Saturday, 27 July 2013

ချစ်တတ်ခဲ့၍ မုန်းတတ်ခဲ့သည်






“မောင်”

“ဟင်”

“ကျွန်မကိုထားခဲ့ဖို့ ဘာလို့ ဆုံးဖြတ်ရတာလဲဟင်။ ကျွန်မကို စွန့်ခွာသွားဖို့ အကြောင်းပြချက် ကြီးကြီးမားမား ရှိလို့ လား။”

“အင်း ရှိတာပေါ့”

စကားတစ်ဝက်တစ်ပျက်နဲ့ ရပ်ထားတဲ့ မောင့်ရဲ့မျက်နှာကို ကျွန်မမျှော်လင့် တစ်ကြီး ကြည့်လိုက်မိတယ်။ မောင် ကတော့ ဟိုးအဝေး တစ်နေရာရာကို သူ့ရဲ့အကြည့်တွေ ပို့လွှတ်ထားရင်း.

“ချစ်မိုး က မောင်ထင်ထားတာထက် မောင့်ကို ပိုချစ်ပေးခဲ့တာ နားလည်ပေးခဲ့တာ အဲဒါက မောင့် ရဲ့ အကြောင်းပြချက်ပဲ”

“ချစ်သူနှစ်ဦးဆိုတဲ့ ပြယု့ဂ်မှာ အဓိကကျတာက အဲဒီလို ချစ်တတ်ဖို့ ချစ်နေဖို့ပဲ မဟုတ်ဘူးလား မောင်”

“ချစ်မိုးနဲ့ မတွေ့ခင်က မိန်းမ တစ်ယောက်ကို မောင် ချစ်ခဲ့ဖူး..”

မောင့် စကားမဆုံးခင်မှာပဲ ….
“အဲဒါတွေ မပြောပါနဲ့တော့ မောင် ။ ကျွန်မနားလည်ပေးထားခဲ့ပြီးသား။ ”

“မောင်…… ချစ်မိုးကို သနားတယ် . အားနာတယ်. ကိုယ့်ကိုယ်ကို လည်း မုန်းတယ်။ ”

ချစ်မိုးတိမ် ဆိုတဲ့ကျွန်မ နောက်ဆုံးအနေနဲ့ ချစ်ခဲ့မိတဲ့ အချစ်ဦးကို အယူခံ ၀င်ကြည့်မိတယ်။

“မောင့်ကို ကျွန်မ အရမ်းချစ်ခဲ့တာပါ မောင်ရယ်”

ကျွန်မမောင့်ရဲ့ ပုခုံးလေးပေါ်ကို ခေါင်းလေးမှီလိုက်ဖို့ ကြိုးစားလိုက်တယ် ဆိုရင်ပဲ..

“ချစ်မိုးဘ၀မှာ မောင့်ထက် ချစ်မိုးကို ပိုချစ်ပေးမယ့်သူတစ်ယောက် ရှိလာအုန်းမှာပါ။ မောင် ကိုယ်တိုင်ကလည်း ချစ်မိုး အချစ်အတွက် နောက်တစ်ခေါက် ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ မောင့် ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့ ချစ်မိုး”

အလျင်စလို ရုတ်တရက်ထွက်ခွာသွားတဲ့ မောင့်ရဲ့ ကျောပြင်ကို ကြည့်ရင်း  ရင်ထဲက လှိုက်လှိုက်လှဲလှဲ အော်ခေါ်ခဲ့မိတယ်။ မောင် ပြန်လာနိုးနိုးနဲ့ပေါ့.

“မောင်…”!!!!!!!!!!!!!!!!!!!!!!

နောက်ထပ် နှစ်အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ ဒေါက်တာဝေဦး ဆိုတဲ့ ဒုတိယချစ်သူတစ်ယောက်ကို ကျွန်မပိုင်ဆိုင်ခဲ့ရပြန်တယ်။

“ချစ်မိုး ကိုယ်တို့နှစ်ယောက် ဒီကမ္ဘာကြီးထဲကနေ အဝေးကို တူတူထွက်ပြေးရအောင်. ကို့နောက်ကို လိုက်မယ် မဟုတ်လား ဟင်။”

“အဟင်း..”

“ဘာရီတာလဲ ချစ်မိုးရဲ့ ကိုယ် က တစ်ကယ် အတည်ပြောနေတာ.”

“ဒါဆို ကျွန်မမေးမယ်နော်. အမှန်အတိုင်းတော့ ဖြေရမှာနော်”

“အင်း မေးကြည့်လေ”

“ခုနေ ကို့ အိမ်ကနေ ကို့ အမေ နေမကောင်းဘူးလို့ ဖုန်းလာတယ် ဆိုပါစို့။ ကျွန်မကလည်း ကို့နောက်ကို လိုက်ခဲ့ဖို့ အသင့်ပဲဆိုပါစို့။ ကို .. ဘယ်သူ့ကို ရွေးမလဲ”

“မိုးတိမ် ကိုပဲ..”

