖူးသမျှ အချစ်တို့တွင် အအေးမျှဆုံးဖြစ်သည်။
“နွေး ..နွေး မဟုတ်လား”
လှိုက်လှိုက်လှဲလှဲ
ခေါ်သံကြောင့် ကျွန်မလှည့်ကြည့်မိသည်။ တစ်ချိန်က ပျံသန်း ထွက်ခွာ သွားလေသူပဲ ။ သူအရင်လိုပါပဲ
ဘာမှ မပြောင်းလဲသေးဘူး။ သူ့အပြုံးတွေချိုတုန်း။ သူ့စကားတွေ သာယာနေတုန်း။ သံသယဖြစ်မိတာ
တစ်ခုပဲ သူ့မျက်လုံး။ အရင်လိုရောင်ပြေးတွေသိပ်ပြီးမတွေ့ရ။ တည်ငြိမ်မှု လေးနက်မှုတို့ကို
တွေ့လိုက်ရသလိုပင်။
“ကိုယ် နွေးကို လိုက်ရှာနေတာ။ ကြာပြီ။ အရင်အိမ်ကို
လိုက်သွားသေးတယ်။ ပြောင်းသွားပြီဆိုလို့”
အသိအမှတ်ပြုသည်ဆိုယုံမျှ
ခေါင်းညိမ့်ပြီး ပြုံးပြလိုက်မိသည်။ စိတ်သည် အရင်လိုသူနှင့်တွေ့သော အခါကဲ့ သို့ မြူးမနေ။
လှုပ်ရှားမနေ။ အရာရာသည် အေးဆေးငြိမ်သက်။ ကိုယ့်စိတ်ထဲသူသည် သူစိမ်းပြင်ပြင်။ ဒီတော့မှ ခံစားမိသည်။ သြော်.. ငါမကျက်သေးဘူးထင်သည့် အချစ်ဒဏ်ရာသည်
အရှင်းပျောက်ကင်းခဲ့ပြီပဲလို့။
“ကိုယ် နွေးအနားကနေ အဝေးကို ထွက်မသွားသင့်ဘူး။
အဲဒီအချိန်တုန်းက ကိုယ်တိုင် ကိုယ့်ခံစားချက်ကို မဝေခွဲနိုင်ခဲ့တာ”
သူ့မျက်ဝန်းတို့သည်
အားရ၀မ်းသာမှုတို့ဖြင့် ရွှန်းစိုနေသလောက် ကျွန်မ၏ မျက်ဝန်းတို့သည် သူ့ထံတွင်မရှိ။ တစ်စုံတစ်ယောက်ကိုသာ
မျှော်လင့်တောင့်တမိနေသည်။ သို့သော် သူလိမ်ညာနေသည်ဟု ကျွန်မမထင်ပါ။
“နွေး
စောင့်နေရတာ ကြာပြီလား။ ဆောရီးကွာ မောင် နောက်ကျသွားတယ်”
ကျွန်မနှစ်လိုစွာပြုံးလိုက်မိသည်။ ခုမှပင်
ကျွန်မ၏ အပြုံးသည် အလွန်တောက်ပသွား၏။ ပြီးလှမ်းလာသည့် မောင့်ကို လက်ကမ်းကြိုလိုက်ရင်း
မောင့်လက်မောင်းကိုတွဲထားလိုက်မိသည်။ သူသည် ကျွန်မကို နားမလည်နိုင်သော မျက်ဝန်းတို့ဖြင့်ကြည့်၏။
“မောင်
.ဒါကျွန်မပြောပြခဲ့ဖူးတဲ့ အရင်က ပျံသန်းသွားခဲ့ဖူးတဲ့သူလေ။ အမှတ်မထင်တွေ့ကြတာ”
မောင် ကပြုံးပြီး နှုတ်ဆက်၏။ သူ၏ မျက်ဝန်းထဲတွင်
ရုတ်တရက် မျက်ရည်တို့ဝဲသွားသကဲ့သို့ ရှိ၏။
“၀မ်းသာပါတယ် နွေး။ ငါ..ငါ..သွားတော့မယ်။
”
“အိုကေ ..ဘိုင်”
သူနှင့်ကျွန်မ နောက်ဆုံးအကြိမ်တုန်းက သူနှုတ်ဆက်သွားသည့်
ပုံစံမျိုး ကျွန်မသည် သူ့ကို ပြန်လည်နှုတ်ဆက်လိုက် သည်။ သူရုတ်တရက် မှင်သက်သွားသည်။
ပြီးမှ မှတ်မိသွားသလိုနှင့်
“ဘိုင် နွေး” ဟု စကားမဆုံးသေး သူခြေလှမ်းကျဲကြီးများဖြင့်