အဲဒီနေ့က သူ့စကားမဆုံးလိုက်ပါဘူး။ သူ့အိမ်က ဖုန်းဝင်လာတယ်။ သူ့အမေ နေမကောင်းလို့တဲ့။ နှုတ်ဆက်စကားတောင် အေးအေးဆေးဆေး မဆိုလိုက်နိုင်ပါဘူး။ သူလဲ အလျင်စလို ထွက်ခွာသွားခဲ့တာပါပဲ။ နောက်တစ်နေ့မှာတော့ သူနဲ့ သူတို့အသိုင်းအ၀န်းထဲက မိန်းမတစ်ယောက်ရဲ့ စေ့စပ်ကြောင်းလမ်းခြင်း သတင်း သတင်းစာထဲမှာ ပါလာခဲ့တယ်။ ကျွန်မထူးပြီးတော့လည်း ငိုမနေတော့ပါဘူး။သူပြန်လှည့်လာနိုးနဲ့ အော်ခေါ်နိုင်တဲ့ အင်အားတွေလည်း ကျွန်မမှာ မရှိတော့ ပါဘူး။ ကျွန်မကိုယ်တိုင်ကိုက  ချစ်ကံဆိုးသူတစ်ယောက်ဖြစ်နေပြီးနဲ့ တူပါတယ်။
         
                   ကျွန်မ နောက်ထပ် အချစ်ဆိုတာကို ထပ်ပြီး လက်မခံရဲတော့ ဘူး။ နာကြင်ရတာ ကြေကွဲရတာတွေက ကျွန်မအတွက် လုံလောက်နေပါပြီ။ဒါပေမယ့် လောကကြီးကတော့ ကျွန်မကို  နာကြင်ခံစားမှုတွေထဲက ရုန်းမထွက်စေချင်ဘူးနဲ့ တူပါရဲ့။ ကျော် နဲ့ ဆုံတွေ့ခဲ့ပြန်တယ်။ ကျွန်မဘ၀ရဲ့ အချစ်အတွက် နောက်ဆုံးအကြိမ် အနေနဲ့ အားတင်းပြီး ထပ်ပြီးတော့ ကံစမ်းခဲ့ပြန်တယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ စိုးရိမ်ကြောင့်ကြမှုတွေကတော့ အပြည့်ပေါ့။  ကျွန်မက ခဲမှန်ဘူးတဲ့ စာသူငယ်လေ။

“ကျော်.. အရင်တုန်းက ရည်စားထားဘူးလားဟင်.”

“အင်း ထားဘူးတာပေါ့။ ဒီအရွယ်ရောက်မှ အမြီးမပေါက် ဘာမျောက်လဲ ဖြစ်နေမှာပေါ့”

“ဟားဟား ဒါဆို ကျော် ကမျောက်ပေါ့.”

“အင်း .. ဒါပေါ့.ဟားဟား…ဟား”

ကျော် သူဘာသာသူ သဘောကျပြီး ရီတယ်။

“အင်း ဒါပေမယ့် ကို့ရဲ့ အရင်ချစ်ခဲ့ဖူးတဲ့ မိန်းမနဲ့ ချစ်မိုးနဲ့က ဆီနဲ့ ရေလို ကွာခြားတယ်။ ချစ်မိုးက အရမ်းဖြူစင်တယ် ။ အဲဒီမိန်းမက ကောက်ကျစ်တယ်။စဉ်းလဲတယ်။  ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း နှစ်ယောက်ကြားထဲမှာ ရန်တိုက်ပေးပြီး သာတဲ့ဘက်ကို ရွေးတတ်တဲ့ မိန်းမမျိုး။ အဲဒီမိန်းမရဲ့ အကြောင်းတွေကို သိလိုက်တဲ့ အချိန်မှာပဲ ကိုယ်တို့နှစ်ယောက်လုံး အဲဒီမိန်းမနဲ့ ဝေးရာကို ထွက်ပြေးခဲ့ကြတာ။ အဲဒီနောက်ပိုင်း ဘယ်မိန်းမနဲ့မှ ကိုယ် မပတ်သတ်ခဲ့တော့ ဘူး။ ချစ်မိုး နဲ့ကြမှပဲ ဈာန်လျောတော့ တာ. ဟားဟား”

“ဘာဖြစ်လို့ ချစ်သွားတာလဲဟင် ကျော်”

“ကိုယ်လဲ အချစ်ကြောင့် နာကျင်ခံစားခဲ့ ရသလို ချစ်မိုးလည်း ခံစားနေရတာပဲ ဆိုပြီး စာနာရင်း သနားရင်းနဲ့ ချစ်မိသွားခဲ့တာ”

ဒီတစ်ခါတော့ ကျွန်မ အချစ်အတွက်ကံကောင်းပြီးလို့ တစ်ထစ်ချယုံကြည်လိုက်မိတယ်။ ကျွန်မတစ်ကယ် ကံကောင်းခဲ့ပြီနဲ့ တူပါတယ်။

“ဟလို ချစ်မိုးလား ကိုယ် တို့လာနေပြီနော်။ လှလှလေး ပြင်ထားနော် သိလား။ အင်း ..အင်း ပါ သိပါတယ်။ ဒါပဲနော်. ကိုယ် အရမ်း ပျော်နေတယ် သိလား။ ”

ကျွန်မ ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်လိုက်မိတယ်။ ကျွန်မ စိတ်ထင် လှနေမယ်လို့ ထင်တာပဲ။ကျွန်မ လှနေမှကို ဖြစ်မှာ ဘာလို့လဲဆိုတော့ ဒီနေ့ ကျော်နဲ့ ကျွန်မတို့ရဲ့ လူကြီးစုံရာနဲ့ စေ့စပ်ကြောင်းလမ်းပွဲလေးမှာ ကျွန်မလှနေမှကို ဖြစ်မှာ။

“ကဲ.. အထွေအထူးတော့ပြောစရာ မရှိတော့ပါဘူး။ ကလေးတွေချင်းလဲ အဆင်ပြေပြီးသား ဆိုတော့ ကျွန်တော်တို့ လက်ထပ်ရက်ကလေးပဲ သတ်မှတ်လောက်ရအောင်။”

ဒါက ကျော့် ဖေဖေရဲ့ စကားဦး

“ဒါပေါ့ဗျာ ကျွန်တော်တို့ဘက်ကလည်း အထွေအထူး ဘာမှ ပြောစရာမရှိပါဘူး။ကလေးတွေရဲ့ မင်္ဂလာရက်လေးကိုပဲ နေ့ကောင်းရက်သာ ရွေးလိုက်ကြတာပေါ့။ ပြောလဲပြော ကော်ဖီနဲ့ မုန့်လေးတွေလဲ သုံးဆောင်ကြပါအုန်းဗျာ”

ဒါက ကျွန်မဖေဖေရဲ့ စကားပိတ်။ ကျော် တစ်ယောက်ကတော့ သူ့ရဲ့အပျော်တွေကို ဖုံးလို့မရလောက်အောင်ကို မျက်နှာက ပြုံးနေတာ။

“ချစ်မိုး ကို စရံတစ်ဝက်သက်ပြီးပြီနော်.။ နောက် တစ်ဝက်ဆိုရင်တော့ လားကွာ..”

ကျွန်မအနားနားကပ်ပြီး လာပြီးစနေတဲ့ကျော့်ကို မျက်စောင်းထိုးပစ်လိုက်တယ်။ ကျော်ကတော့ သဘောအကျကြီးကျလို့ လူကြီးတွေမရိပ်မိအောင် ကြိတ်ရယ်နေတယ်။ ကျော် ပျော်နေသလို ကျွန်မလဲ ပျော်နေပါတယ် လို့.

“ဒီမှာ ဒီမှာ ဒါက ဘာပွဲလုပ်နေကြတာလဲ။ ကိုကျော်ထက်ခေါင် ကျွန်မက ရှင့်ရဲ့ ပထမ မိန်းမဆိုတာ ရှင်သိပါတယ်နော်။.”

အသံခပ်စာစာနဲ့ အိမ်ထဲကို ၀င်လာတဲ့ အမည်မသိ အမျိုးသမီးတစ်ယောက်။

“မင်း..မင်း ..ဒီကို ဘယ်လိုရောက်လာတာလဲ။ ချစ်မိုး .. ကို အဲဒီလိုယောက်ကျားမဟုတ်ဘူး။ ဒီမှာ ခင်ဗျား ပြန်ရှင်းပါ ။ ကျွန်တော့်ကို ခုထိ ဒုက္ခတွေလိုက်ပြီး ပေးနေတုန်းလား”

ကျွန်မကတော့ ရုတ်တရုတ်ပြောင်းလဲသွားတဲ့ အခြေအနေတွေကြောင့် မျက်လုံးတွေ ပြာဝေပြီး အသက်ရှုလို့တောင်မ၀ဘူး။  ပြီးတော့ ရှက်တဲ့စိတ်…. ကျွန်မနေရာကနေထပြီး ထွက်ပြေးသွားဖို့ မတ်တပ်ရပ်လိုက်တယ် ဆိုရင်ပဲ ရင်ဘတ်ထဲက စူးကနဲအောင့်သွားခြင်းနဲ့ အတူ ကျွန်မ ယိုင်ကနဲ ဖြစ်သွားတယ်။မျက်ရည်တွေ ဝေတ၀ါးကြားမှာ ကျော် ပြောလဲပြော ကျွန်မကို ထိန်းပေးဖို့ ပြေးလာတာ မြင်လိုက်တယ်.
         
“ချစ်မိုး ..ကိုယ်တစ်ကယ်ချစ်တာပါကွာ။ ကိုယ့်ကြောင့် ချစ်မိုး နောက်ထပ် မနာကြင်စေရဘူး မခံစားစေရဘူး။ ကိုယ် အဲဒီလို ယောက်ကျားမျိုးမဟုတ်ဘူး. ချစ်မိုးကို ကာကွယ်ပေးမှာ ။ ကိုယ့် ကို ယုံပါနော်။ ချစ်မိုး ကိုယ်.. ”

ကျွန်မကို ထိန်းပေးမယ့် ကျော့်ရဲ့လက်တွေက လေထဲမှာ ရပ်တန့်သွားတယ်။ ပြီးတော့ ကျွန်မရဲ့ ရှေ့မှာပဲ ကျော် တစ်ဖြည်းဖြည်းချင်း ပြိုလဲကြသွားတယ်။ နောက်ဆုံးအချိန်ထိ ကျော် ကျွန်မကို ပြောသွားတာက။

“ချစ်မိုး ကို တစ်ကယ်ချစ်တာပါကွာတဲ့.”

ကျွန်မအပေါ်မှာ အရမ်းရက်စက်ရာကျခဲ့တဲ့နေ့။ အဲဒီနေ့က ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် စိတ်လှုပ်ရှားခြင်းတွေ ပြင်းထန်ပြီ အရင်ထဲက နှလုံးအားနည်းတဲ့ အခံရှိနေတာကြောင့် ရုတ်တရက်လျော့ဖြစ်ပြီး နှလုံးခုန်ရပ်သွားခဲ့တယ်။ လောကကြီးထဲကနေ အပြီးအပိုင် ထွက်သွားခဲ့တယ်။ ကျွန်မ တစ်ယောက်ထဲ ကျန်ခဲ့တယ်။ ကျွန်မရဲ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့တဲ့ အဲဒီမိန်းမကတော့ ကျော်အရင်တုန်းက ပြောပြခဲ့ဘူးတဲ့ အဆက်ဟောင်းပါပဲ။ ဒါပေမယ့် သူမပြောသလိုတော့ မဟုတ်ခဲ့ပါဘူး။ သူမကိုယ်တိုင်လာတောင်းပန်ခဲ့ပါတယ်။ ဂလဲ့စားချေချင်ရုံလေးပါပဲတဲ့. အဲဒီလောက်ထိဖြစ်သွားမယ်လို့ မထင်ခဲ့ပါဘူးတဲ့။ လူတစ်ယောက်လုံးတောင် သေသွားခဲ့ပြီးပဲ။ ကျွန်မ ဘာမှပြောစရာလဲ မရှိတော့ပါဘူး။
         