ကျောခိုင်းထွက်ခွာသွားသည်။
“နွေး ရယ် သူ့ပုံစံကြည့် အသိသာကြီး ဘာလို့ရှုံးနေတဲ့သူကိုမှ
မှတ်ပြီလား လို့မေးပြီး ရိုက်ချင် နေသေးတာတုန်း”
“မောင်. နွေး သူ့ကို တစ်ကယ့် စိတ်ရင်းနဲ့
အပြီးအပိုင်နှုတ်ဆက်လိုက်တာပါ။”
မောင် ကပြုံးနေရင်း
“ငလည်မလေး ကဲပါ ထားတော့ . မင်္ဂလာဆောင် ဖိတ်စာ
design ရွေးမလို့ဆို . ချိန်းထားပြီး နောက်ကျနေပြီ။”
“အိုကေ”
ကျွန်မ၏
ပြောင်စပ်စပ် အိုကေကြောင့် မောင် အားရပါးရရယ်သည်။ ကျွန်မလဲ မောင်နဲ့အတူ လိုက်ပြီး ရယ်မောမိသည်။
စိတ်သည်ခုမှ လွတ်မြောက်သွားသူကဲ့သို့ပင် ။ ပျံသန်းသွားသူအား လှောင်အိမ် တံခါးဖွင့်ပေးအပြီးမှာ
ကျွန်မ၏ စိတ်သည် လှောင်အိမ်ထဲ ရောက် သွားခဲ့သည်ကို ကိုယ်တိုင်မသိလိုက်။ တစ်ကယ်တော့
ဒီနေ့မှ ကျွန်မသည် လှောင်အိမ်ထဲမှ အပြီးထွက် နိုင်ခဲ့သောသူတစ်ယောက် ဖြစ်သည်။
ကဲ
..ရှင်တို့ရော ဘယ်လိုထင်ကြလဲ။ ကျွန်မက အချစ်ကို ကိုးကွယ်သူတစ်ယောက် ဖြစ်ခဲ့ပေမယ့် အချိန်ကာ
လတွေ ပြောင်းရွှေ့သွားတဲ့အခါ ကျွန်မရဲ့ အချစ်ကလည်း ပြောင်းလဲသွားတယ်။ ပျံသန်းသွား သူကတော့
အချစ်ကို အချစ်လို့သိလိုက်တဲ့အချိန်မှာ သူ အချစ်နောက်ကိုလိုက်ခဲ့တယ်။ ဒါပေမယ့်
နောက်ကျသွားပြီ။
ကျွန်မထင်ပါတယ် သူလဲ တစ်ချိန်ချိန်မှာ ကျွန်မလိုပဲ လွတ်မြောက်ပြီး လှောင်အိမ်ထဲကနေ
အပြီးထွက်နိုင်မှာပါနော်။
-----
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ အစ်မစံပယ်(ဂျက်)ရဲ့ tag ပို့စ်လေးကို အကြွေးဆပ်လိုက်ရပါကြောင်း။ သရုပ်ဖော်ပုံလေးကဖြင့် တော်သလိုရှာပြီး အသုံးပြုထားပါသည်ရှင်။
ဖတ်ပြီးပြုံးချင်သွားတယ် အထက်တန်းတုန်းက အကြည့်လေးတချက်ကြောင့် ရင်ထဲမှာလှိုင်းထန်သလိုဖြစ်ခဲ့ဖူးလို့ပါ----အဖြစ်ချင်းတူနေမလားလို့ ခုနေပြန်တွေ့ရင် ရှက်မိမှာသေချာတယ်
ReplyDeleteရေးပေးလို့ကျေးဇူးပါဆွေရေ-------------
သေချာတာပေါ့ အချစ်ဆိုတာ သေသွားတယ်လို့မရှိဘူးလို့ကြားဖူးတယ်။ ^_^
ReplyDeleteအချိန်ကာလတစ်ခုဟာ အမှားအမှန်ဆုံးဖြတ်မှုအတွက် အရေးပါသလို
ReplyDeleteနှလုံးသားကို တည်ငြိမ်ရင့်ကျက်လာနိုင်စွမ်းရှိတယ်...
အားပေးလျက်ပါညီမ...း)
ReplyDeleteပစ်ေ၇းထားတဲ့ကောမက်ဘယ်ရောက်သွားပါလိမ့်
ReplyDelete