          အပြစ်တင်ခြင်ရင် ကျွန်မရဲ့ ကံကြမ္မာကိုယ်ပဲ တင်ရတော့မှာပဲ။ အဒီနေ့ကနေစပြီး ကျွန်မဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချခဲ့တယ်။ ကျွန်မဘ၀ထဲကို ဘယ်တော့မှ အချစ်ဆိုတာကို အ၀င်မခံတော့ ဘူးလို့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင် ကိုယ့်ရဲ့ ကံကြမ္မာကို မယုံကြည်တော့ လို့ ပါပဲ။

          အဲဒီလို မိန်းမမျိုးကိုမှ မြင်မြင်ချင်း ချစ်ခဲ့မိတာ ကျွန်တော့်ရဲ့ ကံဆိုးမှုပဲ။ ဒါပေမယ့် ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ဘယ်လိုမိန်းမမျိုးကိုမှ မျက်စိထဲ မြင်ခဲ့တာ မဟုတ်ဘူး။ သူမနဲ့ ကျမှ သူမနဲ့ကျမှ ဘာကိုမှ ဂရုမစိုက်နိုင်လောက်အောင် ချစ်မိသွားခဲ့တာ။ သူမနဲ့ ဆုံတွေ့ပုံလေးကိုးက ကျွန်တော့်အတွက် မမေ့နိုင်စရာ.

“ဒီမှာ. “

ကုမ္ပဏီမှာ အလုပ်တွေများလွန်းလို့ စိတ်ပြေလက်ပျောက်ဆိုပြီး သူတစ်ယောက်တည်း ခရီးထွက်လာခဲ့တာ။ ရက်ကတိုတိုနဲ့ အေးချမ်းမယ့်နေရာဆိုတော့ ကျိုက်ထီးရိုးဘုရားဖူးပဲရှိတယ်။ ကားလဲမမောင်းချင်တာနဲ့ express ကားနဲ့ပဲ ခရီးထွက်ခဲ့လိုက်တယ်။ ကုမ္ပဏီကနေ အလုပ်ပြီးတာနဲ့ တစ်ခါထဲ လာခဲ့ရတာမို့ ပင်ပန်းပြီး သူအိပ်ပျော်သွားခဲ့သည် ထင်သည်။ ဘေးနားက အမျိုးသမီးတစ်ယောက်ရဲ့ အသံကြားမှ သူလန့်နိုးလာခဲ့သည်။

“ဆောရီး ဆောရီး ဗျာ။ ကျွန်တော် ပင်ပန်းလို့ ထင်တယ်။ ”

“ကျွန်မသိပါတယ် ရှင်ပင်ပန်းနေမှန်း. ဒါပေမယ့် ရှင်ကျွန်မဘက်ကိုတော့ ငိုက်ငိုက်မလာနဲ့။ ဒီတစ်ခါ ငိုက်လာလို့ကတော့ ဟောဒီက ရေသန့်ဘူးနဲ့ လောင်းပြီသာမှတ်. ”

“အိုကေ..အိုကေ..”

……….
“အား…………………….”

ကျွန်တော့်မျက်နှာကို ရေနဲ့ ပက်လိုက်တာကြောင့် အိပ်ပျော်နေရာက လန့်ပြီးထအော်လိုက်မိတယ်။ ကျွန်တော့် ရဲ့ အော်သံကြောင့် တစ်ကားလုံးကလူတွေလည်း နိုးကုန်ကြတယ်။ကျွန်တော်လဲ စိတ်တိုသွားတယ်။ ကျွန်တော့် တစ်ကိုယ်လုံးစိုကုန်ပြီလေ။

“ခင်ဗျား ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ.။”
သူမကတော့ အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။

“ရှင့်ကို ကျွန်မ ပြောပြီးသားပဲ နောက်တစ်ခေါက်ဆို ရေနဲ့လောင်းမယ်လို့။ ရှင်ပဲ အိုကေဆို”

“မင်း..မင်း..”

ပြောပြီးသူမကတော့ ဟိုဘက်လှည့်လို့ စောင်ခြုံပြီးပြန်အိပ်တယ်။ ထီမထင်တဲ့ သူမရဲ့ အပြုအမူကြောင့် စိတ်အချဉ်ပေါက်မိတာတော့ အမှန်ပဲ ။ ဘယ်လို မိန်းမမျိုးမှန်းကို မသိဘူး။ အေးလေ ကိုယ်ကလဲ ကိုယ့်အမှားနဲ့ ကိုယ်ဆိုတော့ .ဘာမှ ပြန်မပြောသာဘူး။ လောလောဆယ်တော့ air con ဒီလောက်တင်ထားသည့် ကားထဲမှာ သူချမ်းလိုက်တာမပြောနှင့် ။ လဲဖို့ အင်ကျီကလည်း ready မရှိ။ ရေစိုနေတာရော ချမ်းတဲ့ အရှိန်ရောကြောင့် သူတော်တော်နှင့် အိပ်လို့မပျော်။နောက်တော့ မှေးကနဲ ဖြစ်သွားပြန်သည်။

“ကားပေါ်ပါလာတဲ့ ခရီးသည်များခင်ဗျာ။ ကားအောက်ဆင်းပြီး အပေါ့အပါးသွားလို့ ရပါတယ်။ ညလယ်စာ စားသောက်လို့ ရပါတယ် ခင်ဗျာ။”

ကားစပါယ်ယာရဲ့ အော်သံကြောင့် ကျွန်တော်လန့်နိုးလာခဲ့တယ်။ ကျွန်တော့ ကိုယ်ပေါ်ခြုံထားတဲ့ စောင်တစ်ထည်။ ကျွန်တော့် စောင်လဲမဟုတ်ပါဘူး။

“ရှင် ချမ်းနေမှာ စိုးလို့ ကျွန်မရဲ့စောင်နဲ့ ခြုံပေးထားတာ။ ရှင်အိတ်ယူရတာလွယ်ရင် အင်ကျီလဲလိုက်လေ တော်ကြာခရီးမှာ ဖျားနေအုန်းမယ်.”

ဘေးနားမှ အသံကြောင့် လှည့်ကြည့်လိုက်တော့ သူမ။

“ကျေးဇူးဗျာ။ အဲလိုမှန်းခင်ဗျား နားလည်ရင် အစောကြီးထဲက ရေနဲ့ မလောင်းသင့်ဘူး”

သူမကတော့ တစ်ချက်လှည့်ကြည့်ရင်း ဘာမှမတတ်နိုင်ဘူးဆိုသည့် သဘောနဲ့ ပုခုံးတစ်ချက်တွန့်ပြရင်း ကားအောက်ကို ဆင်းသွားသည်။ ကျွန်တော့်မှာသာ စိတ်ထဲမှာ ဒေါသက တစ်နုံ့နုံ့။ဒါပေမယ့် စောင်ခြုံပေးသည့် အတွက်တော့ ကျေးဇူးတင်ရမည်။

“ဟင် ..ရှင့်အင်ကျီလဲလို့ မရဘူးလား”

ကျွန်တော်လဲ ခုမှဆိုတဲ့ အကြည့်နဲ့ ကြည့်ရင်း.

“ကျွန်တော့် အိတ်က မလွယ်ဘူးတဲ့ သေးတော့ အထဲရောက်နေတယ်”

“သြော်။ ရှင်မရွံ့တတ်ဘူးဆိုရင်ပေါ့နော်။ ကျွန်မရဲ့ အနွေးထည် ဆော်တာအင်ကျီ ခေါင်းစွပ်လေး ၀တ်ထားပါလား။ အရမ်းချမ်းနေမှာ စိုးလို့ လွယ်တဲ့ အိတ်ထဲထည့်လာတာ။ ယူမလား။ ”

ခုမှတော့ မတတ်နိုင် ရေစိုအင်ကျီနဲ့ နေတာထက် သူမရဲ့ အင်ကျီပဲ ယူဝတ်လိုက်ရသည်။ ခုကျတော့ လည်း သူမကို ဒေါသတွေ ပြေသွားသလိုလိုပင်။

“ကျေးဇူးပါပဲ။ ကျွန်တော့်နာမည်က ထွန်းသစ်စ ပါ။ ခင်ဗျားရော ခရီးထွက်လာတာ တစ်ယောက်ထဲလား အဖေါ်တွေဘာတွေ မပါဘူးလား။ ”

“ကျွန်မနာမည်က ချစ်မိုးတိမ် ပါ။ ဒီလိုပါပဲ တစ်ခါတစ်လေ ကျွန်မတစ်ယောက်တည်း ခရီးထွက်တတ်တယ်။ စိတ်ပြေလက်ပျောက်ပေါ့”
“ခင်ဗျားက ဘ၀င်မမြင့်တတ်ဘူး မာနမကြီးတတ်ဘူးဆိုရင်ပေါ့ ကျွန်တော်လဲ တစ်ယောက်တည်းပဲ ဗျ။ သူငယ်ချင်း မိတ်ဆွေ တွေပေါ့။ ဘယ်လိုလဲ မကောင်းဘူးလား.”

“အင်း.. ကောင်းပါတယ်။ အဖော်ရတာပေါ့။ကျွန်မ အိပ်ရေးမ၀သေးလို့ ပြန်အိပ်လိုက်အုန်းမယ်။”

“Morning ကိုထွန်းသစ်စ။ ရှင်ဘယ်အချိန် တောင်ပေါ်တက်မှာလဲ။ တောင်ပေါ်တက်တဲ့ ကားတွေက ၆ နာရီ စတက်မယ်ပြောတယ်။ ကျွန်မကတော့ မနက်စာ စားပြီးရင် ကားဂိတ်သွားတော့မှာ။”

“Morning ချစ်မိုးတိမ်။ ကျွန်တော့်နာမည်ကို သူငယ်ချင်းတွေ ခေါ်သလို ရင်းရင်းနှီးနှီး အစ လို့ပဲခေါ်ပါ။ ကျွန်တော်လဲ မနက်စာစားပြီး ကားဂိတ်သွားမလားလို့ ။ တူတူသွားကြတာပေါ့။လာဗျာ မနက်စာ ကျွန်တော် ဒါကာခံပါ့မယ်”

“အဟင်း ကျွန်မနာမည်ကိုလဲ သူငယ်ချင်းတွေခေါ်သလို ချစ်မိုး လို့ ပဲ ခေါ်ပါ။ ဒါဆိုရင်တော့ မငြင်းတော့ ဘူးနော် တောင်ပေါ်ရောက်ရင်တော့ နေ့လည်စာ ကျွန်မပြန်ကျွေးမယ်။ အိုကေ..”

မနက် အိပ်ရာနိုးထကာစ။ မျက်လုံးလေးတွေ အစ်ပြီး cream ခပ်ပါးပါးလိမ်းထားပုံရသည့် သူမ မျက်နှာပြောင်ပြောင်တင်းတင်းလေးက တစ်မျိုးချစ်ဖို့ ကောင်းနေပြီးသား။ ဒါကို သူမက ချစ်စဖွယ် အိုကေ ဆိုပြီး ဟန်ပန်လေးနဲ့ လက်ကလေးထောင်ပြတော့ ဒီကောင့်ရဲ့နှလုံးသား ကြွေပြီးပေါ့ဗျာ။ အပြစ်ကင်းစင် လိုက်တာ ချစ်မိုး ရယ်လို့ စိတ်ထဲကနေ ပြောလိုက်မိတယ်။

“အိုကေ…”

အဲဒီထဲက ကျွန်တော့်နှလုံးသားထဲမှာ ချစ်မိုး ရောက်လာခဲ့တာ။ တစ်ခါတစ်ခါ ကလေးဆန်ဆန် လွတ်လပ်ပေါ့ပါးပြီး ပျော်နေတတ်သလောက်။ တစ်ခါတစ်ရံ ကျတော့ လဲ သူမရဲ့ မျက်နှာလေးက ပြိုတော့မယ့် မိုးလို့ အုံ့မှိုင်းပြီး ငေးနေတတ်တယ်။  တစ်ခါတစ်လေ ကျတော့ လဲ

“အစ”

“ဗျာ”

“ရှင် ချစ်ခဲ့ဖူးလား”

“ဗျာ”

“အချစ်ဝင်လာရင် လက်မခံနဲ့ သိလား. အချစ်က နာကြင်စေတယ်”

“အင်း”

တစ်ခါတစ်လေကျပြန်တော့လည်း

“အစ ရည်းစားထားတော့လေ  company ပိုင်ရှင် လူပျိုကြီး အချိန်တွေ လွန်ကုန်ရင် မကောင်းဘူးနော်. ”

ဆိုတာမျိုး။ အဲဒီအခါကျရင် ကျွန်တော့် စိတ်ထဲကနေပဲ ပြန်ဖြေလိုက်မိတယ်။

ကျွန်တော်ချစ်နေတဲ့ ကောင်မလေးက ကျွန်တော့်ကို ခုထိ သူ့မျက်လုံးထဲမှာ မမြင်သေးဘူးဗျာလို့။ ဒါပေမယ့် ချစ်မိုးရဲ့ အတိတ်တွေကို ပိုပြီးသိလာလေလေ ကျွန်တော်ရဲ့ အချစ်တွေကလဲ ပိုပြီးမျှော်လင့်ချက်တွေ သေသေသွားလေပဲ။ ဒါပေမယ့် ခက်တယ်ဗျာ ကျွန်တော် ချစ်မိုးကို မေ့လို့မရဘူး။ ချစ်မိုးကို တစ်ရက်လေး မမြင်ရရင်တောင် စိတ်ထဲမှာ တစ်ခုခုလိုနေသလိုပဲ။ တစ်ပတ်များဆို ကျွန်တော်ဗျာ ပင်ပန်းနေလိုက်တာ။ အဲဒီလောက်ရူးနေတဲ့ ကျွန်တော် မျှော်လင့်ချက်တွေ သေသွားပေမယ့်လည်း ချစ်မိုးနားကနေ ခပ်ဝေးဝေး ကို ဘယ်လိုများပြေးမလဲ။

“ဟယ်လို အစလား”

“အင်း..ဟုတ်တယ်”

“မနက်ဖြန်အားလားဟင်”

“အဟင်း ချစ်မိုးကတော့ လုပ်ပြီး မနက်ဖြန်မှ သောကြာလေ ဘယ်လိုလုပ်ပြီး ရုံးပိတ်မှာတုန်း ”

“အော် အင်း.. ဒါဆိုလဲ ဒါပဲလေနော်.”

ပြောချင်ရာပြောပြီ ဖုန်းချသွားသည်။ မဖြစ်သေးပါဘူး။ ချစ်မိုး ကိုကြည့်ရတာ တစ်ခါတစ်လေ အရမ်းလျို့ဝှက်နက်နဲ နေသလိုပင်။ ချစ်မိုး ရဲ့ စိတ်ကို သူခန့်မှန်းလို့ မရ။ သူဖုန်းပြန်ခေါ်လိုက်သည်။

“ဟလို ချစ်မိုးလား။ အင်း. ချစ်မိုးရယ် ကိစ္စရှိလဲ ပြောလေ။ ကျွန်တော်ကူညီပေးမှာပေါ့။ အလုပ်မှာက ကျွန်တော်က ပိုင်ရှင်ပဲဗျာ ။ အစည်းအဝေးမရှိတဲ့ ရက်ဆို ရုံးမပိတ်ပေမယ့် ကျွန်တော်အားပါတယ်။”

“တစ်ကယ်လားဟင်”

“ဒါဆိုရင်လေ ကျွန်မကို ချောင်းသာလိုက်ပို့ပေးပါလား။ ခုကျွန်မ ကမ်းစပ်ကို အရမ်းသွားချင်နေတယ်။”

“ခုလား. ”

“အင်း ..”

“ဒါဆိုချစ်မိုး ပြင်ဆင်ထားလိုက်လေ။ ကျွန်တော် နောက် ၁ နာရီလောက်ဆို ချစ်မိုးတို့ အိမ်ရှေ့ကို ရောက်မယ်။”

“အင်း. ကျေးဇူးအရမ်းတင်ပါတယ်နော် အစ။”

…မနက်ဝေလီ ဝေလင်း ပယ်လယ်ကမ်းစပ်နားကိုရောက်ပြီ ဆိုတာနဲ့…သူမ ကားပေါ်ကနေပြေးဆင်းသွားတယ်။ ပြီးတော့ သူမအသံကုန်အော်ဟစ်နေတော့ တယ်။

“အား………………………………………”

ခဏနေတော့ သူမ သဲသောင်ပြင်ပေါ်ကို ခွေလဲပြီး ပြိုကျသွားတယ်။ သူ ကားပေါ်ကနေ အပြေးလေးဆင်းလိုက်ရင်း

“ချစ်မိုး ချစ်မိုး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ .ချစ်မိုး”

စိုးရိမ်စိတ်တွေနဲ့ သူမကို ပွေ့ပြီး ဆေးခန်းရှိရာမေးမြန်းပြီး ပြေးခဲ့ရပြန်တယ်။

“စိတ်တွေအရမ်းလှုပ်ရှားလွန်းလို့ လျှော့ဖြစ်သွားတာပါ။ အနားယူလိုက်ရင် ကောင်းသွားမှာပါ ။ ကျွန်တော် ဆေးတစ်လုံးထိုးပေးလိုက်တယ်။ ဘာမှ စိတ်ပူစရာမရှိဘူးနော်။ ”

ဟူး …ချစ်မိုးရယ် ကျွန်တော်သာ ချစ်မိုးအစားဝေဒနာတွေ ခံစားပေးလိုက်ချင်တယ်။ ဘာဖြစ်လို့များ ချစ်မိုးစိတ်တွေ လှုပ်ရှားလွန်းနေခဲ့တာလဲ။

“ကျော် မသွားနဲ့လေ။ ဟင့်အင်း ကျွန်မ အစ ကို မချစ်ဘူး။ ကျော် ကျွန်မကို စိတ်ချပြီး ထားခဲ့လို့မရဘူး။ ဟင့်အင်း မသွားနဲ့လေ ကျော်..ကျော်…ကျွန်မကျော့်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ”

“ကျော် ကတောင် ကျွန်မကို အသက်ပေးပြီး ချစ်ပြသွားရဲသေးတာပဲ။ ဟင့်အင်း မသွားပါနဲ့ ကျော်..ဟင့်အင်း ကျော်…ကျော်”

“ချစ်မိုး သတိထားလေး သတိထား ကျွန်တော် ဘေးနားမှာ ရှိတယ်”

သူမ မျက်လုံးလေးတွေ ပွင့်လာတယ်။ ပြီးတော့

“ကျော်လားဟင် ချစ်မိုး ဘေးနားကနေ ဘယ်မှ ထွက်မသွားနဲ့နော်.”

သူ့ရဲ့ လက်ကို ကိုင်စွဲပြီး ပြောနေတဲ့ သူမကြောင့် သူအလျင်စလိုပဲ ခေါင်းညိမ့်ပြလိုက်တယ်။

“အင်း ကိုယ် ချစ်မိုးဘေးနားမှာပဲ နေမှာနော်”

သူမ ပြုံးပြီးမျက်လုံးလေးတွေ ပြန်မှိတ်သွားပြန်တယ်။ ဆေးအရှိန်နှင့် အိပ်ပျော်သွားပြန်ပြီထင်။ သူမကုတင်ဘေးမှာ ထိုင်ချလိုက်ရင် သူငိုကြွေးလိုက်မိတယ်။ ဘာကြောင့်များ ကျွန်တော့်ရဲ့ အချစ်က မမွေးဖွားခင်ထဲက သေဆုံးခဲ့ရတာလဲဗျာ…

နောက်မှ ကျွန်တော်သိခဲ့ရတယ် အဲဒီပင်လယ်ကို သွားတဲ့နေ့က ကျော် သေဆုံးခဲ့တာ သုံးနှစ်တင်းတင်းပြည့်ခဲ့တဲ့နေ့။ ဟူး ကျွန်တော် အရမ်းပင်ပန်းတယ်ဗျာ။ ချစ်မိုးကိုလည်း သနားတယ်။ ဒါပေမယ့်

“ကျွန်မကို ချစ်တယ်လို့ မပြောပါနဲ့ လား အစ။ အစရဲ့ အချစ်ကို မယုံကြည်လို့ မဟုတ်ပါဘူး။ ကျွန်မရဲ့ အချစ်ကံကြမ္မာကို မယုံတော့တာပါ”


ဒီလိုနဲ့တစ်နေ့တော့ ကျွန်တော့်ရဲ့ အချစ်တွေကို သေမိန့်ပေးရမယ့် နေ့ ကို ရောက်လာခဲ့တယ်။

“ဟယ် အထွန်းလေး ဘယ်လာတာလဲ။”

“ကျွန်တော် မိတ်ဆွေတစ်ယောက်နဲ့ပါ မလေး။ သူဈေးဝယ်လာတာ လိုက်လာတာလေ။ ဟော ဟိုမှာ သူလာနေပြီ။”

“ချစ်မိုး ဒါ ကိုယ့်အမ ၀မ်းကွဲလေ ကိုယ်တို့ ငယ်ငယ်က ဆို တစ်အိမ်ထဲမှာ တူတူနေကြတာ။”

“သူက ရှင့်အစ်မလား။  နောက်နေ့တွေက စပြီ ကျွန်မကို ဖုန်းလဲမဆက်နဲ့ ရှင့်ဘ၀ထဲမှာ ချစ်မိုး သေသွားပြီလို့ မှတ် ဒါပဲ ကျွန်မ သွားတော့မယ်..”

အဲဒီနေ့က ရုတ်တရက် မုန်တိုင်းထန်သွားခဲ့တဲ့ ချစ်မိုးကို ကျွန်တော် နားမလည်ခဲ့ဘူး။

……

ထင်သားပဲ ကံကြမ္မာက ကျွန်မကို တစ်ခုခုတော့ လှည့်တော့မယ်လို့။ တော်သေးတာပေါ့ ..အစကို ကျွန်မ မချစ်သေးလို့.

“ဘာ..ဘာ မလေး ဘာပြောတယ်”

“ဟုတ်တယ် အထွန်းလေး ရယ်။ မလေးတောင်းပန်ပါတယ်။ အဲဒီနေ့က စေ့စပ်ပွဲမှာ သွားကြမ်းခဲ့တာ မလေးပဲ”


ဟာ..ဟာကွာ သေပြီပေါ့။ ကျွန်တော်သေပြီပေါ့။ ဒီတစ်ခါ ကျွန်တော် တစ်ကယ်သေဆုံးသွားပြီဗျာ။ ကျွန်တော် ချစ်မိုး ဖုန်းကိုဆက်တယ်။ မကိုင်ဘူး။ မကိုင်တဲ့ ချစ်မိုးရဲ့ ဖုန်းကို နှုတ်ခမ်းမှာ တေ့ရင်း ချစ်မိုးရေ လို့ အကျယ်ကြီး အော်ခေါ်တယ်။ ဒါပေမယ့် ရင်ထဲမှာ တင်းကြပ်နေတုန်းပဲ။ လေးနေတုန်းပဲ။ ချစ်မိုး ကို ခုထိ မစွန့်လွှတ်နိုင်သေးဘူး။ ချစ်မိုးရှိနိုင်မယ့် နေရာတွေကို သွားတယ်။ ချစ်မိုး တို့အိမ်ကိုသွားပြန်တော့ လည်း သူမက ထွက်ပြီး မတွေ့။ ဒီတစ်ခါ ပင်လယ်ကြီးကိုသွားပြီး အသံကုန် အော်ဟစ်ရမယ့် သူက ကျွန်တော် ကိုယ်တိုင်ဖြစ်နေပြီ။


          မုန်းတယ်။ မုန်းတယ်။ အားလုံးကို မုန်းတယ်။ ရှောင်နေတော့လည်း မရရအောင် ချစ်တတ်အောင် သင်ပေးတယ်။ချစ်လာပြန်တော့လည်း ပြန်ခွဲကြပြန်တယ်။ ဘာလဲ ဘာတွေလဲ။ အစ ကို ကျွန်မချစ်မိသွားခဲ့ပြီ။ အဲဒါကို အစ နဲ့ခပ်ဝေးဝေးနေမှ သိလာခဲ့တာ။ ကျွန်မ စိတ်တွေမွန်းကြပ်နေတိုင်း အစ နဲ့စကားတွေ ပြောခဲ့တာ။ ကျွန်မ လုပ်ချင်တာမှန်သမျှ မျက်နှာတစ်ချက်မှ မပျက်ပဲ လုပ်ပေးခဲ့တာ။ ဟင့်အင်းဆိုတဲ့ စကား ကျွန်မကို မပြောခဲ့တာ။ ကျွန်မရက်စက်ခဲ့သမျှကို လည်စင်းပြီးခံပေးခဲ့တာ။ ကျွန်မထင်တာ မုန်းတတ်နေပြီလို့ ထင်ခဲ့တာ။ ရက်စက်တတ်နေပြီလို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တာ။ ခုတော့ အချစ်က တရေးနိုးလာပါရောလား။
          ဒါပေမယ့်လေ ကျွန်မဘယ်လိုမှ အစကိုလက်မခံနိုင်ဘူး။ ကျော်နဲ့ ကျွန်မရဲ့ လှပတဲ့ အနာဂတ်လေးပျက်ခဲ့တာ အစရဲ့ အစ်မဆိုတဲ့သူကြောင့်။ အစကို မြင်နေသမျှ ကျော့် အကြောင်းတွေးပြီး စိတ်ဆင်းရဲရမှာ။ ကျော့် အပေါ်မှာ မတရားဘူးလို့ တွေးရမှာကို ကြောက်တယ်။ ဟုတ်တယ် .မချစ်တတ်ခင်က ကျွန်မမှာ အမုန်းဆိုတာလဲ ရှိမလားဘူး။ ခုတော့ ချစ်တတ်ပြီ ဆိုမှ မုန်းတတ်လာခဲ့တာ.မုန်းလိုက်စမ်း သံသရာ မဆုံးသရွေ့ မုန်းပစ်လိုက်စမ်း  ချစ်မိုးတိမ်ရေ….
…….


“ဒီမှာ”

“ဆောရီးဗျာ ကျွန်တော်ပင်ပန်းလာလို့ပါ ”

“ပြီးရော နောက်တစ်ခေါက်ဆိုရင် ဟောဒီရေသန့်ဗူးထဲက ရေနဲ့ လောင်းမှာနော်။ အိုကေ”

“အိုကေ..အိုကေ”

ဟင် ..ဒါ..ဒါ…သူအိပ်နေရာကနေ ၀ုန်းကနဲ ထလိုက်မိတယ်။

“အမယ်လေး လှန့်တာ. ရှင်ဘယ်လို လူ.”

“အစ”

“ချစ်မိုး”

သူတို့နှစ်ယောက်လုံး ပြိုင်တူပင်

“ကျိုက်ထီးရိုး ဘုရားဖူးသွားမလို့လား”

ပြီးတော့ နှစ်ယောက်လုံးရယ်လိုက်ကြသည်။

“ကိုယ့် ကိုယ် မုန်းနေသေးလား..ဟင်”

“လာလေ ဒီဘက်နည်းနည်းတိုး စောင်တူတူခြုံရအောင် .အရင်လိုပဲ စောင်မပါဘူး မို့လား။”

သူသဘောကျစွာပြုံးရင်း သူမဘက်နည်းနည်းတိုးလို့ စောင်တူတူခြုံလိုက်တယ်။

“အစ”

“အင်း”

“တစ်ကယ်တော့လေ အချစ်နဲ့ အမုန်းလွန်ဆွဲပွဲမှာ အချစ်က အနိုင်ရသွားတာ။ ချစ်မိုးတို့ မတွေ့ကြတာ နှစ်နှစ်ကျော်ပြီနော်”

“ဒါပေါ့ ချစ်မိုးရဲ့ အမုန်းတွေလွန်သွားတော့ အချစ်ပြန်လာတာပေါ့။”



-----
ချစ်စွာသော ဘလော့မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေ လို့ဆုတောင်းရင်း
ပို့(စ်)တင်တာကျဲနေတဲ့ ဘလော့လေးမှာ အရင်ကရေးပြီး မတင်ခဲ့တဲ့ ပို့လေးကို ပြန်တင်ရင်း နှုတ်ခွန်းဆက်သလိုက်ရပါတယ်လို့။




No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......